ဧပြီ
တနင်္လာနေ့၊ ဧပြီ ၁
စမ်းသပ်ခံရတဲ့ ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်းဟာ ခံနိုင်ရည်ကို ဖြစ်စေ [တယ်]။—ယာ. ၁:၃။
‘ဆုံးမခံရတဲ့အခါ ဘယ်လို တုံ့ပြန်သလဲ။ အမှားကို ချက်ချင်း အသိအမှတ်ပြုသလား ဒါမှမဟုတ် ဆင်ခြေပေးသလား။ တခြားသူတွေပေါ် အပြစ်ပုံချသလား’ လို့ စဉ်းစားပါ။ ကျမ်းစာထဲက သစ္စာရှိ အမျိုးသား/သမီးတွေအကြောင်း ဖတ်တဲ့အခါ ကိစ္စရပ်တွေကို သူတို့ ဘယ်လို ဖြေရှင်းသလဲဆိုတာ သုံးသပ်ပါ။ ‘ယေဟောဝါရဲ့ ဒီသစ္စာရှိ ကျေးကျွန်ကို ငါ ဘယ်လို တုပနိုင်သလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ ယုံကြည်သူ ကြီးငယ်မရွေးဆီကနေ ကျွန်တော်တို့ သင်ယူနိုင်တယ်။ ဥပမာ၊ ရွယ်တူချင်းဖိအား၊ မိသားစု ဆန့်ကျင်မှု၊ ကျန်းမာရေး မကောင်းတာ စတဲ့ အခက်အခဲတွေကို သစ္စာရှိရှိ ခံရပ်နေတဲ့ ညီအစ်ကို/မ တစ်ယောက်ယောက်ကို သိသလား။ သူ့ရဲ့ ဘယ်အရည်အသွေးကောင်းကို ပိုတုပချင်သလဲ။ သူ့ရဲ့ ပုံသက်သေကောင်းကို စဉ်းစားခြင်းက ကိုယ့်အခက်အခဲကို ခံရပ်ဖို့ နည်းလမ်းကောင်းတွေ ရလာစေနိုင်တယ်။ တုပထိုက်တဲ့ သက်ရှိ ပုံသက်သေတွေ ရထားလို့ ကျေးဇူးတင်စရာပါပဲ။ တကယ့်ကို ဝမ်းမြောက်စရာအကြောင်းပါပဲ။—ဟီ. ၁၃:၇။ w22.04 ၁၃ ¶၁၃-၁၄
အင်္ဂါနေ့၊ ဧပြီ ၂
ရယူခြင်းထက် ပေးကမ်းခြင်းက ပိုပျော်ရွှင်စေတယ်။—တ. ၂၀:၃၅။
အခက်အခဲ ကြုံရချိန်မှာ ကျွန်တော်တို့စကားကို အကြီးအကဲတွေ ဂရုစိုက် နားထောင်ပေးပြီး နှစ်သိမ့်ပေးလို့ သိပ်ကျေးဇူးတင်ကြတယ်။ ကျမ်းစာသင်အံမှု လုပ်ဖို့ အကူအညီ လိုတဲ့အခါ အတွေ့အကြုံရှိ ရှေ့ဆောင်တစ်ယောက် အတူလိုက်ပေးပြီး အကြံပေးတဲ့အတွက် ကျေးဇူးတင်ကြတယ်။ ကျွန်တော်တို့ကို ကူညီပေးရလို့ အဲဒီညီအစ်ကို/မတွေ ပျော်ရွှင်မှု ခံစားကြရတယ်။ ကျွန်တော်တို့လည်း ညီအစ်ကို/မတွေကို ကူညီပေးခြင်းအားဖြင့် အဲဒီလို ပျော်ရွှင်မှု ခံစားနိုင်ပါတယ်။ အဲဒီနည်းတွေ ဒါမှမဟုတ် တခြားနည်းတွေနဲ့ ယေဟောဝါရဲ့ အမှုတော်မှာ ပိုပါဝင်ချင်တယ်ဆိုရင် ဘာက ကူညီပေးနိုင်သလဲ။ သတ်သတ်မှတ်မှတ် မဟုတ်တဲ့ ပန်းတိုင် ချတာမျိုးကို ရှောင်ပါ။ ဥပမာ၊ ‘အသင်းတော်မှာ ပိုလုပ်ဆောင်ချင်တယ်’ ဆိုပြီး စဉ်းစားမိနိုင်တယ်။ ဒါပေမဲ့ အဲဒီလို ပန်းတိုင်မျိုးကို ဘယ်အချိန်မှာ ဘယ်လို ပြည့်မီနိုင်မလဲဆိုတာ သိဖို့ ခက်နိုင်တယ်။ ဒါကြောင့် သတ်သတ်မှတ်မှတ်၊ တိတိကျကျ ပန်းတိုင် ချမှတ်ပါ။ အဲဒီပန်းတိုင်ကို ချရေးပါ။ ဘယ်လို ပြည့်မီအောင် လုပ်မယ်ဆိုတာလည်း ချရေးပါ။ w22.04 ၂၅ ¶၁၂-၁၃
ဗုဒ္ဓဟူးနေ့၊ ဧပြီ ၃
လူလူချင်းကို ကိုယ်နဲ့ ထပ်တူ ချစ်ပါ။—ယာ. ၂:၈။
အခု “လူအုပ်ကြီး” ကို ယေဟောဝါ စုသိမ်းနေတယ်။ နိုင်ငံတော်မှာ နေထိုင်နိုင်ဖို့ လေ့ကျင့်ပေးနေတယ်။ (ဗျာ. ၇:၉၊ ၁၀) မုန်းတီးမှုနဲ့ စစ်ပွဲတွေကြောင့် ဒီလောက ကွဲပြားနေပေမဲ့ လူအုပ်ကြီးကတော့ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး မုန်းတီးမှုတွေကို ကျော်ဖြတ်နိုင်ဖို့ ကြိုးစားနေကြတယ်။ ဓားကို ထယ်သွား ဖြစ်အောင် ထုလုပ်နေကြောင်း လုပ်ရပ်နဲ့ ပြနေကြတယ်။ (မိ. ၄:၃) လူပေါင်းများစွာကို သေစေတဲ့ စစ်ပွဲတွေမှာ ပါဝင်မယ့်အစား စစ်မှန်တဲ့ ဘုရားအကြောင်း၊ ဘုရားရဲ့ ရည်ရွယ်ချက်တွေအကြောင်း လူတွေကို သင်ပေးခြင်းအားဖြင့် “စစ်မှန်တဲ့ အသက်” ရအောင် ကူညီပေးနေကြတယ်။ (၁ တိ. ၆:၁၉) ဘုရားနိုင်ငံတော်ကို ထောက်ခံလို့ မိသားစု ဆန့်ကျင်မှု၊ ငွေကြေး ခက်ခဲမှုတွေ ကြုံရနိုင်ပေမဲ့ လိုအပ်တာ ရဖို့ ယေဟောဝါ ကူညီပေးတယ်။ (မ. ၆:၂၅၊ ၃၀-၃၃။ လု. ၁၈:၂၉၊ ၃၀) ဒီအချက်တွေက ဘုရားနိုင်ငံတော် တကယ် တည်ရှိကြောင်း၊ ဘုရား ရည်ရွယ်ချက်ကို ဆက်ပြည့်စုံစေမှာ ဖြစ်ကြောင်း စိတ်ချစေတယ်။ w22.12 ၆ ¶၁၃
ကြာသပတေးနေ့၊ ဧပြီ ၄
အာမင်။ သခင်ယေရှု၊ ကြွလာပါ။—ဗျာ. ၂၂:၂၀။
အနှစ် ၁၀၀၀ ကုန်တဲ့အခါ မြေကြီးပေါ် အသက်ရှင်သူအားလုံး ပြည့်ဝစုံလင်လာမယ်။ အာဒံဆီက အမွေရခဲ့တဲ့ အပြစ်ရဲ့ ဆိုးကျိုးကို ဘယ်သူမှ မခံစားရတော့ဘူး။ (ရော. ၅:၁၂) အာဒံ့အပြစ်ကြောင့် ကျိန်စာသင့်နေတာ ပျက်ပြယ်သွားမယ်။ အဲဒီသဘောနဲ့ အနှစ် ၁၀၀၀ အကုန်မှာ မြေကြီးပေါ်မှာ ပြည့်ဝစုံလင်တဲ့ လူသားတွေ “အသက်ရှင်ရလိမ့်မယ်။” (ဗျာ. ၂၀:၅) သစ္စာသမာဓိ ချိုးဖောက်ဖို့ စာတန် သွေးဆောင်တဲ့အခါ ယေရှု ငြင်းပယ်ခဲ့တယ်။ သစ္စာရှိရှိ ရပ်တည်ခဲ့တယ်။ စမ်းသပ်ဖို့ စာတန် နောက်တစ်ကြိမ် အခွင့်အရေး ရတဲ့အခါ ပြည့်ဝစုံလင်တဲ့ လူသားအားလုံး ယေရှုလိုပဲ တုံ့ပြန်ကြမလား။ အနှစ် ၁၀၀၀ အကုန် တွင်းနက်ကြီးထဲကနေ စာတန် လွတ်လာချိန်မှာ ယောက်တိုင်း အဲဒီမေးခွန်းကို ဖြေရပါလိမ့်မယ်။ (ဗျာ. ၂၀:၇) ဒီနောက်ဆုံး စမ်းသပ်မှုမှာ သစ္စာရှိသူတွေဟာ ထာဝရအသက်နဲ့ စစ်မှန်တဲ့ လွတ်လပ်မှု ရမယ်။ (ရော. ၈:၂၁) ပုန်ကန်သူတွေကတော့ ထာဝရ ဖျက်ဆီးခံရမယ်။—ဗျာ. ၂၀:၈-၁၀။ w22.05 ၁၉ ¶၁၈-၁၉
သောကြာနေ့၊ ဧပြီ ၅
မင်းလည်း သူ့ဖနောင့်ကို ပေါက်ရလိမ့်မယ်။—က. ၃:၁၅။
ဂျူးတွေ၊ ရောမတွေကို အသုံးချပြီး ဘုရားသားတော်ကို စာတန် သတ်ပစ်ချိန်မှာ အဲဒီပရောဖက်ပြုချက် ပြည့်စုံခဲ့တယ်။ (လု. ၂၃:၁၃၊ ၂၀-၂၄) ပကတိ ဖနောင့်ဒဏ်ရာကြောင့် လူတစ်ယောက် ခဏတစ်ဖြုတ် လမ်းမလျှောက်နိုင်သလိုပဲ ယေရှု သင်္ချိုင်းမှာ သုံးရက်ကြာ ရှိနေစဉ် ဘာမှ မလုပ်နိုင်ခဲ့ဘူး။ (မ. ၁၆:၂၁) ကမ္ဘာဦး ၃:၁၅ ပါ ပရောဖက်ပြုချက် ပြည့်စုံဖို့ဆိုရင် ယေရှု သင်္ချိုင်းမှာပဲ အဆုံးသတ်သွားလို့ မရဘူး။ ဘာကြောင့်လဲ။ မြွေရဲ့ ခေါင်းကို ကြိတ်ရဦးမှာမို့လို့ပဲ။ ဒါကြောင့် ပြန်ထမြောက်ရမယ်။ တကယ်လည်း သေဆုံးပြီး သုံးရက်မြောက်နေ့မှာ မသေနိုင်တဲ့ နာမ်ဝိညာဉ် ပုဂ္ဂိုလ်အဖြစ် ပြန်ထမြောက်လာတယ်။ ဘုရား သတ်မှတ်ထားချိန်မှာ စာတန်ကို ယေရှု ဖျက်ဆီးပါလိမ့်မယ်။ (ဟီ. ၂:၁၄) ဘုရားရန်သူ ဖြစ်တဲ့ မြွေရဲ့ မျိုးနွယ်အားလုံးကို ဖျက်ဆီးချိန်မှာ ခရစ်တော်နဲ့အတူ တွဲဖက်အုပ်ချုပ်သူတွေ ပူးပေါင်းပါဝင်မယ်။—ဗျာ. ၁၇:၁၄။ ၂၀:၄၊ ၁၀။ w22.07 ၁၆ ¶၁၁-၁၂
စနေနေ့၊ ဧပြီ ၆
ဉာဏ်ပညာ ရှိသူနဲ့ ပေါင်းဖော်ရင် ဉာဏ်ပညာ ရှိလာမယ်။—ပညာ. ၁၃:၂၀။
မိဘတို့၊ အပေါင်းအသင်းကောင်း ရွေးချယ်ဖို့ သားသမီးတွေကို ကူညီပေးပါ။ အပေါင်းအသင်းက ကိုယ့်အပေါ် ကောင်းကျိုး၊ ဆိုးကျိုး သက်ရောက်နိုင်တယ်လို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ ကိုယ့်သားသမီးရဲ့ အပေါင်းအသင်းတွေကို သိသလား။ ယေဟောဝါကို ချစ်တဲ့သူတွေနဲ့ သားသမီးတွေ မိတ်ဆွေ ဖြစ်လာဖို့ ဘယ်လို ကူညီပေးနိုင်သလဲ။ (၁ ကော. ၁၅:၃၃) ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိသူတွေနဲ့ သားသမီးတွေ ပေါင်းဖြစ်အောင် စီစဉ်ပေးခြင်းအားဖြင့် ကူညီပေးနိုင်တယ်။ (ဆာ. ၁၁၉:၆၃) တိုနီလို့ ခေါ်တဲ့ ဖခင်တစ်ယောက် ဒီလိုပြောတယ်– “အသက်အရွယ်၊ နောက်ခံ အမျိုးမျိုး ရှိတဲ့ ညီအစ်ကို/မတွေကို အိမ်ခေါ်လည်တယ်။ အတူတူ စားသောက်ကြတယ်။ မိသားစု ဝတ်ပြုမှု လုပ်ကြတယ်။ ဒါက ယေဟောဝါကို ချစ်တဲ့သူ၊ ပျော်ရွှင်စွာ အမှုဆောင်နေသူတွေနဲ့ ရင်းနှီးစေမယ့် နည်းလမ်းကောင်းပါပဲ။ . . . သူတို့ရဲ့ အတွေ့အကြုံ၊ ထက်သန်မှု၊ ကိုယ်ကျိုးစွန့် စိတ်ဓာတ်က သားသမီးတွေအပေါ် အကြီးအကျယ် ဩဇာသက်ရောက်တယ်။ ယေဟောဝါနဲ့ ရင်းနှီးလာစေတယ်။” w22.05 ၂၉-၃၀ ¶၁၄-၁၅
တနင်္ဂနွေနေ့၊ ဧပြီ ၇
ကမ္ဘာမြေမှာ ခင်ဗျားတို့ ချည်နှောင်သမျှ ကောင်းကင်မှာ ချည်နှောင်ပြီးသား ဖြစ်လိမ့်မယ်။—မ. ၁၈:၁၈။
အပြစ်လုပ်ထားသူနဲ့ အကြီးအကဲတွေ တွေ့တဲ့အခါ ရည်ရွယ်ချက်က ကောင်းကင်ပေါ်မှာ ယေဟောဝါ ချထားပြီးသား ဆုံးဖြတ်ချက်အတိုင်း မြေကြီးပေါ်မှာ ဆုံးဖြတ်နိုင်ဖို့ ဖြစ်တယ်။ ဒီအစီအစဉ်က အသင်းတော်ကို ဘယ်လို အကျိုးပြုသလဲ။ နောင်တမရတဲ့ အပြစ်လုပ်သူ အသင်းတော်ထဲ ဆက်ရှိမနေဖို့၊ ယေဟောဝါရဲ့ အဖိုးတန် သိုးတွေကို အန္တရာယ် မပြုနိုင်စေဖို့ ကူညီပေးတယ်။ (၁ ကော. ၅:၆၊ ၇၊ ၁၁-၁၃။ တိ. ၃:၁၀၊ ၁၁) အပြစ်လုပ်သူ နောင်တရဖို့၊ ယေဟောဝါရဲ့ ခွင့်လွှတ်မှုကနေ အကျိုးရဖို့လည်း ကူညီပေးတယ်။ (လု. ၅:၃၂) ဘုရားနဲ့ ဆက်ဆံရေး ပြန်ကောင်းလာအောင် ကူညီပေးဖို့ နောင်တရသူအတွက် အကြီးအကဲတွေ ဆုတောင်းပေးကြတယ်။ (ယာ. ၅:၁၅) အပြစ်လုပ်ထားသူဟာ အကြီးအကဲတွေနဲ့ တွေ့တဲ့အချိန်မှာ နောင်တမရဘူး ဆိုပါစို့။ ဒါဆိုရင် အသင်းတော်ကနေ နှင်ထုတ်ခံရပါလိမ့်မယ်။ နောက်ပိုင်း၊ အပြစ်လုပ်သူ အသိတရား ရပြီး တကယ် နောင်တရတယ်၊ ပြောင်းလဲတယ်ဆိုရင် ယေဟောဝါ ခွင့်လွှတ်ဖို့ အသင့်ရှိတယ်။ (လု. ၁၅:၁၇-၂၄) ကြီးလေးတဲ့ အပြစ် လုပ်ထားတယ်ဆိုရင်တောင် ခွင့်လွှတ်ပေးတယ်။—၂ ရာ. ၃၃:၉၊ ၁၂၊ ၁၃။ ၁ တိ. ၁:၁၅။ w22.06 ၉ ¶၅-၆
တနင်္လာနေ့၊ ဧပြီ ၈
သတိရှိပြီး နိုးနိုးကြားကြား နေကြပါ။ ရန်သူ မာရ်နတ်က ဟိန်းဟောက်နေတဲ့ ခြင်္သေ့လို တစ်ယောက်ယောက်ကို ဝါးမျိုဖို့ လှည့်လည်ရှာဖွေနေတယ်။—၁ ပေ. ၅:၈။
ယေဟောဝါရဲ့ အကူအညီကြောင့် ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ ခရစ်ယာန်တွေဟာ ခက်ခဲတဲ့ အခြေအနေတွေ ခံရပ်ရာမှာ၊ မာရ်နတ်ကို ခုခံတွန်းလှန်ရာမှာ အောင်မြင်နေကြတယ်။ (၁ ပေ. ၅:၉) သင်လည်း အောင်မြင်နိုင်ပါတယ်။ မကြာခင်၊ “မာရ်နတ် လုပ်သမျှကို ချေဖျက်ဖို့” ယေရှုနဲ့ တွဲဖက်အုပ်ချုပ်သူတွေကို ယေဟောဝါ ညွှန်ကြားတော့မယ်။ (၁ ယော. ၃:၈) အဲဒီအချိန်ပြီးရင် ကမ္ဘာပေါ်မှာ ရှိတဲ့ ဘုရားလူမျိုးဟာ “ဘာကိုမှ ကြောက်ရမှာ မဟုတ်ဘူး။ ကြောက်စရာအကြောင်း လုံးဝ ရှိမှာ မဟုတ်ဘူး။” (ဟေရှာ. ၅၄:၁၄။ မိ. ၄:၄) အဲဒီအချိန် မတိုင်ခင်တော့ ကြောက်စိတ်တွေကို တိုက်ထုတ်ဖို့ ကျွန်တော်တို့ ကြိုးစားနေရမယ်။ ကျေးကျွန်တွေကို ယေဟောဝါ ချစ်တယ်၊ ကာကွယ်ပေးတယ်ဆိုတဲ့ ယုံကြည်စိတ်ချမှု ခိုင်မာအောင် လုပ်နေရမယ်။ အတိတ်က ကျေးကျွန်တွေကို ယေဟောဝါ ဘယ်လို ကာကွယ်ပေးခဲ့ကြောင်း တွေးတော၊ ဆွေးနွေးခြင်းက အကူအညီ ဖြစ်စေပါလိမ့်မယ်။ ခက်ခဲတဲ့ အခြေအနေတွေကို ကျွန်တော်တို့ ခံရပ်နိုင်အောင် ဘုရား ကူညီပေးခဲ့ပုံကိုလည်း သတိရရမယ်။ ကြောက်စိတ်တွေကို ယေဟောဝါရဲ့ အကူအညီနဲ့ ကျွန်တော်တို့ တိုက်ထုတ်နိုင်ကြပါလိမ့်မယ်။—ဆာ. ၃၄:၄။ w22.06 ၁၉ ¶၁၉-၂၀
အင်္ဂါနေ့၊ ဧပြီ ၉
သံနဲ့ ရွှံ့စေး ရောနေတဲ့ ခြေဖဝါးနဲ့ ခြေဖမိုးကို တိုက်ချခြေမွှပစ်တယ်။—ဒံ. ၂:၃၄။
“သံနဲ့ ရွှံ့စေး ရောနေတဲ့ ခြေဖဝါးနဲ့ ခြေဖမိုး” အဖြစ် ဒံယေလကျမ်းမှာ ဖော်ပြထားတဲ့ ကမ္ဘာ့အာဏာစက် ပေါ်လာပြီ။ ပထမ ကမ္ဘာစစ်အတွင်း ဗြိတိန်နဲ့ အမေရိကန် ပေါင်းပြီး အင်္ဂလိပ်-အမေရိကန် မဟာမိတ်အဖွဲ့ ဖြစ်လာချိန်မှာ စပေါ်လာတာ။ အရင် အစိုးရတွေနဲ့ အဲဒီကမ္ဘာ့အာဏာစက် ကွာခြားမယ့် အချက်ကိုလည်း နေဗုခဒ်နေဇာရဲ့ အိပ်မက်ထဲက ရုပ်တု ဖော်ပြတယ်။ စိတ်အာရုံမှာ ပါတဲ့ အရင် ကမ္ဘာ့အာဏာစက်တွေနဲ့ မတူဘဲ အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်ဟာ ရွှေ၊ ငွေလို သတ္တုမာနဲ့ လုပ်ထားတာ မဟုတ်ဘဲ သံတစ်ဝက် ရွှံ့စေးတစ်ဝက် ရောနေတယ်။ ရွှံ့စေးဟာ “လူအမျိုးမျိုး၊” တစ်နည်းအားဖြင့် “သာမန်လူတန်းစားတွေ” ကို ဆိုလိုတယ်။ (ဒံ. ၂:၄၃၊ အောက်ခြေမှတ်ချက်) ရွေးကောက်ပွဲတွေ၊ နိုင်ငံသား ရပိုင်ခွင့် အရေးဆိုမှု၊ လူထုဆန္ဒပြပွဲ၊ အလုပ်သမား သမဂ္ဂတွေမှာ ပြည်သူလူထုရဲ့ ဩဇာလွှမ်းမိုးမှုက ဒီကမ္ဘာ့အာဏာစက် ထင်တိုင်းကြဲလို့ မရအောင် အားပျော့စေတာ အထင်အရှား မြင်နေရတယ်။ w22.07 ၄-၅ ¶၉-၁၀
ဗုဒ္ဓဟူးနေ့၊ ဧပြီ ၁၀
ကျွန်တော့်ကို စေလွှတ်တဲ့အရှင်ရဲ့ အလိုတော်ကို ဆောင်တာ . . . ကျွန်တော့်အတွက် စားစရာပဲ။—ယော. ၄:၃၄။
နှစ်ခြင်းခံဖို့ တွန့်ဆုတ်နေတယ်ဆိုရင် ‘ဘာကြောင့်လဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ (တ. ၈:၃၆) ဖခင်ရဲ့ အလိုဆောင်တာကို စားစရာနဲ့ ယေရှု နှိုင်းယှဉ်တယ်။ ဘာကြောင့်လဲ။ အစားအစာက ကျွန်တော်တို့ကို အကျိုးပြုသလို ယေဟောဝါရဲ့ တောင်းဆိုချက် မှန်သမျှ အကျိုးပြုမှန်း ယေရှု သိတယ်။ ယေဟောဝါ တောင်းဆိုတဲ့အရာထဲမှာ သင် နှစ်ခြင်းခံတာ ပါတယ်။ (တ. ၂:၃၈) သင် အကျိုးယုတ်မယ့်အရာ ဘာတစ်ခုမှ ယေဟောဝါ မတောင်းဆိုဘူး။ ဒါကြောင့် နှစ်ခြင်းခံပါဆိုတဲ့ တောင်းဆိုချက်ကို လိုက်နာရင် အကျိုးရှိမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။ အစားကောင်း စားဖို့ ကျွန်တော်တို့ မတွန့်ဆုတ်ကြဘူး။ ဒါဆိုရင် နှစ်ခြင်းခံဖို့ကျမှ ဘာကြောင့် တွန့်ဆုတ်နေမလဲ။ ဘာကြောင့် စောင့်နေသလဲ။ “အဆင်သင့်မဖြစ်သေးလို့” ဆိုပြီး လူများစွာ ဖြေကြပါလိမ့်မယ်။ မှန်ပါတယ်၊ ယေဟောဝါဆီ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံဖို့ ဆုံးဖြတ်ချက်ဟာ အရေးကြီးဆုံး ဆုံးဖြတ်ချက် ဖြစ်တယ်။ ဒါကြောင့် သေသေချာချာ စဉ်းစားဖို့၊ အချိန်ယူဖို့၊ ဝီရိယရှိရှိ ကြိုးစားအားထုတ်ဖို့ လိုတယ်။ w23.03 ၇ ¶၁၈-၂၀
ကြာသပတေးနေ့၊ ဧပြီ ၁၁
တစ်ယောက်သောသူ ခရစ်တော်ကို ရည်ညွှန်းပြီး “မင်းရဲ့မျိုးနွယ်” လို့ ပြောထားတယ်။—ဂလ. ၃:၁၆။
ယေရှု ဘိသိက်ပေးခံရချိန်မှာ မိန်းမ မျိုးနွယ်ရဲ့ အဓိက အပိုင်း ဖြစ်လာတယ်။ ယေရှု သေဆုံး၊ ရှင်ပြန်ထမြောက်ပြီးနောက် ဘုရားက “ဘုန်းအသရေ၊ ဂုဏ်အသရေနဲ့ ချီးမြှောက်တယ်။” “မာရ်နတ် လုပ်သမျှကို ချေဖျက်ဖို့” အခွင့်အာဏာ အပါအဝင် “ကောင်းကင်မှာရော မြေကြီးမှာပါ အခွင့်အာဏာ ရှိသမျှကို” ပေးတယ်။ (ဟီ. ၂:၇။ ၁ ယော. ၃:၈။ မ. ၂၈:၁၈) မျိုးနွယ်ရဲ့ ဒုတိယ အပိုင်း ရှိသေးတယ်။ ဂျူးလူမျိုးနဲ့ လူမျိုးခြား ဘိသိက်ခံ ခရစ်ယာန်တွေကို “ခင်ဗျားတို့ဟာ ခရစ်တော် ပိုင်ဆိုင်သူတွေ ဖြစ်တဲ့အတွက် အာဗြဟံရဲ့ မျိုးနွယ်စစ်စစ်ပဲ၊ ကတိတော်ကို အမွေခံရမယ့်သူတွေပဲ” လို့ တမန်တော် ပေါလု ပြောချိန်မှာ ဒုတိယ အပိုင်း ဘယ်သူလဲဆိုတာ ဖော်ပြခဲ့တယ်။ (ဂလ. ၃:၂၈၊ ၂၉) ခရစ်ယာန်တစ်ယောက် သန့်ရှင်းသော စွမ်းအားတော်နဲ့ ဘိသိက်ပေးခံရချိန်မှာ မိန်းမ မျိုးနွယ်အဝင် ဖြစ်လာတယ်။ ဒါကြောင့် မျိုးနွယ်မှာ ယေရှုခရစ်၊ တွဲဖက်အုပ်ချုပ်သူ ၁၄၄,၀၀၀ တို့ ပါဝင်တယ်။ (ဗျာ. ၁၄:၁) သူတို့အားလုံး အဖ ယေဟောဝါဘုရားလို တွေးခေါ်၊ ပြုမူဖို့ ကြိုးစားကြတယ်။ w22.07 ၁၆ ¶၈-၉
သောကြာနေ့၊ ဧပြီ ၁၂
အသက်ရှင်ရတာကို ရွံမုန်းလှပြီ။ ဆက်အသက် မရှင်ချင်တော့ဘူး။—ယောဘ ၇:၁၆။
ဒီနောက်ဆုံးကာလမှာ အခက်အခဲတွေ ကြုံရမှာကို ကျွန်တော်တို့ မျှော်လင့်ထားကြတယ်။ (၂ တိ. ၃:၁) အထူးသဖြင့် အခက်အခဲ တစ်ခုပြီးတစ်ခု ဒါမှမဟုတ် တစ်ပြိုင်တည်း ကြုံရတဲ့အခါ စိတ်ဓာတ်ကျပြီး ကြံရာမရ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို ယေဟောဝါ ကြည့်ရှုနေကြောင်း၊ ဘုရားအကူအညီနဲ့ ဘာမဆို ရင်ဆိုင်နိုင်မှာ ဖြစ်ကြောင်း သတိရပါ။ သစ္စာရှိသူ ယောဘအကြောင်း စဉ်းစားကြည့်ပါ။ အချိန်တစ်ခဏအတွင်း အဖြစ်ဆိုးတွေ ကြုံလိုက်ရတယ်။ တစ်ရက်တည်းမှာပဲ တိရစ္ဆာန်အုပ်တွေ ဆုံးရှုံးသွားတယ်။ ကျွန်တွေ၊ ချစ်ရတဲ့ သားသမီးတွေ သေဆုံးသွားတယ်။ (ယောဘ ၁:၁၃-၁၉) ဝမ်းနည်းပူဆွေးနေတုန်းမှာပဲ ကိုယ်တိုင် ရောဂါဆိုး ခံလိုက်ရတယ်။ (ယောဘ ၂:၇) ယောဘကို ယေဟောဝါ ကြည့်ရှုနေတယ်။ ယောဘကို ချစ်လို့ အခက်အခဲတွေကို အောင်အောင်မြင်မြင် ခံရပ်နိုင်ဖို့ ကူညီပေးတယ်။ w22.08 ၁၁ ¶၈-၁၀
စနေနေ့၊ ဧပြီ ၁၃
ယေဟောဝါက ချစ်ရသူတွေကို ဆုံးမတတ်လို့ပဲ။—ဟီ. ၁၂:၆။
ဆုံးမခံရတဲ့အခါ နာကျင်ခံစားမိနိုင်တယ်။ ဆုံးမမှုကို လျှော့ပေါ့တွေးမိနိုင်တယ်။ မတရားဘူး၊ ကြမ်းတမ်းလွန်းတယ်လို့တောင် ခံစားမိနိုင်တယ်။ ရလဒ်အနေနဲ့ ကျွန်တော်တို့ကို ချစ်လို့ ယေဟောဝါ ဆုံးမတယ်ဆိုတဲ့ အချက်ကို မေ့သွားနိုင်တယ်။ (ဟီ. ၁၂:၅၊ ၁၁) ဒါကြောင့် ဆုံးမမှုကို လက်ခံပါ။ လိုအပ်သလို ပြုပြင်ပြောင်းလဲပါ။ တခြားတမန်တော်တွေရှေ့မှာ ပေတရုကို ယေရှု တစ်ကြိမ်ထက်မက ဆုံးမပဲ့ပြင်ခဲ့တယ်။ (မာ. ၈:၃၃။ လု. ၂၂:၃၁-၃၄) ဒါကြောင့် ပေတရု အရှက်ရမိနိုင်တယ်။ ဒါပေမဲ့ ယေရှုအပေါ် ဆက်သစ္စာစောင့်သိတယ်။ ဆုံးမမှုကို လက်ခံတယ်။ အမှားတွေကနေ သင်ယူတယ်။ ပေတရုရဲ့ သစ္စာစောင့်သိမှုကို ယေဟောဝါ ဆုချတယ်။ အသင်းတော်မှာ တာဝန်ကြီးတွေ ပေးအပ်ခဲ့တယ်။ (ယော. ၂၁:၁၅-၁၇။ တ. ၁၀:၂၄-၃၃။ ၁ ပေ. ၁:၁) ဆုံးမခံရလို့ နာကျင်ခံစားရတာကိုပဲ အာရုံစိုက်မယ့်အစား ဆုံးမမှုကို လက်ခံမယ်၊ လိုအပ်သလို ပြုပြင်ပြောင်းလဲမယ်ဆိုရင် ကိုယ်တိုင်ကော တခြားသူတွေပါ အကျိုးရမယ်။ ယေဟောဝါနဲ့ ညီအစ်ကို/မတွေအတွက် ပိုအသုံးဝင်လာမယ်။ w22.11 ၂၁-၂၂ ¶၆-၇
တနင်္ဂနွေနေ့၊ ဧပြီ ၁၄
[အိဇက်] ကို ပူဇော်ပါ။—က. ၂၂:၂။
မဖြောင့်မတ်တဲ့၊ မေတ္တာမဲ့တဲ့ လုပ်ရပ် ယေဟောဝါ ဘယ်တော့မှ မလုပ်ဘူးဆိုတာ အာဗြဟံ သိတယ်။ တမန်တော် ပေါလုရဲ့ စကားအရ ချစ်သား အိဇက်ကို ယေဟောဝါ ပြန်ထမြောက်ပေးနိုင်တယ်ဆိုတာ အာဗြဟံ ယုံတယ်။ (ဟီ. ၁၁:၁၇-၁၉) ဒါ့အပြင် အိဇက်ဟာ လူမျိုးကြီးရဲ့ ဖခင် ဖြစ်လာမယ်လို့ ယေဟောဝါ ကတိပေးထားတယ်။ အဲဒီအချိန်မှာ အိဇက် သားသမီး မရသေးဘူး။ ဘာပဲဖြစ်ဖြစ် ဖြောင့်မှန်တာကို ဘုရား အမြဲ လုပ်မယ်ဆိုတာ အာဗြဟံ ယုံတယ်။ ဘုရားကို ချစ်တယ်။ ခက်ပေမဲ့ ယုံကြည်ခြင်းကြောင့် နာခံခဲ့တယ်။ (က. ၂၂:၁-၁၂) အာဗြဟံကို ကျွန်တော်တို့ ဘယ်လို အတုယူနိုင်သလဲ။ အာဗြဟံလိုပဲ ယေဟောဝါအကြောင်း ဆက်လေ့လာနေရမယ်။ ဒါဆိုရင် ဘုရားနဲ့ ပိုရင်းနှီးချစ်ခင်လာမယ်။ (ဆာ. ၇၃:၂၈) အမှားအမှန် သိစိတ်ဟာ ဘုရားရဲ့ စဉ်းစားပုံနဲ့ ကိုက်ညီလာမယ်။ (ဟီ. ၅:၁၄) အမှားလုပ်ဖို့ သွေးဆောင်ခံရတဲ့အခါ ငြင်းပယ်နိုင်မယ်။ ဘုရား စိတ်ထိခိုက်မယ့်၊ ဘုရားနဲ့ ဆက်ဆံရေး ထိခိုက်မယ့်အရာ တစ်ခုခု လုပ်ဖို့ စဉ်းတောင် စဉ်းစားမှာ မဟုတ်ဘူး။ w22.08 ၂၈-၂၉ ¶၁၁-၁၂
တနင်္လာနေ့၊ ဧပြီ ၁၅
စိုးရိမ်ပူပန်မှုဟာ စိတ်ဓာတ်ကျစေတယ်။ ကောင်းတဲ့စကားကတော့ စိတ်အားတက်စေတယ်။—ပညာ. ၁၂:၂၅။
လုတ္တရမြို့၊ အိကောနိမြို့၊ အန္တိအုတ်မြို့ဆီ ပြန်လည်ပတ်ချိန်မှာ တမန်တော် ပေါလုနဲ့ ဗာနဗက “အသင်းတော်တိုင်းမှာ အကြီးအကဲတွေ ခန့်အပ်တယ်။” (တ. ၁၄:၂၁-၂၃) အဲဒီအကြီးအကဲတွေဟာ အသင်းတော်အတွက် နှစ်သိမ့်မှု ဖြစ်စေခဲ့မှာပဲ။ ဒီနေ့ခေတ်လည်း အဲဒီလိုပဲ။ အကြီးအကဲတို့၊ “ကောင်းတဲ့စကား၊” အားပေးစကား ကြားဖို့ လိုအပ်နေသူတွေကို ကူညီဖို့ အသင့်ရှိကြပါ။ အခက်အခဲတွေကို ဘုရားပေး ခွန်အားနဲ့ ခံရပ်ခဲ့တဲ့ ‘တိမ်ထုကြီးလို များတဲ့ သက်သေတွေ’ အကြောင်း ယုံကြည်သူချင်းတွေကို ပေါလု သတိရစေတယ်။ (ဟီ. ၁၂:၁) အခက်အခဲ အမျိုးမျိုးကို အောင်မြင်စွာ ခံရပ်ခဲ့တဲ့ အတိတ်က ကျေးကျွန်တွေရဲ့ ဘဝအတ္ထုပ္ပတ္တိတွေက ညီအစ်ကို/မတွေ သတ္တိရှိဖို့၊ “အသက်ရှင်နေတဲ့ ဘုရားသခင်ရဲ့ မြို့တော်” ကို ဆက်အာရုံစိုက်ဖို့ ကူညီပေးနိုင်တယ်ဆိုတာ ပေါလု သိတယ်။ (ဟီ. ၁၂:၂၂) ဒီနေ့လည်း အလားတူပါပဲ။ ဂိဒေါင်၊ ဗာရက်၊ ဒါဝိဒ်၊ ရှမွေလနဲ့ တခြားသူတွေကို ယေဟောဝါ ကူညီပေးပုံအကြောင်း ဖတ်ရတဲ့အခါ ကျွန်တော်တို့ အားရှိကြတယ်။—ဟီ. ၁၁:၃၂-၃၅။ w22.08 ၂၁-၂၂ ¶၅-၆
အင်္ဂါနေ့၊ ဧပြီ ၁၆
သေလွန်သူတွေဟာ မိမိတို့အကျင့်တွေအတိုင်း တရားစီရင်ခံရတယ်။—ဗျာ. ၂၀:၁၃။
ဘယ် “အကျင့်တွေ” အတိုင်း ထမြောက်လာသူတွေ တရားစီရင်ခံရမလဲ။ မသေဆုံးခင် ကျင့်ခဲ့တဲ့ အကျင့်တွေအတိုင်းလား။ မဟုတ်ပါဘူး။ သေဆုံးချိန်မှာ အရင်က အပြစ်တွေရဲ့ လက်အောက်ကနေ လွတ်မြောက်သွားပြီဆိုတာ သတိရပါ။ ဒါကြောင့် မသေဆုံးခင် ကျင့်တဲ့ အကျင့်တွေကို ပြောနေတာ မဖြစ်နိုင်ဘူး။ ကမ္ဘာသစ်မှာ လေ့ကျင့်သွန်သင်ပေးတာကို သူတို့ ဘယ်လို တုံ့ပြန်၊ ကျင့်ကြံမလဲဆိုတာကို ဆိုလိုတာပါ။ ကမ္ဘာသစ်မှာ နောဧ၊ ရှမွေလ၊ ဒါဝိဒ်၊ ဒံယေလတို့လို သစ္စာရှိသူတွေတောင် ယေရှုခရစ်အကြောင်း သင်ယူပြီး ရွေးဖိုးကို ယုံကြည်သက်ဝင်ကြောင်း ပြဖို့ လိုရင် မဖြောင့်မတ်သူတွေဆိုရင် ပိုလို့တောင် လိုတာပေါ့။ ဒီအခွင့်ထူးကို ငြင်းပယ်သူတွေ ဘာဖြစ်သွားမလဲ။ ‘အသက်စာစောင်မှာ စာရင်းမဝင်သူအားလုံး မီးအိုင်ထဲ ပစ်ချခံရတယ်’ လို့ ဗျာဒိတ် ၂၀:၁၅ မှာ ဖော်ပြထားတယ်။ ဒါကြောင့် သူတို့ ထာဝရ ဖျက်ဆီးခံရမယ်။ အသက်စာစောင်မှာ ကိုယ့်နာမည် ရှိနေဖို့၊ ဆက်ရှိနေဖို့ သိပ်ကို အရေးကြီးပါတယ်။ w22.09 ၁၉ ¶၁၇-၁၉
ဗုဒ္ဓဟူးနေ့၊ ဧပြီ ၁၇
ဘုရားသခင်ရှေ့၊ လူရှေ့မှာ ကြည်လင်တဲ့ အမှားအမှန်သိစိတ် ရှိနိုင်ဖို့ အမြဲ ကြိုးစားပါ။—တ. ၂၄:၁၆။
ကျန်းမာရေး၊ ဆေးကုသမှုတွေနဲ့ပတ်သက်လာရင် ကျမ်းစာနဲ့ လေ့ကျင့်ထားတဲ့ အမှားအမှန်သိစိတ်နဲ့အညီ ကျွန်တော်တို့ ဆုံးဖြတ်ကြတယ်။ (၁ တိ. ၃:၉) ဆုံးဖြတ်ချက် ချတဲ့အခါ၊ ဆုံးဖြတ်ချက်အကြောင်း တခြားသူတွေကို ပြောပြတဲ့အခါ “ခင်ဗျားတို့ရဲ့ အကျိုးသင့်အကြောင်းသင့် သဘောကို လူတိုင်း သိမြင်စေပါ” ဆိုတဲ့ ဖိလိပ္ပိ ၄:၅ ကို သတိရပါ။ အကျိုးသင့်အကြောင်းသင့် ရှိရင် ကိုယ့်ကျန်းမာရေးနဲ့ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်မှာ မဟုတ်ဘူး။ ကျွန်တော်တို့နဲ့ ဆုံးဖြတ်ပုံချင်း မတူရင်တောင် ညီအစ်ကို/မတွေကို ချစ်ခင်လေးစားကြတယ်။ (ရော. ၁၄:၁၀-၁၂) အသက်ကို ကာကွယ်စောင့်ရှောက်ခြင်း၊ အသက်ပင်ရင်း ယေဟောဝါဘုရားကို အကောင်းဆုံး ပေးဆက်ခြင်းအားဖြင့် ကျေးဇူးတင်ကြောင်း ပြကြတယ်။ (ဗျာ. ၄:၁၁) လောလောဆယ်တော့ ဖျားနာမှုတွေ၊ ဘေးအန္တရာယ်တွေ ကြုံကြရမယ်။ ဒါ ဖန်ဆင်းရှင်ရဲ့ ရည်ရွယ်ချက် မဟုတ်ဘူး။ မကြာခင် နာကျင်ခြင်း၊ သေခြင်း မရှိတဲ့ ထာဝရအသက် ပေးတော့မယ်။ (ဗျာ. ၂၁:၄) ဒီအတောအတွင်း ကျန်းကျန်းမာမာ ဘုရားအမှု ဆောင်နိုင်အောင် ဆက်ကြိုးစားကြရအောင်။ w23.02 ၂၅ ¶၁၇-၁၈
ကြာသပတေးနေ့၊ ဧပြီ ၁၈
မင်းကြီးရဲ့ နိုင်ငံကို ခွဲဝေပြီး မီးဒီးယားနဲ့ ပါးရှားလူမျိုးကို ပေးလိုက်ပြီ။—ဒံ. ၅:၂၈။
“အထက်အာဏာပိုင်တွေ” ထက် ကြီးမြတ်ကြောင်း ယေဟောဝါ အထင်အရှား ဖော်ပြတဲ့ ဥပမာသုံးခု သုံးသပ်ကြည့်ပါ။ (ရော. ၁၃:၁) အီဂျစ်ဘုရင် ဖာရောက ယေဟောဝါလူမျိုးကို ကျွန်ပြုထားပြီး လွှတ်ပေးဖို့ အကြိမ်ကြိမ် ငြင်းဆိုတယ်။ သူတို့ကို ဘုရား လွှတ်ပေးတယ်။ ဖာရောကိုတော့ ပင်လယ်နီမှာ အဆုံးစီရင်ခဲ့တယ်။ (ထွ. ၁၄:၂၆-၂၈။ ဆာ. ၁၃၆:၁၅) ဗာဗုလုန်ဘုရင် ဗေလရှာဇာ စားသောက်ပွဲ ကျင်းပနေတုန်း “ကောင်းကင်ဘုံရှင်ကို ဆန့်ကျင်ပြီး ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်” တဲ့အပြင် ယေဟောဝါအစား ‘ငွေဘုရား၊ ရွှေဘုရားတွေကို ချီးမွမ်းတယ်။’ (ဒံ. ၅:၂၂၊ ၂၃) အဲဒီမာနကြီးသူကို ဘုရား နှိမ့်ချလိုက်တယ်။ “အဲဒီညမှာပဲ” ဗေလရှာဇာ အသတ်ခံရတယ်။ သူ့နိုင်ငံကို မီးဒီးယား-ပါးရှားတွေ လက်ထဲ ဘုရား အပ်လိုက်တယ်။ (ဒံ. ၅:၃၀၊ ၃၁) ပါလက်စတိုင်း ဘုရင် ဟေရုဒ် အဂရိပ္ပက တမန်တော် ယာကုပ်ကို သတ်ပြီး တမန်တော် ပေတရုကို သတ်ပစ်ဖို့ ထောင်ချထားတယ်။ အဲဒီအကြံကို ဘုရား တားဆီးတယ်။ “သူ့ကို ယေဟောဝါရဲ့ ကောင်းကင်တမန် ဒဏ်ခတ်လိုက်တဲ့အတွက်” သေဆုံးသွားတယ်။—တ. ၁၂:၁-၅၊ ၂၁-၂၃။ w22.10 ၁၅ ¶၁၂
သောကြာနေ့၊ ဧပြီ ၁၉
ငါကလည်း မင်းတို့ ပြောတာကို နားထောင်မယ်။—ယေ. ၂၉:၁၂။
ရှေးသစ္စာရှိ ကျေးကျွန်တွေကို ယေဟောဝါ ဘယ်လို ဂရုစိုက်ကြောင်း ဖတ်ရတဲ့အခါ မျှော်လင့်ချက် ပိုခိုင်မာလာပါလိမ့်မယ်။ ကျမ်းစာမှာ ရေးထားသမျှဟာ “ကျွန်တော်တို့ကို သွန်သင်ဆုံးမဖို့ ဖြစ်တယ်။ ကျမ်းစာက ကျွန်တော်တို့ကို ခံနိုင်ရည်နဲ့ နှစ်သိမ့်မှု ပေးတဲ့အတွက် မျှော်လင့်ချက် ရှိစေတယ်။” (ရော. ၁၅:၄) ကတိတွေကို ယေဟောဝါ ဘယ်လို ပြည့်စုံစေကြောင်း တွေးတောပါ။ အာဗြဟံနဲ့ စာရာအတွက် ဘုရား ဘာလုပ်ပေးတယ်ဆိုတာ စဉ်းစားကြည့်ပါ။ သားသမီး မရနိုင်တော့တဲ့ အသက်အရွယ်မှာ သားတစ်ယောက် ရမယ်လို့ ဘုရား ကတိပေးတယ်။ (က. ၁၈:၁၀) အာဗြဟံ ဘယ်လို တုံ့ပြန်သလဲ။ ‘လူမျိုးများစွာရဲ့ ဖခင် ဖြစ်လာမယ် ဆိုတဲ့ ကတိတော်ကို’ အာဗြဟံ ‘ယုံကြည်တယ်’ လို့ ကျမ်းစာ ပြောတယ်။ (ရော. ၄:၁၈) လူ့ရှုထောင့်က ကြည့်ရင် မဖြစ်နိုင်ပုံ ပေါက်ပေမဲ့ ယေဟောဝါ ကတိ ပြည့်စုံစေမယ်ဆိုတာ အာဗြဟံ ယုံကြည်စိတ်ချတယ်။ အဲဒီသစ္စာရှိသူ စိတ်မပျက်ခဲ့ရပါဘူး။ (ရော. ၄:၁၉-၂၁) ကတိတွေကို ယေဟောဝါ ပြည့်စုံစေမယ်ဆိုတာ အမြဲ စိတ်ချနိုင်ကြောင်း အဲဒီလို မှတ်တမ်းတွေက သင်ပေးတယ်။ w22.10 ၂၇ ¶၁၃-၁၄
စနေနေ့၊ ဧပြီ ၂၀
မဟာသွန်သင်ရှင်ကို မင်းမျက်စိနဲ့ တပ်အပ်မြင်ရလိမ့်မယ်။—ဟေရှာ. ၃၀:၂၀။
ဂျူးတွေ သုံ့ပန်းဘဝကနေ လွတ်မြောက်ချိန်မှာ အဲဒီစကားတွေ ပြည့်စုံလာတယ်။ ယေဟောဝါဟာ သူတို့ရဲ့ မဟာသွန်သင်ရှင် ဖြစ်လာတယ်။ ဘုရားရဲ့ လမ်းညွှန်မှုကြောင့် စင်ကြယ်တဲ့ ဝတ်ပြုရေး ပြန်တည်ထောင်နိုင်ခဲ့တယ်။ ဒီနေ့ခေတ်မှာလည်း ယေဟောဝါကို မဟာသွန်သင်ရှင်အဖြစ် ရထားတာ တကယ့် ကောင်းချီးပါပဲ။ ယေဟောဝါရဲ့ သွန်သင်မှုကို ခံယူရတဲ့ ကျောင်းသားတွေအဖြစ် ကျွန်တော်တို့ကို ဟေရှာယ ပုံဖော်ထားတယ်။ “မဟာသွန်သင်ရှင်ကို မင်းမျက်စိနဲ့ တပ်အပ်မြင်ရလိမ့်မယ်” လို့ ပြောတယ်။ ကျောင်းသားတွေရှေ့ ရပ်နေတဲ့ ဆရာကို မြင်ယောင်မိစေတယ်။ ဒီနေ့ခေတ်၊ ဘုရားရဲ့ သွန်သင်ချက်ကနေ ကျွန်တော်တို့ အကျိုးခံစားနေရတာ အခွင့်ထူးပါပဲ။ ယေဟောဝါ ဘယ်လို သွန်သင်ပေးသလဲ။ အဖွဲ့အစည်းကတစ်ဆင့်ပါ။ အဖွဲ့အစည်းကတစ်ဆင့် ရှင်းလင်းတဲ့ လမ်းညွှန်ချက်တွေ ရနေလို့ ကျေးဇူးတင်စရာပါပဲ။ အစည်းအဝေး၊ စာပေ၊ ရုပ်သံ၊ တခြားနည်းတွေနဲ့ အဲဒီလမ်းညွှန်ချက်တွေ ရကြတယ်။ ဒါတွေက အခက်အခဲတွေကို ဝမ်းမြောက်စွာ ခံရပ်နိုင်ဖို့ ကူညီပေးတယ်။ w22.11 ၁၀ ¶၈-၉
တနင်္ဂနွေနေ့၊ ဧပြီ ၂၁
လောကစနစ်နိဂုံးပိုင်းကို ရောက်နေပြီဆိုတဲ့ နိမိတ်ဟာ ဘာလဲ။—မ. ၂၄:၃။
ဂျူးစနစ်အဆုံးသာမက ကျွန်တော်တို့ အသက်ရှင်နေတဲ့ “လောကစနစ် နိဂုံးပိုင်း” နဲ့ပတ်သက်ပြီး “အဲဒီနေ့၊ အဲဒီအချိန်ကို ဘယ်သူမှ မသိဘူး။ ကောင်းကင်တမန်တွေ မသိဘူး။ သားဖြစ်သူ ကျွန်တော်လည်း မသိဘူး။ အဖဘုရားပဲ သိတယ်” လို့ ယေရှု ပြောတယ်။ ပြီးနောက် “နိုးနိုးကြားကြား ရှိနေကြပါ၊” “သတိနဲ့ စောင့်နေကြပါ” လို့ တပည့်အားလုံးကို သတိပေးတယ်။ (မာ. ၁၃:၃၂-၃၇) ပထမရာစု ဂျူးခရစ်ယာန်တွေ နိုးကြားနေခဲ့ကြရတယ်။ အသက်ရေး ဖြစ်လို့ပါ။ နောက်လိုက်တွေကို ယေရှု ဒီလိုပြောတယ်– “ဂျေရုဆလင်မြို့ကို စစ်တပ် ဝိုင်းရံထားတာ ခင်ဗျားတို့ မြင်ရတဲ့အခါ ဒီမြို့ ပျက်စီးတော့မယ်ဆိုတာ သိလိုက်ပါ။” အဲဒီအချိန်ရောက်တဲ့အခါ ယေရှုရဲ့ သတိပေးချက်ကို နာခံပြီး “တောင်ပေါ်ကို ပြေး” ကြရမယ်။ (လု. ၂၁:၂၀၊ ၂၁) ဒီသတိပေးချက်ကို အာရုံစိုက်သူတွေဟာ ဂျေရုဆလင်မြို့ကို ရောမ ဖျက်ဆီးတဲ့အချိန် အသက်ရှင် လွတ်မြောက်သွားကြတယ်။ ဒီနေ့လည်း ဆိုးညစ်တဲ့စနစ် အဆုံးပိုင်းမှာ ကျွန်တော်တို့ အသက်ရှင်နေကြရတယ်။ ဒါကြောင့် သတိရှိပြီး နိုးနိုးကြားကြား ရှိနေကြရမယ်။ w23.02 ၁၄ ¶၁-၂။ ၁၆ ¶၃
တနင်္လာနေ့၊ ဧပြီ ၂၂
အမှန်တရားရဲ့ဘုရား ယေဟောဝါ။—ဆာ. ၃၁:၅။
ကျေးကျွန်တွေ ရိုးသားဖို့၊ ဖြောင့်မတ်ဖို့ ယေဟောဝါ သင်ပေးတယ်။ ဒါက ကိုယ့်ကိုယ်ကိုယ် လေးစားမှု၊ စိတ်ငြိမ်သက်မှု ရှိစေတယ်။ (ပညာ. ၁၃:၅၊ ၆) သင် ကျမ်းစာ လေ့လာတုန်းကလည်း ဘုရား အဲဒီလို သင်ပေးခဲ့မှာပဲ။ ဒီလိုနဲ့ ယေဟောဝါရဲ့ လမ်းစဉ်တွေဟာ လူတိုင်းအတွက်၊ ကိုယ့်အတွက် အကောင်းဆုံး ဖြစ်ကြောင်း သိလာတယ်။ (ဆာ. ၇၇:၁၃) ဘုရားရဲ့ ဖြောင့်မတ်မှုစံနှုန်းအတိုင်း နေချင်လာတယ်။ (မ. ၆:၃၃) အမှန်တရားဘက် ရပ်တည်ချင်လာတယ်။ ယေဟောဝါဘုရားအကြောင်း စာတန် ပြောတာတွေ မှားတယ်ဆိုတာ သက်သေထူချင်လာတယ်။ ဘယ်လို သက်သေထူနိုင်သလဲ။ စာတန့်အလိမ်အညာတွေကို ငြင်းပယ်ကြောင်း၊ အမှန်တရားဘက် ရပ်တည်ကြောင်း၊ ယေဟောဝါကို အချုပ်အခြာ အာဏာရှင်အဖြစ် လက်ခံကြောင်း၊ ဘုရား မိန့်မှာတဲ့အတိုင်း လုပ်ချင်ကြောင်း ပြရာရောက်မယ့် ဘဝလမ်းစဉ်ကို သင် ရွေးချယ်နိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။ ယေဟောဝါဆီ ဆုတောင်းပြီး ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံခြင်းအားဖြင့်ပါ။ အမှန်တရားနဲ့ ဖြောင့်မတ်မှုကို ချစ်မြတ်နိုးခြင်းက နှစ်ခြင်းခံဖို့ တွန်းအားပါပဲ။ w23.03 ၃ ¶၄-၅
အင်္ဂါနေ့၊ ဧပြီ ၂၃
ခင်ဗျားတို့ သိပ်မစိုးရိမ်ပါနဲ့။ မကြောက်ပါနဲ့။—ယော. ၁၄:၂၇။
ဒီလောကက လူတွေ မသိတဲ့ ငြိမ်သက်ခြင်းတစ်မျိုး ရှိတယ်။ “ဘုရားသခင့် ငြိမ်သက်ခြင်း” ပါ။ ကောင်းကင်ဘုံစံ အဖနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိလို့ ရတာပါ။ အဲဒီငြိမ်သက်မှု ရှိရင် ဘေးကင်းလုံခြုံတယ်လို့ ခံစားရတယ်။ (ဖိ. ၄:၆၊ ၇) ဘုရားကို ချစ်တဲ့သူတွေနဲ့ရော၊ “ငြိမ်သက်ခြင်းရဲ့ ဘုရားသခင်” နဲ့ပါ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိကြတယ်။ (၁ သက်. ၅:၂၃) ဘုရားကို သိကျွမ်းမယ်၊ ယုံကြည်ကိုးစားမယ်၊ နာခံမယ်ဆိုရင် ဘုရားသခင့် ငြိမ်သက်ခြင်းက ကျွန်တော်တို့ ဒုက္ခရောက်ချိန်မှာ စိုးရိမ်ပူပန်နေတဲ့ စိတ်နှလုံးကို တည်ငြိမ်စေနိုင်တယ်။ ကပ်ရောဂါ၊ သဘာဝဘေး၊ ပြည်တွင်း မငြိမ်သက်မှု၊ နှိပ်စက်ညှဉ်းပန်းမှု စတဲ့ ဒုက္ခတွေ ရင်ဆိုင်ရချိန်မှာ ဘုရားသခင့် ငြိမ်သက်ခြင်း ခံစားရဖို့ တကယ် ဖြစ်နိုင်သလား။ အဲဒီဒုက္ခ တစ်ခုမဟုတ် တစ်ခု ရင်ဆိုင်ရချိန်မှာ ကျွန်တော်တို့ ကြောက်သွားနိုင်တယ်။ ဒီနေ့ ကျမ်းချက်ပါ ယေရှုရဲ့ အကြံဉာဏ်ကို ညီအစ်ကို/မတွေ လိုက်လျှောက်နေကြတယ်။ ပြင်းထန်တဲ့ အခက်အခဲတွေ ရင်ဆိုင်ရချိန်မှာ ယေဟောဝါရဲ့ အကူအညီကြောင့် ငြိမ်သက်မှု ရနေကြတယ်။ w22.12 ၁၆ ¶၁-၂
ဗုဒ္ဓဟူးနေ့၊ ဧပြီ ၂၄
စွမ်းအားတော်ရဲ့ စေ့ဆော်မှုနဲ့ စိတ်ထက်သန်နေပါ။ ယေဟောဝါအတွက် အစေခံပါ။—ရော. ၁၂:၁၁။
ဘဝမှာ ကြုံရတဲ့ အခြေအနေ အားလုံးကို ကျွန်တော်တို့ မထိန်းချုပ်နိုင်ဘူး။ ဒါကြောင့် ယေဟောဝါရှေ့ ကိုယ့်တန်ဖိုးကို ကိုယ် ရထားတဲ့ အခွင့်ထူးနဲ့ တန်ဖိုးမဖြတ်ဖို့၊ ကိုယ့်အခွင့်ထူးကို တခြားသူတွေ ရထားတဲ့ အခွင့်ထူးနဲ့ မနှိုင်းယှဉ်ဖို့ အရေးကြီးတယ်။ (ဂလ. ၆:၄) ယေဟောဝါရဲ့ အမှုတော်မှာ၊ တခြားသူတွေကို ကူညီရာမှာ အသုံးခံနိုင်တဲ့ နည်းတွေကို ရှာနေဖို့ အရေးကြီးတယ်။ ကိုယ့်ဘဝကို ရိုးရိုးရှင်းရှင်း ထားပြီး မလိုအပ်ဘဲ အကြွေး မယူခြင်းအားဖြင့် ယေဟောဝါရဲ့ အမှုတော်မှာ ပိုပါဝင်ဖို့ အခွင့်အရေး ရနိုင်ပါတယ်။ ရေရှည်ပန်းတိုင် ပြည့်မီဖို့ ကူညီပေးမယ့် ရေတိုပန်းတိုင်တွေ ချပါ။ ဥပမာ၊ မှန်မှန်ရှေ့ဆောင် လုပ်ဖို့ ရေရှည်ပန်းတိုင် ထားတယ်ဆိုရင် အခုကတည်းက အရန်ရှေ့ဆောင် ဆက်တိုက် လုပ်ကြည့်နိုင်မလား။ အသင်းတော် အမှုထမ်း ဖြစ်ဖို့ ပန်းတိုင် ထားတယ်ဆိုရင် အမှုဆောင်မှာ ပိုပါဝင်နိုင်မလား။ အခု ရလာတဲ့ အတွေ့အကြုံတွေက နောင်တစ်ချိန် အမှုတော်မှာ အခွင့်ထူးတွေ ရဖို့ အကူအညီ ဖြစ်စေနိုင်တယ်။ ဘယ်တာဝန်ပဲ ရရ အကောင်းဆုံး လုပ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားပါ။ w22.04 ၂၆-၂၇ ¶၁၆-၁၇
ကြာသပတေးနေ့၊ ဧပြီ ၂၅
ယေဟောဝါကို ငါချစ်မြတ်နိုးတယ်၊ ငါအသနားခံတာကို ဘုရား နားထောင်ပေးလို့ပဲ။—ဆာ. ၁၁၆:၁။
ဘဝ အခက်အခဲတွေကို ခံရပ်နိုင်ဖို့၊ အမှုတော်မှာ ပျော်ရွှင်ဖို့ ယေဟောဝါ ကူညီပေးနိုင်တယ်။ ကိုယ် စိုးရိမ်နေတဲ့ ကိစ္စတစ်ခုအကြောင်း ဆုတောင်းပြောပြတဲ့အခါ ယေဟောဝါရဲ့ ချက်ချင်း တုံ့ပြန်ပုံဟာ ခံရပ်နိုင်အောင် ခွန်အားပေးတာ ဖြစ်နိုင်တယ်။ ကိုယ် မျှော်လင့်ထားချိန်မှာ အခက်အခဲ မပြီးဆုံးဘဲ ဆက်ရှိနေတယ်ဆိုရင် ခံရပ်နိုင်စွမ်း ပေးဖို့ ယေဟောဝါဆီ ကျွန်တော်တို့ အကြိမ်ကြိမ် ဆုတောင်းရနိုင်တယ်။ အဲဒီလို ဆုတောင်းဖို့လည်း ဘုရား ဖိတ်ခေါ်ထားတယ်။ ‘ဘုရားသခင်ကို မငြိမ်စေကြနဲ့’ ဆိုတဲ့ ဟေရှာယရဲ့ စကားက အဲဒီအချက်ကို ဖော်ပြတယ်။ (ဟေရှာ. ၆၂:၇၊ ယုဒသန်ကျမ်း) ဘာကို ဆိုလိုသလဲ။ ယေဟောဝါ ခဏလေးတောင် ငြိမ်ငြိမ်နေလို့ မရတဲ့အထိ မပြတ် ဆုတောင်းနေသင့်တယ်။ ဟေရှာယရဲ့ စကားက ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး လုကာ ၁၁:၈-၁၀၊ ၁၃ မှာ ပါတဲ့ ယေရှုရဲ့ ပုံဥပမာကို သတိရစေတယ်။ သန့်ရှင်းသော စွမ်းအားတော် ရအောင် “တောင်းမြဲ တောင်း” ဖို့ ယေရှု သင်ပေးတယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်အောင် လမ်းညွှန်ပေးဖို့လည်း ယေဟောဝါဆီ ဆုတောင်းနိုင်တယ်။ w22.11 ၈ ¶၁။ ၉ ¶၆-၇
သောကြာနေ့၊ ဧပြီ ၂၆
ကျွန်တော်တို့က ဒုက္ခအများကြီး ခံပြီးမှ ဘုရားသခင့် နိုင်ငံတော် ဝင်ရမယ်။—တ. ၁၄:၂၂။
နှိပ်စက်ညှဉ်းပန်းမှုအတွက် သင်နဲ့ မိသားစု အခုကတည်းက အသင့်ပြင်နိုင်တယ်။ ဖြစ်လာနိုင်တဲ့ အဆိုးတွေကိုပဲ မစဉ်းစားပါနဲ့။ အဲဒီအစား ယေဟောဝါနဲ့ ဆက်ဆံရေး ခိုင်မြဲအောင် လုပ်ပါ။ သင့်ကလေးတွေကိုလည်း အလားတူ လုပ်ဖို့ ကူညီပေးပါ။ စိုးရိမ်ပူပန်လာတဲ့အခါ ယေဟောဝါဆီ ရင်ဖွင့်ဆုတောင်းပါ။ (ဆာ. ၆၂:၇၊ ၈) ယေဟောဝါကို ဘာကြောင့် ယုံကြည်ကိုးစားနိုင်တယ်ဆိုတဲ့ အကြောင်းရင်းတွေကို မိသားစုလိုက် ဆွေးနွေးပါ။ သဘာဝဘေးအတွက်လိုပဲ နှိပ်စက်ညှဉ်းပန်းမူအတွက်လည်း သင့်ဘက်က ကြိုတင်ပြင်ဆင်ထားမယ်၊ ယေဟောဝါကို ဆက်ယုံကြည်ကိုးစားမယ်ဆိုရင် ကလေးတွေ သတ္တိရှိဖို့၊ တည်တည်ငြိမ်ငြိမ် ရှိဖို့ အထောက်အကူ ရမယ်။ ဘုရားသခင့် ငြိမ်သက်ခြင်းက ဘေးကင်းလုံခြုံတယ်လို့ ခံစားရစေပါလိမ့်မယ်။ (ဖိ. ၄:၆၊ ၇) ကပ်ရောဂါ၊ သဘာဝဘေး၊ နှိပ်စက်ညှဉ်းပန်းမှုတွေ ကြုံရချိန်မှာ စိတ်တည်ငြိမ်စေမယ်။ ကျွန်တော်တို့ကို ထိန်းကျောင်းဖို့ အလုပ်ကြိုးစားတဲ့ အကြီးအကဲတွေကို ယေဟောဝါ အသုံးပြုတယ်။ အချင်းချင်း ကူညီပေးနိုင်တဲ့ အခွင့်ထူးကိုလည်း ပေးထားတယ်။ အခု ရထားတဲ့ ငြိမ်သက်မှုက စမ်းသပ်မှုကြီးတွေ အပါအဝင် “ကြီးစွာသောဒုက္ခ” အတွက်ပါ အသင့်ပြင်ထားနိုင်ဖို့ ကူညီပေးမယ်။—မ. ၂၄:၂၁။ w22.12 ၂၇ ¶၁၇-၁၈
စနေနေ့၊ ဧပြီ ၂၇
ကျွန်တော် လာတာက ဖြောင့်မတ်သူတွေကို ခေါ်ဖို့ မဟုတ်ဘူး။ အပြစ်သားတွေကို ခေါ်ဖို့ပဲ။—မ. ၉:၁၃။
အရင်က လုပ်ခဲ့တဲ့ ကြီးလေးတဲ့ အပြစ်တွေကြောင့် အပြစ်ရှိတယ်လို့ ဆက်မခံစားသင့်တော့ဘူး။ ဒါပေမဲ့ ရွေးဖိုးပူဇော်သက္ကာ ရှိလို့ “စိတ်လိုကိုယ်လျောက် အပြစ်ပြုကျင့်” လို့ ရတယ်ဆိုပြီး ဘယ်တော့မှ မတွေးသင့်ဘူး။ (ဟီ. ၁၀:၂၆-၃၁) ကြီးလေးတဲ့ အပြစ်တွေအတွက် နောင်တစစ် ရမယ်၊ ယေဟောဝါရဲ့ အကူအညီကို ရှာမယ်၊ အပြုအမူ ပြောင်းလဲမယ်ဆိုရင် ယေဟောဝါ အကြွင်းမဲ့ ခွင့်လွှတ်မယ်ဆိုတာ စိတ်ချနိုင်တယ်။ (ဟေရှာ. ၅၅:၇။ တ. ၃:၁၉) ရွေးဖိုးပူဇော်သက္ကာက ကျွန်တော်တို့ရဲ့ အပြစ်အားလုံးကို ဖုံးအုပ်ပေးနိုင်စွမ်း ရှိတယ်။ ပရဒိသုမှာ အသက်ရှင်ခွင့် ရစေတယ်။ ပရဒိသု အသက်တာဟာ ဘယ်တော့မှ ပျင်းစရာကောင်းမှာ မဟုတ်ဘူး။ စိတ်ဝင်စားစရာ လူတွေနဲ့ တွေ့ရမယ်။ အဓိပ္ပာယ်ရှိတဲ့ အလုပ်တွေ လုပ်ရမယ်။ အရေးကြီးဆုံးကတော့ တစ်နေ့ထက် တစ်နေ့ ကောင်းကင်ဘုံစံအဖ ပြင်ဆင်ပေးတာတွေကို ပျော်မွေ့ခံစားရင်း ဘုရားအကြောင်း ပိုသိလာမယ်။ သင်ယူစရာတွေ ဘယ်တော့မှ ကုန်သွားမှာ မဟုတ်ဘူး။ ဘုရားရဲ့ ဖန်ဆင်းခြင်းအကြောင်း သင်ယူစရာတွေ အမြဲ ရှိနေမယ်။ w22.12 ၁၃ ¶၁၇၊ ၁၉
တနင်္ဂနွေနေ့၊ ဧပြီ ၂၈
မင်းနဲ့ မိန်းမကို . . . ငါ ရန်ငြိုးဖွဲ့စေမယ်။—က. ၃:၁၅။
“မိန်းမ” ဆိုတာ ဧဝ မဖြစ်နိုင်ဘူး။ မြွေရဲ့ ခေါင်းကို မိန်းမရဲ့ မျိုးနွယ် ‘ကြိတ်မယ်’ လို့ ပရောဖက်ပြုချက်မှာ ပြောထားတယ်။ မြွေဟာ ဆိုးညစ်တဲ့ ကောင်းကင်တမန် စာတန် ဖြစ်တယ်။ ဧဝကနေ ဆင်းသက်လာတဲ့ မစုံလင်သူ လူသားတစ်ယောက်မှာမှ စာတန်ကို ဖျက်ဆီးနိုင်လောက်တဲ့ အစွမ်း မရှိဘူး။ ဒါဆိုရင် စာတန် ဘယ်လို ဖျက်ဆီးခံရမလဲ။ ကမ္ဘာဦး ၃:၁၅ မှာ ပါတဲ့ မိန်းမ ဘယ်သူလဲဆိုတာ နောက်ဆုံးကျမ်းစောင်မှာ ဖော်ပြထားတယ်။ (ဗျာ. ၁၂:၁၊ ၂၊ ၅၊ ၁၀) လူသားမိန်းမ မဟုတ်ဘူး။ လကို ခြေနဲ့ နင်းထားတယ်။ ခေါင်းပေါ်မှာ ကြယ် ၁၂ လုံး ပါတဲ့ သရဖူ ဆောင်းထားတယ်။ ဘုရားသခင့် နိုင်ငံတော်ဆိုတဲ့ သာမန် မဟုတ်တဲ့ ကလေးကို မွေးဖွားတယ်။ နိုင်ငံတော်ဟာ ကောင်းကင်မှာ ဖြစ်လို့ မိန်းမလည်း ကောင်းကင်မှာပဲ ဖြစ်ရမယ်။ ဒါကြောင့် မိန်းမဆိုတာ သစ္စာရှိ ကောင်းကင်တမန်တွေနဲ့ ဖွဲ့စည်းထားတဲ့ ယေဟောဝါအဖွဲ့အစည်းရဲ့ ကောင်းကင်ဆိုင်ရာ အပိုင်းကို ဆိုလိုတယ်။ (ဂလ. ၄:၂၆) မိန်းမ မျိုးနွယ်ရဲ့ အဓိက အပိုင်း ဘယ်သူလဲဆိုတာ သိဖို့လည်း ကျမ်းစာက ကူညီပေးတယ်။ သူဟာ အာဗြဟံရဲ့ မျိုးနွယ် ဖြစ်ရမယ်။—က. ၂၂:၁၅-၁၈။ w22.07 ၁၅-၁၆ ¶၆-၈
တနင်္လာနေ့၊ ဧပြီ ၂၉
လူတွေရဲ့စကားလို့ သဘောမထားဘဲ ဘုရားသခင်ရဲ့ တရားစကားလို့ သဘောထားပြီး လက်ခံခဲ့တယ်။ တကယ်လည်း ဘုရားသခင်ရဲ့ တရားစကားပါပဲ။—၁ သက်. ၂:၁၃။
ဘုရားပေး လက်ဆောင် ကျမ်းစာမှာ ဘုရားရဲ့ ဉာဏ်ပညာ အပြည့် ပါတယ်။ ကျမ်းစာ အကြံဉာဏ်က လူတွေအပေါ် ကောင်းကျိုးသက်ရောက်တယ်။ လူတွေရဲ့ အသက်တာကို ပြောင်းလဲပေးတယ်။ ပထမဆုံး ကျမ်းငါးစောင်ကို မောရှေ ရေးသားချိန်မှာ “ဒီစကားတွေဟာ အဓိပ္ပာယ် မရှိတဲ့ စကားတွေ မဟုတ်ဘူး။ အသက်ရှင်စေတဲ့ စကားတွေပဲ” လို့ အစ္စရေးတွေကို ပြောတယ်။ (တရား. ၃၂:၄၇) ကျမ်းစာ အကြံဉာဏ်ကို လိုက်နာသူတွေဟာ အောင်မြင်ပျော်ရွှင်တဲ့ ဘဝ ရရှိနိုင်တယ်။ (ဆာ. ၁:၂၊ ၃) ကျမ်းစာကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ရေးသားခဲ့ပေမဲ့ လူတွေရဲ့ အသက်တာကို ပြုပြင်ပြောင်းလဲပေးနိုင်စွမ်း ရှိနေတုန်းပဲ။ ကျမ်းစာမှာ ပါတဲ့ ပညာရှိ အကြံဉာဏ်တွေဟာ အမြဲ အကျိုးဖြစ်တယ်။ ခေတ်အဆက်ဆက် လူတွေကို အကျိုးပြုတယ်။ ကျမ်းစာ ဖတ်ပြီး တွေးတောဆင်ခြင်တဲ့အခါ ကျမ်းစာ အကြံဉာဏ်တွေကို ဘဝမှာ ဘယ်လို ကျင့်သုံးရမယ်ဆိုတာ သိဖို့ သန့်ရှင်းသော စွမ်းအားတော် သုံးပြီး ဘုရား ကူညီပေးတယ်။ (ဆာ. ၁၁၉:၂၇။ မာလ. ၃:၁၆။ ဟီ. ၄:၁၂) မှန်ပါတယ်၊ အသက်ရှင်နေတဲ့ ကျမ်းစာအာဘော်ရှင်က ကျွန်တော်တို့ကို သိပ်ကူညီပေးချင်တယ်။ ဒါက ကျမ်းစာ မှန်မှန် ဖတ်ဖို့ သိပ်ကောင်းတဲ့ တွန်းအားပါပဲ။ w23.02 ၃ ¶၅-၆
အင်္ဂါနေ့၊ ဧပြီ ၃၀
အဲဒီဘုရင်ဟာ . . . သိမ်းရုံးဖျက်ဆီးမယ်။—ဒံ. ၈:၂၄။
ဗျာဒိတ် အခန်းကြီး ၁၃ က ခုနစ်လုံးမြောက် ခေါင်း ဖြစ်တဲ့ အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်ကို နောက်ထပ်သားရဲတစ်ကောင်အဖြစ် ဖော်ပြတယ်။ အဲဒီသားရဲက “သိုးသငယ်လို ချိုနှစ်ချောင်း ရှိပြီး နဂါးလို စပြီး စကားပြောတယ်။” “အံ့ဖွယ်အမှုကြီးတွေ လုပ်ပြတယ်။ လူသားတွေရှေ့မှာ ကောင်းကင်ကနေ မြေကြီးပေါ် မီးကျလာတဲ့အထိတောင် လုပ်ပြတယ်။” (ဗျာ. ၁၃:၁၁-၁၅) ဒီသားရဲကို “ပရောဖက် အတုအယောင်” အဖြစ် ဗျာဒိတ် အခန်းကြီး ၁၆ နဲ့ ၁၉ မှာ ဖော်ပြထားတယ်။ (ဗျာ. ၁၆:၁၃။ ၁၉:၂၀) ဒံယေလလည်း အလားတူအချက်ကို ဖော်ပြတယ်။ အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်ဟာ “သိမ်းရုံးဖျက်ဆီးမယ်။” (ဒံ. ၈:၁၉၊ ၂၃၊၂၄) ဒုတိယ ကမ္ဘာစစ်အတွင်း အဲဒီအတိုင်း ဖြစ်ခဲ့တယ်။ ကမ္ဘာစစ်ကို အဆုံးတိုင်စေတဲ့ အဏုမြူဗုံးနှစ်လုံးကို အင်္ဂလန်နဲ့ အမေရိကန် သိပ္ပံပညာရှင်တွေ တီထွင်ခဲ့ကြတာ ဖြစ်တယ်။ အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်ဟာ ‘ကောင်းကင်ကနေ မြေကြီးပေါ် မီးကျလာတဲ့အထိ လုပ်ပြ’ လိုက်တာပဲ။ w22.05 ၁၀ ¶၉