ကျွန်ုပ်တို့စာရှုသူများထံမှ
ဒစ်စီလ်စီယား (Dyslexia) “ဒစ်စီလ်စီယားကြောင့်စိတ်ဓာတ်ကျမှုကို အောင်မြင်ခြင်း” ဆောင်းပါးအတွက် ကျေးဇူးတင်ကြောင်း ကျွန်မစာရေးလိုက်ပါတယ်။ (ဩဂုတ် ၈၊ ၁၉၉၆ [လိပ်]) “ဒစ်စီလ်စီယားဖြစ်သောကလေးများကို မည်သို့သိရှိပုံ” လေးထောင့်ကွက်ကိုဖတ်ပြီးတာနဲ့ ကျွန်မခင်ပွန်းနဲ့ကျွန်မဟာ ၁၀ နှစ်အရွယ်သားလေးကို ဆေးစစ်ခဲ့ကြတယ်။ သားလေးဟာ ဒစ်စီလ်စီယားဖြစ်နေတယ်ဆိုတာကို သိခဲ့ကြရပြီး အိမ်မှာရောကျောင်းမှာပါ သူလိုအပ်မယ့်အကူအညီတွေပေးဖို့ ကျွန်မတို့အခုစလုပ်နေကြပါပြီ။ သူဟာအလွန်တော်တဲ့ကလေးဖြစ်ပေမဲ့ သူကိုယ်တိုင်ကြိုးစားမှုမရှိဘူးဆိုပြီး သူ့ဆရာဆရာမတွေက ကျွန်မတို့ကိုအမြဲပြောခဲ့ကြတယ်။ ဒါကြောင့် ဒီဆောင်းပါးကိုထုတ်ဝေပေးတဲ့အတွက် ကျွန်မတို့ဘယ်လောက်ကျေးဇူးတင်မလဲဆိုတာ ရှင်တို့တွေးကြည့်နိုင်ပါတယ်။
ဂျေ. အက်စ်.၊ စကော့တလန်
ဒစ်စီလ်စီယားဖြစ်နေတဲ့ကလေးနှစ်ယောက်မိခင်အနေနဲ့ ဒီဆောင်းပါးကိုဖတ်ရလို့ ဝမ်းသာခဲ့ပါတယ်။ ဒီလိုဖြစ်နေတဲ့သူတွေအတွက် တကယ့်စွမ်းရည်ချို့တဲ့မှုဖြစ်ပြီး ဘယ်လောက်ခက်တယ်ဆိုတဲ့အကြောင်း အခြားသူတွေကို ကောင်းကောင်း ပညာပေးခဲ့ပါတယ်။ လမ်းဆိုင်းဘုတ်တစ်ခုကို မဖတ်နိုင်တာ၊ ဟင်းလျာစာရင်းကို မဖတ်တတ်ဘဲ အစားအသောက်ကြိုးစားမှာယူရတာတွေကို တွေးကြည့်နိုင်ပါသလား။ ဒီအချက်အလက်တွေကို ဝေဒနာရှင်တွေကောင်းကောင်းအသုံးချကြလိမ့်မယ်ဆိုတာ ကျွန်မစိတ်ချပါတယ်။
အဲမ်. ကေ.၊ အမေရိကန်
အန္တရာယ်ကျရောက်နေသောမျိုးစိတ် “အန္တရာယ်ကျရောက်နေသောမျိုးစိတ်—အဘယ်ကြောင့်စိုးရိမ်ဖွယ်ဖြစ်နေသနည်း” ဆောင်းပါးအတွက် တကယ့်ကိုကျေးဇူးတင်ပါတယ်။ (ဩဂုတ် ၈၊ ၁၉၉၆ [လိပ်]) ကျွန်တော်တို့ဟာ ဘဏ္ဍာသိုက်ပျောက်ဆုံးနေတဲ့အန္တရာယ်ကို တကယ်ပဲကြုံနေရပါတယ်။ ဒီဆောင်းပါးက တိရစ္ဆာန်တွေကို မျိုးသုဉ်းစေတဲ့ခြိမ်းခြောက်မှုမရှိဘဲနေနိုင်မယ့် ဘုရားသခင်ကတိပေးထားတဲ့ ကမ္ဘာသစ်မှာနေလိုတဲ့ဆန္ဒကို ဆက်ရှင်သန်စေပါတယ်။
ဒီ. အိုင်.၊ အယ်လ်ဘေးနီးယား
ဒုက္ခသည် အကျပ်အတည်း ကျွန်တော်ဟာ ဘရွန်ဒီက ဒုက္ခသည်တစ်ယောက်ဖြစ်ပါတယ်။ “ဒုက္ခသည် အကျပ်အတည်း—အဆုံးတိုင်ပါမည်လော” ဆိုတဲ့ ဆောင်းပါးစီးရီးတွေအတွက် ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ (ဩဂုတ် ၂၂၊ ၁၉၉၆ [လိပ်]) ဒီကိစ္စနဲ့ပတ်သက်လို့ ယေဟောဝါရဲ့သဘောထားကိုသိရပြီး ရှေးရှေးတုန်းက ဒုက္ခသည်တွေကို ကရုဏာနဲ့ဆက်ဆံဖို့ ကိုယ်တော့်လူမျိုးကို မှာကြားခဲ့တဲ့အကြောင်းသိရတဲ့အတွက် တကယ့်ကိုအားရှိသွားပါတယ်။ ဒီဆောင်းပါးတွေအတွက် ကျေးဇူးတင်ပါတယ်; ကျွန်တော့်ကို တကယ်ပဲနှစ်သိမ့်မှုပေးခဲ့ပါတယ်။
ဒီ.အဲမ်.၊ ကင်ညာ
ကြေကွဲဖွယ်ဘတ်စကားဖြစ်ရပ် “ယေဟောဝါ၏ခွန်အားဖြင့် ကြေကွဲဖွယ်ရာဖြစ်ရပ်ကို အောင်မြင်ခြင်း” (ဩဂုတ် ၂၂၊ ၁၉၉၆ [လိပ်])၊ ဆောင်းပါးကိုဖတ်နေရင်းနဲ့ ကျွန်မကိုတိုက်ရိုက်လာထိတဲ့အတွက်ကြောင့် မငိုဘဲမနေနိုင်ခဲ့ဘူး။ ကျွန်မလည်း အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်နဲ့အတူ မတော်တဆကားတိုက်မှုတစ်ခုမှာပါခဲ့တယ်။ သူမဟာအကြီးအကျယ်ထိခိုက်ဒဏ်ရာရပြီး နောက်နာရီအနည်းငယ်အတွင်းမှာပဲ သေဆုံးသွားခဲ့ပါတယ်။ နောက်ငါးနှစ်တာကာလအတွင်း ကျွန်မကအသက်ရှင်ကျန်ပြီး သူမသေဆုံးသွားခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ပြီး ကိုယ့်ကိုယ်ကိုအပြစ်တင်မိတာတွေကို အတော်ဖြေသိမ့်ခဲ့ရတယ်။ ကျွန်မရဲ့ချစ်သူငယ်ချင်းကို ယေဟောဝါသတိရလိမ့်မယ်လို့ ကျွန်မစိတ်ချတယ်။ စပိန်က ဒီကြေကွဲဖွယ်ဖြစ်ရပ်မှာ ချစ်မြတ်နိုးရသူတွေကို ဆုံးရှုံးခဲ့ရတဲ့သူတွေအပေါ် ကျွန်မကိုယ်ချင်းစာမိပါတယ်။
ဂျေ. တီ.၊ အမေရိကန်
စကားထစ်ငေါ့ခြင်း “စကားထစ်ငေါ့သောလျှာပင်လျှင် စကားပြောလိမ့်မည်” ဆောင်းပါးအတွက်ကျေးဇူးတင်ပါတယ်။ (ဩဂုတ် ၂၂၊ ၁၉၉၆ [လိပ်]) ပီတာကွန်းတ်ရဲ့တွေ့ ကြုံမှုဟာ ကျွန်တော့်ကို တကယ်ပဲအားရှိစေပါတယ်။ ကျွန်တော်လည်းစကားထစ်ငေါ့တဲ့သူတစ်ယောက်ဖြစ်တယ်။ ကျမ်းစာဟောပြောချက်တစ်ခုမပေးခင် ပီပီသသပြောဆိုနိုင်အောင်ကူညီပေးဖို့ ယေဟောဝါကို အမြဲတောင်းဆိုပါတယ်။
အဲမ်. အဲမ်.၊ အီတလီ
ကျွန်တော်အသက် ၂၀ မှာ သူများနဲ့စကားပြောဖို့၊ ယေဟောဝါသက်သေတွေရဲ့ နိုင်ငံတော်ခန်းမစင်မြင့်ပေါ်ကနေ စကားပြောဖို့ အခက်အခဲရှိခဲ့ပါတယ်။ စကားပြောဆိုရတဲ့တာဝန်တစ်ခုယူပြီးတိုင်း ကျွန်တော်ချွေးသီးချွေးပေါက်တွေကျပြီး အရမ်းမောတတ်တယ်။ ဒီလိုအခက်အခဲမျိုးရှိတဲ့ကြားကနေ ယေဟောဝါရဲ့အမှုတော်ကိုဆောင်တဲ့ ခရစ်ယာန်ချင်းတစ်ယောက်ရဲ့တွေ့ ကြုံမှုကို ဖတ်ရတဲ့အတွက် တကယ်အားရှိသွားပါတယ်။ အဲ့ဒါက ကိစ္စရပ်တွေအပေါ် အကောင်းမြင်တတ်လာစေပါတယ်။
အဲမ်. အက်စ်.၊ ဂျပန်
ဒီတွေ့ကြုံမှုကိုဖော်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်လည်း ငယ်စဉ်ကတည်းက အဲ့ဒီပြဿနာမျိုးရှိခဲ့တယ်။ ပီတာလိုပဲ ကျွန်တော်လည်း အသင်းတော်တစ်ခုမှာ အကြီးအကဲတစ်ယောက်ဖြစ်ပြီး ကျွန်တော့်တာဝန်တွေကိုထမ်းဆောင်နိုင်ဖို့ ယေဟောဝါဆီက ခွန်အားယူရတယ်။ အခုကျွန်တော်ဟာ အခြားသူတွေစကားပြောဆိုနိုင်စွမ်းရှိဖို့ သီအိုကရက်တစ်ကျောင်းကြီးကြပ်မှူးအဖြစ် ကူညီပေးနေရပါတယ်။
အန်. အို. အန်.၊ နိုင်ဂျီးရီးယား