ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • es24 စာ. ၆၇-၇၇
  • ဇူလိုင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဇူလိုင်
  • ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၄
  • ခေါင်းစ‎ဥ်ငယ်များ
  • တနင်္လာနေ့၊ ဇူလိုင် ၁
  • အင်္ဂါနေ့၊ ဇူလိုင် ၂
  • ဗုဒ္ဓဟူးနေ့၊ ဇူလိုင် ၃
  • ကြာသပတေးနေ့၊ ဇူလိုင် ၄
  • သောကြာနေ့၊ ဇူလိုင် ၅
  • စနေနေ့၊ ဇူလိုင် ၆
  • တနင်္ဂနွေနေ့၊ ဇူလိုင် ၇
  • တနင်္လာနေ့၊ ဇူလိုင် ၈
  • အင်္ဂါနေ့၊ ဇူလိုင် ၉
  • ဗုဒ္ဓဟူးနေ့၊ ဇူလိုင် ၁၀
  • ကြာသပတေးနေ့၊ ဇူလိုင် ၁၁
  • သောကြာနေ့၊ ဇူလိုင် ၁၂
  • စနေနေ့၊ ဇူလိုင် ၁၃
  • တနင်္ဂနွေနေ့၊ ဇူလိုင် ၁၄
  • တနင်္လာနေ့၊ ဇူလိုင် ၁၅
  • အင်္ဂါနေ့၊ ဇူလိုင် ၁၆
  • ဗုဒ္ဓဟူးနေ့၊ ဇူလိုင် ၁၇
  • ကြာသပတေးနေ့၊ ဇူလိုင် ၁၈
  • သောကြာနေ့၊ ဇူလိုင် ၁၉
  • စနေနေ့၊ ဇူလိုင် ၂၀
  • တနင်္ဂနွေနေ့၊ ဇူလိုင် ၂၁
  • တနင်္လာနေ့၊ ဇူလိုင် ၂၂
  • အင်္ဂါနေ့၊ ဇူလိုင် ၂၃
  • ဗုဒ္ဓဟူးနေ့၊ ဇူလိုင် ၂၄
  • ကြာသပတေးနေ့၊ ဇူလိုင် ၂၅
  • သောကြာနေ့၊ ဇူလိုင် ၂၆
  • စနေနေ့၊ ဇူလိုင် ၂၇
  • တနင်္ဂနွေနေ့၊ ဇူလိုင် ၂၈
  • တနင်္လာနေ့၊ ဇူလိုင် ၂၉
  • အင်္ဂါနေ့၊ ဇူလိုင် ၃၀
  • ဗုဒ္ဓဟူးနေ့၊ ဇူလိုင် ၃၁
ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၄
es24 စာ. ၆၇-၇၇

ဇူလိုင်

တနင်္လာနေ့၊ ဇူလိုင် ၁

အပြောအဆို . . . မှာ သစ္စာရှိသူတွေအတွက် စံနမူနာကောင်း ဖြစ်ရမယ်။—၁ တိ. ၄:၁၂။

စကားပြောနိုင်စွမ်းဟာ မေတ္တာရှင် ဘုရားသခင်ဆီက လက်ဆောင် ဖြစ်တယ်။ ဒါပေမဲ့ စကားပြောနိုင်စွမ်း လက်ဆောင်ကို တလွဲသုံးခဲ့ကြတယ်။ ဧဝကို စာတန် မာရ်နတ် လိမ်လည်တယ်။ အဲဒီလိမ်လည်စကားကြောင့် လူသားတွေ အပြစ်နဲ့ မစုံလင်မှုအောက် ရောက်ခဲ့ရတယ်။ (က. ၃:၁-၄) အာဒံဟာ ကိုယ့်အမှားအတွက် ဧဝကိုရော ယေဟောဝါကိုပါ အပြစ်တင်ချိန်မှာ စကားပြောနိုင်စွမ်းကို တလွဲသုံးခဲ့တယ်။ (က. ၃:၁၂) ကာအိနက ညီအာဗေလကို သတ်ပြီးနောက် ယေဟောဝါကို လိမ်တယ်။ (က. ၄:၉) ဒီနေ့ခေတ်မှာလည်း ညစ်ညမ်းတဲ့ စကား မပါတဲ့ ရုပ်ရှင် မရှိသလောက်ပဲ။ ကျောင်းသားတွေက ကျောင်းမှာ၊ လူကြီးတွေက အလုပ်မှာ ညစ်ညမ်းတဲ့ စကားတွေ ကြားနေရတယ်။ ကျွန်တော်တို့ သတိမထားဘူးဆိုရင် ညစ်ညမ်းတဲ့ စကားတွေ ကြားတာ နားယဉ်လာပြီး ကိုယ်တိုင် စသုံးမိနိုင်တယ်။ ခရစ်ယာန်တွေအနေနဲ့ ယေဟောဝါရဲ့ နှစ်သက်မှု ရချင်ကြလို့ ညစ်ညမ်းတဲ့ စကားတွေ ဘယ်တော့မှ ပြောမှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလောက်ပဲ မဟုတ်ဘူး။ စကားပြောနိုင်စွမ်း လက်ဆောင် သုံးပြီး ဘုရားကို ချီးမွမ်းသင့်တယ်။ w22.04 ၄ ¶၁-၃

အင်္ဂါနေ့၊ ဇူလိုင် ၂

ဘုရားသခင်အတွက်ရော စည်းစိမ်အတွက်ပါ တစ်ပြိုင်တည်း အစေခံလို့ မရဘူး။—မ. ၆:၂၄။

ယေရှုဟာ ပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီး မျှတတဲ့ အမြင်ရှိတယ်။ စားတာ၊ သောက်တာကို နှစ်ခြိုက်တယ်။ (လု. ၁၉:၂၊ ၆၊ ၇) ဦးဆုံးအံ့ဖွယ်အမှုမှာ စပျစ်ဝိုင် အကောင်းစားကို လုပ်ပေးခဲ့တယ်။ (ယော. ၂:၁၀၊ ၁၁) သေဆုံးတဲ့နေ့မှာ ဝတ်ထားတဲ့ အင်္ကျီကလည်း တန်ဖိုးကြီး အင်္ကျီ ဖြစ်တယ်။ (ယော. ၁၉:၂၃၊၂၄) ဒါပေမဲ့ ပစ္စည်းဥစ္စာကို ဘဝမှာ ဦးစားမထားဘူး။ နိုင်ငံတော်ကို ဦးစားထားမယ်ဆိုရင် လိုအပ်ရာတွေ ယေဟောဝါ ဖြည့်ဆည်းပေးမယ်လို့ သင်ပေးတယ်။ (မ. ၆:၃၁-၃၃) ငွေနဲ့ပတ်သက်ပြီး ယေဟောဝါရဲ့ အကြံဉာဏ်ကို လိုက်နာကျင့်သုံးလို့ လူများစွာ အကျိုးရကြတယ်။ တစ်ကိုယ်ရေ ညီအစ်ကို ဒန်နီယယ်အကြောင်း သုံးသပ်ကြည့်ပါ။ “ဆယ်ကျော်သက်အရွယ်မှာ ဘုရားရေးရာကို ဦးစားထားဖို့ ဆုံးဖြတ်ခဲ့တယ်” လို့ ပြောတယ်။ ဘဝကို ရိုးရိုးရှင်းရှင်း ထားလို့ အချိန်နဲ့ စွမ်းရည်တွေကို ယေဟောဝါအတွက် အသုံးပြုနိုင်ခဲ့တယ်။ “ယေဟောဝါ ပေးထားတဲ့ ကောင်းချီးတွေကို ငွေနဲ့ ဝယ်လို့ မရဘူး” လို့ ပြောတယ်။ w22.05 ၂၁-၂၂ ¶၆-၇

ဗုဒ္ဓဟူးနေ့၊ ဇူလိုင် ၃

[ယေဟောဝါက] ခင်ဗျားတို့ [ကို] အမှောင်ထဲကနေ အံ့ဖွယ်အလင်းထဲ ခေါ်ထုတ် . . . တယ်။—၁ ပေ. ၂:၉။

ကျမ်းစာနဲ့ ကျမ်းစာအခြေပြု စာပေတွေကို မှန်မှန် လေ့လာခြင်းအားဖြင့် အမှန်တရားကို မြတ်နိုးကြောင်း ပြနိုင်တယ်။ အမှန်တရားထဲ ရောက်တာ ဘယ်လောက်ပဲ ကြာပါစေ လေ့လာစရာဆိုတာ ရှိစမြဲပဲ။ လေ့လာရတာ ခက်ခဲတဲ့ အလုပ်ပါ။ ဒါပေမဲ့ လေ့လာရကျိုး နပ်ပါတယ်။ ဖတ်ရှုလေ့လာရတာ လူတိုင်းတော့ ကြိုက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ နက်နဲတဲ့ အမှန်တရား အသိပညာကို “မပြတ် ရှာဖွေ” ဖို့ ယေဟောဝါ အားပေးထားတယ်။ (ပညာ. ၂:၄-၆) အဲဒီလို ရှာဖွေဖို့ ကြိုးစားအားထုတ်ရင် အမြဲ အကျိုးရတယ်။ ကိုယ်ပိုင် ကျမ်းစာဖတ်ရှုတဲ့အခါ တစ်ကြိမ်မှာ ကျမ်းပိုဒ် တစ်ပိုဒ်ကိုပဲ အာရုံစိုက် ဖတ်တယ်လို့ ကိုရီ ပြောတယ်။ “အောက်ခြေမှတ်ချက်တိုင်း ဖတ်တယ်။ အပြန်အလှန် အညွှန်းတိုင်းကို ရှာတယ်။ ထပ်ဆင့် ရှာဖွေလေ့လာတယ်။ . . . ဒီနည်းနဲ့ လေ့လာလို့ အများကြီး သိလာပြီ” ဆိုပြီး ပြောတယ်။ ကျွန်တော်တို့ ဘယ်နည်းပဲ သုံးသုံး အချိန်၊ ခွန်အား စိုက်ထုတ်ပြီး လေ့လာတာက အမှန်တရားကို တန်ဖိုးထားကြောင်း ပြရာ ရောက်တယ်။—ဆာ. ၁:၁-၃။ w22.08 ၁၇ ¶၁၃။ ၁၈ ¶၁၅-၁၆

ကြာသပတေးနေ့၊ ဇူလိုင် ၄

ကျွမ်းကျင်လုပ်သားအဖြစ် ဘုရားရဲ့ဘေးမှာ ငါ ရှိနေခဲ့တယ်။ ဘုရားက ငါ့ကို တစ်နေ့ထက် တစ်နေ့ ချစ်မြတ်နိုးလာတယ်။ ရှေ့တော်မှာ ငါ အမြဲ ဝမ်းမြောက်နေတယ်။—ပညာ. ၈:၃၀။

မြေကြီးပေါ် ရှိနေချိန် ဖန်ဆင်းရာတွေ သုံးပြီး ဖခင်အကြောင်း တပည့်တွေကို ယေရှု သင်ပေးတယ်။ ယေရှု သင်ပေးတဲ့ သင်ခန်းစာတစ်ခု သုံးသပ်ကြည့်ပါ။ ယောက်တိုင်းအပေါ် ယေဟောဝါ မေတ္တာပြတယ်။ လူတွေ သိပ်အလေးမထားတဲ့ ဖန်ဆင်းရာ နှစ်မျိုးကို သုံးပြီး တောင်ပေါ် တရားတော်မှာ တပည့်တွေကို ယေရှု သင်ပေးတယ်။ နေရောင်ခြည်နဲ့ မိုးပါ။ နှစ်ခုစလုံး ကျွန်တော်တို့ အသက်ဆက်ရှင်ဖို့ မရှိမဖြစ် လိုအပ်တယ်။ ယေဟောဝါက မိမိကို ဝတ်ပြုသူတွေအပေါ် ကွက်ပြီး နေထွက်စေ၊ မိုးရွာစေလို့ ရတယ်။ ဒါပေမဲ့ လူတိုင်းအပေါ် နေထွက်စေ၊ မိုးရွာစေတယ်။ (မ. ၅:၄၃-၄၅) လူအားလုံးအပေါ် ယေဟောဝါ မေတ္တာပြစေချင်ကြောင်း ဒီသင်ခန်းစာ သုံးပြီး တပည့်တွေကို ယေရှု သင်ပေးတယ်။ ဒါကြောင့် အံ့ဩမိန်းမောဖွယ် နေဝင်ဆည်းဆာကို ရှုစားရတိုင်း၊ လန်းဆန်းစေတဲ့မိုး ရွာသွန်းတာကို မြင်တိုင်း ယေဟောဝါရဲ့ ဘက်မလိုက်တဲ့ မေတ္တာအကြောင်း တွေးတောပါ။ ဒါက လူတိုင်းကို ဟောပြောခြင်းအားဖြင့် ယေဟောဝါရဲ့ မေတ္တာကို တုပဖို့ လှုံ့ဆော်ပေးနိုင်တယ်။ w23.03 ၁၇ ¶၉-၁၀

သောကြာနေ့၊ ဇူလိုင် ၅

ကျွန်တော် အကြီးအကျယ် အံ့သြသွားတယ်။—ဗျာ. ၁၇:၆။

တမန်တော် ယောဟန်ကို အံ့သြသွားစေတာ ဘာများလဲ။ မိန်းမတစ်ယောက်ဟာ နီမြန်းတဲ့ သားရဲပေါ် ထိုင်နေတယ်။ သူ့ကို “ပြည့်တန်ဆာကြီး၊” “မဟာဗာဗုလုန်” လို့ ခေါ်ထားတယ်။ “ကမ္ဘာ့အုပ်စိုးရှင်တွေ” နဲ့ “လိင်အကျင့် ယိုယွင်း” တယ်။ (ဗျာ. ၁၇:၁-၅) “မဟာဗာဗုလုန်” ဆိုတာ ဘယ်သူလဲ။ ဒီအမျိုးသမီးဟာ ကမ္ဘာ့အုပ်စိုးရှင်တွေနဲ့ လိင်အကျင့် ယိုယွင်းတယ်လို့ ပြောတဲ့အတွက် နိုင်ငံရေး အဖွဲ့အစည်း မဖြစ်နိုင်ဘူး။ (ဗျာ. ၁၈:၉) သူတို့ပေါ် ထိုင်နေတယ်ဆိုကတည်းက သူတို့ကို ထိန်းချုပ်ဖို့ ကြိုးစားနေတာ ထင်ရှားတယ်။ စာတန့်လောကရဲ့ လောဘကြီးတဲ့ စီးပွားရေး စနစ်လည်း မဖြစ်နိုင်ဘူး။ “ကမ္ဘာ့ကုန်သည်တွေ” ဆိုပြီး သူတို့အကြောင်း သပ်သပ်ဖော်ပြထားလို့ပဲ။ (ဗျာ. ၁၈:၁၁၊ ၁၅၊ ၁၆) ရှေးဗာဗုလုန်မြို့ဟာ မှားယွင်းတဲ့ ဝတ်ပြုရေးဗဟို ဖြစ်ခဲ့တယ်။ ဒါကြောင့် မဟာဗာဗုလုန်ဟာ မှားယွင်းတဲ့ ဝတ်ပြုရေး ပုံစံအားလုံးကို ဆိုလိုတာ ဖြစ်ရမယ်။ မှားယွင်းတဲ့ ကမ္ဘာ့ဘာသာရေး အင်ပါယာ ဖြစ်တယ်။—ဗျာ. ၁၇:၅၊ ၁၈။ w22.05 ၁၁ ¶၁၄-၁၆

စနေနေ့၊ ဇူလိုင် ၆

ရန်သူမာရ်နတ်က ဟိန်းဟောက်နေတဲ့ ခြင်္သေ့လို တစ်ယောက်ယောက်ကို ဝါးမျိုဖို့ လှည့်လည်ရှာဖွေနေတယ်။—၁ ပေ. ၅:၈။

ကိုယ့်သားသမီးတွေ ယေဟောဝါကို ဝတ်ပြုဖို့ ရွေးချယ်ပါ့မလားလို့ မိခင်တွေ စိုးရိမ်မိနိုင်တယ်။ စာတန့်လောကမှာ သားသမီးတွေအတွက် ဖိအား ဘယ်လောက်များကြောင်း မိဘတွေ သိတယ်။ အဲဒီအပြင် မိခင်များစွာဟာ ခင်ပွန်း မရှိဘဲ ဒါမှမဟုတ် ယေဟောဝါကို မကိုးကွယ်တဲ့ ခင်ပွန်းနဲ့အတူ သားသမီးတွေကို ပြုစုပျိုးထောင်နေကြရတယ်။ ဘာသာရေး ခံယူချက် ကွဲပြားတဲ့ အိမ်ထောင်မှာ အခက်အခဲတွေတော့ ရှိမှာပဲ။ မိဘနှစ်ယောက်စလုံး ယေဟောဝါကို ဝတ်ပြုနေတာတောင် သားသမီးတွေကို သစ္စာရှိ ကျေးကျွန်တွေ ဖြစ်အောင် သွန်သင်ပေးဖို့ ခက်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် မစိုးရိမ်ပါနဲ့။ ယေဟောဝါ ကူညီပေးမယ်။ မိသားစု ဝတ်ပြုမှုမှာ အဖွဲ့အစည်း ပြင်ဆင်ထားပေးတဲ့ ကိရိယာတွေကို ဘယ်လို သုံးတယ်ဆိုတာ အတွေ့အကြုံရှိ မိဘတွေကို မေးကြည့်ပါ။ (ပညာ. ၁၁:၁၄) သားသမီးတွေနဲ့ ပြောဆိုဆက်သွယ်နိုင်ဖို့၊ သူတို့စိတ်ထဲ ရှိတာတွေကို ခပ်ထုတ်နိုင်အောင် ကူညီပေးဖို့ ယေဟောဝါဆီ ဆုတောင်းပါ။—ပညာ. ၂၀:၅။ w22.04 ၁၇ ¶၄၊ ၇။ ၁၈ ¶၉

တနင်္ဂနွေနေ့၊ ဇူလိုင် ၇

ဘုရားသခင်ရဲ့ အလိုတော်ကို တိကျမှန်ကန်စွာ သိကျွမ်းလာပြီး ကောင်းကောင်း ပိုင်းခြားသိမြင်လာတာနဲ့အမျှ ခင်ဗျားတို့ရဲ့မေတ္တာ တိုးသည်ထက် တိုးလာဖို့ ကျွန်တော် ဆုတောင်းနေတယ်။—ဖိ. ၁:၉။

ဖခင် ယေဟောဝါရဲ့ အရည်အသွေးတွေကို အပြည့်အဝ တင်ပြတဲ့ သားတော်အကြောင်း ပိုသိကျွမ်းအောင် လုပ်ခြင်းအားဖြင့် ဘုရားကို ချစ်တဲ့ မေတ္တာ တိုးများလာနိုင်တယ်။ (ဟီ. ၁:၃) ယေရှုအကြောင်း သိကျွမ်းနိုင်တဲ့ အကောင်းဆုံး နည်းကတော့ ခရစ်ဝင်ကျမ်း လေးစောင်ကို လေ့လာခြင်းပါပဲ။ သင့်မှာ ကျမ်းစာ နေ့တိုင်း ဖတ်တဲ့ အကျင့် မရှိသေးဘူးဆိုရင် အခုပဲ စဖတ်ကြည့်ပါ။ ယေရှုရဲ့ ဘဝမှတ်တမ်းကို ဖတ်တဲ့အခါ ယေရှုရဲ့ အရည်အသွေးတွေကို အထူးမှတ်သားပါ။ ယေရှုဟာ ချဉ်းကပ်ရ လွယ်တယ်။ ကလေးတွေကို ပွေ့ဖက်တယ်။ (မာ. ၁၀:၁၃-၁၆) တပည့်တွေ ရှိန်အောင် မနေဘူး။ ဘာမဆို ပြောရဲဆိုရဲ ရှိအောင် ခင်ခင်မင်မင် နေတယ်။ (မ. ၁၆:၂၂) တကယ်တော့ ကောင်းကင်ဖခင်ကို ယေရှု တုပတာ။ ယေဟောဝါဘုရားဟာ ချဉ်းကပ်ရလွယ်သူ ဖြစ်တယ်။ ဘုရားဆီ ရင်ဖွင့်ဆုတောင်းနိုင်တယ်။ ကျွန်တော်တို့ကို ချစ်ကြောင်း၊ ဂရုစိုက်ကြောင်း၊ ဘယ်တော့မှ ပြစ်တင်ဝေဖန်မှာ မဟုတ်ကြောင်း စိတ်ချနိုင်တယ်။—၁ ပေ. ၅:၇။ w22.08 ၃ ¶၄-၅

တနင်္လာနေ့၊ ဇူလိုင် ၈

အို ယေဟောဝါ၊ ကိုယ်တော်ဟာ ကောင်းမြတ်တယ်၊ ခွင့်လွှတ်ဖို့ အသင့်ရှိတယ်။—ဆာ. ၈၆:၅။

ယေဟောဝါဟာ ဖန်ဆင်းရှင် ဖြစ်လို့ ကျွန်တော်တို့အကြောင်း ကောင်းကောင်း သိတယ်။ တစ်ယောက်စီအကြောင်း ခရေစေ့တွင်းကျ သိတယ်။ (ဆာ. ၁၃၉:၁၅-၁၇) ဒါကြောင့် မိဘတွေဆီက အမွေရထားတဲ့ မစုံလင်မှုအားလုံးကို နားလည်တယ်။ ဘယ်လို ဘဝအခြေအနေတွေကြောင့် ကျွန်တော်တို့ အခုလို လူစားမျိုး ဖြစ်နေတယ်ဆိုတာလည်း ကောင်းကောင်း သိတယ်။ အဲဒီလို သိထားတာက ဘာလုပ်ဖို့ ယေဟောဝါကို လှုံ့ဆော်ပေးသလဲ။ ကျွန်တော်တို့ကို ကရုဏာနဲ့ ဆက်ဆံဖို့ လှုံ့ဆော်ပေးတယ်။ (ဆာ. ၇၈:၃၉။ ၁၀၃:၁၃၊ ၁၄) ဒါ့အပြင် ခွင့်လွှတ်ချင်စိတ် ပြင်းပြတယ်ဆိုတာ ယေဟောဝါ သက်သေပြတယ်။ ပထမလူသား အာဒံကြောင့် အပြစ်နဲ့ သေခြင်း ကျိန်စာအောက် ကျွန်တော်တို့ ရောက်နေတယ်ဆိုတာ သိတယ်။ (ရော. ၅:၁၂) ကိုယ်တိုင်ဖြစ်စေ၊ တခြားတစ်ယောက်ကိုဖြစ်စေ အဲဒီကျိန်စာကနေ လွတ်အောင် ကျွန်တော်တို့ ဘယ်လိုမှ မလုပ်နိုင်ဘူး။ (ဆာ. ၄၉:၇-၉) ဒါပေမဲ့ မေတ္တာရှင် ဘုရားသခင်က သနားစာနာမှု ရှိတဲ့အတွက် လွတ်မြောက်ရာလမ်း ပြင်ဆင်ပေးတယ်။ ကျွန်တော်တို့အတွက် အသေခံဖို့ တစ်ဦးတည်းသော သားကို စေလွှတ်ပေးတယ်လို့ ယောဟန် ၃:၁၆ မှာ ဖော်ပြတယ်။—မ. ၂၀:၂၈။ ရော. ၅:၁၉။ w22.06 ၃ ¶၅-၆

အင်္ဂါနေ့၊ ဇူလိုင် ၉

သနားကြင်နာတတ်သူဟာ ကိုယ့်ကိုယ်ကိုယ် ကောင်းကျိုးပြုတယ်။—ပညာ. ၁၁:၁၇။

ခွင့်လွှတ်သူဟာ ခွင့်လွှတ်ခံရမယ်ဆိုတာ ကျေးကျွန် ယောဘကို ယေဟောဝါ ပြောတဲ့ စကားကနေ သိရတယ်။ ဧလိဖတ်၊ ဗိလဒဒ်၊ ဇောဖာတို့ သုံးယောက်ရဲ့ ထိုးနှက်စကားကြောင့် ယောဘ အကြီးအကျယ် ထိခိုက်ရတယ်။ ဒါပေမဲ့ သူတို့အတွက် ဆုတောင်းပေးဖို့ ယောဘကို ယေဟောဝါ ပြောတယ်။ အဲဒီလို ဆုတောင်းပေးပြီးမှ ယောဘကို ယေဟောဝါ ကောင်းချီးပေးတယ်။ (ယောဘ ၄၂:၈-၁၀) စိတ်နာကြည်းနေရင် ကိုယ်ပဲ ထိခိုက်မယ်။ စိတ်နာကြည်းမှုဟာ ဝန်ထုပ်ကြီးနဲ့ တူတယ်။ အဲဒီဝန်ထုပ်ကြီး ကျသွားတဲ့ စိတ်သက်သာမှုမျိုး ကျွန်တော်တို့ကို ယေဟောဝါ ခံစားစေချင်တယ်။ (ဧ. ၄:၃၁၊ ၃၂) “အမျက်မထွက်နဲ့။ ဒေါသူပုန်မထနဲ့” လို့ တိုက်တွန်းတယ်။ (ဆာ. ၃၇:၈) အဲဒီအကြံဉာဏ်ကို လိုက်နာတာ ပညာရှိရာ ရောက်တယ်။ စိတ်နာကြည်းနေရင် ကိုယ်ရော စိတ်ပါ ကျန်းမာရေး ထိခိုက်နိုင်တယ်။ (ပညာ. ၁၄:၃၀) ကိုယ့်ဘက်ကသာ နာကြည်းနေပေမဲ့ တစ်ဖက်လူကို ဘာမှ မထိခိုက်ဘူး။ ကိုယ် အဆိပ်သောက်တာ သူ့ကို ဘာမှ မထိခိုက်သလိုပဲ။ ခွင့်လွှတ်လိုက်ရင်တော့ ကိုယ့်ကိုယ်ကိုယ် ကောင်းကျိုးပြုရာ ရောက်တယ်။ စိတ်ငြိမ်သက်မှု ရမယ်။ ယေဟောဝါရဲ့ အမှုတော်မှာ ရှေ့ဆက်နိုင်မယ်။ w22.06 ၁၀ ¶၉-၁၀

ဗုဒ္ဓဟူးနေ့၊ ဇူလိုင် ၁၀

ယုံကြည်ခြင်းနဲ့ ချစ်ခြင်းကို ရင်အုပ်တန်ဆာလို ဝတ်ဆင်ထားကြစို့။ ကယ်တင်ခြင်း ရမယ်ဆိုတဲ့ မျှော်လင့်ချက်ကို သံခမောက်လို ဆောင်းထားကြစို့။—၁ သက်. ၅:၈။

မျှော်လင့်ချက်ဟာ သံခမောက်လိုပဲ အတွေးအခေါ် ကို ကာကွယ်ပေးတယ်။ ကိုယ့်အတွက်ပဲ စဉ်းစားပြီး ယေဟောဝါနဲ့ ဆက်ဆံရေး ပျက်စေမယ့် ဘဝပုံစံကို ရှောင်ဖို့ ကူညီပေးတယ်။ (၁ ကော. ၁၅:၃၃၊ ၃၄) ယေဟောဝါရဲ့ နှစ်သက်မှု ရဖို့ ကြိုးစားနေလို့လည်း ဘာမှ မထူးပါဘူးဆိုတဲ့ အတွေးအခေါ် ဝင်မလာအောင်လည်း ကာကွယ်ပေးတယ်။ ယောဘရဲ့ မိတ်ဆွေ အတုအယောင် ဧလိဖတ် အလားတူ ပြောခဲ့တာ သတိပြုပါ။ “သေမျိုး ဖြစ်တဲ့လူဟာ ဘယ်လိုလုပ် စင်ကြယ်နိုင်မှာလဲ။” “ကြည့်လေ။ ဘုရားက သန့်ရှင်းသူတွေကိုတောင် မယုံဘူး။ မိုးကောင်းကင်တောင် ရှေ့တော်မှာ မစင်ကြယ်ဘူး” လို့ ဧလိဖတ် ပြောတယ်။ (ယောဘ ၁၅:၁၄၊ ၁၅) တကယ့် လိမ်လည်မှုကြီးပါပဲ။ အဲဒီလို အတွေးအခေါ်ရဲ့ နောက်ကွယ်မှာ စာတန် ရှိနေတာ သတိရပါ။ သင် အဲဒီလို တွေးလာရင် မျှော်လင့်ချက် မှေးမှိန်လာမယ်ဆိုတာ စာတန် သိတယ်။ ဒါကြောင့် အဲဒီလို အလိမ်အညာတွေကို ငြင်းပယ်ပါ။ သင့်ကို ယေဟောဝါ ထာဝစဉ် အသက်ရှင်စေချင်ကြောင်း၊ အဲဒီလို ထာဝစဉ် အသက်ရှင်နိုင်ဖို့ ကူညီပေးမှာ ဖြစ်ကြောင်း ဘယ်တော့မှ သံသယ မဝင်ပါနဲ့။—၁ တိ. ၂:၃၊ ၄။ w22.10 ၂၅-၂၆ ¶၈-၁၀

ကြာသပတေးနေ့၊ ဇူလိုင် ၁၁

ယောဘက နှုတ်နဲ့တောင် မပြစ်မှားဘူး။—ယောဘ ၂:၁၀။

ယေဟောဝါရဲ့ မျက်နှာသာ ဆုံးရှုံးသွားလို့ ဒုက္ခတွေ ကြုံရတာဆိုပြီး ယောဘကို စာတန် ထင်စေချင်တယ်။ ဥပမာ၊ ယောဘရဲ့ သားသမီး ဆယ်ယောက်စလုံး အတူ စားသောက်နေတဲ့ အိမ်ကို စာတန် လေပြင်းကြီး တိုက်ခတ်စေတယ်။ (ယောဘ ၁:၁၈၊ ၁၉) ကောင်းကင်ကနေ မီးကျပြီး ယောဘရဲ့ သိုးတွေ၊ ကျွန်တွေကို လောင်ကျွမ်းသွားစေတယ်။ (ယောဘ ၁:၁၆) လေပြင်းတွေ၊ မီးတွေ ကောင်းကင်ကနေ လာတယ်ဆိုတော့ ယေဟောဝါဘုရား လုပ်တာလို့ ယောဘ ထင်သွားတယ်။ တစ်နည်းနည်းနဲ့ ဘုရား ဒေါသထွက်အောင် လုပ်ထားမိလို့ ဖြစ်ရမယ်ဆိုပြီး ယုံသွားတယ်။ ဒါတောင် ကောင်းကင်ဘုံစံ အဖကို မပြစ်မှားဘူး။ နှစ်တွေတစ်လျှောက် ယေဟောဝါဆီက ကောင်းတာတွေ အများကြီး ရထားတယ်ဆိုတာ အသိအမှတ်ပြုတယ်။ ကောင်းတာတွေ ကျေကျေနပ်နပ်ကြီး လက်ခံရင် မကောင်းတာတွေလည်း လိုလိုလားလား လက်ခံရမှာပေါ့လို့ တွေးတယ်။ ဒါကြောင့် “ယေဟောဝါရဲ့ နာမည်ကို အမြဲ ချီးမွမ်းကြပါစေ” လို့ ပြောခဲ့တယ်။—ယောဘ ၁:၂၀၊ ၂၁။ w22.06 ၂၁ ¶၇

သောကြာနေ့၊ ဇူလိုင် ၁၂

ကျွန်တော့်နာမည်ကြောင့် ခင်ဗျားတို့ကို လူတွေ မုန်းကြလိမ့်မယ်။ ဒါပေမဲ့ အဆုံးထိ ခံနိုင်ရည် ရှိသူဟာ ကယ်တင်ခံရမယ်။—မာ. ၁၃:၁၃။

ယောဟန် ၁၇:၁၄ မှာလည်း တပည့်တွေကို ယေရှု အလားတူ သတိပေးတယ်။ အထူးသဖြင့်၊ လွန်ခဲ့တဲ့ အနှစ် ၁၀၀ အတွင်း အဲဒီပရောဖက်ပြုချက် ပြည့်စုံတာကို ရှင်းရှင်းလင်းလင်း မြင်ရတယ်။ ဘယ်လိုနည်းနဲ့လဲ။ ၁၉၁၄ မှာ မေရှိယ ဘုရင်အဖြစ် ယေရှု နန်းတင်ခံရပြီး မကြာခင်မှာ စာတန် ကောင်းကင်ကနေ မြေကြီးပေါ် ပစ်ချခံရတယ်။ ဖျက်ဆီးခံရမယ့်အချိန်ကို စောင့်နေတယ်။ (ဗျာ. ၁၂:၉၊ ၁၂) လက်မှိုင်ချပြီး စောင့်နေတာတော့ မဟုတ်ဘူး။ ဘုရားလူမျိုးကို ဒေါသတကြီး တိုက်ခိုက်နေတယ်။ (ဗျာ. ၁၂:၁၃၊ ၁၇) ဒါကြောင့်လည်း ဘုရားလူမျိုးကို လောက မုန်းသည်ထက် မုန်းနေတာ။ ဒါပေမဲ့ စာတန်နဲ့ နောက်လိုက်တွေကို ကြောက်စရာ အကြောင်း မရှိဘူး။ “ဘုရားသခင်သာ ကျွန်တော်တို့ဘက်မှာ ရှိရင် ကျွန်တော်တို့ကို ဘယ်သူ ဆန့်ကျင်နိုင်မလဲ” လို့ ပြောခဲ့တဲ့ တမန်တော် ပေါလုလို ယုံကြည်စိတ်ချမှုမျိုး ကျွန်တော်တို့မှာ ရှိကြတယ်။ (ရော. ၈:၃၁) ယေဟောဝါကို အပြည့်အဝ ယုံကြည်စိတ်ချနိုင်ကြတယ်။ w22.07 ၁၈ ¶၁၄-၁၅

စနေနေ့၊ ဇူလိုင် ၁၃

နိုင်ငံတော် သတင်းကောင်းကို လူနေထိုင်ရာ မြေတစ်ခွင်လုံးမှာ ဟောပြောရလိမ့်မယ်။—မ. ၂၄:၁၄။

လောကစနစ် နိဂုံးပိုင်းမှာ လုပ်သား မလုံမလောက် ဖြစ်မှာ ယေရှု မစိုးရိမ်ဘူး။ “စစ်သည်အလုံးအရင်းနဲ့ သခင် ချီတက်လာတဲ့နေ့မှာ လူတွေဟာ စေတနာစိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ပေးဆက်ကြလိမ့်မယ်” ဆိုတဲ့ ဆာလံဆရာရဲ့ ပရောဖက်ပြုစကား ပြည့်စုံမယ်ဆိုတာ သိလို့ပဲ။ (ဆာ. ၁၁၀:၃) ဟောပြောခြင်းလုပ်ငန်းမှာ သင် ပါဝင်နေတယ်ဆိုရင် ယေရှုနဲ့ သစ္စာရှိကျွန်ကို ထောက်မနေတာ၊ အဲဒီပရောဖက်ပြုချက် ပြည့်စုံအောင် ကူညီနေတာ ဖြစ်တယ်။ ဒီလုပ်ငန်း ဆက်ပြီးမြောက်နေတယ်။ ဒါပေမဲ့ အခက်အခဲတွေတော့ ရှိတယ်။ သတင်းကောင်း ဟောပြောသူတွေ ကြုံရတဲ့ အခက်အခဲတစ်ခုကတော့ ဆန့်ကျင်မှုပါ။ အယူဖောက်ပြန်သူ၊ ဘာသာရေး ခေါင်းဆောင်၊ နိုင်ငံရေးသမားတွေက ကျွန်တော်တို့ရဲ့ လုပ်ငန်းနဲ့ပတ်သက်ပြီး အလိမ်အညာတွေ ဖြန့်ကြတယ်။ ဆွေမျိုး၊ အသိအကျွမ်း၊ အလုပ်ဖော်တွေက အဲဒီသတင်းမှားတွေကို ယုံပြီး ယေဟောဝါကို ဆက်ဝတ်မပြုဖို့၊ ဆက်မဟောဖို့ ကျွန်တော်တို့ကို ဖိအားပေးကြတယ်။ နိုင်ငံတချို့မှာ ခြိမ်းခြောက်၊ တိုက်ခိုက်၊ ဖမ်းဆီး၊ ထောင်ချတဲ့အထိပဲ။ w22.07 ၈ ¶၁။ ၉ ¶၅-၆

တနင်္ဂနွေနေ့၊ ဇူလိုင် ၁၄

ကျွန်တော်တို့က ဒုက္ခအများကြီး ခံပြီးမှ ဘုရားသခင့် နိုင်ငံတော် ဝင်ရမယ်။—တ. ၁၄:၂၂။

ယေဟောဝါက ကျွန်တော်တို့ကို ကျမ်းစာ မှန်မှန် လေ့လာဖို့၊ ဖတ်ထားတာကို သေသေချာချာ တွေးတောဖို့ အချိန် ဖယ်ထားစေချင်တယ်။ သိလာတာကို လက်တွေ့ကျင့်ရင် ကျွန်တော်တို့ ယုံကြည်ခြင်း ခိုင်မာလာမယ်။ ကောင်းကင်ဖခင်နဲ့ ပိုရင်းနှီးလာမယ်။ အခက်အခဲတွေကို ပိုခံရပ်နိုင်လာမယ်။ ကျမ်းစာ ဖတ်ရှုလေ့လာသူတွေကို ဘုရား သန့်ရှင်းသော စွမ်းအားတော်လည်း ပေးတယ်။ စွမ်းအားတော်က ဘယ်အခက်အခဲကိုမဆို ခံရပ်ဖို့ “သာမန်ထက် ထူးကဲတဲ့ တန်ခိုး” ပေးနိုင်တယ်။ (၂ ကော. ၄:၇-၁၀) ယေဟောဝါရဲ့ အကူအညီကြောင့် “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” က ယုံကြည်ခြင်း ခိုင်မာစေတဲ့၊ ယေဟောဝါနဲ့ ပိုရင်းနှီးစေတဲ့ ဆောင်းပါး၊ ဗီဒီယို၊ သီချင်းတွေ အလျှံပယ် ထုတ်လုပ်ပေးနေတယ်။ (မ. ၂၄:၄၅) ခက်ခဲချိန်တွေမှာ အချင်းချင်း ချစ်ပြီး နှစ်သိမ့်ပေးဖို့ လူမျိုးတော်ကို ယေဟောဝါ လေ့ကျင့်ပေးနေတယ်။ (၂ ကော. ၁:၃၊ ၄။ ၁ သက်. ၄:၉) အခက်အခဲတွေ ကြုံရချိန်မှာ ဆက်သစ္စာရှိနိုင်အောင် ညီအစ်ကို/မတွေ ကူညီပေးကြတယ်။ w22.08 ၁၂ ¶၁၂-၁၄

တနင်္လာနေ့၊ ဇူလိုင် ၁၅

အချင်းချင်း သင့်သင့်မြတ်မြတ်ရှိကြပါ။ သန့်ရှင်းသော စွမ်းအားတော်ကြောင့် ရလာတဲ့ စည်းလုံးမှုနှောင်ကြိုးကို ကြိုးစားထိန်းသိမ်းပါ။—ဧ. ၄:၃။

ညီအစ်ကို/မတွေရဲ့ အရည်အသွေးကောင်းတွေကို ထုတ်ပြောတဲ့အခါ သူတို့နဲ့ ပိုရင်းနှီးလာမယ်။ အသင်းတော်မှာ မေတ္တာ တိုးလာမယ်။ ရင့်ကျက်တဲ့ ခရစ်ယာန်တွေတောင် အချင်းချင်း သဘောထား ကွဲလွဲ၊ အငြင်းပွားတဲ့အချိန်တွေ ရှိနိုင်တယ်။ တမန်တော် ပေါလုနဲ့ မိတ်ဆွေ ဗာနဗ အဲဒီလို ဖြစ်ခဲ့တယ်။ နောက်သာသနာပြု ခရီးစဉ်မှာ မာကုကို ခေါ်မယ်၊ မခေါ်ဘူးဆိုတာနဲ့ပတ်သက်ပြီး သဘောထား ကွဲလွဲကြတယ်။ “အကြီးအကျယ် အငြင်းပွားပြီး” လမ်းခွဲလိုက်ကြတယ်။ (တ. ၁၅:၃၇-၃၉) ဒါပေမဲ့ ပေါလု၊ ဗာနဗ၊ မာကုတို့ ပြန်သင့်မြတ်သွားကြတယ်။ နောက်ပိုင်း၊ ဗာနဗနဲ့ မာကုအကြောင်း ပေါလု အကောင်းပြောတယ်။ (၁ ကော. ၉:၆။ ကော. ၄:၁၀) ကျွန်တော်တို့လည်း ညီအစ်ကို/မတွေနဲ့ သဘောထား ကွဲလွဲတဲ့အခါ သင့်မြတ်ဖို့ ကြိုးစားရမယ်။ သူတို့ရဲ့ အရည်အသွေးကောင်းတွေကို ဆက်အာရုံစိုက်ရမယ်။ ဒါဆိုရင် ငြိမ်သက်မှု၊ စည်းလုံးမှု တိုးများလာမယ်။ w22.08 ၂၃ ¶၁၀-၁၁

အင်္ဂါနေ့၊ ဇူလိုင် ၁၆

ကိုယ်တိုင် ဝေဖန်အကဲဖြတ် မခံရဖို့ သူတစ်ပါးကို ဝေဖန်အကဲဖြတ်တာမျိုး မလုပ်ပါနဲ့တော့။—မ. ၇:၁။

ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေအတိုင်း ကျွန်တော်တို့ ကြိုးစားနေထိုင်ကြတယ်။ ဒါပေမဲ့ တခြားသူတွေကို အကဲဖြတ်တာ၊ ကိုယ့်ကိုယ်ကိုယ် ဖြောင့်မတ်တယ်လို့ သတ်မှတ်တာမျိုး ရှောင်ရမယ်။ တခြားသူတွေကို အကဲဖြတ်ပိုင်ခွင့် ကျွန်တော်တို့ကို ယေဟောဝါ ပေးမထားဘူး။ ယေဟောဝါသာ “မြေတစ်ပြင်လုံးရဲ့တရားသူကြီး” ဖြစ်တယ်။ (က. ၁၈:၂၅) ဖြောင့်မတ်သူ ယောသပ်အကြောင်း သုံးသပ်ကြည့်ပါ။ ကိုယ့်ကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့သူတွေကိုတောင် တရားမစီရင်ဘူး။ အစ်ကိုတွေက ယောသပ်ကို အနိုင်ကျင့်တယ်။ ကျွန်အဖြစ် ရောင်းစားတယ်။ ယောသပ် သေပြီဆိုပြီး အဖေကို လှည့်စားတယ်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် မိသားစု ပြန်ဆုံဆည်းတယ်။ ယောသပ် အာဏာရှိနေပြီ။ အစ်ကိုတွေကို ပြင်းပြင်းထန်ထန် တရားစီရင်လို့၊ လက်စားချေလို့ ရတယ်။ အစ်ကိုတွေ စိတ်ရင်းမှန်နဲ့ နောင်တရနေပြီ ဖြစ်ပေမဲ့ ယောသပ် လက်စားချေမှာ စိုးရိမ်နေကြတယ်။ ဒါပေမဲ့ ယောသပ်က “မစိုးရိမ်ပါနဲ့၊ အစ်ကိုတို့ရာ။ ဘုရားသခင်ကပဲ အပြစ်ပေးနိုင်တာပါ။ ကျွန်တော် ပေးလို့ မရပါဘူး” လို့ ပြောတယ်။ (က. ၃၇:၁၈-၂၀၊ ၂၇၊ ၂၈၊ ၃၁-၃၅။ ၅၀:၁၅-၂၁) တရားစီရင်ခြင်းကိစ္စကို ယေဟောဝါလက်ထဲ ယောသပ် နှိမ့်ချစွာ အပ်တယ်။ w22.08 ၃၀ ¶၁၈-၁၉

ဗုဒ္ဓဟူးနေ့၊ ဇူလိုင် ၁၇

လိုအပ်နေသူတွေကို ကူညီပေးနိုင်စွမ်း ရှိတယ်ဆိုရင် ကူညီဖို့ မတွန့်ဆုတ်ပါနဲ့။—ပညာ. ၃:၂၇။

ညီအစ်ကို/မ တစ်ယောက်ယောက်ရဲ့ ပြင်းပြတဲ့ ဆုတောင်းချက်ကို ဖြေကြားပေးဖို့ သင့်ကို ယေဟောဝါ အသုံးပြုနိုင်တယ်ဆိုတာ သိပါသလား။ သင်ဟာ အကြီးအကဲ ဖြစ်စေ၊ အသင်းတော်အမှုထမ်း ဖြစ်စေ၊ ရှေ့ဆောင် ဖြစ်စေ၊ ကြေညာသူ ဖြစ်စေ၊ အသက်ကြီးသူ ဖြစ်စေ၊ ငယ်သူ ဖြစ်စေ၊ ညီအစ်ကို ဖြစ်စေ၊ ညီအစ်မ ဖြစ်စေ တခြားသူတွေကို ကူညီပေးနိုင်တယ်။ ညီအစ်ကို/မ တစ်ယောက်ယောက် ဘုရားဆီ အကူအညီ တောင်းတဲ့အခါ သူ့ကို “အားပေးထောက်မ” ဖို့ အကြီးအကဲတွေ၊ တခြားသစ္စာရှိ ကျေးကျွန်တွေကို ယေဟောဝါ သုံးလေ့ရှိတယ်။ (ကော. ၄:၁၁) ယေဟောဝါနဲ့ ညီအစ်ကို/မတွေကို ဒီနည်းနဲ့ ကူညီပေးခွင့် ရတာ တကယ့် အခွင့်ထူးပါပဲ။ ကပ်ရောဂါ၊ သဘာဝဘေး၊ နှိပ်စက်ညှဉ်းပန်းမှု ကြုံရတဲ့အခါ ညီအစ်ကို/မတွေကို ကူညီပေးနိုင်တယ်။ ကူညီပေးချင်ပေမဲ့ ကိုယ့်မိသားစုဝင်တွေလည်း ဖျားနေတယ်၊ ငွေကြေး ကျပ်တည်းနေတယ်ဆိုရင် ခက်နိုင်တယ်။ ဒါတောင် ညီအစ်ကို/မတွေကို ကျွန်တော်တို့ ကူညီပေးချင်တယ်။ အတတ်နိုင်ဆုံး ကူညီပေးတဲ့အခါ ယေဟောဝါ နှစ်သက်တယ်။—ပညာ. ၁၉:၁၇။ w22.12 ၂၂ ¶၁-၂

ကြာသပတေးနေ့၊ ဇူလိုင် ၁၈

ကျွန်တော် ခင်ဗျားတို့ကို ချစ်သလို ခင်ဗျားတို့လည်း အချင်းချင်း ချစ်ကြပါ။ ဒါဟာ ကျွန်တော်ပေးတဲ့ ပညတ်ချက်ပဲ။—ယော. ၁၅:၁၂။

မေတ္တာဟာ ယုံကြည်စိတ်ချမှုရဲ့ အခြေခံအုတ်မြစ်ပဲ။ ယေဟောဝါကို ချစ်တာ၊ လူလူချင်း ချစ်တာဟာ အရေးကြီးဆုံး ပညတ်နှစ်ခု ဖြစ်တယ်လို့ ယေရှု ပြောတယ်။ (မ. ၂၂:၃၇-၃၉) ယုံကြည်စိတ်ချမှုနဲ့ပတ်သက်ပြီး ယေဟောဝါရဲ့ အကောင်းဆုံး ပုံသက်သေကို တုပဖို့ ဘုရားကို ချစ်တဲ့ မေတ္တာက ကျွန်တော်တို့ကို လှုံ့ဆော်ပေးတယ်။ ဥပမာ၊ ညီအစ်ကို/မတွေကို ချစ်လို့ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို လျှို့ဝှက်ပေးထားကြတယ်။ သူတို့ကို ထိခိုက်စေမယ့်၊ အရှက်ရစေမယ့်၊ နာကျင်စေမယ့် ဘယ်အရာကိုမှ တခြားသူတွေကို ထုတ်မပြောကြဘူး။ နှိမ့်ချမှုကလည်း ယုံကြည်စိတ်ချထိုက်သူ ဖြစ်ဖို့ ကူညီပေးတယ်။ နှိမ့်ချတဲ့ ခရစ်ယာန်ဟာ တခြားသူတွေကို ဦးဦးဖျားဖျား သတင်းပေးပြီး အထင်ကြီးခံရအောင် လုပ်မှာ မဟုတ်ဘူး။ (ဖိ. ၂:၃) လျှို့ဝှက်ချက်ကို သိထားပေမဲ့ ပြောပြလို့ မရဘူးဆိုတဲ့ ပုံဖမ်းပြီး အရေးပါအရာရောက်သူလို့ အထင်ခံရအောင် လုပ်မှာ မဟုတ်ဘူး။ ကျမ်းစာနဲ့ အဖွဲ့အစည်း စာပေတွေမှာ ဖော်ပြမထားတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ကိုယ့်ထင်မြင်ယူဆချက်ကို လျှောက်မပြောဖို့လည်း နှိမ့်ချမှုက ကူညီပေးတယ်။ w22.09 ၁၂ ¶၁၂-၁၃

သောကြာနေ့၊ ဇူလိုင် ၁၉

စစ်မှန်တဲ့ အသိပညာ တိုးများလာလိမ့်မယ်။—ဒံ. ၁၂:၄။

ဒံယေလကျမ်းထဲက ပရောဖက်ပြုချက်တွေကို ဘုရားလူမျိုး ပိုနားလည်လာမယ်လို့ ကောင်းကင်တမန် ပြောတယ်။ ဒါပေမဲ့ “ဒီစကားတွေကို လူဆိုးတစ်ယောက်မှ နားလည်မှာ မဟုတ်ဘူး” လို့လည်း ပြောတယ်။ (ဒံ. ၁၂:၁၀) အခုအချိန်ဟာ ဆိုးညစ်သူတွေ မဟုတ်ကြောင်း လုပ်ရပ်နဲ့ သက်သေပြရမယ့် အချိန်ပဲ။ (မာလ. ၃:၁၆-၁၈) “တန်ဖိုးအထားရဆုံးလူမျိုး” ကို ယေဟောဝါ စုသိမ်းနေတယ်။ အဲဒီထဲမှာ ကျွန်တော်တို့ ပါချင်ကြမှာ သေချာတယ်။ စိတ်လှုပ်ရှားစရာ ကာလမှာ ကျွန်တော်တို့ အသက်ရှင်နေကြတယ်။ ဒီ့ထက် စိတ်လှုပ်ရှားစရာ ကောင်းတာတွေ ဖြစ်လာဦးမယ်။ မကြာခင် ဆိုးသွမ်းမှုအားလုံး ဖျက်ဆီးခံရတာ မြင်ရမယ်။ ပြီးနောက် “နေ့ရက်တွေရဲ့အဆုံးမှာ ဝေစုကို ရယူဖို့ ခင်ဗျား မတ်တတ်ရပ်ရလိမ့်မယ်” ဆိုပြီး ဒံယေလကို ပေးတဲ့ ယေဟောဝါရဲ့ ကတိ ပြည့်စုံလာတာ မြင်ရမယ်။ (ဒံ. ၁၂:၁၃) ဒံယေလကော ကိုယ်ချစ်ရသူတွေပါ “မတ်တတ်ရပ်” မယ့်နေ့၊ ထမြောက်လာမယ့်နေ့ကို ကျွန်တော်တို့ မြင်ချင်စိတ် ပြင်းပြနေကြမှာပါ။ ဒါဆိုရင် သစ္စာရှိနေဖို့ အခု အစွမ်းကုန် ကြိုးစားပါ။ သစ္စာရှိနေမယ်ဆိုရင် အသက်စာစောင်မှာ သင့်နာမည် ဆက်ရှိနေမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။ w22.09 ၂၄ ¶၁၇။ ၂၅ ¶၁၉-၂၀

စနေနေ့၊ ဇူလိုင် ၂၀

မင်းကို . . . စေလွှတ်မယ်။—ယေဇ. ၂:၃။

ဒီစကားကြောင့် ယေဇကျေလ သိပ်အားရှိသွားမှာပဲ။ ဘာကြောင့်လဲ။ မောရှေ၊ ဟေရှာယကို ပရောဖက်အဖြစ် ယေဟောဝါ ခန့်အပ်တုန်းကလည်း အဲဒီလို ပြောခဲ့တာ ယေဇကျေလ မှတ်မိမှာပါ။ (ထွ. ၃:၁၀။ ဟေရှာ. ၆:၈) အခက်အခဲတွေ အောင်မြင်ကျော်လွှားဖို့ အဲဒီပရောဖက်နှစ်ယောက်ကို ယေဟောဝါ ဘယ်လို ကူညီပေးခဲ့မှန်း ယေဇကျေလ သိတယ်။ ဒါကြောင့် “မင်းကို ငါ စေလွှတ်မယ်” လို့ ယေဟောဝါ ပြောတဲ့အခါ ဘုရားထောက်မမှုကို ယေဇကျေလ ယုံကြည်စိတ်ချခဲ့မှာ သေချာတယ်။ “ယေဟောဝါက ကျွန်တော့်ကို ပြောတယ်” ဆိုတဲ့ အသုံးအနှုန်းလည်း ယေဇကျေလကျမ်းမှာ အကြိမ်ကြိမ် ပါတယ်။ (ယေဇ. ၁၄:၂) မိမိကို ယေဟောဝါ စေလွှတ်ကြောင်း ယေဇကျေလ ယုံကြည်စိတ်ချတာ သေချာတယ်။ အဲဒီအပြင် ပုရောဟိတ်ရဲ့ သား ဖြစ်လို့ ခေတ်တစ်လျှောက် ပရောဖက်တွေကို ယေဟောဝါ ထောက်မမယ်လို့ ဘယ်လို အာမခံခဲ့ကြောင်း သွန်သင်ခံရမှာပဲ။ ဥပမာ၊ အိဇက်၊ ယာကုပ်၊ ယေရမိတို့ကို ‘မင်းနဲ့အတူ ငါရှိတယ်’ လို့ ယေဟောဝါ ပြောတယ်။—က. ၂၆:၂၄။ ၂၈:၁၅။ ယေ. ၁:၈။ w22.11 ၂-၃ ¶၃

တနင်္ဂနွေနေ့၊ ဇူလိုင် ၂၁

ဘုရားသခင် ပေးတဲ့ ဆုကျေးဇူးကတော့ . . . ထာဝရအသက်ပဲ။—ရော. ၆:၂၃။

အာဒံနဲ့ ဧဝ အပြစ်လုပ်ပြီး သားသမီးတွေကို သေခြင်း အမွေပေးခဲ့ပေမဲ့ ယေဟောဝါကတော့ ရည်ရွယ်ချက် မပြောင်းဘူး။ (ဟေရှာ. ၅၅:၁၁) သစ္စာရှိတဲ့ လူသားတွေကို ထာဝရအသက် ပေးဖို့ ရည်ရွယ်တုန်းပဲ။ ယေဟောဝါ ပြောတာ၊ လုပ်တာတွေကို သုံးသပ်ကြည့်ပါ။ သေလွန်သူတွေကို ပြန်ထမြောက်ပေးမယ်၊ ထာဝစဉ် အသက်ရှင်ခွင့် ပေးမယ်လို့ ကတိပေးတယ်။ (တ. ၂၄:၁၅။ တိ. ၁:၁၊ ၂) ယေဟောဝါ တကယ် ထမြောက်ပေးချင်စိတ် ပြင်းပြနေကြောင်း သစ္စာရှိသူ ယောဘ စိတ်ချတယ်။ (ယောဘ ၁၄:၁၄၊ ၁၅) သေလွန်သူတွေ ပြန်ထမြောက်ပြီး ထာဝစဉ် အသက်ရှင်ဖို့ အခွင့်အရေး ရမယ်ဆိုတာ ပရောဖက် ဒံယေလ သိတယ်။ (ဆာ. ၃၇:၂၉။ ဒံ. ၁၂:၂၊ ၁၃) သစ္စာရှိ ကျေးကျွန်တွေကို ယေဟောဝါ “ထာဝရအသက်” ပေးနိုင်ကြောင်း ယေရှုခေတ်က ဂျူးတွေ သိတယ်။ (လု. ၁၀:၂၅။ ၁၈:၁၈) ယေရှုကိုယ်တိုင်လည်း အဲဒီကတိအကြောင်း အကြိမ်ကြိမ် ပြောတယ်။ သူ သေဆုံးသွားတော့ ဘုရား ထမြောက်ပေးတယ်။—မ. ၁၉:၂၉။ ၂၂:၃၁၊ ၃၂။ လု. ၁၈:၃၀။ ယော. ၁၁:၂၅။ w22.12 ၅ ¶၈-၉

တနင်္လာနေ့၊ ဇူလိုင် ၂၂

အို ယေဟောဝါ၊ ကိုယ်တော့်ကို ယုံကြည်ကိုးစားပါတယ်။—ဆာ. ၃၁:၁၄။

ယေဟောဝါဘုရားက မိမိနဲ့ ရင်းနှီးအောင် ကြိုးစားဖို့ ကျွန်တော်တို့ကို ဖိတ်ခေါ်ထားတယ်။ (ယာ. ၄:၈) ကျွန်တော်တို့ရဲ့ ဘုရား၊ ဖခင်နဲ့ မိတ်ဆွေ ဖြစ်ချင်တယ်။ ဆုတောင်းချက်တွေကို ဖြေကြားပေးပြီး ခက်ခဲချိန်တွေမှာ ကူညီပေးတယ်။ အဖွဲ့အစည်းကို သုံးပြီး သွန်သင်၊ ကာကွယ်ပေးတယ်။ ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ပြီး တွေးတောဆင်ခြင်ခြင်းအားဖြင့် ယေဟောဝါနဲ့ ရင်းနှီးလာနိုင်တယ်။ ဒါဆိုရင် ဘုရားကို ချစ်လာမယ်။ ကျေးဇူးတင်လေးမြတ်လာမယ်။ ဘုရားပဲ ရထိုက်တဲ့ ဂုဏ်တင်ချီးမွမ်းမှု ပေးချင်လာမယ်။ နာခံချင်လာမယ်။ (ဗျာ. ၄:၁၁) ဘုရားအကြောင်း ပိုသိလေ ဘုရားနဲ့ အဖွဲ့အစည်းအပေါ် ထားတဲ့ ယုံကြည်စိတ်ချမှု ပိုတိုးများလေ ဖြစ်လာမယ်။ ယေဟောဝါနဲ့ အဖွဲ့အစည်းအပေါ် ထားတဲ့ ယုံကြည်စိတ်ချမှု တဖြည်းဖြည်း လှိုက်စားသွားအောင် စာတန် လုပ်တယ်။ ဒါပေမဲ့ စာတန့် တိုက်ခိုက်မှုတွေကို ခုခံနိုင်ပါတယ်။ ယေဟောဝါဘုရားကို အခိုင်အမာ ယုံကြည်ကိုးစားမယ်ဆိုရင် ဘုရားနဲ့ အဖွဲ့အစည်းကို ဘယ်တော့မှ စွန့်ခွာသွားမှာ မဟုတ်ဘူး။—ဆာ. ၃၁:၁၃၊ ၁၄။ w22.11 ၁၄ ¶၁-၃

အင်္ဂါနေ့၊ ဇူလိုင် ၂၃

သူတို့က . . . တခြားဘုရားကို ကိုးကွယ်မယ့်အစား ကိုယ့်ဘုရားသခင်ကိုပဲ ကိုးကွယ်ကြတယ်။ . . . အသေခံဖို့ အသင့်ရှိကြတယ်။—ဒံ. ၃:၂၈။

နှစ်တွေတစ်လျှောက် ခရစ်ယာန်စစ်များစွာဟာ အချုပ်အခြာ အာဏာရှင် ယေဟောဝါကို ချစ်တဲ့ မေတ္တာကြောင့် လွတ်လပ်မှုနဲ့ အသက်ကိုတောင် စတေးခဲ့ကြတယ်။ အမြင့်မြတ်ဆုံးအရှင်ကို သစ္စာစောင့်သိလို့ မီးထဲကနေ ကယ်တင်ခံရတဲ့ ဟီဘရူး သုံးယောက်လိုပဲ ယေဟောဝါအပေါ် သမာဓိ စောင့်ထိန်းဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်။ ဘုရားအပေါ် သမာဓိ စောင့်ထိန်းခြင်းရဲ့ အရေးကြီးမှုကို ဆာလံဆရာ ဒါဝိဒ် ဒီလို ပြောတယ်– “လူတွေကို ယေဟောဝါ ပြစ်ဒဏ်ချမှတ်လိမ့်မယ်။ အို ယေဟောဝါ၊ ကျွန်တော် ဖြောင့်မတ်တဲ့အတိုင်း၊ သမာဓိရှိတဲ့အတိုင်း တရားစီရင်ပေးပါ။” (ဆာ. ၇:၈) “သမာဓိနဲ့ ဖြောင့်မှန်မှုက ကျွန်တော့်ကို ကာကွယ်စောင့်ရှောက်ပါစေ” လို့လည်း ဒါဝိဒ် ပြောတယ်။ (ဆာ. ၂၅:၂၁) ယေဟောဝါအပေါ် ဆက်သစ္စာရှိနေတာ အကောင်းဆုံး ဘဝလမ်းစဉ် ဖြစ်တယ်။ ဒါဆိုရင် “ယေဟောဝါက သမာဓိရှိတဲ့လမ်းစဉ်မှာ လျှောက်လှမ်းသူတွေကို ကောင်းမွန်ရာတွေ မပေးဘဲမနေဘူး” လို့ ပြောတဲ့ ဆာလံဆရာလိုပဲ ခံစားရပါလိမ့်မယ်။—ဆာ. ၁၁၉:၁။ w22.10 ၁၇ ¶၁၈-၁၉

ဗုဒ္ဓဟူးနေ့၊ ဇူလိုင် ၂၄

ဖန်ဆင်းထားရာတွေကို ကြည့်ပြီး ဘုရားသခင်ရဲ့ . . . အရည်အသွေးတွေ . . . သိမြင်နိုင်တယ်။—ရော. ၁:၂၀။

ဘဝတစ်လျှောက် လူများစွာနဲ့ ယောဘ စကားပြောခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါဘုရားနဲ့ စကားပြောခဲ့ရတာကတော့ အထူးခြားဆုံးပဲ။ ယေဟောဝါက မိမိ ဉာဏ်ပညာ ကြီးမားတယ်၊ ကျေးကျွန်တွေကို စောင့်ရှောက်ပေးနိုင်တယ်ဆိုတာ ယောဘ ပိုယုံကြည်စိတ်ချလာဖို့ အံ့ဖွယ် ဖန်ဆင်းရာတချို့အကြောင်း ပြောပြတယ်။ ဥပမာ၊ တိရစ္ဆာန်တွေကို ဂရုစိုက်သလို ယောဘကိုလည်း ဂရုစိုက်စောင့်ရှောက်မှာ ဖြစ်ကြောင်း စိတ်ချစေတယ်။ (ယောဘ ၃၈:၃၉-၄၁။ ၃၉:၁၊ ၅၊ ၁၃-၁၆) ဖန်ဆင်းရာတွေအကြောင်း စဉ်းစားရင်း ဘုရားရဲ့ အရည်အသွေးတွေအကြောင်း ယောဘ အများကြီး သိလာတယ်။ ကျွန်တော်တို့လည်း ဖန်ဆင်းရာတွေကို လေ့လာခြင်းအားဖြင့် ဘုရားအကြောင်း ပိုသိလာနိုင်တယ်။ အဲဒီလိုလေ့လာဖို့ အမြဲတော့ မလွယ်ဘူး။ မြို့ကြီးပြကြီးမှာ နေတယ်ဆိုရင် သဘာဝနဲ့ အထိအတွေ့ နည်းနိုင်တယ်။ သဘာဝနဲ့ နီးစပ်တဲ့နေရာမှာ နေတယ်ဆိုရင်တောင် လေ့လာဖို့ အချိန်မရှိတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဖန်ဆင်းရာတွေကို လေ့လာဖို့ အချိန်နဲ့ ခွန်အား စိုက်ထုတ်တာ အကျိုးရှိတယ်။ w23.03 ၁၅ ¶၁-၂

ကြာသပတေးနေ့၊ ဇူလိုင် ၂၅

အမြော်အမြင် ရှိသူက အန္တရာယ်ကို ကြိုမြင်ပြီး ပုန်းနေတတ်တယ်။—ပညာ. ၂၂:၃။

အဆုံးမရောက်ခင် တခြားဘေးဆိုးတွေ အပါအဝင် “ငလျင်တွေ အကြီးအကျယ် လှုပ်လိမ့်မယ်” လို့ ယေရှု ပြောတယ်။ (လု. ၂၁:၁၁) “မတရားမှုတွေ များသည်ထက် များလာ” မယ်လို့လည်း ပြောတယ်။ ဒီနေ့ခေတ်မှာ ဖြစ်နေတဲ့ ရာဇဝတ်မှု၊ အကြမ်းဖက် တိုက်ခိုက်မှုတွေက သက်သေပဲ။ (မ. ၂၄:၁၂) ကျွန်တော်တို့ကို ယေဟောဝါ စွန့်ပစ်လိုက်လို့ အဲဒီအဖြစ်ဆိုးတွေ ကြုံရတာလို့ ယေရှု တစ်ခါမှ မပြောဘူး။ တကယ်တော့ ယေဟောဝါရဲ့ သစ္စာရှိ ကျေးကျွန်များစွာ ကြုံနေရတယ်။ (ဟေရှာ. ၅၇:၁။ ၂ ကော. ၁၁:၂၅) ဘေးဆိုးအားလုံးကနေ ယေဟောဝါ အံ့ဖွယ်နည်းနဲ့ မကာကွယ်ပေးပေမဲ့ တည်တည်ငြိမ်ငြိမ် ဆက်ရှိနေဖို့ လိုအပ်တာ မှန်သမျှ ပြင်ဆင်ပေးမယ်။ ဘာလုပ်မယ်ဆိုတာ ကြိုစီစဉ်ထားရင် တည်တည်ငြိမ်ငြိမ် ရှိဖို့ ပိုလွယ်ကူမယ်။ ကြိုပြင်ဆင်တာက ယေဟောဝါကို မယုံကြည်တဲ့ သဘောလား။ လုံးဝ မဟုတ်ပါဘူး။ တကယ်တော့ ကျွန်တော်တို့အပေါ် ယေဟောဝါရဲ့ ဂရုစိုက်စောင့်ရှောက်နိုင်စွမ်းကို ယုံကြည်ကြောင်း ဖော်ပြရာတောင် ရောက်တယ်။ ဘယ်လိုနည်းနဲ့လဲ။ ဖြစ်လာနိုင်တဲ့ ဘေးဒုက္ခတွေအတွက် ကြိုပြင်ဆင်ဖို့ ကျမ်းစာမှာ အကြံပေးထားတယ်။ w22.12 ၁၈ ¶၉-၁၀

သောကြာနေ့၊ ဇူလိုင် ၂၆

အစ်ကိုတို့ရဲ့ အသက်ကို ကယ်ဖို့ ဘုရားသခင်က ကျွန်တော့်ကို အရင် လွှတ်လိုက်တာပါ။—က. ၄၅:၅။

ယောသပ် ထောင်ကျနေတုန်း ယေဟောဝါက အီဂျစ်ဘုရင် ဖာရောကို စိတ်ရှုပ်စရာ အိပ်မက်နှစ်ခု မြင်မက်စေတယ်။ ယောသပ်မှာ အိပ်မက်တွေကို အဓိပ္ပာယ် ရှင်းပြနိုင်စွမ်း ရှိတာ သိသွားလို့ အခေါ်လွှတ်လိုက်တယ်။ ယေဟောဝါရဲ့ အကူအညီနဲ့ အိပ်မက်တွေကို ယောသပ် အဓိပ္ပာယ်ပြန်ပေးလိုက်တယ်။ ဖာရော သဘောကျမယ့် အကြံဉာဏ်ကိုလည်း ပေးလိုက်တယ်။ ဒီလူငယ်နဲ့အတူ ယေဟောဝါ ရှိနေတာ ဖာရော သတိထားမိတဲ့အတွက် အီဂျစ်တစ်ပြည်လုံးရဲ့ ရိက္ခာဝန် အဖြစ် ခန့်လိုက်တယ်။ (က. ၄၁:၃၈၊ ၄၁-၄၄) နောက်ပိုင်း၊ အီဂျစ်ပြည်မှာသာမက ယောသပ်ရဲ့ မိသားစု နေတဲ့ ခါနန်ပြည်မှာပါ ပြင်းထန်တဲ့ အငတ်ဘေး ကျရောက်လာတယ်။ အခု၊ မိသားစုကို ကယ်နိုင်တဲ့ အနေအထားမှာ ယောသပ် ရှိနေပြီ။ ဒါကြောင့် မေရှိယရဲ့ မျိုးဆက် ပြတ်မသွားအောင် ဆက်ထိန်းနိုင်ခဲ့တယ်။ ယောသပ် လုပ်သမျှ အောင်မြင်ဖို့ ယေဟောဝါ ကူညီပေးတာ ထင်ရှားတယ်။ ယောသပ်ကို သတ်ဖို့ အစ်ကိုတွေရဲ့ အကြံအစည်ကို မိမိအလိုတော် အောင်မြင်ဖို့ ယေဟောဝါ ပြောင်းလဲခဲ့တယ်။ w23.01 ၁၇ ¶၁၁-၁၂

စနေနေ့၊ ဇူလိုင် ၂၇

ခင်ဗျားတို့ သတိထားကြပါ။—လု. ၂၁:၃၄။

ကိုယ့်ကိုယ်ကိုယ် သတိထားတဲ့သူဟာ ယေဟောဝါနဲ့ ဆက်ဆံရေး ထိခိုက်စေမယ့် အန္တရာယ်တွေကို သတိနဲ့ ရှောင်တယ်။ ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲ လုပ်ဆောင်တယ်။ (ပညာ. ၂၂:၃။ ယု. ၂၀၊ ၂၁) ကိုယ့်ကိုယ်ကိုယ် သတိထားဖို့ ခရစ်ယာန်တွေကို တမန်တော် ပေါလု သတိပေးတယ်။ ဥပမာ၊ “ဉာဏ်ပညာ မဲ့သူတွေလို မဟုတ်ဘဲ ဉာဏ်ပညာ ရှိသူတွေလို ကျင့်ကြံပြုမူနေရဲ့လားဆိုတာ အထူးသတိပြုကြပါ” လို့ ဧဖက်မြို့က ခရစ်ယာန်တွေကို ပြောတယ်။ (ဧ. ၅:၁၅၊ ၁၆) ယေဟောဝါနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ဖျက်ဆီးဖို့ စာတန် အမြဲ ကြိုးစားနေတယ်။ ဒါကြောင့် “ယေဟောဝါရဲ့ အလိုတော်ကို သိနားလည်အောင် အမြဲ ကြိုးစား” နေဖို့ ကျမ်းစာမှာ အကြံပေးတယ်။ ဒါမှ စာတန့် တိုက်ခိုက်မှုတွေကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မယ်။ (ဧ. ၅:၁၇) ပညာရှိရှိ ဆုံးဖြတ်နိုင်ဖို့ “ယေဟောဝါရဲ့ အလိုတော်ကို သိနားလည်” ရမယ်။ ကျမ်းစာ မှန်မှန် ဖတ်ပြီး တွေးတောဆင်ခြင်ခြင်းအားဖြင့် သိလာနိုင်တယ်။ ဘုရားရဲ့အလိုကို ပိုသိလေ “ခရစ်တော်ရဲ့ စိတ်သဘောထား” မျိုး ပိုမွေးမြူနိုင်လေ၊ သတ်သတ်မှတ်မှတ် လမ်းညွှန်ချက် မရှိရင်တောင် “ဉာဏ်ပညာ ရှိသူတွေလို” ကျင့်ကြံပြုမူနိုင်လေ ဖြစ်ပါလိမ့်မယ်။—၁ ကော. ၂:၁၄-၁၆။ w23.02 ၁၆-၁၇ ¶၇-၉

တနင်္ဂနွေနေ့၊ ဇူလိုင် ၂၈

ဘုရားသခင်ရဲ့ ကောင်းမြတ်တဲ့၊ လက်ခံဖွယ် ဖြစ်တဲ့၊ ပြီးပြည့်စုံလင်တဲ့ အလိုတော်ကို ကောင်းကောင်း သိနိုင်ဖို့ ခင်ဗျားတို့ရဲ့ စိတ်သဘောကို ပြုပြင်ပြောင်းလဲကြပါ။—ရော. ၁၂:၂။

အိမ်ကို ဘယ်လောက် တစ်ခါ သန့်ရှင်းရေး လုပ်သလဲ။ စပြောင်းမလာခင် သေသေချာချာ သန့်ရှင်းရေး လုပ်မှာပဲ။ ဒါပေမဲ့ နောက်ပိုင်း ပစ်ထားလိုက်ရင် ဘာဖြစ်မလဲ။ ဖုန်တွေ၊ အမှိုက်တွေ ပြန်စုလာမယ်။ ဒါကြောင့် ပုံမှန် သန့်ရှင်းရေး လုပ်ဖို့ လိုအပ်တယ်။ အတွေးအခေါ်၊ စရိုက်နဲ့ပတ်သက်လာရင်လည်း အဲဒီလိုပဲ။ နှစ်ခြင်း မခံခင်တုန်းက “ကိုယ်စိတ်နှစ်ပါးကို ညစ်ညူးစေတဲ့အရာ ရှိသမျှနဲ့ ကင်းစင်” အောင် ဘဝကို လိုအပ်သလို ပြုပြင်ပြောင်းလဲခဲ့ကြတယ်။ (၂ ကော. ၇:၁) ဒါပေမဲ့ “အသစ်ဖြစ်အောင် အမြဲ ပြုပြင်နေရမယ်” ဆိုတဲ့ တမန်တော် ပေါလုရဲ့ အကြံဉာဏ်ကို ဆက်လိုက်နာနေဖို့ လိုတယ်။ (ဧ. ၄:၂၃) ဒီလောကရဲ့ ဖုန်တွေ၊ အမှိုက်တွေ ကျွန်တော်တို့ဆီမှာ ချက်ချင်း ပြန်စုလာနိုင်လို့ပဲ။ အဲဒီလို မဖြစ်အောင်၊ ယေဟောဝါရှေ့မှာ သန့်ရှင်းနေအောင် အတွေးအခေါ်၊ စရိုက်၊ ဆန္ဒတွေကို ပုံမှန် ဆန်းစစ်နေရမယ်။ w23.01 ၈ ¶၁-၂

တနင်္လာနေ့၊ ဇူလိုင် ၂၉

ဘုရားသခင့် စွမ်းအားတော်က ချိုးငှက်သဏ္ဌာန်နဲ့ ယေရှုအပေါ် ဆင်းသက်တာကို သူ မြင်ရတယ်။—မ. ၃:၁၆။

ယေရှု သွန်သင်ပေးတာကို နားထောင်ရတာ ဘယ်လို နေမလဲလို့ မြင်ယောင်ကြည့်ပါ။ ကျမ်းစာကို မကြာမကြာ ကိုးကားတယ်။ အလွတ်ကို ကိုးကားတာ။ ယေရှု နှစ်ခြင်းခံချိန်မှာ သန့်ရှင်းသော စွမ်းအားတော်နဲ့ ဘိသိက်ပေးခံရတယ်။ အဲဒီအချိန်မှာ လူသားဘဝ မတိုင်ခင်က အကြောင်းတွေ ပြန်မှတ်မိလာတယ်။ နှစ်ခြင်းခံပြီးနောက် ဦးဆုံး ပြောတဲ့ စကားနဲ့ မသေဆုံးခင် နောက်ဆုံး ပြောတဲ့ စကားတချို့ဟာ ကျမ်းစာကနေ ကိုးကားထားတာ ဖြစ်တယ်။ (တရား. ၈:၃။ ဆာ. ၃၁:၅။ လု. ၄:၄။ ၂၃:၄၆) နှစ်ခြင်းခံပြီးကတည်းက မသေဆုံးခင်အထိ သုံးနှစ်ခွဲအတွင်း လူအများရှေ့မှာ အကြိမ်ကြိမ် ကျမ်းစာ ဖတ်ပြ၊ ကိုးကားပြ၊ အဓိပ္ပာယ် ရှင်းပြခဲ့တယ်။ (မ. ၅:၁၇၊ ၁၈၊ ၂၁၊ ၂၂၊ ၂၇၊ ၂၈။ လု. ၄:၁၆-၂၀) အမှုဆောင်လုပ်ငန်း မစခင် နှစ်တွေတုန်းက ယေရှု အကြိမ်ကြိမ် ကျမ်းစာ ဖတ်ခဲ့တယ်။ ကျမ်းစာ ဖတ်ပြတာ ကြားခဲ့တယ်။ ကျမ်းစာအကြောင်း မာရိနဲ့ ယောသပ် ပြောပြတာတွေကို ကြားခဲ့ရမှာ သေချာတယ်။ (တရား. ၆:၆၊ ၇) ဥပုသ်နေ့တိုင်း မိသားစုနဲ့အတူ တရားဇရပ် သွားတယ်။ (လု. ၄:၁၆) အဲဒီမှာ ကျမ်းစာ ဖတ်ပြတာကို ဂရုတစိုက် နားထောင်ခဲ့မှာပဲ။ w23.02 ၈ ¶၁-၂

အင်္ဂါနေ့၊ ဇူလိုင် ၃၀

ယေဟောဝါဘုရားကို . . . ချစ်ပါ။—မာ. ၁၂:၃၀။

ယေဟောဝါကို ချစ်ရတဲ့ အကြောင်းရင်းများစွာ ရှိတယ်။ ဥပမာ၊ ယေဟောဝါဟာ “အသက်ရဲ့ပင်ရင်း၊” “ကောင်းမြတ်တဲ့ ဆုကျေးဇူး၊ ပြည့်ဝစုံလင်တဲ့ လက်ဆောင်မှန်သမျှ” ပေးတဲ့အရှင် ဖြစ်တယ်။ (ဆာ. ၃၆:၉။ ယာ. ၁:၁၇) သင် ပျော်မွေ့ခံစားနေတဲ့ ကောင်းမြတ်တာ မှန်သမျှ ရက်ရောတဲ့ မေတ္တာရှင် ဘုရားဆီကနေ လာတာ။ ယေဟောဝါ ပေးတဲ့ အံ့ဖွယ်လက်ဆောင်တစ်ခုကတော့ ရွေးဖိုးပါ။ ဘာကြောင့်လဲ။ ယေဟောဝါနဲ့ ယေရှုကြားက နှောင်ကြိုးကို စဉ်းစားကြည့်ပါ။ “အဖဘုရားက ကျွန်တော့်ကို ချစ်တယ်၊” “ကျွန်တော် အဖဘုရားကို ချစ်တယ်” လို့ ယေရှု ပြောတယ်။ (ယော. ၁၀:၁၇။ ၁၄:၃၁) နှစ်သန်းထောင်ချီအတွင်း အဲဒီနှောင်ကြိုး ခိုင်မြဲသည်ထက် ခိုင်မြဲလာတယ်။ (ပညာ. ၈:၂၂၊ ၂၃၊ ၃၀) ဒီတော့ သားတော် ဝေဒနာ ခံစားပြီး သေဆုံးဖို့ ခွင့်ပြုရချိန်မှာ ဘုရား ဘယ်လောက် စိတ်ထိခိုက်မယ်ဆိုတာ စဉ်းစားကြည့်ပါ။ သင် အပါအဝင် လူတွေကို ချစ်လွန်းလို့ ထာဝရအသက် ရစေဖို့ ချစ်သားကို ပူဇော်သက္ကာအဖြစ် လိုလိုလားလား ပေးအပ်ခဲ့တယ်။ (ယော. ၃:၁၆။ ဂလ. ၂:၂၀) ဘုရားကို ချစ်ဖို့ ဒီ့ထက် ကောင်းတဲ့ အကြောင်းရင်း မရှိနိုင်တော့ဘူး။ w23.03 ၄-၅ ¶၁၁-၁၃

ဗုဒ္ဓဟူးနေ့၊ ဇူလိုင် ၃၁

မင်းတို့ လျှောက်နေတဲ့ လမ်းမှန်မှာ ဆက်ပြီး လျှောက်နေပါ။—ဗျာ. ၂:၂၅။

အယူဖောက်ပြန်သူတွေရဲ့ သွန်သင်ချက်ကို ကျွန်တော်တို့ ငြင်းပယ်ရမယ်။ ပေရဂံ အသင်းတော်သားတချို့ ဂိုဏ်းခွဲနေလို့ ယေရှု အပြစ်ဆိုတယ်။ (ဗျာ. ၂:၁၄-၁၆) သွာတိရ အသင်းတော်သားတွေကတော့ “စာတန်ရဲ့ နက်နဲရာတွေ” နောက် ပါမသွားလို့ ချီးမွမ်းခံရတယ်။ အမှန်တရားလမ်းမှာ “ဆက်ပြီး လျှောက်နေ” ဖို့ အားပေးခံရတယ်။ (ဗျာ. ၂:၂၄-၂၆) မှားယွင်းတဲ့ သွန်သင်ချက်တွေနောက် ပါသွားတဲ့ ခရစ်ယာန်တွေ နောင်တရဖို့ လိုတယ်။ ဒီနေ့ခေတ်မှာကော ဘယ်လိုလဲ။ ယေဟောဝါရဲ့ အတွေးအခေါ်နဲ့ ဆန့်ကျင်တဲ့ သွန်သင်ချက် မှန်သမျှကို ငြင်းပယ်ရမယ်။ အယူဖောက်ပြန်သူတွေဟာ “ဘုရားတရား ကြည်ညိုဟန် ရှိပေမဲ့ တရားကို လက်တွေ့မကျင့်သူတွေ” ဖြစ်တယ်။ (၂ တိ. ၃:၅) ကျမ်းစာကို ထက်ထက်သန်သန် လေ့လာမယ်ဆိုရင် မှားယွင်းတဲ့ သွန်သင်ချက်တွေကို ခွဲခြားသိဖို့၊ ငြင်းပယ်ဖို့ ပိုလွယ်ကူပါလိမ့်မယ်။ (၂ တိ. ၃:၁၄-၁၇။ ယု. ၃၊ ၄) ယေဟောဝါ နှစ်သက်လက်ခံတဲ့ နည်းနဲ့ ဝတ်ပြုနေကြောင်း သေချာစေပါ။ ဘုရား မနှစ်သက်တာ တစ်ခုခု လုပ်နေတယ်ဆိုရင် ချက်ချင်း ပြုပြင်ပြောင်းလဲဖို့ လိုတယ်။—ဗျာ. ၂:၅၊ ၁၆။ ၃:၃၊ ၁၆။ w22.05 ၄ ¶၉။ ၅ ¶၁၁

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ