အခန်းနှစ်
ကျွန်ုပ်တို့၏စကြဝဠာ မည်သို့ဖြစ်ပေါ်လာသနည်း—အငြင်းပွားမှု
အာကာသယာဉ်မှူးတို့သည် ဘွားကနဲပေါ်လာသည့် ကမ္ဘာကြီးကို အာကာသယာဉ်တစ်စီး၏ပြတင်းပေါက်မှ ဓာတ်ပုံရိုက်ယူရသည်ကို အလွန်ပီတိဖြစ်ကြသည်။ “အာကာသထဲ ပျံသန်းရတဲ့ထဲမှာ ဒါဟာပျော်စရာအကောင်းဆုံးပဲ” ဟူ၍ ယာဉ်မှူးတစ်ဦးကဆို၏။ သို့ရာတွင် နေအဖွဲ့အစည်းနှင့် နှိုင်းယှဉ်လိုက်လျှင် ကျွန်ုပ်တို့၏ကမ္ဘာသည် အလွန်သေးငယ်သည်ဟု ထင်မှတ်ရသည်။ နေထဲတွင် ကမ္ဘာအလုံးပေါင်း တစ်သန်းမက ဝင်ဆံ့နိုင်၏။ သို့သော် စကြဝဠာနှင့်ပတ်သက်သည့် ဤဖြစ်ရပ်မှန်များသည် သင့်ဘဝနှင့်လည်းကောင်း၊ ဘဝအဓိပ္ပာယ်နှင့်လည်းကောင်း တစ်စုံတစ်ရာ ဆက်နွှယ်မှုရှိပါသလော။
စိတ်ကူးဖြင့် အာကာသအတွင်းသို့ ခေတ္တခရီးထွက်၍ ကျွန်ုပ်တို့၏ ကမ္ဘာမြေကြီးနှင့်နေတို့ကို အရှိအတိုင်း ကြည့်ကြပါစို့။ ကျွန်ုပ်တို့၏နေသည် နဂါးငွေ့တန်းဂလက်ဆီ၏ ခရုပတ်လက်တံတစ်ခုရှိ အရေအတွက် အလွန်များပြားသည့်ကြယ်များမှ တစ်ခုမျှသာဖြစ်သည်။a နဂါးငွေ့တန်းဂလက်ဆီ ကိုယ်နှိုက်သည်လည်း စကြဝဠာ၏ သေးငယ်လှသော အစိတ်အပိုင်း တစ်ခုမျှသာဖြစ်၏။ လှပ၍ ပိုမိုကြီးမားသော အန်ဒရိုမီဒါ တာရာကဲ့သို့သော ဂလက်ဆီများ စင်စစ်ဖြစ်ကြသည့် အလင်းအစက်အပြောက် အနည်းအကျဉ်းကို ကျွန်ုပ်တို့ ပကတိမျက်စိဖြင့် မြင်တွေ့နိုင်ကြသည်။ နဂါးငွေ့တန်း၊ အန်ဒရိုမီဒါ တာရာနှင့် အခြားသောဂလက်ဆီ ၂၀ ခန့်သည် ဒြပ်ဆွဲအားဖြင့် ကလပ်စတာကြယ်ပြွတ်အဖြစ် စုစည်းလျက်ရှိသည်။ ယင်းဂလက်ဆီအားလုံးတို့သည် ဧရာမ စူပါကလပ်စတာကြယ်ပြွတ်ထဲတွင် သေးငယ်သောရပ်ဝန်းတစ်ခုမျှသာ ဖြစ်လေသည်။ စကြဝဠာအတွင်း၌ စူပါကလပ်စတာကြယ်ပြွတ်ပေါင်း မရေမတွက်နိုင်အောင်ရှိလေရာ စကြဝဠာနှင့်ပတ်သက်သော ရှင်းလင်းဖော်ပြချက်သည် ဤမျှနှင့် မဆုံးသေးပေ။
ကလပ်စတာကြယ်ပြွတ်တို့သည် အာကာသအတွင်း ညီညီညာညာ ဖြန့်ကြက်လျက်ရှိသည်မဟုတ်။ ကြီးကျယ်ခမ်းနားသော ပမာဏဖြင့် ၎င်းတို့သည် ဧရာမလေပူဖောင်းနှင့်တူသော အာကာသဟင်းလင်းပြင်များကို ဝိုင်းပတ်လျက်ရှိသော ပါးလွှာသည့်ချပ်ပြားများနှင့် ကြိုးမျှင်များကဲ့သို့ ထင်မှတ်ရသည်။ အချို့ထင်ရှားသည့်အပိုင်းများသည် ရှည်လျားကျယ်ဝန်းလှသဖြင့် မဟာတံတိုင်းကြီးများနှင့် ဆင်တူသည်။ ဤအချက်က ကျွန်ုပ်တို့၏စကြဝဠာကြီးသည် အာကာသပေါက်ကွဲမှုကြီးတစ်ခုကြောင့် အမှတ်မထင်ဖြစ်ပေါ်လာသည်ဟု ယူမှတ်ကြသူအများကို အံ့အားသင့်စေပေမည်။ “စကြဝဠာ၏ ခမ်းနားထည်ဝါသော အသေးစိတ် အချက်အလက်များကို သိရှိပြီး၊ စကြဝဠာကို ပို၍ပီပြင်ပြတ်သားစွာ မြင်တွေ့လာရလေလေ စကြဝဠာဖြစ်ပေါ်လာပုံကို ရိုးရိုးရှင်းရှင်း သီအိုရီတစ်ခုဖြင့်ရှင်းပြရန် ပို၍ခက်ခဲလေလေဖြစ်သည်” ဟူ၍ ဆိုင်းယင်းတစ်ဖစ် အမေရိကန် စာစောင်၏ အထက်တန်း စာရေးဆရာတစ်ဦးက ကောက်ချက်ချသည်။
အထောက်အထားများက အစတစ်ခုကိုပြညွှန်ခြင်း
လူတစ်ဦးတွေ့မြင်နိုင်သည့် ကြယ်အားလုံးသည် နဂါးငွေ့တန်းဂလက်ဆီအတွင်း၌ ရှိကြသည်။ ၁၉၂၀ ပြည့်လွန်နှစ်များ ရောက်သည်အထိ လူတို့က နဂါးငွေ့တန်းသည် တစ်ခုတည်းသော ဂလက်ဆီဖြစ်သည်ဟု ထင်မှတ်ခဲ့ကြသည်။ သို့သော် ထိုကာလမှစ၍ ပို၍ကြီးမားသည့် အဝေးကြည့်မှန်ပြောင်းများဖြင့် လေ့လာတွေ့ရှိချက်များက တစ်မျိုးတစ်မည် ဖော်ပြလာသည်ကို သင်သိရှိပေမည်။ ကျွန်ုပ်တို့၏စကြဝဠာကြီးတွင် အနည်းဆုံး ဂလက်ဆီပေါင်း ၅၀,၀၀၀,၀၀၀,၀၀၀ ပါရှိသည်။ ကြယ်အလုံးပေါင်း ဘီလီယံ ၅၀ ရှိသည်ဟု ဆိုလိုခြင်းမဟုတ်ပါ—ကျွန်ုပ်တို့၏နေကဲ့သို့သော ကြယ်အလုံးပေါင်း ဘီလီယံနှင့်ချီ၍ရှိသည့် ဂလက်ဆီပေါင်း အနည်းဆုံး ဘီလီယံ ၅၀ ရှိသည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။ သို့သော် ၁၉၂၀ ပြည့်လွန်နှစ်များက သိပ္ပံဆိုင်ရာ ယုံကြည်ချက်များကို ပျက်ပြားစေခဲ့သည့်အရာမှာ ဧရာမဂလက်ဆီများ၏ အံ့သြဖွယ်ကောင်းသောပမာဏ မဟုတ်ဘဲ ဂလက်ဆီရှိရှိသမျှသည် ရွေ့ရှားနေသည် ဟူသောအချက်ပင်ဖြစ်သည်။
နက္ခတ္တဗေဒပညာရှင်များ ရှာဖွေတွေ့ရှိသည့် အချက်တစ်ချက်မှာ ပရစ်ဇမ်ဖန်တုံးကို ဂလက်ဆီအလင်း ဖြတ်သန်းသည့်အခါ အလင်းလှိုင်းများ ရှည်ထွက်လာသည်ကို တွေ့ရှိရခြင်းပင်ဖြစ်သည်။ ဤအချက်က ဂလက်ဆီများသည် ကြီးမားသည့်အမြန်နှုန်းဖြင့် ကျွန်ုပ်တို့ထံမှ ဝေးရာသို့ ရွေ့ရှားနေကြောင်းပြသသည်။ ဂလက်ဆီတစ်ခုသည် ဝေးလေလေ ပို၍လျင်မြန်စွာ ဖယ်ခွာနေပုံရသည်။ ဤအချက်က စကြဝဠာကြီးသည် ပြန့်ကားလျက်ရှိကြောင်း ပြဆိုသည်။b
ကျွန်ုပ်တို့သည် နက္ခတ္တဗေဒပညာရှင်များလည်းမဟုတ်၊ အပျော်တမ်းလေ့လာသူများလည်း မဟုတ်သည့်တိုင် ပြန့်ကားလျက်ရှိသော စကြဝဠာသည် ကျွန်ုပ်တို့၏ အတိတ်ကာလနှင့်သာမက ကျွန်ုပ်တို့တစ်ဦးချင်း၏ အနာဂတ်ကာလနှင့်ပါ နက်ရှိုင်းစွာ ဆက်နွှယ်ပတ်သက်နေနိုင်ဖွယ်ရှိကြောင်း တွေ့မြင်နိုင်သည်။ စကြဝဠာပြန့်ကားခြင်းဖြစ်စဉ်ကို အရာတစ်ခုခု—စကြဝဠာတစ်ခွင်လုံး၏ ဧရာမဒြပ်ဆွဲအားကို ကျော်လွန်နိုင်လောက်အောင် ပြင်းထန်သည့် စွမ်းအားတစ်ခု—ကစတင်ပေးလိုက်ခြင်း ဖြစ်ရပေမည်။ ‘ထိုသို့သောဒိုင်းနမစ် စွမ်းအင်၏ အရင်းအမြစ်ကား အဘယ်နည်း’ ဟူ၍ သင်မေးလောက်အောင် ခိုင်လုံသောအကြောင်းရှိပါသည်။
သိပ္ပံပညာရှင်အများစုက စကြဝဠာ၏နောက်ကြောင်းကို အလွန်သေးငယ်သိပ်သည်းသောအစ (အမှတ်ထူး singularity) အထိ ခြေရာခံလိုက်နိုင်ခဲ့ကြသော်လည်း သော့ချက်ကျသော ဤအကြောင်းကို ကျွန်ုပ်တို့ ရှောင်လွှဲ၍မရနိုင်ပါ– “စကြဝဠာကြီးသည် အတိတ်တစ်ချိန်ချိန်တွင် စိတ်ကူး၍ပင်မရနိုင်လောက်အောင် သေးငယ်သည့်အရွယ်နှင့် စိတ်ကူး၍ပင်မရနိုင်လောက်အောင် သိပ်သည်းခြင်း အမှတ်ထူးအခြေအထိ နီးစပ်ခဲ့သည်ရှိသော် ထိုအချိန်မတိုင်မီက အဘယ်အရာရှိခဲ့သနည်း။ စကြဝဠာပြင်ပ၌ အဘယ်အရာရှိခဲ့သနည်းဟူ၍ ကျွန်ုပ်တို့မေးစရာရှိသည်။ . . . အစ တည်းဟူသောပြဿနာကို ကျွန်ုပ်တို့ရင်ဆိုင်ကြရမည်။”—ဆာ ဘားနာဒ် လိုဗဲလ်။
ဤအချက်က ဧရာမ စွမ်းအင်အရင်းအမြစ်တစ်ရပ် ရှိရုံနှင့်မလုံလောက်ကြောင်း ပြဆိုသည်။ စကြဝဠာ ပြန့်ကားသည့်နှုန်းသည် အလွန်တိကျစွာ ညှိထားပုံရသောကြောင့် အမြော်အမြင်နှင့် ဉာဏ်ရည်တို့လည်း လိုအပ်ပေသည်။ “အကယ်၍ စကြဝဠာသည် သန်းပေါင်းတစ်သန်းပုံတစ်ပုံမျှ ပို၍မြန်သည့်နှုန်းဖြင့် ပြန့်ကားခဲ့သည်ရှိသော် စကြဝဠာအတွင်း ရှိရှိသမျှရုပ်ဝတ္ထုများသည် ယခုလောက်ဆိုလျှင် အားလုံးပျောက်ကွယ်သွားလောက်ပြီ။ . . . အကယ်၍ သန်းပေါင်းတစ်သန်းပုံတစ်ပုံမျှ ပို၍နှေးကွေးခဲ့သည်ရှိသော် ဒြပ်ဆွဲအားက စကြဝဠာကို ယင်း၏သက်တမ်း ပထမ နှစ်သန်းပေါင်းတစ်ထောင်ခန့်အတွင်း ပြိုကွဲစေပြီးဖြစ်မည်။ ဤသို့ဖြင့် သက်တမ်းရှည်သောကြယ်များ ရှိမည်မဟုတ်၊ ဇီဝအသက်လည်း ရှိမည်မဟုတ်” ဟုလိုဗဲလ်ကဆို၏။
မူလအစကိုရှင်းလင်းရန် ကြိုးပမ်းမှုများ
စကြဝဠာ၏မူလအစကို ကျွမ်းကျင်သူများ ယခုရှင်းပြနိုင်ပြီလော။ စကြဝဠာသည် အဆင့်မြင့်မားသောဉာဏ်ရည်အားဖြင့် ဖန်ဆင်းခံရသည်ဟူသောစိတ်ကူးကို လက်ခံရန် အခက်တွေ့နေကြသည့် သိပ္ပံပညာရှင်အများက စကြဝဠာကြီးသည် အချို့သောဖြစ်စဉ်သဘောအားဖြင့် နတ္ထိအခြေမှ မိမိဘာသာဖန်တီးဖြစ်ပေါ်လာသည်ဟု ထင်ကြေးပေးကြသည်။ သင့်အဖို့ ကျိုးကြောင်းဆီလျော်မှုရှိပါသလော။ ယင်းထင်ကြေးများသည် များသောအားဖြင့် ၁၉၇၉ ခုနှစ်က ရူပဗေဒပညာရှင် အယ်လန်ဂွတ် တင်သွင်းခဲ့သည့်သီအိုရီ (ဖောင်းပွစကြဝဠာပုံစံ)c ၏ မူကွဲအချို့ပါဝင်သည်။ သို့ရာတွင် များမကြာမီက ဒေါက်တာဂွတ်က သူ၏သီအိုရီသည် “နတ္ထိအခြေမှာ စကြဝဠာ မည်သို့ပေါက်ဖွားလာသည်ကို ရှင်းမပြကြောင်း” ဝန်ခံခဲ့သည်။ ဒေါက်တာ အန်ဒရီယာ လင်ဒဲက ဆိုင်းယင်းတစ် အမေရိကန် စာစောင်မှ ဆောင်းပါးတစ်ပုဒ်တွင် ဤသို့ ပို၍ပြည့်စုံရှင်းလင်းစွာ ဖော်ပြထားသည်– “အရာခပ်သိမ်း စတင်သည့်နေရာနှင့် စတင်သည့်အချိန်ဖြစ်သည့် ဤဗွေဆော်ဦး အမှတ်ထူးအကြောင်းကို ရှင်းပြရန်မှာ ခေတ်သစ်စကြဝဠာဗေဒအဖို့ နိုင်နိုင်နင်းနင်းကိုင်တွယ်ရန် အခက်ခဲဆုံးသောပြဿနာအဖြစ် ဆက်လက်တည်ရှိနေသည်။”
အကယ်၍ သိပ္ပံပညာရှင်များအနေဖြင့် ကျွန်ုပ်တို့စကြဝဠာ၏ မူလအစနှင့် ကနဦးပိုင်း ဖြစ်ပေါ်တိုးတက်မှုများအကြောင်းကို မရှင်းပြနိုင်လျှင် အခြားတစ်နေရာရာ၌ ရှင်းလင်းချက်ကို ရှာသင့်သည်မဟုတ်လော။ မှန်ပါသည်၊ လူအများက လျစ်လျူရှုထားသော်လည်း ဤအကြောင်းနှင့်ပတ်သက်၍ သင့်အား ထိုးထွင်းသိမြင်မှုပေးနိုင်မည့် အထောက်အထားအချို့ကို စဉ်းစားသုံးသပ်ရန် သင်၌ ခိုင်လုံသည့်အကြောင်းရှိပါသည်။ ၎င်းအထောက်အထားတွင် ဒြပ်အပေါ်သက်ရောက်သော ဂုဏ်သတ္တိများနှင့် ပြောင်းလဲမှုရှိသမျှကိုဖြစ်စေသည့် အခြေခံအားလေးမျိုး၏ တိကျသော အတိုင်းအတာများပါဝင်သည်။ အခြေခံအားများအကြောင်း ဟလိုက်သည်နှင့် အချို့သူများက ‘ဒီအကြောင်းဟာ ရူပဗေဒပညာရှင်တွေနဲ့ပဲ ဆိုင်တဲ့အကြောင်းပါ‘ ဟူ၍သဘောထားကာ ဆွေးနွေးချင်စိတ်မရှိဘဲ ဖြစ်ကောင်းဖြစ်မိမည်။ အမှန်မှာ ထိုသို့မဟုတ်ပါ။ ၎င်းအခြေခံအဖြစ်မှန်များသည် ကျွန်ုပ်တို့နှင့် ပတ်သက်မှုရှိသောကြောင့် ၎င်းတို့အကြောင်းကို စဉ်းစားသုံးသပ်ထိုက်ပေသည်။
အနုစိတ်ညှိခြင်း
ကြီးမားကျယ်ပြောသည့် စကြဝဠာ၌လည်းကောင်း၊ တိုင်းတာ၍မရလောက်အောင် သေးငယ်သောအက်တမ် တည်ဆောက်ပုံများ၌လည်းကောင်း အခြေခံအားလေးမျိုး ပါဝင်လှုပ်ရှားလျက်ရှိသည်။ မှန်ပါသည်၊ ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင် တွေ့မြင်ရသမျှအရာတိုင်း အကျုံးဝင်ပတ်သက်လျက်ရှိသည်။
စကြဝဠာ၌ ပေါ်လွင်ထင်ရှားသော အားလေးမျိုး အနုစိတ်ညှိခြင်း (fine-tuning) မရှိပါက ကျွန်ုပ်တို့၏အသက်ရှင်ရေးအတွက် အလွန်အရေးပါသောဒြပ်စင်များ (အထူးသဖြင့် ကာဗွန်၊ အောက်ဆီဂျင်နှင့် သံ) တည်ရှိနိုင်ကြမည်မဟုတ်။ အားတစ်မျိုးဖြစ်သည့် ဒြပ်ဆွဲအား (gravity) အကြောင်းကို ဖော်ပြပြီးဖြစ်၏။ အခြားအားတစ်မျိုးမှာ လျှပ်စစ်သံလိုက်အား (electromagnetic force) ဖြစ်သည်။ ၎င်းအားသာ သိသိသာသာ အားပျော့ခဲ့သည်ရှိသော် အီလက်ထရွန်များသည် အက်တမ်၏ နျူကလိယပတ်လည်တွင် စုစည်း၍နေနိုင်ကြမည်မဟုတ်။ ‘ဒါက အရေးကြီးလို့လား’ ဟူ၍ အချို့သူများ သိချင်ကြပေမည်။ အရေးကြီးသည်။ အကြောင်းမှာ အက်တမ်များသည် မော်လီကျူးများအဖြစ် ဖွဲ့စည်းပေါင်းစပ်နိုင်မည်မဟုတ်၍တည်း။ ပြောင်းပြန်အားဖြင့် ၎င်းအားသာ များစွာပို၍ အားပြင်းခဲ့သည်ရှိသော် အီလက်ထရွန်များသည် အက်တမ်၏ နျူကလိယပေါ်တွင် တွယ်ကပ်နေကြမည်ဖြစ်သည်။ အက်တမ်ချင်း တုံ့ပြန်မှုရှိနိုင်မည်မဟုတ်သဖြင့် သက်ရှိလည်းရှိမည်မဟုတ်။ ဤရှုထောင့်မှကြည့်လျှင်ပင် ကျွန်ုပ်တို့ အသက်ရှင်တည်ရှိရေးသည် လျှပ်စစ်သံလိုက်အား အနုစိတ်ညှိခြင်းအပေါ် တည်မှီလျက်ရှိကြောင်း ရှင်းနေပါသည်။
ကော့စမစ်စကေးကိုလည်း စဉ်းစားကြည့်ပါဦး– လျှပ်စစ်သံလိုက်အား မဆိုစလောက် ခြားနားရုံမျှနှင့် နေကိုထိခိုက်မည်ဖြစ်သဖြင့် ကမ္ဘာမြေကြီးသို့ ရောက်ရှိသည့်အလင်းကိုပါ ပြောင်းလဲစေမည်ဖြစ်ရာ အပင်များ၌ အလင်းမှီစုဖွဲ့ခြင်း (photosynthesis) ခက်ခဲသွားမည် သို့မဟုတ် လုံးဝမဖြစ်နိုင်ဘဲ ဖြစ်သွားပေမည်။ သက်ရှိအတွက် အရေးပါသည့်ရေ၏ ဂုဏ်သတ္တိများလည်း ပျက်ပြယ်သွားနိုင်သည်။ ထို့ကြောင့် လျှပ်စစ်သံလိုက်အား၏ တိကျသောအနုစိတ်ညှိခြင်းသည် ကျွန်ုပ်တို့ အသက်ရှင်မည် မရှင်မည်ကို အဆုံးအဖြတ်ပေးနေပြန်သည်။
အခြားအားသုံးမျိုးနှင့် ဆက်နွှယ်ရာ၌ လျှပ်စစ်သံလိုက်အား၏ ပြင်းအားမှာလည်း ထပ်တူထပ်မျှအရေးပါသည်။ သာဓကအားဖြင့် ရူပဗေဒပညာရှင်အချို့က ၎င်းအားကို ဒြပ်ဆွဲအား၏ အဆပေါင်း ၁၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀ (၁၀၄၀) ဖြစ်သည်ဟု ခန့်မှန်းတွက်ဆကြသည်။ ထိုကိန်းဂဏန်းတွင် သုညတစ်လုံးထပ်ထည့်လိုက်ခြင်း (၁၀၄၁) အားဖြင့် ပြောပလောက်သောပြောင်းလဲမှု ရှိမည်မဟုတ်ဟု ထင်ရဖွယ်ရှိသည်။ သို့ရာတွင် ဒြပ်ဆွဲအားသည် အချိုးအစားအားဖြင့် အားပျော့ သွားမည်ဖြစ်ရာ ဖြစ်ပေါ်လာမည့် အခြေအနေနှင့်ပတ်သက်၍ ဒေါက်တာ ရိုင်းဟတ် ဘရူအာက ဤသို့မှတ်ချက်ချသည်– “ဒြပ်ဆွဲအားနည်းလျှင် ကြယ်များလည်း သေးငယ်သွားမည်ဖြစ်ရာ ၎င်းတို့၏အတွင်းပိုင်းရှိ ဒြပ်ဆွဲအား၏ဖိအားသည်လည်း နျူကလီးယား ရောယှက်တုံ့ပြန်မှု ဖြစ်ပေါ်လောက်အောင် အပူချိန်ကို မြှင့်ပေးနိုင်မည်မဟုတ်သဖြင့် နေသည် အလင်းထွန်းတောက်နိုင်မည်မဟုတ်ပေ။” ကျွန်ုပ်တို့အတွက် မည်သို့အဓိပ္ပာယ်ရှိမည်ကို သင်တွေးဆကြည့်နိုင်သည်။
ဒြပ်ဆွဲအားသည် အချိုးအစားအားဖြင့် ပို၍အားပြင်း ပြီး ၎င်းကိန်းဂဏန်း၌ သုည ၃၉ လုံး (၁၀၃၉) မျှသာရှိခဲ့သော် မည်သို့ဖြစ်မည်နည်း။ “ဤသေးငယ်လှသော အပြောင်းအလဲ ဖြစ်ရုံမျှနှင့် နေကဲ့သို့သောကြယ်တစ်လုံး၏ သက်တမ်းသည် ရုတ်တရက် သိသိသာသာ လျော့ကျသွားမည်ဖြစ်သည်” ဟု ဘရွိုင်ယာက ဆက်၍ဆိုသည်။ အခြားသောသိပ္ပံပညာရှင်များက အနုစိတ်ညှိခြင်း ထိုထက်မက ပို၍တိကျသည်ဟု ယူဆကြသည်။
မှန်ပါသည်၊ ကျွန်ုပ်တို့၏နေနှင့်တကွ အခြားသောကြယ်များ၏ ထူးခြားသောဂုဏ်ရည်နှစ်ရပ်မှာ တာရှည်ခံခြင်းနှင့် အခြေခိုင်ခြင်းတို့ပင်ဖြစ်သည်။ ရိုးရိုးသာဓကတစ်ခုကို စဉ်းစားသုံးသပ်ကြည့်ပါ။ မော်တော်ကားတစ်စီးကို စက်စွမ်းရည်ပြည့် မောင်းနှင်နိုင်ရန် အင်ဂျင်စက်သည် လောင်စာနှင့်လေ အချိုးတိကျမှုရှိရန် လိုအပ်သည့်အပြင် အင်ဂျင်နီယာများကလည်း အကောင်းဆုံးစွမ်းဆောင်မှု ပေးနိုင်အောင် ရှုပ်ထွေးသော မက္ကင်းနစ်နှင့် ကွန်ပျူတာစနစ်များကို တီထွင်ကြရသည်။ သာမန်အင်ဂျင်စက်တစ်လုံး၌ပင် ဤသို့လိုအပ်လျှင် ကျွန်ုပ်တို့၏နေကဲ့သို့သော စွမ်းရည်ပြည့် “လောင်ကျွမ်း” လျက်ရှိသည့်ကြယ်များကို မည်သို့ဆိုမည်နည်း။ ပါဝင်ပတ်သက်သည့် အဓိကအားများကို သက်ရှိအတွက် အကောင်းဆုံးဖြစ်စေရန် အတိအကျညှိထားသည်။ ၎င်းတိကျမှုသည် အမှတ်တမဲ့ဖြစ်လာသလော။ ရှေးခေတ်က ယောဘသည် “မိုးကောင်းကင်တရားတို့ကို နားလည်သလော။ ထိုတရားတို့သည် မြေကြီးကိုအုပ်စိုးမည်အကြောင်း အခွင့်ပေးနိုင်သလော” ဟူ၍အမေးခံခဲ့ရသည်။ (ယောဘ ၃၈:၃၃) အဘယ်လူသားမျှ မပြုလုပ်နိုင်ခဲ့ချေ။ သို့ဖြစ်လျှင် တိကျမှု အဘယ်ကလာသနည်း။
နျူကလီယားအား နှစ်မျိုး
စကြဝဠာဖွဲ့စည်းပုံတွင် ဒြပ်ဆွဲအားနှင့် လျှပ်စစ်သံလိုက်အားတို့ကိုသာ အနုစိတ်ညှိထားခြင်းထက်မက များစွာပိုမိုပါဝင်သည်။ အခြားရုပ်အားနှစ်မျိုးလည်း ကျွန်ုပ်တို့ အသက်ရှင်ရေးနှင့် ဆက်စပ်လျက်ရှိသည်။
၎င်းအားနှစ်မျိုးသည် အက်တမ်၏ နျူကလိယအတွင်း၌ လုပ်ဆောင်ကြပြီး ကြိုတင်ကြံဆမှုကြောင့် ဖြစ်ပေါ်လာရသည့်အထောက်အထား အလျှံပယ်ရှိသည်။ အက်တမ်၏ နျူကလိယအတွင်း ပရိုတွန်နှင့် နျူထရွန်တို့ကို ပေါင်းစည်းပေးသည့် အပြင်းစားနျူကလီးယားအား အကြောင်း စဉ်းစားသုံးသပ်ကြည့်ပါ။ ဤပေါင်းစည်းအားကြောင့် ဒြပ်စင်အမျိုးမျိုး—အပေါ့စားဒြပ်စင်များ (ဟီလီယမ်နှင့် အောက်ဆီဂျင်စသည်) နှင့် အလေးစားဒြပ်စင်များ (ရွှေနှင့်ခဲစသည်)—တို့ဖြစ်ပေါ်လာရသည်။ ယင်းပေါင်းစည်းအားသာ ၂ ရာခိုင်နှုန်းမျှ ပို၍အားပျော့ပါက ဟိုက်ဒရိုဂျင်တစ်မျိုးတည်းသာ တည်ရှိနိုင်မည့်ပုံရသည်။ ပြောင်းပြန်အားဖြင့် ယင်းအားသာ မဖြစ်စလောက် ပို၍အားပြင်းပါက သာ၍လေးသောဒြပ်စင်များကိုသာ တွေ့ရမည်ဖြစ်ပြီး ဟိုက်ဒရိုဂျင်ကို တွေ့ရမည်မဟုတ်။ ကျွန်ုပ်တို့၏အသက်ရှင်ရေးကို ထိခိုက်မည်လော။ စကြဝဠာအတွင်း ဟိုက်ဒရိုဂျင်မရှိလျှင် ကျွန်ုပ်တို့၏နေသည် အသက်ရှင်စေသောစွမ်းအင် ဖြာထွက်ရန်လိုအပ်သည့်လောင်စာ ရရှိမည်မဟုတ်။ ရေ သို့မဟုတ် အစားအစာလည်း ရှိမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဟိုက်ဒရိုဂျင်သည် ရေနှင့်အစားအစာနှစ်မျိုးစလုံး၏ အဓိကပါဝင်ဒြပ်စင်ဖြစ်၍တည်း။
ဤတွင်ဆွေးနွေးနေသည့် စတုတ္ထအားမှာ အပျော့စားနျူကလီးယားအား ဟုခေါ်ပြီး ရေဒီယိုသတ္တိကြွယိုယွင်းခြင်းကို ထိန်းချုပ်သည်။ ကျွန်ုပ်တို့၏နေအတွင်း အပူနျူကလီးယားကြွမှု အပေါ်လည်း သက်ရောက်မှုရှိသည်။ ‘ဒီအားကကော အနုစိတ်ညှိထားသလား’ ဟူ၍သင်မေးပေမည်။ သင်္ချာပညာရှင်နှင့် ရူပဗေဒပညာရှင်ဖြစ်သူ ဖရီးမဲင်း ဒိုင်ဆင်က ဤသို့ရှင်းပြထားသည်– “ဤအပျော့စား [အား] သည် နျူကလီးယားအားထက် အဆပေါင်းသန်းနှင့်ချီ၍ အားပျော့သည်။ နေတွင်ရှိသောဟိုက်ဒရိုဂျင် နှေးနှေးနှင့် နှုန်းမှန်မှန် လောင်ကျွမ်းလောက်သည့်အထိသာ အားပျော့သည်။ အကယ်၍ ၎င်းအပျော့စားအားသာ ထိုထက်များစွာ ပို၍အားပြင်းလျှင် သို့မဟုတ် ထိုထက်များစွာ ပို၍အားပျော့လျှင် နေကဲ့သို့သောကြယ်များအပေါ် မှီခိုနေရသော သက်ရှိသဏ္ဌာန်တို့သည် ဘေးသင့်ရောက်ပြန်မည်ဖြစ်သည်။” မှန်ပါသည်၊ ဤသို့တိကျသောနှုန်းဖြင့် လောင်ကျွမ်းခြင်းက ကျွန်ုပ်တို့၏ကမ္ဘာမြေကြီးကို ပြာကျမသွားစေဘဲ အနွေးဓာတ်ပေးပြီး ကျွန်ုပ်တို့ကို ဆက်လက်ရှင်သန်စေသည်။
ထို့ပြင် ၎င်းအပျော့စားအားသည် ဆူပါနိုဗာပေါက်ကွဲမှုများတွင်လည်း တစ်ခန်းတစ်ကဏ္ဍမှပါဝင်သည်ဟု သိပ္ပံပညာရှင်များက ယုံကြည်ကြသည်။ ဆူပါနိုဗာပေါက်ကွဲမှုများက ဒြပ်စင်အများစုကိုထွက်ပေါ်စေပြီး အရပ်ရပ်သို့ ပျံ့နှံ့စေသောဖြစ်စဉ်ကို ဖြစ်ပေါ်စေသည်။ “၎င်းနျူကလီးယားအားများသည် ယခုလက်ရှိအတိုင်းနှင့် တစ်နည်းတစ်ဖုံ မဖြစ်စလောက်သာ ကွဲပြားမည်ဆိုပါက သင်တို့နှင့် ကျွန်ုပ်တို့၏ကိုယ်ထဲတွင် ဖွဲ့စည်းပါဝင်သည့်ဒြပ်စင်များကို ကြယ်တို့ကဖြစ်ပေါ်အောင် ဖန်တီးနိုင်စွမ်းရှိမည်မဟုတ်” ဟု ရူပဗေဒပညာရှင် ဂျွန် ပိုလ်ကင်းဟောန်း ကရှင်းပြသည်။
တင်ပြစရာအကြောင်း များစွာရှိပါသေးသည်။ သို့သော် ဆိုလိုရင်းအချက်ကို သင်နားလည်သိရှိပြီးဖြစ်မည်။ ဤအခြေခံအားလေးမျိုးတွင် အနုစိတ်ညှိခြင်းဆိုင်ရာ အံ့မခန်းဖွယ် ဒီဂရီတစ်မျိုးရှိသည်။ “သဘာဝတရားက အရာခပ်သိမ်းကို ကျကျနနဖြစ်အောင် ဖန်တီးပေးထားသည့် သက်သေအထောက်အထားများကို ကျွန်ုပ်တို့ပတ်ပတ်လည်တွင် မြင်တွေ့နေပုံရသည်” ဟူ၍ ပါမောက္ခ ပေါလ် ဒေးဗီးစ် ကရေးသားခဲ့သည်။ မှန်ပါသည်၊ ၎င်းအခြေခံအားများ တိကျစွာညှိထားခြင်းကြောင့်သာ ကျွန်ုပ်တို့၏နေမှစ၍ ကျွန်ုပ်တို့၏နှစ်လို့ဖွယ်ကောင်းသော ကမ္ဘာဂြိုဟ်နှင့်တကွ အသက်ဆက်ပေးသောရေ၊ သက်ရှိတို့အတွက် အလွန်အရေးပါသောလေထုနှင့် ကမ္ဘာမြေကြီးပေါ်ရှိ များပြားလှသော အဖိုးတန်ဓာတုဒြပ်စင်များ ဖြစ်ပေါ်တည်ရှိလာပြီး လည်ပတ်လုပ်ဆောင်နေကြခြင်းဖြစ်သည်။ သို့ရာတွင် ‘ဤကဲ့သို့သော တိကျသည့်ချိန်ညှိမှု အဘယ်ကြောင့်ရှိရသနည်း။ ၎င်းသည် အဘယ်မှဖြစ်ပေါ်လာသနည်း’ ဟူ၍ မိမိကိုယ်ကိုမေးကြည့်ပါ။
ကမ္ဘာမြေကြီး၏ ပြည့်ဝစုံလင်သော ကြန်အင်လက္ခဏာများ
ကျွန်ုပ်တို့၏ရှင်သန်ရေးသည် အခြားသောအင်္ဂါရပ်များ အနုစိတ်တိကျမှုရှိရန်လည်း လိုအပ်သည်။ ကမ္ဘာမြေကြီး၏အတိုင်းအတာနှင့် ကျွန်ုပ်တို့နေအဖွဲ့အစည်း၏ ကျန်အပိုင်းနှင့်စပ်လျဉ်း၍ ကမ္ဘာ၏ တည်နေရာအကြောင်းတို့ကို စဉ်းစားသုံးသပ်ကြည့်ပါ။ ယောဘဝတ္ထုကျမ်းစောင်တွင် “မြေကြီးကိုငါတည်သောအခါ သင်သည် အဘယ်မှာရှိသနည်း။ . . . အတိုင်းအရှည်ပမာဏကို အဘယ်သူစီရင်သနည်း။ နားလည်လျှင်ပြောလော့” ဟူသော မာန်စွယ်ချိုးသည့်မေးခွန်းများ ပါရှိသည်။ (ယောဘ ၃၈:၄၊ ၅၊ သမ္မာ) တစ်ချိန်တစ်ခါနှင့်မျှ မတူသည့်တိုင် ဤမေးခွန်းများအတွက် အဖြေလိုအပ်လာသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ကျွန်ုပ်တို့ကမ္ဘာမြေကြီး၏ အရွယ်ပမာဏနှင့် နေအဖွဲ့အစည်းအတွင်း ယင်း၏တည်နေရာအကြောင်း အပါအဝင် ကမ္ဘာနှင့်ပတ်သက်သော အံ့ဖွယ်အကြောင်းအရာများစွာကို ဖော်ထုတ်သိရှိလာကြပြီဖြစ်၍တည်း။
ကမ္ဘာမြေကြီးနှင့်တူသောဂြိုဟ်မျိုးကို စကြဝဠာ၏အခြားနေရာများ၌ ရှာမတွေ့သေးပေ။ မှန်ပါသည်၊ သိပ္ပံပညာရှင်အချို့က အချို့သောကြယ်များ၌ ကမ္ဘာမြေကြီးထက် အဆရာပေါင်းများစွာ ကြီးမားသည့်ဝတ္ထုများ လှည့်ပတ်လျက်ရှိသည့် သွယ်ဝိုက်အထောက်အထားများကို ထောက်ပြကြသည်။ သို့သော် ကမ္ဘာမြေကြီးမှာမူ ကျွန်ုပ်တို့တည်ရှိရေးအတွက် အရွယ်ပမာဏ အလောတော်သာဖြစ်သည်။ မည်သည့်သဘောဖြင့်နည်း။ အကယ်၍ ကမ္ဘာမြေကြီးသာ မဆိုစလောက် ပို၍ကြီးမည်ဆိုလျှင် ယင်း၏ဒြပ်ဆွဲအားလည်း ပို၍အားပြင်းမည်ဖြစ်သဖြင့် အပေါ့စားဓာတ်ငွေ့တစ်မျိုးဖြစ်သည့် ဟိုက်ဒရိုဂျင်သည် ကမ္ဘာ၏ဒြပ်ဆွဲအားမှ လွတ်မြောက်နိုင်စွမ်းမရှိဘဲ စုစည်းမိကြမည်ဖြစ်သည်။ သို့ဖြစ်ပါက လေထုသည် သက်ရှိများ မရှင်သန်နိုင်သည့်နေရာ ဖြစ်သွားပေမည်။ အခြားတစ်ဖက်တွင်မူ ကမ္ဘာမြေကြီးသာ မဆိုစလောက် သေးငယ်မည်ဆိုလျှင် အသက်ဆက်ပေးသည့် အောက်ဆီဂျင်သည် လွတ်မြောက်သွားမည်ဖြစ်၍ မြေမျက်နှာပြင်ပေါ်ရှိရေများလည်း ခန်းခြောက်ကုန်မည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ ကျွန်ုပ်တို့ အသက်ရှင်နိုင်ကြမည်မဟုတ်။
ကမ္ဘာမြေကြီးသည် နေနှင့်လည်း အကွာအဝေး အသင့်တော်ဆုံးနေရာ၌ တည်ရှိသည်။ ဤအချက်မှာလည်း သက်ရှိများရှင်သန်ရေးအတွက် အလွန်အရေးပါသည်။ နက္ခတ္တဗေဒပညာရှင် ဂျွန် ဘာရိုနှင့် သင်္ချာပညာရှင် ဖရန့်ခ် တစ်ပလာတို့သည် “ကမ္ဘာ၏အချင်းဝက်နှင့် နေမှအကွာအဝေးတို့၏အချိုး” ကိုလေ့လာခဲ့ကြသည်။ “ယင်းအချိုးသာ ယခုတွေ့ရှိချက်နှင့် မဖြစ်စလောက် ခြားနားခဲ့မည်ဆိုလျှင်” လူ့ဘဝ တည်ရှိနိုင်မည်မဟုတ်ကြောင်း သူတို့ကောက်ချက်ချခဲ့ကြသည်။ “ခန့်မှန်းတွက်ချက်မှုအရ ကမ္ဘာမြေကြီးသာ နေနှင့် ၅ ရာခိုင်နှုန်းမျှ ပို၍နီးကပ်စွာတည်ရှိခဲ့သော် ထိန်းချုပ်၍မရနိုင်သော ဖန်လုံအိမ်အာနိသင် [ကမ္ဘာမြေ အပူလွန်ကဲခြင်း] သည် လွန်ခဲ့သောနှစ်ပေါင်းသန်း ၄,၀၀၀ ခန့်ကဖြစ်ခဲ့ပေမည်။ အကယ်၍ အခြားတစ်ဖက်တွင် ကမ္ဘာမြေကြီးသာ နေနှင့် ၁-ရာခိုင်နှုန်းမျှ ပို၍ဝေးကွာသည့်နေရာတွင် တည်ရှိခဲ့သော် ထိန်းချုပ်၍မရနိုင်သော ရေခဲပြင်ပြုပြင်ခြင်း [ရေခဲပြင်ကြီးများ ကမ္ဘာပေါ်ဖုံးလွှမ်းခြင်း] သည် လွန်ခဲ့သောနှစ်ပေါင်းသန်း ၂,၀၀၀ ခန့်ကဖြစ်ခဲ့ပေမည်” ဟု ပါမောက္ခ ဒေးဗစ် အယ်လ်. ဘလော့ခ် ကမှတ်ချက်ချသည်။—ကျွန်ုပ်တို့၏စကြဝဠာ– မတော်တဆကြောင့်လော၊ ဒီဇိုင်းကြောင့်လော။
အထက်ပါ အကွာအဝေးတိကျမှုအပြင် ကမ္ဘာသည် မိမိ၏ဝင်ရိုးပေါ်တွင် တစ်ရက်လျှင်တစ်ပတ်နှုန်းဖြင့် လည်လျက်ရှိသည်။ ဤအမြန်နှုန်းသည် မျှတသောအပူချိန် ဖြစ်ပေါ်ရန်အတွက် မှန်ကန်သောအမြန်နှုန်းဖြစ်သည်။ သောကြာဂြိုဟ်သည် တစ်ပတ်လည်ရန် ၂၄၃ ရက်ကြာသည်။ ကမ္ဘာသာ ထိုမျှလောက် ကြာမည်ဆိုလျှင် မည်သို့ဖြစ်မည်ကို စဉ်းစားသာကြည့်ပါ! ထိုမျှတာရှည်သော နေ့တာနှင့်ညတာများကြောင့် ဖြစ်ပေါ်သည့် လွန်ကဲသောအပူချိန်များတွင် ကျွန်ုပ်တို့ အသက်ရှင်ကျန်နိုင်မည်မဟုတ်။
အရေးပါသောအနုစိတ်အချက် နောက်တစ်ချက်မှာ ကမ္ဘာ၏ နေပတ်လမ်းကြောင်းပင်ဖြစ်သည်။ ကြယ်တံခွန်များသည် ကျယ်ဝန်းသောဘဲဥပုံသဏ္ဌာန်လမ်းကြောင်းရှိသည်။ ကမ္ဘာ၏ပတ်လမ်း ထိုသို့မဖြစ်သည့်အတွက် ကျေးဇူးတင်စရာဖြစ်သည်။ ယင်း၏ပတ်လမ်းသည် စက်ဝိုင်းပုံနီးပါးမျှဖြစ်သည်။ ဤအချက်ကလည်း ကျွန်ုပ်တို့အား သေစေလောက်သည့် လွန်ကဲအပူချိန်ကို မခံရအောင် ကာကွယ်ပေးသည်။
ကျွန်ုပ်တို့နေအဖွဲ့အစည်း၏ တည်နေရာကိုလည်း လျစ်လျူမရှုသင့်ပေ။ နဂါးငွေ့တန်းဂလက်ဆီ၏ဗဟိုနှင့် ပို၍နီးကပ်စွာတည်ရှိခဲ့သော် အနီးအနားရှိကြယ်တို့၏ ဒြပ်ဆွဲအားကြောင့် ကမ္ဘာ၏ပတ်လမ်း ယွံရွဲ့သွားနိုင်သည်။ ဆန့်ကျင်ဘက်အားဖြင့် ကျွန်ုပ်တို့ဂလက်ဆီ၏အစွန်အဖျားတွင် တည်ရှိခဲ့သော် ညကောင်းကင်ယံသည် ကြယ်တာရာ လုံးဝကင်းစင်လုမတတ် ဖြစ်နေပေမည်။ ကြယ်ရောင်များသည် အသက်ရှင်ရေးအတွက် အရေးမပါသော်လည်း ညကောင်းကင်ယံ၏အလှကို တိုးပွားစေသည်မဟုတ်လော။ စကြဝဠာနှင့်ပတ်သက်သော လတ်တလော ယူဆချက်များအရ သိပ္ပံပညာရှင်တို့က နဂါးငွေ့တန်း၏အစွန်အဖျားတွင် ကျွန်ုပ်တို့၏နေအဖွဲ့အစည်းကဲ့သို့သော နေအဖွဲ့အစည်းမျိုး ဖွဲ့စည်းရန် လိုအပ်သော ဓာတုဒြပ်စင်များ အလုံအလောက် ရှိမည်မဟုတ်ကြောင်း ခန့်မှန်းတွက်ချက်ခဲ့ကြသည်။d
နိယာမနှင့် စည်းစနစ်
ကိုယ်ပိုင်တွေ့ကြုံမှုအရ အရာခပ်သိမ်းသည် ကစဉ့်ကရဲဖြစ်ခြင်းဘက်သို့ ရွေ့လျောတတ်ကြောင်း သင်သိပေလိမ့်မည်။ အရာဝတ္ထုများသည် သူ့ဘာသာပစ်ထားခံရလျှင် ပျက်စီးယိုယွင်းပြိုကွဲတတ်ကြောင်း အိမ်ပိုင်ရှင်တိုင်းလိုလို တွေ့မြင်ရကြသည်။ ဤဖြစ်တတ်သည့်သဘောကို သိပ္ပံပညာရှင်တို့က “အပူဒိုင်နမစ်ဒုတိယနိယာမ” ဟုရည်ညွှန်းဖော်ပြကြသည်။ ဤနိယာမတရား၏ လုပ်ဆောင်မှုကို ကျွန်ုပ်တို့နေ့စဉ် တွေ့မြင်နိုင်သည်။ သူ့ဘာသာပစ်ထားမည်ဆိုလျှင် မော်တော်ကားအသစ်တစ်စီး သို့မဟုတ် စက်ဘီးအသစ်တစ်စီးသည် တဖြည်းဖြည်းနှင့် သံတိုသံစဘဝ ရောက်သွားမည်။ အဆောက်အအုံတစ်ခုကို စွန့်ပစ်ထားလျှင် ပျက်စီးယိုယွင်းသွားမည်။ စကြဝဠာကော မည်သို့နည်း။ ဤနိယာမတရားသည် စကြဝဠာနှင့်လည်း သက်ဆိုင်ပေသည်။ သို့နှင့် စကြဝဠာတစ်ခွင်ရှိ စည်းစနစ်သည် တဖြည်းဖြည်းနှင့် ကစဉ့်ကရဲဖြစ်သွားမည်ဟု သင်ယူဆကောင်းယူဆပေမည်။
သို့ရာတွင် ရှုမြင်နိုင်သောစကြဝဠာ၏ ကစဉ့်ကရဲဖြစ်ခြင်းအခြေအကြောင်း (သို့မဟုတ်၊ အင်ထရိုပီ၊ entropy) လေ့လာစဉ် သင်္ချာပါမောက္ခ ရောဂျာ ပဲင်ရိုးဇ် တွေ့ရှိခဲ့ရသည့်အတိုင်း စကြဝဠာ၌ ထိုအတိုင်းဖြစ်ပျက်နေပုံမရှိပေ။ ထိုတွေ့ရှိချက်များကို အဓိပ္ပာယ်ဖွင့်ဆိုရန် ကျိုးကြောင်းဆီလျော်သောနည်းတစ်နည်းမှာ စကြဝဠာသည် စည်းစနစ်ကျနသောအခြေဖြင့် စတင်ဖြစ်ပေါ်လာပြီး ထိုအတိုင်းပင် ဆက်လက်တည်ရှိနေသည်ဟူ၍ ကောက်ချက်စွဲရန်ပင်ဖြစ်သည်။ သိပ္ပံပညာရှင်များက “ဤမျှအဆင့်မြင့်၍ စည်းစနစ်ကျနသော အခြေအနေမျိုးဖြင့် စကြဝဠာဖန်ဆင်းခံရခြင်းကို တွေးမရအောင်ဖြစ်ရကြောင်း” ရူပနက္ခတ္တဗေဒပညာရှင် အယ်လန် လိုက်မဲင်းက ဆိုခဲ့သည်။ စကြဝဠာသည် ပရမ်းပတာအခြေသို့ အဘယ်ကြောင့် ပြောင်းလဲမသွားသနည်းဟူသော “ဤအင်ထရိုပီပြဿနာကို စကြဝဠာဆိုင်ရာ အောင်မြင်သောသီအိုရီ တစ်ရပ်ရပ်က အဆုံးတစ်နေ့တွင် ဖြေရှင်းနိုင်လိမ့်မည်” ဟုသူက ဆက်၍ဆိုသည်။
စင်စစ်အားဖြင့် ကျွန်ုပ်တို့ တည်ရှိနေခြင်းက အသိအမှတ်ပြုပြီးသော ဤနိယာမတရားနှင့် ဖီလာဆန့်ကျင်နေသည်။ သို့ဖြစ်လျှင် ဤကမ္ဘာပေါ်တွင် ကျွန်ုပ်တို့အဘယ်ကြောင့် အသက်ရှင်လျက်ရှိရသနည်း။ အထက်တွင် ဆိုခဲ့သည့်အတိုင်း ဤကား ကျွန်ုပ်တို့ ယတိပြတ်အဖြေရလိုသော အခြေခံကျသည့် မေးခွန်းတစ်ခုပင်ဖြစ်သည်။
နောက်ဆက်တွဲ
“စကြဝဠာ၏ ဗိသုကာပညာဆိုင်ရာ ယူနစ်များ”
ခေတ်သစ်စွယ်စုံကျမ်းတစ်စောင်က ဓာတုဗေဒဒြပ်စင်များနှင့်ပတ်သက်၍ အထက်ပါအတိုင်းဖော်ပြလိုက်သည်။ ကမ္ဘာပေါ်တွင် ဒြပ်စင်အမျိုးအမည် အံ့ဖွယ်ကောင်းလောက်အောင် များပြားလှသည်။ အချို့မှာ ရှားပါးပြီး အချို့မှာ ပေါများသည်။ ရွှေကဲ့သို့သောဒြပ်စင်များသည် လူတို့၏အမြင်အာရုံကို ဆွဲဆောင်နိုင်သည်။ အခြားဒြပ်စင်များမှာ ကျွန်ုပ်တို့ မြင်ပင်မမြင်ရသည့် နိုက်ထြိုဂျင်နှင့် အောက်ဆီဂျင်ကဲ့သို့သော ဓာတ်ငွေ့များဖြစ်ကြသည်။ ဒြပ်စင်တစ်မျိုးစီသည် အက်တမ်တစ်မျိုးမျိုးဖြင့် ပြုလုပ်ထားသည်။ အက်တမ်များ၏တည်ဆောက်ပုံနှင့် အချင်းချင်းဆက်နွှယ်ပုံတို့က ချွေတာမှုနှင့် အစီအစဉ်ဇယားကျနစွာ အံ့သြထိတ်လန့်ဖွယ် စီစဉ်ဖွဲ့စည်းထားကြောင်း ထင်ရှားစေသည်။
လွန်ခဲ့သောနှစ်ပေါင်း ၃၀၀ ခန့်က ဒြပ်စင် ၁၂ မျိုးကိုသာ လူတို့သိရှိခဲ့ကြသည်။ ၎င်းတို့မှာ ခနောက်စိမ်း၊ အာဆီနစ်၊ ဗစ်စမတ်၊ ကာဗွန်၊ ကြေးနီ၊ ရွှေ၊ သံ၊ ခဲ၊ ပြဒါး၊ ငွေ၊ ကန့်နှင့် သံဖြူတို့ဖြစ်ကြသည်။ သာ၍များသောဒြပ်စင်များကို တွေ့ ရှိလာသည်နှင့်အမျှ ဒြပ်စင်များသည် စနစ်တကျ စီစဉ်ဖွဲ့စည်းထားကြောင်း သိပ္ပံပညာရှင်များ သတိပြုမိလာကြသည်။ အစီအစဉ်တွင် ကြားကွက်လပ်များ ရှိနေခြင်းကြောင့် မဲင်ဒဲလဲယက်ဗ်၊ ရမ်ဆေး၊ မော်စလေနှင့် ဘိုးရ် အစရှိသော သိပ္ပံပညာရှင်တို့က မသိသေးသောဒြပ်စင်များ တည်ရှိခြင်းနှင့် ၎င်းတို့၏ ဝိသေသလက္ခဏာများကို မှန်းဆခဲ့ကြသည်။ ကြိုတင်မှန်းဆထားသည့်အတိုင်းပင် နောက်ပိုင်းတွင် ၎င်းဒြပ်စင်များကို ရှာဖွေတွေ့ ရှိခဲ့သည်။ ထိုစဉ်က မသိရသေးသော ဒြပ်ပုံသဏ္ဌာန်များရှိကြောင်း ၎င်းသိပ္ပံပညာရှင်များက မည်သို့ ဟောကိန်းထုတ်နိုင်ခဲ့ကြသနည်း။
ဒြပ်စင်များသည် ၎င်းတို့၏အက်တမ်များ တည်ဆောက်ပုံပေါ်အခြေခံ၍ သဘာဝဂဏန်းအစဉ် (ကိန်းစဉ်) ကိုလိုက်ကြသည်။ ဤသည်မှာ သက်သေထင်ရှားသော နိယာမတရားဖြစ်သည်။ သို့နှင့်၊ ကျောင်းပြဋ္ဌာန်းစာအုပ်များ၌ ဒြပ်စင်များဆိုင်ရာ အလှည့်ကျဇယား (periodic table) တွင် ဟိုက်ဒရိုဂျင်၊ ဟီလီယမ် အစရှိသည်ဖြင့် အတန်းလိုက်၊ ကော်လံလိုက် ဇယားချနိုင်ခြင်းဖြစ်သည်။
မက္ကဂရော-ဟီးလ် သိပ္ပံနှင့်နည်းပညာ စွယ်စုံကျမ်း က ဤသို့မှတ်ချက်ချထားသည်– “သိပ္ပံပညာသမိုင်းတွင် ရုပ်လောက၏စည်းစနစ်ကို အကြမ်းဖျင်း ဖွင့်ဟဖော်ထုတ်သည့်နေရာတွင် အလှည့်ကျဇယားနှင့်ယှဉ်နိုင်သည့် စည်းစနစ်ကျနမှု အနည်းအကျဉ်းသာရှိသည်။ . . . အနာဂတ်တွင် မည်သည့်ဒြပ်စင်အသစ်ကိုမဆို ရှာဖွေတွေ့ ရှိခဲ့သော် ချိန်တာကိုက်အဖွဲ့အစည်း (periodic system) တွင် နေရာတစ်နေရာ မုချတွေ့ ရှိမည်ဖြစ်ပြီး ယင်း၏အစီအစဉ်နှင့် ကိုက်ညီမည့်အပြင် ပုံမှန်မျိုးစုလိုက် ဝိသေသလက္ခဏာများကိုပါ ပြသမည်ဖြစ်သည်။”
ဒြပ်စင်များကို အလှည့်ကျဇယား၏ အတန်းနှင့်ကော်လံများတွင် စီစဉ်ရေးဆွဲသည့်အခါ၌ ကော်လံတစ်ခုတွင်ပါဝင်သည့် ဒြပ်စင်များအချင်းချင်းကြားတွင် ထူးခြားထင်ရှားသောဆက်နွှယ်မှုကို တွေ့မြင်ရသည်။ သာဓကအနေဖြင့် နောက်ဆုံးကော်လံတွင် ဟီလီယမ် (နံပါတ် ၂)၊ နီယွန် (နံပါတ် ၁၀)၊ အာဂွန် (နံပါတ် ၁၈)၊ ခရစ်ပတွန် (နံပါတ် ၃၆)၊ ဇီနွန် (နံပါတ် ၅၄)၊ နှင့် ရေဒွန် (နံပါတ် ၈၆) တို့ ရှိကြသည်။ ၎င်းတို့သည် ဓာတ်ငွေ့များဖြစ်ကြပြီး ၎င်းတို့အတွင်း လျှပ်စစ်ဓာတ် ဖြတ်သန်းသွားသည့်အခါ အလင်းထွန်းတောက်သဖြင့် မီးလုံးများတွင် အသုံးပြုလေ့ရှိသည်။ ထို့ပြင်၊ ၎င်းတို့သည် အခြားဓာတ်ငွေ့များနည်းတူ ဒြပ်စင်အမျိုးမျိုးနှင့် လွယ်လင့်တကူ ဓာတ်တုံ့ပြန်ခြင်းမရှိပေ။
မှန်ပါသည်၊ စကြဝဠာသည် ယင်း၏အက်တမ်အမှုန်များအထိပင် သဟဇာတနှင့်စည်းစနစ်ကို အံ့သြဖွယ်ကောင်းလောက်အောင် ဖော်ပြနေသည်။ စကြဝဠာ၏ တည်ဆောက်ပစ္စည်းများတွင် ဤကဲ့သို့သော စည်းစနစ်ကျနမှု၊ သဟဇာတဖြစ်မှုနှင့် အမျိုးအစား များပြားမှုတို့သည် အဘယ်အကြောင်းကြောင့် ဖြစ်ရသနည်း။
[အောက်ခြေမှတ်ချက်]
a နဂါးငွေ့တန်းဂလက်ဆီသည် အချင်းအားဖြင့် မိုင်ပေါင်းကွာဒရီလီယံ ၆၀၀ ခန့်ရှိသည်။ မှန်ပါသည်၊ မိုင်ပေါင်း ၆၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀ ရှိသည်။ ယင်းအချင်းကို အလင်း၏အမြန်နှုန်းဖြင့် ဖြတ်သန်းလျှင်ပင် နှစ်ပေါင်း ၁၀၀,၀၀၀ ခန့်ကြာမည်ဖြစ်သည်။ ဤဂလက်ဆီ တစ်ခုတည်းအတွင်း၌ပင် ကြယ်တာရာပေါင်း ဘီလီယံ ၁၀၀ ကျော်ရှိသည်။
b ရှာဖွေတွေ့ရှိသမျှတွင် အဝေးဆုံးကြယ် (SN 1995K) သည် ယင်း၏ဂလက်ဆီအတွင်း ပေါက်ကွဲသည့်အခါ၌ ထူးဆန်းစွာတုံ့ပြန်သည်ကို ၁၉၉၅ ခုနှစ်က သိပ္ပံပညာရှင်များ သတိပြုမိခဲ့ကြသည်။ ၎င်းကြယ်သည် အနီးအနားရှိ ဂလက်ဆီများအတွင်းမှ စူပါနိုဗာများနည်းတူ အလွန်တောက်ပပြီးနောက် တဖြည်းဖြည်း မှိန်သွားသော်လည်း ယခင်အခါက သတိပြုမိသည်ထက် အချိန်ကာလအားဖြင့် ပို၍တာရှည်သည်။ နယူးဆိုင်းယင်းတစ် မဂ္ဂဇင်းက အဆိုပါမျဉ်းကွေးနှစ်ခုကို ဂရပ်တစ်ခုတွင် နှိုင်းယှဉ်ပုံဖော်၍ ဤသို့ရှင်းပြသည်– “[အဝေးမှစူပါနိုဗာ၏] အလင်းကွေး၏ပုံသဏ္ဌာန်မှာ . . . အချိန်အားဖြင့် ပို၍ကြာရှည်ပြီး အလင်း၏အမြန်နှုန်း ထက်ဝက်နီးပါးမျှသော အမြန်နှုန်းဖြင့် ၎င်းဂလက်ဆီသည် ကျွန်ုပ်တို့ထံမှ ဖယ်ခွာလျက်ရှိသည်ဟူ၍ တွက်ဆထားသည့် အချိန်ပမာဏအတိုင်း အတိအကျပင်ဖြစ်သည်။” ကောက်ချက်မည်သို့ရှိသနည်း။ ဤအချက်က “စကြဝဠာသည် တကယ်ပင် ပြန့်ကားလျက်ရှိကြောင်းပြဆိုသည့် အကောင်းဆုံးသော အထောက်အထားပင်ဖြစ်သည်။”
c ဖောင်းပွခြင်းသီအိုရီက စကြဝဠာစတင်ပြီးနောက် စက္ကန့်ပိုင်းအတွင်း ဖြစ်ပျက်သည့်အခြင်းအရာအကြောင်းကို ထင်ကြေးပေးသည်။ ဖောင်းပွခြင်းသီအိုရီကို ထောက်ခံသူတို့က စကြဝဠာသည် ကနဦး၌ အဏုကြည့်ကိရိယာဖြင့်ပင် မမြင်နိုင်သောအရာဖြစ်ပြီး ၎င်းနောက် အလင်း၏အမြန်နှုန်းထက် လျင်မြန်သည့်နှုန်းဖြင့် ဖောင်းပွလာသည်ဟု ယူဆကြသည်။ ဤအဆိုကို ဓာတ်ခွဲခန်းတွင် စမ်းသပ်၍မရနိုင်။ ဖောင်းပွခြင်းသီအိုရီသည် အငြင်းပွားနေရဆဲဖြစ်သည်။
d ဒြပ်စင်တို့၌ အံ့ဖွယ်ကောင်းသော စည်းစနစ်နှင့် သဟဇာတရှိကြောင်း သိပ္ပံပညာရှင်များ တွေ့ရှိပြီးဖြစ်သည်။ စိတ်ဝင်စားဖွယ် အထောက်အထားများကို စာမျက်နှာ ၂၆၊ “စကြဝဠာ၏ ဗိသုကာပညာဆိုင်ရာ ယူနစ်များ” နောက်ဆက်တွဲတွင် ဖော်ပြထားသည်။
[စာမျက်နှာ ၁၅ ပါ လေးထောင့်ကွက်]
ကြယ်များကိုရေတွက်ရန် အားထုတ်ခြင်း
နဂါးငွေ့တန်းဂလက်ဆီတွင် ကြယ်ပေါင်း ၁၀၀,၀၀၀,၀၀၀.၀၀၀. (ဘီလီယံ ၁၀၀) ရှိသည်ဟုခန့်မှန်းကြသည်။ ဤကြယ်များအကြောင်းကို ကြယ်တစ်လုံးလျှင် စာမျက်နှာ တစ်မျက်နှာနှုန်းဖြင့်ရေးသားသည့် စွယ်စုံကျမ်းတစ်ကျမ်းကို စိတ်ကူးပုံဖော်ကြည့်ပါ။ ကျွန်ုပ်တို့၏နေနှင့်တကွ နေအဖွဲ့အစည်းအကြောင်းသည် တစ်မျက်နှာတည်းတွင်ပါရှိမည်ဖြစ်ရာ နဂါးငွေ့တန်းတွင်ရှိ ကြယ်အားလုံးအကြောင်းကို ရေးသားဖော်ပြနိုင်ရန် အတွဲပေါင်း မည်မျှလိုအပ်မည်နည်း။
အတော်အသင့်ထူသော အတွဲများဖြင့်တွက်လျှင် ထိုစွယ်စုံကျမ်းသည် စာအုပ်စင်အရှည် ၂၅၆ မိုင်ရှိသော နယူးယောက် လူထုစာကြည့်တိုက်ပင် ဝင်ဆံ့မည်မဟုတ်ဟု ဆိုကြသည်။
ထိုမျှများပြားသည့် စာမျက်နှာများကိုစူးစမ်းရန် အချိန်မည်မျှယူရမည်နည်း။ “တစ်မျက်နှာလျှင် တစ်စက္ကန့်နှုန်းဖြင့် အမြန်လှန်သွားလျှင်ပင် နှစ်ပေါင်း တစ်သောင်းကျော် လိုအပ်မည်ဖြစ်သည်” ဟု နဂါးငွေ့တန်းအတွင်း အရွယ်ရောက်ခြင်း စာအုပ်တွင် ရှင်းပြထားသည်။ သို့သော် ကျွန်ုပ်တို့၏ဂလက်ဆီအဖြစ် ဖွဲ့စည်းထားသည့်ကြယ်များသည် စကြဝဠာအတွင်း ရှိသည်ဟုခန့်မှန်းထားသည့် ဂလက်ဆီပေါင်း ၅၀,၀၀၀,၀၀၀,၀၀၀ (ဘီလီယံ ၅၀) အနက်မှ သေးငယ်လှသော အစိတ်အပိုင်းမျှသာဖြစ်ပေသည်။ ဤကြယ်များအကြောင်းကို တစ်လုံးလျှင်တစ်မျက်နှာနှုန်းဖြင့် ဖော်ပြသည့် စွယ်စုံကျမ်းတစ်ကျမ်းသည် ကမ္ဘာပေါ်ရှိရှိသမျှသော စာကြည့်တိုက်စာအုပ်စင်များတွင် ဆံ့မည်မဟုတ်ပေ။ “စကြဝဠာအကြောင်း ကျွန်ုပ်တို့ သိလာလေလေ၊ ကျွန်ုပ်တို့ အသိအမြင်ဗဟုသုတ မည်မျှနည်းပါးကြောင်း သိမြင်လာလေလေဖြစ်သည်” ဟု ထိုစာအုပ်က မှတ်ချက်ပြုထားသည်။
[စာမျက်နှာ ၁၆ ပါ လေးထောင့်ကွက်]
စကြဝဠာ၏အစ—ဂျက်စထရော၏မှတ်ချက်
“စကြဝဠာ ရုတ်တရက် ပေါက်ဖွားခြင်း ဟူသောဖြစ်ရပ်သည် သက်သေထင်ရှားသော သိပ္ပံဆိုင်ရာအမှန်တရား ဖြစ်လာလိမ့်မည်ဟု တွေးထင်ခဲ့သည့် နက္ခတ္တဗေဒပညာရှင် အလွန်တရာ နည်းပေလိမ့်မည်။ သို့ရာတွင် အဝေးကြည့်မှန်ပြောင်းများဖြင့် ကောင်းကင်ကို စူးစမ်းလေ့လာတွေ့ ရှိချက်များက သူတို့အား မလွဲမရှောင်သာ ထိုသို့ကောက်ချက်ချစေခဲ့သည်” ဟု ကိုလမ်ဘီယာတက္ကသိုလ်မှ နက္ခတ္တဗေဒနှင့် ဘူမိဗေဒပါမောက္ခ ရောဘတ် ဂျက်စထရောက ရေးသားခဲ့သည်။
၎င်းနောက် ဆိုလိုရင်းကို ဤသို့မှတ်ချက်ချသည်– “နက္ခတ္တဗေဒဆိုင်ရာ သက်သေအထောက်အထားများက စကြဝဠာ၌ အစရှိခဲ့ကြောင်း ပြဆိုသည့်အချက်က သိပ္ပံပညာရှင်များအား အကျပ်ရိုက်သွားစေသည်။ အကြောင်းမှာ အကျိုးတရားတိုင်းတွင် သဘာဝကျသော အကြောင်းတရားရှိကြောင်း သူတို့ ယုံကြည်လက်ခံ၍ဖြစ်သည်။ . . . ဗြိတိသျှ နက္ခတ္တဗေဒပညာရှင် အီး. အေ. မီးလ်န်က ‘စကြဝဠာ စတင်ပုံအကြောင်းနှင့်ပတ်သက်၍ မည်သည့်အဆိုပြုချက်ကိုမျှ ကျွန်ုပ်တို့မပေးနိုင်ပါ။ အရာခပ်သိမ်းကို ဘုရားသခင် ဖန်ဆင်းချိန်တွင် ကြည့်ရှုလေ့လာသူမရှိ၊ မျက်မြင်သက်သေမရှိပါ’ ဟူ၍ ရေးသားခဲ့သည်။”—အာရုံဖမ်းစားသည့် အရိပ်မည်းကြီး—စကြဝဠာထဲမှဉာဏ်။
[စာမျက်နှာ ၁၇ ပါ လေးထောင့်ကွက်]
အခြေခံ ရုပ်အား လေးမျိုး
၁။ ဒြပ်ဆွဲအား—အက်တမ်အဆင့်၌ အလွန်ပျော့သောအားဖြစ်သည်။ ဂြိုဟ်၊ ကြယ်၊ ဂလက်ဆီ အစရှိသော ကြီးမားသည့်ဝတ္ထုများ၌ ယင်း၏အကျိုးသက်ရောက်မှု ပို၍ထင်ရှားသည်။
၂။ လျှပ်စစ်သံလိုက်အား—ပရိုတွန်နှင့် အီလက်ထရွန်ကြားရှိ အဓိကဆွဲအားဖြစ်ပြီး မော်လီကျူးများဖွဲ့တည်ရန် အခွင့်ပေးသည်။ လျှပ်စီးလက်ခြင်းသည် ယင်းစွမ်းအား၏ ထင်ရှားသောသက်သေတစ်ခုဖြစ်သည်။
၃။ အပြင်းစား နျူကလီးယားအား—အက်တမ်၏ နျူကလိယအတွင်း ပရိုတွန်နှင့် နျူထရွန်တို့ကို ပူးကပ်စေသောအားဖြစ်သည်။
၄။ အပျော့စား နျူကလီးယားအား—ရေဒီယိုသတ္တိကြွဒြပ်စင်များ၏ ယိုယွင်းခြင်းနှင့် နေ၏ ထိရောက်သော အပူနျူကလီးယားကြွခြင်းတို့ကို ထိန်းချုပ်သည့်အားဖြစ်သည်။
[စာမျက်နှာ ၂၀ ပါ လေးထောင့်ကွက်]
“တိုက်ဆိုင်မှုများ ပေါင်းစပ်ခြင်း”
“အပျော့စားအားသည် မဖြစ်စလောက် ပို၍ပြင်းမည်ဆိုပါက ဟီလီယမ် ဖြစ်ပေါ်လာမည်မဟုတ်။ ၎င်းသည် မဖြစ်စလောက် ပို၍ပျော့မည်ဆိုပါက ဟိုက်ဒရိုဂျင်အားလုံးနီးပါး ဟီလီယမ်အဖြစ် ပြောင်းလဲကုန်မည်ဖြစ်သည်။”
“ဟီလီယမ် အနည်းငယ်လည်းရှိပြီး ပေါက်ကွဲသော ဆူပါနိုဗာများလည်းရှိသည့် စကြဝဠာတစ်ခုဖြစ်ပေါ်နိုင်သော အခွင့်အလမ်းသည် အလွန်တရာ နည်းပါးလှသည်။ ကျွန်ုပ်တို့၏ ရှင်သန်ရပ်တည်မှုသည် ဤတိုက်ဆိုင်မှုများ ပေါင်းစပ်ခြင်းအပေါ်၌သာမက [နက္ခတ္တဗေဒပညာရှင် ဖရက်] ဟဝိုင်း ဟောကိန်းထုတ်ခဲ့သည့် နျူကလီးယားစွမ်းအင်အဆင့်များ၏ ပို၍ပင် ထူးခြားထင်ရှားသော တိုက်ဆိုင်မှုများပေါ်၌ပါ တည်မှီနေသည်။ လွန်လေပြီးသော မျိုးဆက်အားလုံးနှင့်မတူဘဲ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ မည်သို့မည်ပုံ ဖြစ်ပေါ်လာသည်ကို သိရှိကြသည်။ သို့ရာတွင်၊ လွန်လေပြီးသော မျိုးဆက်အားလုံးနည်းတူ အဘယ်ကြောင့် ဖြစ်ပေါ်လာရသည်ကို ကျွန်ုပ်တို့ မသိရှိသေးချေ။”—နယူး ဆိုင်းယင်းတစ်။
[စာမျက်နှာ ၂၂ ပါ လေးထောင့်ကွက်]
“ကမ္ဘာ၏ အသင့်ဆုံးသော အရွယ်ပမာဏ၊ ဒြပ်စင်ပေါင်းစပ်ဖွဲ့စည်းမှုနှင့် သက်တမ်းရှည်ကြာသောကြယ်ဖြစ်သည့်နေမှ တိကျသောအကွာအဝေးတွင် စက်ဝိုင်းပုံနီးပါးကျသော ပတ်လမ်းတို့ကြောင့် ဖြစ်ပေါ်သည့်အထူးအခြေအနေက ကမ္ဘာ့မြေမျက်နှာပြင်ပေါ်တွင် ရေစုစည်းမှုကိုဖြစ်စေသည်။” (သတ္တဗေဒဆိုင်ရာ ဆက်စပ်နိယာမများ၊ သတ္တမအကြိမ် ထုတ်ဝေခြင်း) ရေမရှိလျှင် ကမ္ဘာပေါ်တွင် သက်ရှိများ ပေါ်ပေါက်လာမည်မဟုတ်ပေ။
[စာမျက်နှာ ၂၄ ပါ လေးထောင့်ကွက်]
မြင်ရသောအရာကိုသာ သင်ယုံကြည်သလော
ဆင်ခြင်တုံတရားရှိသူအများသည် သူတို့မမြင်နိုင်သောအရာများ တည်ရှိကြောင်းကို လက်ခံကြသည်။ နက္ခတ္တဗေဒပညာရှင်များက ဝေးလံသောကြယ်များကို လှည့်ပတ်နေသည့် တစ်ဒါဇင်မျှရှိသော ဂြိုဟ်များဟု ကောက်ချက်ဆွဲနိုင်သော အရာဝတ္ထုများကို သတိပြုမိခဲ့ကြကြောင်း ဒစ္စကာဗာ မဂ္ဂဇင်းက ၁၉၉၇ ခုနှစ်၊ ဇန်နဝါရီလထုတ်တွင် ရေးသားဖော်ပြခဲ့သည်။
“ယခုအထိတော့ ဂြိုဟ်သစ်များရှိကြောင်းကို ၎င်းတို့၏ဒြပ်ဆွဲအားက မိခင်ကြယ်များ၏ရွေ့ရှားမှုကို သွေဖည်စေသည့်အချက်အားဖြင့်သာ သိရှိရသေးသည်။” မှန်ပါသည်၊ နက္ခတ္တဗေဒပညာရှင်များအဖို့ ဒြပ်ဆွဲအား၏ မြင်နိုင်သောအကျိုးသက်ရောက်မှုသည် မမြင်နိုင်သော ကောင်းကင်တန်ဆာများ တည်ရှိခြင်းကို ယုံကြည်လက်ခံဖွယ် အခြေခံ အကြောင်းရင်းပင်ဖြစ်သည်။
တိုက်ရိုက်ရှုမြင်ချက်မဟုတ်ဘဲ ဆက်နွှယ်သောအထောက်အထားများသည် သိပ္ပံပညာရှင်များအဖို့ မမြင်ရသေးသောအရာများကိုလက်ခံရန် လုံလောက်ပြည့်စုံသောအခြေခံဖြစ်သည်။ ဖန်ဆင်းရှင်ကိုယုံကြည်သူအများကလည်း သူတို့မမြင်နိုင်သောအရာများကို လက်ခံရန်အတွက် အလားတူအခြေခံအကြောင်းရင်းရှိသည်ဟု သဘောရကြသည်။
[စာမျက်နှာ ၂၅ ပါ လေးထောင့်ကွက်]
“ဖန်ဆင်းခြင်းအကြောင်းကို ရှောင်ရှားလိုလျှင် စကြဝဠာအတွင်း ရှိရှိသမျှ ရုပ်ဝတ္ထုတို့သည် ကာလအကန့်အသတ်မရှိ ကြာညောင်းစွာတည်ရှိသည်ဟု ယုံကြည်လက်ခံရမည်ဖြစ်သည်။ ဤသို့ဖြစ်နိုင်မည်မဟုတ်ပေ။ . . . ဟိုက်ဒရိုဂျင်သည် ဟီလီယမ်နှင့် အခြားသောဒြပ်စင်များအဖြစ်သို့ မှန်မှန်ပြောင်းလဲလျက်ရှိသည်။ . . . သို့ဖြစ်လျှင် စကြဝဠာသည် အဘယ်ကြောင့် လုံးဝဆိုရမလောက် ဟိုက်ဒရိုဂျင် ပါရှိနေရသနည်း။ ဒြပ်ဝတ္ထုများသည် ကာလအကန့်အသတ်မရှိ တည်ရှိခဲ့သော် ဤသို့ဖြစ်ရန်အလားအလာ လုံးဝမရှိနိုင်ချေ။ ထို့ကြောင့် စကြဝဠာကို ယခုလက်ရှိအတိုင်း မြင်တွေ့နေရသဖြင့် ဖန်ဆင်းခြင်းအကြောင်းကို လွယ်လွယ်နှင့် ရှောင်တိမ်း၍မရနိုင်ပါ” ဟူ၍ စကြဝဠာ၏ သဘာဝတရား စာအုပ်တွင် ဆာ ဖရက် ဟဝိုင်းက ရှင်းလင်းဖော်ပြထားသည်။
[စာမျက်နှာ ၁၂၊ ၁၃ ပါ ရုပ်ပုံများ]
ခရုပတ်ဂလက်ဆီ အင်ဂျီစီ ၅၂၃၆ ဖြင့် ဤတွင်သရုပ်ဖော်ထားသည့်အတိုင်း ကျွန်ုပ်တို့၏နေ (လေးထောင့်ကွက်) သည် နဂါးငွေ့တန်းဂလက်ဆီတွင် အလွန်သေးငယ်လှသည်
နဂါးငွေ့တန်းတွင် ကြယ်တာရာပေါင်း ဘီလီယံ ၁၀၀ ကျော်ရှိသည်။ ဤနဂါးငွေ့တန်းသည် သိရှိပြီးဖြစ်သည့် စကြဝဠာအတွင်းရှိ ဂလက်ဆီ ဘီလီယံ ၅၀ ကျော်ထဲမှ တစ်ခုမျှသာဖြစ်
[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]
ဝေးလံသောဂလက်ဆီများမှ ထွက်လာသည့်အလင်းတွင် အနီရောင်အရွေ့ (red shift) ကို တွေ့ရှိခြင်းက ကျွန်ုပ်တို့၏စကြဝဠာသည် ပြန့်ကားလျက်ရှိကြောင်း ထင်ရှားသဖြင့် အစရှိကြောင်း နက္ခတ္တဗေဒပညာရှင် အက်ဒဝင် ဟာဘဲယ် (၁၈၈၉-၁၉၅၃) က သဘောပေါက်ခဲ့
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
နေကိုထိန်းချုပ်သည့်အားများ အနုစိတ်ညှိထားခြင်းကြောင့် ကမ္ဘာပေါ် ကျွန်ုပ်တို့အသက်ရှင်ရန် အခြေအနေ အလောတော်ဖြစ်စေသည်