ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • es24 စာ. ၇-၁၇
  • ဇန်နဝါရီ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဇန်နဝါရီ
  • ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၄
  • ခေါင်းစ‎ဥ်ငယ်များ
  • တနင်္လာနေ့၊ ဇန်နဝါရီ ၁
  • အင်္ဂါနေ့၊ ဇန်နဝါရီ ၂
  • ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၃
  • ကြာသပတေးနေ့၊ ဇန်နဝါရီ ၄
  • သောကြာနေ့၊ ဇန်နဝါရီ ၅
  • စနေနေ့၊ ဇန်နဝါရီ ၆
  • တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၇
  • တနင်္လာနေ့၊ ဇန်နဝါရီ ၈
  • အင်္ဂါနေ့၊ ဇန်နဝါရီ ၉
  • ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၁၀
  • ကြာသပတေးနေ့၊ ဇန်နဝါရီ ၁၁
  • သောကြာနေ့၊ ဇန်နဝါရီ ၁၂
  • စနေနေ့၊ ဇန်နဝါရီ ၁၃
  • တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၁၄
  • တနင်္လာနေ့၊ ဇန်နဝါရီ ၁၅
  • အင်္ဂါနေ့၊ ဇန်နဝါရီ ၁၆
  • ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၁၇
  • ကြာသပတေးနေ့၊ ဇန်နဝါရီ ၁၈
  • သောကြာနေ့၊ ဇန်နဝါရီ ၁၉
  • စနေနေ့၊ ဇန်နဝါရီ ၂၀
  • တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၂၁
  • တနင်္လာနေ့၊ ဇန်နဝါရီ ၂၂
  • အင်္ဂါနေ့၊ ဇန်နဝါရီ ၂၃
  • ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၂၄
  • ကြာသပတေးနေ့၊ ဇန်နဝါရီ ၂၅
  • သောကြာနေ့၊ ဇန်နဝါရီ ၂၆
  • စနေနေ့၊ ဇန်နဝါရီ ၂၇
  • တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၂၈
  • တနင်္လာနေ့၊ ဇန်နဝါရီ ၂၉
  • အင်္ဂါနေ့၊ ဇန်နဝါရီ ၃၀
  • ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၃၁
ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၄
es24 စာ. ၇-၁၇

ဇန်နဝါရီ

တနင်္လာနေ့၊ ဇန်နဝါရီ ၁

ဒါကြောင့် တိမောသေကို ခင်ဗျားတို့ဆီ လွှတ်လိုက်တာပါ။ သူဟာ ကျွန်တော် ချစ်ရတဲ့ သား ဖြစ်သလို သခင့်အတွက် သစ္စာရှိရှိ အမှုဆောင်နေသူလည်း ဖြစ်တယ်။—၁ ကော. ၄:၁၇။

ယေဟောဝါရဲ့ အမှုတော်မှာ အသုံးဝင်သူ ဖြစ်ဖို့ တိမောသေကို ဘာက ကူညီပေးသလဲ။ တိမောသေရဲ့ ထူးခြားတဲ့ ခရစ်ယာန် အရည်အသွေးတွေပါပဲ။ (ဖိ. ၂:၁၉-၂၂) တမန်တော် ပေါလုရဲ့ စကားအရ တိမောသေဟာ နှိမ့်ချတယ်။ သစ္စာရှိတယ်။ လုံ့လဝီရိယ ရှိတယ်။ အားကိုးရသူ ဖြစ်တယ်။ ညီအစ်ကိုတွေကို ဂရုစိုက်တယ်။ ဒါကြောင့် တိမောသေကို ပေါလု ချစ်တယ်။ ခက်ခဲတဲ့ တာဝန်တွေကို စိတ်ချလက်ချ လွှဲပေးတယ်။ ကျွန်တော်တို့လည်း ဘုရား နှစ်သက်တဲ့ အရည်အသွေးတွေ မွေးမြူတဲ့အခါ အသင်းတော်အတွက် ပိုအသုံးဝင်သူတွေ ဖြစ်လာမယ်။ ယေဟောဝါလည်း ချစ်မယ်။ (ဆာ. ၂၅:၉။ ၁၃၈:၆) ဒါကြောင့် ကိုယ် တိုးတက်ဖို့ လိုနေတဲ့ အရည်အသွေးကို သိဖို့ အသေအချာ ဆုတောင်းသုံးသပ်ပါ။ ကိုယ် တိုးတက်ချင်တဲ့ အရည်အသွေး တစ်ခုကို ရွေးပါ။ ပိုထောက်ထားစာနာတတ်ဖို့ ကြိုးစားနိုင်မလား။ သင့်သင့်မြတ်မြတ် နေဖို့၊ ခွင့်လွှတ်တတ်ဖို့ လိုနေသလား။ ကိုယ် တိုးတက်ဖို့ လိုတဲ့ အပိုင်းကို သိဖို့ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေဆီ အကြံတောင်းတာလည်း အကျိုးရှိတယ်။—ပညာ. ၂၇:၆။ w22.04 ၂၃ ¶၄-၅

အင်္ဂါနေ့၊ ဇန်နဝါရီ ၂

လူတိုင်း ကိုယ့်လုပ်ရပ်တွေကိုပဲ ဆန်းစစ်ပါ။—ဂလ. ၆:၄။

ကျွန်တော်တို့ကို ယေဟောဝါ ပျော်ရွှင်စေချင်တယ်။ ဝမ်းမြောက်ခြင်းဟာ သန့်ရှင်းသော စွမ်းအားတော် အရည်အသွေး ဖြစ်မှန်း ကျွန်တော်တို့ သိတယ်။ (ဂလ. ၅:၂၂) ရယူခြင်းထက် ပေးကမ်းခြင်းက ပိုပျော်ရွှင်စေတဲ့အတွက် အမှုဆောင်လုပ်ငန်းမှာ အပြည့်အဝ ပါဝင်တဲ့အခါ၊ ညီအစ်ကို/မတွေကို နည်းအမျိုးမျိုးနဲ့ ကူညီတဲ့အခါ ပျော်ရွှင်မှု ခံစားရတယ်။ (တ. ၂၀:၃၅) ဆက်ပျော်ရွှင်နေဖို့ ကူညီပေးတဲ့ အချက်နှစ်ချက်ကို ဒီနေ့ ကျမ်းချက်မှာ တမန်တော် ပေါလု ဖော်ပြတယ်။ ပထမ၊ ကျွန်တော်တို့ရဲ့ ပန်းတိုင်ဟာ ယေဟောဝါအတွက် ကိုယ့်ရဲ့ အကောင်းဆုံးကို ပေးဆက်ဖို့ ဖြစ်သင့်တယ်။ ကိုယ့်ရဲ့ အကောင်းဆုံးကို ပေးနေတယ်ဆိုရင် ပျော်ရွှင်သင့်တယ်။ (မ. ၂၂:၃၆-၃၈) ဒုတိယ၊ တခြားသူတွေနဲ့ မနှိုင်းယှဉ်သင့်ဘူး။ ကျန်းမာရေး၊ ကျွမ်းကျင်မှု၊ ပင်ကိုစွမ်းရည်ကြောင့် ဘာတွေပဲ ပြီးမြောက်နိုင်ပါစေ ယေဟောဝါကို ကျေးဇူးတင်သင့်တယ်။ အမှုဆောင်လုပ်ငန်း ကဏ္ဍတစ်ခုခုမှာ တခြားသူတွေ ကိုယ့်ထက် ပိုထိရောက်တဲ့အခါ ဝမ်းသာပေးသင့်တယ်။ သူတို့ရဲ့ အစွမ်းအစကို ယေဟောဝါကို ချီးမွမ်းဖို့ သုံးနေလို့ပဲ။ w22.04 ၁၀ ¶၁-၂

ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၃

ခင်ဗျားတို့ကို ကယ်တင်မယ့်အချိန် ရောက်ခါနီးပြီ။—လု. ၂၁:၂၈။

မှားယွင်းတဲ့ ဘာသာရေး ရုတ်တရက် ဖျက်ဆီးခံရမယ်။ တစ်ကမ္ဘာလုံး အံ့ဩတုန်လှုပ်သွားမယ်။ (ဗျာ. ၁၈:၈-၁၀) မဟာဗာဗုလုန် ပျက်စီးသွားလို့ တစ်ကမ္ဘာလုံး အခက်အခဲတွေ ကြုံရနိုင်တယ်။ ဘုရားလူမျိုးကတော့ အနည်းဆုံး အချက်နှစ်ချက်ကြောင့် ဝမ်းမြောက်ကြပါလိမ့်မယ်။ ယေဟောဝါဘုရားရဲ့ ရန်သူအဖြစ် အချိန်အကြာကြီး ရှိခဲ့တဲ့ မှားယွင်းတဲ့ ဘာသာရေး ထာဝစဉ် ပျက်စီးသွားလို့၊ ဒီစနစ်ဆိုးကနေ မကြာခင် ကယ်တင်ခံရတော့မှာ ဖြစ်လို့ပါပဲ။ “စစ်မှန်တဲ့ အသိပညာ တိုးများလာလိမ့်မယ်” လို့ ဒံယေလ ကြိုဟောတယ်။ တကယ် တိုးများနေပါတယ်။ ကျွန်တော်တို့ခေတ်နဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်တွေကို ပိုနားလည်လာကြပြီ။ (ဒံ. ၁၂:၄၊ ၉၊ ၁၀) အဲဒီပရောဖက်ပြုချက်တွေရဲ့ တိကျမှန်ကန်မှုက ယေဟောဝါနဲ့ တရားစကားတော် ကျမ်းစာအပေါ် ရိုသေလေးမြတ်မှု တိုးများစေတယ်။ (ဟေရှာ. ၄၆:၁၀။ ၅၅:၁၁) ဒါကြောင့် ကျမ်းစာကို ဝီရိယရှိရှိ လေ့လာခြင်း၊ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိလာအောင် တခြားသူတွေကို ကူညီပေးခြင်းအားဖြင့် ယုံကြည်ခြင်း ခိုင်မာအောင် ဆက်တည်ဆောက်နေပါ။ ယေဟောဝါက မိမိကို အပြည့်အဝ မှီခိုသူတွေကို ကာကွယ်စောင့်ရှောက်ပြီး “တည်မြဲတဲ့ ငြိမ်သက်မှု” ပေးပါလိမ့်မယ်။—ဟေရှာ. ၂၆:၃။ w22.07 ၆-၇ ¶၁၆-၁၇

ကြာသပတေးနေ့၊ ဇန်နဝါရီ ၄

သူတို့က ဘုရင်တွေကို ဟီဘရူးစကားနဲ့ အာမဂေဒုန်လို့ ခေါ်တဲ့ အရပ်မှာ စုရုံးတယ်။—ဗျာ. ၁၆:၁၆။

ဘုရားသခင့် ကောင်းကင်နိုင်ငံတော် တည်ထောင်ပြီ၊ ကောင်းကင်ကနေ စာတန် ပစ်ချခံရပြီဆိုတာ ဗျာဒိတ်ကျမ်းက ဖော်ပြတယ်။ (ဗျာ. ၁၂:၁-၉) ကောင်းကင်မှာ သက်သာရာ ရသွားပေမဲ့ ကျွန်တော်တို့အတွက်တော့ ဒုက္ခတွေ ပိုတိုးလာတယ်။ ဘာကြောင့်လဲဆိုတော့ ယေဟောဝါကို မြေကြီးပေါ်မှာ သစ္စာရှိရှိ ဝတ်ပြုနေသူတွေကို စာတန် ဒေါသတကြီး တိုက်ခိုက်နေလို့ပဲ။ (ဗျာ. ၁၂:၁၂၊ ၁၅၊ ၁၇) ကျွန်တော်တို့ ယေဟောဝါအပေါ် ဘယ်လို ဆက်သစ္စာရှိနိုင်သလဲ။ (ဗျာ. ၁၃:၁၀) တစ်နည်းကတော့ အနာဂတ်အကြောင်း သိထားခြင်းပဲ။ ဥပမာ၊ မကြာခင် ကျွန်တော်တို့ ရမယ့် ကောင်းချီးတချို့အကြောင်း ဗျာဒိတ်ကျမ်းမှာ တမန်တော် ယောဟန် ဖော်ပြတယ်။ ကောင်းချီးတွေထဲမှာ တစ်ခုကတော့ ဘုရားသခင့် ရန်သူတွေ ဖျက်ဆီးခံရခြင်းပဲ။ ဗျာဒိတ်ကျမ်းမှာ ကျွန်တော်တို့ ဖတ်ရမယ့် အရာတွေကို “အမှတ်သင်္ကေတတွေ၊” တစ်နည်းအားဖြင့် ပုံဆောင်စကားတွေနဲ့ ဖော်ပြထားတယ်လို့ ဦးဆုံးအခန်းငယ်မှာ ပြောတယ်။—ဗျာ. ၁:၁။ w22.05 ၈ ¶၁-၃

သောကြာနေ့၊ ဇန်နဝါရီ ၅

ဂေါဂမင်း၊ အဆုံးပိုင်းကာလမှာ ငါ့ပြည်ကို တိုက်ခိုက်ဖို့ မင်းကို ငါ ခေါ်လာမယ်။ မင်းကို သုံးပြီး ငါ့ကိုယ်ငါ သန့်ရှင်းမြင့်မြတ်စေမှန်း လူမျိုးတွေ မြင်တဲ့အခါ ငါဘယ်သူလဲဆိုတာ သိလာကြလိမ့်မယ်။—ယေဇ. ၃၈:၁၆။

သစ္စာရှိ ကျေးကျွန်တွေရဲ့ ပြတ်သားတဲ့ ရပ်တည်မှုကြောင့် ယေဟောဝါကို ဆန့်ကျင်သူတွေ ဒေါသထွက်ကြမယ်။ ကမ္ဘာတစ်ဝန်းက ဘုရားလူမျိုးကို နိုင်ငံပေါင်းစုံ ဖွဲ့စည်းထားတဲ့ မဟာမိတ်အဖွဲ့ တိုက်ခိုက်မယ်။ အဲဒီတိုက်ခိုက်မှုကို မာဂေါဂပြည်က ဂေါဂမင်းရဲ့ တိုက်ခိုက်မှုလို့ ကျမ်းစာမှာ ခေါ်ထားတယ်။ (ယေဇ. ၃၈:၁၄၊ ၁၅) ဒီတိုက်ခိုက်မှုကို ယေဟောဝါ ဘယ်လို တုံ့ပြန်မလဲ။ “ငါ့ဒေါသမီး ဟုန်းဟုန်းတောက်လိမ့်မယ်” လို့ ပြောတယ်။ (ယေဇ. ၃၈:၁၈၊ ၂၁-၂၃) ဘာဆက်ဖြစ်မလဲဆိုတာ ဗျာဒိတ် အခန်းကြီး ၁၉ မှာ ဖော်ပြထားတယ်။ လူမျိုးတော်ကို ကာကွယ်ဖို့၊ ရန်သူတွေကို နှိမ်နင်းဖို့ သားတော်ကို ယေဟောဝါ စေလွှတ်မယ်။ သစ္စာရှိ ကောင်းကင်တမန်တွေနဲ့ ၁၄၄,၀၀၀ ပါဝင်ဖွဲ့စည်းထားတဲ့ “ကောင်းကင်ဗိုလ်ခြေတွေ” ယေရှုနဲ့အတူ ပူးပေါင်းတိုက်ခိုက်မယ်။ (ဗျာ. ၁၇:၁၄။ ၁၉:၁၁-၁၅) စစ်ပွဲရလဒ်က ဘာလဲ။ ယေဟောဝါကို ဆန့်ကျင်တဲ့ လူနဲ့ အဖွဲ့အစည်းအားလုံး လုံးဝ ဖျက်ဆီးခံရမယ်။—ဗျာ. ၁၉:၁၉-၂၁။ w22.05 ၁၇ ¶၉-၁၀

စနေနေ့၊ ဇန်နဝါရီ ၆

မင်းနဲ့ မိန်းမကို . . . ငါ ရန်ငြိုးဖွဲ့စေမယ်။—က. ၃:၁၅။

အာဒံနဲ့ ဧဝ အပြစ်လုပ်ပြီး မကြာခင်မှာပဲ ယေဟောဝါက အရေးကြီးတဲ့ ပရောဖက်ပြုချက်တစ်ခုကတစ်ဆင့် လူသားမျိုးနွယ်ကို မျှော်လင့်ချက် ပေးခဲ့တယ်။ အဲဒီပရောဖက်ပြုချက်ကို ကမ္ဘာဦး ၃:၁၅ မှာ ဒီလို မှတ်တမ်းတင်ထားတယ်– “မင်းနဲ့ မိန်းမကိုရော မင်းရဲ့မျိုးနွယ်နဲ့ မိန်းမရဲ့မျိုးနွယ်ကိုပါ ငါရန်ငြိုးဖွဲ့စေမယ်။ သူက မင်းရဲ့ခေါင်းကို ကြိတ်လိမ့်မယ်။ မင်းလည်း သူ့ဖနောင့်ကို ပေါက်ရလိမ့်မယ်။” ဒီပရောဖက်ပြုချက်ဟာ ကျမ်းစာရဲ့ ဦးဆုံး ကျမ်းစောင်မှာ ပါတယ် ဆိုပေမဲ့ ကျန်တဲ့ ကျမ်းစောင်အားလုံးနဲ့လည်း တစ်နည်းနည်းနဲ့ ဆက်စပ်နေတယ်။ ကြိုးတစ်ချောင်းက ထင်းတွေကို တစ်စည်းတည်း ဖြစ်အောင် ပေါင်းစည်းပေးသလို ကမ္ဘာဦး ၃:၁၅ မှာ ပါတဲ့ စကားတွေက ကျမ်းတစ်စောင်စီမှာ ပါတဲ့ အကြောင်းအရာကို သတင်းစကားတစ်ခုအဖြစ် ပေါင်းစည်းပေးတယ်။ အဲဒီသတင်းစကားကတော့ မာရ်နတ်နဲ့ ဆိုးညစ်တဲ့ နောက်လိုက်အားလုံးကို ဖျက်ဆီးဖို့ ကယ်တင်ရှင်ကို ဘုရား စေလွှတ်မယ်ဆိုတာပဲ။ ယေဟောဝါကို ချစ်မြတ်နိုးသူတွေအတွက် ကောင်းချီးပါပဲ။ ကျမ်းစာ လေ့လာတဲ့အခါ ဒီပရောဖက်ပြုချက် ဘယ်လို ပြည့်စုံနေကြောင်း၊ ကျွန်တော်တို့ ဘာအကျိုးရနိုင်ကြောင်း သိလာမယ်။ w22.07 ၁၄ ¶၁-၃

တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၇

ယေဟောဝါက ဉာဏ်ပညာကို ပေးတယ်။—ပညာ. ၂:၆။

သားသမီးတွေ ဘုရားကို ချစ်လာအောင် ကူညီပေးနိုင်ဖို့ လိုအပ်တဲ့ ဉာဏ်ပညာကို ယေဟောဝါဆီကနေ တောင်းခံပါ။ (ယာ. ၁:၅) အကောင်းဆုံး အကြံဉာဏ်ကို ဘုရား ပေးနိုင်တယ်။ အကြောင်းရင်း အများကြီးထဲက နှစ်ခုကို သုံးသပ်ကြည့်ပါ။ ပထမ၊ ယေဟောဝါဟာ အတွေ့အကြုံ အရှိဆုံး မိဘ ဖြစ်တယ်။ (ဆာ. ၃၆:၉) ဒုတိယ၊ ဘုရားပေး ပညာရှိ အကြံဉာဏ်ဟာ အမြဲ ကောင်းကျိုး ဖြစ်ထွန်းစေတယ်။ (ဟေရှာ. ၄၈:၁၇) သားသမီးတွေ ယေဟောဝါကို ချစ်လာအောင် ပြုစုပျိုးထောင်ရာမှာ မိဘတွေကို ကူညီပေးနိုင်တဲ့ အကြောင်းအရာတွေကို ကျမ်းစာ၊ အဖွဲ့အစည်းကတစ်ဆင့် ယေဟောဝါ ပြင်ဆင်ပေးထားတယ်။ (မ. ၂၄:၄၅) ဥပမာ၊ နှစ်တွေတစ်လျှောက် နိုးလော့! မဂ္ဂဇင်းမှာ ထုတ်ဝေခဲ့တဲ့၊ အခု ဝက်ဘ်ဆိုက်မှာ ရနိုင်ပြီ ဖြစ်တဲ့ “မိသားစုအတွက် အကူအညီ” ဆောင်းပါးတွဲမှာ လက်တွေ့ကျ အကြံဉာဏ်တွေ ရှာတွေ့နိုင်တယ်။ jw.org ဗီဒီယိုတွေက သားသမီး ပြုစုပျိုးထောင်တဲ့အခါ ယေဟောဝါရဲ့ အကြံဉာဏ်ကို လက်တွေ့ကျင့်ဖို့ မိဘတွေကို ကူညီပေးနိုင်တယ်။—ပညာ. ၂:၄၊ ၅။ w22.05 ၂၇ ¶၄-၅

တနင်္လာနေ့၊ ဇန်နဝါရီ ၈

အို ယေဟောဝါ၊ . . . ကိုယ်တော်သာ အမှားတွေကို စောင့်ကြည့်နေရင် ဘယ်သူ ခံရပ်နိုင်မှာလဲ။—ဆာ. ၁၃၀:၃။

ယေဟောဝါဟာ စကြဝဠာမှာ အကြီးမားဆုံး အတိုင်းအတာနဲ့ ခွင့်လွှတ်နိုင်သူ ဖြစ်တယ်။ ပထမ၊ ခွင့်လွှတ်ဖို့ အမြဲ အသင့်ရှိတယ်။ ဒုတိယ၊ ကျွန်တော်တို့အကြောင်း ခရေစေ့တွင်းကျ သိတယ်။ ကျွန်တော်တို့ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို ကောင်းကောင်း သိတယ်။ တကယ် နောင်တရမရ အကောင်းဆုံး ပိုင်းဖြတ်နိုင်တယ်။ တတိယ၊ ယေဟောဝါ ခွင့်လွှတ်တဲ့အခါ သင်ပုန်းပေါ်က စာတွေကို ဖျက်ပစ်လိုက်သလို လုံးဝ ဖျက်ပစ်လိုက်တာ၊ တစ်ခါမှ အပြစ် မလုပ်ဖူးသလိုမျိုး သတ်မှတ်လိုက်တာ ဖြစ်တယ်။ ဒါကြောင့် ကြည်လင်တဲ့ သိစိတ်နဲ့ ဘုရား မျက်နှာသာ ကျွန်တော်တို့ ပြန်ရတယ်။ မစုံလင်သေးသရွေ့ အပြစ်တွေ ဆက်လုပ်မိနေဦးမှာပဲ။ ဒါပေမဲ့ ထိုးထွင်းအမြင် စာအုပ် (အင်္ဂလိပ်)၊ အတွဲ ၂၊ စာမျက်နှာ ၇၇၁ မှာ ပါတဲ့ စကားတွေကနေ နှစ်သိမ့်မှု ရနိုင်တယ်– “ယေဟောဝါဟာ သနားစာနာတယ်။ ကျေးကျွန်တွေရဲ့ အားနည်းချက်တွေကို သိတယ်။ ဒါကြောင့် ကျွန်တော်တို့ မစုံလင်လို့၊ အမှားတွေ လုပ်မိလို့ဆိုပြီး တစ်ချိန်လုံး ပူဆွေးသောက ရောက်နေဖို့ မလိုဘူး။ (ဆ ၁၀၃:၈-၁၄။ ၁၃၀:၃) ဘုရားနည်းလမ်းအတိုင်း အသက်ရှင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေမယ်ဆိုရင် ပျော်ရွှင်နိုင်ပါတယ်။ (ဖိ ၄:၄-၆။ ၁ယ ၃:၁၉-၂၂)” w22.06 ၇ ¶၁၈-၁၉

အင်္ဂါနေ့၊ ဇန်နဝါရီ ၉

ကျွန်တော့်နာမည်ကြောင့် ဘုရင်တွေ၊ ဘုရင်ခံတွေရှေ့ ပို့လိမ့်မယ်။—လု. ၂၁:၁၂။

အစိုးရ ဆန့်ကျင်မှုကို ကြောက်တဲ့ စိတ်ဟာ စာတန် သုံးတဲ့ တစ်ခုတည်းသော လက်နက် မဟုတ်ဘူး။ တချို့က မိသားစု ဆန့်ကျင်မှာကို အသားနာမှာထက် ပိုကြောက်တယ်။ ဆွေမျိုးတွေကို သိပ်ချစ်တယ်။ ယေဟောဝါအကြောင်း သိပြီး ချစ်လာစေချင်တယ်။ ဒါပေမဲ့ ဘုရားကိုရော ဘုရားကျေးကျွန်တွေကိုပါ ဆွေမျိုးတွေ မလေးမစား ပြောကြတဲ့အခါ စိတ်ထိခိုက်ရတယ်။ တစ်ခါတလေ အစပိုင်းမှာ ဆန့်ကျင်တဲ့ ဆွေမျိုးတချို့ အမှန်တရားထဲ ရောက်လာတာမျိုးတော့ ရှိပါတယ်။ ဒါပေမဲ့ ယုံကြည်ချက်အသစ်ကြောင့် မိသားစုဝင်တွေ ကိုယ့်ကို သေခန်း ရှင်ခန်း ဖြတ်တယ်ဆိုရင်ကော။ ဆာလံ ၂၇:၁၀ ပါ စကားတွေကနေ နှစ်သိမ့်မှု ရနိုင်တယ်။ ကိုယ့်ကို ယေဟောဝါ ဘယ်လောက် ချစ်မှန်း သတိရတဲ့အခါ မိသားစု ဆန့်ကျင်ရင်တောင် ကျွန်တော်တို့ ခံရပ်နိုင်ကြတယ်။ ခံနိုင်ရည်အတွက် ဘုရား ဆုချမယ်ဆိုတာ စိတ်ချကြတယ်။ ယေဟောဝါလောက် ဘယ်သူကမှ ကျွန်တော်တို့ရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ဘုရားရေးရာပိုင်း လိုအပ်ချက်တွေကို ဖြည့်ဆည်းမပေးနိုင်ဘူး။ w22.06 ၁၆-၁၇ ¶၁၁-၁၃

ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၁၀

ခရစ်တော်ကိုယ်တိုင် ခင်ဗျားတို့အတွက် ဆင်းရဲဒုက္ခ ခံပြီး သူ့ခြေရာကို ထက်ကြပ်မကွာ လိုက်လျှောက်စေဖို့ စံနမူနာ ထားခဲ့တယ်။—၁ ပေ. ၂:၂၁။

မြေကြီးပေါ် အမှုဆောင်တုန်းက ယေရှုဟာ စားကြူးသောက်ကြူးသူ၊ မာရ်နတ် ဘက်တော်သား၊ ဥပုသ်ပညတ် ချိုးဖောက်သူ၊ ဘုရားကို စော်ကားပြောဆိုသူအဖြစ် မတရားစွပ်စွဲခံရတယ်။ (မ. ၁၁:၁၉။ ၂၆:၆၅။ လု. ၁၁:၁၅။ ယော. ၉:၁၆) ဒါပေမဲ့ ယေရှု ဒေါသနဲ့ မတုံ့ပြန်ဘူး။ ကျွန်တော်တို့လည်း ကြမ်းကြမ်းတမ်းတမ်း ပြောဆိုခံရတဲ့အခါ ဒေါသနဲ့ မတုံ့ပြန်သင့်ဘူး။ (၁ ပေ. ၂:၂၂၊ ၂၃) ဒါပေမဲ့ ချုပ်တည်းဖို့ မလွယ်ဘူး။ (ယာ. ၃:၂) ဘာက ကူညီပေးမလဲ။ ကောင်းကောင်း မတုံ့ပြန်တဲ့ အိမ်ရှင်နဲ့ တွေ့တဲ့အခါ စိတ်မဆိုးပါနဲ့။ ညီအစ်ကို ဆမ်က “အိမ်ရှင် အမှန်တရား ကြားဖို့ လိုတာ၊ ပြောင်းလဲနိုင်တဲ့ အလားအလာ ရှိတာကိုပဲ ကျွန်တော် အာရုံစိုက်တယ်” လို့ ပြောတယ်။ တစ်ခါတလေ အိမ်ရှင် စိတ်ဆိုးနေတဲ့ အချိန် သွားမိတာ ဖြစ်နိုင်တယ်။ စိတ်ဆိုးနေသူတစ်ယောက်နဲ့ တွေ့တဲ့အခါ တည်တည်ငြိမ်ငြိမ် ဆက်ရှိအောင်၊ မကြင်မနာ၊ မလေးမစား ပြန်မပြောမိအောင် ကူညီပေးဖို့ ယေဟောဝါဆီ ဆုတောင်းနိုင်တယ်။ w22.04 ၆ ¶၈-၉

ကြာသပတေးနေ့၊ ဇန်နဝါရီ ၁၁

ဘုရားသခင်နဲ့ ရင်းနှီးအောင် ကြိုးစားပါ။—ယာ. ၄:၈။

ယေဟောဝါနဲ့ ရင်းနှီးလာအောင် သားသမီးတွေကို ကူညီပေးနိုင်တဲ့ တစ်နည်းကတော့ ကျမ်းစာ သင်ပေးခြင်းပါ။ (၂ တိ. ၃:၁၄-၁၇) နောက်တစ်နည်းကိုလည်း ကျမ်းစာမှာ ဖော်ပြထားတယ်။ ဖန်ဆင်းရာတွေမှာ ပေါ်လွင်နေတဲ့ ယေဟောဝါရဲ့ အရည်အသွေးတွေကို မြင်အောင် ကြည့်ဖို့ သားကို ဖခင် ဖြစ်သူ သတိပေးနေတဲ့အကြောင်း ပညာအလိမ္မာကျမ်းမှာ ဖတ်ရတယ်။ (ပညာ. ၃:၁၉-၂၁) မိဘတို့၊ သားသမီးတွေနဲ့အတူ အပြင်သွားရတာ ကြိုက်ကြမှာပါ။ အဲဒီလိုအချိန်တွေမှာ “ဖန်ဆင်းထားရာတွေ” က ယေဟောဝါရဲ့ အံ့ဖွယ် အရည်အသွေးတွေအကြောင်း ဘာဖော်ပြနေတယ်ဆိုတာ သဘောပေါက်အောင် သားသမီးတွေကို ကူညီပေးပါ။ (ရော. ၁:၂၀) ဖန်ဆင်းရာတွေ သုံးပြီး ယေရှု သွန်သင်ပေးပုံကို သတိပြုပါ။ ကျီးအတွေ၊ တောနှင်းပန်းတွေအကြောင်း စဉ်းစားကြည့်ဖို့ တပည့်တွေကို ပြောတယ်။ (လု. ၁၂:၂၄၊ ၂၇-၃၀) ကောင်းကင်ဘုံစံ ဖခင်ရဲ့ ရက်ရောမှု၊ ကြင်နာမှုအကြောင်း သင်ပေးတယ်။ ကျီးအတွေကို ကျွေးမွေးပြီး တောနှင်းပန်းတွေကို အလှဆင်ပေးသလို သစ္စာရှိ ကျေးကျွန်တွေရဲ့ စားဝတ်နေရေးအတွက် ယေဟောဝါ ထောက်မပေးမယ်ဆိုတာ စိတ်ချစေတယ်။ w23.03 ၂၀-၂၁ ¶၁-၄

သောကြာနေ့၊ ဇန်နဝါရီ ၁၂

ကျွန်တော့်နာမည်ကို အမှီပြုပြီး ခင်ဗျားတို့ ဆုတောင်းရင် တောင်းသမျှကို ကျွန်တော် လုပ်ပေးမယ်။ ဒါဆိုရင် အဖဘုရားက သားတော်ကြောင့် ဘုန်းထင်ရှားလိမ့်မယ်။—ယော. ၁၄:၁၃။

သားတော်ကတစ်ဆင့် ယေဟောဝါဆီ ဆုတောင်းနိုင်လို့ ကျေးဇူးတင်သင့်တယ်။ ယေရှုနာမည်ကို အမှီပြုပြီး တောင်းတဲ့ ဆုတောင်းချက်တွေကို ယေရှုကတစ်ဆင့် ယေဟောဝါ နားထောင်၊ အဖြေပေးတယ်။ ယေရှုရဲ့ ရွေးဖိုး ပူဇော်သက္ကာကို အခြေခံပြီး ကျွန်တော်တို့ရဲ့ အပြစ်တွေ ခွင့်လွှတ်ပေးတယ်။ (ရော. ၅:၁) ‘ကောင်းကင်ပေါ်က ဘုန်းတန်ခိုးကြီးတဲ့အရှင်ရဲ့ ပလ္လင်တော် ညာဘက်မှာ ထိုင်နေ’ တဲ့ “ပုရောဟိတ်မင်း” အဖြစ် ယေရှုကို ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဟီ. ၈:၁) ယေရှုဟာ “အဖဘုရားနဲ့အတူ ရှိနေတဲ့” “ကူညီပေးမယ့်သူ” ဖြစ်တယ်။ (၁ ယော. ၂:၁) ကျွန်တော်တို့ရဲ့ အားနည်းချက်တွေကို စာနာနိုင်တဲ့၊ ‘ကျွန်တော်တို့အတွက် အသနားခံပေးနေတဲ့’ ပုရောဟိတ်မင်း ပေးထားလို့ ယေဟောဝါကို ကျေးဇူးတင်စရာပါပဲ။ (ရော. ၈:၃၄။ ဟီ. ၄:၁၅) ယေရှုရဲ့ ပူဇော်သက္ကာသာ မရှိရင် ယေဟောဝါဆီ ဆုတောင်းချဉ်းကပ်နိုင်မှာ မဟုတ်ဘူး။ ချစ်သားကို ပေးထားလို့ ယေဟောဝါကို ကျွန်တော်တို့ ကျေးဇူးတင်ကြတယ်။ w22.07 ၂၃ ¶၁၀-၁၂

စနေနေ့၊ ဇန်နဝါရီ ၁၃

ယုံကြည်စိတ်ချထိုက်သူကတော့ လျှို့ဝှက်ထားတတ်တယ်။—ပညာ. ၁၁:၁၃။

ယုံကြည်စိတ်ချထိုက်သူဟာ ကတိတည်တယ်။ အမှန် ပြောတယ်။ (ဆာ. ၁၅:၄) သူ့ကို အားကိုးလို့ ရမှန်း လူတွေ သိကြတယ်။ ကျွန်တော်တို့နဲ့ပတ်သက်ပြီး ညီအစ်ကို/မတွေကို အဲဒီလို ခံစားစေချင်တယ်။ ကိုယ့်ကို ယုံကြည်စိတ်ချလာအောင် တခြားသူတွေကို အတင်းဖိအားပေးလို့ မရဘူး။ ယုံကြည်စိတ်ချအောင် နေရမယ်။ ယုံကြည်စိတ်ချမှုဟာ ငွေနဲ့ တူတယ်။ ရှာရ ခက်သလောက် ကုန်သွားဖို့ သိပ်လွယ်တယ်။ ယေဟောဝါဟာ တကယ် ယုံကြည်စိတ်ချထိုက်သူ ဖြစ်တယ်။ “ဘုရားလုပ်ဆောင်သမျှ ယုံကြည်စိတ်ချထိုက်” တယ်။ (ဆာ. ၃၃:၄) မိမိကို တုပဖို့ ဘုရား မျှော်လင့်တယ်။ (ဧ. ၅:၁) မေတ္တာရှိတဲ့၊ ယုံကြည်စိတ်ချရတဲ့ ညီအစ်ကို အသင်းအပင်းဝင် ဖြစ်ခွင့်ပေးထားလို့ ယေဟောဝါကို ကျေးဇူးတင်စရာပါပဲ။ ညီအစ်ကို/မတွေရဲ့ ယုံကြည်စိတ်ချမှု ရအောင် ကြိုးစားဖို့ ကျွန်တော်တို့အားလုံးမှာ တာဝန် ရှိတယ်။ မေတ္တာ၊ နှိမ့်ချမှု၊ ပိုင်းခြားသိမြင်မှု၊ ရိုးသားမှု၊ ချုပ်တည်းမှု ရှိဖို့ ကြိုးစားတဲ့အခါ အသင်းတော်မှာ ယုံကြည်စိတ်ချတဲ့ သဘောထား တိုးများလာမယ်။ ယေဟောဝါဘုရားကို တုပပြီး ယုံကြည်စိတ်ချထိုက်သူ ဖြစ်ကြောင်း သက်သေပြကြပါစို့။ w22.09 ၈ ¶၁-၂။ ၁၃ ¶၁၇

တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၁၄

ယေဟောဝါ . . . ကြည့်ရှုနေတယ်။—ဆာ. ၃၃:၁၈။

အသင်းတော်မှာ ညီအစ်ကို/မ အများကြီး ရှိပေမဲ့ တစ်ခါတလေ ကျွန်တော်တို့ အထီးကျန်နိုင်တယ်။ ကိုယ်တစ်ယောက်တည်းပဲဆိုတဲ့ ခံစားချက်နဲ့ ဝမ်းနည်း၊ စိတ်ဓာတ်ကျနိုင်တယ်။ ယေဟောဝါ အဲဒီလို မခံစားစေချင်ဘူး။ ပရောဖက် ဧလိယကို ဘယ်လို ကူညီပေးသလဲ စဉ်းစားကြည့်ပါ။ “မင်း ဒီမှာ ဘာလုပ်နေတာလဲ” လို့ နှစ်ကြိမ်တောင် မေးပြီး စကားပြောလာအောင် ကူညီပေးတယ်။ (၁ ဘု. ၁၉:၉၊ ၁၃) အကြိမ်တိုင်းမှာ ဧလိယ ရင်ဖွင့်ပြောတာကို နားထောင်ပေးတယ်။ မိမိကို ဝတ်ပြုသူများစွာ ကျန်နေသေးကြောင်းလည်း စိတ်ချစေတယ်။ (၁ ဘု. ၁၉:၁၁၊ ၁၂၊ ၁၈) ယေဟောဝါဆီ ရင်ဖွင့်ပြောပြပြီးနောက်၊ ဘုရား အဖြေပေးတာကို သိရပြီးနောက် ဧလိယ စိတ်သက်သာသွားတယ်။ အရေးကြီးတဲ့ တာဝန်တွေလည်း ဧလိယကို ယေဟောဝါ ပေးတယ်။ ဟာဇေလကို ဆီးရီးယားဘုရင်အဖြစ်၊ ယေဟုကို အစ္စရေးဘုရင်အဖြစ်၊ ဧလိရှဲကို ပရောဖက်အဖြစ် ဘိသိက်ပေးဖို့ တာဝန်ပေးတယ်။ (၁ ဘု. ၁၉:၁၅၊ ၁၆) ဒီနည်းအားဖြင့် ကောင်းတာတွေကို အာရုံစိုက်နိုင်အောင် ကူညီပေးတယ်။ ဧလိရှဲလို အပေါင်းအသင်းကောင်း ရအောင်လည်း စီစဉ်ပေးတယ်။ w22.08 ၈ ¶၃။ ၉ ¶၅

တနင်္လာနေ့၊ ဇန်နဝါရီ ၁၅

အချင်းချင်း ဆက်ပြီး နှစ်သိမ့်အားပေးနေကြပါ။—၁ သက်. ၅:၁၁။

ကိုယ့်အသင်းတော် နိုင်ငံတော် ခန်းမ ဆောက်လုပ်ရေးအပြီး ဒါမှမဟုတ် ပြုပြင်မွမ်းမံမှုအပြီး ခန်းမအသစ်လေးမှာ ဦးဆုံး အစည်းအဝေး တက်တဲ့အချိန်ကို မှတ်မိသလား။ ယေဟောဝါကို သိပ်ကျေးဇူးတင်မှာပဲ။ ဝမ်းသာလုံးဆို့ပြီး အဖွင့်သီချင်းကိုတောင် မနည်း ဆိုခဲ့ရမယ်။ ကောင်းစွာ ဆောက်လုပ်ထားတဲ့ နိုင်ငံတော် ခန်းမတွေဟာ ယေဟောဝါကို ဂုဏ်တင်စရာ ဖြစ်စေတယ်။ တည်ဆောက်ရေး လုပ်ငန်း နောက်တစ်မျိုးမှာ ကျွန်တော်တို့ ပါဝင်ရင် ပိုလို့တောင် ဂုဏ်တင်စရာ ဖြစ်စေတယ်။ အဲဒါ ပကတိ အဆောက်အအုံတွေ တည်ဆောက်တာထက် ပိုတန်ဖိုးရှိတယ်။ ဝတ်ပြုရာနေရာတွေဆီ ရောက်လာသူတွေကို တည်ဆောက်ပေးခြင်းပါ။ ဒီနေ့ ကျမ်းချက်မှာ တမန်တော် ပေါလု သုံးထားတဲ့ “အားပေး” ဆိုတဲ့ စကားလုံးဟာ “တည်ဆောက်” လို့လည်း အဓိပ္ပာယ်ရတယ်။ တမန်တော် ပေါလုဟာ ယုံကြည်သူချင်းတွေကို ဘယ်လို အားပေးတည်ဆောက်ရမယ်ဆိုတာ သိတယ်။ ကိုယ်ချင်းစာတယ်။ ပေါလုကို အတုယူပြီး ညီအစ်ကို/မတွေကို ကျွန်တော်တို့ အားပေးတည်ဆောက်နိုင်တယ်။—၁ ကော. ၁၁:၁။ w22.08 ၂၀ ¶၁-၂

အင်္ဂါနေ့၊ ဇန်နဝါရီ ၁၆

ဘုရားသခင်နဲ့ ထိုက်တန်စွာ လျှောက်လှမ်း [ကြပါ]။—ကော. ၁:၁၀။

ဘုရားအမြင်မှာ ဖြောင့်မှန်တာကို လုပ်ချင်တဲ့ ခရစ်ယာန်တွေဟာ စီးပွားရေး ကိစ္စအားလုံးမှာ အကြွင်းမဲ့ ရိုးသားဖြောင့်မှန်တယ်။ တရားမျှတမှုကို မြတ်နိုးတယ်။ တစ်ယောက်ယောက် မမျှမတ ဆက်ဆံခံရတာကို ကြည့်မနေနိုင်ဘူး။ “ယေဟောဝါရဲ့ နှစ်သက်လက်ခံမှုကို အပြည့်အဝ ရရှိ” ချင်လို့ ကိုယ့်ဆုံးဖြတ်ချက်တွေကို ဘုရား ဘယ်လို သဘောထားမလဲဆိုတာ ထည့်တွက်တယ်။ ကျမ်းစာမှာ ယေဟောဝါကို ဖြောင့်မတ်မှုရဲ့ ရင်းမြစ်၊ “ဖြောင့်မတ်ခြင်း တည်ရာ” လို့ ခေါ်ထားတယ်။ (ယေ. ၅၀:၇) ဖန်ဆင်းရှင် ဖြစ်လို့ ယေဟောဝါသာ အမှားအမှန်စံနှုန်းတွေ ချပိုင်ခွင့် ရှိတယ်။ ယေဟောဝါရဲ့ အမှားအမှန်စံနှုန်းတွေကို ကျွန်တော်တို့ အပြည့်အဝ နားမလည်တဲ့အချိန်တွေ ရှိနိုင်တယ်။ (ပညာ. ၁၄:၁၂။ ဟေရှာ. ၅၅:၈၊ ၉) ဒါပေမဲ့ ဘုရားရဲ့ ပုံသဏ္ဌာန်အတိုင်း ဖန်ဆင်းခံထားရလို့ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေအတိုင်း နေထိုင်နိုင်တယ်။ (က. ၁:၂၇) နေလည်း နေထိုင်ချင်ကြတယ်။ ဘုရားကို ချစ်လို့ အတတ်နိုင်ဆုံး အတုယူကြတယ်။—ဧ. ၅:၁။ w22.08 ၂၇ ¶၅-၆

ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၁၇

ယေဟောဝါရဲ့ အလိုတော်ကို သိနားလည်အောင် အမြဲ ကြိုးစားပါ။—ဧ. ၅:၁၇။

အခက်အခဲ ကြုံတဲ့အခါ၊ စိတ်ဓာတ်ကျတဲ့အခါ တစ်နည်းနည်းနဲ့ စိတ်ကို ထွက်ပေါက်ပေးဖို့ လိုတယ်လို့ ခံစားရနိုင်တယ်။ အဲဒါ မမှားပါဘူး။ ဒါပေမဲ့ ယေဟောဝါ မုန်းတာကို မလုပ်မိဖို့ သတိထားရမယ်။ (ဧ. ၅:၁၀-၁၂၊ ၁၅၊ ၁၆) ဖိလိပ္ပိ အသင်းတော်ကို တမန်တော် ပေါလု ရေးတဲ့ စာမှာ ‘ဖြောင့်မတ်တဲ့အရာ၊ စင်ကြယ်တဲ့အရာ၊ မေတ္တာတိုးစေတဲ့အရာ၊ မွန်မြတ်တဲ့အရာ’ တွေကို အမြဲ ဆင်ခြင်သုံးသပ်နေဖို့ အားပေးထားတယ်။ (ဖိ. ၄:၈) ဖျော်ဖြေရေးအကြောင်း ပေါလု သတ်သတ်မှတ်မှတ် ပြောနေတာ မဟုတ်ပေမဲ့ သူ ပြောတဲ့ အချက်တွေက ကျွန်တော်တို့ ရွေးချယ်တဲ့ ဖျော်ဖြေမှုအပေါ် အကျိုးသက်ရောက်မှု ရှိသင့်တယ်။ ကျမ်းချက်မှာ ပါတဲ့ “အရာ” ဆိုတဲ့ နေရာတိုင်းမှာ “သီချင်း၊” “ရုပ်ရှင်၊” “ဝတ္ထု၊” “ဂိမ်း” ဆိုတဲ့ စကားလုံးတွေ အစားထိုးကြည့်ပါ။ အဲဒါက ဘုရားအမြင်မှာ လက်ခံနိုင်တာ၊ လက်မခံနိုင်တာကို သိဖို့ ကူညီပေးနိုင်တယ်။ ယေဟောဝါရဲ့ မြင့်မားတဲ့ စံနှုန်းတွေနဲ့အညီ ကျွန်တော်တို့ နေထိုင်ချင်ကြတယ်။—ဆာ. ၁၁၉:၁-၃။ w22.10 ၉ ¶၁၁-၁၂

ကြာသပတေးနေ့၊ ဇန်နဝါရီ ၁၈

လူ့စိတ်ကို သိ [တယ်]။—ယော. ၂:၂၅။

“မဖြောင့်မတ်သူ” တချို့က မသေဆုံးခင် ဆိုးညစ်တဲ့ အကျင့်တွေ ကျင့်ခဲ့ကြတယ်။ ဒါကြောင့် ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေအတိုင်း နေထိုင်တတ်ဖို့ သင်ယူကြရမယ်။ သူတို့ကို သင်ပေးဖို့ လူ့သမိုင်းမှာ အကြီးကျယ်ဆုံး ပညာပေး အစီအစဉ်ကို ဘုရားနိုင်ငံတော်က စီစဉ်ပေးမယ်။ မဖြောင့်မတ်သူတွေကို ဘယ်သူတွေ သင်ပေးမလဲ။ လူအုပ်ကြီးနဲ့ ပြန်ထမြောက်လာတဲ့ ဖြောင့်မတ်သူတွေပါ။ အသက်စာစောင်မှာ နာမည် ရေးမှတ်ခံရဖို့ မဖြောင့်မတ်သူတွေဟာ ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိရမယ်။ ကိုယ့်ကိုယ်ကိုယ် ဘုရားဆီ ဆက်ကပ်အပ်နှံရမယ်။ သင်ပေးတာကို မဖြောင့်မတ်သူတွေ ဘယ်လို တုံ့ပြန်သလဲဆိုတာ ယေရှုခရစ်နဲ့ ဘိသိက်ခံတွေ ဂရုတစိုက် စောင့်ကြည့်ပါလိမ့်မယ်။ (ဗျာ. ၂၀:၄) အကူအညီ လက်မခံသူတွေဟာ အသက် ၁၀၀ ရှိနေရင်တောင် ဖျက်ဆီးခံရမယ်။ (ဟေရှာ. ၆၅:၂၀) လူ့အတွင်းစိတ်ကို ယေဟောဝါနဲ့ ယေရှု မြင်နိုင်တယ်။ ကမ္ဘာသစ်မှာ အဖျက်အမှောင့် လုပ်မယ့် ဘယ်သူ့ကိုမှ ရှိခွင့် ပြုမှာ မဟုတ်ဘူး။—ဟေရှာ. ၁၁:၉။ ၆၀:၁၈။ ၆၅:၂၅။ w22.09 ၁၇ ¶၁၁-၁၂

သောကြာနေ့၊ ဇန်နဝါရီ ၁၉

အထက်အာဏာပိုင်တွေကို လူတိုင်း လက်အောက်ခံရမယ်။—ရော. ၁၃:၁။

ဒီကျမ်းချက်မှာ “အထက်အာဏာပိုင်တွေ” ဆိုတာ တခြားသူတွေအပေါ် ဩဇာအာဏာ ရှိပြီး ထိန်းချုပ်နိုင်တဲ့ လူ့အုပ်စိုးရှင်တွေကို ဆိုလိုတယ်။ သူတို့ကို ခရစ်ယာန်တွေ လက်အောက်ခံရမယ်။ သူတို့က တိုင်းပြည်မှာ ငြိမ်ဝပ်ပိပြားမှု ရှိစေတယ်။ ဥပဒေကို လိုက်နာစေတယ်။ တစ်ခါတလေ ဘုရားလူမျိုးကို ကာကွယ်ပေးကြတယ်။ (ဗျာ. ၁၂:၁၆) ဒါကြောင့် သူတို့ သတ်မှတ်ထားတဲ့ အခွန်အကောက်တွေ ပေးသင့်တယ်။ သူတို့ကို ကြောက်ရွံ့ရိုသေသင့်တယ်။ (ရော. ၁၃:၇) ဒါပေမဲ့ ယေဟောဝါ ခွင့်ပြုထားလို့သာ သူတို့မှာ အခွင့်အာဏာ ရှိနေတာ။ ရောမ ဘုရင်ခံ ပုန္တိပိလတ် စစ်မေးချိန်မှာ အဲဒီအချက်ကို ယေရှု ရှင်းရှင်းလင်းလင်း ပြောတယ်။ ယေရှုကို လွှတ်ပေးနိုင်သလို သတ်နိုင်တယ်လို့ ပိလတ် ပြောချိန်မှာ ယေရှုက “ဘုရားသခင်ကသာ အခွင့်မပေးရင် ကျွန်တော့်ကို မင်းကြီး ဘာမှ လုပ်ပိုင်ခွင့်မရှိဘူး” လို့ ပြန်ပြောတယ်။ (ယော. ၁၉:၁၁) ပိလတ်လိုပဲ ဒီနေ့ခေတ် လူ့အုပ်စိုးရှင်တွေနဲ့ နိုင်ငံရေးသမားအားလုံးရဲ့ အခွင့်အာဏာ အကန့်အသတ် ရှိတယ်။ w22.10 ၁၄ ¶၆

စနေနေ့၊ ဇန်နဝါရီ ၂၀

လူဆိုးတွေ လုံးဝ ရှိတော့မှာ မဟုတ်ဘူး။ —ဆာ. ၃၇:၁၀။

ပညာရှိတဲ့ သစ္စာရှိ ဘုရင် နန်းထိုင်ချိန်မှာ ဘဝ ဘယ်လို ဖြစ်မယ်ဆိုတဲ့အကြောင်း ရေးဖို့ ဘုရင် ဒါဝိဒ် လှုံ့ဆော်ခံရတယ်။ (ဆာ. ၃၇:၁၀၊ ၁၁၊ ၂၉) လာမယ့် ပရဒိသုအကြောင်း တခြားသူတွေကို ပြောပြချိန်မှာ ဆာလံ ၃၇:၁၁ ကို ကျွန်တော်တို့ ဖတ်ပြလေ့ရှိတယ်။ တောင်ပေါ်တရားတော်မှာ အဲဒီကျမ်းချက်ကို ယေရှု ကိုးကားပြီး အနာဂတ်မှာ ပြည့်စုံမယ်လို့ ဖော်ပြခဲ့တဲ့အတွက် အဲဒီလို ဖတ်ပြတာ ဖြစ်တယ်။ (မ. ၅:၅) ဒါဝိဒ်ရဲ့ စကားတွေက ဘုရင် ရှောလမုန်ခေတ်မှာ ဘဝ ဘယ်လို ရှိမယ်ဆိုတာကိုလည်း ဖော်ပြတယ်။ အစ္စရေးတွေကို ရှောလမုန် အုပ်ချုပ်တုန်းက တိုင်းပြည် ငြိမ်းချမ်းသာယာတယ်။ “နို့နဲ့ ပျားရည် စီး” တယ်။ ‘ငါ့ဥပဒေတွေကို အမြဲ လိုက်နာစောင့်ထိန်းမယ်ဆိုရင် တိုင်းပြည်ကို ငါ ငြိမ်သက်အေးချမ်းစေမှာ ဖြစ်လို့ ကြောက်စရာ မလိုဘဲ မင်းတို့ အိပ်ရမယ်’ လို့ ဘုရား ပြောတယ်။ (ဝတ်. ၂၀:၂၄။ ၂၆:၃၊ ၆) ဘုရင် ရှောလမုန် နန်းစံချိန်မှာ အဲဒီကတိတွေ တကယ် ပြည့်စုံလာတယ်။ (၁ ရာ. ၂၂:၉။ ၂၉:၂၆-၂၈) ဆာလံ ၃၇:၁၀၊ ၁၁၊ ၂၉ မှာ ပါတဲ့ စကားတွေဟာ ရှေးခေတ်မှာ ပြည့်စုံခဲ့သလို အနာဂတ်မှာလည်း ပြည့်စုံပါလိမ့်မယ်။ w22.12 ၁၀ ¶၈

တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၂၁

[ဉာဏ်ပညာ] မလွှတ်တမ်း ကိုင်စွဲထားသူတွေကို ပျော်ရွှင်ချမ်းမြေ့သူတွေလို့ သတ်မှတ်ကြလိမ့်မယ်။—ပညာ. ၃:၁၈။

ခရစ်ယာန်စစ်တွေဟာ လမ်းညွှန်ချက်ကို လိုက်နာရမယ်။ “ကျွမ်းကျင်သူ လမ်းညွှန်ပေးတဲ့အတိုင်း စစ်ပွဲကို ဆင်နွှဲရမယ်။ အကြံပေးသူ များရင် အောင်ပွဲဆင်နိုင်တယ်” လို့ ကျမ်းစာ အကြံပေးတယ်။ (ပညာ. ၂၄:၆) အဲဒီမူကို ကျင့်သုံးခြင်းက ဟောပြောခြင်းနဲ့ သွန်သင်ခြင်း လုပ်ငန်းမှာ ဘယ်လို အောင်မြင်စေကြောင်း စဉ်းစားကြည့်ပါ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဟောပြောသွန်သင်မယ့်အစား ရလာတဲ့ အကြံပြုချက်တွေကို လိုက်နာသင့်တယ်။ အစည်းအဝေးတွေမှာ ပညာရှိ လမ်းညွှန်ချက်တွေ ရတယ်။ တခြားသူတွေရဲ့ ဟောပြောချက်၊ သရုပ်ပြတင်ဆက်မှုတွေကနေလည်း သင်ယူနိုင်တယ်။ ကျမ်းစာ နားလည်အောင် လူတွေကို ကူညီပေးနိုင်တဲ့ စာပေ၊ ဗီဒီယိုလိုမျိုး အသုံးဝင်တဲ့ ကိရိယာတွေကိုလည်း ယေဟောဝါရဲ့ အဖွဲ့အစည်း ပြင်ဆင်ပေးထားတယ်။ ကျမ်းစာပါ လက်တွေ့ကျ အကြံဉာဏ်အတွက် ကျေးဇူးတင်စရာပါပဲ။ အဲဒီအကြံဉာဏ်သာ မရှိရင် ဘဝက တော်တော် စိတ်ပျက်စရာ ဖြစ်နေမှာပဲ။ ယေဟောဝါ ပေးတဲ့ အကြံဉာဏ်ကို ဘဝကဏ္ဍတိုင်းမှာ အမြဲ ကျင့်သုံးဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။—ပညာ. ၃:၁၃-၁၇။ w22.10 ၂၃ ¶၁၈-၁၉

တနင်္လာနေ့၊ ဇန်နဝါရီ ၂၂

နှုတ်တော်ထွက်စကားဟာ ကျွန်တော့်ခံတွင်းထဲမှာ ချိုမြိန်လိုက်တာ။ ပါးစပ်ထဲမှာ ပျားရည်ထက်တောင် ချိုမြပါတယ်။—ဆာ. ၁၁၉:၁၀၃။

ကျွန်တော်တို့ အစာစားပြီးနောက် ခန္ဓာကိုယ်က အစာခြေလိုက်တဲ့အခါ အားရှိလာသလိုပဲ ကျမ်းစာ ဖတ်ရှုလေ့လာပြီး တွေးတောဆင်ခြင်တာက ယုံကြည်ခြင်း ပိုခိုင်မာစေတယ်။ ယေဟောဝါက ကျွန်တော်တို့ကို ကျမ်းစာမှာ ပါတဲ့ တရားစကား ကောင်းကောင်း နားလည်အောင် လုပ်စေချင်တယ်။ ဆုတောင်းခြင်း၊ ဖတ်ရှုလေ့လာခြင်း၊ တွေးတောဆင်ခြင်ခြင်းအားဖြင့် အဲဒီလို လုပ်နိုင်တယ်။ အရင်ဆုံး စိတ်နှလုံးကို ပြင်ဆင်ဖို့ ဆုတောင်းကြတယ်။ ပြီးနောက် ကျမ်းပိုဒ်တစ်ပိုဒ် ဖတ်တယ်။ ဖတ်တာကို ခဏရပ်ပြီး အသေအချာ တွေးတောဆင်ခြင်တယ်။ ဘာရလဒ် ရမလဲ။ များများ တွေးတောလေ ကျမ်းစာကို ပိုနားလည်လေ၊ ယုံကြည်ခြင်း ခိုင်မာလေ ဖြစ်ပါလိမ့်မယ်။ ကျမ်းစာ ဖတ်ရှုလေ့လာဖို့၊ တွေးတောဆင်ခြင်ဖို့ ဘာကြောင့် အရေးကြီးသလဲ။ လောလောဆယ် နိုင်ငံတော် သတင်း ဟောဖို့၊ မဝေးတော့တဲ့ အနာဂတ်မှာ ပြင်းထန်တဲ့ တရားစီရင်ချက် သတင်း ကြေညာဖို့ ခွန်အား ရှိစေလို့ပဲ။ ဒါ့အပြင် ယေဟောဝါရဲ့ နှစ်သက်ဖွယ် အရည်အသွေးတွေအကြောင်း တွေးတောဆင်ခြင်တဲ့အခါ ဘုရားနဲ့ ပိုရင်းနှီးလာမယ်။ w22.11 ၆-၇ ¶၁၆-၁၇

အင်္ဂါနေ့၊ ဇန်နဝါရီ ၂၃

အချင်းချင်း ချစ်မယ်ဆိုရင် ခင်ဗျားတို့ဟာ ကျွန်တော့်တပည့်တွေပဲဆိုတာ လူတွေ သိလိမ့်မယ်။—ယော. ၁၃:၃၅။

အချင်းချင်း ကိုယ်ကျိုးစွန့် ချစ်တာကို ကြည့်ပြီး နောက်လိုက်စစ်တွေ ဖြစ်မှန်း နောက်လိုက်တွေသာမက အသင်းတော်ပြင်ပက လူတွေပါ သိကြလိမ့်မယ်လို့ ယေရှု ပြောတယ်။ ယေဟောဝါလူမျိုးကြားမှာ ရှိတဲ့ မေတ္တာဟာ သိပ်ထူးခြားတယ်။ တကယ်တော့ ယေဟောဝါသက်သေတွေလည်း တခြားသူတွေလိုပဲ မစုံလင်ကြဘူး။ (၁ ယော. ၁:၈) ဒါကြောင့် အကြောင်းသိလေ၊ အားနည်းချက်တွေ မြင်လာလေပဲ။ (ရော. ၃:၂၃) ဝမ်းနည်းစရာက အချင်းချင်းရဲ့ မစုံလင်မှုကြောင့် တချို့ တိုက်မိလဲသွားကြတယ်။ တမန်တော်တွေကို ယေရှု မေတ္တာ ဘယ်လို ပြသလဲ။ ဒီနေ့အချိန်မှာ ယေရှုကို ဘယ်လို အတုယူနိုင်သလဲ။ ဒီမေးခွန်းတွေကို သက်သေခံတွေ စဉ်းစားသင့်တယ်။ ဒါက အထူးသဖြင့်၊ တခြားသူတွေ အမှားလုပ်တဲ့အခါ မေတ္တာ အပြည့်အဝ ပြဖို့ ကူညီပေးပါလိမ့်မယ်။—ဧ. ၅:၂။ w23.03 ၂၆-၂၇ ¶၂-၄

ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၂၄

သစ္စာစောင့်သိသူကို ကိုယ်တော်ကလည်း သစ္စာစောင့်သိတယ်။—ဆာ. ၁၈:၂၅။

ဒီအစီအစဉ်စနစ် အဆုံး နီးလာတာနဲ့အမျှ အသင်းတော်အတွင်းက လာတဲ့ အခက်အခဲတွေ ကြုံလာရနိုင်တယ်။ အဲဒီအခက်အခဲတွေက ယေဟောဝါအပေါ် ထားတဲ့ သစ္စာစောင့်သိမှုကို စမ်းသပ်နိုင်တယ်။ ဒါကြောင့် သတိရှိနေရမယ်။ ညီအစ်ကို/မ တစ်ယောက်ယောက် သင့်ကို မတရား ဆက်ဆံတဲ့အခါ စိတ်နာကြည်းမနေပါနဲ့။ ဆုံးမခံရတဲ့အခါ နာကျင်ခံစားရတာကိုပဲ အာရုံမစိုက်ပါနဲ့။ ဆုံးမမှုကို လက်ခံပါ။ လိုအပ်သလို ပြုပြင်ပြောင်းလဲပါ။ ယေဟောဝါ အဖွဲ့အစည်းရဲ့ အပြောင်းအလဲတွေက ကိုယ့်ကို ထိခိုက်လာတဲ့အခါ စိတ်နှလုံး အကြွင်းမဲ့ လက်ခံပါ။ လမ်းညွှန်ချက်ကို နာခံပါ။ သစ္စာစောင့်သိမှု စမ်းသပ်ခံရတဲ့အခါ ယေဟောဝါနဲ့ အဖွဲ့အစည်းအပေါ် ယုံကြည်စိတ်ချမှု ဆက်ထိန်းထားပါ။ တည်တည်ငြိမ်ငြိမ် ရှိပါ။ ရှင်းရှင်းလင်းလင်း စဉ်းစားတွေးခေါ်ပါ။ ကိစ္စရပ်တွေကို ယေဟောဝါ ရှုမြင်သလို ရှုမြင်ပါ။ ယေဟောဝါဆီ ဆုတောင်းပြီး အကူအညီတောင်းပါ။ အသင်းတော်နဲ့ ဘယ်တော့မှ တသီးတခြား မနေပါနဲ့။ ဒါဆိုရင် ဘာတွေပဲ ကြုံရပါစေ ယေဟောဝါနဲ့ရော အဖွဲ့အစည်းနဲ့ပါ ဝေးကွာသွားအောင် စာတန် ဘယ်လိုမှ တားဆီးနိုင်မှာ မဟုတ်ဘူး။—ယာ. ၄:၇။ w22.11 ၂၄-၂၅ ¶၁၄-၁၆

ကြာသပတေးနေ့၊ ဇန်နဝါရီ ၂၅

ညီအစ်ကိုအသင်းအပင်း တစ်ရပ်လုံးကို ချစ်ကြပါ။—၁ ပေ. ၂:၁၇။

သဘာဝဘေး မကြုံခင်ကတည်းက ကြိုတင်ပြင်ဆင်ဖို့ ညီအစ်ကို/မတွေကို အကြီးအကဲတွေ ကူညီပေးကြတယ်။ ဘေးကင်းလုံခြုံဖို့ ဘာတွေ လုပ်ရမယ်၊ အကြီးအကဲတွေကို ဘယ်လို ဆက်သွယ်ရမယ်ဆိုတာ အသင်းတော်မှာ ရှိသူတိုင်း သိအောင် ကူညီပေးကြတယ်။ သင်ကော ဘာလုပ်နိုင်သလဲ။ သင့်အနီးနားမှာ ဘေးအန္တရာယ် ကျရောက်တယ်ဆိုရင် ဘယ်လို ကူညီနိုင်မလဲဆိုတာ အကြီးအကဲတွေကို မေးမြန်းပါ။ ရွှေ့ပြောင်းလာတဲ့ ညီအစ်ကို/မတွေအတွက်ဖြစ်စေ၊ ဆောက်လုပ်ရေး စေတနာ့ဝန်ထမ်းတွေအတွက်ဖြစ်စေ နေစရာ စီစဉ်ပေးနိုင်တယ်။ လိုအပ်နေတဲ့ ကြေညာသူတွေဆီ အစားအသောက်နဲ့ အထောက်အပံ့ပစ္စည်းတွေ ပို့ပေးနိုင်တယ်။ ပိုဝေးတဲ့ဒေသမှာ သဘာဝဘေး ကျရောက်တယ်ဆိုရင်တောင် ကူညီပေးနိုင်ဆဲပါပဲ။ ဘယ်လိုနည်းနဲ့လဲ။ ဘေးသင့်သူတွေအတွက် ဆုတောင်းပေးခြင်းအားဖြင့်ပါ။ (၂ ကော. ၁:၈-၁၁) ကမ္ဘာချီလုပ်ငန်းအတွက် အလှူငွေ ထည့်ဝင်ခြင်းအားဖြင့် ကယ်ဆယ်ရေးလုပ်ငန်းကို ငွေကြေးအရ ကူညီပေးနိုင်တယ်။ (၂ ကော. ၈:၂-၅) ဘေးအန္တရာယ် ကျရောက်တဲ့ ဒေသကို သွားရောက်ကူညီပေးနိုင်တယ်ဆိုရင် စေတနာ့ဝန်ထမ်းဖို့ အကြီးအကဲတွေကို မေးမြန်းပါ။ သင် ဖိတ်ခေါ်ခံရတယ်ဆိုရင် အလိုအပ်ဆုံး နေရာနဲ့ အချိန်မှာ ကူညီပေးနိုင်အောင် လေ့ကျင့်မှုတချို့ ရကောင်း ရပါလိမ့်မယ်။ w22.12 ၂၄ ¶၈။ ၂၅ ¶၁၁-၁၂

သောကြာနေ့၊ ဇန်နဝါရီ ၂၆

လူတွေ ကြုံရတတ်တဲ့ သွေးဆောင်ခြင်းကိုပဲ ခင်ဗျားတို့ ခံရတာ။—၁ ကော. ၁၀:၁၃။

ကောရိန္သုမြို့က အမျိုးသား/သမီးတွေဆီ ဒီစာကို ရေးထားတာ။ သူတို့ထဲက တချို့ဟာ အရင်က အိမ်ထောင်ရေး ဖောက်ပြန်သူ၊ လိင်တူဆက်ဆံသူ၊ သောက်ကြူးသူတွေ ဖြစ်ခဲ့ကြတယ်။ (၁ ကော. ၆:၉-၁၁) သူတို့ နှစ်ခြင်းခံပြီးနောက် မကောင်းတဲ့ ဆန္ဒတွေ လုံးဝ ပေါ်မလာတော့ဘူးလို့ သင် ထင်သလား။ အဲဒီလို မဖြစ်နိုင်ဘူး။ ဘိသိက်ခံ ခရစ်ယာန်တွေ ဆိုပေမဲ့ မစုံလင်သူတွေ ဖြစ်နေဆဲပဲ။ မကောင်းတဲ့ ဆန္ဒတွေကို မကြာမကြာ တိုက်လှန်ခဲ့ကြရမှာ သေချာတယ်။ ဒါ အားရှိစရာပဲ။ ဘာကြောင့်လဲ။ ကိုယ် တိုက်လှန်နေရတာ ဘယ်လို မကောင်းတဲ့ ဆန္ဒပဲဖြစ်ဖြစ် အဲဒါကို တခြားတစ်ယောက် အောင်မြင်စွာ တိုက်လှန်နိုင်ခဲ့လို့ပါပဲ။ ဒါကြောင့် “ညီအစ်ကိုအသင်းအပင်း တစ်ရပ်လုံးလည်း ဆင်းရဲဒုက္ခကို ထပ်တူ ခံစားနေရမှန်း သိထားပြီး ခိုင်မာတဲ့ ယုံကြည်ခြင်း” ဆက်ရှိနိုင်ပါတယ်။—၁ ပေ. ၅:၉။ w23.01 ၁၁ ¶၁၅

စနေနေ့၊ ဇန်နဝါရီ ၂၇

ဒီလောကမှာ ခင်ဗျားတို့ ဆင်းရဲဒုက္ခ ခံရလိမ့်မယ်။ ဒါပေမဲ့ သတ္တိရှိကြပါ။ ဒီလောကကို ကျွန်တော် အောင်နိုင်ပြီ။—ယော. ၁၆:၃၃။

နောက်လိုက်တွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ ယေဟောဝါဆီ ယေရှု ဆုတောင်းပေးတယ်။ (ယော. ၁၇:၁၁) ဒီအချက်က ကျွန်တော်တို့ကို ဘာကြောင့် သတ္တိရှိစေသလဲ။ ရန်သူတွေအားလုံးထက် ယေဟောဝါ ပိုတန်ခိုးရှိလို့ပါ။ (၁ ယော. ၄:၄) ယေဟောဝါ မမြင်တာ ဘာမှ မရှိဘူး။ ဒါကြောင့် ယေဟောဝါကို အားကိုးမယ်ဆိုရင် ကြောက်ရွံ့မှုတွေကို သတ္တိရှိရှိ ကျော်ဖြတ်နိုင်အောင် ကူညီပေးမယ်ဆိုတာ စိတ်ချနိုင်တယ်။ ကျောင်းမှာ၊ အလုပ်မှာ ကိုယ့်ကိုယ်ကိုယ် ယေဟောဝါသက်သေလို့ ပြောဖို့ ကြောက်နေသလား။ တခြားသူတွေ ဘယ်လို ထင်မလဲဆိုတာ စိုးရိမ်ပြီး ကြေညာသူ လုပ်ဖို့၊ နှစ်ခြင်းခံဖို့ ရွှေ့ဆိုင်းနေသလား။ အဲဒီလို ခံစားချက်တွေကြောင့် မှန်ရာ မလုပ်ဘဲ မနေပါနဲ့။ ယေဟောဝါဆီ ထက်ထက်သန်သန် ဆုတောင်းပါ။ ဘုရားအလိုတော်အတိုင်း လုပ်ဆောင်နိုင်တဲ့ သတ္တိ ပေးဖို့ ဆုတောင်းပါ။ သင့်ဆုတောင်းချက်တွေကို ယေဟောဝါ ဘယ်လို အဖြေပေးတယ်ဆိုတာ မြင်လာတဲ့အခါ ပိုခိုင်ခံ့ပြီး သတ္တိရှိလာပါလိမ့်မယ်။—ဟေရှာ. ၄၁:၁၀၊ ၁၃။ w23.01 ၂၉ ¶၁၂။ ၃၀ ¶၁၄

တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၂၈

ခင်ဗျားတို့ မဖတ်ဖူးဘူးလား။—မ. ၁၂:၃။

ကျမ်းစာ ဖတ်တဲ့အခါ ဖာရိရှဲတွေမှာ မှားယွင်းတဲ့ သဘောထား ရှိတယ်ဆိုတာ ဖော်ပြဖို့ “မဖတ်ဖူးဘူးလား” လို့ ယေရှု မေးတယ်။ (မ. ၁၂:၁-၇) အဲဒီတုန်းက ယေရှုတပည့်တွေ ဥပုသ်ပညတ် ချိုးဖောက်တယ်လို့ ဖာရိရှဲတွေ စွပ်စွဲနေကြတာ။ ဥပုသ်ပညတ်ရဲ့ ရည်ရွယ်ချက်ကို ဖာရိရှဲတွေ နားမလည်မှန်း၊ ကရုဏာ မရှိမှန်း ပေါ်လွင်စေဖို့ ကျမ်းမှတ်တမ်း နှစ်ခုကို ယေရှု ကိုးကားတယ်။ ပြီးနောက် ဟောရှေကျမ်းထဲက ကျမ်းပိုဒ်တစ်ပိုဒ် ရွတ်ပြတယ်။ အဲဒီဖာရိရှဲတွေ ကျမ်းစာ ဖတ်ပြီး ဘာကြောင့် အကျိုးမရသလဲ။ အပြစ်ရှာတဲ့၊ မာနကြီးတဲ့ သဘောထားနဲ့ ဖတ်ကြလို့ပါ။ အဲဒီသဘောထားကြောင့် ဖတ်တာကို နားမလည်ကြတာ။ (မ. ၂၃:၂၃။ ယော. ၅:၃၉၊ ၄၀) မဿဲ ၁၉:၄-၆ မှာလည်း “မဖတ်ဖူးဘူးလား” ဆိုပြီး ဖာရိရှဲတွေကို ယေရှု မေးထားတယ်။ ဖန်ဆင်းခြင်း မှတ်တမ်းအကြောင်း ဖတ်ဖူးပေမဲ့ အဲဒီမှတ်တမ်းက သင်ပေးတဲ့ အိမ်ထောင်အပေါ် ဘုရားအမြင်ကို သူတို့ လျစ်လျူရှုထားကြတယ်။ သဘောထားမှန်နဲ့ ကျမ်းစာ ဖတ်ဖို့ လိုတယ်ဆိုတာ ယေရှုရဲ့ စကားတွေက သင်ပေးတယ်။ ဖာရိရှဲတွေလို မဟုတ်ဘဲ ကျွန်တော်တို့ စိတ်ရင်းမှန်ရမယ်။ သွန်သင်ပေးလို့ ရတဲ့သူတွေ ဖြစ်ရမယ်။ w23.02 ၁၁-၁၂ ¶၁၂-၁၃

တနင်္လာနေ့၊ ဇန်နဝါရီ ၂၉

စဉ်းစားဆင်ခြင်နိုင်စွမ်းက မင်းကို စောင့်ကြပ်ပေးလိမ့်မယ်။—ပညာ. ၂:၁၁။

အိမ်နဲ့ အလုပ်ခွင်မှာ ပြင်းထန်တဲ့ မတော်တဆမှုတွေ မဖြစ်ဖို့ ကာကွယ်ပေးတဲ့ လမ်းညွှန်ချက်တွေကို ပညတ်တရားမှာ ဖော်ပြထားတယ်။ (ထွ. ၂၁:၂၈၊ ၂၉။ တရား. ၂၂:၈) ကိုယ့်ကြောင့် မတော်တဆ လူသေသွားရင် ပြင်းထန်တဲ့ အကျိုးဆက်တွေ ကြုံရမယ်။ (တရား. ၁၉:၄၊ ၅) မမွေးသေးတဲ့ ကလေးကို မတော်တဆ ထိခိုက်မိရင်တောင် ပြစ်ဒဏ်ပေးခံရမယ်။ (ထွ. ၂၁:၂၂၊ ၂၃) ဘေးကင်းရေးကို ဘုရား ဦးစားပေးစေချင်တာ ထင်ရှားပါတယ်။ အိမ်နဲ့ အလုပ်ခွင်မှာ ဘေးကင်းအောင် လုပ်ဆောင်ခြင်းအားဖြင့် ဘုရားပေး အသက် ဆုလက်ဆောင်ကို တန်ဖိုးထားကြောင်း ကျွန်တော်တို့ ပြကြတယ်။ ချွန်ထက်တဲ့ ပစ္စည်းတွေ၊ အဆိပ်အတောက် ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ၊ ဆေးဝါးတွေကို ကလေးတွေ လက်လှမ်းမမီတဲ့ နေရာမှာ ထားကြတယ်။ ဘေးကင်းတဲ့နည်းနဲ့ စွန့်ပစ်ကြတယ်။ မီးဖို သုံးနေတယ်၊ ရေနွေးအိုး တည်ထားတယ်၊ လျှပ်စစ်ပစ္စည်းတွေ သုံးနေတယ်ဆိုရင် အသုံးပြုလို့ မပြီးမချင်း နေရာကနေ ထွက်မသွားကြဘူး။ ဆေးသောက်ထားလို့၊ အရက်သောက်ထားလို့၊ အိပ်ရေးပျက်ထားလို့ ခေါင်းမကြည်တဲ့အခါ ကားမမောင်းကြဘူး။ ကားမောင်းရင်း ဖုန်းမသုံးကြဘူး။ w23.02 ၂၁-၂၂ ¶၇-၉

အင်္ဂါနေ့၊ ဇန်နဝါရီ ၃၀

မဟာသွန်သင်ရှင်ကို မင်းမျက်စိနဲ့ တပ်အပ် မြင်ရလိမ့်မယ်။—ဟေရှာ. ၃၀:၂၀။

ယေဟောဝါဟာ စိတ်ရှည်၊ ကြင်နာပြီး နားလည်ပေးတတ်တဲ့ သွန်သင်ရှင် ဖြစ်တယ်။ သင်သားတွေရဲ့ ကောင်းကွက်ကို ရှာတယ်။ (ဆာ. ၁၃၀:၃) လုပ်နိုင်တာထက် ပိုလုပ်ဖို့ ဘယ်တော့မှ မတောင်းဆိုဘူး။ ကျွန်တော်တို့ရဲ့ ဦးနှောက်ကို ဖန်ဆင်းထားတာ ယေဟောဝါဆိုတာ သတိရပါ။ (ဆာ. ၁၃၉:၁၄) ဖန်ဆင်းရှင်က ကျွန်တော်တို့ကို ထာဝစဉ် လေ့လာသင်ယူစေချင်တယ်။ လေ့လာသင်ယူရတာ ပျော်မွေ့စေချင်တယ်။ ဒါကြောင့် ကျမ်းစာ အမှန်တရားကို “အငမ်းမရ လိုချင်တဲ့ စိတ် ရှိ” အောင် အခုကတည်းက လုပ်ထားသင့်တယ်။ (၁ ပေ. ၂:၂) လက်လှမ်းမီတဲ့ ပန်းတိုင်တွေ ချပါ။ ကျမ်းစာ မှန်မှန် ဖတ်ရှုလေ့လာပါ။ (ယောရှု ၁:၈) ယေဟောဝါရဲ့ အကူအညီကြောင့် ဘုရားအကြောင်း ဖတ်ရှု၊ လေ့လာရတာ ပိုပျော်လာပါလိမ့်မယ်။ အသိပညာ တစ်ခုတည်းနဲ့တော့ မလုံလောက်ဘူး။ အသိပညာ ဆည်းပူးတယ်ဆိုတာ ယေဟောဝါအကြောင်း ပိုသိချင်လို့၊ မေတ္တာ၊ ယုံကြည်ခြင်း စတဲ့ အရည်အသွေးတွေ ရှိချင်လို့ ဖြစ်တယ်။ (၁ ကော. ၈:၁-၃) ဒါကြောင့် လေ့လာမှု လုပ်တဲ့အခါ ယုံကြည်ခြင်း တိုးများအောင် လုပ်ပေးပါလို့ ယေဟောဝါဆီ ဆုတောင်းပါ။ (လု. ၁၇:၅) ဘုရား လိုလိုလားလား ဖြေပေးပါလိမ့်မယ်။ w23.03 ၁၀ ¶၁၁၊ ၁၃

ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၃၁

အချိန်ကို အကျိုးရှိရှိ အသုံးချကြပါ။—ကော. ၄:၅။

ဒီလောကစနစ် နိဂုံးကို စောင့်နေစဉ်အတွင်း တပည့်တွေကို ယေရှု အလုပ်များနေစေချင်တယ်။ ဒါကြောင့် လုပ်စရာအလုပ် ပေးထားတယ်။ “ဂျေရုဆလင်မြို့၊ ယုဒပြည်တစ်ဝန်းလုံး၊ ရှမာရိပြည်၊ ကမ္ဘာမြေအစွန်အဖျားအထိ” သတင်းကောင်း ဟောဖို့ မိန့်မှာတယ်။ (တ. ၁:၆-၈) တကယ့်ကို ကြီးမားတဲ့ အလုပ်ပါပဲ။ ယေရှုရဲ့ တပည့်တွေဟာ တခြားသူတွေကို ဟောဖို့ အတတ်နိုင်ဆုံး ကြိုးစားခြင်းအားဖြင့် အချိန်ကို အကျိုးရှိရှိ အသုံးပြုကြတယ်။ ကိုယ့်ကိုယ်ကိုယ် သတိထားနိုင်ဖို့ဆိုရင် အချိန်ကို ဘယ်လို သုံးနေသလဲဆိုတာ ဆန်းစစ်ရမယ်။ ကျွန်တော်တို့ ယောက်တိုင်း “မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေ” ကြုံရနိုင်လို့၊ အချိန်မရွေး သေဆုံးသွားနိုင်လို့ပါ။ (ဒေ. ၉:၁၁) ယေဟောဝါရဲ့ အလိုတော် ဆောင်ခြင်း၊ ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိအောင် ကြိုးစားခြင်းအားဖြင့် အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်တယ်။ (ယော. ၁၄:၂၁) ‘မယိမ်းမယိုင်ဘဲ ကြံ့ကြံ့ခံ ရပ်တည်နေဖို့၊ သခင့်အလုပ်မှာ အမြဲ အလုပ်များနေဖို့’ လိုတယ်။ (၁ ကော. ၁၅:၅၈) ဒါမှ ကိုယ်သေဆုံးသွားတဲ့အခါဖြစ်ဖြစ်၊ ဆိုးညစ်တဲ့ ဒီလောကစနစ်အဆုံး ရောက်လာတဲ့အခါဖြစ်ဖြစ် နောင်တရစရာ မရှိမှာ။—မ. ၂၄:၁၃။ ရော. ၁၄:၈။ w23.02 ၁၇-၁၈ ¶၁၂-၁၄

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ