ကျမ်းစာစောင်နံပါတ် ၆၅—ယုဒ
ကျမ်းရေးသူ– ယုဒ
ရေးရာဒေသ– ပါလက်စတိုင်း (မသေချာ)
ရေးသားပြီးစီးချိန်– အေဒီ ၆၅ ခန့်
ယုဒ၏ ခရစ်ယာန်ညီအစ်ကိုများသည် အန္တရာယ်နှင့် ရင်ဆိုင်နေရကြသည်။ ယေရှုခရစ်သေဆုံး၍ ရှင်ပြန်ထမြောက်ပြီး နောက်ပိုင်းအချိန်များအတွင်း မဆီမဆိုင်သောအရာတို့သည် ခရစ်ယာန်အသင်းတော်အတွင်းသို့ လှိုက်စားဝင်ရောက်ခဲ့သည်။ ယုံကြည်ခြင်းကို ဖျက်ဆီးရန်ရည်ရွယ်ချက်ဖြင့် ရန်သူတို့ လျှိုဝင်ခဲ့ကြသည်။ လွန်ခဲ့သည့် ၁၄ နှစ်လောက်က တမန်တော်ပေါလု သတိပေးခဲ့သကဲ့သို့ဖြစ်သည်။ (၂ သက်. ၂:၃) ဤအန္တရာယ်အတွက် ညီအစ်ကိုများ နိုးနိုးကြားကြားရှိရန်နှင့် အကာအကွယ်ယူထားရန် မည်သို့လုပ်ဆောင်ပေးသင့်သနည်း။ အားမာန်အပြည့်နှင့် ဗြောင်ကျကျ တဲ့တိုးရေးလိုက်သော ယုဒ၏စာက အဖြေပေးခဲ့သည်။ ယုဒကိုယ်တိုင်က မိမိ၏အနေအထားကို အခန်းငယ် ၃ နှင့် ၄ တွင် ဤသို့ရေးလိုက်သည်– ‘သင်တို့ထံသို့ စာရေးဖို့လိုကြောင်း ငါတွေ့ရ၏။ အကြောင်းမှာ ငါတို့ဘုရားသခင်၏ကျေးဇူးတော်ကို ကိလေသာ၏ညစ်ညူးခြင်းအလို့ငှာ မှောက်လှန်လျက် အဓမ္မလူအချို့တို့သည် ပရိယာယ်နှင့် အမှတ်တမဲ့ဝင်ကြပြီ။’ အယူဝါဒနှင့် ကိုယ်ကျင့်တရားဆိုင်ရာ အခြေခံအုတ်မြစ်သည် ခြိမ်းခြောက်ခံနေရ၏။ ညီအစ်ကိုများအကျိုးအတွက် ခုခံတိုက်လှန်ရန် ယုဒသည် အခေါ်ခံရသည့်အလားခံစားခဲ့၏၊ သို့ဖြင့် သူတို့လည်း ယုံကြည်ခြင်းအတွက် တိုက်လှန်လာရန်အလို့ငှာဖြစ်သည်။
၂ သို့သော် ယုဒကား မည်သူနည်း။ ‘ယေရှုခရစ်၏ကျွန်ဖြစ်သော ယာကုပ်ညီ ငါယုဒသည် ခေါ်တော်မူခြင်းခံရသူတို့ထံ ကြားလိုက်ပါ၏’ ဟု အစချီ၍ ရေးထားသည်။ ယေရှု၏တမန်တော် ၁၂ ပါးတွင် ၂ ပါး၏အမည်မှာ ယုဒဖြစ်သောကြောင့် ယုဒသည် တမန်တော်တစ်ပါးဖြစ်သလော။ (လု. ၆:၁၆) ဤကျမ်းရေးသူယုဒက သူ့ကိုယ်သူ တမန်တော်ဟုမပြောပါလေ။ ယင်းအစား “တမန်တော်တို့သည်” ဟုသူတို့ကိုခေါ်ခဲ့ပြီး သူ့ကိုယ်သူ တမန်တော်များထဲတွင် စာရင်းမသွင်းသည်ကို တွေ့ရသည်။ (ယု. ၁၇၊ ၁၈) ထို့ပြင် သူ့ကိုယ်သူ “ယာကုပ်ညီ” ဟုဆိုသည်။ ယေရှု၏ အမေတူအဖေကွဲ ကျမ်းရေးသူယာကုပ်ကိုဆိုလိုကြောင်း ထင်ရှားသည်။ (အခန်းငယ် ၁) ယေရုရှလင်အသင်းတော်၏ “အမှီတံကဲ” တစ်ဦးအနေနှင့် ဤယာကုပ်သည် လူသိများသူဖြစ်သောကြောင့် သူ့ ညီဟူ၍ ယုဒက မိတ်ဆက်နေခြင်းဖြစ်သည်။ ထို့ကြောင့် ယုဒသည်လည်း ယေရှု၏ မိတူဖကွဲညီဖြစ်ပြီး ယင်းသို့ဖြစ်ကြောင်း ဖော်ပြထားချက်များရှိသည်။ (ဂလ. ၁:၁၉; ၂:၉; မ. ၁၃:၅၅; မာ. ၆:၃) သို့သော် ယေရှုနှင့် မိမိသွေးသားတော်စပ်ခြင်းအကြောင်းကို ယုဒ အဓိကထားမဖော်ပြခဲ့ပါ။ ဝိညာဏတော်စပ်မှုကိုသာ နှိမ့်ချစွာဖြင့် “ယေရှုခရစ်၏ကျွန်” ဟုသူ့ကိုယ်သူ ခေါ်ဆိုခဲ့သည်။—၁ ကော. ၇:၂၂; ၂ ကော. ၅:၁၆; မ. ၂၀:၂၇။
၃ အေဒီဒုတိယရာစုမှဖြစ်သော မူရေတိုရီယန်ကျမ်းအပိုင်းအစတွင် ဤကျမ်းကို ဖော်ပြထားခြင်းက ကျမ်းစစ်ကျမ်းမှန်ဖြစ်ကြောင်း ထောက်ခံချက်ဖြစ်သည်။ အလက်ဇန္ဒြီးယားမြို့သား ကလီးမင့် (အေဒီ ဒုတိယရာစု) ကလည်း ၎င်းကို ကျမ်းရင်းဝင်ကျမ်းစောင်အဖြစ် လက်ခံခဲ့ပါသည်။ သြရီဂျင်ကလည်း “စကားလုံးများ နည်းပင်နည်းသော်လည်း ကောင်းကင်ကျက်သရေဖြင့် ကျန်းခံ့သောစကားများဖြစ်သည်” ဟု ၎င်းကျမ်းကို ရည်ညွှန်းခဲ့သည်။a တာတူလျန်ကလည်း ၎င်းသည် ကျမ်းစစ်ကျမ်းမှန်ဖြစ်သည်ဟုဆိုသည်။ အခြားမှုတ်သွင်းခံကျမ်းစာစောင်များနှင့်အတူ ၎င်းအပါအဝင်ဖြစ်မှုကို သံသယရှိစရာမလိုပါလေ။
၄ ‘ခေါ်တော်မူခြင်းခံရသောသူ’ တို့ကို ကြားလိုက်ပါ၏ဟုဆိုကာ အသင်းတော်တစ်စုံတစ်ခု သို့မဟုတ် တစ်ဦးတစ်ယောက်ကို သတ်သတ်မှတ်မှတ် ရည်စူးခြင်းမရှိဘဲ ယုဒစာရေးလိုက်သည်။ ထို့ကြောင့် ဤသြဝါဒစာကို ခရစ်ယာန်အားလုံး အနှံ့အပြား ဖတ်ရှုအသုံးချရန်ဖြစ်သည်။ အဘယ်နေရာမှ ရေးကြောင်း မဖော်ပြထားသော်လည်း ပါလက်စတိုင်းတွင်ဖြစ်ဖို့များသည်။ ရေးသည့်ခုနှစ်ကိုလည်း အတိအကျဆိုရန် ခက်ပါသည်။ သို့သော် ခရစ်ယာန်အသင်းတော် ကြာမြင့်စွာကပင် တည်ထောင်ခဲ့ပြီးသောအချိန် ဖြစ်ရပါမည်၊ အကြောင်းမှာ “ငါတို့သခင် ယေရှုခရစ်၏ တမန်တော်တို့သည် ဟောပြောနှင့်သောစကားများ” ဟုယုဒဆိုကာ သူသည် ၂ ပေတရု ၃:၃ ကိုကိုးကားခဲ့သောကြောင့်ဖြစ်သည်။ (ယု. ၁၇၊ ၁၈) ထို့ ပြင် ယုဒကျမ်းနှင့် ပေတရုဒုတိယစာစောင်၏ ဒုတိယအခန်းကြီးတို့ အလွန်ဆင်တူကြပါသည်။ နှစ်ဦးစလုံးမှာ ထိုအချိန်က အသင်းတော်ရင်ဆိုင်နေရသည့် အန္တရာယ်ကို စိုးရိမ်ကြကာ ပေတရုနှင့် တစ်ချိန်တည်းလောက်တွင် ရေးခဲ့ခြင်းဖြစ်ပုံရသည်။ ထို့ကြောင့် အေဒီ ၆၅ ကို ခန့်မှန်းခြေနှစ်အဖြစ် သတ်မှတ်၏။ ဂျူးပုန်ကန်မှုကြောင့် အေဒီ ၆၆ တွင် စက်စ်တီးယပ်စ်ဂဲလပ်စ် ယေရုရှလင်မြို့ကို လာရောက်တိုက်ခိုက်သည့်အကြောင်း၊ အေဒီ ၇၀ တွင် ယေရုရှလင်မြို့ ကျရှုံးသွားသည့်အကြောင်းများကို ယုဒထည့်မရေးခြင်းကလည်း ယင်းရက်စွဲကိုထောက်ခံသည်။ အပြစ်ပြုသူများကို ဘုရားသခင်အပြစ်စီရင်သည့်အကြောင်း ယုဒအဓိကထား ရေးနေခြင်းဖြစ်ရကား အကယ်၍သာ ယေရုရှလင်ကျရှုံးပြီဖြစ်လျှင် ၎င်းကို ယေရှုကြိုပြောထားခြင်းဖြစ်သောကြောင့် သူ ၎င်းအကြောင်းကို အထောက်အထားအဖြစ် ထည့်မရေးစရာအကြောင်း မရှိပါလေ။—ယု. ၅-၇; လု. ၁၉:၄၁-၄၄။
အဘယ်ကြောင့်အကျိုးရှိကြောင်း
၈ မှုတ်သွင်းခံကျမ်းစာစောင်တို့သည် “ချစ်သူတို့” ကိုသတိပေးရန်၊ လှုံ့ဆော်ရန်၊ အားပေးရန်၊ သင်ပြရန်၊ ဆုံးမရန် အသုံးဝင်ကြောင်း ယုဒကိုယ်တိုင် သတိပြုမိသည်။ ဘုရားတရားမဲ့ကျူးကျော်နှောင့်ယှက်သူများ၏ အပြစ်ကြီးများကို ဖော်ပြရာတွင် ဖောက်ပြန်သောဣသရေလလူမျိုးများအကြောင်း၊ ပြစ်မှားသောကောင်းကင်တမန်များအကြောင်း၊ သောဒုံနှင့်ဂေါမောရမြို့သားများအကြောင်း စသည့် ဟေဗြဲကျမ်းစာမှ ထိရောက်သောဥပမာများကိုသုံးကာ ထိုနည်းတူပြုကျင့်သူတို့လည်း ထိုနည်းအတိုင်းပင် ဒဏ်ခတ်ခံရမည်ဖြစ်ကြောင်း သူသတိပေးသွားသည်။ ယိုယွင်းဖောက်ပြန်သောသူတို့ကို စဉ်းစားဉာဏ်မရှိသော တိရစ္ဆာန်များနှင့်နှိုင်းယှဉ်ခဲ့ပြီး သူတို့သည် ကာဣနကဲ့သို့ကျင့်ပြီး ဗာလမ်မှားယွင်းသည့်အပြစ်ထဲသို့ ကျရောက်လျက် ကောရအလား သူတို့၏ပုန်ကန်စကားများကြောင့် ပျက်စီးကိန်းဆိုက်နေကြောင်း ပြောသွားသည်။ “စာအုပ်အလားဖြစ်သော သဘာဝတရား” မှလည်း ထိရောက်သောဥပမာများကို သူကိုးကားခဲ့၏။ ယုဒ၏တဲ့တိုးရေးထားသော စာစောင်သည် “နောက်ဆုံးကာလ” ၌ အမူအကျင့်ကောင်းစေရန် ပဲ့ပြင်ဆုံးမထားသည့် ကျန်ကျမ်းစောင်များနှင့်အတူ လေ့လာဖို့အတွက် “ကျမ်းစာ” ၏တစ်စိတ်တစ်ပိုင်းဖြစ်လာလေသည်။—ယု. ၁၇၊ ၁၈၊ ၅-၇၊ ၁၁-၁၃; တော. ၁၄:၃၅-၃၇; က. ၆:၄; ၁၈:၂၀၊ ၂၁; ၁၉:၄၊ ၅၊ ၂၄၊ ၂၅; ၄:၄၊ ၅၊ ၈; တော. ၂၂:၂-၇၊ ၂၁; ၃၁:၈; ၁၆:၁-၇၊ ၃၁-၃၅။
၉ ပြင်ပမှ အတိုက်အခံနှင့် စမ်းသပ်မှုများသည် ခရစ်ယာန်သာသနာတိုးတက်မှုကို မဟန့်တားနိုင်ခဲ့သော်လည်း ညီအစ်ကိုတို့သည် အတွင်းမှ ဖောက်ပြန်မှုများ၏အန္တရာယ်ကို ရင်ဆိုင်ခဲ့ကြရသည်။ ရေမျက်နှာပြင်အောက်တွင် ပုန်းလျှိုးနေသော ကျောက်ဆောင်တို့သည် အသင်းတော်တစ်ခုလုံးကို ကစဉ့်ကလျားဖြစ်စေမည်ဟု ခြိမ်းခြောက်လျက်ရှိသည်။ ဤအန္တရာယ်သည် ထင်သည်ထက် ပို၍ကြီးနိုင်ကြောင်း ယုဒသတိပြုမိသောကြောင့် ‘ယုံကြည်ခြင်းအတွက် ကြိုးစား၍တိုက်လှန်ခြင်း’ ကိုပြုရန် လေးလေးနက်နက် တိုက်တွန်းသည်။ သူ၏စာသည် ထိုစဉ်ကကဲ့သို့ပင် ယခုလည်း ဤကာလအတွက် အံကိုက်ပင်ဖြစ်၏။ ထိုသတိပေးချက်ကိုပင် ယခုလည်း လိုအပ်လျက်ရှိသည်။ ယုံကြည်ခြင်းကို ကာကွယ်ထိန်းသိမ်းရမည်၊ အကျင့်ယိုယွင်းမှုကို အမြစ်လှန်ပစ်ရမည်၊ သံသယရှိသူတို့ကို ကရုဏာနှင့် ဖေးမကာ ဖြစ်နိုင်မည်ဆိုပါက ‘မီးထဲမှကယ်ထုတ်ရမည်’ စသည်တို့ကို လုပ်ရဦးမည်သာ။ စာရိတ္တမဖောက်ပြန်ရေး၊ ဝိညာဉ်ရေးလှုပ်ရှားလျက်ရှိနေရေး၊ စစ်မှန်သောဝတ်ပြုရေးတို့အတွက် ယနေ့ ခရစ်ယာန်တို့သည် အလွန်သန့်ရှင်းသောယုံကြည်ခြင်းအပေါ်တွင် မိမိကိုယ်ကို ဆက်တည်ဆောက်နေရမည်။ ဖြောင့်မှန်သောမူများအတိုင်းကျင့်ပြီး ဘုရားသခင်ထံဆုတောင်းခြင်းဖြင့် ချဉ်းကပ်ရမည်။ ခရစ်ယာန်အသင်းတော်ရှိ ဘုရားပေးအခွင့်အာဏာနှင့်စပ်လျဉ်း၍ “အခွင့်အာဏာရှိသူတို့” ကို သင့်လျော်သောလေးမြတ်မှုတင်ပြဖို့လည်းလိုသည်။—ယု. ၃၊ ၈၊ ၂၃၊ ကဘ။
၁၀ “တိရစ္ဆာန်ကဲ့သို့ကျင့်သူများ၊ ဘုရားတရားမဲ့သူများ” သည် ဘုရားသခင်၏နိုင်ငံတော်ထဲသို့ ဘယ်သောအခါမျှ ဝင်ရမည်မဟုတ်ဘဲ ထာဝရအသက်လမ်းတွင် လိုက်လျှောက်နေသူတို့အတွက်သာ ဆူးငြောင့်ခလုတ်များဖြစ်ပေသည်။ (ယု. ၁၉၊ ကဘ; ဂလ. ၅:၁၉-၂၁) အသင်းတော်ကို သူတို့အကြောင်း သတိပေးရမည်။ သူတို့ကို ဖယ်ရှားပစ်ရမည်။ ထို့အတွက်ကြောင့် ချစ်သူတို့တွင် ‘ကရုဏာ၊ ငြိမ်သက်ခြင်းနှင့် ချစ်ခြင်းများပြား’ လာမည်။ သူတို့လည်း ‘ထာဝရအသက်ကိုမျှော်ရင်း သခင်ယေရှုခရစ်၏ကရုဏာတော်ကို ငံ့လင့်နေခိုက်’ ဘုရားသခင်၏မေတ္တာတော်အတွင်း၌ တည်နေကြမည်ဖြစ်သည်။ ကယ်တင်ရှင်ဘုရားသခင်လည်း နိုင်ငံတော်အမွေခံတို့ကို ‘အပြစ်မရှိဘဲ ဝမ်းမြောက်ခြင်းနှင့်ပြည့်စုံလျက်ရှိသော ဘုန်းအသရေတော်ရှေ့’ ၌ထားတော်မူလတ္တံ့။ ဤသူတို့လည်း ယုဒနှင့်ပေါင်းကာ “ဘုန်းတန်ခိုးအာနုဘော်နှင့် အစွမ်းသတ္တိအာဏာစက်” တို့ကို ယေရှုခရစ်မှတစ်ဆင့် သောင်းသောင်းဖြဖြ ကြွေးကြော်ကြမည်မှာ သေချာပါသည်။—ယု. ၂၊ ၂၁၊ ၂၄၊ ၂၅။
[အောက်ခြေမှတ်ချက်]
a The Canon of the New Testament၊ 1987၊ by B. M. Metzger စာမျက်နှာ ၁၃၈။