ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • es24 စာ. ၇၈-၈၈
  • ဩဂုတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဩဂုတ်
  • ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ကြာသပတေးနေ့၊ ဩဂုတ် ၁
  • သောကြာနေ့၊ ဩဂုတ် ၂
  • စနေနေ့၊ ဩဂုတ် ၃
  • တနင်္ဂနွေနေ့၊ ဩဂုတ် ၄
  • တနင်္လာနေ့၊ ဩဂုတ် ၅
  • အင်္ဂါနေ့၊ ဩဂုတ် ၆
  • ဗုဒ္ဓဟူးနေ့၊ ဩဂုတ် ၇
  • ကြာသပတေးနေ့၊ ဩဂုတ် ၈
  • သောကြာနေ့၊ ဩဂုတ် ၉
  • စနေနေ့၊ ဩဂုတ် ၁၀
  • တနင်္ဂနွေနေ့၊ ဩဂုတ် ၁၁
  • တနင်္လာနေ့၊ ဩဂုတ် ၁၂
  • အင်္ဂါနေ့၊ ဩဂုတ် ၁၃
  • ဗုဒ္ဓဟူးနေ့၊ ဩဂုတ် ၁၄
  • ကြာသပတေးနေ့၊ ဩဂုတ် ၁၅
  • သောကြာနေ့၊ ဩဂုတ် ၁၆
  • စနေနေ့၊ ဩဂုတ် ၁၇
  • တနင်္ဂနွေနေ့၊ ဩဂုတ် ၁၈
  • တနင်္လာနေ့၊ ဩဂုတ် ၁၉
  • အင်္ဂါနေ့၊ ဩဂုတ် ၂၀
  • ဗုဒ္ဓဟူးနေ့၊ ဩဂုတ် ၂၁
  • ကြာသပတေးနေ့၊ ဩဂုတ် ၂၂
  • သောကြာနေ့၊ ဩဂုတ် ၂၃
  • စနေနေ့၊ ဩဂုတ် ၂၄
  • တနင်္ဂနွေနေ့၊ ဩဂုတ် ၂၅
  • တနင်္လာနေ့၊ ဩဂုတ် ၂၆
  • အင်္ဂါနေ့၊ ဩဂုတ် ၂၇
  • ဗုဒ္ဓဟူးနေ့၊ ဩဂုတ် ၂၈
  • ကြာသပတေးနေ့၊ ဩဂုတ် ၂၉
  • သောကြာနေ့၊ ဩဂုတ် ၃၀
  • စနေနေ့၊ ဩဂုတ် ၃၁
ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၄
es24 စာ. ၇၈-၈၈

ဩဂုတ်

ကြာသပတေးနေ့၊ ဩဂုတ် ၁

ယေဟောဝါကို ကြောက်ရွံ့ရိုသေသူတွေ၊ နာမတော်အကြောင်း တွေးတောဆင်ခြင်သူတွေ နဲ့ပတ်သက်ပြီး ရှေ့တော်မှာ ရှိတဲ့ အောက်မေ့ရာစာစောင်ထဲ ရေးမှတ်ထားတယ်။—မာလ. ၃:၁၆။

ယေဟောဝါကို ကြောက်ရွံ့ရိုသေပြီး နာမတော်အကြောင်း တွေးတောဆင်ခြင်နေမှန်း ကိုယ့်အပြောအဆိုနဲ့ ဖော်ပြသူတွေရဲ့ နာမည်ကို “အောက်မေ့ရာ စာစောင်” ထဲမှာ ဘုရား ရေးမှတ်ထားတယ်။ ဘာကြောင့်လဲ။ အပြောအဆိုဟာ စိတ်နှလုံးထဲ ရှိတာကို ဖော်ပြလို့ပဲ။ “စိတ်ထဲ ရှိတာတွေပဲ နှုတ်က ထွက်တတ်တယ်” လို့ ယေရှု ပြောတယ်။ (မ. ၁၂:၃၄) ယေဟောဝါက မိမိကို ချစ်တဲ့သူတွေကို ကမ္ဘာသစ်မှာ ထာဝရအသက် ရစေချင်တယ်။ ကိုယ့်ဝတ်ပြုမှုကို ယေဟောဝါ လက်ခံ မခံ ကိုယ့်ပြောဆိုပုံက ပိုင်းဖြတ်ပေးနိုင်တယ်။ (ယာ. ၁:၂၆) ဘုရားကို မချစ်သူတချို့ ကြမ်းကြမ်းတမ်းတမ်း၊ မောက်မောက်မာမာ ပြောဆိုကြတယ်။ (၂ တိ. ၃:၁-၅) ကျွန်တော်တို့ကတော့ သူတို့နဲ့ မတူချင်ကြဘူး။ ကိုယ့်အပြောအဆိုအားဖြင့် ယေဟောဝါရဲ့ နှစ်သက်မှု ရချင်ကြတယ်။ ဒါပေမဲ့ အသင်းတော် အစည်းအဝေး၊ အမှုဆောင်မှာပဲ စကားကို ချိုချိုသာသာ ပြောပြီး ဘယ်သူမှ မမြင်နိုင်တဲ့ အိမ်မှာတော့ မိသားစုဝင်တွေကို မကြင်မနာ၊ ကြမ်းကြမ်းတမ်းတမ်း ပြောတယ်ဆိုရင် ယေဟောဝါရဲ့ နှစ်သက်မှု ရနိုင်ပါ့မလား။—၁ ပေ. ၃:၇။ w22.04 ၅ ¶၄-၅

သောကြာနေ့၊ ဩဂုတ် ၂

သားရဲက ပြည့်တန်ဆာကို မုန်းလိမ့်မယ်။ သူ့ကို သိမ်းရုံးဖျက်ဆီးပြီး အဝတ်ဗလာ ဖြစ်စေမယ်။ သူ့အသားကို စားပြီး သူ့ကို အစအန မကျန်အောင် မီးရှို့ပစ်လိမ့်မယ်။—ဗျာ. ၁၇:၁၆။

ဘုရားသခင်က မဟာဗာဗုလုန်ကို ဖျက်ဆီးဖို့ အကြံကို ချိုဆယ်ချောင်း ရှိတဲ့ သားရဲရဲ့ စိတ်ထဲ ထည့်ပေးပြီး အကောင်အထည် ဖော်မယ်။ နီမြန်းတဲ့ သားရဲ ဖြစ်တဲ့ ကမ္ဘာ့ကုလသမဂ္ဂကို သုံးပြီး မှားယွင်းတဲ့ ကမ္ဘာ့ဘာသာရေး အင်ပါယာကို အပြီးအပိုင် တိုက်ခိုက်ဖျက်ဆီးဖို့ တိုင်းနိုင်ငံတွေကို ယေဟောဝါ လှုံ့ဆော်ပေးပါလိမ့်မယ်။ (ဗျာ. ၁၈:၂၁-၂၄) ဒါက ကျွန်တော်တို့အတွက် ဘာအဓိပ္ပာယ် ရှိသလဲ။ “အဖဘုရားသခင်ရဲ့ အမြင်မှာ စင်ကြယ်ပြီး အညစ်အကြေး ကင်းစင်တဲ့ ဝတ်ပြုမှု” ဖြစ်နေဖို့ ကြိုးစားရမယ်။ (ယာ. ၁:၂၇) မှားယွင်းတဲ့ သွန်သင်ချက်တွေ၊ အယူမှား ပွဲနေ့တွေ၊ နိမ့်ကျတဲ့ စာရိတ္တစံနှုန်းတွေ၊ မဟာဗာဗုလုန် နတ်ဆိုးဓလေ့ထုံးစံတွေရဲ့ ဩဇာလွှမ်းမိုးမှုကို ဘယ်တော့မှ မခံပါနဲ့။ “သူ့ဆီကနေ ထွက်သွားကြ” ဖို့ လူတွေကို ဆက်သတိပေးရမယ်။ ဒါမှ မဟာဗာဗုလုန် အပြစ်ပေးခံရတဲ့အခါ သူတို့ ရောပြီး မပါမှာ ဖြစ်တယ်။—ဗျာ. ၁၈:၄။ w22.05 ၁၁ ¶၁၇။ ၁၄ ¶၁၈

စနေနေ့၊ ဩဂုတ် ၃

ယေဟောဝါရဲ့ ခိုင်မြဲတဲ့ မေတ္တာပါ လုပ်ရပ်တွေ . . . အကြောင်း ငါ ထုတ်ဖော်ပြောမယ်။—ဟေရှာ. ၆၃:၇။

မိဘတို့၊ သားသမီးတွေကို ယေဟောဝါအကြောင်း သင်ပေးဖို့ အခွင့်အရေးတွေ ဖန်တီးပါ။ သင့်အတွက် ဘုရား လုပ်ပေးတာတွေအကြောင်း ပြောပြပါ။ (တရား. ၆:၆၊ ၇) ဘာသာရေး ခံယူချက် ကွဲပြားတဲ့ အိမ်ထောင် ဖြစ်လို့ အိမ်မှာ သားသမီးတွေနဲ့ ပုံမှန် လေ့လာဖို့ မဖြစ်နိုင်ရင် အဲဒီလို ပြောပြဖို့ အထူး အရေးကြီးတယ်။ “ဘုရားရေးရာအကြောင်းတွေ ပြောဖို့ အခွင့်အရေး မရသလောက်ပဲမို့ ရတဲ့အချိန်မှာ အခွင့်အရေး ယူပြီး ပြောတယ်” ဆိုပြီး ခရစ္စတင်းလို့ ခေါ်တဲ့ ညီအစ်မ ပြောတယ်။ ယေဟောဝါရဲ့ အဖွဲ့အစည်းနဲ့ ညီအစ်ကို/မတွေအကြောင်းလည်း အပြုသဘောပါပါ ပြောပါ။ အကြီးအကဲတွေကို ဝေဖန်ကဲ့ရဲ့တာမျိုး မလုပ်ပါနဲ့။ အကြီးအကဲတွေအကြောင်း အကောင်းပဲ ပြောမယ်ဆိုရင် အကူအညီ လိုအပ်ချိန်မှာ သားသမီးတွေ သူတို့ဆီ အကူအညီ တောင်းပါလိမ့်မယ်။ အိမ်မှာ ငြိမ်သက်တဲ့ အခြေအနေ ဖြစ်အောင် ကြိုးစားပါ။ ခင်ပွန်းနဲ့ သားသမီးတွေကို ချစ်ကြောင်း အမြဲ ပြောပါ။ ခင်ပွန်းအကြောင်း ကြင်ကြင်နာနာ၊ လေးလေးစားစား ပြောပါ။ အဲဒီလို ပြောတတ်အောင် သားသမီးတွေကိုလည်း သင်ပေးပါ။ ဒါဆိုရင် အိမ်မှာ ငြိမ်သက်တဲ့ အခြေအနေ ဖြစ်လာမယ်။ ယေဟောဝါအကြောင်း သင်ပေးဖို့ ပိုလွယ်ကူလာမယ်။—ယာ ၃:၁၈။ w22.04 ၁၈ ¶၁၀-၁၁

တနင်္ဂနွေနေ့၊ ဩဂုတ် ၄

မင်းရဲ့ အကျင့်ကို ငါ သိတယ်။—ဗျာ. ၃:၁။

အခက်အခဲ အမျိုးမျိုးကြား ယေဟောဝါကို ခံနိုင်ရည်ရှိရှိ ဆက်ဝတ်ပြုနေတယ်လို့ ဧဖက် အသင်းတော်ကို ယေရှု ပြောတယ်။ ဒါပေမဲ့ ကနဦးမေတ္တာ ပျက်ပြယ်နေပြီ။ ဘုရား နှစ်သက်တဲ့ ဝတ်ပြုမှု ဖြစ်ဖို့ဆိုရင် အဲဒီမေတ္တာကို ပြန်ရှင်သန်စေရမယ်။ ဒီနေ့ခေတ်မှာလည်း အခက်အခဲတွေကို ခံရပ်နေရုံနဲ့ မလုံလောက်ဘူး။ ခံရပ်နေတဲ့ အကြောင်းရင်း မှန်ရမယ်။ ကျွန်တော်တို့ ဘာလုပ်တယ် ဆိုတာသာမက ဘာကြောင့် လုပ်တယ်ဆိုတဲ့ စိတ်ရင်းကို ဘုရား စိတ်ဝင်စားတယ်။ အဲဒါ ဘုရားအတွက် အရေးပါတယ်။ မိမိကို ချစ်တဲ့စိတ်၊ ကျေးဇူးတင်လေးမြတ်စိတ်နဲ့ ဝတ်ပြုဖို့ မျှော်လင့်လို့ပဲ။ (ပညာ. ၁၆:၂။ မာ. ၁၂:၂၉၊ ၃၀) ကျွန်တော်တို့ နိုးကြားတက်ကြွနေရမယ်။ သာဒိ အသင်းတော်မှာ ပြဿနာ နောက်တစ်ခု ရှိတယ်။ အရင်တုန်းက ဘုရားအမှုတော်မှာ တက်တက်ကြွကြွ ပါဝင်ခဲ့ကြပေမဲ့ တဖြည်းဖြည်း ဇွဲလျော့လာတယ်။ ဒါကြောင့် ‘နိုးထပါ’ လို့ ယေရှု ပြောတယ်။ (ဗျာ. ၃:၁-၃) ကျွန်တော်တို့ လုပ်ခဲ့တာကို ယေဟောဝါ မမေ့ဘူး။—ဟီ. ၆:၁၀။ w22.05 ၂ ¶၆-၇

တနင်္လာနေ့၊ ဩဂုတ် ၅

ကြိုးစားပမ်းစား လုပ်တဲ့ အလုပ်မှန်သမျှ အကျိုးရှိတယ်။—ပညာ. ၁၄:၂၃။

ကြိုးစားပမ်းစား လုပ်ကိုင်မှုကနေ ရတဲ့ ပျော်ရွှင်ကျေနပ်မှုကို “ဘုရားဆီက ရတဲ့ လက်ဆောင်” လို့ ရှောလမုန် ခေါ်တယ်။ (ဒေ. ၅:၁၈၊ ၁၉) အဲဒီစကားတွေ မှန်ကန်ကြောင်း ရှောလမုန် အသေအချာ သိတယ်။ ရှောလမုန်ဟာ အလုပ်ကြိုးစားသူ ဖြစ်တယ်။ နန်းတော်တွေ ဆောက်တယ်။ စပျစ်ခြံတွေ၊ ဥယျာဉ်ပန်းခြံတွေ စိုက်ပျိုးတယ်။ ရေကန်တွေ ဆောက်တယ်။ မြို့တွေ တည်တယ်။ (၁ ဘု. ၉:၁၉။ ဒေ. ၂:၄-၆) ခက်ခဲပင်ပန်းပေမဲ့ ကျေနပ်ပျော်ရွှင်မှာ သေချာတယ်။ ဒါပေမဲ့ ဒီလောက်နဲ့ပဲ စစ်မှန်တဲ့ ပျော်ရွှင်မှု မရနိုင်မှန်း သိတယ်။ ဒါကြောင့် ဘုရားရေးရာ လုပ်ဆောင်မှုတွေမှာလည်း ပါဝင်ခဲ့တယ်။ ဥပမာ၊ ယေဟောဝါရဲ့ ဝတ်ပြုရေးအတွက် ခမ်းနားလှတဲ့ ဗိမာန်တော် ဆောက်လုပ်ရေး ခုနစ်နှစ် စီမံကိန်းကြီးကို ကြီးကြပ်ပေးတယ်။ (၁ ဘု. ၆:၃၈။ ၉:၁) လောကအလုပ်ကော ဘုရားရေးရာ အလုပ်တွေပါ လုပ်ဆောင်ပြီးနောက်မှာတော့ ဘုရားအမှုဆောင်ခြင်းကသာ အရေးပါဆုံး ဖြစ်မှန်း ရှောလမုန် သဘောပေါက်သွားတယ်။ “အကြောင်းစုံ ပြောပြီးပြီ။ အနှစ်ချုပ် ပြောရရင်တော့ စစ်မှန်တဲ့ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး ပညတ်ချက်တွေကို လိုက်နာပါ” လို့ ပြောတယ်။—ဒေ. ၁၂:၁၃။ w22.05 ၂၂ ¶၈

အင်္ဂါနေ့၊ ဩဂုတ် ၆

ဘုရားသခင်က ခရစ်တော်ကြောင့် ခင်ဗျားတို့ကို ကြည်ကြည်ဖြူဖြူ ခွင့်လွှတ် [တယ်]။—ဧ. ၄:၃၂။

ကျမ်းစာမှာ ယေဟောဝါ ခွင့်လွှတ်ခဲ့သူတွေအကြောင်း ပုံနမူနာ အများကြီး ရှိတယ်။ တစ်ယောက်ကတော့ ဘုရင် မနာရှေပါ။ မနာရှေဟာ ယေဟောဝါကို အကြီးအကျယ် ပြစ်မှားတယ်။ မှားယွင်းတဲ့ ဝတ်ပြုရေးမှာ ဦးဆောင်တယ်။ ကိုယ့်သားတွေကိုတောင် မှားယွင်းတဲ့ ဘုရားတွေအတွက် ပူဇော်တယ်။ ယေဟောဝါရဲ့ မြင့်မြတ်တဲ့ ဗိမာန်တော်ထဲ မှားယွင်းတဲ့ ဘုရားရုပ်တု ထားတဲ့အထိတောင် ပြစ်မှားခဲ့တယ်။ “ယေဟောဝါရှေ့မှာ မကောင်းတာတွေ အများကြီး လုပ်ပြီး အမျက်ထွက်စေတယ်” လို့ ကျမ်းစာ ပြောတယ်။ (၂ ရာ. ၃၃:၂-၇) ဒါပေမဲ့ စိတ်ရင်းမှန်နဲ့ နောင်တရတဲ့အခါ သူ့ကို ယေဟောဝါ အကြွင်းမဲ့ ခွင့်လွှတ်ပေးတယ်။ (၂ ရာ. ၃၃:၁၂၊ ၁၃) ဘုရင် ဒါဝိဒ်အကြောင်းလည်း စဉ်းစားကြည့်ပါ။ အိမ်ထောင်ရေး ဖောက်ပြန်မှု၊ လူသတ်မှု အပါအဝင် ကြီးလေးတဲ့ အပြစ်တွေ ကျူးလွန်ခဲ့တယ်။ ဒါပေမဲ့ စိတ်ရင်းမှန်နဲ့ နောင်တရပြီး အပြစ် ဝန်ခံတဲ့အခါ ယေဟောဝါ ခွင့်လွှတ်ပေးတယ်။ (၂ ရှ. ၁၂:၉၊ ၁၀၊ ၁၃၊ ၁၄) မှန်ပါတယ်။ ယေဟောဝါ ခွင့်လွှတ်ချင်စိတ် ပြင်းပြတယ်ဆိုတာ ကျွန်တော်တို့ စိတ်ချနိုင်တယ်။ w22.06 ၃ ¶၇

ဗုဒ္ဓဟူးနေ့၊ ဩဂုတ် ၇

စိတ်ရှည်ကြပါ။ စိတ်ဓာတ်ကြံ့ခိုင်ကြပါ။—ယာ. ၅:၈။

မျှော်လင့်ချက် ခိုင်မာနေဖို့ အမြဲတော့ မလွယ်ဘူး။ ဘုရားကို စောင့်ဆိုင်းရင်း စိတ်မရှည် ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါဟာ ထာဝစဉ် တည်လို့ အချိန်နဲ့ပတ်သက်တဲ့ ဘုရားအမြင်ဟာ ကျွန်တော်တို့ အမြင်နဲ့ မတူဘူး။ (၂ ပေ. ၃:၈၊ ၉) မိမိရည်ရွယ်ချက်ကို ဘုရား အကောင်းဆုံးနည်းနဲ့ အကောင်အထည် ဖော်မှာ ဖြစ်ပေမဲ့ ကျွန်တော်တို့ မျှော်လင့်ထားတဲ့ အချိန်အတိုင်း ဖြစ်ချင်မှ ဖြစ်မယ်။ ကတိတွေ ဘုရား ပြည့်စုံစေမယ့် အချိန်ကို ကျွန်တော်တို့ စိတ်ရှည်ရှည် စောင့်ဆိုင်းရင်း မျှော်လင့်ချက် ခိုင်မာနေအောင် ဘာက ကူညီပေးနိုင်သလဲ။ (ယာ. ၅:၇) မျှော်လင့်ချက် ပြည့်စုံအောင် လုပ်ပေးမယ်လို့ ကတိပြုထားတဲ့အရှင် ယေဟောဝါနဲ့ ဆက်ရင်းနှီးအောင် ကြိုးစားပါ။ “ဘုရားသခင် တည်ရှိတယ်၊” “မိမိကို ထက်ထက်သန်သန် ရှာဖွေသူကို ဆုချတဲ့အရှင်” ဖြစ်တယ်ဆိုတာ ယုံကြည်မှ မျှော်လင့်ချက် ရှင်သန်နေမယ်။ (ဟီ. ၁၁:၁၊ ၆) ယေဟောဝါကို ပိုယုံကြည်လေ ကတိ မှန်သမျှကို ပြည့်စုံစေမယ်ဆိုတာ ပိုစိတ်ချလေ ဖြစ်လာမယ်။ မျှော်လင့်ချက် ပိုခိုင်မာအောင် ယေဟောဝါဆီ ဆုတောင်းပါ။ ကျမ်းစာ ဖတ်ပါ။ ယေဟောဝါကို မမြင်နိုင်ပေမဲ့ ဘုရားနဲ့ ရင်းနှီးနိုင်တယ်။ ဘုရား နားထောင်ပေးမယ်ဆိုတာ စိတ်ချပြီး ဆုတောင်းစကားပြောနိုင်တယ်။—ယေ. ၂၉:၁၁၊ ၁၂။ w22.10 ၂၆-၂၇ ¶၁၁-၁၃

ကြာသပတေးနေ့၊ ဩဂုတ် ၈

ယောဘက နှုတ်ဆိတ်မနေနိုင်တော့ဘဲ သူ မွေးတဲ့နေ့ကို ကျိန်ဆဲ [တယ်]။—ယောဘ ၃:၁။

မြင်ယောင်ကြည့်ပါ။ ယောဘ ပြာထဲမှာ နာကျင်စွာ ထိုင်နေရတယ်။ (ယောဘ ၂:၈) ကိုယ်ကျင့်တရား မကောင်းဘူးဆိုပြီး မိတ်ဆွေတွေ ဝိုင်းသိက္ခာချကြတယ်။ သားသမီးတွေ ဆုံးရှုံးထားရလို့ ပူဆွေးနေတဲ့ ယောဘ တစ်ပူပေါ် နှစ်ပူဆင့်ရတယ်။ ပထမတော့ ယောဘ နှုတ်ဆိတ်နေတယ်။ (ယောဘ ၂:၁၃) ဒီလို နှုတ်ဆိတ်နေတာ ဖန်ဆင်းရှင်ကို ကျောခိုင်းတော့မယ့် လက္ခဏာပဲလို့ သူတို့ ထင်နေကြရင် မှားမယ်။ တစ်ကြိမ်မှာ ယောဘ ခေါင်းကို မော့၊ မိတ်ဆွေ အတုအယောင်တွေကို စေ့စေ့ကြည့်ပြီး “သေတဲ့အထိ ကျုပ်ရဲ့ သမာဓိကို မစွန့်ဘူး” လို့ ပြောလိုက်တယ်။ (ယောဘ ၂၇:၅) အခက်အခဲတွေ ကြုံနေရတာတောင် ရဲစွမ်းသတ္တိ ရှိဖို့ ယောဘကို ဘာက ကူညီပေးသလဲ။ အခက်အခဲတွေကို မေတ္တာရှင် ဘုရား အဆုံးတိုင်စေမယ်ဆိုတဲ့ မျှော်လင့်ချက် ပျက်ပြားမသွားလို့ပါပဲ။ သေဆုံးသွားရင်တောင် ယေဟောဝါ ပြန်ထမြောက်ပေးမယ်ဆိုတာ ယောဘ သိတယ်။—ယောဘ ၁၄:၁၃-၁၅။ w22.06၂၂ ¶၉

သောကြာနေ့၊ ဩဂုတ် ၉

ဒီနည်းအတိုင်း ခင်ဗျားတို့ ဆုတောင်းရမယ်– “ကောင်းကင်မှာ စံမြန်းတဲ့ ကျွန်တော်တို့ရဲ့ အဖ၊ နာမတော် သန့်ရှင်းမြင့်မြတ်ပါစေ။ နိုင်ငံတော် လာပါစေ။ အလိုတော် . . . ပြည့်စုံပါစေ။”—မ. ၆:၉၊ ၁၀။

ကောင်းကင်မြေကြီး ဖန်ဆင်းရှင်ဆီ ဆုတောင်းချဉ်းကပ်ခွင့် ကျွန်တော်တို့ ရထားတယ်။ စဉ်းစားကြည့်ပါ– ကြိုတင် ချိန်းဆိုထားစရာ မလိုဘဲ ဘယ်ဘာသာစကားနဲ့မဆို ယေဟောဝါဆီ အချိန်မရွေး ရင်ဖွင့်လို့ ရတယ်။ ဆေးရုံခုတင်ပေါ်ကဖြစ်ဖြစ်၊ ထောင်ထဲကနေဖြစ်ဖြစ် ကျွန်တော်တို့ ဆုတောင်းချက်ကို မေတ္တာရှင် အဖ နားထောင်ပေးမယ်ဆိုတာ ယုံကြည်စိတ်ချပြီး ဆုတောင်းနိုင်တယ်။ ဒီအခွင့်ထူးကို ကျွန်တော်တို့ သိပ်တန်ဖိုးထားတယ်။ ဆုတောင်းခွင့်ကို ဘုရင် ဒါဝိဒ် တန်ဖိုးထားတယ်။ “ကျွန်တော့်ရဲ့ ဆုတောင်းချက်ဟာ ရှေ့တော်မှာ ပြင်ဆင်ထားတဲ့ နံ့သာပေါင်းလို ဖြစ်ပါစေ” လို့ စပ်ဆိုခဲ့တယ်။ (ဆာ. ၁၄၁:၁၊ ၂) ဒါဝိဒ်ခေတ်မှာ စစ်မှန်တဲ့ ဝတ်ပြုရေးအတွက် ပုရောဟိတ်တွေ သုံးတဲ့ နံ့သာပေါင်းကို သေသေချာချာ ပြင်ဆင်ရတယ်။ (ထွ. ၃၀:၃၄၊ ၃၅) နံ့သာပေါင်းကို ဂရုတစိုက် ပြင်ဆင်ရသလိုပဲ ဒါဝိဒ်ဟာ ကောင်းကင်ဘုံစံ အဖကို ဘာတွေ ပြောမယ်ဆိုတာ သေသေချာချာ စဉ်းစားပြင်ဆင်တယ်။ ကျွန်တော်တို့လည်း ယေဟောဝါ နှစ်သက်တဲ့ နည်းနဲ့ ဆုတောင်းချင်ကြတယ်။ w22.07 ၂၀ ¶၁-၂။ ၂၁ ¶၄

စနေနေ့၊ ဩဂုတ် ၁၀

“လက်စားချေတာဟာ ငါ့ကိစ္စပါ။ မတရားမှုအတွက် ငါလက်တုံ့ပြန်ပေးမှာပါ” လို့ ယေဟောဝါ ပြောတယ်။—ရော. ၁၂:၁၉။

လက်စားချေတာဟာ ယေဟောဝါရဲ့ ကိစ္စ ဖြစ်တယ်။ ကိုယ့်အပေါ် ပြစ်မှားသူကို လက်စားချေဖို့ ကျွန်တော်တို့ကို ယေဟောဝါ အခွင့်အာဏာ ပေးမထားဘူး။ (ရော. ၁၂:၂၀၊ ၂၁) အကန့်အသတ် ရှိတဲ့၊ မစုံလင်တဲ့ ကျွန်တော်တို့ရဲ့ ရှုမြင်ပုံကြောင့် ကိစ္စရပ်တွေကို ဘုရားလို မှန်မှန်ကန်ကန် မဆုံးဖြတ်နိုင်ကြဘူး။ (ဟီ. ၄:၁၃) တစ်ခါတလေ စိတ်ခံစားချက်တွေကြောင့် ကောင်းကောင်း မချင့်ချိန်နိုင်ကြဘူး။ “လူတစ်ယောက်ရဲ့ ဒေါသက ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကို မဖြစ်ပေါ်စေဘူး” လို့ တပည့်တော် ယာကုပ် ရေးတယ်။ (ယာ. ၁:၂၀) ယေဟောဝါကတော့ မှန်ရာကို လုပ်မယ်၊ မျှမျှတတ စီရင်ပေးမယ်ဆိုတာ ကျွန်တော်တို့ စိတ်ချနိုင်ပါတယ်။ ခွင့်လွှတ်တာဟာ ယေဟောဝါရဲ့ တရားမျှတမှုကို ယုံကြည်စိတ်ချကြောင်း ပြရာ ရောက်တယ်။ ကိစ္စရပ်တွေကို ယေဟောဝါလက်ထဲ အပ်ထားခြင်းက အပြစ်ကြောင့် ဖြစ်ရတဲ့ ထိခိုက်နစ်နာစရာတွေကို ယေဟောဝါ ပြန်တည့်မတ်ပေးမယ်ဆိုတာ ယုံကြည်စိတ်ချကြောင်း ပြရာ ရောက်တယ်။ ဘုရား ကတိပြုထားတဲ့ ကမ္ဘာသစ်မှာ နာကျင်စရာ စိတ်ဒဏ်ရာတွေကို “သတိရတော့မှာ မဟုတ်ဘူး။ အဲဒါတွေဟာ စိတ်ထဲ ပေါ်လာတော့မှာ မဟုတ်ဘူး။”—ဟေရှာ. ၆၅:၁၇။ w22.06 ၁၀-၁၁ ¶၁၁-၁၂

တနင်္ဂနွေနေ့၊ ဩဂုတ် ၁၁

လူတွေက ကျွန်တော့်နာမည်ကြောင့် ခင်ဗျားတို့ကို မုန်းလိမ့်မယ်။—မ. ၂၄:၉။

မုန်းတီးခံရတယ်ဆိုတဲ့ အချက်ကိုက ယေဟောဝါရဲ့ မျက်နှာသာ ရနေတယ်ဆိုတဲ့ အထောက်အထားပဲ။ (မ. ၅:၁၁၊ ၁၂) ဆန့်ကျင်မှုရဲ့ နောက်ကွယ်မှာ စာတန် ရှိနေတယ်။ ဒါပေမဲ့ စာတန်ထက် ယေရှု ပိုတန်ခိုးကြီးတယ်။ ယေရှုရဲ့ ထောက်မမှုကြောင့် လူမျိုးတကာဆီ သတင်းကောင်း ရောက်နေတယ်။ အထောက်အထားတွေကို သုံးသပ်ကြည့်ပါ။ နိုင်ငံတော်သတင်း ဟောပြောသူတွေဟာ ဘာသာစကား အခက်အခဲ ကြုံရတယ်။ အဲဒီအခက်အခဲကို ကျော်ဖြတ်နိုင်မယ်ဆိုပြီး တမန်တော် ယောဟန်ကို ပေးတဲ့ စိတ်အာရုံမှာ ယေရှု ကြိုပြောတယ်။ (ဗျာ. ၁၄:၆၊ ၇) ဘယ်လိုနည်းနဲ့လဲ။ နိုင်ငံတော်သတင်းကို လက်ခံတုံ့ပြန်ဖို့ လူများနိုင်သမျှ များများကို ကျွန်တော်တို့ အခွင့်အရေး ပေးနေတယ်။ jw.org ဝက်ဘ်ဆိုက်မှာ ကျမ်းစာ အခြေပြု အကြောင်းအရာတွေကို ဘာသာစကား ၁၀၀၀ ကျော်နဲ့ တင်ထားတဲ့အတွက် ကမ္ဘာတစ်ဝန်းက လူတွေ ဖတ်နိုင်ပြီ။ တပည့်ဖြစ်စေခြင်း လုပ်ငန်းအတွက် အဓိက လေ့လာမှု ကိရိယာ ဖြစ်တဲ့ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်ကိုလည်း ဘာသာစကား ၇၀၀ ကျော်နဲ့ ပြန်ဆိုဖို့ ခွင့်ပြုထားပြီ။ w22.07 ၉ ¶၆-၇

တနင်္လာနေ့၊ ဩဂုတ် ၁၂

အကြံပေးသူ များရင်တော့ အောင်မြင်တတ်တယ်။—ပညာ. ၁၁:၁၄။

လူတွေကို ယေရှု ထောက်ထားစာနာတယ်။ “လူတွေဟာ အရေခွံ ဆုတ်ပြီး ပစ်ထားခံရတဲ့ သိုးတွေ၊ ထိန်းသူ မရှိတဲ့ သိုးတွေလို ဖြစ်နေလို့ သူတို့ကို မြင်တဲ့အခါ ယေရှု သနားတယ်” လို့ တမန်တော် မဿဲ ပြောတယ်။ (မ. ၉:၃၆) ယေဟောဝါမှာကော ဘယ်လို ခံစားချက် ရှိသလဲ။ “ကောင်းကင်မှာ စံမြန်းတဲ့ အဖဘုရားက ကလေးငယ်နဲ့ တူတဲ့ ဟောဒီလူတွေကို တစ်ယောက်မှ မပျက်စီးစေချင်ဘူး” လို့ ယေရှု ပြောတယ်။ (မ. ၁၈:၁၄) တကယ့်ကို အားရှိစရာပါပဲ။ ယေရှုအကြောင်း ကောင်းကောင်း သိလာတာနဲ့အမျှ ယေဟောဝါကို ချစ်တဲ့ မေတ္တာ တိုးများလာတယ်။ အသင်းတော်ထဲက ရင့်ကျက်တဲ့ ညီအစ်ကို/မတွေနဲ့ သိကျွမ်းအောင် လုပ်ခြင်းအားဖြင့်လည်း ယေဟောဝါကို ပိုချစ်လာမယ်။ ကျွန်တော်တို့ ပိုရင့်ကျက်လာမယ်။ သူတို့ ဘယ်လောက် ပျော်နေကြောင်း သတိပြုကြည့်ပါ။ ယေဟောဝါကို ဝတ်ပြုဖို့ ဆုံးဖြတ်ခဲ့တာကို လုံးဝ နောင်တ မရကြဘူး။ ယေဟောဝါရဲ့ အမှုတော်မှာ ရခဲ့တဲ့ အတွေ့အကြုံတွေ မေးကြည့်ပါ။ အရေးကြီး ဆုံးဖြတ်ချက် ချဖို့ လိုလာတဲ့အခါ သူတို့ဆီ အကြံတောင်းပါ။ ‘အကြံပေးသူ များရင် အောင်မြင်တတ်တယ်။’ w22.08 ၃ ¶၆-၇

အင်္ဂါနေ့၊ ဩဂုတ် ၁၃

ယေဟောဝါက ဖြောင့်မတ်သူတွေကို ကြည့်ရှုနေတယ်။—၁ ပေ. ၃:၁၂။

အခက်အခဲ တစ်မျိုးမဟုတ် တစ်မျိုး ကျွန်တော်တို့အားလုံး ရင်ဆိုင်နေရတယ်။ ဒါပေမဲ့ ကိုယ်တစ်ယောက်တည်း ရင်ဆိုင်ရမှာ မဟုတ်ဘူး။ မေတ္တာရှင် ဖခင် ယေဟောဝါ အမြဲ ကြည့်ရှုပေးနေတယ်။ ဘေးမှာ အမြဲ ရှိပြီး အသနားခံချက်တွေကို နားထောင်ပေးနေတယ်။ ကူညီချင်စိတ် ပြင်းပြနေတယ်။ (ဟေရှာ. ၄၃:၂) ခံရပ်နိုင်ဖို့ လိုအပ်သမျှ ရက်ရောစွာ ပြင်ဆင်ပေးထားလို့ ခံရပ်နိုင်မယ်ဆိုတာ ကျွန်တော်တို့ စိတ်ချတယ်။ ဆုတောင်းခြင်း လက်ဆောင်၊ ကျမ်းစာ၊ ကျမ်းစာ အကြောင်းအရာ အလျှံပယ် ပေးထားတယ်။ လိုအပ်ချိန်မှာ ကူညီပေးမယ့် မေတ္တာရှိ ညီအစ်ကို အသင်းအပင်းကိုလည်း ပေးထားတယ်။ ကျွန်တော်တို့ကို ကောင်းကင်ဖခင် ကြည့်ရှုနေလို့ ကျေးဇူးတင်စရာပါပဲ။ “ဘုရားကြောင့် စိတ်ရွှင်လန်းရတယ်။” (ဆာ. ၃၃:၂၁) ဘုရား ပြင်ဆင်ပေးတာတွေကနေ အကျိုး အပြည့်အဝ ရယူခြင်းအားဖြင့် ကျေးဇူးတင်လေးမြတ်ကြောင်း ပြနိုင်တယ်။ ဘုရားရဲ့ စောင့်ရှောက်မှု ဆက်ခံစားရဖို့ ကိုယ့်ဘက်က လုပ်စရာ ရှိတာကိုလည်း လုပ်ရမယ်။ ယေဟောဝါကို အတတ်နိုင်ဆုံး ဆက်နာခံမယ်၊ ဘုရားရှေ့ မှန်ရာ ဆက်လုပ်ဆောင်မယ်ဆိုရင် ကျွန်တော်တို့ကို ဘုရား ထာဝစဉ် ကြည့်ရှုစောင့်ရှောက်သွားပါလိမ့်မယ်။ w22.08 ၁၃ ¶၁၅-၁၆

ဗုဒ္ဓဟူးနေ့၊ ဩဂုတ် ၁၄

နှုတ်တော်ထွက်စကားရဲ့ အနှစ်သာရဟာ အမှန်တရားပါ။—ဆာ. ၁၁၉:၁၆၀။

ဒီနေ့ခေတ် လူများစွာဟာ ဘယ်သူ့ကို ယုံရမှန်း မသိ ဖြစ်နေကြတယ်။ သူတို့ အထင်ကြီးလေးစားတဲ့ နိုင်ငံရေးသမား၊ စီးပွားရေးသမား၊ သိပ္ပံပညာရှင်တွေမှာ စိတ်ကောင်းစေတနာကော ရှိရဲ့လားလို့ တွေးလာကြတယ်။ ခရစ်ယာန် ဘာသာရေးခေါင်းဆောင်တွေကိုလည်း အရိုအသေမဲ့လာကြတယ်။ ဒါကြောင့် သူတို့ လိုက်နာပါတယ်လို့ ပြောတဲ့ ကျမ်းစာကိုလည်း မယုံတော့တာ မဆန်းပါဘူး။ ယေဟောဝါဘုရားရဲ့ လူမျိုးအနေနဲ့ ကျွန်တော်တို့ကတော့ ဘုရားသခင်ဟာ “အမှန်တရားရဲ့ဘုရား” ဖြစ်မှန်း၊ ကျွန်တော်တို့ရဲ့ အကောင်းဆုံးအကျိုးကို အမြဲ လိုလားမှန်း ယုံကြည်စိတ်ချတယ်။ (ဆာ. ၃၁:၅။ ဟေရှာ. ၄၈:၁၇) ကျမ်းစာမှာ ဖတ်ရတဲ့အရာတွေကို ယုံကြည်စိတ်ချနိုင်ကြောင်း သိတယ်။ ကျမ်းပညာရှင်တစ်ယောက် ပြောတာကို သဘောတူကြတယ်– “ဘုရားပြောတာ တစ်ခုမှ မမှားဘူး။ အကုန် ကျိန်းသေ ပြည့်စုံမယ်။ ဘုရားလူမျိုးက ဘုရားကို ယုံလို့ ဘုရားပြောတာကိုလည်း ယုံကြတယ်။” w23.01 ၂ ¶၁-၂

ကြာသပတေးနေ့၊ ဩဂုတ် ၁၅

အချင်းချင်း ထောက်ထားစာနာကြစို့။—ဟီ. ၁၀:၂၄။

ယေဟောဝါအပေါ် ယုံကြည်ခြင်း ခိုင်ခံ့စေခြင်းအားဖြင့် ညီအစ်ကို/မတွေကို ကျွန်တော်တို့ အားပေးတည်ဆောက်ကြတယ်။ ညီအစ်ကို/မတချို့ဟာ မယုံကြည်သူတွေ လှောင်ပြောင်တာ ခံနေရတယ်။ တချို့ကျတော့ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာ ရှိနေတယ်။ စိတ်ဒဏ်ရာကို ကုစားနေရတယ်။ တချို့က ဒီစနစ် အဆုံးတိုင်မယ့်အချိန် စောင့်နေတာ နှစ်ပေါင်းများစွာ ရှိနေပြီ။ ဒီအခြေအနေတွေက ဒီနေ့ခေတ် ခရစ်ယာန်တွေအတွက် ယုံကြည်ခြင်း စမ်းသပ်မှု ဖြစ်စေနိုင်တယ်။ ပထမရာစု ခရစ်ယာန်တွေမှာလည်း ဒီလို အခက်အခဲတွေ ရှိတယ်။ ညီအစ်ကို/မတွေ ယုံကြည်ခြင်း ခိုင်ခံ့စေဖို့ ကျမ်းစာကို တမန်တော် ပေါလု အသုံးပြုတယ်။ ဥပမာ၊ ခရစ်ယာန်ဘာသာထက် ဂျူးဘာသာ ပိုသာတယ်လို့ ဝေဖန်လာတဲ့ မယုံကြည်သူ မိသားစုဝင်တွေကို ဘာပြန်ပြောရမယ်ဆိုတာ ဂျူးခရစ်ယာန်တွေ မသိဘဲ ဖြစ်နေနိုင်တယ်။ ဟီဘရူး အသင်းတော်ဆီ ရေးတဲ့ ပေါလုရဲ့ စာက အဲဒီခရစ်ယာန်တွေကို အားရှိစေခဲ့မှာပဲ။ (ဟီ. ၁:၅၊ ၆။ ၂:၂၊ ၃။ ၉:၂၄၊ ၂၅) ပေါလုရဲ့ အားပါတဲ့ ကျိုးကြောင်းဆင်ခြင်မှုကို သုံးပြီး ဆန့်ကျင်သူတွေကို ချေပနိုင်တယ်။ w22.08 ၂၃-၂၄ ¶၁၂-၁၄

သောကြာနေ့၊ ဩဂုတ် ၁၆

ယေဟောဝါကို ယုံကြည်အားထားသူကတော့ ကောင်းချီးခံစားရမယ်။—ယေ. ၁၇:၇။

စာတန့်လောကမှာ လူတွေ ဘယ်သူ့ကို ယုံကြည်စိတ်ချရမှန်း မသိ ဖြစ်နေကြတယ်။ စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေး ခေါင်းဆောင်တွေကြောင့် စိတ်ပျက်ကြရတယ်။ မိတ်ဆွေ၊ အိမ်နီးချင်း၊ မိသားစုဝင်တွေကိုလည်း မယုံကြတော့ဘူး။ ဒါကို မအံ့ဩသင့်ပါဘူး။ ‘နောက်ဆုံးကာလမှာ လူတွေဟာ သစ္စာမရှိသူ၊ သွားပုပ်လေလွင့်ပြောသူ၊ သစ္စာဖောက်သူတွေ ဖြစ်ကြလိမ့်မယ်’ လို့ ကျမ်းစာမှာ ကြိုဟောထားလို့ပဲ။ တကယ်တော့ ယုံကြည်စိတ်ချလို့ မရတဲ့ ဒီလောကစနစ်ရဲ့ ဘုရား စာတန့် စရိုက်ကို သူတို့ တုပနေကြတာ။ (၂ တိ. ၃:၁-၅။ ၂ ကော. ၄:၄) ခရစ်ယာန်တွေအနေနဲ့ ယေဟောဝါကို ကျွန်တော်တို့ အပြည့်အဝ ယုံကြည်စိတ်ချနိုင်တယ်။ ကျွန်တော်တို့ကို ဘုရား ချစ်ကြောင်း၊ မိမိ မိတ်ဆွေတွေကို “ဘယ်တော့မှ မစွန့်ပစ်” ကြောင်း စိတ်ချကြတယ်။ (ဆာ. ၉:၁၀) ကျွန်တော်တို့အတွက် အသက်ပေးခဲ့တဲ့ ခရစ်တော် ယေရှုကိုလည်း ယုံကြည်စိတ်ချနိုင်တယ်။ (၁ ပေ. ၃:၁၈) ဒါ့အပြင် ကျမ်းစာ လမ်းညွှန်ချက်တွေ စိတ်ချထိုက်ကြောင်းလည်း ကိုယ်တွေ့ သိခဲ့ကြပြီ။—၂ တိ. ၃:၁၆၊ ၁၇။ w22.09 ၂ ¶၁-၂

စနေနေ့၊ ဩဂုတ် ၁၇

ယေဟောဝါကို ကြောက်ရွံ့ရိုသေပြီး ကိုယ်တော်ရဲ့ လမ်းစဉ်တွေအတိုင်း လျှောက်လှမ်းသူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။—ဆာ. ၁၂၈:၁။

စစ်မှန်တဲ့ ပျော်ရွှင်မှုဆိုတာ ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်တတ်တဲ့ ခံစားချက်လောက်ပဲ မဟုတ်ဘူး။ တစ်ဘဝစာ ဖြစ်နိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ။ “ဘုရားသခင်ကို မှီခိုဖို့ လိုအပ်မှန်း သိမြင်သူတွေ ပျော်ရွှင်ချမ်းမြေ့တယ်” လို့ တောင်ပေါ်တရားတော်မှာ ယေရှု ပြောတယ်။ (မ. ၅:၃) လူတွေဟာ ဖန်ဆင်းရှင် ယေဟောဝါဘုရားကို သိကျွမ်း၊ ဝတ်ပြု၊ မှီခိုအားကိုးချင်တဲ့ ပြင်းပြတဲ့ ဆန္ဒ ထည့်သွင်းဖန်ဆင်းခံရမှန်း ယေရှု သိတယ်။ ယေဟောဝါဟာ “ပျော်ရွှင်တဲ့ ဘုရားသခင်” ဖြစ်လို့ ဘုရားကို ဝတ်ပြုသူတွေ ပျော်ရွှင်နိုင်တယ်။ (၁ တိ. ၁:၁၁) ပျော်ရွှင်မှုဟာ ဘဝအခြေအနေနဲ့ ဆိုင်သလား။ မဆိုင်ပါဘူး။ “ဝမ်းနည်းပူဆွေးသူတွေ” တောင် ပျော်ရွှင်နိုင်တယ်လို့ တောင်ပေါ်တရားတော်မှာ ယေရှု ပြောတယ်။ “ဖြောင့်မှန်ရာကို လုပ်တဲ့အတွက် နှိပ်စက်ခံရသူတွေ” လည်း ပျော်ရွှင်တယ်လို့ ဆက်ပြောတယ်။ (မ. ၅:၄၊ ၁၀၊ ၁၁) ပျော်ရွှင်မှုဆိုတာ ဘဝအခြေအနေနဲ့ မဆိုင်ကြောင်း၊ ဘုရားရေးရာ လိုအပ်ချက်ကို ဖြည့်ဆည်းမှ၊ ဘုရားနဲ့ ရင်းနှီးနေမှ ရမှာ ဖြစ်ကြောင်း ယေရှု သင်ပေးတယ်။—ယာ. ၄:၈။ w22.10 ၆ ¶၁-၃

တနင်္ဂနွေနေ့၊ ဩဂုတ် ၁၈

စစ်မှန်တဲ့ ပိုင်းခြားသိမြင်နိုင်စွမ်းကို ပိုင်ဆိုင်တဲ့သူကတော့နှုတ်ဆိတ်နေတတ်တယ်။—ပညာ. ၁၁:၁၂။

ပိုင်းခြားသိမြင်မှုက “နှုတ်ဆိတ်နေရတဲ့အချိန်နဲ့ စကားပြောရတဲ့အချိန်” ကို ပိုင်းခြားသိဖို့ ကူညီပေးတယ်။ (ဒေ. ၃:၇) “စကားပြောတာ ငွေ၊ နှုတ်ဆိတ်နေတာ ရွှေ” ဆိုတဲ့ စကားပုံ ယဉ်ကျေးမှုတချို့မှာ ရှိတယ်။ စကားပြောတာထက် နှုတ်ဆိတ်နေတာ ပိုကောင်းတဲ့ အချိန်တွေ ရှိမှန်း ဆိုလိုတယ်။ ဥပမာတစ်ခု စဉ်းစားကြည့်ပါ။ အတွေ့အကြုံရှိ အကြီးအကဲတစ်ယောက်ဟာ တခြားအသင်းတော်တွေရဲ့ ဖြေရှင်းရ ခက်တဲ့ ကိစ္စတွေ ကိုင်တွယ်ဖို့ တာဝန်ပေးခံရလေ့ ရှိတယ်။ “တခြားအသင်းတော်ရဲ့ အတွင်းရေးကိစ္စတွေကို သူ ဘယ်တော့မှ မပေါက်ကြားစေဘူး” လို့ အတူအမှုဆောင်နေတဲ့ အကြီးအကဲတစ်ယောက် ပြောတယ်။ ပိုင်းခြားသိမြင်မှု ရှိခြင်းက အကြီးအကဲအဖွဲ့ရဲ့လေးစားမှု ရအောင် သူ့ကို ကူညီပေးတယ်။ အတွင်းရေးကိစ္စတွေကို အမြဲ လျှို့ဝှက်ပေးထားမယ်ဆိုတာ အကြီးအကဲအဖွဲ့ စိတ်ချတယ်။ ရိုးသားမှုကလည်း ယုံကြည်စိတ်ချထိုက်သူ ဖြစ်ဖို့ ကူညီပေးတယ်။ ရိုးသားသူဟာ အမြဲ အမှန် ပြောမယ်ဆိုတာ သိထားလို့ သူ့ကို ကျွန်တော်တို့ စိတ်ချတယ်။—ဧ. ၄:၂၅။ ဟီ. ၁၃:၁၈။ w22.09 ၁၂ ¶၁၄-၁၅

တနင်္လာနေ့၊ ဩဂုတ် ၁၉

ယေဟောဝါကို ဆန့်ကျင်တဲ့ဘက်မှာ ဉာဏ်ပညာ၊ ပိုင်းခြားသိမြင်မှု၊ အကြံဉာဏ် တစ်ခုမှ မရှိဘူး။—ပညာ. ၂၁:၃၀။

စစ်မှန်တဲ့ ဉာဏ်ပညာ “လမ်းပေါ်မှာ ဟစ်အော်” တာကို လူများစွာ နားမထောင်ကြဘူး။ (ပညာ. ၁:၂၀) ကျမ်းစာအရ ဉာဏ်ပညာကို ငြင်းပယ်တဲ့ အုပ်စု သုံးစု ရှိတယ်။ “အတွေ့အကြုံ မရှိသူ၊” “လှောင်ပြောင်တတ်သူ၊” “လူမိုက်” တို့ ဖြစ်တယ်။ (ပညာ. ၁:၂၂-၂၅) “အတွေ့အကြုံ မရှိသူတွေ” ဟာ ကြားသမျှ ယုံသူတွေ၊ အလွယ်တကူ လှည့်စားလို့ ရသူတွေ ဖြစ်တယ်။ (ပညာ. ၁၄:၁၅) ဥပမာ၊ ဘာသာရေး၊ နိုင်ငံရေး ခေါင်းဆောင်တွေကြောင့် လှည့်စားခံနေရသူ သန်းပေါင်းများစွာအကြောင်း စဉ်းစားကြည့်ပါ။ လှည့်စားခံနေရမှန်း သိလာတဲ့အခါ စိတ်ပျက်သွားကြသူ တချို့တော့ ရှိပါတယ်။ ဒါပေမဲ့ ပညာအလိမ္မာ ၁:၂၂ မှာ ဖော်ပြထားသူတွေဟာ အတွေ့အကြုံ မရှိသူတွေ ဖြစ်ရတာကို ကြိုက်လို့ အဲဒီလို ဆက်ဖြစ်နေဖို့ ရွေးချယ်ကြတာ။ (ယေ. ၅:၃၁) ကျမ်းစာကို စိတ်မဝင်စားဘူး။ ကျမ်းစာစံနှုန်းတွေအတိုင်း မလိုက်ချင်ဘူး။ ဘုရားပညတ်ကို တမင်တကာ ဂရုမစိုက်သူတွေလို ကျွန်တော်တို့ မဖြစ်ချင်ကြပါဘူး။—ပညာ. ၁:၃၂။၂၇:၁၂။ w22.10 ၁၉ ¶၅-၇

အင်္ဂါနေ့၊ ဩဂုတ် ၂၀

လူ့အာဏာပိုင်တွေကို လက်အောက်ခံကြပါ။—၁ ပေ. ၂:၁၃။

ကျွန်တော်တို့ရဲ့ ဘေးကင်းရေးအတွက် အဖွဲ့အစည်းက လမ်းညွှန်ချက်တွေ ပေးလာနိုင်တယ်။ အရေးပေါ် ဖြစ်လာတဲ့အခါ ကျွန်တော်တို့နဲ့ ဆက်သွယ်နိုင်အောင် လက်ရှိ ဆက်သွယ်ရမယ့် အချက်အလက်တွေ အကြီးအကဲတွေကို ပေးထားဖို့ အမြဲ သတိပေးခံရတယ်။ အိမ်ထဲမှာပဲ နေဖို့၊ ပြောင်းရွှေ့ဖို့၊ ကယ်ဆယ်ရေး အထောက်အပံ့တွေ ဘယ်လို ရယူဖို့၊ တခြားသူတွေကို ဘယ်အချိန်မှာ ဘယ်လို ကူညီဖို့ ဆိုတာနဲ့ပတ်သက်တဲ့ လမ်းညွှန်ချက်တွေလည်း ရနိုင်တယ်။ အဲဒါတွေကို မနာခံဘူးဆိုရင် ကျွန်တော်တို့ ကိုယ်တိုင်နဲ့ ကျွန်တော်တို့ကို ဂရုစိုက်စောင့်ရှောက်ပေးနေတဲ့ အကြီးအကဲတွေ အသက် အန္တရာယ် ရှိနိုင်တယ်။ (ဟီ. ၁၃:၁၇) သဘာဝဘေး၊ စစ်ဘေး၊ ပြည်တွင်း မငြိမ်သက်မှုကြောင့် ပြောင်းရွှေ့ရတဲ့ ညီအစ်ကို/မများစွာဟာ အခြေအနေအသစ်မှာ နေသားကျဖို့၊ ဘုရားရေးရာ လုပ်ဆောင်မှုတွေမှာ ချက်ချင်း ပါဝင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားကြတယ်။ နှိပ်စက်ညှဉ်းပန်းမှုကြောင့် ကွဲလွင့်သွားတဲ့ အစောပိုင်း ခရစ်ယာန်တွေလိုပဲ ‘တရားစကားတော်မှာ ပါတဲ့ သတင်းကောင်းကို ဆက်ဟောပြော’ ကြတယ်။ (တ. ၈:၄) ဟောပြောခြင်းက လက်ရှိဒုက္ခတွေထက် ဘုရားနိုင်ငံတော်ကို အာရုံစိုက်ဖို့ ကူညီပေးတယ်။ ရလဒ်အနေနဲ့ ပျော်ရွှင်မှု၊ ငြိမ်သက်မှု ဆက်ထိန်းထားနိုင်ကြတယ်။ w22.12 ၁၉-၂၀ ¶၁၂-၁၃

ဗုဒ္ဓဟူးနေ့၊ ဩဂုတ် ၂၁

ငါ့ဘက်မှာ ယေဟောဝါ ရှိတဲ့အတွက် ဘာကိုမှ မကြောက်ဘူး။—ဆာ. ၁၁၈:၆။

တစ်ယောက်ချင်းစီကို ယေဟောဝါ တန်ဖိုးထားတယ်။ ဟောပြောဖို့ တမန်တော်တွေကို မစေလွှတ်ခင် ဆန့်ကျင်သူတွေကို မကြောက်ဖို့ ယေရှု ပြင်ဆင်ပေးတယ်။ (မ. ၁၀:၂၉-၃၁) အစ္စရေးဒေသမှာ အတွေ့အများဆုံး စာငှက်အကြောင်း ပြောပြတယ်။ စာငှက်တွေဟာ တန်ဖိုး သိပ်မရှိဘူး။ ဒါပေမဲ့ ‘အဖဘုရား မသိဘဲနဲ့ အဲဒီစာငှက် တစ်ကောင်မှ မြေပေါ် မကျဘူး။ ခင်ဗျားတို့ဟာ စာငှက်လေးတွေထက် ပိုတန်ဖိုးရှိပါတယ်’ လို့ ယေရှု ပြောတယ်။ တစ်ယောက်ချင်းစီကို ယေဟောဝါ တန်ဖိုးထားတာမို့ နှိပ်စက်ညှဉ်းပန်းမှုကို ကြောက်ဖို့ မလိုကြောင်း တပည့်တွေကို ယုံကြည်စိတ်ချစေတယ်။ ဒါကြောင့် မြို့တွေ၊ ရွာတွေမှာ ဟောပြောရင်း စာငှက်တွေ မြင်တိုင်း ယေရှုရဲ့စကားကို တပည့်တွေ အမှတ်ရကြမှာပဲ။ သင်လည်း ငှက်ကလေးတွေ မြင်တိုင်း “စာငှက်လေးတွေထက် ပိုတန်ဖိုးရှိ” တဲ့ သင့်ကို ယေဟောဝါ တန်ဖိုးထားကြောင်း သတိရပါ။ ဆန့်ကျင်မှုတွေကို ဘုရားအကူအညီနဲ့ မကြောက်မရွံ့ ရင်ဆိုင်နိုင်ပါတယ်။ w23.03 ၁၈ ¶၁၂

ကြာသပတေးနေ့၊ ဩဂုတ် ၂၂

ခင်ဗျားတို့ကြောင့် ဖာရောနဲ့ မင်းမှုထမ်းတွေက ကျွန်တော်တို့ကို ကြည့်မရတော့ဘူး။ . . . ကျွန်တော်တို့ကို သတ်ဖို့ သူတို့လက်ထဲ ဓားထည့်ပေးလိုက်သလို ဖြစ်နေပြီ။—ထွ. ၅:၂၁။

မိသားစု ဆန့်ကျင်မှု၊ အလုပ်လက်မဲ့ ဖြစ်တာ စတဲ့ ပြဿနာတွေ ကျွန်တော်တို့ တစ်ခါတလေ ရင်ဆိုင်ကြရတယ်။ အခက်အခဲတွေကို ရေရှည် ရင်ဆိုင်ရတဲ့အခါ မျှော်လင့်ချက်မဲ့ပြီး စိတ်ဓာတ်ကျလာနိုင်တယ်။ ဒါကို စာတန် အခွင့်ကောင်းယူပြီး ကျွန်တော်တို့ကို ဘုရား မချစ်ဘူးလို့ သံသယ ဝင်စေချင်တယ်။ ဘုရားကြောင့်၊ အဖွဲ့အစည်းကြောင့် ဒုက္ခရောက်ရတာလို့ တွေးစေချင်တယ်။ အီဂျစ်ပြည်က အစ္စရေးတချို့ အလားတူ အခြေအနေ ရင်ဆိုင်ခဲ့ရတယ်။ ကျွန်ဘဝကနေ လွတ်မြောက်စေဖို့ မောရှေနဲ့ အာရုန်ကို ဘုရား ခန့်အပ်တာလို့ အစမှာတော့ ယုံကြည်ခဲ့ကြတယ်။ (ထွ. ၄:၂၉-၃၁) ဒါပေမဲ့ နောက်ပိုင်း ဖာရောကြောင့် ဘဝက ပိုခက်ခဲလာတဲ့အခါ မောရှေနဲ့ အာရုန်ကို အပြစ်တင်ကြတယ်။ (ထွ. ၅:၁၉၊ ၂၀) ဝမ်းနည်းစရာပါပဲ။ သင်လည်း အခက်အခဲတွေကို ရေရှည် ရင်ဆိုင်နေရရင် ယေဟောဝါဆီ ရင်ဖွင့် ဆုတောင်းပါ။ ဘုရား အကူအညီကို ရှာပါ။ w22.11 ၁၅ ¶၅-၆

သောကြာနေ့၊ ဩဂုတ် ၂၃

ကျွန်တော် မှန်တာကို ပြောမယ်၊ အမှန်အတိုင်း ပြောမယ်။ အချိန်ရောက်တော့မယ်။ သေလွန်သူတွေ ဘုရားသခင့်သားတော်ရဲ့ စကားသံကို ကြားရမယ့်အချိန် အခုပဲ ရောက်နေပြီ။ အဲဒီစကားသံကို အာရုံစိုက်သူတွေ အသက်ရှင်ရလိမ့်မယ်။—ယော. ၅:၂၅။

ယေဟောဝါဟာ အသက်ပေးရှင် ဖြစ်ပြီး သေလွန်သူတွေကို အသက်ပြန်ပေးနိုင်စွမ်း ရှိတယ်။ ဇရတ္တမြို့က မုဆိုးမရဲ့ သားကို ထမြောက်ပေးဖို့ ပရောဖက် ဧလိယကို တန်ခိုးပေးတယ်။ (၁ ဘု. ၁၇:၂၁-၂၃) နောက်ပိုင်း၊ ပရောဖက် ဧလိရှဲက ရှုနင်မြို့သူရဲ့ သားကို ဘုရားအကူအညီနဲ့ ထမြောက်ပေးတယ်။ (၂ ဘု. ၄:၁၈-၂၀၊ ၃၄-၃၇) အဲဒီမှတ်တမ်းတွေနဲ့ တခြား ထမြောက်ခြင်း မှတ်တမ်းတွေက ယေဟောဝါမှာ ထမြောက်ပေးနိုင်တဲ့ တန်ခိုး ရှိကြောင်း သက်သေထူတယ်။ ယေရှု မြေကြီးပေါ် ရှိတုန်း မိမိကို အဲဒီတန်ခိုး အဖဘုရား ပေးထားကြောင်း သက်သေပြခဲ့တယ်။ (ယော. ၁၁:၂၃-၂၅၊ ၄၃၊ ၄၄) အခု၊ ယေရှု ကောင်းကင်မှာ။ “ကောင်းကင်မှာရော မြေကြီးမှာပါ အခွင့်အာဏာရှိသမျှ” အပ်နှင်းခံထားရတယ်။ ဒါကြောင့် “သင်္ချိုင်းဂူတွေမှာ ရှိနေသူအားလုံး” ကို ထာဝရအသက် အလားအလာနဲ့ ထမြောက်ပေးမယ်ဆိုတဲ့ ကတိ ပြည့်စုံစေနိုင်တဲ့ အနေအထားမှာ ရှိနေတယ်။—မ. ၂၈:၁၈။ ယော. ၅:၂၆-၂၉။ w22.12 ၅ ¶၁၀

စနေနေ့၊ ဩဂုတ် ၂၄

အစ္စရေးအမျိုးကတော့ ငါ့စကားကို နားမထောင်တဲ့အတွက် မင်းပြောတာကိုလည်း နားထောင်မှာ မဟုတ်ဘူး။—ယေဇ. ၃:၇။

ယေဇကျေလကို ငြင်းပယ်တာဟာ ယေဟောဝါကို ငြင်းပယ်တာပဲ။ လူတွေ ငြင်းပယ်တာနဲ့ပဲ ပရောဖက်တာဝန် မအောင်မြင်တာ မဟုတ်မှန်း ဒီနေ့ကျမ်းချက်ပါ စကားကြောင့် ယေဇကျေလ စိတ်ချသွားတယ်။ ယေဇကျေလ ကြေညာတဲ့ တရားစီရင်ချက် သတင်းအတိုင်း တကယ် ဖြစ်လာတဲ့အခါ “သူတို့အလယ်မှာ ပရောဖက်ရှိမှန်း သိရကြလိမ့်မယ်” လို့လည်း ယေဟောဝါ အာမခံတယ်။ (ယေဇ. ၂:၅။ ၃၃:၃၃) အမှုဆောင်လုပ်ငန်း ပြီးမြောက်အောင် လုပ်ဆောင်ဖို့ ယေဇကျေလ ခွန်အား ရှိသွားမှာ သေချာတယ်။ ကျွန်တော်တို့ကိုလည်း ယေဟောဝါ စေလွှတ်တယ်ဆိုတဲ့ အချက်ကနေ အားယူနိုင်တယ်။ ကျွန်တော်တို့ကို မိမိရဲ့ “သက်သေတွေ” လို့ ခေါ်ပြီး ဘုရား ဂုဏ်တင်တယ်။ (ဟေရှာ. ၄၃:၁၀) တကယ့် အခွင့်ထူးကြီးပါပဲ။ “သူတို့ကို မကြောက်နဲ့” လို့ ယေဇကျေလကို ယေဟောဝါ အားပေးသလို ကျွန်တော်တို့ကိုလည်း “မကြောက်ပါနဲ့” လို့ အားပေးနေတယ်။ (ယေဇ. ၂:၆) ဆန့်ကျင်သူတွေကို ဘာကြောင့် မကြောက်သင့်သလဲ။ ယေဇကျေလလိုပဲ ကျွန်တော်တို့ကို ယေဟောဝါ စေလွှတ်လို့၊ ဘုရားထောက်မမှု ရထားကြလို့ပါပဲ။—ဟေရှာ. ၄၄:၈။ w22.11 ၃-၄ ¶၄-၅

တနင်္ဂနွေနေ့၊ ဩဂုတ် ၂၅

ယုံကြည်စိတ်ချထိုက်သူကတော့ လျှို့ဝှက်ထားတတ်တယ်။—ပညာ. ၁၁:၁၃။

ယုံကြည်စိတ်ချရတဲ့ အကြီးအကဲ၊ အမှုထမ်းတွေကို ကျွန်တော်တို့ သိပ်ကျေးဇူးတင်လေးမြတ်ကြတယ်။ သစ္စာရှိ ညီအစ်ကိုတွေ ကောင်းကောင်း ဂရုစိုက်ပေးကြလို့ ယေဟောဝါကို ကျေးဇူးတင်စရာပါပဲ။ ဘယ်လိုနည်းတွေနဲ့ ကိုယ်တိုင် ယုံကြည်စိတ်ချထိုက်သူ ဖြစ်နိုင်သလဲ။ ညီအစ်ကို/မတွေကို ချစ်လို့ သူတို့အရေး ကျွန်တော်တို့ စိတ်ဝင်စားပေမဲ့ မျှတမှု ရှိရမယ်။ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာကို လေးစားရမယ်။ ပထမရာစု ခရစ်ယာန် အသင်းတော်မှာ တချို့က “အတင်းအဖျင်း ပြောတဲ့သူတွေ၊ သူတစ်ပါးကိစ္စမှာ ဝင်စွက်ပြီး မပြောသင့်တာကို ပြောတဲ့သူတွေ” ဖြစ်နေကြတယ်။ (၁ တိ. ၅:၁၃) သူတို့လို ကျွန်တော်တို့ မဖြစ်ချင်ကြပါဘူး။ တခြားသူတွေကို ပြန်ပြောမှာ မဟုတ်မှန်း ယုံကြည်ပြီး တစ်ယောက်ယောက်က ကျွန်တော်တို့ကို အတွင်းရေး ပြောပြတယ် ဆိုပါစို့။ ဥပမာ၊ ညီအစ်မတစ်ယောက်က သူ ဖြစ်နေတဲ့ ရောဂါအကြောင်း၊ တခြား အခက်အခဲအကြောင်း ပြောပြီး ဘယ်သူ့ကိုမှ ပြန်မပြောပါနဲ့လို့ မှာတယ်ဆိုရင် သူ့ဆန္ဒကို လေးစားသင့်တယ်။ w22.09 ၁၀ ¶၇-၈

တနင်္လာနေ့၊ ဩဂုတ် ၂၆

ခင်ဗျားတို့ရဲ့ စိတ်သဘောကို ပြုပြင်ပြောင်းလဲကြပါ။—ရော. ၁၂:၂။

ကောင်းတာလေးတွေ နည်းနည်းပါးပါး ဗန်းပြလုပ်ရုံနဲ့ မလုံလောက်ဘူး။ ကိုယ့်ရဲ့ အတွင်းလူကို သေသေချာချာ ဆန်းစစ်ရမယ်။ ယေဟောဝါရဲ့ စံနှုန်းနဲ့ အနီးစပ်ဆုံး ဖြစ်အောင် လိုအပ်သလို ပြုပြင်ပြောင်းလဲရမယ်။ တစ်ကြိမ်တစ်ခါတည်း မဟုတ်ဘဲ အမြဲ အဲဒီလို လုပ်နေဖို့ လိုတယ်။ ကျွန်တော်တို့ စုံလင်လာတဲ့အခါ လုပ်သမျှ ယေဟောဝါရှေ့မှာ အမြဲ နှစ်သက်စရာ ဖြစ်နေမယ်။ ဒီအတောအတွင်းမှာတော့ အဲဒီလို ဖြစ်ဖို့ မပြတ် ကြိုးစားနေရမယ်။ ဘုရားအလိုတော်ကို ကောင်းကောင်း သိဖို့ဆိုရင် စိတ်သဘောကို ပြုပြင်ပြောင်းလဲဖို့ လိုတယ်လို့ ရောမ ၁၂:၂ မှာ ပေါလု ပြောတာ သတိပြုပါ။ ကိုယ့်ရဲ့ ပန်းတိုင်နဲ့ ဆုံးဖြတ်ချက်တွေအပေါ် ဒီလောက ပုံသွင်းမှု မဟုတ်ဘဲ ဘုရားအတွေးအခေါ် ရဲ့ လွှမ်းမိုးမှု ဘယ်လောက် ခံနေသလဲဆိုတာ သိဖို့ အရင် ဆန်းစစ်ရမယ်။ w23.01 ၈-၉ ¶၃-၄

အင်္ဂါနေ့၊ ဩဂုတ် ၂၇

ထမ်းထားရတဲ့ ဝန်ကို ယေဟောဝါဆီ ပုံအပ်လိုက်ပါ။ ကိုယ်တော် ဖေးမလိမ့်မယ်။ ဖြောင့်မတ်သူကို ဘယ်တော့မှ လဲကျခွင့် ပြုမှာ မဟုတ်ဘူး။—ဆာ. ၅၅:၂၂။

ယောသပ် မှတ်တမ်းကနေ ဘာကောက်ချက် ချနိုင်သလဲ။ ကိုယ့်ဘဝမှာ ကြုံရတဲ့ မကောင်းတာ အားလုံးကို အကောင်းဘက် ပြောင်းလဲဖို့ အခြေအနေတိုင်းမှာ ယေဟောဝါ ကြားဝင်ပေးသလား။ မဝင်ပါဘူး။ (ဒေ. ၈:၉။ ၉:၁၁) ဒါပေမဲ့ အခက်အခဲတစ်ခု ကြုံရတဲ့အခါ ယေဟောဝါ သိကြောင်း၊ အကူအညီ တောင်းသံကို နားထောင်ပေးကြောင်းတော့ ကျွန်တော်တို့ သိတယ်။ (ဆာ. ၃၄:၁၅။ ဟေရှာ. ၅၉:၁) အဲဒီအပြင် အခက်အခဲတွေကို အောင်အောင်မြင်မြင် ခံရပ်နိုင်ဖို့ ယေဟောဝါ ကူညီပေးနိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ။ ယေဟောဝါ ကူညီပေးတဲ့ တစ်နည်းကတော့ အချိန်ကိုက် အားပေးနှစ်သိမ့်ခြင်းပါပဲ။ (၂ ကော. ၁:၃၊ ၄) ကိုယ်အလိုအပ်ဆုံး အချိန်မှာ ယေဟောဝါ အားပေးနှစ်သိမ့် ထောက်မပေးတာမျိုး ကြုံဖူးသလား။ အများအားဖြင့် အခက်အခဲ ကြုံပြီးသွားမှ ယေဟောဝါ ဘယ်လို ကူညီပေးတယ်ဆိုတာ သိလာလေ့ ရှိတယ်။ w23.01 ၁၇-၁၈ ¶၁၃-၁၅

ဗုဒ္ဓဟူးနေ့၊ ဩဂုတ် ၂၈

တစ်ချိန်က ရှိခဲ့ပေမဲ့ မရှိတော့တဲ့ သားရဲဟာ . . . ပျက်စီးရလိမ့်မယ်။—ဗျာ. ၁၇:၁၁။

ဒီသားရဲဟာ နီမြန်းတဲ့ အရောင် ရှိတာကလွဲလို့ ခေါင်းခုနစ်လုံး ရှိတဲ့ သားရဲနဲ့ တော်တော် တူတယ်။ သူ့ကို “သားရဲရဲ့ ရုပ်တု၊” “အဋ္ဌမဘုရင်” လို့ ခေါ်ထားတယ်။ (ဗျာ. ၁၃:၁၄၊ ၁၅။ ၁၇:၃၊ ၈) အဲဒီ “ဘုရင်” ဟာ တစ်ချိန်က ရှိခဲ့ပေမဲ့ ပျောက်သွားတယ်။ ပြီးနောက် ပြန်ပေါ်လာတယ်။ အဲဒီဖော်ပြချက်ဟာ ကမ္ဘာ့နိုင်ငံရေးလောကကို အကျိုးဆောင်ပေးတဲ့ ကမ္ဘာ့ကုလသမဂ္ဂနဲ့ ကိုက်ညီတယ်။ အစတုန်းက နိုင်ငံပေါင်းချုပ်အသင်းအနေနဲ့ ပေါ်လာတယ်။ ဒုတိယ ကမ္ဘာစစ်အတွင်း ပျောက်သွားတယ်။ နောက်ပိုင်း၊ အခု ရှိနေတဲ့ ကုလသမဂ္ဂအဖြစ် ပြန်ပေါ်လာတယ်။ အစိုးရတွေဟာ ယေဟောဝါနဲ့ ဘုရားလူမျိုးကို ဆန့်ကျင်ဖို့ ဝါဒဖြန့်ကြတယ်။ တစ်နည်းအားဖြင့် “လူနေထိုင်ရာ မြေတစ်ပြင်လုံးမှာ ရှိတဲ့ ဘုရင်တွေ” ကို “အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နေ့ကြီး” အာမဂေဒုန်မှာ စစ်တိုက်ဖို့ စုရုံးစေကြတယ်။—ဗျာ. ၁၆:၁၃၊ ၁၄၊ ၁၆။ w22.05 ၁၀ ¶၁၀-၁၁

ကြာသပတေးနေ့၊ ဩဂုတ် ၂၉

ခင်ဗျား ဘယ်လို ဖတ်ဖူးသလဲ။—လု. ၁၀:၂၆။

ယေရှု ကိုယ့်ဘာသာကိုယ် ကျမ်းစာ ဖတ်တယ်။ ကျမ်းစာကို နှံ့စပ်ရုံသာမက ချစ်မြတ်နိုးလာတယ်။ လက်တွေ့ကျင့်သုံးတယ်။ ဥပမာ၊ အသက် ၁၂ နှစ်တုန်းက ဗိမာန်တော်မှာ ဘာဖြစ်ခဲ့တယ်ဆိုတာ စဉ်းစားကြည့်ပါ။ မောရှေပညတ် ကျွမ်းကျင်တဲ့ ဆရာတွေက ယေရှု “အဖြေပေးပုံ၊ ဉာဏ်ထက်မြက်ပုံကို တအံ့တဩ ဖြစ်” ခဲ့ကြရတယ်။ (လု. ၂:၄၆၊ ၄၇၊ ၅၂) ကျွန်တော်တို့လည်း ကျမ်းစာ မှန်မှန် ဖတ်တဲ့အခါ ကျမ်းစာအကြောင်း သိလာတယ်။ ချစ်မြတ်နိုးလာတယ်။ ကျမ်းတတ်၊ ဖာရိရှဲ၊ ဇဒ္ဒုကဲတွေ အပါအဝင် ပညတ်တရား ကျွမ်းကျင်သူတွေကို ယေရှု ပြောတဲ့ စကားကနေ ကျွန်တော်တို့ သင်ယူနိုင်တယ်။ အဲဒီဘာသာရေး ခေါင်းဆောင်တွေက ကျမ်းစာကို မကြာမကြာ ဖတ်ပေမဲ့ အကျိုးမရကြဘူး။ ပိုအကျိုးရအောင် လုပ်နိုင်တဲ့ နည်းသုံးနည်းကို ယေရှု ပြောတယ်။ ယေရှုရဲ့ စကားတွေက (၁) ဖတ်တာကို နားလည်ဖို့၊ (၂) ဘုရားရေးရာ ရတနာတွေ ရှာတွေ့ဖို့၊ (၃) ကျမ်းစာရဲ့ ပုံသွင်းမှု ခံယူဖို့ ကူညီပေးပါလိမ့်မယ်။ w23.02 ၈-၉ ¶၂-၃

သောကြာနေ့၊ ဩဂုတ် ၃၀

အမြော်အမြင် ရှိသူက အန္တရာယ်ကို ကြိုမြင်ပြီး ပုန်းနေတတ်တယ်။—ပညာ. ၂၂:၃။

ပရောပရည် လုပ်တာ၊ စားကြူးသောက်ကြူးတာ၊ ထိခိုက်နစ်နာစေတဲ့စကား ပြောတာ၊ အကြမ်းဖက် ဖျော်ဖြေမှု၊ ညစ်ညမ်းရုပ်ပုံ ကြည့်တာစတဲ့ အန္တရာယ်တွေကို ကျွန်တော်တို့ ရှောင်ရမယ်။ (ဆာ. ၁၀၁:၃) ယေဟောဝါနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေး ထိခိုက်အောင် လုပ်ဖို့ ရန်သူ မာရ်နတ် အမြဲ ချောင်းနေတယ်။ (၁ ပေ. ၅:၈) သတိမထားဘူးဆိုရင် မနာလိုမရှုဆိတ် ဖြစ်ခြင်း၊ မရိုးသားခြင်း၊ လောဘကြီးခြင်း၊ မုန်းတီးခြင်း၊ မောက်မာခြင်း၊ နာကြည်းခြင်း မျိုးစေ့တွေ ကျွန်တော်တို့ရဲ့ စိတ်ထဲ စာတန် ကြဲသွားနိုင်တယ်။ (ဂလ. ၅:၁၉-၂၁) ချက်ချင်း မထိန်းချုပ်ရင် အဆိပ်ပင်လို တဖြည်းဖြည်း ကြီးလာပြီး အန္တရာယ်ပေးလာမယ်။ (ယာ. ၁:၁၄၊ ၁၅) ကိုယ် အချိန်ပေး ပေါင်းသင်းသူတွေရဲ့ ဩဇာလွှမ်းမိုးမှု ခံရနိုင်တယ်ဆိုတာ သတိထားရမယ်။ (၁ ကော. ၁၅:၃၃) ကိုယ့်ကိုယ်ကိုယ် သတိထားမယ်ဆိုရင် ယေဟောဝါရဲ့ စံနှုန်းတွေအတိုင်း မနေထိုင်တဲ့ အပေါင်းအသင်းတွေနဲ့ မလိုအပ်ဘဲ ပေါင်းသင်းမှာ မဟုတ်ဘူး။ (လု. ၂၁:၃၄။ ၂ ကော. ၆:၁၅) အန္တရာယ်ကို ကြိုမြင်ပြီး ရှောင်မှာ ဖြစ်တယ်။ w23.02 ၁၆ ¶၇။ ၁၇ ¶၁၀-၁၁

စနေနေ့၊ ဩဂုတ် ၃၁

ဘုရားသခင်ကို ချစ်တယ်ဆိုတာ ပညတ်ချက်တွေ လိုက်နာတာကို ဆိုလိုတယ်။—၁ ယော. ၅:၃။

ယေဟောဝါဘုရားအကြောင်း သိလာတာနဲ့အမျှ ဘုရားကို သင် ပိုချစ်လာတယ်။ အခုကော ထာဝစဉ်ပါ ရင်းနှီးချင်လာတယ်။ ရင်းလည်း ရင်းနှီးနိုင်ပါတယ်။ စိတ်တော် ရွှင်လန်းစေဖို့ ဘုရား ကြင်ကြင်နာနာ တိုက်တွန်းထားတယ်။ (ပညာ. ၂၃:၁၅၊ ၁၆) သင့်အပြောအဆို၊ လုပ်ရပ်အားဖြင့် ဘုရားကို စိတ်ရွှင်လန်းစေနိုင်တယ်။ သင့်အသက်တာအားဖြင့် ဘုရားကို တကယ် ချစ်ကြောင်း ပြနိုင်တယ်။ ဒါ အကောင်းဆုံး ဘဝပန်းတိုင်ပဲ။ တစ်ဆူတည်းသော စစ်မှန်တဲ့ ယေဟောဝါကို ချစ်ကြောင်း ဘယ်လို ပြနိုင်သလဲ။ ဦးဆုံး၊ ဆုတောင်းပြီး ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်အပ်နှံပါ။ (ဆာ. ၄၀:၈) နှစ်ခြင်းခံခြင်းအားဖြင့် ဆက်ကပ်အပ်နှံမှုကို လူသိရှင်ကြား ဖော်ပြပါ။ နှစ်ခြင်းဟာ သင့်အတွက် ပျော်စရာ ဘဝမှတ်တိုင်၊ အလှည့်အပြောင်းတစ်ခု ဖြစ်လာမယ်။ ကိုယ့်အတွက် မဟုတ်ဘဲ ယေဟောဝါအတွက် စအသက်ရှင်ရတော့မယ်။ (ရော. ၁၄:၈။ ၁ ပေ. ၄:၁၊ ၂) တကယ့် ဆုံးဖြတ်ချက်ကြီးပါပဲ။ ဒါပေမဲ့ အကောင်းဆုံး အသက်တာ ရစေတယ်။ w23.03 ၅-၆ ¶၁၄-၁၅

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ