ဖေဖော်ဝါရီ
ဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီ ၁
ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့။ ကိုယ်တော်သည်လည်း သင်တို့ထံ ချဉ်းကပ်တော်မူလိမ့်မည်။—ယာ. ၄:၈။
သင်ဟာ နှစ်ခြင်းခံပြီးသား ကျေးကျွန်တစ်ယောက် ဖြစ်မယ်ဆိုရင် သိပ်တန်ဖိုးရှိတဲ့အရာတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ အဲဒါကတော့ ယေဟောဝါနဲ့ နှစ်ကိုယ်ကြား ဆက်ဆံရေး ရှိခြင်းပါပဲ။ ဒါပေမဲ့ စာတန့်လောကက အဲဒီဆက်ဆံရေး ပျက်သွားအောင် တိုက်ခိုက်နေတယ်။ ကိုယ်တိုင်ရဲ့ မစုံလင်မှုကလည်း အဲဒီဆက်ဆံရေးကို အားနည်းစေနိုင်တယ်။ ဒါကြောင့် ယေဟောဝါနဲ့ ဆက်ဆံရေး ခိုင်မြဲသည်ထက်ခိုင်မြဲအောင် လုပ်ဆောင်ရမယ်။ ယေဟောဝါဟာ သင့်အတွက် တကယ့်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သလား။ ကိုယ်တော်ဟာ သင့်မိတ်ဆွေဖြစ်တယ်လို့ ခံစားရသလား။ ကိုယ်တော်နဲ့ ဆက်ဆံရေး ပိုခိုင်မြဲချင်သလား။ ဒီနေ့ကျမ်းချက် ယာကုပ် ၄:၈ မှာ ဘယ်လို လုပ်ရမယ်ဆိုတာ ဖော်ပြထားတယ်။ ဆက်ဆံရေးလို့ ပြောတဲ့အခါ နှစ်ဖက်နှစ်လမ်းကိစ္စ ဖြစ်တယ်။ ယေဟောဝါဆီ သင် ချဉ်းကပ်မယ်ဆိုရင် ကိုယ်တော်လည်း သင့်ဆီ ချဉ်းကပ်ပါလိမ့်မယ်။ သင် အဲဒီလိုလုပ်ဆောင်တဲ့အခါ ကိုယ်တော်ဟာ သင့်အတွက် တကယ့်ပုဂ္ဂိုလ်တစ်ယောက် ပိုဖြစ်လာပါလိမ့်မယ်။ ယေဟောဝါနဲ့ ဆက်ဆံရေး ပိုခိုင်မြဲလာပြီး ယေရှုလိုတောင် ခံစားရပါလိမ့်မယ်။ ယေရှုက ‘ငါ့ကို စေလွှတ်တော်မူသောအရှင်သည် အမှန်တည်ရှိတော်မူ၏။ ထိုအရှင်ကို ငါသိ၏’ လို့ပြောခဲ့တယ်။—ယော. ၇:၂၈၊ ၂၉။ က၁၅ ၄/၁၅ ၃:၁၊ ၂
ကြာသပတေးနေ့၊ ဖေဖော်ဝါရီ ၂
ဆင်းရဲဒုက္ခရောက်သောအခါ ခံနိုင်ရည်ရှိကြလော့။ ဆုတောင်းခြင်း၌ စွဲမြဲကြလော့။—ရော. ၁၂:၁၂။
ခက်ခဲတဲ့အခြေအနေ နောက်တစ်ခုကို စဉ်းစားကြည့်ပါ။ မိသားစုဝင်တစ်ယောက် နှင်ထုတ်ခံရတယ် ဆိုပါစို့။ နှင်ထုတ်ခံရသူတွေကို ဘယ်လို ဆက်ဆံရမယ်ဆိုတဲ့ ကျမ်းစာမိန့်မှာချက်ကို သင်သိတယ်။ (၁ ကော. ၅:၁၁။ ၂ ယော. ၁၀) ဒါပေမဲ့ နှင်ထုတ်ခံရသူကိုလည်း သိပ်ချစ်တော့ ကျမ်းစာမိန့်မှာချက်ကို လိုက်နာဖို့ မဖြစ်နိုင်ဘူး၊ သိပ်ခက်တယ်လို့ ခံစားရနိုင်တယ်။ အဲဒီလိုအခြေအနေမျိုးမှာ ကောင်းကင်ဖခင်က သူ့ကို သစ္စာရှိရှိ နာခံနိုင်ဖို့ သင့်ကို ခွန်အားပေးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်သလား။ ဒီအခြေအနေဟာ ယေဟောဝါနဲ့ ဆက်ဆံရေးပိုခိုင်မြဲလာစေမယ့် အခွင့်အရေးဖြစ်တယ်လို့ သင် ယူမှတ်မလား။ ဒီအချက်က ဆွေမျိုးတွေကို မချစ်ရတော့ဘူးလို့ ဆိုလိုသလား။ မဆိုလိုပါဘူး။ အဲဒီအစား ကျွန်တော်တို့အချစ်ရဆုံးသူဟာ ယေဟောဝါ ဖြစ်သင့်တယ်ဆိုတာ သင်ပေးတယ်။ (မ. ၂၂:၃၇၊ ၃၈) တကယ်တော့ အဲဒါက ဆွေမျိုးတွေ ယေဟောဝါကို ဝတ်ပြုသည်ဖြစ်စေ၊ ဝတ်မပြုသည်ဖြစ်စေ သူတို့ကို အကျိုးပြုတယ်။ နှင်ထုတ်ခံထားရတဲ့ မိသားစုဝင်အတွက် စိုးရိမ်နေတယ်ဆိုရင် သင်ခံစားနေရတာအားလုံး ယေဟောဝါကို ဆုတောင်းပြောပြပါ။—ဖိ. ၄:၆၊ ၇။ က၁၅ ၄/၁၅ ၄:၁၄၊ ၁၆
သောကြာနေ့၊ ဖေဖော်ဝါရီ ၃
သင်တို့ . . . ခံနိုင်ရည်နှင့် ယုံကြည်ခြင်းရှိကြသောကြောင့် ငါတို့သည် ဘုရားသခင်၏ အသင်းတော်များတွင် သင်တို့ကြောင့် ဂုဏ်ယူဝါကြွားကြ၏။ —၂ သက်. ၁:၄။
တခြားသူတွေနဲ့ ကိုယ်တိုင်ရဲ့ ပြီးမြောက်အောင်မြင်မှုတွေကြောင့် ပျော်ရွှင်နိုင်ပါတယ်။ ဂုဏ်ယူနိုင်ပါတယ်။ ကိုယ့်မိသားစု၊ ယဉ်ကျေးမှု၊ ကိုယ်ကြီးပြင်းလာတဲ့ ဒေသနဲ့ပတ်သက်ပြီး ရှက်နေဖို့ မလိုဘူး။ (တ. ၂၁:၃၉) ဒါပေမဲ့ ဂုဏ်ယူရာကနေ မာနတက်လာနိုင်တယ်။ ဒါက ယေဟောဝါနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ထိခိုက်ပျက်စီးစေနိုင်တယ်။ မာနကြီးသူဟာ ဆုံးမခံရတဲ့အခါ စိတ်ဆိုးတယ်။ ဆုံးမမှုကို နှိမ့်ချစွာ လက်ခံမယ့်အစား ငြင်းပယ်တာမျိုးတောင် ဖြစ်နိုင်တယ်။ (ဆာ. ၁၄၁:၅) အဲဒီလိုမာနဟာ “ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းခြင်း၊ တခြားသူတွေထက် ပိုသာတယ်လို့ ယူမှတ်ခြင်း” ဖြစ်တယ်ဆိုပြီး အဓိပ္ပာယ်ဖွင့်ဆိုထားတယ်။ အဲဒီလိုမာနကို ယေဟောဝါ မုန်းတယ်။ (ယေဇ. ၃၃:၂၈။ အာ. ၆:၈) စာတန်ကတော့ သူ့အတိုင်း ကိုယ့်ကိုယ်ကိုယ် ဝါကြွားပြီး မာနထောင်နေသူတွေကို ချစ်တယ်။ နိမ်ရောဒ၊ ဖာရောနဲ့ အဗရှလုံတို့ ဝါကြွားပြီး မာနထောင်တာကို စာတန်မြင်တဲ့အခါ ဘယ်လောက်ဝမ်းသာမယ်ဆိုတာ စဉ်းစားကြည့်ပါ။—က. ၁၀:၈၊ ၉။ ထွ. ၅:၁၊ ၂။ ၂ ရာ. ၁၅:၄-၆။ က၁၅ ၅/၁၅ ၂:၅၊ ၆
စနေနေ့၊ ဖေဖော်ဝါရီ ၄
လက်တော်ကိုဖွင့်၍၊ အသက်ရှင်သောသတ္တဝါ အပေါင်းတို့ကို ရောင့်ရဲစေတော်မူ၏။ —ဆာ. ၁၄၅:၁၆။
ယေရှု မြေကြီးပေါ်ရှိတုန်းက သူ့ဖခင်ကို အပြည့်အဝ တုပပြီး တခြားသူတွေရဲ့ လိုအပ်ရာကို မကြာခဏ ဖြည့်ဆည်းပေးခဲ့တယ်။ (၁ ကော. ၁:၂၄) တန်ခိုးရှိမှန်း ပြဖို့လောက်သာ အဲဒီလိုလုပ်တာ မဟုတ်ဘူး။ လူတွေကို တကယ်ဂရုစိုက်လို့ ဖြစ်တယ်။ မဿဲ ၁၄:၁၄-၂၁ ကို သုံးသပ်ကြည့်ကြစို့။ လူအုပ်တစ်အုပ်ဟာ မြို့ရွာတွေကနေထွက်ပြီး ယေရှုနောက် ကုန်းကြောင်းလိုက်လာကြတယ်။ (မ. ၁၄:၁၃) ညနေပိုင်းရောက်တော့ လူတွေ ပင်ပန်းပြီး ဆာလောင်နေမှာကို တပည့်တွေ စိုးရိမ်လာတယ်။ ဒါကြောင့် ကိုယ့်ဟာကိုယ် စားစရာသွားဝယ်ဖို့ ပြန်လွှတ်လိုက်ပါလို့ ယေရှုကို ပြောတယ်။ ယေရှု ဘာလုပ်မလဲ။ တပည့်တွေဆီမှာရှိတဲ့ မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်ကိုသုံးပြီး ယောက်ျား ၅,၀၀၀ အပြင် မိန်းမနဲ့ကလေးတွေကို ကျွေးခဲ့တယ်။ လူအုပ်က “အဝစား” ခဲ့ရတယ်။ စားစရာ အတော်များများဖြစ်အောင် ယေရှုလုပ်ပေးခဲ့လို့ ဖြစ်ရမယ်။ အိမ်ပြန်ခရီးဆက်ဖို့ သူတို့ အားရှိလာတယ်။ (လု. ၉:၁၀-၁၇) အားလုံး အဝစားပြီးနောက် စားကြွင်းစားကျန်တွေကို တပည့်တွေ လိုက်ကောက်တဲ့အခါ ၁၂ တောင်း အပြည့်ရတယ်။ က၁၅ ၆/၁၅ ၁:၈၊ ၉
တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၅
စာရိတ္တပျက်ပြားမှုကို လူတွေ အားပေးအားမြှောက် လုပ်နေကြတယ်။—ဆာ. ၁၂:၈၊ ကဘ။
အကျင့်ပျက်လောကမှာ ကျွန်တော်တို့ အသက်ရှင်နေကြရတယ်။ ဒါပေမဲ့ သန့်ရှင်းတဲ့အသက်တာနဲ့ နေနိုင်အောင် ယေဟောဝါ ကူညီပေးနိုင်တယ်။ အကျင့်ပျက်လောကမှာ ကျွန်တော်တို့ သန့်ရှင်းနေနိုင်ပါတယ်။ သန့်ရှင်းတဲ့အသက်တာနဲ့ နေနိုင်ဖို့ဆိုရင် အကျင့်ပျက်ဆန္ဒတွေကို ငြင်းပယ်ရမယ်။ ကျွန်တော်တို့ဟာ မစုံလင်သူတွေဖြစ်တာကြောင့် အကျင့်ပျက်မှုကို ခုံမင်မိနိုင်တယ်။ ငါးက ငါးစာကို ခုံမင်သလိုပဲ။ ဒါကြောင့် အကျင့်ပျက်အတွေးတွေ စပေါ်လာပြီဆိုရင် ချက်ချင်း ထုတ်ပစ်ရမယ်။ အဲဒီလို မထုတ်ပစ်ဘူးဆိုရင် အကျင့်ပျက်ဆန္ဒတွေ ပြင်းထန်လာပြီး အခွင့်အရေးရတာနဲ့ အပြစ်ကျူးလွန်မိနိုင်တယ်။ “တပ်မက်မှုသည် သန္ဓေတည်သောအခါ အပြစ်ကို ဖွားတတ်၏” လို့ ကျမ်းစာပြောတယ်။ (ယာ. ၁:၁၄၊ ၁၅) စိတ်နှလုံးထဲမှာ မှားယွင်းတဲ့ဆန္ဒတွေ ကြီးထွားလာနိုင်တယ်။ ဒါကြောင့် ကိုယ်စတင်တပ်မက်လာတဲ့အရာကို သတိထားရမယ်။ မှားယွင်းတဲ့ဆန္ဒတွေကို ငြင်းပယ်မယ်ဆိုရင် လိင်အကျင့်ယိုယွင်းမှုနဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ရှောင်ရှားနိုင်ပါလိမ့်မယ်။—ဂလ. ၅:၁၆။ က၁၅ ၆/၁၅ ၃:၁-၃
တနင်္လာနေ့၊ ဖေဖော်ဝါရီ ၆
အလိုတော်သည် . . . မြေကြီးပေါ်၌လည်း ပြည့်စုံပါစေ။—မ. ၆:၁၀။
ဘုရားသခင့် အလိုတော်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆,၀၀၀ လောက်တုန်းက မြေကြီးပေါ်မှာ ပြည့်စုံခဲ့တယ်။ ဒါကြောင့်လည်း အရာအားလုံး “အလွန်ကောင်း” တယ်လို့ ယေဟောဝါ ပြောခဲ့တယ်။ (က. ၁:၃၁) အဲဒီနောက် စာတန် ပုန်ကန်တယ်။ အဲဒီအချိန်ကစပြီး လူအများစုဟာ ဘုရားသခင့်အလိုတော်ကို မထမ်းဆောင်ကြတော့ဘူး။ ဒါပေမဲ့ အခုအချိန်မှာ ယေဟောဝါကို လူ ၈ သန်းလောက် ဝတ်ပြုနေကြတယ်။ သူတို့ဟာ ဘုရားသခင့်အလိုတော် မြေကြီးမှာပြည့်စုံပါစေလို့ ဆုတောင်းကြသလို ဘုရားသခင့်အလိုတော်ကိုလည်း ထမ်းဆောင်နေကြတယ်။ ဘုရားသခင်နှစ်သက်တဲ့နည်းနဲ့ အသက်ရှင်နေထိုင်ပြီး တခြားသူတွေကို နိုင်ငံတော်အကြောင်း ဇွဲထက်သန်စွာ သင်ပေးနေကြတယ်။ ရန်သူတွေကို မြေကြီးပေါ်ကနေ ယေဟောဝါ မဖယ်ရှားမချင်း ကိုယ်တော့်အလိုတော် ပြည့်စုံပါစေလို့ ကျွန်တော်တို့ ဆက်ဆုတောင်းနေကြပါမယ်။ အဲဒီနောက် မြေကြီးဟာ ပရဒိသုဖြစ်လာပြီး လူသန်းထောင်ပေါင်းများစွာ အသက်ပြန်ရှင်လာလိမ့်မယ်။ (ယော. ၅:၂၈၊ ၂၉) ချစ်မြတ်နိုးရသူတွေကို ကြိုဆိုချိန်မှာ ဘယ်လောက် ဝမ်းသာပီတိဖြစ်နေမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ က၁၅ ၆/၁၅ ၄:၁၅၊ ၁၇
အင်္ဂါနေ့၊ ဖေဖော်ဝါရီ ၇
ငါသည် ငါ၏ခြေတင်ရာအရပ်ကို ဘုန်းပွင့်စေမည်။—ဟေရှာ. ၆၀:၁၃။
ပုံဆောင်ပရဒိသုအကြောင်း ကျွန်တော်တို့ ပြောလေ့ရှိကြတယ်။ အဲဒါ ဘာကိုဆိုလိုသလဲ။ ဘုရားသခင့်လူမျိုးကို ဘုရားပေးထားတဲ့ အထူးငြိမ်သက်အေးချမ်းတဲ့ အခြေအနေဖြစ်တယ်။ ဒါကြောင့် ပုံဆောင်ပရဒိသုနဲ့ ပုံဆောင်ဗိမာန်တော်က မတူဘူး။ ပုံဆောင်ဗိမာန်တော်က ဘုရားသခင့် စစ်မှန်တဲ့ဝတ်ပြုရေး အစီအစဉ်ဖြစ်ပြီး ပုံဆောင်ပရဒိသုကတော့ ဘုရားသခင် နှစ်သက်လက်ခံသူတွေ၊ ပုံဆောင်ဗိမာန်တော်မှာ ဝတ်ပြုနေသူတွေကို ခွဲခြားဖော်ပြတယ်။ (မာလ. ၃:၁၈) ယေဟောဝါက မစုံလင်တဲ့လူသားတွေကို ၁၉၁၉ ကတည်းက ပုံဆောင်ပရဒိသုကို ပြုစုပျိုးထောင်ပြီး ခိုင်မာကျယ်ဝန်းအောင် လုပ်ဆောင်ခွင့်ပြုထားမှန်း သိရတာ စိတ်လှုပ်ရှားစရာပဲ။ ဒီလုပ်ငန်းကို သင် ကူညီထောက်မနေသလား။ မြေကြီးပေါ်မှာ ယေဟောဝါကို ဂုဏ်တင်ဖို့ ကိုယ်တော်နဲ့ တွဲဖက်လုပ်ဆောင်ရတဲ့ အခွင့်ထူးကို တန်ဖိုးထားလေးမြတ်သလား။ က၁၅ ၇/၁၅ ၁:၁၀၊ ၁၁
ဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီ ၈
အိုဂေါဂ၊ လူအမျိုးမျိုးတို့မျက်မှောက်၌ သင့်အားဖြင့် ငါသည် ချီးမြှောက်ရာသို့ ရောက် [မည်။] — ယေဇ. ၃၈:၁၆။
ဘိသိက်ခံတချို့ မြေကြီးပေါ်ရှိနေတုန်းမှာပဲ ဘုရားသခင့်လူမျိုးကို ဂေါဂ တိုက်ခိုက်မယ်ဆိုတာ သတိရပါ။ အဲဒီအခါ ဘုရားသခင့်လူမျိုး ဘယ်လိုတုံ့ပြန်မလဲ။ ဘုရင်ယောရှဖတ်ခေတ်မှာ ပေးခဲ့တဲ့ ဒီညွှန်ကြားချက်ကို သူတို့ လိုက်နာကြပါလိမ့်မယ်– ‘ဒီစစ်ပွဲမှာ မင်းတို့တိုက်စရာမလိုဘူး။ ကိုယ့်နေရာမှာ ရပ်နေရုံပဲ။ မင်းတို့ကို ငါယေဟောဝါ ဘယ်လို ကယ်တင်မယ်ဆိုတာ စောင့်သာကြည့်နေလိုက်ပါ။ မကြောက်ကြနဲ့။ မထိတ်လန့်ကြနဲ့။’ (၆ ရာ. ၂၀:၁၇၊ ကဘ) ဘုရားသခင့်လူမျိုးကို ဂေါဂ စတင်တိုက်ခိုက်ပြီးနောက် တစ်ချိန်ချိန်မှာ မြေကြီးပေါ်ကျန်နေသေးတဲ့ ဘိသိက်ခံအားလုံး ကောင်းကင်ကို ခေါ်ဆောင်ခံရလိမ့်မယ်။ ပြီးနောက် ဂေါဂရဲ့ တိုက်ခိုက်မှုကို ကောင်းကင်ကနေ ဘယ်လိုတုံ့ပြန်မယ်ဆိုတာ ဗျာဒိတ် ၁၇:၁၄ မှာ ရှင်းပြတယ်။ ဘုရားသခင့်လူမျိုးရဲ့ ရန်သူတွေဟာ “သိုးသငယ်နှင့် စစ်တိုက်ကြလိမ့်မည်။ သို့သော် သိုးသငယ်သည် သခင်တကာတို့၏သခင်၊ ဘုရင်တကာတို့၏ဘုရင် ဖြစ်သောကြောင့် သူတို့ကို အောင်မြင်လိမ့်မည်။ ကိုယ်တော်နှင့်အတူ ခေါ်ယူရွေးကောက်တော်မူခြင်း ခံရသော သစ္စာရှိသူတို့လည်း အောင်မြင်ကြလိမ့်မည်။” ယေရှုဟာ ကောင်းကင်မှာရှိတဲ့ ဘိသိက်ခံဘုရင် ၁၄၄,၀၀၀ နဲ့အတူ မြေကြီးမှာရှိတဲ့ ဘုရားသခင့်လူမျိုးကို ကယ်တင်ပါလိမ့်မယ်။ က၁၅ ၇/၁၅ ၂:၁၆
ကြာသပတေးနေ့၊ ဖေဖော်ဝါရီ ၉
ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏။—ဒေ. ၃:၁။
ကျွန်တော်တို့ရဲ့ အပြုအမူနဲ့ ဝတ်စားဖြီးလိမ်းပုံက အစည်းအဝေးတက်ဖို့ ဖိတ်ခေါ်တဲ့ ယေဟောဝါကို လေးစားကြောင်း ဖော်ပြနေသင့်တယ်။ ယေဟောဝါဟာ ကျွန်တော်တို့နဲ့ ဧည့်သည်တွေကို နိုင်ငံတော်ခန်းမမှာ သက်သောင့်သက်သာ ဖြစ်စေချင်တာ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက်ကလည်း အစည်းအဝေးတွေကို မလေးစားတဲ့သဘော ဘယ်နည်းနဲ့မှ မတင်ပြသင့်ဘူး။ ဒါကြောင့် ဖိုသီဖတ်သီ၊ ဖြစ်ကတတ်ဆန်း မဝတ်ဆင်ကြဘူး။ အစည်းအဝေးချိန်အတွင်း စာပို့တာ၊ စကားပြောတာ၊ စားသောက်တာတွေ မလုပ်ကြဘူး။ မိဘတွေလည်း သားသမီးတွေကို နိုင်ငံတော်ခန်းမမှာ မပြေးဖို့၊ မဆော့ဖို့ ဆုံးမထားသင့်တယ်။ ဗိမာန်တော်မှာ လူတွေ အရောင်းအဝယ်လုပ်နေတာကို ယေရှု မြင်တဲ့အခါ စိတ်ဆိုးပြီး အားလုံးကို မောင်းထုတ်ပစ်တယ်။ (ယော. ၂:၁၃-၁၇) နိုင်ငံတော်ခန်းမတွေဟာ ယေဟောဝါကို ဝတ်ပြုပြီး ကိုယ်တော့်အကြောင်း သင်ယူတဲ့နေရာဖြစ်တယ်။ ဒါကြောင့် အဲဒီမှာ စီးပွားရေးကိစ္စတွေ မလုပ်ဆောင်သင့်ဘူး။ နေဟမိ ၁၃:၇၊ ၈ နဲ့နှိုင်းယှဉ်ပါ။ က၁၅ ၇/၁၅ ၄:၇၊ ၈
သောကြာနေ့၊ ဖေဖော်ဝါရီ ၁၀
နောက်ဆုံးသောနေ့ရက်များသည် ခက်ခဲကျပ်တည်းသောကာလ ဖြစ်မည်။—၂ တိ. ၃:၁။
နောက်ဆုံးကာလမှာ လူတွေ ပိုဆိုးလာမယ်လို့ ကျမ်းစာပြောတယ်။ (၂ တိ. ၃:၁၃။ မ. ၂၄:၂၁။ ဗျာ. ၁၂:၁၂) ဒါကြောင့် အခုချိန်မှာ အခြေအနေတွေ တော်တော်ဆိုးနေပေမဲ့ ဒီထက်ပိုဆိုးလာမယ်ဆိုတာ ကျွန်တော်တို့ သိတယ်။ “ကြီးစွာသောဒုက္ခ” မတိုင်ခင် နိုင်ငံတိုင်းမှာ စစ်ဖြစ်မယ်၊ လူတိုင်း ဖျားနာပြီး ငတ်ပြတ်နေလိမ့်မယ်လို့ တချို့တွေးမိနိုင်တယ်။ (ဗျာ. ၇:၁၄) အဲဒီလိုသာဖြစ်လာရင် ကျမ်းစာပရောဖက်ပြုချက် ပြည့်စုံနေပြီဆိုတာ လူတိုင်း ရှင်းရှင်းလင်းလင်း သိမှာပဲ။ ကျမ်းစာအကြောင်း စိတ်မဝင်စားသူတွေတောင် သဲသဲကွဲကွဲ သိလာလိမ့်မယ်။ ဒါပေမဲ့ နောက်ဆုံးကာလမှာ လူအများစု “သတိမဲ့” နေမယ်လို့ ယေရှု ပြောခဲ့တာကို သတိရပါ။ သူတို့ဟာ ပုံမှန်သွားလာလှုပ်ရှားနေကြမှာဖြစ်ပြီး ယေဟောဝါရဲ့နေ့ ရောက်လာတဲ့အခါ အံ့ဩထိတ်လန့်သွားကြလိမ့်မယ်။ (မ. ၂၄:၃၇-၃၉) ဒါကြောင့် အဆုံးနီးပြီလို့ လူတိုင်း မဖြစ်မနေ ယုံကြည်လာတဲ့အထိ “ကြီးစွာသောဒုက္ခ” မတိုင်ခင်မှာ ကမ္ဘာ့အခြေအနေတွေ သိပ်ဆိုးလာလိမ့်မယ်လို့ မမျှော်လင့်သင့်ပါဘူး။—လု. ၁၇:၂၀။ ၂ ပေ. ၃:၃၊ ၄။ က၁၅ ၈/၁၅ ၂:၆၊ ၇
စနေနေ့၊ ဖေဖော်ဝါရီ ၁၁
ကရုဏာတော်သည် အသက်ထက်သာ၍ကောင်းပါ၏။—ဆာ. ၆၃:၃။
ကမ္ဘာသစ်အသက်တာအတွက် ပြင်ဆင်ဖို့ အချိန်ပေးနေလို့ ဒီလောကမှာ တစ်ခုခုများ ဆုံးရှုံးနေသလား။ မဆုံးရှုံးပါဘူး။ ယေဟောဝါရဲ့အမှုဆောင်ခြင်းဟာ အကောင်းဆုံးဘဝလမ်းစဉ် ဖြစ်တယ်။ တစ်ယောက်ယောက် တိုက်တွန်းလို့ ဒါမှမဟုတ် ကြီးစွာသောဒုက္ခကို ကပ်ကျော်ဖို့လောက်ပဲ ကိုယ်တော့်အမှုဆောင်တာ မဟုတ်ဘူး။ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်းရှိမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဘဝက ပိုတိုးတက်ကောင်းမွန်လာပြီး ပိုပျော်ရွှင်ပါလိမ့်မယ်။ အဲဒီလိုအသက်ရှင်ဖို့ပဲ ကျွန်တော်တို့ကို ယေဟောဝါ ပုံစံပြုထားတယ်။ ဘဝမှာ ဘုရားသခင့်မေတ္တာနဲ့ လမ်းညွှန်မှုရရှိခြင်းထက် ပိုကောင်းတာ ဘာမှမရှိဘူး။ (ဆာ. ၆၃:၁၊ ၂) ယေဟောဝါကို စိတ်နှလုံး အကြွင်းမဲ့ ဝတ်ပြုခြင်းအားဖြင့် အခုကတည်းက ပျော်ရွှင်မှု ခံစားနိုင်တယ်။ ယေဟောဝါရဲ့ အမှုဆောင်ခြင်းဟာ အကောင်းဆုံးဘဝလမ်းစဉ်ဖြစ်မှန်း နှစ်ပေါင်းများစွာ အမှုဆောင်ခဲ့သူတွေ သိရှိခံစားနေကြတယ်။—ဆာ. ၁:၁-၃; ဟေရှာ. ၅၈:၁၃၊ ၁၄။ က၁၅ ၈/၁၅ ၃:၁၆
တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၁၂
ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ ရောက်ကြလေပြီ။—ဧ. ၂:၈။
လူ့ရှုထောင့်ကကြည့်ရင် မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့အရာတွေကို လုပ်ဆောင်နိုင်ဖို့ ယုံကြည်ခြင်းက ကျွန်တော်တို့ကို ကူညီပေးနိုင်တယ်။ (မ. ၂၁:၂၁၊ ၂၂) ဥပမာ၊ ကျွန်တော်တို့ထဲက တချို့ဆိုရင် သဘောထားတွေ၊ အကျင့်တွေ တော်တော်ပြောင်းလဲသွားလို့ အသိမိတ်ဆွေတွေတောင် မမှတ်မိတော့တဲ့အထိပဲ။ အဲဒီလို ပြောင်းလဲနိုင်တာဟာ ယေဟောဝါကို ချစ်လို့၊ ကိုယ်တော်ကူညီပေးလို့ဖြစ်တယ်။ (ကော. ၃:၅-၁၀) ကျွန်တော်တို့က ယုံကြည်ခြင်းရဲ့ တွန်းအားကြောင့် ကိုယ့်အသက်တာကို ယေဟောဝါဆီ ဆက်ကပ်အပ်နှံလိုက်တဲ့အခါ ကိုယ်တော့်မိတ်ဆွေတွေ ဖြစ်လာတယ်။ ကိုယ့်အစွမ်းအစနဲ့ လုံးဝမဖြစ်နိုင်တဲ့ကိစ္စပဲ။ ယုံကြည်ခြင်းက ကျွန်တော်တို့ကို ခွန်အားရှိစေတယ်။ ဥပမာ၊ တန်ခိုးကြီးရန်သူမာရ်နတ်ရဲ့ တိုက်ခိုက်မှုတွေကို ပြန်ခုခံနိုင်ဖို့ ကူညီပေးတယ်။ (ဧ. ၆:၁၆) ယေဟောဝါကို ကိုးစားခြင်းက ပြဿနာတွေ ကြုံရတဲ့အခါ အစိုးရိမ်မလွန်ဖို့ ကူညီပေးတယ်။ ယေဟောဝါကို ယုံကြည်ပြီး ကိုယ်တော့်နိုင်ငံတော်ကို ဦးစားထားမယ်ဆိုရင် လိုအပ်တာတွေကို ဖြည့်ဆည်းပေးမယ်လို့ ကိုယ်တော် ကတိပေးထားတယ်။ (မ. ၆:၃၀-၃၄) အဲဒီအပြင် ယုံကြည်ခြင်းကြောင့် ထာဝရအသက် လက်ဆောင်မွန်ကိုလည်း ယေဟောဝါ ပေးပါလိမ့်မယ်။—ယော. ၃:၁၆။ က၁၅ ၉/၁၅ ၃:၄၊ ၅
တနင်္လာနေ့၊ ဖေဖော်ဝါရီ ၁၃
ကိုယ်တော်သည် ငါတို့ကို ဦးစွာချစ်တော်မူသောကြောင့် ငါတို့သည်လည်း ချစ်တတ်ကြ၏။—၁ ယော. ၄:၁၉။
ကျွန်တော်တို့ကို “ဦးစွာချစ်” ကြောင်း ယေဟောဝါ ဘယ်နည်းနဲ့ ဖော်ပြသလဲ။ “ငါတို့သည် အပြစ်သားဖြစ်နေသေးစဉ်ပင် ခရစ်တော်သည် ငါတို့အတွက် အသေခံတော်မူ[၏]” လို့ ကျမ်းစာပြောတယ်။ (ရော. ၅:၈) မေတ္တာဟာ ယေဟောဝါရဲ့ အဓိကအရည်အသွေးဖြစ်တယ်။ ဒါကြောင့် “သင်၏ဘုရားသခင် ယေဟောဝါကို စိတ်နှလုံး အကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှ၊ အစွမ်းသတ္တိရှိသမျှဖြင့် တစ်သက်တာလုံး ချစ်လော့” ဆိုတဲ့ပညတ်ဟာ အရေးကြီးဆုံးပညတ် ဖြစ်တယ်လို့ ယေရှုပြောခဲ့တာ မဆန်းပါဘူး။ (မာ. ၁၂:၃၀) ယေဟောဝါက သူ့ကို “စိတ်နှလုံးအကြွင်းမဲ့” ချစ်စေချင်တယ်။ ယေဟောဝါထက် တခြားတစ်စုံတစ်ယောက် ဒါမှမဟုတ် တစ်စုံတစ်ခုကို ကျွန်တော်တို့ ပိုချစ်တဲ့အခါ ကိုယ်တော် စိတ်ထိခိုက်တယ်။ ဒါပေမဲ့ ကိုယ်တော့်ကိုချစ်တဲ့မေတ္တာဟာ ခံစားချက်သက်သက်မျှသာ မဖြစ်သင့်ဘူး။ “ဉာဏ်စွမ်းရှိသမျှ၊” “အစွမ်းသတ္တိရှိသမျှ” နဲ့ချစ်ဖို့လည်း ကိုယ်တော် မျှော်လင့်တယ်။ ဆိုလိုတာက စိတ်ရောကိုယ်ပါ ချစ်ရမယ်။ မိ. ၆:၈။ က၁၅ ၉/၁၅ ၅:၁-၃
အင်္ဂါနေ့၊ ဖေဖော်ဝါရီ ၁၄
သတင်းတော်ကို အကျွန်ုပ်သည် နားနှင့် ကြားဖူးပါပြီ။ ယခုမူကား ကိုယ်တော်ကို မျက်စိနှင့် မြင်ရပါ၏။—ယောဘ ၄၂:၅။
တစ်ခါတလေ ကိုယ့်ဘဝမှာ ဘုရားသခင့်လက်တော် ကူညီပေးတာကို မမြင်တွေ့ဘဲ ဖြစ်နိုင်တယ်။ ဘာကြောင့်လဲ။ ပြဿနာတွေ များလွန်းလို့ ယေဟောဝါ အရင်က ကူညီပေးခဲ့တာတွေကို မေ့သွားတာဖြစ်နိုင်တယ်။ ဧလိယ အဲဒီလိုဖြစ်ခဲ့တယ်။ သူဟာ သတ္တိရှိသူဖြစ်ပေမဲ့ မိဖုရားယေဇဗေလ ခြိမ်းခြောက်တဲ့အခါ ကြောက်စိတ်ဝင်ခဲ့တယ်။ ယေဟောဝါ အရင်က ကူညီပေးခဲ့တာတွေကို ခဏမေ့သွားတယ်။ “ကိုယ်အသက်သေရမည်အကြောင်း ဆုတောင်း” တဲ့အထိဖြစ်ခဲ့တယ်လို့ ကျမ်းစာပြောတယ်။ (၃ ရာ. ၁၉:၁-၄) အကူအညီနဲ့ ခွန်အားကို သူ ဘယ်ကရနိုင်မလဲ။ ယေဟောဝါကို အားကိုးဖို့ လိုအပ်တယ်။ (၃ ရာ. ၁၉:၁၄-၁၈)ယောဘလည်း ပြဿနာတွေကို အာရုံစိုက်လွန်းလို့ သူ့အခြေအနေကို ယေဟောဝါ မြင်သလို မမြင်တော့ဘူး။ (ယောဘ ၄၂:၃-၆) ကျွန်တော်တို့လည်း ပြဿနာတွေ များလွန်းလို့ ဘုရားသခင့်လက်တော်ကို မြင်တွေ့ဖို့ ခက်ခဲတဲ့အခါတွေ ရှိနိုင်တယ်။ ဒါဆို ဘုရားသခင် လုပ်ပေးခဲ့တာတွေကို မြင်တွေ့ဖို့ ဘာက ကူညီပေးနိုင်သလဲ။ ပြဿနာတွေနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘာပြောထားတယ်ဆိုတာ တွေးတောဆင်ခြင်ရမယ်။ ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လိုကူညီပေးမှန်း နားလည်လာတဲ့အခါ ကိုယ်တော်ဟာ တကယ့်ပုဂ္ဂိုလ်ဖြစ်တယ်လို့ ပိုခံစားလာရပါလိမ့်မယ်။ က၁၅ ၁၀/၁၅ ၁:၁၅၊ ၁၆
ဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီ ၁၅
အချင်းလူ၊ သင်တို့၏တရားသူကြီးအဖြစ်၊ အမွေခွဲဝေသူအဖြစ် ငါ့ကို မည်သူခန့်အပ်သနည်း။ —လု. ၁၂:၁၄။
ဟောပြောခြင်းလုပ်ငန်းကနေ အာရုံလွဲသွားစေမယ့် ဘယ်အရာကိုမှ ယေရှု ခွင့်မပြုခဲ့ဘူး။ ဥပမာ၊ ဟောပြောခြင်းလုပ်ငန်း စတင်ပြီး မကြာခင်မှာ ကပေရနောင်မြို့သားတွေက ယေရှုကို သူတို့မြို့မှာ ဆက်နေစေချင်တယ်။ ယေရှု ဘယ်လိုတုံ့ပြန်ခဲ့သလဲ။ သူ့တာဝန်ကိုပဲ ဆက်အာရုံစိုက်ခဲ့တယ်။ “ဘုရားသခင်၏နိုင်ငံတော် သတင်းကောင်းကို အခြားမြို့ရွာများတွင်လည်း ငါဟောပြောရမည်။ ထိုအကြောင်းကြောင့် ငါ့ကို စေလွှတ်တော်မူ၏” လို့ပြောတယ်။ (လု. ၄:၄၂-၄၄) ပါလက်စတိုင်းတစ်ခွင် ခြေကျင်လျှောက်ပြီး လူတွေကို ဟောပြောသွန်သင်ခဲ့တယ်။ ယေရှုဟာ စုံလင်သူဖြစ်ပေမဲ့ သာမန်လူတွေလိုပဲ မောပန်းတတ်ပြီး တစ်ခါတလေ ပင်ပန်းလွန်းလို့ အနားယူဖို့ လိုအပ်ခဲ့တယ်။ (လု. ၈:၂၃။ ယော. ၄:၆) နောက်ပိုင်း၊ တပည့်တွေကို အရေးကြီးသင်ခန်းစာတစ်ခု သင်ပေးနေချိန်မှာ လူတစ်ယောက်က ကြားဖြတ်ပြီး “ဆရာ၊ ကျွန်ုပ်ကို အမွေခွဲဝေပေးရန် ကျွန်ုပ်၏အစ်ကိုအား အမိန့်ရှိတော်မူပါ” လို့ပြောတယ်။ ဒီလူရဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာကို ယေရှု မဖြေရှင်းပေးခဲ့ဘူး။—လု. ၁၂:၁၃-၁၅။ က၁၅ ၁၀/၁၅ ၃:၁၀၊ ၁၁
ကြာသပတေးနေ့၊ ဖေဖော်ဝါရီ ၁၆
ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။—၁ ယော. ၄:၈။
မေတ္တာဟာ ယေဟောဝါရဲ့ အဓိကအရည်အသွေး၊ အရေးကြီးဆုံးအရည်အသွေး ဖြစ်တယ်။ ကိုယ်တော့်မှာ မေတ္တာရှိရုံသာမကဘူး။ ကိုယ်တော်တိုင် မေတ္တာဖြစ်တယ်။ မေတ္တာရဲ့လှုံ့ဆော်မှုကြောင့် စကြဝဠာနဲ့ သက်ရှိအားလုံးကို ဖန်ဆင်းခဲ့တယ်။ လုပ်ဆောင်သမျှ မေတ္တာကို အခြေခံတဲ့အတွက် သိပ်ကို ကျေးဇူးတင်စရာပဲ။ ယေဟောဝါဟာ မိမိရဲ့ဖန်ဆင်းရာတွေကို ချစ်ခင်ကြင်နာတယ်။ လူသားတွေနဲ့ပတ်သက်တဲ့ ရည်ရွယ်ချက် အကောင်းဆုံးနည်းနဲ့ ပြည့်စုံလာမယ်ဆိုတာကို ကိုယ်တော့်မေတ္တာက အာမခံတယ်။ ဘုရားကို နာခံသူတွေဟာ စစ်မှန်တဲ့ပျော်ရွှင်မှု ခံစားရမယ်။ ဥပမာ၊ “ခန့်ထားတော်မူသောသူ” ယေရှုခရစ်အားဖြင့် “လူနေရာမြေကြီးကို ဖြောင့်မတ်ခြင်းနှင့်အညီ တရားစီရင်မည့်နေ့ရက်ကို” ယေဟောဝါ “သတ်မှတ်” ထားတာဟာ မေတ္တာကြောင့်ပဲ။ (တ. ၁၇:၃၁) အဲဒီနေ့ရက် ရောက်လာမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်တယ်။ နာခံမှုရှိတဲ့လူသားတွေဟာ ထာဝစဉ်တည်မြဲမယ့်အနာဂတ်ကို ပိုင်ဆိုင်ရပါလိမ့်မယ်။ က၁၅ ၁၁/၁၅ ၃:၁၊ ၂
သောကြာနေ့၊ ဖေဖော်ဝါရီ ၁၇
သင်တို့၏စကားသည် ဆားခတ်ထားသကဲ့သို့ အစဉ်နှစ်လို့ဖွယ် ဖြစ်ပါစေ။ —ကော. ၄:၆။
လူတွေဟာ ဟောပြောခြင်းလုပ်ငန်းကို နည်းအမျိုးမျိုးနဲ့ တုံ့ပြန်နေတယ်။ သတင်းကောင်းကို တချို့နားထောင်ပေမဲ့ တချို့လည်း မုန်းတီးဆန့်ကျင်တယ်။ လူတွေ ဘယ်လိုပဲတုံ့ပြန်ပါစေ ကျမ်းစာအကြံဉာဏ်ကို ကျွန်တော်တို့လိုက်နာကြတယ်။ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်တွေကို ခုခံကာကွယ်တဲ့အခါတိုင်း “နူးညံ့သောသဘော၊ အလွန်လေးစားသောသဘော” နဲ့ လုပ်ဆောင်ကြတယ်။ (၁ ပေ. ၃:၁၅) လူတွေ ဒေါသထွက်ပြီး သတင်းကောင်းကို ငြင်းပယ်ချိန်မှာတောင် သူတို့ကို ကျွန်တော်တို့ မေတ္တာပြပြီး ယေရှုရဲ့ ပုံသက်သေကို တုပကြတယ်။ ယေရှုဟာ “ကဲ့ရဲ့ရှုတ်ချခံရသောအခါ ပြန်၍ကဲ့ရဲ့ရှုတ်ချခြင်း မပြု။ ဆင်းရဲဒုက္ခခံရသောအခါ ခြိမ်းခြောက်ခြင်းမပြုဘဲ ဖြောင့်မတ်စွာ တရားစီရင်တော်မူသောအရှင်ထံ မိမိကိုယ်ကို အပ်” ခဲ့တယ်။ (၁ ပေ. ၂:၂၃) ဒါကြောင့် ကျွန်တော်တို့လည်း နှိမ့်ချမှုတင်ပြပြီး “အဆိုးကို အဆိုးနှင့်တုံ့ပြန်ခြင်း၊ ပြန်၍ကဲ့ရဲ့ပြစ်တင်ခြင်းတို့ကို မပြုဘဲ ကောင်းချီးပေးကြလော့” ဆိုတဲ့ အကြံဉာဏ်ကို လိုက်လျှောက်ကြတယ်။—၁ ပေ. ၃:၈၊ ၉။ က၁၅ ၁၁/၁၅ ၄:၁၇၊ ၁၈
စနေနေ့၊ ဖေဖော်ဝါရီ ၁၈
မိမိ၏သားသမီးတို့ကို ချစ်မြတ်နိုးသူများဖြစ်ရန် ပြန်လည်သတိရစေ[ပါ]။—တိ. ၂:၄။
ယေရှုက တပည့်တွေကို ချစ်ကြောင်း မကြာခဏ ဖွင့်ပြောလေ့ရှိတယ်။ (ယော. ၁၅:၉) သူတို့နဲ့ အချိန်ပေးပေါင်းသင်းတယ်။ (မာ. ၆:၃၁၊ ၃၂။ ယော. ၂:၂။ ၂၁:၁၂၊ ၁၃) ယေရှုဟာ သူတို့ရဲ့ ဆရာလောက်သာ မဟုတ်ဘဲ မိတ်ဆွေလည်း ဖြစ်တယ်။ ဒါကြောင့် ယေရှုရဲ့မေတ္တာကို သူတို့ လုံးဝသံသယဝင်မှာ မဟုတ်ဘူး။ ယေရှုဆီကနေ ဘာသင်ယူနိုင်သလဲ။ ကလေးတွေကို ချစ်ကြောင်း ဖွင့်ပြောပါ။ သူတို့ဟာ သင့်အတွက် အရေးကြီးသူတွေဖြစ်ကြောင်း ဖော်ပြပါ။ (သု. ၄:၃) ဩစတြေးလျမှာနေတဲ့ စမ်မြူရယ် အခုလိုပြောတယ်– “ကျွန်တော် ငယ်ငယ်တုန်းက ကျမ်းစာပုံပြင်စာအုပ်ကို အဖေ ညတိုင်းဖတ်ပြတယ်။ ကျွန်တော်မေးသမျှ ဖြေတယ်။ ကျွန်တော့်ကို ဖက်ပြီး အိပ်ရာဝင်အနမ်းပေးလေ့ရှိတယ်။ ဒါပေမဲ့ အဲဒီလို ဖက်လေ့၊ နမ်းလေ့မရှိတဲ့ မိသားစုမှာ အဖေ ကြီးပြင်းလာမှန်း နောက်ပိုင်း ကျွန်တော်သိလိုက်ရတော့ တော်တော်အံ့သြသွားတယ်။ ကျွန်တော့်ကို မေတ္တာပြဖို့ အဖေ တော်တော်ကြိုးစားခဲ့တာပဲ။ ဒါကြောင့် အဖေနဲ့ ပိုရင်းနှီးပြီး ကျေနပ်မှု၊ လုံခြုံမှု ခံစားခဲ့ရတယ်။” သင်လည်း “သားကို/သမီးကို ချစ်တယ်” လို့ မကြာခဏ ဖွင့်ပြောခြင်းအားဖြင့် မေတ္တာခံစားရအောင် ကူညီပေးပါ။ သူတို့ကိုဖက်ပါ။ နမ်းပါ။ သူတို့နဲ့ အချိန်ပေးပေါင်းသင်းပါ။ စကားပြောပါ။ အတူစားပါ။ အတူဆော့ကစားပါ။ က၁၅ ၁၁/၁၅ ၁:၃၊ ၄
တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၁၉
မိမိအိမ်သူအိမ်သားတို့အား အချိန်တန်အစာ ဝေပေးရန် သခင်ခန့်အပ်ထားသည့် သစ္စာနှင့် သတိပညာရှိသောကျွန်ကား ဧကန်စင်စစ် မည်သူနည်း။—မ. ၂၄:၄၅။
၁၉၁၉ မှာ ကျမ်းစာကျောင်းသားအုပ်စုငယ်လေးဟာ ‘သစ္စာနဲ့ သတိပညာရှိကျွန်’ အဖြစ် ခန့်အပ်ခံခဲ့ရတယ်။ အဲဒီအချိန်တုန်းက သစ္စာရှိကျွန်ဟာ ဘုရားသခင့်လူမျိုးနဲ့ ဆက်သွယ်ရာမှာ အင်္ဂလိပ်စကားကို အဓိကအသုံးပြုတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့ ကျမ်းစာစာပေတွေကို ဘာသာစကား ၇၀၀ ကျော်နဲ့ ထုတ်ဝေနေတယ်။ တိကျပြီး နားလည်လွယ်တဲ့ ဘာသာပြန်ကျမ်းကို ဘုရားသခင့်လူမျိုး လိုအပ်လာတာ ထင်ရှားတယ်။ ဒါကြောင့် ကမ္ဘာသစ်ဘာသာပြန်ကျမ်းကော်မတီကို ဖွဲ့စည်းပြီး ၁၉၅၀ ကနေ ၁၉၆၀ အတွင်းမှာ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို အတွဲ ၆ တွဲနဲ့ ထုတ်ဝေခဲ့တယ်။ အတွဲ ၁ ကို ၁၉၅၀၊ ဩဂုတ် ၂၊ ခရိုင်စည်းဝေးမှာ ထုတ်ဝေခဲ့တယ်။ အဲဒီဘာသာပြန်ကျမ်းဟာ လူသန်းပေါင်းများစွာကို ယေဟောဝါအကြောင်း သိနားလည်စေမယ်လို့ ညီအစ်ကို အဲန် အိတ်ချ် နောရ် မျှော်လင့်ခဲ့တယ်။ က၁၅ ၁၂/၁၅ ၁:၁၅၊ ၁၇
တနင်္လာနေ့၊ ဖေဖော်ဝါရီ ၂၀
ဓမ္မဒေသနာဆရာသည် နားထောင်ဖွယ်သောစကားကို ရှာ၍ ရေးထားချက်စကားသည် ဖြောင့်မတ်သောစကား၊ သမ္မာစကားဖြစ်၏။—ဒေ. ၁၂:၁၀။
ကိုယ်ပြောမယ့်စကားကို ရွေးချယ်နိုင်ဖို့ ဘယ်အရာက ကူညီပေးနိုင်သလဲ။ ကျမ်းစာနဲ့ အဖွဲ့အစည်းထုတ် စာပေတွေမှာ ဘယ်လိုပြောဆိုသုံးနှုန်းတယ်ဆိုတာ သတိပြုမှတ်သားပါ။ ကိုယ်နားမလည်တဲ့ အသုံးအနှုန်းရဲ့ အဓိပ္ပာယ်ကို သင်ယူပါ။ တခြားသူတွေကို အားပေးမှုဖြစ်စေတဲ့နည်းနဲ့ ဘယ်လိုပြောဆိုရမယ်ဆိုတာ သိနိုင်ဖို့ ယေရှုရဲ့စံနမူနာကို လေ့လာပါ။ ‘ပင်ပန်းနေသူကို အားပေးစကားပြောဆိုတတ်ဖို့’ ယေရှုကို ယေဟောဝါ သင်ပေးတဲ့အတွက် ဘာပြောရမယ်ဆိုတာ ယေရှု ကောင်းကောင်းသိတယ်။ (ဟေရှာ. ၅၀:၄၊ ကဘ) ကိုယ်ပြောလိုက်တဲ့စကားက တခြားသူတွေကို ဘယ်လိုထိခိုက်စေနိုင်တယ်ဆိုတာ စဉ်းစားဖို့လည်း အရေးကြီးတယ်။ (ယာ. ၁:၁၉) ‘ဒီစကားလုံးသုံးလိုက်ရင် ငါပြောချင်တာကို သူနားလည်မလား။ သူ ဘယ်လိုခံစားရမလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်နိုင်တယ်။ က၁၅ ၁၂/၁၅ ၃:၁၂
အင်္ဂါနေ့၊ ဖေဖော်ဝါရီ ၂၁
ဂျေရုဆလင်မြို့ . . . သည် ပျက်စီးခြင်းသို့ ရောက်လုနီးပြီ။—လု. ၂၁:၂၀။
ဂျေရုဆလင်မြို့ကို “စစ်တပ်ဝိုင်းရံလျက်ရှိကြောင်း” မြင်တဲ့အခါ ယုဒနယ်က ခရစ်ယာန်တွေ၊ အထူးသဖြင့် ဂျေရုဆလင်မှာ နေထိုင်သူတွေ အလျင်အမြန် ထွက်ပြေးဖို့ လိုအပ်လာတယ်။ ဘာကြောင့်လဲဆိုတော့ ဂျေရုဆလင်မြို့ကို စစ်တပ်ဝိုင်းရံတာမြင်ရင် ချက်ချင်း ထွက်ပြေးဖို့ နောက်လိုက်တွေကို ယေရှု သတိပေးထားလို့ပဲ။ (လု. ၂၁:၂၁-၂၄) ယေရှု အဲဒီလိုသတိပေးခဲ့ချိန်ကနေ ရေတွက်ရင် ၂၈ နှစ် ရှိပြီ။ အဲဒီအတောအတွင်း အစ္စရေးမှာရှိတဲ့ သစ္စာရှိခရစ်ယာန်တွေဟာ နှိပ်စက်ညှဉ်းပန်းမှုနဲ့ စမ်းသပ်မှုများစွာကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့တယ်။ (ဟေဗြဲ ၁၀:၃၂-၃၄) ဒါပေမဲ့ အနာဂတ်မှာ ကြုံရမယ့်အရာတွေအတွက် သူတို့ကို ပေါလု အသင့်ရှိစေချင်တယ်။ အကြီးမားဆုံး ယုံကြည်ခြင်း စမ်းသပ်မှုတစ်ခုကို သူတို့ ကြုံရတော့မယ်။ (မ. ၂၄:၂၀၊ ၂၁။ ဟေဗြဲ ၁၂:၄) ထွက်ပြေးပါဆိုတဲ့ ယေရှုရဲ့စကားကို နာခံနိုင်ဖို့ဆိုရင် တစ်ခါနဲ့မှမတူတဲ့ ခံနိုင်ရည်နဲ့ ယုံကြည်ခြင်း လိုအပ်တယ်။ သူတို့ရဲ့အသက်ရှင်ရေးဟာ အဲဒီအပေါ် မူတည်နေတယ်။ (ဟေဗြဲ ၁၀:၃၆-၃၉) ဒါကြောင့် ချစ်ရတဲ့ ညီအစ်ကိုညီအစ်မတွေဆီ အားပေးစာတစ်စောင်ရေးဖို့ ပေါလုကို ယေဟောဝါ လှုံ့ဆော်ခဲ့တယ်။ အဲဒီစာကို အခုအချိန်မှာ ဟေဗြဲကျမ်းလို့ ခေါ်တယ်။ က၁၆.၀၁ ၁:၁၊ ၂
ဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီ ၂၂
ချစ်ရသောသူတို့၊ ဘုရားသခင်သည် ငါတို့ကို ဤမျှလောက်ချစ်သည်မှန်လျှင် ငါတို့သည်လည်း အချင်းချင်း ချစ်ကြရမည့်တာဝန်ရှိ၏။—၁ ယော. ၄:၁၁။
ဘုရားသခင့်မေတ္တာကို ကောင်းကောင်းနားလည်ရင် ညီအစ်ကိုညီအစ်မတွေကို ချစ်ဖို့ လိုတယ်။ (၁ ယော. ၃:၁၆) သူတို့ကို ချစ်ကြောင်း ဘယ်လို တင်ပြနိုင်သလဲ။ ယေရှုရဲ့ ပုံနမူနာကို စဉ်းစားကြည့်ပါ။ မြေကြီးပေါ် အမှုဆောင်ချိန်အတွင်း နိမ့်ကျသူတွေကို အထူးအရေးတယူ ဆက်ဆံခဲ့တယ်။ ဖျားနာ၊ ခြေဆွံ့၊ မျက်မမြင်၊ နားမကြား၊ ဆွံ့အသူတွေကို ကုသပေးခဲ့တယ်။ (မ. ၁၁:၄၊ ၅) ဘာသာရေးခေါင်းဆောင်တွေလို မဟုတ်ဘဲ ယေရှုဟာ လူတွေကို အမှန်တရားသင်ပေးရတာ နှစ်သက်တယ်။ (ယော. ၇:၄၉) အဲဒီနိမ့်ကျသူတွေကို ယေရှု ချစ်ပြီး ကြိုးစားပမ်းစား ကူညီပေးတယ်။ (မ. ၂၀:၂၈) အသင်းတော်မှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေ၊ အထူးသဖြင့် အသက်ကြီးသူတွေကို ဘယ်လို ကူညီပေးနိုင်တယ်ဆိုတာ အောက်မေ့ရာပွဲကာလအတွင်း အချိန်ယူ စဉ်းစားသင့်တယ်။ ဘုရားသခင့်မေတ္တာက ညီအစ်ကိုညီအစ်မတွေကို မေတ္တာပြဖို့ သင့်ကို လှုံ့ဆော်ပေးပါစေ။ က၁၆.၀၁ ၂:၁၂-၁၄
ကြာသပတေးနေ့၊ ဖေဖော်ဝါရီ ၂၃
ဤသိုးခြံသို့ မဝင်သော အခြားသိုးများကိုလည်း ငါပိုင်သည်ဖြစ်၍ ထိုသိုးများကို ငါဆောင်ခဲ့ရမည်။ သူတို့လည်း . . . သိုးအုပ်တစ်အုပ်၊ သိုးထိန်းတစ်ပါးတည်းဖြစ်ရလိမ့်မည်။—ယော. ၁၀:၁၆။
ဒီနေ့ခေတ် ဘိသိက်ခံအားလုံးရဲ့ နာမည်ကို အခြားသိုးတွေ သိဖို့လိုသလား။ မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ ကောင်းကင်ဆုကျေးဇူး တကယ်ရ,မရဆိုတာကို အတိအကျသိဖို့ မဖြစ်နိုင်လို့ပဲ။ ဘုရားသခင်က ကောင်းကင်သွားဖို့ သူတို့ကို ဖိတ်ခေါ်ပေမဲ့ သူတို့ ဆက်သစ္စာရှိနေမှသာ ကောင်းကင်ဆုကျေးဇူး ရရှိမှာဖြစ်တယ်။ အဲဒီအချက်ကို စာတန် သိတဲ့အတွက် “ပရောဖက်အတုအယောင်” တွေကို သုံးပြီး သူတို့ကို “လှည့်ဖြား” ဖို့ ကြိုးစားနေတယ်။ (မ. ၂၄:၂၄) ဘိသိက်ခံတစ်ယောက်ကို ကောင်းကင်ဆုကျေးဇူး ရရှိထိုက်သူအဖြစ် ယေဟောဝါ တရားစီရင်ချိန် မရောက်မချင်း သူ ကောင်းကင်ဆုကျေးဇူး တကယ်ရ,မရဆိုတာ သေချာမပြောနိုင်ဘူး။ သူ မသေဆုံးခင် ဒါမှမဟုတ် “ကြီးစွာသောဒုက္ခ” မစခင်လေးမှာ အဲဒီနောက်ဆုံးအတည်ပြုချက်ကို ယေဟောဝါ ချမှတ်ပြီး နောက်ဆုံးတံဆိပ်ခတ်ပါလိမ့်မယ်။ (ဗျာ. ၂:၁၀။ ၇:၃၊ ၁၄) ဒါကြောင့် ၁၄၄,၀၀၀ ထဲမှာ ဘယ်သူတွေ ပါမယ်ဆိုတာ သိဖို့ကြိုးစားတာဟာ အဓိပ္ပာယ်မရှိဘူး။ က၁၆.၀၁ ၄:၂၊ ၃
သောကြာနေ့၊ ဖေဖော်ဝါရီ ၂၄
ငါစေခိုင်းသောအမှု၌ အောင်လိမ့်မည်။ —ဟေရှာ. ၅၅:၁၁။
ဟောပြောခြင်းလုပ်ငန်းက လူသားတွေနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ ရည်ရွယ်ချက်နဲ့ ဘယ်လို သက်ဆိုင်သလဲ။ ဘုရားသခင့် ရည်ရွယ်ချက်က မြေကြီးပေါ်မှာ လူသားတွေ ထာဝစဉ် နေထိုင်ဖို့ဖြစ်တယ်။ အာဒံ အပြစ်လုပ်ပေမဲ့ ကိုယ်တော့်ရည်ရွယ်ချက် မပြောင်းသွားဘူး။ ကျွန်တော်တို့ကို အပြစ်နဲ့သေခြင်းအောက်ကနေ ကယ်တင်ဖို့ ဘုရားစီစဉ်ပေးတယ်။ ဘယ်နည်းအားဖြင့်လဲ။ ယေရှုကို မြေကြီးပေါ်စေလွှတ်ပြီး ရွေးနုတ်ဖိုးအဖြစ် အသေခံစေခြင်းအားဖြင့် ဖြစ်တယ်။ ဒါပေမဲ့ ယေရှုရဲ့ ရွေးနုတ်ဖိုးကနေ အကျိုးရရှိဖို့ဆိုရင် လူသားတွေဟာ ဘုရားသခင်ကို နာခံရမယ်။ ဒါကြောင့် ဘုရားသခင့် တောင်းဆိုချက်တွေအကြောင်း လူတွေကို ယေရှု သင်ပေးတယ်။ တပည့်တွေကိုလည်း အလားတူ လုပ်ဆောင်ဖို့ မိန့်မှာတယ်။ ဘုရားသခင်နဲ့ မိတ်ဆွေဖြစ်လာအောင် တခြားသူတွေကို ကျွန်တော်တို့ ကူညီပေးတာက လူတွေကို အပြစ်နဲ့သေခြင်းအောက်ကနေ ကယ်တင်ပေးတဲ့ မေတ္တာပါအစီအစဉ်မှာ ဘုရားသခင်နဲ့ တွဲဖက်လုပ်ဆောင်နေရာရောက်တယ်။ ဒါက သူတို့ကိုရော ယေဟောဝါကိုပါ ချစ်ကြောင်း ဖော်ပြရာရောက်တယ်။ “ဘုရားသခင်၏အလိုတော်မှာ လူအမျိုးမျိုးတို့သည် ကယ်တင်ခံရ၍ အမှန်တရားဆိုင်ရာ တိကျမှန်ကန်သောအသိပညာကို သိရှိလာရန်” ဖြစ်တယ်။—၁ တိ. ၂:၄။ က၁၆.၀၁ ၅:၁၅၊ ၁၆
စနေနေ့၊ ဖေဖော်ဝါရီ ၂၅
အာခတ်သည် . . . မိမိသားတို့ကိုလည်း မီးဖြင့်ပူဇော်၏။—၆ ရာ. ၂၈:၃။
အာခတ်ရဲ့ ပုံနမူနာဆိုးကြောင့် သားဖြစ်သူ ဟေဇကိဟာ ယေဟောဝါကို စိတ်ဆိုးနာကျည်းမိနိုင်တယ်။ ဒီနေ့ခေတ်မှာ လူတချို့က ဒုက္ခနည်းနည်းရောက်တာနဲ့ ‘ယေဟောဝါကို စိတ်ဆိုး၊’ အဖွဲ့အစည်းကို စိတ်နာကြတယ်။ (သု. ၁၉:၃၊ ကဘ) တချို့ကျတော့လည်း ကိုယ့်ဘဝ ဆိုးပေနေတာ၊ မိဘရဲ့ ဆိုးမွေအားလုံး ဆက်ခံရတာဟာ ဆိုးရွားတဲ့ မိသားစုနောက်ခံကြောင့်လို့ ယူမှတ်နေကြတယ်။ (ယေဇ. ၁၈:၂၊ ၃) အဲဒါမှန်သလား။ ဟေဇကိရဲ့ဘဝက အဲဒီမေးခွန်းကို အဖြေပေးတယ်။ ယေဟောဝါကို စိတ်ဆိုးဖို့ ခိုင်လုံတဲ့အကြောင်းရင်း ဘယ်တော့မှ မရှိဘူး။ လူတွေ ဒုက္ခရောက်တာ ယေဟောဝါကြောင့် မဟုတ်ဘူး။ (ယောဘ ၃၄:၁၀) မိဘတွေရဲ့ပုံသက်သေက သားသမီးတွေအပေါ် ကောင်းကျိုးဆိုးကျိုး သက်ရောက်နိုင်တာ မှန်ပါတယ်။ (သု. ၂၂:၆။ ကော. ၃:၂၁) ဒါပေမဲ့ အဲဒီလိုပြောလို့ လူတစ်ယောက် ဘယ်လိုလူစားမျိုးဖြစ်လာမယ်ဆိုတာ မိသားစုနောက်ခံပေါ် မူတည်တယ်လို့ မဆိုလိုဘူး။ ဘာကြောင့်လဲဆိုတော့ ကောင်းတာလုပ်ဖို့၊ မကောင်းတာလုပ်ဖို့ လွတ်လပ်စွာ ရွေးချယ်နိုင်စွမ်းကို ယေဟောဝါ ပေးထားလို့ပဲ။—တရား. ၃၀:၁၉။ က၁၆.၀၂ ၂:၈-၁၀
တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၂၆
ကြမ်းတမ်းသောသူတို့သည် အကျွန်ုပ်အသက်ကို ရှာကြပါ၏။—ဆာ. ၅၄:၃။
အာဗနာက ဒါဝိဒ်ကို သတ်ဖို့တောင် ရှောလုကို ကူညီပေးတယ်။ (၁ ရာ. ၂၆:၁-၅) နောက်တက်မယ့်ဘုရင်အဖြစ် ဒါဝိဒ်ကို ဘုရားရွေးချယ်ထားမှန်း ယောနသန်နဲ့ အာဗနာ နှစ်ယောက်စလုံး သိတယ်။ အာဗနာဟာ ရှောလုသေပြီးနောက်မှာလည်း ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး ဒါဝိဒ်ကို ကူညီပေးနိုင်တယ်။ အဲဒီအစား ရှောလုရဲ့သား ဣရှဗောရှက်ကို ဘုရင်မြှောက်ဖို့ ကြိုးစားတယ်။ နောက်ပိုင်း၊ ကိုယ်တိုင် ဘုရင်ဖြစ်ချင်လာလို့ ဘုရင်ရှောလုရဲ့ မယားငယ်ကို သိမ်းပိုက်ခဲ့ပုံရတယ်။ (၂ ရာ. ၂:၈-၁၀။ ၃:၆-၁၁) ဒါဝိဒ်အပေါ် ယောနသန်နဲ့ အာဗနာရဲ့ တုံ့ပြန်ပုံ ဘာကြောင့် သိပ်ကွာခြားတာလဲ။ ဘာကြောင့်လဲဆိုတော့ ယောနသန်က ယေဟောဝါအပေါ် သစ္စာစောင့်သိပြီး နှိမ့်ချမှုရှိပေမဲ့ အာဗနာကတော့ အဲဒီလို မဟုတ်လို့ပဲ။ ဘုရင်ဒါဝိဒ်ရဲ့သား အဗရှလုံဟာ နှိမ့်ချမှုမရှိတဲ့အတွက် ဘုရားသခင်ကို သစ္စာမစောင့်သိခဲ့ဘူး။ ဘုရင်ဖြစ်ချင်တဲ့အတွက် “ရထားများနှင့် မြင်းများကိုလည်းကောင်း၊ မိမိရှေ့မှာပြေးရသော လူငါးဆယ်ကိုလည်းကောင်း” ပြင်ဆင်တယ်။ (၂ ရာ. ၁၅:၁) လူတွေ သူ့ကို သစ္စာစောင့်သိလာအောင် ဖြားယောင်းတယ်။ ဒါဝိဒ်ကို ဘုရင်အဖြစ် ယေဟောဝါခန့်အပ်ထားမှန်း သိလျက်နဲ့ ဖခင်ဒါဝိဒ်ကို သတ်ဖို့ကြိုးစားခဲ့တယ်။ (၂ ရာ. ၁၅:၁၃၊ ၁၄။ ၁၇:၁-၄) လူတစ်ယောက်ဟာ နှိမ့်ချမှုမရှိဘဲ အာဏာမက်လာပြီဆိုရင် ဘုရားသခင်ကို သစ္စာစောင့်သိဖို့ အခက်တွေ့နိုင်တယ်။ ယေဟောဝါကို ကျွန်တော်တို့ ချစ်တယ်။ အာဗနာနဲ့ အဗရှလုံလို ယုတ်မာတဲ့ တစ်ကိုယ်ကောင်းသမားတွေ မဖြစ်ချင်ဘူး။ က၁၆.၀၂ ၄:၉-၁၁
တနင်္လာနေ့၊ ဖေဖော်ဝါရီ ၂၇
ယုံကြည်ခြင်းသည်လည်း အကျင့်မရှိလျှင် အသေဖြစ်၏။—ယာ. ၂:၁၇။
သင့်မှာ ခိုင်မာတဲ့ ယုံကြည်စိတ်ချမှုရှိရင် အဲဒါကို လုပ်ရပ်နဲ့ သက်သေပြပါလိမ့်မယ်။ ဘယ်လုပ်ရပ်တွေလဲ။ ‘သန့်ရှင်းသောအမူအကျင့်များနှင့် ဘုရားတရားဆည်းကပ်မှုများ’ လို့ ကျမ်းစာပြောထားတဲ့ လုပ်ရပ်တွေဖြစ်တယ်။ (၂ ပေ. ၃:၁၁) “သန့်ရှင်းသောအမူအကျင့်များ” ကို တင်ပြနိုင်ဖို့ဆိုရင် သင်ဟာ ကိုယ်ကျင့်တရား သန့်ရှင်းရမယ်။ ဥပမာ၊ လွန်ခဲ့တဲ့ခြောက်လကို ပြန်တွေးကြည့်ပါ။ အမှားလုပ်ဖို့ သွေးဆောင်ခံရတဲ့အခါ အမှားအမှန်ကို သင် “ပိုင်းခြားသိမြင်” နိုင်ခဲ့သလား။ (ဟေဗြဲ ၅:၁၄) သွေးဆောင်မှု ဒါမှမဟုတ် ရွယ်တူချင်းဖိအားကို တွန်းလှန်နိုင်ခဲ့တဲ့ သတ်သတ်မှတ်မှတ် အခြေအနေတွေ ရှိသလား။ ကျောင်းမှာ သင့်လုပ်ရပ်က သင့်ယုံကြည်ချက်အကြောင်း ကောင်းကောင်း ဖော်ပြသလား။ ယေဟောဝါဘက် သင် ရပ်တည်သလား ဒါမှမဟုတ် သူငယ်ချင်းတွေ လှောင်ပြောင်တာ မခံရဖို့ ရောယောင်နေလိုက်သလား။ (၁ ပေ. ၄:၃၊ ၄) ဘယ်သူမှ မစုံလင်တာ မှန်ပါတယ်။ ယေဟောဝါကို နှစ်ပေါင်းများစွာ ဝတ်ပြုလာသူတွေတောင် တစ်ခါတလေ ရှက်စိတ်ဝင်ပြီး ဟောပြောဖို့ အခက်တွေ့နိုင်တယ်။ ဒါပေမဲ့ ယေဟောဝါဆီ ဆက်ကပ်အပ်နှံထားသူဟာ ယေဟောဝါသက်သေဖြစ်ရတာကို ဂုဏ်ယူပါလိမ့်မယ်။ သူ့ရဲ့ သန့်ရှင်းတဲ့အကျင့်အားဖြင့် အဲဒီလိုဂုဏ်ယူကြောင်း ဖော်ပြတယ်။ က၁၆.၀၃ ၂:၁၀၊ ၁၁
အင်္ဂါနေ့၊ ဖေဖော်ဝါရီ ၂၈
ဤမည်သောလမ်းသည် မှန်၏။ ဤလမ်း၌ သွားလော့။—ဟေရှာ. ၃၀:၂၁။
လူ့သမိုင်းအစကတည်းက တိကျတဲ့ ညွှန်ကြားချက်တွေ၊ လမ်းညွှန်ချက်တွေကို ယေဟောဝါ ပေးခဲ့တယ်။ ဥပမာ၊ ထာဝရအသက်နဲ့ ထာဝရပျော်ရွှင်မှု ရရှိအောင် လမ်းညွှန်ပေးနိုင်တဲ့ ရှင်းလင်းတဲ့ ညွှန်ကြားချက်တွေကို ဧဒင်ဥယျာဉ်မှာ ယေဟောဝါ ပေးခဲ့တယ်။ (က. ၂:၁၅-၁၇) ယေဟောဝါရဲ့ လမ်းညွှန်ချက်ကို အာဒံနဲ့ ဧဝ မနာခံခဲ့ဘူး။ အဲဒီအစား နိမ့်ကျတဲ့မြွေတိရစ္ဆာန်ဆီက လာပုံရတဲ့ စကားကို ဧဝ နားထောင်ခဲ့တယ်။ အာဒံလည်း လူလူချင်းဖြစ်တဲ့ ဇနီးရဲ့ စကားကို နားထောင်ခဲ့တယ်။ ဘာရလဒ် ရရှိခဲ့သလဲ။ နှစ်ယောက်စလုံး ဒုက္ခရောက်ပြီး မျှော်လင့်ချက်မရှိဘဲ သေဆုံးခဲ့ရတယ်။ သူတို့ရဲ့မနာခံမှုကြောင့် လူသားအားလုံး သေခြင်းလမ်းပေါ် ရောက်ခဲ့ရတယ်။ ယေဟောဝါက သတိပေးချက်တွေ ပေးရုံထက်မက ပိုလုပ်ဆောင်တယ်။ မိမိလူမျိုး ထာဝရအသက်ရဖို့၊ အန္တရာယ်တွေ ရှောင်ရှားနိုင်ဖို့ လမ်းညွှန်ပေးတယ်။ ယေဟောဝါဟာ သိုးအုပ်ကို အန္တရာယ်မကျရောက်အောင် သတိပေးလမ်းညွှန်တဲ့ မေတ္တာရှိ သိုးထိန်းနဲ့ တူတယ်။ က၁၆.၀၃ ၄:၂၊ ၃