သွေးသွင်းခြင်း—မည်မျှ စိတ်ချရသနည်း
စဉ်းစားဉာဏ်ရှိသူတစ်ဦးသည် အရေးကြီးသော ဆေးကုသနည်းတစ်မျိုးကို လက်မခံမီ ဖြစ်ပေါ်လာနိုင်သည့် ကောင်းကျိုးနှင့် ဆိုးပြစ်များကို စုံစမ်းမည်ဖြစ်သည်။ သွေးသွင်းခြင်းနှင့်ပတ်သက်၍ကော မည်သို့ဆိုမည်နည်း။ ယခုအခါ သွေးသွင်းခြင်းသည် ဆေးပညာတွင် အဓိက ကိရိယာတစ်ခု ဖြစ်နေပြီ။ မိမိတို့၏ လူနာများအပေါ် အမှန် စိတ်ဝင်စားကြသည့် ဆရာဝန်အများသည် လူနာအား သွေးသွင်းပေးရန် လုံးဝ ဝန်မလေးကြချေ။ သွေးသွင်းခြင်းကို အသက်လက်ဆောင်ဟုပင် ခေါ်ဝေါ်သမုတ်လာကြသည်။
လူသန်းပေါင်းများစွာက သွေးလှူခဲ့ကြသည်၊ သို့မဟုတ် သွေးလက်ခံခဲ့ကြသည်။ ၁၉၈၆-၈၇ ခုနှစ်အတွင်း လူဦးရေ ၂၅ သန်းရှိသော ကနေဒါနိုင်ငံတွင် သွေးလှူဒါန်းသူ ၁ ဒသမ ၃ သန်း ရှိခဲ့သည်။ “ကိန်းဂဏန်းများ ပြုစုထားနိုင်သည့် များမကြာမီက နှစ်တစ်နှစ်တွင် အမေရိကန် ပြည်ထောင်စု တစ်နိုင်ငံတည်း၌ပင် သွေးသွင်းခြင်းအတွက် သွေးယူနစ်ပေါင်း ၁၂ သန်းမှ ၁၄ သန်းအထိ အသုံးပြုခဲ့သည်။”—နယူးယောက် တိုင်းမ်စ်၊ ၁၉၉၀၊ ဖေဖော်ဝါရီ ၁၈ ရက်။
“သွေး၌ ‘နတ်ဆေး’ အစွမ်းရှိသည်ဟု အစဉ်သဖြင့် မှတ်ယူခံခဲ့ရသည်” ဟု ဒေါက်တာ လူးဝစ္စ ဂျေ၊ ကီတင်းက ဂရုပြုပြောကြားခဲ့သည်။ “အဦးပိုင်း ၄၆ နှစ်အတွင်း ဆရာဝန်များနှင့် အများပြည်သူတို့က သွေးထောက်ပံ့မှုကို ပကတိအခြေအနေထက် ပို၍စိတ်ချရသည်ဟု မှတ်ယူခဲ့ကြသည်။” (ကလဲဗဲလန့် ဆရာဝန်များ ဆေးပညာဂျာနယ်၊ ၁၉၈၉၊ မေလ) ထိုစဉ်က အခြေအနေ မည်သို့ရှိခဲ့သနည်း။ ယခုအခါကော အခြေအနေ မည်သို့ရှိသနည်း။
လွန်ခဲ့သောနှစ်ပေါင်း ၃၀ ၌ပင် ရောဂါဗေဒ ပညာရှင်များနှင့် သွေးလှူဘဏ် ဝန်ထမ်းများအား ဤသို့ တရားဝင် အသိပေးခဲ့သည်– “သွေးသည် ဒိုင်းနမိုက်ဖြစ်သည်။ ကောင်းကျိုး ကြီးမားစွာ ဖြစ်စေနိုင်သကဲ့သို့ ဆိုးကျိုးလည်း ကြီးမားစွာ ဖြစ်စေနိုင်သည်။ သွေးသွင်းခြင်းကြောင့် သေဆုံးရသည့်နှုန်းသည် အီသာမေ့ဆေးပေးခြင်း သို့မဟုတ် အူအတက် ခွဲစိတ်ဖြတ်တောက်ကုသမှုကြောင့် သေဆုံးရသည့်နှုန်းနှင့် ညီမျှသည်။ သွေးသွင်းမှု ၁,၀၀၀ မှ ၃,၀၀၀ အတွင်း၊ သို့မဟုတ် ၅,၀၀၀ အတွင်း ခန့်မှန်းခြေအားဖြင့် သေဆုံးမှုတစ်မှုရှိသည်။ လန်ဒန်ဧရိယာအတွင်း သွေးပုလင်း ၁၃,၀၀၀ သွင်းတိုင်းသွင်းတိုင်း သေဆုံးမှုတစ်မှုရှိသည်ဟု သတင်းကဆိုသည်။”—နယူးယောက်ပြည်နယ် ဆေးပညာဂျာနယ်၊ ၁၉၆၀၊ ဇန်နဝါရီ ၁၅ ရက်ထုတ်။
ယခုအခါ သွေးသွင်းခြင်းကို စိတ်ချလက်ချ လက်ခံနိုင်လောက်အောင် ထိုအချိန်မှစ၍ အန္တရာယ်များကို ဖယ်ရှားနိုင်ခဲ့ပြီလော။ ရှင်းရှင်းပြောရလျှင် သွေးသွင်းခြင်းကြောင့် ဆိုးကျိုးပေးသော တုံ့ပြန်မှုပေါင်း သိန်းနှင့်ချီ၍ နှစ်စဉ် ဖြစ်ပွားနေသည့်အနက် သေဆုံးမှု များစွာရှိသည်။ အထက်မှ ဝေဖန်သုံးသပ်ချက်များကိုထောက်၍ သွေးကြောင့်ကူးစက်သည့် ရောဂါများကို သင်တွေးမိပေမည်။ ဤကဏ္ဍကို မဆန်းစစ်မီ လူအသိနည်းသော အန္တရာယ်အချို့ကို ဦးစွာသုံးသပ်ကြည့်ပါ။
သွေးနှင့် သင်၏ ကိုယ်ခံအား
၂၀ ရာစု အစောပိုင်းကာလတွင် သိပ္ပံပညာရှင်များသည် သွေး၏ အံ့သြဖွယ်ကောင်းသော နက်နဲဆန်းကြယ်မှုကို နက်နက်ရှိုင်းရှိုင်း နားလည်လာခဲ့ကြသည်။ သွေးအမျိုးအစား အမျိုးမျိုးရှိကြောင်း သိမြင်လာကြသည်။ သွေးသွင်းရာ၌ သွေးလှူရှင်၏သွေးနှင့် လူနာ၏သွေး လိုက်ဖက်ရန်မှာ အလွန်အရေးကြီးသည်။ အေအမျိုးအစား သွေးပိုင်ရှင်သည် ဘီအမျိုးအစား သွေးသွင်းမိလျှင် သွေးပျက်ပျော် တုံ့ပြန်မှု အပြင်းအထန် ဖြစ်ပေါ်နိုင်သည်။ ဤတုံ့ပြန်မှုသည် ထိုသူ၏ သွေးဆဲလ်နီ အမြောက်အမြားကို ပျက်စီးစေနိုင်သဖြင့် ထိုသူအား လျင်မြန်စွာ သေဆုံးစေနိုင်ပေသည်။ ယခုအခါ သွေးအမျိုးအစား ခွဲခြားခြင်းနှင့် လိုက်ဖက်အောင် ရောစပ်ခြင်းသည် ပုံမှန် လုပ်ရိုးလုပ်စဉ် လုပ်ငန်း ဖြစ်နေသော်လည်း အမှားများ မကြာမကြာ ဖြစ်ပေါ်လျက်ရှိသည်။ သွေးပျက်ပျော် တုံ့ပြန်မှုများဖြင့် နှစ်စဉ် လူများ သေဆုံးလျက်ရှိကြသည်။
သွေးတစ်မျိုးနှင့်တစ်မျိုး မတည့်သည့်ပြဿနာမှာ ဆေးရုံများက လိုက်ဖက်အောင် ကြိုးစားလုပ်ဆောင်နေကြသည့် သွေးအမျိုးအစား အနည်းအကျဉ်းလောက်သာမကဘဲ များစွာကျယ်ဝန်းကြောင်း ဖြစ်ရပ်မှန်များက ပြဆိုလျက်ရှိပေသည်။ အဘယ်ကြောင့်နည်း။ ဒေါက်တာ ဒေါက်ဂလပ်စ် အိတ်ချ်၊ ပိုဆေး၊ ဂျူနီယာက သူရေးသားသည့် “အသုံးပြုခြင်း၊ အလွဲသုံးခြင်းနှင့် ဘေးအန္တရာယ်များ” ဆောင်းပါးတွင် ဤသို့ရေးသားထားသည်– “လွန်ခဲ့သောနှစ်ပေါင်း ၃၀ နီးပါးခန့်က ဆမ္ပဆင်က သွေးသွင်းခြင်းကို အတော်အတန် အန္တရာယ်ကြီးမားသော လုပ်ထုံးလုပ်နည်းတစ်ခုအဖြစ် ထုတ်ဖော်ပြောဆိုခဲ့သည်။ . . . [ထိုအချိန်မှစ၍] သွေးဆဲလ်နီ ပဋိပစ္စည်းလှုံ့ အနည်းဆုံး ၄၀၀ နှင့် ယင်းတို့၏ ဝိသေသလက္ခဏာများကို ထပ်မံ ဖော်ထုတ်နိုင်ခဲ့သည်။ သွေးဆဲလ်နီအမြှေးသည် အလွန့်အလွန် ရှုပ်ထွေးသည်ဖြစ်ရာ ထိုအရေအတွက်သည် ဆက်လက် တိုးပွားနေဦးမည်ဖြစ်သည်။”—အမျိုးသား ဆရာဝန်များအသင်း ဂျာနယ်၊ ၁၉၈၉၊ ဇူလိုင်လ။
ယခုအခါ သိပ္ပံပညာရှင်များသည် သွင်းလိုက်သည့်သွေးက ကိုယ်ခံအားအဖွဲ့အပေါ် သက်ရောက်သည့်အကျိုးကို လေ့လာနေကြသည်။ ယင်းသည် သင့်အဖို့ သို့မဟုတ် ခွဲစိတ်ကုသရန် လိုအပ်နေသည့် သင့်ဆွေမျိုးတစ်ဦးအဖို့ အဘယ်အဓိပ္ပာယ် ရှိနိုင်သနည်း။
ဆရာဝန်များက နှလုံး၊ အသည်း၊ သို့မဟုတ် အခြား ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုခု အစားထိုးကုသသည့်အခါ၌ အစားထိုးကုသခံရသူ၏ ကိုယ်ခံအားအဖွဲ့က ၎င်းအင်္ဂါကို ပြင်ပမျိုးခြားတစ်သျှူးအဖြစ် သိမှတ်ပြီး ပယ်ချကောင်း ပယ်ချပေမည်။ သို့သော်၊ သွေးသွင်းခြင်းသည် တစ်သျှူး အစားထိုးကုသခြင်းပင်ဖြစ်သည်။ လိုက်ဖက်အောင် “ကျကျနန” ရောစပ်ထားသည့် သွေးကိုယ်နှိုက်ပင် ကိုယ်ခံအားအဖွဲ့ကို ဖိနှိမ်ထားနိုင်သည်။ ရောဂါဗေဒ ပညာရှင်များဆိုင်ရာ ညီလာခံတစ်ရပ်တွင် ဆေးဘက်ဆိုင်ရာစာတမ်း ရာပေါင်းများစွာက “သွေးသွင်းခြင်းနှင့် ကိုယ်ခံအားအဖွဲ့ တုံ့ပြန်မှုများ ဆက်နွှယ်မှုရှိကြောင်း” ထောက်ပြခဲ့ကြသည်။—“သွေးသွင်းခြင်းကို ဆန့်ကျင်သည့်အမှု၊” ဆေးဘက်ဆိုင်ရာ ကမ္ဘာ့သတင်း၊ ၁၉၈၉၊ ဒီဇင်ဘာလ ၁၁ ရက်။
သင့်ကိုယ်ခံအားအဖွဲ့၏ အဓိက လုပ်ငန်းတာဝန်တစ်ရပ်မှာ အန္တရာယ်ပေးနိုင်သော (ကင်ဆာ) ဆဲလ်များကို ရှာဖွေ၍ ဖျက်ဆီးပစ်ခြင်းဖြစ်သည်။ ဖိနှိမ်ခံရသည့် ကိုယ်ခံအားသည် ကင်ဆာရောဂါနှင့် သေဆုံးခြင်းတို့ကို ဖြစ်စေနိုင်သလော။ သတင်းနှစ်ပုဒ်ကို ဂရုပြုပါ။
ကင်ဆာ ဂျာနယ် (၁၉၈၇၊ ဖေဖော်ဝါရီလ ၁၅ ရက်) က နယ်သာလန်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ရပ်၏ ရလဒ်များကို ဤသို့ဖော်ပြထားသည်– “အူမကင်ဆာဖြစ်နေသည့် လူနာများတွင် သွေးသွင်းခြင်းသည် ရေရှည်အသက်ရှင်ရေးအပေါ် သိသိသာသာ ဆိုးကျိုးသက်ရောက်သည်ကို တွေ့ရှိရသည်။ ၎င်းအုပ်စုတွင် နောက်ထပ် ၅-နှစ်အသက်ရှင်နိုင်သူမှာ သွေးသွင်းခြင်းကို လက်ခံသူများတွင် ၄၈ ရာခိုင်နှုန်းနှင့် သွေးမသွင်းသည့်လူနာတွင် ၇၄ ရာခိုင်နှုန်းရှိသည်ကို တွေ့ရသည်။” တောင်ပိုင်း ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ဆရာဝန်များက ကင်ဆာရောဂါ ခွဲစိတ်ကုသမှု ခံယူခဲ့ကြသည့် လူနာတစ်ရာကို ဆက်လက်လေ့လာခဲ့ကြသည်။ “လည်ချောင်းကင်ဆာရောဂါ ဖြစ်ပွားသူအားလုံးအနက် ရောဂါပြန်လည်ဖြစ်ပွားနှုန်းမှာ သွေးမသွင်းသူတို့တွင် ၁၄ ရာခိုင်နှုန်းနှင့် သွေးသွင်းသူတို့တွင် ၆၅ ရာခိုင်နှုန်း အသီးသီးရှိကြသည်။ ခံတွင်း၊ လည်ချောင်း၊ နှာခေါင်း သို့မဟုတ် နှာခေါင်းလှိုင် ကင်ဆာဖြစ်ပွားသူတို့တွင် ရောဂါပြန်လည်ဖြစ်ပွားနှုန်းမှာ သွေးမသွင်းသူတို့အနက် ၃၁ ရာခိုင်နှုန်းနှင့် သွေးသွင်းသူတို့အနက် ၇၁ ရာခိုင်နှုန်း အသီးသီးရှိကြသည်။”—နား၊ နှာခေါင်းနှင့် လည်ချောင်းရောဂါပညာ နှစ်အလိုက်မှတ်တမ်း၊ ၁၉၈၉၊ မတ်လ။
သွေးသွင်းခြင်းနှင့်ပတ်သက်၍ ထိုကဲ့သို့သော လေ့လာမှုများက ဘာကိုညွှန်ပြနေသနည်း။ “သွေးသွင်းခြင်းနှင့် ကင်ဆာရောဂါ ခွဲစိတ်ကုသမှု” ဆောင်းပါးတွင် ဒေါက်တာ ဂျွန် အက်စ်၊ စပရတ်က ဤသို့ကောက်ချက်ချထားသည်– “ကင်ဆာရောဂါ ခွဲစိတ်ကုဆရာဝန်သည် သွေးမဲ့ ခွဲစိတ်ကုဆရာဝန် ဖြစ်ရန် လိုအပ်ဖွယ်ရှိသည်။”—အမေရိကန် ခွဲစိတ်ကုသမှု ဂျာနယ်၊ ၁၉၈၆၊ စက်တင်ဘာလ။
သင့်ကိုယ်ခံအားအဖွဲ့၏ အဓိက လုပ်ငန်းတာဝန် နောက်တစ်ရပ်မှာ ရောဂါကူးစက်မှုကို ခုခံကာကွယ်ခြင်းဖြစ်သည်။ ထို့ကြောင့် သွေးသွင်းခြင်းလက်ခံသော လူနာများသည် ရောဂါကူးစက်ခံရ လွယ်ကူသည်ကို တွေ့ရကြောင်း အချို့သော လေ့လာချက်များက ပြဆိုသည်ကို နားလည်နိုင်ပေသည်။ ဒေါက်တာ ပီ၊ အိုင်၊ တတ္တာက အူမကြီး ခွဲစိတ်ကုသမှုကို လေ့လာခဲ့သည်။ သွေးသွင်းသည့်လူနာ ၂၅ ရာခိုင်နှုန်း၌ ရောဂါကူးစက်မှုဖြစ်ပွား၍ သွေးမသွင်းသူတို့တွင် ၄ ရာခိုင်နှုန်းသာ ရောဂါကူးစက်မှုရှိသည်။ သူက ဤသို့ ရေးသားဖော်ပြသည်– “ခွဲစိတ်ကုသမှု မပြုမီ၊ ပြုနေစဉ်၊ ပြုပြီးနောက် သွေးသွင်းခြင်းသည် ကူးစက်မှုကြောင့် ထပ်တိုးလာသော ရောဂါသစ်များနှင့် ဆက်နွှယ်မှုရှိသည်။ . . . ခွဲစိတ်ကုသပြီးနောက် သွင်းပေးသည့်သွေးယူနစ် အရေအတွက်နှင့်အမျှ ရောဂါကူးစက်မှု တရွေ့ရွေ့ တိုးပွားလာသည်။” (ဗြိတိသျှ ခွဲစိတ်ကုသမှု ဂျာနယ်၊ ၁၉၈၈၊ ဩဂုတ်လ) ၁၉၈၉ ခုနှစ် အမေရိကန် သွေးလှူဘဏ်များအသင်း အစည်းအဝေးတစ်ရပ်ကို တက်ရောက်ခဲ့ကြသူတို့သည် ဤအချက်ကို သိရှိခဲ့ကြသည်– တင်ပါးဆုံရိုး အစားထိုးခွဲစိတ်လဲလှယ်စဉ် သွေးလှူရှင်ထံမှ သွေးလက်ခံခဲ့သူ ၂၃ ရာခိုင်နှုန်းသည် ရောဂါကူးစက်မှု ဖြစ်ပွားကြသော်လည်း သွေးမသွင်းသူတို့တွင် ရောဂါကူးစက်မှု လုံးဝမရှိကြချေ။
ဒေါက်တာ ဂျွန် အေ၊ ကောလင်းစ်က သွေးသွင်းခြင်း၏ ဤအကျိုးဆက်နှင့်စပ်လျဉ်း၍ ဤသို့ရေးသားခဲ့သည်– “အကျိုးနပ်သောအရာတစ်ခုကို ပြီးမြောက်စေသည့် အထောက်အထား ခိုင်ခိုင်မာမာ မရှိသည့် ‘ကုသမှု’ တစ်မျိုးသည် ထိုသို့သောလူနာများ ရင်ဆိုင်နေရသည့် အဓိက ပြဿနာများအနက်မှ တစ်ခုခုကို ပို၍ ဆိုးရွားပြင်းထန်စေကြောင်း နောက်ပိုင်းတွင် တွေ့ရှိရလျှင် အလွန်တရာပင် သရော်ရာကျပေသည်။”—ကမ္ဘာ့ ခွဲစိတ်ကုသမှု ဂျာနယ်၊ ၁၉၈၇၊ ဖေဖော်ဝါရီလ။
ရောဂါကင်းရှင်းသလော၊ ဘေးအန္တရာယ် တင်းကျမ်းပြည့်နေသလော
သွေးမှတစ်ဆင့် ကူးစက်သည့်ရောဂါက တာဝန်သိသော ဆရာဝန်များနှင့် လူနာအများကို စိုးရိမ်သောက ပွားစေသည်။ အဘယ်ရောဂါနည်း။ ရှင်းရှင်းပြောရလျှင်၊ ရောဂါတစ်မျိုးတည်း ကန့်သတ်၍မရနိုင်ပေ။ သွေးမှတစ်ဆင့် ကူးစက်နိုင်သည့်ရောဂါ များပြားလှပေသည်။
သွေးသွင်းခြင်း နည်းနိဿယများ (၁၉၈၂ ခုနှစ်) စာအုပ်က လူတကာသိသော ရောဂါများအကြောင်း ဆွေးနွေးပြီးနောက် ဆစ်ဖလစ် ကာလသားရောဂါ၊ ဆိုင်တိုမီဂလိုဗိုင်းရပ်စ် ကူးစက်နာနှင့် ငှက်ဖျားရောဂါ ကဲ့သို့သော “သွေးသွင်းခြင်းနှင့် ဆက်နွှယ်သည့် အခြား ကူးစက်ရောဂါများအကြောင်း” ဆက်လက်ဖော်ပြထားသည်။ ထို့နောက် ဤသို့ဆက်၍ဆို၏– “ရေယုန်ဗိုင်းရပ်စ် ကူးစက်နာများ၊ ကူးစက်တတ်သော ဧကနယူကလီယ ဆဲလ်တိုးခြင်း (အက်ပ်စတိန်း-ဘားရ် ဗိုင်းရပ်စ်)၊ တော်ဆိုပလာစမာ ပိုးစွဲနာ၊ ထရီပါနိုဆိုမီယာ ပိုးစွဲနာ [အာဖရိက အိပ်နာနှင့် ရှာဂါရောဂါ]၊ လီရှမာနီယာ ပိုးစွဲနာ၊ ဗရူဆယ်လာ ပိုးစွဲနာ [တက်ဖျားကျဖျား]၊ တိုက်ဖတ် အဖျားရောဂါ၊ ဖီလာရီယာ သန်စွဲနာ [ဆင်ကြီးရောဂါ]၊ ဝက်သက်ရောဂါ၊ ဆာမွန်နယ်လာ ပိုးစွဲနာ [ပါရာတိုက်ဖွိုက် အဖျားရောဂါ] နှင့် ကော်လိုရာဒို မွှားစွဲအဖျားရောဂါများ အပါအဝင် အခြားသော ရောဂါအချို့တို့သည်လည်း သွေးသွင်းခြင်းမှတစ်ဆင့် ကူးစက်တတ်သည်ဟု သတင်းရရှိသည်။”
အမှန်ဆိုလျှင် ထိုသို့သောရောဂါများ၏ စာရင်းသည် တိုးပွားလျက်ရှိသည်။ “လိုင်းမ်ရောဂါသည် သွေးသွင်းခြင်းမှ ကူးစက်သလော။ ဖြစ်နိုင်ခြေ မရှိသော်လည်း ကျွမ်းကျင်သူများက သတိနှင့်စောင့်ကြည့်နေကြသည်” ကဲ့သို့သော သတင်းခေါင်းစီးမျိုးကို ဖတ်မိကောင်း ဖတ်မိပေမည်။ လိုင်းမ်ရောဂါရှိသည်ဟု စစ်ဆေးတွေ့ရှိသူ တစ်ဦးထံမှသွေးသည် မည်မျှ စိတ်ချရသနည်း။ ထိုသို့သောသွေးကို လက်ခံမည်လောဟု ကျန်းမာရေး အရာရှိများအဖွဲ့အား မေးမြန်းကြည့်ခဲ့သည်။ “ထိုသူတို့အားလုံးက လက်မခံပါဟု ဖြေကြားကြသော်လည်း ထိုသို့သော သွေးလှူရှင်များထံမှသွေးကို စွန့်ပစ်ရန် တစ်ယောက်ကမျှ အကြံပြုထောက်ခံခြင်း မပြုခဲ့ကြချေ။” ကျွမ်းကျင်သူများကိုယ်နှိုက်က လက်မခံသည့် သွေးဘဏ်မှသွေးကို ပြည်သူလူထုက မည်သို့ သဘောထားရမည်နည်း။—နယူးယောက်တိုင်းမ်စ်၊ ၁၉၈၉၊ ဇူလိုင်လ ၁၈ ရက်။
စိုးရိမ်ပူပန်ရသည့် ဒုတိယအကြောင်းတရားမှာ ရောဂါအချို့ အဖြစ်များသော ဒေသတစ်ခုမှ စုဆောင်းရရှိသည့်သွေးကို ထိုရောဂါအန္တရာယ်အကြောင်း ပြည်သူလူထုလည်းမသိ၊ ဆရာဝန်များလည်းမသိသော ဝေးလံသည့်ဒေသများတွင် အသုံးပြုခြင်းပင်ဖြစ်သည်။ ဒုက္ခသည်များနှင့် အခြေစိုက် ပြောင်းရွှေ့နေထိုင်သူများ အပါအဝင် ခရီးသွားလာမှု တိုးပွားလျက်ရှိသော ယခုခေတ်မျိုးတွင် သွေးမှထုတ်လုပ်သည့် ဆေးပစ္စည်းများတွင် ရောဂါဆန်းများ ပါရှိနိုင်သည့် ဘေးအန္တရာယ်မှာလည်း တိုးပွားလျက်ရှိသည်။
ထို့ပြင်၊ ကူးစက်ရောဂါဆိုင်ရာ ပါရဂူတစ်ဦးက ဤသို့ သတိပေးခဲ့သည်– “သွေးထောက်ပံ့ပေးသွင်းရာ ဌာနများအနေနှင့် သွေးကင်ဆာ၊ ပြန်ရည်ဂလင်းကင်ဆာနှင့် စိတ်ဖောက်ပြန်မှု [သို့မဟုတ် အယ်လ်ဇိုင်းမား ရောဂါ] များအပါအဝင် ယခင်က ကူးစက်ရောဂါအဖြစ် ယူဆခြင်းမရှိခဲ့သည့် ရောဂါအချို့၏ ကူးစက်ခြင်းမှကာကွယ်ရန် သွေးကို သေချာ စစ်ဆေးသင့်သည်။”—သွေးသွင်းခြင်း ဆေးပညာ ရီဗျူး၊ ၁၉၈၉၊ ဇန်နဝါရီလ။
ဤဘေးအန္တရာယ်များသည် ကျောစိမ့်ဖွယ်ကောင်းသော်လည်း အခြားဘေးအန္တရာယ်များသည် ထိုထက်ပင် ကြောက်စရာကောင်းပေသည်။
အေအိုင်ဒီအက်စ် ကပ်ရောဂါ
“အေအိုင်ဒီအက်စ်ရောဂါသည် သွေးနှင့်ပတ်သက်၍ ဆရာဝန်များနှင့် လူနာများ၏ စဉ်းစားပုံကို ထာဝစဉ် ပြောင်းလဲပစ်လိုက်ပြီ။ ဤကား ကောင်းသော ပြောင်းလဲမှုဖြစ်သည်ဟု အမျိုးသား ကျန်းမာရေးအဖွဲ့၊ သွေးသွင်းခြင်းဆိုင်ရာ ညီလာခံတစ်ရပ်ကို တက်ရောက်ခဲ့ကြသည့် ဆရာဝန်များက ပြောဆိုကြသည်။”—ဝါရှင်တန်ပို့စ်၊ ၁၉၈၈၊ ဇူလိုင်လ ၅ ရက်။
အေအိုင်ဒီအက်စ် (ကိုယ်ခံအားကျ ကူးစက်ရောဂါ) ကပ်ရောဂါက သွေးမှတစ်ဆင့် ကူးစက်ရောဂါ ရနိုင်သည့်အန္တရာယ်ကို လူတို့အား အငြိုးကြီးစွာနှင့် သတိပြုမိစေသည်။ သန်းပေါင်းများစွာသော သူတို့သည် ယခုအခါ ဤရောဂါ ကူးစက်ခံနေရသည်။ ဤရောဂါသည် ထိန်းမနိုင်သည့်နှုန်းဖြင့် ပြန့်ပွားလျက်ရှိသည်။ ယင်းရောဂါ၏ သေဆုံးမှုနှုန်းမှာ ၁၀၀ ရာခိုင်နှုန်းနီးပါရှိသည်။
အေအိုင်ဒီအက်စ်ရောဂါမှာ လူ့ကိုယ်ခံစွမ်းအား ကျဆင်းစေသော ဗိုင်းရပ်စ် (အိတ်ချ်အိုင်ဗွီ) ကြောင့်ဖြစ်ပွားသည်၊ ဤဗိုင်းရပ်စ်သည် သွေးမှတစ်ဆင့် ကူးစက်ပြန့်ပွားနိုင်သည်။ မျက်မှောက်ခေတ် အေအိုင်ဒီအက်စ် ကပ်ရောဂါသည် ၁၉၈၁ ခုနှစ်တွင် ပေါ်လာသည်။ နောက်တစ်နှစ်တွင် ၎င်းဗိုင်းရပ်စ်သည် သွေးမှထုတ်လုပ်သည့် ဆေးပစ္စည်းများမှတစ်ဆင့် ပြန့်ပွားနိုင်ဖွယ်ရှိကြောင်း ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများက သိရှိလာကြသည်။ အိတ်ချ်အိုင်ဗွီ ပဋိပစ္စည်းများ ပါရှိသည့်သွေးကို စစ်ဆေးဖော်ထုတ်နိုင်သည့် စမ်းသပ်နည်းများ ပေါ်လာပြီးနောက်၌ပင် သွေးလုပ်ငန်းဘက်မှ တုံ့ပြန်ဆောင်ရွက်မှု နှေးကွေးခဲ့ကြောင်း ယခုအခါ ဝန်ခံလာကြသည်။ သွေးလှူရှင်များ၏သွေး စစ်ဆေးခြင်းကို နောက်ဆုံးတွင် ၁၉၈၅ ခုနှစ်တွင် စတင်ခဲ့သည်၊a သို့ရာတွင် ထိုအချိန်၌ သွေးမှထုတ်လုပ်ပြီးသော ဆေးပစ္စည်းများကို ဤနည်းဖြင့် စစ်ဆေးခြင်း မပြုခဲ့ကြချေ။
၎င်းနောက်ပိုင်းတွင် ‘သွေးထောက်ပံ့ပေးသွင်းမှုသည် ယခုအခါ စိတ်ချရပါပြီ’ ဟု အများပြည်သူတို့အား အခိုင်အမာ ပြောကြားခဲ့သည်။ သို့ရာတွင်၊ နောက်ပိုင်း၌ အေအိုင်ဒီအက်စ်ရောဂါ၌ အန္တရာယ်ပေးသည့် “ရောဂါလက္ခဏာ မပြသေးသောကာလ” တစ်ခုရှိကြောင်း တွေ့ရှိလာကြသည်။ လူတစ်ဦးသည် ဤရောဂါပိုးကူးစက်ခံရပြီးနောက် လအတန်ကြာပြီးမှသာ စစ်ဆေးတွေ့ရှိနိုင်သော ပဋိပစ္စည်းများကို ထုတ်လုပ်သည်။ မိမိ၌ ဗိုင်းရပ်စ်ပိုးရှိမှန်း မသိသောကြောင့် ထိုသူသည် ရောဂါပိုးမရှိကြောင်း စစ်ဆေးတွေ့ရှိသော မိမိ၏သွေးကို လှူခဲ့ပေမည်။ ဤအတိုင်းလည်း ဖြစ်ခဲ့ပေသည်။ လူအချို့သည် စစ်ဆေးပြီးသောသွေးကို သွင်းမိပြီးနောက် အေအိုင်ဒီအက်စ်ရောဂါ ရရှိလာကြသည်။
အခြေအနေမှာ ထိုထက်ပင် ထိတ်လန့်စရာကောင်းလှသည်။ အင်္ဂလန် ဆေးပညာ ဂျာနယ်သစ် (၁၉၈၉၊ ဇွန်လ ၁ ရက်) ၌ “အိတ်ချ်အိုင်ဗွီ တိတ်တဆိတ် ကူးစက်မှု” အကြောင်း ရေးသားဖော်ပြခဲ့သည်။ လောလောဆယ် အသုံးပြုနေသည့် သွယ်ဝိုက်သော စမ်းသပ်စစ်ဆေးနည်းများဖြင့် မသိရှိနိုင်ဘဲ လူတို့သည် အေအိုင်ဒီအက်စ် ဗိုင်းရပ်စ်ပိုးကို နှစ်နှင့်ချီ၍ သယ်ဆောင်ထားနိုင်ကြောင်း အခိုင်အမာ သက်သေပြနိုင်ခဲ့သည်။ အချို့က ဤကိစ္စမျိုးသည် ဖြစ်ခေါင့်ဖြစ်ခဲသော ကိစ္စမျိုးဖြစ်သည်ဟုဆိုကာ ယင်း၏အရေးကြီးမှုကို သိမ်ငယ်အောင် ပြုလိုကြသော်လည်း “သွေးနှင့် သွေးအစိတ်အပိုင်းတို့မှတစ်ဆင့် အေအိုင်ဒီအက်စ်ရောဂါ ကူးစက်နိုင်သည့်အန္တရာယ်ကို လုံးလုံး ဖယ်ထုတ်၍မရနိုင်ကြောင်း” ထိုဖြစ်ရပ်များက သက်သေပြသည်။ (လူနာ ပြုစုစောင့်ရှောက်မှု၊ ၁၉၈၉၊ နိုဝင်ဘာလ ၃၀ ရက်) စိုးရိမ်စရာကောင်းသော ကောက်ချက်မှာ ရောဂါပိုးမရှိဟူသော ဆေးစစ်ချက်ကို ရောဂါကင်းရှင်းသည်ဟူသော ဆရာဝန်၏ ဆေးစာအဖြစ် အဓိပ္ပာယ်ကောက်၍ မရနိုင်ခြင်းပင်ဖြစ်သည်။ သွေးသွင်းခြင်းမှ အေအိုင်ဒီအက်စ်ရောဂါ နောက်ထပ် ရရှိလာမည့်သူများ မည်မျှ ရှိဦးမည်နည်း။
ခြေသံ နောက်တစ်ချက်တည်းလော၊ များများ ထပ်လာဦးမည်လော
တိုက်ခန်းများတွင် နေထိုင်သူအများသည် အပေါ်ထပ်ကြမ်းပြင်မှ ခြေသံပြင်းပြင်းကို ကြားဖူးပေမည်။ သို့နှင့် သူတို့သည် ထပ်လာနိုင်သည့် ခြေသံကို ရင်တထိတ်ထိတ်နှင့် စောင့်စားနေပေမည်။ သွေးနှင့်ပတ်သက်သည့် အကျပ်အတည်း၌လည်း သေမင်းတမန် ခြေသံ မည်မျှများများ ထပ်ကြားရဦးမည်ကို မည်သူမျှ မသိချေ။
အေအိုင်ဒီအက်စ် ဗိုင်းရပ်စ်ပိုးကို အိတ်ချ်အိုင်ဗွီဟု အမည်ပေးခဲ့ကြသော်လည်း ကျွမ်းကျင်သူပညာရှင်အချို့က ယင်းကို အိတ်ချ်အိုင်ဗွီ-၁ ဟု သတ်မှတ်လာကြသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ အေအိုင်ဒီအက်စ် ဗိုင်းရပ်စ် အမျိုးအစား (အိတ်ချ်အိုင်ဗွီ-၂) နောက်တစ်မျိုးကိုတွေ့ရှိလာ၍ဖြစ်သည်။ ၎င်းဗိုင်းရပ်စ်သည် အေအိုင်ဒီအက်စ် ရောဂါလက္ခဏာများကို ဖြစ်ပွားစေနိုင်သည့်အပြင် အချို့ဒေသများတွင် ပျံ့နှံ့လျက်ရှိနေသည်။ ၎င်းအပြင်၊ “ဤနိုင်ငံ၌ ယခု အသုံးပြုလျက်ရှိသည့် အေအိုင်ဒီအက်စ်ရောဂါ စစ်ဆေးနည်းများဖြင့် ယင်းရောဂါပိုးကို အစဉ်သဖြင့် ရှာဖွေတွေ့ရှိနိုင်ခြင်းမရှိ” ဟူ၍ နယူးယောက်တိုင်းမ်စ် က ရေးသားဖော်ပြသည်။ (၁၉၈၉၊ ဇွန်လ ၂၇ ရက်) “အသစ်သော တွေ့ရှိချက်များက . . . လှူဒါန်းသည့်သွေး၏ စိတ်ချရမှုနှင့်ပတ်သက်၍ သွေးလှူဘဏ်များအနေဖြင့် အသေအချာပြောရန် ပို၍ခက်ခဲစေသည်။”
အေအိုင်ဒီအက်စ် ဗိုင်းရပ်စ်ပိုးနှင့် ဆက်နွှယ်မှု မနီးစပ်သော ဗိုင်းရပ်စ်ပိုးများနှင့်ပတ်သက်၍ မည်သို့ဆိုစရာရှိသနည်း။ ထိုသို့သော ဗိုင်းရပ်စ်ပိုးတစ်မျိုးသည် “အရွယ်ရောက် တီ-ဆဲလ် သွေးကင်ဆာ/ ပြန်ရည်ဂလင်း ကင်ဆာနှင့် နဗ်ကြောဆိုင်ရာ ရောဂါပြင်းတစ်မျိုးတို့ကို ဖြစ်ပွားစေသည့် အကြောင်းတရားဖြစ်သည်ဟု ယုံကြည်လက်ခံထားသည်” ဟု (အမေရိကန်ပြည်ထောင်စု) သမ္မတက ဖွဲ့စည်းတာဝန်ပေးသည့် ကော်မရှင်တစ်ရပ်ကဆိုသည်။ ဤဗိုင်းရပ်စ်ပိုးသည် သွေးလှူရှင်များ၏ သွေးထဲ၌ ပါရှိနေပြီးဖြစ်သဖြင့် သွေးသွင်းခြင်းဖြင့် ပြန့်ပွားသွားနိုင်သည်။ ပြည်သူတို့အနေဖြင့် “ထိုကဲ့သို့သော အခြားဗိုင်းရပ်စ်ပိုးများကို စစ်ဆေးသည့် သွေးလှူဘဏ်များသည် မည်မျှထိရောက်မှု ရှိသနည်း” ဟူ၍ စူးစမ်းပိုင်ခွင့် ရှိပေသည်။
အမှန်အားဖြင့်၊ ထောက်ပံ့ပေးသွင်းသည့် သွေးထဲတွင် ကူးစက်နိုင်သည့် ဗိုင်းရပ်စ်ပိုးများ မည်မျှချောင်းမြောင်းနေသည်ကို အချိန်ကသာ ဖော်ထုတ်ပေးလိမ့်မည်ဖြစ်သည်။ “မသိရသေးသည့် အကြောင်းတရားများသည် သိပြီးသား အကြောင်းတရားများထက် ပို၍ စိုးရိမ်ဖွယ်ရာ ဖြစ်နိုင်သည်” ဟူ၍ ဒေါက်တာ ဟယ်ရယ်ဒ် တီ၊ မေရီမင်းက ရေးသားခဲ့သည်။ “ရောဂါပျိုးချိန် နှစ်ပေါင်းများစွာကြာသည့် ကူးစက်တတ်သော ဗိုင်းရပ်စ်ပိုးများကို သွေးသွင်းခြင်းနှင့် ဆက်စပ်ရန်မှာ ခက်ခဲပေလိမ့်မည်၊ ယင်းတို့ကို ရှာဖွေတွေ့ရှိရန်မှာ ပို၍ပင် ခက်ခဲပေလိမ့်မည်။ အိတ်ချ်တီအယ်လ်ဗီ အုပ်စုသည် ပထမဦးဆုံး ပေါ်ထွက်လာသည့် ဤဗိုင်းရပ်စ်အုပ်စုမျှသာ ဖြစ်သည်။” (သွေးသွင်းခြင်း ဆေးပညာ ပြန်လည်သုံးသပ်ချက်၊ ၁၉၈၉၊ ဇူလိုင်လ) “အေအိုင်ဒီအက်စ် ကပ်ရောဂါဘေးကြီး မွှေနှောက်ဒုက္ခပေးသည်ကို အားမရသည့်နှယ် . . . ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း သွေးသွင်းခြင်းနှင့်စပ်လျဉ်းသည့် အသစ်အသစ်သော ဘေးအန္တရာယ်များကို တွေ့ရှိလာကြသည်။ အခြားအခြားသော စိုးရိမ်ရသည့် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသောရောဂါများ ရှိနေသည့်အပြင် ၎င်းတို့သည် မျိုးတူသွေး သွင်းခြင်းဖြင့် ကူးစက်လျက်ရှိကြောင်း ခန့်မှန်းသိရှိရန် စိတ်ကူးစိတ်သန်းကောင်းကောင်း ရှိရန်ပင်မလိုပေ။”—မျိုးတူသွေး ထိတွေ့မှုကို ကန့်သတ်ခြင်း– အခြားရွေးချယ်စရာ မဟာဗျူဟာများ၊ ၁၉၈၉ ခုနှစ်။
“ခြေသံပြင်း” အများအပြား ကြားလာရပြီဖြစ်သဖြင့် အမေရိကန် ရောဂါထိန်းချုပ်ရေး ဗဟိုအဖွဲ့က “တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကြိုတင်ကာကွယ်မှု” ပြုလုပ်ရန်ပင် အကြံပြုလာသည်။ ဆိုလိုသည်မှာ “ကျန်းမာရေးစောင့်ရှောက်သည့် လုပ်သားများအနေဖြင့် လူနာအားလုံးကို အိတ်ချ်အိုင်ဗွီနှင့် သွေးကြောင့်ဖြစ်ပွားသော အခြားရောဂါများ ကူးစက်ထားသူများအဖြစ် ယူဆသင့်သည်” ဟူသည့်သဘောဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေးစောင့်ရှောက်သည့် လုပ်သားများနှင့် ပြည်သူလူထုတို့အနေဖြင့် သွေးနှင့်ပတ်သက်သော ၎င်းတို့၏ အမြင်သဘောထားကို ပြန်လည်သုံးသပ်ရန် ခိုင်လုံသောအကြောင်း ရှိပေသည်။
[အောက်ခြေမှတ်ချက်များ]
a သွေးအားလုံးကို စစ်ဆေးသည်ဟု ကျွန်ုပ်တို့ မယူဆနိုင်ပါ။ သာဓကအားဖြင့်၊ ၁၉၈၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဘရာဇီးနိုင်ငံ၏ သွေးလှူဘဏ်များအနက် ၈၀ ရာခိုင်နှုန်းခန့်သည် အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် မရှိသကဲ့သို့ အေအိုင်ဒီအက်စ်ပိုး စစ်ဆေးခြင်းလည်း မရှိခဲ့ချေ။
[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်]
“ခန့်မှန်းခြေအားဖြင့် သွေးသွင်းခြင်းအကြိမ် ၁၀၀ တွင် ၁ ကြိမ်သည် အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း သို့မဟုတ် အင်ပျဉ်ထခြင်းပါ ဖြစ်တတ်သည်။ . . . ခန့်မှန်းခြေအားဖြင့် သွေးနီဥသွင်းခြင်းအကြိမ် ၆,၀၀၀ တွင် ၁ ကြိမ်သည် သွေးပျက်ပျော် တုံ့ပြန်မှု ဖြစ်တတ်သည်။ ယင်းသည် ပြင်းထန်သော ကိုယ်ခံအား တုံ့ပြန်မှုဖြစ်သဖြင့် ရုတ်တရက် ပြင်းထန်စွာ ဖြစ်တတ်သကဲ့သို့ သွေးသွင်းပြီးနောက် ရက်အတန် ကြာပြီးနောက်မှလည်း ဖြစ်တတ်သည်။ [ကျောက်ကပ်] အကြီးအကျယ် ပျက်စီးခြင်း၊ သွေးလန့်ခြင်း၊ သွေးကြောတွင်း သွေးခဲခြင်းနှင့် သေဆုံးခြင်းပင် ဖြစ်တတ်သည်။”—၁၉၈၈ ခုနှစ်၊ အမေရိကန် အမျိုးသား ကျန်းမာရေးအဖွဲ့ ညီလာခံ။
[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်]
ဒိန်းမတ် သိပ္ပံပညာရှင် နီးလ်စ် ဂျာနီသည် ၁၉၈၄ ခုနှစ် ဆေးပညာ နိုဘဲလ်ဆုကို ပူးတွဲဆွတ်ခူး ရရှိခဲ့သူဖြစ်သည်။ သွေးသွင်းခြင်းကို အဘယ်ကြောင့် လက်မခံရသနည်းဟု မေးမြန်းခံရသည့်အခါ သူက “လူတစ်ဦး၏သွေးသည် ထိုသူ၏ လက်ဗွေရာနှင့်တူသည်။ တစ်ထပ်တည်း တူညီသောသွေး နှစ်မျိုးနှစ်စားဟူ၍ မရှိပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။
[စာမျက်နှာ ၁၀ ပါ လေးထောင့်ကွက်]
သွေး၊ အသည်းပျက်စီးခြင်းနှင့် . . .
“ဖြစ်ချင်တော့ သွေးမှတစ်ဆင့် ကူးစက်သည့် အေအိုင်ဒီအက်စ်ရောဂါသည် . . . မည်သည့်အခါ၌မျှ အခြားရောဂါများ—ဥပမာ၊ အသည်းရောင်ရောဂါ—လောက် ခြိမ်းခြောက်မှုအန္တရာယ် မကြီးမားပေ” ဟု ဝါရှင်တန် ပို့စ်ထ် သတင်းစာက ရှင်းပြသည်။
မှန်ပါသည်၊ သတ်သတ်မှတ်မှတ် ကုသနည်းမရှိသည့် အသည်းရောင်ရောဂါကြောင့် မြောက်မြားစွာသောသူတို့သည် အသည်းအသန် ဖျားနာ၍ သေဆုံးခဲ့ကြသည်။ ယူ.အက်စ်. သတင်းနှင့် ကမ္ဘာ့အစီရင်ခံစာ (၁၉၈၉၊ မေလ ၁ ရက်) အရ အမေရိကန်ပြည်ထောင်စုတွင် သွေးသွင်းခံရသူ ၅ ရာခိုင်နှုန်းခန့်သည် အသည်းရောင်ရောဂါ ရရှိကြသည်—တစ်နှစ်လျှင် ၁၇၅,၀၀၀ ရှိသည်။ ထက်ဝက်ခန့်သည် နာတာရှည် ရောဂါသယ်ဆောင်သူများ ဖြစ်လာကြပြီး အနည်းဆုံး ၅ ယောက်တွင် ၁ ယောက်၌ အသည်းကြွပ်ရောဂါ သို့မဟုတ် အသည်းကင်ဆာ ဖြစ်လာကြသည်။ ၄,၀၀၀ ခန့်သေဆုံးသည်ဟု ခန့်မှန်းရသည်။ ဂျမ်ဘို ဂျက်လေယာဉ်တစ်စင်း ပျက်ကျသဖြင့် လေယာဉ်ပေါ်လိုက်ပါသည့် ခရီးသည်အားလုံး သေဆုံးပါက မည်ကဲ့သို့သော သတင်းခေါင်းစီးမျိုးကို ဖတ်ရှုရမည်ကို စဉ်းစားကြည့်ပါ။ သို့သော် သေဆုံးသူ ၄,၀၀၀ သည် ခရီးသည်အပြည့် တင်ဆောင်ထားသည့် ဂျမ်ဘိုဂျက်လေယာဉ်တစ်စင်း လစဉ် ပျက်ကျသည်နှင့် တူနေပေသည်။
မပြင်းထန်လှသော အသည်းရောင်ရောဂါ (အေ အမျိုးအစား) သည် မသန့်ရှင်းသော အစားအစာနှင့် ရေတို့မှတစ်ဆင့် ပြန့်ပွားကူးစက်ကြောင်းကို ဆရာဝန်များ ကြာမြင့်စွာကတည်းက သိရှိခဲ့ကြသည်။ ထို့နောက် ပို၍ပြင်းထန်သော အမျိုးအစားတစ်မျိုး သွေးမှတစ်ဆင့် ကူးစက်ပြန့်ပွားလျက်ရှိကြောင်း တွေ့ရှိခဲ့ကြသော်လည်း ဤရောဂါ ပါရှိသည့်သွေးကို စစ်ဆေးနိုင်သည့်နည်း မရှိခဲ့ချေ။ နောက်ဆုံး၌၊ ပါရမီထူးသော သိပ္ပံပညာရှင်များက ဤဗိုင်းရပ်စ်ပိုး (ဘီ အမျိုးအစား) ၏ “ခြေရာများ” စူးစမ်းရှာဖွေနည်းကို သိရှိလာကြသည်။ ၁၉၇၀ ပြည့်လွန်နှစ်များ အစောပိုင်းသို့ရောက်သည့်အခါ အချို့သော တိုင်းပြည်များတွင် သွေးကို စတင်စစ်ဆေးလာကြသည်။ သွေးထောက်ပံ့ပေးသွင်းမှုသည် စိတ်ချရပုံပေါက်လာပြီး သွေး၏အနာဂတ်မှာလည်း တောက်ပလာပုံ ရှိခဲ့သည်။ ထိုအတိုင်း ဖြစ်ခဲ့ပါသလော။
များမကြာမီ စစ်ဆေးပြီးသောသွေးကို သွင်းခဲ့ကြသည့် ထောင်ပေါင်းများစွာသောသူတို့၌ အသည်းရောင်ရောဂါ ကူးစက်ဖြစ်ပွားလျက်ပင်ရှိကြောင်း ထင်ရှားလာခဲ့သည်။ များစွာသောသူတို့သည် အားအင်ကုန်ခန်းစေသည့် အဖျားရောဂါ ဖြစ်ပွားပြီးနောက် သူတို့၏အသည်း ပျက်စီးသွားသည်ကို သိရှိလာကြသည်။ သို့ရာတွင် သွေးကို စစ်ဆေးပြီးဖြစ်လျှင် အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း။ သွေး၌ အေ-မဟုတ်၊ ဘီ-မဟုတ်သည့် အသည်းရောင်ရောဂါပိုး (NANB) နောက်တစ်မျိုး ပါရှိနေ၍ဖြစ်သည်။ ၎င်းသည် ဆယ်နှစ်တိုင်တိုင် သွေးသွင်းခြင်းကို ဒုက္ခပေးခဲ့သည်—အစ္စရေး၊ အီတလီ၊ ဂျပန်၊ စပိန်၊ ဆွီဒင်နှင့် အမေရိကန်ပြည်ထောင်စုတို့တွင် သွေးသွင်းခဲ့သူ ၈ ရာခိုင်နှုန်းနှင့် ၁၇ ရာခိုင်နှုန်းအတွင်း ဤရောဂါ ကူးစက်ခံခဲ့ရသည်။
ထို့နောက် “နောက်ဆုံးတွင် ပဟေဠိဆန်သော အေ-မဟုတ်၊ ဘီ-မဟုတ် အသည်းရောင် ဗိုင်းရပ်စ်ပိုးကို ရွေးထုတ်လိုက်နိုင်ပြီ”၊ “သွေးထဲမှ ရောဂါတစ်မျိုးကို တိုက်ဖျက်လိုက်ပြီ” အစရှိသော သတင်းခေါင်းစီးများ ပေါ်ထွက်လာသည်။ နောက်တစ်ဖန် ထုတ်ပြန်လိုက်သည့် သတင်းစကားမှာ ‘တွေ့နိုင်ခဲသော ရောဂါပိုးကို ရှာတွေ့ပြီ’ ဖြစ်သည်။ ၁၉၈၉ ခုနှစ်၊ ဧပြီလတွင် ယခုအခါ အသည်းရောင်ရောဂါ စီ ဟုခေါ်သည့် အေ-မဟုတ်၊ ဘီ-မဟုတ် အသည်းရောင်ရောဂါကို စမ်းသပ်စစ်ဆေးနိုင်သည့်နည်း ပေါ်ထွက်ပြီဟု အများပြည်သူအား ထုတ်ဖော်အသိပေးခဲ့သည်။
ဤစိတ်သက်သာစရာသည် အချိန် စောများနေသလောဟု သင်တွေးမိပေမည်။ အမှန်ဆိုရလျှင် အီတလီ သုတေသီများက အသည်းရောင် ဗိုင်းရပ်စ်ပိုး နောက်တစ်မျိုး၊ သန္ဓေပြောင်း ဗိုင်းရပ်စ်ပိုးတစ်မျိုးကို တွေ့ရှိကြောင်း ထုတ်ဖော်ကြေညာခဲ့သည်။ အသည်းရောင်ရောဂါ သုံးပုံတစ်ပုံသည် ၎င်းဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားဖွယ်ရှိသည်။ “အသည်းရောင် ဗိုင်းရပ်စ်ပိုးများသည် အေ၊ ဘီ၊ စီ၊ ဒီ လောက်သာမကဘဲ အခြားအမျိုးအစားများ နောက်ထပ် ပေါ်ထွက်လာမည်ကို အာဏာပိုင်အချို့က စိုးရိမ်နေကြသည်” ဟူ၍ ဟားဗတ် ဆေးတက္ကသိုလ် ကျန်းမာရေး သဝဏ်လွှာ (၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ) က မှတ်ချက်ချထားသည်။ နယူးယောက် တိုင်းမ်စ် (၁၉၉၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်) က ဤသို့ဖော်ပြသည်– “အသည်းရောင်ရောဂါ ဖြစ်ပွားစေသည့် အခြားဗိုင်းရပ်စ်ပိုးများရှိကြောင်း ကျွမ်းကျင်သူပညာရှင်များက အခိုင်အမာ သံသယဖြစ်လျက်ရှိကြသည်၊ ရှာဖွေဖော်ထုတ်နိုင်လျှင် ၎င်းတို့ကို အသည်းရောင်ရောဂါ အီး၊ အက်ဖ်၊ ဂျီ အစရှိသည်ဖြင့် အမည်ပေးရပေမည်။”
သွေးလှူဘဏ်များအနေဖြင့် သွေးကို စိတ်ချလက်ချ သုံးစွဲနိုင်အောင် စမ်းသပ်စစ်ဆေးနည်းများကို ဖော်ထုတ်နိုင်ရန် ကာလရှည်လျားစွာ သုတေသနပြုရမည့်ကိန်းနှင့် ရင်ဆိုင်နေရကြသလော။ အမေရိကန် ကြက်ခြေနီအသင်း၏ ညွှန်ကြားရေးမှူးတစ်ဦးက ကုန်ကျစရိတ် ပြဿနာကို ကိုးကားတင်ပြပြီးနောက် ထိတ်လန့်ဖွယ်ကောင်းသော ဤမှတ်ချက်ကို ချခဲ့သည်– “ပြန့်ပွားနိုင်ခြေရှိသည့် ကူးစက်ရောဂါပိုး တစ်မျိုးစီအတွက် စမ်းသပ်စစ်ဆေးမှု တစ်မျိုးပြီးတစ်မျိုး ဆင့်ကာဆင့်ကာ လုပ်နိုင်မည်မဟုတ်ပါ။”—ကမ္ဘာ့ဆေးပညာသတင်း၊ ၁၉၈၉ ခုနှစ်၊ မေလ ၈ ရက်။
အသည်းရောင်ရောဂါ ဘီပိုး စမ်းသပ်စစ်ဆေးမှုပင် အမှားအယွင်းရှိနိုင်သဖြင့် လူများစွာတို့သည် သွေးမှတစ်ဆင့် ယင်းရောဂါ ကူးစက်လျက်ရှိသည်။ ထို့အပြင်၊ လူတို့သည် အသည်းရောင်ရောဂါ စီပိုးကို စမ်းသပ်စစ်ဆေးနိုင်ပြီ ဟူသောကြေညာချက်လောက်နှင့် ကျေနပ်ကြမည်လော။ ဤရောဂါ၏ ပဋိပစ္စည်းများကို စစ်ဆေးတွေ့ရှိနိုင်ရန် အချိန်တစ်နှစ် လိုအပ်နိုင်သည်ဟု အမေရိကန် ဆရာဝန်များအသင်း ဂျာနယ် (၁၉၉၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၅ ရက်) ကဖော်ပြသည်။ ထိုကာလအတွင်း ထိုသူ၏သွေး သွင်းမိသူတို့သည် အသည်းပျက်စီးခြင်းနှင့် သေဆုံးခြင်း အန္တရာယ်နှင့် ရင်ဆိုင်ရဖွယ်ရှိသည်။
[စာမျက်နှာ ၁၁ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
ရှာဂါရောဂါက သွေးသည် ရောဂါပိုးကို ဝေးလံသောဒေသရှိ လူတို့ထံ မည်သို့ သယ်ဆောင်သွားနိုင်ပုံကို သာဓကပေးသည်။ ‘လက်တင်အမေရိကရှိ ပြည်သူ ၁၀-၁၂ သန်းသည် နာတာရှည် ရောဂါကူးစက်လျက်ရှိကြောင်း’ “ဆေးပညာ ပို့စ်ထ်” (၁၉၉၀၊ ဇန်နဝါရီလ ၁၆ ရက်) က ရေးသားဖော်ပြသည်။ ဤရောဂါကို “တောင်အမေရိကတိုက်တွင် သွေးသွင်းခြင်းဆိုင်ရာ အရေးအကြီးဆုံးသော ဘေးအန္တရာယ်တစ်ခု” ဟုခေါ်ဝေါ်ခဲ့ကြသည်။ “သတ်ဖြတ်ဘတ်ပိုး” တစ်ကောင်က အိပ်ပျော်နေသည့် မိမိ၏သားကောင်ဖြစ်သူအား မျက်နှာတွင်ကိုက်၍ သွေးကိုစုပ်ပြီးနောက် အနာတွင် မစင်စွန့်ခဲ့သည်။ ထိုသားကောင်ဖြစ်သူသည် သေစေနိုင်သည့် နှလုံးဆိုင်ရာ ဆင့်ပွားရောဂါများ ဖြစ်ပေါ်မလာမီ နှစ်ပေါင်းများစွာ ရှာဂါရောဂါပိုး သယ်ဆောင်ထားသူ ဖြစ်နေနိုင်သည်။ (ထိုကာလအတွင်း သွေးလှူကောင်း လှူခဲ့ပေမည်)။
ဤကိစ္စသည် ဝေးလံသော တိုက်ကြီးများတွင် နေထိုင်ကြသည့် ပြည်သူများအတွက် အဘယ်ကြောင့် စိုးရိမ်ပူပန်စရာ ဖြစ်သင့်သနည်း။ “နယူးယောက် တိုင်းမ်စ်” (၁၉၈၉ ခုနှစ်၊ မေလ ၂၃ ရက်) ၌ ဒေါက်တာ အယ်လ်၊ ကေ၊ အောလ်မန်းက သွေးသွင်းပြီးနောက် ရှာဂါရောဂါ ရရှိကြသည့် လူနာများအနက် တစ်ဦးသေဆုံးသည့်အကြောင်း ရေးသားဖော်ပြခဲ့သည်။ အောလ်မန်းက ဤသို့ ရေးသားခဲ့သည်– “ရောဂါရှာမတွေ့သေးသည့် အခြားလူနာများလည်း ရှိနိုင်သည်၊ အဘယ်ကြောင့်ဆိုသော် [ဤမှာရှိသည့် ဆရာဝန်များက] ရှာဂါရောဂါအကြောင်း ကောင်းစွာ မသိရှိသည့်အပြင် ဤရောဂါသည် သွေးသွင်းခြင်းမှတစ်ဆင့် ပြန့်ပွားကူးစက်တတ်သည်ကိုပင် သဘောမပေါက်ကြ၍ဖြစ်သည်။” မှန်ပါသည်၊ သွေးသည် ရောဂါပိုးများ နေရာအနှံ့ ခရီးဆန့်နိုင်သည့် ယာဉ်တစ်မျိုး ဖြစ်နိုင်သည်။
[စာမျက်နှာ ၁၂ ပါ လေးထောင့်ကွက်]
ဒေါက်တာ ကနုဒ် လန့်ဒ်-အောလ်စင်က ဤသို့ရေးသားခဲ့သည်– “ရောဂါကူးစက်မှု အန္တရာယ်ကြီးမားသည့် အုပ်စုထဲမှ လူအချို့တို့သည် အေအိုင်ဒီအက်စ်ရောဂါ အလိုအလျောက် စစ်ဆေးစမ်းသပ်ခံယူပြီး ဖြစ်သည့်အတွက် သွေးလှူရှင်အဖြစ် စာရင်းပေးသွင်းတတ်သောကြောင့် သွေးသွင်းခြင်းကို လက်မခံရန် ကျွန်ုပ်၌ ခိုင်လုံသောအကြောင်းရှိသည်ဟု ယူဆရပါသည်။ ယေဟောဝါသက်သေများသည် သွေးသွင်းခြင်းကို လက်မခံသည်မှာ နှစ်ပေါင်းများစွာရှိပြီ။ သူတို့သည် အနာဂတ်ကို ကြို၍မြင်ခဲ့ကြသလော။”—“Ugeskrift for Læger” (ဆရာဝန်များ အပတ်စဉ်)၊ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်။
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
ပုပ်ရဟန်းမင်းကြီးသည် သေနတ်ပစ်ခံရသည့် ဒဏ်ရာမှ ပြန်လည် ကျန်းမာလာခဲ့သည်။ ဆေးရုံဆင်းပြီးနောက် နှစ်လကြာ ဆေးရုံပြန်တက်ခဲ့ရသည်၊ ထိုအတောအတွင်း “ဝေဒနာ အပြင်းအထန် ခံစားခဲ့ရသည်။” အဘယ်ကြောင့်နည်း။ သွင်းခံရသည့်သွေးမှ သေစေနိုင်လောက်သော ဆိုက်တိုမီဂလိုဗိုင်းရပ်စ်ပိုး ကူးစက်ခံရ၍ဖြစ်သည်
[Credit Line]
UPI/Bettmann Newsphotos
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
အေအိုင်ဒီအက်စ် ဗိုင်းရပ်စ်ပိုး
[Credit Line]
CDC, Atlanta, Ga.