ဇွန်
စနေနေ့၊ ဇွန် ၁
ကျုပ်ရဲ့ကိုယ်ပေါ်မှာ လောက်တွေ တွယ်ပြီး ရွှံ့ခဲတွေ ကပ်နေတယ်။ အရေပြားပေါ်မှာလည်း ပြည်တွေ ယိုစီးပြီး အနာဖေးတွေ ဗရပွနဲ့။—ယောဘ ၇:၅။
ယောဘဟာ ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်။ စည်းလုံးတဲ့ မိသားစုကြီး ရှိတယ်။ သိပ်ချမ်းသာတယ်။ (ယောဘ ၁:၁-၅) ဒါပေမဲ့ တစ်ရက်အတွင်း အရာအားလုံးနီးပါး ဆုံးရှုံးသွားတယ်။ ပထမ၊ စည်းစိမ် ပြုတ်သွားတယ်။ (ယောဘ ၁:၁၃-၁၇) နောက်တော့၊ ချစ်ရတဲ့ သားသမီး အားလုံး သေသွားတယ်။ သားသမီး ဆယ်ယောက်စလုံး ဆုံးသွားတယ်ဆိုတဲ့ သတင်း ယောဘတို့ ဇနီးမောင်နှံ ကြားလိုက်ရချိန်မှာ ဘယ်လောက် ထိတ်လန့်သွားမယ်၊ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ ယောဘခမျာ အဝတ်ကို ဆွဲဆုတ်၊ မြေပေါ် ပုံလျက်သား လဲကျသွားတဲ့အထိပဲ။ (ယောဘ ၁:၁၈-၂၀) နောက်တော့ စာတန်က ယောဘကို အရှက်တကွဲ ဖြစ်စေမယ့် ရောဂါဆိုး ဖြစ်စေတယ်။ (ယောဘ ၂:၆-၈) တစ်ချိန်က ယောဘကို လူတွေ သိပ်လေးစားကြတယ်။ အကြံဉာဏ် လာတောင်းကြတယ်။ (ယောဘ ၃၁:၁၈) အခုတော့ ရှောင်ကုန်ကြပြီ။ ညီရင်းအစ်ကိုတွေ၊ မိတ်ဆွေတွေ၊ အိမ်က ကျွန်တွေတောင် ကြဉ်ထားကြတယ်။—ယောဘ ၁၉:၁၃၊ ၁၄၊ ၁၆။ w22.06 ၂၁ ¶၅-၆
တနင်္ဂနွေနေ့၊ ဇွန် ၂
မေတ္တာပြရမယ်။ ဒါမှ . . . အရာရာမှာ ရင့်ကျက်တဲ့သူတွေ ဖြစ်လာမယ်။—ဧ. ၄:၁၅။
နှစ်ခြင်းခံပြီးနောက် ကျွန်တော်တို့အားလုံး ဧဖက်မြို့က ခရစ်ယာန်တွေကို တမန်တော် ပေါလု ပေးတဲ့ အကြံဉာဏ်အတိုင်း လိုက်လျှောက်ဖို့ လိုတယ်။ “ရင့်ကျက်သူတွေ” ဖြစ်ဖို့ ပေါလု အားပေးတယ်။ (ဧ. ၄:၁၃) တစ်နည်းအားဖြင့်၊ ‘ဆက်တိုးတက်နေ’ ရမယ်။ ယေဟောဝါကို သင် သိပ်ချစ်တယ်။ ဒါပေမဲ့ အဲဒီမေတ္တာ ဆက်တိုးများနိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ။ တစ်နည်းကို ဖိလိပ္ပိ ၁:၉ မှာ တမန်တော် ပေါလု ဖော်ပြတယ်။ ဖိလိပ္ပိ ခရစ်ယာန်တွေရဲ့ မေတ္တာ “တိုးသည်ထက် တိုးလာဖို့” ပေါလု ဆုတောင်းပေးတယ်။ ဒါကြောင့် မေတ္တာ တိုးများအောင် လုပ်လို့ ရတယ်။ အဲဒီလို တိုးနိုင်ဖို့ ဘုရားအလိုတော်ကို “တိကျမှန်ကန်စွာ သိကျွမ်းလာပြီး ကောင်းကောင်း ပိုင်းခြားသိမြင်” ရမယ်။ ယေဟောဝါအကြောင်း ပိုသိလေ ဘုရားကို ပိုချစ်လေ၊ ဘုရားရဲ့ အရည်အသွေးတွေနဲ့ လုပ်ဆောင်ပုံနည်းလမ်းတွေကို ပိုတန်ဖိုးထားလေ ဖြစ်လာမယ်။ ဘုရား စိတ်တော် ရွှင်လန်းအောင် ထားချင်စိတ်၊ ဘုရား စိတ်ပျက်မယ့် ဘယ်အရာကိုမှ မလုပ်ချင်တဲ့စိတ် တိုးများလာမယ်။ ဘုရားအလိုတော်က ဘာလဲ၊ အဲဒီအတိုင်း ဘယ်လို လုပ်ဆောင်နိုင်မလဲဆိုတာ သိဖို့ အတတ်နိုင်ဆုံး ကြိုးစားလာမယ်။ w22.08 ၂-၃ ¶၃-၄
တနင်္လာနေ့၊ ဇွန် ၃
ဘုရားသခင်က မိမိရဲ့ ကျွန်တွေကို မကြာမီ ဖြစ်ပျက်မယ့်အရာတွေ ဖော်ပြဖို့ ယေရှုခရစ်ကို ဗျာဒိတ်တော် ပေးတယ်။—ဗျာ. ၁:၁။
ဗျာဒိတ်ကျမ်းမှာ ရေးထားသမျှဟာ လူအားလုံးအတွက် ခြုံငုံရေးထားတာ မဟုတ်ဘဲ ဆက်ကပ်အပ်နှံထားတဲ့ ဘုရားကျေးကျွန် ကျွန်တော်တို့အတွက် ရေးထားတာပါ။ ဒီကျမ်းထဲက ပရောဖက်ပြုချက်တွေ ပြည့်စုံမှုမှာ ကျွန်တော်တို့ ပါဝင်နေမှန်း သိရလို့ မအံ့ဩသင့်ဘူး။ သက်ကြီး တမန်တော် ယောဟန်က ပရောဖက်ပြုချက်တွေ ပြည့်စုံမယ့် အချိန်အကြောင်း ဖော်ပြတယ်။ “ကျွန်တော်ဟာ စွမ်းအားတော်နဲ့ ပြည့်ပြီး သခင့်နေ့တော်ကို ရောက်သွားတယ်” လို့ ပြောတယ်။ (ဗျာ. ၁:၁၀) ဒီကျမ်းကို ယောဟန် ရေးတဲ့ အေဒီ ၉၆ တုန်းက “သခင့်နေ့တော်” ရောက်ဖို့ အဝေးကြီး လိုသေးတယ်။ (မ. ၂၅:၁၄၊ ၁၉။ လု. ၁၉:၁၂) ကျမ်းစာ ပရောဖက်ပြုချက်တွေအရ အဲဒီနေ့တော်ဟာ ကောင်းကင်မှာ ဘုရင်အဖြစ် ယေရှု နန်းတင်ခံရတဲ့ ၁၉၁၄ မှာ အစပြုတယ်။ အဲဒီနှစ်ကစပြီး ဘုရားလူမျိုး ပါဝင်တဲ့ ဗျာဒိတ်ကျမ်း ပရောဖက်ပြုချက်တွေ စတင်ပြည့်စုံလာတယ်။ မှန်ပါတယ်၊ “သခင့်နေ့တော်” မှာ အခု ကျွန်တော်တို့ အသက်ရှင်နေကြတယ်။—ဗျာ. ၁:၃။ w22.05 ၂ ¶၂-၃
အင်္ဂါနေ့၊ ဇွန် ၄
သားရဲက အဖမ်းခံရတယ်။ သူနဲ့အတူ ပရောဖက်အတုအယောင်လည်း အဖမ်းခံရတယ်။—ဗျာ. ၁၉:၂၀။
ကန့်တွေ လောင်နေတဲ့ မီးအိုင်ထဲ သားရဲရော ပရောဖက်ပါ အရှင်လတ်လတ် ပစ်ချခံရတယ်။ ဒါကြောင့် ဘုရားရန်သူတွေ ဖြစ်တဲ့ အဲဒီအစိုးရတွေ အုပ်ချုပ်နေတုန်းမှာပဲ ထာဝစဉ် ဖျက်ဆီးခံကြရပါလိမ့်မယ်။ ဒါက ကျွန်တော်တို့အတွက် ဘာအဓိပ္ပာယ် ရှိသလဲ။ ခရစ်ယာန်တွေအနေနဲ့ ဘုရားနဲ့ ဘုရားနိုင်ငံတော်ကို ကျွန်တော်တို့ သစ္စာစောင့်သိရမယ်။ (ယော. ၁၈:၃၆) နိုင်ငံရေးကိစ္စတွေမှာ ကြားနေရမယ်။ အပြောနဲ့ရော လုပ်ရပ်နဲ့ပါ မိမိတို့ကို အပြည့်အဝ ထောက်ခံဖို့ လောကအစိုးရတွေ ဖိအားပေးမှာ ဖြစ်လို့ ကြားနေဖို့ သိပ်ခက်နိုင်တယ်။ သူတို့ရဲ့ ဖိအားပေးမှုကို လက်ခံသူတွေဟာ သားရဲရဲ့ အမှတ်တံဆိပ် ရိုက်နှိပ်ခံရကြလိမ့်မယ်။ (ဗျာ. ၁၃:၁၆၊ ၁၇) ဒါပေမဲ့ အဲဒီအမှတ်တံဆိပ် ရိုက်နှိပ်ထားသူ အားလုံး ယေဟောဝါရဲ့ မျက်နှာသာနဲ့ ထာဝရအသက် ဆုံးရှုံးမယ်။ (ဗျာ. ၁၄:၉၊ ၁၀။ ၂၀:၄) ဘယ်လောက်ပဲ ဖိအားပေးခံရပါစေ လုံးဝ ကြားနေဖို့ သိပ်အရေးကြီးတယ်။ w22.05 ၁၁ ¶၁၂-၁၃
ဗုဒ္ဓဟူးနေ့၊ ဇွန် ၅
အလုပ်ကို ကျွမ်းကျင်ပိုင်နိုင်တဲ့သူကို တွေ့ဖူးသလား။ အဲဒီလိုလူဟာ သာမန်လူတွေရှေ့မှာ မဟုတ်ဘဲ ဘုရင့်ရှေ့တော်မှာ ခစားရလိမ့်မယ်။—ပညာ. ၂၂:၂၉။
ချမှတ်နိုင်တဲ့ ပန်းတိုင် တစ်ခုကတော့ အသုံးဝင်တဲ့ အတတ်ပညာ တစ်ခုခု သင်ယူခြင်း ဖြစ်တယ်။ စွမ်းရည်တွေ တိုးတက်အောင် ကြိုးစားမယ်ဆိုရင် ထပ်ဆင့် တာဝန်တွေအတွက် အရည်အချင်း ပြည့်မီလာပါလိမ့်မယ်။ ဗေသလ အဆောက်အအုံ၊ စည်းဝေးပွဲခန်းမ၊ နိုင်ငံတော်ခန်းမ ဆောက်လုပ်ရေးတွေမှာ လုပ်သား အများကြီး လိုနေတာ စဉ်းစားကြည့်ပါ။ လုပ်သားအများစုဟာ အတွေ့အကြုံ ရှိသူတွေနဲ့ တွဲဖက်လုပ်ဆောင်ခြင်းကနေ အတတ်ပညာတွေ ကျွမ်းကျင်လာကြတယ်။ ဒီနေ့ ညီအစ်ကိုတွေရော ညီအစ်မတွေပါ စည်းဝေးပွဲခန်းမ၊ နိုင်ငံတော်ခန်းမတွေ ပြုပြင်ထိန်းသိမ်းရာမှာ ကူညီပေးနိုင်ဖို့ သင်ယူကြတယ်။ “ထာဝရဘုရင်” ယေဟောဝါနဲ့ ‘ဘုရင်တို့ရဲ့ ဘုရင်’ ယေရှုခရစ်တို့ဟာ အဲဒီလို အလုပ်ကျွမ်းကျင်သူတွေကို သုံးပြီး အံ့ဖွယ်လုပ်ငန်းတွေ ပြီးမြောက်အောင် လုပ်နေတယ်။ (၁ တိ. ၁:၁၇။ ၆:၁၅) ကိုယ့်ဂုဏ်တက်ဖို့ မဟုတ်ဘဲ ယေဟောဝါကို ဂုဏ်တင်ဖို့ ကျွန်တော်တို့ရဲ့ အတတ်ပညာတွေကို အသုံးပြုချင်ကြပါတယ်။—ယော. ၈:၅၄။ w22.04 ၂၄ ¶၇။ ၂၅ ¶၁၁
ကြာသပတေးနေ့၊ ဇွန် ၆
ငွေက . . . ကာကွယ်ပေးတယ်။—ဒေ. ၇:၁၂။
ရှောလမုန်ဟာ ကျိကျိတက် ချမ်းသာပြီး ဇိမ်ကျကျ နေထိုင်ခဲ့သူ ဖြစ်တယ်။ (၁ ဘု. ၁၀:၇၊ ၁၄၊ ၁၅) ယေရှုကတော့ ပိုင်ဆိုင်ရာ အနည်းငယ်သာ ရှိပြီး ကိုယ်ပိုင်အိမ်တောင် မရှိခဲ့ဘူး။ (မ. ၈:၂၀) ဒါပေမဲ့ ဘုရားပေး ဉာဏ်ပညာကြောင့် သူတို့ နှစ်ဦးစလုံး ပစ္စည်းဥစ္စာတွေအပေါ် မျှတတဲ့ အမြင် ရှိကြတယ်။ ငွေနဲ့ ဘဝလိုအပ်ရာတွေ၊ လိုချင်ရာတွေ ဝယ်နိုင်တယ်ဆိုတာ ရှောလမုန် အသိအမှတ်ပြုတယ်။ ဒါပေမဲ့ ငွေထက် ပိုအရေးကြီးတာတွေ ရှိတယ်ဆိုတာ ကြွယ်ဝချမ်းသာသူ ရှောလမုန် သဘောပေါက်တယ်။ ဥပမာ၊ “ချမ်းသာကြွယ်ဝဖို့ထက် နာမည်ကောင်း ရဖို့ ရွေးချယ်သင့်တယ်” လို့ ရေးခဲ့တယ်။ (ပညာ. ၂၂:၁) ငွေမက်သူတွေဟာ ရှိတာနဲ့ မရောင့်ရဲတတ်မှန်း ရှောလမုန် သတိထားမိတယ်။ (ဒေ. ၅:၁၀၊ ၁၂) ငွေဟာ မျက်စိတစ်မှိတ်အတွင်း ပျောက်သွားတတ်လို့ ငွေကို အရေးပါဆုံးအရာလို့ မမြင်သင့်ကြောင်းလည်း သတိပေးခဲ့တယ်။—ပညာ. ၂၃:၄၊ ၅။ w22.05 ၂၁ ¶၄-၅
သောကြာနေ့၊ ဇွန် ၇
ယေဟောဝါက မင်းတို့ကို မျက်နှာသာပေးဖို့ စိတ်ရှည်ရှည် စောင့်နေတယ်။ မင်းတို့ကို ကရုဏာပြဖို့ ကြွလာမယ်။ ယေဟောဝါဟာ တရားမျှတတဲ့ ဘုရားသခင်ပဲ။ ဘုရားကို မျှော်လင့်စောင့်စားနေသူတွေ ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်။—ဟေရှာ. ၃၀:၁၈။
လောလောဆယ် ရနေတဲ့ ကောင်းချီးတွေအကြောင်း တွေးတောဆင်ခြင်တဲ့အခါ ယေဟောဝါနဲ့ ပိုရင်းနှီးလာမယ်။ အနာဂတ်မှာ ရမယ့် ကောင်းချီးတွေအကြောင်း တွေးတောဆင်ခြင်တဲ့အခါ ဘုရားကို ထာဝစဉ် ဝတ်ပြုခွင့် မျှော်လင့်ချက် ပိုခိုင်မာလာမယ်။ ဒါတွေအားလုံးက လောလောဆယ် ယေဟောဝါကို ပျော်ရွှင်စွာ ဝတ်ပြုဖို့ ကူညီပေးမယ်။ ယေဟောဝါဟာ ဒီစနစ်ဆိုးကို အဆုံးတိုင်စေတဲ့အခါ ကျွန်တော်တို့ကို ကယ်တင်ဖို့ “ကြွလာ” မယ်။ (ဟေရှာ. ၃၀:၁၈) “တရားမျှတတဲ့ ဘုရားသခင်” ဖြစ်လို့ စာတန့်စနစ်ကို လိုအပ်တာထက် ပိုပြီး တစ်ရက်တောင် သက်ဆိုးရှည်ခွင့် ပြုမှာ မဟုတ်ကြောင်း ကျွန်တော်တို့ စိတ်ချတယ်။ (ဟေရှာ. ၂၅:၉) အဲဒီအချိန်ကို ယေဟောဝါနဲ့အတူ စိတ်ရှည်ရှည် စောင့်နေကြတယ်။ ဒီအတောအတွင်း ဆုတောင်းခြင်း အခွင့်ထူးကို တန်ဖိုးထားဖို့၊ ကျမ်းစာ လေ့လာပြီး လက်တွေ့ကျင့်သုံးဖို့၊ ကောင်းချီးတွေကို တွေးတောဆင်ခြင်ဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။ ဒါဆိုရင် ဝမ်းမြောက်စွာ ခံရပ်ရင်း ဝတ်ပြုနိုင်ဖို့ ကျွန်တော်တို့ကို ယေဟောဝါ ကူညီပေးပါလိမ့်မယ်။ w22.11 ၁၃ ¶၁၈-၁၉
စနေနေ့၊ ဇွန် ၈
မိခင်ရဲ့ သွန်သင်ချက်ကို မပစ်ပယ်ပါနဲ့။—ပညာ. ၁:၈။
တိမောသေ နှစ်ခြင်းခံတဲ့အကြောင်း ကျမ်းစာမှာ မဖော်ပြထားပေမဲ့ အဲဒီနေ့မှာ မိခင် ဥနိတ် ဘယ်လောက် ပျော်နေမလဲဆိုတာ မြင်ယောင်ကြည့်နိုင်တယ်။ (ပညာ. ၂၃:၂၅) ယေဟောဝါနဲ့ သားတော် ယေရှုခရစ်ကို ချစ်လာအောင် သားကို အောင်အောင်မြင်မြင် ပျိုးထောင်နိုင်ခဲ့ပြီ။ ဘာသာရေး ခံယူချက် မတူတဲ့ မိဘတွေ လက်အောက်မှာ တိမောသေ ကြီးပြင်းလာတယ်။ အဖေက ဂရိလူမျိုး။ အမေနဲ့ အဖွားက ဂျူးလူမျိုး။ (တ. ၁၆:၁) ဥနိတ်နဲ့ လောအိ ခရစ်ယာန် ဘာသာ ပြောင်းဝင်ချိန်မှာ တိမောသေ ဆယ်ကျော်သက်အရွယ် ဖြစ်ပုံရတယ်။ အဖေကတော့ ခရစ်ယာန် ဖြစ်မလာဘူး။ တိမောသေ ကိုယ်ပိုင် ဆုံးဖြတ်ချက် ချနိုင်တဲ့ အရွယ် ဖြစ်ပုံရတဲ့အတွက် ဘယ်ဘက် လိုက်မလဲ။ ဒီနေ့ခေတ်မှာလည်း ခရစ်ယာန် မိခင်တွေဟာ မိသားစုကို ချစ်ကြတယ်။ ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိလာအောင် သားသမီးတွေကို အတတ်နိုင်ဆုံး ကူညီပေးချင်ကြတယ်။ သူတို့ရဲ့ ကြိုးစားအားထုတ်မှုကို ဘုရား သိပ်တန်ဖိုးထားတယ်။ (ပညာ. ၁:၈၊ ၉) အမှန်တရား လက်ခံလာအောင် သားသမီးတွေကို သွန်သင်ပေးနိုင်ဖို့ မိခင်များစွာကို ကူညီပေးနေတယ်။ w22.04 ၁၆ ¶၁-၃
တနင်္ဂနွေနေ့၊ ဇွန် ၉
ဘုရားသခင်က မိမိရဲ့အကြံကို သူတို့ရဲ့ စိတ်ထဲ ထည့်ပေးပြီး အကောင်အထည် ဖော်လိမ့်မယ်။—ဗျာ. ၁၇:၁၇။
မကြာခင် ယေဟောဝါက မိမိရဲ့အကြံကို နိုင်ငံရေး အင်အားစုတွေရဲ့ စိတ်ထဲ ထည့်ပေးပြီး “အကောင်အထည် ဖော်လိမ့်မယ်။” ဘာရလဒ် ရမလဲ။ “ဘုရင်ဆယ်ပါး” ဖြစ်တဲ့ အဲဒီနိုင်ငံရေး အင်အားစုတွေက မှားယွင်းတဲ့ ဘာသာရေး အဖွဲ့အစည်းတွေကို တိုက်ခိုက်ဖျက်ဆီးကြလိမ့်မယ်။ (ဗျာ. ၁၇:၁၊ ၂၊ ၁၂၊ ၁၆) မဟာဗာဗုလုန် ဇာတ်သိမ်းတော့မယ်ဆိုတာ ကျွန်တော်တို့ ဘယ်လို သိရသလဲ။ ရှေးဗာဗုလုန်မြို့ကို ယူဖရေးတီးမြစ်ရေက တစ်စိတ်တစ်ပိုင်း ကာကွယ်ပေးထားတာ သတိရပါ။ ဗျာဒိတ်ကျမ်းမှာ မဟာဗာဗုလုန်ကို ထောက်ခံအားပေးတဲ့ လူသန်းပေါင်းများစွာကို “ရေ” နဲ့ နှိုင်းယှဉ်ထားတယ်။ (ဗျာ. ၁၇:၁၅) ဒါပေမဲ့ အဲဒီရေ “ခန်းခြောက်သွား” လိမ့်မယ်။ မှားယွင်းတဲ့ ကမ္ဘာ့ဘာသာရေး အင်ပါယာကို ထောက်ခံအားပေးသူ လျော့လာမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ (ဗျာ. ၁၆:၁၂) အဲဒီပရောဖက်ပြုချက် ပြည့်စုံနေတယ်။ ဒီနေ့ခေတ် လူများစွာဟာ ဘာသာတရားကို စိတ်ပျက်လာပြီး တခြားနေရာတွေမှာပဲ ပြဿနာ ဖြေရှင်းနည်း ရှာနေကြတော့တယ်။ w22.07 ၅-၆ ¶၁၄-၁၅
တနင်္လာနေ့၊ ဇွန် ၁၀
ကရုဏာ မပြတဲ့သူကို ဘုရားသခင်ကလည်း ကရုဏာ မပြဘဲ တရားစီရင်လိမ့်မယ်။ ကရုဏာဟာ တရားစီရင်ခြင်းကို အောင်ပွဲခံတတ်တယ်။—ယာ. ၂:၁၃။
ခွင့်လွှတ်တာဟာ ကျေးဇူးတင်လေးမြတ်ကြောင်း ပြရာ ရောက်တယ်။ ပုံဥပမာတစ်ခုမှာ အကြွေး အများကြီး တင်နေပေမဲ့ ပြန်မဆပ်နိုင်တဲ့ ကျွန်ရဲ့ အကြွေးတွေကို လျှော်ပေးလိုက်တဲ့ ဘုရင်နဲ့ ယေဟောဝါကို ယေရှု ခိုင်းနှိုင်းတယ်။ အဲဒီကျွန်က သူ့အပေါ် အကြွေး နည်းနည်းလေး တင်နေတဲ့ နောက်ကျွန်ကိုတော့ ကရုဏာ မပြဘူး။ (မ. ၁၈:၂၃-၃၅) ယေရှု ဘာသင်ပေးနေတာလဲ။ ယေဟောဝါရဲ့ မဟာကရုဏာကို ကျွန်တော်တို့ တကယ် ကျေးဇူးတင်လေးမြတ်တယ်ဆိုရင် တခြားသူတွေကို ခွင့်လွှတ်ပါလိမ့်မယ်။ (ဆာ. ၁၀၃:၉) လွန်ခဲ့တဲ့ နှစ်များစွာတုန်းက ကင်းမျှော်စင် တစ်စောင်မှာ ပြောသလို “အချင်းချင်း ဘယ်နှကြိမ် ခွင့်လွှတ်ပါစေ ခရစ်တော်ကတစ်ဆင့် ဘုရား ပြတဲ့ ခွင့်လွှတ်မှုနဲ့ ကရုဏာကိုတော့ ဘယ်တော့မှ မီမှာ မဟုတ်ဘူး။” ခွင့်လွှတ်သူဟာ ခွင့်လွှတ်ခံရမယ်။ ကရုဏာ ပြတဲ့သူတွေကို ယေဟောဝါ ကရုဏာ ပြတယ်။ (မ. ၅:၇) တပည့်တွေကို ဆုတောင်းနည်း သင်ပေးချိန်မှာ အဲဒီအချက်ကို ယေရှု ပေါ်လွင်စေတယ်။—မ. ၆:၁၄၊ ၁၅။ w22.06 ၁၀ ¶၈-၉
အင်္ဂါနေ့၊ ဇွန် ၁၁
ကမ္ဘာပေါ်မှာ ရှိတဲ့ လူမျိုးအားလုံးဟာ မင်းရဲ့ မျိုးနွယ်ကြောင့် ကောင်းချီးရလိမ့်မယ်။—က. ၂၂:၁၈။
ယေရှု မြေကြီးပေါ် လူသားအဖြစ် ကြွလာတယ်။ ဖခင်ရဲ့ အရည်အသွေးတွေကို အပြည့်အဝ အတုယူတယ်။ (ယော. ၁၄:၉) ဒါကြောင့် ယေရှုအကြောင်း လေ့လာတဲ့အခါ ယေဟောဝါဘုရားကို ကျွန်တော်တို့ သိကျွမ်း၊ ချစ်ခင်လာကြတယ်။ ယေရှုရဲ့ သွန်သင်ချက်တွေ၊ ဒီနေ့ခေတ် ခရစ်ယာန် အသင်းတော်ကို ဦးဆောင်ပုံကနေလည်း အကျိုးရနေကြတယ်။ ယေဟောဝါရဲ့ မျက်နှာသာ ရနိုင်မယ့် နည်းကို ယေရှု သင်ပေးတယ်။ ဒါ့အပြင် ယေရှုရဲ့ သေခြင်းကနေ ကျွန်တော်တို့အားလုံး အကျိုးရကြတယ်။ ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် မိမိသွေးရဲ့ တန်ဖိုးကို စုံလင်တဲ့ ပူဇော်သက္ကာအဖြစ် ဆက်သလိုက်လို့ ‘ကျွန်တော်တို့ရဲ့ အပြစ်အားလုံး သန့်စင်’ ခံရတယ်။ (၁ ယော. ၁:၇) ယေရှုဟာ အခုဆိုရင် မသေနိုင်တဲ့ တန်ခိုးကြီး ဘုရင် ဖြစ်နေပြီ။ မကြာခင်မှာ မြွေရဲ့ ခေါင်းကို ကြိတ်တော့မယ်။ (က. ၃:၁၅) စာတန် ဇာတ်သိမ်းသွားချိန်မှာ သစ္စာရှိ လူသားတွေ သိပ်ပျော်ကြရမယ်။ အဲဒီအချိန် မတိုင်ခင်တော့ လက်မလျှော့ဖို့ ကြိုးစားကြရမယ်။ ယုံကြည်စိတ်ချထိုက်တဲ့ ဘုရား ယေဟောဝါက “ကမ္ဘာပေါ်မှာ ရှိတဲ့ လူမျိုးအားလုံး” ကို မရေတွက်နိုင်တဲ့ ကောင်းချီးတွေ ဆောင်ကြဉ်းပေးပါလိမ့်မယ်။ w22.07 ၁၈ ¶၁၃။ ၁၉ ¶၁၉
ဗုဒ္ဓဟူးနေ့၊ ဇွန် ၁၂
ဒါတွေကို မလွဲမသွေ ကြုံရမယ်။—၁ သက်. ၃:၃။
ပန်းတိုင် ချမှတ်တဲ့အခါ ပြောင်းသာလဲသာ ရှိဖို့ လိုတယ်။ ဘာကြောင့်လဲ။ အခြေအနေတွေကို ကျွန်တော်တို့ အပြည့်အဝ မထိန်းချုပ်နိုင်လို့ပဲ။ ဥပမာ၊ တမန်တော် ပေါလုဟာ သက်သာလောနိတ်မြို့မှာ အသင်းတော်သစ် ဖွင့်ဖို့ ကူညီပေးခဲ့တယ်။ ဒါပေမဲ့ ဆန့်ကျင်သူတွေကြောင့် အဲဒီမြို့ကနေ ထွက်သွားရတယ်။ (တ. ၁၇:၁-၅၊ ၁၀) ဆက်နေမယ်ဆိုရင် သူ့ကြောင့် ညီအစ်ကိုတွေ ဒုက္ခရောက်နိုင်တယ်။ ဒါပေမဲ့ ပေါလု လက်မလျှော့ဘူး။ အခြေအနေနဲ့အညီ ပြောင်းလဲခဲ့တယ်။ နောက်ပိုင်း၊ သက်သာလောနိတ်မြို့က ခရစ်ယာန်သစ်တွေရဲ့ ယုံကြည်ခြင်း ခိုင်မာလာအောင် ကူညီပေးဖို့ တိမောသေကို စေလွှတ်တယ်။ (၁ သက်. ၃:၁၊၂) သက်သာလောနိတ်မြို့သားတွေ သိပ်ဝမ်းသာကြမှာ သေချာတယ်။ သက်သာလောနိတ်မြို့မှာ ပေါလု ကြုံခဲ့တာကနေ သင်ယူနိုင်တယ်။ အမှုဆောင်လုပ်ငန်းမှာ အခွင့်ထူးတစ်ခု ရဖို့ ကျွန်တော်တို့ ပန်းတိုင် ချပေမဲ့ ကိုယ် မထိန်းချုပ်နိုင်တဲ့ အခြေအနေ အပြောင်းအလဲတွေကြောင့် မပြည့်မီဘဲ ဖြစ်နေနိုင်တယ်။ (ဒေ. ၉:၁၁) အဲဒီလို ဖြစ်နေတယ်ဆိုရင် ကိုယ် လက်လှမ်းမီတဲ့ တခြားပန်းတိုင်တစ်ခု ပြောင်းလိုက်ပါ။ w22.04 ၂၅-၂၆ ¶၁၄-၁၅
ကြာသပတေးနေ့၊ ဇွန် ၁၃
စမ်းသပ်မှုကို ကြံ့ကြံ့ခံရပ်သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။—ယာ. ၁:၁၂။
အနာဂတ် မျှော်လင့်ချက် ပေးပြီး ကျွန်တော်တို့ကို ယေဟောဝါ နှစ်သိမ့်ပေးတယ်။ အခက်အခဲ ကြုံရချိန်မှာ နှစ်သိမ့်ပေးနိုင်တဲ့ ကျမ်းချက်တချို့ကို စဉ်းစားကြည့်ပါ။ ပြင်းထန်တဲ့ အခက်အခဲတွေ အပါအဝင် ဘာကမှ ‘ဘုရားသခင် ပြတဲ့ မေတ္တာကို ကျွန်တော်တို့ မခံစားရအောင် မတားဆီးနိုင်ဘူး’ လို့ ကျမ်းစာမှာ ယေဟောဝါ အာမခံတယ်။ (ရော. ၈:၃၈၊ ၃၉) “ဆုတောင်းသူတိုင်းရဲ့ အနီးအပါးမှာ ရှိတယ်” လို့ ကတိပေးထားတယ်။ (ဆာ. ၁၄၅:၁၈) မိမိကို အားကိုးရင် ဘယ်အခက်အခဲကိုမဆို ဝမ်းမြောက်စွာ ခံရပ်နိုင်မယ်လို့ ပြောတယ်။ (၁ ကော. ၁၀:၁၃။ ယာ. ၁:၂) အခက်အခဲတွေဟာ ဘုရား ပေးမယ့် ထာဝရအသက်နဲ့ ယှဉ်ရင် ခဏယာယီသာ ဖြစ်ကြောင်း ကျမ်းစာက အမှတ်ရစေတယ်။ (၂ ကော. ၄:၁၆-၁၈) အခက်အခဲတွေ ဖြစ်ပေါ်စေတဲ့ စာတန်မာရ်နတ်နဲ့ ဘက်တော်သား အားလုံးကို ဖယ်ရှားတော့မယ်ဆိုတဲ့ မျှော်လင့်ချက်လည်း ဘုရား ပေးထားတယ်။ (ဆာ. ၃၇:၁၀) အနာဂတ်မှာ အခက်အခဲတွေကို ခံရပ်နိုင်အောင် ကူညီပေးမယ့် ကျမ်းချက်တချို့ အလွတ်မှတ်ထားသလား။ w22.08 ၁၁ ¶၁၁
သောကြာနေ့၊ ဇွန် ၁၄
[ဒါတွေကို] အမြဲ ဆင်ခြင်သုံးသပ်နေကြပါ။—ဖိ. ၄:၈။
ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေအတိုင်း တစ်နေ့ပြီး တစ်နေ့၊ တစ်နှစ်ပြီး တစ်နှစ် နေထိုင်နိုင်ပါ့မလားလို့ စိုးရိမ်ဖူးသလား။ ကျွန်တော်တို့ရဲ့ “ဖြောင့်မတ်ခြင်းဟာ ပင်လယ်လှိုင်းတွေလို ဖြစ်လာမယ်” လို့ ယေဟောဝါ ကတိပေးတယ်။ (ဟေရှာ. ၄၈:၁၈) ပင်လယ်ကမ်းစပ်မှာ ရပ်ရင်း လှိုင်းတွေ အဆက်အပြတ် ရိုက်ခတ်တာကို ကြည့်နေတယ် ဆိုပါစို့။ တစ်နေ့၊ လှိုင်းတွေ မရိုက်ခတ်တော့မှာကို စိုးရိမ်မလား။ စိုးရိမ်မှာ မဟုတ်ဘူး။ ကမ်းစပ်ကို လှိုင်းတွေ ဆက်ရိုက်ခတ်နေဦးမယ်ဆိုတာ သိနေလို့ပဲ။ သင့်ဖြောင့်မတ်ခြင်းဟာ ပင်လယ်လှိုင်းတွေလို ဖြစ်နိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။ ဆုံးဖြတ်ချက် ချတော့မယ်ဆိုရင် ယေဟောဝါရဲ့ အလိုတော်ကို အရင်ဆုံး စဉ်းစားပါ။ ပြီးရင် အဲဒီအတိုင်း လုပ်ပါ။ ဘယ်လောက် ခက်ခဲတဲ့ ဆုံးဖြတ်ချက် ဖြစ်ပါစေ သင့်ကို မေတ္တာရှင်အဖ အမြဲ ခွန်အားပေးမယ်။ ဖြောင့်မှန်တာကို နေ့တိုင်း လုပ်နိုင်အောင် ကူညီပေးပါလိမ့်မယ်။—ဟေရှာ. ၄၀:၂၉-၃၁။ w22.08 ၃၀ ¶၁၅-၁၇
စနေနေ့၊ ဇွန် ၁၅
အနှစ် ၁,၀၀၀ ကုန်တာနဲ့ စာတန် ထောင်ထဲကနေ လွတ်လာလိမ့်မယ်။—ဗျာ. ၂၀:၇။
အနှစ် ၁၀၀၀ အကုန်မှာ စာတန် လွတ်လာမယ်။ စုံလင်တဲ့ လူတွေကို လှည့်ဖြားဖို့ ကြိုးစားမယ်။ အဲဒီစမ်းသပ်မှုအတွင်း မြေကြီးပေါ်က စုံလင်တဲ့ လူသားအားလုံးဟာ ဘုရားသခင့် နာမတော်၊ အုပ်ချုပ်မှုနဲ့ပတ်သက်တဲ့ အရေးကိစ္စမှာ ဘယ်ဘက် ရပ်တည်မလဲဆိုတာ ရှင်းရှင်းလင်းလင်း သက်သေပြခွင့် ရကြမယ်။ (ဗျာ. ၂၀:၈-၁၀) အသက်စာစောင်မှာ နာမည် အပြီး ရေးမှတ်ခံရမလားဆိုတာ စာတန့်လှည့်ဖြားမှုကို တစ်ယောက်စီ ဘယ်လို တုံ့ပြန်သလဲဆိုတဲ့အပေါ် မူတည်ပါလိမ့်မယ်။ အာဒံနဲ့ ဧဝလိုပဲ ယေဟောဝါရဲ့ အုပ်ချုပ်မှုကို ငြင်းပယ်သူတချို့ ရှိလိမ့်မယ်။ သူတို့ ဘာဖြစ်သွားမလဲ။ ‘အသက်စာစောင်မှာ စာရင်းမဝင်သူအားလုံး မီးအိုင်ထဲ ပစ်ချခံရတယ်’ လို့ ဗျာဒိတ် ၂၀:၁၅ မှာ ဖော်ပြတယ်။ ပုန်ကန်သူတွေ ထာဝရ အပြီး ဖျက်ဆီးခံရမယ်။ ဒါပေမဲ့ စုံလင်တဲ့ လူသား အများစုကတော့ ဒီနောက်ဆုံး စမ်းသပ်မှုမှာ အောင်မြင်ကြမယ်။ w22.09 ၂၃-၂၄ ¶၁၅-၁၆
တနင်္ဂနွေနေ့၊ ဇွန် ၁၆
မောရှေပညတ်အတိုင်း အရေဖျားမဖြတ်ရင် ကယ်တင်ခြင်း မရနိုင်ဘူး။—တ. ၁၅:၁။
ပထမရာစု အသင်းသားတချို့က ဘာသာပြောင်းဝင်လာတဲ့ လူမျိုးခြားတွေ အရေဖျား ဖြတ်ရမယ်လို့ ပြောကြတယ်။ ဂျူးတွေရဲ့ အပြောလွတ်ဖို့ ဖြစ်နိုင်တယ်။ (ဂလ. ၆:၁၂) တမန်တော် ပေါလု လုံးဝ သဘောမတူဘူး။ ဒါပေမဲ့ ကိုယ့်အယူအဆကို အတင်း မသွတ်သွင်းဘူး။ ဂျေရုဆလင်မြို့မှာ ရှိတဲ့ တမန်တော်တွေ၊ အကြီးအကဲတွေဆီ နှိမ့်ချမှုရှိရှိ မေးမြန်းတယ်။ (တ. ၁၅:၂) ပေါလု ပြဿနာ ကိုင်တွယ်ပုံကြောင့် အသင်းတော်မှာ ပျော်ရွှင်မှု၊ ငြိမ်သက်မှု ထိန်းသိမ်းနိုင်ခဲ့တယ်။ (တ. ၁၅:၃၀၊ ၃၁) အကြီးအကျယ် အငြင်းပွားစရာ ပေါ်လာတဲ့အခါ အသင်းတော်ကို ဂရုစိုက်ဖို့ ယေဟောဝါ ခန့်အပ်ထားသူတွေဆီကနေ လမ်းညွှန်ချက် တောင်းခံခြင်းအားဖြင့် ကျွန်တော်တို့ ငြိမ်သက်မှု တိုးများစေကြတယ်။ အဖွဲ့အစည်းထုတ် စာပေတွေမှာ ကျမ်းစာ အခြေပြု လမ်းညွှန်ချက်တွေ တွေ့ရတတ်တယ်။ ကိုယ့်အယူအဆကို အတင်း လိုက်နာစေမယ့်အစား အဖွဲ့အစည်း လမ်းညွှန်ချက်တွေကို လိုက်နာမယ်ဆိုရင် အသင်းတော် ငြိမ်သက်မှု တိုးများလာမယ်။ w22.08 ၂၂ ¶၈-၉
တနင်္လာနေ့၊ ဇွန် ၁၇
မိတ်ဆွေစစ်ဆိုတာ အချိန်အခါမရွေး မေတ္တာပြတတ်တယ်။—ပညာ. ၁၇:၁၇။
မိတ်ဆွေဆီ ရင်ဖွင့်ဖို့ လိုတဲ့ အချိန်တွေ ရှိပေမဲ့ တစ်ခါတလေ ခက်နိုင်တယ်။ တခြားသူကို အတွင်းရေးတွေ မပြောပြဖူးလို့ ဖြစ်နိုင်သလို ပေါက်ကြားသွားရင် ကိုယ်ပဲ စိတ်ပျက်ရမှာ စိုးရိမ်လို့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ မိတ်ဆွေက ကိုယ့်အတွင်းရေးကို လျှို့ဝှက်ပေးထားတယ်ဆိုရင် သိပ်ကျေးဇူးတင်မှာပဲ။ နှုတ်လုံတဲ့ အကြီးအကဲတွေဟာ ညီအစ်ကိုတွေအတွက် ‘လေကွယ်ရာအရပ်လို၊ ပုန်းခိုရာအရပ်လို’ ပါပဲ။ (ဟေရှာ. ၃၂:၂) ကိုယ် ပြောတာတွေကို လျှို့ဝှက်ပေးထားမယ်ဆိုတဲ့ အသိစိတ်နဲ့ ဘာမဆို စိတ်ချလက်ချ ရင်ဖွင့်နိုင်တယ်။ သူ လျှို့ဝှက်ထားသင့်တာတွေကို ကျွန်တော်တို့ အတင်း နှိုက်မမေးသင့်ဘူး။ အကြီးအကဲတွေရဲ့ ဇနီးတွေဟာ ကိုယ့်ခင်ပွန်း လျှို့ဝှက်ထားတဲ့ အချက်အလက်တွေကို မရမက မမေးကြလို့၊ ညီအစ်ကို/မတွေရဲ့ ကိုယ်ရေး အချက်အလက်တွေ သိမနေလို့ ကျွန်တော်တို့ ကျေးဇူးတင်ကြတယ်။ w22.09 ၁၁ ¶၁၀-၁၁
အင်္ဂါနေ့၊ ဇွန် ၁၈
ငါဟာ ဘုရားသခင်ပဲ။ . . . လူမျိုးတွေအလယ်မှာ ငါ့ကို ချီးမြှောက်ကြလိမ့်မယ်။—ဆာ. ၄၆:၁၀။
လာမယ့် “ကြီးစွာသောဒုက္ခ” အတွင်း သစ္စာရှိ ကျေးကျွန်တွေကို ယေဟောဝါ ကယ်တင်မယ်ဆိုတာ စိတ်ချနိုင်ပါတယ်။ (မ. ၂၄:၂၁။ ဒံ. ၁၂:၁) ယေဟောဝါရဲ့ သစ္စာရှိ ကျေးကျွန်တွေကို မာဂေါဂပြည်က ဂေါဂမင်းလို့ သိထားတဲ့ နိုင်ငံပေါင်းစုံ မဟာမိတ်အဖွဲ့ ကမ္ဘာချီ ရက်ရက်စက်စက် တိုက်ခိုက်ချိန်မှာ အဲဒီလို ကယ်တင်လိမ့်မယ်။ အဲဒီအဖွဲ့ထဲမှာ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင် ၁၉၃ နိုင်ငံအားလုံး ပါရင်တောင် အမြင့်မြတ်ဆုံးအရှင်နဲ့ ကောင်းကင်စစ်တပ်ကို လုံးဝ ယှဉ်နိုင်မှာ မဟုတ်ဘူး။ “လူမျိုးအမြောက်အမြားရှေ့ ငါ့ကိုယ်ငါ ဂုဏ်တင်ချီးမြှောက်မယ်။ ငါ့ကိုယ်ငါ သန့်ရှင်းမြင့်မြတ်စေပြီး ငါဘယ်သူလဲဆိုတာ သိစေမယ်။ ငါဟာ ယေဟောဝါပဲဆိုတာ သူတို့ သိရလိမ့်မယ်” လို့ ယေဟောဝါ ကတိပေးထားတယ်။ (ယေဇ. ၃၈:၁၄-၁၆၊ ၂၃) ဂေါဂရဲ့ တိုက်ခိုက်မှုက အာမဂေဒုန်စစ်ပွဲကို ဦးတည်စေလိမ့်မယ်။ အဲဒီစစ်ပွဲမှာ “လူနေထိုင်ရာ မြေတစ်ပြင်လုံးမှာ ရှိတဲ့ ဘုရင်တွေ” ကို ယေဟောဝါ ဖျက်ဆီးမယ်။ (ဗျာ. ၁၆:၁၄၊ ၁၆။ ၁၉:၁၉-၂၁) ပြီးနောက် ‘ကမ္ဘာမြေပေါ်မှာ စိတ်ရိုးဖြောင့်သူတွေပဲ နေထိုင်ရလိမ့်မယ်။ အပြစ်ပြောစရာ မရှိသူတွေ [တစ်နည်းအားဖြင့်၊ သမာဓိ စောင့်ထိန်းသူတွေ] ပဲ အမြဲ နေရလိမ့်မယ်။’—ပညာ. ၂:၂၁။ w22.10 ၁၆-၁၇ ¶၁၆-၁၇
ဗုဒ္ဓဟူးနေ့၊ ဇွန် ၁၉
ဘုရားသခင်ရဲ့ အလိုတော်ကတော့ လူအမျိုးမျိုးကို ကယ်တင်ခြင်း ရစေဖို့၊ အမှန်တရားအကြောင်း တိကျမှန်ကန်စွာ သိရှိစေဖို့ပဲ။—၁ တိ. ၂:၄။
လူတွေရဲ့ အတွင်းစိတ်ကို ကျွန်တော်တို့ မမြင်နိုင်ဘူး။ ယေဟောဝါသာ “စိတ်ရင်းကို စစ်ဆေးတယ်။” (ပညာ. ၁၆:၂) နောက်ခံ၊ ယဉ်ကျေးမှု အသီးသီးက လူအမျိုးမျိုးကို ချစ်တယ်။ “နှလုံးသားကို ကျယ်ကျယ် ဖွင့်ထား” ဖို့ ကျွန်တော်တို့ကို အားပေးတယ်။ (၂ ကော. ၆:၁၃၊ အောက်ခြေမှတ်ချက်) ဒါကြောင့် ညီအစ်ကို/မအားလုံးကို ချစ်ဖို့ ကျွန်တော်တို့ ကြိုးစားတယ်။ ဝေဖန်အကဲမဖြတ်ကြဘူး။ အသင်းတော်ပြင်ပက လူတွေကိုလည်း အကဲမဖြတ်ရဘူး။ “ဒီတစ်ယောက်ကတော့ အမှန်တရားထဲ ဘယ်တော့မှ ရောက်လာမှာ မဟုတ်ဘူး” ဆိုပြီး ကိုယ့်ယုံကြည်ချက်ကို လက်မခံတဲ့ ဆွေမျိုးတစ်ယောက်ကို အကဲဖြတ်ဖူးသလား။ ဒါဆိုရင် ရောင့်တက်ရာ၊ ကိုယ့်ကိုယ်ကိုယ် ဖြောင့်မတ်တယ်လို့ သတ်မှတ်ရာ ရောက်သွားမယ်။ “နေရာတိုင်းမှာ ရှိတဲ့ လူတွေကို” နောင်တယူဖို့ ယေဟောဝါ အခွင့်အရေး ပေးနေတုန်းပဲ။ (တ. ၁၇:၃၀) ကိုယ့်ကိုယ်ကိုယ် ဖြောင့်မတ်တယ်လို့ သတ်မှတ်တာဟာ မဖြောင့်မတ်တာပဲဆိုတာ အမြဲ သတိရပါ။ ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို ချစ်မြတ်နိုးတာက ကျွန်တော်တို့ကို ပျော်ရွှင်စေတယ်။ ကျွန်တော်တို့ကိုကော ဘုရားကိုပါ ချစ်လာဖို့ တခြားသူတွေကို လှုံ့ဆော်ပေးရာ ကျတယ်။ w22.08 ၃၁ ¶၂၀-၂၂
ကြာသပတေးနေ့၊ ဇွန် ၂၀
သူတို့အလယ်မှာ ပရောဖက် ရှိမှန်း သိရကြလိမ့်မယ်။—ယေဇ. ၂:၅။
ဟောပြောခြင်းလုပ်ငန်းမှာ ဆန့်ကျင်မှုတွေ ကြုံရမယ်ဆိုတာ ကျွန်တော်တို့ မျှော်လင့်ထားကြတယ်။ အနာဂတ်မှာ ပိုဆိုးလာနိုင်တယ်။ (ဒံ. ၁၁:၄၄။ ၂ တိ. ၃:၁၂။ ဗျာ. ၁၆:၂၁) ဒါပေမဲ့ လိုအပ်တဲ့ အကူအညီကို ယေဟောဝါ ပေးမယ်ဆိုတာ စိတ်ချနိုင်တယ်။ ဘာကြောင့်လဲ။ ဘယ်လောက် ခက်ခဲတဲ့ တာဝန်ပဲ ဖြစ်ပါစေ ပြီးမြောက်အောင်မြင်နိုင်ဖို့ ကျေးကျွန်တွေကို ယေဟောဝါ အမြဲ ထောက်မပေးလို့ပဲ။ ဥပမာအနေနဲ့ ဗာဗုလုန်က ဂျူးသုံ့ပန်းတွေကို ဟောရတဲ့ ပရောဖက် ယေဇကျေလအကြောင်း သုံးသပ်ကြည့်ပါ။ ဘယ်လိုလူတွေကို ယေဇကျေလ ဟောခဲ့ရသလဲ။ “ဖီဆန်သူ၊” “အကြင်နာကင်းမဲ့သူ၊” ‘ပုန်ကန်တတ်သူတွေ’ လို့ ယေဟောဝါ ပြောတယ်။ ဆူးပင်လို၊ ကင်းမြီးကောက်လို အန္တရာယ်ရှိသူတွေ ဖြစ်တယ်။ ဒါကြောင့် “သူတို့ကို မကြောက်နဲ့” လို့ ယေဟောဝါ ပြောတာ မဆန်းပါဘူး။ (ယေဇ. ၂:၃-၆) ဟောပြောခြင်း တာဝန် ပြီးမြောက်အောင် ယေဇကျေလ ထမ်းဆောင်နိုင်ခဲ့တာဟာ သူ့ကို (၁) ယေဟောဝါ စေလွှတ်လို့၊ (၂) ဘုရားစွမ်းအားတော် ခွန်အားပေးလို့၊ (၃) ဘုရားသခင့် စကားတော် အားရှိစေလို့ပဲ။ w22.11 ၂ ¶၁-၂
သောကြာနေ့၊ ဇွန် ၂၁
စားတဲ့ နေ့မှာ မင်း သေကို သေရမယ်။—က. ၂:၁၇။
ကမ္ဘာပေါ် ယေဟောဝါ ဖန်ဆင်းခဲ့တာတွေထဲမှာ လူသားတွေကလွဲလို့ ကျန်သက်ရှိတွေရဲ့ သက်တမ်း အကန့်အသတ်ပဲ ရှိတယ်။ လူသားတွေကိုတော့ ဘယ်တော့မှ မသေမယ့် ထူးခြားတဲ့ အလားအလာ ပေးခဲ့တယ်။ အသက်ဆက်ရှင်ချင်တဲ့ ပြင်းပြတဲ့ ဆန္ဒကိုလည်း ထည့်သွင်းဖန်ဆင်းထားတယ်။ လူသားတွေရဲ့ “စိတ်ထဲမှာ ထာဝရကာလကို ထည့်ပေးထားတယ်” လို့ ကျမ်းစာ ပြောတယ်။ (ဒေ. ၃:၁၁) အဲဒါ သေခြင်းကို ရန်သူအဖြစ် ကျွန်တော်တို့ သတ်မှတ်ရတဲ့ အကြောင်းရင်းတစ်ခု ဖြစ်တယ်။ (၁ ကော. ၁၅:၂၆) ကျွန်တော်တို့ အသည်းအသန် ဖျားနာတဲ့အခါ ဘာမှ မလုပ်ဘဲ သေမယ့်အချိန်ကို စောင့်နေသလား။ မစောင့်ပါဘူး။ ဆရာဝန် သွားပြတယ်။ ရောဂါကို ပြန်ခုခံနိုင်ဖို့ ဆေးတွေ သောက်ကြတယ်။ တကယ်တော့ မသေချင်လို့ တတ်နိုင်သလောက် ကြိုးစားနေတာပါ။ ကိုယ် ချစ်ရသူ တစ်ယောက် အသက်ကြီးကြီး၊ ငယ်ငယ် သေဆုံးသွားတဲ့အခါ အချိန်အတော်ကြာ ဝမ်းနည်းကြေကွဲကြရတယ်။ (ယော. ၁၁:၃၂၊ ၃၃) မေတ္တာရှိတဲ့ ဖန်ဆင်းရှင်သာ လူသားတွေကို ထာဝစဉ် အသက်ရှင်ဖို့ ရည်ရွယ်ချက်နဲ့ ဖန်ဆင်းထားတာ မဟုတ်ဘူးဆိုရင် ထာဝစဉ် အသက်ရှင်ချင်စိတ်ရော၊ ရှင်နိုင်စွမ်းပါ ပေးထားမှာ မဟုတ်ဘူး။ w22.12 ၃ ¶၅။ ၄ ¶၇
စနေနေ့၊ ဇွန် ၂၂
ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ ညီအစ်ကိုအသင်းအပင်း တစ်ရပ်လုံးလည်း ဆင်းရဲဒုက္ခကို ထပ်တူ ခံစားနေရ [တယ်]။—၁ ပေ. ၅:၉။
ခက်ခဲတဲ့ ဒီကာလမှာ ညီအစ်ကို/မများစွာ ရောဂါ ခံစားနေကြရတယ်။ စိုးရိမ်ကြောက်ရွံ့နေကြတယ်။ အထီးကျန်နေကြတယ်။ ညီအစ်ကို/မတွေနဲ့ ကြိုးစားဆက်သွယ်ပါ။ သူတို့နဲ့အတူ ရှိနေချိန်မှာတောင် ကပ်ရောဂါကြောင့် ခပ်ခွာခွာနေဖို့ တောင်းဆိုခံရနိုင်တယ်။ အဲဒီလိုအခါမျိုးမှာ တမန်တော် ယောဟန်လို ခံစားရနိုင်တယ်။ မိတ်ဆွေ ဂါယုကို မျက်နှာချင်းဆိုင် တွေ့ချင်နေပေမဲ့ လောလောဆယ် မဖြစ်နိုင်မှန်း သိတယ်။ (၃ ယော. ၁၃၊ ၁၄) ဒါကြောင့် တတ်နိုင်တာကို လုပ်တယ်။ ဂါယုဆီ စာရေးတယ်။ သင်လည်း ညီအစ်ကို/မတွေဆီ လူကိုယ်တိုင် မသွားနိုင်တဲ့အခါ တခြားနည်းတွေ သုံးပြီး ဆက်သွယ်ဖို့ ကြိုးစားပါ။ သူတို့နဲ့ အဆက်အသွယ် မပြတ် ရှိနေရင် ဘေးကင်းလုံခြုံတယ်လို့ ခံစားရပြီး ပိုတည်တည်ငြိမ်ငြိမ် ရှိနိုင်မယ်။ အထူးသဖြင့် စိုးရိမ်ပူပန်နေချိန်မှာ အကြီးအကဲတွေနဲ့ ဆက်သွယ်ပါ။ သူတို့ရဲ့ မေတ္တာပါ အားပေးမှုကို လက်ခံပါ။—ဟေရှာ. ၃၂:၁၊ ၂။ w22.12 ၁၇-၁၈ ¶၆-၇
တနင်္ဂနွေနေ့၊ ဇွန် ၂၃
ယောသပ်ကို ထောင်ချလိုက်တယ်။ ဘုရင့်အကျဉ်းသားတွေကို ချုပ်ထားတဲ့ အဲဒီထောင်မှာ သူ ဆက်နေရတယ်။—က. ၃၉:၂၀။
အချိန်အတော်ကြာ ယောသပ် ခြေကျဉ်းခတ်ခံရတယ်၊ လည်ပင်းမှာလည်း သံကြိုးတွေနဲ့ တုပ်နှောင်ခံရတယ်လို့ ကျမ်းစာ ပြောတယ်။ (ဆာ. ၁၀၅:၁၇၊ ၁၈) ယောသပ် အခြေအနေ ပိုဆိုးလာတယ်။ ယုံကြည်စိတ်ချရတဲ့ ကျွန်ဘဝကနေ နိမ့်ကျတဲ့ ထောင်သား ဖြစ်နေပြီ။ အသည်းအသန် ဆုတောင်းနေတဲ့ကြား ကိုယ့်အခြေအနေ ပိုဆိုးလာတာမျိုး ကြုံဖူးသလား။ အဲဒီလို ဖြစ်နိုင်ပါတယ်။ စာတန့်လောကရဲ့ အခက်အခဲတွေ မကြုံရအောင် ယေဟောဝါ ကာကွယ်မပေးဘူး။ (၁ ယော. ၅:၁၉) ဒါပေမဲ့ သင် ဘာကြုံနေရတယ်ဆိုတာ ကောင်းကောင်း သိတယ်၊ ဂရုစိုက်နေတယ်ဆိုတာတော့ စိတ်ချနိုင်တယ်။ (မ. ၁၀:၂၉-၃၁။ ၁ ပေ. ၅:၆၊ ၇) အဲဒီအပြင် “မင်းတို့ကို ငါ ဘယ်တော့မှ ပစ်ထားမှာ မဟုတ်ဘူး။ ဘယ်တော့မှ စွန့်ခွာမှာ မဟုတ်ဘူး” လို့လည်း ဘုရား ကတိပေးတယ်။ (ဟီ. ၁၃:၅) သင့်အခြေအနေ မျှော်လင့်ချက်မဲ့ပုံ ပေါက်နေရင်တောင် ခံရပ်နိုင်အောင် ယေဟောဝါ ကူညီပေးနိုင်တယ်။ w23.01 ၁၆ ¶၇-၈
တနင်္လာနေ့၊ ဇွန် ၂၄
ဘုရားသခင်က အကြွင်းမဲ့ ခွင့်လွှတ်လိမ့်မယ်။—ဟေရှာ. ၅၅:၇။
ကျမ်းစာက ယေဟောဝါရဲ့ မေတ္တာကို နောက်တစ်နည်းနဲ့လည်း ဖော်ပြတယ်။ ကျွန်တော်တို့ အမှားလုပ်မိတဲ့အခါ ဘုရား မစွန့်ပစ်ဘူးဆိုတာ ကျမ်းစာကနေ သိရတယ်။ အစ္စရေးတွေ အကြိမ်ကြိမ် ပြစ်မှားပေမဲ့ စိတ်ရင်းမှန်နဲ့ နောင်တရတဲ့အခါ ယေဟောဝါ ခွင့်လွှတ်ပေးတယ်။ ပထမရာစု ခရစ်ယာန်တွေလည်း ဘုရားမေတ္တာကို ခံစားကြရတယ်။ ကြီးလေးတဲ့ အပြစ်လမ်းစဉ် လိုက်မိပေမဲ့ နောင်တရသူကို “ခွင့်လွှတ်ပြီး နှစ်သိမ့်ပေး” ဖို့ ယုံကြည်သူချင်းတွေကို တမန်တော် ပေါလု တိုက်တွန်းတယ်။ (၂ ကော. ၂:၆၊ ၇။ ၁ ကော. ၅:၁-၅) အမှားလုပ်မိရုံနဲ့ ဝတ်ပြုသူတွေကို ယေဟောဝါ မစွန့်ပစ်လိုက်ဘူးဆိုတဲ့ အချက်က စိတ်ထိမိစရာပါပဲ။ အဲဒီအစား သူတို့ကို မေတ္တာပါပါ ကူညီပေးတယ်။ ပဲ့ပြင်ပေးတယ်။ မိမိဆီ ပြန်လာဖို့ ဖိတ်ခေါ်တယ်။ ဒီနေ့ခေတ် နောင်တယူတဲ့ အပြစ်သား အားလုံးကိုလည်း ဘုရား အဲဒီလိုပဲ ကတိပေးတယ်။ (ယာ. ၄:၈-၁၀) ကျမ်းစာက ဘုရားရဲ့ ဉာဏ်ပညာ၊ တရားမျှတမှု၊ မေတ္တာကို ပေါ်လွင်စေတယ်။ လူတွေကို မိမိအကြောင်း ယေဟောဝါ သိစေချင်တယ်၊ မိတ်ဆွေ ဖြစ်စေချင်တယ်ဆိုတာ ဖော်ပြတယ်။ w23.02 ၇ ¶၁၆-၁၇
အင်္ဂါနေ့၊ ဇွန် ၂၅
ပရောဖက်ပြုချက်ကို အာရုံစိုက်နေကြတာ သိပ်ကောင်းပါတယ်။—၂ ပေ. ၁:၁၉။
လက်ရှိ ကမ္ဘာ့ဖြစ်ရပ်တွေက ကျမ်းစာ ပရောဖက်ပြုချက်တွေကို ဘယ်လို ပြည့်စုံနေစေကြောင်း စိတ်ဝင်စားရတဲ့ အကြောင်းကောင်းတွေ ရှိတယ်။ ဥပမာ၊ စာတန့်စနစ်အဆုံး နီးလာပြီဆိုတာ ကျွန်တော်တို့ သိနိုင်ဖို့ သတ်သတ်မှတ်မှတ် ဖြစ်ရပ်တွေ ယေရှု ဖော်ပြတယ်။ (မ. ၂၄:၃-၁၄) ယုံကြည်ခြင်း ဆက်ခိုင်ခံ့နေအောင် ပရောဖက်ပြုချက် ပြည့်စုံမှုကို အာရုံစိုက်ဖို့ တမန်တော် ပေတရု အားပေးတယ်။ (၂ ပေ. ၁:၁၉-၂၁) ကျမ်းစာ ပရောဖက်ပြုချက်တွေ လေ့လာတဲ့အခါ မျှတတဲ့ အမြင် ရှိဖို့ တမန်တော် ပေတရု အားပေးတယ်။ “ယေဟောဝါရဲ့နေ့ ရောက်လာမယ်ဆိုတာကို စိတ်စွဲလမ်း” နေဖို့ တိုက်တွန်းတယ်။ (၂ ပေ. ၃:၁၁-၁၃) ဘာကြောင့်လဲ။ အာမဂေဒုန် ရောက်လာမယ့် ‘နေ့နဲ့ အချိန်’ ကို တွက်ချက်ချင်လို့ မဟုတ်ပါဘူး။ ကျန်ရှိတဲ့ အချိန်အတွင်းမှာ “သန့်ရှင်းတဲ့ အမူအကျင့်တွေ ကျင့်ကြံပြီး ဘုရားတရား ကိုင်းရှိုင်း” ချင်ကြလို့ပါ။ (မ. ၂၄:၃၆။ လု. ၁၂:၄၀) ဖြောင့်မတ်တဲ့အကျင့် ဆက်ကျင့်ချင်လို့၊ ဘုရားကို ချစ်တဲ့ စိတ်နဲ့ အမှုဆောင်ချင်ကြလို့ပါ။ အဲဒီလိုဖြစ်နိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် သတိထားရမယ်။ w23.02 ၁၆ ¶၄၊ ၆
ဗုဒ္ဓဟူးနေ့၊ ဇွန် ၂၆
တခြားသိုးတွေကို ကျွန်တော် ပိုင်သေးတယ်။ အဲဒီသိုးတွေကိုလည်း ဦးဆောင်ရမယ်။—ယော. ၁၀:၁၆။
ပရဒိသုမှာ အသက်ရှင်ဖို့ အရည်အချင်း ပြည့်မီအောင် “တခြားသိုး” တွေ လုပ်ရမှာ ရှိတယ်။ ယေရှု လုပ်ပေးခဲ့တာတွေအတွက် ဘယ်လို ခံစားရတယ်ဆိုတာ ပြရမယ်။ ဥပမာ၊ ဘိသိက်ခံ ညီတော်တွေကို ဆက်ဆံပုံကတစ်ဆင့် ယေရှုကို ဘယ်လောက် ချစ်ကြောင်း ပြနိုင်တယ်။ ဘယ်သူတွေ သိုး ဖြစ်မလဲဆိုတာ အဲဒီအပေါ် အခြေခံပြီး ဆုံးဖြတ်မယ်လို့ ယေရှု ပြောတယ်။ (မ. ၂၅:၃၁-၄၀) ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်း လုပ်ငန်းမှာ ပါဝင်ခြင်းအားဖြင့် သူတို့ကို ထောက်မနိုင်တယ်။ (မ. ၂၈:၁၈-၂၀) ယေဟောဝါ ဖြစ်စေချင်တဲ့ လူစားမျိုး ဖြစ်ဖို့ ပရဒိသုအထိ စောင့်စရာ မလိုပါဘူး။ ကိုယ့်အပြောအဆို၊ အပြုအမူတွေ ရိုးသားဖို့၊ အစွန်းမရောက်ဖို့ အခုကတည်းက ကြိုးစားနိုင်တယ်။ ယေဟောဝါ၊ အိမ်ထောင်ဖက်၊ ယုံကြည်သူချင်းတွေကို သစ္စာရှိဖို့ ကြိုးစားနိုင်တယ်။ အခု၊ ဆိုးညစ်တဲ့ ဒီလောကမှာ နေထိုင်စဉ်ကတည်းက ယေဟောဝါကို နာခံမယ်ဆိုရင် ပရဒိသုမှာ နာခံဖို့ ပိုလွယ်ကူမယ်။ ပရဒိသုမှာ နေထိုင်ဖို့ အသင့်ပြင်နေကြောင်း ဖော်ပြတဲ့ စွမ်းရည်တွေ၊ အတတ်ပညာတွေလည်း သင်ယူထားနိုင်တယ်။ w22.12 ၁၁-၁၂ ¶၁၄-၁၆
ကြာသပတေးနေ့၊ ဇွန် ၂၇
ကျွန်တော့်ကို ချစ်တဲ့သူကို အဖဘုရားကလည်း ချစ်မှာပဲ။—ယော. ၁၄:၂၁။
အကောင်းဆုံး အုပ်စိုးရှင် ဖြစ်လို့ ဘုရင် ယေရှုကို ကျွန်တော်တို့ ချစ်ကြတယ်။ အဲဒီလိုဘုရင်မျိုး ဖြစ်ဖို့ ယေဟောဝါကိုယ်တိုင် လေ့ကျင့်၊ ခန့်အပ်ထားတာ။ (ဟေရှာ. ၅၀:၄၊ ၅) ယေရှု ပြတဲ့ ကိုယ်ကျိုးစွန့် မေတ္တာကိုလည်း စဉ်းစားကြည့်ပါ။ (ယော. ၁၃:၁) သင့်မေတ္တာကို ဘုရင် ယေရှု အပြည့်အဝ ရထိုက်တယ် မဟုတ်လား။ မိမိကို အမှန်တကယ် ချစ်တဲ့သူတွေဟာ မိန့်မှာချက်တွေ လိုက်နာခြင်းအားဖြင့် ချစ်ကြောင်း ပြကြမယ့်အကြောင်း၊ သူတို့ကို မိတ်ဆွေလို့ ခေါ်မယ့်အကြောင်း ယေရှု ရှင်းပြတယ်။ (ယော. ၁၄:၁၅။ ၁၅:၁၄၊ ၁၅) ယေဟောဝါရဲ့ သားတော်နဲ့ မိတ်ဆွေ ဖြစ်ရတာ အခွင့်ထူးပါပဲ။ ယေရှုဟာ နှိမ့်ချသူ၊ ဖခင်ကို အပြည့်အဝ အတုယူသူ ဖြစ်တယ်။ ဆာလောင်သူတွေကို ကျွေးမွေးတယ်။ စိတ်ဓာတ်ကျသူတွေကို နှစ်သိမ့်ပေးတယ်။ ဖျားနာသူတွေကို ကုသပေးတယ်။ (မ. ၁၄:၁၄-၂၁) ဒီနေ့ခေတ် အသင်းတော်ကို ဦးဆောင်နေတယ်။ (မ. ၂၃:၁၀) အနာဂတ်မှာ ဘုရားနိုင်ငံတော် ဘုရင်အဖြစ် ဒီ့ထက်မက လုပ်ပေးဦးမယ်။ ဒီတော့ ယေရှုကို ချစ်ကြောင်း သင် ဘယ်လို ပြနိုင်သလဲ။ စံနမူနာ လိုက်လျှောက်ခြင်းအားဖြင့်ပါ။ စံနမူနာ လိုက်တဲ့အနေနဲ့ လုပ်နိုင်တာကတော့ ယေဟောဝါဆီ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံတာပဲ။ w23.03 ၄ ¶၈၊ ၁၀
သောကြာနေ့၊ ဇွန် ၂၈
ကောင်းကင်ကို မော့ကြည့်လိုက်ပါဦး။ အဲဒါတွေကို ဘယ်သူ ဖန်ဆင်းသလဲ။—ဟေရှာ. ၄၀:၂၆။
ယေဟောဝါက ကျွန်တော်တို့ လေ့လာနိုင်ဖို့ ကောင်းကင်၊ မြေကြီးနဲ့ ပင်လယ်မှာ အပြည့် ဖန်ဆင်းပေးထားတယ်။ (ဆာ. ၁၀၄:၂၄၊ ၂၅) ကျွန်တော်တို့ကို ဘုရား ဖန်ဆင်းထားပုံကိုလည်း စဉ်းစားကြည့်ပါ။ ဖန်ဆင်းရာ အမျိုးမျိုးကို ပျော်မွေ့ခံစားနိုင်ဖို့ အကြား၊ အမြင်၊ အနံ့၊ အရသာ၊ အထိအတွေ့ဆိုတဲ့ အာရုံငါးပါးကို ထည့်သွင်းဖန်ဆင်းပေးထားတယ်။ ဖန်ဆင်းရာတွေကို လေ့လာသင့်တဲ့ နောက်အကြောင်းရင်းကတော့ ယေဟောဝါရဲ့ အရည်အသွေးတွေအကြောင်း သိစေလို့ပါ။ (ရော. ၁:၂၀) ဥပမာ၊ သဘာဝတရားမှာ တွေ့ရတဲ့ အံ့ဖွယ် ဒီဇိုင်းတွေက ဘုရားရဲ့ ဉာဏ်ပညာကို ပေါ်လွင်စေတယ်။ အစားအစာ မျိုးစုံ ဖန်ဆင်းပေးထားတာက ဘုရားရဲ့ မေတ္တာကို ပေါ်လွင်စေတယ်။ ဖန်ဆင်းထားရာတွေကို ကြည့်ပြီး ယေဟောဝါရဲ့ အရည်အသွေးတွေကို အထင်အရှား မြင်လာတဲ့အခါ ဘုရားအကြောင်း ပိုသိလာတယ်။ ဘုရားနဲ့ ပိုရင်းနှီးအောင် လုပ်ဖို့ လှုံ့ဆော်ခံရတယ်။ w23.03 ၁၆ ¶၄-၅
စနေနေ့၊ ဇွန် ၂၉
နှုတ်တော်ထွက်စကားရဲ့ အနှစ်သာရဟာ အမှန်တရားပါ။—ဆာ. ၁၁၉:၁၆၀။
ဒီလောက အခြေအနေတွေ ပိုဆိုးလာတဲ့အတွက် ကျမ်းစာကို ယုံကြည်စိတ်ချဖို့ ပိုအခက်တွေ့လာနိုင်တယ်။ လူတွေက ကျွန်တော်တို့ စိတ်ထဲ သံသယမျိုးစေ့တွေ ကြဲပေးနိုင်တယ်။ ကျမ်းစာ မှန်ရဲ့လား၊ ဒီနေ့ခေတ် လူမျိုးတော်ကို လမ်းညွှန်ဖို့ သစ္စာရှိကျွန်ကို ယေဟောဝါ ခန့်ထားတာ ဟုတ်ရဲ့လားဆိုတာမျိုးပေါ့။ ဒါပေမဲ့ ယေဟောဝါရဲ့ စကား အမြဲ မှန်ကန်တယ်ဆိုတာ ယုံကြည်စိတ်ချမယ်ဆိုရင် အဲဒီလို ယုံကြည်ခြင်း တိုက်ခိုက်မှုတွေကို တွန်းလှန်နိုင်ပါလိမ့်မယ်။ “[ယေဟောဝါ]ရဲ့ စည်းမျဉ်းတွေကို သက်ဆုံးတိုင် အမြဲ လိုက်နာမယ်လို့ သန္နိဋ္ဌာန် ချထား” နိုင်ပါလိမ့်မယ်။ (ဆာ. ၁၁၉:၁၁၂) အမှန်တရားအကြောင်း တခြားသူတွေကို ပြောဖို့၊ အဲဒီအတိုင်း နေထိုင်နိုင်အောင် အားပေးဖို့ ကျွန်တော်တို့ “ရှက်” နေမှာ မဟုတ်ဘူး။ (ဆာ. ၁၁၉:၄၆) နှိပ်စက်ညှဉ်းပန်းမှု အပါအဝင် အခက်ခဲဆုံး အခြေအနေတွေကို “ဝမ်းမြောက်စွာ၊ စိတ်ရှည်စွာ” ခံရပ်နိုင်ကြမယ်။ (ကော. ၁:၁၁။ ဆာ. ၁၁၉:၁၄၃၊ ၁၅၇) အမှန်တရားက ကျွန်တော်တို့ကို တည်ငြိမ်စေတယ်။ သေချာရေရာတဲ့ ရည်ရွယ်ချက် ရှိစေတယ်။ ရှင်းရှင်းလင်းလင်း လမ်းညွှန်ပေးတယ်။ ဘုရားသခင့် နိုင်ငံတော် အုပ်ချုပ်မှုအောက် ပိုကောင်းတဲ့ အနာဂတ် မျှော်လင့်ချက်ကိုလည်း ပေးတယ်။ w23.01 ၇ ¶၁၆-၁၇
တနင်္ဂနွေနေ့၊ ဇွန် ၃၀
အချင်းချင်း ချစ်ကြပါဆိုတဲ့ ပညတ်အသစ်တစ်ခု ကျွန်တော် ပေးမယ်။ ခင်ဗျားတို့ကို ကျွန်တော် ချစ်သလို အချင်းချင်း ချစ်ကြပါ။—ယော. ၁၃:၃၄။
တပည့်တွေကို “ဆိုးညစ်သူရဲ့ရန်ကနေ ကာကွယ်စောင့်ရှောက်ပေးဖို့” ယေရှု မသေဆုံးခင်ညမှာ အကြာကြီး ဆုတောင်းခဲ့တယ်။ (ယော. ၁၇:၁၅) တကယ့်ကို မေတ္တာပါတဲ့ လုပ်ရပ်ပဲ။ မကြာခင် ခက်ခဲတဲ့ စမ်းသပ်မှုတွေ ကြုံရတော့မယ်။ ဒါတောင် တမန်တော်တွေရဲ့ ရှေ့ရေးအတွက် စိတ်ပူပေးခဲ့တယ်။ ယေရှုကို အတုယူတဲ့အနေနဲ့ ကျွန်တော်တို့ ကိုယ့်အရေးကိုပဲ အာရုံမစိုက်ကြဘူး။ ညီအစ်ကို/မတွေအတွက် မှန်မှန် ဆုတောင်းပေးကြတယ်။ အဲဒီလိုဆုတောင်းတာက အချင်းချင်း ချစ်ပါဆိုတဲ့ ယေရှုရဲ့ မိန့်မှာချက်ကို လိုက်နာရာ ရောက်တယ်။ ယုံကြည်သူချင်းတွေကို ဘယ်လောက် ချစ်ကြောင်း ယေဟောဝါကို သက်သေပြရာ ရောက်တယ်။ ညီအစ်ကို/မတွေအတွက် ဆုတောင်းပေးတာ အလဟဿ မဖြစ်ပါဘူး။ “ဖြောင့်မတ်သူရဲ့ တိုးလျှိုးအသနားခံချက်ဟာ အစွမ်းထက်ပြီး အကျိုးသက်ရောက်မှု ရှိတယ်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ယာ. ၅:၁၆) ညီအစ်ကို/မတွေဟာ စမ်းသပ်မှု အမျိုးမျိုး ကြုံကြရလို့ ကျွန်တော်တို့ ဆုတောင်းပေးဖို့ လိုအပ်တယ်။ w22.07 ၂၃-၂၄ ¶၁၃-၁၅