ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • es24 စာ. ၂၇-၃၇
  • မတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မတ်
  • ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၄
  • ခေါင်းစ‎ဥ်ငယ်များ
  • သောကြာနေ့၊ မတ် ၁
  • စနေနေ့၊ မတ် ၂
  • တနင်္ဂနွေနေ့၊ မတ် ၃
  • တနင်္လာနေ့၊ မတ် ၄
  • အင်္ဂါနေ့၊ မတ် ၅
  • ဗုဒ္ဓဟူးနေ့၊ မတ် ၆
  • ကြာသပတေးနေ့၊ မတ် ၇
  • သောကြာနေ့၊ မတ် ၈
  • စနေနေ့၊ မတ် ၉
  • တနင်္ဂနွေနေ့၊ မတ် ၁၀
  • တနင်္လာနေ့၊ မတ် ၁၁
  • အင်္ဂါနေ့၊ မတ် ၁၂
  • ဗုဒ္ဓဟူးနေ့၊ မတ် ၁၃
  • ကြာသပတေးနေ့၊ မတ် ၁၄
  • သောကြာနေ့၊ မတ် ၁၅
  • စနေနေ့၊ မတ် ၁၆
  • တနင်္ဂနွေနေ့၊ မတ် ၁၇
  • တနင်္လာနေ့၊ မတ် ၁၈
  • အင်္ဂါနေ့၊ မတ် ၁၉
  • ဗုဒ္ဓဟူးနေ့၊ မတ် ၂၀
  • ကြာသပတေးနေ့၊ မတ် ၂၁
  • သောကြာနေ့၊ မတ် ၂၂
  • စနေနေ့၊ မတ် ၂၃
  • အောက်မေ့ရာပွဲ နေ့စွဲ
    နေဝင်ပြီးနောက်
    တနင်္ဂနွေနေ့၊ မတ် ၂၄
  • တနင်္လာနေ့၊ မတ် ၂၅
  • အင်္ဂါနေ့၊ မတ် ၂၆
  • ဗုဒ္ဓဟူးနေ့၊ မတ် ၂၇
  • ကြာသပတေးနေ့၊ မတ် ၂၈
  • သောကြာနေ့၊ မတ် ၂၉
  • စနေနေ့၊ မတ် ၃၀
  • တနင်္ဂနွေနေ့၊ မတ် ၃၁
ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၄
es24 စာ. ၂၇-၃၇

မတ်

သောကြာနေ့၊ မတ် ၁

ဘာလို့ ဝါကြွားနေတာလဲ။—၁ ကော. ၄:၇။

ကိုယ် ရထားတဲ့ ဘယ်ဆုကျေးဇူး၊ အစွမ်းအစကိုမဆို ယုံကြည်သူချင်းတွေကို တည်ဆောက်ပေးဖို့ သုံးပါဆိုပြီး ညီအစ်ကိုတွေကို တမန်တော် ပေတရု အားပေးတယ်။ ‘ခင်ဗျားတို့ဟာ မဟာကရုဏာတော်ကို ခံစားရတဲ့ ဘဏ္ဍာစိုးကောင်းတွေ ဖြစ်တယ်။ ဒါကြောင့် ကိုယ်စီ ရရှိထားတဲ့ ဆုကျေးဇူး အတိုင်းအတာနဲ့အညီ အဲဒီဆုကျေးဇူးကို အချင်းချင်းအတွက် အကျိုးဆောင်ဖို့ အသုံးပြုကြပါ’ လို့ ပြောတယ်။ (၁ ပေ. ၄:၁၀) တခြားသူတွေ မနာလိုဖြစ်မှာ၊ စိတ်ဓာတ်ကျမှာ စိုးပြီး ကိုယ့်ဆုကျေးဇူးကို အပြည့်အဝ မသုံးတာမျိုး မဖြစ်သင့်ဘူး။ ဒါပေမဲ့ မဝါကြွားဖို့ သတိထားရမယ်။ (၁ ကော. ၄:၆) ကိုယ် ရထားတဲ့ ဘယ်ပင်ကိုစွမ်းရည်မဆို ဘုရားဆီက ဖြစ်ကြောင်း သတိရပါ။ အဲဒါကို ကိုယ်ထင်ပေါ်ဖို့ မဟုတ်ဘဲ အသင်းတော်ကို တည်ဆောက်ဖို့ သုံးသင့်တယ်။ (ဖိ. ၂:၃) ကိုယ့်ခွန်အား၊ အစွမ်းအစတွေကို ဘုရားအလိုတော် ဆောင်ဖို့၊ ဘုရားကို ချီးမွမ်းဖို့ သုံးနေတယ်ဆိုရင် ပျော်ရွှင်ကျေနပ်ရပါလိမ့်မယ်။ တခြားသူတွေထက် ပိုလုပ်နိုင်ကြောင်း၊ ပိုသာကြောင်း ပြဖို့ သုံးနေတာ မဟုတ်လို့ပဲ။ w22.04 ၁၁-၁၂ ¶၇-၉

စနေနေ့၊ မတ် ၂

ပညတ်တော်မှာ ပါတဲ့ အံ့ဖွယ်ရာတွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်အောင် ကျွန်တော့်မျက်စိကို ဖွင့်ပေးပါ။—ဆာ. ၁၁၉:၁၈။

ကျမ်းစာကို ယေရှု ချစ်မြတ်နိုးတယ်။ ယေရှုရဲ့ ခံစားချက်ကို ဆာလံ ၄၀:၈ မှာ ဒီလိုကြိုပြောထားတယ်– “အို ဘုရားသခင်၊ အလိုတော် ဆောင်တာဟာ ကျွန်တော့်အတွက် ကြည်နူးစရာပါ။ ပညတ်တော်ဟာ ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်း စွဲမြဲနေပါတယ်။” ကျမ်းစာကို ယေရှု ချစ်မြတ်နိုးလို့ ယေဟောဝါရဲ့ အမှုတော်မှာ အောင်မြင်ပျော်ရွှင်ခဲ့တယ်။ ကျွန်တော်တို့လည်း စိတ်နှလုံးထဲ စိမ့်ဝင်တဲ့အထိ ကျမ်းစာ ဖတ်မယ်ဆိုရင် အောင်မြင်ပျော်ရွှင်နိုင်ပါတယ်။ (ဆာ. ၁:၁-၃) ယေရှုရဲ့ စကား၊ စံနမူနာအတိုင်း ကျမ်းစာ ဖတ်ရှုခြင်း စွမ်းရည် တိုးတက်အောင် လုပ်ကြပါစို့။ ဆုတောင်းခြင်း၊ ဖြည်းဖြည်းမှန်မှန် ဖတ်ခြင်း၊ မေးခွန်းတွေ မေးခြင်း၊ မှတ်စုတို ရေးခြင်းအားဖြင့် ကျမ်းစာကို ပိုနားလည်လာနိုင်တယ်။ ကျမ်းစာအခြေပြု စာပေတွေရဲ့ အကူအညီနဲ့ ကိုယ် ဖတ်နေတာကို သေသေချာချာ ဆန်းစစ်လေ့လာခြင်းအားဖြင့် ပိုင်းခြားသိမြင်မှုကို သုံးနိုင်တယ်။ မှန်ကန်တဲ့ သဘောထားနဲ့ ကျမ်းစာ ဖတ်ခြင်းအားဖြင့် ကျမ်းစာပုံသွင်းမှု ခံယူနိုင်တယ်။ ဒါဆိုရင် ကျမ်းစာ ဖတ်ရှုခြင်းကနေ ပိုအကျိုးရမယ်။ ယေဟောဝါနဲ့ ပိုရင်းနှီးလာပါလိမ့်မယ်။—ဆာ. ၁၁၉:၁၇။ ယာ. ၄:၈။ w23.02 ၁၃ ¶၁၅-၁၆

တနင်္ဂနွေနေ့၊ မတ် ၃

ဝီရိယရှိသူရဲ့ အစီအစဉ်တွေ ကျိန်းသေ အောင်မြင်လိမ့်မယ်။—ပညာ. ၂၁:၅။

သတ်သတ်မှတ်မှတ် ပန်းတိုင်ချပြီး ပန်းတိုင် ပြည့်မီအောင် ကြိုးစားပါ။ ဘယ်လိုနည်းနဲ့လဲ။ သင်ဟာ သွန်သင်ခြင်းစွမ်းရည် တိုးတက်ချင်တယ် ဆိုပါစို့။ ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ စာစောင်ကို အသေအချာ လေ့လာပါ။ ကြားရက်အစည်းအဝေးမှာ တာဝန်ရတယ်ဆိုရင် အရည်အချင်း ရှိတဲ့ ညီအစ်ကိုကို အရင် နားထောင်ခိုင်းပြီး တိုးတက်ဖို့ လိုတဲ့ အပိုင်းကို အကြံပေးဖို့ အကူအညီ တောင်းနိုင်တယ်။ ကျွမ်းကျင်သူ ဖြစ်တယ် ဆိုတာလောက်သာ မဟုတ်ဘဲ ဝီရိယရှိသူ၊ ယုံကြည်စိတ်ချထိုက်သူ ဖြစ်တယ်ဆိုတဲ့ နာမည်ကောင်း ရဖို့ ကြိုးစားပါ။ (၂ ကော. ၈:၂၂) သင် တိုးတက်ချင်တဲ့ စွမ်းရည်ဟာ သင့်အတွက် သိပ်ခက်နေတယ်ဆိုရင်ကော။ လက်မလျှော့ပါနဲ့။ တိမောသေ အဟောအပြောကောင်းသူ ဖြစ်လာသလား။ ကျမ်းစာမှာ မပြောထားဘူး။ ဒါပေမဲ့ ပေါလုရဲ့ အကြံပေးချက်ကို လိုက်လျှောက်လို့ တာဝန်တွေကို ပိုထိထိရောက်ရောက် လုပ်နိုင်လာတယ်ဆိုတာ သေချာတယ်။—၂ တိ. ၃:၁၀။ w22.04 ၂၄-၂၅ ¶၈-၁၁

တနင်္လာနေ့၊ မတ် ၄

ချိုဆယ်ချောင်းနဲ့ ခေါင်းခုနစ်လုံး ရှိတဲ့ သားရဲတစ်ကောင် ပင်လယ်ထဲကနေ တက်လာတာကို ကျွန်တော် မြင်တယ်။—ဗျာ. ၁၃:၁။

ခေါင်းခုနစ်လုံး ရှိတဲ့ သားရဲက ဘာလဲ။ ဒီသားရဲဟာ ကျားသစ်နဲ့ တူတယ်။ ဝက်ဝံခြေထောက်၊ ခြင်္သေ့ပါးစပ်နဲ့ ချိုဆယ်ချောင်း ရှိတယ်။ ဒံယေလ အခန်းကြီး ၇ မှာ ပါတဲ့ သားရဲ လေးကောင်မှာလည်း အဲဒီလို အမှတ်သင်္ကေတတွေ ရှိတယ်။ ဗျာဒိတ်ကျမ်းမှာတော့ အဲဒီအမှတ်သင်္ကေတအားလုံးဟာ သားရဲလေးကောင်မှာ မဟုတ်ဘဲ တစ်ကောင်တည်းမှာ ရှိတယ်။ ဒီသားရဲဟာ အစိုးရ ဒါမှမဟုတ် ကမ္ဘာ့အင်ပါယာ တစ်ခုတည်းကို ဆိုလိုတာ မဟုတ်ဘူး။ “လူမျိုးနွယ်၊ လူစု၊ ဘာသာစကား အမျိုးမျိုး ပြောတဲ့သူတွေ အားလုံးအပေါ် အုပ်စိုးခွင့်အာဏာကို” ရတယ်လို့ ယောဟန် ပြောတယ်။ ဒါကြောင့် အစိုးရတစ်ခုထက် ပိုကြီးမားတာကို ဆိုလိုတာ ဖြစ်ရမယ်။ (ဗျာ. ၁၃:၇) အခုအချိန်ထိ လူတွေကို အုပ်ချုပ်လာတဲ့ အစိုးရအားလုံးကို ပုံဆောင်တာ ဖြစ်ရမယ်။ (ဒေ. ၈:၉) နောက်ထပ် အထောက်အထားကတော့ ကျမ်းစာမှာ တစ်ဆယ်ဂဏန်းဟာ ပြီးပြည့်စုံခြင်းကို ဆိုလိုလေ့ရှိတယ်။ w22.05 ၉ ¶၆

အင်္ဂါနေ့၊ မတ် ၅

ဘုရားသခင်က သူတို့ရဲ့ မျက်ရည်ရှိသမျှကို သုတ်ပေးလိမ့်မယ်။ သေခြင်း ရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး။—ဗျာ. ၂၁:၄။

ဒီအံ့ဖွယ်ပြင်ဆင်ပေးချက်တွေကနေ ဘယ်သူတွေ အကျိုးရမလဲ။ ဦးဆုံး၊ အာမဂေဒုန်ကနေ လွတ်မြောက်လာတဲ့ လူအုပ်ကြီးနဲ့ ကမ္ဘာသစ်မှာ မွေးဖွားလာမယ့် ကလေးတွေ အကျိုးရမယ်။ ဒါ့အပြင် ဗျာဒိတ် အခန်းကြီး ၂၀ မှာ သေလွန်သူတွေလည်း ထမြောက်လာမယ်လို့ ကတိပြုထားတယ်။ (ဗျာ. ၂၀:၁၁-၁၃) ဟိုးအရင်က သေဆုံးသွားတဲ့ သစ္စာရှိ ‘ဖြောင့်မတ်သူတွေ’ ရော၊ ယေဟောဝါအကြောင်း သင်ယူဖို့ အခွင့်အရေး အလုံအလောက် မရလိုက်တဲ့ “မဖြောင့်မတ်သူတွေ” ပါ မြေကြီးပေါ် အသက်ပြန်ရှင်လာမယ်။ (တ. ၂၄:၁၅။ ယော. ၅:၂၈၊ ၂၉) အနှစ်တစ်ထောင် အုပ်ချုပ်ချိန်အတွင်း လူတိုင်း အသက်ပြန်ရှင်လာမယ်လို့ ဆိုလိုသလား။ မဆိုလိုပါဘူး။ မသေဆုံးခင် ယေဟောဝါကို ဝတ်ပြုဖို့ အခွင့်အရေးကို ခေါင်းမာမာ ငြင်းပယ်သူတွေ ပြန်ထမြောက်မှာ မဟုတ်ဘူး။ အခွင့်အရေး ရပါလျက်နဲ့ ပရဒိသု ကမ္ဘာမြေမှာ အသက်ရှင်ဖို့ ထိုက်တန်ကြောင်း သက်သေမပြခဲ့လို့ပဲ။—မ. ၂၅:၄၆။ ၂ သက်. ၁:၉။ ဗျာ. ၁၇:၈။ ၂၀:၁၅။ w22.05 ၁၈ ¶၁၆-၁၇

ဗုဒ္ဓဟူးနေ့၊ မတ် ၆

ဘယ်သူ့ဆီ သွားရမှာလဲ။ ထာဝရအသက် ရစေတဲ့ စကားတွေဟာ သခင့်ဆီမှာပဲ ရှိတာပါ။—ယော. ၆:၆၈။

မြေကြီးပေါ်မှာ စင်ကြယ်တဲ့ ဝတ်ပြုရေးကို အားပေးမယ့် အဖွဲ့အစည်းတစ်ခုကို “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” ကတစ်ဆင့် ယေရှု တည်ထောင်ထားတယ်။ (မ. ၂၄:၄၅) အဲဒီအဖွဲ့အစည်းနဲ့ပတ်သက်ပြီး သင် ဘယ်လို ခံစားရသလဲ။ ယေရှုကို ဒီနေ့ကျမ်းချက်ပါ စကားတွေ ပြောခဲ့တဲ့ တမန်တော် ပေတရုလို ခံစားရမှာပဲ။ ယေဟောဝါရဲ့ အဖွဲ့အစည်းနဲ့သာ မတွေ့ခဲ့ရင် ကျွန်တော်တို့ အခု ဘယ်မှာများ ရှိနေကြမလဲ။ ဘုရားအပေါ် ဆက်သစ္စာရှိနိုင်အောင် လိုအပ်သမျှကို အဖွဲ့အစည်းကတစ်ဆင့် ခရစ်တော် စီမံပေးနေတယ်။ အမှုဆောင်လုပ်ငန်းမှာ ထိရောက်အောင် လေ့ကျင့်ပေးနေတယ်။ ယေဟောဝါရဲ့ နှစ်သက်မှု ရအောင် “စရိုက်သစ်” ဝတ်ဆင်နိုင်ဖို့လည်း ကူညီပေးနေတယ်။ (ဧ. ၄:၂၄) ခက်ခဲချိန်တွေမှာ ပညာရှိ လမ်းညွှန်ချက်တွေ ပေးတယ်။ အဲဒီအကျိုးကျေးဇူးကို ကိုဗစ်-၁၉ ကပ်ရောဂါ စဖြစ်ချိန်မှာ အထင်အရှား တွေ့ရတယ်။ လောက,က လူအများစု ဘာလုပ်ရမှန်းမသိ ဖြစ်နေချိန်မှာ ရှင်းလင်းတဲ့ ဘေးကင်းရေး လမ်းညွှန်ချက်တွေ ကျွန်တော်တို့ ရဖို့ ယေရှု စီမံပေးတယ်။ w22.07 ၁၂ ¶၁၃-၁၄

ကြာသပတေးနေ့၊ မတ် ၇

ပိုအရေးကြီးတဲ့အရာတွေကို ပိုင်းခြားသိ [ကြပါ]။—ဖိ. ၁:၁၀။

သားသမီးတွေကို ဘုရားအကြောင်း မှန်မှန် သွန်သင်ပေးဖို့ ရှေးအစ္စရေးတွေကို ယေဟောဝါ မိန့်မှာတယ်။ (တရား. ၆:၆၊ ၇) အစ္စရေး မိဘတွေဟာ သားသမီးတွေနဲ့ စကားပြောဖို့၊ ယေဟောဝါကို ချစ်လာအောင် ကူညီပေးဖို့ တစ်နေ့တာအတွင်း အခွင့်အရေး အများကြီး ရတယ်။ ဥပမာ၊ အစ္စရေး သားယောက်ျားလေးက ကောက်စိုက်ဖို့၊ ကောက်ရိတ်ဖို့ ဖခင်ကို ကူရတယ်။ သမီးက မိခင်နဲ့အတူ အချုပ်အလုပ်၊ အိမ်မှုကိစ္စတွေ လုပ်ရတယ်။ အဲဒီလို အတူတူ အလုပ်လုပ်တဲ့အချိန်တွေမှာ သားသမီးတွေကို အရေးကြီးတဲ့ အကြောင်းအရာတွေ ပြောပြနိုင်တယ်။ ဥပမာ၊ ယေဟောဝါရဲ့ ကောင်းမြတ်မှု အရည်အသွေးအကြောင်း၊ မိသားစုကို ဘုရား ဘယ်လို ထောက်မပေးကြောင်း ပြောဆိုနိုင်ကြတယ်။ ဒါပေမဲ့ နိုင်ငံများစွာမှာ မိဘတွေ အလုပ် သွားပြီး သားသမီးတွေ ကျောင်းသွားရလို့ မိဘနဲ့ သားသမီး အချိန်မပေးနိုင်ကြတော့ဘူး။ ဒါကြောင့် သားသမီးတွေနဲ့ စကားပြောနိုင်ဖို့ မိဘတွေ အခွင့်အရေး ရှာရမယ်။—ဧ. ၅:၁၅၊ ၁၆။ w22.05 ၂၈ ¶၁၀-၁၁

သောကြာနေ့၊ မတ် ၈

မဖြောင့်မတ်သူတွေဟာ ဘုရားသခင်ရဲ့ နိုင်ငံတော်ကို အမွေမခံရမှန်း မသိကြဘူးလား။—၁ ကော. ၆:၉။

ကြီးလေးတဲ့ အပြစ်ဆိုတာ ဘုရားပညတ်ကို အကြီးအကျယ် ချိုးဖောက်တာ ဖြစ်တယ်။ ခရစ်ယာန်တစ်ယောက် အဲဒီလိုအပြစ် လုပ်မိတယ်ဆိုရင် ယေဟောဝါဘုရားဆီ ဆုတောင်းပြီး ခွင့်လွှတ်မှု တောင်းခံရမယ်။ အသင်းတော် အကြီးအကဲတွေကိုလည်း ပြောပြရမယ်။ (ဆာ. ၃၂:၅။ ယာ. ၅:၁၄) အကြီးအကဲတွေရဲ့ တာဝန်က ဘာလဲ။ ရွေးဖိုး ပူဇော်သက္ကာကို အခြေခံပြီး အပြစ်တွေကို အကြွင်းမဲ့ ခွင့်လွှတ်ပိုင်ခွင့် ယေဟောဝါမှာပဲ ရှိတယ်။ ဒါပေမဲ့ အပြစ်လုပ်သူ အသင်းတော်ထဲ ဆက်ရှိသင့် မရှိသင့်ကိုတော့ ကျမ်းစာကို အခြေခံပြီး ဆုံးဖြတ်ဖို့ အကြီးအကဲတွေကို ယေဟောဝါ တာဝန်ပေးထားတယ်။ (၁ ကော. ၅:၁၂) ဒီမေးခွန်းတွေကို အကြီးအကဲတွေ ထည့်စဉ်းစားကြတယ်– တမင်ရည်ရွယ်ပြီး အပြစ်လုပ်တာလား။ အပြစ်လုပ်ဖို့ အကွက်ချ စီစဉ်ခဲ့သလား။ အပြစ်လုပ်နေတာ တော်တော် ကြာပြီလား။ အကြိမ်ကြိမ် လုပ်နေတာလား။ တကယ် နောင်တရတဲ့ အထောက်အထား ရှိသလား။ ယေဟောဝါ ခွင့်လွှတ်တယ်ဆိုတဲ့ ရှင်းလင်းတဲ့ အထောက်အထား ရှိသလား။—တ. ၃:၁၉။ w22.06 ၉ ¶၄

စနေနေ့၊ မတ် ၉

အမှန်တရား . . . ကို ချစ်မြတ်နိုးကြပါ။—ဇာ. ၈:၁၉။

ဖြောင့်မှန်တာကို လုပ်ဖို့ နောက်လိုက်တွေကို ယေရှု တိုက်တွန်းတယ်။ (မ. ၅:၆) ဘုရားအမြင်မှာ မှန်ကန်တာ၊ ကောင်းမြတ်တာ၊ သန့်ရှင်းတာကို လုပ်ချင်စိတ် ပြင်းပြဖို့ ဆိုလိုတာပါ။ အမှန်တရားနဲ့ ဖြောင့်မတ်မှုကို သင် ချစ်မြတ်နိုးသလား။ ချစ်မြတ်နိုးမှာ သေချာတယ်။ အလိမ်အညာ၊ မဟုတ်မမှန်တာ၊ ဆိုးညစ်တာ မှန်သမျှ သင် မုန်းတာကိုး။ (ဆာ. ၁၁၉:၁၂၈၊ ၁၆၃) မုသား ပြောသူဟာ ဒီလောကရဲ့မင်း စာတန်ကို တုပနေတာပဲ။ (ယော. ၈:၄၄။ ၁၂:၃၁) စာတန့်ပန်းတိုင်တစ်ခုကတော့ ယေဟောဝါဘုရားရဲ့ သန့်ရှင်းမြင့်မြတ်တဲ့ နာမတော်ကို ဂုဏ်ဖျက်ဖို့ပါ။ ဧဒင် ပုန်ကန်မှုကတည်းက ဘုရားအကြောင်း အလိမ်အညာတွေ ဖြန့်တယ်။ ဘုရားကို တစ်ကိုယ်ကောင်း ဆန်တဲ့၊ မရိုးသားတဲ့၊ ကောင်းတာတွေ ထိမ်ချန်ထားတဲ့ အုပ်စိုးရှင်လို့ လူတွေ ထင်အောင် လုပ်တယ်။ (က. ၃:၁၊ ၄၊ ၅) ယေဟောဝါအကြောင်း စာတန့်အလိမ်အညာမှိုင်း လူတွေ မိနေကြတုန်းပဲ။ လူတွေ “အမှန်တရား” မချစ်မြတ်နိုးတော့ဘူးဆိုရင် မဖြောင့်မတ်မှု၊ ဆိုးညစ်မှုမျိုးစုံ လုပ်မိအောင် စာတန် သွေးဆောင်နိုင်ပြီ။—ရော. ၁:၂၅-၃၁။ w23.03 ၂ ¶၃

တနင်္ဂနွေနေ့၊ မတ် ၁၀

ယေဟောဝါဟာ . . . ခိုင်မြဲတဲ့ မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။—ဆာ. ၁၀၀:၅။

သင် အကျင့်ဆိုး ဖြတ်ဖို့ ကြိုးစားလိုက် အထမမြောက်လိုက် ဖြစ်နိုင်တယ်။ ပန်းတိုင် အလှမ်းဝေးလွန်းတယ်လို့ ခံစားရပြီး ကိုယ့်ကိုယ်ကိုယ် စိတ်မရှည်၊ အားမလို အားမရ ဖြစ်နိုင်တယ်။ အခက်အခဲတွေကို ကျော်ဖြတ်ဖို့ ဘာက ကူညီပေးမလဲ။ ယေဟောဝါကို ချစ်တဲ့ မေတ္တာပါ။ သင့်မှာ ရှိသမျှ အရည်အသွေးတွေထဲမှာ ယေဟောဝါကို ချစ်တဲ့ မေတ္တာဟာ အကောင်းဆုံးပဲ။ (ပညာ. ၃:၃-၆) ဘုရားအပေါ် ထားတဲ့ ခိုင်မြဲတဲ့ မေတ္တာက အခက်အခဲတွေကို အောင်အောင်မြင်မြင် ကျော်ဖြတ်ဖို့ ကူညီပေးနိုင်တယ်။ ကျေးကျွန်တွေအပေါ် ယေဟောဝါ ပြတဲ့ ခိုင်မြဲတဲ့ မေတ္တာအကြောင်း ကျမ်းစာမှာ မကြာခဏ ဖော်ပြတယ်။ ခိုင်မြဲတဲ့ မေတ္တာဟာ ထာဝစဉ် တည်မြဲတယ်။ ဘုရားသခင့် ပုံသဏ္ဌာန်အတိုင်း သင် ဖန်ဆင်းခံထားရလို့ ဘုရားမေတ္တာကို အတုယူနိုင်ပါတယ်။ (က. ၁:၂၆) ဘယ်လိုနည်းနဲ့လဲ။ ကျေးဇူးတင်စိတ် တိုးများအောင် လုပ်ပါ။ (၁ သက်. ၅:၁၈) ‘ငါ့ကို ယေဟောဝါ မေတ္တာ ဘယ်လို ပြသလဲ’ လို့ နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် မေးပါ။ အဲဒီနောက် ကိုယ့်အတွက် ဘုရား သတ်သတ်မှတ်မှတ် လုပ်ပေးတာတွေ စဉ်းစားပြီး ကျေးဇူးတင်ကြောင်း ဆုတောင်းပြောပြပါ။ ကိုယ့်ကို ချစ်လို့ ကောင်းမွန်ရာတွေ ယေဟောဝါ လုပ်ပေးတယ်ဆိုတာ အသိအမှတ်ပြုပါ။ w23.03 ၁၂ ¶၁၇-၁၉

တနင်္လာနေ့၊ မတ် ၁၁

လူ့စိတ်ကို [ယေရှု] သိ [တယ်]။—ယော. ၂:၂၅။

တမန်တော် ၁၂ ယောက်စလုံးကို ယေရှု ကြင်ကြင်နာနာ၊ မေတ္တာပါပါ ဆက်ဆံတယ်။ သင်ခန်းစာက ဘာလဲ။ တခြားသူတွေ ဘာလုပ်လိုက်သလဲဆိုတာပဲ အရေးကြီးတာ မဟုတ်ဘူး။ ကျွန်တော်တို့ ဘယ်လို တုံ့ပြန်သလဲဆိုတာလည်း အရေးကြီးတယ်။ ယုံကြည်သူချင်းတစ်ယောက်ကြောင့် စိတ်ထိခိုက်ရရင် ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးနိုင်တယ်– ‘သူ့လုပ်ရပ်ကို ငါ ဘာကြောင့် ဒီလောက် စိတ်ဆိုးနေသလဲ။ ဒါ ငါ ပြင်ဖို့ လိုနေတဲ့ အကျင့်ဆိုးများလား။ ငါ့ကို စိတ်ဆိုးအောင် လုပ်တဲ့ ညီအစ်ကို/မ တစ်ခုခု အဆင်မပြေတာ ရှိလို့များလား။ စိတ်ဆိုးစရာကိစ္စ မှန်ရင်တောင် ဗွေမယူဘဲ ငါ မေတ္တာ ပြနိုင်မလား။’ တခြားသူတွေကို မေတ္တာ ပြလေ ယေရှုရဲ့ နောက်လိုက်စစ် ဖြစ်ကြောင်း သက်သေထူရာ ရောက်လေပဲ။ ယေရှုရဲ့ စံနမူနာက ယုံကြည်သူချင်းတွေကို နားလည်ပေးဖို့လည်း သင်ပေးတယ်။ (ပညာ. ၂၀:၅) တခြားသူတွေရဲ့ အတွင်းစိတ်ကို ယေရှု မြင်သလိုတော့ ကျွန်တော်တို့ မမြင်နိုင်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကို ညီအစ်ကို/မတွေ စိတ်ထိခိုက်အောင် လုပ်တဲ့အခါ စိတ်ရှည်သည်းခံပေးနိုင်တယ်။ (ဧ. ၄:၁၊ ၂။ ၁ ပေ. ၃:၈) သူတို့ရဲ့ နောက်ခံကို သိထားရင် သည်းခံဖို့ ပိုလွယ်တယ်။ w23.03 ၃၀ ¶၁၄-၁၆

အင်္ဂါနေ့၊ မတ် ၁၂

ဘုရားသခင်ဟာ သေလွန်သူတွေရဲ့ဘုရား မဟုတ်ဘူး။ အသက်ရှင်သူတွေရဲ့ ဘုရားပဲ။—လု. ၂၀:၃၈။

ကျွန်တော်တို့ အရေးပေါ် ကျန်းမာရေးကိစ္စ ကြုံလာရင် စာတန် အခွင့်ကောင်း ယူတယ်။ ဘုရားပညတ် ချိုးဖောက်ပြီး သွေးသွင်းဖို့ ဆရာဝန်တွေ၊ မယုံကြည်သူ မိသားစုဝင်တွေ ဖိအားပေးနိုင်တယ်။ ဒါမှမဟုတ် ကျမ်းစာမူနဲ့ ဆန့်ကျင်တဲ့ ကုသနည်းတစ်မျိုးမျိုးကို လက်ခံဖို့ တချို့ ဖိအားပေးနိုင်တယ်။ ကျွန်တော်တို့ မသေချင်ကြပါဘူး။ ဒါပေမဲ့ သေသွားရင်တောင် ဘုရား ချစ်နေဆဲပဲဆိုတာ သိထားကြတယ်။ (ရော. ၈:၃၇-၃၉) သေဆုံးသွားတဲ့ မိတ်ဆွေတွေကို ဘုရား မှတ်ဉာဏ်ထဲမှာ သိမ်းထားတယ်။ အသက်ရှင်နေသလို ရှုမြင်တယ်။ (လု. ၂၀:၃၇) ပြန်ထမြောက်ပေးချင်စိတ် ပြင်းပြတယ်။ (ယောဘ ၁၄:၁၅) ကျွန်တော်တို့ “ထာဝရအသက် ရနိုင်ဖို့” တန်ဖိုးကြီးကြီး ပေးဆပ်ထားတယ်။ (ယော. ၃:၁၆) ကျွန်တော်တို့ကို ယေဟောဝါ အလွန် ချစ်တယ်၊ ဂရုစိုက်တယ်ဆိုတာ သိထားလို့ ဖျားနာတဲ့အခါ၊ အသက်အန္တရာယ် ခြိမ်းခြောက်ခံရတဲ့အခါ ဘုရားကို စွန့်ခွာမယ့်အစား နှစ်သိမ့်မှု၊ ဉာဏ်ပညာ၊ ခွန်အား ရဖို့ ဆက်အားကိုးကြတယ်။—ဆာ. ၄၁:၃။ w22.06 ၁၈ ¶၁၆-၁၇

ဗုဒ္ဓဟူးနေ့၊ မတ် ၁၃

စစ်မှန်တဲ့ ဉာဏ်ပညာက လမ်းပေါ်မှာ ဟစ်အော်နေတယ်။—ပညာ. ၁:၂၀။

“ယေဟောဝါကို ကြောက်ရွံ့ရိုသေခြင်းဟာ ဉာဏ်ပညာရဲ့ မူလအစပဲ။ အသန့်ရှင်းဆုံးအရှင်ရဲ့ အကြောင်းကို သိရှိခြင်းဟာ သိနားလည်မှုပဲ” လို့ ကျမ်းစာ ပြောတယ်။ (ပညာ. ၉:၁၀) ဒါကြောင့် အရေးကြီး ဆုံးဖြတ်ချက်တွေ ချဖို့ လိုလာတဲ့အခါ ‘အသန့်ရှင်းဆုံးအရှင်နဲ့ပတ်သက်တဲ့ အသိပညာ၊’ တစ်နည်းအားဖြင့် ယေဟောဝါရဲ့ စဉ်းစားပုံကို အခြေခံသင့်တယ်။ ကျမ်းစာ၊ ကျမ်းစာအခြေပြု စာပေတွေ ဖတ်ရှုလေ့လာခြင်းအားဖြင့် အဲဒီလို လုပ်ဆောင်နိုင်တယ်။ ဒါဆိုရင် စစ်မှန်တဲ့ ဉာဏ်ပညာ ရှိကြောင်း ပြရာရောက်တယ်။ (ပညာ. ၂:၅-၇) ယေဟောဝါ တစ်ပါးတည်းသာ စစ်မှန်တဲ့ ဉာဏ်ပညာ ပေးနိုင်တယ်။ (ရော. ၁၆:၂၇) ယေဟောဝါဟာ ဘာကြောင့် ဉာဏ်ပညာ ရင်းမြစ် ဖြစ်သလဲ။ ပထမ၊ ဖန်ဆင်းရှင် ဖြစ်တဲ့အတွက် ဖန်ဆင်းရာတွေအကြောင်း မသိတာ မရှိဘူး။ (ဆာ. ၁၀၄:၂၄) ဒုတိယ၊ ယေဟောဝါရဲ့ လုပ်ဆောင်မှုအားလုံးမှာ ဉာဏ်ပညာ ပေါ်လွင်ထင်ရှားတယ်။ (ရော. ၁၁:၃၃) တတိယ၊ ယေဟောဝါရဲ့ ပညာရှိ အကြံဉာဏ်ဟာ လိုက်နာကျင့်သုံးသူတွေကို အမြဲ အကျိုးရရှိစေတယ်။ (ပညာ. ၂:၁၀-၁၂) စစ်မှန်တဲ့ ဉာဏ်ပညာ ရဖို့ဆိုရင် အဲဒီအခြေခံ အမှန်တရားတွေကို လက်ခံရမယ်။ ဆုံးဖြတ်ချက် ချတဲ့အခါ ဖြစ်စေ၊ ဘာမဆို လုပ်ဆောင်တဲ့အခါ ဖြစ်စေ အဲဒါတွေရဲ့ လမ်းညွှန်မှု ခံယူရမယ်။ w22.10 ၁၉ ¶၃-၄

ကြာသပတေးနေ့၊ မတ် ၁၄

ကောင်းကင်မှာ စစ်ဖြစ်တယ်။ မိက္ခေလနဲ့ သူ့ရဲ့ ကောင်းကင်တမန်တွေက နဂါးနဲ့ တိုက်ခိုက်ကြတယ်။ နဂါးနဲ့ သူ့ရဲ့ ကောင်းကင်တမန်တွေလည်း ပြန်တိုက်ခိုက်ကြတယ်။ ဒါပေမဲ့ သူတို့ စစ်ရှုံးသွားတယ်။ ကောင်းကင်မှာ သူတို့ နေစရာလည်း မရှိတော့ဘူး။—ဗျာ. ၁၂:၇၊ ၈။

ဗျာဒိတ် အခန်းကြီး ၁၂ မှာ ကြိုဟောထားတဲ့ စစ်ပွဲမှာ စာတန် ရှုံးသွားတယ်။ သူနဲ့ နတ်ဆိုးတွေ မြေကြီးပေါ် ပစ်ချခံရတယ်။ စာတန့်ဒေါသ လူတွေပေါ် ကျလာတယ်။ ‘မြေကြီးဟာ အဖြစ်ဆိုး ကြုံနေရတယ်။’ (ဗျာ. ၁၂:၉-၁၂) အဲဒီပရောဖက်ပြုချက်တွေက ကျွန်တော်တို့ကို ဘယ်လို အကျိုးပြုသလဲ။ ကမ္ဘာ့ဖြစ်ရပ်တွေ၊ လူတွေရဲ့ သဘောထား အကြီးအကျယ် ပြောင်းလဲလာတာတွေက ယေရှု ဘုရင် ဖြစ်ပြီဆိုတာ သိဖို့ ကူညီပေးတယ်။ ဒါကြောင့် လူတွေ အတ္တ၊ ဒေါသ ပိုကြီးလာတဲ့အခါ ကျွန်တော်တို့ စိတ်ပျက်မယ့်အစား ကျမ်းစာ ပရောဖက်ပြုချက် ပြည့်စုံနေတာပဲဆိုတာ သတိရကြတယ်။ ဘုရားနိုင်ငံတော် ရောက်ရှိပြီ။ (ဆာ. ၃၇:၁) အာမဂေဒုန် နီးလာလေ ကမ္ဘာ့ပြဿနာတွေ ပိုများလေ ဖြစ်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ကြတယ်။ (မာ. ၁၃:၈။ ၂ တိ. ၃:၁၃) ကမ္ဘာ့ပြဿနာတွေ ဘာကြောင့် ဒီလောက် များနေသလဲဆိုတာ နားလည်အောင် ကူညီပေးလို့ မေတ္တာရှင် ကောင်းကင်ဘုံစံ ဖခင်ကို ကျေးဇူးတင်စရာပါပဲ။ w22.07 ၃-၄ ¶၇-၈

သောကြာနေ့၊ မတ် ၁၅

ဖြောင့်မတ်သူရဲ့ တိုးလျှိုးအသနားခံချက်ဟာ အစွမ်းထက်ပြီး အကျိုးသက်ရောက်မှု ရှိတယ်။—ယာ. ၅:၁၆။

ဖျားနာမှု၊ သဘာဝဘေး၊ စစ်၊ နှိပ်စက်ညှဉ်းပန်းမှု၊ တခြားအခက်အခဲတွေကို ညီအစ်ကို/မတွေ ခံရပ်နိုင်အောင် ကူညီပေးဖို့ ယေဟောဝါဆီ ဆုတောင်းပေးနိုင်တယ်။ လိုအပ်နေသူတွေအတွက် ကယ်ဆယ်ရေး လုပ်ငန်းမှာ ကိုယ်ကျိုးစွန့် ပါဝင်နေတဲ့ ညီအစ်ကို/မတွေအတွက်လည်း ဆုတောင်းပေးနိုင်တယ်။ အခက်အခဲ ကြုံနေရသူတချို့ကို ကိုယ်တိုင်ကိုယ်ကျ သိရင် နာမည်တပ်ပြီး ဆုတောင်းပေးနိုင်တယ်။ ခံရပ်နိုင်အောင် ကူညီပေးဖို့ ဆုတောင်းပေးခြင်းအားဖြင့် စစ်မှန်တဲ့ ညီရင်းအစ်ကို မေတ္တာ ပြကြတယ်။ အသင်းတော်မှာ ဦးဆောင်နေသူတွေဟာ မိမိတို့အတွက် တခြားသူတွေ ဆုတောင်းပေးတဲ့အခါ သိပ်ကျေးဇူးတင်ပြီး အဲဒီကနေ အကျိုးရကြတယ်။ တမန်တော် ပေါလုက “သတင်းကောင်းနဲ့ဆိုင်တဲ့ မြင့်မြတ်တဲ့ လျှို့ဝှက်ချက်အကြောင်း ဟောပြောတဲ့အခါ ရဲရဲဝံ့ဝံ့ ပြောနိုင်တဲ့ နှုတ်သတ္တိ ရှိဖို့ ကျွန်တော့်အတွက်လည်း ဆုတောင်းပေးကြပါ” လို့ ပြောတယ်။ (ဧ. ၆:၁၉) ဒီနေ့လည်း အလုပ်ကြိုးစားတဲ့၊ ဦးဆောင်နေတဲ့ ညီအစ်ကို များစွာ ရှိတယ်။ သူတို့ရဲ့ လုပ်ဆောင်မှုကို ကောင်းချီးပေးဖို့ ယေဟောဝါဆီ ဆုတောင်းပေးခြင်းအားဖြင့် သူတို့ကို ချစ်ကြောင်း ပြနိုင်တယ်။ w22.07 ၂၃-၂၄ ¶၁၄-၁၆

စနေနေ့၊ မတ် ၁၆

ကယ်တင်ခြင်း ရမယ်ဆိုတဲ့ မျှော်လင့်ချက်ကို သံခမောက်လို ဆောင်းထားကြစို့။—၁ သက်. ၅:၈။

ရန်သူ့လက်ချက်ကြောင့် ခေါင်းမထိအောင် ကာကွယ်ဖို့ စစ်သားတွေ သံခမောက် ဆောင်းကြတယ်။ စာတန်နဲ့ တိုက်တဲ့ တိုက်ပွဲမှာလည်း ကျွန်တော်တို့ရဲ့ ဉာဏ်စွမ်းကို ကာကွယ်ရမယ်။ အတွေးအခေါ်ကို ပျက်စီးစေနိုင်တဲ့ သွေးဆောင်မှု၊ အယူအဆ အမျိုးမျိုး စာတန် သုံးနေတယ်။ သံခမောက်က စစ်သားရဲ့ ခေါင်းကို ကာကွယ်ပေးသလို မျှော်လင့်ချက်က ယေဟောဝါကို ဆက်သစ္စာရှိနိုင်ဖို့ ကျွန်တော်တို့ရဲ့ အတွေးအခေါ်ကို ကာကွယ်ပေးတယ်။ မျှော်လင့်ချက် မခိုင်မာဘူး၊ ကိုယ့်အလိုဆန္ဒတွေကိုပဲ စိတ်ထဲ စဉ်းစားလာပြီဆိုရင် ထာဝရအသက် ပန်းတိုင်ကို မျက်ခြည်ပြတ်သွားနိုင်တယ်။ ကောရိန္သုမြို့က ရှေးခရစ်ယာန်တချို့အကြောင်း စဉ်းစားကြည့်ပါ။ ဘုရားသခင် ပေးထားတဲ့ အဓိက ကတိတစ်ခု ဖြစ်တဲ့ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ကို မယုံကြတော့ဘူး။ (၁ ကော. ၁၅:၁၂) ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက် မရှိသူတွေဟာ လက်ရှိအတွက်ပဲ အသက်ရှင်ကြတယ်လို့ ပေါလု ပြောတယ်။ (၁ ကော. ၁၅:၃၂) ဒီနေ့လည်း ဘုရားကတိတွေကို မမျှော်လင့်သူများစွာဟာ လောလောဆယ် ပျော်ပျော်နေရဖို့လောက်ပဲ စိတ်ဝင်စားကြတယ်။ ကျွန်တော်တို့ကတော့ ဘုရား ကတိပေးထားတဲ့ အနာဂတ်ကို ယုံကြည်တယ်။ w22.10 ၂၅-၂၆ ¶၈-၉

တနင်္ဂနွေနေ့၊ မတ် ၁၇

အမြဲမပြတ် ဆုတောင်းနေကြပါ။—၁ သက်. ၅:၁၇။

မိမိဆီ ဆုတောင်းဖို့ ယေဟောဝါ ဖိတ်ခေါ်ထားတယ်။ သင် ဘာတွေ ကြုံနေရကြောင်း ဘုရား သိတယ်။ ဘယ်အချိန်မဆို ဆုတောင်းချက်တွေကို နားထောင်ပေးမယ်လို့ အာမခံထားတယ်။ မိမိကျေးကျွန်တွေရဲ့ ဆုတောင်းစကား နားထောင်ရတာကို နှစ်သက်တယ်။ (ပညာ. ၁၅:၈) အထီးကျန်တဲ့အခါ ဘာတွေ ဆုတောင်းနိုင်သလဲ။ ယေဟောဝါဆီ ရင်ဖွင့်ပြောပြပါ။ (ဆာ. ၆၂:၈) ကိုယ့်စိုးရိမ်ပူပန်မှုတွေအကြောင်း၊ ဘယ်လို ခံစားနေရကြောင်း ပြောပြပါ။ ဖြေရှင်းနည်း သိအောင် ကူညီပေးဖို့၊ သတ္တိပေးဖို့၊ ယုံကြည်ချက်အကြောင်း လိမ္မာပါးနပ်စွာ ရှင်းပြနိုင်အောင် ဉာဏ်ပညာ ပေးဖို့ ဆုတောင်းပါ။ (လု. ၂၁:၁၄၊ ၁၅) စိတ်ဓာတ်ကျနေတယ်ဆိုရင် ရင့်ကျက်တဲ့ ညီအစ်ကို/မ တစ်ယောက်ယောက်နဲ့ စကားပြောနိုင်အောင် ကူညီပေးဖို့၊ ကိုယ့်ခံစားချက်ကို နားလည်နိုင်အောင် အဲဒီညီအစ်ကို/မကို ကူညီပေးဖို့ ဆုတောင်းပါ။ ပြီးနောက် ဘုရား ဘယ်လို အဖြေပေးကြောင်း သတိပြုပါ။ တခြားသူတွေရဲ့ အကူအညီကို လက်ခံပါ။ ဒါဆိုရင် အထီးကျန်စိတ် လျော့နည်းလာပါလိမ့်မယ်။ w22.08 ၁၀ ¶၆

တနင်္လာနေ့၊ မတ် ၁၈

အဲဒီလူတွေက . . . ဆီဇာရဲ့ အမိန့်ကို အာခံနေတယ်။—တ. ၁၇:၇။

တည်ထောင်ခါစ သက်သာလောနိတ် အသင်းတော်ဟာ ပြင်းထန်တဲ့ ဆန့်ကျင်မှု ကြုံရတယ်။ သွေးဆူနေတဲ့ လူအုပ်က “ညီအစ်ကိုတချို့ကို မြို့အရာရှိတွေဆီ ဆွဲခေါ်သွား” ကြတယ်။ (တ. ၁၇:၆) ခရစ်ယာန် ဖြစ်ခါစသူတွေ ဘယ်လောက် တုန်လှုပ်သွားမလဲ မြင်ယောင်ကြည့်ပါ။ ယေဟောဝါရဲ့ အမှုတော်မှာ ဇွဲလျော့သွားနိုင်တယ်။ သူတို့ကို တမန်တော် ပေါလု အဲဒီလို မဖြစ်စေချင်ဘူး။ အသင်းတော်အသစ်ကို ဂရုစိုက်ဖို့ စီစဉ်ပေးခဲ့တယ်။ “ညီအစ်ကို တိမောသေကို ခင်ဗျားတို့ဆီ လွှတ်လိုက်တယ်။ . . . ခင်ဗျားတို့ကို ယုံကြည်ခြင်း ခိုင်ခံ့စေပြီး နှစ်သိမ့်ပေးဖို့၊ ကြုံနေရတဲ့ ဆင်းရဲဒုက္ခတွေကြောင့် ခင်ဗျားတို့ ယိမ်းယိုင်မသွားစေဖို့ သူ့ကို လွှတ်လိုက်တယ်” လို့ သက်သာလောနိတ် အသင်းသားတွေကို ပေါလု ပြောတယ်။ (၁ သက်. ၃:၂၊ ၃) လုတ္တရမြို့က ညီအစ်ကိုတွေကို ပေါလု ဘယ်လို ခိုင်ခံ့စေတယ်ဆိုတာ တိမောသေ တွေ့ခဲ့တယ်။ ရလဒ်ကောင်းတွေ မြင်ခဲ့တယ်။ ဒါကြောင့် ညီအစ်ကို/မသစ်တွေကိုလည်း အစစ အရာရာ အဆင်ပြေသွားမှာပါလို့ နှစ်သိမ့်ပေးနိုင်ခဲ့တယ်။—တ. ၁၄:၈၊ ၁၉-၂၂။ ဟီ. ၁၂:၂။ w22.08 ၂၁ ¶၄

အင်္ဂါနေ့၊ မတ် ၁၉

သူ့အားဖြင့် အသက်လမ်း ဖွင့်ပေးခဲ့တယ်။—၁ ယော. ၄:၉။

၁၈၇၀ မှာ ချားလ်စ် တေ့ဇ် ရပ်စယ်လ် ဦးဆောင်တဲ့ ကျမ်းစာကျောင်းသားအုပ်စုဟာ ကျမ်းစာကို နှံ့နှံ့စပ်စပ် စလေ့လာကြတယ်။ ယေရှု ရွေးဖိုးရဲ့ တန်ဖိုးအကြောင်း၊ အောက်မေ့ရာပွဲကို ဘယ်လို ကျင်းပသင့်ကြောင်း သိချင်ကြတယ်။ သူတို့ရဲ့ ရှာဖွေလေ့လာမှုကနေ ဒီနေ့ခေတ် ကျွန်တော်တို့ အကျိုးရနေကြတယ်။ ဘယ်လိုနည်းနဲ့လဲ။ ယေရှုရဲ့ ရွေးဖိုးက ဘာကို ဆိုလိုသလဲ၊ လူတွေအတွက် ဘာလုပ်ပေးမလဲဆိုတာ သိလာကြတယ်။ (၁ ယော. ၂:၁၊ ၂) ဘုရား နှစ်သက်တဲ့ လူသားတွေအတွက် ကျမ်းစာမှာ မျှော်လင့်ချက် နှစ်မျိုး ဖော်ပြထားကြောင်းလည်း သိလာကြတယ်။ တချို့က ကောင်းကင်မှာ မသေနိုင်တဲ့ အသက်တာ ရပြီး ကျန်တဲ့သူတွေကတော့ မြေကြီးပေါ်မှာ ထာဝစဉ် အသက်ရှင်ခွင့် ရကြမယ်။ ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လောက် ချစ်မှန်း၊ ယေရှုရဲ့ ရွေးဖိုးကနေ တစ်ယောက်စီ ဘယ်လောက် အကျိုးရနေမှန်း စဉ်းစားတိုင်း ယေဟောဝါနဲ့ ပိုရင်းနှီးလာတယ်။ (၁ ပေ. ၃:၁၈) ဒါကြောင့် အရင်က သစ္စာရှိ ညီအစ်ကိုတွေလိုပဲ ယေရှု ချမှတ်ခဲ့တဲ့ ပုံစံအတိုင်း ကျွန်တော်တို့နဲ့အတူ အောက်မေ့ရာပွဲ ကျင်းပဖို့ တခြားသူတွေကို ဖိတ်ခေါ်ကြတယ်။ w23.01 ၂၁ ¶၆-၇

အောက်မေ့ရာပွဲအတွက် ကျမ်းစာ ဖတ်ရှုခြင်း– (နေဝင်ပြီးနောက်ပိုင်း ဖြစ်ရပ်များ– နိသန် ၉) မာကု ၁၄:၃-၉

ဗုဒ္ဓဟူးနေ့၊ မတ် ၂၀

လူအားလုံးအတွက် အသေခံတဲ့သူဟာ ခရစ်တော်ပဲ။ ဒါကြောင့် အသက်ရှင်နေသူတွေဟာ ကိုယ့်အတွက် အသက်မရှင်တော့ဘဲ ကိုယ့်အတွက် အသေခံပြီး အသက်ပြန်ရှင်လာတဲ့ ခရစ်တော်အတွက် အသက်ရှင်သင့်တယ်။—၂ ကော. ၅:၁၅။

ဘုရားနိုင်ငံတော် ကောင်းချီးတွေအကြောင်း ယေရှု သင်ပေးတယ်။ ရွေးဖိုးအတွက် ကျွန်တော်တို့ ကျေးဇူးတင်တယ်။ ယေဟောဝါနဲ့ရော ယေရှုနဲ့ပါ ရင်းနှီးတဲ့ ဆက်ဆံရေး ရဖို့ လမ်းဖွင့်ပေးလို့ပဲ။ ယေရှုကို ယုံကြည်သက်ဝင်သူတွေဟာ ထာဝရအသက်အပြင် ချစ်ရတဲ့ သေဆုံးသူတွေနဲ့ ပြန်တွေ့ခွင့် မျှော်လင့်ချက် ရကြတယ်။ (ယော. ၅:၂၈၊ ၂၉။ ရော. ၆:၂၃) ဒီကောင်းချီးတွေနဲ့ ထိုက်တန်တာ ဘာတစ်ခုမှ ကျွန်တော်တို့ မလုပ်ခဲ့ဘူး။ ယေဟောဝါနဲ့ ခရစ်တော် လုပ်ပေးထားတာတွေအတွက်လည်း ဘယ်တော့မှ ကျေးဇူးဆပ်လို့ ကုန်မှာ မဟုတ်ဘူး။ (ရော. ၅:၈၊ ၂၀၊ ၂၁) ဒါပေမဲ့ ဘယ်လောက် ကျေးဇူးတင်တယ် ဆိုတာတော့ ပြနိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ။ ကိုယ့်ပစ္စည်းဥစ္စာတွေကို နိုင်ငံတော် အကျိုးစီးပွားအတွက် အသုံးပြုခြင်းအားဖြင့်ပါ။ ဥပမာ၊ ဝတ်ပြုရေးအတွက် သုံးတဲ့ အဆောက်အအုံတွေ ဆောက်လုပ်ရေး၊ ပြုပြင်ထိန်းသိမ်းရေးမှာ ကူညီပေးနိုင်တယ်။ w23.01 ၂၆ ¶၃။ ၂၈ ¶၅

အောက်မေ့ရာပွဲအတွက် ကျမ်းစာ ဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန် ၉) မာကု ၁၁:၁-၁၁

ကြာသပတေးနေ့၊ မတ် ၂၁

၁၄၄,၀၀၀ လည်း [သိုးသငယ်]နဲ့ အတူ ရှိနေတယ်။—ဗျာ. ၁၄:၁။

ဘုရားနိုင်ငံမှာ အုပ်ချုပ်မယ့်သူတွေက တစ်ကမ္ဘာလုံးမှာ ရှိတဲ့ လူသန်းထောင်ပေါင်းများစွာကို ကြည့်ရှုပေးကြမယ်။ ယေရှုလိုပဲ ၁၄၄,၀၀၀ ဟာ ဘုရင်တွေ၊ ပုရောဟိတ်တွေအဖြစ် အမှုဆောင်ကြမယ်။ (ဗျာ. ၅:၁၀) မောရှေပညတ်အောက်မှာ ပုရောဟိတ်တွေဟာ လူတွေရဲ့ ပကတိ ကျန်းမာရေးသာမက ယေဟောဝါနဲ့ ရင်းနှီးအောင် ကူညီပေးဖို့ပါ တာဝန်ရှိတယ်။ ပညတ်တရားဟာ “နောင်လာမယ့် ကောင်းမြတ်တဲ့အရာတွေရဲ့ အရိပ်” ဖြစ်တယ်။ ဒါကြောင့် ယေရှုနဲ့ တွဲဖက် အုပ်ချုပ်သူတွေဟာ လူတွေရဲ့ ရုပ်ပိုင်းရော၊ ဘုရားရေးရာပိုင်း လိုအပ်ချက်တွေကိုပါ ဖြည့်ဆည်းပေးမယ်လို့ ကောက်ချက်ချတာ သင့်တော်တယ်။ (ဟီ. ၁၀:၁) အဲဒီဘုရင်တွေ၊ ပုရောဟိတ်တွေဟာ နိုင်ငံတော်အောက် မြေကြီးပေါ် အသက်ရှင်မယ့်သူတွေနဲ့ ဘယ်လို ဆက်သွယ်မယ်ဆိုတာတော့ စောင့်ကြည့်ရဦးမယ်။ လာမယ့် ပရဒိသုမှာ မြေကြီးပေါ် အသက်ရှင်မယ့်သူတွေ လိုအပ်တဲ့ ညွှန်ကြားချက် ရမယ်ဆိုတာ စိတ်ချနိုင်တယ်။—ဗျာ. ၂၁:၃၊ ၄။ w22.12 ၁၁ ¶၁၁-၁၃

အောက်မေ့ရာပွဲအတွက် ကျမ်းစာ ဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန် ၁၀) မာကု ၁၁:၁၂-၁၉

သောကြာနေ့၊ မတ် ၂၂

သခင် အသေခံခဲ့တဲ့အကြောင်းကို သခင် ရောက်လာချိန်အထိ ကြွေးကြော်နေတဲ့သဘောပဲ။—၁ ကော. ၁၁:၂၆။

အောက်မေ့ရာပွဲ တက်ဖို့ တခြားသူတွေကို ဖိတ်ခေါ်ရတဲ့ အကြောင်းရင်းတစ်ခုကတော့ ကျွန်တော်တို့အားလုံးအတွက် ယေဟောဝါနဲ့ ယေရှု လုပ်ပေးခဲ့တဲ့ အမှန်တရားအကြောင်း သိစေချင်လို့ပါ။ (ယော. ၃:၁၆) အောက်မေ့ရာပွဲမှာ မြင်ရ၊ ကြားရတာတွေကြောင့် ပိုလေ့လာသင်ယူဖို့၊ ယေဟောဝါရဲ့ကျေးကျွန် ဖြစ်လာဖို့ သူတို့ လှုံ့ဆော်ခံရမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ယေဟောဝါကို ဝတ်မပြုတော့သူတွေကိုလည်း ကျွန်တော်တို့ ဖိတ်ခေါ်ကြတယ်။ ဒီနည်းအားဖြင့် သူတို့ကို ယေဟောဝါ ချစ်နေဆဲပဲဆိုတာ သိစေကြတယ်။ တော်တော်များများက ဖိတ်ခေါ်ချက်ကို လက်ခံပြီး လာတက်လို့ ကျွန်တော်တို့ ပျော်ရွှင်ကြတယ်။ အရင်က ယေဟောဝါကို ဝတ်ပြုရင်း ဘယ်လောက် ပျော်ခဲ့ရမှန်း အောက်မေ့ရာပွဲ တက်တဲ့အခါ သူတို့ ပြန်အမှတ်ရလာတယ်။ (ဆာ. ၁၀၃:၁-၄) လူတွေ ဘယ်လိုပဲ တုံ့ပြန်ပါစေ ယေဟောဝါက တစ်ယောက်ချင်းစီကို စိတ်ဝင်စားတယ်ဆိုတာ သိထားလို့ အတတ်နိုင်ဆုံး ဖိတ်ခေါ်ကြတယ်။—လု. ၁၅:၇။ ၁ တိ. ၂:၃၊ ၄။ w23.01 ၂၀ ¶၁။ ၂၂-၂၃ ¶၉-၁၁

အောက်မေ့ရာပွဲအတွက် ကျမ်းစာ ဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန် ၁၁) မာကု ၁၁:၂၀–၁၂:၂၇၊ ၄၁-၄၄

စနေနေ့၊ မတ် ၂၃

ယေဟောဝါက မိမိကို ကြောက်ရွံ့သူတွေ . . . ကို ကြည့်ရှုနေတယ်။—ဆာ. ၃၃:၁၈။

နောက်လိုက်တွေကို ကြည့်ရှုပေးဖို့ ယေရှု မသေဆုံးခင် ညမှာ ကောင်းကင်ဖခင်ဆီ အထူး ဆုတောင်းတယ်။ (ယော. ၁၇:၁၅၊ ၂၀) လူမျိုးတော်ကို ယေဟောဝါ အမြဲ ကြည့်ရှုစောင့်ရှောက်၊ ကာကွယ်ပေးတယ်။ ဒါပေမဲ့ နောက်လိုက်တွေ စာတန်ရဲ့ ပြင်းထန်တဲ့ ဆန့်ကျင်မှု ကြုံရမယ်၊ အဲဒါကို တိုက်လှန်နိုင်ဖို့ ယေဟောဝါရဲ့ အကူအညီ လိုအပ်မယ်ဆိုတာ ယေရှု သိတယ်။ ဒီနေ့ခေတ် ခရစ်ယာန်စစ်တွေဟာ စာတန့်စနစ်ကြောင့် အခက်အခဲများစွာ ကြုံနေရတယ်။ စိတ်ဓာတ်ကျစေနိုင်တဲ့၊ ယေဟောဝါအပေါ် သစ္စာစောင့်သိမှုကို စမ်းသပ်တဲ့ အခက်အခဲတွေ ကြုံနေရတယ်။ ဒါပေမဲ့ ဘာမှ ကြောက်ဖို့ မလိုပါဘူး။ ကျွန်တော်တို့ကို ယေဟောဝါ ကြည့်ရှုနေတယ်။ ကြုံနေရတဲ့ အခက်အခဲတွေကို မြင်တယ်။ ကူညီဖို့ အမြဲ အသင့်ရှိနေတယ်။ မှန်ပါတယ်၊ ယေဟောဝါဟာ “မိမိကို ကြောက်ရွံ့သူတွေ” ကို “ကယ်တင်ဖို့” “ကြည့်ရှုနေတယ်။”—ဆာ. ၃၃:၁၈-၂၀။ w22.08 ၈ ¶၁-၂

အောက်မေ့ရာပွဲ ကျမ်းစာ ဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန် ၁၂) မာကု ၁၄:၁၊ ၂၊ ၁၀၊ ၁၁။ မဿဲ ၂၆:၁-၅၊ ၁၄-၁၆

အောက်မေ့ရာပွဲ နေ့စွဲ
နေဝင်ပြီးနောက်
တနင်္ဂနွေနေ့၊ မတ် ၂၄

ကျွန်တော့်ကို အောက်မေ့တဲ့အနေနဲ့ ဒီလို အမြဲ လုပ်ကြပါ။—လု. ၂၂:၁၉။

နှစ်စဉ် အောက်မေ့ရာပွဲကာလအတွင်း ယေရှုရဲ့သေခြင်းအကြောင်း တွေးတောဆင်ခြင်ဖို့၊ ဆုတောင်းဖို့ အချိန်ယူခြင်းအားဖြင့် ကျေးဇူးတင်လေးမြတ်ကြောင်း ပြကြတယ်။ ဒီအထူးပွဲကို လူများနိုင်သမျှများများ တက်ရောက်ဖို့ ဖိတ်ခေါ်ကြတယ်။ အောက်မေ့ရာပွဲ မတက်နိုင်အောင် ဘယ်အတားအဆီးကိုမှ ခွင့်မပြုဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်။ သတိရအောက်မေ့ပွဲမှာ လူတွေ ဘာကြောင့် ရွေးဖိုး လိုကြောင်း၊ လူတစ်ယောက်ရဲ့ သေခြင်းက လူအများရဲ့ အပြစ်ကို ဘယ်လိုနည်းနဲ့ ချေဖျက်ပေးနိုင်ကြောင်း သိရတယ်။ မုန့်နဲ့ စပျစ်ဝိုင်က ဘာကို ကိုယ်စားပြုကြောင်း၊ ဘယ်သူတွေ သုံးဆောင်သင့်ကြောင်းလည်း အမှတ်ရစေတယ်။ (လု. ၂၂:၁၉၊ ၂၀) မြေကြီးမျှော်လင့်ချက် ရှိသူတွေအတွက် စောင့်ကြိုနေတဲ့ ကောင်းချီးတွေအကြောင်းလည်း တွေးတောကြတယ်။ (ဟေရှာ. ၃၅:၅၊ ၆။ ၆၅:၁၇၊ ၂၁-၂၃) ဒီအမှန်တရားတွေကို ကျွန်တော်တို့ သိပ်တန်ဖိုးထားတယ်။ w23.01 ၂၀ ¶၂။ ၂၀ ¶၄

အောက်မေ့ရာပွဲအတွက် ကျမ်းစာ ဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန် ၁၃) မာကု ၁၄:၁၂-၁၆။ မဿဲ ၂၆:၁၇-၁၉ (နေဝင်ပြီး နောက်ပိုင်း ဖြစ်ရပ်များ– နိသန် ၁၄) မာကု ၁၄:၁၇-၇၂

တနင်္လာနေ့၊ မတ် ၂၅

ဘုရားသခင်က လူ့လောကကို အလွန် ချစ်တယ်။ ဒါကြောင့် မိမိရဲ့ သားကို ယုံကြည်သက်ဝင်သူတိုင်း . . . ထာဝရအသက် ရနိုင်ဖို့ အဲဒီတစ်ဦးတည်းသော သားကိုတောင် ပေးအပ်ခဲ့တယ်။—ယော. ၃:၁၆။

ကျွန်တော်တို့ရဲ့ အပြစ်တွေကို ခွင့်လွှတ်ဖို့ သားတော်ကို ရွေးဖိုးအဖြစ် ဘုရား ပေးခြင်းအားဖြင့် ထာဝရအသက်လမ်း ဖွင့်ပေးတယ်။ (မ. ၂၀:၂၈) “လူတစ်ယောက်ကြောင့် လူတွေ သေဆုံးရသလို လူတစ်ယောက်ကြောင့် လူသေတွေ ရှင်ပြန်ထမြောက်ရပြီ။ အာဒံကြောင့် လူအားလုံး သေဆုံးရသလို ခရစ်တော်ကြောင့် လူအားလုံး အသက်ရှင်ရလိမ့်မယ်” တမန်တော် ပေါလု ပြောတယ်။ (၁ ကော. ၁၅:၂၁၊ ၂၂) ဘုရား နိုင်ငံတော် လာဖို့၊ ကမ္ဘာမြေမှာ အလိုတော် ပြည့်စုံဖို့ ဆုတောင်းပါဆိုပြီး နောက်လိုက်တွေကို ယေရှု သင်ပေးတယ်။ (မ. ၆:၉၊ ၁၀) လူသားတွေအတွက် ဘုရားရည်ရွယ်ချက်ထဲမှာ မြေကြီးပေါ် သူတို့ ထာဝစဉ် အသက်ရှင်ခြင်းလည်း ပါတယ်။ အဲဒီလို ဖြစ်နိုင်ဖို့ သားတော်ကို မေရှိယနိုင်ငံရဲ့ ဘုရင်အဖြစ် ယေဟောဝါ ခန့်အပ်တယ်။ အလိုတော် ပြည့်စုံရေးမှာ ယေရှုနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ မြေကြီးပေါ်က ၁၄၄,၀၀၀ ကို စုသိမ်းနေတယ်။—ဗျာ. ၅:၉၊ ၁၀။ w22.12 ၅ ¶၁၁-၁၂

အောက်မေ့ရာပွဲအတွက် ကျမ်းစာ ဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန် ၁၄) မာကု ၁၅:၁-၄၇

အင်္ဂါနေ့၊ မတ် ၂၆

ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာက ကျွန်တော်တို့ကို တွန်းအားပေးတယ်။ . . . ဒါကြောင့် အသက်ရှင်နေသူတွေဟာ ကိုယ့်အတွက် အသက်မရှင် [သင့်တော့ဘူး။]—၂ ကော. ၅:၁၄၊ ၁၅။

ချစ်ရသူတစ်ယောက် သေဆုံးသွားတဲ့အခါ ကျွန်တော်တို့ သတိရလွမ်းဆွတ်ကြတယ်။ ဝေဒနာ အကြီးအကျယ် ခံစားပြီးမှ သေဆုံးသွားတယ်ဆိုရင် ပြန်တွေးမိတိုင်း နာကျင်ခံစားရနိုင်တယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ သူ သွန်သင်ပေးခဲ့တာ၊ ကိုယ့်ကို အားပေးဖို့၊ ကိုယ်ပျော်ဖို့ သူ လုပ်ခဲ့၊ ပြောခဲ့တာတွေကို စဉ်းစားမိတိုင်း ပြန်ပျော်ရွှင်လာနိုင်တယ်။ အဲဒီလိုပဲ ယေရှု ဝေဒနာခံပြီး သေဆုံးတဲ့အကြောင်း ဖတ်တဲ့အခါ ဝမ်းနည်းရတယ်။ အထူးသဖြင့် အောက်မေ့ရာပွဲကာလမှာ ရွေးဖိုးပူဇော်သက္ကာရဲ့ တန်ဖိုးအကြောင်း အချိန်ယူ စဉ်းစားသုံးသပ်ကြတယ်။ (၁ ကော. ၁၁:၂၄၊ ၂၅) ဒါပေမဲ့ မြေကြီးပေါ် ယေရှု ပြောခဲ့၊ လုပ်ခဲ့တာ အားလုံးကို ပြန်စဉ်းစားလိုက်တဲ့အခါ ကျွန်တော်တို့ ဝမ်းသာရတယ်။ အခု ယေရှု ဘာလုပ်နေသလဲ၊ အနာဂတ်မှာ ကျွန်တော်တို့အတွက် ဘာလုပ်ပေးမလဲ ဆိုတာ တွေးတောတာကလည်း အားရှိစေတယ်။ w23.01 ၂၆ ¶၁-၂

အောက်မေ့ရာပွဲအတွက် ကျမ်းစာ ဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန် ၁၅) မဿဲ ၂၇:၆၂-၆၆ (နေဝင်ပြီးနောက်ပိုင်း ဖြစ်ရပ်များ– နိသန် ၁၆) မာကု ၁၆:၁

ဗုဒ္ဓဟူးနေ့၊ မတ် ၂၇

ဘုရားသခင်ရဲ့ နိုင်ငံတော် . . . ကို အမြဲ ဦးစားထားကြပါ။—မ. ၆:၃၃။

ယေရှု သေဆုံးတော့ တပည့်တွေ သိပ်ဝမ်းနည်းကြတယ်။ သိပ်ချစ်ရတဲ့ မိတ်ဆွေ ဆုံးရှုံးရရုံသာမက မျှော်လင့်ချက်မဲ့ပြီလို့လည်း ခံစားနေကြရတယ်။ (လု. ၂၄:၁၇-၂၁) ဒါပေမဲ့ သူတို့ကို ယေရှု ကိုယ်ထင်ပြပြီး ကျမ်းစာပရောဖက်ပြုချက် ပြည့်စုံရေးမှာ မိမိရဲ့ အခန်းကဏ္ဍကို နားလည်အောင် အချိန်ယူ ကူညီပေးတယ်။ အရေးကြီးတဲ့ အလုပ်လည်း ပေးတယ်။ (လု. ၂၄:၂၆၊ ၂၇၊ ၄၅-၄၈) ယေရှု ကောင်းကင် တက်တဲ့အခါ တပည့်တွေရဲ့ ဝမ်းနည်းမှုက ဝမ်းသာမှုအဖြစ် ပြောင်းသွားတယ်။ သူတို့သခင် အသက်ရှင်နေပြီ၊ တာဝန်သစ်ကို အောင်မြင်အောင် ကူညီပေးတော့မယ်ဆိုတဲ့ အသိကြောင့် ဝမ်းသာနေကြတယ်။ သူတို့ရဲ့ ဝမ်းသာမှုက ယေဟောဝါကို မပြတ် ချီးမွမ်းဖို့ လှုံ့ဆော်ပေးတယ်။ (လု. ၂၄:၅၂၊ ၅၃။ တ. ၅:၄၂) ယေရှုရဲ့ တပည့်တွေကို တုပဖို့ ဘဝမှာ နိုင်ငံတော်ကို ဦးစားထားရမယ်။ ယေဟောဝါကို မပြတ် ဝတ်ပြုဖို့ ခံနိုင်ရည် လိုအပ်ပေမဲ့ ဘဝမှာ နိုင်ငံတော်ကို ဦးစားထားရင် ကြွယ်ဝစွာ ကောင်းချီးပေးမယ်လို့ ယေဟောဝါ ကတိပေးထားတယ်။—ပညာ. ၁၀:၂၂။ w23.01 ၃၀-၃၁ ¶၁၅-၁၆

အောက်မေ့ရာပွဲအတွက် ကျမ်းစာ ဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန် ၁၆) မာကု ၁၆:၂-၈

ကြာသပတေးနေ့၊ မတ် ၂၈

မြေမှုန့်ကိုပဲ ပြန်ရမယ်။—က. ၃:၁၉။

အာဒံနဲ့ ဧဝ လုပ်ခဲ့တဲ့ အမှားမျိုး ကျွန်တော်တို့ မလုပ်ချင်ကြဘူး။ ယေဟောဝါအကြောင်း ဆက်လေ့လာနေမယ်၊ ဘုရားအရည်အသွေးတွေကို ဆက်လေးမြတ်နေမယ်၊ ဘုရားရဲ့ စဉ်းစားပုံကို နားလည်ဖို့ ဆက်ကြိုးစားနေမယ်ဆိုရင် အဲဒီလိုအမှားမျိုး ရှောင်နိုင်မယ်။ ဘုရားကိုလည်း ပိုချစ်လာမယ်။ အာဗြဟံအကြောင်း စဉ်းစားကြည့်ပါ။ ယေဟောဝါကို တကယ် ချစ်တယ်။ ဘုရားရဲ့ ဆုံးဖြတ်ချက်ကို နားလည်ဖို့ ခက်တဲ့အချိန်မှာတောင် ကလန်ကဆန် မလုပ်ဘူး။ ဘုရားအကြောင်း ပိုသိအောင် ကြိုးစားတယ်။ ဥပမာ၊ သောဒုံနဲ့ ဂေါမောရမြို့ကို ဖျက်ဆီးမယ်ဆိုတာ ကြားတော့ လူကောင်းတွေကို လူဆိုးတွေနဲ့ ရောပြီး “မြေတစ်ပြင်လုံးရဲ့တရားသူကြီး” ဖျက်ဆီးလိုက်မှာကို အာဗြဟံ စိတ်ပူသွားတယ်။ စဉ်းစားရ ခက်သွားတယ်။ ဒါနဲ့ ယေဟောဝါကို မေးခွန်းတွေ ဆက်တိုက် မေးတော့တယ်။ ယေဟောဝါ စိတ်ရှည်ရှည် ဖြေပေးတယ်။ နောက်ဆုံးတော့၊ လူတိုင်းရဲ့ စိတ်နှလုံးကို ဘုရား စစ်ဆေးမှန်း၊ လူကောင်းတွေကို လူဆိုးတွေနဲ့ ရောပြီး ဘယ်တော့မှ အပြစ်မပေးမှန်း အာဗြဟံ သဘောပေါက်သွားတယ်။—က. ၁၈:၂၀-၃၂။ w22.08 ၂၈ ¶၉-၁၀

သောကြာနေ့၊ မတ် ၂၉

ယုံကြည်စိတ်ချထိုက်သူကတော့ လျှို့ဝှက်ထားတတ်တယ်။—ပညာ. ၁၁:၁၃။

ဘီစီ ၄၅၅ မှာ ဂျေရုဆလင်မြို့ရိုး ပြန်တည်ဆောက်ပြီးနောက် ဘုရင်ခံ နေဟမိဟာ မြို့ကို ကြီးကြပ်ကွပ်ကဲဖို့ စိတ်ချရသူတွေ လိုက်ရှာတယ်။ နေဟမိ ရွေးတဲ့သူတွေထဲမှာ ရဲတိုက်မှူး ဟာနနိလည်း ပါတယ်။ ကျမ်းစာမှာ ဟာနနိကို “တကယ် ယုံကြည်စိတ်ချထိုက်သူ၊ စစ်မှန်တဲ့ ဘုရားသခင်ကို အလွန်ကြောက်ရွံ့ရိုသေသူ” လို့ ဖော်ပြထားတယ်။ (နေ. ၇:၂) ယေဟောဝါကို ချစ်တဲ့စိတ်၊ ဘုရား မနှစ်သက်မှာ ကြောက်တဲ့စိတ်က ဘယ်တာဝန်ကိုမဆို အလေးအနက် သဘောထားဖို့ ဟာနနိကို လှုံ့ဆော်ပေးတယ်။ အဲဒီအရည်အသွေးတွေက ဘုရားအမှုတော်မှာ စိတ်ချရသူ ဖြစ်ဖို့ ကျွန်တော်တို့ကိုလည်း ကူညီပေးပါလိမ့်မယ်။ တမန်တော် ပေါလု ယုံကြည်ရတဲ့ တုခိတ်အကြောင်းလည်း စဉ်းစားကြည့်ပါ။ တုခိတ်ကို ပေါလု အားကိုးတယ်။ “သစ္စာရှိရှိ အမှုဆောင်သူ” လို့ ခေါ်တယ်။ (ဧ. ၆:၂၁၊ ၂၂) ဧဖက်မြို့၊ ကောလောသဲမြို့က ညီအစ်ကိုတွေဆီ စာပို့ပေးဖို့၊ သူတို့ကို အားပေးနှစ်သိမ့်ဖို့ တုခိတ်ကို ပေါလု စိတ်ချလက်ချ စေလွှတ်တယ်။ ဒီနေ့ခေတ်၊ ကျွန်တော်တို့ရဲ့ ဘုရားရေးရာ လိုအပ်ချက်တွေကို ဂရုစိုက်ပေးနေတဲ့ အားထားရတဲ့ သစ္စာရှိ အမျိုးသားတွေလည်း တုခိတ်ကို တုပနေကြတယ်။—ကော. ၄:၇-၉။ w22.09 ၉-၁၀ ¶၅-၆

စနေနေ့၊ မတ် ၃၀

ချစ်ခြင်းမေတ္တာ ရှိသူဟာ ခွင့်လွှတ်ဖို့ အမြဲ အသင့်ရှိတယ်။—၁ ပေ. ၄:၈။

ပြင်းထန်တဲ့ အခက်အခဲတွေကို ၁၃ နှစ်လောက် ယောသပ် ရင်ဆိုင်ခဲ့ရတယ်။ ယေဟောဝါ တကယ်မှ ချစ်ရဲ့လား၊ အကူအညီ လိုအပ်ချိန်မှာ စွန့်သွားပြီလားလို့ တွေးမိနိုင်တယ်။ ဒါပေမဲ့ ယောသပ် နာကြည်းမနေဘူး။ တည်တည်ငြိမ်ငြိမ် ဆက်ရှိပြီး သတိရှိနေတယ်။ အခွင့်အရေး ရချိန်မှာတောင် အစ်ကိုတွေကို လက်စားမချေဘူး။ မေတ္တာပြတယ်။ ခွင့်လွှတ်ခဲ့တယ်။ (က. ၄၅:၄၊ ၅) အဲဒီလိုလုပ်နိုင်တာ ရှင်းရှင်းလင်းလင်း စဉ်းစားတွေးခေါ်နိုင်လို့ပဲ။ အခက်အခဲတွေကိုပဲ အာရုံစိုက်မယ့်အစား ယေဟောဝါရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ကိစ္စရပ် တစ်ခုလုံးကို ခြုံငုံကြည့်လို့ပဲ။ (က. ၅၀:၁၉-၂၁) ဘာသင်ခန်းစာ ရသလဲ။ ကျွန်တော်တို့လည်း မတရား ဆက်ဆံခံရတဲ့အခါ ယေဟောဝါကို မနာကြည်းပါနဲ့။ ဘုရား စွန့်သွားပြီလားလို့ မတွေးပါနဲ့။ အဲဒီအစား အခက်အခဲကို ခံရပ်ဖို့ ဘုရား ဘယ်လို ကူညီပေးတယ်ဆိုတာ တွေးတောဆင်ခြင်ပါ။ တခြားသူတွေ မတရား ဆက်ဆံတဲ့အခါ သူတို့ရဲ့ အပြစ်အနာအဆာတွေကို မေတ္တာနဲ့ ဖုံးအုပ်လိုက်ပါ။ w22.11 ၂၁ ¶၄

တနင်္ဂနွေနေ့၊ မတ် ၃၁

နိုင်ငံအားလုံးက သူတို့ဆီမှာ အမှုထမ်းပြီး အမိန့်ကို နာခံကြလိမ့်မယ်။—ဒံ. ၇:၂၇။

အုပ်စိုးရှင်အားလုံးထက် ယေဟောဝါ ပိုကြီးမြတ်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြတဲ့ စိတ်အာရုံတွေ ပရောဖက် ဒံယေလ မြင်ရတယ်။ အရင် ကမ္ဘာ့အာဏာစက်တွေ ဖြစ်တဲ့ ဗာဗုလုန်၊ မီးဒီးယား-ပါးရှား၊ ဂရိ၊ ရောမ၊ ဒီနေ့ခေတ် အင်္ဂလိပ်-အမေရိကန်ကို ဖော်ပြတဲ့ သားရဲကြီး လေးကောင်ကို မြင်ရတယ်။ (ဒံ. ၇:၁-၃၊ ၁၇) ကောင်းကင် ရာဇပလ္လင်ပေါ် ယေဟောဝါဘုရား ထိုင်နေတာကိုလည်း မြင်တယ်။ (ဒံ. ၇:၉၊ ၁၀) လူ့အစိုးရတွေဆီက အခွင့်အာဏာအားလုံး ဘုရား ရုပ်သိမ်းလိုက်ပြီး ပိုထိုက်တန်သူ၊ ပိုတန်ခိုးကြီးသူတွေကို ပေးတယ်။ ဘယ်သူတွေလဲ။ “လူသားနဲ့တူတဲ့သူတစ်ယောက်” ဆိုတာ ယေရှုခရစ် ဖြစ်ပြီး “အမြင့်မြတ်ဆုံးအရှင်ရဲ့ သန့်ရှင်းသူတွေ” ဆိုတာ “အစဉ်ထာဝရ” အုပ်ချုပ်ခွင့် ရမယ့် ၁၄၄,၀၀၀ ဖြစ်တယ်။ (ဒံ. ၇:၁၃၊ ၁၄၊ ၁၈) “အမြင့်မြတ်ဆုံးအရှင်” ဟာ ယေဟောဝါဘုရား ဖြစ်တာ ထင်ရှားတယ်။ စိတ်အာရုံမှာ ဒံယေလ မြင်ရတာက အစောပိုင်းမှာ သူ ဖော်ပြတာနဲ့ ကိုက်ညီတယ်။ ‘ကောင်းကင်အုပ်စိုးရှင် ဘုရားသခင်က ဘုရင်တွေကို နန်းတင်နန်းချတယ်’ လို့ ဒံယေလ ပြောတယ်။—ဒံ. ၂:၁၉-၂၁။ w22.10 ၁၄-၁၅ ¶၉-၁၁

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ