ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၅ ဒီဇင်ဘာ စာ. ၂၀-၂၅
  • ယေဟောဝါကို ဂုဏ်တင်ရာရောက်တဲ့ မင်္ဂလာပွဲဖြစ်အောင် စီစဉ်နိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါကို ဂုဏ်တင်ရာရောက်တဲ့ မင်္ဂလာပွဲဖြစ်အောင် စီစဉ်နိုင်ပုံ
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါ ဘာကြောင့် ဂုဏ်တင်ခံထိုက်
  • ယေဟောဝါကို ဂုဏ်တင်နိုင်ပုံ
  • အခက်အခဲတွေကို ကျော်လွှားနိုင်ပုံ
  • သင်၏ မင်္ဂလာဆောင်သောနေ့ကို ရွှင်လန်းဖွယ်ဖြစ်စေပြီး ဂုဏ်သိက္ခာတိုးပွားစေပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ယေဟောဝါအား ဂုဏ်တင်သည့် ရွှင်လန်းဖွယ်မင်္ဂလာပွဲများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ယေဟောဝါကို ဂုဏ်တင်သည့် မင်္ဂလာပွဲများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • မေးခွန်းသေတ္တာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
က၂၅ ဒီဇင်ဘာ စာ. ၂၀-၂၅

လေ့လာရန် ဆောင်းပါး ၅၁

သီချင်း ၁၃၂ တို့တစ်သားတစ်ကိုယ်တည်း ဖြစ်ပြီ

ယေဟောဝါကို ဂုဏ်တင်ရာရောက်တဲ့ မင်္ဂလာပွဲဖြစ်အောင် စီစဉ်နိုင်ပုံ

“အရာရာကို နည်းလမ်းတကျ၊ စည်းစနစ်တကျ လုပ်ဆောင်ကြပါ။”—၁ ကော. ၁၄:၄၀။

အာရုံစိုက်ရာ

ယေဟောဝါကို ဂုဏ်တင်ရာရောက်တဲ့ မင်္ဂလာပွဲဖြစ်ဖို့ ခရစ်ယာန်စုံတွဲ ဘယ်လို စီစဉ်နိုင်တယ်ဆိုတာ ဆွေးနွေးသွားပါမယ်။

၁-၂။ သင့် မင်္ဂလာပွဲကို ယေဟောဝါ ဘယ်လိုဖြစ်စေချင်သလဲ။

မင်္ဂလာဆောင်ဖို့ သင် ပြင်ဆင်နေပြီလား။ ဒါဆိုရင် တော်တော်စိတ်လှုပ်ရှားနေမှာပဲ။ အလုပ်လည်း များနေမှာ။ ယေဟောဝါက သင့်မင်္ဂလာပွဲaကို ပျော်ပျော်ရွှင်ရွှင် ဖြစ်စေချင်တယ်၊ လှပတဲ့အနာဂတ်တစ်ခုကို နှစ်ယောက်အတူ ဖန်တီးစေချင်တယ်။—ပညာ. ၅:၁၈။ သီ. ၃:၁၁။

၂ ယေဟောဝါကို ဂုဏ်တင်ရာရောက်တဲ့ မင်္ဂလာပွဲဖြစ်ဖို့ အရေးကြီးတယ်။ ဘာကြောင့်လဲ။ အဲဒီလို မင်္ဂလာပွဲဖြစ်အောင် ဘယ်လိုစီစဉ်နိုင်မလဲ။ ဒီဆောင်းပါးဟာ မင်္ဂလာဆောင်ဖို့ ပြင်ဆင်နေကြတဲ့ စုံတွဲတွေအတွက် ရည်ရွယ်ထားပေမဲ့ မင်္ဂလာပွဲတက်ရောက်မယ့်သူတွေ၊ မင်္ဂလာမောင်နှံကို အကြံပေးမယ့်သူတွေအတွက်ပါ အသုံးတည့်မယ့် ကျမ်းစာမူတွေကို ဆွေးနွေးထားပါတယ်။

ယေဟောဝါ ဘာကြောင့် ဂုဏ်တင်ခံထိုက်

၃။ မင်္ဂလာပွဲအတွက် ပြင်ဆင်နေကြတဲ့ ခရစ်ယာန်စုံတွဲတွေ ဘာကို အလေးထားသင့်သလဲ။ ဘာကြောင့်လဲ။

၃ မင်္ဂလာပွဲအတွက် ပြင်ဆင်နေကြတဲ့ ခရစ်ယာန်စုံတွဲတွေဟာ ကျမ်းစာမှာပါတဲ့ ယေဟောဝါရဲ့စကားတွေကို လိုက်နာသင့်တယ်။ ဘာကြောင့်လဲ။ ယေဟောဝါဟာ အိမ်ထောင်ကို အစပြုတဲ့အရှင် ဖြစ်လို့ပါ။ ပထမဆုံး မင်္ဂလာမောင်နှံဖြစ်တဲ့ အာဒံနဲ့ဧဝကို ပေါင်းစည်းပေးခဲ့တာ ယေဟောဝါဖြစ်တယ်။ (က. ၁:၂၈။ ၂:၂၄) ဒါကြောင့် ခရစ်ယာန်စုံတွဲတွေဟာ မင်္ဂလာပွဲပြင်ဆင်ရာမှာ ယေဟောဝါရဲ့အမြင်ကို အလေးထားသင့်တယ်။

၄။ ယေဟောဝါကို ဂုဏ်တင်ရာကျတဲ့ မင်္ဂလာပွဲဖြစ်အောင် စီစဉ်သင့်တဲ့ အကြောင်းရင်းတစ်ခုက ဘာလဲ။

၄ မင်္ဂလာပွဲအတွက် ပြင်ဆင်ရာမှာ ယေဟောဝါရဲ့အမြင်ကို ထည့်စဉ်းစားသင့်တဲ့ နောက်ထပ်အကြောင်းရင်း ရှိသေးတယ်။ ယေဟောဝါဟာ သင့်ရဲ့ ကောင်းကင်ဘုံစံအဖ၊ အရင်းနှီးဆုံးမိတ်ဆွေ ဖြစ်နေလို့ပါ။ (ဟီ. ၁၂:၉) အဲဒီဆက်ဆံရေးကို ဆက်ထိန်းထားချင်မှာပဲ။ သင့် မင်္ဂလာပွဲမှာဖြစ်ဖြစ်၊ တခြားဘယ်အချိန်မှာဖြစ်ဖြစ် ယေဟောဝါ စိတ်ထိခိုက်အောင် သင် လုပ်ချင်မှာ မဟုတ်ဘူး။ (ဆာ. ၂၅:၁၄) ယေဟောဝါ လုပ်ပေးခဲ့တာတွေ၊ လုပ်ပေးဦးမယ့်အရာတွေအကြောင်း စဉ်းစားလိုက်တဲ့အခါ သင့် မင်္ဂလာပွဲမှာ ယေဟောဝါကို ဂုဏ်တင်သင့်တယ်လို့ ခံစားမိတယ်မဟုတ်လား။—ဆာ. ၁၁၆:၁၂။

ယေဟောဝါကို ဂုဏ်တင်နိုင်ပုံ

၅။ ကျမ်းစာက မင်္ဂလာပွဲ စီစဉ်နေတဲ့ စုံတွဲတွေကို ဘယ်လို ကူညီပေးနိုင်သလဲ။

၅ မင်္ဂလာပွဲ ဒါမှမဟုတ် ဧည့်ခံပွဲတစ်ခုကို ဘယ်လိုစီစဉ်ရမယ်ဆိုတာ ကျမ်းစာမှာ သတ်သတ်မှတ်မှတ် စည်းမျဉ်းတွေ မချမှတ်ထားပါဘူး။ ဒါကြောင့် အခြေအနေ၊ ဒေသထုံးစံနဲ့ အကြိုက်ပေါ်မူတည်ပြီး စီစဉ်နိုင်တယ်။ ဒါပေမဲ့ ခရစ်ယာန်စုံတွဲတွေဟာ အစိုးရက ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို လိုက်နာကြတယ်။ (မ. ၂၂:၂၁) ကျမ်းစာမူတွေကို အခြေခံပြီး စီစဉ်တဲ့ မင်္ဂလာပွဲတွေဟာ ယေဟောဝါကို ဂုဏ်တင်ရာကျပြီး စိတ်တော်ရွှင်လန်းစေတယ်။ ဒါဆိုရင် ဘယ်ကျမ်းစာမူတွေကို ထည့်စဉ်းစားသင့်သလဲ။

၆။ လက်ထပ်ခြင်းနဲ့ဆိုင်တဲ့ ဥပဒေတွေကို လိုက်နာဖို့ ဘာကြောင့် အရေးကြီးသလဲ။

၆ အစိုးရဥပဒေတွေကို လိုက်နာပါ။ (ရော. ၁၃:၁၊ ၂) နိုင်ငံတော်တော်များများမှာ လက်ထပ်ခြင်းနဲ့ဆိုင်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းထားလေ့ရှိတယ်။ ဒါကြောင့် မိမိတို့နေထိုင်တဲ့ဒေသမှာ လက်ထပ်ခြင်းနဲ့ဆိုင်တဲ့ ဘယ်လို ဥပဒေတွေရှိတယ်ဆိုတာ သိအောင် လုပ်သင့်တယ်။ သိအောင်လုပ်ဖို့ ခက်နေရင် အကြီးအကဲတွေကို မေးမြန်းနိုင်တယ်။b

၇။ ခရစ်ယာန်မင်္ဂလာပွဲတွေက ဘယ်လိုဖြစ်သင့်သလဲ။

၇ ဂုဏ်သိက္ခာရှိတဲ့ မင်္ဂလာပွဲမျိုး ဖြစ်စေပါ။ (၁ ကော. ၁၀:၃၁၊ ၃၂) ဘုရားရေးရာ အရည်အသွေးတွေ ထင်ဟပ်နေတဲ့၊ လောကမဆန်ဘဲ ဂုဏ်သိက္ခာရှိတဲ့ မင်္ဂလာပွဲမျိုး ဖြစ်စေပါ။ (ဂလ. ၅:၁၉-၂၆) သတို့သားဟာ အိမ်ထောင်ကို ဦးစီးရမယ့်သူ ဖြစ်တယ်။ ဒါကြောင့် ပျော်စရာကောင်းပြီး ဘုရားကို ဂုဏ်တင်ရာကျတဲ့ မင်္ဂလာပွဲမျိုးဖြစ်အောင် တာဝန်ယူစီစဉ်ရမယ်။ ဘယ်လို စီစဉ်နိုင်သလဲ။ ကျမ်းစာအခြေပြု ဟောပြောချက်တစ်ခု ပါဝင်နိုင်တယ်။ ဟောပြောချက်ပေးတဲ့သူက လေးစားမှုရှိရှိ၊ မေတ္တာပါပါ ပြောမယ်ဆိုရင် အိမ်ထောင်ဟာ ဘုရားဆီက အဖိုးတန်လက်ဆောင်ဖြစ်မှန်း၊ မင်္ဂလာပွဲဟာ အလေးအနက်ထားရမယ့် အခမ်းအနားဖြစ်မှန်း တက်ရောက်သူတွေ နားလည်ကြမယ်။ ဒါကြောင့် မင်္ဂလာဟောပြောချက်ကို အစည်းအဝေးခန်းမမှာ ပေးဖို့ ခရစ်ယာန်စုံတွဲတွေ စီစဉ်ကြတယ်။ မင်္ဂလာဟောပြောချက်ကို အစည်းအဝေးခန်းမမှာ လုပ်မယ်ဆိုရင် ခန်းမအသုံးပြုဖို့ ကြိုတင်ပြီး အကြီးအကဲအဖွဲ့ဆီ စာရေး တောင်းဆိုသင့်တယ်။

၈။ ယေဟောဝါကို ဂုဏ်တင်ရာကျတဲ့ မင်္ဂလာဧည့်ခံပွဲဖြစ်အောင် ဘယ်လိုစီစဉ်နိုင်သလဲ။ (ရောမ ၁၃:၁၃)

၈ ရောမ ၁၃:၁၃ ကို ဖတ်ပါ။ မင်္ဂလာဧည့်ခံပွဲလုပ်ဖို့ စီစဉ်ထားတယ်ဆိုရင် ယေဟောဝါကို ဂုဏ်တင်ရာကျပြီး လောကဆန်တာမျိုးမဖြစ်အောင် ဘယ်လိုလုပ်နိုင်သလဲ။ “အထိန်းအကွပ်မဲ့ ပွဲ” ဆိုတာ မူရင်း ဂရိလိုမှာဆိုရင် သောက်စားမူးယစ်တာ၊ သီချင်းတွေဖွင့်ပြီး ညနက်တဲ့အထိ ပွဲလုပ်တာကို ဆိုလိုတယ်။ အရက်ယမကာ တည်ခင်းမယ်ဆိုရင် အလွန်အကျွံမဖြစ်အောင် ကြိုတင် စီစဉ်ထားနိုင်တယ်။c သီချင်းသံ အကျယ်ကြီးဖွင့်တာမျိုးကို ရှောင်ပါ။ ဒါမှ ဧည့်ခံပွဲတက်ရောက်လာသူတွေ အပြန်အလှန် စကားပြော ပေါင်းသင်းနိုင်မယ်။ ဖွင့်မယ့် သီချင်းအမျိုးအစား၊ သီချင်းစာသားတွေကိုလည်း သေချာစိစစ်ပါ။ ဒါမှ တခြားသူတွေကို စိတ်အနှောင့်အယှက် မဖြစ်စေမှာ။

၉။ မင်္ဂလာဧည့်ခံပွဲစီစဉ်ရာမှာ ဘာသတိထားသင့်သလဲ။

၉ တချို့မင်္ဂလာဧည့်ခံပွဲမှာ မင်္ဂလာမောင်နှံရဲ့ နှစ်ဖက်မိသားစုဝင်တွေ၊ မိတ်ဆွေတွေ အမှတ်တရစကား ပြောတာမျိုး၊ မင်္ဂလာမောင်နှံရဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေ ပြတာမျိုး ဒါမှမဟုတ် တခြားဖျော်ဖြေရေးအစီအစဉ်တွေ ရှိတတ်တယ်။ ဒါက ဧည့်ခံပွဲကို အမှတ်တရဖြစ်စေတယ်ဆိုတာ မှန်ပေမဲ့ တည်ဆောက်မှု ဖြစ်စေဖို့လည်း အရေးကြီးတယ်။ (ဖိ. ၄:၈) ဒါကြောင့် ‘တခြားသူတွေကို လေးစားရာကျသလား။ အိမ်ထောင်မင်္ဂလာကို လေးစားရာကျသလား။ အထူးသဖြင့် ယေဟောဝါကို ဂုဏ်တင်ရာကျသလား’ ဆိုပြီး စဉ်းစားပါ။ ရယ်စရာပြောတာ မမှားပေမဲ့ မသင့်တော်တဲ့ အပြောအဆိုတွေကို ရှောင်သင့်တယ်။ ဥပမာ၊ လိင်ကိစ္စဘက် အတွေးရောက်စေတဲ့ အပြောအဆိုမျိုးတွေဖြစ်တယ်။ (ဧ. ၅:၃) နှစ်ဖက်မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေ အမှတ်တရစကားပြောတဲ့အခါ ကိုယ်မနှစ်သက်တဲ့ အကြောင်းအရာတွေပါလာတာမျိုး မဖြစ်အောင် ကြိုတင်စီစဉ်ထားပါ။

၁၀။ မင်္ဂလာပွဲကို ဘာကြောင့် ရိုးရိုးရှင်းရှင်း ဖြစ်စေသင့်သလဲ။ (၁ ယောဟန် ၂:၁၅-၁၇)

၁၀ ဝါကြွားတာမျိုး မဖြစ်ပါစေနဲ့။ (၁ ယောဟန် ၂:၁၅-၁၇ ကို ဖတ်ပါ။) ယေဟောဝါကို ချစ်တဲ့သူတွေဟာ ကိုယ့်ကို တခြားသူတွေ အာရုံစိုက်ဖို့ထက် ဘုရားကို ဂုဏ်တင်ဖို့ အာရုံစိုက်ကြတယ်။ ခရစ်ယာန်စုံတွဲတွေဟာ ငွေအလွန်အကျွံသုံးပြီး “ဝါကြွား” တာမျိုးကို ရှောင်ကြတယ်။ မင်္ဂလာပွဲကို ရိုးရိုးရှင်းရှင်းဖြစ်စေတာ ဘာကြောင့် ကောင်းသလဲ။ နော်ဝေနိုင်ငံက ညီအစ်ကိုမိုက်အကြောင်း စဉ်းစားကြည့်ပါ။ “ကျွန်တော်တို့ အကြွေးမတင်တဲ့အပြင် ရှေ့ဆောင်လည်း ဆက်လုပ်နိုင်ကြတယ်။ ကျွန်တော်တို့မင်္ဂလာပွဲက ရိုးရိုးလေးဆိုပေမဲ့ ပျော်စရာ အမှတ်တရဖြစ်ခဲ့တယ်” လို့ ပြောတယ်။ အိန္ဒိယနိုင်ငံက ညီအစ်မ တဗိသ အခုလိုပြောတယ်– “ကျွန်မတို့ မင်္ဂလာပွဲကို ရိုးရိုးရှင်းရှင်းလေးပဲလုပ်လို့ စီစဉ်စရာသိပ်မများတော့သလို ညှိနှိုင်းရလည်း လွယ်သွားတယ်။”

ရုပ်ပုံများ– ပျော်ရွှင်နေကြတဲ့ ညီအစ်ကို/မတွေကို တွေ့ရတဲ့ ကမ္ဘာတစ်ဝန်းက ခရစ်ယာန်မင်္ဂလာပွဲများ။ ၁။ အစည်းအဝေးခန်းမမှာ မင်္ဂလာဟောပြောချက် ပေးနေတဲ့ ညီအစ်ကိုရှေ့ သတို့သား၊ သတို့သမီး ထိုင်နေ။ ၂။ ဥယျာဉ်တစ်ခုမှာ ဧည့်ခံပွဲကျင်းပနေစဉ် မောင်နှံတစ်စုံက သတို့သားနဲ့ သတို့သမီးကို ဝမ်းသာကြောင်း ပြောနေ။ ၃။ သတို့သားနဲ့ သတို့သမီး ဧည့်သည်မိတ်ဆွေတွေနဲ့အတူ စကားတပြောပြောနဲ့ ဘူးဖေးပုံစံတည်ခင်းထားတဲ့ အစားအစာ ယူနေကြ။ ၄။ ဥယျာဉ်ထဲကျင်းပတဲ့ မင်္ဂလာပွဲမှာ သတို့သားနဲ့ သတို့သမီးက မင်္ဂလာဟောပြောချက်ပေးနေတဲ့ ညီအစ်ကိုရှေ့ မတ်တပ်ရပ်နေကြ။

ဘယ်ဒေသမှာပဲနေနေ ခရစ်ယာန်မင်္ဂလာပွဲတွေဟာ ရိုးရှင်းပြီး ဂုဏ်သိက္ခာရှိတဲ့ မမေ့နိုင်စရာ နေ့တစ်နေ့ ဖြစ်နိုင် (စာပိုဒ် ၁၀-၁၁ ကို ကြည့်ပါ)


၁၁။ မင်္ဂလာမောင်နှံဟာ ဘယ်လို ဝတ်စားဆင်ယင်သင့်သလဲ။ (ရုပ်ပုံတွေကိုလည်း ကြည့်ပါ။)

၁၁ ဘာဝတ်မလဲဆိုတာကော ဆုံးဖြတ်ပြီးပြီလား။ မင်္ဂလာပွဲမှာ အလှဆုံး ဝတ်ချင်ကြမှာပါ။ ကျမ်းစာခေတ်မှာလည်း မင်္ဂလာမောင်နှံဟာ ဘာဝတ်မယ်ဆိုတာကို အလေးထားကြတယ်။ (ဟေရှာ. ၆၁:၁၀) မင်္ဂလာပွဲမှာဝတ်မယ့် အဝတ်အစားဟာ တခြားအချိန်အခါတွေမှာဝတ်မယ့် အဝတ်အစားနဲ့ တူမှာ မဟုတ်ပေမဲ့ ဣန္ဒြေရှိရှိ၊ ချင့်ချိန်မှုရှိရှိ ဖြစ်သင့်တယ်။ (၁ တိ. ၂:၉) မင်္ဂလာဝတ်စုံအပါအဝင် တခြား ဘယ်အပြင်အဆင်ကမှ သင့်မင်္ဂလာပွဲရဲ့ အဓိကအာရုံစိုက်ရာ မဖြစ်သင့်ဘူး။—၁ ပေ. ၃:၃၊ ၄။

၁၂။ ကျမ်းစာမူနဲ့ မညီတဲ့ ဓလေ့ထုံးစံတွေကို မင်္ဂလာမောင်နှံတွေ ဘာကြောင့် ရှောင်သင့်သလဲ။

၁၂ ကျမ်းစာမူနဲ့ မညီတဲ့ ဓလေ့ထုံးစံတွေကို ရှောင်ပါ။ (ဗျာ. ၁၈:၄) ကျွန်တော်တို့ဟာ စာတန့်လောကမှာ အသက်ရှင်နေကြတယ်။ ဒါကြောင့် မင်္ဂလာပွဲဓလေ့ထုံးစံတွေဟာ မှားယွင်းတဲ့ ဘာသာရေး၊ နတ်ဆိုးပညာ၊ အယူသီးမှုတွေနဲ့ ဆက်စပ်နေလေ့ရှိတယ်။ ဒီလို မသန့်ရှင်းတဲ့အရာတွေကနေ ဝေးဝေးနေဖို့ ယေဟောဝါ မိန့်မှာထားတယ်။ (၂ ကော. ၆:၁၄-၁၇) သင့်မင်္ဂလာပွဲမှာလုပ်မယ့် ဓလေ့ထုံးစံ၊ အစဉ်အလာတွေဟာ ကျမ်းစာမူတွေနဲ့ ညီမညီ မသေချာဘူးဆိုရင် အဲဒါတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေရှာပါ။ သက်ဆိုင်တဲ့ ကျမ်းစာမူတွေကို လေ့လာပါ။ ဒါက ဆုံးဖြတ်ချက်ကောင်းချဖို့ ကူညီပေးပါလိမ့်မယ်။

၁၃။ မင်္ဂလာလက်ဖွဲ့ကို ခရစ်ယာန်စုံတွဲတွေ ဘယ်လိုရှုမြင်သင့်သလဲ။

၁၃ မင်္ဂလာမောင်နှံကို လက်ဖွဲ့ပေးတဲ့ အလေ့အထ သင်တို့ဒေသမှာ ရှိသလား။ ငွေကြေးချမ်းသာတဲ့သူတွေက တန်ဖိုးကြီးတဲ့လက်ဖွဲ့တွေ ပေးနိုင်ပေမဲ့ ငွေသိပ်မရှိတဲ့သူတွေက အဲဒီလောက် ပေးနိုင်ချင်မှ ပေးနိုင်မယ်။ ပေးကမ်းခြင်းက ပျော်ရွှင်စေတဲ့အတွက် ခရစ်ယာန်တွေဟာ ပေးကမ်းရတာ နှစ်သက်ကြတယ်။ (ပညာ. ၁၁:၂၅။ တ. ၂၀:၃၅) ဒါပေမဲ့ မဖြစ်မနေ လက်ဖွဲ့ပေးရမယ်၊ တန်ဖိုးကြီးလက်ဖွဲ့ဖြစ်ရမယ်လို့ မင်္ဂလာပွဲ အဖိတ်ခံရသူတွေ ခံစားရအောင် မလုပ်သင့်ဘူး။ သူတို့ စေတနာနဲ့ ပေးလာတာကို ယေဟောဝါလိုပဲ ကျွန်တော်တို့ တန်ဖိုးထားကြတယ်။—၂ ကော. ၉:၇။

အခက်အခဲတွေကို ကျော်လွှားနိုင်ပုံ

၁၄။ စုံတွဲတချို့ ဘာအခက်အခဲတွေ ကြုံရသလဲ။

၁၄ ယေဟောဝါကို ဂုဏ်တင်ရာရောက်တဲ့ မင်္ဂလာပွဲဖြစ်အောင် စီစဉ်ရာမှာ အခက်အခဲတွေ ရှိနိုင်တယ်။ ဥပမာ၊ မင်္ဂလာပွဲကို ရိုးရိုးရှင်းရှင်းလုပ်ဖို့ အခက်တွေ့နိုင်တယ်။ “ကျွန်တော်တို့မှာ မိတ်ဆွေတွေများတော့ ဘယ်သူတွေကို ဧည့်ခံပွဲဖိတ်မလဲဆိုတာ စဉ်းစားရခက်တယ်။ အားလုံးကိုလည်း ဖိတ်ချင်တယ်” လို့ ဆော်လမွန်ကျွန်းက ချာလီ ပြောတယ်။ အစောပိုင်းမှာဖော်ပြခဲ့တဲ့ ညီအစ်မတဗိသလည်း အခုလိုပြောတယ်– “ကျွန်မတို့နေတဲ့ဒေသမှာ မင်္ဂလာပွဲဆိုရင် လူအများကြီးကို ဖိတ်ခေါ်လေ့ရှိတယ်။ လူတစ်ရာလောက်ပဲဖိတ်မယ်ဆိုတဲ့ ကျွန်မတို့ရဲ့စိတ်ကူးကို မိဘတွေလက်ခံလာအောင်ပြောဖို့ အချိန်တော်တော်ယူလိုက်ရတယ်။” အိန္ဒိယနိုင်ငံက စာရာအကြောင်းလည်း စဉ်းစားကြည့်ပါ။ “လူတချို့က ငွေဘယ်လောက်သုံးနိုင်သလဲဆိုတာကိုပဲ အာရုံစိုက်ကြတယ်။ ကျွန်မရဲ့ ဝမ်းကွဲတွေဆိုရင် ပိုက်ဆံအများကြီး အကုန်အကျခံပြီး မင်္ဂလာပွဲတွေ လုပ်ကြတာ။ ဒါကြောင့် ကျွန်မလည်း ခမ်းခမ်းနားနား မင်္ဂလာဆောင်မှဖြစ်မယ်လို့ ခံစားရတယ်” ဆိုပြီး ပြောတယ်။ ဒီလိုမျိုး အခက်အခဲတွေအပြင် တခြားအခက်အခဲတွေကို ဘယ်လို ကျော်လွှားနိုင်သလဲ။

၁၅။ မင်္ဂလာပွဲစီစဉ်တဲ့အခါ ဆုတောင်းဖို့ ဘာကြောင့် အရေးကြီးသလဲ။

၁၅ မင်္ဂလာပွဲအစီအစဉ်တွေ အောင်မြင်ဖို့ ဆုတောင်းပါ။ မင်္ဂလာပွဲစီစဉ်ရာမှာ သင်ကြုံရတဲ့အခက်အခဲ၊ သင့်ရဲ့ ခံစားချက်တွေကို ယေဟောဝါဆီ ပြောပြပါ။ (ဖိ. ၄:၆၊ ၇) ဆုံးဖြတ်ချက်ကောင်းချနိုင်ဖို့၊ အခက်အခဲတွေကို သတ္တိရှိရှိ၊ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ယေဟောဝါဆီ အကူအညီတောင်းနိုင်တယ်။ (၁ ပေ. ၅:၇) သင့်ဆုတောင်းချက်တွေကို ယေဟောဝါ အဖြေပေးတဲ့အခါ ယုံကြည်ခြင်း ပိုခိုင်ခံ့လာမယ်။ တဗိသ အခုလို ပြောတယ်- “ခင်ပွန်းလောင်းနဲ့ သဘောထားကွဲလွဲမှာ စိုးရိမ်ရ၊ မိသားစုနဲ့ ညှိနှိုင်းလို့မရမှာ ကြောက်ရနဲ့ပေါ့။ ဒါနဲ့ မင်္ဂလာပွဲအကြောင်း ဆွေးနွေးတိုင်း အရင်ဆုံး ဆုတောင်းဖြစ်တယ်။ ဆုတောင်းလိုက်တော့ ဘုရားကူညီမစပေးတာ တကယ်ခံစားရတယ်။ အဆင်ပြေပြေ ဆွေးနွေးနိုင်သွားတယ်။”

၁၆-၁၇။ မင်္ဂလာပွဲစီစဉ်ရာမှာ လေးလေးစားစား ပြောဆိုတာ ဘာကြောင့် ကောင်းသလဲ။

၁၆ လေးလေးစားစား ပြောဆိုပါ။ (ပညာ. ၁၅:၂၂) မင်္ဂလာပွဲနဲ့ပတ်သက်ပြီး ဆုံးဖြတ်စရာတွေ တော်တော်များမှာပဲ။ ရက်သတ်မှတ်တာ၊ ငွေဘယ်လောက်ကုန်မလဲ တွက်ချက်တာ၊ ဘယ်သူတွေကိုဖိတ်မလဲ ဆုံးဖြတ်တာ စတာတွေ ပါဝင်နိုင်တယ်။ ဒါကြောင့် ဆုံးဖြတ်ချက်တွေမချခင် ကျမ်းစာမူတွေအပေါ် အခြေခံပြီး နှစ်ယောက်အတူ သေချာဆွေးနွေးပါ။ ရင့်ကျက်တဲ့ ခရစ်ယာန်တွေဆီကနေလည်း အကြံဉာဏ်ကောင်းတွေ ရယူပါ။ ဆွေးနွေးတဲ့အခါ ကိုယ့်အမြင်ကို လေးလေးစားစား၊ ကြင်ကြင်နာနာ ပြောဆိုပါ။ ပြောင်းသာလဲသာရှိပါ။ ဥပမာ၊ မိဘ ဒါမှမဟုတ် မိသားစုဝင်တွေပေးတဲ့ အကြံဉာဏ်ဟာ အကျိုးသင့်အကြောင်းသင့်ရှိတယ်ဆိုရင် လက်ခံပါ။ ဒါဟာ သူတို့အတွက်လည်း အထူးအခါသမယ ဖြစ်တယ်။ သူတို့တောင်းဆိုတဲ့အတိုင်း မလုပ်နိုင်တဲ့အခါတွေမှာ အကြောင်းရင်းကို မေတ္တာပါပါ ပြောပြပါ။ (ကော. ၄:၆) သင့်မင်္ဂလာပွဲဟာ ပျော်စရာကောင်းပြီး ယေဟောဝါကို ဂုဏ်တင်ရာရောက်ဖို့ အဓိကဖြစ်မှန်း မိသားစုဝင်တွေကို သေသေချာချာ ရှင်းပြပါ။

၁၇ မိဘတွေဟာ မယုံကြည်သူဖြစ်မယ်ဆိုရင် သင့်ဆုံးဖြတ်ချက်ကို ရှင်းပြဖို့ ခက်နိုင်တယ်။ ဒါပေမဲ့ အောင်မြင်နိုင်ပါတယ်။ “ကျွန်တော့် မိဘတွေက မင်္ဂလာပွဲမှာ ဟိန္ဒူဓလေ့တွေ ပါစေချင်တယ်။ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်ကို သူတို့နားလည်အောင်ရှင်းပြဖို့ အချိန်တော်တော်ယူလိုက်ရတယ်။ ဘုရားမနှစ်သက်တဲ့အရာကလွဲလို့ သူတို့ပြောတဲ့အတိုင်း ကျွန်တော်တို့ လုပ်ခဲ့ကြတယ်။ ဥပမာ၊ ဧည့်ခံပွဲမှာကျွေးမယ့် အစားအစာကို သူတို့အကြိုက် စီစဉ်ပေးလိုက်တယ်။ သူတို့မကြိုက်တဲ့ သီချင်းဆိုတာတွေ၊ ကတာတွေ မလုပ်တော့ဘူး” လို့ ဆန်းတို့ရှ် ပြောတယ်။

၁၈။ မင်္ဂလာပွဲ ချောချောမွေ့မွေ့ဖြစ်ဖို့ ဘာက ကူညီပေးနိုင်သလဲ။ (၁ ကောရိန္သု ၁၄:၄၀) (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၈ အသေအချာ စီစဉ်ပါ။ စနစ်တကျဖြစ်အောင် စီစဉ်ထားမယ်ဆိုရင် မင်္ဂလာပွဲမှာ စိတ်ဖိစီးနေမှာ မဟုတ်ဘူး။ (၁ ကောရိန္သု ၁၄:၄၀ ကို ဖတ်ပါ။) “မင်္ဂလာပွဲမှာ ကူညီပေးကြမယ့်သူတွေနဲ့ မင်္ဂလာမဆောင်ခင် ရက်အနည်းငယ်အလိုမှာ တွေ့ဆုံဖို့ စီစဉ်တယ်။ မင်္ဂလာပွဲအစီအစဉ်အကြောင်း ဆွေးနွေးကြပြီး တချို့အပိုင်းတွေကို အစမ်းလေ့ကျင့်ကြတယ်။ ချောချောမွေ့မွေ့ဖြစ်အောင် လုပ်နိုင်ဖို့ပါ” လို့ ထိုင်ဝမ်နိုင်ငံက ဝိန်း ပြောတယ်။ ဖိတ်ထားသူတွေကို လေးစားတဲ့အနေနဲ့ အစီအစဉ်ကို အတတ်နိုင်ဆုံး အချိန်တိကျအောင် လုပ်ပါ။

စေ့စပ်ထားတဲ့ စုံတွဲက သူတို့ကို ကူညီပေးနေတဲ့ မိတ်ဆွေတွေနဲ့အတူ မင်္ဂလာအစီအစဉ်အကြောင်း ဆွေးနွေးနေကြ။ ညီအစ်ကို ကိုင်ထားတဲ့ တက်ဘလက်မှာ မင်္ဂလာဧည့်ခံပွဲ စားပွဲနေရာချပုံ ဖော်ပြထားတဲ့ ပုံကြမ်းကို တွေ့ရ။

မင်္ဂလာပွဲ ချောချောမွေ့မွေ့ဖြစ်ဖို့ စနစ်တကျ ကြိုတင်စီစဉ်ထားနိုင် (စာပိုဒ် ၁၈ ကို ကြည့်ပါ)


၁၉။ မင်္ဂလာပွဲကို အစီအစဉ်တကျဖြစ်စေဖို့ ဘာလုပ်နိုင်သလဲ။

၁၉ ဖြစ်လာနိုင်တာတွေကို ကြိုတွေးထားတာက ပြဿနာတွေကို ရှောင်နိုင်တယ်။ (ပညာ. ၂၂:၃) ဥပမာ၊ ဧည့်ခံပွဲကို ဖိတ်မထားဘဲ ရောက်လာတတ်သူတွေရှိတဲ့ ဓလေ့မျိုး သင်တို့ဒေသမှာရှိတယ်ဆိုရင် အဲဒီလိုမဖြစ်အောင် ဘယ်လိုလုပ်မလဲ ကြိုတင်စဉ်းစားပါ။ သင့်မင်္ဂလာပွဲကို ဘယ်လိုစီစဉ်ထားတယ်ဆိုတာ ယုံကြည်ခြင်းမတူတဲ့ ဆွေမျိုးတွေ သဘောပေါက်အောင် ရှင်းပြနိုင်တယ်။ “ယေဟောဝါသက်သေတွေရဲ့ မင်္ဂလာပွဲက ဘယ်လိုမျိုးပါလိမ့်” ဆိုတဲ့ဆောင်းပါးကို jw.org ကနေလည်း ပြပေးနိုင်တယ်။ မင်္ဂလာပွဲကို တာဝန်ယူကြီးကြပ်ပေးဖို့ ရင့်ကျက်တဲ့ ညီအစ်ကိုတစ်ယောက်ကို “ပွဲအုပ်” အဖြစ် အကူအညီ တောင်းနိုင်တယ်။ (ယော. ၂:၈) မင်္ဂလာပွဲကို ဘယ်လိုဖြစ်စေချင်ကြောင်း သူ့ကို အသေအချာ ရှင်းပြထားပါ။ ကိုယ့်ဆန္ဒနဲ့ထပ်တူကျပြီး ဘုရားကို ဂုဏ်တင်ရာလည်းကျတဲ့ မင်္ဂလာပွဲမျိုးဖြစ်အောင် သူအတတ်နိုင်ဆုံး ကူညီပေးပါလိမ့်မယ်။

၂၀။ မင်္ဂလာပွဲနဲ့ပတ်သက်ပြီး ဘာကို သတိရသင့်သလဲ။

၂၀ မင်္ဂလာပွဲအကြောင်းစဉ်းစားလိုက်တဲ့အခါ လုပ်စရာတွေ များလိုက်တာလို့ ခံစားမိနိုင်တယ်။ ဒါပေမဲ့ မင်္ဂလာပွဲဆိုတာ တစ်ရက်တည်းပါ။ ယေဟောဝါကို အတူဝတ်ပြုကြမယ့် ဘဝခရီးလမ်း စတင်တဲ့နေ့ဖြစ်တယ်။ ဒါကြောင့် ရိုးရှင်းပြီး ဘုရားကို ဂုဏ်တင်ရာကျတဲ့ပွဲမျိုး ဖြစ်စေပါ။ ယေဟောဝါကို အားကိုးပါ။ ဒါဆိုရင် နောင်တရစရာမရှိတဲ့၊ ကြည်နူးစရာတွေနဲ့ပြည့်နေတဲ့ နေ့လေးတစ်နေ့အဖြစ် စီစဉ်နိုင်ကြပါလိမ့်မယ်။—ဆာ. ၃၇:၃၊ ၄။

သင် ဘယ်လို ဖြေမလဲ

  • ခရစ်ယာန်စုံတွဲတွေဟာ သူတို့ရဲ့မင်္ဂလာပွဲမှာ ယေဟောဝါကို ဘာကြောင့် ဂုဏ်တင်သင့်သလဲ။

  • မင်္ဂလာပွဲဟာ ပျော်စရာကောင်းပြီး ဘုရားကို ဂုဏ်တင်ရာကျဖို့ ဘာလုပ်နိုင်သလဲ။

  • မင်္ဂလာပွဲကို ဘယ်လို ရိုးရိုးရှင်းရှင်း ဖြစ်စေနိုင်သလဲ။

သီချင်း ၁၀၇ မေတ္တာစံနမူနာ

a စကားလုံး ရှင်းလင်းချက်။ ဒေသတော်တော်များများမှာ မင်္ဂလာပွဲကျင်းပတဲ့အခါ မင်္ဂလာမောင်နှံဟာ ဘုရားရှေ့မှာ အပြန်အလှန် သစ္စာကတိပြုကြတယ်။ အဲဒီနောက် မင်္ဂလာဧည့်ခံပွဲ ကျင်းပလေ့ရှိတယ်။ မင်္ဂလာအစီအစဉ် ဒါမှမဟုတ် ဧည့်ခံပွဲလုပ်လေ့မရှိတဲ့ ဒေသတွေမှာတောင် မင်္ဂလာဆောင်တဲ့နေ့မှာ ကျမ်းစာမူတွေနဲ့အညီ လုပ်ဆောင်တာက အကျိုးရှိတယ်။

b တရားဥပဒေနဲ့အညီလက်ထပ်တာနဲ့ပတ်သက်ပြီး ထပ်သိချင်ရင် ၂၀၀၆ အောက်တိုဘာ ၁၅ ကင်းမျှော်စင် ထဲက “ဘုရားသခင်နှင့် လူတို့အမြင်တွင် အသရေရှိသောမင်္ဂလာပွဲများ” ဆောင်းပါးကို ကြည့်ပါ။

c jw.org ဝက်ဘ်ဆိုက်ထဲက အရက် တည်ခင်းသင့်သလား ဗီဒီယိုကို ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ