မဿဲ
၁၅ ဖာရိရှဲနဲ့ ကျမ်းတတ်တွေက ဂျေရုဆလင်မြို့ကနေ ယေရှုဆီလာပြီး၊+ ၂ “ရှေးလူကြီးတွေရဲ့ ထုံးတမ်းစဉ်လာကို ခင်ဗျားရဲ့တပည့်တွေ ဘာလို့ ချိုးဖောက်တာလဲ။ သူတို့ လက်မဆေးဘဲ* အစာစားတယ်”+ လို့ပြောတယ်။
၃ အဲဒီအခါ ယေရှုက “ခင်ဗျားတို့ကျတော့ကော၊ ထုံးတမ်းစဉ်လာကိုလိုက်ဖို့အတွက် ဘုရားသခင်ရဲ့ ပညတ်ချက်ကို ဘာလို့ ချိုးဖောက်တာလဲ။+ ၄ ဘုရားသခင်က ‘မိဘကို ရိုသေပါ၊’+ ‘မိဘကို ရင့်ရင့်သီးသီး ပြောဆိုတဲ့သူ သေဒဏ်ခံရမယ်’+ လို့ ပညတ်ထားတယ်။ ၅ ဒါပေမဲ့ ခင်ဗျားတို့ကျတော့ ‘“အဖေနဲ့အမေကို ထောက်ပံ့မယ့် ပစ္စည်းတွေ ဘုရားသခင်ဆီ လှူလိုက်ပြီ” ဆိုပြီး မိဘကို ပြောတဲ့သူဟာ၊+ ၆ မိဘကို ရိုသေစရာ မလိုတော့ဘူး’ လို့ပြောကြတယ်။ ခင်ဗျားတို့ဟာ ထုံးတမ်းစဉ်လာကို လိုက်ဖို့အတွက် ဘုရားသခင်ရဲ့ တရားစကားကို ဘေးချိတ်လိုက်တာပဲ။+ ၇ သူတော်ကောင်း ယောင်ဆောင်သူတို့၊ ခင်ဗျားတို့အကြောင်း ဟေရှာယ ပရောဖက်ပြုခဲ့တဲ့ စကားတွေဟာ သိပ်မှန်တာပဲ။+ ၈ ‘ဒီလူမျိုးက ငါ့ကို နှုတ်နဲ့ပဲ ရိုသေတယ်။ သူတို့ရဲ့ စိတ်ကတော့ ငါနဲ့ဝေးလှတယ်။ ၉ သူတို့က လူ့ထုံးတမ်းစဉ်လာကို ငါ့ရဲ့ အယူဝါဒသဖွယ် သွန်သင်တဲ့အတွက် ငါ့ကို ကိုးကွယ်နေတာ အချည်းနှီးပဲ’+ လို့သူပြောခဲ့တယ်” ဆိုပြီးပြောလိုက်တယ်။ ၁၀ အဲဒီနောက် လူအုပ်ကို အနားခေါ်ပြီး “နားထောင်ပါ။ ဒီစကားတွေရဲ့ ဆိုလိုရင်းကို သဘောပေါက်ကြပါ။+ ၁၁ ခံတွင်းထဲ ဝင်တဲ့အရာက လူကိုညစ်ညူးစေတာ မဟုတ်ဘူး။ ခံတွင်းထဲက ထွက်တဲ့အရာကသာ လူကိုညစ်ညူးစေတာပါ”+ လို့ပြောတယ်။
၁၂ အဲဒီအခါ တပည့်တွေ အနားလာပြီး “သခင်ပြောတဲ့စကားကြောင့် ဖာရိရှဲတွေ စိတ်ခုသွားတာကို သိပါသလား”+ လို့ပြောတော့၊ ၁၃ ယေရှုက “ကောင်းကင်အဖ မစိုက်ပျိုးတဲ့ အပင်အားလုံးဟာ အနုတ်ခံရမှာပဲ။ ၁၄ သူတို့ကို ရှိပါစေ။ သူတို့ဟာ မျက်ကန်းလမ်းပြတွေပဲ။ မျက်ကန်းချင်း လမ်းပြရင် နှစ်ယောက်စလုံး တွင်းထဲကျသွားမယ်”+ လို့ပြောတယ်။ ၁၅ ပေတရုက “ပြောသွားတဲ့ ပုံဥပမာကို ရှင်းပြပေးပါ” လို့ပြောတော့၊ ၁၆ ယေရှုက “ခင်ဗျားတို့လည်း နားမလည်သေးဘူးပဲ။+ ၁၇ ခံတွင်းထဲဝင်သမျှ ဝမ်းထဲရောက်ပြီး ရေအိမ်မှာ စွန့်ပစ်လိုက်ရတာ မသိဘူးလား။ ၁၈ ဒါပေမဲ့ ခံတွင်းထဲက ထွက်တဲ့အရာတွေကတော့ စိတ်နှလုံးထဲက ထွက်လာတာဖြစ်လို့ လူကို ညစ်ညူးစေတယ်။+ ၁၉ ဥပမာပြောရရင်၊ မကောင်းကြံစည်တာ၊ လူ့အသက်သတ်တာ၊ အိမ်ထောင်ရေးဖောက်ပြန်တာ၊ လိင်အကျင့်ယိုယွင်းတာ၊* ခိုးတာ၊ မဟုတ်မမှန် သက်သေထွက်ဆိုတာ၊ ဘုရားကို စော်ကားပြောဆိုတာတွေဟာ စိတ်နှလုံးထဲက ထွက်လာတာတွေပေါ့။+ ၂၀ ဒါတွေဟာ လူကို ညစ်ညူးစေတယ်။ လက်မဆေးဘဲ* အစာစားတာက လူကို ညစ်ညူးစေတာ မဟုတ်ဘူး” လို့ရှင်းပြတယ်။
၂၁ ယေရှုက အဲဒီကနေ တိုင်ရာနဲ့ ဆိုင်ဒုန်နယ်ဘက်ကို ထွက်သွားတယ်။+ ၂၂ အဲဒီအရပ်သူ ဖိုနီးရှား အမျိုးသမီးတစ်ယောက် ထွက်လာပြီး “သခင်၊ ဒါဝိဒ်ရဲ့သား၊ ကျွန်မကို သနားပါ။ ကျွန်မရဲ့သမီးဟာ နတ်ဆိုးစွဲတဲ့ ဝေဒနာကို အလူးအလိမ့် ခံစားနေရပါတယ်”+ လို့အော်ပြောတယ်။ ၂၃ ယေရှုက သူ့ကို စကားတစ်ခွန်းမှ ပြန်မပြောဘူး။ တပည့်တွေက အနားလာပြီး “အဲဒီအမျိုးသမီးကို ပြန်ခိုင်းလိုက်ပါ။ နောက်ကနေ တကောက်ကောက်လိုက်ပြီး အော်နေတယ်” လို့ပြောကြတယ်။ ၂၄ ဒါနဲ့ ယေရှုက “အစ္စရေးအမျိုးထဲက ပျောက်နေတဲ့ သိုးတွေဆီ ကျွန်တော့်ကို စေလွှတ်တာ။ တခြားလူမျိုးတွေဆီ စေလွှတ်တာမဟုတ်ဘူး”+ လို့ပြောလိုက်တယ်။ ၂၅ ဒါပေမဲ့ အဲဒီအမျိုးသမီးက အနားလာဦးညွှတ်ပြီး “သခင်၊ ကျွန်မကို ကူညီပါဦး” လို့အသနားခံတယ်။ ၂၆ ယေရှုကလည်း “သားသမီးရဲ့ အစာကို ခွေးကလေးတွေအတွက် ချမပေးသင့်ဘူး” လို့ပြောတယ်။ ၂၇ အမျိုးသမီးက “မှန်ပါတယ် သခင်။ ဒါပေမဲ့ ခွေးကလေးတွေဟာ သခင့်စားပွဲကကျတဲ့ စားကြွင်းစားကျန်တွေကိုတော့ စားရပါတယ်” လို့ ပြောပြန်တယ်။+ ၂၈ အဲဒီအခါ ယေရှုက “ခင်ဗျားရဲ့ယုံကြည်ခြင်း ခိုင်ခံ့လိုက်တာ။ ခင်ဗျားဆန္ဒရှိတဲ့အတိုင်း ဖြစ်ပါစေ” လို့ပြောတယ်။ အဲဒီအချိန်မှာပဲ သူ့သမီး ဝေဒနာသက်သာသွားတယ်။
၂၉ ယေရှုက အဲဒီဒေသကနေ ထွက်ပြီး ဂါလိလဲအိုင်နားကို+ ရောက်လာတဲ့အခါ တောင်ပေါ်တက်သွားပြီး ထိုင်နေတယ်။ ၃၀ အဲဒီအခါ လူတွေ အုပ်လိုက်ရောက်လာပြီး ခြေမသန်သူ၊ ကိုယ်လက်အင်္ဂါချို့သူ၊ မျက်မမြင်သူ၊ စကားအသူနဲ့ တခြားလူနာတွေ အများကြီး ခေါ်လာကြတယ်။ သူတို့ကို ခြေရင်းမှာချထားတော့ ယေရှု ကုသပေးတယ်။+ ၃၁ စကားအသူတွေ စကားပြောနိုင်တာ၊ ကိုယ်လက်အင်္ဂါ ချို့တဲ့သူတွေ ပြန်ကောင်းလာတာ၊ ခြေမသန်သူတွေ လမ်းလျှောက်တာ၊ မျက်မမြင်တွေ ပြန်မြင်လာတာကို လူတွေမြင်တဲ့အခါ အံ့သြပြီး အစ္စရေးတို့ရဲ့ ဘုရားသခင်ကို ဂုဏ်တင်ချီးမွမ်းကြတယ်။+
၃၂ ယေရှုက တပည့်တွေကို ခေါ်ပြီး “ဒီလူအုပ်ကို ကျွန်တော် သနားတယ်။+ သုံးရက်လုံးလုံး ကျွန်တော်နဲ့အတူရှိနေကြတာ။ သူတို့မှာ စားစရာလည်း မရှိဘူး။ တစ်ခုခု မကျွေးဘဲနဲ့ ပြန်မလွှတ်ချင်ဘူး။ လွှတ်လိုက်ရင် လမ်းမှာ အားပြတ်ကုန်မယ်”+ လို့ပြောတယ်။ ၃၃ တပည့်တွေက “ဒီလောက်များတဲ့ လူအုပ်ကို အဝကျွေးနိုင်လောက်တဲ့ စားစရာ ဘယ်ကရနိုင်မှာလဲ။ ဒီနေရာက သိပ်ခေါင်တယ်”+ လို့ ပြောတယ်။ ၃၄ ယေရှုက “ခင်ဗျားတို့မှာ မုန့်ဘယ်နှစ်လုံး ရှိသလဲ” လို့မေးတော့ “မုန့်ခုနစ်လုံးနဲ့ ငါးကလေးနည်းနည်းပဲ ရှိပါတော့တယ်” လို့ဖြေတယ်။ ၃၅ ဒါနဲ့ လူအုပ်ကို မြေပေါ်ထိုင်ခိုင်းပြီး၊ ၃၆ မုန့်ခုနစ်လုံးနဲ့ ငါးကိုယူ၊ ကျေးဇူးတင်ချီးမွမ်းပြီးမှ မုန့်နဲ့ငါးကို ဖဲ့ပြီး တပည့်တွေကို ပေးလိုက်တယ်။ တပည့်တွေက လူအုပ်ကို ပြန်ဝေပေးတယ်။+ ၃၇ အားလုံး ဝဝလင်လင် စားပြီးတဲ့နောက် စားကြွင်းစားကျန်ကို ကောက်သိမ်းတဲ့အခါ တောင်းကြီးခုနစ်တောင်း အပြည့်ရတယ်။+ ၃၈ စားတဲ့သူတွေဟာ ယောက်ျား ၄,၀၀၀ ရှိတယ်။ အမျိုးသမီးတွေ၊ ကလေးတွေလည်း ရှိသေးတယ်။ ၃၉ အဲဒီနောက် လူအုပ်ကို အိမ်ပြန်ခိုင်းလိုက်တယ်။ ယေရှုက လှေပေါ်တက်ပြီး မာဂဒန်နယ်ဘက်ကို ထွက်သွားတယ်။+