စက်တင်ဘာ
တနင်္ဂနွေနေ့၊ စက်တင်ဘာ ၁
ဘုရားသခင်ကို ဝတ်ပြုနေတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်နေပေမဲ့ နှုတ်ကို မစောင့်စည်းရင် ကိုယ့်ကိုယ်ကိုယ် လှည့်စားနေတာပဲ။ သူ့ရဲ့ ဝတ်ပြုမှုဟာ အချည်းနှီးပဲ။—ယာ. ၁:၂၆။
စကားပြောနိုင်စွမ်း လက်ဆောင်ကို ကောင်းကောင်း အသုံးပြုမယ်ဆိုရင် ယေဟောဝါကို ဝတ်ပြုသူတွေ ဖြစ်ကြောင်း ခွဲခြားသိစေတယ်။ “ဘုရားအမှုဆောင်သူနဲ့ ဘုရားအမှု မဆောင်သူရဲ့ ကွာခြားချက်ကို” ကိုယ့်ဝန်းကျင်က လူတွေ ကွဲကွဲပြားပြား သိအောင် ကူညီပေးနိုင်တယ်။ (မာလ. ၃:၁၈) အဲဒီအချက် မှန်ကန်ကြောင်း ညီအစ်မ ကင်ဘာလီရဲ့ အတွေ့အကြုံက ဖော်ပြတယ်။ ကျောင်းမှာ အတန်းဖော်တစ်ယောက်နဲ့ အိမ်စာ တွဲလုပ်ဖို့ တာဝန်ရတယ်။ တခြားကျောင်းသားတွေနဲ့ မတူကြောင်း အိမ်စာလုပ်ပြီးနောက် အတန်းဖော် သတိထားမိတယ်။ ကင်ဘာလီဟာ တခြားသူတွေအကြောင်း ကွယ်ရာမှာ အတင်းအဖျင်း မပြောဘူး။ အကောင်းပဲ ပြောတယ်။ ညစ်ညမ်းတဲ့ စကားတွေ မသုံးဘူး။ ဒါကြောင့် အတန်းဖော် အထင်ကြီးလေးစားသွားပြီး နောက်ဆုံးမှာ ကျမ်းစာလေ့လာဖို့ သဘောတူလိုက်တယ်။ လူတွေကို အမှန်တရားထဲ ဆွဲဆောင်နိုင်မယ့် နည်းနဲ့ ကျွန်တော်တို့ စကားပြောတဲ့အခါ ယေဟောဝါ သိပ်နှစ်သက်တယ်။ ကျွန်တော်တို့အားလုံး ယေဟောဝါကို ဂုဏ်တင်ဖို့ ကိုယ့်စကားပြောနိုင်စွမ်းကို သုံးချင်ကြတယ်။ w22.04 ၅-၆ ¶၅-၇
တနင်္လာနေ့၊ စက်တင်ဘာ ၂
အမျိုးသမီးတွေ . . . က ကိုယ့်ပစ္စည်းဥစ္စာတွေ သုံးပြီး . . . အလုပ်အကျွေးပြုဖို့ လိုက်ပါလာကြတယ်။—လု. ၈:၃။
နတ်ဆိုး ခုနစ်ကောင်ရဲ့ နှောင့်ယှက်မှုကနေ လွတ်ကင်းအောင် မာဂဒလ မာရိကို ယေရှု လုပ်ပေးခဲ့တယ်။ ကျေးဇူးတင်လွန်းလို့ ယေရှု နောက်လိုက် ဖြစ်လာတယ်။ အမှုဆောင်လုပ်ငန်းမှာ ယေရှုကို ထောက်မပေးတယ်။ (လု. ၈:၁-၃) နတ်ဆိုး နှင်ထုတ်ပေးလို့ မာရိ ကျေးဇူးတင်နေပေမဲ့ ဒီထက် ပိုကြီးမားတာကို ယေရှု လုပ်ပေးဦးမယ်ဆိုတာ မသိသေးဘူး။ “ယုံကြည်သက်ဝင်သူတိုင်း” ထာဝရအသက် ရနိုင်ဖို့ သူ့ရဲ့ အသက်ကို ပေးဦးမယ်။ (ယော. ၃:၁၆) ဒါတောင် ယေရှုကို သစ္စာစောင့်သိခြင်းအားဖြင့် ကျေးဇူးတင်ကြောင်း မာရိ ပြတယ်။ သစ်တိုင်မှာ ယေရှု ဝေဒနာ ခံစားနေတုန်း ယေရှုဘေးမှာ ရပ်ပေးတယ်။ ယေရှုနဲ့ တခြားသူတွေကို အားပေးနှစ်သိမ့်တယ်။ (ယော. ၁၉:၂၅) ယေရှု သေဆုံးပြီးနောက် သင်္ချိုင်းဂူကို မာရိနဲ့ တခြားအမျိုးသမီးနှစ်ယောက် အမွှေးနံ့သာတွေ ယူလာတယ်။ (မာ. ၁၆:၁၊ ၂) ရှင်ပြန်ထမြောက်လာတဲ့ ယေရှုနဲ့ တွေ့ခွင့်၊ စကားပြောခွင့် မာရိ ရခဲ့တယ်။ တပည့်အများစုတောင် မရခဲ့တဲ့ အခွင့်ထူးပါပဲ။—ယော. ၂၀:၁၁-၁၈။ w23.01 ၂၇ ¶၄
အင်္ဂါနေ့၊ စက်တင်ဘာ ၃
အေးရင်လည်း အေးဖို့၊ ပူရင်လည်း ပူဖို့ ငါ အလိုရှိတယ်။—ဗျာ. ၃:၁၅။
အမှုတော်မှာ အရင်က လုပ်ခဲ့တာကိုပဲ ကျွန်တော်တို့ အားထားနေလို့ မရဘူး။ အရင်ကလောက် မလုပ်နိုင်တော့ရင်တောင် “သခင့်အလုပ်မှာ” ဆက်အလုပ်များနေဖို့၊ အဆုံးထိ နိုးကြားတက်ကြွနေဖို့ လိုတယ်။ (၁ ကော. ၁၅:၅၈။ မ. ၂၄:၁၃။ မာ. ၁၃:၃၃) စိတ်ထက်သန်စွာ စိတ်နှလုံး အကြွင်းမဲ့ ဝတ်ပြုရမယ်။ လောဒိကိ အသင်းတော်ရဲ့ ပြဿနာကို ယေရှု ပြောတယ်။ သူတို့ဟာ ဝတ်ပြုရေးမှာ “နွေးရုံသာ” ရှိနေတယ်။ ‘စိတ်မချမ်းမြေ့စရာ၊ သနားစရာ’ အခြေအနေပဲလို့ ယေရှု ပြောတယ်။ ယေဟောဝါအတွက်၊ ဝတ်ပြုရေးအတွက် ပြန်စိတ်ထက်သန်လာဖို့ လိုနေတယ်။ (ဗျာ. ၃:၁၆၊ ၁၇၊ ၁၉) ဘာသင်ခန်းစာ ရသလဲ။ ကျွန်တော်တို့ စိတ်ထက်သန်မှု ပျောက်ဆုံးနေတယ်ဆိုရင် ယေဟောဝါနဲ့ အဖွဲ့အစည်းအပေါ် ထားတဲ့ ကျေးဇူးတင်လေးမြတ်မှု တိုးများလာအောင် လုပ်ရမယ်။ (ဗျာ. ၃:၁၈) ဇိမ်ကျကျ နေနိုင်ဖို့ ကြိုးစားရင်း ဘုရားရေးရာ လုပ်ဆောင်မှုတွေကို ဒုတိယနေရာ ထားလိုက်တာမျိုး လုံးဝ အဖြစ်မခံပါနဲ့။ w22.05 ၂ ¶၇။ ၄ ¶၈
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာ ၄
ယေဟောဝါကို ကြောက်ရွံ့ရိုသေသူတွေ . . . နဲ့ပတ်သက်ပြီး ရှေ့တော်မှာ ရှိတဲ့ အောက်မေ့ရာစာစောင်ထဲ ရေးမှတ်ထားတယ်။—မာလ. ၃:၁၆။
အထူးစာစောင်တစ်ခု ယေဟောဝါ ရေးသားနေတာ နှစ်ထောင်ချီပြီ။ အဲဒီစာစောင်မှာ နာမည်တွေ ပါတယ်။ ဦးဆုံး သစ္စာရှိ သက်သေ အာဗေလရဲ့ နာမည်ကနေ စတယ်။ (လု. ၁၁:၅၀၊ ၅၁) နှစ်တွေတစ်လျှောက် အဲဒီစာစောင်မှာ နာမည်တွေ ယေဟောဝါ ထပ်ထပ် ဖြည့်နေတယ်။ အခုဆိုရင် နာမည်သန်းချီ ရှိနေပြီ။ ကျမ်းစာမှာ အဲဒီစာစောင်ကို “အောက်မေ့ရာစာစောင်၊” “အသက်စာစောင်၊” “အသက်စာလိပ်” လို့ ခေါ်ထားတယ်။ (မာလ. ၃:၁၆။ ဗျာ. ၃:၅။ ၁၇:၈) ယေဟောဝါကို ကြောက်ရွံ့ရိုသေစိတ်နဲ့ ဝတ်ပြုသူ၊ နာမတော်ကို တန်ဖိုးထားလေးမြတ်သူအားလုံးရဲ့ နာမည် ဒီအထူးစာစောင်မှာ ပါတယ်။ သူတို့ ထာဝရအသက် ရကြမယ်။ ကျွန်တော်တို့လည်း သားတော် ယေရှုခရစ်ရဲ့ ရွေးဖိုး ပူဇော်သက္ကာကို အခြေခံပြီး ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိဖို့ ကြိုးစားမယ်ဆိုရင် နာမည် ရေးမှတ်ခံရနိုင်တယ်။ (ယော. ၃:၁၆၊ ၃၆) ကောင်းကင် မျှော်လင့်ချက် ရှိသည်ဖြစ်စေ၊ မြေကြီး မျှော်လင့်ချက် ရှိသည်ဖြစ်စေ ကျွန်တော်တို့အားလုံး အဲဒီစာစောင်မှာ နာမည် ပါချင်ကြမှာ သေချာတယ်။ w22.09 ၁၄ ¶၁-၂
ကြာသပတေးနေ့၊ စက်တင်ဘာ ၅
သူတို့ကို လှည့်ဖြားတဲ့ မာရ်နတ် . . . ကန့်မီးအိုင်ထဲ ပစ်ချခံရတယ်။—ဗျာ. ၂၀:၁၀။
ဗျာဒိတ်ကျမ်းမှာ “မီးနီရောင် နဂါးကြီး” အကြောင်း ဖော်ပြတယ်။ (ဗျာ. ၁၂:၃) အဲဒီနဂါးဟာ ယေရှုနဲ့ ကောင်းကင်တမန်တွေကို တိုက်ခိုက်တယ်။ (ဗျာ. ၁၂:၇-၉) ဘုရားလူမျိုးကိုလည်း တိုက်ခိုက်တယ်။ လောကအစိုးရတွေကို အခွင့်အာဏာ ပေးအပ်တယ်။ (ဗျာ. ၁၂:၁၇။ ၁၃:၄) အဲဒီနဂါး ဘယ်သူလဲ။ “မာရ်နတ် စာတန်လို့ ခေါ်တဲ့ ရှေးမြွေဟောင်း” ပါပဲ။ (ဗျာ. ၁၂:၉။ ၂၀:၂) ယေဟောဝါရဲ့ ရန်သူအားလုံးကို ထိန်းချုပ်နေသူပဲ။ နဂါး ဘာဖြစ်သွားမလဲ။ စာတန်ကို အကျဉ်းထောင်နဲ့ တူတဲ့ တွင်းနက်ထဲ ကောင်းကင်တမန် ပစ်ချလိမ့်မယ်လို့ ဗျာဒိတ် ၂၀:၁-၃ မှာ ဖော်ပြတယ်။ တွင်းနက်ကြီးထဲ ချခံရတဲ့ “အနှစ် ၁,၀၀၀ မကုန်မချင်း လူမျိုးတွေကို နောက်တစ်ကြိမ် လှည့်ဖြားလို့ မရတော့ဘူး။” နောက်ဆုံး၊ စာတန်နဲ့ နတ်ဆိုးတွေ “ကန့်မီးအိုင်” ထဲ ပစ်ချခံရမယ်။ အပြီးအပိုင် ထာဝရ ဖျက်ဆီးခံရမှာကို ဆိုလိုတယ်။ စာတန်နဲ့ နတ်ဆိုးတွေ မရှိတော့မယ့် ကမ္ဘာကို မြင်ယောင်ကြည့်ပါ။ သိပ်ကောင်းတဲ့အချိန် ဖြစ်မှာပဲ။ w22.05 ၁၄ ¶၁၉-၂၀
သောကြာနေ့၊ စက်တင်ဘာ ၆
ကောင်းတဲ့အလုပ်ကို ကိုယ်တိုင် ကြိုးစားလုပ်ဆောင်ပါ။ ဒါမှ လိုအပ်သူကို ပေးကမ်းနိုင်မယ်။—ဧ. ၄:၂၈။
ယေရှုဟာ အလုပ်ကြိုးစားသူ ဖြစ်တယ်။ မြေကြီးအသက်တာ အစောပိုင်းတုန်းက လက်သမား လုပ်ခဲ့တယ်။ (မာ. ၆:၃) မိသားစုကြီးရဲ့ လိုအပ်ရာတွေကို ဖြည့်ဆည်းပေးရာမှာ ယေရှု ဝိုင်းကူညီလို့ မိဘတွေ ကျေးဇူးတင်ကြမှာပဲ။ စုံလင်သူ ဖြစ်လို့ လက်ရာကောင်းတဲ့ ယေရှုဆီမှာ လူတွေ တော်တော် အလုပ်လာအပ်ကြမှာပဲ။ ဒီအလုပ်ကို ယေရှု ကြိုက်ပုံရတယ်။ ဒါပေမဲ့ ဝီရိယရှိရှိ အလုပ်လုပ်ရင်း ဝတ်ပြုရေးအတွက်လည်း အချိန်ဖယ်ထားတယ်။ (ယော. ၇:၁၅) နောက်ပိုင်း၊ အချိန်ပြည့် ဟောပြောသူ ဖြစ်လာပြီးနောက် “ပျက်စီးတတ်တဲ့အစာကို မဟုတ်ဘဲ ထာဝရအသက် ရစေတဲ့ အစာကို ရဖို့ ကြိုးစားကြပါ” လို့ ပြောတယ်။ (ယော. ၆:၂၇) တောင်ပေါ် တရားတော်မှာလည်း “ကောင်းကင်ဘဏ္ဍာကိုပဲ စုဆောင်းကြပါ” လို့ ပြောတယ်။ (မ. ၆:၂၀) အလုပ်မှာ မျှတတဲ့ အမြင် ရှိဖို့ ဘုရားပေး ဉာဏ်ပညာက ကျွန်တော်တို့ကို ကူညီပေးတယ်။ “ကောင်းတဲ့အလုပ်ကို . . . ကြိုးစားလုပ်ဆောင်” ဖို့ ခရစ်ယာန်တွေ အားပေးခံရတယ်။ w22.05 ၂၂ ¶၉-၁၀
စနေနေ့၊ စက်တင်ဘာ ၇
မွေးမိခင်လည်း ပျော်ရွှင်ရလိမ့်မယ်။—ပညာ. ၂၃:၂၅။
ဥနိတ်ဟာ တိမောသေအတွက် ပုံသက်သေကောင်း ချမှတ်ခဲ့တယ်။ မိခင်ရဲ့ လုပ်ရပ်တွေဟာ ယေဟောဝါကို ချစ်တဲ့ မေတ္တာကြောင့် ဖြစ်တယ်၊ ယေဟောဝါကို ဝတ်ပြုလို့ မိခင် ဘယ်လောက် ပျော်ရွှင်တယ်ဆိုတာ တိမောသေ မြင်မှာပဲ။ ဒီနေ့လည်း မိခင်များစွာဟာ “တစ်ခွန်းမှ ဟောစရာ မလိုဘဲ” မိသားစုဝင်တွေ ယေဟောဝါကို ဝတ်ပြုလာအောင် ကူညီပေးနေကြတယ်။ (၁ ပေ. ၃:၁၊ ၂) သင်လည်း ကူညီပေးနိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။ ယေဟောဝါနဲ့ ဆက်ဆံရေးကို အဓိကထားပါ။ (တရား. ၆:၅၊ ၆) မိခင်အများစုလိုပဲ သင်လည်း တော်တော် စွန့်လွှတ်အနစ်နာခံနေတယ်။ အချိန်ကုန်ခံ၊ ငွေကုန်ခံ၊ အိပ်ရေးပျက်ခံပြီး မိသားစုရဲ့ ရုပ်ပိုင်း လိုအပ်ရာတွေကို ဖြည့်ဆည်းပေးနေတယ်။ ဒါပေမဲ့ ယေဟောဝါနဲ့ ဆက်ဆံရေး ထိခိုက်လောက်တဲ့အထိ အလုပ်များလွန်းတာမျိုး မဖြစ်သင့်ဘူး။ ကိုယ်ပိုင်ဆုတောင်းဖို့၊ ကျမ်းစာ လေ့လာဖို့၊ အသင်းတော် အစည်းအဝေးတွေ တက်ဖို့ ပုံမှန် အချိန်ဖယ်ထားပါ။ ဒါဆိုရင် ယေဟောဝါနဲ့ ဆက်ဆံရေး ပိုခိုင်မာလာမယ်။ မိသားစုအတွက်ရော၊ တခြားသူတွေအတွက်ပါ ပုံသက်သေကောင်း ဖြစ်နိုင်မယ်။ w22.04 ၁၆ ¶၁။ ၁၉ ¶၁၂-၁၃
တနင်္ဂနွေနေ့၊ စက်တင်ဘာ ၈
ဆိုးညစ်သူကို အပြစ်ရှိတယ်လို့ သတ်မှတ်ပြီး သူ လုပ်ခဲ့တဲ့အတိုင်း ဒဏ်ပေးလှည့်ပါ။ ဖြောင့်မတ်သူကိုတော့ အပြစ်မဲ့တယ်လို့ သတ်မှတ်ပြီး . . . ဆုချလှည့်ပါ။—၁ ဘု. ၈:၃၂။
လူတစ်ယောက်စီကို ဘယ်လို စီရင်ရမယ်ဆိုတာ ဆုံးဖြတ်ဖို့ ကျွန်တော်တို့ တာဝန် မရထားလို့ ကျေးဇူးတင်စရာပါပဲ။ ဒီအရေးကြီး ကိစ္စကို အကြီးမြတ်ဆုံး တရားသူကြီး ယေဟောဝါကိုယ်တိုင် ကိုင်တွယ်ပါလိမ့်မယ်။ (ရော. ၁၄:၁၀-၁၂) ပြီးပြည့်စုံလင်တဲ့ အမှားအမှန် စံနှုန်းနဲ့အညီ ဘုရား အမြဲ တရားစီရင်မယ်ဆိုတာ ကျွန်တော်တို့ အပြည့်အဝ ယုံကြည်စိတ်ချနိုင်တယ်။ (က. ၁၈:၂၅) မဖြောင့်မတ်တာကို ဘုရား ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။ လူ့မစုံလင်မှုနဲ့ အပြစ်ရဲ့ ဆိုးကျိုးအားလုံးကို ယေဟောဝါ အပြီးအပိုင် ဖယ်ရှားပေးမယ့်အချိန်ကို ကျွန်တော်တို့ စောင့်မျှော်နေကြတယ်။ အဲဒီအချိန်ကျရင် ရုပ်ပိုင်း၊ စိတ်ပိုင်း ဒဏ်ရာ မှန်သမျှကို ဘုရား အပြီးအပိုင် ကုစားပေးပါလိမ့်မယ်။ (ဆာ. ၇၂:၁၂-၁၄။ ဗျာ. ၂၁:၃၊ ၄) အဲဒါတွေ စိတ်ထဲ ဘယ်တော့မှ ပြန်ပေါ်လာတော့မှာ မဟုတ်ဘူး။ သိပ်ကောင်းတဲ့ အဲဒီအချိန်ကို စောင့်ဆိုင်းနေတုန်းမှာတော့ အချင်းချင်း ခွင့်လွှတ်ခြင်းအားဖြင့် မိမိကို တုပနိုင်ဖို့ ယေဟောဝါ အစွမ်းခွန်အား ပေးနေလို့ ကျေးဇူးတင်စရာပါပဲ။ w22.06 ၁၃ ¶၁၈-၁၉
တနင်္လာနေ့၊ စက်တင်ဘာ ၉
မြေတစ်ပြင်လုံးရဲ့တရားသူကြီးက မှန်ကန်တာကိုပဲ လုပ်မှာပါ။—က. ၁၈:၂၅။
တရားသူကြီးကောင်းတစ်ယောက်ဟာ ဥပဒေ ကျွမ်းကျင်ဖို့ လိုတယ်။ ဘယ်ဟာ မှားတယ်၊ မှန်တယ်ဆိုတာ သိဖို့ လိုတယ်။ တရားသူကြီးကောင်းမှာ ဘာလိုအပ်သေးသလဲ။ စီရင်ချက် မချခင် အမှုတစ်ခုမှာ ပါဝင်ပတ်သက်နေတဲ့ အချက်အလက်အားလုံးကို သိထားဖို့ လိုတယ်။ ဒါကြောင့် အချက်အလက်အားလုံးကို သိတဲ့ ယေဟောဝါဟာ အရည်အချင်း အပြည့်မီဆုံး တရားသူကြီးပါပဲ။ လူသား တရားသူကြီးတွေနဲ့ မတူဘဲ ယေဟောဝါဟာ ဘယ်ကိစ္စမဆို အချက်အလက်အားလုံးကို အမြဲ သိတယ်။ (က. ၁၈:၂၀၊ ၂၁။ ဆာ. ၉၀:၈) လူတွေလို ကြားတာ၊ မြင်တာလောက်နဲ့ပဲ ဆုံးဖြတ်တာ မဟုတ်ဘူး။ လူတစ်ယောက်ရဲ့ မျိုးရိုးဗီဇ၊ ကြီးပြင်းလာပုံ နောက်ခံ၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်း၊ စိတ်ပိုင်း အခြေအနေတွေက သူ့လုပ်ရပ်အပေါ် ဘယ်လို ဩဇာသက်ရောက်ကြောင်း ကောင်းကောင်း နားလည်တယ်။ စိတ်နှလုံးထဲ ဘာရှိတယ်ဆိုတာလည်း သိတယ်။ လူတစ်ယောက်စီရဲ့ စိတ်ရင်း၊ ရည်ရွယ်ချက်၊ အလိုဆန္ဒတွေကို ကောင်းကောင်း သိတယ်။ ဘုရား မသိအောင် ဘာမှ ဖုံးကွယ်ထားလို့ မရဘူး။ (ဟီ. ၄:၁၃) ဒါကြောင့် လူတစ်ယောက်ကို ယေဟောဝါ ခွင့်လွှတ်တယ်ဆိုတာ သူ့အခြေအနေကို ကောင်းကောင်း နားလည်လို့ ဖြစ်တယ်။ w22.06 ၄ ¶၈-၉
အင်္ဂါနေ့၊ စက်တင်ဘာ ၁၀
လူဟာ အသက်ဆက်ရှင်ဖို့ ကိုယ်ပိုင်ဆိုင်သမျှကို ပေးမှာပဲ။—ယောဘ ၂:၄။
ယောဘကိစ္စမှာ စာတန် သုံးတဲ့ နည်းပရိယာယ်တွေကို ကျွန်တော်တို့ သတိထားရမယ်။ ဒီနေ့လည်း အလားတူ ပရိယာယ်တွေ စာတန် သုံးနေလို့ပဲ။ ယေဟောဝါဘုရားကို ကျွန်တော်တို့ တကယ် မချစ်ဘူး၊ ကိုယ့်အသက်နဲ့ ယှဉ်လာရင် ဘုရားကို စွ့န်ခွာမှာပဲလို့ စာတန် ပြောတယ်။ ကျွန်တော်တို့ကို ဘုရား မချစ်ဘူး၊ မျက်နှာသာ ရဖို့ ကျွန်တော်တို့ ကြိုးစားအားထုတ်တာတွေကို အရေးမစိုက်ဘူးလို့လည်း ပြောသေးတယ်။ ယေဟောဝါကို မျှော်လင့်သူတွေကတော့ စာတန့်ပရိယာယ်တွေကို သိထားလို့ လှည့်စားမခံကြရဘူး။ အခက်အခဲတွေကို ကိုယ့်အကြောင်းကိုယ် သိနိုင်မယ့် အခွင့်အရေးအဖြစ် ကျွန်တော်တို့ ရှုမြင်သင့်တယ်။ ကြုံရတဲ့ အခက်အခဲတွေကြောင့် ယောဘ ကိုယ့်အားနည်းချက်တွေ သိပြီး ပြုပြင်နိုင်ခဲ့တယ်။ ဥပမာ၊ ဒီ့ထက် ပိုနှိမ့်ချရမယ်ဆိုတာ သိလာတယ်။ (ယောဘ ၄၂:၃) ကျွန်တော်တို့လည်း အခက်အခဲ ကြုံရတဲ့အခါ ကိုယ့်အကြောင်း ပိုသိလာနိုင်တယ်။ ကိုယ့်အားနည်းချက် သိမှ ပြုပြင်စရာရှိတာ ဆက်ပြုပြင်နိုင်မယ်။ w22.06 ၂၃ ¶၁၃-၁၄
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာ ၁၁
ယေဟောဝါ ပြောတယ်– “မင်းတို့ဟာ ငါ့ရဲ့သက်သေတွေပဲ။ . . . ငါရွေးချယ်ထားတဲ့ ကျွန်ပဲ။”—ဟေရှာ. ၄၃:၁၀။
ကျွန်တော်တို့ကို ထောက်မပေးမယ်လို့ ယေဟောဝါ အာမခံတယ်။ ဥပမာ၊ “မင်းတို့ဟာ ငါ့ရဲ့သက်သေတွေပဲ” လို့ မပြောခင် “မင်း ရေထဲ ဖြတ်လျှောက်တဲ့အခါ မင်းနဲ့အတူ ငါ ရှိမယ်။ မြစ်ကို ဖြတ်ကူးတဲ့အခါ မင်းကို ရေလွှမ်းမှာ မဟုတ်ဘူး။ မီးထဲ ဖြတ်လျှောက်တဲ့အခါ မင်းကို မီးလောင်မှာ မဟုတ်ဘူး။ မီးဟပ်မှာ မဟုတ်ဘူး” လို့ ပြောတယ်။ (ဟေရှာ. ၄၃:၂) အမှုဆောင်လုပ်ငန်း လုပ်ဆောင်တဲ့အခါ တစ်ခါတလေ မြစ်လို၊ မီးလို ဆန့်ကျင်မှုတွေ ကျွန်တော်တို့ ကြုံရနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ အကူအညီနဲ့ ဆက်ဟောပြောနေကြတယ်။ (ဟေရှာ. ၄၁:၁၃) ဒီနေ့ခေတ် လူများစွာ သတင်းတရားကို ငြင်းပယ်ကြတယ်။ ဒါပေမဲ့ သူတို့ ငြင်းပယ်တာနဲ့ပဲ ဘုရားရဲ့ သက်သေအဖြစ် ကျွန်တော်တို့ရဲ့ တာဝန် မအောင်မြင်ဘူးလို့ မဆိုလိုဘူး။ သစ္စာရှိရှိ ဆက်ဟောပြောနေသရွေ့ ယေဟောဝါရဲ့ နှစ်သက်မှု ရမယ်ဆိုတာ သိထားလို့ အားရှိကြတယ်။ “တစ်ယောက်စီက ကိုယ့်ရဲ့အားထုတ်မှုနဲ့အညီ အကျိုးခံစားရလိမ့်မယ်” လို့ တမန်တော် ပေါလု ပြောတယ်။—၁ ကော. ၃:၈။ ၄:၁၊ ၂။ w22.11 ၄ ¶၅-၆
ကြာသပတေးနေ့၊ စက်တင်ဘာ ၁၂
လောကမှာ ရှိတဲ့ လူတွေရှေ့မှာ အမူအကျင့်ကောင်းတွေ ဆက်ပြီး ပြကြပါ။—၁ ပေ. ၂:၁၂။
ဒီနေ့ ကျမ်းစာပရောဖက်ပြုချက်တွေ ပြည့်စုံနေတာ ကျွန်တော်တို့ မြင်နေရတယ်။ ‘ဘာသာစကား အမျိုးမျိုး ပြောတဲ့ လူမျိုးတွေထဲက လူတွေ’ ဟာ “စင်ကြယ်တဲ့ ဘာသာစကား” ဖြစ်တဲ့ ကျမ်းစာအမှန်တရားကို သင်ယူနေကြပြီ။ (ဇာ. ၈:၂၃။ ဇေ. ၃:၉) နိုင်ငံနဲ့ ဒေသ ၂၄၀ မှာ လူပေါင်း ၈,၀၀၀,၀၀၀ ကျော်ဟာ ယေဟောဝါရဲ့ အဖွဲ့အစည်းနဲ့ ပူးပေါင်းနေကြတယ်။ နှစ်တိုင်း လူပေါင်း ၁၀၀,၀၀၀ ကျော် နှစ်ခြင်းခံနေတယ်။ အရေအတွက်ထက် ပိုအရေးကြီးတာကတော့ အဲဒီတပည့်သစ်တွေ တင်ပြနေတဲ့ “စရိုက်သစ်၊” ခရစ်ယာန် အရည်အသွေးတွေပါ။ (ကော. ၃:၈-၁၀) အကျင့်ပျက်တာ၊ ကြမ်းတမ်းတာ၊ တစ်ဖက်သတ်အစွဲ၊ လူမျိုးရေးစိတ်တွေကို သူတို့ ဖျောက်ပစ်နိုင်ကြပြီ။ ‘စစ်အတတ်ပညာကို မသင်ကြတော့ဘူး’ ဆိုတဲ့ ဟေရှာယ ၂:၄ ပါ ပရောဖက်ပြုချက်လည်း ပြည့်စုံနေတယ်။ စရိုက်သစ်ကို ဝတ်ဆင်ဖို့ ကြိုးစားရင်း ဘုရားအဖွဲ့အစည်းထဲ နောက်ထပ် လူတွေ ဝင်လာအောင် ကျွန်တော်တို့ ကူညီပေးနေကြတယ်။ ခရစ်တော် ယေရှုရဲ့ ကြီးကြပ်မှုနောက် လိုက်နေတယ်ဆိုတာ သက်သေပြနေကြတယ်။ (ယော. ၁၃:၃၅) ဒါတွေဟာ မတော်တဆ ဖြစ်လာတာ မဟုတ်ဘူး။ ကျွန်တော်တို့ကို ယေရှု ကူညီထောက်မနေလို့ပါပဲ။ w22.07 ၉ ¶၇-၈
သောကြာနေ့၊ စက်တင်ဘာ ၁၃
ကျွန်တော့်ရဲ့ ဆုတောင်းချက်ဟာ ရှေ့တော်မှာ ပြင်ဆင်ထားတဲ့ နံ့သာပေါင်းလို ဖြစ်ပါစေ။—ဆာ. ၁၄၁:၂။
ယေဟောဝါဆီ ဆုတောင်းတဲ့အခါ ပေါ့ပျက်ပျက် မဖြစ်သင့်ဘူး။ အလွန် ရိုသေလေးမြတ်သင့်တယ်။ ဟေရှာယ၊ ယေဇကျေလ၊ ဒံယေလ၊ ယောဟန်တို့ရဲ့ စိတ်အာရုံတွေကို စဉ်းစားကြည့်ပါ။ သူတို့အားလုံး ယေဟောဝါကို မြင့်မြတ်တဲ့ ဘုရင်အဖြစ် ပုံဖော်ကြတယ်။ ဟေရှာယက ‘မြင့်မားလှတဲ့ ရာဇပလ္လင်ပေါ် ထိုင်နေတဲ့ ယေဟောဝါကို မြင်တယ်။’ (ဟေရှာ. ၆:၁-၃) ပတ်လည်မှာ “သက်တံနဲ့တူ” တဲ့ ရောင်ခြည် “ဖြာထွက်နေတဲ့” ကောင်းကင်ရထားပေါ် ယေဟောဝါ ထိုင်နေတာ ယေဇကျေလ မြင်တယ်။ (ယေဇ. ၁:၂၆-၂၈) ဝတ်ရုံဖြူ ဝတ်ဆင်ထားတဲ့ “အသက်အကြီးဆုံးအရှင်” ရဲ့ ရာဇပလ္လင်ကနေ မီးလျှံတွေ ထွက်နေတာ ဒံယေလ မြင်တယ်။ (ဒံ. ၇:၉၊ ၁၀) မြစိမ်းရောင် သက်တံ ဝန်းရံနေတဲ့ ရာဇပလ္လင်ပေါ် ယေဟောဝါ ထိုင်နေတာ ယောဟန် မြင်တယ်။ (ဗျာ. ၄:၂-၄) ယေဟောဝါရဲ့ ဘုန်းအသရေအကြောင်း တွေးတဲ့အခါ ဘုရားဆီ ဆုတောင်းချဉ်းကပ်ရတာ အခွင့်ထူး ဖြစ်ကြောင်း၊ ရိုသေလေးမြတ်မှု ရှိဖို့ ဘယ်လောက် အရေးကြီးကြောင်း စဉ်းစားမိစေတယ်။ w22.07 ၂၀ ¶၃
စနေနေ့၊ စက်တင်ဘာ ၁၄
လှည့်ဖြားသူတွေ [ကို သတိထားပါ]။—ဧ. ၄:၁၄။
လူငယ်တို့၊ သင်တို့ ဘုရားရေးရာဘက် ဆက်မတိုးတက်အောင် စာတန် တားဆီးလိမ့်မယ်။ တားဆီးတဲ့ တစ်နည်းကတော့ ကျမ်းစာသွန်သင်ချက်တချို့ကို သံသယ ဝင်စေခြင်းပဲ။ ဥပမာ၊ ဘုရားကို ရှုတ်ချတဲ့ ဆင့်ကဲအယူအကြောင်း သွန်သင်ခံလာရနိုင်တယ်။ ငယ်ငယ်တုန်းက အဲဒီအကြောင်း မတွေးဖူးသလောက်ပဲ။ အသက်ကြီးလာတော့ ကျောင်းမှာ ထိပ်တိုက် ကြုံလာရနိုင်တယ်။ ဆင့်ကဲအယူနဲ့ပတ်သက်ပြီး ဆရာတွေ ပြောတာ ယုတ္တိ ရှိသလိုလို၊ လက်တွေ့ကျသလိုလိုပဲ။ ဒါပေမဲ့ ဖန်ဆင်းရှင် ရှိတယ်ဆိုတဲ့ အထောက်အထားတွေကို သူတို့ တစ်ခါမှ သေသေချာချာ စဉ်းစားဖူးမှာ မဟုတ်ဘူး။ “အမှုကို ဦးဆုံး ထွက်ဆိုသူက မှန်တယ်လို့ ထင်ရပေမဲ့ တစ်ဖက်လူ ရောက်လာပြီး ပြန်လှန်စစ်မေးချိန်မှာတော့ အဖြစ်မှန် ပေါ်လာတတ်တယ်” လို့ ပညာအလိမ္မာ ၁၈:၁၇ မှာ ပြောတယ်။ ကျောင်းမှာ သင်ပေးတာကို မျက်စိမှိတ် လက်ခံလိုက်မယ့်အစား ကျမ်းစာ အမှန်တရားတွေ၊ အဖွဲ့အစည်းစာပေတွေကို အသေအချာ လေ့လာပါ။ w22.08 ၂ ¶၂။ ၄ ¶၈
တနင်္ဂနွေနေ့၊ စက်တင်ဘာ ၁၅
ဒီပညတ်ကျမ်းမှာ ပါတဲ့ အကြောင်းတွေကို . . . ဂရုတစိုက် လိုက်နာ . . . ရင် ဘဝလမ်းခရီး အောင်မြင်ပြီး ဉာဏ်ပညာရှိရှိ လုပ်ဆောင်နိုင်မယ်။—ယောရှု ၁:၈။
ကျမ်းစာ ဖတ်တဲ့အခါ အဓိပ္ပာယ်ကို ကျွန်တော်တို့ နားလည်ချင်ကြတယ်။ နားမလည်ရင် အကျိုး အပြည့်အဝ ရမှာ မဟုတ်ဘူး။ ဥပမာ၊ “ပညတ်ကျမ်း နှံ့စပ်သူတစ်ယောက်” နဲ့ ယေရှု ပြောတဲ့ စကားကို စဉ်းစားကြည့်ပါ။ (လု. ၁၀:၂၅-၂၉) ထာဝရအသက် ရဖို့ ဘာလုပ်ရမလဲလို့ အဲဒီလူ မေးတဲ့အခါ “ပညတ်ကျမ်းမှာ ဘာရေးထားသလဲ။ ခင်ဗျား ဘယ်လို ဖတ်ဖူးသလဲ” လို့ မေးပြီး ကျမ်းစာကနေ အဖြေရှာဖို့ ယေရှု ကူညီပေးတယ်။ ဘုရားနဲ့ လူလူချင်းကို ချစ်ရမယ်ဆိုတဲ့ ကျမ်းပိုဒ်တွေ ကိုးကားပြီး အဲဒီလူ အဖြေမှန် ပေးနိုင်တယ်။ (ဝတ်. ၁၉:၁၈။ တရား. ၆:၅) ဒါပေမဲ့ “ကျွန်တော် ချစ်ရမယ့် လူသားချင်းဟာ ဘယ်သူလဲ” လို့ သူ ဆက်မေးတာကို ကြည့်ရင် ဖတ်တာကို ကောင်းကောင်း နားမလည်ဘူးဆိုတာ ထင်ရှားတယ်။ နားမလည်တော့ ဘဝမှာ မှန်မှန်ကန်ကန် မကျင့်သုံးနိုင်ဘူး။ ကျမ်းစာကို နားလည်ဖို့ ယေဟောဝါရဲ့ အကူအညီ လိုတယ်။ ဒါကြောင့် အာရုံစိုက်ပြီး ဖတ်နိုင်အောင် ကူညီပေးဖို့ သန့်ရှင်းသော စွမ်းအားတော် တောင်းပါ။ w23.02 ၉ ¶၄-၅
တနင်္လာနေ့၊ စက်တင်ဘာ ၁၆
အမှန်တရားလမ်းစဉ်မှာ လျှောက်လှမ်းနေ . . . ပါ။—၃ ယော. ၄။
“အမှန်တရားထဲ ဘယ်လို ရောက်လာသလဲ။” ဒီမေးခွန်းကို အကြိမ်များစွာ ဖြေခဲ့ဖူးမှာပဲ။ ညီအစ်ကို/မ အချင်းချင်း စတွေ့ချိန်မှာ အဲဒီလို မေးလေ့ရှိတယ်။ ယေဟောဝါဘုရားကို ညီအစ်ကို/မတွေ ဘယ်လို သိကျွမ်းချစ်ခင်လာသလဲဆိုတာ ကျွန်တော်တို့ ကြားချင်တယ်။ အမှန်တရားက ကျွန်တော်တို့အတွက် ဘာအဓိပ္ပာယ် ရှိကြောင်း ပြောပြချင်ကြတယ်။ (ရော. ၁:၁၁) အဲဒီလို ပြောဆိုတာတွေက အမှန်တရား ဘယ်လောက် အဖိုးတန်သလဲဆိုတာ သတိရစေတယ်။ “အမှန်တရားလမ်းစဉ်မှာ လျှောက်လှမ်းနေ” မယ်၊ ယေဟောဝါရဲ့ ကောင်းချီး၊ မျက်နှာသာ ရစေမယ့် ဘဝလမ်းစဉ်အတိုင်း ဆက်နေထိုင်မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက်ကိုလည်း ပိုခိုင်မာစေတယ်။ အမှန်တရားကို ကျွန်တော်တို့ မြတ်နိုးရတဲ့ အကြောင်းရင်း များစွာ ရှိတယ်။ အရေးကြီးဆုံးကတော့ အမှန်တရားရဲ့ ပင်ရင်း ယေဟောဝါဘုရားကို ချစ်လို့ပါပဲ။ ယေဟောဝါဟာ ကောင်းကင်၊ မြေကြီးကို ဖန်ဆင်းတဲ့ တန်ခိုးရှင်လောက်သာ မဟုတ်ဘဲ ကျွန်တော်တို့ကို ဂရုစိုက်တဲ့ မေတ္တာရှင် ကောင်းကင်ဘုံစံ အဖ ဖြစ်ကြောင်း ကျမ်းစာ လေ့လာတဲ့အခါ ကျွန်တော်တို့ သိလာတယ်။—၁ ပေ. ၅:၇။ w22.08 ၁၄ ¶၁၊ ၃
အင်္ဂါနေ့၊ စက်တင်ဘာ ၁၇
နွမ်းပါးသူတွေကို မေ့မထားကြပါနဲ့။—ဂလ. ၂:၁၀။
“အကျင့်ကောင်းတွေ ကျင့်” ခြင်းအားဖြင့် မေတ္တာပြကြဖို့ ညီအစ်ကို/မတွေကို တမန်တော် ပေါလု အားပေးတယ်။ (ဟီ. ၁၀:၂၄) ညီအစ်ကို/မတွေကို အပြောနဲ့သာမက လက်တွေ့ကျကျ ပေါလု ကူညီပေးတယ်။ ဥပမာ၊ ယုဒပြည်မှာ အငတ်ဘေး ဆိုက်တော့ ယုံကြည်သူချင်းတွေဆီ ကယ်ဆယ်ရေး အထောက်အပံ့တွေ ပို့ပေးတယ်။ (တ. ၁၁:၂၇-၃၀) ဟောပြောသွန်သင်ခြင်းလုပ်ငန်းမှာ အလုပ်များပေမဲ့ နွမ်းပါးသူတွေကို ကူညီဖို့ အမြဲ နည်းလမ်းရှာတယ်။ ယေဟောဝါ စောင့်ရှောက်မယ်ဆိုတာ ညီအစ်ကို/မတွေကို ယုံကြည်စိတ်ချစေတယ်။ ဒီနေ့လည်း သဘာဝဘေး ကယ်ဆယ်ရေးမှာ ကျွန်တော်တို့ရဲ့ အချိန်၊ ခွန်အား၊ စွမ်းရည်တွေကို အသုံးပြုခြင်း၊ ကမ္ဘာချီလုပ်ငန်းအတွက် မှန်မှန် အလှူငွေ ထည့်ခြင်းအားဖြင့် ညီအစ်ကို/မတွေရဲ့ ယုံကြည်ခြင်းကို တည်ဆောက်ပေးကြတယ်။ ယေဟောဝါ ဘယ်တော့မှ စွန့်မှာ မဟုတ်ကြောင်း ယုံကြည်စိတ်ချဖို့ ဒီနည်းနဲ့ တခြားနည်းတွေအားဖြင့် ညီအစ်ကို/မတွေကို ကူညီပေးကြတယ်။ w22.08 ၂၄ ¶၁၄
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာ ၁၈
ပရောဖက်ပြုချက်ဆိုတာ လူ့အလိုအတိုင်း ဖြစ်ပေါ်လာတာ မဟုတ်ဘူး။ လူတွေက သန့်ရှင်းသော စွမ်းအားတော်ရဲ့ လှုံ့ဆော်မှုကို ခံရလို့ ဘုရားသခင်ဆီက လာတဲ့ စကားတွေကို ပြန်ဟောတာ ဖြစ်တယ်။—၂ ပေ. ၁:၂၁။
ကျမ်းစာမှာ ပြည့်စုံပြီးသား ပရောဖက်ပြုချက် များစွာ ပါတယ်။ တချို့က ရေးသားပြီး နှစ်ပေါင်း ရာနဲ့ချီ ကြာမှ ပြည့်စုံခဲ့တယ်။ အဲဒီလို ပြည့်စုံခဲ့တာကို သမိုင်းက ထောက်ခံတယ်။ ဒါကို ကျွန်တော်တို့ မအံ့ဩကြဘူး။ ကျမ်းစာ ပရောဖက်ပြုချက်တွေရဲ့ အာဘော်ရှင်ဟာ ယေဟောဝါဘုရား ဖြစ်မှန်း သိထားကြလို့ပဲ။ ရှေးဗာဗုလုန်မြို့ ကျဆုံးခြင်းနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်ကို သုံးသပ်ကြည့်ပါ။ တန်ခိုးဩဇာ ကြီးမားတဲ့ ဗာဗုလုန်မြို့ ကျဆုံးမယ်၊ ဖျက်ဆီးခံရပြီး လုံးဝ လူသူကင်းမဲ့သွားမယ်လို့ ဘီစီ ရှစ်ရာစုမှာ ပရောဖက် ဟေရှာယ ကြိုဟောတယ်။ (ဟေရှာ. ၁၃:၁၉၊ ၂၀) မြို့ကို အောင်နိုင်မယ့်သူဟာ ဆိုင်းရပ် ဖြစ်တယ်ဆိုပြီး နာမည်ကိုတောင် ကြိုဟောတယ်။ မြို့ ဘယ်လိုနည်းနဲ့ သိမ်းပိုက်ခံရမယ်ဆိုတာလည်း အသေးစိတ် ပြောတယ်။ (ဟေရှာ. ၄၄:၂၇–၄၅:၂) ဘီစီ ၅၃၉ မှာ မီးဒီးယား-ပါးရှားတွေလက်ထဲ ဗာဗုလုန် ကျရောက်သွားတယ်။ ကြီးကျယ်ခမ်းနားတဲ့ မြို့ ရှိခဲ့တဲ့နေရာမှာ အခုတော့ အပျက်အယွင်းပုံကြီးပဲ ရှိနေတယ်။ w23.01 ၄ ¶၁၀
ကြာသပတေးနေ့၊ စက်တင်ဘာ ၁၉
အချင်းချင်း ဆက်ပြီး နှစ်သိမ့်အားပေးနေကြပါ။—၁ သက်. ၅:၁၁။
မိမိကို ဝတ်ပြုဖို့ ကမ္ဘာချီ မိသားစုဝင်အဖြစ် ကျွန်တော်တို့ကို ယေဟောဝါ ရွေးချယ်ထားတယ်။ ကောင်းကျိုး များစွာ ရရှိစေတဲ့ အခွင့်ထူးပါပဲ။ (မာ. ၁၀:၂၉၊ ၃၀) ကမ္ဘာတစ်ဝန်းမှာ ယေဟောဝါကို ချစ်တဲ့၊ ဘုရားစံနှုန်းတွေအတိုင်း နေထိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေတဲ့ ညီအစ်ကို/မတွေ ကျွန်တော်တို့ ရထားတယ်။ ဘာသာစကား၊ ယဉ်ကျေးမှု၊ ဝတ်စားပုံတွေ မတူကြပေမဲ့ တွေ့တွေ့ချင်းမှာပဲ ရင်းနှီးသွားကြတယ်။ ကောင်းကင်ဘုံစံ မေတ္တာရှင် ဖခင်ကို သူတို့နဲ့အတူ ချီးမွမ်း၊ ဝတ်ပြုခွင့် ရထားလို့ ကျေးဇူးတင်ကြတယ်။ သူတို့နဲ့ စည်းစည်းလုံးလုံး ရှိနေဖို့ လိုတယ်။ (ဆာ. ၁၃၃:၁) ကျွန်တော်တို့ရဲ့ ဝန်တွေကို သူတို့ တစ်ခါတလေ ကူထမ်းပေးကြတယ်။ (ရော. ၁၅:၁။ ဂလ. ၆:၂) ယေဟောဝါရဲ့ အမှုတော်မှာ ထက်သန်နေဖို့၊ ဘုရားနဲ့ မိတ်ဆွေ ဆက်ဖြစ်နေဖို့ အားပေးကြတယ်။ (ဟီ. ၁၀:၂၃-၂၅) အသင်းတော်ရဲ့ အကာအကွယ်သာ မရှိဘဲ ရန်သူ စာတန်မာရ်နတ်နဲ့ ဆိုးညစ်တဲ့ လောကကို ကျွန်တော်တို့ ကြံ့ကြံ့ခံနေရရင် ဘယ်လို ဖြစ်နေမလဲဆိုတာ စဉ်းစားကြည့်ပါ။ w22.09 ၂-၃ ¶၃-၄
သောကြာနေ့၊ စက်တင်ဘာ ၂၀
နှုတ်စောင့်စည်းသူကတော့ သတိပညာရှိရှိ ပြုမူတာပဲ။—ပညာ. ၁၀:၁၉။
လူမှုမီဒီယာ အသုံးပြုချိန်မှာ ချုပ်တည်းမှု ရှိဖို့ ခက်နိုင်တယ်။ သတိမထားဘူးဆိုရင် လျှို့ဝှက်ထားရမယ့် ကိစ္စတွေကို လူအများကြီး သိအောင် မရည်ရွယ်ဘဲ ဖွင့်ချမိနိုင်တယ်။ လိုင်းပေါ် တင်လိုက်ပြီဆိုတာနဲ့ အဲဒီအချက်အလက်ကို တခြားသူတွေ ဘာဆက်လုပ်မလဲ၊ ဘယ်လောက် ထိခိုက်မှု ဖြစ်စေမလဲဆိုတာ ကိုယ် ထိန်းချုပ်လို့ မရတော့ဘူး။ ညီအစ်ကို/မတွေကို အန္တရာယ် ဖြစ်စေမယ့် အချက်အလက်တွေ ထုတ်ပြောဖို့ ဆန့်ကျင်သူတွေ လှည့်စားချိန်မှာ နှုတ်ဆိတ်နေဖို့လည်း ချုပ်တည်းမှုက ကူညီပေးတယ်။ လုပ်ငန်း ပိတ်ပင်၊ ကန့်သတ်ထားတဲ့ နိုင်ငံမှာ ရဲတွေ ကျွန်တော်တို့ကို စစ်မေးတဲ့အခါမျိုးမှာ ဖြစ်နိုင်တယ်။ အဲဒီလို အခြေအနေနဲ့ တခြား အခြေအနေတွေမှာ “ပါးချုပ်တပ်ပြီး နှုတ်ကို စောင့်စည်းမယ်” ဆိုတဲ့ ကျမ်းစာမူကို ကျင့်သုံးနိုင်တယ်။ (ဆာ. ၃၉:၁) မိသားစု၊ မိတ်ဆွေ၊ ညီအစ်ကို/မ၊ ဘယ်သူနဲ့မဆို ဆက်ဆံချိန်မှာ ကျွန်တော်တို့ ယုံကြည်စိတ်ချထိုက်သူ ဖြစ်ဖို့ လိုတယ်။ အဲဒီလို ဖြစ်ဖို့ ချုပ်တည်းရမယ်။ w22.09 ၁၃ ¶၁၆
စနေနေ့၊ စက်တင်ဘာ ၂၁
ယေဟောဝါရဲ့ ပညတ်မှာ ပျော်မွေ့ပြီး ပညတ်တော်ကို နေ့ညမပြတ် ဖတ်ရွတ်ဆင်ခြင် [သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်]။—ဆာ. ၁:၁၊ ၂။
စစ်မှန်တဲ့ ပျော်ရွှင်မှု ရဖို့ ကျမ်းစာ ဖတ်ရှုလေ့လာရမယ်။ ဖတ်ဖို့လည်း လိုအပ်တယ်။ “လူဟာ အစားအစာနဲ့ပဲ အသက်ရှင်ရမှာ မဟုတ်ဘူး၊ ယေဟောဝါရဲ့ နှုတ်ထွက်စကား မှန်သမျှနဲ့ အသက်ရှင်ရမယ်” လို့ ယေရှု ပြောတယ်။ (မ. ၄:၄) ဒါကြောင့် ကျမ်းစာ မဖတ်လိုက်ဘဲ တစ်နေ့တာ မကုန်ပါစေနဲ့။ ပျော်ရွှင်တဲ့ ဘဝ ရနိုင်ပုံကို ကျမ်းစာမှာ ယေဟောဝါ မေတ္တာပါစွာ ဖော်ပြပေးတယ်။ ကျွန်တော်တို့ ဘဝအတွက် ဘုရားရည်ရွယ်ချက်က ဘာလဲ၊ ဘုရားနဲ့ ရင်းနှီးအောင်၊ အပြစ်တွေ ခွင့်လွှတ်ခံရအောင် ဘာလုပ်ရမလဲ၊ ဘုရား ပေးထားတဲ့ အနာဂတ် မျှော်လင့်ချက်က ဘာလဲဆိုတာတွေ ကျွန်တော်တို့ သိလာတယ်။ (ယေ. ၂၉:၁၁) ကျမ်းစာကနေ သိလာတဲ့ အဲဒီအမှန်တရားတွေက ကျွန်တော်တို့ကို ပျော်ရွှင်စေတယ်။ ဘဝပြဿနာတွေကြောင့် စိတ်ဓာတ်ကျတိုင်း ကျမ်းစာ ဖတ်ဖို့၊ တွေးတောဆင်ခြင်ဖို့ အချိန် ပိုယူပါ။ w22.10 ၇ ¶၄-၆
တနင်္ဂနွေနေ့၊ စက်တင်ဘာ ၂၂
အရွယ်ရောက်သူတွေလို စဉ်းစားပါ။—၁ ကော. ၁၄:၂၀။
အတွေ့အကြုံ မရှိသူတွေ ဆက်မဖြစ်ဖို့ ကျမ်းစာ အားပေးတယ်။ ဘဝမှာ ကျမ်းစာ မူတွေ ကျင့်သုံးခြင်းအားဖြင့် အတွေ့အကြုံကောင်းတွေ ရလာနိုင်တယ်။ အဲဒီမူတွေက ပြဿနာတွေကို ရှောင်နိုင်ဖို့၊ ပညာရှိ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ ဘယ်လို ကူညီပေးကြောင်း ကျွန်တော်တို့ တဖြည်းဖြည်း ကိုယ်တွေ့ သိလာကြပြီ။ ဒီကိစ္စမှာ ကိုယ့်တိုးတက်မှုကို ပုံမှန် စစ်ဆေးသင့်တယ်။ သင်ဟာ ကျမ်းစာ လေ့လာနေပြီး အစည်းအဝေးတွေ တက်နေတာ အတော်ကြာနေပြီဆိုရင် ဘာကြောင့် ယေဟောဝါဆီ မအပ်နှံသေးတာလဲ၊ နှစ်ခြင်း မခံသေးတာလဲလို့ မေးကြည့်နိုင်တယ်။ နှစ်ခြင်း ခံပြီးသား ဖြစ်မယ်ဆိုရင်လည်း သတင်းကောင်း ဟောပြော သွန်သင်သူအဖြစ် တိုးတက်နေသလား။ ကျမ်းစာမူတွေရဲ့ လမ်းညွှန်မှု ခံယူနေတယ်ဆိုတာ ဆုံးဖြတ်ချက်တွေက ဖော်ပြနေသလား။ တခြားသူတွေနဲ့ ဆက်ဆံရာမှာ ခရစ်ယာန် အရည်အသွေးတွေ တင်ပြနေသလား။ တိုးတက်စရာ ရှိနေတယ်ဆိုရင် “အတွေ့အကြုံ မရှိသူကို ဉာဏ်ပညာ ရှိစေ” တဲ့ ယေဟောဝါရဲ့ သတိပေးချက်တွေကို အသေအချာ တွေးတောသင့်တယ်။—ဆာ. ၁၉:၇။ w22.10 ၂၀ ¶၈
တနင်္လာနေ့၊ စက်တင်ဘာ ၂၃
စွမ်းအားတော် သွားစေချင်တဲ့နေရာ . . . သူတို့ သွားကြတယ်။—ယေဇ. ၁:၂၀။
ဘုရားစွမ်းအားတော် ဘယ်လောက် တန်ခိုးကြီးကြောင်း ယေဇကျေလ မြင်တယ်။ စိတ်အာရုံတစ်ခုမှာ ခွန်အားကြီး ကောင်းကင်တမန်တွေကို သန့်ရှင်းသော စွမ်းအားတော် ကူညီပေးပုံ၊ ကောင်းကင်ရထားရဲ့ ကြီးမားလှတဲ့ ဘီးတွေ ရွေ့လျားအောင် ကူညီပေးပုံကို မြင်ရတယ်။ (ယေဇ. ၁: ၂၁) ဘာဖြစ်သွားသလဲ။ အံ့ဩထိတ်လန့်လွန်းလို့ “အဲဒါကို မြင်တဲ့အခါ ကျွန်တော် ပျပ်ဝပ်လိုက်တယ်” လို့ ပြောတယ်။ (ယေဇ. ၁:၂၈) နောက်ပိုင်း၊ အဲဒီစိတ်အာရုံကို ပြန်တွေးမိတိုင်း အမှုဆောင်လုပ်ငန်း ပြီးမြောက်ဖို့ ဘုရားစွမ်းအားတော် ကူညီပေးမယ်ဆိုတာ စိတ်ချပြီး အားတက်လာမှာပဲ။ “လူသား၊ မတ်တတ်ရပ်ပါ။ မင်းကို ပြောစရာရှိတယ်” လို့ ယေဇကျေလကို ယေဟောဝါ ပြောတယ်။ အဲဒီစကားနဲ့ ဘုရားစွမ်းအားတော်ကြောင့် ယေဇကျေလ မတ်တတ်ရပ်ဖို့ အားရှိလာတယ်။ (ယေဇ. ၂:၁၊ ၂) နောက်ပိုင်း၊ အမှုဆောင်လုပ်ငန်း လုပ်ဆောင်ချိန် တစ်လျှောက်လုံး ယေဇကျေလကို ဘုရား “လက်တော်၊” တစ်နည်းအားဖြင့် သန့်ရှင်းသော စွမ်းအားတော် လမ်းညွှန်ပေးတယ်။—ယေဇ. ၃:၂၂။ ၈:၁။ ၃၃:၂၂။ ၃၇:၁။ ၄၀:၁။ w22.11 ၄ ¶၇-၈
အင်္ဂါနေ့၊ စက်တင်ဘာ ၂၄
နောက်ကနေ ပြောတဲ့ အသံကို နားနဲ့ ဆတ်ဆတ်ကြားရလိမ့်မယ်။—ဟေရှာ. ၃၀:၂၁။
ကျောင်းသားအနောက်ကနေ လမ်းလျှောက်ပြီး ဘယ်လမ်း သွားရမယ်ဆိုတာ လမ်းညွှန်ပေးနေတဲ့ ဆရာအဖြစ် ယေဟောဝါကို ပရောဖက် ဟေရှာယ ပုံဖော်ထားတာ။ ဒီနေ့ခေတ်မှာ ဘုရားအသံကို ကျွန်တော်တို့ အနောက်ကနေ ကြားနေရတယ်။ ဘယ်လိုနည်းနဲ့လဲ။ ကျမ်းစာကို လွန်ခဲ့တဲ့ နှစ်များစွာတုန်းက ရေးထားတာ ဖြစ်လို့ ကျွန်တော်တို့ အနောက်ကနေ ပြောတဲ့ အသံလိုပါပဲ။ ကျမ်းစာ ဖတ်တိုင်း အနောက်က လာတဲ့ ဘုရားအသံကို ကြားရသလိုပါပဲ။ (ဟေရှာ. ၅၁:၄) ယေဟောဝါ ပေးတဲ့ လမ်းညွှန်ချက်ကနေ ဘယ်လို အကျိုး အပြည့်အဝ ရနိုင်သလဲ။ ဟေရှာယ အချက်နှစ်ချက် ပြောတာ သတိပြုပါ။ ပထမ၊ “လမ်းမှန်က ဒီမှာ။” ဒုတိယ၊ “ဒီလမ်းအတိုင်း လျှောက်ပါ။” “လမ်းမှန်” ကို သိရုံနဲ့ မပြီးဘူး။ “ဒီလမ်းအတိုင်း လျှောက်” ဖို့ လိုတယ်။ ကျမ်းစာကတစ်ဆင့်၊ အဖွဲ့အစည်း ရှင်းပြချက်တွေကတစ်ဆင့် ဘုရား တောင်းဆိုတာတွေကို ကျွန်တော်တို့ သိလာတယ်။ ဘယ်လို လက်တွေ့ကျင့်ရမယ်ဆိုတာလည်း သိလာတယ်။ အမှုတော်မှာ ဝမ်းမြောက်စွာ ခံရပ်နိုင်ဖို့ဆိုရင် အဲဒီ နှစ်ချက်စလုံး လုပ်ဖို့ လိုတယ်။ ဒါမှ ယေဟောဝါရဲ့ ကောင်းချီး ရမှာ။ w22.11 ၁၁ ¶၁၀-၁၁
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာ ၂၅
ကျွန်တော် မရှိတဲ့နောက် ဖိနှိပ်တတ်တဲ့ ဝံပုလွေတွေက ခင်ဗျားတို့ထဲ ဝင်လာ . . . ကြမယ်။—တ. ၂၀:၂၉။
ယေရှုရဲ့ တမန်တော်တွေ သေဆုံးပြီးနောက်ပိုင်း အသင်းတော်ထဲ ခရစ်ယာန် အတုအယောင်တွေ ဝင်ရောက်လာတယ်။ (မ. ၁၃:၂၄-၂၇၊ ၃၇-၃၉) “တပည့်တွေကို သူတို့နောက်လိုက် ဖြစ်အောင် သွေးဆောင်ဖို့ မှားယွင်းတဲ့ အကြောင်းအရာတွေ သွန်သင်ပေး” ကြတယ်။ (တ. ၂၀:၃၀) “မှားယွင်းတဲ့ အကြောင်းအရာ” တစ်ခုကတော့ ကျမ်းစာမှာ ပြောသလို ယေရှုက “လူအများရဲ့ အပြစ်ကို ခံပြီး မိမိကိုယ်ကို တစ်ကြိမ်တည်း အပြီး” ဆက်သခဲ့တာ မဟုတ်ဘူး၊ ထပ်ခါတလဲလဲ ပူဇော်ရမယ် ဆိုတဲ့ အချက်ပဲ။ (ဟီ. ၉:၂၇၊ ၂၈) ဒီမှားယွင်းတဲ့ သွန်သင်ချက်ကို လူများစွာ ယုံကြတယ်။ “မစ္ဆားပွဲ” ကျင်းပဖို့ ချာ့ချ်တွေမှာ ပုံမှန်၊ တစ်ခါတလေ နေ့တိုင်း စုဝေးကြတယ်။ တချို့ချာ့ချ်တွေကျတော့ အဲဒီလောက် ခပ်စိပ်စိပ် မကျင်းပကြဘူး။ ဒါပေမဲ့ အသင်းသား အများစုက ရွေးဖိုးရဲ့ အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်း နားမလည်ကြဘူး။ w23.01 ၂၁ ¶၅
ကြာသပတေးနေ့၊ စက်တင်ဘာ ၂၆
ကောင်းမှုပြုဖို့၊ ကိုယ့်မှာ ရှိတာကို သူတစ်ပါးကို ဝေမျှဖို့ မမေ့ပါနဲ့။—ဟီ. ၁၃:၁၆။
ယေရှုရဲ့ အနှစ်တစ်ထောင် အုပ်ချုပ်မှုအတွင်း လူသေတွေ ရှင်ပြန်ထမြောက်လာမယ်။ နာခံမှု ရှိတဲ့ လူသားတွေ ပြည့်ဝစုံလင်လာမယ်။ ဖြောင့်မတ်သူအဖြစ် ယေဟောဝါ စီရင်သူတွေ “ကမ္ဘာမြေကို ပိုင်ဆိုင်ပြီး ထာဝစဉ် နေထိုင်ရလိမ့်မယ်။” (ဆာ. ၃၇:၁၀၊ ၁၁၊ ၂၉) “နောက်ဆုံးရန်သူ ဖြစ်တဲ့ သေခြင်း” ‘ဖျက်ဆီးခံရမယ်။’ (၁ ကော. ၁၅:၂၆) ကျွန်တော်တို့ရဲ့ ထာဝရအသက် မျှော်လင့်ချက်ဟာ ကျမ်းစာအပေါ် အခိုင်အမာ အခြေပြုတယ်။ ခက်ခဲတဲ့ ဒီနောက်ဆုံးကာလအတွင်း ဆက်သစ္စာရှိနေဖို့ ကူညီပေးနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ နှစ်သက်မှု ရဖို့ဆိုရင် ထာဝစဉ် အသက်ရှင်ချင်စိတ် ရှိရုံနဲ့ မလုံလောက်ဘူး။ ဆက်သစ္စာရှိနေတဲ့ အဓိက အကြောင်းရင်းက ယေဟောဝါနဲ့ ယေရှုကို နှစ်နှစ်ကာကာ ချစ်လို့ ဖြစ်ရမယ်။ (၂ ကော. ၅:၁၄၊ ၁၅) အဲဒီမေတ္တာက သူတို့ကို အတုယူဖို့၊ ကိုယ့်မျှော်လင့်ချက်အကြောင်း တခြားသူတွေကို ပြောပြဖို့ လှုံ့ဆော်ပေးတယ်။ (ရော. ၁၀:၁၃-၁၅) တစ်ကိုယ်ကောင်း မဆန်သူ၊ ရက်ရောသူ ဖြစ်ဖို့ ကြိုးစားမယ်ဆိုရင် ယေဟောဝါက ကျွန်တော်တို့နဲ့ ထာဝစဉ် မိတ်ဆွေ ဖြစ်ချင်ပါလိမ့်မယ်။ w22.12 ၇ ¶၁၅-၁၆
သောကြာနေ့၊ စက်တင်ဘာ ၂၇
တကယ်တော့ ခရစ်တော် ယေရှုရဲ့ နောက်လိုက်အနေနဲ့ ဘုရားတရား ကိုင်းရှိုင်းတဲ့ အသက်တာနဲ့ နေချင်သူတိုင်းဟာ ညှဉ်းဆဲခံရမှာပဲ။—၂ တိ. ၃:၁၂။
ဘဝကို တည်ငြိမ်စေတဲ့ အရာများစွာကို နှိပ်စက်ညှဉ်းပန်းမှုကြောင့် ဆုံးရှုံးလိုက်ရနိုင်တယ်။ ဘာဆက်ဖြစ်မယ်ဆိုတာ ကြောက်ပြီး စိုးရိမ်ပူပန်လာနိုင်တယ်။ အဲဒီလို ခံစားရတာ သဘာဝပါပဲ။ ဒါပေမဲ့ သတိထားဖို့တော့ လိုတယ်။ နှိပ်စက်ညှဉ်းပန်းမှုကြောင့် မိမိကို နောက်လိုက်တွေ စွန့်သွားမယ်လို့ ယေရှု ပြောတယ်။ (ယော. ၁၆:၁၊ ၂) နှိပ်စက်ညှဉ်းပန်းမှုကို မျှော်လင့်ထားဖို့ ယေရှု ပြောပြီး တစ်ချိန်တည်းမှာ ကျွန်တော်တို့ သစ္စာရှိနိုင်တယ်လို့လည်း အာမခံတယ်။ (ယော. ၁၅:၂၀။ ၁၆:၃၃) အဖွဲ့အစည်းလုပ်ငန်း ပိတ်ပင်၊ ကန့်သတ်ခံရတဲ့အခါ ဌာနခွဲရုံးနဲ့ အကြီးအကဲတွေဆီက လမ်းညွှန်ချက်တွေ ရနိုင်တယ်။ အဲဒါတွေက ကျွန်တော်တို့ကို ကာကွယ်ပေးဖို့၊ ကျမ်းစာ အကြောင်းအရာတွေ ဆက်ရစေဖို့၊ တတ်နိုင်သလောက် ဆက်ဟောပြောနိုင်အောင် ကူညီပေးဖို့ပါ။ ရရှိတဲ့ လမ်းညွှန်ချက်တွေကို အတတ်နိုင်ဆုံး နာခံပါ။ (ယာ. ၃:၁၇) ညီအစ်ကို/မတွေအကြောင်း သိခွင့် မရှိသူတွေကို ဘယ်တော့မှ ထုတ်မပြောပါနဲ့။—ဒေ. ၃:၇။ w22.12 ၂၀-၂၁ ¶၁၄-၁၆
စနေနေ့၊ စက်တင်ဘာ ၂၈
အရင်က ရှိခဲ့တဲ့ လုံ့လဝီရိယမျိုး . . . ဆက်ရှိစေချင်တယ်။—ဟီ. ၆:၁၁။
ဒီနေ့ခေတ် နောက်လိုက်တွေရဲ့ ကမ္ဘာချီ ဟောပြောခြင်းလုပ်ငန်းကို ယေရှု ဆက်ညွှန်ကြားနေတယ်။ ယေရှု တာဝန်ကျေပါတယ်။ ဘုရားအဖွဲ့အစည်းကတစ်ဆင့် ကျွန်တော်တို့ ဟောပြောဖို့ လေ့ကျင့်ပေးတယ်။ သတင်းကောင်း ပျံ့နှံ့စေရာမှာ လိုအပ်တဲ့ ကိရိယာတွေ ပြင်ဆင်ပေးတယ်။ (မ. ၂၈:၁၈-၂၀) ကျွန်တော်တို့ဘက်ကလည်း ဟောပြောသွန်သင်ခြင်း လုပ်ငန်းမှာ ဇွဲရှိရှိ ကြိုးစားခြင်း၊ ဒီလောကစနစ် အဆုံးကို စောင့်ရင်း နိုးနိုးကြားကြား ရှိနေခြင်းအားဖြင့် ကိုယ့်တာဝန်ကိုယ် ကျေဖို့ ကြိုးစားကြတယ်။ ဟီဘရူး ၆:၁၁၊ ၁၂ မှာ ပါတဲ့ အကြံဉာဏ်အတိုင်း လိုက်လျှောက်မယ်ဆိုရင် မျှော်လင့်ချက်ကို “အဆုံးအထိ” အခိုင်အမာ ကိုင်စွဲထားနိုင်မယ်။ စာတန့်စနစ် အဆုံးတိုင်မယ့် နေ့ရက်နဲ့ အချိန်ကို ယေဟောဝါ သတ်မှတ်ထားပြီးပြီ။ အဲဒီနေ့ ရောက်တဲ့အခါ ကျမ်းစာ ပရောဖက်ပြုချက် အားလုံးကို ယေဟောဝါ ကျိန်းသေ ပြည့်စုံစေမယ်။ ဒီအတောအတွင်း အဆုံး ရောက်လာဖို့ ကြန့်ကြာနေပုံ ပေါက်နိုင်တယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ နေ့ “နောက်ကျမှာ မဟုတ်ဘူး။” (ဟဗ. ၂:၃) ဒါကြောင့် “ယေဟောဝါကို အမြဲ မျှော်လင့်နေ” ဖို့၊ “ကယ်တင်ရှင် ဘုရားသခင်ကို စိတ်ရှည်ရှည်နဲ့ စောင့်နေ” ဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။—မိ. ၇:၇။ w23.02 ၁၈-၁၉ ¶၁၅-၁၆
တနင်္ဂနွေနေ့၊ စက်တင်ဘာ ၂၉
ကိုယ်တော့်ကို ယှဉ်နိုင်တဲ့သူ မရှိဘူး။—ဆာ. ၄၀:၅။
တောင်တက်သမားရဲ့ ပန်းတိုင်ဟာ တောင်ထိပ် ရောက်ဖို့ပဲ။ ဒါပေမဲ့ လမ်းတစ်လျှောက် ခဏရပ်ပြီး ရှုခင်းကြည့်ဖို့ နားနေစခန်းတွေ အများကြီး ရှိတယ်။ အဲဒီလိုပဲ၊ အခက်အခဲ ကြုံနေရချိန်မှာတောင် အောင်မြင်အောင် ယေဟောဝါ ဘယ်လို ကူညီပေးသလဲဆိုတာ ခဏရပ် စဉ်းစားဖို့ အမြဲ အချိန်ယူပါ။ တစ်နေ့တာ ကုန်သွားတိုင်း ‘ဒီနေ့ ယေဟောဝါရဲ့ ကောင်းချီးကို ဘယ်လို ခံစားရသလဲ။ အခက်အခဲ ရှိနေတုန်း ဖြစ်ပေမဲ့ ခံရပ်နိုင်အောင် ယေဟောဝါ ဘယ်လို ကူညီပေးသလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ အောင်မြင်ဖို့ ယေဟောဝါ ကူညီပေးတဲ့ ကောင်းချီး အနည်းဆုံး တစ်ခုတော့ တွေ့အောင် ရှာပါ။ အခက်အခဲ အဆုံးတိုင်ဖို့ သင် ဆုတောင်းနေမှာပဲ။ (ဖိ. ၄:၆) ဒါပေမဲ့ လောလောဆယ် ရထားတဲ့ ကောင်းချီးတွေကိုလည်း အသိအမှတ်ပြုသင့်တယ်။ ကျွန်တော်တို့ကို ခွန်အား ပေးမယ်၊ ခံရပ်နိုင်အောင် ကူညီပေးမယ်လို့ ယေဟောဝါ ကတိပေးထားတယ်။ ဒါကြောင့် ယေဟောဝါ ထောက်မပေးနေတာကို အမြဲ ကျေးဇူးတင်လေးမြတ်ပါ။ ဒါဆိုရင် အခက်အခဲ ကြုံရချိန်မှာတောင် အောင်မြင်ဖို့ ယေဟောဝါ ကူညီပေးနေတယ်ဆိုတာ မြင်တွေ့လာပါလိမ့်မယ်။—က. ၄၁:၅၁၊ ၅၂။ w23.01 ၁၉ ¶၁၇-၁၈
တနင်္လာနေ့၊ စက်တင်ဘာ ၃၀
ယေဟောဝါရဲ့နေ့ ရောက်လာမယ်ဆိုတာကို စိတ်စွဲလမ်းပြီး စောင့်မျှော်နေကြပါ။—၂ ပေ. ၃:၁၂။
ကိုယ့်ကိုယ်ကိုယ် ဒီလို မေးကြည့်ပါ– ‘ဒီလောကစနစ်ရဲ့ အဆုံး သိပ်နီးနေပြီဆိုတာ နားလည်ကြောင်း ငါ့ရဲ့ ဘဝပုံစံက ဖော်ပြနေသလား။ ယေဟောဝါအတွက် အမှုဆောင်ခြင်းဟာ ငါ့ဘဝမှာ အရေးကြီးဆုံး ဖြစ်တယ်ဆိုတာ ပညာရေး၊ အလုပ်အကိုင်နဲ့ပတ်သက်တဲ့ ငါ့ဆုံးဖြတ်ချက်တွေက ဖော်ပြနေသလား။ ငါနဲ့ ငါ့မိသားစုအတွက် ယေဟောဝါ ထောက်မပေးမယ်ဆိုတာ ယုံကြည်သလား။’ ဘုရားအလိုတော်နဲ့အညီ အသက်ရှင်ဖို့ ကျွန်တော်တို့ ကြိုးစားနေတာကို ဘုရား မြင်တဲ့အခါ ဘယ်လောက် ကျေနပ်နှစ်သက်မယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ (မ. ၆:၂၅-၂၇၊ ၃၃။ ဖိ. ၄:၁၂၊ ၁၃) ကိုယ့်အတွေးအခေါ်ကို ပုံမှန် ဆန်းစစ်ပြီးနောက် လိုအပ်သလို ပြုပြင်ပြောင်းလဲဖို့ လိုတယ်။ “ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်း ခိုင်မြဲနေမနေ အမြဲ ဆန်းစစ်ပါ။ ဘယ်လိုလူစားမျိုး ဖြစ်နေတယ်ဆိုတာကို အမြဲ စစ်ဆေးပါ” လို့ ကောရိန္သုမြို့က ခရစ်ယာန်တွေကို ပေါလု ပြောတယ်။ (၂ ကော. ၁၃:၅) ဒါကြောင့် ကျမ်းစာ ဖတ်ရှုခြင်း၊ ဘုရား စဉ်းစားသလို စဉ်းစားခြင်း၊ ဘုရားအလိုတော်နဲ့အညီ ဖြစ်အောင် လိုအပ်သလို ပြုပြင်ပြောင်းလဲခြင်းအားဖြင့် စိတ်သဘောကို ပြုပြင်ပြောင်းလဲနေဖို့ လိုတယ်။—၁ ကော. ၂:၁၄-၁၆။ w23.01 ၉ ¶၅-၆