-
ငါ နှစ်ခြင်းခံသင့်သလား—အပိုင်း ၁– နှစ်ခြင်းရဲ့ အဓိပ္ပာယ်လူငယ်များအမေး
-
-
လူငယ်များအမေး
ငါ နှစ်ခြင်းခံသင့်သလား—အပိုင်း ၁– နှစ်ခြင်းရဲ့ အဓိပ္ပာယ်
ယေဟောဝါသက်သေ မိသားစုမှာ ကြီးပြင်းလာတဲ့ လူငယ်များစွာဟာ နှစ်စဉ် နှစ်ခြင်းခံနေကြတယ်။ သင်ကော နှစ်ခြင်းခံဖို့ စဉ်းစားနေသလား။ စဉ်းစားနေတယ်ဆိုရင် အရင်ဆုံး ဆက်ကပ်အပ်နှံခြင်းနဲ့ နှစ်ခြင်းရဲ့ အဓိပ္ပာယ်ကို သိဖို့ လိုတယ်။
နှစ်ခြင်းဆိုတာ ဘာလဲ
ကျမ်းစာမှာ ဖော်ပြထားတဲ့ နှစ်ခြင်းဆိုတာ ရေထဲကို စုံးစုံး နှစ်မြှုပ်တာကို ဆိုလိုတယ်။ ရေနဲ့ ဖျန်းရုံပဲ မဟုတ်ဘူး။ နှစ်ခြင်းက အရေးကြီးတဲ့ အချက်တစ်ချက်ကို ပုံဆောင်တယ်။
နှစ်ခြင်းခံတဲ့အခါ ရေထဲ နစ်မြုပ်သွားတာက သင်ဟာ သင့်အကြိုက်အတိုင်း အသက်မရှင်တော့ဘူးလို့ လူတွေရှေ့မှာ ပြသလိုက်တာ ဖြစ်တယ်။
ရေထဲကနေ ပြန်ပေါ်လာတာက ဘုရား နှစ်သက်တာကိုပဲ လုပ်တော့မယ်ဆိုတဲ့ ဘဝပုံစံသစ်နဲ့ အသက်ရှင်နေထိုင်တော့မယ်လို့ ပြသလိုက်တာ ဖြစ်တယ်။
နှစ်ခြင်းခံတာက ယေဟောဝါမှာ အမှားအမှန်စံနှုန်း ချမှတ်ပိုင်ခွင့် ရှိတယ်ဆိုတာ အသိအမှတ်ပြုကြောင်း၊ ဘုရား လုပ်စေချင်တာကိုပဲ အမြဲ လုပ်တော့မယ်ဆိုတာ ကတိပြုကြောင်း အများသိအောင် ဖော်ပြလိုက်တာ ဖြစ်တယ်။
စဉ်းစားကြည့်ပါ။ ယေဟောဝါကို နာခံတဲ့ အသက်တာမျိုးနဲ့ပဲ အသက်ရှင်တော့မယ်လို့ ဘာကြောင့် လူအများ သိအောင် ဖော်ပြသင့်သလဲ။ ၁ ယောဟန် ၄:၁၉ နဲ့ ဗျာဒိတ် ၄:၁၁ ကို ဖတ်ပါ။
ဆက်ကပ်အပ်နှံခြင်းဆိုတာ ဘာလဲ
နှစ်ခြင်းမခံခင်မှာ သင့်ကိုသင် ယေဟောဝါဆီ သီးသန့် ဆက်ကပ်အပ်နှံ သင့်တယ်။ ဘယ်လိုနည်းနဲ့လဲ။
ဘယ်လို အခြေအနေမျိုးပဲ ပေါ်လာပါစေ၊ တခြားသူတွေ ဘာပဲ လုပ်ပါစေ သင်ကတော့ ဘုရားကို ထာဝစဉ် ဝတ်ပြုမယ်၊ ဘုရား လုပ်စေချင်တာကိုပဲ လုပ်မယ်လို့ ကိုယ်ပိုင်ဆုတောင်းချက်မှာ ယေဟောဝါကို ပြောပြတယ်။
နှစ်ခြင်းခံတာက ကိုယ့်ရဲ့ သီးသန့် ဆက်ကပ်အပ်နှံမှုကို လူအများ သိအောင် ဖော်ပြတာ ဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ် မပိုင်တော့ဘူး၊ ယေဟောဝါ ပိုင်သွားပြီလို့ တခြားသူတွေကို ပြောပြတာဖြစ်တယ်။—မဿဲ ၁၆:၂၄။
စဉ်းစားကြည့်ပါ။ သင့်ကို ယေဟောဝါ ပိုင်သွားတဲ့အခါ သင့်ဘဝ ဘယ်လို ပို တိုးတက် ကောင်းမွန်လာသလဲ။ ဟေရှာယ ၄၈:၁၇၊ ၁၈ နဲ့ ဟီဘရူး ၁၁:၆ ကို ဖတ်ပါ။
နှစ်ခြင်းက ဘာကြောင့် အရေးကြီးသလဲ
မိမိရဲ့ တပည့်ဖြစ်ဖို့ နှစ်ခြင်းခံရမယ်လို့ ယေရှု သတ်မှတ်ခဲ့တယ်။ (မဿဲ ၂၈:၁၉၊ ၂၀) ဒါကြောင့် ခရစ်ယာန်တွေဟာ နှစ်ခြင်းခံဖို့ လိုတယ်။ ကယ်တင်ခံရဖို့ နှစ်ခြင်းခံရမယ်လို့ ကျမ်းစာက ဆိုတယ်။—၁ ပေတရု ၃:၂၁။
ဒါပေမဲ့ နှစ်ခြင်းခံဖို့ သင့်ကို လှုံ့ဆော်ပေးတဲ့အရာက ယေဟောဝါကို ချစ်တဲ့ မေတ္တာကြောင့်၊ ဘုရားနဲ့ သင့်ရဲ့ ဆက်ဆံရေးကို တန်ဖိုးထားတဲ့အတွက်ကြောင့် ဖြစ်သင့်တယ်။ သင့်ရဲ့ သဘောထားက ဆာလံဆရာရဲ့ သဘောထားနဲ့ တူသင့်တယ်။ သူ ဒီလို ရေးခဲ့တယ်– “ယေဟောဝါ လုပ်ပေးခဲ့တဲ့ ကောင်းမှုအားလုံးအတွက် ငါ ဘယ်လို ကျေးဇူးဆပ်ရမလဲ။ . . . ယေဟောဝါရဲ့ နာမည်ကို ခေါ်ပြီး ဆုတောင်းမယ်။ ယေဟောဝါကို သစ္စာကတိပြုထားတဲ့အတိုင်း . . . လုပ်ဆောင်မယ်။”—ဆာလံ ၁၁၆:၁၂-၁၄။
စဉ်းစားကြည့်ပါ။ သင့်အတွက် ယေဟောဝါ ဘာကောင်းမှုတွေ လုပ်ပေးထားသလဲ။ ဘယ်လို ကျေးဇူးဆပ်မလဲ။ တရားဟောရာ ၁၀:၁၂၊ ၁၃ နဲ့ ရောမ ၁၂:၁ ကို ဖတ်ပါ။
-
-
ငါ နှစ်ခြင်းခံသင့်သလား—အပိုင်း ၂– နှစ်ခြင်းခံဖို့ ပြင်ဆင်ခြင်းလူငယ်များအမေး
-
-
လူငယ်များအမေး
ငါ နှစ်ခြင်းခံသင့်သလား—အပိုင်း ၂။ နှစ်ခြင်းခံဖို့ ပြင်ဆင်ခြင်း
ကျမ်းစာစံနှုန်းတွေကို လိုက်နာတဲ့အပြင် ဘုရားသခင်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေပြီဆိုရင် နှစ်ခြင်းခံဖို့ စဉ်းစားတာ မမှားပါဘူး။ ဒါပေမဲ့ နှစ်ခြင်းခံဖို့ အသင့်ဖြစ်မဖြစ် ဘယ်လို သိနိုင်မလဲ။a
ဒီဆောင်းပါးမှာ အောက်ပါအကြောင်းတွေကို ဖော်ပြထားတယ်–
ကျမ်းစာအကြောင်း ဘယ်လောက်များများ သိဖို့ လိုအပ်သလဲ
စာမေးပွဲ အောင်ဖို့ ကျောင်းစာတွေ အလွတ်ကျက်သလိုမျိုး နှစ်ခြင်းခံဖို့ ကျမ်းစာအချက်အလက်တွေ အလွတ်ကျက်မှတ်စရာ မလိုအပ်ပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ “စဉ်းစားဆင်ခြင်နိုင်စွမ်း” ကို သုံးပြီး ကျမ်းစာအမှန်တရားတွေကို အပြည့်အဝ ယုံကြည်စိတ်ချဖို့တော့ လိုအပ်တယ်။ (ရောမ ၁၂:၁) ဥပမာ–
သက်ရှိထင်ရှားတဲ့ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရမယ်ဆိုတာ အခိုင်အမာ ယုံကြည်သလား။
ကျမ်းစာအဆို။ “ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်မယ်ဆိုရင် ဘုရားသခင် တည်ရှိတယ်ဆိုတာ ယုံကြည်ရမယ်။ ဘုရားသခင်ဟာ မိမိကို ထက်ထက်သန်သန် ရှာဖွေသူကို ဆုချတဲ့ အရှင်ပဲဆိုတာကိုလည်း ယုံကြည်ရမယ်။”—ဟီဘရူး ၁၁:၆။
ကိုယ့်ကိုယ်ကိုယ် မေးပါ။ ‘ဘုရားသခင် ရှိတယ်လို့ ဘာကြောင့် ယုံကြည်တာလဲ။’ (ဟီဘရူး ၃:၄) ‘ဘုရားသခင်ကို ငါ ဘာဖြစ်လို့ ကိုးကွယ်တာလဲ။’—ဗျာဒိတ် ၄:၁၁။
အဖြေ ရချင်ရင် “ဖန်ဆင်းခြင်းလား၊ ဆင့်ကဲဖြစ်စဉ်လား—အပိုင်း ၁– ဘုရားသခင် ရှိတယ်လို့ ဘာကြောင့်ယုံကြည်ရ” ဆောင်းပါးကို ဖတ်ပါ။
ဘုရားသခင် ဖော်ပြတဲ့ ကျမ်းစာသတင်းစကားတွေကို ယုံသလား။
ကျမ်းစာအဆို။ “ကျမ်းစောင်အားလုံးဟာ ဘုရားသခင့် စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ ရေးထားတဲ့အတွက် လူတွေကို သွန်သင်တဲ့အခါ၊ အမှားတွေ ဖော်ထုတ်တဲ့အခါ၊ ပဲ့ပြင်တဲ့အခါ၊ ဖြောင့်မတ်လာအောင် ဆုံးမတဲ့အခါ အကျိုးဖြစ်ထွန်းစေတယ်။”—၂ တိမောသေ ၃:၁၆။
ကိုယ့်ကိုယ်ကိုယ် မေးပါ။ ‘ကျမ်းစာဟာ လူ့အတွေးအခေါ်စာအုပ် မဟုတ်ဘူးဆိုတာ ငါ ဘာကြောင့် ယုံတာလဲ။’—ဟေရှာယ ၄၆:၁၀။ ၁ သက်သာလောနိတ် ၂:၁၃။
အဖြေ ရချင်ရင် “ကျမ်းစာက ဘယ်လို ကူညီပေးနိုင်သလဲ—အပိုင်း ၁– ကျမ်းစာကို စူးစမ်းလေ့လာခြင်း” ဆောင်းပါးကို ဖတ်ပါ။
ယေဟောဝါဘုရားက မိမိအလိုတော် ပြီးမြောက်စေဖို့ ခရစ်ယာန် အသင်းတော်ကို အသုံးပြုနေတယ်ဆိုတာ ယုံသလား။
ကျမ်းစာအဆို။ “ဘုရားသခင်ဟာ အသင်းတော်အားဖြင့်၊ ခရစ်တော် ယေရှုအားဖြင့် လူမျိုးအဆက်ဆက် အစဉ်ထာဝရ ဘုန်းထင်ရှားပါစေ။”—ဧဖက် ၃:၂၀၊ ၂၁။
ကိုယ့်ကိုယ်ကိုယ် မေးပါ။ ‘ခရစ်ယာန် အစည်းအဝေးတွေကနေ ကြားသိတဲ့ ကျမ်းစာအမှန်တရားတွေဟာ လူတွေရဲ့ အယူအဆတွေလား၊ ယေဟောဝါဘုရားရဲ့ အယူအဆတွေလား။ ငါ ဘယ်လို မြင်သလဲ။ (မဿဲ ၂၄:၄၅) ‘မိဘတွေက မလိုက်ရင်တောင် (ခွင့်မပြုရင်တောင်) ကိုယ့်စိတ်နဲ့ကိုယ် အစည်းအဝေး သွားတက်သလား။’—ဟီဘရူး ၁၀:၂၄၊ ၂၅။
အဖြေ ရချင်ရင် “နိုင်ငံတော် ခန်းမမှာ ကျင်းပတဲ့ ဝတ်ပြုအစည်းအဝေးတွေကို ဘာကြောင့် တက်ရောက်သင့်သလဲ” ဆောင်းပါးကို ဖတ်ပါ။
ငါ ဘာလုပ်သင့်သလဲ
နှစ်ခြင်းခံဖို့ ကျမ်းစာအသိပညာ အကုန်အစင် သိစရာ မလိုအပ်ပါဘူး။ ဒါပေမဲ့ “မကောင်းမှုကို ရှောင်ပါ။ ကောင်းမှုကို လုပ်ဆောင်” ရမယ်။ (ဆာလံ ၃၄:၁၄) ဥပမာ–
ယေဟောဝါဘုရားရဲ့ စံနှုန်းအတိုင်း နေထိုင်သလား။
ကျမ်းစာအဆို။ “ကြည်လင်တဲ့ အမှားအမှန်သိစိတ်ကို ထိန်းသိမ်းထားပါ။”—၁ ပေတရု ၃:၁၆။
ကိုယ့်ကိုယ်ကိုယ် မေးပါ။ ‘ငါ့ရဲ့ “ပိုင်းခြားသိမြင်နိုင်စွမ်းကို” “အမှားအမှန် ခွဲခြားသိနိုင်အောင် လေ့ကျင့်ထား” သလား။ (ဟီဘရူး ၅:၁၄) ရွယ်တူတွေက မဟုတ်မမှန်တာ အတင်း လုပ်ခိုင်းတာကို ငါ ဘယ်နှခါ ငြင်းနိုင်ခဲ့သလဲ။ မှန်ရာ လုပ်ဖို့ ငါ့ကို အားပေးတိုက်တွန်းတဲ့ သူငယ်ချင်းတွေ ရှိသလား။’—ပညာအလိမ္မာ ၁၃:၂၀။
အဖြေ ရချင်ရင် “အမှားအမှန်သိစိတ်ကို ဘယ်လို လေ့ကျင့်နိုင်သလဲ” ဆောင်းပါးကို ဖတ်ပါ။
ကိုယ့်လုပ်ရပ်အတွက် ကိုယ်တာဝန်ယူရမယ်ဆိုတာ သဘောပေါက်လား။
ကျမ်းစာအဆို။ “ဘုရားသခင်က ကျွန်တော်တို့ယောက်တိုင်းကို ကိုယ့်လုပ်ရပ်နဲ့ပတ်သက်ပြီး ဖြေရှင်းချက် တောင်းလိမ့်မယ်။”—ရောမ ၁၄:၁၂။
ကိုယ့်ကိုယ်ကိုယ် မေးပါ။ ‘ဘာပဲပြောပြော၊ ဘာပဲလုပ်လုပ် ငါ ရိုးသားသလား။ (ဟီဘရူး ၁၃:၁၈) ကိုယ့်အပြစ်ကို ကိုယ်ဝန်ခံသလား။ မပြောဘဲ ဖုံးကွယ်ထားသလား။ တခြားသူတွေကို အပြစ် ပုံချသလား။’—ပညာအလိမ္မာ ၂၈:၁၃။
အဖြေ ရချင်ရင် “အမှားလုပ်မိရင် ဘာလုပ်ရမလဲ” ဆောင်းပါးကို ဖတ်ပါ။
ယေဟောဝါဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ဆက်ရှိအောင် ကြိုးစားနေသလား။
ကျမ်းစာအဆို။ “ဘုရားသခင်နဲ့ ရင်းနှီးအောင် ကြိုးစားပါ။ ဒါဆိုရင် ဘုရားသခင်လည်း ခင်ဗျားတို့နဲ့ ရင်းနှီးလာလိမ့်မယ်။”—ယာကုပ် ၄:၈။
ကိုယ့်ကိုယ်ကိုယ် မေးပါ။ ‘ယေဟောဝါဘုရားနဲ့ ရင်းနှီးအောင် ငါ ဘာလုပ်နေလဲ။’ ဥပမာ၊ ‘ကျမ်းစာကို ဘယ်လောက်ကြာကြာ၊ ဘယ်နှခါ ဖတ်သလဲ။’ (ဆာလံ ၁:၁၊ ၂) ‘မှန်မှန် ဆုတောင်းသလား။’ (၁ သက်သာလောနိတ် ၅:၁၇) ‘သတ်သတ်မှတ်မှတ် အချက်တွေကို ထည့်ဆုတောင်းသလား။ ငါ့မိတ်ဆွေတွေက ယေဟောဝါဘုရားကို ဝတ်ပြုတဲ့သူတွေလား။’—ဆာလံ ၁၅:၁၊ ၄။
အဖြေ ရချင်ရင် “ကျမ်းစာက ဘယ်လို ကူညီပေးနိုင်သလဲ—အပိုင်း ၂– ကျမ်းစာဖတ်ရှုခြင်းကို ပျော်မွေ့အောင် လုပ်ခြင်း” နဲ့ “ဘာကြောင့် ဆုတောင်းရမှာလဲ” ဆောင်းပါးတွေကို ဖတ်ပါ။
အကြံပြုချက်။ နှစ်ခြင်းခံဖို့ စဉ်းစားနေရင် လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၂ စာအုပ်ရဲ့ အခန်း ၃၇ ကို ဖတ်ပါ။ အထူးသဖြင့် အဲဒီဆောင်းပါးရဲ့ အစီအစဉ်ဇယားကို ဖတ်ဖြစ်အောင် ဖတ်ပါ။
a “ငါ နှစ်ခြင်းခံသင့်သလား—အပိုင်း ၁” ဆောင်းပါးကို ဖတ်ပါ။ ဘုရားဆီ ဆက်ကပ်အပ်နှံခြင်းနဲ့ နှစ်ခြင်း ဘာကို ဆိုလိုသလဲ၊ ဘာကြောင့် အရေးကြီးသလဲဆိုတာ ဆွေးနွေးထားတယ်။
-
-
ငါ နှစ်ခြင်းခံသင့်သလား—အပိုင်း ၃- ငါ ဘာကြောင့် တွန့်ဆုတ်နေသလဲလူငယ်များအမေး
-
-
လူငယ်များအမေး
ငါ နှစ်ခြင်းခံသင့်သလား—အပိုင်း ၃- ငါ ဘာကြောင့် တွန့်ဆုတ်နေသလဲ
ယေဟောဝါဆီ ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံရမှာကို တွေးပြီး စိုးရိမ်နေသလား။ ဒါဆိုရင် ဒီဆောင်းပါးက စိုးရိမ်စိတ် သက်သာဖို့ ကူညီပေးနိုင်တယ်။
ဒီဆောင်းပါးမှာ
နှစ်ခြင်းခံပြီးနောက် ကြီးလေးတဲ့အမှား လုပ်မိရင်ကော
စိုးရိမ်ရတဲ့အကြောင်းရင်း။ ကိုယ့်အသိတစ်ယောက် ကြီးလေးတဲ့အမှား လုပ်မိလို့ အသင်းတော်ကနေ နှင်ထုတ်ခံထားရလို့ ဖြစ်နိုင်တယ်။ (၁ ကောရိန္သု ၅:၁၁၊ ၁၃) ကိုယ်လည်း အဲဒီလိုဖြစ်ခဲ့ရင် ဆိုပြီး စိုးရိမ်မိနိုင်တယ်။
“နှစ်ခြင်းခံမယ်ဆိုတဲ့အတွေး ဝင်လာတဲ့အခါ နောက်မှ အမှားလုပ်မိခဲ့ရင် ဆိုပြီး စိုးကြောက်မိတယ်။ အဲဒီလိုသာဆိုရင် မိဘတွေ မျက်နှာပျက်ရမှာ။”—ရေဗက္ကာ။
အဓိကကျမ်းချက်။ “လူဆိုးက မိမိလမ်းစဉ်ကို စွန့်ပါစေ။ . . . ကရုဏာပြမယ့် ယေဟောဝါဆီ ပြန်လှည့်လာပါစေ။ ဘုရားသခင်က အကြွင်းမဲ့ ခွင့်လွှတ်လိမ့်မယ်။ —ဟေရှာယ ၅၅:၇။
စဉ်းစားကြည့်ပါ။ အပြစ်လုပ်ပြီးနောက် နောင်တမယူရင် အသင်းတော်ကနေ နှင်ထုတ်ခံရပေမဲ့ နှိမ့်ချစိတ်နဲ့ နောင်တယူပြီး ပြုပြင်ပြောင်းလဲမယ်ဆိုရင် ယေဟောဝါ ကရုဏာ ပြတယ်။—ဆာလံ ၁၀၃:၁၃၊ ၁၄။ ၂ ကောရိန္သု ၇:၁၁။
တကယ်တော့ သင်ဟာ ပြည့်ဝစုံလင်သူ မဟုတ်ပေမဲ့ ဘုရားအကူအညီနဲ့ သွေးဆောင်မှုတွေကို တွန်းလှန်နိုင်ပါတယ်။ (၁ ကောရိန္သု ၁၀:၁၃) ကိုယ်ဘာလုပ်မယ်ဆိုတာ ဘယ်သူက ဆုံးဖြတ်မှာလဲ။ ကိုယ်လား။ တခြားသူလား။
“နှစ်ခြင်းခံပြီးနောက် ကြီးလေးတဲ့အမှား လုပ်မိမှာကို ကျွန်မ စိုးရိမ်ခဲ့တာ။ ဒါပေမဲ့ ဒီအတွက်နဲ့ နှစ်ခြင်းခံဖို့ အချိန်ဆွဲနေတာဟာ မှားမှန်း သဘောပေါက်လာတယ်။ မနက်ဖြန်အတွက် စိုးရိမ်လို့ ဒီနေ့ လုပ်သင့်တာကို မလုပ်တာမျိုး မဖြစ်သင့်မှန်း သိလာတယ်။”—ကာရင်။
အဓိကအချက်။ ယေဟောဝါကို ဝတ်ပြုသူများစွာလိုပဲ သင်လည်း ကြီးလေးတဲ့ အပြစ်တွေကို ရှောင်မယ်ဆိုရင် ရှောင်နိုင်ပါတယ်။—ဖိလိပ္ပိ ၂:၁၂။
အကူအညီ ထပ်လိုနေသလား။ “သွေးဆောင်မှုတွေကို ဘယ်လို တွန်းလှန်နိုင်သလဲ” ကို ကြည့်ပါ။
နှစ်ခြင်းခံပြီးနောက် ရလာမယ့် တာဝန်တွေအတွက် စိုးရိမ်နေရင်ကော
စိုးရိမ်ရတဲ့အကြောင်းရင်း။ ကိုယ့်အသိ လူငယ်တွေ ယေဟောဝါအတွက် ပိုအမှုဆောင်ဖို့ မိသားစု၊ မိတ်ဆွေတွေနဲ့ ဝေးရာဆီ ပြောင်းရွှေ့သွားတာ ဖြစ်မယ်။ ကိုယ့်ကိုကော အဲဒီလို ပြောင်းရွှေ့စေချင်ကြမလားဆိုပြီး စိုးရိမ်တယ်။
“နှစ်ခြင်းခံပြီးသား ခရစ်ယာန်ဟာ ယေဟောဝါအတွက် တိုးချဲ့အမှုဆောင်ဖို့ အရည်အချင်း ပြည့်မီတယ်။ ဒါပေမဲ့ တချို့က အဲဒီလိုလုပ်ဖို့ အဆင်သင့် မဖြစ်သေးတာ၊ အခြေအနေ မပေးတာတွေ ရှိကြတယ်။”—မာရီယာ။
အဓိကကျမ်းချက်။ “လူတိုင်း ကိုယ့်လုပ်ရပ်တွေကိုပဲ ဆန်းစစ်ပါ။ သူတစ်ပါးနဲ့ မနှိုင်းယှဉ်ပါနဲ့။ ဒါဆိုရင် ကိုယ့်လုပ်ရပ်နဲ့ပတ်သက်ပြီး ပျော်ရွှင်ကျေနပ်ရလိမ့်မယ်။”—ဂလာတိ ၆:၄။
စဉ်းစားကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ နှိုင်းယှဉ်နေမဲ့အစား ‘ယေဟောဝါဘုရားကို စိတ်စွမ်းရှိသမျှ ချစ်ပါ’ ဆိုတဲ့ မာကု ၁၂:၃၀ ပါ ကျမ်းစကားကို အာရုံစိုက်ပါ။
ယေဟောဝါကို တခြားသူရဲ့ စိတ်စွမ်းနဲ့ မဟုတ်ဘဲ ကိုယ့်ရဲ့ စိတ်စွမ်းရှိသမျှ ချစ်သင့်တယ်။ ယေဟောဝါကို တကယ်ချစ်မယ်ဆိုရင် ကိုယ့်ရဲ့ အစွမ်းအစရှိသမျှနဲ့ အမှုဆောင်ဖို့ နည်းလမ်းတွေ ရှာတွေ့ပါလိမ့်မယ်။
“နှစ်ခြင်းခံတာက အရေးကြီးခြေလှမ်း ဖြစ်ပေမဲ့ ဝန်ထုတ်ဝန်ပိုးတော့ မဟုတ်ပါဘူး။ မိတ်ဆွေကောင်းတွေ ရှိထားမယ်ဆိုရင် အကူအညီ ရမှာပါ။ တာဝန်တွေကို တဖြည်းဖြည်းချင်း လုပ်ဆောင်နိုင်လာတာနဲ့အမျှ ပိုပျော်ရွှင်လာမယ်။ နှစ်ခြင်းမခံဘဲ နေတာကမှ အကျိုးယုတ်စေတာပါ။”—ဂျူလီယာ။
အဓိကအချက်။ သင့်အပေါ်ထားတဲ့ ယေဟောဝါရဲ့ မေတ္တာကို ကျေးဇူးလေးမြတ်စိတ် တိုးပွားစေပါ။ ဒါက အကောင်းဆုံး ပြန်ပေးဆက်ချင်စိတ် ပေါ်လာစေတယ်။—၁ ယောဟန် ၄:၁၉။
အကူအညီ ထပ်လိုနေသလား။ “ငါ ဘယ်လောက်အထိ တာဝန်သိတတ်သလဲ” ကို ကြည့်ပါ။
ယေဟောဝါရဲ့ အမှုဆောင်ဖို့ မထိုက်တန်ဘူးလို့ ခံစားရရင်ကော
စိုးရိမ်ရတဲ့အကြောင်းရင်း။ စကြဝဠာ အချုပ်အချာအာဏာပိုင်ရှင် ယေဟောဝါနဲ့ ယှဉ်ရင် လူတွေဟာ ဘာမှမဟုတ်ဘူး။ ငါ့ကို ယေဟောဝါဘုရား သိမှသိပါလေစလို့ တွေးမိနိုင်တယ်။
“မိဘတွေက ယေဟောဝါသက်သေ ဖြစ်နေလို့ ကျွန်မလည်း အခုလို ယေဟောဝါနဲ့ ရင်းနှီးနေတာ ဖြစ်မယ်၊ ကျွန်မကို ယေဟောဝါ ဆွဲဆောင်ထားတာ မဟုတ်လောက်ဘူးလို့ စိတ်ထင့်နေမိတယ်။”—နတာလီယာ။
အဓိကကျမ်းချက်။ “ကျွန်တော့်ကို စေလွှတ်တဲ့အရှင်သာ မဆွဲဆောင်ရင် ဘယ်သူမှ ကျွန်တော့်ဆီ မလာနိုင်ဘူး။”—ယောဟန် ၆:၄၄။
စဉ်းစားကြည့်ပါ။ နှစ်ခြင်းခံဖို့ သင် စဉ်းစားနေပြီဆိုကတည်းက ယေဟောဝါက မိမိနဲ့ ပိုရင်းနှီးကျွမ်းဝင်ဖို့ သင့်ကို ဆွဲဆောင်နေတယ်ဆိုတာ သေချာတယ်။ ဒီကမ်းလှမ်းချက်ကို လက်ခံချင်ပါသလား။
ဘုရားနဲ့ ရင်းနှီးကျွမ်းဝင်ချင်သူတွေအတွက် စံနှုန်းချမှတ်သူဟာ သင် မဟုတ်ဘူး၊ တခြားသူလည်း မဟုတ်ဘူး၊ ယေဟောဝါကိုယ်တိုင် ဖြစ်တယ်ဆိုတာကိုလည်း အမှတ်ရပါ။ ‘ဘုရားသခင်နဲ့ ရင်းနှီးအောင် ကြိုးစားရင် ဘုရားသခင်လည်း သင်နဲ့ ရင်းနှီးလာမယ်’ ဆိုတာ စိတ်ချပါ။—ယာကုပ် ၄:၈။
“ယေဟောဝါအကြောင်း သိတာ၊ ဘုရားဆီ ဆွဲဆောင်ခံရတာက ကိုယ့်ကို ယေဟောဝါ ချစ်တဲ့အဓိပ္ပာယ်ပဲ။ ဘုရားအမှုဆောင်ဖို့ မထိုက်တန်ဘူးလို့ ခံစားနေရင် ယေဟောဝါကတော့ အဲဒီလို မယူဆဘူးဆိုတာ ပြန်သတိရပါ။ ယေဟောဝါသာ အမြဲ မှန်တယ်။”—စလီနာ။
အဓိကအချက်။ နှစ်ခြင်းခံဖို့ ကျမ်းစာတောင်းဆိုချက်တွေ ပြည့်မီရင် ယေဟောဝါရဲ့ အမှုဆောင်ဖို့ အရည်အချင်း ပြည့်မီပါတယ်။ သင့်ရဲ့ ဝတ်ပြုကိုးကွယ်မှုကို ယေဟောဝါ ရထိုက်တယ်။—ဗျာဒိတ် ၄:၁၁။
အကူအညီ ထပ်လိုနေသလား။ “ဘာကြောင့် ဆုတောင်းရမှာလဲ” ကို ကြည့်ပါ။
-