ဟောပြောရာတွင် သင့်အား အထောက်အကူပြုသော အရာများ
တ ပည့်တော်များအား သွား၍ ဟောပြောပါဟု မိန့်မှာချိန်တွင် ဘာကိုလုပ်ဆောင်ရန် ကိုယ်တော်ညွှန်ကြားနေသည်ကို သူတို့အဓိပ္ပာယ်ပြည့်ပြည့်ဝဝ နားလည်ခဲ့ပုံမရပေ။ (မဿဲ ၁၀:၇) သို့သော်လည်း နာခံမှုရှိစွာနှင့် ကိုယ်တော်၏ ပုံသက်သေကို လိုက်လျက် ‘တစ်မြို့မှတစ်မြို့၊ တစ်ရွာမှတစ်ရွာ သွား၍ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဟောပြောကြေညာ’ ကြ၏။ (လုကာ ၈:၁) ဤကား ဟောပြောခြင်းအားထုတ်မှု၏ သေးငယ်သော အစပင်တည်း။ ယင်းဟောပြောခြင်း အားထုတ်မှုသည် နိုင်ငံတော်သတင်းကောင်းကို ကမ္ဘာသူကမ္ဘာသားများ အာရုံပြုလာနိုင်သည်အထိ တိုးတက်ကျယ်ပြန့်လာခဲ့သည်။
ခရစ်ယာန်အသင်းတော်၏ စောစောပိုင်းကာလများ၌ နှုတ်ဖြင့်သာ အဓိကထား၍ ဟောပြောခဲ့ကြသည်။ ခရစ်တော်၏ တပည့်တော်များသည် နားထောင်သူ မှန်သမျှအား ဟောပြော၏။ “ဗိမာန်တော်၌လည်းကောင်း၊ အိမ်၌လည်းကောင်း နေ့တိုင်းအစဉ် ဆုံးမသွန်သင်လျက် ယေရှုသည် ခရစ်တော်ဖြစ်၏ဟူ၍ ဧဝံဂေလိတရားကို မပြတ်ဟောပြောလျက်နေကြ၏။”—တမန်တော် ၅:၄၂။
သူတို့ နိမိတ်လက္ခဏာများ ပြနိုင်အောင် ဘုရားသခင်အခွင့်ပေးခဲ့သည်မှာ ထင်ရှားသည်။ (တမန်တော် ၁၄:၃) လူအများသည် ကိုယ်ကာယအနာရောဂါ ပျောက်ကင်းပြီးနောက် ဝိညာဏအနာရောဂါ ပျောက်ကင်းချမ်းသာမှုနှင့် ဆိုင်သော တရားတော်ကို ကြားနာရန် ဆက်၍နေရစ်ခဲ့ကြသည်။ အကျိုးရလဒ်ကား “အရှင်ဘုရားအား ယုံကြည်သူ ယောက်ျားမိန်းမအများတို့ ထပ်ဝင်ကြ၏။”—တမန်တော် ၅:၁၄-၁၆၊ သမာကျမ်း။
ယနေ့ သတင်းကောင်း ဖြန့်ဝေခြင်း
တမန်တော်များ ကွယ်လွန်ခြင်းနှင့်အတူ အနာရောဂါပျောက်ကင်းစေခြင်းနှင့် ဘာသာစကားအမျိုးမျိုးပြောခြင်း ဆုကျေးဇူးတော်သည် ချုပ်ငြိမ်းသွားသည်။ သို့သော် တပည့်တော်များအား ယေရှုပေးခဲ့သော လုပ်ငန်းတာဝန်ကို တစ်စုံတစ်ရာ ပြောင်းလဲသွားစေခဲ့ပါသလော။ မပြောင်းလဲစေခဲ့ပါ။ “လူမျိုးအပေါင်းတို့အား တပည့်ဖြစ်စေ” ရန် သူတို့အား ကိုယ်တော်မိန့်မှာတော်မူခဲ့သည်။ သူတို့ ဤသို့ပြုလုပ်နေစဉ် ကိုယ်တော်သည် သူတို့နှင့်အတူ ‘ဤစနစ်၏ဆုံးခန်းတိုင်အောင် နေ့စဉ်မပြတ်’ ရှိတော်မူမည်။ (မဿဲ ၂၈:၁၉၊ ၂၀) ယနေ့ ကျွန်ုပ်တို့သည် ဤစနစ်၏ဆုံးခန်းကာလပိုင်းတွင် အသက်ရှင်နေကြောင်း ကျမ်းစာသာဓကများက ရှင်းလင်းစွာပြဆိုနေသည်။ တပည့်ဖြစ်စေခြင်းလုပ်ငန်းတော်တွင် တပည့်တော်တို့နှင့် အတူရှိမည်ဟူသော ကတိတော်အတိုင်း ယေရှုတည်ခဲ့သလော။ သာဓကများက ဟုတ်ကဲ့ဟု ဖြေဆိုထားသည်။
ကမ္ဘာသူကမ္ဘာသား သန်းထောင်ပေါင်းများအား နှုတ်နှင့်သာဟောပြောရမည်ဆိုလျှင် လူသားအနေနှင့် မတတ်နိုင်သောအလုပ်ဖြစ်ပေမည်။ သို့ဖြစ်သောကြောင့် လူတို့နေအိမ်၌ ဖတ်နိုင်အောင် သမ္မာကျမ်းစာစာပေများ အသွင်ဖြင့် ပံ့ပိုးပေးသည့်အရာများကို ထုတ်ဝေလာခဲ့သည်။ ဥပမာအားဖြင့် ၁၈၇၉ ခုနှစ်တွင် သမ္မာကျမ်းစာကို စိတ်ပါလက်ပါ လေ့လာဆည်းပူးသော ကျောင်းသားတစ်စုက အခြားသူတို့ထံ ဘုရားသခင့်နိုင်ငံတော်သတင်းတရား ရောက်ရှိစေလိုသောဆန္ဒဖြင့် ယခုအခါ ကင်းမျှော်စင်ဟူ၍ ကျော်ကြားသော သမ္မာကျမ်းစာ မဂ္ဂဇင်းနှင့် သမ္မာကျမ်းစာအကြောင်းအရာပါရှိသော ဝေစာများကဲ့သို့သော စာအုပ်စာတမ်းများကို စတင်ထုတ်လုပ်ခဲ့သည်။ အစ၌ စီးပွားရေးပုံနှိပ်တိုက်များ၌ ရိုက်နှိပ်ခဲ့သည်။ ၁၉၂၀ ခုနှစ်အရောက်တွင် ငှားထားသော အဆောက်အဦးတစ်ခု၌ ကိုယ်ပိုင်ပုံနှိပ်တိုက် တည်ထောင်နိုင်ခဲ့ပြီး ၁၉၂၇ ခုနှစ်အရောက်တွင် သမ္မာကျမ်းစာအုပ်၊ စာအုပ်ကြီး၊ စာအုပ်ငယ်၊ မဂ္ဂဇင်းနှင့် ဝေစာများကို ပုံနှိပ်ရန် ကိုယ်ပိုင်စက်ရုံတည်ဆောက်ခဲ့သည်။ ယင်းစာအုပ်စာတမ်းများကို တပည့်တော်တို့အား ယေရှုပေးအပ်တော်မူသည့် လုပ်ငန်းတော်ကို ထမ်းဆောင်ရာတွင် အကူအညီပေးလိုသူ မည်သူမဆို အသုံးပြုနိုင်ရန် ရည်ရွယ်ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။
ဤပုံနှိပ်လုပ်ငန်း အောင်မြင်မည်မဟုတ်ဟု ပြောခဲ့သော အတိုက်အခံများကို ကြောက်ရွံ့ခြင်းမရှိဘဲ ကင်းမျှော်စင်အသင်းသည် ကမ္ဘာတစ်ဝှမ်းတွင် ပုံနှိပ်စက်ရုံကြီးများ တည်ဆောက်လည်ပတ်လျက်ရှိသည်။ လွန်ခဲ့သော နှစ်တစ်နှစ်တည်း၌ သမ္မာကျမ်းစာအုပ်၊ စာအုပ် ကြီးနှင့် စာအုပ်ငယ်ပေါင်း ၆၃၀၀၀၀၀၀ ကျော်နှင့် မဂ္ဂဇင်း ၅၈၂၀၀၀၀၀၀ ကျော်ကို ဘာသာစကား ၂၀၀ ကျော်နှင့် ပုံနှိပ်ထုတ်လုပ်ခဲ့သည်။
သူတို့ထုတ်ဝေဖြန့်ချီခဲ့သည့် စာအုပ်စာတမ်းများသည် လူတို့၏ ဝိညာဏလိုအပ်ရာများကို ဖြည့်စွက်ရာတွင် တန်ဖိုးမဖြတ်နိုင်အောင် ဖြစ်ခဲ့သည်။ သီးသန့်အမြင်သဘောနှင့် သီးသန့်ယုံကြည်ချက်ရှိသူများအတွက် အထူးရည်ရွယ်၍ စာအုပ်ကြီးများကို ပုံနှိပ်ထုတ်ဝေလာခဲ့သည်။ ကျွန်ုပ်တို့၏ကျမ်းစာပုံပြင်စာအုပ် နှင့် လူငယ့်ဘဝအနှစ်သာရများကို လူငယ်သန်းပေါင်းများစွာက တန်ဖိုးထားခဲ့ကြသည်။ သင့်မိသားစုဘဝကို ရွှင်လန်းစေခြင်းသည် မိသားစုနှောင်ကြိုးကို ခိုင်မြဲစေရာတွင်လည်းကောင်း၊ လင်နှင့်မယားတစ်ဦးကိုတစ်ဦး ကြီးမားသောမေတ္တာပြရန် သွန်သင်ပေးရာတွင်လည်းကောင်း အဖိုးတန်လှသောအရာဖြစ်ခဲ့သည်။ သမ္မာတရားကို ကိုယ်ပိုင်ရတနာဖြစ်အောင်ပြုလုပ်လိုသော ဆန္ဒရှိသော လူသစ်များအဖို့ အထောက်အကူပြုသောအရာတစ်ခုမှာ စစ်မှန်သော ဘုရားသခင့်ဝတ်ပြုရေးတွင် တစ်စည်းတစ်လုံးတည်း စာအုပ်ဖြစ်သည်။ ဤစာအုပ်ကို ဖတ်ရှုသော ပုဂ္ဂိုလ်များအနေဖြင့် ယင်းစာအုပ်သည် ဘုရားသခင်နှင့် မိမိတို့၏ ဆက်ဆံရေးကို လေးလေးနက်နက် စဉ်းစားတွေးတောရန် စီစဉ်ရေးသားထားသည်ကို တွေ့ရကြသည်။
“အပြာရောင်အမြောက်ဆန်” ဟု မကြာမကြာ ရည်ညွှန်းခံရသော စာအုပ်၊ ထာဝရအသက်သို့ပို့ဆောင်သောသမ္မာတရားမှာ သန်းပေါင်းများစွာသော လူတို့၏အသက်တာအပေါ် ထူးခြားသော အကျိုးအာနိသင်သက်ရောက်ခဲ့သည်။ ဤစာအုပ်မှ သိရှိလာသော သမ္မာကျမ်းစာ သမ္မာတရား၏ အကျိုးအနေနှင့် ဘုရားသခင်အား ဝတ်ပြုလာရန် မည်မျှစေ့ဆော်ခံရဦးမည်ကို ကား စောင့်ကြည့်ရဦးမည်။
ယခုပစ္စက္ခအချိန်၌ ယေရှု၏ညွှန်ကြားမှုအောက်တွင် သတင်းကောင်းဟောပြောခြင်းလုပ်ဆောင်နေသူတို့သည် သင်သည်ကမ္ဘာ့ပရဒိသုတွင် ထာဝစဉ်အသက်ရှင်နိုင်သည် ဟူသောစာအုပ်ဖြင့် ပံ့ပိုးခြင်းခံနေရသည်။ ဤစာအုပ်ဖြင့် သန်းပေါင်းများစွာသောသူများနှင့် သမ္မာကျမ်းစာသင်တန်းများ ကျင်းပနေကြပြီး ယင်းတို့အနက်မှ များစွာသောသူတို့သည် သူတို့၏ဘဝအသက်တာကို သမ္မာကျမ်းစာစံချိန်နှင့် ကိုက်ညီလာအောင် ပြုပြင်ပြောင်းလဲနေကြသည်။
ဥပမာအနေနှင့် နယူးယောက်ပြည်နယ်မှ ၆၈ နှစ်ရှိလူကြီးတစ်ယောက်သည် ကော်လိုရာဒိုပြည်နယ်မှ ညီဖြစ်သူနှင့် ဆက်သွယ်မိခဲ့သည်။ ညီဖြစ်သူက သူဖတ်ရန် ကင်းမျှော်စင် စာအုပ်စာတမ်းများ ပို့ပေးသည်။ သူသည် ပို့ပေးသမျှ စာအုပ်များကို မဖင့်မနွှဲဘဲ ချက်ခြင်းဖတ်ပြီး သူ့အိမ်သို့ သက်သေခံရောက်လာသောအခါ ထာဝစဉ်အသက်ရှင် စာအုပ်နှင့် ဝမ်းမြောက်စွာ စတင်လေ့လာခဲ့သည်။ သူ့ဘဝတစ်သက်တာတွင် အဖိုးတန်သမိုင်းဝင် သေနတ်များကို စုဆောင်းလာခဲ့သော်လည်း ယေဟောဝါအား ဝတ်ပြုသူတို့သည် စစ်သင်တန်းလုံးဝမတက်ကြောင်း ဖတ်မိသောအခါ၌ သူသည်သူ့သေနတ်များကို အကြီးအကျယ်အရှုံးခံပြီး ချက်ခြင်းပင်ရောင်းထုတ်လိုက်သည်။ (ဟေရှာယ ၂:၄) ထိုမျှမက၊ ဆေးလိပ်ကို ၅၃ နှစ်ကြာစွဲစွဲလန်းလန်း သောက်လာခဲ့ပြီးနောက် ဆေးလိပ်သောက်ခြင်းသည် ယေဟောဝါစိတ်တော်နှင့်မတွေ့ကြောင်း ဖတ်မိသည်နှင့် မဆိုင်းမတွပင် ဖြတ်ပစ်လိုက်သည်။ (၂ ကောရိန္သု ၇:၁) သတင်းကောင်းကို သူတစ်ပါးအား ဝေမျှပေးရမည်ဖြစ်ကြောင်း သိမြင်လာသောအခါ သား၊ ချွေးမနှင့် မြေးတို့ကို ပြောပြမည်ဟု ရည်ရွယ်ပြီး သူတို့ထံသွားရန် တုန်တုန်ရီရီနှင့် ပြင်ဆင်သည်။ ဧည့်သည်အိပ်ခန်းအတွင်း ဝင်လိုက်သည်နှင့် စားပွဲပေါ်တွင် ထာဝရအသက်ရှင် စာအုပ်တစ်အုပ်တင်ထားသည်ကို တွေ့ရသဖြင့် ကျေနပ်အားရမိသည်။ ချွေးမဖြစ်သူသည် ယင်းကိုလေ့လာသင်အံနေသော်လည်း ဤအကြောင်းကို သူ့အားမည်သို့ထုတ်ဖေါ်ပြောပြရမည်ကို မသေမချာဖြစ်နေခဲ့သည်။
စပိန်နိုင်ငံ၌ ယေဟောဝါသက်သေများ၏ စည်းဝေးခန်းမတစ်ဆောင်ကို ကာသိုလိပ်ဘုရားကျောင်းနှင့် ကပ်လျက်ဆောက်ထားသည်။ ဘုန်းကြီးဖြစ်သူက အလွန်စိတ်ဆိုးသည်။ ဤနေရာတွင် သက်သေခံများ စည်းဝေးခန်းမဆောက်လုပ်မည်မှန်းသိခဲ့လျှင် ထိုနေရာကိုမသုံးနိုင်အောင် ထိုမြေကွက်ကို သူဝယ်ခဲ့ပေမည်ဟုပြောသည်။ ဤနိုင်ငံတော်ခန်းမ၌ ထာဝစဉ်အသက်ရှင်စာအုပ်ပြသထားသော ပြတင်းပေါက်တစ်ပေါက်ရှိသည်။ အသင်းသားတစ်ယောက်က နေ့စဉ်တစ်မျက်နှာ လှန်ပေးသည်။ မြို့လူထုကလာ၍ ဖွင့်ထားသော စာမျက်နှာအသစ်ကို ဖတ်ကြသည်။ အကျိုးရလဒ်မှာ လူအများစိတ်ဝင်စားမှု ပြသလာကြပြီး ကျမ်းစာသင်အံမှုများ စနိုင်ခဲ့ခြင်းဖြစ်သည်။ မှန်ပေသည်။ထိုစာအုပ်မှာ အသံတိတ်ဆိတ်သော်လည်း ထိရောက်သောသက်သေဖြစ်ခဲ့လေသည်။
သတင်းကောင်းဖြန့်ချီရာတွင် မဂ္ဂဇင်း၏ကဏ္ဍ
ပထမဦးဆုံးထုတ် ကင်းမျှော်စင်ကို ၁၈၇၉ ခုနှစ်တွင် ထုတ်ဝေစဉ်က စောင်ရေ ၆၀၀၀ သာပုံနှိပ်ခဲ့သည်။ သို့ပင်ငြားလည်း ယင်းတို့ကို ဖတ်ရှုသော အုပ်စုငယ်လေးသည် ပါရှိသောအကြောင်းများကို အခြားသူတို့အား အားတက်သရော ပြောပြကြသည်။ ယနေ့ ၃၅၀၀၀၀၀ ကျော်သော ယေဟောဝါသက်သေတို့သည် တစ်ကြိမ်လျှင် စောင်ရေ ၁၃၀၀၀၀၀၀ ကိုအသုံးပြု၍ လူသားတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်အဖြစ် ဘုရားသခင့်နိုင်ငံတော်ကို ကြေညာနေကြသည်။
ဤမဂ္ဂဇင်းသည် ကျမ်းစာအကြောင်းအရာအမျိုးမျိုးကို ရှင်းလင်းဖေါ်ပြရာတွင် အကြီးအကျယ်အထောက်အကူပေးခဲ့သည်။ ကင်းမျှော်စင်တွင် အခန်းဆက်အဖြစ်ဆက်တိုက်ပါဝင်လာသောအကြောင်းမှာ ယေရှု၏ဘဝနှင့်ဓမ္မအမှုဖြစ်သည်။ယင်းကသန်းပေါင်းများစွာကို အရေးပါသော ခရစ်ဝင်ကျမ်းများ၏ မှတ်တမ်းများကို မြင်ယောင်စေကာ ပိုနားလည်စေသည်။
ကင်းမျှော်စင်နှင့်နိုးလော့တွင် လူငယ်များ၏နှလုံးကို ထိမိရန် အထူးကဏ္ဍများဖေါ်ပြပေးသည်။ “ဘုရားသခင့်နှုတ်ကပတ်တော်သည် အသက်ပါ၏” ဟူသော အခန်းဆက်ဆောင်းပါးများသည် အခြေခံမူများစွာအကြောင်း သင်ကြားပေးပြီး လူတို့၏စိတ်ထဲ၌ အမြစ်တွယ်နေသော ပြဿနာများကိုလည်း ရှင်းပစ်ခဲ့သည်။ “လူငယ်များမေးကြသည်မှာ. . . ” တကယ့်ဘဝပြဿနာများအကြောင်းကို ဖေါ်ပြပြီးလျှင် ဒုက္ခများမြောင်လှသော ဤခေတ်ကာလကြီးတွင်ရှိသော လူငယ်များ၏ စဉ်းစားတွေးတောခြင်းနှင့် ပြုမူကျင့်ကြံခြင်းတို့ကို ထိန်းကျောင်းပေးရန် ကျမ်းစာပေါ်မူတည်သော လက်တွေ့ကျသည့်အဖြေများပေးထားသည်။ ယေဟောဝါသက်သေများ မဂ္ဂဇင်းဝေငှရာတွင် ဤဆောင်းပါးများကို တင်ပြသောအခါ လူထု၏ တုံ့ပြန်မှုမှာ အထူးအားရစရာကောင်းသည်။
သို့သော် အထူးအကြောင်းအရာနှင့်ပတ်သက်သော ဤဆောင်းပါးများအပြင် ကင်းမျှော်စင်၏ တကယ့်အဆီအနှစ်မှာ အဓိကဆောင်းပါးများပင်ဖြစ်သည်။ ယင်းဆောင်းပါးများသည် စစ်မှန်သော ခရစ်ယာန်အားလုံး၏ယုံကြည်ခြင်းနှင့် ခံယူချက်ကို ခိုင်ခံ့စေသည်။ ကျမ်းစာပေါ်အခြေခံသည့် ဤဆောင်းပါးတို့သည် ဤစနစ်၏အဆုံးနီးကပ်နေကြောင်း ခိုင်လုံသောသက်သေတင်ပြပေးသည်။ သမ္မာကျမ်းစာ ပရောဖက်ပြုချက်များ ပြည့်စုံခြင်းအကြောင်း ဆွေးနွေးသည်။ အချိန်ကာလကို ထောက်၍ ခရစ်ယာန်များမည်သို့အသက်ရှင်သင့်ကြောင်းနှင့်စပ်လျဉ်းသော စိတ်နှလုံးထိမိသည့် ဩဝါဒများကို ပေးသည်။ ဤဗဟုသုတတို့နှင့် ပြည့်ဝလျက် ခရစ်ယာန်တို့သည် လေ့လာဆည်းပူးခဲ့သမျှကို ဟောပြောခြင်းလုပ်ငန်းတွင် အသုံးချရန် စိတ်ဆုံးဖြတ်ထားကြသည်။
ဤစနစ်ကုန်ဆုံးခြင်း မတိုင်မီ ဤဟောပြောခြင်းလုပ်ငန်း မည်မျှကြာကြာ ဆက်၍လုပ်ဆောင်သွားရမည်ကို ကျွန်ုပ်တို့မသိပါ။ သို့တစေ ယေဟောဝါသက်သေများ ပုံနှိပ်ဖြန့်ချီသောစာပေစာတမ်းများသည် ခေါင်းဆောင်ယေရှုပေးအပ်သည့် တာဝန်ကို ဆက်၍ထမ်းဆောင်နေသော ခရစ်ယာန်များအဖို့ များစွာပံ့ပိုးကူညီပေးသွားမည်ကား မြေကြီးလက်ခတ်မလွဲပေ။