ဖေဖော်ဝါရီ
ကြာသပတေးနေ့၊ ဖေဖော်ဝါရီ ၁
ခံနိုင်ရည်ကို အလုပ်ပြီးမြောက်အောင် လုပ်ဆောင်ခွင့်ပေးလိုက်ပါ။—ယာ. ၁:၄။
ခံနိုင်ရည်ဟာ ဘယ်လိုနည်းနဲ့ “အလုပ်” ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်သလဲ။ (ယာ. ၁:၄) တစ်ခါတလေ စမ်းသပ်မှုတွေက အားနည်းချက်တွေ၊ တိုးတက်ဖို့လိုနေတဲ့ ကဏ္ဍတွေကို လှစ်ဟပြတယ်။ ဥပမာ၊ ပိုစိတ်ရှည်ဖို့၊ ပိုကျေးဇူးတင်တတ်ဖို့၊ ပိုကြင်နာတတ်ဖို့ လိုအပ်နေတာ ဖြစ်နိုင်တယ်။ ဒါကြောင့် စမ်းသပ်မှုတွေကို ခံနိုင်ရည်ရှိရှိ ရင်ဆိုင်တဲ့အခါ ခရစ်ယာန်အရည်အသွေးတွေ ပို “အပြည့်အဝ” ဖြစ်လာတယ်၊ တစ်နည်းအားဖြင့် ပိုတိုးတက်လာတယ်။ ခံနိုင်ရည်က ကျွန်တော်တို့ကို ပိုကောင်းတဲ့ ခရစ်ယာန်တွေ ဖြစ်စေတဲ့အတွက် စမ်းသပ်မှုကို မြန်မြန် အဆုံးသတ်ဖို့ ကျမ်းစာမူတွေကို ချိုးဖောက်လိုက်တာမျိုး မလုပ်ပါနဲ့။ ဥပမာ၊ သင်ဟာ မသန့်ရှင်းတဲ့စိတ်ကူးတွေကို ကြိုးစားတွန်းလှန်နေရတယ်ဆိုရင် အလျှော့မပေးလိုက်ပါနဲ့။ အဲဒါတွေကို ဖယ်ထုတ်ပစ်နိုင်ဖို့ ယေဟောဝါဆီ အကူအညီတောင်းပါ။ သင်ဟာ မယုံကြည်တဲ့မိသားစုဝင်တွေရဲ့ ဆန့်ကျင်မှု ကြုံနေရသလား။ အရှုံးမပေးလိုက်ပါနဲ့။ ယေဟောဝါကို ဆက်ဝတ်ပြုဖို့ စိတ်ပိုင်းဖြတ်ထားပါ။ ဘုရားသခင့်နှစ်သက်မှု ရရှိဖို့ဆိုရင် ခံနိုင်ရည်ရှိရမယ်ဆိုတာ သတိရပါ။—ရော. ၅:၃-၅။ ယာ. ၁:၁၂။ w16.04 ၂:၁၅၊ ၁၆
သောကြာနေ့၊ ဖေဖော်ဝါရီ ၂
စိတ်နှိမ့်ချကြပါ။ သူတစ်ပါးကို ကိုယ့်ထက်သာတယ်လို့ သဘောထားပါ။—ဖိ. ၂:၃။
လူတွေဟာ ကိုယ့်လူမျိုး၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်မြို့၊ ကိုယ့်နိုင်ငံအတွက် မာနတက်ကြတယ်။ ဒါပေမဲ့ အဲဒါတွေ တစ်ခုထက်တစ်ခု ပိုသာလွန်တယ်လို့ ယေဟောဝါ မရှုမြင်ဘူး။ တကယ်တော့ ကျွန်တော်တို့အားလုံးကို တစ်ယောက်နဲ့တစ်ယောက် ကွဲပြားအောင် ယေဟောဝါ ဖန်ဆင်းထားတာက လူ့မိသားစုရဲ့ အံ့ဖွယ်မျိုးပေါင်းစုံလင်မှုကို ပေါ်လွင်စေတယ်။ ကိုယ့်ယဉ်ကျေးမှုကို စွန့်လွှတ်ဖို့ ဘုရား မမျှော်လင့်တာ မှန်ပါတယ်။ ဒါပေမဲ့ ယေဟောဝါရှေ့မှာ ကျွန်တော်တို့အားလုံး တန်းတူပဲဆိုတာကို သတိရ ရမယ်။ (ရော. ၁၀:၁၂) ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးက ပိုသာလွန်တယ်ဆိုပြီး မာနတက်တာဟာ မျိုးချစ်စိတ်ရဲ့ အရင်းခံ ဖြစ်တယ်။ အဲဒီလိုသဘောထားက ကြားနေဖို့ အခက်တွေ့စေနိုင်တယ်။ ခရစ်ယာန်တွေဆီကိုလည်း အဲဒီသဘောထား ကူးစက်နိုင်တယ်။ ပထမရာစုမှာတောင် ဟီဘရူးညီအစ်ကိုတချို့က ဂရိမုဆိုးမတွေကို မျှမျှတတ မဆက်ဆံခဲ့ကြဘူး။ (တ. ၆:၁) ကိုယ့်ဆီမှာ အဲဒီသဘောထား အမြစ်တွယ်နေ,မနေ ဘယ်လို သိနိုင်သလဲ။ နိုင်ငံရပ်ခြားက ညီအစ်ကိုညီအစ်မတစ်ယောက်ယောက် အကြံပေးတဲ့အခါ ‘ဒီမှာ ငါတို့ လုပ်နေတာ ပိုကောင်းတယ်’ လို့ တွေးပြီး ချက်ချင်း ပယ်ချလိုက်သလား။ အဲဒီလို လုပ်မယ့်အစား ဒီနေ့ ကျမ်းချက်ပါ ဆုံးမစကားကို ကျွန်တော်တို့အားလုံး လိုက်နာသင့်တယ်။ w16.04 ၄:၁၂၊ ၁၃
စနေနေ့၊ ဖေဖော်ဝါရီ ၃
ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို . . . ဟောရဦးမယ်။—လု. ၄:၄၃။
ယေရှုက “နိုင်ငံတော်သတင်းကောင်း” ဟောပြောခဲ့တယ်။ တပည့်တွေကိုလည်း အဲဒီအတိုင်း လုပ်စေချင်တယ်။ လူတိုင်းကို အဲဒီသတင်းကောင်း ဟောပြောနေတာ ဘယ်အုပ်စုလဲ။ (မ. ၂၈:၁၉) ယေဟောဝါသက်သေတွေပဲ။ နိုင်ငံအတော်တော်များများမှာ သာသနာပြုခဲ့တဲ့ ခရစ်ယာန်ဘုန်းကြီးတစ်ပါးက သူရောက်ခဲ့တဲ့နိုင်ငံတိုင်းမှာ ယေဟောဝါသက်သေတွေကို ဘာသတင်းဟောသလဲလို့ မေးကြည့်တယ်။ ဘာအဖြေရသလဲ။ “သူတို့အားလုံး တော်တော် တုံးတာပဲ။ ‘နိုင်ငံတော် သတင်းကောင်း’ လို့ တစ်ပုံစံတည်း ဖြေကြတယ်” လို့ သူ ပြောတယ်။ တကယ်တော့ ကျွန်တော်တို့ တုံးတာမဟုတ်ဘဲ ခရစ်ယာန်စစ်တွေအဖြစ် စည်းလုံးနေတာကို ဘုန်းကြီးရဲ့ မှတ်ချက်က ဖော်ပြတယ်။ (၁ ကော. ၁:၁၀) ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကို ကြေညာခြင်း ဆိုတဲ့ မဂ္ဂဇင်းမှာပါတဲ့ အဓိကသတင်းကလည်း ဘုရားသခင့်နိုင်ငံတော်သတင်း ဖြစ်တယ်။ အဲဒီမဂ္ဂဇင်းကို ဘာသာစကား ၂၅၄ မျိုးနဲ့ ပျမ်းမျှစောင်ရေ ၅၉,၀၀၀,၀၀၀ နီးပါး ထုတ်ဝေနေတယ်။ ကမ္ဘာမှာ အဖြန့်ဝေရဆုံး စာစောင် ဖြစ်တယ်။ w16.05 ၂:၆
တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၄
လူတိုင်း စိတ်ဆုံးဖြတ်ထားတဲ့အတိုင်း လှူဒါန်းကြပါ။—၂ ကော. ၉:၇။
သင်ဟာ ကြေညာသူတစ်ယောက် ဖြစ်ပြီး ရှေ့ဆောင်လုပ်ချင်တယ်ဆိုပါစို့။ အဲဒီလိုလုပ်ဖို့ ဘဝကို ရိုးရိုးရှင်းရှင်း ထားရမယ်။ ဒါပေမဲ့ ရိုးရှင်းတဲ့ဘဝနဲ့ ပျော်အောင် နေနိုင်ပါ့မလားလို့ သင် စိုးရိမ်မိတယ်။ ရှေ့ဆောင်လုပ်ရမယ်ဆိုတဲ့ ကျမ်းစာပညတ် အတိအကျ မရှိဘူး။ ကြေညာသူအနေနဲ့လည်း ယေဟောဝါကို သစ္စာရှိရှိ ဆက်ဝတ်ပြုနိုင်တယ်။ ဒါပေမဲ့ နိုင်ငံတော်အတွက် စွန့်လွှတ်အနစ်နာခံသူတွေကို ယေဟောဝါ ကောင်းချီးပေးမယ်လို့ ယေရှု ကတိပေးထားတယ်။ (လု. ၁၈:၂၉၊ ၃၀) အဲဒီအပြင် ယေဟောဝါကို ချီးမွမ်းဖို့၊ စစ်မှန်တဲ့ဝတ်ပြုရေး တိုးတက်ဖို့ အတတ်နိုင်ဆုံး ကြိုးစားတာကို ယေဟောဝါ နှစ်သက်တယ်လို့ ကျမ်းစာ ပြောတယ်။ (ဆာ. ၁၁၉:၁၀၈) လမ်းညွှန်မှုရဖို့ ဆုတောင်းပြီး အဲဒီကျမ်းချက်တွေကို တွေးတောဆင်ခြင်တဲ့အခါ ယေဟောဝါရဲ့ စဉ်းစားပုံကို သိရှိလာပြီး လက်တွေ့ကျတဲ့၊ ဘုရားကောင်းချီးပေးမယ့် ဆုံးဖြတ်ချက် ချနိုင်ပါလိမ့်မယ်။ w16.05 ၃:၁၃
တနင်္လာနေ့၊ ဖေဖော်ဝါရီ ၅
ဒုက္ခနေ့ရက်တွေ မရောက်ခင် . . . လူငယ်ဘဝမှာ ကြီးမြတ်တဲ့ ဖန်ဆင်းရှင်ကို သတိရပါ။ —ဒေ. ၁၂:၁။
လူကြီးတွေဟာ လူငယ်တွေအတွက် ရည်ရွယ်ထားတဲ့ စာပေတွေ ဖတ်ရတာကို အောက်ကျတယ်လို့ မခံစားသင့်ဘူး။ အဲဒီဆောင်းပါးတွေမှာ ဆွေးနွေးထားတဲ့ ပြဿနာအများစုဟာ ကျွန်တော်တို့အားလုံးနဲ့ သက်ဆိုင်တယ်။ ဥပမာ၊ ကျွန်တော်တို့အားလုံး ကိုယ့်ယုံကြည်ခြင်းကို ခုခံကာကွယ်ဖို့၊ ခံစားချက်တွေကို ထိန်းချုပ်ဖို့၊ အန္တရာယ်ရှိတဲ့ ရွယ်တူချင်းဖိအားကို တွန်းလှန်ဖို့၊ မကောင်းတဲ့ အပေါင်းအသင်းနဲ့ အကျိုးမရှိတဲ့ဖျော်ဖြေရေးကို ရှောင်ဖို့လိုအပ်တယ်။ ဒါကြောင့် စာပေတချို့က လူငယ်တွေအတွက် ရည်ရွယ်ထားတာ မှန်ပေမဲ့ ကျမ်းစာမူတွေအပေါ် အခြေခံထားပြီး ကျွန်တော်တို့အားလုံးကို အကျိုးပြုနိုင်တယ်။ လူငယ်တွေအတွက် ရည်ရွယ်ထားတဲ့စာပေတွေက ယေဟောဝါနဲ့ဆက်ဆံရေး ကောင်းနေအောင်လည်း လူငယ်တွေကို ကူညီပေးတယ်။ လူကြီးတွေလည်း အဲဒီကနေ အကျိုးရယူနိုင်ပါတယ်။—ဒေ. ၁၂:၁၃။ w16.05 ၅:၁၅၊ ၁၆
အင်္ဂါနေ့၊ ဖေဖော်ဝါရီ ၆
အစ္စရေးတို့၊ နားထောင်ကြ။ ကျွန်တော်တို့ရဲ့ ဘုရားသခင် ယေဟောဝါဟာ တစ်ဆူတည်းသော ယေဟောဝါပဲ။ ယေဟောဝါဘုရားကို စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ ခွန်အားရှိသမျှ ချစ်ပါ။—တရား. ၆:၄၊ ၅။
“ကျွန်တော်တို့ရဲ့ ဘုရားသခင် ယေဟောဝါဟာ တစ်ဆူတည်းသော ယေဟောဝါပဲ။” တကယ့်ကို ထိမိတဲ့စကားပါပဲ။ ကတိထားရာပြည်ထဲဝင်ပြီး သိမ်းပိုက်ချိန်မှာ ကြုံရမယ့် အခက်အခဲတွေကို ရင်ဆိုင်နိုင်ဖို့ အဲဒီစကားတွေက အစ္စရေးတွေကို ကူညီပေးခဲ့တယ်။ မကြာခင်ရောက်လာတော့မယ့် ကြီးစွာသောဒုက္ခကို ရင်ဆိုင်နိုင်ဖို့၊ ကမ္ဘာသစ်မှာ စည်းလုံးငြိမ်သက်မှု ဆက်ရှိနေအောင် လုပ်ဆောင်ဖို့ အဲဒီစကားတွေက ကျွန်တော်တို့ကိုလည်း ကူညီပေးပါလိမ့်မယ်။ ယေဟောဝါကို ချစ်ပြီး စိတ်နှလုံးအကြွင်းမဲ့ အမှုဆောင်ခြင်းအားဖြင့်၊ အသင်းတော်မှာ စည်းလုံးငြိမ်သက်မှုရှိအောင် ကြိုးစားခြင်းအားဖြင့် ယေဟောဝါကိုပဲ အကြွင်းမဲ့ဝတ်ပြုကြောင်း တင်ပြကြပါစို့။ အဲဒီလိုလုပ်ဆောင်မယ်ဆိုရင် ကျွန်တော်တို့ကို သိုးတွေအဖြစ် ယေရှု စီရင်ပါလိမ့်မယ်။ “အဖဘုရားဆီက ကောင်းချီးကို ခံစားရသူတို့၊ လူ့လောကအစပြုချိန် ကတည်းက မင်းတို့အတွက် ပြင်ဆင်ထားတဲ့နိုင်ငံကို လာပြီး အမွေခံကြပါ” ဆိုတဲ့စကားတွေ ပြည့်စုံတာကိုလည်း ကျွန်တော်တို့ မြင်တွေ့ရပါလိမ့်မယ်။—မ. ၂၅:၃၄။ w16.06 ၃:၂၊ ၂၀
ဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီ ၇
စိတ်နှလုံးဟာ အရာအားလုံးထက် စဉ်းလဲတယ်။ —ယေ. ၁၇:၉။
မာနစိတ်က ကိုယ့်လုပ်ရပ်မှားကို ဆင်ခြေပေးမိစေနိုင်ပြီး မာကျောတဲ့ရွှံ့မြေလို ဖြစ်သွားစေနိုင်တယ်။ သင်ဟာ ညီအစ်ကိုညီအစ်မ တစ်ယောက်ယောက်ကြောင့်ဖြစ်စေ၊ အခွင့်ထူးတွေ ဆုံးရှုံးသွားလို့ဖြစ်စေ စိတ်ထိခိုက်ဖူးသလား။ အဲဒီတုန်းက ဘယ်လို တုံ့ပြန်ခဲ့သလဲ။ မာနထိပါးခံရတာက သင့်အတွက် အရေးကြီးသလား ဒါမှမဟုတ် ညီအစ်ကိုညီအစ်မတွေနဲ့ သင့်မြတ်ဖို့၊ ယေဟောဝါအပေါ် သစ္စာစောင့်သိဖို့က ပိုအရေးကြီးသလား။ (ဆာ. ၁၁၉:၁၆၅။ ကော. ၃:၁၃) လူတစ်ယောက်ဟာ အပြစ်လုပ်တဲ့အကျင့် စွဲနေပြီး ဖုံးကွယ်ထားတဲ့အခါ ကျမ်းစာအကြံဉာဏ်ကို လက်ခံရ ခက်ခဲနိုင်တယ်။ အပြစ်လုပ်ရတာ ပိုလွယ်ကူလာနိုင်တယ်။ (ဒေ. ၈:၁၁) ညစ်ညမ်းရုပ်ပုံ ကြည့်တဲ့အကျင့်စွဲနေတဲ့ ညီအစ်ကိုတစ်ယောက်က “အကြီးအကဲတွေကို ကျွန်တော် အပြစ်ရှာဝေဖန်လာတယ်” လို့ နောက်ပိုင်းမှာ ပြောတယ်။ သူ့ရဲ့အကျင့်ဆိုးကြောင့် ဘုရားနဲ့ဆက်ဆံရေး ထိခိုက်လာတယ်။ နောက်ဆုံး၊ အပြစ်ပေါ်သွားတဲ့အခါ အကြီးအကဲတွေဆီက အကူအညီ ရရှိခဲ့တယ်။ ကျွန်တော်တို့အားလုံး မစုံလင်တာ မှန်ပါတယ်။ ဒါပေမဲ့ အမှားလုပ်မိတဲ့အခါ ဘုရားသခင်ဆီမှာ ခွင့်လွှတ်မှုနဲ့ အကူအညီ တောင်းခံမယ့်အစား အပြစ်ရှာဝေဖန်မယ်၊ ဆင်ခြေပေးမယ်ဆိုရင် ကျွန်တော်တို့ရဲ့စိတ်နှလုံး မာကျောလာနိုင်တယ်။ w16.06 ၂:၅၊ ၆
ကြာသပတေးနေ့၊ ဖေဖော်ဝါရီ ၈
အသက်ရှင်ရေးအတွက် . . . မစိုးရိမ်ကြနဲ့တော့။ —မ. ၆:၂၅။
မိမိရဲ့တရားကို နားထောင်နေသူတွေ စားစရာ၊ သောက်စရာ၊ ဝတ်စရာအတွက် စိုးရိမ်မှန်း ယေရှု သိတယ်။ ဘာကြောင့် မစိုးရိမ်သင့်မှန်း နားလည်အောင်လည်း ကူညီပေးခဲ့တယ်။ တကယ်လိုအပ်ရာတွေအတွက်တောင် စိုးရိမ်လွန်းအားကြီးရင် ဘဝမှာ ပိုအရေးကြီးတဲ့အရာတွေကို မေ့လျော့သွားနိုင်တယ်။ တပည့်တွေအတွက် စိတ်ပူလို့ တောင်ပေါ်တရားတော်မှာ အဲဒီအကြောင်း နောက်ထပ်လေးကြိမ် သတိပေးခဲ့တယ်။ (မ. ၆:၂၇၊ ၂၈၊ ၃၁၊ ၃၄) လူတွေ ဘာလိုအပ်တယ်ဆိုတာ ယေရှု သိတယ်။ ခက်ခဲကျပ်တည်းတဲ့ ‘နောက်ဆုံးကာလ’ မှာ နောက်လိုက်တွေ အသက်ရှင်ရမယ်ဆိုတာလည်း သိတယ်။ (၂ တိ. ၃:၁) အလုပ်လက်မဲ့ဖြစ်တာ၊ ကုန်ဈေးနှုန်းကြီးတာ၊ အစာရှားပါးတာ၊ ဆင်းရဲမွဲတေတာတွေကို လူများစွာ ရင်ဆိုင်နေရတယ်။ ဒါပေမဲ့ ‘အစာထက် အသက်မြတ်ပြီး အဝတ်ထက် ခန္ဓာကိုယ်မြတ်’ မှန်း ယေရှု သိတယ်။ w16.07 ၁:၈၊ ၉
သောကြာနေ့၊ ဖေဖော်ဝါရီ ၉
ကျွန်တော်ဟာ ဘုရားသခင်ရဲ့ မဟာကရုဏာတော်ကြောင့် . . . အမှုဆောင်သူ ဖြစ်လာတယ်။—ဧ. ၃:၇။
ယေဟောဝါရဲ့ တောင်းဆိုချက်တွေကိုသာ ကျွန်တော်တို့ အပြည့်အဝ ပြည့်မီတယ်ဆိုရင် ကိုယ်တော့်ကရုဏာကို ကျွန်တော်တို့ ရထိုက်ပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီလို မပြည့်မီကြဘူး။ ဒါကြောင့် “အပြစ်မလုပ်ဖူးတဲ့ ဖြောင့်မတ်သူဆိုတာ ကမ္ဘာပေါ်မှာ မရှိဘူး” လို့ ပညာရှိဘုရင်ရှောလမုန် ပြောခဲ့တယ်။ (ဒေ. ၇:၂၀) တမန်တော်ပေါလုကလည်း “လူအားလုံးဟာ အပြစ်ရှိသူတွေဖြစ်လို့ ဘုရားသခင်ရဲ့ ဘုန်းတော်နဲ့ အလှမ်းဝေးကြပြီ၊” “အပြစ်ကပေးတဲ့အခဟာ သေခြင်းပဲ” လို့ ပြောခဲ့တယ်။ (ရော. ၃:၂၃။ ၆:၂၃) ကျွန်တော်တို့ ရထိုက်တာ အဲဒါပဲ။ ဒါပေမဲ့ အပြစ်ရှိတဲ့ လူသားတွေကို ယေဟောဝါ မေတ္တာပြပြီး အနှိုင်းမဲ့မဟာကရုဏာ ပြတယ်။ ကိုယ်တော့် အကြီးမားဆုံးလက်ဆောင်ကတော့ ကျွန်တော်တို့အတွက် အသေခံဖို့ “တစ်ဦတည်းသောသား” ကို မြေကြီးပေါ် စေလွှတ်တာပဲ။ (ယော. ၃:၁၆) ဒါကြောင့် ယေရှုက ‘အသေခံခဲ့တဲ့အတွက် ဘုန်းအသရေ၊ ဂုဏ်အသရေနဲ့ ချီးမြှောက်ခံရပြီ။ ယေရှုဟာ ဘုရားသခင်ရဲ့ မဟာကရုဏာတော်အားဖြင့် လူအားလုံးအတွက် အသေခံခဲ့တယ်’ လို့ ပေါလုပြောခဲ့တယ်။ (ဟီ. ၂:၉) မှန်ပါတယ်။ ‘ဘုရားသခင်ပေးတဲ့ ဆုလက်ဆောင်ကတော့ သခင် ခရစ်တော်ယေရှုအားဖြင့် ထာဝရအသက်’ ပါပဲ။—ရော. ၆:၂၃ခ။ w16.07 ၃:၃၊ ၄
စနေနေ့၊ ဖေဖော်ဝါရီ ၁၀
သူ့ကို ကူညီမယ့်သူ . . . ငါလုပ်ပေးမယ်။ —က. ၂:၁၈။
လူတွေ အိမ်ထောင်ပြုကြတာ သဘာဝပဲ။ ဒါပေမဲ့ အိမ်ထောင်ရဲ့ အစနဲ့ ရည်ရွယ်ချက်ကို သိရှိခြင်းက အိမ်ထောင်အပေါ် အမြင်မှန်ရှိဖို့၊ အိမ်ထောင်ရေးကောင်းချီးတွေ ခံစားနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ ဦးဆုံးလူသား အာဒံကို ဘုရားသခင် ဖန်ဆင်းပြီးနောက် တိရစ္ဆာန်တွေကို နာမည်ပေးဖို့ တာဝန်ပေးတယ်။ တိရစ္ဆာန်တွေမှာ အတွဲကိုယ်စီရှိပေမဲ့ သူ့မှာတော့ ‘ကူညီမယ့်သူ၊ သူနဲ့တွဲဖက်ညီသူ’ မရှိသေးတာကို အာဒံ သတိထားမိတယ်။ ဒါကြောင့် အာဒံကို ဘုရားသခင် အိပ်မောကျစေပြီး နံရိုးတစ်ချောင်း ထုတ်ပြီးနောက် မိန်းမတစ်ယောက် ဖန်ဆင်းပြီး အာဒံဆီ ခေါ်လာတယ်။ (က. ၂:၂၀-၂၄) ဒီနည်းနဲ့ အိမ်ထောင်ကို ဘုရား အစပြုပေးခဲ့တယ်။ “ယောက်ျားက မိဘကိုထားခဲ့ပြီး ဇနီးနဲ့ မခွဲအတူ နေလိမ့်မယ်။ သူတို့နှစ်ယောက်ဟာ တစ်သားတစ်ကိုယ်တည်း ဖြစ်လိမ့်မယ်” ဆိုတဲ့စကားကို ယေဟောဝါ ပြောခဲ့တာဖြစ်မှန်း ယေရှု အတည်ပြုခဲ့တယ်။ (မ. ၁၉:၄၊ ၅) အာဒံရဲ့နံရိုးနဲ့ ဦးဆုံးမိန်းမကို ဘုရားဖန်ဆင်းခဲ့လို့ သူတို့နှစ်ယောက် သိပ်ရင်းနှီးမှန်း သိခဲ့မှာပဲ။ လင်မယား ကွာရှင်းဖို့၊ အိမ်ထောင်ဖက် တစ်ယောက်ထက်မက ယူဖို့ ယေဟောဝါ လုံးဝ မစီစဉ်ခဲ့ဘူး။ w16.08 ၁:၁၊ ၂
တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၁၁
ယေရှုက . . . တခြားမြို့တွေမှာ ဟောပြောသွန်သင်ဖို့ အဲဒီကနေ ထွက်သွားတယ်။—မ. ၁၁:၁။
ယေရှုက တစ်ယောက်ချင်းကိုလည်း ဘုရားနိုင်ငံတော်အကြောင်း စကားပြောလေ့ရှိတယ်။ ဥပမာ၊ ရှုခါမြို့နားက ယာကုပ်ရေတွင်းမှာ အမျိုးသမီးတစ်ယောက်ကို ရင်းရင်းနှီးနှီး စကားပြောခဲ့တယ်။ (ယော. ၄:၅-၃၀) အခွန်ခံမဿဲနဲ့လည်း စကားပြောပြီး သူ့နောက်လိုက်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ ဖိတ်ခေါ်ချက်ကို မဿဲ လက်ခံလိုက်ပြီး နောက်ပိုင်း ယေရှုနဲ့ တခြားသူတွေကို အိမ်မှာ ထမင်းစားဖိတ်တယ်။ အဲဒီမှာ လူအများကြီးကို ယေရှု စကားပြောခဲ့တယ်။ (မ. ၉:၉။ လု. ၅:၂၇-၃၉) နာဇရက်မြို့သားတွေကို အကောင်းမမြင်တဲ့ နာသနေလကိုလည်း ယေရှု ရင်းရင်းနှီးနှီး ပြောဆိုတယ်။ ဒါကြောင့် နာသနေလရဲ့ တွေးခေါ်ပုံ ပြောင်းလဲသွားပြီး နာဇရက်မြို့သား ယေရှုအကြောင်း ထပ်သိချင်လာတယ်။ (ယော. ၁:၄၆-၅၁) လူတွေကို ကြင်ကြင်နာနာ၊ ရင်းရင်းနှီးနှီး စကားပြောတဲ့အခါ ကျွန်တော်တို့ပြောတဲ့ သတင်းစကားကို ပိုနားထောင်ချင်လာပါလိမ့်မယ်။ အဲဒီလိုပြောဆိုတတ်ဖို့ လူသစ်တွေကို လေ့ကျင့်ပေးမယ်ဆိုရင် အမှုဆောင်လုပ်ငန်းမှာ သူတို့ ပိုပျော်ရွှင်လာပါလိမ့်မယ်။ w16.08 ၄:၇-၉
တနင်္လာနေ့၊ ဖေဖော်ဝါရီ ၁၂
ဇနီးဟာ ခင်ပွန်းနဲ့ ခွဲမနေရဘူး။ . . . ခင်ပွန်းကလည်း ဇနီးနဲ့ ခွဲမနေရဘူး။—၁ ကော. ၇:၁၀၊ ၁၁။
ကြီးလေးတဲ့ ပြဿနာတွေကို ဖြေရှင်းလို့မရတဲ့အခါ ခွဲနေဖို့ ဒါမှမဟုတ် ကွာရှင်းဖို့ တချို့ ဆုံးဖြတ်နိုင်တယ်။ ပြဿနာ ကြီးလွန်းလို့ ခွဲနေမှ ဖြစ်တော့မယ်လို့ ဇနီးမောင်နှံတချို့ ခံစားရနိုင်တယ်။ ဒါပေမဲ့ ခွဲနေတာကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ဘူး။ တစ်ခါတလေ ခွဲနေလိုက်လို့ ပြဿနာပိုဆိုးလာတတ်တယ်။ ယေရှုက အိမ်ထောင်နဲ့ပတ်သက်ပြီး ဘုရားသခင် ပြောခဲ့တာကို ပြန်ပြောပြီးနောက် “ဘုရားသခင်တွဲဖက်ထားသူတို့ကို မည်သူမျှ မခွဲမခွာစေနှင့်” လို့ ပြောခဲ့တယ်။ (မ. ၁၉:၃-၆။ က. ၂:၂၄) ယေဟောဝါက လင်မယားနှစ်ယောက်ကို မခွဲအတူ ရှိနေစေချင်တယ်။ (၁ ကော. ၇:၃၉) ကိုယ့်လုပ်ရပ်တွေအတွက် ယေဟောဝါရှေ့ စာရင်းရှင်းရမယ်ဆိုတာ သတိရခြင်းက ပြဿနာတွေ ပိုမဆိုးခင် အမြန်ဆုံးဖြေရှင်းဖို့ ကူညီပေးနိုင်တယ်။ w16.08 ၂:၁၀၊ ၁၁
အင်္ဂါနေ့၊ ဖေဖော်ဝါရီ ၁၃
အဆိုးနဲ့ တုံ့ပြန်ပြီး အရှုံးမခံပါနဲ့။ —ရော. ၁၂:၂၁။
ကျွန်တော်တို့ အချိန်ပြည့် နိုးကြားနေကြရမယ်။ ဘာကြောင့်လဲဆိုတော့ ရန်သူတွေက ကျွန်တော်တို့ မမျှော်လင့်တဲ့ အချိန်၊ အားနည်းနေတဲ့ အချိန်မှာ တိုက်ခိုက်နိုင်လို့ပဲ။ အဆိုးကို ဆက်တိုက်လှန်နေရင် အောင်မြင်နိုင်ပါတယ်။ ဒါပေမဲ့ သတိလစ်ပြီး ဆက်မတိုက်တော့ဘူးဆိုရင် စာတန်၊ သူ့လောကနဲ့ ကိုယ့်အားနည်းချက်တွေက အနိုင်ယူသွားနိုင်တယ်။ အရှုံးမပေးပါနဲ့။ စိတ်ဓာတ်မကျပါနဲ့။ လက်အားမလျှော့ပါနဲ့။ (၁ ပေ. ၅:၉) အနိုင်ရဖို့ဆိုရင် တိုက်ခိုက်နေတဲ့ အကြောင်းရင်းကို သတိရနေဖို့ လိုတယ်။ ဘုရားသခင့် မျက်နှာသာနဲ့ ကောင်းချီး ရချင်လို့ တိုက်နေတာ ဖြစ်တယ်။ “ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်မယ်ဆိုရင် ဘုရားသခင် တည်ရှိတယ်ဆိုတာ ယုံကြည်ရမယ်။ ဘုရားသခင်ဟာ မိမိကို ထက်ထက်သန်သန် ရှာဖွေသူကို ဆုချတဲ့အရှင်ပဲဆိုတာကိုလည်း ယုံကြည်ရမယ်” လို့ ဟီဘရူး ၁၁:၆ မှာပြောတယ်။ “ထက်ထက်သန်သန် ရှာဖွေ” ဆိုတာက ကိုယ်တော့်မျက်နှာသာ ရချင်ရင် အပြင်းအထန် ကြိုးစားအားထုတ်ရမှာကို ဆိုလိုတယ်။—တ. ၁၅:၁၇။ w16.09 ၂:၄၊ ၅
ဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီ ၁၄
ဘုရားသခင်ရဲ့ ဘုန်းတော်ကိုထောက်ပြီး အရာရာကို လုပ်ဆောင်ကြပါ။—၁ ကော. ၁၀:၃၁။
ဘုရားသခင်ကို ဂုဏ်တင်တဲ့ ဆုံးဖြတ်ချက်ကောင်းတွေ ချဖို့ ကျမ်းစာလမ်းညွှန်ချက်တွေက ကူညီပေးနိုင်တယ်။ ဒါပေမဲ့ ကိုယ့်ဝတ်စားပုံက ကိုယ့်အကြိုက်ကို ဖော်ပြလေ့ရှိတယ်။ ကိုယ်ကြိုက်တဲ့ပုံစံ၊ ကိုယ်ဝယ်နိုင်တဲ့ အဝတ်အစားဟာ တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူး။ ဒါပေမဲ့ အချိန်အခါ၊ နေရာဒေသနဲ့ သင့်တော်တဲ့၊ သပ်ရပ်သန့်ရှင်းပြီး ဣန္ဒြေရှိတဲ့ အဝတ်အစား အမြဲ ဖြစ်သင့်တယ်။ ဣန္ဒြေရှိပြီး သင့်တော်တဲ့ အဝတ်အစား ရှာတွေ့ဖို့ အမြဲတော့ မလွယ်ဘူး။ စတိုးဆိုင် အများစုမှာ ခေတ်ပေါ်အဝတ်အစားတွေကိုပဲ ရောင်းကြတယ်။ ဒါကြောင့် ဣန္ဒြေရှိတဲ့ အဝတ်အစား ရှာတွေဖို့ အချိန်နဲ့ အားထုတ်မှု ပိုလိုအပ်နိုင်တယ်။ ဒါပေမဲ့ ကြည့်ကောင်းပြီး သင့်တော်တဲ့ အဝတ်အစား ဝတ်ဖို့ ကြိုးစားအားထုတ်တာကို ညီအစ်ကို/မတွေ သတိထားမိပြီး လေးမြတ်ကြပါလိမ့်မယ်။ ဘုရားသခင့်ဘုန်းတော် ထင်ရှားစေတယ်ဆိုတဲ့ စိတ်ကျေနပ်မှုဟာ ဘယ်စွန့်လွှတ်အနစ်နာခံမှုထက်မဆို သာလွန်ပါတယ်။ w16.09 ၃:၁၅၊ ၁၆
ကြာသပတေးနေ့၊ ဖေဖော်ဝါရီ ၁၅
ဘုရားက မြောက်ဘက်မိုးကောင်းကင်ကို လဟာပြင်ဘက် ပြန့်ကားစေတယ်။ ကမ္ဘာမြေကို ဘာနဲ့မှ မချိတ်ဆွဲဘဲ ဆိုင်းထားတယ်။—ယောဘ ၂၆:၇။
ဥပမာတွေ သုံးတဲ့အခါ သင့်သားသမီးတွေ မြင်ယောင်လာအောင် ပြောပြပါ။ ကျမ်းစာအဆိုအမိန့်တွေ မှန်ကန်ကြောင်း သင်ပေးဖို့ ထိရောက်တဲ့ ပုံဥပမာတွေ အသုံးပြုနိုင်တယ်။ ဥပမာ၊ ဒီနေ့ကျမ်းချက်ကို ဖတ်ပြနိုင်တယ်။ အဲဒီကျမ်းချက်ကို ယေဟောဝါ ပြောတာလို့ပဲ မပြောပါနဲ့။ သူတို့ရဲ့ စိတ်ကူးပုံဖော်နိုင်စွမ်းကို အသုံးပြုစေပါ။ ယောဘခေတ်တုန်းက ကမ္ဘာဟာ အာကာသထဲမှာ အခုအခံမရှိ လွင့်မျောနေတယ်လို့ လူတွေ ယုံဖို ခက်တယ်။ ဘောလုံး၊ ကျောက်တုံးစတဲ့ အရာဝတ္ထုမှန်သမျှဟာ တစ်ခုခုပေါ် တည်မှီနေကြမှန်း သိကြတယ်။ အဲဒီခေတ်မှာ အဝေးကြည့်မှန်ပြောင်းတွေ၊ အာကာသယာဉ်တွေ မရှိသေးတဲ့အတွက် အဲဒီအချက်ကို သက်သေ မပြနိုင်ကြသေးဘူး။ ဒါကြောင့် ကျမ်းစာဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ရေးသားခဲ့ပေမဲ့ ယေဟောဝါဆီက စကားတွေဖြစ်လို့ အမြဲမှန်ကန်တယ်ဆိုပြီး ပြောပြနိုင်တယ်။—နေ. ၉:၆။ w16.09 ၅:၉၊ ၁၂
သောကြာနေ့၊ ဖေဖော်ဝါရီ ၁၆
စိတ်ထဲမှာ ယုံကြည်[ပါ]။ —ရော. ၁၀:၉။
ယုံကြည်ခြင်းမှာ ဘုရားသခင့် ရည်ရွယ်ချက်တွေကို နားလည်ထားခြင်းထက်မက ပါဝင်တယ်။ ဘုရားသခင့် အလိုတော်နဲ့အညီ ပြုမူနေထိုင်ဖို့ တွန်းအားပေးနိုင်တဲ့ အရည်အသွေးတစ်ခု ဖြစ်တယ်။ ဘုရားသခင့် ကယ်တင်ခြင်း နည်းလမ်းတွေကို ယုံကြည်ခြင်းက တခြားသူတွေကို သတင်းကောင်း ဟောပြောဖို့ လှုံ့ဆော်ပေးတယ်။ ဘုရားသခင့် ကမ္ဘာသစ်မှာ ထာဝရအသက်ရဖို့ ယုံကြည်ခြင်း ရှိပြီး ခိုင်မာနေစေရမယ်။ ယုံကြည်ခြင်းဟာ အပင်နဲ့ တူတယ်။ ရှင်သန်ကြီးထွားဖို့ ရေလောင်းပေးရမယ်။ ရေမလောင်းရင် ညှိုးနွမ်းခြောက်သွေ့ပြီး သေဆုံးသွားပါလိမ့်မယ်။ ယုံကြည်ခြင်းလည်း အဲဒီလိုပဲ။ လျစ်လျူရှုလိုက်ရင် ညှိုးနွမ်းသေဆုံးသွားလိမ့်မယ်။ (လု. ၂၂:၃၂။ ဟီ. ၃:၁၂) ဂရုစိုက်ပေးမယ်ဆိုရင်တော့ “တိုးပွားနေ” ပြီး “အလွန်ခိုင်ခံ့” နေပါလိမ့်မယ်။—၂ သက်. ၁:၃။ တိ. ၂:၂။ w16.10 ၄:၄၊ ၅
စနေနေ့၊ ဖေဖော်ဝါရီ ၁၇
နန်းတွင်းအရာရှိချုပ်က ဒံယေလကို ဗေလတရှာဇာ . . . ဆိုပြီး နာမည်ပြောင်းပေး လိုက်တယ်။ —ဒံ. ၁:၇။
ဒံယေလနဲ့ အဖော်တွေ ပြည်နှင်ခံရတဲ့အခါ ဗာဗုလုန်တွေက သူတို့ရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာတရားကို သွတ်သွင်းဖို့ ကြိုးစားခဲ့ကြတယ်။ “ခါလဒဲဘာသာအတတ်ကို” သင်ပေးပြီး ဗာဗုလုန်နာမည်တွေ ပေးခဲ့ကြတယ်။ (ဒံ. ၁:၃-၇) ဒံယေလကို ပေးတဲ့နာမည်က ဗာဗုလုန်ရဲ့ အဓိကနတ်ဘုရား ဗာလကို ရည်ညွှန်းတယ်။ ဗာဗုလုန်ရဲ့ ဘုရားဟာ ဒံယေလရဲ့ ဘုရား ယေဟောဝါထက် တန်ခိုးပိုကြီးတယ်လို့ နေဗုခဒ်နေဇာ ထင်စေချင်လို့ ဖြစ်နိုင်တယ်။ (ဒံ. ၄:၈) ဘုရင့်ပွဲတော်စာကို ဒံယေလ စားသုံးခွင့်ရပေမဲ့ “ကိုယ်ကို မညစ်ညူးစေဖို့ စိတ်ပိုင်းဖြတ်ထား” တယ်။ (ဒံ. ၁:၈) “ကျမ်းစာ” ကို မိခင်ဘာသာစကားနဲ့ ဆက်လေ့လာခဲ့တဲ့အတွက် တိုင်းတစ်ပါးမှာ ဘုရားနဲ့ ဆက်ဆံရေးကောင်း ထိန်းသိမ်းနိုင်ခဲ့တယ်။ (ဒံ. ၉:၂) ဒါကြောင့် ဗာဗုလုန်ကို ရောက်တာ နှစ်ပေါင်း ၇၀ လောက်ကြာတာတောင်မှ သူ့ကို ဟီဘရူးနာမည်နဲ့ လူသိများနေတုန်းပဲ။—ဒံ. ၅:၁၃။ w16.10 ၂:၇၊ ၈
တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၁၈
စွမ်းအားတော် သွားစေချင်တဲ့နေရာ . . . ကို သူတို့သွားကြတယ်။—ယေဇ. ၁:၂၀။
ကျမ်းစာအကြောင်းအရာတွေကို ဖြန့်ဝေပေးတဲ့ တစ်ခုတည်းသော လမ်းကြောင်းအဖြစ် ‘သစ္စာရှိတဲ့ကျွန်’ ကိုပဲ ယေရှု ခန့်အပ်ထားတယ်။ (မ. ၂၄:၄၅-၄၇) မိမိနောက်လိုက်တွေကို ကျမ်းစာနားလည်အောင်၊ ကျမ်းစာ လမ်းညွှန်ချက်တွေကို လိုက်နာနိုင်အောင် ကူညီပေးဖို့ အဲဒီကျွန်ကို ၁၉၁၉ ခုနှစ်ကစပြီး ယေရှုခရစ် အသုံးပြုနေတယ်။ ကျမ်းစာလမ်းညွှန်ချက်တွေကို နာခံခြင်းအားဖြင့် အသင်းတော်ရဲ့ သန့်ရှင်းမှု၊ ငြိမ်သက်မှုနဲ့ စည်းလုံးမှုကို အားဖြည့်ပေးနေကြတယ်။ ဒါကြောင့် ‘ဒီနေ့ ယေရှု သုံးနေတဲ့ လမ်းကြောင်းကို ငါသစ္စာစောင့်သိနေသလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးသင့်တယ်။ ယေဟောဝါရဲ့ စကားတော် ကျမ်းစာက အဖွဲ့အစည်းရဲ့ ကောင်းကင်ဆိုင်ရာ အပိုင်းနဲ့လည်း အကျွမ်းဝင်စေတယ်။ ဥပမာ၊ ပရောဖက် ယေဇကျေလဟာ ကောင်းကင်ရထားနဲ့ တင်စားထားတဲ့ ဘုရားသခင့် အဖွဲ့အစည်းရဲ့ ကောင်းကင်ဆိုင်ရာအပိုင်းကို စိတ်အာရုံမှာ မြင်ခဲ့ရတယ်။ (ယေဇ. ၁:၄-၂၈) ဒီဆိုးညစ်တဲ့ လောကကို ခရစ်တော်နဲ့ သန့်ရှင်းတဲ့ ကောင်းကင်တမန်တွေ ဖျက်ဆီးကြတော့မှာမို့ အချုပ်အခြာအာဏာ သံသယကင်းရှင်းရေး၊ နာမတော် သန့်ရှင်းမြင့်မြတ်ရေးအတွက် ယေဟောဝါရဲ့ရထား အလျင်အမြန် ရွေ့လျားနေတယ်။ w16.11 ၃:၉၊ ၁၀
တနင်္လာနေ့၊ ဖေဖော်ဝါရီ ၁၉
အချင်းချင်း အားပေးကြပါ။ ဘုရားသခင်ရဲ့ နေ့ရက်နီးလာတာကို သိနေတဲ့အတွက် ပိုကြိုးစားအားထုတ်ကြပါ။—ဟီ. ၁၀:၂၅။
ဘုရားသခင်ရဲ့ ဝါရင့်ကျေးကျွန်တွေတောင်မှ အားပေးမှု လိုအပ်ကြတယ်။ ယောရှုအကြောင်း သုံးသပ်ကြည့်ပါ။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ သစ္စာရှိရှိ အမှုဆောင်ခဲ့တယ်။ ဒါတောင် အားပေးဖို့ မောရှေကို ယေဟောဝါ မိန့်မှာတယ်– “ယောရှုကို မှာခဲ့၍ အားပေးလော့။ မစထောက်ပင့်လော့။ သူသည် ဤလူမျိုးရှေ့မှာ သွား၍ သင်မြင်ရသောပြည်ကို အမွေခံစေရမည်။” (တရား. ၃:၂၇၊ ၂၈) အစ္စရေးတွေကို ကတိထားရာပြည်ထဲ ဦးဆောင်ခေါ်သွားရမယ့် တာဝန်ကြီးကို ယောရှု ထမ်းဆောင်ရတော့မယ်။ အတားအဆီးတွေ ရင်ဆိုင်ရမယ်။ တိုက်ပွဲမှာ အနည်းဆုံး တစ်ကြိမ် ရှုံးနိမ့်ခဲ့တယ်။ (ယောရှု ၇:၁-၉) ယောရှု အားပေးထောက်မမှု လိုအပ်မှာ သေချာတယ်။ ကျွန်တော်တို့လည်း ဘုရားသခင့် သိုးတော်စုကို ကြိုးစားစောင့်ရှောက်နေတဲ့ အကြီးအကဲတွေ၊ တိုက်နယ်ကြီးကြပ်မှူးတွေကို အားပေးကြပါစို့။—၁ သက်. ၅:၁၂၊ ၁၃။ w16.11 ၁:၁၂၊ ၁၃
အင်္ဂါနေ့၊ ဖေဖော်ဝါရီ ၂၀
ရေထုပေါ်ထိုင်နေတဲ့ ပြည့်တန်ဆာကြီး ဘယ်လို အပြစ်ဒဏ်ခံရတော့မယ်ဆိုတာ ပြမယ်။—ဗျာ. ၁၇:၁။
မှားယွင်းတဲ့ ဘာသာရေးနဲ့ပတ်သက်တဲ့ ရပ်တည်ချက်ကို ဆွေမျိုး၊ မိတ်ဆွေ၊ ချာ့ချ်အဖွဲ့ဝင်တွေဆီ အကြောင်းကြားရုံနဲ့ မလုံလောက်ဘူးဆိုတာ ကျမ်းစာကျောင်းသားတွေ သဘောပေါက်တယ်။ မဟာဗာဗုလုန်ဟာ ဘာသာရေးပြည့်တန်ဆာမှန်း တစ်လောကလုံး သိဖို့လိုတယ်။ ဒါကြောင့် ၁၉၁၇၊ ဒီဇင်ဘာနဲ့ ၁၉၁၈ နှစ်ဦးပိုင်း ကြားကာလမှာ ထောင်ဂဏန်းလောက်ပဲရှိတဲ့ ကျမ်းစာကျောင်းသားတွေဟာ အမည်ခံခရစ်ယာန်ကို ထိထိမိမိ စွဲချက်တင်ထားတဲ့ “ဗာဗုလုန် ကျဆုံးခြင်း” ဝေစာ ၁၀,၀၀၀,၀၀၀ ကို ထက်သန်စွာ ဝေငှခဲ့ကြတယ်။ ဘုန်းတော်ကြီးတွေ ဒေါသူပုန်ထနေမှာကို မြင်ယောင်ကြည့်နိုင်ပါတယ်။ ကျမ်းစာကျောင်းသားတွေကတော့ မမှုဘဲ အရေးကြီးလုပ်ငန်းကို ဆက်လုပ်ဆောင်ခဲ့ကြတယ်။ “လူ့စကားထက် အုပ်စိုးရှင် ဘုရားသခင်ရဲ့ စကားကို နားထောင်” ဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်။ (တ. ၅:၂၉) ကျွန်တော်တို့ ဘာကောက်ချက်ချနိုင်သလဲ။ ဒီခရစ်ယာန် အမျိုးသား/သမီးတွေဟာ စစ်အတွင်းမှာ မဟာဗာဗုလုန် သုံ့ပန်းဘဝ ကျရောက်ဖို့ နေနေသာသာ အဲဒီအောက်ကနေ လွတ်မြောက်လာပြီး တခြားသူတွေကိုလည်း လွတ်မြောက်ဖို့ ကူညီပေးခဲ့ကြတယ်။ w16.11 ၅:၂၊ ၄
ဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီ ၂၁
အပြစ်ရှိတဲ့ အလိုဆန္ဒနောက် လိုက်တဲ့သူဟာ အပြစ်ရှိတဲ့အရာတွေကိုပဲ စိတ်ရောက်နေတတ်တယ်။ စွမ်းအားတော်နဲ့အညီ အသက်ရှင်တဲ့သူကတော့ စွမ်းအားတော်နဲ့ဆိုင်တဲ့ အရာတွေကိုပဲ စိတ်ရောက်နေတတ်တယ်။ —ရော. ၈:၅။
ရောမအခန်းကြီး ၈ မှာ “အပြစ်ရှိတဲ့ အလိုဆန္ဒနောက် လိုက်” သူနဲ့ “စွမ်းအားတော်နဲ့အညီ” အသက်ရှင်သူအကြောင်း ခွဲခြားဖော်ပြထားတယ်။ အမှန်တရား သိသူနဲ့ မသိသူ၊ ခရစ်ယာန် ဟုတ်သူနဲ့ မဟုတ်သူကို ခွဲခြားဖော်ပြထားတာလို့ တချို့ယူဆကြမယ်။ တကယ်တော့ “ရောမမြို့မှာရှိတဲ့ ဘုရားသခင် ချစ်မြတ်နိုးသူ၊ သန့်ရှင်းသူအဖြစ် ရွေးချယ်ခံရသူ အားလုံးဆီ” ပေါလု ရေးသားနေတာပါ။ (ရော. ၁:၇) ဒါကြောင့် “အပြစ်ရှိတဲ့ အလိုဆန္ဒနောက် လိုက်” နေတဲ့ ခရစ်ယာန်တွေနဲ့ “စွမ်းအားတော်နဲ့အညီ” လိုက်လျှောက်တဲ့ ခရစ်ယာန်တွေကို ပေါလု ခွဲခြားဖော်ပြနေတာ ဖြစ်တယ်။ ‘သွေးသားဆန္ဒအတိုင်း အသက်ရှင်’ ခြင်းကို “ခန္ဓာကိုယ်ကို အပြစ်ကျူးလွန်စေ” တဲ့ “မှားယွင်းတဲ့လိုအင်ဆန္ဒ” နဲ့ ဆက်စပ်ခဲ့တယ်။ (ရော. ၇:၅) အဲဒါက “အပြစ်ရှိတဲ့အရာတွေကိုပဲ စိတ်ရောက်နေ” တဲ့ “အပြစ်ရှိတဲ့ အလိုဆန္ဒနောက် လိုက်တဲ့သူ” ဆိုတဲ့ အသုံးအနှုန်းရဲ့ အဓိပ္ပာယ်ကို နားလည်စေတယ်။ မစုံလင်တဲ့ လူသားတွေအဖြစ် ကိုယ့်ဆန္ဒနဲ့ အာသီသတွေကို ဦးစားပေးသူတွေကို ပေါလု ရည်ညွှန်းတယ်။ အဓိကအားဖြင့် လိင်ကိစ္စမှာဖြစ်စေ၊ တခြားကိစ္စတွေမှာဖြစ်စေ ကိုယ့်ဆန္ဒ၊ လိုအင်၊ ရမ္မက်နောက် လိုက်နေသူတွေ ဖြစ်တယ်။ w16.12 ၂:၅၊ ၇
ကြာသပတေးနေ့၊ ဖေဖော်ဝါရီ ၂၂
အမှားတွေ ခွင့်လွှတ်ခံရသူ . . . ဟာ ပျော်ရွှင်ချမ်းမြေ့တယ်။—ဆာ. ၃၂:၁။
အတိတ်က လုပ်ရပ်တွေ၊ ပျက်ကွက်မှုတွေကြောင့် တချို့ စိုးရိမ်ပူပန်နေတာ ဖြစ်နိုင်တယ်။ ဘုရင်ဒါဝိဒ်လည်း ‘ကိုယ့်အမှားတွေဟာ ခေါင်းကို လွှမ်းမိုး’ နေတယ်လို့ ခံစားခဲ့ရတယ်။ “ရင်ထဲ မချိအောင် ခံစားရလို့ အော်ဟစ်ညည်းတွားနေရတယ်” လို့ ဝန်ခံခဲ့တယ်။ (ဆာ. ၃၈:၃၊ ၄၊ ၈၊ ၁၈) ဒါဝိဒ် ဘာလုပ်ခဲ့သလဲ။ ယေဟောဝါရဲ့ ကရုဏာနဲ့ ခွင့်လွှတ်မှုကို ယုံကြည်စိတ်ချခဲ့တယ်။ (ဆာ. ၃၂:၂၊ ၃၊ ၅) တစ်ခါတလေ လက်ရှိအတွက် စိုးရိမ်ပူပန်နေတာ ဖြစ်နိုင်တယ်။ ဆာလံ ၅၅ ကို ဒါဝိဒ် ရေးသားချိန်မှာ အသက်ဘေးအတွက် စိုးရိမ်ပူပန်နေတယ်။ (ဆာ. ၅၅:၂-၅) ဒါပေမဲ့ စိုးရိမ်ပူပန်မှုကြောင့် ယေဟောဝါအပေါ် စိတ်ချမှု မပျောက်သွားခဲ့ဘူး။ ပြဿနာတွေအကြောင်း ရင်ဖွင့်ဆုတောင်းပြီး တစ်ချိန်တည်းမှာ စိုးရိမ်ပူပန်မှုကို ဖြေရှင်းဖို့ လက်တွေ့ကျကျ လုပ်ဆောင်ခဲ့တယ်။ (၂ ရှ. ၁၅:၃၀-၃၄) ဒါဝိဒ်ဆီကနေ သင်ယူပါ။ စိုးရိမ်ပူပန်မှုရဲ့ လွှမ်းမိုးမှုကို ခံမယ့်အစား အခြေအနေကို ဖြေရှင်းဖို့ လက်တွေ့ကျကျ လုပ်ဆောင်ပြီး ယေဟောဝါရဲ့ လက်ထဲ ယုံကြည်စိတ်ချစွာ ပုံအပ်လိုက်ပါ။ w16.12 ၃:၁၄၊ ၁၅
သောကြာနေ့၊ ဖေဖော်ဝါရီ ၂၃
ယေဟောဝါဘုရားကို ကျွန်တော် ပြစ်မှားမိပါပြီ။ —၂ ရှ. ၁၂:၁၃။
ယေဟောဝါရဲ့ ကိုယ်စားလှယ် ပရောဖက်နာသန် ဆုံးမတာကို ဒါဝိဒ် လက်ခံခဲ့တယ်။ ယေဟောဝါဆီ အပြစ်တွေကို ဝန်ချတောင်းပန်ပြီး မျက်နှာသာတော် ပြန်ရချင်တဲ့ဆန္ဒကို စိတ်ရင်းမှန်နဲ့ ဆုတောင်းဖော်ပြခဲ့တယ်။ (ဆာ. ၅၁:၁-၁၇) အပြစ်ကြောင့် စိတ်ပျက်လက်ပျက် ဖြစ်နေမယ့်အစား အမှားတွေကနေ သင်ယူခဲ့တယ်။ အဲဒီကြီးလေးတဲ့အပြစ်တွေကို ထပ်မကျူးလွန်တော့ဘူး။ နှစ်တွေကြာပြီးတဲ့နောက်မှာ ဒါဝိဒ် သစ္စာရှိရှိ သေဆုံးခဲ့တယ်။ သူ့ရဲ့ သစ္စာရှိ မှတ်တမ်းဟာ ယေဟောဝါရဲ့ မှတ်ဉာဏ်မှာ စွဲထင်ကျန်ရစ်ခဲ့တယ်။ (ဟီ. ၁၁:၃၂-၃၄) ဒါဝိဒ်ရဲ့ ပုံသက်သေကနေ ဘာသင်ယူနိုင်သလဲ။ ကြီးလေးတဲ့အပြစ် လုပ်မိတဲ့အခါ စိတ်ရင်းမှန်နဲ့ နောင်တယူဖို့၊ ယေဟောဝါရဲ့ ခွင့်လွှတ်မှုကို တောင်းခံဖို့ လိုတယ်။ ဘုရားဆီ အပြစ်တွေကို ဝန်ချတောင်းပန်ရမယ်။ (၁ ယော. ၁:၉) ဘုရားနဲ့ ဆက်ဆံရေး ပြန်ကောင်းလာအောင် ကူညီပေးနိုင်တဲ့ အကြီးအကဲတွေဆီ ချဉ်းကပ်ဖို့လည်း လိုတယ်။ (ယာ. ၅:၁၄-၁၆) ယေဟောဝါရဲ့ အစီအစဉ်တွေအတိုင်း လုပ်ဆောင်ခြင်းအားဖြင့် ခွင့်လွှတ်မယ်ဆိုတဲ့ကတိကို ယုံကြည်စိတ်ချကြောင်း တင်ပြကြတယ်။ အမှားတွေကနေ သင်ယူပြီး ယေဟောဝါရဲ့ အမှုတော်မှာ ယုံကြည်စိတ်ချမှုအပြည့်နဲ့ ဆက်ပါဝင်နေသင့်တယ်။—ဟီ. ၁၂:၁၂၊ ၁၃။ w17.01 ၁:၁၃၊ ၁၄
စနေနေ့၊ ဖေဖော်ဝါရီ ၂၄
ရောင့်တက်တဲ့ လုပ်ရပ်တွေ မလုပ်မိအောင် ကျွန်တော်မျိုးကို တားဆီးပေးပါ။—ဆာ. ၁၉:၁၃။
‘ရောင့်တက်တဲ့လုပ်ရပ်’ ဆိုတာ ဘာလဲ။ လုပ်ပိုင်ခွင့် မရှိတဲ့အရာကို အလျင်စလို၊ မဆင်မခြင် လုပ်တာဟာ ရောင့်တက်တာ ဖြစ်တယ်လို့ အဓိပ္ပာယ် ဖွင့်ဆိုထားတယ်။ ကျွန်တော်တို့အားလုံး အပြစ်ကို အမွေရထားတဲ့အတွက် တစ်ခါတလေ ရောင့်တက်စွာ ပြုမူတတ်ကြတယ်။ ဒါပေမဲ့ ဘုရင်ရှောလုအဖြစ်က ဖော်ပြတဲ့အတိုင်း တဇွတ်ထိုး လုပ်တတ်တဲ့အကျင့် ရှိလာပြီဆိုရင် အနှေးနဲ့ အမြန် ဘုရားသခင်နဲ့ ဆက်ဆံရေး ထိခိုက်လာပါလိမ့်မယ်။ ဆာလံ ၁၁၉:၂၁ မှာ ယေဟောဝါက ‘ရောင့်တက်သူတွေကို ပြစ်တင်ဆုံးမတယ်’ လို့ ဖော်ပြထားတာ ဘာကြောင့်လဲ။ ရောင့်တက်တဲ့လုပ်ရပ်ဟာ မသိဘဲ အမှားလုပ်မိတာထက် အပြစ်ကြီးတယ်။ ပထမ၊ ကျိုးနွံမှု မဲ့လာတဲ့အခါ အချုပ်အခြာအာဏာပိုင်ရှင်အဖြစ် ယေဟောဝါကို ဂုဏ်တင်ဖို့ ပျက်ကွက်လာတတ်တယ်။ ဒုတိယ၊ လုပ်ပိုင်ခွင့်ကို ကျော်လွန်ပြီး လုပ်တဲ့အတွက် တခြားသူတွေနဲ့ ပြဿနာ ဖြစ်လာနိုင်တယ်။ (ပညာ. ၁၃:၁၀) တတိယ၊ ရောင့်တက်စွာ ပြုမူမှန်း ထင်ရှားလာတဲ့အခါ မျက်နှာပျက် အရှက်ကွဲနိုင်တယ်။ (လု. ၁၄:၈၊ ၉) ရောင့်တက်တဲ့လုပ်ရပ်တွေက အဆုံးသတ် မလှတတ်ဘူး။ ကျမ်းစာမှာ ဖော်ပြတဲ့အတိုင်း ကျိုးနွံမှုကသာ အမြဲ မှန်ကန်တဲ့ လမ်းစဉ် ဖြစ်တယ်။ w17.01 ၃:၄၊ ၅
တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၂၅
သူတို့ အကျင့်ပျက်ကြတယ်။ ဘုရားရဲ့သားသမီး မဟုတ်ဘူး။ အဲဒီလိုဖြစ်ရတာ ကိုယ့်အပြစ်နဲ့ကိုယ်ပဲ။ —တရား. ၃၂:၅။
အာဒံဟာ မစုံလင်တော့တဲ့အတွက် ဘုရားသခင့် အရည်အသွေးတွေကို ပြည့်ဝစုံလင်စွာ မတင်ပြနိုင်တော့ဘူး။ ကိုယ်တိုင်ရဲ့ အံ့ဖွယ်အနာဂတ် ဆုံးရှုံးသွားရုံသာမက သားသမီးတွေကိုလည်း မစုံလင်မှု၊ အပြစ်၊ သေခြင်း လက်ဆင့်ကမ်းပေးခဲ့တယ်။ (ရော. ၅:၁၂) သားသမီးတွေ အဆုံးမဲ့အသက်တာ ရရှိနိုင်မယ့် အလားအလာ ဆုံးရှုံးစေခဲ့တယ်။ အာဒံနဲ့ ဧဝသာမက သူတို့ရဲ့ သားသမီးတွေလည်း စုံလင်တဲ့ သားသမီးတွေ မမွေးဖွားနိုင်တော့ဘူး။ ဘုရားသခင်ကို အာဒံနဲ့ ဧဝတို့ ကျောခိုင်းပြီးတဲ့နောက် ဒီနေ့အထိ လူသားတွေကို စာတန် ဆက်လှည့်ဖြားနေခဲ့တယ်။ (ယော. ၈:၄၄) လူသားတွေကို ဘုရားသခင် ချစ်နေတုန်းပါပဲ။ အာဒံနဲ့ ဧဝ ပုန်ကန်သွားပေမဲ့ ယေဟောဝါက လူသားတွေကို မိမိနဲ့ ကောင်းတဲ့ဆက်ဆံရေး ရှိစေချင်တယ်။ ဘယ်သူ့ကိုမှ မသေစေချင်ဘူး။ (၂ ပေ. ၃:၉) ဒါကြောင့် ပုန်ကန်မှုပြီးပြီးချင်း လူသားတွေ မိမိနဲ့ မိတ်ဆွေ ပြန်ဖြစ်စေနိုင်အောင်၊ တစ်ချိန်တည်းမှာ မိမိရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို စောင့်ထိန်းရာရောက်အောင် စီစဉ်ခဲ့တယ်။ ယေဟောဝါ ဘယ်လို စီစဉ်ခဲ့သလဲ။—ယော. ၃:၁၆။ w17.02 ၁:၁၂-၁၄
တနင်္လာနေ့၊ ဖေဖော်ဝါရီ ၂၆
အကြံဉာဏ် တောင်းခံသူတွေဆီမှာတော့ ဉာဏ်ပညာရှိတယ်။—ပညာ. ၁၃:၁၀။
ဘုရားသခင်ကို တုပတဲ့အနေနဲ့ တခြားသူတွေရဲ့ ကောင်းကွက်ကို ရှာဖွေတဲ့အခါ ယေဟောဝါရဲ့ အစီအစဉ်အတွင်း ကိုယ့်နေရာကို ပိုတန်ဖိုးထား လေးမြတ်လာပါလိမ့်မယ်။ အာရုံစိုက်ခံရဖို့၊ အမြဲဆရာလုပ်ဖို့ ကြိုးစားမယ့်အစား တခြားသူတွေရဲ့ အကြံဉာဏ်ကို ကျိုးနွံစွာ တောင်းခံပြီး လက်ခံတတ်လာပါလိမ့်မယ်။ တခြားသူတွေ အခွင့်ထူးတွေ ရရှိတဲ့အခါ သူတို့နဲ့အတူ ဝမ်းမြောက်ပါလိမ့်မယ်။ ‘လောကတွင်ရှိသော ညီအစ်ကိုအသင်းအပင်းတစ်ရပ်လုံး’ ကို ယေဟောဝါ ဘယ်လို ကောင်းချီးပေးနေမှန်း တွေ့ရတဲ့အခါ ကိုယ်တော့်ကို ချီးမွမ်းပါလိမ့်မယ်။ (၁ ပေ. ၅:၉) ကျမ်းစာမူတွေနဲ့အညီ သိစိတ်ကို လေ့ကျင့်ခြင်းအားဖြင့်လည်း ပိုယဉ်ကျေးသိမ်မွေ့ပြီး လေးစားတတ်လာပါလိမ့်မယ်။ ယေဟောဝါ စဉ်းစားသလို စဉ်းစားတတ်ဖို့ ကျိုးနွံစွာ သင်ယူခြင်းအားဖြင့် ကောင်းကောင်း ဝေဖန်ပိုင်းခြားတတ်လာပါလိမ့်မယ်။ ပုံမှန် လေ့လာခြင်း၊ ဆုတောင်းခြင်း၊ သိရှိလာတာတွေကို ကျင့်သုံးခြင်းအားဖြင့် သိစိတ် တဖြည်းဖြည်း အားကောင်းလာနိုင်တယ်။ (၁ တိ. ၁:၅) တခြားသူတွေကို ဦးစားပေးတတ်လာမယ်။ ကိုယ့်အပိုင်းကို လုပ်ဆောင်မယ်ဆိုရင် ယေဟောဝါက “လေ့ကျင့်မှုကို အဆုံးသတ်စေ” မယ်၊ ကျိုးနွံမှုနဲ့ တခြားအရည်အသွေးကောင်းတွေ ရှိလာအောင် ကူညီပေးမယ်လို့ ကတိပေးထားတယ်။—၁ ပေ. ၅:၁၀။ w17.01 ၄:၁၇၊ ၁၈
အင်္ဂါနေ့၊ ဖေဖော်ဝါရီ ၂၇
ကောင်းကောင်းမွန်မွန် ဦးစီးနေတဲ့ အကြီးအကဲတွေ၊ အထူးသဖြင့် တရားစကားအကြောင်း ပြောဆိုခြင်း၊ သွန်သင်ခြင်းတွေမှာ ကြိုးစားလုပ်ဆောင်နေသူတွေကို ရိုသေလေးစားမှု နှစ်ဆခံထိုက်သူတွေလို့ ယူမှတ်ပါ။—၁ တိ. ၅:၁၇။
ယုံကြည်သူချင်းတွေကို ဂုဏ်တင်လေးစားထိုက်ပါတယ်။ အထူးသဖြင့် ဦးဆောင်နေတဲ့ အကြီးအကဲတွေကိုပါပဲ။ သူတို့ရဲ့ လူမျိုးရေး၊ ပညာရေး၊ လူမှုရေး၊ ငွေရေးကြေးရေး အခြေအနေ ဘယ်လိုပဲ ရှိပါစေ ကျွန်တော်တို့ ဂုဏ်တင်ကြတယ်။ သူတို့ကို “လူ့အသွင်ဆုများ” လို့ ကျမ်းစာမှာ ခေါ်ဆိုထားတယ်။ မိမိလူမျိုးရဲ့ လိုအပ်ရာတွေကို ဂရုစိုက်ပေးတဲ့ ဘုရားသခင့် အစီအစဉ်မှာ အဓိကကျသူတွေ ဖြစ်တယ်။ (ဧ. ၄:၈) အသင်းတော် အကြီးအကဲ၊ တိုက်နယ်ကြီးကြပ်မှူး၊ ဌာနခွဲ ကော်မတီဝင်၊ အုပ်ချုပ်ရေး အဖွဲ့ဝင်တွေအကြောင်း စဉ်းစားကြည့်ပါ။ ပထမရာစု ညီအစ်ကို/မတွေဟာ ဦးဆောင်ဖို့ ခန့်အပ်ခံရသူတွေကို အလွန်လေးစားခဲ့ကြတယ်။ ကျွန်တော်တို့လည်း အလားတူပါပဲ။ ခရစ်ယာန်အသင်းတော်ရဲ့ ထင်ပေါ်တဲ့ ကိုယ်စားလှယ်တွေကို အမြတ်တနိုး မကိုးကွယ်ဘူး။ ကောင်းကင်တမန်တစ်ပါးလို မဆက်ဆံဘူး။ ဒါပေမဲ့ သူတို့ရဲ့ အလုပ်ကြိုးစားမှုနဲ့ နှိမ့်ချမှုအတွက် လေးစားဂုဏ်တင်ကြပါတယ်။—၂ ကော. ၁:၂၄။ ဗျာ. ၁၉:၁၀။ w17.03 ၁:၁၃
ဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီ ၂၈
ကျွန်တော့်ကို ကောင်းမြတ်တဲ့ ဆရာဆိုပြီး ဘာလို့ ခေါ်တာလဲ။ ဘုရားသခင်ကလွဲလို့ ကောင်းမြတ်တဲ့သူ ဘယ်သူမှ မရှိဘူး။—မာ. ၁၀:၁၈။
ယုဒပြည်ရဲ့ ခေါင်းဆောင်၊ ဘုရင် ဖြစ်လာတဲ့ ဟေရုဒ် အဂရိပ္ပမင်းနဲ့ ယေရှု ကွာခြားလိုက်လေခြင်း။ သံတမန် အစည်းအဝေးတစ်ခုမှာ ဟေရုဒ်ဟာ “မင်းဝတ်တန်ဆာ” ဝတ်ဆင်ထားတယ်။ သူ့ကို ကြည်ညိုလေးစားတဲ့လူအုပ်က “ဒါ လူရဲ့အသံ မဟုတ်ဘူး။ ဘုရားရဲ့ အသံပဲ” လို့ကြွေးကြော်ကြတယ်။ ချီးမွမ်းခံရတာကို ဟေရုဒ် သဘောကျခဲ့တယ်။ “ချက်ချင်းပဲ သူ့ကို ယေဟောဝါရဲ့ ကောင်းကင်တမန် ဒဏ်ခတ်လိုက်တဲ့အတွက် သန်ကောင်ထိုးပြီး ကွယ်လွန်သွားတယ်။ ဘုရားသခင်ပဲ ရထိုက်တဲ့ ချီးမွမ်းဂုဏ်တင်မှုကို သူခံယူခဲ့လို့ပဲ။” (တ. ၁၂:၂၁-၂၃) မှန်မှန်ကန်ကန် ရှုမြင်တတ်တဲ့ လေ့လာသူတွေကတော့ ဟေရုဒ်ကို ခေါင်းဆောင်အဖြစ် ယေဟောဝါ မရွေးချယ်ဘူးလို့ ကောက်ချက်ချမှာပဲ။ ယေရှုကတော့ ဘုရားသခင် ခန့်အပ်ထားသူဖြစ်ကြောင်း ယုံကြည်စိတ်ချရတဲ့ အထောက်အထား တင်ပြခဲ့တယ်။ ယေဟောဝါကို မိမိလူမျိုးရဲ့ အကြီးမြတ်ဆုံး ခေါင်းဆောင်အဖြစ် အမြဲတမ်း ဂုဏ်တင်ခဲ့တယ်။ ယေရှုရဲ့ ခေါင်းဆောင်မှုဟာ နှစ်အနည်းငယ်အတွက်ပဲ မဟုတ်ဘူး။ ရှင်ပြန်ထမြောက်ပြီးနောက်မှာ “ကောင်းကင်မှာရော မြေကြီးမှာပါ အခွင့်အာဏာရှိသမျှကို ကျွန်တော့်ကို ပေးထားပြီ။ . . . လောကစနစ်နိဂုံးပိုင်း အထိ ခင်ဗျားတို့နဲ့အတူ ကျွန်တော် အမြဲရှိနေမယ်” လို့ပြောခဲ့တယ်။—မ. ၂၈:၁၈-၂၀။ w17.02 ၃:၂၀၊ ၂၁