ကျမ်းစာစောင်နံပါတ် ၆၄—၃ ယောဟန်
ကျမ်းရေးသူ– တမန်တော်ယောဟန်
ရေးရာဒေသ– ဧဖက် သို့မဟုတ် အနီးတစ်ဝိုက်
ရေးသားပြီးစီးချိန်– အေဒီ ၉၈ ခန့်
တမန်တော်ယောဟန် တကယ်ချစ်သော သစ္စာရှိခရစ်ယာန်ဂါယုထံ ရေးလိုက်သောစာဖြစ်သည်။ အသင်းတော်၏ စောစောပိုင်းအချိန်တွင် ဂါယုဟူသောနာမည်သည် အများသူငါမှည့်ကြသော နာမည်ဖြစ်သည်။ အခြားခရစ်ယာန်ဂရိကျမ်းစောင်တို့တွင် ဤနာမည်လေးကြိမ်ပါရှိပါသည်။ သီးခြားလူအနည်းဆုံးသုံးဦး သို့မဟုတ် လေးဦးကိုရည်ညွှန်းခြင်းဖြစ်နိုင်သည်။ (တ. ၁၉:၂၉; ၂၀:၄; ရော. ၁၆:၂၃; ၁ ကော. ၁:၁၄) ယောဟန်ရေးလိုက်သောဂါယုသည် အခြားနေရာများတွင်ပါသော ဂါယုပင်ဖြစ်သည်ကို ထောက်ပြစရာ အတိအကျသာဓကများ မရှိပါလေ။ ဂါယုအကြောင်း ကျွန်ုပ်တို့သိရသလောက်မှာ သူသည် ခရစ်ယာန်အသင်းသားတစ်ဦးဖြစ်ကြောင်း၊ ယောဟန်အထူးခင်မင်သော မိတ်ဆွေဖြစ်ကြောင်းလောက်သာ ဖြစ်ပါသည်။ စာကို သူထံ လိပ်မူထားပါသည်။ ထို့ကြောင့် ဤစာတွင် “သင်တို့” ဟုမရေးဘဲ “သင်” ဟုရေးထားပါသည်။
၂ စာ၏အစနှင့်အဆုံးပါ နှုတ်ဆက်စကားရေးဟန်သည် ယောဟန်ဒုတိယစာနှင့်ဆင်တူပြီး ရေးသူမှာလည်း သူ့ကိုယ်သူ “အသက်ကြီးသောသူ” ဟုရေးပြန်ရာ စာရေးသူမှာ တမန်တော်ယောဟန်ပင်ဖြစ်ကြောင်း အငြင်းပွားဖွယ်ရာမရှိပါလေ။ (၂ ယော. ၁) စာပါအကြောင်းအရာနှင့် စကားအသုံးအနှုန်းတို့ ဆင်တူနေ၍လည်း ဤစာကို ပထမစာနှင့် ဒုတိယစာနည်းတူပင် အေဒီ ၉၈ ခုလောက်က ဧဖက် သို့မဟုတ် အနီးတစ်ဝိုက်မှ ရေးခြင်းဖြစ်ရမည်ဟုဆိုနိုင်ပါသည်။ ဤစာမှာ စာတိုလေးဖြစ်နေခြင်းကြောင့် ရှေးစာရေးဆရာများ ၎င်းကို ကိုးကားသည်မှာ ရှားလှပေသည်။ သို့သော် အစောပိုင်း မှုတ်သွင်းခံကျမ်းစာစောင်စာရင်းများတွင် ဤစာကို ယောဟန်၏ဒုတိယစာနှင့်တွဲလျက် တွေ့ရပါသည်။a
၃ ခရီးသွားညီအစ်ကိုများအပေါ် ဂါယုပြုခဲ့သော ဧည့်ဝတ်များအတွက် ကျေးဇူးတင်ကြောင်း ယောဟန်ဆိုပါသည်။ ရည်မှန်းချက်ကြီးသူ ဒယောတရပ်ကြောင့်ဖြစ်သည့် ပြဿနာတချို့ကိုလည်း ထည့်ရေးထားသေးသည်။ ဤစာတွင် ဖော်ပြထားသော ဒေမေတရိသည် ဂါယုထံ စာကိုသယ်ဆောင်လာသူပင်ဖြစ်ပုံရသည်။ ယောဟန် သူ့ကိုလွှတ်လိုက်ခြင်းဖြစ်ပြီး ခရီးတစ်ထောက်တည်းခိုရန် ဂါယု၏ဧည့်ဝတ်ပြုမှုလိုနေသူလည်းဖြစ်နိုင်သည်။ စာကိုဖတ်ပြီးလျှင် ဂါယု သူ့ကို တည်းခိုခွင့်ပေးမည်မှာ သေချာပါသည်။ ဂါယုကိစ္စမှာကဲ့သို့ပင် ဒယောတရပ်အကြောင်း၊ ဒေမေတရိအကြောင်းတို့ကို ဤတွင်ဖတ်ရသလောက်သာ ကျွန်ုပ်တို့သိကြပါသည်။ မည်သို့ပင်ဖြစ်စေ၊ အစောပိုင်းခရစ်ယာန်များ၏ ခင်မင်ရင်းနှီးမှုရှိသော အပြည်ပြည်ဆိုင်ရာ ညီအစ်ကိုအသင်းအပင်းအကြောင်း စိတ်ဝင်စားဖွယ်အရိပ်အမြွက်ကို တွေ့ရပါသည်။ “နာမတော်” အတွက် ခရီးသွားလာနေသူတို့ကို မိမိတို့နှင့်မသိသည့်တိုင် ကျွေးမွေးဧည့်ခံသည့်ဓလေ့ရှိကြောင်းကိုပါ သိရပါသည်။—အခန်းငယ် ၇။
အဘယ်ကြောင့်အကျိုးရှိကြောင်း
၅ ညစ်ညမ်းသောသြဇာလွှမ်းမိုးမှုများမှ အသင်းတော်ကို ကာကွယ်ရာတွင် စိတ်ဇောထက်သန်မှုရှိခြင်းဖြင့် တမန်တော်ယောဟန်သည် စံပြကြီးကြပ်မှူးတစ်ဦးဖြစ်ခဲ့သည်။ အသင်းတော်တွင်ရှိသည့် မေတ္တာနှင့် ဧည့်ဝတ်ပျူငှာမှုသည် ချီးမွမ်းစရာပင်။ ဒေသခံညီအစ်ကိုများသည် သူတို့နှင့်ရောနှောလာသော “အာဂန္တု” (မိမိတို့၏ခရစ်ယာန်အိမ်ရှင်ကို ယခင်က မသိရှိခဲ့ကြသူများ) တို့ “အမှန်တရား၌လုပ်ဖော်ဆောင်ဖက်များ” အဖြစ် အတူတကွ အမှုဆောင်လာကြရန်၊ ပျော်ပျော်ပါးပါးရှိနေသော အခြေအနေကို ဆက်လက်ထိန်းသိမ်းသွားရန် သူတို့၏တာဝန်ပင်ဖြစ်ပါသည်။ (အခန်းငယ် ၅၊ ၈၊ ကဘ) သို့ပင်ဖြစ်ငြားလည်း ဒယောတရပ်တွင် ယေဟောဝါမုန်းတီးသော ထောင်လွှားသည့်မျက်နှာရှိသူဖြစ်သည်။ သီအိုကရက်တစ်သြဇာအာဏာကို မထီမဲ့မြင်ပြုသူလည်းဖြစ်သည်။ တမန်တော်ယောဟန်ကိုပင် ကဲ့ရဲ့ရှုတ်ချသူဖြစ်သည်။ (သု. ၆:၁၆၊ ၁၇) သူသည် အသင်းတော်၏ခရစ်ယာန် ဧည့်ဝတ်ပျူငှာမှုအတွက် ခလုတ်ကန်သင်းပင်ဖြစ်သည်။ ယင်းဆိုးညစ်မှုကို ယောဟန်ပွင့်ပွင့်လင်းလင်းဖော်ထုတ်ပြီး အသင်းတော်၏ ခရစ်ယာန်မေတ္တာစစ်ကို ထောက်ခံပေးသည်မှာ အံ့အားသင့်စရာမဟုတ်ပါ။ “ကောင်းသောအကျင့်ကို ကျင့်သောသူသည် ဘုရားသခင်နှင့်စပ်ဆိုင်၏။ မကောင်းသောအကျင့်ကို ကျင့်သောသူမူကား ဘုရားသခင်ကို မသိမမြင်ရပြီ” ဟု ယောဟန်တင်ပြခဲ့သည့်မူအတိုင်းပင် ယနေ့ ကျွန်ုပ်တို့လည်း စိတ်နှိမ့်ချမှုအမြဲရှိရန်၊ သမ္မာတရားတွင်လျှောက်လှမ်းရန်၊ ဘုရားရေးရာမေတ္တာနှင့် ရက်ရောမှုကို ကျင့်သုံးရန် စိတ်ဇောထက်သန်သင့်သည်။—၃ ယော. ၁၁။
[အောက်ခြေမှတ်ချက်]
a bsi05-BU၊ စာမျက်နှာ ၇ မှ “ခရစ်ယာန်ဂရိကျမ်းစာ၏ ထူးခြားထင်ရှားသော အစောပိုင်းကျမ်းစောင်စာရင်းများ” ဇယားကို ကြည့်ပါ။