မတ်
ကြာသပတေးနေ့၊ မတ် ၁
ယေဖသကို . . . နှင်ထုတ်ကြတယ်။—သူကြီး. ၁၁:၂။
ယေဖသရဲ့ ညီတွေဟာ သူ့ကို မနာလိုဖြစ်ပြီး မုန်းတီးတဲ့အတွက် သားဦးအဖြစ် သူပိုင်ထိုက်တဲ့အမွေမြေကနေ နှင်ထုတ်လိုက်ကြတယ်။ (သူကြီး. ၁၁:၁-၃) ဒါပေမဲ့ အကူအညီ လာတောင်းတဲ့အခါ သူ ချက်ချင်း ကူညီပေးခဲ့တယ်။ (သူကြီး. ၁၁:၄-၁၁) ယေဟောဝါရဲ့ နာမည်နဲ့ ယေဟောဝါရဲ့ လူမျိုးအတွက် တိုက်ခိုက်ခြင်းက သူ့အတွက် ပုဂ္ဂိုလ်ရေးမပြေလည်မှုတွေထက် ပိုအရေးကြီးတယ်။ ဒါကြောင့် ယေဟောဝါကို ဆက်ယုံကြည်ကိုးစားဖို့ သူ စိတ်ပိုင်းဖြတ်ထားတယ်။ အဲဒီ သဘောထားကြောင့် ကိုယ်တိုင်ရော၊ တခြားသူတွေပါ ယေဟောဝါရဲ့ ကောင်းချီး ခံစားခဲ့ရတယ်။ (ဟီ. ၁၁:၃၂၊ ၃၃) ယေဖသရဲ့ ပုံနမူနာကနေ ကျွန်တော်တို့ သင်ယူမလား။ ကိုယ့်ကို ညီအစ်ကိုညီအစ်မတွေ စိတ်ပျက်အောင်လုပ်တဲ့အခါ၊ ကောင်းကောင်း မဆက်ဆံဘူးလို့ ထင်ရတဲ့အခါ ဘာလုပ်ကြမလဲ။ စိတ်ထိခိုက်ပြီး ယေဟောဝါကို ဝတ်မပြုတော့တာ၊ အစည်းအဝေးတွေ မတက်တော့တာ၊ အသင်းဏတော်နဲ့ မပူးပေါင်းတော့တာမျိုး မဖြစ်အောင် ဂရုပြုသင့်တယ်။ ယေဖသကို တုပတဲ့အနေနဲ့ ယေဟောဝါကို ဆက်နာခံကြပါစို့။ ဒီနည်းအားဖြင့် စိတ်ပျက်စရာ အခြေအနေတွေကို ကျော်လွှားနိုင်မှာဖြစ်ပြီး တခြားသူတွေအတွက် ပုံနမူနာကောင်း ဆက်ဖြစ်နိုင်ပါလိမ့်မယ်။—ရော. ၁၂:၂၀၊ ၂၁။ ကော. ၃:၁၃။ w16.04 ၁:၇၊ ၉၊ ၁၀
သောကြာနေ့၊ မတ် ၂
အရှုံးမပေးဘူး။—၂ ကော. ၄:၁။
ကျွန်တော်တို့ဟာ ခဏတစ်ဖြုတ်မဟုတ်ဘဲ အဆုံးအထိ ခံနိုင်ရည်ရှိရမယ်။ တအိအိနစ်မြုပ်နေတဲ့ သင်္ဘောတစ်စီးကို မြင်ယောင်ကြည့်ပါ။ အသက်လွတ်ဖို့ဆိုရင် ခရီးသည်တွေဟာ ကမ်းစပ်ရောက်အောင် ရေကူးရမှာဖြစ်တယ်။ အစကတည်းက လက်လျှော့လိုက်သူရော ကမ်းစပ်ရောက်ခါနီးမှာ လက်လျှော့လိုက်သူပါ အဖြစ်ဆိုးတစ်မျိုးတည်းကို ရင်ဆိုင်ရပါလိမ့်မယ်။ အဲဒီ လိုပဲ ကျွန်တော်တို့လည်း ကမ္ဘာသစ်မှာ နေထိုင်ချင်ရင် ခံနိုင်ရည်ရှိဖို့ လိုအပ်တယ်။ “ငါတို့သည် အရှုံးမပေးကြ” လို့ ပြောခဲ့တဲ့ တမန်တော်ပေါလုရဲ့ သဘောထားကို မွေးမြူကြပါစို့။ (၂ ကော. ၄:၁၊ ၁၆) အဆုံးအထိ ခံနိုင်ရည်ရှိဖို့ ယေဟောဝါ ကူညီပေးမယ်ဆိုတာ ပေါလုလိုပဲ ကျွန်တော်တို့ အကြွင်းမဲ့ ယုံကြည်စိတ်ချနိုင်တယ်။ ပေါလု အခုလို ရေးခဲ့တယ်– “ကျွန်တော်တို့ကိုချစ်တဲ့ သခင်အားဖြင့် အဲဒါတွေအားလုံးကို အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ကြတယ်။ ဘာကြောင့်လဲဆိုတော့ သေခြင်းဖြစ်စေ၊ ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အစိုးရအာဏာဖြစ်စေ၊ လက်ရှိအရာဖြစ်စေ၊ နောင်လာမယ့်အရာဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဖန်ဆင်းရာတွေဖြစ်စေ သခင် ခရစ်တော်ယေရှုကတစ်ဆင့် ဘုရားသခင်ပြတဲ့မေတ္တာကို ကျွန်တော်တို့ မခံစားရအောင် ဘယ်အရာကမှ မတားဆီးနိုင်မှန်း ကျွန်တော် တထစ်ချယုံတယ်။”—ရော. ၈:၃၇-၃၉။ w16.04 ၂:၁၇၊ ၁၈
စနေနေ့၊ မတ် ၃
တစ်ယောက်ယောက်က ဉာဏ်ပညာလိုနေရင် ဘုရားသခင်ဆီ တောင်းမြဲတောင်းပါ။ . . . ဉာဏ်ပညာပေးလိမ့်မယ်။—ယာ. ၁:၅။
ကြားနေဖို့ အခက်တွေ့စေနိုင်တဲ့ အခြေအနေတွေကို သိမှတ်နိုင်အောင်၊ ဖြေရှင်းနိုင်အောင် ဉာဏ်ပညာပေးဖို့လည်း ယေဟောဝါဆီ ဆုတောင်းပါ။ တကယ်လို့ သင်က ယေဟောဝါအပေါ် သစ္စာစောင့်သိတဲ့အတွက် ထောင်ချခံရတယ် ဒါမှမဟုတ် တစ်နည်းနည်းနဲ့ ဒဏ်ပေးခံရတယ်ဆိုရင် ကိုယ့်ယုံကြည်ချက်ကို လူတွေရှေ့မှာ သတ္တိရှိရှိ ခုခံကာကွယ်နိုင်အောင် ခွန်အားပေးဖို့ ဆုတောင်းပါ။ ခံရပ်နိုင်အောင် ယေဟောဝါ ကူညီပေးမယ်ဆိုတာ သင် စိတ်ချနိုင်ပါတယ်။ (တ. ၄:၂၇-၃၁) ယေဟောဝါက ကျွန်တော်တို့ကို ခွန်အားပေးဖို့ ကျမ်းစာပေးထားတယ်။ ကြားနေနိုင်အောင် ကူညီပေးမယ့်ကျမ်းချက်တွေကို တွေးတောဆင်ခြင်ပါ။ အလွတ်ကျက်မှတ်ထားဖို့ ကြိုးစားပါ။ ကျမ်းစာအုပ် မရနိုင်တော့တဲ့အချိန်မှာ သင့်ကို အထောက်အကူပြုပါလိမ့်မယ်။ ကျမ်းစာက အနာဂတ်နဲ့ပတ်သက်တဲ့ ဘုရားသခင့်ကတိတွေအပေါ် သင့်မျှော်လင့်ချက် ခိုင်မာနေအောင်လည်း ကူညီပေးနိုင်တယ်။ အဲဒီမျှော်လင့်ချက်ရှိမှ နှိပ်စက်ညှဉ်းပန်းမှုကို ခံရပ်နိုင်မယ်။ (ရော. ၈:၂၅) ကမ္ဘာသစ်မှာ သင် အထူးတလည် ခံစားချင်တဲ့ ကောင်းချီးတွေအကြောင်း ဖော်ပြထားတဲ့ကျမ်းချက်တွေကို ရွေးချယ်ပါ။ ကမ္ဘာသစ်မှာ အဲဒီ ကောင်းချီးတွေခံစားနေရတယ်လို့ ကိုယ့်ကိုယ်ကိုယ် မြင်ယောင်ကြည့်ပါ။ w16.04 ၄:၁၄၊ ၁၅
တနင်္ဂနွေနေ့၊ မတ် ၄
အခမဲ့ရထားတဲ့အတွက် အခမဲ့ပေးကမ်းကြပါ။ —မ. ၁၀:၈။
ခရစ်ယာန်ဘောင် ဓမ္မဆရာတွေက ဘုရားသခင့်နိုင်ငံတော်အကြောင်း မဟောကြဘူး။ ဟောပြန်ရင်လည်း နိုင်ငံတော်ဟာ လူတစ်ယောက်ရဲ့ နှလုံးသားထဲမှာရှိတဲ့ ခံစားချက် ဖြစ်တယ်လို့ ပြောကြတယ်။ (လု. ၁၇:၂၁) နိုင်ငံတော်ဟာ ယေရှု အုပ်ချုပ်နေတဲ့ ကောင်းကင်အစိုးရဖြစ်ပြီး လူ့ပြဿနာအားလုံးကို ဖြေရှင်းပေးမယ်၊ မြေကြီးပေါ်က ဆိုးသွမ်းမှုအားလုံးကို မကြာခင် ဖယ်ရှားပေးတော့မယ်ဆိုပြီး လူတွေကို သူတို့ မသင်ပေးဘူး။ (ဗျာ. ၁၉:၁၁-၂၁) အဲဒီ အစား ခရစ္စမတ်ပွဲ ဒါမှမဟုတ် အီစတာပွဲမှာပဲ ယေရှုအကြောင်း ပြောလေ့ရှိတယ်။ ဘုရားသခင့် နိုင်ငံတော်ရဲ့ ဘုရင်အဖြစ် ယေရှုလုပ်ဆောင်မယ့်အရာတွေကို ခရစ်ယာန်ဘောင် ဓမ္မဆရာတွေ မသိတာ ထင်ရှားတယ်။ ဘာအကြောင်းရင်းကြောင့် ဟောရမယ်ဆိုတာကိုလည်း မသိတာ မဆန်းပါဘူး။ ငွေရဖို့ ဒါမှမဟုတ် ခမ်းနားထည်ဝါတဲ့ အဆောက်အအုံကြီးတွေ ဆောက်နိုင်ဖို့အတွက် မဖြစ်သင့်ဘူး။ ဟောပြောခြင်းလုပ်ငန်းကို စီးပွားရေးလုပ်ငန်းအဖြစ် မလုပ်ကိုင်သင့်ဘူး။ (၂ ကော. ၂:၁၇) နိုင်ငံတော်သတင်း ဟောပြောတဲ့သူတွေဟာ ကိုယ်ကျိုးအတွက် လုပ်တာမျိုး မဖြစ်သင့်ဘူး။—တ. ၂၀:၃၃-၃၅။ w16.05 ၂:၇၊ ၈
တနင်္လာနေ့၊ မတ် ၅
လူတိုင်း ကိုယ့်အကျိုးကို မရှာဘဲ သူတစ်ပါးအကျိုးကို ရှာကြပါ။—၁ ကော. ၁၀:၂၄။
အဝတ်အစားပုံစံတစ်ခုကို ကိုယ်သိပ်ကြိုက်ပေမဲ့ အသင်းတော်မှာရှိတဲ့သူတချို့ ကြိုက်မှာမဟုတ်ဘူးဆိုတာ သင် သိတယ်။ ဒီအဝတ်အစားပုံစံကို တားမြစ်ထားတဲ့ ကျမ်းစာပညတ်လည်း အတိအကျ မရှိဘူး။ ဒါဆို ယေဟောဝါရဲ့ စဉ်းစားပုံကို ဘယ်လို သိနိုင်မလဲ။ “အမျိုးသမီးတွေကလည်း ဣန္ဒြေရှိရှိ၊ ချင့်ချိန်မှုရှိရှိနဲ့ တော်ရုံသင့်ရုံပဲ ဝတ်စားဆင်ယင်ကြပါ။ ဆံပင်ကို အမျိုးမျိုးထုံးဖွဲ့နေတာ၊ ရွှေတွေ၊ ပုလဲတွေ၊ တန်ဖိုးကြီးအဝတ်တွေ ဆင်ယင်နေတာမျိုး မလုပ်ဘဲ၊ ဘုရားသခင်ကို ကြည်ညိုတယ်ဆိုတဲ့ အမျိုးသမီးတွေ ဆင်ယင်သင့်တဲ့ ပုံစံအတိုင်း ဆင်ယင်ကြပါ” လို့ တမန်တော် ပေါလု ပြောတယ်။ (၁ တိ. ၂:၉၊ ၁၀) ဒီအကြံဉာဏ်က အမျိုးသားတွေနဲ့လည်း သက်ဆိုင်တယ်။ ယေဟောဝါဆီ ဆက်ကပ်အပ်နှံထားတဲ့ ကျေးကျွန်တွေအနေနဲ့ ကျွန်တော်တို့ဟာ ကိုယ့်အကြိုက်ကိုပဲ ဦးစားမပေးဘူး။ ကိုယ့်ရွေးချယ်မှုကြောင့် တခြားသူတွေ ဘယ်လို ထိခိုက်မလဲဆိုတာကိုပါ ထည့်စဉ်းစားတယ်။ ကျွန်တော်တို့ဟာ ဣန္ဒြေရှိပြီး မေတ္တာရှိမယ်ဆိုရင် ညီအစ်ကိုညီအစ်မတွေကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မှာမဟုတ်ဘူး။—၁ ကော. ၁၀:၂၃။ ဖိ. ၃:၁၇။ w16.05 ၃:၁၄
အင်္ဂါနေ့၊ မတ် ၆
ယေဟောဝါ၊ ကိုယ်တော်ဟာ ကျွန်တော်တို့ရဲ့ ဖခင်ပါ။ ကိုယ်တော်ဟာ အိုးထိန်းသမား၊ ကျွန်တော်တို့ဟာ ရွှံ့မြေပါ။—ဟေရှာ. ၆၄:၈။
အာဒံဟာ ဖန်ဆင်းရှင်ယေဟောဝါကို ပုန်ကန်ချိန်မှာ ဘုရားသခင့်သားဖြစ်ခွင့် ဆုံးရှုံးခဲ့တယ်။ ဒါပေမဲ့ အာဒံရဲ့ သားစဉ်မြေးဆက်များစွာကတော့ ရာစုနှစ်တွေတစ်လျှောက် ယေဟောဝါရဲ့ အချုပ်အခြာအာဏာကို ထောက်ခံခဲ့ကြတယ်။ (ဟီ. ၁၂:၁) ဖန်ဆင်းရှင်ကို နှိမ့်ချစွာ နာခံခြင်းအားဖြင့် စာတန်ကိုမဟုတ်ဘဲ ဘုရားသခင်ကို သူတို့ရဲ့ ဖခင်နဲ့ အိုးထိန်းရှင်ဖြစ်စေချင်မှန်း ဖော်ပြနေကြတယ်။ (ယော. ၈:၄၄) သူတို့ရဲ့ သစ္စာစောင့်သိမှုက ဒီနေ့ကျမ်းချက်ပါ ဒီစကားတွေကို အမှတ်ရစေတယ်။ ယေဟောဝါကို ဝတ်ပြုနေတဲ့ ဒီနေ့ခေတ် ခရစ်ယာန်တွေလည်း နှိမ့်ချဖို့၊ နာခံဖို့ အတတ်နိုင်ဆုံး ကြိုးစားနေကြတယ်။ ယေဟောဝါကို အဖေလို့ ခေါ်ခွင့်ရတာကို အခွင့်ထူးအဖြစ် ယူမှတ်ပြီး သူတို့ရဲ့ အိုးထိန်းရှင် ဖြစ်စေချင်ကြတယ်။ သင်ဟာ ကိုယ့်ကိုယ်ကိုယ် ဘုရားသခင့်လက်ထဲက ပျော့ပျောင်းတဲ့ရွှံ့မြေအဖြစ် သဘောထားသလား။ ဘုရားနှစ်သက်တဲ့ အိုးအဖြစ် ပုံသွင်းခံဖို့ လိုလိုလားလားရှိသလား။ ညီအစ်ကိုညီအစ်မယောက်တိုင်းကိုလည်း ဘုရားသခင် ပုံသွင်းပေးနေဆဲအိုးတွေအဖြစ် သဘောထားသလား။ w16.06 ၁:၂၊ ၃
ဗုဒ္ဓဟူးနေ့၊ မတ် ၇
ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်း ခိုင်မြဲနေမနေ အမြဲဆန်းစစ်ပါ။—၂ ကော. ၁၃:၅။
ကမ္ဘာသစ် နီးလာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်း စမ်းသပ်ခံနေရတယ်။ ဒါကြောင့် ကိုယ့်ယုံကြည်ခြင်း ဘယ်လောက်ခိုင်မာတယ်ဆိုတာ ဆန်းစစ်ဖို့ လိုအပ်တယ်။ ဥပမာ၊ မဿဲ ၆:၃၃ မှာပါတဲ့ ယေရှုရဲ့စကားတွေကို ကျွန်တော်တို့ ဘယ်လို သဘောထားတယ်ဆိုတာ ဆန်းစစ်နိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် အခုလို မေးကြည့်ပါ– ‘ငါဦးစားထားတဲ့အရာတွေ၊ ငါ့ဆုံးဖြတ်ချက်တွေက ယေရှုရဲ့စကားကို ငါ တကယ်ယုံကြည်မှန်း ဖော်ပြနေသလား။ အစည်းအဝေးတွေ၊ အမှုဆောင်တွေ အပျက်ခံပြီး ငွေ ပိုရှာနေသလား။ အချိန်နဲ့ ခွန်အား ပိုစိုက်ထုတ်ဖို့ လောကအလုပ်က ဖိအားပေးလာရင် ဘယ်လိုလုပ်မလဲ။ ယေဟောဝါကို ဝတ်မပြုတော့တဲ့အထိ ဖြစ်သွားအောင် လောက ပုံသွင်းတာ ကို ငါ လက်ခံမလား။’ မကောင်းတဲ့အပေါင်းအသင်း၊ နှင်ထုတ်ခြင်း၊ ဖျော်ဖြေရေး စတာ တွေနဲ့ပတ်သက်တဲ့ ကျမ်းစာစံနှုန်းတွေကို မလိုက်နာဘူးဆိုရင် ကျွန်တော်တို့ရဲ့ စိတ်နှလုံး မာကျောလာနိုင်တယ်။ အဲဒီ လိုဖြစ်လာပြီဆိုရင် ဘာလုပ်သင့်သလဲ။ သင့်ယုံကြည်ခြင်းကို ချက်ချင်း ဆန်းစစ်ဖို့ လိုအပ်တယ်။ သင့်ကိုယ်သင် ရိုးရိုးသားသား ဆန်းစစ်ပါ။ ကျမ်းစာသုံးပြီး သင့်အတွေးအခေါ်ကို အမြဲတည့်မတ်ပေးပါ။ w16.06 ၂:၈၊ ၉
ကြာသပတေးနေ့၊ မတ် ၈
လူနည်းစုလေးဟာ လူတစ်ထောင် ဖြစ်လာမယ်။ အရေးမပါတဲ့သူဟာ အားကြီးတဲ့လူမျိုး ဖြစ်လာမယ်။ —ဟေရှာ. ၆၀:၂၂။
ယေဟောဝါရဲ့ သစ္စာရှိသက်သေတွေနဲ့ ဖွဲ့စည်းထားတဲ့ ထူးခြားတဲ့အဖွဲ့အစည်းတစ်ခု ကမ္ဘာပေါ်မှာ ရှိတယ်။ အဲဒီအဖွဲ့အစည်းကို မစုံလင်သူတွေ၊ အမှားမကင်းသူတွေနဲ့ ဖွဲ့စည်းထားပေမဲ့ သန့်ရှင်းသောစွမ်းအားတော်အားဖြင့် ယေဟောဝါ လမ်းညွှန်ပေးနေတယ်။ ၁၉၁၄ တုန်းက ကမ္ဘာပေါ်မှာ ဘုရားသခင့်ကျေးကျွန် လက်တစ်ဆုပ်စာပဲရှိခဲ့တယ်။ ဒါပေမဲ့ သူတို့ရဲ့ ဟောပြောခြင်းလုပ်ငန်းကို ယေဟောဝါ ကောင်းချီးပေးတယ်။ ရလဒ်အနေနဲ့ လူသန်းပေါင်းများစွာဟာ ကျမ်းစာအမှန်တရား သိလာပြီး ယေဟောဝါသက်သေတွေ ဖြစ်လာကြတယ်။ အဲဒီ အံ့ဖွယ်တိုးတက်မှုအကြောင်း ဒီနေ့ကျမ်းချက်ပါ စကားတွေကို ယေဟောဝါ ကြိုဟောခဲ့တယ်။ အဲဒီ ပရောဖက်ပြုချက် ပြည့်စုံနေတာကို ဒီနေ့ခေတ်မှာ အထင်အရှား တွေ့မြင်နိုင်တယ်။ နိုင်ငံပေါင်းများစွာရဲ့ စုစုပေါင်းလူဦးရေထက် ယေဟောဝါသက်သေဦးရေက ပိုများနေတယ်။ w16.06 ၄:၁၊ ၂
သောကြာနေ့၊ မတ် ၉
ခင်ဗျားတို့ဟာ အဲဒီ ငှက်တွေထက် ပိုတန်ဖိုးရှိတယ် မဟုတ်လား။—မ. ၆:၂၆။
ငှက်တွေကိုတောင် ကောင်းကင်ဖခင် ဂရုစိုက်တယ်ဆိုရင် လူတွေကိုလည်း ဂရုစိုက်မယ်ဆိုတာ ယေရှု ယုံကြည်စိတ်ချတယ်။ (၁ ပေ. ၅:၆၊ ၇) ယေဟောဝါက ကျွန်တော်တို့ပါးစပ်ထဲ အစာခွံ့ကျွေးမှာ မဟုတ်ပေမဲ့ စိုက်ပျိုးဖို့၊ အစားအစာဝယ်နိုင်အောင် ငွေရှာဖို့ ကြိုးစားလုပ်ဆောင်မှုကို ကောင်းချီးပေးပါလိမ့်မယ်။ စားစရာ ဒါမှမဟုတ် ငွေမရှိတဲ့အခါ ကျွန်တော်တို့ကို ကူညီပေးဖို့ တခြားသူတွေကိုလည်း လှုံ့ဆော်ပေးနိုင်တယ်။ ယေဟောဝါက ငှက်တွေအတွက် နေစရာကိုလည်း ပြင်ဆင်ပေးတယ်။ အသိုက်ဆောက်နိုင်စွမ်း ပေးထားတဲ့အပြင် အသိုက်ဆောက်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကိုလည်း ပေးထားတယ်။ ကျွန်တော်တို့ကိုလည်း သင့်တော်တဲ့နေစရာ ရရှိအောင် ကူညီပေးနိုင်ပါတယ်။ ဒီနေ့ကျမ်းချက်ပါ စကားတွေကို ယေရှုပြောတဲ့အခါ လူသားတွေအတွက် မကြာခင် အသက်ပေးတော့မှာကို ယေရှု တွေးနေပုံရတယ်။ (လုကာ ၁၂:၆၊ ၇ နဲ့နှိုင်းယှဉ်ပါ။) မှန်ပါတယ်၊ ငှက်တွေ၊ တခြားတိရစ္ဆာန်တွေအတွက် ယေရှု သေခဲ့တာမဟုတ်ဘူး။ ကျွန်တော်တို့ ထာဝစဉ်အသက်ရှင်နိုင်ဖို့ သေခဲ့တာဖြစ်တယ်။—မ. ၂၀:၂၈။ w16.07 ၁:၁၁-၁၃
စနေနေ့၊ မတ် ၁၀
ခင်ဗျားတို့ဟာ ပညတ်အောက်မှာ မရှိတော့ဘဲ မဟာကရုဏာတော်အောက်မှာ ရှိနေတဲ့အတွက် အပြစ်ကို သခင်တစ်ယောက်လို ကြီးစိုးခွင့် မပြုပါနဲ့တော့။ —ရော. ၆:၁၄။
လူသားတွေ ဘာကြောင့် အပြစ်ရှိပြီး သေဆုံးရတာလဲ။ ‘တစ်ယောက်သောသူ [အာဒံ] ရဲ့အပြစ်ကြောင့်’ အာဒံရဲ့ သားစဉ်မြေးဆက်တွေအပေါ် ‘သေခြင်းတရား အစိုးရ’ တယ်လို့ ကျမ်းစာပြောတယ်။ (ရော. ၅:၁၂၊ ၁၄၊ ၁၇) ဝမ်းသာစရာက အပြစ်ရဲ့ အစိုးရမှု၊ လွှမ်းမိုးမှုကို မခံယူဖို့ ကျွန်တော်တို့ ရွေးချယ်နိုင်တယ်။ ခရစ်တော်ရဲ့ ရွေးနုတ်ဖိုးကို ယုံကြည်ကြောင်း တင်ပြခြင်းအားဖြင့် ယေဟောဝါပြတဲ့ မဟာကရုဏာရဲ့ အစိုးရမှုကို ခံယူကြတယ်။ (ရော. ၅:၂၀၊ ၂၁) အပြစ်သားတွေဖြစ်ပေမဲ့ အပြစ်ရဲ့ အစိုးရမှုကို ခွင့်မပြုရဘူး။ ဒါကြောင့် အမှားလုပ်မိတဲ့အခါ ယေဟောဝါရဲ့ ခွင့်လွှတ်မှုကို ကျွန်တော်တို့ တောင်းခံကြတယ်။ ဘုရားသခင့်မဟာကရုဏာရဲ့ အစိုးရမှုကနေ ဘယ်လို အကျိုးရရှိနိုင်သလဲ။ “အဲဒီကရုဏာက ငါတို့ကို ဘုရားတရားမဲ့တာ တွေ၊ လောကရဲ့ မကောင်းတဲ့ အလိုဆန္ဒတွေကို ငြင်းပယ်တတ်အောင် သင်ပေးတယ်။ လက်ရှိ လောကစနစ်မှာ ချင့်ချိန်တတ်အောင်၊ ဖြောင့်မတ်တဲ့ လမ်းစဉ်အတိုင်း နေထိုင်တတ်အောင်၊ ဘုရားတရား ကိုင်းရှိုင်းတတ်အောင်လည်း သင်ပေးတယ်” လို့ ပေါလုပြောတယ်။—တိ. ၂:၁၁၊ ၁၂။ w16.07 ၃:၅၊ ၆
တနင်္ဂနွေနေ့၊ မတ် ၁၁
ဘုရားက . . . မိန်းမတစ်ယောက်[ကို] လူရှိရာဆီ ခေါ်လာတယ်။—က. ၂:၂၂။
ယေဟောဝါကို အာဒံနဲ့ ဧဝ မနာခံတဲ့အခါ ဦးဆုံးအိမ်ထောင်ရေး ပျက်စီးသွားတယ်။ “ရှေးမြွေဟောင်း” လို့ခေါ်တဲ့ စာတန်မာရ်နတ်ဟာ ဧဝကို လှည့်စားပြီး ‘အကောင်းအဆိုး သိကျွမ်းရာအပင်’ ရဲ့ အသီးကိုစားရင် ဉာဏ်ပွင့်လာမယ်၊ အကောင်းအဆိုးကို ကိုယ်တိုင် ဆုံးဖြတ်လာနိုင်မယ်လို့ ပြောတယ်။ ခင်ပွန်းကို မတိုင်ပင်ဘဲ အသီးစားဖို့ ဧဝ ဆုံးဖြတ်လိုက်တယ်။ ခင်ပွန်းရဲ့ ဦးစီးမှုကို မလေးစားမှန်း ပြလိုက်တာပဲ။ အာဒံလည်း ဇနီးကျွေးတဲ့ အသီးကို ယူစားခြင်းအားဖြင့် ဘုရားကို မနာခံမှန်း ပြခဲ့တယ်။ (ဗျာ. ၁၂:၉။ က. ၂:၉၊ ၁၆၊ ၁၇။ ၃:၁-၆) ယေဟောဝါ မေးတဲ့အခါ အာဒံက ဧဝအပေါ် အပြစ်ပုံချတယ်။ ဧဝလည်း သူ့ကိုလှည့်စားတဲ့မြွေအပေါ် အပြစ်ပုံချတယ်။ (က. ၃:၁၂၊ ၁၃) ခပ်ညံ့ညံ့ အကြောင်းပြချက်တွေပဲ။ အဲဒီ ပုန်ကုန်သူတွေကို ယေဟောဝါ တရားစီရင်ခဲ့တယ်။ ကျွန်တော်တို့အတွက် သတိပေးပုံနမူနာပါပဲ။ အိမ်ထောင် အောင်မြင်ဖို့ဆိုရင် လင်မယားနှစ်ယောက်ဟာ ယေဟောဝါကို နာခံဖို့၊ ကိုယ့်တာဝန် ကိုယ်ယူဖို့ လိုအပ်တယ်။ w16.08 ၁:၁၊ ၄၊ ၅
တနင်္လာနေ့၊ မတ် ၁၂
ဘုရားသခင် တွဲဖက်ထားသူတွေကို ဘယ်သူမှ မခွဲကြနဲ့လို့ ဖြေတယ်။—မ. ၁၉:၆။
အိမ်ထောင်တချို့မှာ ဘာကြောင့် ပြဿနာဖြစ်ရသလဲ။ တချို့က မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါ စိတ်ပျက်၊ ဒေါသထွက်ပြီး အလိမ်ခံရတယ်လို့ ခံစားရနိုင်တယ်။ စိတ်လှုပ်ရှားမှုအခြေအနေ ဒါမှမဟုတ် ကြီးပြင်းလာတဲ့နောက်ခံ မတူတာ ကြောင့်လည်း ပြဿနာဖြစ်နိုင်တယ်။ ငွေကြေးကိစ္စ၊ ယောက္ခမ၊ ယောက်မ၊ ယောက်ဖ စတဲ့ ဆွေမျိုးကိစ္စ၊ သားသမီးကိစ္စတွေကြောင့်လည်း ကတောက်ကဆတ် ဖြစ်နိုင်တယ်။ ခရစ်ယာန်အိမ်ထောင်သည် အများစုကတော့ ဘုရားသခင့် လမ်းညွှန်မှုကို လိုက်နာတဲ့အတွက် ပြဿနာတွေကို ဖြေရှင်းနိုင်ခဲ့တာ ချီးမွမ်းစရာပဲ။ အိမ်ထောင်ရေးပြဿနာ ကြီးကြီးမားမားရှိနေရင် အကြီးအကဲတွေဆီ အကူအညီတောင်းသင့်တယ်။ ဒီအတွေ့အကြုံရှိ ညီအစ်ကိုတွေဟာ အိမ်ထောင်သည်တွေကို ကျမ်းစာအကြံဉာဏ်အတိုင်း လိုက်လျှောက်ဖို့ ကူညီပေးနိုင်တယ်။ အိမ်ထောင်သည်တွေကိုယ်တိုင်လည်း သန့်ရှင်းသောစွမ်းအားတော် ရဖို့ ဆုတောင်းမယ်ဆိုရင် ကျမ်းစာမူတွေကို ကျင့်သုံးနိုင်ဖို့၊ ခရစ်ယာန်အရည်အသွေးတွေ တင်ပြနိုင်ဖို့ အကူအညီရရှိပါလိမ့်မယ်။—ဂလ. ၅:၂၂၊ ၂၃။ w16.08 ၂:၁၁-၁၃
အင်္ဂါနေ့၊ မတ် ၁၃
အခုချိန်ကစပြီး ခင်ဗျားဟာ လူကိုဖမ်တဲ့ တံငါသည် ဖြစ်လိမ့်မယ်။—လု. ၅:၁၀။
ယေရှုဟာ သိပ်အလုပ်များပေမဲ့ နားထောင်လိုသူတွေကို အချိန်ပေးပြီး သွန်သင်ပေးတယ်။ ဥပမာ၊ ကမ်းနားမှာ စုဝေးနေတဲ့ လူအုပ်ကို လှေပေါ်ကနေ ယေရှု သွန်သင်ပေးတယ်။ အဲဒီ နောက် ပေတရုကိုလည်း ငါးအများကြီး ဖမ်းမိအောင် အံ့ဖွယ်နည်းနဲ့ ကူညီပေးပြီး ဒီနေ့ ကျမ်းချက်ပါစကားတွေ ပြောခဲ့တယ်။ ရလဒ်အနေနဲ့ ပေတရုနဲ့ သူ့အဖော်တွေက ‘ကမ်းနားမှာ လှေတွေကို ဆိုက်ပြီးတဲ့နောက် ရှိသမျှကိုစွန့်ပြီး ယေရှုနောက် လိုက်ကြ’ တယ်။ (လု. ၅:၁၀၊ ၁၁) ဂျူးတရားရုံးချုပ် အဖွဲ့ဝင် နိကောဒင်လည်း ယေရှုရဲ့သွန်သင်ချက်ကို စိတ်ဝင်စားတယ်။ ဒါပေမဲ့ လူတွေကို ကြောက်လို့ လူရှေ့သူရှေ့မှာ စကားမပြောဘဲ ညဘက်မှ ယေရှုဆီ လာတယ်။ သူ့ကို ယေရှု မောင်းထုတ်မယ့်အစား အချိန်ပေးပြီး နက်နဲတဲ့ အမှန်တရားတွေကို ရှင်းပြခဲ့တယ်။ (ယော. ၃:၁၊ ၂) ယေရှုဟာ လူတွေကို သွန်သင်ပေးဖို့၊ သူတို့ရဲ့ယုံကြည်ခြင်းကို တည်ဆောက်ပေးဖို့ လိုလိုလားလား အချိန်ပေးခဲ့တယ်။ ကျွန်တော်တို့လည်း လူတွေ အဆင်ပြေမယ့်အချိန်မှာ ပြန်လည်ပတ်ဖို့၊ အချိန်ပေးပြီး သူတို့နဲ့ ကျမ်းစာလေ့လာဖို့ လိုလိုလားလား ရှိသင့်တယ် မဟုတ်လား။ w16.08 ၄:၁၀၊ ၁၁
ဗုဒ္ဓဟူးနေ့၊ မတ် ၁၄
ဘုရားသခင်နဲ့အတူ ကျိုးနွံစွာ လျှောက်လှမ်း[ပါ]။ —မိ. ၆:၈။
ယေဟောဝါဟာ သန့်ရှင်းစင်ကြယ်ပြီး ကိုယ်တော့်စံနှုန်းတွေက အကောင်းဆုံး လမ်းညွှန်ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ အသိအမှတ် ပြုကြတယ်။ ကျွန်တော်တို့ နှိမ့်ချကျိုးနွံချင်တယ်ဆိုရင် ကိုယ်တော့်စံနှုန်းတွေကို လိုက်လျှောက်ကြပါလိမ့်မယ်။ ကျိုးနွံမှုက တခြားသူတွေရဲ့ ခံစားချက်နဲ့ သဘောထားကို လေးစားဖို့လည်း ကူညီပေးပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ ဝတ်စားပုံက ယေဟောဝါရဲ့ ကျေးကျွန်တွေဖြစ်မှန်း အထင်အရှား ဖော်ပြနေသင့်တယ်။ ယေဟောဝါရဲ့ မြင့်မားတဲ့ စံနှုန်းတွေကို လိုလိုလားလား လိုက်လျှောက်နေကြတယ်။ ညီအစ်ကို/မတွေကို သူတို့ရဲ့ ပုံပန်းသွင်ပြင်နဲ့ အကျင့်ကောင်းကြောင့် ချီးမွမ်းသင့်ပါတယ်။ အဲဒါတွေကြောင့် ကျမ်းစာမှာပါတဲ့ အသက်ကယ် သတင်းတရားကို လူများစွာ လက်ခံနားထောင်လာပြီး ယေဟောဝါရဲ့ ဘုန်းတော်ကို ထင်ရှားစေတယ်။—ဆာ. ၁၀၄:၁၊ ၂။ w16.09 ၃:၁၈-၂၀။
ကြာသပတေးနေ့၊ မတ် ၁၅
လူတွေနဲ့ရော ဘုရားသခင်နဲ့ပါ ယှဉ်ပြိုင်ပြီး အနိုင် ရတယ်။—က. ၃၂:၂၈။
ယာကုပ်ဟာ ကောင်းချီးရဖို့ စိတ်ပိုင်းဖြတ်ထားပြီး ကြိုးစားအားထုတ်ခဲ့တယ်။ (က. ၃၂:၂၄-၂၆) သူ့ရဲ့ဇွဲကြောင့် ယေဟောဝါ ကောင်းချီးပေးခဲ့ပြီး တိုက်လှန်သူ၊ ဇွဲကြီးသူလို့ အဓိပ္ပာယ်ရတဲ့ အစ္စရေးဆိုပြီး နာမည်ပေးခဲ့တယ်။ ကျွန်တော်တို့ ရှာဖွေနေတဲ့ ယေဟောဝါရဲ့ မျက်နှာသာနဲ့ ကောင်းချီးကို ယာကုပ် ရခဲ့တယ်။ ယာကုပ်ရဲ့ ချစ်ဇနီး ရာခေလလည်း ခင်ပွန်းရဲ့မျိုးနွယ်ကို ကောင်းချီးပေးမယ်ဆိုတဲ့ ယေဟောဝါ ပေးခဲ့တဲ့ ကတိ ဘယ်လို ပြည့်စုံလာမလဲဆိုတာ မြင်တွေ့ချင်စိတ် ပြင်းပြခဲ့တယ်။ ဒါပေမဲ့ ပြဿနာက ရာခေလ ကလေး မရနိုင်ဘူး။ အဲဒီ အချိန်တုန်းက ကလေးမမွေးနိုင်တာဟာ အမျိုးသမီးတွေအတွက် အတော်ဝမ်းနည်းစရာ ကောင်းတယ်။ ရာခေလဟာ စိတ်ပျက်စရာ အခြေအနေကြားမှာ ဘယ်လို ဆက်ပြီး တိုက်လှန်ခဲ့သလဲ။ မျှော်လင့်ချက် ဘယ်တော့မှ မစွန့်လွှတ်ခဲ့ဘူး။ ပြင်းပြင်းပြပြ ဆုတောင်းခြင်းအားဖြင့် ဆက်တိုက်လှန်ခဲ့တယ်။ ရာခေလရဲ့ ဆုတောင်းချက်ကို ယေဟောဝါ ကြားပြီး သားသမီး ကောင်းချီး ပေးခဲ့တယ်။—က. ၃၀:၈၊ ၂၀-၂၄။ w16.09 ၂:၆၊ ၇
သောကြာနေ့၊ မတ် ၁၆
ဘုရားသခင်ရဲ့ နှုတ်ထွက်စကားဟာ ရှင်သန်နေတယ်၊ အစွမ်းထက်တယ်။ အသွားနှစ်ဖက်ရှိတဲ့ ဓားမှန်သမျှထက် ပိုထက်တယ်။—ဟီ. ၄:၁၂။
ကျမ်းစာမူတွေရဲ့ တန်ဖိုးကို နားလည်အောင် သင်ပေးဖို့လည်း အရေးကြီးတယ်။ (ဆာ. ၁:၁-၃) ဥပမာ၊ ကျွန်းတစ်ကျွန်းပေါ် သွားနေတယ်လို့ သားသမီးတွေကို မြင်ယောင်ကြည့်ခိုင်းပါ။ ဘယ်သူတွေနဲ့ နေမယ်ဆိုတာကို သူတို့ ရွေးချယ်ရတော့မယ်။ “လူတိုင်းနဲ့ အဆင်ပြေချင်ရင် ဘယ်လို လူတွေကို ခေါ်သွားမလဲ” လို့မေးနိုင်တယ်။ အဲဒီ နောက် ဂလာတိ ၅:၁၉-၂၃ ကိုဖတ်ပြီး ကမ္ဘာသစ်မှာ ယေဟောဝါ နေစေချင်တဲ့ လူစားမျိုးတွေကို နားလည်အောင် ရှင်းပြပေးနိုင်တယ်။ ဒီနည်းနဲ့ သားသမီးတွေကို အရေးကြီးတဲ့ သင်ခန်းစာနှစ်ခု သင်ပေးနိုင်တယ်။ တစ်ခုက ဘုရားသခင့် စံနှုန်းတွေဟာ ငြိမ်သက်စည်းလုံးမှုကို ဖြစ်ပေါ်စေတယ်ဆိုတဲ့ သင်ခန်းစာပါပဲ။ နောက်တစ်ခုက ကမ္ဘာသစ်အသက်တာအတွက် အခုကတည်းက ယေဟောဝါ သင်ပေးနေတယ်ဆိုတဲ့ သင်ခန်းစာပဲ။ (ဟေရှာ. ၅၄:၁၃။ ယော. ၁၇:၃) ကျမ်းစာက ညီအစ်ကို/မတွေကို ဘယ်လို ကူညီပေးတယ်ဆိုတာကိုလည်း ပြောပြနိုင်တယ်။ ဥပမာ၊ ကျမ်းစာအခြေပြု စာပေတွေထဲက ဘဝအတ္ထုပ္ပတ္တိတစ်ခု ဒါမှမဟုတ် ကင်းမျှော်စင် မှာပါတဲ့ “သမ္မာကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေးနိုင်” ဆိုတဲ့ ဆောင်းပါးတွဲတွေကို ရှာပါ။ w16.09 ၅:၁၃၊ ၁၄
စနေနေ့၊ မတ် ၁၇
အချိန်ကို အကျိုးရှိရှိ အသုံးချကြပါ။—ဧ. ၅:၁၆။
လောကအလုပ်၊ ဘုရားအလုပ်တွေနဲ့ အလုပ်များနေပေမဲ့ ကိုယ်ပိုင်လေ့လာမှုနဲ့ မိသားစုဝတ်ပြုမှုအတွက် အချိန်ယူရမယ်။ (ဧ. ၅:၁၅) ဒါပေမဲ့ စာမျက်နှာအရေအတွက် ဖတ်ပြီးဖို့၊ အစည်းအဝေးတွေမှာ ပါဝင်မှတ်ချက်ပေးဖို့ ပြင်ဆင်ရုံလောက်ပဲ မဖြစ်သင့်ဘူး။ ကျမ်းစာက ကျွန်တော်တို့ရဲ့ စိတ်နှလုံးကို ထိမိပြီး ယုံကြည်ခြင်းကို ခိုင်မာစေဖို့ ပန်းတိုင်ထားသင့်တယ်။ လေ့လာမှုလုပ်တဲ့အခါ တခြားသူတွေရဲ့ လိုအပ်ရာသာမက ကိုယ့်ရဲ့ လိုအပ်ရာတွေကိုပါ စဉ်းစားသင့်တယ်။ (ဖိ. ၁:၉၊ ၁၀) အမှုဆောင်၊ အစည်းအဝေး၊ ဟောပြောချက်အတွက် ပြင်ဆင်တဲ့အခါ ဖတ်ရှုတဲ့အရာကို ကိုယ်တိုင်ကျင့်သုံးလေ့မရှိမှန်း အသိအမှတ် ပြုရမယ်။ ဥပမာ၊ စားဖိုမှူးတစ်ယောက်ဟာ တခြားသူတွေအတွက် ပြင်ဆင်ပေးတဲ့ အစားအစာကို မြည်းကြည့်ရတယ်။ ဒါပေမဲ့ မြည်းတာ နဲ့ပဲ အသက်ဆက်လို့ မရဘူး။ ကျန်းမာချင်ရင် ကိုယ်တိုင်အတွက်လည်း အာဟာရရှိရှိ ပြင်ဆင်စားသောက်ရမယ်။ ကျွန်တော်တို့လည်း ကိုယ်တိုင်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ကျမ်းစာကို ပုံမှန် လေ့လာရမယ်။ w16.10 ၂:၁၀၊ ၁၁
တနင်္ဂနွေနေ့၊ မတ် ၁၈
ဘုရားသခင်ရဲ့ နှုတ်ထွက်စကားကြောင့် လောကစနစ်တွေ တည်ရှိလာမှန်း ကျွန်တော်တို့ သဘောပေါက်လာတာဟာ ယုံကြည်ခြင်းကြောင့်ပဲ။ မြင်ရတဲ့အရာတွေဟာ မမြင်ရတဲ့အရာတွေကနေ ဖြစ်ပေါ်လာတယ်။ —ဟီ. ၁၁:၃။
ဟီဘရူး ၁၁:၁ မှာ ယုံကြည်ခြင်းနဲ့ပတ်သက်တဲ့ ကျမ်းစာအဆိုကို တွေ့ရတယ်။ (၁) ယုံကြည်ခြင်းဆိုတာ “မျှော်လင့်တဲ့အရာတွေကို စိတ်ချစွာ စောင့်မျှော်ခြင်း” ဖြစ်တယ်။ ဥပမာ၊ ဆိုးသွမ်းမှုအားလုံး အဆုံးတိုင်မယ်၊ ကမ္ဘာသစ် ရောက်လာမယ်ဆိုတာကို စိတ်ချနေခြင်း ဖြစ်တယ်။ (၂) ယုံကြည်ခြင်းဆိုတာ “မမြင်ရပေမဲ့ အမှန်တကယ်ရှိတယ်လို့ စိတ်ချနေတာ” ဖြစ်တယ်။ ယေဟောဝါဘုရား၊ ယေရှုခရစ်၊ ကောင်းကင်တမန်တွေ၊ နိုင်ငံတော်တို့ဟာ မမြင်နိုင်ပေမဲ့ တကယ်တည်ရှိတဲ့အရာတွေ ဖြစ်တယ်။ ဘုရားသခင့် ကတိတွေ၊ ကျမ်းစာမှာပါတဲ့ မမြင်နိုင်တဲ့အရာတွေကို တကယ် ယုံကြည်ကြောင်း ဘယ်လို တင်ပြနိုင်သလဲ။ အပြောအဆို၊ အပြုအမူအားဖြင့် ဖြစ်တယ်။ အပြောနဲ့ အလုပ်မပါရင် ယုံကြည်ခြင်းဟာ ပြည့်စုံမှာ မဟုတ်ဘူး။ w16.10 ၄:၆
တနင်္လာနေ့၊ မတ် ၁၉
အချင်းချင်း အားပေးတိုက်တွန်းကြပါ။ —ဟီ. ၃:၁၃။
အခြေအနေကြောင့် နိုင်ငံတော်လုပ်ငန်းကို အကန့်အသတ်နဲ့ပဲ လုပ်ဆောင်ထောက်ပံ့နိုင်တယ် ဆိုရင်တောင်မှ ယေဟောဝါနဲ့ ယေရှု တန်ဖိုးထားတယ်။ (လု. ၂၁:၁-၄။ ၂ ကောရိန္သု ၈:၁၂) ဥပမာ၊ အသက်ကြီးသူတချို့ဟာ အစည်းအဝေးတွေ၊ အမှုဆောင်လုပ်ငန်းတွေမှာ ပုံမှန်ပါဝင်ဖို့ အတော့်ကို ကြိုးစားအားထုတ်ကြရတယ်။ သူတို့ကို ချီးမွမ်းအားပေးသင့်တယ် မဟုတ်လား။ မှန်ပါတယ်။ တခြားသူတွေကို အားပေးဖို့ အခွင့်အရေး ရှာယူပါ။ ချီးမွမ်းထိုက်တဲ့အရာတစ်ခုခု မြင်ရင် မတွန့်မဆုတ် ချီးမွမ်းပေးလိုက်ပါ။ ပိသိဒိပြည်၊ အန္တိအုတ်မြို့မှာ ပေါလုနဲ့ ဗာနဗ ဘာဖြစ်ခဲ့တယ်ဆိုတာ သုံးသပ်ကြည့်ပါ။ တရားဇရပ်မှူးတွေက “ညီအစ်ကိုတို့၊ ဤသူတို့ကို အားပေးစကား ပြောလိုလျှင် ပြောကြပါ” လို့ပြောတဲ့အခါ ပေါလု ဟောပြောချက် ကောင်းကောင်း ပေးခဲ့တယ်။ (တ. ၁၃:၁၃-၁၆၊ ၄၂-၄၄) ကျွန်တော်တို့လည်း အားပေးစကား ပြောနိုင်မယ်ဆိုရင် ပြောလိုက်ပါ။ အားပေးတာကို အကျင့်ဖြစ်အောင် လုပ်ယူမယ်ဆိုရင် တခြားသူတွေလည်း ကျွန်တော်တို့ကို ပြန်အားပေးပါလိမ့်မယ်။—လု. ၆:၃၈။ w16.11 ၁:၃၊ ၁၅၊ ၁၆
အင်္ဂါနေ့၊ မတ် ၂၀
ယေဟောဝါက . . . လူဆိုးတွေကိုရော လူကောင်းတွေကိုပါ ကြည့်နေတယ်။—ပညာ. ၁၅:၃။
ယေဟောဝါရဲ့ အဖွဲ့အစည်းဝင် ဖြစ်ရတာ အခွင့်ထူးပါပဲ။ ယေဟောဝါရဲ့ တောင်းဆိုချက်၊ စံနှုန်းတွေကို သိထားတဲ့အတွက် မှန်ရာကို လုပ်ဆောင်ဖို့၊ ဘုရားသခင့် အချုပ်အခြာအာဏာကို ထောက်ခံဖို့ တာဝန်ရလာတယ်။ ဒီလောကဟာ အကျင့်ပျက်နွံထဲမှာ နစ်သည်ထက် နစ်နေပေမဲ့ ကျွန်တော်တို့ကတော့ ယေဟောဝါလိုပဲ “မကောင်းမှုကို မုန်း” ကြရမယ်။ (ဆာ. ၉၇:၁၀) “အကောင်းကို အဆိုး၊ အဆိုးကို အကောင်း” လို့ပြောတဲ့ တရားမဲ့သူတွေနဲ့ မပေါင်းကြဘူး။ (ဟေရှာ. ၅:၂၀) ယေဟောဝါကို ပျော်စေချင်တဲ့အတွက် ရုပ်ပိုင်း၊ ကိုယ်ကျင့်တရားပိုင်း၊ ဘုရားရေးရာပိုင်းမှာ သန့်ရှင်းနေဖို့ ကြိုးစားကြတယ်။ (၁ ကော. ၆:၉-၁၁) ယေဟောဝါကို ချစ်ကြတယ်။ ယုံကြည်ကိုးစားကြတယ်။ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတဲ့ စံနှုန်းတွေအတိုင်း အသက်ရှင်နေထိုင်ခြင်းအားဖြင့် ကိုယ်တော့်အပေါ် သစ္စာစောင့်သိနေကြတယ်။ အိမ်မှာ၊ အသင်းတော်မှာ၊ အလုပ်မှာ၊ ကျောင်းမှာ၊ နေရာတိုင်းမှာ အဲဒီ စံနှုန်းတွေအတိုင်း နေထိုင်ဖို့ ကြိုးစားကြတယ်။ w16.11 ၃:၁၃
ဗုဒ္ဓဟူးနေ့၊ မတ် ၂၁
အထက်အာဏာပိုင်တွေကို လူတိုင်း လက်အောက်ခံရမယ်။—ရော. ၁၃:၁။
ကျမ်းစာကျောင်းသားတွေဟာ စိတ်ရင်းမှန်ပေမဲ့ ၁၉၁၄ ကနေ ၁၉၁၉ ခုနှစ်အတွင်းမှာ လောကအစိုးရတွေကို လက်အောက်ခံခြင်းနဲ့ပတ်သက်ပြီး မှန်မှန်ကန်ကန် နားမလည်ခဲ့ကြဘူး။ ဒါကြောင့် အုပ်စုလိုက်အနေနဲ့ စစ်ပွဲမှာ ကြားမနေတဲ့အချိန်တွေ ရှိခဲ့တယ်။ ဥပမာ၊ ၁၉၁၈၊ မေ ၃၀ ကို ငြိမ်းချမ်းရေးအတွက် ဆုတောင်းတဲ့နေ့အဖြစ် အမေရိကန် သမ္မတ သတ်မှတ်တဲ့အခါ ကျမ်းစာကျောင်းသားတွေ ပါဝင်ကြဖို့ ကင်းမျှော်စင်က တိုက်တွန်းခဲ့တယ်။ ညီအစ်ကိုတချို့က စစ်ပွဲမှာ ငွေကြေးထောက်ပံ့ဖို့ ငွေချေးစာချုပ်တွေ ဝယ်ယူကြတယ်။ တချို့က သေနတ်တွေ၊ လှံစွပ်တွေကိုင်ပြီး ကတုတ်ကျင်းတွေထဲတောင် သွားခဲ့ကြတယ်။ ဆုံးမပဲ့ပြင်မှု လိုအပ်ခဲ့တာ မှန်ပေမဲ့ အဲဒီ အချက်ကြောင့် ကျမ်းစာကျောင်းသားတွေ မဟာဗာဗုလုန် သုံ့ပန်းဘဝ ကျရောက်ခဲ့တယ်လို့ ကောက်ချက်ချရင် မှားသွားပါလိမ့်မယ်။ တကယ်တော့ မှားယွင်းတဲ့ ဘာသာရေးနဲ့ သီးခြားနေရမယ်ဆိုတာ သူတို့သဘောပေါက်ခဲ့ကြတယ်။ ဒါကြောင့် ပထမကမ္ဘာစစ်အတွင်းမှာ မှားယွင်းတဲ့ဘာသာရေးနဲ့ လုံးဝနီးပါး မပတ်သက်ခဲ့ကြဘူး။—လု. ၁၂:၄၇၊ ၄၈။ w16.11 ၅:၉
ကြာသပတေးနေ့၊ မတ် ၂၂
အပြစ်ရှိတဲ့ အလိုဆန္ဒနောက် မလိုက်ဘဲ စွမ်းအားတော်နဲ့အညီ [ကျွန်တော်တို့] လျှောက်လှမ်း [တယ်]။ —ရော. ၈:၄။
“အပြစ်ရှိတဲ့အလိုဆန္ဒ” အတိုင်း အသက်ရှင်ခြင်းရဲ့ အန္တရာယ်အကြောင်း ဘိသိက်ခံ ခရစ်ယာန်တွေကို ပေါလု ဘာကြောင့် သတိပေးခဲ့သလဲ။ မိတ်ဆွေအဖြစ်၊ ဖြောင့်မတ်သူအဖြစ် ဘုရားသခင် သတ်မှတ်ထားတဲ့ ယနေ့ခေတ် ခရစ်ယာန်တွေလည်း အဲဒီ အန္တရာယ်ထဲ ကျရောက်နိုင်သလား။ ဘယ်ခရစ်ယာန်မဆို အပြစ်ရှိတဲ့ လူ့ဇာတိအတိုင်း စတင်လိုက်လျှောက်မိ နိုင်တယ်။ ဥပမာ၊ ရောမမြို့မှာရှိတဲ့ ညီအစ်ကိုတချို့ဟာ မိမိတို့ရဲ့ ဆန္ဒအာသီသကို အစေခံတဲ့သူတွေ ဖြစ်ခဲ့တယ်လို့ ပေါလု ပြောတယ်။ အဲဒါက လိင်ဆန္ဒအာသီသ ဖြစ်နိုင်သလို အစားအသောက်နဲ့ တခြား ဆန္ဒအာသီသတွေလည်း ဖြစ်နိုင်တယ်။ တချို့ကျတော့ ‘ရိုးသားသူတွေကို လှည့်စား’ တယ်။ (ရော. ၁၆:၁၇၊ ၁၈။ ဖိ. ၃:၁၈၊ ၁၉။ ယု. ၄၊ ၈၊ ၁၂) ကောရိန္သုမြို့မှာရှိတဲ့ ညီအစ်ကို တစ်ယောက်လည်း ခဏတာ “ဖခင်ရဲ့ဇနီးနဲ့ ပေါင်းသင်းနေထိုင်” ခဲ့တယ်။ (၁ ကော. ၅:၁) ဒါကြောင့် “အပြစ်ရှိတဲ့အရာတွေဆီ စိတ်ရောက်နေ” ခြင်းအကြောင်း ခရစ်ယာန်တွေကို သတိပေးဖို့ ပေါလုကို ဘုရားသခင် အသုံးပြုခဲ့တယ်။ (ရော. ၈:၅၊ ၆) အဲဒီ သတိပေးချက်ဟာ ဒီနေ့ခေတ်နဲ့လည်း သက်ဆိုင်ပါတယ်။ w16.12 ၂:၅၊ ၈၊ ၉
သောကြာနေ့၊ မတ် ၂၃
စိုးရိမ်ပူပန်မှုဟာ စိတ်ဓာတ်ကျစေတယ်။ ကောင်းတဲ့စကားကတော့ စိတ်အားတက်စေတယ်။ —ပညာ. ၁၂:၂၅။
ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေဆီ ရင်ဖွင့်ပြောဆိုခြင်းက စိုးရိမ်ပူပန်မှုကို ဖြေရှင်းနိုင်တဲ့ နည်းတစ်နည်းဖြစ်တယ်။ အိမ်ထောင်ဖက်၊ မိတ်ဆွေရင်း၊ အသင်းတော် အကြီးအကဲတွေက သင့်အခြေအနေကို အရှိအတိုင်း မြင်လာအောင် ကူညီပေးနိုင်တယ်။ ပွင့်ပွင့်လင်းလင်း၊ ရိုးရိုးသားသား ပြောဆိုခြင်းက စိုးရိမ်ပူပန်မှုတွေကို နားလည်လာပြီး ဖြေရှင်းနိုင်အောင် များစွာကူညီပေးနိုင်တယ်။ “တိုင်ပင်ဆွေးနွေးတာ မရှိရင် အစီအစဉ်တွေ ပျက်တတ်တယ်။ အကြံပေးသူ များရင်တော့ အောင်မြင်တတ်တယ်” လို့ ကျမ်းစာမှာ ပြောတယ်။ (ပညာ. ၁၅:၂၂) ပတ်စဉ် အသင်းတော် အစည်းအဝေးတွေအားဖြင့်လည်း စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းနိုင်ဖို့ ယေဟောဝါ ကူညီပေးတယ်။ သင့်အတွက် စိုးရိမ်တဲ့၊ အားပေးချင်တဲ့ ယုံကြည်သူချင်းတွေနဲ့ ပေါင်းသင်းနိုင်တယ်။ (ဟီ. ၁၀:၂၄၊ ၂၅) အဲဒီ လို ‘အပြန်အလှန် အားပေးခြင်း’ က သင့်ကို အားရှိစေပြီး ဘယ်စိုးရိမ်ပူပန်မှုကိုမဆို အလွယ်တကူ ဖြေရှင်းနိုင်ဖို့ ကူညီပေးနိုင်တယ်။—ရော. ၁:၁၂။ w16.12 ၃:၁၇၊ ၁၈
စနေနေ့၊ မတ် ၂၄
ဟန္န . . . စိတ်ဆင်းရဲလွန်းလို့ ယေဟောဝါဆီ ဆုတောင်း [တယ်]။—၁ ရှ. ၁:၁၀။
ကျန်းမာရေးပြဿနာ၊ မဖြေရှင်းနိုင်တဲ့ တခြားအခက်အခဲတွေ ကြုံရတဲ့အခါ စိုးရိမ်ပူပန်မှုတွေကို ယေဟောဝါဆီ ပုံအပ်ထားပြီး ကိုယ်တော် ဂရုစိုက်စောင့်ရှောက်ပေးမယ်ဆိုတာ ယုံကြည်စိတ်ချကြတယ်။ (၁ ပေ. ၅:၆၊ ၇) အဲဒီ အပြင် ခရစ်ယာန် အစည်းအဝေးတွေနဲ့ တခြားပြင်ဆင်ပေးမှုတွေကနေ အကျိုးရယူဖို့ အတတ်နိုင်ဆုံး ကြိုးစားသင့်တယ်။ (ဟီ. ၁၀:၂၄၊ ၂၅) လမ်းလွဲသွားတဲ့ သားသမီးတွေ ရှိတဲ့ သစ္စာရှိ မိဘတွေကော ဘယ်လိုလဲ။ ပရောဖက်ရှမွေလဟာ သားတွေကို ဖြောင့်မတ်တဲ့စံနှုန်းတွေအတိုင်း လိုက်လျှောက်ဖို့ အတင်းအကျပ် မလုပ်နိုင်ခဲ့ဘူး။ (၁ ရှ. ၈:၁-၃) ဒီကိစ္စကို ယေဟောဝါလက်ထဲပဲ ပုံအပ်ခဲ့ရတယ်။ ဒါတောင် ယေဟောဝါအပေါ် သစ္စာရှိနိုင်ခဲ့ပြီး စိတ်တော်ကို ရွှင်လန်းစေနိုင်ခဲ့တယ်။ (ပညာ. ၂၇:၁၁) ဒီနေ့လည်း ခရစ်ယာန်မိဘများစွာဟာ အလားတူ အခြေအနေမျိုး ကြုံနေရတယ်။ ယေဟောဝါဟာ နောင်တယူတဲ့ အပြစ်သားတွေကို ကြိုဆိုဖို့ အမြဲစောင့်ကြည့်နေတယ်ဆိုတာ မိဘတွေ ယုံကြည်စိတ်ချကြတယ်။ (လု. ၁၅:၂၀) တစ်ချိန်တည်းမှာ မိမိတို့ရဲ့ ပုံသက်သေက သားသမီးတွေ ပြန်လှည့်လာဖို့ လှုံ့ဆော်ပေးမယ်လို့ မျှော်လင့်ရင်း ယေဟောဝါအပေါ် ဆက်သစ္စာရှိဖို့ ကြိုးစားကြတယ်။ w17.01 ၁:၁၅၊ ၁၆
တနင်္ဂနွေနေ့၊ မတ် ၂၅
စိတ်နှိမ့်ချကြပါ၊ သူတစ်ပါးကို ကိုယ့်ထက်သာတယ်လို့ သဘောထားပါ။—ဖိ. ၂:၃။
နှိမ့်ချမှုရှိသူဟာ ကျိုးနွံမှုလည်း ရှိတယ်။ ကိုယ့်အစွမ်းအစ၊ စွမ်းဆောင်နိုင်မှုကို အမှန်အတိုင်း ရှုမြင်တယ်၊ အမှားတွေကို အသိအမှတ်ပြုတယ်။ အကြံပေးစကားတွေ၊ အကြံဉာဏ်သစ်တွေကို လက်ခံတယ်။ နှိမ့်ချမှုကို ယေဟောဝါ အလွန်နှစ်သက်တယ်။ ကျိုးနွံမှုဆိုတာ ကိုယ့်ကိုယ်ကိုယ် တော်မှန်စွာ ရှုမြင်ခြင်း၊ ကိုယ့်ကန့်သတ်ချက်တွေကို သိမှတ်ခြင်း ဖြစ်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ ကျိုးနွံမှုက တခြားသူတွေကို လေးစားဖို့၊ ကြင်ကြင်နာနာ ဆက်ဆံဖို့ ကူညီပေးတယ်။ ဘယ်အချိန်မှာ ကျိုးနွံမှု မရှိတဲ့ အတွေး၊ လုပ်ရပ်တွေ စတင်လာနိုင်သလဲ။ သတိထားရမယ့် လက္ခဏာတချို့ကို စဉ်းစားကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ်၊ ကိုယ့်အခွင့်ထူးတွေကို အလေးပေးလွန်းလာတာ ဖြစ်မယ်။ (ရော. ၁၂:၁၆) ကိုယ့်ကို အာရုံစိုက်လာအောင် မသင့်တော်တဲ့နည်းနဲ့ ကြိုးစားလာတာ ဖြစ်မယ်။ (၁ တိ. ၂:၉၊ ၁၀) ကိုယ့်အနေအထား၊ အဆက်အသွယ်၊ ကိုယ်ပိုင်အယူအဆတွေကိုပဲ အလေးအနက် ထားလွန်းနေပြီဆိုရင် ကျိုးနွံမှုကနေ ရောင့်တက်မှုဘက် စည်းကျော်လာမှန်းမသိ ကျော်လာနေပြီ။—၁ ကော. ၄:၆။ w17.01 ၃:၆-၈
တနင်္လာနေ့၊ မတ် ၂၆
လူငယ်တွေရဲ့ဂုဏ်ဟာ အစွမ်းခွန်အား၊ သက်ကြီးရွယ်အိုတွေရဲ့ ခံ့ညားမှုဟာ ဖြူတဲ့ဆံပင်ပဲ။ —ပညာ. ၂၀:၂၉။
အခုချိန်မှာ ယေဟောဝါလူမျိုးရဲ့ လုပ်ငန်းဟာ တိုးတက်ကျယ်ပြန့်လာနေပြီး ခက်ခဲနက်နဲလာတယ်။ စီမံကိန်းသစ်တွေ တိုးချဲ့လုပ်ဆောင်လာတာနဲ့အမျှ နည်းလမ်းသစ်တွေ၊ နည်းပညာသစ်တွေကို လက်ခံသုံးစွဲလာရတယ်။ အဲဒီ တိုးတက်မှုတွေကို အမီလိုက်ဖို့ လူကြီးတချို့အတွက် ခက်ခဲလာတယ်။ (လု. ၅:၃၉) အမီလိုက်နိုင်ရင်တောင် လူငယ်တွေက လူကြီးတွေထက် အစွမ်းခွန်အား ပိုရှိကြတယ်။ ဒါကြောင့် တာဝန်တွေ ပိုယူနိုင်အောင် လူငယ်တွေကို လူကြီးတွေ အသင့်ပြင်ပေးထားတာက လက်တွေ့ကျတယ်၊ မေတ္တာရှိရာကျတယ်။ (ဆာ. ၇၁:၁၈) အခွင့်အာဏာရှိသူတွေဟာ လူငယ်တွေကို တာဝန်လွှဲပြောင်းပေးဖို့ အမြဲ မလွယ်ကူဘူး။ တချို့က မိမိတို့တန်ဖိုးထားတဲ့နေရာ ပျောက်သွားမှာကို စိုးရိမ်ကြတယ်။ တချို့ကျတော့ လူငယ်တွေ သူတို့လောက် မလုပ်ဆောင်နိုင်မှာကို စိုးရိမ်ကြတယ်။ တချို့ကျပြန်တော့ တခြားသူတွေကို လေ့ကျင့်ပေးဖို့ အချိန်မရှိဘူးလို့ အကြောင်းပြကြတယ်။ လူငယ်တွေအနေနဲ့လည်း တာဝန်တွေ ပိုမရတဲ့အခါ စိတ်ရှည်ရှည်ထားရမယ်။ w17.01 ၅:၃၊ ၄
အင်္ဂါနေ့၊ မတ် ၂၇
ဖြောင့်မတ်ရာရောက်စေတဲ့ လုပ်ရပ်တစ်ခုကြောင့် လူအမျိုးမျိုးက ဖြောင့်မတ်သူတွေအဖြစ် သတ်မှတ်ခံရပြီး အသက်ရနိုင်ကြမယ်။—ရော. ၅:၁၈။
ယေရှုဟာ အာဒံလိုပဲ စုံလင်တဲ့လူသား ဖြစ်လာတယ်။ (ယော. ၁:၁၄) အာဒံနဲ့ မတူတာ ကတော့ စုံလင်တဲ့လူဆီကနေ ယေဟောဝါ မျှော်လင့်တဲ့ စံနှုန်းအတိုင်း ယေရှု အသက်ရှင်ခဲ့တယ်။ အဆိုးရွားဆုံး စမ်းသပ်မှုတွေ ကြုံရချိန်မှာတောင် ယေရှု အပြစ်မလုပ်ခဲ့ဘူး။ ဘုရားသခင့် ပညတ်တစ်ခုကိုမှ မချိုးဖောက်ခဲ့ဘူး။ ယေရှုဟာ စုံလင်သူအဖြစ် သေဆုံးခြင်းအားဖြင့် လူသားတွေကို အပြစ်နဲ့ သေခြင်းကနေ ကယ်တင်နိုင်ခဲ့တယ်။ အာဒံ ဖြစ်သင့်သမျှအတိုင်း စုံလင်သူ၊ ဘုရားသခင်ကို အပြည့်အဝ နာခံသစ္စာစောင့်သိသူ ဖြစ်ခဲ့တယ်။ (၁ တိ. ၂:၆) ယေရှုဟာ ယောက်ျား၊ မိန်းမ၊ ကလေးစတဲ့ “လူများအတွက်” ထာဝရအသက်လမ်းကို ဖွင့်ပေးမယ့် ရွေးနုတ်ဖိုး ပူဇော်သက္ကာ ဖြစ်လာတယ်။ (မ. ၂၀:၂၈) ဘုရားသခင့် မူလရည်ရွယ်ချက် ပြည့်စုံရေးမှာ ရွေးနုတ်ဖိုးဟာ အဓိကကျတယ်။ (၂ ကော. ၁:၁၉၊ ၂၀) ရွေးနုတ်ဖိုးဟာ သစ္စာရှိသူ လူသားအားလုံးကို ထာဝရအသက် အလားအလာ ရရှိစေတယ်။ w17.02 ၁:၁၅၊ ၁၆
အောက်မေ့ရာပွဲအတွက် ကျမ်းစာဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန်လ ၉ ရက်) ယောဟန် ၁၂:၁၂-၁၉။ မာကု ၁၁:၁-၁၁
ဗုဒ္ဓဟူးနေ့၊ မတ် ၂၈
ရှေ့မှာရှိတဲ့ ဝမ်းမြောက်စရာအကြောင်းကြောင့် . . . အသေခံခဲ့တယ်။—ဟီ. ၁၂:၂။
ရှည်လျား၊ မှောင်မည်းနေတဲ့ လိုဏ်ခေါင်းထဲ ရောက်နေတယ်ဆိုပါစို့။ အလင်းရောင်ကို ပြန်မြင်ရပါ့မလားလို့ တွေးမိနိုင်တယ်။ ဘဝလည်း အဲဒီ ခရီးနဲ့ တူတယ်။ ဆူးခင်းလမ်းတွေကို ဖြတ်ရနိုင်တယ်။ ပြဿနာတွေ ဝိုင်းနေနိုင်တယ်။ ယေရှုတောင် အဲဒီ လို ခံစားခဲ့ရနိုင်တယ်။ ယေရှုဟာ အရှက်ခွဲခံရ၊ ‘အပြစ်သားတွေရဲ့ ဆန့်ကျင်စကားကို’ ခံရပ်ခဲ့ရပြီး ညှဉ်းဆဲရာသစ်တိုင်ပေါ်မှာ နာကျင်စွာ အသတ်ခံခဲ့ရတယ်။ ဘဝမှာ အခက်ခဲဆုံးအချိန်ဖြစ်မှာပဲ။ (ဟီ. ၁၂:၃) ရရှိမယ့်အကျိုးကျေးဇူးတွေ၊ အထူးသဖြင့် ဘုရားသခင့်နာမည်ကို သန့်ရှင်းမြင့်မြတ်စေပြီး အချုပ်အခြာအာဏာကို ထောက်ခံရာမှာ ပါဝင်ခွင့်ရမှာကို ယေရှု အာရုံစိုက်တယ်။ စမ်းသပ်မှုဟာ တစ်ခဏပဲဖြစ်ပြီး ကောင်းကင်မှာရရှိမယ့် အကျိုးကျေးဇူးကတော့ ထာဝစဉ်တည်မယ်ဆိုတာ ယေရှု သိတယ်။ ဒီနေ့လည်း စမ်းသပ်မှုတွေကြောင့် သင် အလူးအလဲ နာကျင်ခံစားရနိုင်တယ်။ ဒါပေမဲ့ အဲဒါတွေဟာ တစ်ခဏပဲဆိုတာ သတိရပါ။ w16.04 ၂:၁၀
အောက်မေ့ရာပွဲအတွက် ကျမ်းစာဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန်လ ၁၀ ရက်) ယောဟန် ၁၂:၂၀-၅၀
ကြာသပတေးနေ့၊ မတ် ၂၉
သားတော် [ယေရှု] ကြောင့် ရွေးနုတ်ခံရတဲ့အတွက် ကျွန်တော်တို့ လွတ်မြောက်သွားပြီ။ သူ့ရဲ့သွေးကြောင့် အပြစ်တွေ ခွင့်လွှတ်ခံရပြီ။ ဘုရား [ယေဟောဝါ]ရဲ့ မဟာကရုဏာတော်ဟာ တကယ်ကြီးမားလှတယ်။—ဧ. ၁:၇။
ဒီနေ့ခေတ် လူများစွာဟာ အပြစ်လုပ်တဲ့အခါ အပြစ်ရှိတယ်လို့ မခံစားကြရဘူး။ ဒါကြောင့် လူသားတွေ ဘာကြောင့် ရွေးနုတ်ဖိုး လိုအပ်မှန်း နားမလည်ကြဘူး။ အပြစ်ဆိုတာ ဘာဖြစ်မှန်း၊ ကျွန်တော်တို့ကို ဘယ်လို ထိခိုက်မှန်း၊ အပြစ်ရဲ့ကျွန်ဘဝကနေ လွတ်အောင် ဘာလုပ်ဖို့ လိုအပ်မှန်း မသိကြဘူး။ ယေဟောဝါဟာ ကြီးမားတဲ့ မေတ္တာကရုဏာကြောင့် ကျွန်တော်တို့ကို အပြစ်နဲ့ သေခြင်းအောက်ကနေ ရွေးနုတ်ဖို့ သားတော်ကို မြေကြီးပေါ် စေလွှတ်ခဲ့မှန်း သိလာတဲ့အခါ စိတ်ရိုးဖြောင့်သူတွေ တအားကျေးဇူးတင်ကြတယ်။ (၁ ယော. ၄:၉၊ ၁၀) ခရစ်တော်ရဲ့ ရွေးနုတ်ဖိုးပူဇော်သကာဟာ ကျွန်တော်တို့အပေါ်ထားတဲ့ ဘုရားသခင့်မေတ္တာရဲ့ အကြီးမားဆုံးသက်သေဖြစ်တယ်။ ဘုရားရဲ့ မဟာကရုဏာ ဘယ်လောက်ကြီးမားမှန်းလည်း ဖော်ပြတယ်။ ယေရှုရဲ့ ရွေးနုတ်ဖိုးကို ယုံကြည်ကြောင်း တင်ပြရင် အပြစ်တွေ ခွင့်လွှတ်ခံရပြီး ကြည်လင်တဲ့သိစိတ် ရရှိမယ်ဆိုတာ သိရလို့ ဝမ်းသာစရာပဲ။ (ဟီ. ၉:၁၄) တခြားသူတွေကို ဝေမျှသင့်တဲ့ တကယ့်သတင်းကောင်းပဲ။ w16.07 ၄:၆၊ ၇
အောက်မေ့ရာပွဲအတွက် ကျမ်းစာဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန်လ ၁၁ ရက်) လုကာ ၂၁:၁-၃၆
သောကြာနေ့၊ မတ် ၃၀
[ခရစ်တော်]ကြောင့် ကျွန်တော်တို့ ထာဝရ လွတ်မြောက်ခွင့် ရသွားတယ်။—ဟီ. ၉:၁၂။
ရွေးနုတ်ဖိုးကို ယုံကြည်ခြင်းကြောင့် ကျွန်တော်တို့ အပြစ်တွေ ခွင့်လွှတ်ခံရတယ်။ ကျွန်တော်တို့ရဲ့ အပြစ်တွေ “ပယ်ဖျက်” ခံရနိုင်တယ်လို့ ကျမ်းစာက စိတ်ချစေတယ်။ (တ. ၃:၁၉-၂၁) အစပိုင်းမှာ လေ့လာခဲ့သလိုပဲ ယေဟောဝါဟာ ရွေးနုတ်ဖိုးကို အခြေခံပြီး ဘိသိက်ခံကျေးကျွန်တွေကို သားသမီးတွေအဖြစ် မွေးစားတယ်။ (ရော. ၈:၁၅-၁၇) “တခြားသိုး” အဝင်ဖြစ်သူတွေအတွက်တော့ မွေးစားလက်မှတ်မှာ နာမည်ဖြည့်ထားတာ နဲ့ တူတယ်။ နောက်ဆုံးစမ်းသပ်မှုကို ကျော်ဖြတ်ပြီး စုံလင်သွားတဲ့အခါ ယေဟောဝါက အဲဒီ လက်မှတ်မှာ ဝမ်းသာအားရ လက်မှတ်ထိုးလိုက်သလိုပါပဲ။ ချစ်ရတဲ့ မြေကြီးသားသမီးတွေအဖြစ် မွေးစားလိုက်တာနဲ့ တူတယ်။ (ရော. ၈:၂၀၊ ၂၁။ ဗျာ. ၂၀:၇-၉) ယေဟောဝါက မိမိရဲ့အဖိုးတန် သားသမီးတွေကို ထာဝစဉ် ချစ်သွားပါလိမ့်မယ်။ ရွေးနုတ်ဖိုးရဲ့ အကျိုးကျေးဇူးတွေ ထာဝစဉ် တည်ရှိသွားမယ်။ ဒီလက်ဆောင်ရဲ့ တန်ဖိုးဟာ ဘယ်တော့မှ ပျောက်ပျက်မသွားဘူး။ ဘယ်လူသား၊ ဘယ်အခွင့်အာဏာကမှ အဲဒါကို မဖယ်ရှားပစ်နိုင်ဘူး။ w17.02 ၂:၁၅၊ ၁၆
အောက်မေ့ရာပွဲအတွက် ကျမ်းစာဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန်လ ၁၂ ရက်) မဿဲ ၂၆:၁-၅၊ ၁၄-၁၆။ လုကာ ၂၂:၁-၆
အောက်မေ့ရာပွဲနေ့စွဲ
နေဝင်ပြီးနောက်
စနေနေ့၊ မတ် ၃၁
တစ်ယောက်ယောက် အပြစ်လုပ်မိရင်တောင် ကူညီပေးမယ့်သူ ရှိပါတယ်။ သူကတော့ အဖဘုရားနဲ့အတူ ရှိနေတဲ့ ဖြောင့်မတ်သူ ယေရှုခရစ်ပဲ။—၁ ယော. ၂:၁။
ကျွန်တော်တို့ကို ယေဟောဝါ သွေးဆောင်တုန်းက ကျွန်တော်တို့မှာ ဘယ်အားနည်းချက်တွေ ရှိမှန်း ယေဟောဝါ သိတယ်။ ဒါပေမဲ့ မိမိနဲ့ မိတ်ဆွေ ဖြစ်စေချင်လို့ ကျွန်တော်တို့ကို သွေးဆောင်ထားတယ်။ ကျွန်တော်တို့ကို ယေဟောဝါ ချစ်လွန်းလို့ ယေရှုကို မြေကြီးပေါ်စေလွှတ်ပြီး ရွေးနုတ်ဖိုးအဖြစ် အသေခံစေခဲ့တယ်။ အဖိုးတန်လက်ဆောင်ပဲ။ (ယော. ၃:၁၆) ဒါကြောင့် အပြစ်လုပ်မိတဲ့အခါ ရွေးနုတ်ဖိုးကို အခြေခံပြီး ခွင့်လွှတ်မှု တောင်းခံမယ်ဆိုရင် ယေဟောဝါ ခွင့်လွှတ်မှာဖြစ်ပြီး မစုံလင်တဲ့အခြေအနေမှာ ရှိနေကြသေးပေမဲ့ ကိုယ်တော်နဲ့မိတ်ဆွေ ဆက်ဖြစ်နိုင်ပါမယ်။—၁ တိ. ၁:၁၅။ w16.05 ၄:၆၊ ၇
အောက်မေ့ရာပွဲအတွက် ကျမ်းစာဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန်လ ၁၃ ရက်) မဿဲ ၂၆:၁၇-၁၉။ မာကု ၁၄:၁၂-၁၆။ လုကာ ၂၂:၇-၁၃ (နေဝင်ပြီးနောက်ပိုင်း ဖြစ်ရပ်များ– နိသန်လ ၁၄ ရက်) ယောဟန် ၁၃:၁-၅။ ၁၄:၁-၃