ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • es17 စာ. ၇-၁၇
  • ဇန်နဝါရီ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဇန်နဝါရီ
  • ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၁၇
  • ခေါင်းစ‎ဥ်ငယ်များ
  • တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၁
  • တနင်္လာနေ့၊ ဇန်နဝါရီ ၂
  • အင်္ဂါနေ့၊ ဇန်နဝါရီ ၃
  • ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၄
  • ကြာသပတေးနေ့၊ ဇန်နဝါရီ ၅
  • သောကြာနေ့၊ ဇန်နဝါရီ ၆
  • စနေနေ့၊ ဇန်နဝါရီ ၇
  • တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၈
  • တနင်္လာနေ့၊ ဇန်နဝါရီ ၉
  • အင်္ဂါနေ့၊ ဇန်နဝါရီ ၁၀
  • ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၁၁
  • ကြာသပတေးနေ့၊ ဇန်နဝါရီ ၁၂
  • သောကြာနေ့၊ ဇန်နဝါရီ ၁၃
  • စနေနေ့၊ ဇန်နဝါရီ ၁၄
  • တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၁၅
  • တနင်္လာနေ့၊ ဇန်နဝါရီ ၁၆
  • အင်္ဂါနေ့၊ ဇန်နဝါရီ ၁၇
  • ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၁၈
  • ကြာသပတေးနေ့၊ ဇန်နဝါရီ ၁၉
  • သောကြာနေ့၊ ဇန်နဝါရီ ၂၀
  • စနေနေ့၊ ဇန်နဝါရီ ၂၁
  • တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၂၂
  • တနင်္လာနေ့၊ ဇန်နဝါရီ ၂၃
  • အင်္ဂါနေ့၊ ဇန်နဝါရီ ၂၄
  • ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၂၅
  • ကြာသပတေးနေ့၊ ဇန်နဝါရီ ၂၆
  • သောကြာနေ့၊ ဇန်နဝါရီ ၂၇
  • စနေနေ့၊ ဇန်နဝါရီ ၂၈
  • တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၂၉
  • တနင်္လာနေ့၊ ဇန်နဝါရီ ၃၀
  • အင်္ဂါနေ့၊ ဇန်နဝါရီ ၃၁
ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၁၇
es17 စာ. ၇-၁၇

ဇန်နဝါရီ

တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၁

ငါ့ထံမှ ကြားနာရသောအရာများကို သစ္စာရှိအမျိုးသားများအား လွှဲအပ်လော့။ သို့ဖြင့် သူတို့သည် အခြားသူများကို အရည်အချင်းပြည့်မီစွာ သွန်သင်ပေးနိုင်လိမ့်မည်။—၂ တိ. ၂:၂။

အသင်းတော်ကို ကူညီစောင့်ရှောက်နိုင်အောင် လူကြီးလူငယ် ညီအစ်ကိုတွေကို လေ့ကျင့်ပေးရာမှာ အကြီးအကဲတွေအနေနဲ့ အချိန်ပိုအသုံးပြုဖို့ လိုအပ်နေတယ်ဆိုတာ တိုက်နယ်ကြီးကြပ်မှူးတွေ သတိထားမိတယ်။ ဒါပေမဲ့ အဲဒီလိုလေ့ကျင့်ပေးဖို့ မလွယ်ဘူး။ ဘာကြောင့်လဲ။ အကြီးအကဲတစ်ယောက်အနေနဲ့ တခြားသူတွေကို အချိန်ယူလေ့ကျင့်ပေးဖို့ အရေးကြီးမှန်း သင်သိပါတယ်။ လက်ရှိအချိန်မှာ အသင်းတော်တွေ ခိုင်ခံ့နေဖို့၊ အနာဂတ်မှာ အသင်းတော်သစ်တွေကို ကူညီပေးဖို့ ညီအစ်ကိုတွေ ပိုလိုအပ်နေမှန်းလည်း သိထားတယ်။ (ဟေရှာ. ၆၀:၂၂) ‘အခြားသူများကို သွန်သင်ပေး’ ရမယ်လို့ ကျမ်းစာမှာ ပြောတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်ဖို့ ခက်ကောင်းခက်ပါလိမ့်မယ်။ မိသားစုရဲ့ လိုအပ်ရာတွေကို ဖြည့်ဆည်းပေးရတာကတစ်ဖက်၊ အလုပ်ကတစ်ဖက်၊ ဒီကြားထဲ အသင်းတော်ရဲ့ လိုအပ်ရာတွေနဲ့ တခြားအရေးကြီးကိစ္စတွေကိုလည်း လုပ်ဆောင်ရသေးတယ်။ လုပ်စရာများလွန်းတဲ့အတွက် တခြားသူတွေကို လေ့ကျင့်ပေးဖို့ အချိန်ယူရမယ်။ လေ့ကျင့်ခံထားရတဲ့ ညီအစ်ကိုများလေ အသင်းတော်မှာရှိတဲ့လူတိုင်း အကျိုးရရှိလေပါပဲ။ က၁၅ ၄/၁၅ ၁:၂၊ ၃

တနင်္လာနေ့၊ ဇန်နဝါရီ ၂

သခင်၌ သစ္စာရှိသော ငါ၏ချစ်သား တိမောသေကို သင်တို့ထံ ငါစေလွှတ်လိုက်၏။ . . . ငါ၏နည်းလမ်းများကို သူသည် သင်တို့အား သတိရစေလိမ့်မည်။—၁ ကော. ၄:၁၇။

ခန့်အပ်ခံရခါစ ညီအစ်ကိုအနေနဲ့ အသင်းတော်မှာ ထပ်ဆင့်တာဝန်တွေ ရလာတဲ့အခါ တခြားသူတွေ အရင်ကလုပ်ခဲ့တဲ့ နည်းလမ်းတွေကို လုံးဝပြောင်းလဲပစ်ရမယ်လို့ မယူဆသင့်ဘူး။ အသင်းတော်ရဲ့ လိုအပ်မှုကြောင့်သာ ဒါမှမဟုတ် ယေဟောဝါရဲ့ အဖွဲ့အစည်းကလာတဲ့ လမ်းညွှန်ချက်ကြောင့်သာ အပြောင်းအလဲတွေ လုပ်ဆောင်ရမယ်ဆိုတာ သတိရသင့်တယ်။ ကိုယ့်သဘောနဲ့ကိုယ် ပြောင်းလဲချင်သလို ပြောင်းလဲလိုက်တာမျိုး မဖြစ်သင့်ဘူး။ ဒါကြောင့် ခန့်အပ်ခံရမယ်ဆိုရင် သင့်ကိုလေ့ကျင့်ပေးသူတွေ သုံးခဲ့တဲ့ ကျမ်းစာအခြေပြုနည်းလမ်းတွေကို ဆက်အသုံးပြုခြင်းအားဖြင့် ညီအစ်ကိုညီအစ်မတွေရဲ့ ယုံကြည်စိတ်ချမှုကို ရရှိနိုင်ပြီး အတွေ့အကြုံရှိအကြီးအကဲတွေကို ရိုသေလေးစားကြောင်း ဖော်ပြနိုင်တယ်။ သင်ဟာ အတွေ့အကြုံ ရလာတာနဲ့အမျှ အမြဲတိုးတက်နေတဲ့ ယေဟောဝါရဲ့အဖွဲ့အစည်းနဲ့ တစ်ပြေးညီလိုက်နိုင်အောင် အသင်းတော်ကို ကူညီပေးဖို့ အပြောင်းအလဲတွေ လုပ်ဆောင်လာနိုင်ပါလိမ့်မယ်။ ယေဟောဝါက ဧလိရှဲကို ကူညီပေးခဲ့သလို သင့်ကိုလည်း အချိန်တန်တဲ့အခါ သင့်ကိုလေ့ကျင့်ပေးသူတွေထက် ပိုကြီးမြတ်တဲ့အလုပ်တွေ လုပ်ဆောင်နိုင်အောင် ကူညီပေးပါလိမ့်မယ်။—ယော. ၁၄:၁၂။ က၁၅ ၄/၁၅ ၂:၁၇

အင်္ဂါနေ့၊ ဇန်နဝါရီ ၃

သင့်ကို ငါသွန်သင်မည်။ သင်သွားရမည့်လမ်းကို ပြညွှန်မည်။ သင့်ကို ကြည့်ရှုပြုစုမည်။—ဆာ. ၃၂:၈။

သင်ဟာ တော်တော်ခက်ခဲတဲ့ အခြေအနေမျိုး ကြုံရတဲ့အခါ ပေါလုလိုပဲ “ခြင်္သေ့၏ခံတွင်း” နား ရောက်နေတယ်လို့ ခံစားရနိုင်တယ်။ (၂ တိ. ၄:၁၇) အဲဒီလိုအချိန်မျိုးမှာ ယေဟောဝါကို ယုံကြည်ကိုးစားဖို့ သိပ်အရေးကြီးတယ်။ ဥပမာ၊ မကျန်းမာတဲ့မိသားစုဝင်တစ်ယောက်ကို ပြုစုနေရတာဖြစ်နိုင်တယ်။ ဆုံးဖြတ်ချက်ကောင်းကောင်းချနိုင်ဖို့၊ ခံနိုင်ရည်ရှိဖို့ ကူညီပေးပါလို့ ယေဟောဝါဆီ သင် ဆုတောင်းတယ်။ သင်နဲ့ သင့်အခြေအနေကို ယေဟောဝါမြင်ပြီး နားလည်ပေးတယ်ဆိုတာ သတိရတဲ့အခါ စိတ်သက်သာမှု ခံစားရနိုင်တယ်။ သင် ခံနိုင်ရည်ရှိဖို့၊ ဆက်သစ္စာရှိနိုင်ဖို့ ကိုယ်တော်ကူညီပေးပါလိမ့်မယ်။ တစ်ခါတလေ အခြေအနေတွေက ယေဟောဝါ မကူညီပေးတဲ့ပုံ ပေါက်နေနိုင်တယ်။ ဆရာဝန်တွေနဲ့ သဘောထားမတိုက်ဆိုင်တာမျိုး ဖြစ်နိုင်တယ်။ ဆွေမျိုးတွေ အားပေးမယ်လို့ မျှော်လင့်ထားပေမဲ့ အခြေအနေတွေကို ပိုဆိုးအောင်လုပ်တာမျိုးဖြစ်နိုင်တယ်။ အဲဒီလိုအခါမျိုးမှာ ခွန်အားရဖို့ ယေဟောဝါကို အမြဲအားကိုးပါ။ ယေဟောဝါဆီ အမြဲချဉ်းကပ်ပါ။ (၁ ရာ. ၃၀:၃၊ ၆) နောက်ပိုင်း ယေဟောဝါ ကူညီပေးပုံကို သိလာတဲ့အခါ ကိုယ်တော်နဲ့ ပိုရင်းနှီးလာပါလိမ့်မယ်။ က၁၅ ၄/၁၅ ၄:၁၀၊ ၁၁

ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၄

[စာတန်]ကို ဆန့်ကျင်ကြလော့။—၁ ပေ. ၅:၉။

ယေဟောဝါရဲ့ ကျေးကျွန်တွေဖြစ်တဲ့ ကျွန်တော်တို့က စာတန် တကယ်မရှိဘူးဆိုတဲ့ အတွေးအခေါ်နဲ့ လှည့်စားမခံရပါဘူး။ မာရ်နတ်ဟာ တကယ်တည်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်မှန်း ကျွန်တော်တို့ သိတယ်။ ဘယ်လိုသိတာလဲ။ စာတန်ဟာ မြွေကတစ်ဆင့် ဧဝကို စကားပြောခဲ့တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (က. ၃:၁-၅) ယေဟောဝါကိုတောင် စကားပြောပြီး ယောဘရဲ့ စိတ်ရင်းကို မေးခွန်းထုတ်ခဲ့တယ်။ (ယောဘ ၁:၉-၁၂) ယေရှုကိုလည်း သွေးဆောင်ဖို့ ကြိုးစားခဲ့တယ်။ (မ. ၄:၁-၁၀) ၁၉၁၄ မှာ ယေရှု ဘုရင်ဖြစ်ပြီးနောက် စာတန်ဟာ မြေကြီးပေါ်ကျန်နေသေးတဲ့ ဘိသိက်ခံတွေကို စတင် “စစ်တိုက်” တော့တယ်။ (ဗျာ. ၁၂:၁၇) ဒီတိုက်ပွဲ ဆက်ဖြစ်နေပါတယ်။ စာတန်ဟာ ဘိသိက်ခံတွေနဲ့ အခြားသိုးတွေရဲ့ ယုံကြည်ခြင်းကို ဖျက်ဆီးဖို့ ကြိုးစားနေတယ်။ ဒီတိုက်ပွဲမှာ အောင်မြင်ဖို့ဆိုရင် စာတန်ကို တိုက်ခိုက်ရမယ်၊ ယုံကြည်ခြင်း ခိုင်မာနေအောင် လုပ်ဆောင်ရမယ်။ စာတန်ဟာ သိပ်မာနကြီးတယ်။ ယေဟောဝါရဲ့ အုပ်ချုပ်ပိုင်ခွင့်ကိုတောင် စိန်ခေါ်ရဲတယ်။ ယေဟောဝါအစား သူ့ကို ဝတ်ပြုဖို့ တခြားသူတွေကို သွေးဆောင်ခဲ့တယ်။ မာနကြီးတဲ့နေရာမှာတော့ ပြိုင်စံရှားပဲ။ ဒါကြောင့် စာတန်ကို တိုက်ခိုက်နိုင်တဲ့ နည်းတစ်နည်းကတော့ မာနကြီးခြင်းကို ရှောင်ပြီး နှိမ့်ချစိတ်ကို မွေးမြူခြင်းပဲ။—၁ ပေ. ၅:၅။ က၁၅ ၅/၁၅ ၂:၃၊ ၄

ကြာသပတေးနေ့၊ ဇန်နဝါရီ ၅

အရှင်ထာဝရဘုရားသည်လည်း ခပ်သိမ်းသော မျက်နှာတို့မှ မျက်ရည်ကို သုတ်တော်မူလိမ့်မည်။ —ဟေရှာ. ၂၅:၈။

သိပ်ကောင်းတဲ့အနာဂတ် ပြုလုပ်ပေးမယ်လို့ ယေဟောဝါ ကတိပြုထားတယ်။ အဲဒီအကြောင်း ကျွန်တော်တို့ စဉ်းစားတဲ့အခါ ပိုပျော်လာတယ်။ ဆက်အမှုဆောင်ဖို့ ခွန်အားရရှိနိုင်တယ်။ ကောင်းကင်မျှော်လင့်ချက် ရှိသည်ဖြစ်စေ၊ မြေကြီးမျှော်လင့်ချက် ရှိသည်ဖြစ်စေ ဘုရားသခင့် ကတိတွေကို ခံစားနေရတယ်လို့ သင် မြင်ယောင်ကြည့်နိုင်သလား။ သင်ဟာ မြေကြီးပေါ်မှာ ထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်သူဖြစ်ရင် မြေကြီးကို လှပတဲ့ ဥယျာဉ်ဖြစ်အောင် မိတ်ဆွေတွေနဲ့အတူ လုပ်ဆောင်နေတယ်လို့ မြင်ယောင်ကြည့်ပါ။ အလုပ်ကြီးကြပ်သူတွေက သင့်ကို သိပ်ဂရုစိုက်တယ်။ သင့်ပတ်လည်မှာလည်း ယေဟောဝါကို ချစ်တဲ့သူတွေချည်းပဲ။ သင်ဟာ ကျန်းမာသန်စွမ်းနေပြီး အားအင်အပြည့်ပဲ။ ဘာကိုမှလည်း စိတ်ပူစရာမလိုတော့ဘူး။ ကိုယ့်အစွမ်းအစတွေကို တခြားသူတွေကို ကူညီဖို့၊ ယေဟောဝါကို ဂုဏ်တင်ဖို့ အသုံးပြုနိုင်ပြီဖြစ်လို့ သိပ်ပျော်နေတယ်။ ထမြောက်လာသူတွေကို ယေဟောဝါအကြောင်း သိလာအောင် ကူညီပေးနေတာတောင် ဖြစ်နိုင်တယ်။ (ယော. ၁၇:၃။ တ. ၂၄:၁၅) အဲဒါတွေအကြောင်း စိတ်ကူးတာဟာ မဖြစ်နိုင်တာတွေကို စိတ်ကူးနေတာမဟုတ်ဘူး။ အနာဂတ်နဲ့ပတ်သက်တဲ့ ကျမ်းစာအမှန်တရားဖြစ်လို့ အဲဒါတွေအားလုံး တကယ်ပြည့်စုံလာပါလိမ့်မယ်။—ဟေရှာ. ၁၁:၉။ ၃၃:၂၄။ ၃၅:၅-၇။ ၆၅:၂၂။ က၁၅ ၅/၁၅ ၃:၁၅

သောကြာနေ့၊ ဇန်နဝါရီ ၆

ပွဲအုပ်သည် စပျစ်ဝိုင်အဖြစ် ပြောင်းထားသောရေကို မြည်းစမ်းကြည့်၏။—ယော. ၂:၉။

ယေရှုဟာ လူအုပ်စုကြီးအတွက် စပျစ်ဝိုင်အလုံအလောက် ပြုလုပ်ပေးခဲ့တယ်။ (ယော. ၂:၆-၁၁) ဒါပေမဲ့ ကျောက်ခဲကို မုန့်ဖြစ်အောင်လုပ်ဖို့ စာတန်သွေးဆောင်ချိန်မှာ ယေရှုဟာ သူ့တန်ခိုးကို ကိုယ်ကျိုးအတွက် လုံးဝအသုံးမပြုဘူး။ (မ. ၄:၂-၄) အဲဒီအစား တခြားသူတွေကို ကူညီဖို့ပဲ အသုံးပြုခဲ့တယ်။ ယေရှုရဲ့ ကိုယ်ကျိုးမဖက်တဲ့ သဘောထားကို ကျွန်တော်တို့ ဘယ်လိုတုပနိုင်သလဲ။ “ပေးကမ်းခြင်းကို ကျင့်ယူကြ” ဖို့ ယေရှုပြောတယ်။ (လု. ၆:၃၈) တခြားသူတွေကို အိမ်မှာ ထမင်းစားဖိတ်ခြင်းအားဖြင့် အဲဒီလိုလုပ်ဆောင်နိုင်တယ်။ အဲဒီအပြင် ညီအစ်ကိုညီအစ်မတွေကို အစည်းအဝေး ပြီးနောက် အချိန်ပေးပြီး ကူညီနိုင်တယ်။ ညီအစ်ကိုတစ်ယောက် ဟောပြောချက်ပေးဖို့ လေ့ကျင့်တာကို နားထောင်ပေးတာမျိုး ဖြစ်နိုင်တယ်။ အမှုဆောင်လုပ်ငန်းမှာလည်း လက်တွေ့ကျကျ ကူညီလေ့ကျင့်ပေးနိုင်တယ်။ တခြားသူတွေကို အတတ်နိုင်ဆုံး ကူညီပေးခြင်းအားဖြင့် ယေရှုရဲ့ ရက်ရောမှုကို တုပနိုင်တယ်။ က၁၅ ၆/၁၅ ၁:၃၊ ၄၊ ၆

စနေနေ့၊ ဇန်နဝါရီ ၇

မြို့သားကလည်း ငါနာသည်ဟုမဆိုရ။ —ဟေရှာ. ၃၃:၂၄။

ကျွန်တော်တို့ ဆက်သစ္စာရှိမယ်ဆိုရင် ကြီးစွာသောဒုက္ခကနေ အသက်ရှင်လွတ်မြောက်ခြင်းဆိုတဲ့ အကြီးမားဆုံး အံ့ဖွယ်အမှုကို မြင်တွေ့ခံစားခွင့် ရရှိပါလိမ့်မယ်။ အာမဂေဒုန်ပြီးနောက် မကြာခင်မှာ နောက်ထပ် အံ့ဖွယ်အမှုများစွာကိုလည်း တွေ့မြင်ရပါလိမ့်မယ်။ အဲဒီအချိန်မှာ လူသားအားလုံး ပြည့်ဝစုံလင်တဲ့ကျန်းမာရေး ရရှိကြလိမ့်မယ်။ (ဟေရှာ. ၃၅:၅၊ ၆။ ဗျာ. ၂၁:၄) မျက်မှန်၊ တုတ်ကောက်၊ ချိုင်းထောက်၊ ဘီးတပ်ကုလားထိုင်နဲ့ နားကြပ်တွေကို လူတွေ လွှင့်ပစ်လိုက်တဲ့မြင်ကွင်းကို မြင်ယောင်ကြည့်ပါ။ အာမဂေဒုန်ကို ကပ်ကျော်မယ့်လူတွေမှာ လုပ်စရာအများကြီးရှိတယ်။ သူတို့ဟာ တစ်ကမ္ဘာလုံးကို လှပတဲ့ ပရဒိသုဥယျာဉ်ဖြစ်လာအောင် လုပ်ဆောင်ကြရမှာဖြစ်တယ်။ (ဆာ. ၁၁၅:၁၆) ဒီနေ့ခေတ် “လူအုပ်ကြီး” ဟာ လူနာတွေကို ယေရှု ကုသပေးတဲ့အကြောင်း ဖတ်ရတဲ့အခါ အားရှိကြတယ်။ (ဗျာ. ၇:၉) အဲဒီအံ့ဖွယ်အမှုတွေက အနာဂတ်မှာ ရောဂါအားလုံး ပျောက်ကင်းသွားမယ်ဆိုတဲ့ မျှော်လင့်ချက်ကို ရှင်သန်စေတယ်။ လူသားတွေကို ယေရှု ဘယ်လောက်ချစ်မှန်းလည်း ပေါ်လွင်စေတယ်။ (ယော. ၁၀:၁၁။ ၁၅:၁၂၊ ၁၃) ယေရှုရဲ့ ထောက်ထားစာနာမှုက ကျေးကျွန်တစ်ယောက်ချင်းစီပေါ်ထားတဲ့ ယေဟောဝါရဲ့ မေတ္တာကို အထင်အရှား ဖော်ပြတယ်။—ယော. ၅:၁၉။ က၁၅ ၆/၁၅ ၂:၁၆၊ ၁၇

တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၈

မြေကြီးနှင့် ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား မာရ်နတ်သည် မိမိအချိန် တိုတောင်းသည်ကို သိ၍ ဒေါသကြီးစွာဖြင့် သင်တို့ထံသို့ ဆင်းလေပြီ။ —ဗျာ. ၁၂:၁၂။

၁၉၁၄ ရောက်တဲ့အခါ ဥရောပမှာ ပထမကမ္ဘာစစ်စတင်ပြီး မကြာခင်မှာပဲ တစ်ကမ္ဘာလုံးကို ပျံ့နှံ့သွားခဲ့တယ်။ စစ်ကြောင့် အစာရှားပါးမှုတွေ ဖြစ်လာတယ်။ စစ်ပွဲပြီးဆုံးတဲ့ ၁၉၁၈ မှာ ကြောက်စရာတုပ်ကွေးရောဂါကြောင့် လူများစွာ သေဆုံးရတယ်။ အဲဒီရောဂါကြောင့် သေဆုံးသူတွေဟာ စစ်ကြောင့် သေဆုံးသူတွေထက် အဆမတန်ပိုများတယ်။ အဲဒါတွေအားလုံးဟာ ယေရှုပြောခဲ့တဲ့ “နိမိတ်” ရဲ့ အစိတ်အပိုင်းတွေဖြစ်တယ်။ ဒီနိမိတ်က ၁၉၁၄ မှာ ယေရှု ကောင်းကင်မှာ ဘုရင်ဖြစ်ပြီဆိုတာ ဖော်ပြတယ်။ (မ. ၂၄:၃-၈။ လု. ၂၁:၁၀၊ ၁၁) အဲဒီနှစ်မှာ ယေရှုဟာ “အောင်မြင်လျက်လည်းကောင်း၊ အပြီးအောင်မြင်ရန်လည်းကောင်း ထွက်သွား” တယ်။ (ဗျာ. ၆:၂) စာတန်နဲ့ နတ်ဆိုးတွေကို ကောင်းကင်ကနေ မြေကြီးကို ပစ်ချလိုက်တယ်။ အဲဒီအချိန်ကစပြီး လူသားတွေဟာ ဒီနေ့ကျမ်းချက်မှာပါတဲ့ ကျမ်းစကားအတိုင်း ခံစားကြရတော့တယ်။ က၁၅ ၆/၁၅ ၄:၁၃

တနင်္လာနေ့၊ ဇန်နဝါရီ ၉

သခင်ဘုရားပြတော်မူသော ထူးဆန်းသော ရူပါရုံနှင့် ဗျာဒိတ်တော်များကို တစ်ဖန် ပြောဦးမည်။ —၂ ကော. ၁၂:၁။

ခရစ်ယာန်အသင်းတော် တည်ထောင်ပြီး နှစ်၁၀၀ မပြည့်ခင်မှာပဲ ကြိုဟောထားတဲ့ အယူဖောက်ပြန်မှု ပေါ်ပေါက်လာတယ်။ (တ. ၂၀:၂၈-၃၀။ ၂ သက်. ၂:၃၊ ၄) အဲဒီနောက်ပိုင်း ဘုရားသခင်ရဲ့ စစ်မှန်တဲ့ဝတ်ပြုသူတွေကို ခွဲခြားသိရှိဖို့ ပိုခက်လာတယ်။ ဒါပေမဲ့ ရာစုနှစ်များစွာကြာပြီးနောက်မှာတော့ ယေဟောဝါက ပုံဆောင်ဗိမာန်တော်မှာ ဝတ်ပြုနေသူတွေကို ခွဲခြားဖော်ပြဖို့ ယေရှုကိုအသုံးပြုခဲ့တယ်။ ဘုရားသခင်နှစ်သက်လက်ခံသူတွေ၊ ပုံဆောင်ဗိမာန်တော်မှာဝတ်ပြုနေသူတွေ ဘယ်သူဖြစ်တယ်ဆိုတာ ၁၉၁၉ ခုနှစ် မှာ သဲသဲကွဲကွဲ ထင်ရှားလာတယ်။ အဲဒီလူတွေဟာ သူတို့ရဲ့ဝတ်ပြုရေးကို ယေဟောဝါ နှစ်သက်လက်ခံဖို့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ကြတယ်။ (ဟေရှာ. ၄:၂၊ ၃။ မာလ. ၃:၁-၄) ဒီနည်းနဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက တမန်တော်ပေါလု မြင်ခဲ့တဲ့ ရူပါရုံ စတင်ပြည့်စုံလာတယ်။ ပေါလုရဲ့ ရူပါရုံကို ၂ ကောရိန္သု ၁၂:၂-၄ မှာဖော်ပြထားတယ်။ အနာဂတ်မှာ တည်ရှိမယ့်အရာကို အဲဒီရူပါရုံကတစ်ဆင့် ပေါလုကို ယေဟောဝါ ပြခဲ့တယ်။ က၁၅ ၇/၁၅ ၁:၆-၈

အင်္ဂါနေ့၊ ဇန်နဝါရီ ၁၀

ထိုအခါ ဖြောင့်မတ်သူတို့သည် မိမိတို့အဖ၏ နိုင်ငံတော်တွင် နေကဲ့သို့ ထွန်းလင်းကြလိမ့်မည်။ —မ. ၁၃:၄၃။

ဒါက ဘိသိက်ခံတွေဟာ ကောင်းကင်ကို “အရှင် လတ်လတ် ချီဆောင်ခံရ” မယ်လို့ ဆိုလိုတာလား။ ခရစ်ယာန်ဘောင်ထဲက လူများစွာကတော့ ခရစ်ယာန်တွေဟာ ကောင်းကင်ကို လူ့ခန္ဓာကိုယ်နဲ့ ချီဆောင်ခံရမယ်လို့ ယုံကြည်ကြတယ်။ မြေကြီးကို အုပ်ချုပ်ဖို့ ယေရှုပြန်ကြွလာတာကိုလည်း ပကတိမျက်စိနဲ့မြင်ရမယ်လို့ ထင်နေကြတယ်။ ဒါပေမဲ့ ‘လူသားရဲ့နိမိတ်လက္ခဏာဟာ ကောင်းကင်မှာ ထင်ရှား’ မယ်၊ ယေရှုဟာ “မိုးတိမ်ကိုစီး” ပြီး ကြွလာမယ်လို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ (မ. ၂၄:၃၀) ဒါကြောင့် ယေရှုဟာ မျက်စိနဲ့မမြင်နိုင်တဲ့နည်းနဲ့ ပြန်ကြွလာမယ်ဆိုတာ ထင်ရှားတယ်။ ဒါ့အပြင် “လူ့အသွေးအသားသည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံနိုင်” လို့လည်း ကျမ်းစာပြောတယ်။ ဒါကြောင့် ကောင်းကင်ကို ခေါ်ဆောင်ခံရမယ့်သူတွေဟာ ‘နောက်ဆုံးတံပိုးမှုတ်တဲ့အခါ တစ်ခဏချင်း မျက်စိတစ်မှိတ်အတွင်း’ အရင်ဆုံး “ပြောင်းလဲ” ရမှာဖြစ်တယ်။ (၁ ကော. ၁၅:၅၀-၅၃) မြေကြီးပေါ်ကျန်နေသေးတဲ့ ဘိသိက်ခံအကြွင်းအကျန်တွေဟာ ချက်ချင်း စုသိမ်းခံရမှာဖြစ်တယ်။ က၁၅ ၇/၁၅ ၂:၁၄၊ ၁၅

ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၁၁

ပရိသတ်အလယ်မှာ ကိုယ်တော်ကို ချီးမွမ်းပါမည်။ —ဆာ. ၂၂:၂၂။

နိုင်ငံတော်ခန်းမဟာ ယေဟောဝါကို ဝတ်ပြုဖို့ လူတွေစုဝေးတဲ့ အဓိကနေရာဖြစ်တယ်။ အစည်းအဝေးတွေဟာ ဘုရားပေးလက်ဆောင်ဖြစ်ပြီး ကိုယ်တော်နဲ့ ဆက်ဆံရေးပိုကောင်းလာစေဖို့ ကူညီပေးတယ်။ အစည်းအဝေးတွေမှာ အဖွဲ့အစည်းကလာတဲ့ လမ်းညွှန်မှုနဲ့ အားပေးမှုကို ရရှိတယ်။ “ယေဟောဝါဘုရား၏စားပွဲ” မှာ စားသုံးဖို့ဖိတ်ခေါ်ခံရတာ တကယ့်အခွင့်ထူးပဲ။ ဒီအထူးဖိတ်ခေါ်ချက်ကို ဘယ်တော့မှ ပေါ့ပေါ့တန်တန် သဘောမထားသင့်ဘူး။ (၁ ကော. ၁၀:၂၁) ယေဟောဝါက သူ့ကို ဝတ်ပြုဖို့၊ အချင်းချင်း အားပေးဖို့ အစည်းအဝေးတွေကို မပျက်မကွက် တက်ရောက်စေချင်တယ်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ယေဟောဝါကို ကျွန်တော်တို့ ရိုသေလေးစားတဲ့အတွက် အရေးကြီးကိစ္စမရှိဘဲ အစည်းအဝေးပျက်မှာ မဟုတ်ဘူး။ အစည်းအဝေးတွေအတွက် ကြိုတင်ပြင်ဆင်ပြီး ပါဝင်ခြင်းအားဖြင့် ကျေးဇူးတင်လေးမြတ်ကြောင်း တင်ပြကြတယ်။ က၁၅ ၇/၁၅ ၄:၃၊ ၄

ကြာသပတေးနေ့၊ ဇန်နဝါရီ ၁၂

စောင့်နေကြလော့။ —မ. ၂၄:၄၂။

ဒီသတိပေးချက်က ဆက်မျှော်လင့်နေဖို့ အကြောင်းကောင်းပဲ။ အဲဒီလိုလုပ်ဖို့ယေရှုပြောခဲ့တယ်။ ယေဟောဝါရဲ့ အဖွဲ့အစည်းကလည်း “ယေဟောဝါဘုရား၏နေ့ ရောက်လာမည်ကို စောင့်မျှော်၍ စိတ်စွဲလမ်း” နေဖို့၊ ကမ္ဘာသစ်ကတိကို အာရုံစိုက်နေဖို့ မပြတ်သတိပေးနေတယ်။ (၂ ပေ. ၃:၁၁-၁၃) ပထမရာစုခေတ်မှာတောင် ယေရှုရဲ့ နောက်လိုက်တွေဟာ ယေဟောဝါရဲ့နေ့ကို ဆက်စောင့်နေဖို့ လိုအပ်ခဲ့တယ်ဆိုရင် ကျွန်တော်တို့ခေတ်မှာ ပိုတောင်လိုအပ်တယ်။ ဘာကြောင့်လဲဆိုတော့ ခရစ်တော်ရောက်ရှိချိန်အတွင်းမှာ ကျွန်တော်တို့ အသက်ရှင်နေရလို့ပဲ။ ခရစ်တော်ရောက်ရှိနေပြီဆိုတဲ့ နိမိတ်ဟာ ၁၉၁၄ ကစပြီး ပြည့်စုံနေတယ်။ အဲဒီအပြင် ပိုဆိုးလာတဲ့ကမ္ဘာ့အခြေအနေတွေ၊ ကမ္ဘာချီ နိုင်ငံတော်သတင်းဟောပြောခြင်း အပါအဝင် စုပေါင်းနိမိတ်တွေဟာ “ဤလောကစနစ်နိဂုံးပိုင်း” မှာ ကျွန်တော်တို့ အသက်ရှင်နေရတယ်ဆိုတာ ဖော်ပြတယ်။ (မ. ၂၄:၃၊ ၇-၁၄) နောက်ဆုံးကာလ ဘယ်လောက်ကြာပြီးမှ အဆုံးရောက်မယ်ဆိုတာ ယေရှုမပြောတဲ့အတွက် အထူးနိုးကြားနေဖို့ လိုအပ်တယ်။ က၁၅ ၈/၁၅ ၂:၄၊ ၅

သောကြာနေ့၊ ဇန်နဝါရီ ၁၃

ထာဝရဘုရား၌ မွေ့လျော်ခြင်းရှိလော့။ —ဆာ. ၃၇:၄။

ကမ္ဘာသစ်မှာ အကြီးမားဆုံးပျော်ရွှင်မှုကို ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိခြင်းကနေ ရရှိပါလိမ့်မယ်။ (မ. ၅:၃) ကျွန်တော်တို့ဟာ ယေဟောဝါရဲ့ လုပ်ငန်းကို အဓိကဦးစားထားပြီး ကိုယ်တော့်အမှုဆောင်ခြင်းကနေ ပျော်ရွှင်မှု ခံစားရပါလိမ့်မယ်။ ဒါကြောင့် အခုကတည်းက ဘဝမှာ ယေဟောဝါကို ဦးစားထားမယ်ဆိုရင် ကမ္ဘာသစ်အသက်တာအတွက် ပြင်ဆင်နေရာရောက်တယ်။ (မ. ၆:၁၉-၂၁) ယေဟောဝါရဲ့လုပ်ငန်းမှာ ပိုပျော်မွေ့လာအောင် ဘယ်လိုလုပ်ဆောင်နိုင်သလဲ။ တစ်နည်းကတော့ ပန်းတိုင်တွေ ချမှတ်ခြင်းဖြစ်တယ်။ သင်ဟာ လူငယ်ဖြစ်တယ်ဆိုရင် သင့်အသက်တာကို ယေဟောဝါရဲ့လုပ်ငန်းမှာ အသုံးပြုဖို့ အလေးအနက် စဉ်းစားပါ။ အချိန်ပြည့်လုပ်ငန်းအမျိုးမျိုးနဲ့ ပတ်သက်တဲ့ဆောင်းပါးတွေကို ရှာဖွေလေ့လာပါ။ အဲဒီလုပ်ငန်းတစ်မျိုးမျိုးမှာ ပါဝင်ဖို့ ပန်းတိုင်ထားပါ။ အချိန်ပြည့်လုပ်ငန်းမှာ နှစ်ပေါင်းများစွာ ပါဝင်လာသူတချို့နဲ့ စကားပြောကြည့်ပါ။ သင့်အသက်တာကို ယေဟောဝါရဲ့လုပ်ငန်းမှာ အသုံးပြုမယ်ဆိုရင် တန်ဖိုးမဖြတ်နိုင်တဲ့ လေ့ကျင့်မှုကို ရရှိပါလိမ့်မယ်။ အဲဒီလေ့ကျင့်မှုက ကမ္ဘာသစ်မှာ ယေဟောဝါကို အမှုဆောင်ဖို့ အထောက်အကူပြုပါလိမ့်မယ်။ က၁၅ ၈/၁၅ ၃:၁၃၊ ၁၄

စနေနေ့၊ ဇန်နဝါရီ ၁၄

စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာသော အရည် အသွေးများမူကား ချစ်ခြင်း [ဖြစ်၏]။ —ဂလ. ၅:၂၂။

စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ တခြားအရည်အသွေးတွေက နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်း၊ စိတ်ရှည်ခြင်းတို့ဖြစ်တယ်။ ဒီအရည်အသွေးတွေကလည်း အရေးပါတယ်။ (ဂလ. ၅:၂၃) အဲဒီအရည်အသွေးတွေက အခက်အခဲတွေ၊ စိတ်ဓာတ်ကျစရာတွေကို အပြုံးမပျက် ခံရပ်နိုင်ဖို့ ကူညီပေးတယ်။ ရင့်ကျက်သူဟာ ကိုယ်ပိုင်လေ့လာမှုလုပ်တဲ့အခါ အမှားအမှန်ခွဲခြားနိုင်အောင် ကူညီပေးတဲ့ ကျမ်းစာမူတွေကို ရှာဖွေတယ်။ အဲဒီနောက် ကျမ်းစာနဲ့လေ့ကျင့်ထားတဲ့ သိစိတ်ကိုသုံးပြီး ပညာရှိဆုံးဖြတ်ချက်တွေ ချတယ်။ ရင့်ကျက်တဲ့ခရစ်ယာန်ဟာ နှိမ့်ချမှုလည်းရှိတယ်။ ယေဟောဝါရဲ့နည်းလမ်းနဲ့ စံနှုန်းတွေဟာ ကိုယ့်နည်းလမ်းနဲ့ စံနှုန်းတွေထက် အမြဲပိုသာတယ်ဆိုတာ သူ အသိအမှတ်ပြုတယ်။ ဇွဲထက်သန်စွာ သတင်းကောင်းဟောပြောတယ်။ အသင်းတော်ရဲ့ စည်းလုံးမှုတိုးများအောင် လုပ်ဆောင်တယ်။ ယေဟောဝါကို ဝတ်ပြုလာတာ နှစ်ပေါင်း ဘယ်လောက်ပဲကြာနေပါစေ ‘ယေရှုကို အခုထက် ပိုတုပနိုင်အောင် ဘယ်ကဏ္ဍတွေမှာ ငါ ပြောင်းလဲဖို့ လိုနေသလဲ၊ ပိုတိုးတက်နိုင်မယ့် နည်းလမ်းတွေရှိသလား’ လို့ ယောက်တိုင်း ကိုယ့်ကိုယ်ကိုယ် မေးသင့်တယ်။ က၁၅ ၉/၁၅ ၁:၆၊ ၇

တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၁၅

ယုံကြည်ခြင်း အားနည်းသောသူ၊ အဘယ်ကြောင့် ယုံမှားသံသယစိတ်ဝင်သနည်း။—မ. ၁၄:၃၁။

ဂါလိလဲပင်လယ်မှာ ရေပေါ်လမ်းလျှောက်လာတဲ့ ယေရှုကို တပည့်တွေတွေ့လိုက်တယ်။ ပေတရုက ယေရှုကို အော်ခေါ်ပြီး ရေပေါ်ကနေ လျှောက်လာလို့ရမလားလို့ မေးတယ်။ လာခဲ့ပါလို့ ယေရှုပြောတဲ့အခါ ပေတရုလည်း လှေပေါ်ကဆင်းပြီး ယေရှုဆီ လျှောက်သွားတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ ပေတရု ရေနစ်ပါလေရော။ ဘာကြောင့်လဲဆိုတော့ လှိုင်းကြမ်းလေကြမ်းတွေကို ကြည့်ပြီး ကြောက်သွားလို့ပဲ။ ပေတရု အော်ဟစ်အကူအညီတောင်းတဲ့အခါ သူ့လက်ကို ယေရှု ချက်ချင်းလှမ်းဆွဲလိုက်ပြီး အထက်က စကားတွေကို ပြောခဲ့တယ်။ (မ. ၁၄:၂၄-၃၂) ပေတရုရဲ့ ယုံကြည်ခြင်း တော်တော်ခိုင်မာတယ်။ ဘာကြောင့် အဲဒီလိုပြောနိုင်သလဲ။ ယေရှု ခေါ်တဲ့အခါ လှေပေါ်ကဆင်းပြီး ရေပေါ် လမ်းလျှောက်သွားလို့ပဲ။ ဘုရားသခင့်တန်ခိုးက ရေပေါ်လမ်းလျှောက်နိုင်အောင် ယေရှုကို ကူညီပေးသလို သူ့ကိုလည်း ကူညီပေးမယ်ဆိုတာ ပေတရု ယုံကြည်တယ်။ အဲဒီလိုပဲ၊ ယေရှုက သူ့နောက်လိုက်ဖို့ ဖိတ်ခေါ်တဲ့အခါ ကျွန်တော်တို့လည်း ယေဟောဝါဆီ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံခဲ့ကြတယ်။ ဘာကြောင့်လဲဆိုတော့ ယေဟောဝါနဲ့ ယေရှုကို ယုံကြည်လို့၊ သူတို့ကူညီပေးမယ်ဆိုတာ စိတ်ချလို့ပဲ။—ယော. ၁၄:၁။ ၁ ပေ. ၂:၂၁။ က၁၅ ၉/၁၅ ၃:၁၊ ၃

တနင်္လာနေ့၊ ဇန်နဝါရီ ၁၆

ကိုယ်တော်၏ သန့်ရှင်းသူတို့၏အသက်ဝိညာဉ်ကို စောင့်မတော်မူ၍ မတရားသောသူတို့၏လက်မှလည်း ကယ်နုတ်တော်မူ၏။—ဆာ. ၉၇:၁၀။

မေတ္တာပြည့်ဝတဲ့ဖခင်ဟာ မိသားစုကို အန္တရာယ်တွေကနေ ကာကွယ်ပေးတယ်။ ကျွန်တော်တို့ရဲ့ဖခင် ယေဟောဝါလည်း အဲဒီလိုပဲ။ မျက်စိဟာ သိပ်တန်ဖိုးရှိလို့ မျက်စိကိုထိတာနဲ့ ကျွန်တော်တို့ ချက်ချင်းကာကွယ်တတ်တယ်။ အဲဒီလိုပဲ၊ ကျွန်တော်တို့ဟာ ယေဟောဝါအတွက် သိပ်တန်ဖိုးရှိလို့ ကျွန်တော်တို့ကို ထိတာနဲ့ ကိုယ်တော် ချက်ချင်းကာကွယ်ပေးတယ်။ (ဇာ. ၂:၈) သတေဖန်လို ကျေးကျွန်တချို့ကတော့ ယေဟောဝါအပေါ်ထားတဲ့ သစ္စာသမာဓိကြောင့် အသက်သေဆုံးတဲ့အထိ ကြုံကြရတယ်။ အဲဒီအခြေအနေတွေ မကြုံရအောင် ယေဟောဝါ အမြဲတမ်းတော့ မတားဆီးပေးဘူး။ ဒါပေမဲ့ စာတန့်ပရိယာယ်အမျိုးမျိုးအကြောင်း သတိပေးခြင်းအားဖြင့် အုပ်စုလိုက်ကိုတော့ ကာကွယ်ပေးတယ်။ (ဧ. ၆:၁၀-၁၂) ကျမ်းစာနဲ့ အဖွဲ့အစည်းထုတ်စာပေတွေကတစ်ဆင့် အဲဒီသတိပေးချက်တွေကို ကျွန်တော်တို့ရရှိတယ်။ ဥပမာ၊ အင်တာနက်နဲ့ ငွေတပ်မက်ခြင်းအန္တရာယ်၊ အကျင့်ပျက်ကြမ်းတမ်းတဲ့ ရုပ်ရှင်၊ စာအုပ်နဲ့ ဂိမ်းအန္တရာယ်တွေကို သိရှိလာရတယ်။ ကျွန်တော်တို့ကို ယေဟောဝါချစ်ပြီး ကာကွယ်ပေးချင်တာ သိပ်ထင်ရှားတယ်။ က၁၅ ၉/၁၅ ၄:၁၅၊ ၁၇

အင်္ဂါနေ့၊ ဇန်နဝါရီ ၁၇

ထာဝရဘုရားသည် မကယ်မတင်နိုင်အောင် လက်တော်တိုသည်မဟုတ်။— ဟေရှာ. ၅၉:၁။

သတင်းကောင်းကို ခုခံကာကွယ်ပြီး တရားဥပဒေအရ အတည်ဖြစ်စေဖို့ မိမိလူမျိုးကို ယေဟောဝါ ကူညီပေးတယ်။ (ဖိ. ၁:၇) ဥပမာ၊ ဟောပြောခြင်းလုပ်ငန်းကို တားဆီးပိတ်ပင်ဖို့ အစိုးရတချို့ ကြိုးစားတဲ့အခါ ကျွန်တော်တို့ တရားရုံးအထိတက်ပြီး ခုခံကာကွယ်ခဲ့ကြတယ်။ တစ်ကမ္ဘာလုံးမှာ အမှုပေါင်း ၂၆၈ မှုလောက် အနိုင်ရခဲ့တယ်။ အဲဒီထဲက ၂၄ မှုကို လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးမှာ ၂၀၀၀ ပြည့်နှစ်ကစပြီး အနိုင်ရခဲ့တာဖြစ်တယ်။ ဘုရားသခင့်လက်တော်ကို ဘယ်သူမှမတားဆီးနိုင်မှန်း သိပ်ထင်ရှားတယ်။ (ဟေရှာ. ၅၄:၁၇) တစ်ကမ္ဘာလုံးမှာ သတင်းကောင်းဟောပြောနေတာကလည်း ဘုရားသခင့်လက်တော် ကူညီပေးတဲ့ ထပ်ဆင့်အထောက်အထားဖြစ်တယ်။ (မ. ၂၄:၁၄။ တ. ၁:၈) လူမျိုးပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့ ညီအစ်ကိုအသင်းအပင်းရဲ့ စည်းလုံးမှုကလည်း ယေဟောဝါရဲ့ အကူအညီကြောင့်ပဲ။ ယေဟောဝါကို ဝတ်မပြုသူတွေတောင် ထူးခြားလှတဲ့ အဲဒီစည်းလုံးမှုကြောင့် “ဘုရားသခင်သည် သင်တို့တွင် အမှန်ရှိတော်မူသည်” လို့ ဝန်ခံကြတယ်။ (၁ ကော. ၁၄:၂၅) မိမိလူမျိုးကို ဘုရားသခင် ကူညီ ပေးနေတဲ့ အထောက်အထား အများကြီးရှိပါတယ်။—ဟေရှာ. ၆၆:၁၄။ က၁၅ ၁၀/၁၅ ၁:၁၃၊ ၁၄

ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၁၈

လောက၌ရှိသောအရာများကို . . . မချစ်ကြနှင့်။—၁ ယော. ၂:၁၅။

လောကကို အပြည့်အဝမသုံးဖို့ ကျမ်းစာ သတိပေးတယ်။ အဲဒီထဲမှာ လောက ကမ်းလှမ်းတဲ့အရာတွေအတွက် အချိန်များစွာပေးခြင်း ပါဝင်တယ်။ (၁ ကော. ၇:၂၉-၃၁) လောကမှာရှိတဲ့အရာတချို့က မကောင်းတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အရမ်းအချိန်စားတယ်။ ဥပမာ၊ စာအုပ်ဖတ်တာ၊ တီဗီကြည့်တာ၊ လျှောက်လည်တာ၊ ဈေးဝယ်ထွက်တာ၊ နောက်ဆုံးပေါ် အီလက်ထရောနစ်ပစ္စည်းတွေ ဒါမှမဟုတ် ဇိမ်ခံပစ္စည်းတွေကို လျှောက်ကြည့်တာတွေ ဖြစ်နိုင်တယ်။ လူများစွာက အွန်လိုင်းမှာစကားပြောတာ၊ မက်ဆေ့ခ်ျပို့တာ၊ အီးမေးလ်ပို့တာ၊ ကမ္ဘာ့သတင်းနဲ့ အားကစားသတင်းတွေ ဖတ်ရတာကို နှစ်သက်ကြတယ်။ ဒါပေမဲ့ တချို့က အဲဒါတွေကို စွဲလမ်းသွားကြတယ်။ (ဒေ. ၃:၁၊ ၆) မလိုအပ်တဲ့အရာတွေအတွက် အချိန် အများကြီး ပေးနေမယ်ဆိုရင် သာ၍အရေးကြီးတဲ့အရာဖြစ်တဲ့ ဝတ်ပြုရေးကို အာရုံစိုက်နိုင်တော့မှာ မဟုတ်ဘူး။ (ဧ. ၅:၁၅-၁၇) စာတန်ဟာ သူ့လောကမှာရှိတဲ့အရာတွေကို သုံးပြီး ကျွန်တော်တို့ကို ဆွဲဆောင်ဖို့၊ ဝတ်ပြုရေးကနေ အာရုံလွဲသွားစေဖို့ အတတ်နိုင်ဆုံး ကြိုးစားနေတယ်။ ပထမရာစုမှာ သူအဲဒီလိုလုပ်ခဲ့တယ်။ ဒီနေ့ခေတ်မှာ ပိုတောင်လုပ်နေတယ်။ (၂ တိ. ၄:၁၀) ဒါကြောင့် ဒီနေ့ကျမ်းချက်ရဲ့ အကြံပြုချက်ကို နာခံဖို့ လိုတယ်။ က၁၅ ၁၀/၁၅ ၃:၇၊ ၈

ကြာသပတေးနေ့၊ ဇန်နဝါရီ ၁၉

အဘယ်သို့ပြုရမည်ကို . . . သွန်သင်စေတော်မူပါ။—သူကြီး. ၁၃:၈။

မာနော်တို့ဇနီးမောင်နှံ သားတစ်ယောက်ရတော့မယ်။ အဲဒီအကြောင်း မာနော်ကို လာပြောပြတဲ့အခါ သူလည်း တအားစိတ်လှုပ်ရှား ဝမ်းသာသွားတယ်။ သိပ်ကြီးလေးတဲ့ တာဝန်တစ်ခုရလာပြီဆိုတာ မာနော် သိတယ်။ ဆိုးသွမ်းမှုပြည့်နေတဲ့ တိုင်းပြည်မှာ နေထိုင်ရတဲ့အတွက် ယေဟောဝါကို ချစ်ပြီး ဝတ်ပြုသူတစ်ယောက်ဖြစ်လာအောင် ကလေးကို သူတို့ ဘယ်လိုထိန်းကျောင်းရမလဲ။ ဒါကြောင့် ‘အိုဘုရားရှင်၊ အကျွန်ုပ်တို့သည် ဖွားမြင်လတ္တံ့သောသူငယ်၌ အဘယ်သို့ပြုရမည်ကို ဘုရားသခင်၏တမန်တော်သည် တစ်ဖန်လာ၍ သွန်သင်စေတော်မူပါဟု ယေဟောဝါအား တောင်းလျှောက်’ ခဲ့တယ်။ (သူကြီး. ၁၃:၁-၈) သင်ဟာ မိဘတစ်ယောက်ဆိုရင် မာနော်ရဲ့ ခံစားချက်ကို နားလည်မှာပဲ။ ယေဟောဝါကို သိလာအောင်၊ ချစ်လာအောင် သင့်ကလေးကို လေ့ကျင့်ပေးဖို့ သင့်မှာလည်း တာဝန်ရှိတယ်။ (သု. ၁:၈) မိသားစုဝတ်ပြုမှု ပြုလုပ်ချိန်မှာ အဲဒီလိုလေ့ကျင့်ပေးနိုင်တယ်။ ဒါပေမဲ့ သင့်ကလေးနဲ့အတူ အပတ်တိုင်း ကျမ်းစာလေ့လာရုံထက်မက ပြုလုပ်ဖို့ လိုအပ်တယ်။ (တရား. ၆:၆-၉) ယေဟောဝါကို သူတို့ သိလာအောင်၊ ဝတ်ပြုလာအောင် လေ့ကျင့်ပေးရာမှာ ဘာတွေ လုပ်နိုင်သေးလဲ။ က၁၅ ၁၁/၁၅ ၁:၁၊ ၂

သောကြာနေ့၊ ဇန်နဝါရီ ၂၀

လှည့်စားခြင်းအပြစ်နှင့်ကင်းလွတ်သော ဣသရေလလူစစ်ကိုကြည့်လော့။—ယော. ၁:၄၇။

သင်ဟာ ယေရှုလို တခြားသူရဲ့စိတ်ကို သိမြင်နိုင်စွမ်းမရှိပေမဲ့ ထိုးထွင်းသိမြင်မှုရှိကြောင်း ဖော်ပြနိုင်ပါတယ်။ သင့်ဆယ်ကျော်သက်သားသမီးရဲ့ အရည်အသွေးကောင်းတွေကို ရှာဖွေနိုင်အောင် ယေဟောဝါကူညီပေးနိုင်တယ်။ သင့်ကို သူ စိတ်ပျက်အောင်လုပ်ရင်တောင် “ပြဿနာကောင်” ဒါမှမဟုတ် “ဆန်ကုန်မြေလေး” လို့ ဘယ်တော့မှ မပြောပါနဲ့။ အဲဒီလိုလည်း တွေးတောင် မတွေးပါနဲ့။ အဲဒီအစား၊ သူ့အရည်အသွေးကောင်းတွေကို သင် မြင်တွေ့မှန်း၊ မှန်ရာလုပ်ချင်စိတ်ရှိတာကို သင် သိမှန်း ပြောပြပါ။ သူ့ရဲ့တိုးတက်မှုကို သိမြင်ပြီး ချီးမွမ်းပေးပါ။ ဖြစ်နိုင်တဲ့အခါ တာဝန်တွေ ပိုပေးခြင်းအားဖြင့် သူ့အရည်အသွေးကောင်းတွေ တိုးတက်လာအောင် ကူညီပေးပါ။ ယေရှု အဲဒီလိုပဲ လုပ်ဆောင်ခဲ့တယ်။ ယေရှုဟာ နာသနေလ နဲ့ဆုံပြီးနောက် တစ်နှစ်ခွဲကြာတဲ့အခါ သူ့ကို တမန်တော်အဖြစ် ရွေးချယ်ခြင်းအားဖြင့် အရေးကြီးတာဝန် ပေးအပ်ခဲ့တယ်။ နာသနေလဟာ တာဝန်ကို သစ္စာရှိရှိ ထမ်းဆောင်ခဲ့တယ်။ (လု. ၆:၁၃၊ ၁၄။ တ. ၁:၁၃၊ ၁၄) ဒါကြောင့် သင့်ဆယ်ကျော်သက် သားသမီးကို အမြဲတမ်း အသုံးမကျသူအဖြစ် ခံစားရစေမယ့်အစား သူ့ကို အားပေးပါ၊ ချီးမွမ်းပါ။ ယေဟောဝါအတွက် အသုံးဝင်သူဖြစ်လာနိုင်တယ်လို့ ခံစားရစေပါ။ က၁၅ ၁၁/၁၅ ၂:၁၅၊ ၁၆

စနေနေ့၊ ဇန်နဝါရီ ၂၁

[ဘုရားသခင့်] အမှုတော်မြတ်ကို နေ့ညမပြတ် ထမ်းရွက်နေကြ၏။—ဗျာ. ၇:၁၅။

နောက်ဆုံးကာလ အစပြုတဲ့ ၁၉၁၄ တုန်းက တစ်ကမ္ဘာလုံးမှာ ဘုရားသခင့်ကျေးကျွန် ၅,၀၀၀ လောက်ပဲရှိတယ်။ လူသားချင်းကို ချစ်တဲ့မေတ္တာနဲ့ ဘုရားသခင့် စွမ်းအားတော်ရဲ့ ကူညီထောက်မမှုကြောင့် အဲဒီဘိသိက်ခံအကြွင်းအကျန် အုပ်စုငယ်လေးဟာ အခက်အခဲတွေကြား နိုင်ငံတော်သတင်းကောင်း ဟောပြောခဲ့တယ်။ ရလဒ်အနေနဲ့ မြေကြီးပေါ် ထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိတဲ့ လူအုပ်ကြီးအဖွဲ့ဝင်တွေ စုသိမ်းခံခဲ့ရတယ်။ ဒီနေ့၊ ကမ္ဘာတစ်ခုလုံးမှာ ယေဟောဝါသက်သေ ၈,၀၀၀,၀၀၀ လောက်ရှိနေပြီး အသင်းတော်ပေါင်း ၁၁၅,၄၀၀ ကျော်ရှိတယ်။ အဲဒီအရေအတွက် ဆက်တိုးများနေတယ်။ ဥပမာ၊ ၂၀၁၄ လုပ်ငန်းတော်နှစ်မှာ လူသစ် ၂၇၅,၅၀၀ ကျော် နှစ်ခြင်းခံခဲ့တယ်။ ဒါက အပတ်တိုင်း လူပေါင်း ၅,၃၀၀ လောက် နှစ်ခြင်းခံတဲ့သဘောဖြစ်တယ်။ ဘုရားသခင်အပေါ် ယုံကြည်မှု၊ ကျမ်းစာကို ယေဟောဝါရဲ့ နှုတ်မြွက်တော်အဖြစ် လက်ခံမှုကြောင့် အဖွဲ့အစည်း ဆက်တိုးတက်နေတယ်။ (၁ သက်. ၂:၁၃) စာတန်ရဲ့ မုန်းတီးမှုနဲ့ ဆန့်ကျင်မှုကြား ယေဟောဝါရဲ့ ကောင်းချီးကို ကျွန်တော်တို့ ဆက်ခံစားနေရတယ်။—၂ ကော. ၄:၄။ က၁၅ ၁၁/၁၅ ၄:၁၂၊ ၁၄၊ ၁၆

တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၂၂

ထာဝရဘုရား၏နှုတ်ကပါဌ်တရားမူကား ကာလ အစဉ်အမြဲတည်၏။—ဟေရှာ. ၄၀:၈။

ထောင်နဲ့ချီတဲ့ ရှေးလက်ရေးစာမူတွေ၊ ရှေးလက်ရေးစာမူအပိုင်းအစတွေနဲ့ ဘာသာပြန်ကျမ်းဟောင်းတွေကို ကျမ်းပညာရှင်တွေ အသေးစိတ်လေ့လာခဲ့ကြတယ်။ လေ့လာမှုအရ အခန်းငယ်နည်းနည်းလောက်မှာပဲ အမှားလေးတွေ ရှိနေတာ တွေ့ခဲ့ကြတယ်။ ကျမ်းစာတစ်အုပ်လုံးရဲ့ သတင်းစကားကတော့ မပြောင်းလဲသွားပါဘူး။ အဲဒီလေ့လာမှုတွေအရ လက်ရှိကျမ်းစာဟာ ယေဟောဝါရဲ့ စွမ်းအားတော်လမ်းညွှန်မှုနဲ့ ရေးသားထားတဲ့ ကျမ်းစာဖြစ်တယ်ဆိုတာ ကျမ်းစာလေ့လာသူတွေ ယုံကြည်စိတ်ချနိုင်ပါတယ်။ ကျမ်းစာဟာ အပြင်းအထန်  တိုက်ခိုက်ခံရပေမဲ့ လူ့သမိုင်းတစ်လျှောက်မှာ ဘာသာအပြန်ရဆုံးစာပေဖြစ်တယ်။ ဘာသာစကား ၂,၈၀၀ ကျော်နဲ့ ဘာသာပြန်ဆိုထားတယ်။ ဘာသာပြန်ကျမ်းတချို့ဟာ သိပ်မရှင်းလင်းတာ၊ သိပ်မတိကျတာရှိပေမဲ့ အများစုကတော့ မျှော်လင့်ချက်နဲ့ ထာဝရအသက် သတင်းစကားကို သိရှိစေတယ်။ က၁၅ ၁၂/၁၅ ၁:၁၃၊ ၁၄

တနင်္လာနေ့၊ ဇန်နဝါရီ ၂၃

သန်လျက်နှင့် ထိုးသကဲ့သို့ စကားပြောတတ်သောလူ တချို့ရှိ၏။—သု. ၁၂:၁၈။

ကိုယ်ပြောလိုက်တဲ့စကားက တခြားသူတွေရဲ့ ခံစားချက်ကို ကုစားနိုင်သလို ထိခိုက်စေနိုင်တယ်။ စာတန့်လောကမှာရှိတဲ့ လူများစွာဟာ ‘မြားတွေ၊’ ‘ဓားတွေ’ နဲ့တူတဲ့ ‘ရက်စက်တဲ့စကား’ တွေသုံးပြီး တခြားသူတွေကို ထိခိုက်နာကျင်စေကြတယ်။ (ဆာ. ၆၄:၃၊ ကဘ) ရုပ်ရှင်တွေ၊ တီဗီတွေကိုကြည့်ပြီး သူတို့ အဲဒီလိုပြောတတ်လာကြတယ်။ ဒါပေမဲ့ ခရစ်ယာန်တွေကတော့ ကြမ်းတမ်းရက်စက်တဲ့စကားတွေကို ဟာသအနေနဲ့တောင် ပြောမှာမဟုတ်ဘူး။ ဟာသဉာဏ်ရှိတာ ကောင်းပါတယ်။ ကိုယ်ပြောတဲ့စကားကို ပိုစိတ်ဝင်စားစရာဖြစ်စေတယ်။ ဒါပေမဲ့ ထေ့ငေါ့တဲ့စကားတွေကို ဘယ်တော့မှ မပြောသင့်ဘူး။ ထေ့ငေါ့တဲ့စကားဆိုတာ တခြားသူတွေရယ်ရအောင် တစ်ယောက်ယောက်ကို နှိမ်လိုက်တာ၊ အရှက်ခွဲစော်ကား၊ အသရေဖျက်လိုက်တာဖြစ်တယ်။ အဲဒီလိုစကားတွေကို ခရစ်ယာန်တွေရှောင်ဖို့ ကျမ်းစာမှာ မိန့်မှာထားတယ်။ “သင်တို့၏နှုတ်ထဲမှ မကောင်းသော စကားတစ်ခွန်းမျှ မထွက်ပါစေနှင့်။ ကြားနာသူတို့အတွက် နှစ်လို့ဖွယ်ဖြစ်စေရန် လိုအပ်သည့်အခါ တည်ဆောက်မှုဖြစ်စေသော ကောင်းသည့်စကားကိုသာ ပြောဆိုကြလော့” လို့လည်း တိုက်တွန်းထားတယ်။—ဧ. ၄:၂၉၊ ၃၁။ က၁၅ ၁၂/၁၅ ၃:၁၀

အင်္ဂါနေ့၊ ဇန်နဝါရီ ၂၄

ထိုအရာများကို သတိနှင့်ကြဉ်ရှောင်လျှင် ကောင်းစားလိမ့်မည်။ ကျန်းမာကြပါစေ။ —တ. ၁၅:၂၉။

အသင်းတော်တွေဆီ ပထမရာစုအုပ်ချုပ်ရေးအဖွဲ့ ပို့ခဲ့တဲ့စာရဲ့ အဲဒီနိဂုံးစကားဟာ နှုတ်ဆက်စကားတစ်မျိုး ဖြစ်တယ်။ ကျွန်တော်တို့အားလုံးမှာ ကျန်းမာရေးကောင်းချင်တဲ့ဆန္ဒရှိမှန်း အမှတ်ရစေတယ်။ ကျွန်တော်တို့ မစုံလင်တဲ့အတွက် ဖျားနာမှုကို မရှောင်လွှဲနိုင်ဘူး။ အခုအချိန်မှာ ဖျားနာတဲ့အခါ ယေဟောဝါဆီက အံ့ဖွယ်ကုသမှုကို မမျှော်လင့်နိုင်ပေမဲ့ လူတွေကို ဘုရားသခင် အပြည့်အဝကုသပေးမယ့် အနာဂတ်ကို စောင့်မျှော်နိုင်ပါတယ်။ ဗျာဒိတ် ၂၂:၁၊ ၂ မှာ လူတိုင်းကို ကုသပေးမယ့် “အသက်ရေ” နဲ့ “အသက်ပင်” အကြောင်း တမန်တော်ယောဟန် ပြောခဲ့တယ်။ အဲဒါက အခု ဒါမှမဟုတ် ကမ္ဘာသစ်မှာ မှီဝဲနိုင်မယ့် ဆေးမြီးတို ကုသနည်းတစ်မျိုးမျိုးကို ဆိုလိုတာမဟုတ်ဘူး။ အဲဒီအစား ကျွန်တော်တို့ ထာဝစဉ်အသက်ရှင်နိုင်အောင် ယေဟောဝါနဲ့ ယေရှု လုပ်ဆောင်ပေးမယ့်အရာအားလုံးကို ဆိုလိုတယ်။—ဟေရှာ. ၃၅:၅၊ ၆။ က၁၅ ၁၂/၁၅ ၄:၁၇၊ ၁၈

ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၂၅

ဘုရားသခင်သည် သင်နှင့်အတူရှိတော်မူသည်ဟု အကျွန်ုပ်တို့သည် ကြားသိ၍ သင်တို့နှင့်အတူ လိုက်ပါမည်။—ဇာ. ၈:၂၃။

ကျွန်တော်တို့ခေတ်နဲ့ပတ်သက်ပြီး ယေဟောဝါ အခုလို ကြိုပြောတယ်– “ထိုကာလ၌ ဘာသာအသီးအသီးကိုပြောတတ်သော လူအမျိုးမျိုးတို့တွင် တစ်ကျိပ်သောလူ [ဆယ်ယောက်] တို့သည် ယုဒလူဖြစ်သောသူ၏ အဝတ်စွန်းကိုကိုင်လျက် ဘုရားသခင်သည် သင်နှင့်အတူရှိတော်မူသည်ဟု အကျွန်ုပ်တို့သည် ကြားသိ၍ သင်တို့နှင့်အတူ လိုက်ပါမည်ဟု ဆိုကြလိမ့်မည်။” (ဇာ. ၈:၂၃) “ယုဒလူ” ဟာ သန့်ရှင်းသောစွမ်းအားတော်နဲ့ ဘိသိက်ပေးခံရသူတွေကို ပုံဆောင်တယ်။ သူတို့ကို “ဘုရားသခင်၏ အစ္စရေးလူမျိုး” လို့လည်း ခေါ်တယ်။ (ဂလ. ၆:၁၆) ‘လူဆယ်ယောက်’ ဟာ မြေကြီးပေါ် ထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိသူတွေကို ပုံဆောင်တယ်။ ဘိသိက်ခံတွေကို ယေဟောဝါ ကောင်းချီးပေးနေမှန်း သိတဲ့အတွက် သူတို့နဲ့အတူ ယေဟောဝါကို ဝတ်ပြုရတာ ဂုဏ်ယူကြတယ်။ ပရောဖက်ဇာခရိလိုပဲ ယေရှုလည်း ဘုရားသခင့်လူမျိုးရဲ့ စည်းလုံးမှုအကြောင်း ပြောခဲ့တယ်။ ကောင်းကင်မျှော်လင့်ချက်ရှိသူတွေကို “သိုးစုငယ်” အဖြစ်၊ မြေကြီးမျှော်လင့်ချက်ရှိသူတွေကို “အခြားသိုး” အဖြစ် ယေရှု ဖော်ပြတယ်။ အဲဒီအုပ်စုနှစ်စုစလုံးက “သိုးအုပ်တစ်အုပ်” အဖြစ် “သိုးထိန်းတစ်ပါးတည်း” ရဲ့နောက်ကို လိုက်ကြလိမ့်မယ်လို့ ယေရှု ပြောတယ်။—လု. ၁၂:၃၂။ ယော. ၁၀:၁၆။ က၁၆.၀၁ ၄:၁၊ ၂

ကြာသပတေးနေ့၊ ဇန်နဝါရီ ၂၆

[ဤအရာ]တို့ကို ဆက်၍ဆင်ခြင်သုံးသပ်ကြလော့။ —ဖိ. ၄:၈။

ကျွန်တော်တို့ဟာ ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိနေတာကို ကာကွယ်ဖို့ လိုတယ်။ စာတန့်လောကမှာ နေထိုင်ရတဲ့အပြင် ကိုယ်တိုင်ရဲ့မစုံလင်မှုကြောင့် လောကလို စဉ်းစားပြုမူဖို့ သိပ်လွယ်တယ်။ ကိုယ်မသွားချင်တဲ့ဘက် စီးဆင်းနေတဲ့ မြစ်ချောင်းထဲ ရေကူးနေရသလိုပဲ။ ကိုယ်သွားချင်တဲ့ဘက်ကို ကူးဖို့ အစွမ်းကုန် အားစိုက်ထုတ်ရမယ်။ အဲဒီလိုပဲ စာတန့်လောကရဲ့ ဩဇာလွှမ်းမိုးမှုကို ရှောင်နိုင်ဖို့ ကြိုးစားအားထုတ်ရမယ်။ ဟောပြောခြင်းလုပ်ငန်းက ကျွန်တော်တို့ကို ဘယ်လိုနည်းနဲ့ ကာကွယ်ပေးသလဲ။ တခြားသူတွေကို ဟောပြောတဲ့အခါ ယုံကြည်ခြင်းအားနည်းစေတဲ့ အရာတွေအပေါ်မဟုတ်ဘဲ ဘုရားရေးရာကိစ္စတွေအပေါ် ကျွန်တော်တို့ အာရုံရောက်နေတယ်။ ဟောပြောခြင်းလုပ်ငန်းက ဘုရားသခင့်ကတိတွေနဲ့ မေတ္တာပါစံနှုန်းတွေကို အမှတ်ရစေတဲ့အတွက် ယုံကြည်ခြင်းကိုလည်း ခိုင်မာစေတယ်။ ဘုရားသခင်ပြင်ဆင်ပေးတဲ့ လက်နက်စုံကို ဝတ်ဆင်ထားဖို့လည်း ကူညီပေးတယ်။ (ဧ. ၆:၁၄-၁၇) ဘုရားရေးရာလုပ်ဆောင်မှုတွေမှာ အလုပ်များနေတဲ့အခါ ကိုယ့်ပြဿနာတွေအတွက် အလွန်အမင်း စိုးရိမ်နေဖို့ အချိန်မရှိတော့ဘူး။ အဲဒါက ကျွန်တော်တို့ကို ကာကွယ်ပေးတယ်။ က၁၆.၀၁ ၅:၁၂၊ ၁၃

သောကြာနေ့၊ ဇန်နဝါရီ ၂၇

ကိုယ်တော်အမျိုးသည် ကျွန်မအမျိုး၊ ကိုယ်တော် ဘုရားသည် ကျွန်မဘုရား ဖြစ်ပါစေ။ —ရု. ၁:၁၆။

ယေဟောဝါအပေါ်ထားတဲ့ ရုသရဲ့မေတ္တာအကြောင်း စဉ်းစားကြည့်ပါ။ အဲဒီအချက်ကို ဗောဇ အထင်ကြီးလေးစားသွားပြီး ယေဟောဝါရဲ့ ‘အတောင်တော်အောက်မှာ ခိုလှုံ’ ရာ ရှာတဲ့အတွက် နောက်ပိုင်းမှာ ရုသကို ချီးမွမ်းခဲ့တယ်။ (ရု. ၂:၁၂) ဗောဇရဲ့စကားက အကာအကွယ်ရရှိဖို့ မိခင်ငှက်မကြီးရဲ့ အတောင်အောက်မှာ ခိုလှုံတဲ့ ငှက်ပေါက်စလေးကို မြင်ယောင်မိစေနိုင်တယ်။ (ဆာ. ၃၆:၇။ ၉၁:၁-၄) အဲဒီမိခင်ငှက်မကြီးလိုပဲ ယေဟောဝါလည်း ရုသကို မေတ္တာပါပါကာကွယ်ပေးပြီး သူ့ရဲ့ယုံကြည်ခြင်းအတွက် ဆုချခဲ့တယ်။ သူ့ဆုံးဖြတ်ချက်အတွက် နောင်တရစရာအကြောင်း လုံးဝ မရှိခဲ့ဘူး။ ဒီနေ့ လူများစွာဟာ ယေဟောဝါအကြောင်း သိပေမဲ့ ကိုယ်တော့်ဆီ ခိုလှုံဖို့ မရွေးချယ်ကြဘူး။ ကိုယ့်ဘဝကို ဘုရားဆီ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံဖို့ တွန့်ဆုတ်နေကြတယ်။ သင် အဲဒီလိုဖြစ်နေတယ်ဆိုရင် ကြောင်းရင်းကို ပြန်ဆန်းစစ်ပါ။ လူတိုင်းဟာ ဘုရားတစ်ပါးမဟုတ် တစ်ပါးကိုတော့ ဝတ်ပြုနေကြတာပဲ။ (ယောရှု ၂၄:၁၅) စစ်မှန်တဲ့ဘုရားသခင်ကို ဝတ်ပြုခြင်းကသာ ပညာရှိရွေးချယ်မှုဖြစ်တယ်။ ယေဟောဝါဆီ ဆက်ကပ်အပ်နှံတာက ဘုရားသခင်ကို ခိုလှုံရာအဖြစ် ယုံကြည်ကြောင်း ဖော်ပြရာကျတယ်။ ဘယ်ပြဿနာပဲ ကြုံရပါစေ ဆက်အမှုဆောင်နိုင်အောင် သင့်ကို ဘုရားသခင် ကူညီပေးပါလိမ့်မယ်။ ရုသကို အဲဒီအတိုင်း ကူညီခဲ့တယ်။ က၁၆.၀၂ ၂:၆၊ ၇

စနေနေ့၊ ဇန်နဝါရီ ၂၈

မြေတိုင်အောင် လှံနှင့် တစ်ချက်တည်းထိုးပါရစေဟု ကျွန်တော် တောင်းပန်ပါ၏။ နှစ်ချက်တိုင်အောင် မထိုးပါ။—၁ ရာ. ၂၆:၈။

အဘိရှဲဟာ သစ္စာစောင့်သိမှုကို သူ့နေရာနဲ့သူ မထားတတ်ဘူး။ ဒါဝိဒ်အပေါ် သစ္စာစောင့်သိလို့ ရှောလုကို သတ်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ ‘ယေဟောဝါအခွင့်နှင့် ဘိသိက်ခံသောသူကို’ ထိခိုက်အောင်လုပ်တာ မှားမှန်း ဒါဝိဒ်သိတဲ့အတွက် သူ့ကို တားဆီးလိုက်တယ်။ (၁ ရာ. ၂၆:၉-၁၁) ဒီကနေ ကျွန်တော်တို့ အရေးကြီးသင်ခန်းစာတစ်ခု သင်ယူနိုင်တယ်– ဘယ်သူ့ကို ပိုသစ္စာစောင့်သိရမယ်ဆိုတာ ဆုံးဖြတ်ရတော့မယ်ဆိုရင် ကိုယ်လိုက်နာကျင့်သုံးနိုင်မယ့် ကျမ်းစာမူတွေကို ထည့်စဉ်းစားသင့်တယ်။ မိသားစု၊ မိတ်ဆွေစတဲ့ ကိုယ်ချစ်မြတ်နိုးသူတစ်ယောက်ယောက်ကို သစ္စာစောင့်သိချင်တာ သဘာဝပါပဲ။ ဒါပေမဲ့ သစ္စာစောင့်သိမှုဆိုတာ နှလုံးသားထဲက ထွက်ပေါ်လာတဲ့အရာ ဖြစ်တယ်။ မစုံလင်တဲ့ လူ့စိတ်နှလုံးဟာ စဉ်းလဲတယ်။ (ယေ. ၁၇:၉) ဒါကြောင့် ကိုယ်ချစ်မြတ်နိုးသူတစ်ယောက်ယောက် အမှားလုပ်နေပြီး အမှန်တရားကို ကျောခိုင်းသွားတဲ့အခါ ဘယ်သူ့ထက်မဆို ယေဟောဝါကို နံပါတ်တစ် သစ္စာစောင့်သိရမယ်ဆိုတာ အမှတ်ရရမယ်။—မ. ၂၂:၃၇။ က၁၆.၀၂ ၄:၅၊ ၆

တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၂၉

ဘုရားသခင့် အလိုတော်အတိုင်း ကောင်းမြတ်တော်မူသောအရာ၊ လက်ခံတော်မူဖွယ်သောအရာ၊ စုံလင်တော်မူသောအရာတို့ကို သိမှတ်ကြပါ။—ရော. ၁၂:၂။

ရောမမှာရှိတဲ့ ခရစ်ယာန်တွေဟာ လက်ခံပြီးသားအရာကို ဘာကြောင့် သိမှတ်ဖို့ လိုအပ်သလဲ။ ကျမ်းစာပုံနမူနာတစ်ခုကို သုံးသပ်ကြည့်ပါ။ တိမောသေဟာ “နို့စို့အရွယ်” ကစပြီး အမေနဲ့ အဖွားရဲ့ သွန်သင်မှုရရှိခဲ့တဲ့အတွက် ကျမ်းစာကို သိပ်ကျွမ်းကျင်ပိုင်နိုင်တယ်။ ဒါတောင် “ထိုသူတို့ သင်ပေးပြီး ယုံကြည်စိတ်ချစေသောအရာများတွင် တည်မြဲတည်နေလော့” လို့ တိမောသေကို ပေါလု တိုက်တွန်းခဲ့တယ်။ (၂ တိ. ၃:၁၄၊ ၁၅) မှန်ပါတယ်။ တိမောသေဟာ ကျမ်းစာထဲမှာ အမှန်တရားကိုရှာတွေ့နိုင်မှန်း ယုံကြည်စိတ်ချလာအောင် လုပ်ဆောင်ခဲ့ရတယ်။ အမေနဲ့ အဖွား တိုက်တွန်းလို့မဟုတ်ဘဲ သိရှိလာတာတွေကို ကိုယ်တိုင် စဉ်းစားဆင်ခြင်ပြီး ယုံကြည်စိတ်ချလာလို့ အမှန်တရားကို လက်ခံခဲ့တာ ဖြစ်တယ်။ (ရော. ၁၂:၁) အလားတူပဲ ဝီရိယရှိရှိ ကိုယ်ပိုင်လေ့လာမှု ပြုလုပ်ခြင်းကလည်း မေးခွန်းတွေကို ဖြေဆိုနိုင်အောင်၊ သံသယတွေကို ဖယ်ရှားနိုင်အောင်၊ ယုံကြည်စိတ်ချမှု တိုးများလာအောင် ကူညီပေးနိုင်တယ်။—တ. ၁၇:၁၁။ က၁၆.၀၃ ၂:၃၊ ၄၊ ၇

တနင်္လာနေ့၊ ဇန်နဝါရီ ၃၀

[သူတို့သည်] နှစ်စဉ် ပသခါပွဲခံချိန်၌ ဂျေရုဆလင်မြို့သို့ သွားလေ့ရှိကြ၏။—လု. ၂:၄၁။

အစ္စရေးတွေဟာ ပွဲတော်တွေတက်ဖို့ ဂျေရုဆလင်ကို သွားတဲ့အခါ အချင်းချင်း ပူးပေါင်းလုပ်ဆောင်ကြတယ်။ ခရီးအတွက် လိုအပ်တာတွေ ပြင်ဆင်ကြတယ်။ အတူခရီးသွားပြီး လမ်းတစ်လျှောက် အချင်းချင်း ကူညီရိုင်းပင်းကြတယ်။ ဗိမာန်တော်ရောက်တဲ့အခါ ယေဟောဝါကို စည်းစည်းလုံးလုံး ဝတ်ပြုချီးမွမ်းကြတယ်။ ဒီနေ့လည်း ကမ္ဘာသစ်ကို ခရီးနှင်ရင်း အချင်းချင်း စည်းစည်းလုံးလုံး ပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်တယ်။ ကမ္ဘာတစ်ဝန်းမှာ ဘုရားသခင့်လူမျိုးဟာ ဘုရားသခင်ကို စည်းစည်းလုံးလုံး ဝတ်ပြုနေကြတယ်။ ဟေရှာယနဲ့ မိက္ခာရဲ့ ကြိုဟောချက် ပြည့်စုံနေတာကို ကျွန်တော်တို့ မြင်တွေ့နေရတယ်။ ဘုရားသခင့်လူမျိုးဟာ အထူးသဖြင့် ဒီ ‘နောက်ဆုံးကာလမှာ’ ‘ယေဟောဝါ၏တောင်’ ပေါ်ကို စည်းစည်းလုံးလုံး တက်သွားနေကြတယ်။ (ဟေရှာ. ၂:၂-၄။ မိ. ၄:၂-၄) အနာဂတ်မှာ လူသားအားလုံး ယေဟောဝါကို ဝတ်ပြုဖို့ “လိုက်ဖက်စွာ စေ့စပ်ပေါင်းစည်း” ပြီး ပူးပေါင်းလုပ်ဆောင်တဲ့အခါ ဘယ်လောက် ပျော်ရွှင်စရာကောင်းမယ်ဆိုတာ မြင်ယောင်ကြည့်လိုက်ပါ။ က၁၆.၀၃ ၃:၁၆၊ ၁၇

အင်္ဂါနေ့၊ ဇန်နဝါရီ ၃၁

ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏။ —ဒေ. ၃:၁။

အကြီးအကဲတချို့ တခြားသူတွေကို အချိန်ယူလေ့ကျင့်ပေးဖို့ ဘာကြောင့် ခက်ခဲနိုင်သလဲ။ ‘အသင်းတော်ရဲ့ တခြားကိစ္စတွေက ပိုအရေးကြီးတယ်။ ချက်ချင်းလုပ်ရမယ်။ တခြားသူတွေကို ချက်ချင်းမလေ့ကျင့်ပေးလို့လည်း အသင်းတော်ကို ဘာမှကြီးကြီးမားမား မထိခိုက်သွားပါဘူး’ လို့ တချို့ တွေးမိကောင်းတွေးမိလိမ့်မယ်။ အဲဒါ မှန်သလား။ တချို့ကိစ္စတွေကို အကြီးအကဲတွေ ချက်ချင်း လုပ်ဆောင်ဖို့ လိုအပ်တာ မှန်ပါတယ်။ ဒါပေမဲ့ ညီအစ်ကိုတွေကို လေ့ကျင့်ပေးဖို့ နှောင့်နှေးနေခြင်းက အသင်းတော်ကို ထိခိုက်စေနိုင်တယ်။ အကြီးအကဲတွေဟာ အရေးကြီးကိစ္စတွေကို ချက်ချင်း လုပ်ဆောင်ရမယ်။ ဒါပေမဲ့ ညီအစ်ကိုတွေကို လေ့ကျင့်ပေးဖို့ နှောင့်နှေးနေမယ်ဆိုရင် အနှေးနဲ့ အမြန်ဆိုသလို အသင်းတော်မှာ လိုအပ်ရာတွေကို လုပ်ဆောင်ဖို့ လေ့ကျင့်ခံထားရတဲ့ ညီအစ်ကိုတွေ အလုံအလောက်ရှိတော့မှာ မဟုတ်ဘူး။ ဒါကြောင့် တခြားသူတွေကို လေ့ကျင့်ပေးခြင်းဟာ အရေးမကြီးဘူးလို့ ဘယ်တော့မှ မယူဆပါနဲ့။ အသင်းတော်ရဲ့ ရှေ့ရေးကို စိတ်ဝင်စားပြီး တခြားသူတွေကို အချိန်ယူလေ့ကျင့်ပေးနေတဲ့ အကြီးအကဲတွေဟာ ပညာရှိတဲ့ဘဏ္ဍာစိုးတွေဖြစ်ပြီး ညီအစ်ကိုညီအစ်မတွေအတွက် တန်ဖိုးရှိသူတွေဖြစ်တယ်။—၁ ပေ. ၄:၁၀။ က၁၅ ၄/၁၅ ၁:၄၊ ၆၊ ၇

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ