အသင်းတော်တို့အား ဝိညာဉ်တော် ဆင့်ဆိုရာကို ကြားနာပါ
စာမျက်နှာ ၁၀ မှ ၂၁ ပါအကြောင်းအရာများသည် ၁၉၈၈ ခုနှစ်အတွင်း ယေဟောဝါသက်သေများ၏ မြင့်မြတ်သော တရားမျှတခြင်း ခရိုင်စည်းဝေးကြီးများ၌ “ခန့်အပ်ချိန်နီးပြီ” ခေါင်းစဉ်ရှိ အခန်းဆက်ဟောပြောချက်များတွင် တင်ပြခဲ့သောအကြောင်းအရာဖြစ်သည်။
“အသင်းတော်တို့အား ဝိညာဉ်တော်ဆင့်ဆိုရာကို နားရှိသူ ကြားနာစေ။”—ဗျာဒိတ် ၃:၂၂၊ သမာကျမ်း။
၁။ ရွှင်လန်းခြင်းမရှိသော ဤခေတ်ကြီး၌ ဗျာဒိတ်ကျမ်းမှ အဘယ်စကားများသည် သတင်းကောင်းဖြစ်သနည်း။ ထိုတွင်ပါရှိသော ‘ပရောဖက်ပြုချက်’ နှင့် ‘ချိန်းချက်သောအချိန်’ တို့က ဘာကိုရည်ညွှန်းကြသနည်း။
နှစ်များမကြာမီက အမေရိကန်ပြည်ထောင်စုမှ လူမှုရေးပညာရှင်တစ်ဦးက ယင်းနိုင်ငံမှ ပြည်သူတို့သည် အလွန်လွတ်လပ်ကြသော်လည်း ရွှင်လန်းမှုနည်းပါးသည်ဟု ဝေဖန်ပြောကြားခဲ့သည်။ လူတို့သည် “ရွှင်လန်းမှုကိုရှာမတွေ့နိုင်ကြောင်း သိမြင်လာကြသည်။ မိမိတို့အတွက်မိမိတို့ တည်ဆောက်မည်ဟု ကတိပေးခဲ့သော ပရဒိသုဘုံမှာလည်း စင်စစ်အားဖြင့် အချည်းနှီးသက်သက်သာဖြစ်သည်” ဟူ၍ ထပ်လောင်းပြောဆိုခဲ့သည်။ ဤအချက်ကိုထောက်လျှင် ဗျာဒိတ် ၁:၃ မှတမန်တော်ယောဟန်၏စကားသည် သတင်းကောင်းဖြစ်ပေသည်။ ရွှင်လန်းမှု တွေ့နိုင်သောနည်းကို သူပြောပြထား၍ဖြစ်သည်။ ယောဟန်ဤသို့ရေးသားခဲ့၏။ “[ချိန်းချက်သော] အချိန်ရောက်လုနီးပြီဖြစ်၍ ဤပရောဖက်စကားများကို ဖတ်ရွတ်သောသူ၌လည်းကောင်း၊ ကြားနာ၍ ရေးထားသောအရာများကို စောင့်ရှောက်သောသူတို့၌လည်းကောင်း မင်္ဂလာ [ရွှင်လန်းခြင်း] ရှိ၏။” (သမ္မာကျမ်းစာတော်) သူရည်ညွှန်းနေသော ‘ပရောဖက်ပြုချက်’ မှာ ဗျာဒိတ်ကျမ်းစောင်တွင် မှတ်တမ်းတင်ထားရာဖြစ်သည်။ ‘ချိန်းချက်သောအချိန်’ ကား ဤဗျာဒိတ်ကျမ်း ပရောဖက်ပြုချက် ပြည့်စုံရမည့်အချိန်ဖြစ်သည်။ ယောဟန်၏စကားများ၌ ယနေ့ ကျွန်ုပ်တို့အဖို့လေးနက်သော အနှစ်သာရပါရှိသည်။
၂။ ပထမရာစုနှစ် ကုန်ဆုံးလုနီးလာသည်နှင့်အမျှ ယောဟန်အနေဖြင့် ဘာကိုသိမြင်လိုစိတ် ပြင်းပြခဲ့မည်နည်း။
၂ ဗျာဒိတ်ကျမ်းကို မရေးသားမီ အနှစ် ၆၀ ကျော်က ယောဟန်သည် ဘိသိက်ခံခရစ်ယာန်အသင်းတော်တည်ထောင်စဉ် ပင်တေကုတ္တေပွဲနေ့တွင် ရှိနေခဲ့သည်။ ယခု စီအီး ၉၆ ခုနှစ်အရောက်တွင် ထိုအသင်းတော်သည် မူလအသင်းသား ၁၂၀ ရှိရာမှ ကြီးမားသော နိုင်ငံတကာအဖွဲ့အစည်းဖြစ်လာလေသည်။ သို့သော် ပြဿနာများလည်း ပေါ်လာခဲ့သည်။ ယေရှု၊ ပေါလု နှင့် ပေတရုတို့ သတိပေးခဲ့သည့်အတိုင်း အယူဖောက်ပြန်မှုများနှင့် သင်းကွဲမှုများ စ၍ပေါ်ပေါက်လာရာ ယောဟန်အနေဖြင့် အနာဂတ် မည်သို့ဖြစ်လာမည်ကို သိမြင်လိုစိတ် ပြင်းပြခဲ့ပေမည်။—မဿဲ ၁၃:၂၄-၃၀၊ ၃၆-၄၃။ တမန်တော် ၂၀:၂၉၊ ၃၀။ ၂ ပေတရု ၂:၁-၃။
၃။ ယောဟန်တွေ့မြင်၍ ဗျာဒိတ်ကျမ်းတွင် မှတ်တမ်းတင်ထားသော ရူပါရုံများသည် အဘယ်အရာအတွက် အာမခံချက်ဖြစ်သနည်း။
၃ “ကာလမကြာမီဖြစ်ရမည့် အမှုအရာများကို ယေရှုခရစ်သည် မိမိအစေခံကျွန်တို့အား ပြစေခြင်းငှာ ဘုရားသခင်အပ်ပေးတော်မူသော ထိုသခင်၏ဗျာဒိတ်တော်” ရရှိသောအခါ သူမည်မျှရွှင်လန်းခဲ့မည်ကို တွေးကြည့်ပါ။ (ဗျာဒိတ် ၁:၁) ကြီးကျယ်ခမ်းနား၊ များပြားလှသော ဗျာဒိတ်ရူပါရုံအစဉ်လိုက်မြင်ခဲ့ရာ ယေဟောဝါ၏ရည်ရွယ်တော်မူချက်များ အမှန်ပြည့်စုံမည်အကြောင်း၊ သစ္စာရှိခရစ်ယာန်များ၏ ခံနိုင်ရည်သည် အံ့ချီးဖွယ်ဆုချခြင်း ခံရမည်အကြောင်း ယောဟန်ထိုတွင်မြင်တွေ့ခဲ့သည်။ အသင်းတော်ခုနစ်ပါးအတွက် ယေရှုထံမှသတင်းတရားတော်ကိုလည်း လက်ခံရရှိခဲ့သည်။ စင်စစ်၌ ယင်းတို့မှာ နိုင်ငံတော်ဘုန်းတန်ခိုးနှင့် ယေရှုမကြွလာမီ ခရစ်ယာန်တို့အား နောက်ဆုံးအနေနှင့် ကိုယ်တော်တိုက်ရိုက်ပေးခဲ့သော သတင်းတရားဖြစ်ပေသည်။
အသင်းတော် ခုနစ်ပါး
၄။ (က) သစ္စာရှိ ခရစ်ယာန်အသင်းတော်တို့၏ တာဝန်ကား အဘယ်နည်း။ (ခ) ဘိသိက်ခံအကြီးအကဲများကို ခရစ်တော်၏လက်ယာတော်တွင်ရှိသော ကြယ်ခုနစ်လုံးအဖြစ် မြင်တွေ့ခဲ့သည့် အချက်က အဘယ်အဓိပ္ပာယ်ရှိသနည်း။
၄ ဤဘိသိက်ခံခရစ်ယာန်အသင်းတော် ခုနစ်ပါးကို မီးခုံခုနစ်ခုံဖြင့် ကိုယ်စားပြုထားပြီး ထိုတွင်ရှိသော ဘိသိက်ခံအကြီးအကဲတို့ကိုမူ ခရစ်တော်၏ လက်ယာလက်တော်တွင်ရှိသော ကြယ်ခုနစ်လုံးဖြင့် ကိုယ်စားပြုဖေါ်ပြထားသည်။ (ဗျာဒိတ် ၁:၁၂၊ ၁၆) ယောဟန်သည် ထင်ရှားပြတ်သားလှသော ဤပုံသဏ္ဌာန်အားဖြင့် သစ္စာရှိသော ခရစ်ယာန်အသင်းတော်အနေဖြင့် မှောင်မိုက်သော လောကကြီးအတွင်း၌ ထွန်းလင်းတောက်ပသော မီးခုံများကဲ့သို့ အလင်းဆောင်သူများဖြစ်ရကြမည်အကြောင်း မြင်တွေ့ခဲ့သည်။ (မဿဲ ၅:၁၄-၁၆) ထိုအကြီးအကဲများကို လက်ယာလက်တော်တွင် ယေရှုကိုင်ထားခြင်းက ထိုအကြီးအကဲများအား ကိုယ်တော်ဦးဆောင်လမ်းပြအုပ်ချုပ်နေကြောင်း တင်ပြသည်။
၅။ အသင်းတော်ခုနစ်ပါးထံ ပေးပို့သော သတင်းစကားသည် ယောဟန်လက်ထက်မှ မည်သူတို့အား ပေးခဲ့ခြင်းဖြစ်သနည်း။
၅ ယေရှုက ယောဟန်အား “သင်သည် မြင်သောအရာကို စာစောင်၌ ရေးထား၍ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိမြို့၌ ရှိသော အသင်းတော်ခုနစ်ပါးထံသို့ ပေးလိုက်လော့” ဟုမိန့်မှာတော်မူ၏။ (ဗျာဒိတ် ၁:၁၁) ဤအသင်းတော်တို့သည် ယောဟန်လက်ထက်၌ အမှန်တကယ်တည်ရှိခဲ့သည့်ပြင် ဗျာဒိတ်ကျမ်းကို ယောဟန်ရေးသားပြီးစီးစဉ်အချိန်၌ အသင်းတော်တစ်ခုစီအနေဖြင့် မိတ္တူတစ်စောင်စီ လက်ခံရရှိပြီးဖြစ်ကြောင်း ကျွန်ုပ်တို့စိတ်ချယုံကြည်နိုင်သည်။ သို့သော် ဗျာဒိတ်ကျမ်းနှင့်ပတ်သက်၍ ဟေစတင်းစ် (Hastings) ပြုစုသော Dictionary of the Bible ၌မည်သို့ဆိုထားသည်ကို ဂရုပြုမှတ်သားပါ။ “ဒုတိယရာစုနှစ်အတွင်း ဓမ္မသစ်ကျမ်းမှ [ဗျာဒိတ်ကျမ်းကဲ့သို့] သက်သေအထောက်အထားများပြားလှသည့် အခြားကျမ်းစောင်ရှားပါးလှသည်။” ယင်းအချက်က ဗျာဒိတ်ကျမ်းကို အသင်းတော်ခုနစ်ပါးရှိ ခရစ်ယာန်များသာမက အခြားလေ့လာလိုသူများလည်း ထိုပရောဖက်စကားများကို သိရှိဖတ်ရှုခဲ့ကြသည်ဟု ဆိုလိုသည်။ ယေရှု၏ ဩဝါဒစကားသည် ဘိသိက်ခံခရစ်ယာန်အားလုံးအတွက် မုချဖြစ်ပေသည်။
၆၊ ၇။ (က) ဗျာဒိတ်ကျမ်းစကားများသည် အဓိကအားဖြင့် မည်သည့်ကာလနှင့်သက်ဆိုင်သနည်း။ ယင်းကို အဘယ်သို့ သိရသနည်း။ (ခ) ယနေ့ မည်သူတို့ကို ကြယ်ခုနစ်လုံးနှင့် အသင်းတော်ခုနစ်ပါးက ကိုယ်စားပြုသနည်း။
၆ သို့သော် အသင်းတော်ခုနစ်ပါးထံပေးပို့သော ဤသတင်းစကားများသည် သာ၍ကျယ်ပြန့်သော သက်ဆိုင်မှုရှိပေသည်။ ဗျာဒိတ် ၁:၁၀ (NW) တွင်ယောဟန်က “ငါသည် ဝိညာဉ်တော်ခံရ၍ သခင်ဘုရားနေ့တွင် ရောက်ရှိနေသည်” ဟုဆို၏။ ဤကျမ်းချက်သည် ဗျာဒိတ်ကျမ်းကို နားလည်စေရန် ထောက်ကူသော အရေးကြီးသည့် အချက်ဖြစ်သည်။ ယင်းသည် ယေရှုရှင်ဘုရင်ဖြစ်လာသော ၁၉၁၄ ခုနှစ်တွင် အစပြုသည့် “သခင်ဘုရားနေ့” နှင့် အဓိကသက်ဆိုင်ကြောင်း ညွှန်ပြသည်။ ဤသို့နားလည်ခြင်းကို အသင်းတော်ခုနစ်ပါးထံယေရှုပေးပို့သော သတင်းစကားက အတည်ပြုသည်။ ထိုသတင်းစကားများ၌ “သင်ရှိရာသို့ငါသည်အလျင်အမြန်လာမည်” ဟူ၍ ပေရဂံအသင်းတော်အား ပြောခဲ့သည့်စကားကဲ့သို့သော အသုံးအနှုန်းများကို တွေ့ရသည်။ (ဗျာဒိတ် ၂:၁၆။ ၃:၃၊ ၁၁) စီအီး ၉၆ ခုနှစ်နောက်ပိုင်း ယေရှုသည် ရှင်ဘုရင်အဖြစ် နန်းတင်ခံရသော ၁၉၁၄ ခုနှစ်ကျမှ အနှစ်သာရပြည့်ဝသောနည်းဖြင့် “လာ” ခဲ့သည်။ (တမန်တော် ၁:၉-၁၁) ထိုနောက်မာလခိ ၃:၁ ကိုပြည့်စုံစေသည့်အနေနှင့် ၁၉၁၈ ခုနှစ်တွင် တဖန်ပြန် “လာ” ခဲ့သည်။ ထိုအခါ၌ ဘုရားသခင်၏ အိမ်ထောင်ကို ဦးစွာတရားစီရင်ရန် ယေဟောဝါ၏ဗိမာန်တော်သို့ ကိုယ်တော်ကြွလာတော်မူခဲ့သည်။ (၁ ပေတရု ၄:၁၇) မကြာမြင့်သောအနာဂတ်ကာလ၌ ကိုယ်တော်သည် “ဘုရားသခင်ကိုမသိသောသူ၊ ငါတို့သခင်ယေရှုနှင့်ဆိုင်သော သတင်းကောင်းကို နာမခံသောသူတို့ကို လက်စားချေတော်မူ” သောအခါ တစ်ဖန် ‘ကြွလာ’ တော်မူလတံ့။—၂ သက်သာလောနိတ် ၁:၇၊ ၈။ မဿဲ ၂၄:၄၂-၄၄။
၇ ဤအချက်ကို စိတ်စွဲလျက် အသင်းတော်ခုနစ်ပါးမှာ ၁၉၁၄ ခုနှစ်နှင့် နောက်ပိုင်းရှိ ဘိသိက်ခံခရစ်ယာန်အသင်းတော်အားလုံးကို ပုံဆောင်ကြောင်း၊ ကြယ်ခုနစ်လုံးမှာ ထိုအသင်းတော်များ၌ရှိသော ဘိသိက်ခံအကြီးအကဲများကို ကိုယ်စားပြုကြောင်း ကျွန်ုပ်တို့သိရသည်။ ထို့ပြင် “အခြားသိုးများ” မှ အကြီးအကဲများသည်လည်း ယေရှု၏လက်ယာလက်တော်၏ ကွပ်ကဲကြီးကြပ်မှုအောက်တွင်ရှိကြသည်။ (ယောဟန် ၁၀:၁၆) အသင်းတော်ခုနစ်ခုထံပို့သော ဩဝါဒသည် မြေကြီးမျှော်လင့်ချက်ရှိ ခရစ်ယာန်များဖြင့်ဖွဲ့ထားသော ယနေ့ကမ္ဘာတစ်ဝှန်းရှိ ဘုရားသခင့်လူမျိုးတော်ဆိုင်ရာ အသင်းတော်အားလုံးနှင့်လည်း မူအားဖြင့် အကြုံးဝင်သက်ဆိုင်ပေသည်။
၈။ ခရစ်ယာန်အမည်ခံယူထားသူတို့အား ၁၉၁၈ ခုနှစ်တွင် ယေရှုကြွလာစစ်ဆေးသောအခါ အဘယ်အခြေအနေကို တွေ့မြင်ခဲ့ရသနည်း။
၈ ၁၉၁၈ ခုနှစ်တွင် ခရစ်ယာန်အမည်ခံယူထားသူများကို စစ်ဆေးရန် ယေရှုကြွလာတော်မူသောအခါ ဘိသိက်ခံခရစ်ယာန်များသည် ထိုပရောဖက်ပြုစကားများအတိုင်း စောင့်ရှောက်ရန် အားထုတ်ကြိုးစားနေသည်ကို ကိုယ်တော်တွေ့မြင်တော်မူခဲ့ရသည်။ ၁၈၇၀ ပြည့်နှစ်များမှစ၍ ၁၉၁၄ ခုနှစ်၏ အရေးကြီးမှုအကြောင်းကို လူတို့အား သူတို့သတိပေးလာခဲ့သည်။ ပထမကမ္ဘာစစ်ကြီးအတွင်း ခရစ်ယာန်ဘောင်၏ လက်ခုပ်ထဲတွင် အလူးအလှိမ့်ခံစားခဲ့ရပြီး ၁၉၁၈ ခုနှစ်တွင် ကင်းမျှော်စင်အသင်း၏ ခေါင်းဆောင်ပိုင်းပုဂ္ဂိုလ်များ မတရားစွပ်စွဲချက်ဖြင့် ထောင်ချခံရသောအခါ သူတို့၏လုပ်ငန်းသည် ရပ်စဲသွားလုမတတ်ဖြစ်ခဲ့သည်။ သို့သော်လည်း ထိုအချိန်က သူတို့တွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်နှင့် ဗျာဒိတ်ကျမ်းမှ ပရောဖက်ပြုချက်များသည် အံ့သြဖွယ်ကောင်းလောက်အောင် တစ်ထပ်တည်းကိုက်ညီခဲ့သည်။ အသင်းတော်ခုနစ်ခုအား ယေရှုမိန့်တော်မူခဲ့သောစကားများကိုလိုက်နာရန် သူတို့သန္နိဌာန်ခိုင်ခိုင်မြဲမြဲချထားခြင်းက သူတို့သာလျှင် ဤမှောင်မိုက်လောကကြီးတွင် အလင်းဆောင်ခရစ်ယာန်များဖြစ်ကြောင်း ထင်ရှားပေါ်လွင်စေခဲ့သည်။ ယနေ့ ဤဘိသိက်ခံအကြွင်းအကျန်တို့သည် ယောဟန်အတန်းအစားအဖြစ် ဖွဲ့စည်းထားပြီး ဗျာဒိတ်ကျမ်းမှ အပိုင်းများစွာ ပြည့်စုံသည်ကို မြင်တွေ့ရန်၊ ကိုယ်တိုင်ပါဝင်ရန် အသက်ရှင်နေကြသည်။
ဩဝါဒနှင့် ချီးမွမ်းခြင်း
၉၊ ၁၀။ ယေရှု၏ အဘယ်စကား ပြည့်စုံခြင်းက မျက်မှောက်ခေတ် ခရစ်ယာန်များအတွက် အကြီးအကျယ်ရွှင်လန်းစရာ ဖြစ်စေခဲ့သနည်း။ ရှင်းပြပါ။
၉ ဗျာဒိတ် ၃:၈၊ (သမာကျမ်း) ၌ ယေရှုက ဖိလဒေလဖိမြို့ရှိ အသင်းတော်အား ဤသို့မိန့်တော်မူ၏။ “မည်သူမျှမပိတ်နိုင်သောတံခါးကို သင့်ရှေ့မှာ ငါဖွင့်ထားပြီ။ သင့်အကျင့်အကြံများကိုလည်းကောင်း၊ အစွမ်းသတ္တိအနည်းငယ်ရှိလျက်ပင် ငါ့နာမကို မငြင်းဆိုဘဲ ငါ့တရားကို စောင့်ရှောက်ခဲ့ကြောင်းကိုလည်းကောင်း ငါသိ၏။” ဖိလဒေလဖိမြို့ရှိ ခရစ်ယာန်တို့သည် တက်တက်ကြွကြွရှိခဲ့သည်မှာ ထင်ရှားသည်။ ထိုကြောင့် သူတို့အတွက် ယခုအခွင့်အခါကောင်းနှင့်ဆိုင်သော တံခါးပွင့်လျက်ရှိသည်။
၁၀ မျက်မှောက်ခေတ်၌ ဤသတင်းစကားပြည့်စုံစဉ်တွင် ဘုရားသခင့်လူမျိုးတော် အလွန်ရွှင်လန်းခဲ့ကြသည်။ ၁၉၁၈ ခုနှစ်တွင် ဆင်းရဲဒုက္ခများကို ကြုံတွေ့ပြီးနောက် သူတို့သည် ဝိညာဉ်ရေးဘက် ပြန်လည်နလံထူလာခဲ့ရာ ၁၉၁၉ ခုနှစ်တွင် သူတို့အတွက် အခွင့်အခါကောင်းနှင့်ဆိုင်သောတံခါးကို ယေရှုဖွင့်ပေးတော်မူခဲ့သည်။ လူမျိုးအပေါင်းတို့အား ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်း ဟောပြောရန်တာဝန်ကို လက်ခံလိုက်ချိန်တွင် အဆိုပါတံခါးကို သူတို့ဝင်ခဲ့လေသည်။ ယေဟောဝါ၏ ဝိညာဉ်တော် သူတို့အပေါ်သက်ရောက်လှုပ်ရှားနေသဖြင့် သူတို့လုပ်ငန်းကို ဘာမျှမတားဆီးနိုင်ခဲ့ပေ။ ဤသစ္စာရှိ ခရစ်ယာန်တို့သည် ယေရှုရောက်ရှိခြင်းဆိုင်ရာပုပ္ပနိမိတ်၏ အရေးကြီးသောကဏ္ဍကို ပြည့်စုံစေသည့် အခွင့်အရေးကြီး ရရှိခဲ့ကြသည်။ (မဿဲ ၂၄:၃၊ ၁၄) သူတို့သစ္စာရှိရှိ ဟောပြောလှုပ်ရှားမှုကြောင့် ၁၄၄၀၀၀ မှ ကျန်ကြွင်းသူများသည် ခေါ်တော်မူခြင်းနှင့် ဘိသိက်ခံရကြပြီး “လူအုပ်ကြီး” ကိုလည်း အရေအတွက်ကြီးမားစွာ စုသိမ်းနိုင်ခဲ့သည်။ (ဗျာဒိတ် ၇:၁-၃၊ ၉) ယင်းက ဘုရားသခင့်လူမျိုးတော်အဖို့ မည်မျှဝမ်းမြောက်စရာပါတကား။
၁၁။ ယောဟန်လက်ထက်၌ ယေဟောဝါ၏ အဖွဲ့အစည်းတော်ကို ဖျက်ဆီးရန် ဂိုဏ်းခွဲသူတို့ အဘယ်သို့ ကြိုးစားခဲ့သနည်း။ ကျွန်ုပ်တို့ခေတ်၌လည်း အလားတူ မည်သို့ပြုခဲ့သနည်း။
၁၁ ဤဝမ်းမြောက်မှုကို ပျောက်ဆုံးစေနိုင်သည့်အရာ တစ်မျိုးမျိုးရှိသလော။ ရှိပါသည်။ ဥပမာအားဖြင့် ပေရဂံမြို့၌ရှိသော အကြီးအကဲတို့သည် ခံနိုင်ရည်ဘက်တွင် မှတ်တမ်းကောင်းရထားလင့်ကစား နိကောလဂိုဏ်း၏အယူ အသင်းတော်အတွင်းမဝင်ရောက်စေရန် မတားဆီးနိုင်ခဲ့ပေ။ (ဗျာဒိတ် ၂:၁၅) ဂိုဏ်းဂဏဝါဒသည် တစ်စစကြီးထွားလာခဲ့သည်။ ထိုနည်းတူစွာ ဤနောက်ဆုံးနေ့ရက်များတစ်လျှောက် အချို့အယူဖောက်ပြန်ခဲ့ကြပြီး ယေဟောဝါ၏အဖွဲ့အစည်းတော်ကို ဖျက်ဆီးရန် ကြိုးစားခဲ့ကြသည်။ အကြီးအကဲတို့သည် အဖွဲ့လိုက်အနေနှင့် ယင်းတို့ကို တွန်းလှန်ခဲ့သော်ငြားလည်း အချို့တို့မှာ လှည့်ဖြားခံခဲ့ရသဖြင့် ဝမ်းနည်းစရာကောင်းပေသည်။ အယူဖောက်ပြန်သူတို့ကြောင့် ဝမ်းမြောက်ခြင်း ဘယ်တော့မျှ ဆုံးရှုံးမခံပါနှင့်။
၁၂။ (က) ဗာလမ်နှင့် ယေဇဗေလတို့၏ ဩဇာကား အဘယ်နည်း။ (ခ) ယခု မျက်မှောက်ခေတ်၌ ခရစ်ယာန်အသင်းတော်အတွင်းသို့ ဗာလမ် သို့မဟုတ် ယေဇဗေလတို့၏ ဩဇာမျိုးကို သွတ်သွင်းရန် စာတန်ကြိုးစားခဲ့ပါသလော။
၁၂ “ဗာလမ်၏အယူကို စွဲလမ်းသောသူတို့” ကို ဆန့်ကျင်ရန်လည်း ပေရဂံမြို့ရှိ အသင်းတော်အား ယေရှုသတိပေးတော်မူခဲ့သည်။ (ဗျာဒိတ် ၂:၁၄) ယင်းအယူကား အဘယ်နည်း။ တော၌ရှိသော ဣသရေလလူမျိုးအား ဗာလမ်က “ရုပ်တုရှေ့မှာပူဇော်သောယဇ်ကောင်ကို စားစေခြင်းငှာလည်းကောင်း၊ မတရားသောမေထုန်ကို ပြုစေခြင်းငှာလည်းကောင်း” အားပေးတိုက်တွန်းခြင်းအားဖြင့် ဖျက်ဆီးခဲ့သည့်နည်းအတိုင်း ပေရဂံမြို့၌ရှိသော ခရစ်ယာန်တို့ကိုလည်း တစ်စုံတစ်ယောက်ဖျက်ဆီးနေသည်။ (တောလည်ရာ ၂၅:၁-၅၊ ၃၁:၈) သွာတိရမြို့၌ရှိသော အသင်းတော်အား ‘ထိုမိန်းမ၊ ယေဇဗေလ’ ကို ဆန့်ကျင်ရန် သတိပေးတော်မူခဲ့သည်။ ဤအမျိုးသမီးသည်လည်း ခရစ်ယာန်တို့အား “မတရားမေထုန်ကို ပြုစေခြင်းငှာလည်းကောင်း၊ ရုပ်တုရှေ့မှာ ပူဇော်သော ယဇ်ကောင်ကိုစားခြင်းငှာလည်းကောင်း” သွန်သင်ပေးနေသည်။ (ဗျာဒိတ် ၂:၂၀) ယနေ့ ခရစ်ယာန်အသင်းတော်အတွင်းသို့ ဗာလမ်သို့မဟုတ်ယေဇဗေလ ဩဇာမျိုး သွတ်သွင်းရန် စာတန်ကြိုးစားခဲ့ပါသလော။ သေချာကြိုးစားနေသဖြင့် စာရိတ္တယိုယွင်းမှုကြောင့် နှစ်စဉ် ၄၀၀၀၀ နီးပါးနှင်ထုတ်ခံနေရသည်ကား ဝမ်းနည်းစရာကောင်းလှပေသည်။ ဗာလမ်ကဲ့သို့သော အမျိုးသားများကော၊ ယေဇဗေလကဲ့သို့သော အမျိုးသမီးများပါ အကြီးအကဲများကို ပုန်ကန်ခဲ့ကြပြီး အသင်းတော်ကိုလည်း ဖျက်ဆီးရန် ကြိုးစားခဲ့ကြသည်။ ထိုသို့သော မစင်ကြယ်သည့်သြဇာများကို အစွမ်းကုန်ခုခံတွန်းလှန်နိုင်ကြပါစေ။—၁ ကောရိန္သု ၆:၁၈။ ၁ ယောဟန် ၅:၂၁။
၁၃။ (က) နွေးခြင်းကို ယေရှုစက်ဆုပ်ပုံ ဖေါ်ပြပါ။ (ခ) လောဒိကိမြို့သားများ အဘယ်ကြောင့် နွေးရုံသာရှိသနည်း။ ယင်းအားနည်းချက်ကို ကျွန်ုပ်တို့ အဘယ်သို့ ရှောင်ကြဉ်နိုင်သနည်း။
၁၃ ဗျာဒိတ် ၃:၁၅၊ ၁၆ ၌ လောဒိကိမြို့၌ရှိသော အသင်းတော်အား ယေရှုဤသို့မိန့်တော်မူ၏။ “သင်၏အကျင့်ကို ငါသိ၏။ သင်သည် အအေးမဟုတ်၊ အပူမဟုတ်သည်ကို ငါသိ၏။ အေးခြင်းဖြစ်စေ၊ ပူခြင်းဖြစ်စေ တစ်ခုခုကို ငါအလိုရှိ၏။ ထိုသို့အအေးမဟုတ်၊ အပူမဟုတ်၊ နွေးရုံရှိသောကြောင့် ငါ၏ခံတွင်းသည် သင့်ကို ထွေးလုပြီ။” မပူမအေးနွေးရုံသာရှိခြင်းကို ယေရှု စက်ဆုပ်ကြောင်း ကွက်ကွက်ကွင်းကွင်း ဖေါ်ပြချက်ပါတကား။ ဤသို့ဆက်၍ဆိုသည်။ “သင်ကလည်း ‘ငါသည်ဥစ္စာရတတ်၏။ ဘဏ္ဍာများကိုဆည်းဖူးပြီး တစ်စုံတစ်ခုမျှမလိုရ’ ဟုပြောဆို” ၏။ မှန်ပါသည်။ လောဒိကိမြို့၌ရှိသော ခရစ်ယာန်တို့သည် ရုပ်ဝါဒ၏လှည့်စားခြင်းကို ခံနေရကြသည်။ သူတို့သည် မိမိကိုယ်ကို မိမိကျေနပ်ပြီး ဘာသိဘာသာဖြစ်နေကြသည်။ သို့သော် ယေရှုက သူတို့အား ဤသို့ဆို၏။ “ကိုယ်တိုင်ပင်ပန်းခြင်း၊ သနားဖွယ်ဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း၊ အဝတ်အချည်းစည်းရှိခြင်းဖြစ်သည်ကို မသိပါတကား။” (ဗျာဒိတ် ၃:၁၇) ကျွန်ုပ်တို့သည် ယေရှု၏မျက်စိရှေ့တွင် “ပင်ပန်းခြင်း၊ သနားဖွယ်ဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း၊ အဝတ်အချည်းစည်းရှိခြင်း” ဖြစ်လိုပါသလော။ သေချာပေါက်ဖြစ်လိုမည်မဟုတ်ပေ။ ထိုကြောင့် ရုပ်ဝါဒဆန်သူ သို့မဟုတ် နွေးရုံသာရှိသူမဖြစ်ရလေအောင် နည်းမျိုးစုံဖြင့် တွန်းလှန်တိုက်ဖျက်ကြပါစို့။—၁ တိမောသေ ၆:၉-၁၂။
အဆုံးတိုင် ခံနိုင်ရည်ရှိခြင်း
၁၄။ (က) စမုရနမြို့၌ရှိသော အသင်းတော်အဘယ်အခက်အခဲဒုက္ခများ ရင်ဆိုင်သနည်း။ (ခ) မျက်မှောက်ခေတ်၌ စမုရနတွေ့ကြုံမှုများနှင့် ဆင်တူသော အဘယ်တွေ့ကြုံမှုများ ရှိသနည်း။
၁၄ နွေးရုံသာမဟုတ်သော အသင်းတော်တစ်ခု၊ စမုရနမြို့တွင်ရှိသည်။ ထိုခရစ်ယာန်တို့အား ယေရှုဤသို့မိန့်တော်မူ၏။ “သင်အကျင့်ကျင့်ခြင်း၊ ဒုက္ခခံခြင်း၊ ဆင်းရဲခြင်းကို ငါသိ၏။ သို့သော်လည်း သင်သည် ကြွယ်ဝပြည့်စုံခြင်းရှိ၏။ ယုဒလူဖြစ်ယောင်ဆောင်၍ ယုဒလူမှန်မဟုတ်၊ စာတန်၏ အပေါင်းအသင်းဖြစ်သောသူတို့၏ ကဲ့ရဲ့ခြင်းကိုလည်း ငါသိ၏။ သင်သည်ခံရမည့်အရာ တစ်စုံတစ်ခုကိုမျှ မကြောက်နှင့်။ သင်တို့သည် စုံစမ်းခြင်းကို ခံရမည်အကြောင်း မာရ်နတ်သည် သင်တို့တွင် အချို့ကို ထောင်ထဲ၌လှောင်ထား၍ သင်တို့သည် ဆယ်ရက်ပတ်လုံး ဆင်းဒုက္ခကို ခံရကြလိမ့်မည်။” (ဗျာဒိတ် ၂:၈-၁၀) ယနေ့ ခရစ်ယာန်များခံစားရသည့် တွေ့ကြုံမှုနှင့် မည်မျှကိုက်ညီလှသည်တကား။ မျက်မှောက်ခေတ်ခရစ်ယာန်များ၊ ဘိသိက်ခံကော အခြားသိုးများပါ ယခုခေတ် “စာတန်၏အပေါင်းအသင်း” ဖြစ်သည့် ခရစ်ယာန်ဘောင်၏ ပြင်းထန်သော ဆန့်ကျင်မှုကို ကြံ့ကြံ့ခံရပ်တည်ခဲ့ကြသည်။ ပထမကမ္ဘာစစ်ကြီးမှစ၍ ယနေ့တိုင်အောင် ထောင်ပေါင်းများစွာသော ယောက်ျား၊ မိန်းမ၊ ကလေးတို့သည် သူတို့၏သစ္စာသမာဓိကို ဖောက်ဖျက်ရန် ငြင်းဆိုခြင်းကြောင့် ရိုက်နှက်ခြင်း၊ ထောင်ချခြင်း၊ ညှဉ်းဆဲခြင်း၊ အဓမ္မကျင့်ခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းခံခဲ့ရကြသည်။
၁၅၊ ၁၆။ (က) နှိပ်စက်ညှဉ်းပန်းခံရစေကာမူ ဘိသိက်ခံခရစ်ယာန်များ အဘယ်သို့ရွှင်လန်းခြင်းရှိနိုင်ကြသနည်း။ (ခ) အခြားသိုးများအားလည်း ရွှင်လန်းစေရန် အထောက်အကူပြုသော အဘယ်အထူးဆုကျေးဇူးများသည် သူတို့ကို စောင့်ကြိုနေသနည်း။
၁၅ ထိုသို့သောတွေ့ကြုံမှုများက ရွှင်လန်းမှုဖြစ်စေသလော။ ထိုအမှုများကိုယ်နှိုက်က မဖြစ်စေနိုင်ပါ။ သို့သော် စုံစမ်းခြင်းကို တည်ကြည်စွာခံရပ်ကြသော သစ္စာရှိခရစ်ယာန်တို့သည် တမန်တော်များကဲ့သို့ “သခင်ယေရှု၏နာမတော်ကြောင့် မိမိတို့သည် အရှက်ကွဲခြင်းကို ခံထိုက်သည်ဟု မှတ်တော်မူ” ခြင်းခံရသဖြင့် ရင်ထဲတွင် လှိုက်လှိုက်လှဲလှဲ ဝမ်းသာပီတိခံစားကြရသည်။ (တမန်တော် ၅:၄၁) မိမိတို့၏ သမာဓိစောင့်သိခြင်းအတွက် ဆုချရန် ချိန်းချက်ထားသောအချိန် ရောက်လုနီးကြောင်း၊ ရရှိမည့်ဆုမှာလည်း အမှန်ပင် ကြီးမားကြောင်းကို သိရှိထားသောကြောင့် ရန်သူများမည်သို့ပင်ပြုစေကာမူ သူတို့ဆက်၍ ရွှင်လန်းနေနိုင်ကြခြင်းဖြစ်သည်။ စမုရနမြို့၌ရှိသော ခရစ်ယာန်တို့အား ယေရှုက “သေသည်တိုင်အောင် သစ္စာစောင့်လော့။ သို့ဖြစ်လျှင်အသက်သရဖူကို ငါပေးမည်” ဟုမိန့်တော်မူ၏။ (ဗျာဒိတ် ၂:၁၀) သာဒိမြို့၌ရှိသော သူတို့အားလည်း ဤသို့မိန့်တော်မူ၏။ “အောင်မြင်သောသူသည် ဖြူသောအဝတ်ကို ဝတ်ဆင်လိမ့်မည်။ ထိုသူ၏နာမကို အသက်စာစောင်မှ ငါသည်အလျင်းမချေ။”—ဗျာဒိတ် ၃:၅။
၁၆ ဤကတိတော်များသည် အထူးသဖြင့် ဘိသိက်ခံခရစ်ယာန်များနှင့် သက်ဆိုင်ပြီး မသေနိုင်သော ကောင်းကင်ဆိုင်ရာ အသက်ဆုရသူတို့ကို စောင့်ကြိုနေကြောင်း သတိရစေသည်မှာ မှန်သည်။ သို့သော်လည်း အခြားသိုးများအဝင်ဖြစ်သူတို့လည်း ယင်းစကားများကြောင့် များစွာအားတက်ကြပေသည်။ သူတို့သာ စိတ်အားထက်သန်ပြီး ခံနိုင်ရည်ရှိကြမည်ဆိုပါက သူတို့အတွက်လည်း ဆုလာဘ်တစ်မျိုး ယေဟောဝါပြင်ဆင်ပေးထားတော်မူသည်။ သူတို့သည် ခရစ်တော်စိုးစံသည့် နိုင်ငံတော်အောက်ရှိ ပရဒိသုမြေကြီးပေါ်တွင် ထာဝရအသက်ဝင်စားနိုင်မည့် ဂုဏ်ကျက်သရေနှင့် ပြည့်စုံသော မျှော်လင့်ချက်ရှိပေသည်။ ထိုနေရာတွင် ဤလောကရှိ လူသားများ မတွေ့နိုင်သော ပရဒိသုကို တွေ့ရကြမည်။
၁၇။ အဘယ်စကားများဖြင့် သတင်းစကားတစ်ခုစီကို ယေရှုနိဂုံးချုပ်ထားသနည်း။ ကိုယ်တော်. စကားများ ယနေ့ကျွန်ုပ်တို့အဖို့ အဘယ်အဓိပ္ပာယ်ရှိသနည်း။
၁၇ ယေရှုသည် ထိုအသင်းတော်တို့ထံပေးပို့သော သတင်းစကားတစ်ခုစီကို “အသင်းတော်တို့အား ဝိညာဉ်တော်ဆင့်ဆိုရာကို နားရှိသူ ကြားနာစေ” ဟူသောစကားဖြင့် နိဂုံးချုပ်ထားသည်။ (ဗျာဒိတ် ၃:၂၂) မှန်ပေသည်။ ကျွန်ုပ်တို့သည် သိုးထိန်းကြီး၏စကားများကို ကြားနာ၍ လိုက်နာကြရမည်။ မစင်ကြယ်ခြင်းနှင့် အယူဖောက်ပြန်ခြင်းတို့ကို ရှောင်၍ စိတ်အားထက်သန်ခြင်းကို ထိန်းသိမ်းကာကွယ်ရကြမည်။ ဆုလာဘ်ရရှိရေးသည် ယင်းအပေါ်တွင်မူတည်နေသည်။ ဗျာဒိတ်ကျမ်းမှ အကြောင်းအရာများကို ထပ်၍သုံးသပ်သွားသောအခါ ထိုအတိုင်းပြုရန် သန္နိဌာန်ပို၍ခိုင်မြဲလာပေမည်။
စာစောင်လိပ်၏ တံဆိပ်များ
၁၈။ (က) ကောင်းကင်ညီလာခံတွင် ယေရှု ဘာလက်ခံရရှိသနည်း။ (ခ) ဗျာဒိတ်ကျမ်း အခန်းကြီး ၆ မှမြင်းစီးသူရဲသုံးဦး ဒုံးစိုင်းစီးနင်းခြင်းတို့သည် ယနေ့ အသက်ရှင်နေသူ လူသားများအဖို့ အဘယ်အဓိပ္ပာယ်ရှိသနည်း။
၁၈ ဥပမာ၊ အခန်းကြီး ၄ နှင့် ၅ တွင် ယေဟောဝါ၏ ကောင်းကင်ညီလာခံနှင့်ဆိုင်သော အံ့ချီးဖွယ်ရူပါရုံကို ယောဟန်တွေ့မြင်ခဲ့သည်။ ဘုရားသခင့် သိုးသငယ်ယေရှုခရစ်လည်း အခစားရောက်ရှိနေပြီး တံဆိပ်ခုနစ်ချက်ပါရှိသော စာစောင်လိပ်ကို လက်ခံရယူသည်။ အခန်းကြီး ၆ တွင် တံဆိပ်ခုနစ်ချက်မှ ခြောက်ချက်ကို တစ်ချက်ပြီးတစ်ချက် ဖွင့်တော်မူသည်။ ပထမတံဆိပ်ကို ဖွင့်လိုက်သောအခါ မြင်းဖြူစီးသောသူတစ်ဦးကို တွေ့ရ၏။ သူ့အား သရဖူကို အပ်ပေး၍ ‘အောင်မြင်လျက်လည်းကောင်း၊ အပြီးသတ် အောင်မြင်ခြင်းငှာလည်းကောင်း’ ထွက်သွား၏။ (ဗျာဒိတ် ၆:၂) ဤသူကား သရဖူဆောင်းခါစ ရှင်ဘုရင်ယေရှုပင်တည်း။ ၁၉၁၄ ခုနှစ်တွင် ရှင်ဘုရင်အဖြစ် အောင်ပွဲခံရန် စ၍ထွက်လာချိန်၌ သခင်ဘုရားနေ့ စတင်လာခဲ့သည်။ နောက်ထပ်တံဆိပ်သုံးချက်ကို ဖွင့်လိုက်သောအခါ မြင်းသုံးစီးနှင့် မြင်းစီးသူ သုံးဦးပေါ်လာသည်။ ယင်းတို့သည် လူတို့ဆင်နွှဲသော စစ်ရေး၊ ငတ်မွတ်ခြင်း၊ ရောဂါနှင့် အခြားပယောဂများကြောင့် သေဆုံးခြင်းတို့ကို ကိုယ်စားပြုသည့် ကြောက်မက်ဖွယ် ဖေါ်ပြချက်များဖြစ်သည်။ ယင်းတို့က ကောင်းကင်ဘုံတွင် ရှင်ဘုရင်အာဏာတော်နှင့် ယေရှုရောက်ရှိသောအခါ မြေကြီးပေါ်တွင် စစ်ပွဲကြီးများ၊ ငတ်မွတ်ခေါင်းပါးခြင်းများ၊ ကာလနာရောဂါများ၊ မြေငလျင်များ နှင့် အခြားအခြားသော ဘေးဒုက္ခများ ဖြစ်ပျက်မည်ဟူ၍ ယေရှုပေးတော်မူခဲ့သော မဟာပရောဖက်ပြုချက်ကို ခိုင်လုံစေသည်။ (မဿဲ ၂၄:၃၊ ၇၊ ၈။ လုကာ ၂၁:၁၀၊ ၁၁) မှန်သည်။ ခရစ်ယာန်တို့အနေဖြင့် ဤသို့သောကာလမျိုး၌ ခံနိုင်ရည်ရှိရှိ ခံရပ်တည်ကြည်လိုပါက အသင်းတော်ခုနစ်ပါးသို့ပေးသော ယေရှု၏စကားများကို နာခံကြရပေမည်။
၁၉။ (က) ခရစ်တော်ရောက်ရှိချိန်အတွင်း သေလွန်ခဲ့ပြီးသော သစ္စာရှိဘိသိက်ခံ ခရစ်ယာန်များအား အဘယ်ဆုလာဘ်ချပေးတော်မူသနည်း။ (ခ) အဘယ်ကြောက်မက်ဖွယ်ကောင်းသော အဖြစ်အပျက်ကို ဆဌမတံဆိပ်ဖွင့်ခြင်းက ကြိုတင်ဖေါ်ပြသနည်း။ သို့နှင့် အဘယ်မေးခွန်းများ မေးစရာဖြစ်လာသနည်း။
၁၉ ပဉ္စမတံဆိပ်ကို ဖွင့်လိုက်သောအခါ အရူပနံဝိညာဉ်ဘောင်မှ အဖြစ်အပျက်တစ်ခုပေါ်လာသည်။ ယုံကြည်ခြင်းကြောင့် သေလွန်ခဲ့သော ဘိသိက်ခံခရစ်ယာန်များသည် ဝတ်လုံဖြူတစ်ထည်စီ ရရှိကြ၏။ ဤအချက်က ခရစ်တော်အမှန်ရောက်ရှိခြင်းနှင့်အတူ ကောင်းကင်ဆိုင်ရာ ရှင်ပြန်ထမြောက်ခြင်း စတင်ခဲ့ကြောင်း ထင်ရှားစေသည်။ (၁ သက်သာလောနိတ် ၄:၁၄-၁၇။ ဗျာဒိတ် ၃:၅) ထိုနောက် ဆဌမတံဆိပ်ကို ဖွင့်လိုက်သောအခါ စာတန်၏မြေကြီးဆိုင်ရာ အစီအစဉ်စနစ်တည်းဟူသော “မြေကြီး” သည် ကြီးစွာသောမြေလှုပ်ခြင်းကြောင့် တုန်လှုပ်လေသည်။ (၂ ကောရိန္သု ၄:၄) စာတန်၏ ထိန်းချုပ်မှုအောက်ရှိ လူ့အုပ်ချုပ်ရေးတည်းဟူသော “မိုးကောင်းကင်” မှာလည်း စာစောင်ဟောင်းကြီးကဲ့သို့ လိပ်ထားခြင်းခံရပြီး စွန့်ပစ်ရန် အသင့်ဖြစ်နေသည်။ ပုန်ကန်သော လူသားတို့သည် တုန်လှုပ်ချောက်ချားလျက် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ကျောက်ဆောင်ကျောက်တုံးတို့အား အောက်ပါအတိုင်း အော်ဟစ်ပြောဆိုကြသည်။ “ငါတို့အပေါ်သို့ ကျကြပါ။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူ၏ မျက်နှာနှင့် သိုးသငယ်၏ အမျက်တော်ကို ကွယ်ကာ၍ ငါတို့ကို ဖုံးအုပ်ကြပါ။ အမျက်တော် ထင်ရှားသောနေ့ကြီး ရောက်ပါပြီတကား။ အဘယ်သူသည် ခံရပ်နိုင်မည်နည်း။”—ဗျာဒိတ် ၆:၁၃၊ ၁၄၊ ၁၆၊ ၁၇။
၂၀။ ယေဟောဝါနှင့် သိုးသငယ်တို့၏ အမျက်တော်နေ့ကြီးအတွင်း မည်သူတို့ ခံရပ်နိုင်ကြမည်နည်း။
၂၀ အဘယ်သူသည် ခံရပ်နိုင်မည်နည်း။ စင်စစ်ဆိုလျှင် ဤမေးခွန်းကို ယေရှုဖြေဆိုခဲ့ပြီးဖြစ်သည်။ ‘အသင်းတော်တို့အား ဝိညာဉ်တော်ဆင့်ဆိုရာကို ကြားနာ’ သူတို့သည် အမျက်တော်နေ့ကြီးတွင် ခံရပ်နိုင်ကြပေမည်။ ယောဟန်ဆက်၍ သိရှိလာသောအကြောင်းက ဤအချက်ကိုထောက်ခံသည်။ ၁၄၄၀၀၀ မှ နောက်ဆုံးကျန်ရှိသူများအား တံဆိပ်ခတ်ခြင်းအကြောင်း၊ “ကြီးစွာသောဒုက္ခ” ကို ကပ်ကျော်ရန် လူမျိုးအပေါင်းတို့အထဲမှ လူအုပ်ကြီးကို စုသိမ်းခြင်းအကြောင်းတို့ကို သူသိမြင်ရ၍ဖြစ်သည်။ (ဗျာဒိတ် ၇:၁-၃၊ ၁၄) ယခု သတ္တမတံဆိပ် ဖွင့်ရန်အချိန် ကျရောက်လာပြီဖြစ်ရာ ပို၍ထူးခြားသောရူပါရုံများကို ယောဟန်အား ပြသခဲ့ပြီဖြစ်၍ သူမှတစ်ဆင့် ယနေ့ ကျွန်ုပ်တို့အား ပြသထားသည်။ ယင်းတို့အနက် အချို့ကို ရှေ့ဆောင်းပါးတွင် ဆွေးနွေးထားသည်။
သင်မှတ်မိသလော
▫ ယေရှုနှင့် အသင်းတော်အကြီးအကဲတို့အကြား ဆက်ဆံရေး အဘယ်သို့ ရှိသနည်း။
▫ ပေရဂံနှင့် သွာတိရမြို့တို့၌ရှိသော အကြီးအကဲများ အဘယ်ပြဿနာများ ရင်ဆိုင်ခဲ့ရကြသနည်း။ အလားတူပြဿနာမျိုး ယနေ့ အသင်းတော်ကို မည်သို့ ဂယက်ရိုက်ခတ်ခဲ့သနည်း။
▫ အဘယ်ကြီးလေးသော အမှားကို လောဒိကိအသင်းတော် ပြုခဲ့သနည်း။ အလားတူ အမှားမျိုးမပြုမိအောင် ယနေ့ကျွန်ုပ်တို့ အဘယ်သို့ရှောင်ကြဉ်နိုင်သနည်း။
▫ ဤ ၂၀ ရာစုနှစ်အတွင်း ခရစ်ယာန်များ အဘယ်သို့ ဒုက္ခဆင်းရဲခံရပ်ခဲ့ကြရသနည်း။ ထိုသို့ခံရပ်နိုင်ရန် ယေရှု၏ အဘယ်ကတိတော်များက သူတို့ကို ထောက်မခဲ့သနည်း။
▫ အာမဂေဒုန်၌ တိုင်းနိုင်ငံများ တွေ့ကြုံရမည့် စိတ်ပျက်အားငယ်ခြင်းအဖြစ်နှင့် မျှော်လင့်ချက်ကင်းမဲ့ခြင်းအဖြစ်ကို ကျွန်ုပ်တို့ အဘယ်သို့ရှောင်ရှားနိုင်သနည်း။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]