ဇန်နဝါရီ
တနင်္လာနေ့၊ ဇန်နဝါရီ ၁
ယုံကြည်ခြင်းအတွက် ကြိုးစားတိုက်လှန်ပါ။—ယုဒ ၃။
ဖခင်ကို ကြိုဖို့ မိန်းကလေးတစ်ယောက် ပြေးထွက်လာတယ်။ တိုက်ပွဲကနေ အဖေ ဘေးကင်းစွာ ပြန်လာလို့ သိပ်ပျော်နေတယ်။ ပျော်လွန်းလို့ သီဆိုကခုန်နေတယ်။ ဒါပေမဲ့ အဖေ့စကားနဲ့ အဖေ့လုပ်ရပ်ကြောင့် သိပ်အံ့သြသွားတယ်။ အဖေဖြစ်သူက အဝတ်ကို ဆွဲဆုတ်ပြီး ‘အို သမီးရယ်။ အဖေတော့ ရင်ကွဲရပါပြီ’ လို့ပြောတယ်။ ယေဟောဝါကို ကတိတစ်ခု ပေးထားတဲ့အကြောင်း၊ အဲဒီကတိကြောင့် သမီးဘဝ ထာဝစဉ် ပြောင်းလဲသွားတော့မှာဖြစ်ပြီး အိမ်ထောင်သားမွေး လုပ်လို့ မရတော့မယ့်အကြောင်း အဖေဖြစ်သူ ပြောပြတယ်။ ဒါပေမဲ့ သမီးက ချက်ချင်းပဲ အဖေ့ကို အားပေးပြီး ကတိအတိုင်း လုပ်ဖို့ ပြောတယ်။ သမီးဖြစ်သူရဲ့ စကားတွေက ယေဟောဝါ တောင်းဆိုတာမှန်သမျှဟာ သူ့အကျိုးအတွက်ပဲဆိုတာ အခိုင်အမာ ယုံကြည်မှန်း ဖော်ပြနေတယ်။ (သူကြီး. ၁၁:၃၄-၃၇) အဖေ တအား ဂုဏ်ယူမိတယ်။ သမီးဖြစ်သူရဲ့ လိုလိုလားလား ရှိမှုက ယေဟောဝါကို ပျော်ရွှင်စေမယ်ဆိုတာ သူ သိတယ်။ ယေဖသနဲ့ သမီးဟာ ယေဟောဝါကို အကြွင်းမဲ့ ယုံကြည်ကိုးစားတယ်။ ခက်ခဲချိန်တွေမှာတောင် ယေဟောဝါကို ယုံကြည်ခဲ့တယ်။ ယေဟောဝါရဲ့ နှစ်သက်မှု ရရှိဖို့ ဘာကိုမဆို စွန့်လွှတ်အနစ်နာခံထိုက်တယ်ဆိုတာ သူတို့ ယုံကြည်စိတ်ချတယ်။ w16.04 ၁:၁၊ ၂
အင်္ဂါနေ့၊ ဇန်နဝါရီ ၂
ယောဘရဲ့ ခံနိုင်ရည်အကြောင်း ကြားဖူးသလို သူ့ကို ယေဟောဝါ ကောင်းချီးပေးခဲ့တာကိုလည်း သိထားကြတာပဲ။—ယာ. ၅:၁၁။
သင်ဟာ မိတ်ဆွေ ဒါမှမဟုတ် မိသားစုဝင်တစ်ယောက်ယောက်ရဲ့စကားကြောင့် စိတ်ထိခိုက်မိနိုင်တယ်။ အကြီးအကျယ် မကျန်းမမာ ဖြစ်နေနိုင်တယ်။ ဒါမှမဟုတ် ချစ်မြတ်နိုးရသူတစ်ယောက် သေဆုံးသွားလို့ ဝမ်းနည်းကြေကွဲနေနိုင်တယ်။ ဘာပဲဖြစ်ဖြစ် ယောဘရဲ့ ပုံနမူနာကနေ နှစ်သိမ့်မှု ရရှိနိုင်တယ်။ (ယောဘ ၁:၁၈၊ ၁၉။ ၂:၇၊ ၉။ ၁၉:၁-၃) ရုတ်တရက်ကြီး ဘာကြောင့် ဒုက္ခတွေ ပုံအောကျရောက်တယ်ဆိုတာ ယောဘ မသိပေမဲ့ အရှုံးမပေးခဲ့ဘူး။ ခံနိုင်ရည်ရှိဖို့ သူ့ကို ဘာက ကူညီပေးခဲ့သလဲ။ တစ်ချက်အနေနဲ့ ယေဟောဝါကို “ကြောက်ရွံ့” လို့ ဖြစ်တယ်။ (ယောဘ ၁:၁) အခြေအနေ ကောင်းတဲ့အခါမှာရော မကောင်းတဲ့အခါမှာပါ ဘုရားနှစ်သက်တာကို လုပ်ဆောင်ဖို့ သူ စိတ်ပိုင်းဖြတ်ထားတယ်။ အဲဒီအပြင် ဘုရားသခင့် အကူအညီကြောင့် အံ့ဖွယ်ဖန်ဆင်းရာတချို့အကြောင်း ယောဘ စဉ်းစားနိုင်ခဲ့ပြီး ဘုရားတန်ခိုးတော်ကို သိရှိလာတယ်။ ဒါကြောင့် ကြုံနေရတဲ့ ဒုက္ခတွေကို အချိန်တန်တဲ့အခါ ဘုရား ဖယ်ရှားပေးမယ်ဆိုတာ ယောဘ ပိုယုံကြည်စိတ်ချလာတယ်။ (ယောဘ ၄၂:၁၊ ၂) အဲဒီအတိုင်း တကယ်ဖြစ်ပျက်လာတယ်။ ‘ယေဟောဝါက ယောဘရဲ့ ဆင်းရဲဒုက္ခတွေကို ဖယ်ရှားပေးပြီး အရင်တုန်းကလိုပဲ ပြန်ကြွယ်ဝစေတယ်။ ယေဟောဝါက ယောဘပိုင်ဆိုင်ခဲ့တာတွေထက် နှစ်ဆပြန်ပေးတယ်။’ ယောဘဟာ ‘ကျေနပ်စရာကောင်းတဲ့ဘဝနဲ့ အသက်ရှည်ရှည် နေထိုင်’ ခဲ့တယ်။—ယောဘ ၄၂:၁၀၊ ၁၇။ w16.04 ၂:၁၁၊ ၁၃
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၃
မြွေလို သတိကြီးပြီး ချိုးငှက်လို အပြစ်ကင်းကြပါ။ —မ. ၁၀:၁၆။
ရှေ့မှာကြုံရမယ့် အခက်အခဲတွေကို သိမှတ်ခြင်းအားဖြင့် အပြစ်ကင်းကြောင်း ကျွန်တော်တို့ တင်ပြကြတယ်။ နိုင်ငံရေးအကြောင်း လူတွေ စပြောလာပြီဆိုရင် အထူးပါးနပ်ရမယ်။ ဥပမာ၊ ဘုရားသခင့် နိုင်ငံတော်သတင်း ဟောပြောချိန်မှာ နိုင်ငံရေးပါတီတစ်ခု ဒါမှမဟုတ် ခေါင်းဆောင်တစ်ယောက်ရဲ့ အမြင်သဘောထားတွေကို ထောက်ခံတာဖြစ်စေ၊ ဝေဖန်တာဖြစ်စေ မလုပ်သင့်ဘူး။ နိုင်ငံရေးလောက,က အဆိုပြုထားတဲ့ ပြဿနာဖြေရှင်းနည်းတွေကို မဟုတ်ဘဲ ပြဿနာကိုသာ အာရုံစိုက်ခြင်းအားဖြင့် အိမ်ရှင် သဘောတူလက်ခံနိုင်မယ့်အရာကို အခြေခံဆွေးနွေးပါ။ ဘုရားသခင့်နိုင်ငံတော်က လူ့ပြဿနာတွေကို ဘယ်လိုနည်းနဲ့ ထာဝစဉ် ဖြေရှင်းမယ်ဆိုတဲ့အကြောင်း ကျမ်းစာနဲ့ ထောက်ပြပါ။ လိင်တူလက်ထပ်တာ ဒါမှမဟုတ် ကိုယ်ဝန်ဖျက်ချတာစတဲ့ အကြောင်းအရာ တစ်ခုခုကို လူတွေ ငြင်းခုံချင်တဲ့အခါ ကျမ်းစာမိန့်မှာချက်ကို ရှင်းပြပြီး ကိုယ်တိုင် ဘယ်လို ကျင့်သုံးနေတယ်ဆိုတာ ပြောပြပါ။ ဥပဒေတချို့ကို ပယ်ဖျက်သင့်တယ် ဒါမှမဟုတ် ပြောင်းလဲသင့်တယ်လို့ တစ်ယောက်ယောက် ပြောလာတဲ့အခါ ကျွန်တော်တို့ ဘက်မလိုက်ဘူး။ ကိုယ့်အမြင်ကို လက်ခံလာအောင်လည်း သူတို့ကို ဖိအားမပေးဘူး။ w16.04 ၄:၈၊ ၉
ကြာသပတေးနေ့၊ ဇန်နဝါရီ ၄
သွားပြီး လူတွေကို ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ။—မ. ၂၈:၁၉။
တပည့်ဖြစ်စေရမယ်။ နှစ်ခြင်းပေးရမယ်။ သွန်သင်ပေးရမယ်။ ဒါပေမဲ့ အဲဒါတွေ မလုပ်ခင် အရင်ဆုံး လူတွေဆီ သွားရမယ်။ “လမ်းခြားတာပဲဖြစ်ဖြစ်၊ ပင်လယ်ခြားတာပဲဖြစ်ဖြစ် လူတွေဆီ ‘သွား’ ရမယ်ဆိုတာ ယုံကြည်သူတိုင်းရဲ့ တာဝန် ဖြစ်တယ်” လို့ ကျမ်းပညာရှင်တစ်ယောက် ပြောတယ်။ (မ. ၁၀:၇။ လု. ၁၀:၃) တပည့်တွေဆီကနေ ယေရှု ဘာမျှော်လင့်သလဲ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ တစ်ယောက်ချင်း ဟောစေချင်သလား ဒါမှမဟုတ် စနစ်တကျ ဖွဲ့စည်းထားတဲ့ အုပ်စုလိုက်အနေနဲ့ ဟောစေချင်သလား။ တစ်ယောက်အားနဲ့ “လူမျိုးတကာ” ကို ဟောပြောဖို့ မဖြစ်နိုင်တဲ့အတွက် စနစ်တကျ ဖွဲ့စည်းထားတဲ့အုပ်စု လိုအပ်တယ်။ “လူဖမ်းသောတံငါသည်” တွေ ဖြစ်ဖို့ တပည့်တွေကို ယေရှု ဖိတ်ခေါ်ချိန်မှာ အဲဒီအချက် ပေါ်လွင်တယ်။ (မ. ၄:၁၈-၂၂) ယေရှုက တံငါသည်တစ်ယောက်ချင်း ငါးမျှားတံနဲ့ ငါးမျှားတာကို မဆိုလိုဘူး။ အဲဒီနည်းက ငါးစာကို ငါးလာဟပ်ဖို့ ထိုင်စောင့်နေရုံဖြစ်တယ်။ အဲဒီအစား ပိုက်ကွန်ချပြီးဖမ်းတဲ့ ငါးဖမ်းနည်းကို ဆိုလိုနေတာ ဖြစ်တယ်။ အဲဒီနည်းဟာ အုပ်စုလိုက် ပူးပေါင်းပြီး စနစ်တကျ အားစိုက်လုပ်ဆောင်ဖို့ လိုအပ်တယ်။—လု. ၅:၁-၁၁။ w16.05 ၂:၃၊ ၄
သောကြာနေ့၊ ဇန်နဝါရီ ၅
ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ကိုးစားပါ။ ကိုယ့်ရဲ့ သိနားလည်နိုင်စွမ်းကို အားမကိုးနဲ့။ ဘာပဲလုပ်လုပ် ဘုရားကို ထည့်စဉ်းစားပါ။ ဘုရားက မင်းရဲ့လမ်းခရီးတွေကို ဖြောင့်ဖြူးစေမယ်။—ပညာ. ၃:၅၊ ၆။
ယေဟောဝါရဲ့ စဉ်းစားပုံကို ဘယ်လို သိမြင်နိုင်သလဲ။ ကျမ်းစာကို ပုံမှန် ဖတ်ရှုလေ့လာခြင်းအားဖြင့် ဖြစ်တယ်။ ဖတ်ရှုလေ့လာရင်း ‘ဒီအကြောင်းအရာက ယေဟောဝါအကြောင်း၊ ဖြောင့်မတ်တဲ့ လုပ်ဆောင်ပုံတွေအကြောင်း၊ ကိုယ်တော့်စဉ်းစားပုံအကြောင်း ငါ့ကို ဘာသင်ပေးသလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ ‘အို ယေဟောဝါ၊ ကျွန်တော့်ကို ကိုယ်တော့်လမ်းစဉ်တွေအကြောင်း သိနားလည်စေပါ။ နည်းလမ်းတွေအကြောင်း သင်ကြားပေးလှည့်ပါ။ ကိုယ်တော့် အမှန်တရားလမ်းပေါ် လျှောက်လှမ်းစေပါ။ ကျွန်တော့်ကို သင်ကြားပေးပါ။ ကိုယ်တော်ဟာ ကျွန်တော့်ကို ကယ်တင်တဲ့ ဘုရားသခင်ပါ။ ကိုယ်တော့်ကို တစ်နေ့လုံး မျှော်လင့်နေပါတယ်’ လို့ ပြောခဲ့တဲ့ ဆာလံဆရာဒါဝိဒ်ရဲ့ သဘောထားမျိုး ကျွန်တော်တို့မှာရှိဖို့ လိုအပ်တယ်။ (ဆာ. ၂၅:၄၊ ၅) ကျမ်းစာဖတ်ပြီး တွေးတောဆင်ခြင်တဲ့အခါ ‘ဒီအချက်ကို မိသားစုမှာ၊ အလုပ်မှာ၊ ကျောင်းမှာ၊ အမှုဆောင်လုပ်ငန်းမှာ ငါ ဘယ်လို ကျင့်သုံးနိုင်သလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ ဘယ်ကဏ္ဍမှာ ကျင့်သုံးရမယ်ဆိုတာ သိလာပြီဆိုရင် ဘယ်လို ကျင့်သုံးရမယ်ဆိုတာ သိဖို့ ပိုလွယ်ကူလာပါလိမ့်မယ်။ w16.05 ၃:၉၊ ၁၁
စနေနေ့၊ ဇန်နဝါရီ ၆
ကြီးကြပ်မှူးတွေဟာ အပြစ်ပြောစရာမရှိသူ . . . ဖြစ်ရမယ်။—၁ တိ. ၃:၂။
အကြီးအကဲတွေ ပြည့်မီရမယ့် အရည်အချင်းတွေကို ယေဟောဝါ ဖော်ပြထားတယ်ဆိုတဲ့အချက်က ခန့်အပ်ခံရသူတွေအတွက် မြင့်မားတဲ့စံနှုန်းတွေ ရှိတယ်ဆိုတာ ဖော်ပြတယ်။ (၁ တိ. ၃:၂-၇) အသင်းတော်ရှေ့မှာ ပုံသက်သေကောင်း ပြဖို့ သူတို့ဆီကနေ ဘုရားသခင် မျှော်လင့်တယ်ဆိုတာ ဖော်ပြတယ်။ “သားတော်ရင်းရဲ့သွေးနဲ့ ဝယ်ထား” တဲ့ အသင်းတော်ကို ဆက်ဆံပုံအတိုင်း သူတို့ စာရင်းရှင်းခံရလိမ့်မယ်။ (တ. ၂၀:၂၈) ဘုရားသခင်က ဒီသိုးထိန်းတွေရဲ့ လက်အောက်မှာ ကျွန်တော်တို့ကို လုံလုံခြုံခြုံ ရှိနေစေချင်တယ်။ (ဟေရှာ. ၃၂:၁၊ ၂) ဒါကြောင့် အကြီးအကဲတွေ ပြည့်မီရမယ့် အရည်အချင်းတွေက ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လောက် ဂရုစိုက်တယ်ဆိုတာ သိရှိစေတယ်။ တကယ်တော့ အဲဒီအရည်အချင်းတွေဟာ ခရစ်ယာန်အားလုံးနဲ့ သက်ဆိုင်တယ်။ ဥပမာ၊ အကျိုးသင့်အကြောင်းသင့်သဘော ရှိဖို့၊ သမာသတိ ရှိဖို့ ကျွန်တော်တို့အားလုံးဆီကနေ ယေဟောဝါ မျှော်လင့်တယ်။ (ဖိ. ၄:၅။ ၁ ပေ. ၄:၇) အကြီးအကဲတွေဟာ “သိုးတော်စုရှေ့မှာ စံနမူနာပြ” မယ်ဆိုရင် သူတို့ဆီကနေ ကျွန်တော်တို့ သင်ယူနိုင်ပြီး “သူတို့ရဲ့ ယုံကြည်ခြင်းကို အတုယူ” နိုင်ပါလိမ့်မယ်။—၁ ပေ. ၅:၃။ ဟီ. ၁၃:၇။ w16.05 ၅:၈-၁၀
တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၇
အရာအားလုံးထက် စိတ်နှလုံးကို ကာကွယ်စောင့်ရှောက်ပါ။—ပညာ. ၄:၂၃။
ကျွန်တော်တို့ရဲ့ စိတ်နှလုံး မမာကျောစေဖို့ မာနကြီးတာ၊ အပြစ်လုပ်တဲ့အကျင့်စွဲနေတာ၊ ယုံကြည်ခြင်းကင်းမဲ့တာ စတဲ့ ဉာဉ်ဆိုးတွေကို ရှောင်ရမယ်။ ကျွန်တော်တို့ သတိမထားဘူးဆိုရင် အဲဒီဉာဉ်ဆိုးတွေက နာခံမှုမရှိသူတွေ၊ ပုန်ကန်သူတွေ ဖြစ်သွားစေနိုင်တယ်။ (ဒံ. ၅:၁၊ ၂၀။ ဟီ. ၃:၁၃၊ ၁၈၊ ၁၉) ယုဒဘုရင် သြဇိ အဲဒီလိုဖြစ်ခဲ့တယ်။ (၂ ရာ. ၂၆:၃-၅၊ ၁၆-၂၁) သြဇိဟာ အစပိုင်းမှာ ‘ယေဟောဝါရှေ့မှာ မှန်ရာကို ဆက်လုပ်’ ပြီး “ဘုရားသခင်ကို ရှာဖွေ” တဲ့အတွက် ခွန်အားကြီးလာတယ်။ ဒါပေမဲ့ ‘အင်အားကြီးလာတာနဲ့အမျှ မောက်မာလာ’ တယ်။ ဗိမာန်တော်မှာ နံ့သာပေါင်း ပူဇော်ဖို့တောင် ကြိုးစားခဲ့တယ်။ အဲဒါကို ပုရောဟိတ်တွေပဲ လုပ်ပိုင်ခွင့်ရှိတာ။ ပုရောဟိတ်တွေ တားတဲ့အခါ သူ အကြီးအကျယ် ဒေါသထွက်တယ်။ ဒါကြောင့် ယေဟောဝါက မာနကြီးတဲ့ဘုရင်သြဇိကို နူနာရောဂါနဲ့ ဒဏ်ခတ်ခဲ့တယ်။ သေဆုံးတဲ့အထိ အဲဒီရောဂါ ခံစားခဲ့ရတယ်။ (ပညာ. ၁၆:၁၈) မာနစိတ်ကို မတွန်းလှန်ဘူးဆိုရင် ကျွန်တော်တို့က ‘ကိုယ့်ကိုယ်ကိုယ် ထင်သင့်တာထက် ပိုထင်’ လာပြီး ကျမ်းစာအကြံဉာဏ်တွေကို ငြင်းပယ်တဲ့အထိ ဖြစ်သွားနိုင်တယ်။—ရော. ၁၂:၃။ ပညာ. ၂၉:၁။ w16.06 ၂:၃၊ ၄
တနင်္လာနေ့၊ ဇန်နဝါရီ ၈
အချင်းချင်း မေတ္တာထား[ပါ]။—ဧ. ၄:၂။
စယဉ်ကျေးမှု မတူတဲ့ ခရစ်ယာန်ချင်းတွေကို သင် ဘယ်လို ရှုမြင်သလဲ။ သူတို့ရဲ့ မိခင်ဘာသာစကား၊ ဝတ်စားပုံ၊ ပြုမူပုံ၊ အစားအသောက်တွေက သင်နဲ့ သိပ်ကွာခြားနိုင်တယ်။ သူတို့ကို ရှောင်ဖယ်ရှောင်ဖယ် လုပ်ပြီး သင်နဲ့နောက်ခံတူသူတွေကိုပဲ ပေါင်းသင်းသလား။ သင့်ထက် အသက်ငယ်တဲ့ ဒါမှမဟုတ် သင်နဲ့ လူမျိုး၊ ယဉ်ကျေးမှုမတူတဲ့ အကြီးအကဲတွေကို ဘယ်လို ရှုမြင်သလဲ။ သတိမထားဘူးဆိုရင် အဲဒီကွဲပြားမှုတွေက ကျွန်တော်တို့ကြားမှာရှိတဲ့ စည်းလုံးငြိမ်သက်မှုကို ပျက်စီးစေနိုင်တယ်။ အဲဒီအန္တရာယ်တွေကို ဘယ်လို ရှောင်နိုင်သလဲ။ ချမ်းသာကြွယ်ဝပြီး နောက်ခံအမျိုးမျိုးရှိသူတွေ နေထိုင်တဲ့ ဧဖက်မြို့က ခရစ်ယာန်တွေကို ပေါလု လက်တွေ့ကျအကြံဉာဏ်တွေ ပေးခဲ့တယ်။ (ဧ. ၄:၁-၃) စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်း၊ မေတ္တာစတဲ့ အရည်အသွေးတွေကို ပေါလု ဖော်ပြခဲ့တယ်။ အဲဒီအရည်အသွေးတွေဟာ အိမ်တစ်လုံးကို ထောက်မပေးတဲ့ တိုင်တွေနဲ့ တူတယ်။ w16.06 ၃:၁၇၊ ၁၈
အင်္ဂါနေ့၊ ဇန်နဝါရီ ၉
ခင်ဗျားတို့ မျက်စိရှင်ရှင်ထားပြီး လောဘကြီးခြင်း အမျိုးမျိုးကို သတိနဲ့ ရှောင်ကြပါ။—လု. ၁၂:၁၅။
စာတန်က ကျွန်တော်တို့ကို ယေဟောဝါအတွက် မဟုတ်ဘဲ စည်းစိမ်ချမ်းသာအတွက် အစေခံစေချင်တယ်။ (မ. ၆:၂၄) ဒါပေမဲ့ ပစ္စည်းဥစ္စာပိုရဖို့ပဲ ခွန်အားစိုက်ထုတ်နေမယ်ဆိုရင် ဘဝက အဓိပ္ပာယ်မဲ့သွားပါလိမ့်မယ်။ ကျွန်တော်တို့ စိတ်ဓာတ်ကျလာနိုင်တယ်။ ငွေကြေးအခက်အခဲတွေ ကြုံလာရနိုင်တယ်။ ပိုဆိုးတာက ယေဟောဝါနဲ့ နိုင်ငံတော်ကို မယုံကြည်တော့ဘဲ ဖြစ်သွားနိုင်တယ်။ (၁ တိ. ၆:၉၊ ၁၀။ ဗျာ. ၃:၁၇) “လောဘကြီးခြင်းအမျိုးမျိုး” ဟာ မျိုးစေ့ အပင်မပေါက်အောင်၊ အသီးမသီးအောင် တားဆီးနိုင်တဲ့ ဆူးတွေနဲ့တူတယ်။ (မာ. ၄:၁၄၊ ၁၈၊ ၁၉) စာတန့်စနစ်အဆုံးပိုင်းမှာ ကျွန်တော်တို့ အသက်ရှင်နေတယ်။ အခုအချိန်ဟာ ကိုယ့်အတွက် ပစ္စည်းဥစ္စာတွေ ရှာဖွေ စုဆောင်းရမယ့်အချိန် မဟုတ်ဘူး။ ကိုယ်တန်ဖိုးထားတဲ့ပစ္စည်းတွေကို ကြီးစွာသောဒုက္ခပြီးနောက်မှာလည်း ဆက်ပိုင်ဆိုင်နေဦးမယ်လို့ မမျှော်လင့်သင့်ဘူး။—ပညာ. ၁၁:၄။ မ. ၂၄:၂၁၊ ၂၂။ w16.07 ၁:၅၊ ၆
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၁၀
ကျွန်တော်တို့မှာ မဟာကရုဏာကို ခံစားပြီးရင် ခံစားနေရတယ်။—ယော. ၁:၁၆။
စပျစ်ခြံပိုင်ရှင်တစ်ယောက်ဟာ မနက်စောစော ခြံလုပ်သားတွေကို ငှားဖို့ ဈေးထဲသွားတယ်။ တစ်ရက်လုပ်ခ ဘယ်လောက်ပေးမယ်လို့ သူ သတ်မှတ်တာကို လုပ်သားတွေလည်း သဘောတူပြီး အလုပ်လက်ခံလိုက်တယ်။ ဒါပေမဲ့ တစ်နေ့တာအတွင်း လုပ်သားတွေ ထပ်လိုတဲ့အတွက် ဈေးထဲ ခဏခဏပြန်သွားပြီး ငှားရတယ်။ သူတို့အားလုံးကို သင့်တော်သလောက် လုပ်ခပေးဖို့ ကမ်းလှမ်းတယ်။ တစ်နေ့တာ ကုန်တဲ့အခါ လုပ်သားတွေကို စုပြီး ငွေရှင်းပေးတယ်။ ခြံရှင်က ရက်ရောပြီး တစ်နေ့လုံး လုပ်သူကိုရော တစ်နာရီတည်း လုပ်သူကိုပါ လုပ်ခအတူတူပေးတယ်။ တစ်နေ့လုံး လုပ်သူတွေ မကျေမနပ် ဖြစ်တဲ့အခါ ခြံရှင်က ‘ကျွန်တော်ပေးတဲ့ လုပ်ခကို ခင်ဗျားတို့ သဘောတူခဲ့တယ် မဟုတ်လား။ လုပ်သားအားလုံးကို ပေးချင်သလောက် ပေးပိုင်ခွင့် မရှိဘူးလား။ ကျွန်တော် ရက်ရောတာကို ခင်ဗျားတို့ မနာလိုဖြစ်စရာလား’ လို့ ပြန်ပြောတယ်။ (မ. ၂၀:၁-၁၅) ယေရှုရဲ့ ပုံဥပမာက ကျမ်းစာမှာ မကြာခဏဖော်ပြထားတဲ့ ယေဟောဝါရဲ့ အရည်အသွေးတစ်ခုကို သတိရစေတယ်။ အဲဒါကတော့ “မဟာကရုဏာ” ပဲ။—၂ ကော. ၆:၁။ w16.07 ၃:၁၊ ၂
ကြာသပတေးနေ့၊ ဇန်နဝါရီ ၁၁
အရာခပ်သိမ်းကို ငါ အသစ်ဖန်ဆင်းနေတယ်။ ဒါဟာ သစ္စာစကား၊ ဟုတ်မှန်တဲ့စကား ဖြစ်တဲ့အတွက် ရေးမှတ်ထားပါ။—ဗျာ. ၂၁:၅။
အဆုံးနီးပြီဖြစ်လို့ နိုင်ငံတော်သတင်းကောင်း ဟောပြောဖို့ အရင်ကထက် ပိုအရေးကြီးနေတယ်။ (မာ. ၁၃:၁၀) ဟောပြောရတဲ့ ရည်ရွယ်ချက်က ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းဖို့ပဲဆိုတာ စိတ်စွဲမှတ်ထားဖို့ လိုအပ်တယ်။ ဘယ်နည်းအားဖြင့်လဲ။ ကမ္ဘာသစ်မှာ ရရှိမယ့် ကောင်းချီးအားလုံးကို ယေဟောဝါရဲ့ အံ့ဖွယ်ကရုဏာကြောင့်သာ ရရှိနိုင်မှာဖြစ်မှန်း လူတွေကို ပြောပြခြင်းအားဖြင့်ဖြစ်တယ်။ လူသားတွေဟာ ခရစ်တော်ရဲ့ နိုင်ငံတော် အုပ်ချုပ်မှုအောက်မှာ ရွေးနုတ်ဖိုးရဲ့ အကျိုးကျေးဇူးအားလုံးကို ရရှိမှာဖြစ်ပြီး တဖြည်းဖြည်း စုံလင်လာမယ့်အကြောင်း လူတွေကို သက်သေခံတဲ့အခါ ရှင်းပြနိုင်တယ်။ “ဖန်ဆင်းရာတွေဟာ ဖောက်ပြန်ပျက်စီးခြင်းရဲ့ ကျွန်ဘဝကနေ လွတ်မြောက်ပြီး ဘုရားသခင့် သားသမီးတွေရဲ့ ဘုန်းအသရေနဲ့ ပြည့်စုံတဲ့ လွတ်လပ်မှုကို ခံစားရမယ်” လို့ ကျမ်းစာပြောတယ်။ (ရော. ၈:၂၁) ယေဟောဝါရဲ့ မဟာကရုဏာကြောင့်သာ အဲဒီလိုဖြစ်နိုင်ပါလိမ့်မယ်။ w16.07 ၄:၁၇-၁၉
သောကြာနေ့၊ ဇန်နဝါရီ ၁၂
ခင်ပွန်းသည်က ဇနီးကို ဆက်ဆံခြင်းဝတ် ဖြည့်ဆည်းပေးရမယ်။ ဇနီးကလည်း ခင်ပွန်းကို ဆက်ဆံခြင်းဝတ် ဖြည့်ဆည်းပေးရမယ်။—၁ ကော. ၇:၃။
လိင်မှုကိစ္စ မတိုင်မီနဲ့ အတောအတွင်း ချစ်ခင်မှုပြတဲ့ အပြုအမူပုံစံတွေ၊ ကန့်သတ်ချက်တွေကို ကျမ်းစာမှာ တိတိကျကျ စည်းမျဉ်း မသတ်မှတ်ထားဘူး။ ဒါပေမဲ့ ချစ်ခင်ယုယမှုပြဖို့ အရေးကြီးတာကိုတော့ ဖော်ပြထားတယ်။ (သီ. ၁:၂။ ၂:၆) အိမ်ထောင်ဖက်တွေဟာ အချင်းချင်း ယုယုယယ ဆက်ဆံသင့်တယ်။ ဘုရားသခင်နဲ့ လူသားချင်းကို နှစ်နှစ်ကာကာချစ်ရင် အိမ်ထောင်ကို ထိခိုက်စေနိုင်တဲ့ ဘယ်အရာ၊ ဘယ်သူ့ကိုမှ ကျွန်တော်တို့ ခွင့်ပြုမှာမဟုတ်ဘူး။ တချို့က ညစ်ညမ်းရုပ်ပုံကြည့်တဲ့အကျင့် စွဲနေခြင်းအားဖြင့် အိမ်ထောင်ရေးကို ချည့်နဲ့၊ ပြိုကွဲစေကြတယ်။ အဲဒီအကျင့် ဒါမှမဟုတ် အိမ်ထောင်ဖက်မဟုတ်သူနဲ့ လိင်အကျင့်ယိုယွင်းမှု အမျိုးမျိုးကို ပြတ်ပြတ်သားသား တွန်းလှန်ရမယ်။ ကိုယ့်အိမ်ထောင်ဖက်မဟုတ်သူ တစ်ယောက်ယောက်ကို ပရောပရည်လုပ်ခြင်းက မေတ္တာမဲ့ရာကျတဲ့အတွက် ပရောပရည်လုပ်နေတယ်လို့ ထင်စေနိုင်တဲ့ အရာမှန်သမျှကို ရှောင်ရမယ်။ ကိုယ့်ရဲ့ အတွေးနဲ့ လုပ်ရပ်မှန်သမျှကို ဘုရားသခင် သိတယ်ဆိုတာ အမှတ်ရ,ရမယ်။ ဒါက ဘုရားစိတ်တော်နဲ့ တွေ့ချင်စိတ် တိုးများအောင်၊ အိမ်ထောင်ဖက်ကို ဆက်သစ္စာရှိနေအောင် ကူညီပေးပါလိမ့်မယ်။—မ. ၅:၂၇၊ ၂၈။ ဟီ. ၄:၁၃။ w16.08 ၂:၇-၉
စနေနေ့၊ ဇန်နဝါရီ ၁၃
ဘုရားသခင်ရဲ့ အလိုတော်ကို တိကျမှန်ကန်စွာ သိကျွမ်းနိုင်ဖို့၊ စစ်မှန်တဲ့ ဉာဏ်ပညာ ရရှိဖို့၊ စွမ်းအားတော်အားဖြင့် နားလည်နိုင်စွမ်းရရှိဖို့ ဆုတောင်းပေးတယ်။ —ကော. ၁:၉။
အဲဒီအသိပညာက “ယေဟောဝါရဲ့ နှစ်သက်လက်ခံမှုကို အပြည့်အဝ ရရှိပြီး ဘုရားသခင်နဲ့ ထိုက်တန်စွာ လျှောက်လှမ်းနိုင်” ဖို့ ကူညီပေးပါလိမ့်မယ်။ ယေဟောဝါ လုပ်စေချင်တဲ့ “ကောင်းမှုအမျိုးမျိုး၊” အထူးသဖြင့် သတင်းကောင်း ဟောပြောခြင်းလုပ်ငန်း လုပ်ဆောင်ဖို့ ကူညီပေးပါလိမ့်မယ်။ (ကော. ၁:၁၀) ဒါကြောင့် ပုံမှန် ကျမ်းစာလေ့လာတာက ယေဟောဝါကို ဝတ်ပြုဖို့ ကူညီပေးနိုင်တယ်ဆိုတာ ကျမ်းစာသင်သားတွေ နားလည်လာအောင် ကူညီပေးဖို့ လိုအပ်တယ်။ ကျမ်းစာလေ့လာမှုရဲ့တန်ဘိုးကို သိဖို့လိုတယ်။ ကိုယ်တိုင် ကျမ်းစာလေ့လာဖို့ လိုတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘အိမ်ရှင်က ကျမ်းစာနဲ့ဆန့်ကျင်တဲ့ အချက်တစ်ခုခု ပြောရင်၊ ခက်ခဲတဲ့မေးခွန်းမေးရင် ကျမ်းစာသုံးပြီး အဖြေပေးနိုင်သလား။’ ကိုယ်ပိုင်လေ့လာမှုကနေ သိရှိလာတာတွေ၊ အကျိုးရခဲ့ပုံတွေအကြောင်း တခြားသူတွေကို ပြောပြတာက သူတို့လည်း ထပ်တူအကျိုးရချင်ရင် ကျမ်းစာ လေ့လာပါလို့ အားပေးရာကျတယ်။ w16.08 ၄:၃၊ ၄
တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၁၄
ကောင်းကင်က နတ်ဆိုးများစွာနဲ့ တိုက်ခိုက်နေရ တာပါ။—ဧ. ၆:၁၂။
“အခိုင်အမာ အမြစ်စွဲနေတာတွေကို” ကို တိုက်လှန်နေဖို့ အရေးကြီးတယ်။ အဲဒီမှာ လောက အယူအဆနဲ့ အတွေးအခေါ်တွေ၊ အကျင့်ပျက်တာ၊ ဆေးလိပ်သောက်တာ၊ အရက်နဲ့ မူးယစ်ဆေး တလွဲသုံးစွဲတာ စတဲ့ အကျင့်ဆိုးတွေ ပါဝင်တယ်။ စိတ်ဓာတ်ကျမှုနဲ့ ကိုယ့်အားနည်းချက်တွေကိုလည်း ဆက်တိုက်လှန်နေရမယ်။ (၂ ကော. ၁၀:၃-၆။ ကော. ၃:၅-၉) အဲဒီအင်အားကြီး ရန်သူတွေကို တိုက်ခိုက်အောင်မြင်နိုင် ပါ့မလား။ အောင်မြင်နိုင်ပါတယ်။ ခက်တော့ခက်တယ်။ ပေါလုက ကိုယ့်ကိုယ်ကိုယ် လက်ဝှေ့သမားနဲ့ နှိုင်းယှဉ်ပြီး ‘လက်ဝှေ့ထိုးတဲ့အခါ လေကို ထိုးသလို ထိုးတာမဟုတ်ဘူး’ လို့ပြောခဲ့တယ်။ (၁ ကော. ၉:၂၆) လက်ဝှေ့သမားက ပြိုင်ဘက်ကို တိုက်ခိုက်သလိုပဲ ကျွန်တော်တို့လည်း ရန်သူတွေကို တိုက်ခိုက်နေရမယ်။ အဲဒီလို တိုက်ခိုက်ဖို့ ကျွန်တော်တို့ကို ယေဟောဝါ ကူညီ၊ လေ့ကျင့်ပေးတယ်။ ကျမ်းစာ၊ ကျမ်းစာအခြေပြု စာပေတွေ၊ ပတ်စဉ် အစည်းအဝေးတွေ၊ အစည်းအဝေးကြီးတွေအားဖြင့် လေ့ကျင့်ပေးနေတယ်။ အဲဒီကနေ ရရှိတဲ့ ညွှန်ကြားချက်တွေကို သင်အသုံးပြုနေပါသလား။ w16.09 ၂:၂၊ ၃
တနင်္လာနေ့၊ ဇန်နဝါရီ ၁၅
ခရစ်တော်တောင် ကိုယ့်အလိုအတိုင်း မလုပ်ခဲ့ဘူး။—ရော. ၁၅:၃။
ယေရှုလိုပဲ ဘုရားအလိုတော်ဆောင်ခြင်းနဲ့ တခြားသူတွေ ကူညီပေးခြင်းကို ကိုယ့်အကြိုက်ထက် ပိုဦးစားပေးသင့်တယ်။ ဒါကြောင့် ကိုယ်ကြိုက်နှစ်သက်ပေမဲ့ တခြားသူတွေ သတင်းကောင်း နားထောင်ဖို့ အတားအဆီး ဖြစ်စေနိုင်တဲ့ အဝတ်အစားပုံစံတွေကို ရှောင်မှာဖြစ်တယ်။ (ရော. ၁၅:၂) ကျမ်းစာမူတွေကို ကလေးတွေ ကျင့်သုံးတတ်အောင် သင်ပေးဖို့ ခရစ်ယာန်မိဘတွေမှာ တာဝန်ရှိတယ်။ အဲဒီထဲမှာ မိဘနဲ့ သားသမီးတွေဟာ ဣန္ဒြေရှိတဲ့ ဝတ်စားဖြီးလိမ်းပုံအားဖြင့် ဘုရားသခင့်စိတ်တော် ပျော်ရွှင်အောင်လုပ်ဖို့လည်း ပါတယ်။ (ပညာ. ၂၂:၆။ ၂၇:၁၁) သန့်ရှင်းတဲ့ ဘုရားသခင်နဲ့ ကိုယ်တော့်စံနှုန်းတွေကို လေးစားတတ်ဖို့ ကလေးတွေကို မိဘတွေ ဘယ်လို လေ့ကျင့်ပေးနိုင်သလဲ။ ကိုယ်တိုင် ပုံသက်သေကောင်း ပြသင့်တယ်။ သင့်တော်တဲ့ အဝတ်အစားတွေကို ဘယ်နေရာမှာ ဘယ်လိုရှာတွေ့နိုင်မှန်း သင်ပေးသင့်တယ်။ ကလေးတွေဟာ ကိုယ်ကြိုက်တဲ့ အဝတ်အစားထက် သူတို့ကိုယ်စားပြုတဲ့ ယေဟောဝါဘုရားကို ဂုဏ်တင်တဲ့ အဝတ်အစားတွေ ရွေးချယ်သင့်တယ်။ w16.09 ၃:၁၃၊ ၁၄
အင်္ဂါနေ့၊ ဇန်နဝါရီ ၁၆
တပည့်ဟာ ဆရာထက် မသာနိုင်ဘူး။ ဒါပေမဲ့ အပြည့်အဝ သွန်သင်ခံရသူတိုင်း ဆရာလိုဖြစ်နိုင်တယ်။ —လု. ၆:၄၀။
ယေရှုဟာ ယေဟောဝါနဲ့ လူတွေကို ချစ်ပြီး ကျမ်းစာကို ကောင်းကောင်း သိတဲ့အတွက် သူပြောတာကို လူတွေ နားထောင်ချင်ကြတယ်။ (လု. ၂၄:၃၂။ ယော. ၇:၄၆) အဲဒီလိုပဲ ယေဟောဝါကို သင်ချစ်မှန်း သားသမီးတွေ သိလာတဲ့အခါ သူတို့လည်း ချစ်တတ်လာပါလိမ့်မယ်။ (တရား. ၆:၅-၈။ လု. ၆:၄၅) ဒါကြောင့် ကျမ်းစာနဲ့ ကျမ်းစာအခြေပြု စာပေတွေကို မှန်မှန် လေ့လာပါ။ ယေဟောဝါရဲ့ ဖန်ဆင်းရာတွေအကြောင်း ပိုသိအောင် လုပ်ပါ။ (မ. ၆:၂၆၊ ၂၈) ယေဟောဝါအကြောင်း ပိုသိလာတာနဲ့အမျှ ကိုယ်တော့်အကြောင်း သားသမီးတွေကို ပိုသင်ပေးနိုင်ပါလိမ့်မယ်။ သင့်စိတ်နှလုံးထဲမှာ ကျမ်းစာအမှန်တရားတွေ ပြည့်နေမယ်ဆိုရင် မိသားစုနဲ့ ပြောဆိုချင်ပါလိမ့်မယ်။ အစည်းအဝေးအတွက် ပြင်ဆင်ချိန်၊ မိသားစုဝတ်ပြုမှု ပြုလုပ်ချိန်မှာသာ မဟုတ်ဘဲ အချိန်မရွေး ပြောဆိုပါ။ w16.09 ၅:၆၊ ၇
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၁၇
တစ်ယောက်မှ ဂျူးဘာသာစကားကို မပြောတတ်ဘူး။—နေ. ၁၃:၂၄။
နိုင်ငံခြားဘာသာစကားနဲ့ ကျမ်းစာကို နားမလည်နိုင်တဲ့အခါ ဘုရားသခင်နဲ့ ဆက်ဆံရေး အန္တရာယ် ရှိနိုင်တယ်။ ဘီစီ ငါးရာစုတုန်းက ဗာဗုလုန်ကနေ ပြန်လာတဲ့ဂျူးတွေရဲ့ သားသမီးတချို့ ဟီဘရူးစကား မတတ်မှန်း နေဟမိ ကြားသိတဲ့အခါ စိုးရိမ်ခဲ့တယ်။ ကျမ်းစာရဲ့ အဓိပ္ပာယ်ကို အပြည့်အဝ နားမလည်နိုင်တဲ့အတွက် ဘုရားသခင့်လူမျိုး ဖြစ်တယ်ဆိုတဲ့ အနေအထားကို သူတို့ ဆုံးရှုံးနေရတယ်။ (နေ. ၈:၂၊ ၈) ဘာသာခြားစကား အသင်းတော်မှာ အမှုဆောင်နေတဲ့ မိဘတချို့ဟာ သားသမီးတွေ အမှန်တရားမှာ စိတ်ဝင်စားမှု လျော့နည်းလာတာကို သတိထားမိကြတယ်။ ဘာကြောင့်လဲ။ ဘာသာခြားစကားနဲ့ စာဖတ်တဲ့အခါ ကိုယ့်ဘာသာစကားလောက် ခံစားချက် မပါဘူး။ ပြောဆိုဆက်သွယ်ဖို့လည်း ခက်တဲ့အတွက် စိတ်ပိုင်းရော၊ ဘုရားနဲ့ဆက်ဆံရေးပါ ထိခိုက်လာတယ်။ ဒါကြောင့် ဘာသာခြားစကား အသင်းတော်မှာ အမှုဆောင်ချင်တဲ့ဆန္ဒကို ဆက်ထိန်းထားရင်း ဘုရားသခင်နဲ့ ဆက်ဆံရေးကိုလည်း ကာကွယ်ဖို့ လိုအပ်တယ်။—မ. ၄:၄။ w16.10 ၂:၄-၆
ကြာသပတေးနေ့၊ ဇန်နဝါရီ ၁၈
ယုံကြည်ခြင်းဆိုတာ . . . မမြင်ရပေမဲ့ အမှန်တကယ် ရှိတယ်လို့ စိတ်ချနေတာ ဖြစ်တယ်။ —ဟီ. ၁၁:၁။
ခရစ်ယာန် ယုံကြည်ခြင်းဆိုတာ အဖိုးတန် အရည်အသွေး ဖြစ်ပြီး လူတိုင်း ပိုင်ဆိုင်တဲ့အရာ မဟုတ်ဘူး။ (၂ သက်. ၃:၂) ဒါပေမဲ့ ယေဟောဝါက ဝတ်ပြုသူတွေကို ယုံကြည်ခြင်း ပေးသနားတယ်။ (ရော. ၁၂:၃။ ဂလ. ၅:၂၂) ယုံကြည်ခြင်း ပိုင်ဆိုင်ထားသူတိုင်း အလွန်ကျေးဇူးတင်သင့်တယ်။ ယေဟောဝါက သားတော်ကတစ်ဆင့် လူတွေကို မိမိဆီ သွေးဆောင်တယ်လို့ ယေရှု ပြောတယ်။ (ယော. ၆:၄၄၊ ၆၅) ယေရှုကို ယုံကြည်မယ်ဆိုရင် အပြစ်တွေ ခွင့်လွှတ်ခံရနိုင်တယ်။ ယေဟောဝါနဲ့ ထာဝရမိတ်ဆွေ ဖြစ်ခွင့် ရရှိနိုင်တယ်။ (ရော. ၆:၂၃) အဲဒီကောင်းချီးတွေနဲ့ ထိုက်တန်အောင် ကျွန်တော်တို့ ဘာလုပ်ခဲ့ကြသလဲ။ အပြစ်သားတွေအနေနဲ့ ကျွန်တော်တို့ ရထိုက်တာ သေခြင်းပါပဲ။ (ဆာ. ၁၀၃:၁၀) ဒါပေမဲ့ ကျွန်တော်တို့ဆီမှာရှိတဲ့ ကောင်းကွက်ကို ယေဟောဝါ မြင်တယ်။ မဟာကရုဏာတော်ကြောင့် သတင်းကောင်း ကြားနာခွင့် ပေးခဲ့တယ်။ ဒါကြောင့် ယေရှုကို ယုံကြည်လာပြီး ထာဝရအသက် မျှော်လင့်ချက် ရလာကြတယ်။—၁ ယော. ၄:၉၊ ၁၀။ w16.10 ၄:၁၊ ၂
သောကြာနေ့၊ ဇန်နဝါရီ ၁၉
အဲဒီဒေသတွေတစ်လျှောက် [ပေါလု] လှည့်လည်သွားလာပြီး တပည့်တွေကို အားပေးစကား ပြောတယ်။—တ. ၂၀:၂။
ပေါလုရဲ့ စာတွေမှာ ခရစ်ယာန်ချင်းတွေကို ချီးမွမ်းခဲ့တယ်။ သူတို့ထဲကတချို့နဲ့ နှစ်ပေါင်းများစွာ ခရီး အတူသွားခဲ့တဲ့အတွက် အားနည်းချက်တွေ သိခဲ့မှာပဲ။ ဒါပေမဲ့ ကောင်းကွက်တွေကိုပဲ ပြောခဲ့တယ်။ ဥပမာ၊ တိမောသေကို “သခင်၌ သစ္စာရှိသော ငါ၏ချစ်သား၊” ခရစ်ယာန်ချင်းတို့ရဲ့ အကျိုးကို အမှန်တကယ် လိုလားတဲ့သူလို့ ခေါ်ခဲ့တယ်။ (၁ ကော. ၄:၁၇။ ဖိ. ၂:၁၉၊ ၂၀) တိတုနဲ့ပတ်သက်ပြီးတော့လည်း “ကျွန်တော့်ရဲ့ အပေါင်းအဖော်ပဲ၊ ခင်ဗျားတို့အကျိုးကို လိုလားတဲ့ ကျွန်တော့်ရဲ့ လုပ်ဖော်ဆောင်ဖက်ပဲ” ဆိုပြီး ကောရိန္သုအသင်းတော်ကို ပြောခဲ့တယ်။ (၂ ကော. ၈:၂၃) သူတို့အပေါ် ပေါလုရဲ့ သဘောထားကို သိရတဲ့အခါ တိမောသေနဲ့ တိတု အားရှိခဲ့မှာပဲ။ ပေါလုနဲ့ ဗာနဗဟာ အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ မြို့တွေဆီ အသက်စွန့်ပြီး ပြန်သွားခဲ့ကြတယ်။ ဥပမာ၊ လုတ္တရမြို့မှာ ဆန့်ကျင်မှုတွေ ကြုံခဲ့ရပေမဲ့ တပည့်သစ်တွေကို ယုံကြည်ခြင်း ဆက်ရှိနေအောင် အားပေးဖို့ ပြန်သွားခဲ့တယ်။ (တ. ၁၄:၁၉-၂၂) ဧဖက်မြို့မှာလည်း ဒေါသထွက်နေတဲ့လူအုပ်နဲ့ ပေါလု ရင်ဆိုင်ခဲ့ပြီးနောက် အဲဒီမှာရှိတဲ့ တပည့်တွေကို အားပေးစကားပြောခဲ့တယ်။—တ. ၂၀:၁။ w16.11 ၁:၁၀၊ ၁၁
စနေနေ့၊ ဇန်နဝါရီ ၂၀
တစ်စိတ်တစ်သဘောတည်းဖြစ်ပြီး အကြွင်းမဲ့ စည်းလုံးနေကြပါ။—၁ ကော. ၁:၁၀။
မိမိအဖွဲ့အစည်းရဲ့ မြေကြီးဆိုင်ရာအပိုင်းကို “အသင်းတော်ရဲ့ ဦးခေါင်း” ခရစ်တော် လမ်းညွှန်နေတဲ့ ‘သစ္စာနဲ့ သတိပညာတဲ့ကျွန်’ အားဖြင့် ယေဟောဝါ ဦးဆောင် သွန်သင်ပေးနေတယ်။ (မ. ၂၄:၄၅-၄၇။ ဧ. ၅:၂၃) ပထမရာစု အုပ်ချုပ်ရေးအဖွဲ့လိုပဲ ဒီကျွန်ဟာ ဘုရားသခင့် စကားတော်ကို လက်ခံပြီး အလွန်တန်ဖိုးထားတယ်။ (၁ သက်. ၂:၁၃) အစည်းအဝေး ပုံမှန်တက်ဖို့ ကျမ်းစာမှာ လမ်းညွှန်ထားတယ်။ (ဟီ. ၁၀:၂၄၊ ၂၅) အယူဝါဒပိုင်းမှာ စည်းလုံးနေဖို့ တိုက်တွန်းထားတယ်။ ဘဝမှာ ဘုရားနိုင်ငံတော်ကို ဦးစားထားဖို့ မိန့်မှာထားတယ်။ (မ. ၆:၃၃) တစ်အိမ်မှ တစ်အိမ်ဖြစ်စေ၊ လူအများရှေ့မှာဖြစ်စေ၊ အလွတ်သဘောဖြစ်စေ ဟောပြောရမယ့် တာဝန်နဲ့ အခွင့်ထူးအကြောင်း အလေးပေးဖော်ပြထားတယ်။ (မ. ၂၈:၁၉၊ ၂၀။ တ. ၅:၄၂။ ၁၇:၁၇။ ၂၀:၂၀) အဖွဲ့အစည်းကို သန့်ရှင်းနေစေဖို့ အကြီးအကဲတွေကို ကျမ်းစာမှာ ညွှန်ကြားထားတယ်။ (၁ ကော. ၅:၁-၅၊ ၁၃။ ၁ တိ. ၅:၁၉-၂၁) အဖွဲ့အစည်းဝင်အားလုံး ရုပ်ပိုင်း၊ ဘုရားရေးရာပိုင်း သန့်ရှင်းနေဖို့ ယေဟောဝါ မိန့်မှာထားတယ်။—၂ ကော. ၇:၁။ w16.11 ၃:၇၊ ၈
တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၂၁
ငါ့လူတို့ . . . သူ့ဆီကနေ ထွက်သွားကြ။ —ဗျာ. ၁၈:၄။
အမည်ခံ ခရစ်ယာန် အဖွဲ့အစည်းတွေဟာ ကျမ်းစာအမှန်တရား မသွန်သင်မှန်း ပထမကမ္ဘာစစ် မတိုင်ခင် ဆယ်စုနှစ်တွေအတွင်း စီတီ ရပ်စယ်လ်နဲ့ အပေါင်းပါတွေ သိရှိလာကြတယ်။ အဲဒါကြောင့် သူတို့ နားလည်ထားတဲ့အတိုင်း မှားယွင်းတဲ့ ဘာသာရေးနဲ့ လုံးဝ မပတ်သက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ၁၈၇၉ ခုနှစ်၊ နိုဝင်ဘာလ အစောပိုင်း၊ ဇိအုန်ကင်းမျှော်စင်မှာ သူတို့ရဲ့ ကျမ်းစာရပ်တည်ချက်ကို ပြတ်ပြတ်သားသား ဖော်ပြခဲ့ကြတယ်– “ချာ့ချ်တိုင်းက မိမိတို့ဟာ ခရစ်တော်နဲ့ ထိမ်းမြားမယ့် အပျိုစင်ဖြစ်တယ်လို့ ကြွေးကြော်နေပေမဲ့ တကယ်တမ်းကျတော့ လောက (သားရဲ) နဲ့ ပူးပေါင်းနေကြတယ်။ လောက,က သူတို့ကို ကူညီထောက်မပေးနေတယ်။ ဒါကြောင့် အဲဒီချာ့ချ်အားလုံးဟာ ကျမ်းစာအရ [မဟာဗာဗုလုန်ကို ဆိုလိုတဲ့] ပြည့်တန်ဆာချာ့ချ် ဖြစ်တယ်လို့ သတ်မှတ်ရမယ်။” (ဗျာ. ၁၇:၁၊ ၂) ဘုရားကို ကြောက်ရွံ့တဲ့ အမျိုးသား/သမီးတွေဟာ ဘာလုပ်ရမယ်ဆိုတာ သိကြတယ်။ မှားယွင်းတဲ့ ဘာသာရေး အဖွဲ့အစည်းတွေကို ဆက်ထောက်ခံနေရင် ဘုရားသခင့် ကောင်းချီး မရနိုင်ဘူး။ w16.11 ၅:၂၊ ၃
တနင်္လာနေ့၊ ဇန်နဝါရီ ၂၂
စွမ်းအားတော်နဲ့အညီ အသက်ရှင်တဲ့သူကတော့ စွမ်းအားတော်နဲ့ဆိုင်တဲ့ အရာတွေကိုပဲ စိတ်ရောက်နေတတ်တယ်။—ရော. ၈:၅။
ယေရှုရဲ့ သေခြင်း အောက်မေ့ရာပွဲကာလမှာ ရောမ ၈:၁၅-၁၇ ကို သင်ဖတ်ဖူးပါလိမ့်မယ်။ ဘိသိက်ခံဖြစ်မှန်း ခရစ်ယာန်တွေ ဘယ်လို သိနိုင်သလဲဆိုတာ အဲဒီကျမ်းပိုဒ်မှာ ရှင်းပြထားတယ်။ စွမ်းအားတော်က သူတို့ရဲ့ စိတ်နဲ့အတူ သက်သေခံတယ်။ အဲဒီအခန်းကြီးမှာ ဘိသိက်ခံ ခရစ်ယာန်တွေကို အဓိက ဦးတည်ထားတယ်။ သူတို့ဟာ “သွေးသားခန္ဓာကနေ လွတ်မြောက် . . . မယ့်အချိန်ကို မျှော်လင့်တကြီး စောင့်ဆိုင်းနေ” သူတွေအဖြစ် “စွမ်းအားတော်” ရရှိကြတယ်။ (ရော. ၈:၂၃) သူတို့ရဲ့ အနာဂတ်မျှော်လင့်ချက်က ကောင်းကင်မှာ ဘုရားသခင့် သားတွေ ဖြစ်လာဖို့ပဲ။ နှစ်ခြင်းခံပြီးတဲ့နောက် ရွေးနုတ်ဖိုးကို အခြေခံကာ အပြစ်တွေကို ဘုရားသခင် ခွင့်လွှတ်ပေးခဲ့ပြီး ဖြောင့်မတ်ကြောင်း ကြေညာတဲ့အတွက် ဘုရားသားတွေ ဖြစ်နိုင်ကြတယ်။ (ရော. ၃:၂၃-၂၆။ ၄:၂၅။ ၈:၃၀) ရောမ အခန်းကြီး ၈ ကို မြေကြီး မျှော်လင့်ချက် ရှိသူတွေလည်း စိတ်ဝင်စားကြတယ်။ သူတို့ကို ဖြောင့်မတ်သူတွေအဖြစ် ဘုရားသခင် ရှုမြင်လို့ပဲ။ သူတို့လည်း အဲဒီမှာတွေ့ရတဲ့ အကြံပြုချက်တွေကနေ အကျိုးရရှိနိုင်ပါတယ်။ w16.12 ၂:၁-၃
အင်္ဂါနေ့၊ ဇန်နဝါရီ ၂၃
ဘယ်တော့မှ မစိုးရိမ်ပါနဲ့။—မ. ၆:၃၄။
“ဘယ်သောအခါမျှ မစိုးရိမ်ကြနှင့်” ဆိုတဲ့ ယေရှုရဲ့ စကားက ဘာကို ဆိုလိုသလဲ။ ဘုရားသခင့် ကျေးကျွန်တစ်ယောက်ရဲ့ ဘဝမှာ စိုးရိမ်စရာ လုံးဝ မရှိရဘူးလို့ ဆိုလိုတာ မဖြစ်နိုင်ဘူး။ အဲဒီအစား မသင့်လျော်တဲ့၊ အလွန်အမင်း စိုးရိမ်ပူပန်မှုက ပြဿနာတွေကို မဖြေရှင်းပေးနိုင်မှန်း တပည့်တွေ နားလည်လာအောင် ယေရှု ကူညီပေးနေတာ ဖြစ်တယ်။ နေ့ရက်တိုင်းမှာ သူ့ပြဿနာနဲ့သူ ရှိတယ်။ ဒါကြောင့် အတိတ်နဲ့ အနာဂတ်အတွက် စိုးရိမ်ခြင်းအားဖြင့် လက်ရှိစိုးရိမ်မှုကို ပိုများအောင် မလုပ်သင့်ဘူး။ တစ်ခါတလေ ဖြစ်လာနိုင်တဲ့ အနာဂတ် ပြဿနာတွေကို စိုးရိမ်ပူပန်တတ်တယ်။ ဒါပေမဲ့ ဖြစ်မလာသေးတဲ့အရာတွေကို တွေးပူနေဖို့ မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ်တွေးထားသလောက် ဆိုးဆိုးရွားရွား ဖြစ်လာလေ့မရှိလို့ပဲ။ ဘုရားသခင် မထိန်းချုပ်နိုင်တဲ့ အခြေအနေ မရှိဘူးဆိုတာ သတိရပါ။ သစ္စာရှိသူတွေကို ဘုရားသခင် ဆုချနိုင်မှန်း၊ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်နဲ့ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းနိုင်အောင် ကူညီပေးနိုင်မှန်း ယုံကြည်စိတ်ချနိုင်ပါတယ်။ w16.12 ၃:၁၃၊ ၁၆
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၂၄
ဉာဏ်ပညာက ကျိုးနွံသူတွေနဲ့အတူ ရှိနေတယ်။ —ပညာ. ၁၁:၂။
ရှေးအစ္စရေးဘုရင် ရှောလုဟာ နန်းတက်စမှာ ကျိုးနွံသူ၊ လေးစားခံရသူ ဖြစ်ခဲ့တယ်။ (၁ ရှ. ၉:၁၊ ၂၊ ၂၁။ ၁၀:၂၀-၂၄) ဒါပေမဲ့ ဘုရင်ဖြစ်ပြီး မကြာခင်မှာ ရောင့်တက်စွာ ဆက်တိုက် ပြုမူလာခဲ့တယ်။ ဂိလဂါလမြို့ကို ဘုရားသခင့် ပရောဖက် ရှမွေလ အချိန်မီရောက်မလာတဲ့အခါ ရှောလု စိတ်မရှည်ဖြစ်ခဲ့တယ်။ ဖိလိတ္တိတွေ စစ်တိုက်ဖို့ အသင့်ဖြစ်နေပြီး အစ္စရေးတွေလည်း ထွက်ပြေးကုန်ပြီ။ ‘ငါတစ်ခုခု အမြန်လုပ်မှ ဖြစ်တော့မယ်’ လို့ ရှောလု တွေးခဲ့မှာပဲ။ ဒါနဲ့ လုပ်ပိုင်ခွင့် မရှိဘဲ ဘုရားသခင်ဆီ ပူဇော်သကာ ဆက်သခဲ့တယ်။ အဲဒီလုပ်ရပ်ကို ယေဟောဝါ မနှစ်သက်ခဲ့ဘူး။ (၁ ရှ. ၁၃:၅-၉) ဂိလဂါလမြို့ကို ရှမွေလ ရောက်လာတဲ့အခါ ရှောလုကို ပြစ်တင်ဆုံးမခဲ့တယ်။ ရှောလုဟာ ဆုံးမမှုကို လက်ခံမယ့်အစား ဆင်ခြေပေးပြီး တခြားသူတွေအပေါ် အပြစ်ပုံချဖို့ ကြိုးစားခဲ့တယ်။ သူ့အပြစ်ကို လျှော့ပေါ့ပြောခဲ့တယ်။ (၁ ရှ. ၁၃:၁၀-၁၄) အဲဒီကစပြီး နောက်ဆက်တွဲ ဆိုးရွားတဲ့အမှုတွေကြောင့် ထီးနန်းကို လက်လွတ်ဆုံးရှုံးခဲ့ရတယ်။ ပိုဆိုးတာက ယေဟောဝါရဲ့ မျက်နှာသာ ဆုံးရှုံးခဲ့ရတယ်။ (၁ ရှ. ၁၅:၂၂၊ ၂၃) ရှောလုရဲ့ ဘဝဟာ အစကောင်းပေမဲ့ အဖြစ်ဆိုးတွေနဲ့ နိဂုံးချုပ်ခဲ့ရတယ်။—၁ ရှ. ၃၁:၁-၆။ w17.01 ၃:၁၊ ၂
ကြာသပတေးနေ့၊ ဇန်နဝါရီ ၂၅
ဒါဝိဒ်ကို ငါတွေ့ပြီ။ သူဟာ ငါနဲ့ စိတ်သဘောထားချင်း ကိုက်ညီသူပဲ။—တ. ၁၃:၂၂။
ဒါဝိဒ်ဟာ အသက်တာတစ်လျှောက်လုံးမှာ သစ္စာရှိခဲ့သူ ဖြစ်တယ်။ ဒါပေမဲ့ တစ်ကြိမ်တော့ အမှားကြီးတစ်ခု ကျူးလွန်ခဲ့တယ်။ ဗာသရှေဘနဲ့ မှားယွင်းခဲ့တယ်။ (၂ ရှ. ၁၁:၁-၂၁) ဒါဝိဒ်ဟာ လုပ်ခဲ့တဲ့အမှားကို မချေဖျက်နိုင်ခဲ့ဘူး။ အပြစ်ရဲ့ အကျိုးဆက်တွေကနေလည်း မလွတ်နိုင်ခဲ့ဘူး။ အကျိုးဆက်တချို့ကို တစ်သက်လုံး ခံစားခဲ့ရတယ်။ (၂ ရှ. ၁၂:၁၀-၁၂၊ ၁၄) ဒါကြောင့် ယုံကြည်ခြင်း လိုအပ်ခဲ့တယ်။ စစ်မှန်တဲ့ နောင်တရရင် ယေဟောဝါ ခွင့်လွှတ်ပြီး အမှားရဲ့ အကျိုးဆက်တွေကို ခံရပ်နိုင်အောင် ကူညီပေးမယ်ဆိုတာ ဒါဝိဒ် ယုံကြည်စိတ်ချခဲ့ရတယ်။ ကျွန်တော်တို့အားလုံး မစုံလင်တဲ့အတွက် အပြစ်လုပ်တတ်ကြတယ်။ တချို့အမှားတွေက ပိုအပြစ်ကြီးတယ်။ တချို့ကိစ္စတွေမှာ အမှားတွေကို ချေဖျက်လို့ မရနိုင်တော့ဘူး။ အကျိုးဆက်တွေကို တစ်သက်လုံး ခံစားသွားရုံပဲ ရှိတယ်။ (ဂလ. ၆:၇) ဒါပေမဲ့ နောင်တရမယ်ဆိုရင် ကိုယ့်ကြောင့် ဖြစ်လာတဲ့ အခက်အခဲတွေ ကြုံရချိန်မှာတောင် ယေဟောဝါ ထောက်မပေးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်တယ်။—ဟေရှာ. ၁:၁၈၊ ၁၉။ တ. ၃:၁၉။ w17.01 ၁:၁၀-၁၂
သောကြာနေ့၊ ဇန်နဝါရီ ၂၆
နေအောက်မှာဖြစ်နေတဲ့ အရာတွေကို လူသားတွေ နားမလည်နိုင်မှန်း ငါ သဘောပေါက်လာတယ်။ လူတွေ ဘယ်လောက်ပဲ ကြိုးစားပါစေ နားမလည်နိုင်ဘူး။ နားလည် နိုင်လောက်တဲ့ ဉာဏ်ပညာမျိုး ရှိပါတယ်လို့ ပြောနေပေမဲ့ သူတို့ တကယ် နားမလည်နိုင်ပါဘူး။ —ဒေ. ၈:၁၇။
အခြေအနေတွေ ဘယ်လို ဖြစ်လာမှာကို မသိတဲ့အခါ၊ မထိန်းချုပ်နိုင်တဲ့အခါမှာ ဆုံးဖြတ်ချက်ကောင်းတွေ ချဖို့ ကျိုးနွံမှုက ကူညီပေးနိုင်တယ်။ ဥပမာ၊ အချိန်ပြည့်လုပ်ငန်းတစ်မျိုးမျိုးမှာ ပါဝင်ဖို့ စဉ်းစားနေတယ် ဆိုပါစို့။ ဖျားနာတဲ့အခါ၊ သက်ကြီးရွယ်အို မိဘတွေ အကူအညီ လိုအပ်တဲ့အခါ၊ ကိုယ်တိုင် အသက်ကြီးလာတဲ့အခါ ဘယ်လို လုပ်မလဲ။ ဆုတောင်းပြီး ရှာဖွေလေ့လာမှု လုပ်ပြီးနောက်မှာတောင် အဖြေမရဘူး။ ယေဟောဝါကို ယုံကြည်ကိုးစားခြင်းက ကိုယ့်ကန့်သတ်ချက်တွေကို အသိအမှတ်ပြုရုံသာမက လက်ခံဖို့ ကူညီပေးပါလိမ့်မယ်။ ရှာဖွေလေ့လာ၊ တခြားသူတွေနဲ့ တိုင်ပင်၊ လမ်းညွှန်မှုရဖို့ ဆုတောင်းပြီးနောက် ဘုရားသခင့် စွမ်းအားတော် လမ်းညွှန်မှုအတိုင်း လုပ်ဆောင်ရမယ်။ (ဒေ. ၁၁:၄-၆) ဒါဆိုရင် ယေဟောဝါ ကောင်းချီးပေးမယ်၊ ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ အစီအစဉ်တွေကို ပြောင်းလဲဖို့ ကူညီပေးပါလိမ့်မယ်။—ပညာ. ၁၆:၃၊ ၉။ w17.01 ၄:၁၄
စနေနေ့၊ ဇန်နဝါရီ ၂၇
အသီးကိုတော့ မစားနဲ့။—က. ၂:၁၇။
အာဒံနဲ့ ဧဝ ဆုံးဖြတ်ရတော့မယ်။ ယေဟောဝါကို နာခံမလား။ မြွေရဲ့ စကားကို နားထောင်မလား။ ဘုရားကို မနာခံဖို့ ဆုံးဖြတ်လိုက်ကြတယ်။ (က. ၃:၆-၁၃) ယေဟောဝါကို အာဒံနဲ့ ဧဝ ပုန်ကန်တဲ့အတွက် စုံလင်မှု ဆုံးရှုံးသွားခဲ့ကြတယ်။ ‘ဆိုးညစ်တဲ့အရာကို ကြည့်မနေနိုင်တဲ့၊ မကောင်းမှုကို သည်းမခံနိုင်တဲ့’ ယေဟောဝါနဲ့လည်း ဝေးကွာသွားကြတယ်။ (ဟဗ. ၁:၁၃) ယေဟောဝါသာ ပုန်ကန်တဲ့ပြစ်မှုကို သည်းခံခဲ့ရင် ကောင်းကင်နဲ့ မြေကြီးမှာရှိတဲ့ သက်ရှိဖန်ဆင်းရာအားလုံးရဲ့ ကောင်းကျိုး ထိပါးခံရလိမ့်မယ်။ ကိုယ်တိုင်ရဲ့ ယုံကြည်ကိုးစားနိုင်မှုလည်း သံသယဝင်စရာ ဖြစ်လာမယ်။ ယေဟောဝါဟာ မိမိစံနှုန်းတွေအပေါ် သစ္စာရှိတာမို့ ဘယ်တော့မှ မချိုးဖောက်ဘူး။ (ဆာ. ၁၁၉:၁၄၂) အာဒံနဲ့ ဧဝတို့မှာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိလို့ ဘုရားပညတ်ကို ချိုးဖောက်ပိုင်ခွင့် ရှိတယ်ဆိုတဲ့သဘောမျိုး မသက်ရောက်ဘူး။ ယေဟောဝါကို ပုန်ကန်တဲ့အကျိုးဆက်အနေနဲ့ သူတို့တစ်တွေ သေဆုံးပြီး မြေမှုန့်ဘဝ ပြန်ရောက်သွားကြတယ်။—က. ၃:၁၉။ w17.02 ၁:၈၊ ၁၀၊ ၁၁
တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၂၈
လူဟာ အစားအစာနဲ့ပဲ အသက်ရှင်ရမှာ မဟုတ်ဘူး၊ ယေဟောဝါရဲ့ နှုတ်ထွက်စကား မှန်သမျှနဲ့ အသက်ရှင်ရမယ်။—မ. ၄:၄။
အမှုဆောင်လုပ်ငန်း စတာနဲ့ ကျမ်းစာရဲ့ လမ်းညွှန်မှု ခံယူခဲ့တယ်။ မသေဆုံးခင် ပြောခဲ့တဲ့ နောက်ဆုံးစကားတွေမှာ မေရှိယ ပရောဖက်ပြုချက်နဲ့ဆိုင်တဲ့ စကားတွေ ပါဝင်တယ်။ (မ. ၂၇:၄၆။ လု. ၂၃:၄၆) အဲဒီအချိန်တုန်းက ဘာသာရေးခေါင်းဆောင်တွေကတော့ ကိုယ်ပိုင်ထုံးတမ်းစဉ်လာတွေနဲ့ ဆန့်ကျင်တယ်ဆိုရင် ဘုရားစကားတော်ကို ပစ်ပယ်လိုက်ကြတယ်။ ပရောဖက် ဟေရှာယစကားကို ကိုးကားပြီး သူတို့အကြောင်း ယေရှု ဒီလိုပြောခဲ့တယ်– “ဒီလူမျိုးက ငါ့ကို နှုတ်နဲ့ပဲ ရိုသေတယ်။ သူတို့ရဲ့ စိတ်ကတော့ ငါနဲ့ဝေးလှတယ်။ သူတို့က လူ့ထုံးတမ်းစဉ်လာကို ငါ့ရဲ့အယူဝါဒသဖွယ် သွန်သင်တဲ့အတွက် ငါ့ကို ကိုးကွယ်နေတာ အချည်းနှီးပဲ။” (မ. ၁၅:၇-၉) ယေရှုဟာ လုပ်ရပ်မှာသာမက သွန်သင်ချက်မှာပါ ဘုရားစကားတော်ရဲ့ လမ်းညွှန်မှု ခံယူခဲ့တယ်။ ဘာသာရေး အငြင်းပွားမှုတွေ ကြုံရတဲ့အခါ ကိုယ်ပိုင်ဉာဏ်ပညာ၊ အတွေ့အကြုံကို အားမကိုးခဲ့ဘူး။ ကျမ်းစာကိုပဲ စွဲကိုင်ခဲ့တယ်။—မ. ၂၂:၃၃-၄၀။ w17.02 ၃:၁၈၊ ၁၉
တနင်္လာနေ့၊ ဇန်နဝါရီ ၂၉
လူအမျိုးမျိုးကို လေးစားကြပါ။ . . . ဘုရင်တွေကို လေးစားကြပါ။—၁ ပေ. ၂:၁၇။
ယေဟောဝါသက်သေတွေဟာ နိုင်ငံမှာ တောင်းဆိုထားတဲ့အတိုင်း၊ ထုံးစံရှိတဲ့အတိုင်း အစိုးရအာဏာပိုင်တွေကို လေးစားကြတယ်။ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ကြတယ်။ ဒါပေမဲ့ ကျမ်းစာမှာ ချမှတ်ထားတဲ့အတိုင်း အကန့်အသတ်နဲ့ပဲ ဂုဏ်တင်ထောက်မကြတယ်။ ဘုရားသခင်ကို မနာခံတဲ့အထိ၊ ခရစ်ယာန် ကြားနေမှုကို ချိုးဖောက်တဲ့အထိတော့ မလိုက်လျောကြဘူး။ (၁ ပေ. ၂:၁၃-၁၆) ရှေးခေတ် ယေဟောဝါရဲ့ ကျေးကျွန်တွေဟာ အစိုးရအာဏာပိုင်တွေနဲ့ ဆက်ဆံရာမှာ ပုံသက်သေကောင်း ချမှတ်ခဲ့ကြတယ်။ ရောမအင်ပါယာက နာမည်စာရင်းသွင်းဖို့ တောင်းဆိုချိန်မှာ ယောသပ်နဲ့ မာရိ လိုက်နာခဲ့တယ်။ သားဦးကိုယ်ဝန်အရင့်အမာနဲ့တောင် ဘက်သလီဟင်မြို့ကို ခရီးသွားခဲ့တယ်။ (လု. ၂:၁-၅) နောက်ပိုင်း ပေါလု မတရားစွပ်စွဲခံရချိန်မှာ ယုဒဘုရင်ခံ ဟေရုဒ် အဂရိပ္ပမင်းနဲ့ ဖေတ္တုမင်းတို့ဆီမှာ လေးစားစွာ ချေပပြောဆိုပြီး သင့်တော်သလို ဂုဏ်တင်ခဲ့တယ်။—တ. ၂၅:၁-၁၂။ ၂၆:၁-၃။ w17.03 ၁:၉၊ ၁၀
အင်္ဂါနေ့၊ ဇန်နဝါရီ ၃၀
ကျွန်တော်တို့အတွက် သတိပေးချက်အဖြစ် ကျမ်းစာမှာ ရေးထားတာ။—၁ ကော. ၁၀:၁၁။
အစ္စရေးတွေက ခါနန်လူမျိုးတွေကို အတုခိုးလာကြတဲ့အခါ ယေဟောဝါ မကာကွယ်ပေးတော့ဘူး။ (သူကြီး. ၂:၁-၃၊ ၁၁-၁၅။ ဆာ. ၁၀၆:၄၀-၄၃) ယေဟောဝါကို ချစ်တဲ့ မိသားစုတွေအတွက် အဲဒီနှစ်တွေတစ်လျှောက် ယုံကြည်ခြင်း ဆက်တင်ပြဖို့ တော်တော်ခက်မှာပဲ။ ဒါပေမဲ့ ယေဖသ၊ ဧလကာန၊ ဟန္န၊ ရှမွေလစတဲ့ ယုံကြည်ခြင်းရှိသူတွေ ရှိခဲ့တဲ့အကြောင်း ကျမ်းစာ ဖော်ပြတယ်။ သူတို့ဟာ ဘုရားသခင့်နှစ်သက်မှု ရရှိအောင် နေထိုင်ဖို့ စိတ်ပိုင်းဖြတ်ထားသူတွေ ဖြစ်တယ်။ (၁ ရှ. ၁:၂၀-၂၈။ ၂:၂၆) ဒီနေ့ခေတ်လူတွေလည်း ရှေးခေတ်ခါနာန်တွေလို စဉ်းစားတွေးခေါ်ပြုမူကြတယ်။ လိင်ရူးထကြ၊ ရက်စက်ကြမ်းတမ်းကြပြီး ငွေမှငွေ ဖြစ်နေကြတယ်။ ယေဟောဝါကတော့ အဲဒီသြဇာလွှမ်းမိုးမှုတွေကနေ ကျွန်တော်တို့ကို ကာကွယ်ပေးဖို့ ရှင်းရှင်းလင်းလင်း သတိပေးထားတယ်။ အစ္စရေးတွေကိုလည်း အဲဒီလိုပဲ သတိပေးခဲ့တယ်။ သူတို့ရဲ့အမှားတွေကနေ ကျွန်တော်တို့ သင်ခန်းစာယူမလား။ (၁ ကော. ၁၀:၆-၁၀) လောကအတွေးအခေါ်ကို ရှောင်ဖို့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားရမယ်။ (ရော. ၁၂:၂) အဲဒီလိုရှောင်ဖို့ သင် ယုံကြည်ခြင်းရှိရှိ ကြိုးစားနေသလား။ w16.04 ၁:၄-၆
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၃၁
သိနားလည်နိုင်စွမ်းရှိသူက ပညာရှိလမ်းညွှန်ချက်တွေကို ခံယူတယ်။—ပညာ. ၁:၅။
အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချရတဲ့အခါ ကျမ်းစာမှာ အကောင်းဆုံး အကြံဉာဏ် ရှာဖွေပြီး ယေဟောဝါရဲ့ လမ်းညွှန်မှုအတွက် ဆုတောင်းဖို့ လိုတယ်။ အလိုတော်နဲ့အညီချတဲ့ ဆုံးဖြတ်ချက်တွေအတိုင်း လုပ်ဆောင်နိုင်စွမ်းကို ယေဟောဝါ ပေးနိုင်မှန်း သတိရပါ။ ဆုံးဖြတ်ချက်တွေ ချတော့မယ်ဆိုရင် ‘ဒီဆုံးဖြတ်ချက်ဟာ ယေဟောဝါအပေါ်ထားတဲ့ မေတ္တာကို ပေါ်လွင်စေမလား။ ငါ့မိသားစုကို ငြိမ်းချမ်းပျော်ရွှင်စေမလား။ ငါစိတ်ရှည်ကြင်နာကြောင်း ဖော်ပြမလား’ ဆိုပြီး မေးပါ။ မိမိကို ချစ်ဖို့၊ ဝတ်ပြုဖို့ ယေဟောဝါ အတင်းအကျပ် ဖိအားမပေးဘူး။ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ပေးထားတဲ့အတွက် မိမိကို ဝတ်ပြုမပြု ‘ရွေး’ ရမယ့်တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို ဘုရားသခင် လေးစားတယ်။ (ယောရှု ၂၄:၁၅။ ဒေ. ၅:၄) ဒါပေမဲ့ ဘုရားရဲ့ လမ်းညွှန်ချက်အပေါ် အခြေခံတဲ့ ဆုံးဖြတ်ချက်တွေအတိုင်း လုပ်ဆောင်ဖို့လည်း မျှော်လင့်တယ်။ ယေဟောဝါရဲ့ လုပ်ဆောင်ပုံနည်းလမ်း၊ ကျမ်းစာမူတွေကို ယုံကြည်မယ်ဆိုရင် ပညာရှိစွာ ဆုံးဖြတ်နိုင်ပြီး စိတ်တည်ကြည်သူ ဖြစ်မှန်း သက်သေပြနိုင်ပါလိမ့်မယ်။—ယာ. ၁:၅-၈။ ၄:၈။ w17.03 ၂:၁၇၊ ၁၈