ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • es18 စာ. ၃၇-၄၆
  • ဧပြီ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဧပြီ
  • ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၁၈
  • ခေါင်းစ‎ဥ်ငယ်များ
  • တနင်္ဂနွေနေ့၊ ဧပြီ ၁
  • တနင်္လာနေ့၊ ဧပြီ ၂
  • အင်္ဂါနေ့၊ ဧပြီ ၃
  • ဗုဒ္ဓဟူးနေ့၊ ဧပြီ ၄
  • ကြာသပတေးနေ့၊ ဧပြီ ၅
  • သောကြာနေ့၊ ဧပြီ ၆
  • စနေနေ့၊ ဧပြီ ၇
  • တနင်္ဂနွေနေ့၊ ဧပြီ ၈
  • တနင်္လာနေ့၊ ဧပြီ ၉
  • အင်္ဂါနေ့၊ ဧပြီ ၁၀
  • ဗုဒ္ဓဟူးနေ့၊ ဧပြီ ၁၁
  • ကြာသပတေးနေ့၊ ဧပြီ ၁၂
  • သောကြာနေ့၊ ဧပြီ ၁၃
  • စနေနေ့၊ ဧပြီ ၁၄
  • တနင်္ဂနွေနေ့၊ ဧပြီ ၁၅
  • တနင်္လာနေ့၊ ဧပြီ ၁၆
  • အင်္ဂါနေ့၊ ဧပြီ ၁၇
  • ဗုဒ္ဓဟူးနေ့၊ ဧပြီ ၁၈
  • ကြာသပတေးနေ့၊ ဧပြီ ၁၉
  • သောကြာနေ့၊ ဧပြီ ၂၀
  • စနေနေ့၊ ဧပြီ ၂၁
  • တနင်္ဂနွေနေ့၊ ဧပြီ ၂၂
  • တနင်္လာနေ့၊ ဧပြီ ၂၃
  • အင်္ဂါနေ့၊ ဧပြီ ၂၄
  • ဗုဒ္ဓဟူးနေ့၊ ဧပြီ ၂၅
  • ကြာသပတေးနေ့၊ ဧပြီ ၂၆
  • သောကြာနေ့၊ ဧပြီ ၂၇
  • စနေနေ့၊ ဧပြီ ၂၈
  • တနင်္ဂနွေနေ့၊ ဧပြီ ၂၉
  • တနင်္လာနေ့၊ ဧပြီ ၃၀
ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၁၈
es18 စာ. ၃၇-၄၆

ဧပြီ

တနင်္ဂနွေနေ့၊ ဧပြီ ၁

ခင်ဗျားတို့ဟာ တစ်ချိန်တုန်းက ဆိုးညစ်တဲ့အရာတွေဆီ စိတ်ရောက်နေတဲ့အတွက် ဘုရားသခင်နဲ့ ကင်းကွာပြီး ဘုရားရဲ့ရန်သူတွေ ဖြစ်ခဲ့ကြတယ်။ အခုတော့ ဘုရားသခင်က သားတော်ရဲ့ လူသားခန္ဓာကို သေဆုံးစေခြင်းအားဖြင့် ခင်ဗျားတို့ကို မိမိနဲ့ ပြန်လည်သင့်မြတ်စေပြီ။—ကော. ၁:၂၁၊ ၂၂။

ယေရှုရဲ့ ရွေးနုတ်ဖိုးကို ယုံကြည်ကြောင်း မတင်ပြသူတွေကို ရန်သူအဖြစ် ဘုရားသခင် ယူမှတ်တယ်။ ဒါကြောင့် ဘုရားသခင့်မိတ်ဆွေ ဖြစ်လာနိုင်မှန်း သူတို့ကို ပြောပြဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ “ဘုရားရဲ့သားကို ယုံကြည်သက်ဝင်သူဟာ ထာဝရအသက် ရလိမ့်မယ်။ သူ့စကားကို နားမထောင်တဲ့သူကတော့ အသက်ရမှာ မဟုတ်ဘူး။ ဘုရားသခင့်အမျက်တော် ခံရလိမ့်မယ်” လို့ တမန်တော်ယောဟန် ပြောတယ်။ (ယော. ၃:၃၆) ခရစ်တော်ရဲ့ ရွေးနုတ်ဖိုးကြောင့် ဘုရားသခင့် မိတ်ဆွေဖြစ်နိုင်တာ ဝမ်းသာစရာပဲ။ (၂ ကော. ၅:၁၈-၂၀) အမှန်တရားအကြောင်း ဟောပြောသွန်သင်ခြင်း၊ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိလာအောင် လူတွေကို ကူညီပေးခြင်းလုပ်ငန်းမှာ ကျွန်တော်တို့ ပါဝင်နေကြတယ်။ ဒါဟာ ဟောပြောခြင်းရဲ့ အရေးကြီးကဏ္ဍတစ်ခုဖြစ်တယ်။

w16.07 ၄:၈-၁၀

အောက်မေ့ရာပွဲ ကျမ်းစာဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန် ၁၄ ရက်) ယောဟန် ၁၉:၁-၄၂

တနင်္လာနေ့၊ ဧပြီ ၂

နာမတော် သန့်ရှင်းမြင့်မြတ်ပါစေ။—မ. ၆:၉။

ယေရှုရဲ့ စံပြဆုတောင်းချက်မှာ ဘုရားနာမတော် သန့်ရှင်းမြင့်မြတ်ရေးကို အရင်ဆုံး ဖော်ပြထားတယ်။ ယေဟောဝါဟာ သန့်ရှင်းတဲ့အတွက် ဘုရားချမှတ်တဲ့ မူတွေ၊ ပညတ်တွေအားလုံး သန့်ရှင်းတယ်။ ဒါပေမဲ့ လူသားတွေအတွက် ဘုရားစံနှုန်း ချမှတ်ပေးပိုင်ခွင့် ရှိကြောင်းကို ဧဒင်ဥယျာဉ်မှာ စာတန် စဉ်းလဲစွာ မေးခွန်းထုတ်ခဲ့တယ်။ ယေဟောဝါအကြောင်း လိမ်လည်ပြောဆိုခြင်းအားဖြင့် ဘုရားရဲ့ နာမတော်မြတ်ကို စာတန် ရှုတ်ချခဲ့တယ်။ (က. ၃:၁-၅) ယေရှုကတော့ ယေဟောဝါရဲ့ နာမတော်ကို အမှန်တကယ် နှစ်သက်မြတ်နိုးတယ်။ (ယော. ၁၇:၂၅၊ ၂၆) ဘုရားရဲ့ နာမတော် သန့်ရှင်းမြင့်မြတ်ဖို့ ကူညီပံ့ပိုးခဲ့တယ်။ (ဆာ. ၄၀:၈-၁၀) အသိဉာဏ်ရှိတဲ့ သတ္တဝါတွေအတွက် ယေဟောဝါ စံနှုန်းတွေ ချမှတ်ပေးပိုင်ခွင့်ရှိကြောင်း မြေကြီးပေါ်မှာ စုံလင်တဲ့အသက်တာနဲ့ ယေရှု တော်မှန်စွာ သက်သေထူခဲ့တယ်။ ကောင်းကင်ဖခင်အပေါ် သေတဲ့အထိ သစ္စာစောင့်သိခြင်းအားဖြင့် စုံလင်တဲ့လူသားဟာ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို အပြည့်အဝ နာခံနိုင်ကြောင်း သက်သေထူခဲ့တယ်။ w17.02 ၂:၂-၄

အောက်မေ့ရာပွဲ ကျမ်းစာဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန် ၁၅ ရက်) မဿဲ ၂၇:၆၂-၆၆ (နေဝင်ပြီးနောက် ဖြစ်ရပ်များ– နိသန် ၁၆) ယောဟန် ၂၀:၁

အင်္ဂါနေ့၊ ဧပြီ ၃

သိုးသငယ်က . . . ဂုဏ်အသရေ၊ ဘုန်းအသရေ၊ . . . ရရှိပါစေ။—ဗျာ. ၅:၁၃။

သိုးသငယ်ဟာ “လောကရဲ့ အပြစ်ကို ဖယ်ရှားပေးမယ့် ဘုရားသခင်ရဲ့သိုးသငယ်” ယေရှုခရစ် ဖြစ်တယ်။ (ယော. ၁:၂၉) လူသားဘုရင်အားလုံးထက် သာလွန်မြင့်မြတ်တယ်လို့ ကျမ်းစာမှာဖော်ပြတယ်။ “ဘုရင်တကာတို့ရဲ့ ဘုရင်၊ သခင်တကာတို့ရဲ့ သခင်ပဲ။ အဲဒီ ဘုရင်တစ်ပါးကပဲ မသေနိုင်တဲ့အဖြစ်ကို ရထားပြီး ဘယ်သူမှ မချဉ်းကပ်နိုင်တဲ့ အလင်းထဲမှာ စံမြန်းနေတယ်။ သူ့ကို ဘယ်သူမှ မမြင်ဖူးဘူး။ ဘယ်သူမှ မမြင်နိုင်ဘူး” လို့ဆိုထားတယ်။ (၁ တိ. ၆:၁၄-၁၆) ကျွန်တော်တို့ရဲ့ အပြစ်တွေအတွက် ရွေးနုတ်ဖိုးအဖြစ် ဘယ်ဘုရင်ကများ လိုလိုလားလား အသေခံခဲ့ဖူးလို့လဲ။ ဒါကြောင့် “အသတ်ခံခဲ့ရတဲ့ သိုးသငယ်ဟာ တန်ခိုး၊ စည်းစိမ်၊ ဉာဏ်ပညာ၊ ခွန်အား၊ ဂုဏ်အသရေ၊ ဘုန်းအသရေနဲ့ ချီးမွမ်းမှုကို ရထိုက်တယ်” လို့ကြွေးကြော်နေတဲ့ ကောင်းကင်တမန် အုပ်စုကြီးနဲ့ ပူးပေါင်းချင်စိတ် ဖြစ်လာမှာပဲ။ (ဗျာ. ၅:၁၂) ယေဟောဝါနဲ့ ခရစ်တော်ကို မဖြစ်မနေ ဂုဏ်တင်ရပါမယ်။ ကျွန်တော်တို့ထာဝစဉ် အသက်ရှင်ရေးဟာ အဲဒီ အပေါ် မူတည်နေတယ်။—ဆာ. ၂:၁၁၊ ၁၂။ ယော. ၅:၂၃။ w17.03 ၁:၃၊ ၄

အောက်မေ့ရာပွဲအတွက် ကျမ်းစာဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန် ၁၆) ယောဟန် ၂၀:၂-၁၈

ဗုဒ္ဓဟူးနေ့၊ ဧပြီ ၄

ကျွန်တော့်ကို ခင်ဗျားတို့ လာခေါ်တယ် . . . ဆိုရင် ကျွန်တော် ခေါင်းဆောင် တကယ်လုပ်မယ်။ —သူကြီး. ၁၁:၉။

စစ်သူကြီး ယေဖသဟာ အစ္စရေးသမိုင်းကြောင်းနဲ့ ပညတ်တရားကို ကောင်းကောင်း သိကျွမ်းတယ်။ မိမိလူမျိုးနဲ့ ယေဟောဝါ ဆက်ဆံပုံကနေ ယေဟောဝါရဲ့ အမှားအမှန်စံနှုန်းတွေကို ယေဖသ သိရှိခဲ့တယ်။ (သူကြီး. ၁၁:၁၂-၂၇) အဲဒီ အသိပညာကို အခြေခံပြီး ဆုံးဖြတ်ချက်တွေ ချတယ်။ ယေဟောဝါဟာ အငြိုးထားတာ၊ လက်စားချေတာကို မကြိုက်မှန်း၊ အချင်းချင်း ချစ်စေချင်မှန်း ယေဖသ သိတယ်။ ကိုယ့်ကို မုန်းတဲ့သူတွေကိုတောင် ဘယ်လိုဆက်ဆံရမယ်ဆိုတာ ပညတ်တရားကနေ သိထားတယ်။ (ထွ. ၂၃:၅။ ဝတ်. ၁၉:၁၇၊ ၁၈) ယောသပ်ရဲ့ ပုံနမူနာက ယေဖသကို ကူညီပေးခဲ့ပုံရတယ်။ ကိုယ့်ကိုမုန်းတဲ့ အစ်ကိုတွေကိုတောင် ယောသပ် ဘယ်လို မေတ္တာပြခဲ့တယ်ဆိုတာ ယေဖသ သိမှာပဲ။ (က. ၃၇:၄။ ၄၅:၄၊ ၅) အဲဒီ ပုံနမူနာကို တွေးတောခြင်းက ယေဟောဝါ နှစ်သက်တဲ့နည်းနဲ့ ပြန်တုံ့ပြန်ဖို့ ယေဖသကို ကူညီပေးခဲ့တာ ဖြစ်နိုင်တယ်။ ညီတွေရဲ့ လုပ်ရပ်ကြောင့် ယေဖသ တော်တော် ထိခိုက်နာကျင်ခဲ့ပေမဲ့ ယေဟောဝါရဲ့ နာမည်နဲ့ ယေဟောဝါရဲ့ လူမျိုးအတွက် တိုက်ခိုက်ခြင်းက သူ့အတွက် ပုဂ္ဂိုလ်ရေးမပြေလည်မှုတွေထက် ပိုအရေးကြီးတယ်။—သူကြီး. ၁၁:၁-၃။ w16.04 ၁:၈၊ ၉

ကြာသပတေးနေ့၊ ဧပြီ ၅

သူတို့က . . . ဝေမျှသုံးစွဲတာ . . . တွေ ဆက်လုပ်ဆောင်နေကြတယ်။—တ. ၂:၄၂။

ယေဟောဝါရဲ့ လူမျိုးဟာ အတူစည်းဝေးတဲ့ အချိန်အခါတွေကို အမြဲ တန်ဖိုးထားတယ်။ ဥပမာ၊ ခရစ်ယာန်အသင်းတော် တည်ထောင်ပြီးနောက် ယေရှုရဲ့နောက်လိုက်တွေဟာ ‘ဝေမျှသုံးစွဲတာ တွေ ဆက်လုပ်ဆောင်နေကြတယ်။’ သူတို့လိုပဲ သင်လည်း အစည်းအဝေး ပုံမှန်တက်ချင်ပါလိမ့်မယ်။ ဒါပေမဲ့ ညီအစ်ကိုညီအစ်မအားလုံးဟာ အစည်းအဝေး ပုံမှန်တက်နိုင်ဖို့ အခက်အခဲကိုယ်စီ ရှိကြတယ်။ သင်လည်း လောကအလုပ်ကြောင့်၊ လုပ်စရာတွေ များလွန်းတာ ကြောင့်၊ ပင်ပန်းနွမ်းနယ်နေတာကြောင့် အစည်းအဝေးတက်ဖို့ ခက်ခဲနိုင်တယ်။ အစည်းအဝေးတွေရဲ့ တန်ဘိုးကို လေးမြတ်ခြင်းက အစည်းအဝေးတက်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားဖို့ ကူညီပေးနိုင်ပါတယ်။ ညီအစ်ကိုညီအစ်မတချို့ဟာ ကျန်းမာရေး မကောင်းတာ စတဲ့ ကိုယ့်ဘက်က ဘာမှ မတတ်နိုင်တဲ့ အခြေအနေတွေကြောင့် အစည်းအဝေး ပုံမှန်မတက်နိုင်ကြဘူး။ အစည်းအဝေး အစီအစဉ်တွေကို ဖုန်းနဲ့ချိတ်ဆက်ပြီးတော့ပဲဖြစ်စေ၊ အသံသွင်းပြီးတော့ဖြစ်စေ နားထောင်နိုင်အောင် အကြီးအကဲတွေ ကူညီပေးနိုင်တယ်။ w 16.04 ၃:၃

သောကြာနေ့၊ ဧပြီ ၆

သတ္တိရှိကြပါ။ ဒီလောကကို ကျွန်တော် အောင်နိုင်ပြီ။—ယော. ၁၆:၃၃။

ယေဟောဝါရဲ့ သစ္စာရှိကျေးကျွန်တွေရဲ့ ပုံနမူနာတွေကနေ ခံနိုင်ရည်ရှိဖို့ လိုအပ်တဲ့ ဉာဏ်ပညာနဲ့ ရဲစွမ်းသတ္တိ ရရှိနိုင်တယ်။ ဥပမာ၊ ဗာဗုလုန်ပြည်ကို ကိုယ်စားပြုတဲ့ ရုပ်တုကို ဦးချဝတ်ပြုဖို့ ငြင်းဆိုခဲ့တဲ့ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါရဲ့ ပုံနမူနာကို စဉ်းစားကြည့်ပါ။ (ဒံ. ၃:၁၆-၁၈ ) ဒီကျမ်းမှတ်တမ်းက ကိုယ့်တိုင်းပြည်ကို ကိုယ်စားပြုတဲ့ အထိမ်းအမှတ်ကို ဦးချဝတ်ပြုဖို့ ငြင်းဆိုရဲတဲ့ သတ္တိရှိအောင် ဒီနေ့ခေတ် သက်သေခံများစွာကို ကူညီပေးတယ်။ လောကရဲ့ နိုင်ငံရေး၊ လူမှုရေး ပဋိပက္ခတွေမှာ ယေရှု မပါဝင်ခဲ့ဘူး။ သူ့ရဲ့ ပုံနမူနာကနေ တပည့်တွေ အကျိုးရရှိမယ်ဆိုတာ သိတဲ့အတွက် “သတ္တိရှိကြ” လို့ ပြောခဲ့တယ်။ သင့်အသင်းတော်မှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေဆီကနေလည်း သင် အကူအညီရရှိနိုင်တယ်။ အသင်းတော်မှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေလည်း သင် အခက်အခဲကြုံနေရမှန်း သိရင် သင့်ကို အားပေးပါလိမ့်မယ်။ သင့်အတွက် ဆုတောင်းပေးဖို့ သူတို့ကို ပြောပါ။ ကိုယ်တိုင်လည်း ညီအစ်ကိုညီအစ်မတွေကို ကူညီပေးသင့်ပြီး သူတို့အတွက် ဆုတောင်းပေးသင့်တယ်။—မ. ၇:၁၂။ w16.04 ၄:၁၆၊ ၁၈

စနေနေ့၊ ဧပြီ ၇

လူတွေဟာ စေတနာစိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ပေးဆက်ကြလိမ့်မယ်။—ဆာ. ၁၁၀:၃။

ယေဟောဝါသက်သေတွေဟာ အသင်းတော်အစည်းအဝေးတွေ၊ စည်းဝေးကြီးတွေမှာ အလှူငွေကောက်သလား။ မကောက်ပါဘူး။ သူတို့ရဲ့ လုပ်ငန်းကို စေတနာအလျောက် ထည့်ဝင်တဲ့ အလှူငွေတွေနဲ့ ထောက်မတယ်။ (၂ ကော. ၉:၇) ဒါတောင် ၂၀၁၅ တစ်နှစ်တည်းမှာ ယေဟောဝါသက်သေတွေဟာ ဟောပြောခြင်းလုပ်ငန်းမှာ နာရီပေါင်း သန်းနှစ်ထောင်နီးပါး အသုံးပြုခဲ့ပြီး လတိုင်း ကျမ်းစာသင်အံမှု ကိုးသန်းကျော် ကျင်းပခဲ့တယ်။ အဲဒီ လုပ်ဆောင်မှုတွေအတွက် သူတို့ လုပ်ခမရတဲ့အပြင် ကိုယ်တိုင် ငွေကုန်ကြေးကျခံကြတယ်။ “သူတို့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဟောပြောသွန်သင်ပေးဖို့ပဲ။ . . . သူတို့မှာ လခစားဓမ္မဆရာ မရှိတဲ့အတွက် တော်တော် အကုန်အကျသက်သာတယ်” ဆိုပြီး ယေဟောဝါသက်သေတွေရဲ့ လုပ်ငန်းကို လေ့လာသူတစ်ယောက် ပြောတယ်။ ငွေရဖို့ ဟောပြောတာ မဟုတ်ရင် ဘာကြောင့် ဟောပြောတာလဲ။ ယေဟောဝါကိုချစ်လို့၊ လူတွေကိုချစ်လို့ ဒီလုပ်ငန်းမှာ ကျွန်တော်တို့ လိုလိုလားလား ပါဝင်နေကြတယ်။ အဲဒီ သဘောထားဟာ ဒီနေ့ ကျမ်းချက်မှာပါတဲ့ ပရောဖက်ပြုချက် ပြည့်စုံတာ ဖြစ်တယ်။ w16.05 ၂:၉

တနင်္ဂနွေနေ့၊ ဧပြီ ၈

အထက်ကလာတဲ့ ဉာဏ်ပညာကို ပိုင်ဆိုင်တဲ့သူဟာ ဦးဆုံးအနေနဲ့ စင်ကြယ်တယ်။ ပြီးတော့ သင့်သင့်မြတ်မြတ် နေတတ်တယ်။ အကျိုးသင့်အကြောင်းသင့် ရှိတယ်။ နာခံဖို့ အသင့်ရှိတယ်။ ကရုဏာတွေ၊ အကျင့်ကောင်းတွေနဲ့ ပြည့်စုံတယ်။—ယာ. ၃:၁၇။

မသန့်ရှင်းတဲ့ အတွေးတွေ၊ ဆန္ဒတွေကို တောက်လောင်စေနိုင်တဲ့ ဘယ်ဖျော်ဖြေရေးကိုမဆို ရှောင်ရမယ်လို့ ကျမ်းစာသွန်သင်တယ်။ ယေဟောဝါ နှစ်သက်တဲ့အရာနဲ့ မုန်းတဲ့အရာကို ရှင်းရှင်းလင်းလင်း သိထားမယ်ဆိုရင် ဘယ်စာအုပ် ဘယ်ရုပ်ရှင်၊ ဘယ်ဂိမ်းတွေကို ရွေးချယ်ရမယ်ဆိုတာ သိဖို့ ပိုလွယ်ကူလာပါလိမ့်မယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဘာလုပ်ရမယ်ဆိုတာ တခြားသူတွေကို မေးဖို့ လိုတော့မှာ မဟုတ်ဘူး။ ကိစ္စအတော်များများကို ယေဟောဝါနှစ်သက်တဲ့နည်းနဲ့ အမျိုးမျိုး ဆုံးဖြတ်နိုင်တယ်။ ဒါပေမဲ့ ကြီးလေးတဲ့ဆုံးဖြတ်ချက်တွေ ချရတော့မယ်ဆိုရင် အကြီးအကဲတစ်ယောက်ဆီမှာဖြစ်စေ၊ ရင့်ကျက်တဲ့ ညီအစ်ကိုညီအစ်မဆီမှာဖြစ်စေ အကြံဉာဏ်တောင်းနိုင်တယ်။ (တိ. ၂:၃-၅။ ယာ. ၅:၁၃-၁၅) ဒါပေမဲ့ ကိုယ့်အတွက် ဆုံးဖြတ်ချက်ချပေးဖို့တော့ မတောင်းဆိုသင့်ဘူး။ လေ့ကျင့်ထားတဲ့ ‘ပိုင်းခြားသိမြင်နိုင်စွမ်း’ ကို သုံးပြီး ကိုယ်တိုင် ဆုံးဖြတ်ရမယ်။ (ဟီ. ၅:၁၄) “လူအသီးသီးသည် မိမိတို့၏ဝန်ကို ထမ်းရွက်ကြရမည်” လို့ တမန်တော်ပေါလု ပြောတယ်။—ဂလ. ၆:၅။ w16.05 ၃:၁၅၊ ၁၆

တနင်္လာနေ့၊ ဧပြီ ၉

ငါဟာ အရင်က ဘုရားကို စော်ကားပြောဆိုသူ၊ ညှဉ်းပန်းနှိပ်စက်သူ၊ ရိုင်းစိုင်းသူဖြစ်ခဲ့ [တယ်]။ —၁ တိ. ၁:၁၃။

ယေဟောဝါက လူတွေကို အပြင်ပန်းလောက်ပဲ မကြည့်ဘူး။ အဲဒီ အစား လူတွေရဲ့စိတ်နှလုံးကို စစ်ဆေးတယ်။ (၁ ရှ. ၁၆:၇ခ) ခရစ်ယာန်အသင်းတော်ကို ယေဟောဝါ ဖွဲ့စည်းချိန်မှာ အဲဒီ အချက် ပေါ်လွင်တယ်။ လူ့အမြင်မှာ နှစ်သက်စရာမကောင်းသူလို့ ထင်ရသူများစွာကို မိမိကိုယ်တိုင်နဲ့ သားတော်ဆီ ဘုရားသခင် ဆွဲဆောင်ခဲ့တယ်။ (ယော. ၆:၄၄) အဲဒီ လိုလူတွေထဲက တစ်ယောက်ကတော့ ဖာရိရှဲ ရှောလုပဲ။ ဒါပေမဲ့ ‘စိတ်နှလုံးကို စစ်ဆေး’ တဲ့အရှင်ကတော့ ရှောလုကို အသုံးမဝင်တဲ့ ရွှံ့မြေအဖြစ် မယူဆဘူး။ (ပညာ. ၁၇:၃) အဲဒီ အစား နှစ်သက်စရာကောင်းသူ ဖြစ်လာအောင် ပုံသွင်းနိုင်တဲ့ ရွှံ့မြေအဖြစ် ရှုမြင်တယ်။ ‘လူမျိုးခြားတွေနဲ့ ရှင်ဘုရင်တွေကိုရော အစ္စရေးလူမျိုးကိုပါ’ သတင်းကောင်းဟောပြောဖို့ သူ့ကို ဘုရားရွေးကောက်ခဲ့တယ်။ (တ. ၉:၁၅) “အိုးမြတ်” အဖြစ် ပုံသွင်းဖို့ ဘုရားရွေးချယ်တဲ့ တခြားသူတွေထဲမှာ အရက်သမားတွေ၊ အကျင့်ပျက်သူတွေ၊ သူခိုးတွေ ပါဝင်တယ်။ (ရော. ၉:၂၁။ ၁ ကော. ၆:၉-၁၁) ကျမ်းစာလေ့လာပြီး ယေဟောဝါအပေါ် ယုံကြည်ခြင်း ခိုင်မာလာတာနဲ့အမျှ ယေဟောဝါ ပုံသွင်းပေးတာကို သူတို့ လက်ခံကြတယ်။ w16.06 ၁:၄

အင်္ဂါနေ့၊ ဧပြီ ၁၀

ရွှံ့မြေဟာ အိုးထိန်းသမားလက်ထဲမှာ ရှိသလို မင်းတို့ဟာ ငါ့လက်ထဲမှာ ရှိတယ်။—ယေ. ၁၈:၆။

ပျော့ပျောင်းတဲ့ရွှံ့မြေလို ဆက်ဖြစ်နေအောင် ကူညီပေးဖို့ ကျမ်းစာ၊ ခရစ်ယာန်အသင်းတော်နဲ့ အမှုဆောင်လုပ်ငန်းကို ဘုရားသခင် ပြင်ဆင်ပေးထားတယ်။ နေ့တိုင်း ကျမ်းစာဖတ်ပြီး တွေးတောဆင်ခြင်တဲ့အခါ ယေဟောဝါ ပုံသွင်းပေးရလွယ်သူတွေ ဖြစ်လာနိုင်တယ်။ ပညတ်ကျမ်းကို ကိုယ်တိုင်ကူးရေးပြီး နေ့တိုင်းဖတ်ဖို့ အစ္စရေးဘုရင်တွေကို ယေဟောဝါ တောင်းဆိုထားတယ်။ (တရား. ၁၇:၁၈-၂၀) ကျမ်းစာဖတ်ပြီး တွေးတောဆင်ခြင်ခြင်းက အမှုဆောင်လုပ်ငန်းအတွက် အရေးပါတယ်ဆိုတာ တမန်တော်တွေ သိတယ်။ သူတို့ရေးတဲ့ကျမ်းတွေမှာ ဟီဘရူးကျမ်းစောင်တွေကို အကြိမ်ပေါင်း ရာနဲ့ချီ ကိုးကားခဲ့တယ်။ တခြားသူတွေကိုလည်း ကျမ်းစာသုံးဖို့ သူတို့ အားပေးခဲ့တယ်။ (တ. ၁၇:၁၁) ဒီနေ့ခေတ်မှာလည်း နေ့တိုင်း ကျမ်းစာဖတ်ပြီး တွေးတောဆင်ခြင်ဖို့ အရေးကြီးမှန်း ကျွန်တော်တို့ သိတယ်။ (၁ တိ. ၄:၁၅) အဲဒီ လိုလုပ်ဆောင်ခြင်းက နှိမ့်ချသူတွေ၊ ပုံသွင်းရလွယ်သူတွေ ဆက်ဖြစ်နေအောင် ကူညီပေးတယ်။ w16.06 ၂:၁၀

ဗုဒ္ဓဟူးနေ့၊ ဧပြီ ၁၁

အချင်းချင်း ချစ်မယ်ဆိုရင် ခင်ဗျားတို့ဟာ ကျွန်တော့်တပည့်တွေပဲဆိုတာ လူတွေသိလိမ့်မယ်။ —ယော. ၁၃:၃၅။

မကြာသေးခင်နှစ်တွေအတွင်း တိုင်းပြည်တွေ စစ်ဖြစ်ချိန်မှာ ယေဟောဝါရဲ့လူမျိုးကတော့ အဲဒီ မေတ္တာကို တင်ပြခဲ့ကြတယ်။ ဥပမာ၊ ဒုတိယကမ္ဘာစစ်မှာ လူပေါင်း ၅၅ သန်းလောက် သေဆုံးခဲ့ပေမဲ့ အဲဒီ သတ်ဖြတ်မှုမှာ ယေဟောဝါသက်သေတစ်ယောက်မှ မပါဝင်ခဲ့ဘူး။ (မိ. ၄:၁၊ ၃) ဒါကြောင့် ‘တစ်ယောက်ယောက် ကယ်တင်ခြင်းမရရင် ကျွန်တော့်အပြစ် မဟုတ်ဘူး’ လို့ ပြောနိုင်ခဲ့ကြတယ်။ (တ. ၂၀:၂၆) ဒီလောကကို ‘လောကစနစ်ရဲ့ဘုရား’ စာတန် အုပ်ချုပ်နေတာတောင် ယေဟောဝါရဲ့လူမျိုးကတော့ ဆက်တိုးတက်နေတယ်။ (၂ ကော. ၄:၄) လောကနိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေကို သုံးပြီး ဟောပြောခြင်းလုပ်ငန်း ရပ်တန့်သွားအောင် စာတန် ကြိုးစားနေပေမဲ့ မအောင်မြင်ဘူး။ ဒါပေမဲ့ သူ့အချိန် တစ်ခဏပဲကျန်တော့တာ သိတဲ့အတွက် ယေဟောဝါကို ကျွန်တော်တို့ ဝတ်မပြုတော့အောင် နည်းအမျိုးမျိုးနဲ့ ဆက်ကြိုးစားနေတယ်။—ဗျာ. ၁၂:၁၂။ w16.06 ၄:၃၊ ၄

ကြာသပတေးနေ့၊ ဧပြီ ၁၂

တောနှင်းပန်းတွေ ရှင်သန်နေပုံကိုကြည့်ပြီး သင်ခန်းစာယူပါ။—မ. ၆:၂၈။

ယေဟောဝါရဲ့ ဖန်ဆင်းရာတွေအကြောင်း စဉ်းစားကြည့်ဖို့ ကျွန်တော်တို့ကို ယေရှု သတိပေးတယ်။ “တောနှင်းပင်” ရဲ့အလှကနေ အများကြီး သင်ယူနိုင်ပါတယ်။ နှင်းပန်းလို လှပတဲ့ပန်းတွေအကြောင်း ယေရှု ပြောချင်တာ ဖြစ်နိုင်တယ်။ အဲဒီ ပန်းပင်တွေတစ်ခုမှ အဝတ်အစားအတွက် ချည်မငင်ကြဘူး။ ဒါပေမဲ့ “ခံ့ခံ့ညားညား ဝတ်ဆင်ထားတဲ့ ရှောလမုန်မင်းတောင် အဲဒီ နှင်းပန်းတစ်ပင်လို လှလှပပဖြစ်အောင် မဆင်မြန်းနိုင်ဘူး” လို့ ယေရှု ပြောတယ်။ ‘ယုံကြည်ခြင်းနည်းသူတို့၊ ဒီနေ့ ရှင်သန်ပြီး မနက်ဖြန် မီးထဲရောက်သွားမယ့် တောပင်တွေကိုတောင် ဘုရားသခင်က အဲဒီ လိုဆင်မြန်းပေးတယ်ဆိုရင် ခင်ဗျားတို့ကို ဒီထက်မက ဆင်မြန်းပေးမယ် မဟုတ်လား’ လို့ ယေရှု ဆက်ပြောတယ်။ (မ. ၆:၂၉၊ ၃၀) ဘုရားသခင် ဆင်ယင်ပေးမှာ သေချာတယ်။ တပည့်တွေအနေနဲ့ ယုံကြည်ခြင်းရှိဖို့ပဲ လိုအပ်တယ်။ (မ. ၈:၂၆။ ၁၄:၃၁။ ၁၆:၈။ ၁၇:၂၀) သူတို့ကို ယေဟောဝါ ဂရုစိုက်စောင့်ရှောက်ပေးမယ်ဆိုတာ အခိုင်အမာ ယုံကြည်ဖို့ လိုအပ်တယ်။ ကျွန်တော်တို့ကော။ ယေဟောဝါ ဂရုစိုက်စောင့်ရှောက်ပေးမယ်ဆိုတာ အခိုင်အမာ ယုံကြည်သလား။ w16.07 ၁:၁၅၊ ၁၆

သောကြာနေ့၊ ဧပြီ ၁၃

ခင်ဗျားတို့ဟာ . . . မဟာကရုဏာတော်ကို ခံစားရတဲ့ ဘဏ္ဍာစိုးကောင်းတွေဖြစ်တယ်။ ဒါကြောင့် ကိုယ်စီရရှိထားတဲ့ ဆုကျေးဇူး အတိုင်းအတာနဲ့အညီ အဲဒီ ဆုကျေးဇူးကို အချင်းချင်းအတွက် အကျိုးဆောင်ဖို့ အသုံးပြုကြပါ။—၁ ပေ. ၄:၁၀။

ဘယ်လိုအခက်အခဲတွေ ကြုံရပါစေ ခံနိုင်ရည်ရှိဖို့ လိုအပ်တဲ့အရာကို ယေဟောဝါ ပေးမယ်လို့ ဆိုလိုတယ်။ (၁ ပေ. ၁:၆) အခက်အခဲတိုင်းကို ကျော်ဖြတ်နိုင်ဖို့ ကျွန်တော်တို့ လိုအပ်ရာ အတိအကျကို ဘုရားသခင် အမြဲပေးပါလိမ့်မယ်။ အဲဒီ ထဲက တစ်ခုကတော့ ကျွန်တော်တို့ရဲ့ အပြစ်တွေကို ယေဟောဝါ ခွင့်လွှတ်တယ်။ ယေဟောဝါက မဟာကရုဏာကြောင့် ကျွန်တော်တို့ရဲ့ အပြစ်တွေကို ခွင့်လွှတ်ပေးတယ်။ ဒါပေမဲ့ နောင်တယူပြီး အပြစ်လုပ်ချင်စိတ်ကို ဆက်တိုက်လှန်နေမှသာဖြစ်တယ်။ (၁ ယော. ၁:၈၊ ၉) ဘုရားသခင့်ကရုဏာအတွက် ကျေးဇူးတင်လွန်းလို့ ကိုယ်တော့်ကို ဂုဏ်တင်ချီးမွမ်းဖို့ လှုံ့ဆော်ခံရသင့်တယ်။ အပြစ်တွေကို ယေဟောဝါ ဘယ်လို ခွင့်လွှတ်မှန်း ပေါလု အခုလိုပြောတယ်– “[ယေဟောဝါဟာ] ကျွန်တော်တို့ကို မှောင်မိုက်တန်ခိုးအောက်ကနေ ကယ်တင်ပြီး ချစ်ရတဲ့ သားတော်ရဲ့ နိုင်ငံတော်ထဲ ခေါ်ဆောင်ခဲ့တယ်။ အဲဒီ သားတော်ရဲ့ ရွေးဖိုးအားဖြင့် ကျွန်တော်တို့ လွတ်မြောက်သွားပြီး အပြစ်တွေ ခွင့်လွှတ်ခံရတယ်။” (ကော. ၁:၁၃၊ ၁၄) အပြစ်တွေ ခွင့်လွှတ်ခံရလို့ နောက်ထပ်ကောင်းချီးများစွာ ရရှိဖို့ လမ်းပွင့်လာတယ်။ w16.07 ၃:၇-၉

စနေနေ့၊ ဧပြီ ၁၄

သူက မင်းရဲ့ခေါင်းကို ကြိတ်လိမ့်မယ်။—က. ၃:၁၅။

ဧဒင်မှာ စာတန် ဝင်ရှုပ်ခဲ့ပေမဲ့ လူသားတွေကို ယေဟောဝါ မျှော်လင့်ချက် ဆက်ပေးခဲ့တယ်။ ဒါကို ဦးဆုံးပရောဖက်ပြုချက်မှာ တွေ့နိုင်တယ်။ မာရ်နတ်ကို ဖျက်ဆီးဖို့ အဲဒီ အုပ်စုထဲက တစ်ယောက်ယောက်ကို ဘုရားသခင် စေလွှတ်ပါလိမ့်မယ်။ ဦးဆုံးဇနီးမောင်နှံ ဆုံးရှုံးခဲ့တာကို နာခံမှုရှိတဲ့လူသားတွေ ပြန်ခံစားရဖို့ အမျိုးအနွယ်က လုပ်ဆောင်ပေးလိမ့်မယ်။ နာခံမှုရှိတဲ့လူသားတွေဟာ ယေဟောဝါရဲ့ မူလရည်ရွယ်ချက်အတိုင်း မြေကြီးပေါ် ထာဝစဉ်အသက်ရှင်ခွင့် ရရှိကြပါလိမ့်မယ်။ (ယော. ၃:၁၆) အာဒံနဲ့ ဧဝရဲ့ ပုန်ကန်မှုဟာ သူတို့ရဲ့အိမ်ထောင်ကိုသာမက နောက်ပိုင်း အိမ်ထောင်အားလုံးကိုပါ အကြီးအကျယ် ထိခိုက်ခဲ့တယ်။ ဥပမာ၊ ဧဝနဲ့ သူ့မျိုးဆက် မိန်းမအားလုံးဟာ မီးဖွားချိန်အတွင်း ဝေဒနာ အပြင်းအထန် ခံစားရလိမ့်မယ်။ ကိုယ့်ယောက်ျားကို တမ်းတမ်းစွဲ ဖြစ်ကြလိမ့်မယ်။ ယောက်ျားတွေကတော့ ကိုယ့်မိန်းမကို သြဇာလွှမ်းမိုးပြီး တစ်ခါတလေ ဒီနေ့ခေတ်မှာ တွေ့ရတဲ့အတိုင်း မတော်မတရားတောင် ဆက်ဆံကြလိမ့်မယ်။ (က. ၃:၁၆) လင်ယောက်ျားတွေအနေနဲ့ မေတ္တာရှိတဲ့ အိမ်ထောင်ဦးစီးဖြစ်ဖို့၊ ဇနီးတွေအနေနဲ့ လင်ယောက်ျားကို လက်အောက်ခံဖို့ ကျမ်းစာ တောင်းဆိုထားတယ်။ (ဧ. ၅:၃၃) ခရစ်ယာန်အိမ်ထောင်ဖက် အချင်းချင်း ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ပြဿနာများစွာကို ရှောင်နိုင်ပါလိမ့်မယ်။ w16.08 ၁:၆၊ ၇

တနင်္ဂနွေနေ့၊ ဧပြီ ၁၅

ဇနီးတို့၊ ခင်ပွန်းနဲ့အတူနေမယ်ဆိုရင် ခင်ပွန်းကို ကယ်တင်ကောင်း ကယ်တင်နိုင်လိမ့်မယ်။ ခင်ပွန်းတို့၊ ဇနီးနဲ့ အတူနေမယ်ဆိုရင် ဇနီးကို ကယ်တင်ကောင်း ကယ်တင်နိုင်လိမ့်မယ်။—၁ ကော. ၇:၁၆။

ယေဟောဝါကို ဝတ်မပြုတဲ့ အိမ်ထောင်ဖက်ဖြစ်နေရင်တောင် သူနဲ့ဆက်ပေါင်းဖို့ ကျမ်းစာမှာ အကြောင်းရင်းတွေ ဖော်ပြထားတယ်။ (၁ ကော. ၇:၁၂-၁၄) မယုံကြည်တဲ့အိမ်ထောင်ဖက်ဟာ ဘုရားသခင့်ကျေးကျွန်နဲ့ အိမ်ထောင်ပြုထားလို့ “သန့်စင်” တယ်။ သူတို့ကနေ မွေးလာတဲ့ သားသမီးတွေလည်း “စင်ကြယ်” ပြီး ဘုရားသခင့်ကာကွယ်မှုအောက်မှာ ရှိတယ်။ ယေဟောဝါကို ဝတ်ပြုသူဖြစ်လာအောင် အိမ်ထောင်ဖက်တွေကို ကူညီပေးခဲ့တဲ့ ခရစ်ယာန်အိမ်ထောင်သည် များစွာရှိတယ်။ ခင်ပွန်းကို လက်အောက်ခံမယ်ဆိုရင် “ခင်ပွန်းက တရားစကားကို မနာခံသူ ဖြစ်နေရင်တောင် ဇနီးက တစ်ခွန်းမှ ဟောစရာမလိုဘဲ ကိုယ့်ရဲ့ အမူအကျင့်ကြောင့် သူ့ကို ယုံကြည်သူဖြစ်လာစေနိုင်တယ်။ ဇနီးရဲ့ စင်ကြယ်တဲ့ အမူအကျင့်တွေ၊ အလွန်ရိုသေတတ်တာတွေကို သူကိုယ်တိုင် မြင်ရလို့ပဲ” လို့ ခရစ်ယာန်ဇနီးတွေကို တမန်တော် ပေတရုပြောတယ်။—၁ ပေ. ၃:၁-၄။ w16.08 ၂:၁၄၊ ၁၅

တနင်္လာနေ့၊ ဧပြီ ၁၆

အချင်းချင်း နှစ်နှစ်ကာကာ ချစ်ကြပါ။ —၁ ပေ. ၁:၂၂။

“ညီရင်းအစ်ကိုမေတ္တာ” ထားရှိတာ ၊ အချင်းချင်းအတွက် အစေခံတာနဲ့ပတ်သက်တဲ့ ကျမ်းစာမှတ်တမ်းတွေ ရှိတယ်။ (လု. ၂၂:၂၄-၂၇) ယေရှုဟာ တခြားသူတွေကို ကူညီဖို့ အသက်ပါမကျန် အားလုံးကို ပေးဆက်ခဲ့တယ်။ (မ. ၂၀:၂၈) ဒေါ်ကာဟာ “ကောင်းတဲ့အကျင့်၊ ပေးကမ်းစွန့်ကြဲတတ်တဲ့အကျင့် ရှိ” သူဖြစ်တယ်။ (တ. ၉:၃၆၊ ၃၉) မာရိဟာ ရောမမြို့မှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေအတွက် “များစွာအားထုတ်လုပ်ဆောင်ပေးခဲ့” တယ်။ (ရော. ၁၆:၆) ညီအစ်ကိုညီအစ်မတွေကို ကူညီဖို့ သိပ်အရေးကြီးမှန်း လူသစ်တွေ နားလည်လာအောင် ကျွန်တော်တို့ ဘယ်လို ကူညီပေးနိုင်သလဲ။ အသက်ကြီးသူတွေ ဒါမှမဟုတ် လူနာတွေဆီ လည်ပတ်ချိန်မှာ လူသစ်တွေကို ခေါ်သွားနိုင်တယ်။ မိဘတွေဆိုရင် ဖြစ်နိုင်တဲ့အခါ ကလေးတွေကို ခေါ်သွားနိုင်တယ်။ အကြီးအကဲတွေအနေနဲ့ အသက်ကြီးသူတွေအတွက် အစားအစာ ပြင်ဆင်ပေးတဲ့အခါ ဒါမှမဟုတ် အိမ်ပြင်ပေးတဲ့အခါ ကူညီပေးဖို့ လူသစ်တွေကို တောင်းဆိုနိုင်တယ်။ ဒီနည်းအားဖြင့် လူငယ်တွေနဲ့ လူသစ်တွေဟာ ညီအစ်ကိုညီအစ်မတွေကို မေတ္တာပြတတ်လာပါလိမ့်မယ်။ ညီအစ်ကိုညီအစ်မတွေကို ကူညီပေးတတ်လာမယ်။—ရော. ၁၂:၁၀။ w16.08 ၄:၁၃၊ ၁၄

အင်္ဂါနေ့၊ ဧပြီ ၁၇

လူတစ်ယောက်က တရားစကားကို ကြားတဲ့အခါ ဆိုလိုရင်းကို သဘောပေါက်တဲ့အတွက် . . . သီးပွင့်ဖြစ်ထွန်းတယ်။—မ. ၁၃:၂၃။

ပြင်သစ်က ညီအစ်မငယ်တစ်ယောက်က “ကျမ်းစာကို ယုံကြည်တဲ့ ကျောင်းသူ/သားတွေ ရှိသေးလို့ ဆရာ/မတွေ အံ့သြကြတယ်” လို့ပြောတယ်။ လူသားတွေကို ဘုရားသခင် ဖန်ဆင်းမှန်း အခုခေတ် လူတွေ မယုံကြည်ကြဘူး။ သင်ဟာ ယေဟောဝါကို ဝတ်ပြုနေတဲ့လူငယ် ဒါမှမဟုတ် ကိုယ်တော့်အကြောင်း လေ့လာနေတဲ့သူ ဖြစ်မယ်ဆိုရင် ဖန်ဆင်းရှင်ရှိကြောင်း ဘယ်လို သက်သေပြရမလဲလို့ တွေးမိတဲ့အခါတွေ ရှိနိုင်တယ်။ သင့်ရဲ့ ယုံကြည်ခြင်းကို ခိုင်ခံ့နေစေဖို့ လုပ်နိုင်တဲ့အရာတွေ ရှိတယ်။ တစ်ခုကတော့ ‘ကာကွယ်ပေး’ မယ့် ဘုရားပေး သမ္မာသတိ ဒါမှမဟုတ် စဉ်းစားဆင်ခြင်နိုင်စွမ်းကို အသုံးပြုခြင်းဖြစ်တယ်။ အဲဒါက သင့်ရဲ့ ယုံကြည်ခြင်းကို ပျက်စီးစေနိုင်တဲ့ လောကအတွေးအခေါ်တွေကနေ ကာကွယ်ပေးပါလိမ့်မယ်။ (ပညာ. ၂:၁၀-၁၂) ယေဟောဝါအပေါ် ခိုင်မာတဲ့ ယုံကြည်ခြင်း ရှိဖို့ဆိုရင် ကိုယ်တော့်အကြောင်း ကောင်းကောင်း သိဖို့ လိုတယ်။ (၁ တိ. ၂:၄) ဒါကြောင့် ကျမ်းစာနဲ့ ကျမ်းစာအခြေပြုစာပေတွေ ဖတ်တဲ့အခါ ခဏရပ်ပြီး “ဆိုလိုရင်း” ကို အသေအချာ စဉ်းစားပါ။ w16.09 ၄:၁-၃

ဗုဒ္ဓဟူးနေ့၊ ဧပြီ ၁၈

အကောင်းနဲ့ တုံ့ပြန်ပြီး အဆိုးကို အမြဲအနိုင်ယူလိုက်ပါ။—ရော. ၁၂:၂၁။

ငယ်ဘဝအခြေအနေ ဆိုးခဲ့ရင်တောင်၊ လက်ရှိအချိန်မှာ မျှော်လင့်ချက် မဲ့နေရင်တောင် ဇွဲရှိရှိ ဆက်တိုက်လှန်နေရမယ်။ ဒါဆိုရင် ယေဟောဝါ ကောင်းချီးပေးမှာ သေချာပါတယ်။ (က. ၃၉:၂၁-၂၃) ဒီနေ့လည်း ခက်ခဲတဲ့ အခြေအနေတွေ ရင်ဆိုင်ရနိုင်တယ်။ မတရားမှု၊ ဘက်လိုက်မှု၊ လှောင်ပြောင်မှု၊ မနာလိုမှုတွေကို ခံနေရတာ ဖြစ်နိုင်တယ်။ စိတ်ဓာတ်ကျနေမယ့်အစား ယေဟောဝါကို ပျော်ပျော်ရွှင်ရွှင် ဆက်အမှုဆောင်နိုင်အောင် ယာကုပ်၊ ရာခေလ၊ ယောသပ်တို့ကို ဘာက ကူညီပေးခဲ့မှန်း သတိရပါ။ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိတာကို အလွန်တန်ဖိုးထားကြတဲ့အတွက် သူတို့ကို ဘုရားသခင် ခွန်အားပေးခဲ့တယ်။ ကောင်းချီးပေးခဲ့တယ်။ ဆုတောင်းချက်တွေနဲ့အညီ သူတို့ ဆက်တိုက်လှန်ခဲ့ကြတယ်။ နောက်ဆုံးကာလမှာ ကျွန်တော်တို့ အသက်ရှင်နေရလို့ အနာဂတ်မျှော်လင့်ချက် ဆက်ခိုင်မာနေဖို့ အရေးကြီးတယ်။ ယေဟောဝါရဲ့ မျက်နှာသာရဖို့ သင် တိုက်လှန်ချင်သလား။ w16.09 ၂:၈၊ ၉

ကြာသပတေးနေ့၊ ဧပြီ ၁၉

စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးကတော့ ယုံကြည်ခြင်း[ပဲ။]—ဂ. ၅:၂၂။

မိဘတွေရဲ့ ပုံသက်သေက သိပ်အရေးကြီးတယ်။ သင်လုပ်နေတာတွေကို သူတို့ကြည့်နေကြတယ်။ ဒါကြောင့် သင့်ယုံကြည်ခြင်းကို ခိုင်ခံ့စေပါ။ ယေဟောဝါဟာ သင့်အတွက် တကယ့်ပုဂ္ဂိုလ်ဖြစ်မှန်း သားသမီးတွေ မြင်တွေ့ပါစေ။ ဥပမာ၊ ဘာမြူဒါကျွန်းက မိဘနှစ်ပါးက ကိစ္စတစ်ခုအတွက် စိုးရိမ်တဲ့အခါ သမီးတွေနဲ့အတူ ယေဟောဝါဆီ ဆုတောင်းတယ်။ ကိုယ်တိုင် ဆုတောင်းကြဖို့လည်း အားပေးတယ်။ “သမီးကြီးကို ‘ယေဟောဝါအပေါ် အကြွင်းမဲ့ ယုံကြည်အားကိုးပါ။ အမှုဆောင်လုပ်ငန်းမှာ အလုပ်များနေပါ။ အရမ်းကြီး စိတ်မပူနဲ့’ လို့ပြောတယ်။ အကျိုးရလဒ်ကို မြင်တွေ့တဲ့အခါ ယေဟောဝါ ကူညီနေတယ်လို့ သမီးကြီး ခံစားခဲ့ရတယ်။ ဒါကြောင့် ဘုရားသခင်ကိုရော၊ ကျမ်းစာကိုပါ သူ ပိုယုံကြည်လာတယ်” လို့ သူတို့ပြောတယ်။ ယုံကြည်ခြင်း ရှိလာအောင် သားသမီးတွေကိုယ်တိုင် လုပ်ယူရမယ်။ မိဘတွေဟာ စိုက်ပျိုးသူ၊ ရေလောင်းသူသာ ဖြစ်ပြီး ယေဟောဝါပဲ အပင်ကို ကြီးထွားစေနိုင်တယ်။ (၁ ကော. ၃:၆) ဒါကြောင့် သားသမီးတွေကို ဘုရားအကြောင်း ကြိုးစားသင်ပေးပါ။ သူတို့မှာ ယုံကြည်ခြင်း ရှိလာအောင် ကူညီပေးဖို့ စွမ်းအားတော် တောင်းခံပါ။ ဒါဆိုရင် သင့်ရဲ့ ကြိုးစားအားထုတ်မှုကို ယေဟောဝါ ကောင်းချီးများစွာ ပေးပါလိမ့်မယ်။—ဧ. ၆:၄။ w16.09 ၅:၁၆-၁၈

သောကြာနေ့၊ ဧပြီ ၂၀

သားသမီးတွေကို စိတ်စွဲမှတ်သွားအောင် သွန်သင်ပေးရမယ်။—တရား. ၆:၇။

ဘာသာခြားစကား အသင်းတော်မှာ သုံးနှစ်ကျော် အမှုဆောင်ပြီးတဲ့နောက် ၁၇ နှစ်အရွယ် သားဖြစ်သူဟာ အမှန်တရားမှာ စိတ်မပါတော့တာ ကို ဆာ့ချ်နဲ့ မြူရီယယ်တို့ သတိထားမိကြတယ်။ “ဒီအခြေအနေကြောင့် သားရဲ့တိုးတက်မှု နှေးကွေးနေတာကို သတိထားမိတဲ့အခါ အရင်အသင်းတော်ကို ပြန်ပြောင်းဖို့ ဆုံးဖြတ်လိုက်တယ်” လို့ ဆာ့ချ် ပြောတယ်။ ပြန်ပြောင်းဖို့ ဆုံးဖြတ်ရာမှာ မိဘတွေကို ဘာက ကူညီပေးနိုင်သလဲ။ ပထမ၊ ဘာသာခြားစကား သင်ပေးရင်းနဲ့ တစ်ချိန်တည်းမှာ ယေဟောဝါကို ချစ်လာအောင် ကူညီပေးဖို့ အချိန်နဲ့ ခွန်အား အလုံအလောက် ရှိသလားဆိုတာ စဉ်းစားရမယ်။ ဒုတိယ၊ ဘုရားရေးရာ လုပ်ဆောင်မှုတွေမှာ ဒါမှမဟုတ် ဘာသာခြားစကား လယ်ကွင်းမှာ အမှုဆောင်တာ ကို ကလေးတွေ စိတ်ဝင်စားမှု မရှိတာကို သတိထားမိနိုင်တယ်။ ဒီလိုအခြေအနေတွေကြောင့် သားသမီးတွေ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိလာတဲ့အချိန်အထိ သူတို့ကောင်းကောင်းနားလည်တဲ့ ဘာသာစကားအသင်းတော်ကို ပြန်ပြောင်းဖို့ ဆုံးဖြတ်နိုင်တယ်။—တရား. ၆:၅-၇။ w16.10 ၂:၁၄၊ ၁၅

စနေနေ့၊ ဧပြီ ၂၁

မမြင်ရသေးတဲ့ အရာတွေအကြောင်း ဘုရားဆီက သတိပေးချက်ကို ရတဲ့အခါ နောဧက ယုံကြည်ခြင်းကြောင့် ဘုရားကို ကြောက်ရွံ့ရိုသေတဲ့စိတ်နဲ့ အိမ်သူအိမ်သားတွေကို ကယ်တင်ဖို့ သင်္ဘောဆောက်တယ်။ —ဟီ. ၁၁:၇။

ဘာလို့ သင်္ဘောဆောက်တာလဲလို့ နောဧရဲ့ အိမ်နီးချင်းတွေ မေးကြမှာပဲ။ နောဧ နှုတ်ဆိတ်နေသလား။ ခင်ဗျားတို့နဲ့ မဆိုင်ဘူးလို့ ပြောလိုက်သလား။ မဟုတ်ပါဘူး။ ယုံကြည်ခြင်းက ဘုရားသခင့် တရားစီရင်ခြင်းအကြောင်း သတ္တိရှိရှိ သတိပေးဟောပြောဖို့ နောဧကို လှုံ့ဆော်ပေးခဲ့တယ်။ “ကမ္ဘာပေါ်မှာ လူတွေရဲ့ အကြမ်းဖက်မှုနဲ့ ပြည့်နေပြီ။ ဒါကြောင့် လူအားလုံးကို အဆုံးစီရင်ဖို့ ငါဆုံးဖြတ်လိုက်ပြီ။ . . . ကောင်းကင်အောက်က အသက်စွမ်းအားရှိတဲ့ သတ္တဝါအားလုံးကို ဖျက်ဆီးမယ်။ မြေပေါ်မှာရှိသမျှ ပျက်စီးရလိမ့်မယ်” ဆိုပြီး ယေဟောဝါ ပြောခဲ့တဲ့စကားအတိုင်း နောဧ ပြောခဲ့မှာပဲ။ “သင်္ဘောထဲဝင်” မှသာ လွတ်မြောက်မယ်လို့လည်း ရှင်းပြခဲ့မှာပဲ။ နောဧဟာ “ဖြောင့်မတ်ခြင်းတရား ဟောပြော” ခြင်းအားဖြင့် ယုံကြည်ခြင်း တင်ပြခဲ့တယ်။—က. ၆:၁၃၊ ၁၇၊ ၁၈။ ၂ ပေ. ၂:၅။ w16.10 ၄:၇

တနင်္ဂနွေနေ့၊ ဧပြီ ၂၂

လူဟာ . . . ကိုယ့်ခြေလှမ်းကို လမ်းညွှန်ပိုင်ခွင့်လည်း မရှိပါဘူး။—ယေ. ၁၀:၂၃။

ခရစ်ယာန်မိဘတွေက သားသမီးတွေကို ကျမ်းစာနဲ့အညီ လေ့ကျင့်ပေးခြင်းအားဖြင့် ယေဟောဝါအပေါ် သစ္စာစောင့်သိကြောင်း တင်ပြနေကြတယ်။ သားသမီး ပြုစုပျိုးထောင်ရေးနဲ့ပတ်သက်ပြီး ဒေသထုံးစံတွေရဲ့ မသင့်တော်တဲ့ လွှမ်းမိုးမှုကို မခံကြဘူး။ ခရစ်ယာန်အိမ်ထောင်မှာ လောကစိတ်ဓာတ်ကို လက်သင့်မခံကြဘူး။ (ဧ. ၂:၂) နှစ်ခြင်းခံပြီးသား ဖခင်တစ်ယောက်က ‘ငါတို့နိုင်ငံမှာတော့ သားသမီးတွေကို မိန်းမတွေပဲ သွန်သင်ဆုံးမတယ်’ လို့မတွေးဘူး။ “ဖခင်တို့၊ သားသမီးတွေကို . . . ယေဟောဝါ မိန့်မှာတဲ့အတိုင်း . . . ဆုံးမသွန်သင်ပြီး ပြုစုပျိုးထောင်ကြပါ” လို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း မိန့်မှာထားတယ်။ (ဧ. ၆:၄) ဘုရားသခင်ကို ကြောက်ရွံ့တဲ့ မိခင်ဖခင်တွေက သားသမီးတွေကို ယေဟောဝါနဲ့အတူ ရှိခဲ့တဲ့ ရှမွေလလို ဖြစ်စေချင်ကြတယ်။ (၁ ရှ. ၃:၁၉) ကျမ်းစာလမ်းညွှန်ချက်တွေကို အရင်မရှာဖွေဘဲ မိသားစုနဲ့ ဘဝအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချတာ ပညာရှိပါ့မလား။ မရှိပါဘူး။ ကိုယ့်ခြေလှမ်းတွေကို လမ်းမညွှန်နိုင်တဲ့အတွက် ကောင်းကင်ဖခင်ရဲ့ အကူအညီ လိုအပ်ကြတယ်။ w16.11 ၃:၁၄၊ ၁၅

တနင်္လာနေ့၊ ဧပြီ ၂၃

လက်ရာတော်ဖြစ်တဲ့ ကောင်းကင်ကို၊ ဖန်ဆင်းထားတဲ့ လမင်းနဲ့ ကြယ်စင်တွေကို မြင်တဲ့အခါ၊ သေမျိုးဖြစ်တဲ့လူဟာ ဘာမို့လို့ ကိုယ်တော် အောက်မေ့နေရတာလဲ . . . ဆိုပြီး ကျွန်တော် တွေးမိတယ်။—ဆာ. ၈:၃၊ ၄။

ဘုရားသခင်ဟာ ပြိုင်ဘက်ကင်းတဲ့ စီစဉ်ဖွဲ့စည်းရှင် ဖြစ်ကြောင်း ဖန်ဆင်းခြင်းက သက်သေထူတယ်။ “ယေဟောဝါက ကမ္ဘာမြေကို ဉာဏ်ပညာနဲ့ အုတ်မြစ်ချခဲ့တယ်။ ကောင်းကင်ကို ပိုင်းခြားသိမြင်မှုနဲ့ အခိုင်အမာ တည်ခဲ့တယ်” လို့ ကျမ်းစာမှာ ဆိုထားတယ်။ (ပညာ. ၃:၁၉) “အမှုတော် အရိပ်အမြွက်” နဲ့ “စကားတော်အသံ အနည်းငယ်ကိုသာ” ကျွန်တော်တို့ သိရတာပါ။ (ယောဘ ၂၆:၁၄) ဂြိုဟ်တွေ၊ ကြယ်တွေ၊ ဂလက်ဆီတွေအကြောင်း မဆိုစလောက်ပဲ သိရတာတောင်မှ ဒီစကြဝဠာကြီး စည်းစနစ်ကျလွန်းတာကို အသိအမှတ် ပြုကြရတယ်။ ကြယ်သန်းပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ ဂလက်ဆီတွေဟာ အာကာသထဲမှာ စနစ်တကျ ရွေ့လျားနေကြတယ်။ နေအဖွဲ့အစည်းမှာရှိတဲ့ ဂြိုဟ်တွေဟာ လမ်းစည်းကမ်းတွေကို လိုက်နာနေတဲ့ပုံမျိုးနဲ့ နေကို ကိုယ့်လမ်းကြောင်းနဲ့ကိုယ် လှည့်ပတ်နေကြတယ်။ စကြဝဠာမှာ မြင်တွေ့နေရတဲ့ ရင်သပ်ရှုမောဖွယ် စနစ်ကျမှုက ကောင်းကင်နဲ့ မြေကြီးကို ‘ပညာတရားအတိုင်း ဖန်ဆင်း’ ထားတဲ့ ယေဟောဝါဟာ ချီးမွမ်းမှု၊ သစ္စာစောင့်သိမှု၊ ကိုးကွယ်မှု ခံထိုက်မှန်း နားလည်စေတယ်။—ဆာ. ၁၃၆:၁၊ ၅-၉။ w16.11 ၂:၃

အင်္ဂါနေ့၊ ဧပြီ ၂၄

သူတို့ဟာ ငါယေဟောဝါဆီ ဖြောင့်မတ်ခြင်းနဲ့အညီ လက်ဆောင်အလှူ ဆက်သသူတွေ ဖြစ်လာမယ်။ —မာလ. ၃:၃။

၁၉၁၄ ခုနှစ်ကနေ ၁၉၁၉ ခုနှစ် အစောပိုင်းအတွင်း ကျမ်းစာကျောင်းသားတွေ ကြုံတွေ့ခဲ့ရတာနဲ့ပတ်သက်ပြီး မာလခိ ၃:၁-၃ မှာ ဖော်ပြထားတယ်။ “သခင်” ယေဟောဝါဘုရားနဲ့ “ပဋိညာဉ်တမန်တော်” ယေရှုခရစ်ဟာ ပုံဆောင်ဗိမာန်တော်ကိုလာပြီး ဘိသိက်ခံ “လေဝိအမျိုးသားတွေကို” သန့်စင်ခဲ့တယ်။ လိုအပ်သလို ဆုံးမခံရပြီးတဲ့နောက် သန့်စင်သွားပြီဖြစ်တဲ့ ယေဟောဝါရဲ့ လူမျိုးဟာ ထပ်ဆင့် လုပ်ငန်းတော်တာဝန်တွေ ထမ်းဆောင်ဖို့ အသင့်ဖြစ်နေပြီ။ ၁၉၁၉ ခုနှစ်မှာ အိမ်သူအိမ်သားတွေကို ကျမ်းစာအကြောင်းအရာတွေ ပြင်ဆင်ပေးဖို့ ‘သစ္စာနဲ့ သတိပညာရှိကျွန်’ ကို ခန့်အပ်ခဲ့တယ်။ (မ. ၂၄:၄၅) မဟာဗာဗုလုန်ရဲ့ သြဇာအောက်ကနေ ဘုရားသခင့် လူမျိုး လွတ်မြောက်ခဲ့ပါပြီ။ အဲဒီ အချိန်ကစပြီး ယေဟောဝါရဲ့ လူမျိုးဟာ မဟာကရုဏာကြောင့် ဘုရားသခင်ကို သိတဲ့အသိပညာနဲ့ ချစ်တဲ့မေတ္တာ မပြတ်တိုးများလာတယ်။ အဲဒီ ကောင်းချီးအတွက် သိပ်ကျေးဇူးတင်ကြတယ်။ w16.11 ၅:၁၄

ဗုဒ္ဓဟူးနေ့၊ ဧပြီ ၂၅

“စမ်းသပ်ကြည့်ပါ။ မိုးကောင်းကင်တံခါးတွေကို ငါဖွင့်ပြီး ကောင်းချီးတွေ လိုလေသေးမရှိ သွန်းလောင်းမယ်၊ မသွန်းလောင်းဘူးဆိုတာ ကြည့်ကြပါ” လို့ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတယ်။—မာလ. ၃:၁၀။

ယေဟောဝါကို ကျွန်တော်တို့ ချစ်ကြတယ်။ အကြောင်းကတော့ ကိုယ်တော်က “အရင်ဦးဆုံးချစ်ခဲ့လို့” ပါပဲ။ (၁ ယော. ၄:၁၉) ယေဟောဝါ မေတ္တာပြတဲ့ နည်းတစ်နည်းကတော့ သစ္စာရှိ ကျေးကျွန်တွေကို ကောင်းချီးပေးဖို့ အစပြုလုပ်ဆောင်ခြင်းပဲ။ ဘုရားသခင်ကို ချစ်လေ၊ ယုံကြည်ခြင်း ခိုင်မာလေပဲ။ ဘုရား တည်ရှိကြောင်းသာမက ချစ်မြတ်နိုးသူတွေကို မပျက်မကွက် ဆုချကြောင်း ပိုယုံကြည်လေပဲ။ (ဟီ. ၁၁:၆) ယေဟောဝါဟာ ဆုချတဲ့အရှင် ဖြစ်တယ်။ ဒီအချက်က ဘုရားသခင့် အဖြစ်တော်နဲ့ လုပ်ဆောင်မှုရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်တယ်။ “ယုံကြည်ခြင်းဆိုတာ မျှော်လင့်တဲ့အရာတွေကို စိတ်ချစွာ စောင့်မျှော်နေတာ” ဖြစ်တဲ့အတွက် မိမိကို စိတ်ထက်သန်စွာ ရှာဖွေသူတွေကို ဆုချမယ်ဆိုတာ အခိုင်အမာ ယုံကြည်မှသာ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်း ပြည့်စုံမယ်။ (ဟီ. ၁၁:၁) ယုံကြည်ခြင်းမှာ ဘုရားသခင် ကတိပြုထားတဲ့ ကောင်းချီးတွေကို စိတ်ချစွာ စောင့်မျှော်ခြင်း ပါဝင်တယ်။ ဒီနေ့ကျမ်းချက်မှာ ပြောတဲ့အတိုင်း ကောင်းချီးရအောင် ကြိုးစားကြဖို့ ယေဟောဝါ ဖိတ်ခေါ်ထားတယ်။ ယေဟောဝါရဲ့ ရက်ရောတဲ့ ကမ်းလှမ်းမှုကို လက်ခံခြင်းအားဖြင့် အလွန်ကျေးဇူးတင်လေးမြတ်ကြောင်း တင်ပြနိုင်တယ်။ w16.12 ၄:၁-၃

ကြာသပတေးနေ့၊ ဧပြီ ၂၆

အပြစ်ရှိတဲ့အရာတွေဆီ စိတ်ရောက်နေတာက သေစေနိုင်တယ်။—ရော. ၈:၆။

ခရစ်ယာန်တစ်ယောက်ဟာ ဘုရားသခင်ကို နှစ်ပေါင်းများစွာ အမှုဆောင်ပြီးတာတောင်မှ လူ့ဇာတိနဲ့ဆိုင်တဲ့အရာတွေကို စတင် စိတ်စွဲလမ်းလာနိုင်တယ်။ အဲဒါက အစားအစာ၊ အလုပ်အကိုင်၊ အပန်းဖြေမှု၊ အချစ်ရေးအချစ်ရာအကြောင်း တစ်ခါတလေမှ စဉ်းစားတဲ့ ခရစ်ယာန်တစ်ယောက်ကို ဆိုလိုတာမဟုတ်ဘူး။ အဲဒါတွေဟာ ဘဝရဲ့ သာမန်ကိစ္စတွေပါပဲ။ ယေရှုလည်း အစာစားတယ်။ တခြားသူတွေကို ကျွေးမွေးတယ်။ အနားယူဖို့ လိုအပ်မှန်း သိတယ်။ အိမ်ထောင်ရေးမှာ လိင်ကိစ္စရဲ့ အရေးကြီးမှုကိုလည်း ပေါလု ရေးခဲ့တယ်။ ဒါဆိုရင် “အပြစ်ရှိတဲ့အရာတွေဆီ စိတ်ရောက်နေတာ” က ဘာကို ဆိုလိုသလဲ။ ပေါလု အသုံးပြုခဲ့တဲ့ ဂရိစကားလုံးဟာ “တစ်ခုခုအပေါ် စိတ်စွဲလမ်းခြင်း၊ ရည်ရွယ်ချက်ရှိရှိ အကွက်ကျကျ စီစဉ်ခြင်း” ကို ဆိုလိုတယ်။ လူ့ဇာတိအတိုင်း အသက်ရှင်သူတွေဟာ အပြစ်ရှိတဲ့ လူ့သဘာဝအတိုင်း နေထိုင်ဖို့ ဆုံးဖြတ်ထားသူတွေ ဖြစ်တယ်။ ရောမ ၈:၅ မှာပါတဲ့ အဲဒီ စကားလုံးနဲ့ပတ်သက်ပြီး ကျမ်းပညာရှင်တစ်ယောက်က “အပြစ်ရှိတဲ့အရာတွေကို အထူးစိတ်ဝင်စားပြီး အဲဒါတွေအကြောင်း တစ်ချိန်လုံး အမွှမ်းတင် ပြောဆိုခြင်း ဖြစ်တယ်” လို့ပြောတယ်။ w16.12 ၂:၅၊ ၉၊ ၁၀

သောကြာနေ့၊ ဧပြီ ၂၇

ခင်ဗျားတို့ကျတော့ ဘယ်သူမို့လို့ လူလူချင်းကို တရားစီရင်ရတာလဲ။—ယာ. ၄:၁၂။

ဘယ်သူမဆို လူ့ဇာတိအလိုဆန္ဒရဲ့ လွှမ်းမိုးမှုကို တစ်ခဏပဲ ခံယူရင်တောင် ကျိုးနွံမှုမဲ့စွာ ပြုမူမိနိုင်တယ်။ ရည်မှန်းချက်ကြီးခြင်း၊ မနာလိုဝန်တိုခြင်း၊ ဒေါသမထိန်းချုပ်ခြင်းတို့က လူများစွာကို ရောင့်တက်စွာ ပြုမူမိစေတယ်။ လူ့ဇာတိအလိုဆန္ဒကို လက်လျှော့အရှုံးပေးပြီး ရောင့်တက်ခဲ့ကြတဲ့ အဗရှလုံ၊ ဩဇိ၊ နေဗုခဒ်နေဇာစတဲ့ ကျမ်းစာဇာတ်ကောင်တွေကို ယေဟောဝါ မာန်စွယ်ချိုး နှိမ့်ချခဲ့တယ်။ (၂ ရှ. ၁၅:၁-၆။ ၁၈:၉-၁၇။ ၂ ရာ. ၂၆:၁၆-၂၁။ ဒံ. ၅:၁၈-၂၁) ကျိုးနွံမှုမဲ့စွာ ပြုမူမိစေနိုင်တဲ့ တခြားအကြောင်းရင်းတွေလည်း ရှိပါသေးတယ်။ ဥပမာ၊ ကမ္ဘာဦး ၂၀:၂-၇ နဲ့ မဿဲ ၂၆:၃၁-၃၅ တို့ကို သုံးသပ်ကြည့်ပါ။ အဘိမလက်နဲ့ ပေတရုတို့ရဲ့ ရောင့်တက်တဲ့ လုပ်ရပ်တွေဟာ အပြစ်ရှိတဲ့ အလိုဆန္ဒကြောင့်လား။ မသိလိုက်လို့၊ သတိမထားမိလို့ ဖြစ်သွားတာလား။ လူတွေရဲ့ စိတ်နှလုံးကို မသိမြင်နိုင်လို့ သူတို့ရဲ့ စိတ်ရင်းကို မဝေဖန်တာ က မေတ္တာရှိရာ၊ ပညာရှိရာကျတယ်။ w17.01 ၃:၉၊ ၁၀

စနေနေ့၊ ဧပြီ ၂၈

ဆင်းရဲပေမဲ့ သူ့ဝမ်းစာကို အကုန်ထည့်လိုက်တာ။ —လု. ၂၁:၄။

ဆင်းရဲတဲ့ မုဆိုးမလိုပဲ ခေတ်သစ်ယုံကြည်သူများစွာလည်း ဘုရားနိုင်ငံတော်ကို ဦးစားထားရင် လိုအပ်တာတွေကို ယေဟောဝါ ပေးမယ်ဆိုတာ ယုံကြည်စိတ်ချကြတယ်။ (မ. ၆:၃၃) ညီအစ်ကို မာလ်ကမ်အကြောင်း သုံးသပ်ကြည့်ပါ။ သူတို့ဇနီးမောင်နှံဟာ ယေဟောဝါကို အမှုဆောင်ခဲ့တဲ့ ဆယ်စုနှစ်တွေတစ်လျှောက် ဘဝအတက်အကျတွေကို ကြုံခဲ့ရတယ်။ “ကျွန်တော်တို့ဘဝမှာ ဘာတွေဖြစ်လာမယ်ဆိုတာ ဘယ်တော့မှ အတိအကျ မသိနိုင်ဘူး။ တစ်ခါတလေမှာ မသေချာမရေရာတာ တွေ၊ အခက်အခဲတွေနဲ့ ကြုံတွေ့ရနိုင်တယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အားမကိုးဘဲ ကိုယ်တော့်ကို မှီခိုအားကိုးတဲ့သူတွေကို ယေဟောဝါ ကောင်းချီးပေးတယ်” လို့ပြောတယ်။ မာလ်ကမ် ဒီလိုအကြံပေးတယ်– “ယေဟောဝါရဲ့ အမှုတော်မှာ ကြိုးကြိုးစားစား လုပ်ဆောင်နိုင်ဖို့၊ အောင်မြင်မှုရဖို့ ဆုတောင်းပါ။ လုပ်နိုင်တာ ကိုပဲ စဉ်းစားပါ၊ မလုပ်နိုင်တာကို မစဉ်စားပါနဲ့။” ဒီစနစ် “ဆိုးသည်ထက် ဆိုးလာ” တာနဲ့အမျှ အခက်အခဲတွေ ပိုပိုကြုံရဖို့ မျှော်လင့်ထားနိုင်တယ်။ (၂ တိ. ၃:၁၊ ၁၃) ပိုအရေးကြီးတာက အဲဒီ အခက်အခဲတွေကြောင့် စိတ်ပျက်လက်ပျက် မဖြစ်သွားဖို့ပဲ။ အဲဒီ အစား ကိုယ်လုပ်နိုင်တဲ့ လုပ်သင့်လုပ်ထိုက်တာ ကို လုပ်ဆောင်ရင်း ယေဟောဝါကို အခိုင်အမာ ယုံကြည်စိတ်ချဖို့ လိုတယ်။ w17.01 ၁:၁၇-၁၉

တနင်္ဂနွေနေ့၊ ဧပြီ ၂၉

ငါ့အတွက် စံအိမ်ကို တည်ဆောက်ပေးမယ့်သူဟာ မင်း မဟုတ်ဘူး။—၁ ရာ. ၁၇:၄။

ယေဟောဝါကို ဆက်ကပ်အပ်နှံထားတဲ့ “အိမ်၊” ဗိမာန်တော် မရှိတဲ့အတွက် ဒါဝိဒ် အိမ်တော် ဆောက်ပေးချင်တယ်။ ဒါပေမဲ့ ဒီနေ့ကျမ်းချက်မှာ ပြောတဲ့အတိုင်း ယေဟောဝါကတော့ နောက်တစ်မျိုး ညွှန်ကြားခဲ့တယ်။ ဒါဝိဒ်ကို ကောင်းချီးဆက်ပေးမယ်လို့ ကတိပေးပေမဲ့ ဗိမာန်တော်ကို သားတော်ရှောလမုန်ပဲ ဆောက်ရမယ်လို့ ညွှန်ကြားခဲ့တယ်။ ဒါဝိဒ် ဘယ်လို တုံ့ပြန်ခဲ့သလဲ။ (၁ ရာ. ၁၇:၁-၄၊ ၈၊ ၁၁၊ ၁၂။ ၂၉:၁) ဗိမာန်တော် ဆောက်တယ်ဆိုတဲ့ နာမည်ကောင်း မရနိုင်တော့မှာကို ဒါဝိဒ် တွေးပြီး ရှောလမုန်ကို မကူညီဘဲ မနေဘူး။ ဗိမာန်တော် ဆောက်လုပ်ပြီးတဲ့အခါ ဒါဝိဒ်ဗိမာန်တော်အဖြစ် မဟုတ်ဘဲ ရှောလမုန်ဗိမာန်တော်လို့ပဲ နာမည်တွင်သွားတယ်။ ဆန္ဒရှိတဲ့အတိုင်း မလုပ်ရလို့ ဒါဝိဒ် စိတ်ပျက်နိုင်ပေမဲ့ ဒီလုပ်ငန်းကို အပြည့်အဝ ထောက်မခဲ့တယ်။ အလုပ်သမားတွေ အားတက်သရော စီစဉ်ပေးတယ်။ သံ၊ ကြေးဝါ၊ ငွေ၊ ရွှေ၊ အာရဇ်သစ်သားတွေ စုဆောင်းတယ်။ အဲဒီ အပြင် ‘ငါ့သား၊ မင်းနဲ့အတူ ယေဟောဝါဘုရား ရှိပါစေ။ အိမ်တော်ကို အောင်မြင်စွာ တည်ဆောက်နိုင်ပါစေ’ လို့ ရှောလမုန်ကို အားပေးခဲ့တယ်။—၁ ရာ. ၂၂:၁၁၊ ၁၄-၁၆။ w17.01 ၅:၆၊ ၇

တနင်္လာနေ့၊ ဧပြီ ၃၀

ကယ်တင်ရှင် ဘုရားသခင်၊ ဂုဏ်ကျက်သရေရှိတဲ့ နာမတော်ကို ထောက်ပြီး ကူညီပေးပါ။—ဆာ. ၇၉:၉။

ညှဉ်းပန်းနှိပ်စက်ခံရရင်တောင် ဘုရားရဲ့ ဖြောင့်မတ်တဲ့ မူတွေ၊ ပညတ်တွေနဲ့အညီ အကောင်းဆုံး အသက်ရှင်နေထိုင်ကြရမယ်။ ဖြောင့်မတ်တဲ့ လုပ်ရပ်တွေအားဖြင့် ကျွန်တော်တို့ရဲ့ အလင်းကို ထွန်းလင်းပြီး ယေဟောဝါရဲ့ နာမတော်ကို ချီးမွမ်းဂုဏ်တင်ရမယ်။ (မ. ၅:၁၄-၁၆) ယေဟောဝါရဲ့ ပညတ်တွေဟာ ကောင်းမြတ်ကြောင်း၊ စာတန့် စွပ်စွဲချက်တွေ မှားကြောင်း ကျွန်တော်တို့ရဲ့ အသက်ရှင်နေထိုင်ပုံနဲ့ ဖော်ပြကြတယ်။ ကျွန်တော်တို့အားလုံး မှားတတ်ကြလို့ ပြစ်မှားမိတဲ့အခါ စစ်မှန်တဲ့နောင်တ ရပြီး ယေဟောဝါကို ရှုတ်ချမှု ဖြစ်စေတဲ့ အကျင့်တွေကို ဆက်မလုပ်ကြတော့ဘူး။ ယေရှုရဲ့ ရွေးနုတ်ဖိုးကြောင့် ယုံကြည်ကြောင်း တင်ပြသူတွေရဲ့ အပြစ်ကို ယေဟောဝါ ခွင့်လွှတ်ပေးတယ်။ ဆက်ကပ်အပ်နှံ ကိုးကွယ်သူတွေအဖြစ် လက်ခံပေးတယ်။ ဘိသိက်ခံ ခရစ်ယာန်တွေကို သားတွေအဖြစ်၊ “တခြားသိုး” တွေကို မိတ်ဆွေတွေအဖြစ် ဖြောင့်မတ်သူတွေလို့ လက်ခံကြေညာတယ်။ (ယော. ၁၀:၁၆။ ရော. ၅:၁၊ ၂။ ယာ. ၂:၂၁-၂၅) ဒါကြောင့် အခုချိန်မှာတောင် ရွေးနုတ်ဖိုးကြောင့် ကျွန်တော်တို့ရဲ့ ဖခင်ရှေ့ ဖြောင့်မတ်တဲ့ အနေအထားနဲ့ ရပ်တည်နိုင်ကြတယ်။ နာမတော် သန့်ရှင်းမြင့်မြတ်ရေးစေမှာ ပါဝင်နိုင်ကြတယ်။ w17.02 ၂:၅၊ ၆

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ