သွေးသွင်းခြင်းအစား အရည်အသွေးကောင်းသော ရွေးချယ်စရာများ
‘သွေးသွင်းခြင်းသည် အန္တရာယ်များလှသည်မှာ မှန်သော်လည်း အရည်အသွေးမြင့်မားသော အခြားရွေးချယ်စရာများကော ရှိပါသလော’ ဟူ၍ သင်တွေးမိပေမည်။ ဤကား လျောက်ပတ်သည့် မေးခွန်းဖြစ်ပေသည်။ “အရည်အသွေး” ဟူသော စကားလုံးကို ဂရုပြုပါ။
ယေဟောဝါသက်သေများ အပါအဝင် လူတိုင်းလူတိုင်းသည် အရည်အသွေးမြင့်မား၍ ထက်မြက်ထိရောက်သော ဆေးကုသမှုကို လိုလားကြသည်။ ဒေါက်တာ ဂရန့် အီး၊ စတီဖင်က အဓိကကျသော အခြေခံသဘောတရားနှစ်ရပ်ကို ထောက်ပြခဲ့သည်– “အရည်အသွေးကောင်းသော ဆေးဝါးကုသစောင့်ရှောက်မှု ဆိုသည်မှာ အဆိုပါ ကုသစောင့်ရှောက်မှု၏ အခြေခံသဘောတရားက တရားဝင်သော ဆေးကုသမှုဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်များနှင့် ဆေးကုသမှုနှင့်မဆိုင်သော ရည်မှန်းချက်ပန်းတိုင်များကို စွမ်းဆောင်ရယူခြင်းဖြစ်သည်။” (အမေရိကန် ဆရာဝန်များအသင်း ဂျာနယ်၊ ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၁ ရက်) “ဆေးကုသမှုနှင့်မဆိုင်သော ရည်မှန်းချက်ပန်းတိုင်များ” တွင် လူနာ၏ ကိုယ်ကျင့်သိက္ခာ သို့မဟုတ် သမ္မာကျမ်းစာ-အခြေပြု ဩတ္တပ္ပစိတ်ကို မထိပါးခြင်း ပါဝင်ပေသည်။—တမန်တော် ၁၅:၂၈၊ ၂၉။
သွေးအသုံးမပြုဘဲ ကြီးမားသော ဆေးဘက်ဆိုင်ရာ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်သည့် တရားဝင်၍ ထက်မြက်ထိရောက်သော နည်းလမ်းများ ရှိပါသလော။ ဝမ်းသာစရာအဖြေမှာ ရှိပါသည် ဟူ၍ဖြစ်သည်။
ခွဲစိတ်ကုဆရာဝန်အများက အလွန့်အလွန် လိုအပ်လာပါမှ သွေးသွင်းပေးကြောင်း ပြောကြသော်လည်း အေအိုင်ဒီအက်စ် ကပ်ရောဂါဆိုးကြီး ပေါ်လာပြီးနောက် ဆရာဝန်များ သွေးအသုံးပြုမှု ရုတ်ခြည်း ကျဆင်းလာခဲ့သည်။ “ဤကပ်ရောဂါ၏ အကျိုးကျေးဇူး အနည်းငယ်အနက်မှ တစ်ခုမှာ” ၎င်းရောဂါက “လူနာများနှင့် ဆရာဝန်များဘက်မှ သွေးသွင်းခြင်းကို ရှောင်လွဲသည့် နည်းဗျူဟာအမျိုးမျိုး ထွက်ပေါ်လာစေခြင်းဖြစ်ကြောင်း” မေယိုဆေးခန်းမှတ်တမ်း (၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ) မှ အယ်ဒီတာ့အာဘော်တစ်ခုက ဆိုထားသည်။ သွေးလှူဘဏ် အရာရှိတစ်ဦးက ဤသို့ရှင်းပြသည်– “ပြောင်းလဲသွားသည့် အချက်မှာ သတင်းစကား၏ လေးနက်ပြင်းထန်မှု၊ (ဘေးအန္တရာယ်များအကြောင်းကို တိုး၍သိမြင်လာခြင်းကြောင့်) သတင်းစကားနှင့်ပတ်သက်၍ နည်းပြသမားတော်များ၏ သဘောပေါက်လက်ခံလွယ်မှုနှင့် အခြားရွေးချယ်စရာ နည်းလမ်းများကို စဉ်းစားသုံးသပ်ရန် တောင်းဆိုမှုတို့ဖြစ်သည်။”—သွေးသွင်းခြင်း ဆေးပညာ ရီဗျူး၊ ၁၉၈၉ ခုနှစ်၊ အောက်တိုဘာလ။
အခြား ရွေးချယ်စရာများရှိကြောင်း ဂရုပြုပါ။ အဘယ်ကြောင့် သွေးသွင်းရသည့်အကြောင်းကို သုံးသပ်လေ့လာပါက ဤအချက်ကို နားလည်လာပါလိမ့်မည်။
သွေးနီဥများ၌ရှိသည့် ဟီမိုဂလိုဗင်က ကျန်းမာရေးနှင့် အသက်ရှင်ရေးအတွက် လိုအပ်သည့် အောက်ဆီဂျင်ကို ခန္ဓာကိုယ်အနှံ့ သယ်ဆောင်ပေးသည်။ ထို့ကြောင့် လူတစ်ဦး သွေးထွက်လွန်လျှင် သွေးအစားပြန်သွင်းပေးသည်မှာ ကျိုးကြောင်းဆီလျော်ပုံ ရပေသည်။ သာမန်အားဖြင့် သွေး ၁၀၀ ကုဗ စင်တီမီတာတိုင်းတွင် ဟီမိုဂလိုဗင် ၁၄ သို့မဟုတ် ၁၅ ဂရမ်မျှ ပါရှိသည်။ (တိုင်းတာနည်း နောက်တစ်နည်းမှာ ပါဝင်သည့် သွေးဆဲလ်ထုထည် [hematocrit] တိုင်းတာနည်း ဖြစ်သည်၊ သာမန်အားဖြင့် ၄၅ ရာခိုင်နှုန်းခန့် ပါဝင်သည်။) အများလက်ခံထားသည့် “စည်းမျဉ်း” တစ်ခုမှာ လူနာတစ်ဦး၏ ဟီမိုဂလိုဗင်သည် ၁၀ (သို့မဟုတ် သွေးဆဲလ်ထုထည် ၃၀ ရာခိုင်နှုန်း) အောက်ကျသွားလျှင် သွေးသွင်းပေးရမည် ဟူ၍ဖြစ်သည်။ “[မေ့ဆေးဆရာဝန်] ၆၅ ရာခိုင်နှုန်းက လူနာများသည် ရွေးချယ်ထားသည့် ခွဲစိတ်ကုသမှု မခံယူမီ ဟီမိုဂလိုဗင် ၁၀ ဂရမ်/ဒယ်ဆီလီတာ ရှိရမည်ဟု သတ်မှတ်ပြဋ္ဌာန်းထားကြသည်” ဟု ဆွစ်ဇာလန် ဂျာနယ် (Vox Sanguinis, ၁၉၈၇ ခုနှစ်၊ မတ်လ) ၌ ရေးသားခဲ့သည်။
သို့သော်လည်း ၁၉၈၈ ခုနှစ် သွေးသွင်းခြင်းဆိုင်ရာ ညီလာခံတစ်ခု၌ ပါမောက္ခ ဟားဝဒ် အယ်လ်၊ ဇော်ဒါက “‘ဤပဉ္စလှည့်ဂဏန်း’ ကို ကျွန်ုပ်တို့ မည်သို့ ရရှိခဲ့ကြသနည်း” ဟူ၍ မေးခွန်းထုတ်ခဲ့သည်။ သူက ဤသို့ ရှင်းရှင်းလင်းလင်း ပြောကြားခဲ့သည်– “လူနာတစ်ဦး မေ့ဆေးပေးခြင်း မခံယူမီ ဟီမိုဂလိုဗင် (Hgb) ၁၀ ဂရမ် ရှိရမည်ဟူသော ဟေတုဗေဒ [ရောဂါအကြောင်းရင်းဗေဒ] သတ်မှတ်ပြဋ္ဌာန်းချက်သည် ရိုးရာအစဉ်အလာမှ ဆင်းသက်လာခြင်းဖြစ်ပြီး ရှင်းလင်းပီပြင်ခြင်း မရှိသည့်အပြင် ဆေးဝါးကုသမှုဆိုင်ရာ၊ သို့မဟုတ် လက်တွေ့စမ်းသပ်မှုဆိုင်ရာ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံလည်း မရှိပါ။” ထောင်ပေါင်းများစွာသော လူနာများသည် ‘မရှင်းလင်းသော၊ အထောက်အထား ခိုင်ခိုင်လုံလုံ မရှိသော’ သတ်မှတ်ပြဋ္ဌာန်းချက် တစ်ခုအတွက်နှင့် သွေးသွင်းခံခဲ့ရကြသည့်အဖြစ်ကို တွေးကြည့်လိုက်ပါ။
‘ဟီမိုဂလိုဗင်အဆင့် ၁၄ ထက် များစွာနိမ့်ကျသည့်တိုင်အောင် ဆက်လက်၍ နေလို့ရလျှင် အဘယ်ကြောင့် ထိုအဆင့်ကို သာမန်အဖြစ် သတ်မှတ်ကြသနည်း’ ဟူ၍ အချို့က သိချင်ကြပေမည်။ အကြောင်းရင်းမှာ သင့်သွေး၌ အတန်ကြီးသော အောက်ဆီဂျင်-သယ်ဆောင်သည့်အစွမ်း အများအပြား ရှိသောကြောင့် ကိုယ်လက်လေ့ကျင့်ခန်း သို့မဟုတ် အလုပ်ကြမ်းလုပ်ဆောင်ရန် အဆင်သင့်ရှိခြင်းဖြစ်သည်။ သွေးအားနည်းသော လူနာများအား လေ့လာရာ၌ “ဟီမိုဂလိုဗင် ပါဝင်မှု ၇ ဂရမ်/ဒယ်ဆီလီတာအထိ ကျဆင်းနေသည့်တိုင်အောင် အလုပ်စွမ်းအား လျော့သွားသည်ကို လွယ်လင့်တကူ မတွေ့ရှိနိုင်ပေ။ အချို့သူတို့၌ လုပ်ဆောင်မှု အတန်အသင့်လောက်သာ ထိခိုက်သည်ကို တွေ့ရှိရသည်။”—ခေတ်ပေါ် သွေးသွင်းခြင်း အလေ့အထ၊ ၁၉၈၇ ခုနှစ်။
လူကြီးများသည် ဟီမိုဂလိုဗင်အဆင့် ကျဆင်းခြင်းနှင့်အညီ အလိုက်အထိုက် နေနိုင်ကြသော်လည်း ကလေးများကော မည်သို့နည်း။ ဒေါက်တာ ဂျိမ်းစ် အေ၊ စတော့ခ်မင်း တတိယက ဤသို့ဆိုသည်– “ခြွင်းချက် အနည်းအကျဉ်းမှအပ လမစေ့မီ မွေးဖွားသည့် ကလေးများသည် ပထမ တစ်လမှ သုံးလအတွင်း ဟီမိုဂလိုဗင် ကျဆင်းခြင်းကို တွေ့ကြုံရတတ်သည်။ . . . ဤအခြေအနေတွင်ရှိသည့် ကလေးငယ်၌ သွေးသွင်းရန်လိုအပ်သည့် လက္ခဏာများ ထင်ထင်ရှားရှား မတွေ့ရပေ။ မှန်ပါသည်၊ ကလေးငယ်အများသည် ဟီမိုဂလိုဗင် ပါဝင်မှုအဆင့် ထူးထူးခြားခြား နိမ့်ကျသည့် အခြေအနေကိုပင် သိသာသည့် ဆေးဝါးကုသမှု အခက်အခဲများ မရှိဘဲ ခံနိုင်ရည် ရှိပုံရကြသည်။”—မြောက်အမေရိက ကလေးရောဂါကု ဆေးပညာ၊ ၁၉၈၆ ခုနှစ်၊ ဖေဖော်ဝါရီလ။
အထက်ပါ သတင်းအချက်အလက်များက လူတစ်ဦး မတော်တဆမှုကြောင့်ဖြစ်စေ၊ ခွဲစိတ်ကုသမှု ခံယူနေစဉ်ဖြစ်စေ သွေးထွက်လွန်သည့်အခါ၌ ဘာမှလုပ်ပေးစရာမလိုဟု မဆိုလိုပါ။ သွေးဆုံးရှုံးမှု မြန်လည်းမြန်မည်၊ များလည်းများမည်ဆိုလျှင် လူတစ်ဦး၏ သွေးပေါင်ချိန်ကျသွားပြီး သွေးလန့်ခြင်း (shock) ဖြစ်သွားနိုင်သည်။ ထိုသို့သော အခြေအနေမျိုးတွင် အဓိက လိုအပ်နေသည်မှာ သွေးထွက်ခြင်းကို ရပ်တန့်စေပြီး သွေးလှည့်ပတ်မှုအဖွဲ့တွင် သွေးအရည်ထုထည် ကိုပြန်လည် ဖြည့်တင်းပေးခြင်းဖြစ်သည်။ ဤသို့ပြုလျှင် သွေးလန့်ခြင်းမဖြစ်အောင် တားဆီးနိုင်မည့်အပြင် ကျန်ရှိသည့် သွေးဆဲလ်နီများနှင့် အခြားပါဝင်ပစ္စည်းများကို ဆက်လက် လှည့်ပတ်စေနိုင်မည်ဖြစ်သည်။
ရာနှုန်းပြည့်သွေး သို့မဟုတ် သွေးရည်ကြည် (ပလာစမာ) ကိုမသုံးဘဲ သွေးအရည်ထုထည်ကို အစားထိုးပေးနိုင်ပေသည်။a သွေးမပါသည့်အရည် အမျိုးမျိုးသည် အရေးပါထိရောက်သော သွေးထုထည်ချဲ့ပစ္စည်းများ ဖြစ်ကြသည်။ အရိုးရှင်းဆုံးတစ်မျိုးမှာ ဆားပျော်ရည် (saline solution) ပင်ဖြစ်သည်၊ ၎င်းသည် ဈေးလည်းမကြီး ကျွန်ုပ်တို့၏သွေးနှင့်လည်း သင့်မြတ်သည်။ ဒက်စ်ထရန် (dextran)၊ ဟီမက်ဆဲလ် (Haemaccel) နှင့် လက္ကတေ့ ရင်းငါး ပျော်ရည် (lactated Ringer’s solution) ကဲ့သို့သော အထူးဂုဏ်သတ္တိများ ပါဝင်သည့်အရည်များလည်း ရှိကြသည်။ ဟက်တာစတာချ် (Hetastarch [HES]) သည် အသစ်ပေါ်လာသည့် သွေးထုထည်ချဲ့ဆေးပစ္စည်း တစ်မျိုးဖြစ်ပြီး “သွေးမှထုတ်လုပ်သည့် ဆေးပစ္စည်းများကို လက်မခံသည့် [မီးလောင်ခံရသော] လူနာများအတွက် စိတ်ချလက်ချ အသုံးပြုနိုင်သည်။” (မီးလောင်လူနာ စောင့်ရှောက်ရေးနှင့် ပြန်လည်ထူထောင်ရေး ဂျာနယ်၊ ၁၉၈၉ ခုနှစ်၊ ဇန်နဝါရီလ/ဖေဖော်ဝါရီလ) ဤကဲ့သို့သော အရည်များသည် တိကျသေချာသော အကျိုးကျေးဇူးများ ရှိကြသည်။ “ခရစ္စတယ်လွိုက်ပျော်ရည်များ [ဥပမာ၊ ဆားပျော်ရည်နှင့် လက္ကတေ့ ရင်းငါး ပျော်ရည်]၊ ဒက်စ်ထရန်နှင့် HES တို့သည် အတော်ကလေး အဆိပ်အတောက်ကင်း၍ ဈေးနှုန်းချိုသာသည်၊ လွယ်ကူစွာ ဝယ်ယူရရှိနိုင်ပြီး အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းနိုင်သည်၊ သွေးနှင့်တည့်မတည့် စမ်းသပ်စစ်ဆေးစရာ မလိုသည့်အပြင် သွေးသွင်းခြင်းမှကူးစက်သည့် ရောဂါများအန္တရာယ်မှလည်း ကင်းဝေးပေသည်။”—သွေးသွင်းခြင်းကုထုံး—သမားတော် လက်စွဲစာအုပ်၊ ၁၉၈၉ ခုနှစ်။
‘ကျွန်ုပ် လိုနေသည်က ခန္ဓာကိုယ်အနှံ့ အောက်ဆီဂျင် သယ်ဆောင်ပေးသည့် သွေးဆဲလ်နီ ဖြစ်ပါလျက်ကယ် သွေးမပါသော အစားထိုးဆေးရည်များက အဘယ်သို့ ထိရောက်စွာ လုပ်ဆောင်ပေးသနည်း’ ဟူ၍ သင်မေးပေမည်။ အထက်၌ ဖော်ပြခဲ့သည့်အတိုင်း သင့်ခန္ဓာကိုယ်၌ အောက်ဆီဂျင်-သယ်ဆောင်သည့် အရန်အင်အားရှိသည်။ သင်၌ သွေးထွက်လွန်လျှင် ကိုယ်တွင်းမှ အံ့သြဖွယ်ကောင်းသော အစားထိုး ယန္တရားများက စတင်လည်ပတ်သည်။ သင့်နှလုံးကလည်း ခုန်ချက်တိုင်းနှင့်အတူ ပို၍များသောသွေးကို ပို့လွှတ်ပေးသည်။ ဆုံးရှုံးသွားသည့်သွေးကို သင့်တော်သည့်အရည်တစ်မျိုးဖြင့် အစားထိုးပေးလိုက်ခြင်းဖြင့် ယခု ကျဲသွားသည့်သွေးသည် သေးငယ်လှသည့် သွေးကြောများအတွင်း၌ပင် ပို၍လွယ်ကူစွာ စီးဆင်းသွားနိုင်ပေသည်။ ဓာတုပစ္စည်းပြောင်းလဲခြင်း၏ ရလဒ်တစ်ခုအနေနှင့် တစ်သျှူးများထံ ပို၍များပြားသည့် အောက်ဆီဂျင်ကို ထုတ်လွှတ်ပေးသည်။ ဤအလိုက်သင့် ပြောင်းလဲခြင်းများသည် အလွန်ထိရောက်ထက်မြက်လှသဖြင့် သင်၌ သွေးဆဲလ်နီ တစ်ဝက်လောက်သာ ကျန်ရှိနေလျှင်ပင် အောက်ဆီဂျင် သယ်ပို့နိုင်စွမ်းသည် သာမန်၏ ၇၅ ရာခိုင်နှုန်းခန့်ပင် ရှိနေနိုင်ပေသည်။ အနားယူနေသည့် လူနာတစ်ဦးသည် သွေးထဲ၌ပါဝင်သည့် အောက်ဆီဂျင် ၂၅ ရာခိုင်နှုန်းသာ အသုံးပြုသည်။ မေ့ဆေးအများစုသည် ခန္ဓာကိုယ်၏ အောက်ဆီဂျင် လိုအပ်မှုကို လျှော့ချပေးကြသည်။
ဆရာဝန်များ မည်သို့ ကူညီပေးနိုင်သနည်း
ကျွမ်းကျင်သော ဆရာဝန်များအနေဖြင့် သွေးထွက်လွန်၍ သွေးဆဲလ်နီ အနည်းအကျဉ်းသာ ကျန်ရှိတော့သည့် လူတစ်ဦးကို အကူအညီပေးနိုင်ကြသည်။ သွေးအရည်ထုထည် နဂိုအတိုင်း ပြန်ဖြစ်လာသည်နှင့် ဆရာဝန်တို့သည် ပြင်းအားမြင့် အောက်ဆီဂျင်ကို ပေးနိုင်သည်။ ဤသို့ဖြင့် ခန္ဓာကိုယ်သည် အောက်ဆီဂျင် ပိုမိုရရှိလာသဖြင့် များသောအားဖြင့် အံ့သြလောက်သော ရလဒ်ကောင်းများ ထွက်ပေါ်လေ့ရှိသည်။ အင်္ဂလိပ်ဆရာဝန်များက “ဟီမိုဂလိုဗင် ၁.၈ ဂရမ်/ဒယ်ဆီလီတာ အထိ ကျဆင်းသွားသည့်” သွေးထွက်လွန်သော အမျိုးသမီးတစ်ဦးအား ဤနည်းဖြင့် ကုသပေးခဲ့သည်။ “သူမအား ပြင်းအားမြင့် အောက်ဆီဂျင်ပေး၍ ဂျယ်လတင်ပျော်ရည် [ဟီမက်ဆဲလ်] ထုထည်ပမာဏ ခပ်များများ သွင်းပေးခြင်းအားဖြင့် . . . အောင်မြင်စွာ ကုသပေးနိုင်ခဲ့သည်။” မေ့ဆေးပညာ၊ ၁၉၈၇ ခုနှစ်၊ ဇန်နဝါရီလ) သွေးအထွက်လွန်၍ အထူးစိုးရိမ်ရသော အခြားသူတို့ကိုလည်း အောက်ဆီဂျင် ဖိအားမြင့် အလုံခန်းများအတွင်း အောင်မြင်စွာ ကုသပေးနိုင်ခဲ့သည့် သာဓကများကိုလည်း ထိုသတင်းတွင် ဖော်ပြထားသည်။
ဆရာဝန်များသည် မိမိတို့၏လူနာများအား သွေးဆဲလ်နီ ပိုမိုထုတ်လုပ်အောင်လည်း ကူညီပေးနိုင်ကြသည်။ မည်သို့အားဖြင့်နည်း။ ၎င်းတို့အား သံဓာတ်ပါဝင်သည့် ဆေးဝါးများကို (ကြွက်သား သို့မဟုတ် သွေးပြန်ကြောအတွင်း) ထိုးသွင်းပေးခြင်းအားဖြင့်ဖြစ်သည်။ ဤနည်းက ခန္ဓာကိုယ်အား သွေးဆဲလ်နီများကို သာမန်ထက် သုံးလေးဆ မြန်ဆန်စွာ ပိုမိုထုတ်လုပ်နိုင်အောင် အားပေးနိုင်သည်။ များမကြာမီက အထောက်အကူ နောက်တစ်မျိုး ထပ်ပေါ်လာသည်။ သွေးဆဲလ်နီများ ထုတ်လုပ်ရန် ရိုးတွင်းခြင်ဆီအား နှိုးဆွပေးသည့် အီရီသရိုပွိုင်အယ်တင်း (EPO) ဟုခေါ်သော ဟော်မုန်တစ်မျိုးကို သင်၏ကျောက်ကပ်က ထုတ်ပေးသည်။ ယခုအခါ လူလုပ် (ပြန်လည်ပေါင်းစပ်သည့်) EPO ပေါ်လာပြီဖြစ်သည်။ ဆရာဝန်များအနေဖြင့် ဤဆေးကို သွေးအားနည်းသည့် လူနာများအား ပေးခြင်းအားဖြင့် အစားထိုး သွေးဆဲလ်နီများကို လျင်မြန်စွာ ထုတ်လုပ်နိုင်အောင် အထောက်အကူ ပြုနိုင်ပေသည်။
ခွဲစိတ်ကုသမှု ပြုနေစဉ်၌ပင် ကျွမ်းကျင်၍ တာဝန်သိတတ်သော ခွဲစိတ်ကုဆရာဝန်များနှင့် မေ့ဆေးဆရာဝန်များသည် သွေးဆုံးရှုံးပျက်စီးမှု မရှိအောင် ထိန်းသိမ်းသည့် ဆန်းသစ်သောနည်းလမ်းများကို အသုံးပြုခြင်းအားဖြင့် အထောက်အကူ ပေးနိုင်ကြသည်။ သွေးထွက်နည်းစေသည့် လျှပ်စစ်ဓာတ်ဖြင့် တစ်သျှူးမီးရှို့ ခြင်း (electrocautery) ကဲ့သို့သော စေ့စပ်တိကျသည့် ခွဲစိတ်ကုသမှု နည်းပညာကို အလေးမထား၍ မရနိုင်ပါ။ တစ်ခါတစ်ရံ ဒဏ်ရာအတွင်း စီးဝင်လာသည့်သွေးကို စုပ်ယူ၍ စင်အောင်စစ်ပြီးမှ သွေးလှည့်ပတ်လမ်းကြောင်းအတွင်း ပြန်လည်ဝင်ရောက်စေနိုင်သည်။b
သွေးမပါသောအရည်ဖြင့် အသင့်ပြင်ထားသည့် နှလုံး-အဆုတ်စက်ကို လက်ခံသည့်လူနာများသည် သွေးအရည်ကျဲစေခြင်းမှ အကျိုးကျေးဇူး ခံစားနိုင်သည်၊ အကြောင်းမှာ သွေးဆဲလ်နီ ဆုံးရှုံးမှု နည်းပါးခြင်းကြောင့်ဖြစ်သည်။
အကူအညီပေးနိုင်သည့် အခြားနည်းလမ်းများလည်း ရှိပါသေးသည်။ ခွဲစိတ်ကုသနေစဉ် လူနာ၏ အောက်ဆီဂျင် လိုအပ်မှုကို လျော့နည်းစေရန် လူနာ၏ ကိုယ်အပူချိန်ကို လျှော့ချခြင်း၊ သွေးဖိအားနိမ့် မေ့ဆေးသုံးခြင်း၊ သွေးခဲခြင်းကို တိုးတက်မြန်ဆန်စေသည့် ကုထုံးကို အသုံးပြုခြင်း၊ ဒက်စမိုပရက်စင် (Desmopressin, DDAVP) ဆေးဖြင့် သွေးထွက်ချိန်ကို တိုအောင်ပြုလုပ်ခြင်း၊ “လေဆာ ခွဲစိတ်ဓား” အသုံးပြုခြင်း အစရှိသည်တို့ဖြစ်သည်။ ဆရာဝန်များနှင့် ပူပန်တတ်သော လူမမာများက သွေးသွင်းခြင်းကို ရှောင်ရှားရန် နည်းလမ်းများ ရှာကြံလာကြသည်နှင့်အမျှ အသုံးတည့်သော နည်းလမ်းများလည်း တိုးပွားလာမည်ကို သင်တွေ့ရပေမည်။ သင့်အနေနှင့် ဘယ်တော့မျှ သွေးထွက်ဆုံးရှုံးမှု မများပါစေနှင့်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။ သို့သော် အကယ်၍ သွေးဆုံးရှုံးမှု များခဲ့သည်ရှိသော် ကျွမ်းကျင်သော ဆရာဝန်များက အန္တရာယ် များပြားလှသည့် သွေးသွင်းခြင်းကို မပြုဘဲ သင့်အား ကောင်းစွာ ပြုစုစောင့်ရှောက်နိုင်ဖွယ် ရှိပါသည်။
ခွဲစိတ်ကုသမှု လက်ခံပါသည်—သို့သော် သွေးမသွင်းပါ
ယနေ့ လူအများသည် သွေးကို လက်မခံလိုကြပါ။ ကျန်းမာရေးကို အကြောင်းပြု၍ ထိုသူတို့သည် သက်သေခံများက အဓိကအားဖြင့် ဘာသာရေး အကြောင်းခံကြောင့် ရှာဖွေကြသည့် ဆေးကုသနည်းကို တောင်းခံကြသည်။ ၎င်းမှာ သွေးမပါသည့် အရည်အသွေးကောင်းသော ဆေးဝါးကုသစောင့်ရှောက်မှု ပင်ဖြစ်သည်။ ကျွန်ုပ်တို့ သတိပြုမိသည့်အတိုင်း သွေးမသွင်းဘဲနှင့် အရေးကြီးသော ခွဲစိတ်ကုသမှုကိုပင် ပြုလုပ်နိုင်ပေသည်။ ဤကိစ္စနှင့်ပတ်သက်၍ သံသယ မရှင်းသေးလျှင် ဆေးပညာ စာပေများမှ အခြား အထောက်အထားများက ထိုသံသယများကို ပြေပျောက်စေနိုင်ပေမည်။
“ယေဟောဝါသက်သေများ အသင်းသား၌ ပြုလုပ်သည့် အရေးကြီးသော ရိုးဆက်လေးဖက် အစားထိုးလဲလှယ်ခြင်း” (အရိုးရောဂါကုပညာ ရီဗျူး၊ ၁၉၈၆ ခုနှစ်၊ ဩဂုတ်လ) ဆောင်းပါးက “ဒူးဆစ်နှစ်ဖက်နှင့် တင်ဆုံရိုးဆက်နှစ်ဖက်စလုံး ဆိုးဆိုးရွားရွား ပျက်စီးနေသည့်” သွေးအားနည်း လူနာတစ်ဦးအကြောင်း ရေးသားထားသည်။ ခွဲစိတ်ကုသမှု မပြုမီနှင့် ပြုပြီးနောက် သံဓာတ်ပါဝင်သည့် ဒက္ကစရန်ကို သွင်းပေးခဲ့ရာ အောင်မြင်မှု ရရှိခဲ့သည်။ ဗြိတိသျှ မေ့ဆေးပညာ ဂျာနယ် (၁၉၈၂ ခုနှစ်) ၌ ဟီမိုဂလိုဗင်အဆင့် ၁၀ အောက်ရှိနေသည့် အသက် ၅၂ နှစ်အရွယ်ရှိ သက်သေခံတစ်ဦးအကြောင်း ဖော်ပြထားသည်။ သွေးဖိအားနိမ့် မေ့ဆေးကိုသုံး၍ သွေးဆုံးရှုံးမှုနည်းအောင် ပြုလုပ်ခြင်းဖြင့် သူမ၏ တင်ဆုံရိုးဆက်နှင့် ပခုံးရိုးဆက်တို့ကို အစုံလိုက် အစားထိုးလဲလှယ်နိုင်ခဲ့သည်။ အမေရိကန်ပြည်ထောင်စု အာကန်ဆော တက္ကသိုလ်မှ ခွဲစိတ်ကုအဖွဲ့တစ်ဖွဲ့က ဤနည်းပညာကို အသုံးပြု၍ သက်သေခံများအား တင်ဆုံရိုး အစားထိုးလဲလှယ်မှုပေါင်း တစ်ရာပြုလုပ်ပေးခဲ့ရာ လူနာအားလုံး နာလန်ထူလာကြသည်။ ထိုဌာန၏ အကြီးအကဲ ပါမောက္ခက ဤသို့မှတ်ချက် ပေးခဲ့သည်– “ထို (သက်သေခံ) လူနာများထံမှ ကျွန်ုပ်တို့ သင်ယူရရှိသည့် နည်းပညာများကို တင်ဆုံရိုး အစုံလိုက် အစားထိုးလဲလှယ်သည့် ကျွန်ုပ်တို့၏ လူနာအားလုံးတွင် ယခု ကျွန်ုပ်တို့ အသုံးပြုလျက်ရှိသည်။”
သက်သေခံအချို့၏ ဩတ္တပ္ပစိတ်က သွေးမပါလျှင် ကိုယ်အင်္ဂါ အစိတ်အပိုင်း အစားထိုးကုသမှုကို လက်ခံရန် ခွင့်ပြုကြသည်။ ကျောက်ကပ် အစားထိုးကုသမှု ၁၃ ခုနှင့်ပတ်သက်သည့် သတင်းတစ်ပုဒ်တွင် ဤသို့ ကောက်ချက်ချထားသည်– “ယေဘုယျ ရလဒ်များက ကျောက်ကပ် အစားထိုးကုသမှုကို ယေဟောဝါသက်သေ အများစု၌ ဘေးအန္တရာယ်ကင်းစွာ အကျိုးရှိရှိ ပြုလုပ်ပေးနိုင်သည်။” (ကိုယ်အင်္ဂါ အစားထိုးကူသမှု၊ ၁၉၈၈ ခုနှစ်၊ ဇွန်လ) အလားတူစွာပင် နှလုံးအစားထိုး ကုသမှုကိုပင် သွေးမသွင်းဘဲနှင့် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။
‘အခြားအမျိုးအစား သွေးမဲ့ခွဲစိတ်ကုသမှုကော မည်သို့ရှိသနည်း’ ဟူ၍ သင်သိလိုပေမည်။ ဆေးပညာ သီးသန့်ဖုန်းလိုင်း (၁၉၈၃ ခုနှစ်၊ ဧပြီလ/မေလ) က “[အမေရိကန်ပြည်ထောင်စု၊ ဝိန်းစတိတ် တက္ကသိုလ်တွင်] သွေးမသွင်းဘဲ အရေးကြီးသော မီးယပ်နှင့်သားဖွားဆိုင်ရာ ခွဲစိတ်ကုသမှုများ ခံယူကြသည့် ယေဟောဝါသက်သေများ” နှင့်ပတ်သက်သည့် ခွဲစိတ်ကုသမှုအကြောင်း ဖော်ပြထားသည်။ အဆိုပါသတင်းလွှာက “ဤသို့ ခွဲစိတ်ကုသခြင်းကြောင့် ဖြစ်ပွားသည့် သေဆုံးမှုနှင့် ဆင့်ပွားရောဂါ ဖြစ်ပွားမှုတို့သည် သွေးသွင်း၍ အလားတူ ခွဲစိတ်ကုသမှုမျိုး ခံယူခဲ့ကြသည့် အမျိုးသမီးများ၌ ဖြစ်ပွားသည်ထက် ပိုမများချေ” ဟုရေးသားဖော်ပြထားသည်။ “ဤလေ့လာမှု၏ ရလဒ်က မီးယပ်နှင့်သားဖွားဆိုင်ရာ ခွဲစိတ်ကုသမှု ခံယူသည့် အမျိုးသမီးအားလုံးကို သွေးသွင်းပေးသည့် ကိစ္စနှင့်စပ်လျဉ်း၍ ပြန်လည်ဆန်းစစ်ရန် အကြောင်းခိုင်လုံစေသည်” ဟု အဆိုပါ သတင်းလွှာက မှတ်ချက်ပေးခဲ့သည်။
ဂျာမနီနိုင်ငံ ဂေါ့တင်ဂျင် တက္ကသိုလ် ဆေးရုံ၌ သွေးကိုလက်မခံသည့်လူနာ ၃၀ သည် အထွေထွေ ခွဲစိတ်ကုသမှုများ ခံယူခဲ့ကြသည်။ “သွေးသွင်းခြင်းကိုလက်ခံသည့် လူနာများ၌ မဖြစ်ပေါ်တတ်သည့် ဆင့်ပွားရောဂါမျိုး [ဤသူတို့၌လည်း] ဖြစ်ပေါ်ခြင်း မရှိပေ။ . . . သွေးသွင်းခြင်းကို အားကိုးအားထား မပြုနိုင်သည့်ကိစ္စကို ရေးကြီးခွင့်ကျယ် မလုပ်သင့်သဖြင့် ယင်းအတွက်နှင့် လိုလည်းလိုအပ်ပြီး ခွဲစိတ်ကုသရန်လည်း အကြောင်းခိုင်လုံသည့် ခွဲစိတ်ကုသမှုတစ်ခုကို မလုပ်ဆောင်သည့်အခြေသို့ မရောက်ရှိစေသင့်ပါ။”—Risiko in der Chirurgie, ၁၉၈၇ ခုနှစ်။
သွေးအသုံးမပြုဘဲ ဦးနှောက် ခွဲစိတ်ကုသမှုများကိုပင် လူကြီးနှင့် ကလေးများ၌ ပြုလုပ်ခဲ့သည်၊ သာဓကအားဖြင့် နယူးယောက် တက္ကသိုလ် ဆေးပညာ ဗဟိုဌာနတွင် ထိုသို့ပြုလုပ်ခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသမှု အဖွဲ့ခေါင်းဆောင် ဒေါက်တာ ဂျိုးဇက်ဖ် ရန်ဆိုဟို့ဖ်က ဤသို့ရေးသားခဲ့သည်– “အလွန်ရှင်းနေသည့်အချက်မှာ ဖြစ်စဉ်ဖြစ်ရပ် အများစုတွင် ဘာသာရေးယုံကြည်ချက်ကြောင့် သွေးမှထုတ်လုပ်သည့် ဆေးဝါးပစ္စည်းများကို လက်မခံသည့် လူနာများတွင် အရဲစွန့်ရမှု (အန္တရာယ်) ကြီးကြီးမားမား မရှိဘဲ ထိုဆေးဝါးပစ္စည်းများကို မသုံးဘဲနေနိုင်သည်။ အထူးသဖြင့် ခွဲစိတ်ကုသချိန် အတန်အသင့် တိုတောင်းပြီး မြန်ဆန်ထိရောက်စွာ ခွဲစိတ်ကုသနိုင်သည့် အခါမျိုး၌ဖြစ်သည်။ အတော်လေး စိတ်ဝင်စားစရာ ကောင်းသည်မှာ လူနာသည် သက်သေခံ ဖြစ်သည်ကို ကျွန်တော် မကြာမကြာ မေ့နေတတ်သည့်အချက်ပင်ဖြစ်သည်။ ဆေးရုံဆင်းသည့်အခါ သူတို့၏ ဘာသာရေးယုံကြည်ချက်ကို လေးစားခြင်းအတွက် ကျေးဇူးတင်ကြောင်း ပြောလှာသည့်အချိန်ကျမှ ကျွန်တော် ပြန်သတိရလာတတ်သည်။”
နောက်ဆုံးအနေနှင့်၊ သွေးမသုံးဘဲနှင့် လူကြီးနှင့် ကလေးများ၌ ရှုပ်ထွေးသော နှလုံးနှင့် သွေးကြောဆိုင်ရာ ခွဲစိတ်ကုသမှုများ ပြုလုပ်နိုင်ပါသလော။ ဒေါက်တာ ဒင်တန် အေ၊ ကူးလီသည် ဤကဏ္ဍတွင် ရှေ့ဆောင်လမ်းပြတစ်ဦး ဖြစ်သည်။ စာမျက်နှာ ၂၇-၉ မှ နောက်ဆက်တွဲတွင် ပြန်လည်ပုံနှိပ်ဖော်ပြထားသည့် ဆေးပညာဆောင်းပါးတွင် တွေ့ရှိနိုင်သည့်အတိုင်း အစောပိုင်းမှ စိတ်ဖြာလေ့လာချက်ပေါ် အခြေပြု၍ ဒေါက်တာ ကူးလီ၏ ကောက်ချက်မှာ “ယေဟောဝါသက်သေအုပ်စုမှ လူနာများအား ခွဲစိတ်ကုသရာ၌ အရဲစွန့်ရမှုသည် အခြားသူများမှာထက် သိသိသာသာ ပို၍မြင့်မားခြင်း မရှိပါ” ဟူ၍ဖြစ်သည်။ ယခု၊ ထိုကဲ့သို့သော ခွဲစိတ်ကုသမှု ၁,၁၀၆ ခုပြုလုပ်ပြီးနောက် သူဤသို့ ရေးသားခဲ့သည်– “ဖြစ်စဉ်ဖြစ်ရပ်တိုင်းတွင် လူနာနှင့် သဘောတူထားသည့် သဘောတူညီချက် သို့မဟုတ် သဘောတူစာချုပ်အတိုင်း ထိန်းသိမ်းလိုက်နာခဲ့သည်၊” ဆိုလိုသည်မှာ သွေးကို အသုံးမပြုခြင်းဖြစ်သည်။
ခွဲစိတ်ကုဆရာဝန်များက ယေဟောဝါသက်သေများ၏ ထူးခြားချက် နောက်တစ်ခုမှာ သူတို့၏ ကောင်းမြတ်သော သဘောထားပင်ဖြစ်ကြောင်း သတိပြုမိကြသည်။ “ဤသူတို့၏ သဘောထားသည် စံထားထိုက်ပေသည်။ သူတို့သည် လူနာအများစုကဲ့သို့ ဆင့်ပွားရောဂါများကို ကြောက်ရွံ့သည့်စိတ် သို့မဟုတ် သေခြင်းကို ကြောက်ရွံ့သည့်စိတ် မရှိကြချေ။ သူတို့သည် သူတို့၏ ယုံကြည်ချက်နှင့် သူတို့၏ ဘုရားသခင်ပေါ် နက်ရှိုင်းစွဲမြဲသည့် ယုံကြည်ခြင်း ရှိကြသည်” ဟူ၍ ဒေါက်တာ ကူးလီက ၁၉၈၉ ခုနှစ်၊ အောက်တိုဘာလတွင် ရေးသားခဲ့သည်။
သက်သေခံများသည် သေပိုင်ခွင့်ကို အခိုင်အမာ ကိုင်စွဲသည့်သဘော မဟုတ်ပါ။ သူတို့သည် ပြန်လည်ကျန်းမာလိုသောကြောင့် အရည်အသွေးကောင်းသော ကုသစောင့်ရှောက်မှုကို စိတ်အားထက်သန်စွာ ရှာဖွေကြခြင်းဖြစ်သည်။ သွေးနှင့်ပတ်သက်သည့် ဘုရားသခင့် ပညတ်တရားကို နာခံခြင်းသည် အမြော်အမြင် ရှိရာရောက်သည်ဟု သူတို့ အခိုင်အမာ ယုံကြည်ကြသည်။ ဤကဲ့သို့သောအမြင်သည် သွေးမဲ့ခွဲစိတ်ကုသမှုအပေါ် အပြုသဘောဆောင်သောသြဇာ သက်ရောက်ပေသည်။
ဂျာမနီနိုင်ငံ ဖရေးဘာ့ဂ် တက္ကသိုလ်၊ ခွဲစိတ်ကုသရေးဆေးရုံမှ ပါမောက္ခ ဒေါက်တာ ဗီ၊ စကလောဆာက ဤသို့ အလေးပြု ပြောကြားခဲ့သည်– “ဤလူနာအုပ်စုတွင် ခွဲစိတ်ကုသမှု အကြိုနှင့်အပြီး ကာလအတွင်း သွေးထွက်သည့်ဖြစ်ရပ်သည် အခြားလူနာများထက် မများပေ၊ ဆင့်ပွားရောဂါများလည်း ရှိခဲ့လျှင်ပင် နည်းပါးလှသည်။ ယေဟောဝါသက်သေများ၏ ထုံးစံအတိုင်း နာမကျန်းဖြစ်ခြင်းနှင့်ပတ်သက်သည့် သူတို့၏ ထူးခြားသော အမြင်သဘောထားသည် ခွဲစိတ်ကုသမှု အကြိုနှင့်အပြီး လုပ်ငန်းစဉ်အပေါ် အပြုသဘောဆောင်သောသြဇာ သက်ရောက်မှုရှိသည်။”—Herz Kreislauf, ၁၉၈၇ ခုနှစ်၊ ဩဂုတ်လ။
[အောက်ခြေမှတ်ချက်များ]
a သက်သေခံများသည် ရာနှုန်းပြည့်သွေး၊ သွေးဆဲလ်နီ၊ သွေးဆဲလ်ဖြူ၊ သွေးဥမွှား သို့မဟုတ် သွေးရည်ကြည် သွင်းခြင်းကို လက်မခံကြပါ။ ရောဂါကာကွယ်သည့် ဂလိုဗျူလင် ကဲ့သို့သော သေးငယ်သည့် သွေးအစိတ်အပိုင်းများ အကြောင်းကို ၁၉၉၀ ပြည့်နှစ်၊ ဇွန်လ ၁ ရက်ထုတ် ကင်းမျှော်စင် တွင်ကြည့်ပါ။
b ၁၉၉၀ ပြည့်နှစ်၊ မတ်လ ၁ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၃၀-၂ တွင် သွေးဆယ်တင်သည့် နည်းလမ်းများနှင့် (ခန္ဓာကိုယ်ပြင်ပ) သွေးလှည့်ပတ်မှု ပစ္စည်းကိရိယာများနှင့် စပ်လျဉ်းသည့် သမ္မာကျမ်းစာ၏ အခြေခံမူအကြောင်းကို သုံးသပ်ထားပါသည်။
[စာမျက်နှာ ၁၃ ပါ လေးထောင့်ကွက်]
“ယခု လောလောဆယ်တွင် သွေးအစိတ်အပိုင်းများ သွင်းခံရသည့် လူနာအများသည် သွေးသွင်းခြင်းမှ အကျိုးကျေးဇူး ခံစားနိုင်သည့် အလားအလာ မရှိသည့်အပြင် (သွေး လိုလည်းမလိုအပ်ပါ) မလိုလားအပ်သော ဆိုးကျိုးဖြစ်စေနိုင်သည့် ကြီးမားသော အန္တရာယ်ပင် တွေ့ကြုံနိုင်ကြောင်း ကျွန်ုပ်တို့ ကောက်ချက်ချရပေမည်။ မည်သည့်ဆရာဝန်ကမျှ လူနာတစ်ဦးအား အကျိုးမရှိသည့်အပြင် ထိခိုက်နစ်နာမှုပင် ဖြစ်စေနိုင်သည့် ကုထုံးတစ်မျိုးကို သိသိကြီးနှင့် ခံယူစေမည် မဟုတ်သော်လည်း မလိုအပ်ဘဲနှင့် သွေးသွင်းပေးခြင်းသည် ထိုအတိုင်းပင် ဖြစ်နေသည်။”—“သွေးသွင်းခြင်းမှတစ်ဆင့် ကူးစက်သည့် ဗိုင်းရပ်စ်ရောဂါများ၊” ၁၉၈၇ ခုနှစ်။
[စာမျက်နှာ ၁၄ ပါ လေးထောင့်ကွက်]
“အာဏာပိုင်အချို့က ဟီမိုဂလိုဗင်တန်ဖိုး ၂ မှ ၂ ဒသမ ၅ ဂရမ်/ ၁၀၀ မီလီလီတာအထိ ကျဆင်းသွားသည့်တိုင်အောင် လက်ခံနိုင်ဖွယ်ရှိသည်ဟု ပြောဆိုခဲ့ကြသည်။ . . . ကျန်းမာသူတစ်ဦးသည် အကယ်၍ အချိန်ကာလ တစ်ခုအတွင်း သွေးဆုံးရှုံးမှု ဖြစ်ခဲ့သည်ရှိသော် သွေးဆဲလ်နီထု ၅၀ ရာခိုင်နှုန်းအထိ ဆုံးရှုံးသွားသည့်တိုင်အောင် ခံစားလက္ခဏာ လုံးဝမပြဘဲ နေနိုင်သည်။”—“သွေးသွင်းကုသခြင်း နည်းပညာ၊” ၁၉၈၂ ခုနှစ်။
[စာမျက်နှာ ၁၅ ပါ လေးထောင့်ကွက်]
“တစ်သျှူးများထံအောက်ဆီဂျင် သယ်ဆောင်ခြင်း၊ အနာကျက်ခြင်းနှင့် သွေး၏ ‘အာဟာရတန်ဖိုး’ တို့နှင့်ပတ်သက်သည့် အယူအဆဟောင်းများကို စွန့်ပယ်လိုက်ပြီဖြစ်သည်။ ယေဟောဝါသက်သေများ ဖြစ်ကြသည့်လူနာများအားကုသပေးရာမှရရှိသည့် အတွေ့အကြုံက လူတို့သည် ဆိုးဆိုးဝါးဝါး သွေးအားနည်းလျှင်ပင် ခံနိုင်ရည်ရှိကြောင်း အထင်အရှား ပြသသည်။”—“ရင်ခေါင်း ခွဲစိတ်ကုသမှု နှစ်အလိုက်မှတ်တမ်း၊” ၁၉၈၉ ခုနှစ်၊ မတ်လ။
[စာမျက်နှာ ၁၆ ပါ လေးထောင့်ကွက်]
ငယ်ရွယ်သည့် ကလေးများ၌လည်း အလုပ်ဖြစ်သလော။ “ခွဲစိတ်ကုသမှု ခက်ခဲရှုပ်ထွေးသော်လည်း သွေးမဲ့နည်းပညာဖြင့် ကလေး နှလုံးခွဲစိတ်ကုသမှုပေါင်း လေးဆယ့်ရှစ်ခုကို ပြုလုပ်ခဲ့သည်။” ကလေးများသည် ၁၀ ဒသမ ၃ ပေါင် (၄ ဒသမ ၇ ကီလိုဂရမ်) အထိပင် သေးငယ်ကြသည်။ “ယေဟောဝါသက်သေများအား ခွဲစိတ်ကုသရာ၌ တစ်သမတ်တည်း အောင်မြင်ခြင်းကြောင့်လည်းကောင်း၊ သွေးသွင်းခြင်း၌ စိုးရိမ်ရသော ဆင့်ပွားရောဂါများ ကူးစက်နိုင်သည့်အန္တရာယ် ပါရှိခြင်းကြောင့်လည်းကောင်း ယခု ကျွန်ုပ်တို့သည် ကလေး နှလုံးခွဲစိတ်ကုသမှု အများစုကို သွေးမသွင်းဘဲ လုပ်ဆောင်လျက်ရှိသည်။”—“သွေးလှည့်ပတ်ခြင်း၊” ၁၉၈၄ ခုနှစ်၊ စက်တင်ဘာလ။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
နှလုံး-အဆုတ်စက်သည် သွေးမသွင်းလိုသည့် လူနာများအား နှလုံးခွဲစိတ်ကုသရာ၌ ကြီးစွာသော အထောက်အကူဖြစ်စေသည်