ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၈ ၉/၈ စာ. ၁၅-၁၇
  • ကျားသစ်ကြုတ်—အပြေး အမြန်ဆုံး ကြောင်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျားသစ်ကြုတ်—အပြေး အမြန်ဆုံး ကြောင်များ
  • နိုးလော့!—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လျင်မြန်သောကြောင်
  • အစက်အပြောက်များဖြင့်လှပမှု
  • မိခင်၏စောင့်ရှောက်မှု
  • သားကောင်ဖြစ်ရသောမုဆိုး
  • ကျားသစ်—ပုန်းလျှိုးကွယ်လျှိုးနေတတ်သော ကြောင်မျိုးရင်းဝင်
    နိုးလော့!—၁၉၉၇
  • ခြင်္သေ့များ—အာဖရိက၏ ခန့်ညားသောလည်ဆံမွေးပါသည့် ကြောင်များ
    နိုးလော့!—၂၀၀၁
  • ကြောင်လျှာ
    အလိုလို ဖြစ်လာနိုင်ပါ့မလား
  • တွေ့ရခဲတဲ့ ကန္တာရတောကြောင်
    နိုးလော့!—၂၀၁၃
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၈
န၉၈ ၉/၈ စာ. ၁၅-၁၇

ကျားသစ်ကြုတ်—အပြေး အမြန်ဆုံး ကြောင်များ

ကင်ညာနိုင်ငံမှ နိုးလော့!သတင်းထောက်ပေးပို့သည်

ပူပြင်းသည့်နေရောင်သည် ဆားဗားနားမြက်ခင်းပြင်ပေါ်မရွေ့လျားဘဲကျရောက်နေသည်။ ကျွန်ုပ်တို့၏နှစ်လုံးပူးမှန်ပြောင်းများကို သောမ်ဆန်ဒရယ်အုပ်ပေါ် စူးစိုက်ထားကြသည်။ ၎င်းတို့၏ရွှေရောင်အစင်းရှိသောနံပါးများသည် နေဝင်ဆည်းဆာရောင်နီအောက်တွင် တောက်ပနေသည်။ အလှမ်းမဝေးလှသည့်တောင်ကမူတစ်ခုပေါ်တွင် အခြားသောအကဲခတ်သူတစ်ဦးသည်လည်း ဒရယ်အုပ်ရှိရာသို့ မမှိတ်မသုန်ကြည့်ရှုနေ၏။ ထိုသူမှာ သားပေါက်ငယ်များနှင့်ရှိနေသည့် အစက်အပြောက်ရှိသောကြောင်တစ်ကောင်ဖြစ်သည်။ သူ၏အညိုရောင်မျက်လုံးများသည် မြင်ကွင်းကိုစူးစိုက်လေ့လာနေသည်။ ရုတ်တရက် သူ၏ကြွက်သားများကိုတောင့်ပြီး ဖြည်းညင်းစွာထကာ ဒရယ်အုပ်ရှိရာသို့ထွက်သွား၏။ သူ၏သားပေါက်ငယ်များသည် သူပြန်လာမည်ကို သိနေကြသည့်အလားစောင့်နေကြသည်။

သူသည် ချုံပုတ်ငယ်များနှင့် မြက်ဖုတ်ရှည်များနောက်တွင် ပုန်းလျှိုးကွယ်လျှိုးဖြင့် သတိကြီးစွာရှေ့သို့တိုးသွားသည်။ သူ၏ရွေ့လျားမှုသည် ညင်သာပြီးရဲတင်း၏။ သူ၏သားကောင်နှင့် ကိုက် ၂၀၀ အကွာသို့ရောက်ရှိလာသောအခါ ရုတ်တရက်ငြိမ်နေလိုက်သည်။ ဒရယ်တစ်ကောင်သည် မော်ကြည့်ကာ သူရှိရာသို့ငေးစိုက်ကြည့်နေ၏; ထို့နောက် အစာကိုပြန်စားနေလိုက်သည်။ တစ်ဖန် သူသည် ရှေ့ဆက်တိုးသွား၏။ သူသည် ပြေးဝင်မသွားမီ စိတ်ချလက်ချဖြစ်နေသည့် တိရစ္ဆာန်များနှင့်ကိုက် ၅၀ အကွာအတွင်းချဉ်းကပ်သွားသည်။ စပရိန်တစ်ခုကန်ထွက်သွားသည့်အလား သူသည် နေဝင်ဆည်းဆာအောက်တွင် တစ်ဟုန်ထိုးရှေ့သို့ပြေးထွက်သွား၏။ ဒရယ်အုပ်သည် အရပ်လေးမျက်နှာသို့ ဝရုန်းသုန်းကားထွက်ပြေးသွားကြသော်လည်း ထိုကြောင်သည် သူရွေးချယ်ထားသောသားကောင်ထံမှ မျက်စိမခွာချေ။ သူသည် လွင်ပြင်ကိုဖြတ်ပြေးသွားရာ အပြေးမြန်လှသောဒရယ်နှင့်ပိုနီးကပ်သွားလေသည်။

ထိတ်လန့်နေသည့်ဒရယ်သည် လိုက်လံဖမ်းဆီးနေသူကိုဟန့်တားရန် ကွေ့ပတ်ပြေးသော်လည်း ယင်း၏တိမ်းရှောင်လှုပ်ရှားမှုများသည် ကြောင်၏ပေါ့ပါးလျင်မြန်မှုကိုမမီချေ။ သို့နှင့် သူ၏သားကောင်နှင့်ပေအနည်းငယ်အကွာတွင် သူ၏ရှေ့ခြေဖြင့် သားကောင်ကိုလှမ်းအုပ်လိုက်သည်။ ထိုခဏတွင် သူသည် အနည်းငယ်တိမ်းလဲသွားသည်။ ထိုတဒင်္ဂအချိန်အတွင်း ဒရယ်သည် မြင်ကွင်းမှပျောက်ကွယ်သွားလေသည်။

ကျားသစ်ကြုတ်သည် အရှိန်ကိုလျှော့၍ရပ်လိုက်ကာ မောကြီးပန်းကြီးဖြင့် ထိုင်၍အသက်ရှူနေပြီး ဆာလောင်နေသောသားပေါက်ငယ်များရှိရာသို့ မျှော်ကြည့်၏။ ကျွန်ုပ်သည် အံ့ဩတကြီးဖြင့် ဇနီးဖြစ်သူအားလှည့်ကြည့်မိသည်။ ကျွန်ုပ်တို့သည် ကျားသစ်ကြုတ်၏အံ့သြဖွယ်လျင်မြန်မှုကို မြင်တွေ့ခဲ့ကြပေပြီ။

လျင်မြန်သောကြောင်

ကျားသစ်ကြုတ်သည် လေကဲ့သို့လျင်မြန်လှသည်မှာ အမှန်ပင်! ငြိမ်သက်နေရာမှ နှစ်စက္ကန့်အတွင်း တစ်နာရီမိုင် ၄၀ နှုန်းအထိထပြေးနိုင်ခြင်းမှာ မယုံနိုင်စရာပင်။ ၎င်းသည် တစ်နာရီမိုင် ၇၀ နှုန်းအထိပြေးနိုင်သည်! အလျင်မြန်ဆုံးကုန်းသတ္တဝါဖြစ်၏။ နှိုင်းယှဉ်ရမည်ဆိုလျှင် ပြိုင်မြင်းများသည် တစ်နာရီ ၄၅ မိုင်ကျော်ကျော်ပြေးနိုင်ပြီး၊ ခွေးသမင်သည် တစ်နာရီမိုင် ၄၀ ခန့်ဒုန်းစိုင်းပြေးနိုင်၏။ သို့ရာတွင် ကျားသစ်ကြုတ်သည် တာတိုအတွင်း ယင်း၏အံ့သြဖွယ်သောအမြန်နှုန်းကိုထိန်းထားနိုင်သည်။

ကျားသစ်ကြုတ်သည် သေးသွယ်သောခြေတံရှည်ခြေထောက်များနှင့် ပျော့ပျောင်းနွဲ့နှောင်းသောကျောကုန်းတို့ဖြင့် သွယ်လျသောကိုယ်လုံးကိုယ်ထည်ရှိသည်။ ယင်း၏အစက်အပြောက်ရှိသောအမြီးရှည်သည် အရှိန်ပြင်းစွာစောင်းပြီးကွေ့ပြေးသောအခါ ကျားသစ်ကြုတ်ကိုဟန်ချက်ညီစေရန်ထိန်းပေးသည်။ အမြန်ဆုံးနှုန်းဖြင့်ပြေးနေသောအခါ ပေ ၂၀ ကျော်ခြေလှမ်းကျဲကျဲဖြင့်ခုန်ပေါက်ပြေးလွှားနိုင်သည်။ ထိုသို့လျင်မြန်မှုကိုထောက်ကူသောအရာတစ်ခုမှာ ၎င်း၏ထူးခြားသောခြေထောက်များဖြစ်သည်; ခြေထောက်များသည် ကြောင်ခြေထောက်ထက်ခွေးခြေထောက်နှင့်ပိုတူ၏။ မြေကြီးကိုကုတ်ပြီးအားယူရန် ယင်း၏ခြေသည်းလက်သည်းများကို အသုံးပြုသည်။

အစက်အပြောက်များဖြင့်လှပမှု

ကျားသစ်ကြုတ်၏မျက်နှာသည် ထူးခြားပြီးတင့်တယ်လှသည်။ လှပသောအနက်ရောင်အစင်းကြောင်းများသည် မျက်စိများမှနှုတ်ခမ်းထောင့်များအထိရှိရာ ယင်းတို့က ကြောင်ကိုဝမ်းနည်းပူဆွေးနေပုံပေါက်စေသည်။ သေးငယ်ထင်ရှားသည့်အစက်အပြောက်ပါသော ယင်း၏သားမွေးများသည် တိုပြီးကိုယ်ခန္ဓာတွင် နီညိုရောင်တောက်နေတတ်သော်လည်း ဝမ်းဗိုက်ပိုင်းတွင် အဖြူရောင်ရှိသည်။ သားပေါက်ငယ်များသည် မွေးခါစတွင် အနက်ရောင်ဘက်ပိုသန်းကာ မွဲပြာရောင်ရှိလည်ဆံမွေးသည် ရှည်၍ထူပြီး လည်ကုပ်မှအမြီးအထိ ရှိနေတတ်သည်။

ကျားသစ်ကြုတ်သည် ငှက်တစ်ကောင်ကဲ့သို့ တကျည်ကျည်တကျာကျာအသံပြုတတ်သည်။ ဤအသံကို တစ်မိုင်ကျော်ကျော်လောက်မှကြားနိုင်ပြီး၊ ယင်း၏သားငယ်များ၊ အခြားသောကျားသစ်ကြုတ်များနှင့် ယင်းသို့အသံပြုဆက်သွယ်ကြသည်။

ကျားသစ်ကြုတ်၏စိတ်နေသဘောထားသည် ယင်း၏ကြောင်မျိုးဝင်များဖြစ်သော ခြင်္သေ့၊ ကျားသစ်တို့နှင့်ယှဉ်လျှင် သိမ်မွေ့အေးဆေးသည်။ ကျေနပ်နေသောအခါများ၌ ယင်းလည်ချောင်းပြုသံသည် အိမ်ကြောင်ကြီးတစ်ကောင်ကဲ့သို့ဖြစ်သည်။ အလွယ်တကူမွေးစား၍ရပြီး ယဉ်ပါးလွယ်သည်။ ကျားသစ်ကြုတ်သည် အိမ်မွေးကြောင်မဟုတ်သည်မှာ မှန်၏။ အရွယ်ရောက်ပြီးသောအခါ ပေါင် ၁၀၀ သို့မဟုတ် ထို့ထက်မကပင်ရှိပြီး၊ ချွန်ထက်သောသွားများနှင့် ခြေသည်းလက်သည်းများက ယင်းကို သတိထားဆက်ဆံရမည့် အန္တရာယ်ရှိသောတိရစ္ဆာန်ဖြစ်စေသည်။

ကျားသစ်ကြုတ်သည် အမဲလိုက်စွမ်းရည်ဖြင့်မွေးဖွားလာခြင်းမဟုတ်ဘဲ ယင်း၏မိခင်ထံမှလေ့ကျင့်မှုကိုအတော်အတန်ခံယူရသည်။ သားပေါက်ငယ်တစ်ကောင်သည် လှောင်အိမ်တွင်ကြီးပြင်းလာမည်ဆိုလျှင် ယင်း၏သားကောင်ကို ချောင်းမြောင်းဖမ်းဆီးနိုင်သည့်အစွမ်းရှိလိမ့်မည်မဟုတ်ချေ။ မိခင်နှင့်သားပေါက်ငယ်များသည် အတူကျက်စားသောအခါ ခြင်္သေ့များကျက်စားရာတွင် ဖြစ်လေ့ရှိတတ်သည့် ဆူဆူညံညံခိုက်ရန်ဖြစ်ခြင်းတို့မရှိဘဲ အလွန်အေးဆေးကြသည်။ ခြောက်သွေ့သောဒေသများတွင် ကျားသစ်ကြုတ်များသည် အရည် ရွှမ်းသောဖရဲသီးများကိုပင် စားသောက်တတ်သည်ဟုသိရသည်။

အာဖရိကဘေးမဲ့တောများတွင် ကမ္ဘာလှည့်ခရီးသည်များသည် ဤအေးဆေးလှသောကြောင်များ၏ အကြောက်အလန့်မဲ့ယဉ်ပါးပုံကိုအံ့သြကြသည်။ အရွယ်ရောက်ပြီးသောကျားသစ်ကြုတ်တစ်ကောင်သည် ကမ္ဘာလှည့်ခရီးသည်တင်ဗင်ကား၏အရိပ်ကိုလာခိုတတ်ခြင်း သို့မဟုတ် ကားစက်ဖုံးပေါ်ခုန်တက်ပြီး အံ့သြတကြီးနှင့် ကြောက်ရွံ့နေတတ်ကြသည့် ခရီးသည်များကိုကားရှေ့မှန်မှနေ၍စိုက်ကြည့်နေတတ်ခြင်းတို့သည် အဆန်းမဟုတ်တော့ပေ။

မိခင်၏စောင့်ရှောက်မှု

ကျားသစ်ကြုတ်အမသည် ခြောက်ကောင်အထိသားပေါက်နိုင်ပေသည်။ သူသည် သားပေါက်ငယ်များကို ရဲရင့်စွာကာကွယ်ပြီး လုံလုံခြုံခြုံဖွက်ထားကာ မွေးခါစလအနည်းအတွင်း မကြာခဏ ပြောင်းလိုက်ရွှေ့လိုက်လုပ်တတ်သည်။ ကျားသစ်ကြုတ်အမများသည် သားပေါက်ငယ်များကိုကြိုးစားကာကွယ်သော်လည်း သုံးပုံတစ်ပုံခန့်သာ အရွယ်ရောက်သည်အထိကြီးပြင်းကြဟန်ရှိသည်။

ကျားသစ်ကြုတ်သားပေါက်ငယ်များကိုစောင့်ရှောက်ခြင်းသည် ကျားသစ်ကြုတ်မိခင်မကြီးအတွက်မလွယ်ကူချေ။ သားပေါက်ငယ်များသည် ခွန်အားပြည့်ကြကာ အလွန်ပင်အဆော့သန်ကြသည်။ တစ်ခါတစ်ရံ အနားယူနေသောမိခင်သည် ကြောင်တို့ပြုတတ်သကဲ့သို့ အမြီးကိုထောင်သောအခါ သားပေါက်ငယ်များသည် မိခင်၏အမြီးကိုချောင်းမြောင်းခုန်အုပ်တတ်ကြသည်။ အချင်းချင်းလုံးထွေးသတ်ပုတ်ခြင်း၊ ကိုက်ခြင်း၊ လိုက်တမ်းကစားခြင်းတို့ကိုပြုတတ်ကြရာ တစ်ခါတစ်ရံ အန္တရာယ်ပေးမည့်သားရဲများကို သတိမမူမိဘဲဖြစ်တတ်ကြသည်။

သားကောင်ဖြစ်ရသောမုဆိုး

ကျားသစ်ကြုတ်၌ ခြင်္သေ့များ၊ ကျားသစ်များနှင့် ဟိုင်အီးနားများအပါအဝင် ရန်သူများစွာရှိသည်။ သို့ရာတွင် ကျားသစ်ကြုတ်၏အဆိုးရွားဆုံးရန်သူမှာ လူဖြစ်သည်။ ယင်း၏နှစ်သက်ဖွယ်သော အစက်အပြောက်ပါရှိသည့်သားမွေးသည် အဝတ်အစား၊ ကြမ်းခင်းကော်ဇောများနှင့် အမှတ်တရပစ္စည်းများအတွက် တန်ဖိုးကြီးမားသည်။ ဤအပြေးမြန်လှသောသတ္တဝါသည် ထောင်ချောက်ဆင်အဖမ်းခံရပြီး အပျော်တမ်းအမဲလိုက်ရန်အတွက် လေ့ကျင့်ခံရသည်။ ဖမ်းဆီးထားခံရသောအခြေအနေတွင် သားမပေါက်သောကြောင့် ဤတောင်းဆိုအားကိုဖြည့်ဆည်းရန် ကျားသစ်ကြုတ်သည် ယင်း၏ပိုင်နက်နယ်စွန်နယ်ဖျားအထိ လိုက်လံခြင်းခံခဲ့ရသည်။ ကျက်စားရာဒေသများကွယ်ပျောက်လာခြင်းကလည်း ကျားသစ်ကြုတ်များအသက်ဆက်ရှင်ရေးကို ခက်ခဲစေသောကြောင့် ယခုအခါ အာဖရိကအရှေ့ဘက်ပိုင်းရှိဘေးမဲ့တောများတွင်သာ အဓိကတွေ့ရတော့သည်။

၁၉၀၀ ပြည့်နှစ်၌ ၄၄ နိုင်ငံတွင် ခန့်မှန်းခြေအားဖြင့်ကျားသစ်ကြုတ် အကောင်ရေ ၁၀၀,၀၀၀ ခန့်ရှိခဲ့သည်။ ယနေ့မူ ၂၆ နိုင်ငံတွင်၊ အများအားဖြင့် အာဖရိကတိုက်တွင် ၁၂,၀၀၀ ခန့်သာရှိတော့သည်။ ဤလှပသောအစက်အပြောက်နှင့်ကြောင်ကို ကာကွယ်ရန်ကြိုးပမ်းခဲ့ကြသည့်တိုင် ယင်းအရေအတွက်သည် လျော့နည်းလျက်ရှိသည်။

ကျားသစ်ကြုတ်ကို မျိုးသုဉ်းမည့်ဘေးမှမကယ်တင်နိုင်ဟု လူတချို့ယူဆကြသည်။ သို့ရာတွင် ‘အသက်ရှင်၍မြေပေါ်မှာလှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို ကာကွယ်စောင့်ရှောက်ပြီး အုပ်စိုးကြ’ ရန်ဘုရားပေးတာဝန်ကို လူသားများအပြည့်အဝလက်ခံမည့်အချိန်ရောက်လာမည်ကို ကျွန်ုပ်တို့အသေအချာသိထားကြသည်။ (ကမ္ဘာဦး ၁:၂၈) ထို့အခါကျမှသာ ကျားသစ်ကြုတ်ကဲ့သို့လှပသည့်ကြောင်များသည် မြေကြီးပေါ်ထာဝရနေထိုင်ကြမည့် ကမ္ဘာသူကမ္ဘာသားများအား ပျော်ရွှင်မှုပေးလိမ့်မည်ဖြစ်ကြောင်း အမှန်ပင်စိတ်ချနိုင်ပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ