အောက်တိုဘာ
အင်္ဂါနေ့၊ အောက်တိုဘာ ၁
လူစုလူဝေးအလယ်မှာ ကိုယ်တော့်ကို ချီးမွမ်းပါ့မယ်။—ဆာ. ၂၂:၂၂။
အသင်းတော် အစည်းအဝေးတွေမှာ သီချင်း ပါဝင်သီဆိုခြင်း၊ ကောင်းကောင်း ပြင်ဆင်ထားတဲ့ မှတ်ချက်တွေ ပေးခြင်းအားဖြင့် အစီအစဉ်ကို ထောက်မနိုင်တယ်။ လူအများရှေ့ သီချင်းဆိုရမှာ၊ မှတ်ချက်ပေးရမှာ တချို့အတွက် ခက်နိုင်တယ်။ သင့်အတွက်ကော။ ခက်တယ်ဆိုရင် အဲဒီအခက်အခဲကို တခြားသူတွေ ဘယ်လို ကျော်ဖြတ်ခဲ့ကြောင်း စဉ်းစားပါ။ သီချင်း ဆိုရာမှာလည်း အလားတူပါပဲ။ နိုင်ငံတော်သီချင်းတွေ ဆိုတဲ့ အဓိက ရည်ရွယ်ချက်ဟာ ယေဟောဝါကို ချီးမွမ်းဖို့ ဖြစ်တယ်။ ဒါကြောင့် အစည်းအဝေးအတွက် ပြင်ဆင်တဲ့အခါ သီချင်းတွေကိုလည်း ကြိုတင်လေ့ကျင့်ပါ။ လေ့လာမယ့် အကြောင်းအရာနဲ့ သီချင်းစာသား ဘယ်လို ဆက်စပ်နေကြောင်း သိအောင် ကြိုးစားပါ။ သီချင်းဆိုနိုင်စွမ်းထက် စကားလုံးတွေကို ပိုအာရုံစိုက်ပါ။ မှတ်ချက်ပေးဖို့ တချို့အတွက် ခက်နိုင်တယ်။ ဘာက ကူညီပေးမလဲ။ မှန်မှန် မှတ်ချက်ပေးခြင်းပါပဲ။ ကိုယ့်မှတ်ချက်က လိုရင်းတိုရှင်း တိုက်ရိုက်အဖြေ ဖြစ်လည်း အဆင်ပြေတယ်။ အသင်းတော် အစည်းအဝေးတွေမှာ ချီးမွမ်းဖို့ ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဖြတ်ချက်ကို ဘုရား သိပ်တန်ဖိုးထားလေးမြတ်တယ်။ w22.04 ၇-၈ ¶၁၂-၁၅
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာ ၂
ယေဟောဝါဟာ ကူညီမစရှင် ဖြစ်တဲ့အတွက် ငါ ဘာကိုမှ မကြောက်ဘူး။—ဟီ. ၁၃:၆။
“ကူညီမစရှင်” ဆိုတဲ့ အသုံးအနှုန်းဟာ အကူအညီ တောင်းခံသူဆီ အပြေးအလွှား သွားကူညီသူကို ဆိုလိုတယ်။ ဒုက္ခရောက်နေသူ တစ်ယောက်ယောက်ကို ကယ်တင်ဖို့ ယေဟောဝါ အပြေးအလွှား သွားတာ မြင်ယောင်ကြည့်ပါ။ ကျွန်တော်တို့ကို ကူညီဖို့ ယေဟောဝါ သိပ်လိုလိုလားလား ရှိတာ သေချာတယ်။ ကျွန်တော်တို့ ဘေးမှာ ယေဟောဝါ ရှိနေရင် အခက်အခဲတွေကို ဝမ်းမြောက်စွာ ခံရပ်နိုင်ပါတယ်။ ယေဟောဝါ ကူညီပေးတဲ့ နည်းတချို့က ဘာတွေလဲ။ ဟေရှာယကျမ်းမှာ အဖြေ ရှာကြည့်ကြစို့။ ဘာကြောင့်လဲ။ ဟေရှာယကျမ်းမှာ ပါတဲ့ ပရောဖက်ပြုချက် များစွာဟာ ဒီနေ့ခေတ် ဘုရားကျေးကျွန်တွေနဲ့ သက်ဆိုင်လို့ပဲ။ အဲဒီအပြင် ကျွန်တော်တို့ နားလည်လွယ်မယ့် အသုံးအနှုန်းတွေနဲ့ ယေဟောဝါကို ဟေရှာယ ပုံဖော်လေ့ ရှိတယ်။ ဥပမာ၊ ဟေရှာယ အခန်းကြီး ၃၀ ကို ဖတ်ကြည့်ပါ။ (၁) ဆုတောင်းချက်တွေကို ဂရုစိုက် နားထောင်ပြီး ဖြေကြားခြင်း၊ (၂) လမ်းညွှန်ချက် ပေးခြင်း၊ (၃) လောလောဆယ်ရော အနာဂတ်မှာပါ ကောင်းချီး ပေးခြင်းအားဖြင့် ကျွန်တော်တို့ကို ယေဟောဝါ ကူညီပုံအကြောင်း ဖော်ပြဖို့ လှပတဲ့ သရုပ်ဖော်ချက်တွေ သုံးထားတယ်။ w22.11 ၈ ¶၂-၃
ကြာသပတေးနေ့၊ အောက်တိုဘာ ၃
ကြုံရတော့မယ့် ဆင်းရဲဒုက္ခတွေကို မကြောက်ပါနဲ့။ . . . သေတဲ့အထိ သစ္စာရှိပါ။ ဒါဆိုရင် မင်းကို အသက်သရဖူ ငါ ပေးမယ်။—ဗျာ. ၂:၁၀။
အဆုံးထိ သစ္စာရှိနေရင် ဆုချခံရမှာ ဖြစ်လို့ ညှဉ်းပန်းနှိပ်စက်မှုကို မကြောက်နဲ့လို့ စမုရနနဲ့ ဖိလဒေလဖိ အသင်းတော်က ခရစ်ယာန်တွေကို ယေရှု ပြောတယ်။ (ဗျာ. ၃:၁၀) ညှဉ်းပန်းနှိပ်စက်မှုကို ကျွန်တော်တို့ မျှော်လင့်ထားရမယ်။ လိုလိုလားလား ခံရပ်ရမယ်။ (မ. ၂၄:၉၊ ၁၃။ ၂ ကော. ၁၂:၁၀) “သခင့်နေ့တော်” ဖြစ်တဲ့ ဒီနေ့ခေတ်မှာ အသက်ရှင်နေတဲ့ ဘုရားလူမျိုး ညှဉ်းပန်းနှိပ်စက်ခံရမယ်ဆိုတာ ဗျာဒိတ်ကျမ်းက ဖော်ပြတယ်။ (ဗျာ. ၁:၁၀) ဗျာဒိတ် အခန်းကြီး ၁၂ အရ ဘုရားနိုင်ငံတော်မှာ ယေရှု ဘုရင် ဖြစ်ပြီးတာနဲ့ ချက်ချင်း ကောင်းကင်မှာ စစ်ဖြစ်တယ်။ မိက္ခေလ ဖြစ်တဲ့ ယေရှုခရစ်နဲ့ ကောင်းကင်တမန်တွေက စာတန်နဲ့ နတ်ဆိုးတွေကို စစ်တိုက်တယ်။ (ဗျာ. ၁၂:၇၊ ၈) ဘုရားရန်သူတွေ စစ်ရှုံးပြီး မြေကြီးပေါ် ပစ်ချခံရတယ်။ ကမ္ဘာနဲ့ လူတွေအတွက်တော့ အဖြစ်ဆိုးပါပဲ။—ဗျာ. ၁၂:၉၊ ၁၂။ w22.05 ၅ ¶၁၂-၁၃
သောကြာနေ့၊ အောက်တိုဘာ ၄
ယေဟောဝါက မတရားတာ မလုပ်ဘူး။—၂ ရာ. ၁၉:၇။
ယေဟောဝါရဲ့ စီရင်ချက်တွေဟာ အမြဲ တရားမျှတတယ်။ ဘုရား လုံးဝ မျက်နှာမလိုက်ဘူး။ ဘုရားခွင့်လွှတ်မှုဟာ လူတစ်ယောက်ရဲ့ ပုံပန်း၊ ကြွယ်ဝချမ်းသာမှု၊ ထင်ပေါ်ကျော်ကြားမှု၊ စွမ်းရည်တွေအပေါ် မမူတည်ဘူး။ (၁ ရှ. ၁၆:၇။ ယာ. ၂:၁-၄) ဘယ်သူမှ ယေဟောဝါကို ဖိအားပေးလို့၊ လာဘ်ထိုးလို့ မရဘူး။ ဘုရားရဲ့ ဆုံးဖြတ်ချက်တွေဟာ စိတ်ခံစားချက်ပေါ် မမူတည်ဘူး။ (ထွ. ၃၄:၇) ကျွန်တော်တို့အကြောင်း၊ ကျွန်တော်တို့ အခြေအနေအကြောင်း အတွင်းကျကျ သိတဲ့အတွက် အကောင်းဆုံး တရားသူကြီး ဖြစ်တာ သေချာတယ်။ (တရား. ၃၂:၄) ဟီဘရူးကျမ်းစောင်တွေကို ရေးသားသူတွေဟာ ယေဟောဝါရဲ့ ခွင့်လွှတ်မှု ထူးခြားကြောင်း အသိအမှတ်ပြုကြတယ်။ သူတို့ အသုံးပြုတဲ့ ဟီဘရူး စကားလုံးတစ်လုံးနဲ့ပတ်သက်ပြီး စာအုပ်တစ်အုပ်မှာ ဒီလိုရေးတယ်– “ယေဟောဝါရဲ့ ခွင့်လွှတ်မှုကို ဖော်ပြဖို့ပဲ အဲဒီစကားလုံးကို ကျမ်းရေးသူတွေ သုံးကြတယ်။ လူသားတွေရဲ့ အကန့်အသတ် ရှိတဲ့ ခွင့်လွှတ်မှုအကြောင်း ဖော်ပြဖို့တော့ အဲဒီစကားလုံးကို ဘယ်တော့မှ မသုံးဘူး။” ယေဟောဝါတစ်ပါးတည်းသာ အပြစ်လုပ်သူတွေ နောင်တရတဲ့အခါ အကြွင်းမဲ့ ခွင့်လွှတ်နိုင်စွမ်း ရှိတယ်။ w22.06 ၄ ¶၁၀-၁၁
စနေနေ့၊ အောက်တိုဘာ ၅
ကလေးကို သူ သွားသင့်တဲ့ လမ်းအတိုင်း လေ့ကျင့်ပေးပါ။ အသက်ကြီးလာရင်တောင် အဲဒီလမ်းကို သူ စွန့်ခွာမှာ မဟုတ်ဘူး။—ပညာ. ၂၂:၆။
သင်ဟာ အိမ်ထောင်ဖက် မရှိဘဲ ဒါမှမဟုတ် ယုံကြည်ခြင်း မတူတဲ့ အိမ်ထောင်မှာ သားသမီး ပြုစုပျိုးထောင်နေရတယ်ဆိုရင် သင့်ရဲ့ သစ္စာရှိ ပုံသက်သေက တခြားသူတွေကို အားရှိစေမယ်၊ လှုံ့ဆော်မှု ဖြစ်စေမယ်ဆိုတာ စိတ်ချပါ။ ကိုယ့်ကြိုးစားမှုကို ကလေး ကောင်းကောင်း တုံ့ပြန်ပုံ မရရင်ကော။ ကလေးတစ်ယောက်ကို လေ့ကျင့်ပေးဖို့ အချိန် လိုကြောင်း သတိရပါ။ မျိုးစေ့ကို စိုက်ပျိုးပြီးနောက် အပင် ပေါက်ပါ့မလား၊ အသီး သီးပါ့မလားလို့ သင် စိုးရိမ်မိနိုင်တယ်။ အကျိုးရလဒ်ကို ထိန်းချုပ်လို့ မရပေမဲ့ ပုံမှန် ရေလောင်းနေမယ်ဆိုရင် အပင် ရှင်သန်လာဖို့ အကောင်းဆုံး အခွင့်အရေး ပေးနေတာပဲ။ (မာ. ၄:၂၆-၂၉) မိခင်တစ်ယောက်လည်း ကိုယ့်ကြိုးစားမှုက သားသမီးတွေရဲ့ စိတ်နှလုံးကို ထိမိပါ့မလားလို့ စိုးရိမ်မိနိုင်တယ်။ အကျိုးရလဒ်ကို သင် ထိန်းချုပ်လို့ မရဘူး။ ဒါပေမဲ့ အတတ်နိုင်ဆုံး ဆက်လေ့ကျင့်ပေးမယ်ဆိုရင် ဘုရားရေးရာဘက် ရှင်သန်ကြီးထွားလာအောင် အကောင်းဆုံး အခွင့်အရေး ပေးရာ ရောက်တယ်။ w22.04 ၁၉-၂၀ ¶၁၆-၁၇
တနင်္ဂနွေနေ့၊ အောက်တိုဘာ ၆
မာနရဲ့နောက်မှာ ပျက်စီးခြင်း လိုက်လာတယ်။ မောက်မာတဲ့စိတ်ရဲ့ နောက်မှာ ပြိုလဲခြင်း လိုက်လာတယ်။—ပညာ. ၁၆:၁၈။
ယေဟောဝါကို သစ္စာရှိရှိ ဝတ်ပြုကိုးကွယ်တုန်းက ရှောလမုန်ဟာ ကိုယ့်ကိုယ်ကိုယ် မျှတတဲ့ အမြင် ရှိတယ်။ လူငယ်တစ်ယောက်အနေနဲ့ ကိုယ့်ကန့်သတ်ချက်တွေကို ကျိုးနွံစွာ အသိအမှတ်ပြုပြီး ယေဟောဝါရဲ့ လမ်းညွှန်မှု တောင်းခံတယ်။ (၁ ဘု. ၃:၇-၉) မာနကြီးခြင်းရဲ့ အန္တရာယ်ကို နန်းသက် အစောပိုင်းမှာ သတိထားမိတယ်။ ဝမ်းနည်းစရာက အဲဒီအကြံဉာဏ်ကို ကိုယ်တိုင် လျစ်လျူရှုခဲ့တယ်။ နောက်ပိုင်း၊ မာနကြီးလာပြီး ဘုရားရဲ့ တောင်းဆိုချက်တွေကို မနာခံတော့ဘူး။ ဥပမာ၊ ဟီဘရူးဘုရင်ဟာ “စိတ်နှလုံး လမ်းမလွဲရလေအောင် မိဖုရားအများကြီး မထားရဘူး” ဆိုပြီး ပညတ်ကျမ်းမှာ ဖော်ပြထားတယ်။ (တရား. ၁၇:၁၇) အဲဒီပညတ်ကို ရှောလမုန် အရေးမစိုက်ဘဲ မိဖုရား ၇၀၀၊ မောင်းမ ၃၀၀ ယူခဲ့တယ်။ (၁ ဘု. ၁၁:၁-၃) ဘာပြဿနာမှ မဖြစ်လောက်ပါဘူးလို့ ရှောလမုန် ယူဆခဲ့တာ ဖြစ်နိုင်တယ်။ နောက်ဆုံးမှာတော့ ဘုရားကို မနာခံခြင်းရဲ့ ဆိုးကျိုးတွေ ခံစားခဲ့ရတယ်။—၁ ဘု. ၁၁:၉-၁၃။ w22.05 ၂၃ ¶၁၂
တနင်္လာနေ့၊ အောက်တိုဘာ ၇
ဖြောင့်မတ်သူဟာ ယုံကြည်ခြင်းကြောင့် အသက်ရှင်လိမ့်မယ်။ နောက်ဆုတ်မယ်ဆိုရင် သူ့ကို ငါ နှစ်သက်မှာ မဟုတ်ဘူး။—ဟီ. ၁၀:၃၈။
ဒီနေ့ခေတ် လူတွေ အရေးကြီးတဲ့ ဆုံးဖြတ်ချက် တစ်ခု ချရမယ်။ ယေဟောဝါဘုရားကို စကြဝဠာ ပိုင်သအုပ်စိုးရှင်အဖြစ် ထောက်ခံမလား၊ ဘုရားရဲ့ ရန်သူ စာတန်မာရ်နတ်ကို ထောက်ခံမလားဆိုတဲ့ ဆုံးဖြတ်ချက်ပါ။ ဒီကိစ္စမှာ ကြားနေလို့တော့ မရဘူး။ ဆုံးဖြတ်ချက်က သူတို့ရဲ့ ထာဝရ အနာဂတ်အပေါ် သက်ရောက်မှု ရှိပါလိမ့်မယ်။ (မ. ၂၅:၃၁-၃၃၊ ၄၆) “ကြီးစွာသောဒုက္ခ” အတွင်း ကယ်တင်ခံရမလား၊ ဖျက်ဆီးခံရမလားဆိုတာ မှတ်သားခံရမယ်။ (ဗျာ. ၇:၁၄။ ၁၄:၉-၁၁။ ယေဇ. ၉:၄၊ ၆) ယေဟောဝါရဲ့ အုပ်ချုပ်မှုကို ထောက်ခံဖို့ ဆုံးဖြတ်တာဟာ ပညာရှိ ဆုံးဖြတ်ချက်ပါ။ တခြားသူတွေလည်း မှန်မှန်ကန်ကန် ရွေးချယ်နိုင်အောင် သင် ကူညီပေးချင်မှာပဲ။ ယေဟောဝါရဲ့ အုပ်ချုပ်မှုကို သစ္စာရှိရှိ ထောက်ခံသူတွေ ကောင်းချီး ခံစားရမယ်။ ဒီအရေးကြီး အကြောင်းအရာတွေကို ကျွန်တော်တို့ လေ့လာသင့်တယ်။ အဲဒီလို လေ့လာမယ်ဆိုရင် ယေဟောဝါကို ဆက်ဝတ်ပြုမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက် ခိုင်မာလာမယ်။ တခြားသူတွေ မှန်မှန်ကန်ကန် ရွေးချယ်နိုင်အောင်လည်း ကူညီပေးနိုင်မယ်။ w22.05 ၁၅ ¶၁-၂
အင်္ဂါနေ့၊ အောက်တိုဘာ ၈
ခင်ဗျားတို့ . . . မဟုတ်မမှန် စွပ်စွဲခံရတဲ့အခါ ပျော်ရွှင်ချမ်းမြေ့တယ်။—မ ၅:၁၁။
ရန်သူ့စကားကို မဟုတ်ဘဲ ယေဟောဝါရဲ့ စကားကို ကျွန်တော်တို့ နားထောင်ရမယ်။ ယေဟောဝါ ပြောတာကို ယောဘ ဂရုတစိုက် နားထောင်ခဲ့တယ်။ ‘မင်း ဘာတွေ ကြုံရသလဲ ငါ အားလုံး သိတယ်။ မင်းကို မစောင့်ရှောက်နိုင်ဘူးလို့ မင်း ထင်နေတာလား’ ဆိုပြီး ယောဘကို ဘုရား ကျိုးကြောင်းဆင်ခြင်ပြတယ်။ ယေဟောဝါရဲ့ ကောင်းမြတ်မှုကို ကျေးဇူးတင်လေးမြတ်စိတ်နဲ့ နှိမ့်ချစွာ ယောဘ တုံ့ပြန်တယ်။ “ကိုယ်တော့်အကြောင်းကို အရင်က နားနဲ့သာ ကြားခဲ့ဖူးတာပါ။ အခုတော့ ကိုယ်တော့်ကို မျက်စိနဲ့ တပ်အပ် မြင်ရပါပြီ” လို့ ပြောတယ်။ (ယောဘ ၄၂:၅) တစ်ကိုယ်လုံး အနာ ဗရပွနဲ့ ပြာထဲမှာ ထိုင်နေရင်း အဲဒီစကားတွေ ပြောခဲ့တာ။ ယောဘကို ချစ်တယ်၊ နှစ်သက်လက်ခံတယ်ဆိုတာ ယေဟောဝါ စိတ်ချစေခဲ့တယ်။ (ယောဘ ၄၂:၇၊ ၈) ဒီနေ့လည်း ကျွန်တော်တို့ကို လူတွေ စော်ကားမော်ကား ဆက်ဆံနိုင်တယ်။ တန်ဖိုးမရှိဘူးလို့ ခံစားရအောင် လုပ်နိုင်တယ်။ တစ်ယောက်ချင်းကိုဖြစ်ဖြစ်၊ အဖွဲ့အစည်းလိုက်ကိုဖြစ်ဖြစ် နာမည်ဖျက်နိုင်တယ်။ အခက်အခဲ ကြုံရချိန်မှာ ကျွန်တော်တို့ ဆက်သစ္စာရှိမယ်ဆိုတာ ယေဟောဝါ စိတ်ချကြောင်း ယောဘမှတ်တမ်းကနေ သိရတယ်။ w22.06 ၂၄ ¶၁၅-၁၆
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာ ၉
သိုးသငယ်ရဲ့ မင်္ဂလာပွဲ စတင်ပြီ။—ဗျာ. ၁၉:၇။
မဟာဗာဗုလုန် ဖျက်ဆီးခံရလို့ ကောင်းကင်မှာ ကျယ်လောင်စွာ ကြွေးကြော်ကြပေမဲ့ နောက်ထပ် ပျော်ရွှင်စရာအကြောင်း ရှိသေးတယ်။ (ဗျာ. ၁၉:၁-၃) အဲဒါကတော့ ဗျာဒိတ်ကျမ်းရဲ့ အထွတ်အထိပ် ဖြစ်ရပ် “သိုးသငယ်ရဲ့ မင်္ဂလာပွဲ” ပါပဲ။ အာမဂေဒုန်စစ်ပွဲ မစခင်လေးမှာ ၁၄၄,၀၀၀ အားလုံး ကောင်းကင်ကို ရောက်နေကြမယ်။ ဒါပေမဲ့ သိုးသငယ်ရဲ့ မင်္ဂလာပွဲ ကျင်းပဖို့ အချိန်မတန်သေးဘူး။ (ဗျာ. ၂၁:၁၊ ၂) အာမဂေဒုန်စစ်ပွဲ ပြီးနောက်၊ ဘုရားရန်သူအားလုံး ဖယ်ရှားခံရပြီးနောက်မှာမှ သိုးသငယ်ရဲ့ မင်္ဂလာပွဲကို ကျင်းပမှာ ဖြစ်တယ်။ (ဆာ. ၄၅:၃၊ ၄၊ ၁၃-၁၇) သိုးသငယ်ရဲ့ မင်္ဂလာပွဲက ဘာဖြစ်မြောက်စေမလဲ။ လက်ထပ်မင်္ဂလာဟာ အမျိုးသားနဲ့ အမျိုးသမီးကို ပေါင်းစည်းပေးသလို ဒီပုံဆောင်မင်္ဂလာပွဲက ဘုရင် ယေရှုခရစ်နဲ့ “သတို့သမီး” ၁၄၄,၀၀၀ ကို ပေါင်းစည်းပေးမယ်။ အဲဒီအချိန်ကစပြီး ကမ္ဘာမြေကို အစိုးရသစ် အနှစ် ၁၀၀၀ အုပ်ချုပ်မယ်။—ဗျာ. ၂၀:၆။ w22.05 ၁၇ ¶၁၁-၁၃
ကြာသပတေးနေ့၊ အောက်တိုဘာ ၁၀
သခင် ပြန်လာတဲ့အခါ အဲဒီအတိုင်း လုပ်နေတဲ့ ကျွန်ကို တွေ့ရင် အဲဒီကျွန်ဟာ ပျော်ရွှင်ချမ်းမြေ့လိမ့်မယ်။—မ. ၂၄:၄၆။
အဆုံးပိုင်းကာလအတွင်း ကျမ်းစာ လမ်းညွှန်ချက်တွေ ပြင်ဆင်ပေးဖို့ “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” ကို ခန့်အပ်မယ်လို့ ယေရှု ကြိုပြောတယ်။ (မ. ၂၄:၄၅) ကြိုပြောတဲ့အတိုင်း ဖြစ်နေတယ်။ ဘုရားလူမျိုးနဲ့ စိတ်ဝင်စားသူတွေအတွက် ‘အချိန်တန် အစာ’ ပြင်ဆင်ပေးဖို့ ဘိသိက်ခံ အမျိုးသား အုပ်စုလေးတစ်စုကို ကြီးကြပ်မှူး ယေရှု အသုံးပြုနေတယ်။ အဲဒီအမျိုးသားတွေဟာ တခြားသူတွေရဲ့ ယုံကြည်ခြင်းကို ထိန်းချုပ်နေရတယ်လို့ သဘောမထားကြဘူး။ (၂ ကော. ၁:၂၄) ယေရှုခရစ်ကိုပဲ “ခေါင်းဆောင်အဖြစ်၊ အမိန့်ပေးသူအဖြစ်” အသိအမှတ်ပြုကြတယ်။ (ဟေရှာ. ၅၅:၄) ၁၉၁၉ ကစပြီး စိတ်ဝင်စားသူတွေအတွက် ကျမ်းစာစာပေ အမျိုးမျိုး ပြင်ဆင်ပေးတယ်။ ၁၉၂၁ မှာ ထုတ်ဝေတဲ့ ဘုရားသခင့် စောင်းတော် စာအုပ်က အခြေခံ ကျမ်းစာ သွန်သင်ချက်တွေ သိအောင် ကူညီပေးတယ်။ အချိန်ကာလ ပြောင်းလဲလာတာနဲ့အမျှ တခြားစာပေတွေကိုလည်း ပြင်ဆင်ပေးတယ်။ ဘယ်စာပေက ဘုရားကို သိကျွမ်းချစ်ခင်လာအောင် သင့်ကို ကူညီပေးသလဲ။ w22.07 ၁၀ ¶၉-၁၀
သောကြာနေ့၊ အောက်တိုဘာ ၁၁
ရှေ့တော်မှာ ထာဝစဉ် နေရာပေးလိမ့်မယ်။—ဆာ. ၄၁:၁၂။
ယေဟောဝါဟာ အရက်ရောဆုံး ပုဂ္ဂိုလ်ပါ။ ကျွန်တော်တို့ ပေးသမျှထက် အဆများစွာ အမြဲ ပြန်ပေးတယ်။ (မာ. ၁၀:၂၉၊ ၃၀) ဒီစနစ်ဆိုးမှာတောင် အဓိပ္ပာယ် အရှိဆုံး၊ စိတ်ချမ်းသာစရာ အကောင်းဆုံး အသက်တာ ရစေပါလိမ့်မယ်။ ဒါ အစပဲ ရှိသေးတယ်။ ချစ်ဖခင်ကို ထာဝစဉ် ဝတ်ပြုသွားနိုင်မယ်။ ဘုရားနဲ့ မေတ္တာနှောင်ကြိုး ဆက်ခိုင်မြဲနေမယ်။ ဘုရား တည်ရှိသရွေ့ ထာဝစဉ် အသက်ရှင်နိုင်မယ်။ ကောင်းမြတ်တာ မှန်သမျှ၊ ပျော်စရာ အခိုက်အတန့် မှန်သမျှ သင့်ကို ဘုရား ပေးထားတယ်။ သင် ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံတဲ့အခါ ဘုရားကို အဖိုးတန်အရာတစ်ခု ပေးဖို့ အခွင့်အရေး ရှိလာတယ်။ ယေဟောဝါဟာ ကောင်းကင်မြေကြီး ပိုင်သအုပ်စိုးရှင် ဖြစ်ပေမဲ့ သင် ပေးမှ ပိုင်မယ့်အရာ ရှိတယ်။ သင့်ရဲ့ စိတ်လိုကိုယ်လျောက် ဝတ်ပြုအမှုဆောင်ခြင်းပါ။ (ယောဘ ၁:၈။ ၄၁:၁၁။ ပညာ. ၂၇:၁၁) ဒါအကောင်းဆုံး ဘဝလမ်းစဉ်ပဲ။ w23.03 ၆ ¶၁၆-၁၇
စနေနေ့၊ အောက်တိုဘာ ၁၂
လူငယ်လူရွယ်တွေဟာ သန့်ရှင်းတဲ့ အသက်တာကို ဘယ်လို ရနိုင်မလဲ။ ကိုယ့်ကိုယ်ကိုယ် စောင့်ထိန်းခြင်း၊ နှုတ်တော်ထွက် စကားအတိုင်း ကျင့်ကြံခြင်းအားဖြင့်ပဲ။—ဆာ. ၁၁၉:၉။
ဆယ်ကျော်သက်အရွယ် ရောက်လာတဲ့အခါ လိင်ဆန္ဒ ပြင်းပြလာနိုင်တယ်။ လိင်အကျင့်ယိုယွင်းဖို့ သွေးဆောင်ခံရနိုင်တယ်။ စာတန်က သင့်ကို စိတ်အလိုလိုက်စေချင်တယ်။ ကိုယ်ကျင့်တရား သန့်ရှင်းနေဖို့ ဘာက ကူညီပေးနိုင်သလဲ။ (၁ သက်. ၄:၃၊ ၄) ဘုရားဆီ သီးသန့်ဆုတောင်းတဲ့အခါ ခံစားချက်တွေ ရင်ဖွင့်ပြောပြပြီး ခွန်အား တောင်းပါ။ (မ. ၆:၁၃) သင့်ကို ယေဟောဝါ ပြစ်တင်ဝေဖန်မှာ မဟုတ်ဘူး၊ ကူညီပေးချင်တယ်ဆိုတာ သတိရပါ။ (ဆာ. ၁၀၃:၁၃၊ ၁၄) ပြဿနာတွေကို တစ်ယောက်တည်း ဖြေရှင်းဖို့ မကြိုးစားပါနဲ့။ မိဘတွေကို ပြောပြပါ။ အဲဒီလို ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ဖွင့်ပြောဖို့ မလွယ်ပေမဲ့ ဖွင့်ပြောဖို့ အရေးကြီးတယ်။ ကျမ်းစာ လေ့လာခြင်း၊ ကျမ်းစာမူတွေကို တွေးတောဆင်ခြင်ခြင်းက ယေဟောဝါ နှစ်သက်မယ့် ဆုံးဖြတ်ချက်တွေ ချဖို့ ပိုလွယ်ကူစေပါလိမ့်မယ်။ ကိစ္စရပ်တွေအပေါ် ယေဟောဝါရဲ့စဉ်းစားပုံကို နားလည်လာလို့ အခြေအနေတိုင်းအတွက် စည်းမျဉ်းတွေ မလိုဘူးဆိုတာ သိလာပါလိမ့်မယ်။ w22.08 ၅ ¶၁၀-၁၂
တနင်္ဂနွေနေ့၊ အောက်တိုဘာ ၁၃
ကိုယ်ကြည့်ရှုစောင့်ရှောက်ရမယ့်သူတွေကို . . . မထောက်ပံ့ဘူးဆိုရင် အဲဒီလူဟာ ယုံကြည်ခြင်းတရားကို ငြင်းပယ်တဲ့သူပဲ။—၁ တိ. ၅:၈။
ခရစ်ယာန် အိမ်ထောင်ဦးစီးဟာ မိသားစုကို ထောက်ပံ့ဖို့ဆိုတဲ့ တာဝန်ကို အလေးအနက်ထားတယ်။ သင်ဟာ အိမ်ထောင်ဦးစီးဆိုရင် မိသားစု စားစရိတ်၊ အိမ်စရိတ် မထောက်ပံ့နိုင်တော့မှာ၊ အလုပ်ပြုတ်သွားလို့ နောက်အလုပ် ရှာမတွေ့မှာ တွေးကြောက်မိနိုင်တယ်။ ဒါမှမဟုတ် ဝင်ငွေနည်းနည်းနဲ့ မရပ်တည်နိုင်မှာ စိုးရိမ်မိမယ်။ အဲဒီလို စိုးရိမ်ကြောင့်ကြစိတ်တွေကို အသုံးချပြီး စာတန် တော်တော် အောင်မြင်နေတယ်။ ကျွန်တော်တို့ကို ယေဟောဝါ ဂရုမစိုက်ဘူး၊ ကိုယ်လုပ်မှ ကိုယ်ရမယ်ဆိုတဲ့ အတွေးမျိုး စာတန် ဝင်စေချင်တယ်။ အဲဒီအတွေးသာ ဝင်သွားရင် လက်ရှိအလုပ် မြဲနေဖို့ ကျမ်းစာမူတွေ ချိုးဖောက်ရရင်တောင် ဘာမဆို လုပ်ရမယ်လို့ ကျွန်တော်တို့ တွေးမိသွားနိုင်တယ်။ w22.06 ၁၅ ¶၅-၆
တနင်္လာနေ့၊ အောက်တိုဘာ ၁၄
အဲဒီမျှော်လင့်ချက်ဟာ ကျွန်တော်တို့အတွက် ကျောက်ဆူးလို ခိုင်ခံ့မြဲမြံနေတယ်။—ဟီ. ၆:၁၉။
ဘုရားသခင်ဟာ ‘ကရုဏာရှိပြီး သနားစာနာတတ်တဲ့ဘုရား၊ အမျက်ထွက်နှေးပြီး ခိုင်မြဲတဲ့ မေတ္တာနဲ့ သစ္စာတရား ကြီးမားတဲ့ဘုရား’ ဖြစ်တယ်။ (ထွ. ၃၄:၆) တရားမျှတမှုကို နှစ်သက်တယ်။ (ဟေရှာ. ၆၁:၈) ကျွန်တော်တို့ ဒုက္ခရောက်တာ မြင်တဲ့အခါ စိတ်ထိခိုက်တယ်။ သတ်မှတ်ထားချိန်မှာ ဆင်းရဲဒုက္ခအားလုံးကို အဆုံးတိုင်ပေးဖို့ စိတ်ပြင်းပြနေတယ်။ (ယေ. ၂၉:၁၁) အဲဒါကြောင့် ယေဟောဝါကို ကျွန်တော်တို့ သိပ်ချစ်ကြတယ်။ အမှန်တရားကို မြတ်နိုးရတဲ့ နောက်ထပ် အကြောင်းရင်းက ဘာလဲ။ အမှန်တရားက အကျိုးကျေးဇူးများစွာ ရရှိစေလို့ပါပဲ။ ဥပမာတစ်ခု သုံးသပ်ကြည့်ပါ။ ကျမ်းစာအမှန်တရားထဲမှာ အနာဂတ် မျှော်လင့်ချက် ပါဝင်တယ်။ ကျောက်ဆူးက သင်္ဘောကို တည်ငြိမ်စေသလို ကျမ်းစာအခြေပြု မျှော်လင့်ချက်က ဘဝမှာ စမ်းသပ်မှုတွေ ကြုံရတဲ့အခါ ကျွန်တော်တို့ကို တည်ငြိမ်စေနိုင်တယ်။ ဒီနေ့ကျမ်းချက်မှာ ဘိသိက်ခံ ခရစ်ယာန်တွေ မြတ်နိုးတဲ့ ကောင်းကင်မျှော်လင့်ချက်အကြောင်း တမန်တော် ပေါလု ပြောထားတယ်။ ဒါပေမဲ့ ပရဒိသု ကမ္ဘာမြေမှာ ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်တဲ့ ခရစ်ယာန်တွေနဲ့လည်း သက်ဆိုင်တယ်။ (ယော. ၃:၁၆) ထာဝရအသက် မျှော်လင့်ချက်အကြောင်း သိလာတာက ဘဝကို အဓိပ္ပာယ် ရှိစေတယ်။ w22.08 ၁၄-၁၅ ¶၃-၅
အင်္ဂါနေ့၊ အောက်တိုဘာ ၁၅
စိတ်ဆိုးမပြေဘဲ နေမဝင်စေနဲ့။—ဧ. ၄:၂၆။
ယုံကြည်စိတ်ချမှုအတွက် မေတ္တာ အဓိကကျတယ်။ ကောရိန္သု ပထမစောင် အခန်းကြီး ၁၃ မှာ ယုံကြည်စိတ်ချမှု တည်ဆောက်နိုင်ဖို့၊ ပြန်တည်ဆောက်နိုင်ဖို့ ကူညီပေးတဲ့ မေတ္တာအသွင်အပြင်တွေကို ဖော်ပြထားတယ်။ (၁ ကော. ၁၃:၄-၈) ဥပမာ၊ အခန်းငယ် ၄ မှာ “မေတ္တာဟာ စိတ်ရှည်တတ်တယ်။ ကြင်နာတတ်တယ်” လို့ ပြောထားတယ်။ ယေဟောဝါဘုရားကို ပြစ်မှားမိချိန်မှာတောင် ကျွန်တော်တို့ကို ဘုရား စိတ်ရှည်တယ်။ ဒါကြောင့် ညီအစ်ကို/မတွေ ကျွန်တော်တို့ကို စိတ်ဆိုးအောင်၊ ထိခိုက်အောင် ပြောမိ၊ လုပ်မိတဲ့အခါ စိတ်ရှည်ရမယ်။ အခန်းငယ် ၅ မှာ “[မေတ္တာဟာ] ဒေါသ မထွက်တတ်ဘူး။ နစ်နာမှုတွေကို မမှတ်ထားတတ်ဘူး” လို့ ပြောထားတယ်။ ဒါကြောင့် ညီအစ်ကိုတွေ ပြောမိ၊ လုပ်မိတာကို စိတ်ထဲ တေးမှတ်ထားမှာ မဟုတ်ဘူး။ “ထစ်ခနဲဆို မကျေမချမ်း မဖြစ်နဲ့” လို့ ဒေသနာ ၇:၉ မှာ ပြောတယ်။ ညီအစ်ကို/မတွေကို ယေဟောဝါ မြင်သလို မြင်နိုင်အောင် ကြိုးစားပါ။ သူတို့ကို ဘုရား ချစ်တယ်။ အပြစ်တွေ မှတ်မထားဘူး။ ကျွန်တော်တို့လည်း အဲဒီလိုပဲ ဖြစ်သင့်တယ်။ (ဆာ. ၁၃၀:၃) သူတို့ရဲ့ အမှားတွေအစား အရည်အသွေးကောင်းတွေကို အာရုံစိုက်သင့်တယ်။—မ. ၇:၁-၅။ w22.09 ၃-၄ ¶၆-၇
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာ ၁၆
ဒုက္ခကာလ ရောက်လာမယ်။—ဒံ. ၁၂:၁။
အဆုံးပိုင်းကာလအတွင်း အစဉ်လိုက် ဖြစ်ပျက်မယ့် စိတ်လှုပ်ရှားစရာ ဖြစ်ရပ်တွေကို ဒံယေလကျမ်းမှာ ဖော်ပြထားတယ်။ ဥပမာ၊ မိက္ခေလ ယေရှုခရစ်ဟာ “[ဘုရား] ရဲ့ လူမျိုးအတွက် ရပ်တည်ပေးနေ” တယ်လို့ ဒံယေလ ၁၂:၁ မှာ ဖော်ပြတယ်။ ဘုရားသခင့် ကောင်းကင် နိုင်ငံတော်မှာ ဘုရင်အဖြစ် ယေရှု ခန့်အပ်ခံရတဲ့ ၁၉၁၄ မှာ ပရောဖက်ပြုချက် အဲဒီအပိုင်း စပြည့်စုံလာတယ်။ ဒါပေမဲ့ “လူမျိုးတစ်မျိုး စတင်ဖြစ်လာချိန်ကနေ အဲဒီအချိန်အထိ တစ်ခါမှ မဖြစ်ဖူးတဲ့ ဒုက္ခကာလ” အတွင်းမှာလည်း ယေရှု “ပေါ်လာ” ဦးမယ်၊ တစ်နည်းအားဖြင့် ရပ်တည်ပေးဦးမယ်လို့ ပြောထားတယ်။ အဲဒီ “ဒုက္ခကာလ” ဟာ မဿဲ ၂၄:၂၁ မှာ ပါတဲ့ “ကြီးစွာသောဒုက္ခ” နဲ့ အတူတူပဲ။ ဒုက္ခကာလအဆုံး၊ အာမဂေဒုန်မှာ ဘုရားလူမျိုးအတွက် ယေရှု ရပ်တည်ကာကွယ်မယ်။ ကာကွယ်ခံရမယ့် အဲဒီအုပ်စုကို ဗျာဒိတ်ကျမ်းမှာ “ကြီးစွာသောဒုက္ခကနေ လွတ်မြောက်လာသူ” “လူအုပ်ကြီး” လို့ ခေါ်ထားတယ်။—ဗျာ. ၇:၉၊ ၁၄။ w22.09 ၂၁ ¶၄-၅
ကြာသပတေးနေ့၊ အောက်တိုဘာ ၁၇
ငါ့ကို ပြစ်မှားသူရဲ့ နာမည်ကို . . . ငါ့စာစောင်ကနေ ပယ်ဖျက်မယ်။—ထွ. ၃၂:၃၃။
အသက်စာစောင်မှာ လောလောဆယ် ရေးမှတ်ထားတဲ့ နာမည်တွေကို ပယ်ဖျက်ပစ်လို့ ရတယ်။ ခဲတံနဲ့ ရေးထားနှင့်သလိုမျိုးပဲ။ (ဗျာ. ၃:၅) မင်နဲ့ အပြီး ရေးမှတ်မယ့်အချိန်ထိ စာစောင်မှာ ကိုယ့်နာမည် ရှိနေဖို့ ကြိုးစားကြရမယ်။ အသက်စာစောင်မှာ နာမည် ရေးမှတ်ခံရတဲ့ ပထမအုပ်စုက ကောင်းကင်မှာ ယေရှုနဲ့အတူ တွဲဖက်အုပ်ချုပ်ဖို့ ရွေးချယ်ခံရသူတွေ ဖြစ်တယ်။ ဖိလိပ္ပိမြို့က “လုပ်ဖော်ဆောင်ဖက်တွေ” ဆီ တမန်တော် ပေါလု ရေးတဲ့ စာအရ ယေရှုနဲ့အတူ တွဲဖက်အုပ်ချုပ်ဖို့ ဖိတ်ခေါ်ခံရတဲ့ ဘိသိက်ခံတွေဟာ အသက်စာစောင်မှာ နာမည် ရေးမှတ်ခံရတယ်။ (ဖိ. ၄:၃) ဒါပေမဲ့ နာမည် ဆက်ရှိနေဖို့ဆိုရင် ဆက်သစ္စာရှိရမယ်။ သူတို့ မသေဆုံးခင် ဒါမှမဟုတ် ကြီးစွာသောဒုက္ခ မစခင် နောက်ဆုံး တံဆိပ်ခတ်ခံရချိန်မှာ အသက်စာစောင်ထဲ နာမည် အပြီး ရေးမှတ်ခံရမယ်။—ဗျာ. ၇:၃။ w22.09 ၁၅ ¶၃၊ ၅-၆
သောကြာနေ့၊ အောက်တိုဘာ ၁၈
ဘုရားသခင်ရဲ့ တရားစကားကို ကြားနာပြီး လိုက်လျှောက်တဲ့သူဟာ . . . ပျော်ရွှင်ချမ်းမြေ့တယ်။—လု. ၁၁:၂၈။
တစ်ယောက်ယောက်က ကိုယ်အကြိုက်ဆုံး အစားအစာ ချက်ပေးတယ် ဆိုပါစို့။ အချိန် မရှိလို့ ဖြစ်ဖြစ်၊ အာရုံများနေလို့ ဖြစ်ဖြစ် သေသေချာချာ အရသာ မခံဘဲ မျိုချလိုက်တယ်။ စားပြီးမှ အလောတကြီး စားလိုက်မှန်း သိလိုက်တယ်။ အချိန်ယူပြီး တစ်လုတ်ချင်း အရသာခံ စားမိရင် ကောင်းသားလို့ တွေးမိတယ်။ ကျမ်းစာ ဖတ်တဲ့အခါလည်း သေသေချာချာ အရသာ မခံဘဲ လောလောလောလော ဖတ်လိုက်တာမျိုး ဖြစ်ဖူးသလား။ ကျမ်းစာ ဖတ်တဲ့အခါ အချိန်ယူပြီး အရသာခံ ဖတ်ပါ။ အဖြစ်အပျက်ကို မြင်ယောင်ပါ။ အသံတွေ ကြားယောင်ပါ။ ဖတ်တာကို တွေးတောပါ။ ဒါဆိုရင် ဖတ်ရတာ ပိုပျော်ရွှင်လာပါလိမ့်မယ်။ ဘုရားနဲ့ပတ်သက်တဲ့ အချိန်တန်အစာ ကျွေးဖို့ “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” ကို ယေရှု ခန့်အပ်ထားလို့ ကျွန်တော်တို့ ဝဝလင်လင် စားနေရတယ်။ (မ. ၂၄:၄၅) သစ္စာရှိကျွန် ပြင်ဆင်ပေးသမျှမှာ အဓိက ပါဝင်ပစ္စည်းဟာ စွမ်းအားတော် လမ်းညွှန်မှုနဲ့ ရေးထားတဲ့ ကျမ်းစာပါ။—၁ သက်. ၂:၁၃။ w22.10 ၇-၈ ¶၆-၈
စနေနေ့၊ အောက်တိုဘာ ၁၉
ကိုယ့်ကိုယ်ကိုယ် စိတ်ချလွန်းသူတွေ တအား လှောင်ပြောင်နေကြပြီ။—ဆာ. ၁၂၃:၄။
နောက်ဆုံးကာလမှာ လှောင်ပြောင်တတ်သူတွေ များလာမယ်လို့ ကျမ်းစာမှာ သတိပေးတယ်။ (၂ ပေ. ၃:၃၊ ၄) “ဘုရားတရားမဲ့တဲ့ အလိုဆန္ဒတွေနောက် လိုက်” ကြတယ်။ (ယု. ၇၊ ၁၇၊ ၁၈) လှောင်ပြောင်တတ်သူတွေ မဖြစ်အောင် ဘယ်လို ရှောင်နိုင်သလဲ။ တစ်နည်းကတော့ ပြစ်တင်ဝေဖန်တတ်သူတွေနဲ့ မပေါင်းခြင်းအားဖြင့်ပါပဲ။ (ဆာ. ၁:၁ ) အယူဖောက်ပြန်သူတွေဆီက ဘာမှ နားမထောင်၊ မဖတ်ဖို့ ဆိုလိုတယ်။ သတိမထားဘူးဆိုရင် ပြစ်တင်ဝေဖန်တတ်တဲ့ သဘော အလွယ်တကူ ကူးစက်လာနိုင်တယ်။ ယေဟောဝါနဲ့ အဖွဲ့အစည်း လမ်းညွှန်ချက်ကို သံသယ ဝင်လာနိုင်တယ်။ အဲဒီလို မဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ဒီလို မေးသင့်တယ်– ‘လမ်းညွှန်ချက်၊ ရှင်းပြချက် အသစ်တွေ ရတဲ့အခါ ပြစ်တင်ညည်းညူလေ့ ရှိသလား။ ဦးဆောင်နေသူတွေကို အပြစ်ရှာလေ့ ရှိသလား။’ အဲဒီလို သဘောထားတွေကို ချက်ချင်း ပြုပြင်မယ်ဆိုရင် ယေဟောဝါရဲ့ နှစ်သက်မှု ရပါလိမ့်မယ်။—ပညာ. ၃:၃၄၊ ၃၅။ w22.10 ၂၀ ¶၉-၁၀
တနင်္ဂနွေနေ့၊ အောက်တိုဘာ ၂၀
အစ္စရေးအမျိုးကတော့ . . . မင်းပြောတာကိုလည်း နားထောင်မှာ မဟုတ်ဘူး။—ယေဇ. ၃:၇။
“ခေါင်းမာပြီး အကြင်နာကင်းမဲ့” သူတွေကို ဟောပြောရမယ့် တာဝန်အတွက် သန့်ရှင်းသော စွမ်းအားတော်က ယေဇကျေလကို ခွန်အား ရှိစေတယ်။ ‘မင်းရဲ့မျက်နှာထားကို သူတို့ရဲ့မျက်နှာထားလို ငါမာကျောစေမယ်။ မင်းရဲ့နဖူးကိုလည်း သူတို့ရဲ့နဖူးလို မာကျောစေမယ်။ မင်းရဲ့နဖူးကို စိန်လို မာအောင်၊ မီးခတ်ကျောက်ထက် မာအောင် ငါလုပ်မယ်။ သူတို့ကို မကြောက်နဲ့။ သူတို့မျက်နှာထားကြောင့် မထိတ်လန့်နဲ့’ လို့ ယေဟောဝါ ပြောတယ်။ (ယေဇ. ၃:၈၊ ၉) ‘လူတွေ ခေါင်းမာလို့ စိတ်ဓာတ်မကျနဲ့။ မင်းကို ငါ ခွန်အား ရှိစေမယ်’ လို့ ပြောနေတာပါပဲ။ ဟောရမယ့် နေရာဆီ ယေဇကျေလကို ဘုရားစွမ်းအားတော် ခေါ်သွားတယ်။ “ယေဟောဝါရဲ့လက်တော် ကျွန်တော့်အပေါ် အားအင်အပြည့်နဲ့ သက်ရောက်နေတယ်” လို့ ယေဇကျေလ ပြောတယ်။ ဟောရမယ့် သတင်းစကားကို ကောင်းကောင်း နားလည်ဖို့ တစ်ပတ် ကြာတယ်။ (ယေဇ. ၃:၁၄၊ ၁၅) အဲဒီနောက် ချိုင့်ဝှမ်းလွင်ပြင်ကို ယေဟောဝါ သွားခိုင်းတယ်။ အဲဒီမှာ ယေဇကျေလအပေါ် “စွမ်းအားတော် သက်ရောက်လာ” တယ်။ (ယေဇ. ၃:၂၃၊ ၂၄) အမှုဆောင်လုပ်ငန်း စဖို့ အသင့် ဖြစ်နေပြီ။ w22.11 ၄-၅ ¶၈-၉
တနင်္လာနေ့၊ အောက်တိုဘာ ၂၁
ယေဟောဝါဘုရား၊ ကျွန်တော် ဘယ်အချိန်အထိ အော်ဟစ် အကူအညီ တောင်းရမှာလဲ။ ဘယ်အချိန်ကျမှ ကြားမှာလဲ။ . . . ဖိနှိပ်သူတွေကို ကိုယ်တော် ဘာလို့ သည်းခံနေတာလဲ။—ဟဗ. ၁:၂၊ ၃။
ပရောဖက် ဟဗက္ကုတ် အခက်အခဲတွေ ကြုံခဲ့ရတယ်။ တစ်ကြိမ်မှာ ယေဟောဝါ ဂရုစိုက်ရဲ့လားလို့ သံသယ ဝင်မိပုံရတယ်။ ဒါကြောင့် ဘုရားဆီ ရင်ဖွင့်ခဲ့တယ်။ ဒီသစ္စာရှိ ကျေးကျွန်ရဲ့ လှိုက်လှဲတဲ့ ဆုတောင်းချက်ကို ဘုရား အဖြေပေးတယ်။ (ဟဗ. ၂:၂၊ ၃) အရင်က ဘုရား ကယ်တင်ပေးခဲ့တာတွေကို လေးလေးနက်နက် တွေးတောပြီးနောက် ဟဗက္ကုတ် ပြန်ပျော်ရွှင်လာတယ်။ မိမိကို ယေဟောဝါ ဂရုစိုက်ကြောင်း၊ အခက်အခဲတွေကို ခံရပ်နိုင်ဖို့ ကူညီပေးမှာ ဖြစ်ကြောင်း ယုံကြည်စိတ်ချလာတယ်။ (ဟဗ. ၃:၁၇-၁၉) ဘာသင်ခန်းစာ ရသလဲ။ အခက်အခဲတွေ ကြုံရတဲ့အခါ ယေဟောဝါဆီ ဆုတောင်းပြီး ဘယ်လို ခံစားနေရကြောင်း ပြောပြပါ။ ဘုရား အကူအညီကို ရှာပါ။ ဒါဆိုရင် ခံရပ်နိုင်ဖို့ ခွန်အားပေးမယ်ဆိုတာ ယုံကြည်စိတ်ချလာမယ်။ ဘုရား အကူအညီ ခံစားရတဲ့အခါ ယုံကြည်ခြင်းလည်း ပိုခိုင်မာလာမယ်။ ယေဟောဝါနဲ့ ရင်းနှီးအောင် ဆက်ကြိုးစားနေမယ်ဆိုရင် ဘယ်အခက်အခဲ၊ သံသယကြောင့်မှ ဘုရားနဲ့ ဝေးကွာသွားမှာ မဟုတ်ဘူး။—၁ တိ. ၆:၆-၈။ w22.11 ၁၅ ¶၆-၇
အင်္ဂါနေ့၊ အောက်တိုဘာ ၂၂
ဒီနေ့ ကျွန်တော် မှန်တာကို ပြောမယ်။ ခင်ဗျားဟာ ကျွန်တော်နဲ့အတူ ပရဒိသုမှာ ရှိလိမ့်မယ်။—လု. ၂၃:၄၃။
ယေရှုနဲ့ ဘေးက ရာဇဝတ်သား နှစ်ယောက်ဟာ မသေဆုံးခင် တမြည့်မြည့် ဝေဒနာ ခံစားနေကြရတယ်။ (လု. ၂၃:၃၂၊ ၃၃) ရာဇဝတ်သား နှစ်ယောက်စလုံး ယေရှုကို လှောင်ပြောင်ကြတယ်။ (မ. ၂၇:၄၄။ မာ. ၁၅:၃၂) ဒါပေမဲ့ တစ်ယောက်ကတော့ စိတ်ပြောင်းသွားတယ်။ “သခင်ယေရှု၊ ဘုရင် ဖြစ်တဲ့အခါ ကျွန်တော့်ကို သတိရပါ” လို့ ပြောတယ်။ ဒီနေ့ ကျမ်းချက်ပါ စကားတွေ ယေရှု ပြန်ပြောတယ်။ (လု. ၂၃:၃၉-၄၃) ရာဇဝတ်သားကို ပြောတဲ့ ယေရှုရဲ့စကားတွေက လာမယ့် ပရဒိသုမှာ ဘဝ ဘယ်လိုမျိုး ရှိမလဲဆိုတာ စဉ်းစားဖို့ ကျွန်တော်တို့ကို လှုံ့ဆော်ပေးသင့်တယ်။ ဘုရင် ရှောလမုန်ရဲ့ ငြိမ်းချမ်းတဲ့ အုပ်ချုပ်မှုကနေ ပရဒိသုအကြောင်း သင်ယူစရာတွေ ရှိတယ်။ ပိုကြီးမြတ်တဲ့ ရှောလမုန် ဖြစ်တဲ့ ယေရှုဟာ ကမ္ဘာမြေ ငြိမ်းချမ်းအောင် တွဲဖက်အုပ်ချုပ်သူတွေနဲ့ ပူးပေါင်းလုပ်ဆောင်မယ်လို့ မျှော်လင့်နိုင်တယ်။ (မ. ၁၂:၄၂) ပရဒိသုမှာ ထာဝစဉ် အသက်ရှင်ဖို့ အရည်အချင်း ပြည့်မီအောင် ဘာလုပ်ရမလဲဆိုတာ “တခြားသိုး” တွေ စိတ်ဝင်စားသင့်တယ်။—ယော. ၁၀:၁၆။ w22.12 ၈ ¶၁။ ၉ ¶၄
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာ ၂၃
ဘုရားက မင်း အော်ဟစ်အကူအညီတောင်းတဲ့အခါ ကျိန်းသေ မျက်နှာသာပေးမယ်။—ဟေရှာ. ၃၀:၁၉။
ကျွန်တော်တို့ အော်ဟစ် အကူအညီ တောင်းတဲ့အခါ ယေဟောဝါ ဂရုစိုက် နားထောင်ပေးမယ်၊ အမြန် အဖြေပေးမယ်ဆိုတာ ဟေရှာယ စိတ်ချစေတယ်။ “မင်းရဲ့အသံကို ကြားတာနဲ့ ပြန်ဖြေမယ်” လို့ ပြောတယ်။ မိမိဆီ ဆုတောင်းသူတွေကို ကူညီဖို့ ယေဟောဝါ ဘယ်လောက် လိုလိုလားလား၊ ထက်ထက်သန်သန် ရှိကြောင်း အဲဒီစကားတွေက ဖော်ပြတယ်။ ဒါက ဝမ်းမြောက်စွာ ခံရပ်နိုင်ဖို့ ကျွန်တော်တို့ကို ကူညီပေးတယ်။ ကျွန်တော်တို့ တစ်ယောက်စီရဲ့ ဆုတောင်းချက်တွေကို ယေဟောဝါ ဂရုစိုက် နားထောင်တယ်။ ဘာကြောင့် အဲဒီလို ပြောနိုင်သလဲ။ ဟေရှာယ အခန်းကြီး ၃၀ အစပိုင်းမှာ လူမျိုးတော်ကို အုပ်စုလိုက်အဖြစ် စကားပြောနေလို့ “မင်းတို့” ဆိုတဲ့ အများကိန်း သုံးထားတယ်။ ဒါပေမဲ့ အခန်းငယ် ၁၉ မှာ “မင်း” ဆိုပြီး တစ်ယောက်ချင်းစီကို ပြောနေတာ။ “မင်း မငိုကြွေးရတော့ဘူး၊” “ဘုရားက မင်း အော်ဟစ် အကူအညီ တောင်းတဲ့အခါ ကျိန်းသေ မျက်နှာသာပေးမယ်၊” “မင်းရဲ့ အသံကို ကြားတာနဲ့ ပြန်ဖြေမယ်” လို့ ဟေရှာယ ပြောတယ်။ ယေဟောဝါဟာ မေတ္တာရှိတဲ့ ဖခင် ဖြစ်လို့ ကျွန်တော်တို့ တစ်ယောက်ချင်းစီကို ဂရုစိုက်ပြီး ဆုတောင်းချက်တွေကို သတ်သတ်မှတ်မှတ် နားထောင်ပေးတယ်။—ဆာ. ၁၁၆:၁။ ဟေရှာ. ၅၇:၁၅။ w22.11 ၉ ¶၅-၆
ကြာသပတေးနေ့၊ အောက်တိုဘာ ၂၄
မြွေလို သတိကြီးပြီး ချိုးငှက်လို အပြစ်ကင်းကြပါ။—မ. ၁၀:၁၆။
ဆန့်ကျင်မှုကြား ဟောပြောသွန်သင်တာက ငြိမ်သက်ပျော်ရွှင်မှု ရစေတယ်။ ပထမရာစုမှာ ဆက်မဟောဖို့ ဂျူးအာဏာပိုင်တွေ အမိန့်ပေးတဲ့အခါ တမန်တော်တွေ ဘုရားကို နာခံပြီး ဆက်ဟောကြတယ်။ ဒီလုပ်ငန်းက သူတို့ကို ပျော်ရွှင်စေတယ်။ (တ. ၅:၂၇-၂၉၊ ၄၁၊ ၄၂) အဖွဲ့အစည်း လုပ်ငန်း ကန့်သတ်ခံရတဲ့အခါ ဆက်ဟောရမှာ မှန်ပေမဲ့ သတိပညာ ရှိရမယ်။ အတတ်နိုင်ဆုံး ကြိုးစားမယ်ဆိုရင် ယေဟောဝါရဲ့ မျက်နှာသာ ရနေတယ်၊ အသက်ကယ် သတင်း ဟောနေတယ်ဆိုတဲ့ အသိစိတ်ကနေ ငြိမ်သက်မှု ခံစားရပါလိမ့်မယ်။ အခက်ခဲဆုံးအချိန်မှာတောင် ငြိမ်သက်မှု ခံစားရနိုင်တယ်ဆိုတာ စိတ်ချပါ။ အဲဒီလို အချိန်မှာ ကျွန်တော်တို့ လိုအပ်တာက ယေဟောဝါဘုရားပဲ ပေးနိုင်တဲ့ ငြိမ်သက်ခြင်းပါ။ ဒါကြောင့် ကပ်ရောဂါ၊ သဘာဝဘေး၊ နှိပ်စက်ညှဉ်းပန်းမှု ကြုံရချိန်မှာ ဘုရားကို အားကိုးပါ။ အဖွဲအစည်းနဲ့ နီးနီးကပ်ကပ် နေပါ။ သိပ်ကောင်းတဲ့ အနာဂတ်ကို စောင့်မျှော်ပါ။ ဒါဆိုရင် “ငြိမ်သက်ခြင်းရဲ့ ဘုရားသခင်ဟာ ခင်ဗျားတို့နဲ့အတူ ရှိလိမ့်မယ်။”—ဖိ. ၄:၉။ w22.12 ၂၁ ¶၁၇-၁၈
သောကြာနေ့၊ အောက်တိုဘာ ၂၅
စရိုက်သစ်ကိုလည်း ဝတ်ဆင်ရမယ်။—ဧ. ၄:၂၄။
လုပ်ရပ် ပါဝင်ပတ်သက်တယ်။ နာကြည်းခြင်း၊ စိတ်ဆိုးခြင်း၊ ဒေါသထွက်ခြင်း စတဲ့ စရိုက်ဆိုးတွေကို ကျော်ဖြတ်နိုင်အောင် ကြိုးစားရမယ်။ (ဧ. ၄:၃၁၊ ၃၂) အဲဒီလို လုပ်ဖို့ ဘာကြောင့် ခက်နိုင်သလဲ။ တချို့ စရိုက်ဆိုးတွေ အမြစ်စွဲနေနိုင်လို့ပါ။ ဥပမာ၊ “ဒေါသကြီးသူ၊” “ဒေါသထွက်လွယ်သူ” တချို့အကြောင်း ကျမ်းစာ ပြောတယ်။ (ပညာ. ၂၉:၂၂) အဲဒီလို လူတွေဟာ နှစ်ခြင်းခံပြီးနောက်မှာတောင် ဒေါသ ဆက်ထိန်းနေဖို့ လိုနိုင်တယ်။ (ရော. ၇:၂၁-၂၃) ကိုယ် တိုက်လှန်နေရတဲ့ စရိုက်ဆိုးအကြောင်း ယေဟောဝါဆီ ဆုတောင်းပြောပြပါ။ ဘုရား နားထောင်၊ ကူညီပေးမယ်ဆိုတာ စိတ်ချပါ။ (၁ ယော. ၅:၁၄၊ ၁၅) စရိုက်ဆိုး ပျောက်သွားအောင် အံ့ဖွယ်နည်းနဲ့ ကူညီပေးမှာ မဟုတ်ပေမဲ့ အဲဒီအတိုင်း လိုက်မလုပ်မိအောင် ခွန်အားပေးနိုင်တယ်။ (၁ ပေ. ၅:၁၀) တစ်ချိန်တည်းမှာ စရိုက်ဆိုး ပြန်ပေါ်လာစေမယ့်အရာတွေ မလုပ်ခြင်းအားဖြင့် ဆုတောင်းချက်နဲ့အညီ နေထိုင်ဖို့တော့ လိုတယ်။ မသင့်တော်တဲ့ ဆန္ဒတွေအကြောင်း တနုံ့နုံ့ စဉ်းစားမနေပါနဲ့။—ဖိ. ၄:၈။ ကော. ၃:၂။ w23.01 ၁၀ ¶၇၊ ၉-၁၀
စနေနေ့၊ အောက်တိုဘာ ၂၆
ဘုရားသခင်ကို ချစ်ရင် ညီအစ်ကိုကိုလည်း ချစ်ရမယ်။—၁ ယော. ၄:၂၁။
ချစ်ကြောင်း ပြနိုင်တဲ့ တစ်နည်းကတော့ ဟောပြောခြင်းလုပ်ငန်းမှာ ထက်ထက်သန်သန် ပါဝင်ခြင်းပါပဲ။ ဆုံတွေ့ရသူတိုင်းကို ကျွန်တော်တို့ သတင်းကောင်း ဟောကြတယ်။ လူမျိုး၊ နောက်ခံ၊ ငွေကြေး အခြေအနေ ဘယ်လိုပဲရှိရှိ ခွဲခြားမဆက်ဆံဘူး။ ဒီနည်းအားဖြင့် “လူအမျိုးမျိုးကို ကယ်တင်ခြင်း ရစေဖို့၊ အမှန်တရားအကြောင်း တိကျမှန်ကန်စွာ သိရှိစေဖို့” ဆိုတဲ့ ယေဟောဝါရဲ့ ရည်ရွယ်ချက်နဲ့အညီ လုပ်ဆောင်နေကြတယ်။ (၁ တိ. ၂:၄) ညီအစ်ကို/မတွေကို ချစ်ကြောင်း ပြခြင်းအားဖြင့်လည်း ယေဟောဝါနဲ့ ယေရှုကို ချစ်တယ်ဆိုတာ ပြကြတယ်။ ညီအစ်ကို/မတွေကို ကျွန်တော်တို့ စိတ်ဝင်စားတယ်။ ဒုက္ခရောက်ချိန်မှာ ကူညီပေးတယ်။ ချစ်ရသူ သေဆုံးတဲ့အခါ နှစ်သိမ့်ပေးတယ်။ နေမကောင်းဖြစ်တဲ့အခါ သွားလည်ကြတယ်။ စိတ်ဓာတ်ကျတဲ့အခါ အတတ်နိုင်ဆုံး အားပေးကြတယ်။ (၂ ကော. ၁:၃-၇။ ၁ သက်. ၅:၁၁၊ ၁၄) “ဖြောင့်မတ်သူရဲ့ တိုးလျှိုးအသနားခံချက်ဟာ အစွမ်းထက်ပြီး အကျိုးသက်ရောက်မှု ရှိ” မှန်း သိလို့ သူတို့အတွက် ဆုတောင်းပေးကြတယ်။—ယာ. ၅:၁၆။ w23.01 ၂၈-၂၉ ¶၇-၈
တနင်္ဂနွေနေ့၊ အောက်တိုဘာ ၂၇
အချင်းချင်း ဆက်ပြီး နှစ်သိမ့်အားပေးနေကြပါ။—၁ သက်. ၅:၁၁။
ဆောက်လုပ်ရေး လုပ်သားဟာ တဖြည်းဖြည်း စွမ်းရည် တိုးတက်လာသလို ကျွန်တော်တို့လည်း အချင်းချင်း အားပေးတည်ဆောက်ရာမှာ ပိုကျွမ်းကျင်လာနိုင်တယ်။ ခံနိုင်ရည် ရှိခဲ့သူတွေရဲ့ စံနမူနာတွေအကြောင်း ညီအစ်ကို/မတွေကို ပြောပြခြင်းအားဖြင့် စမ်းသပ်မှုတွေ ခံရပ်ဖို့ ကူညီပေးနိုင်တယ်။ (ဟီ. ၁၁:၃၂-၃၅။ ၁၂:၁) တခြားသူတွေရဲ့ ကောင်းကွက်ကို ထုတ်ပြောခြင်းအားဖြင့် ငြိမ်သက်မှု တိုးများစေနိုင်တယ်။ ငြိမ်သက်မှု ထိပါးလာတဲ့အခါ ထိန်းသိမ်းနိုင်တယ်။ သဘောထား ကွဲလွဲတဲ့အခါ သင့်မြတ်အောင် လုပ်နိုင်တယ်။ (ဧ. ၄:၃) အရေးကြီးတဲ့ ကျမ်းစာအမှန်တရားတွေ ဝေမျှခြင်း၊ လက်တွေ့ကျကျ ကူညီခြင်း၊ ယုံကြည်ခြင်း အားနည်းသွားသူတွေကို ထောက်မခြင်းအားဖြင့် ညီအစ်ကို/မတွေရဲ့ ယုံကြည်ခြင်းကို ဆက်တည်ဆောက်ပေးနိုင်တယ်။ ညီအစ်ကို/မတွေရဲ့ ယုံကြည်ခြင်းကို တည်ဆောက်ပေးတဲ့အခါ ပျော်ရွှင်ကျေနပ်ရတယ်။ ပကတိ အဆောက်အအုံတွေဟာ ယိုယွင်းပျက်စီးတတ်တယ်။ ညီအစ်ကို/မတွေကို အားပေးတည်ဆောက်လို့ ရလာတဲ့ ရလဒ်တွေကတော့ ထာဝစဉ် တည်နိုင်တယ်။ w22.08 ၂၂ ¶၆။ ၂၅¶၁၇-၁၈
တနင်္လာနေ့၊ အောက်တိုဘာ ၂၈
ယေဟောဝါက ဉာဏ်ပညာကို ပေးတယ်။ နှုတ်တော်ထွက်စကားဟာ အသိပညာနဲ့ ပိုင်းခြားသိမြင်နိုင်စွမ်းကို ပေးတယ်။—ပညာ. ၂:၆။
ကျမ်းစာကို နားလည်ဖို့ အရေးကြီးတဲ့ အရည်အသွေးတစ်ခု လိုကြောင်း ယေရှု ပြောတယ်။ ပိုင်းခြားသိမြင်မှုပါ။ (မ. ၂၄:၁၅) ပိုင်းခြားသိမြင်မှုဆိုတာ ဘာလဲ။ အယူအဆ တစ်ခုနဲ့ တစ်ခု ဘယ်လို ဆက်စပ်သလဲ၊ ဘယ်လို ကွာသလဲ၊ တိမ်မြုပ်နေတဲ့ အကြောင်းအရာက ဘာလဲဆိုတာ သိမြင်နိုင်တဲ့ စွမ်းရည်ပါ။ ဘယ်ဖြစ်ရပ်တွေက ကျမ်းစာ ပရောဖက်ပြုချက်ကို ပြည့်စုံနေစေသလဲဆိုတာ သိဖို့ ပိုင်းခြားသိမြင်မှု လိုတယ်လို့ ယေရှု ပြောတယ်။ ကျွန်တော်တို့လည်း ကျမ်းစာမှာ ဖတ်သမျှကနေ အကျိုး အပြည့်အဝ ရဖို့ ပိုင်းခြားသိမြင်မှု လိုတယ်။ ကျေးကျွန်တွေကို ယေဟောဝါ ပိုင်းခြားသိမြင်မှု ပေးတယ်။ ဒါကြောင့် ဒီအရည်အသွေး ရှိလာအောင် ကူညီပေးဖို့ ဘုရားဆီ ဆုတောင်းပါ။ ဆုတောင်းချက်နဲ့အညီ ဘယ်လို လုပ်ဆောင်နိုင်သလဲ။ ဖတ်နေတာနဲ့ ကိုယ် သိထားတဲ့ တခြားအချက်တွေ ဘယ်လို ဆက်စပ်နေတယ်ဆိုတာ သေသေချာချာ ဆန်းစစ်ပါ။ ကျမ်းပိုဒ်ရဲ့ အဓိပ္ပာယ်နဲ့ လက်တွေ့ကျင့်နိုင်ပုံကို ပိုင်းခြားသိမြင်ဖို့ ကူညီပေးပါလိမ့်မယ်။ (ဟီ. ၅:၁၄) ပိုင်းခြားသိမြင်မှု သုံးပြီး ကျမ်းစာ ဖတ်တဲ့အခါ ပိုနားလည်လာပါလိမ့်မယ်။ w23.02 ၁၀ ¶၇-၈
အင်္ဂါနေ့၊ အောက်တိုဘာ ၂၉
ဘုရားသခင်ကြောင့်သာ ကျွန်တော်တို့ ဖြစ်တည်နေတာ၊ အသက်ရှင်ပြီး သွားလာလှုပ်ရှားနေတာပါ။—တ. ၁၇:၂၈။
မိတ်ဆွေတစ်ယောက်ဆီက အဖိုးတန် လက်ရာမြောက် ပန်းချီကားဟောင်းတစ်ချပ် လက်ဆောင် ရတယ်လို့ မြင်ယောင်ကြည့်ပါ။ တချို့နေရာတွေမှာ အရောင် ပြယ်နေပြီ။ အစွန်းအထင်း၊ အက်ရာလေးတွေ ရှိတယ်။ ဒါပေမဲ့ ဒေါ်လာ သန်းပေါင်းများစွာ တန်တဲ့အတွက် ဒီအနုပညာလက်ရာကို သင် တန်ဖိုးထားပြီး ကာကွယ်ထိန်းသိမ်းမှာ သေချာတယ်။ အလားတူပဲ၊ ကျွန်တော်တို့ကို အဖိုးတန် အသက် ဆုလက်ဆောင် ယေဟောဝါဘုရား ပေးထားတယ်။ ရွေးဖိုးအဖြစ် သားတော်ကို ပေးတဲ့အထိ ကျွန်တော်တို့ရဲ့ အသက်ကို တန်ဖိုးထားတယ်။ (ယော. ၃:၁၆) ယေဟောဝါဟာ အသက်ရဲ့ ပင်ရင်း ဖြစ်တယ်။ (ဆာ. ၃၆:၉) ဒါကို တမန်တော် ပေါလု ဒီလိုအသိအမှတ်ပြု ပြောခဲ့တယ်– “ဘုရားသခင်ကြောင့်သာ ကျွန်တော်တို့ ဖြစ်တည်နေတာ၊ အသက်ရှင်ပြီး သွားလာလှုပ်ရှားနေတာပါ။” (တ. ၁၇:၂၅၊ ၂၈) မှန်ပါတယ်၊ အသက်ဟာ ဘုရားဆီက ဆုလက်ဆောင်ပါ။ အသက်ရှင်ဖို့ လိုအပ်တာ မှန်သမျှ ဘုရား မေတ္တာပါပါ ပြင်ဆင်ပေးထားတယ်။ (တ. ၁၄:၁၅-၁၇) ဒါပေမဲ့ အသက်ဆက်ရှင်နိုင်ဖို့ အံ့ဖွယ်နည်းနဲ့တော့ လုပ်မပေးဘူး။ အဲဒီအစား ကျန်းကျန်းမာမာ ဘုရားအမှုဆောင်နိုင်အောင် ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားဖို့ ဘုရား မျှော်လင့်တယ်။ w23.02 ၂၀ ¶၁-၂
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာ ၃၀
ငါပြောသမျှစကားတွေကို စာစောင်ထဲမှာ ရေးမှတ်ထားပါ။—ယေ. ၃၀:၂။
ကျမ်းစာ ပေးထားလို့ ယေဟောဝါဘုရားကို ကျေးဇူးတင်စရာပါပဲ။ ဒီနေ့ခေတ် ပြဿနာတွေကို အောင်အောင်မြင်မြင် ဖြေရှင်းဖို့ ကူညီပေးနိုင်တဲ့ ပညာရှိ အကြံဉာဏ်တွေ ကျမ်းစာကတစ်ဆင့် ဘုရား ပေးထားတယ်။ သိပ်ကောင်းတဲ့ အနာဂတ် မျှော်လင့်ချက်လည်း ပေးထားတယ်။ အရေးကြီးဆုံးကတော့ မိမိရဲ့ အရည်အသွေးများစွာကို ဖော်ပြထားတယ်။ ဘုရားရဲ့ အရည်အသွေးတွေကို ကျွန်တော်တို့ စဉ်းစားတဲ့အခါ စိတ်ထိမိပြီး ဘုရားနဲ့ ပိုရင်းနှီးချင်လာကြတယ်။ (ဆာ. ၂၅:၁၄) ယေဟောဝါက မိမိအကြောင်း လူတွေကို သိစေချင်တယ်။ အရင်တုန်းက အိပ်မက်၊ စိတ်အာရုံ၊ ကောင်းကင်တမန်တွေကတစ်ဆင့် လူတွေနဲ့ ဆက်သွယ်တယ်။ (တော. ၁၂:၆။ တ. ၁၀:၃၊ ၄) ဒါပေမဲ့ အဲဒါတွေကိုသာ မှတ်တမ်း တင်မထားရင် ကျွန်တော်တို့ ဘယ်သိနိုင်မလဲ။ ဒါကြောင့် ဘုရားက ကျွန်တော်တို့ကို သိစေချင်တာတွေ “စာစောင်ထဲမှာ ရေးမှတ်” စေခဲ့တာ။ (ယေ. ၃၀:၂) “စစ်မှန်တဲ့ ဘုရားသခင်ရဲ့ လမ်းစဉ်ဟာ ပြည့်ဝစုံလင်” တဲ့အတွက် ကျွန်တော်တို့ကို ဆက်သွယ်ဖို့ သုံးတဲ့ ဒီနည်းလမ်းဟာ အကောင်းဆုံး၊ အကျိုးရှိဆုံးနည်း ဖြစ်မယ်ဆိုတာ စိတ်ချနိုင်ပါတယ်။—ဆာ. ၁၈:၃၀။ w23.02 ၂ ¶၁-၂
ကြာသပတေးနေ့၊ အောက်တိုဘာ ၃၁
ရယူခြင်းထက် ပေးကမ်းခြင်းက ပိုပျော်ရွှင်စေတယ်။—တ. ၂၀:၃၅။
အကျိုးရှိတဲ့ ပန်းတိုင်တွေ ချမှတ်ပါ။ ယုံကြည်ခြင်း ခိုင်မာစေမယ့်၊ ပိုရင့်ကျက်တဲ့ ခရစ်ယာန် ဖြစ်အောင် ကူညီပေးမယ့် ပန်းတိုင်တွေ ချမှတ်ပါ။ (ဧ. ၃:၁၆) ဥပမာ၊ ကိုယ်ပိုင်လေ့လာမှု၊ ကျမ်းစာ ဖတ်တဲ့ အလေ့အထ တိုးတက်အောင် လုပ်ဖို့ ဆုံးဖြတ်နိုင်တယ်။ (ဆာ. ၁:၂၊ ၃) ခဏခဏ ဆုတောင်းဖို့၊ ပိုအဓိပ္ပာယ်ရှိရှိ ဆုတောင်းတတ်ဖို့၊ ဖျော်ဖြေမှု ရွေးချယ်ရာမှာ၊ အချိန် အသုံးပြုရာမှာ ပိုချုပ်တည်းဖို့ ကြိုးစားနိုင်တယ်။ (ဧ. ၅:၁၅၊ ၁၆) တခြားသူတွေကို ကူညီပေးခြင်းကလည်း ပိုရင့်ကျက်လာစေနိုင်တယ်။ ဥပမာ၊ အသင်းတော်မှာ ရှိတဲ့ အသက်ကြီးသူ၊ မသန်စွမ်းသူတွေကို ကူညီဖို့ ပန်းတိုင်ထားနိုင်တယ်။ သူတို့အတွက် ဝေယျာဝိစ္စတွေ လုပ်ပေးနိုင်တယ်။ အီလက်ထရောနစ် ကိရိယာတွေ သုံးတတ်ဖို့ ကူညီပေးနိုင်တယ်။ နိုင်ငံတော် သတင်းကောင်း ဟောပြောခြင်းအားဖြင့် အသင်းတော် ပြင်ပက လူတွေကိုလည်း မေတ္တာ ပြနိုင်တယ်။ (မ. ၉:၃၆၊ ၃၇) ဖြစ်နိုင်မယ်ဆိုရင် အချိန်ပြည့် အမှုဆောင်လုပ်ငန်း အသွင်တချို့မှာ ပါဝင်ဖို့ ပန်းတိုင်ထားပါ။ w22.08 ၆ ¶၁၆-၁၇