ယေရှု၏ ဘဝနှင့် ဓမ္မအမှု
သူဌေးနှင့် လာဇရု—ပြောင်းလဲမှု တွေ့ကြုံရ
ယေရှုသည် သူဌေးတစ်ဦးနှင့် လာဇရုအမည်ရှိ သနားစရာ သူတောင်းစားတစ်ဦးတို့နှင့်စပ်လျဉ်းသော ပုံဥပမာတစ်ခု မိန့်ကြားနေတော်မူသည်။ သူဌေးမှာ ဝိညာဉ်ရေးဆိုင်ရာ အထူးအခွင့်အရေးနှင့် အခွင့်ကောင်းအခါကောင်းပေးအပ်ခြင်း ခံရသော ဘာသာရေးခေါင်းဆောင်တို့ကို ကိုယ်စားပြုပြီး လာဇရုမှာ ဝိညာဏအာဟာရ ဆာမွတ်နေသော သာမညလူတန်းစားတို့ကို ပုံဆောင်သည်။ ယေရှုက မိမိ၏ပုံပြင်ကို ဆက်လက်ဟောကြားရာတွင် ထိုသူနှစ်ဦးတို့၏ အခြေအနေ ရုတ်တရက်ထူးထူးခြားခြား ပြောင်းလဲသွားပုံအကြောင်း မိန့်ကြားတော်မူ၏။
“တစ်နေ့သ၌ ထိုဆင်းရဲသားသည် သေလွန်၍ ကောင်းကင်တမန်တို့သည် အာဗြဟံ၏ ရင်ခွင်သို့ ပို့ဆောင်ကြ၏။ သူဌေးသည်လည်း သေလွန်၍ သင်္ဂြိုဟ်ခြင်းကို ခံရလေ၏။ မရဏာနိုင်ငံ၌ ပြင်းပြစွာသော ဝေဒနာကိုခံရလျက် မျှော်ကြည့်၍ အာဗြဟံကိုလည်းကောင်း၊ အာဗြဟံ၏ရင်ခွင်၌ လာဇရုကိုလည်းကောင်း အဝေးကမြင်” ၏ဟု ယေရှုဟောကြားတော်မူ၏။
သူဌေးနှင့်လာဇရုတို့သည် တကယ့်ပကတိပုဂ္ဂိုလ်များမဟုတ်ဘဲ အထိမ်းအမှတ်ပြုသည့် လူအတန်းအစားများသာဖြစ်သဖြင့် ဆင်ခြင်တုံတရားအရ သူတို့၏သေခြင်းမှာလည်း အထိမ်းအမှတ်မျှသာဖြစ်သည်။ သူတို့၏ သေခြင်းကား အဘယ်အရာကို အထိမ်းအမှတ်ပြုသနည်း။ သို့မဟုတ် အဘယ်အရာကို ကိုယ်စားပြုသနည်း။
ယေရှုသည် မကြာမီကလေး၌ပင် ‘ပညတ္တိကျမ်းနှင့် ပရောဖက်ကျမ်းများသည် နှစ်ခြင်းဆရာယောဟန်လက်ထက်တိုင်ရှိ၏။ သို့သော် ထိုကာလမှစ၍ ဘုရားသခင့်နိုင်ငံတော်သတင်းကို ဟောလျက်ရှိ၏’ ဟူ၍ ဟောကြားခြင်းအားဖြင့် အခြေအနေများပြောင်းလဲမည့်အကြောင်း ထောက်ပြတော်မူခဲ့သည်။ ထိုကြောင့် ယောဟန်နှင့်ယေရှုခရစ် နှစ်ဦးတို့၏ ဟောပြောခြင်းအားဖြင့် သူဌေးနှင့်လာဇရုတို့သည် ယခင်အခြေအနေ၌ သေလွန်သွားကြသည်။
စိတ်နှိမ့်ချ၍ နောင်တရသော လာဇရုအတန်းအစားဝင်တို့သည် ဝိညာဉ်ရေးအရ ချို့ငဲ့သည့် ယခင်အခြေအနေဘက်တွင် သေလွန်ပြီး ဘုရားသခင့်စိတ်တော်တွေ့ အနေအထားသို့ ရောက်ရှိသွားသည်။ စောစောပိုင်းက သူတို့သည် ဘာသာရေးခေါင်းဆောင်တို့၏ ဝိညာဏစားပွဲမှ ကျလာသော စားနုပ်စားပေါက်ကို မျှော်လင့်ခဲ့ရသော်လည်း ယခုအချိန်၌ ယေရှုပို့ချသော သမ္မာကျမ်းစာ သမ္မာတရားကြောင့် သူတို့၏ လိုအင်ဆန္ဒပြည့်ဝလာကြသည်။ ဤသို့ဖြင့် သူတို့သည် သာ၍ကြီးမြတ်သော အာဗြဟံ၊ ယေဟောဝါဘုရားသခင်၏ ရင်ခွင်တော် သို့မဟုတ် စိတ်တော်တွေ့ အနေအထားသို့ ပို့ဆောင်ခြင်းခံရလေသည်။
အခြားတစ်ဘက်၌မူကား သူဌေးအတန်းအစားဝင်တို့သည် ယေရှုဟောကြားတော်မူသော နိုင်ငံတော်သတင်းတရားကို လက်ခံရန် ခေါင်းမာမာနှင့် ငြင်းပယ်သည့်အတွက် ဘုရားသခင့်စိတ်တော်နှင့် မတွေ့သောအခြေသို့ ရောက်သွားသည်။ ဤသို့ဖြင့် ယခင်မျက်နှာသာခံစားရသောအနေအထားဘက်တွင် သေလွန်သွားသည်။ တကယ်ဆိုလျှင် သူတို့သည် တင်စားသည့် ညှဉ်းဆဲရာအရပ်တွင် ရောက်နေသည်ဟုပင် ဆိုထားသည်။ သူဌေးပြောသည့်စကားကို နားဆင်ကြည့်ပါ။
“အိုအဘအာဗြဟံ၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါ။ အကျွန်ုပ်သည် ဤမီးလျှံ၌ ပြင်းစွာခံရသောကြောင့် လာဇရုသည် မိမိလက်ဖျားကို ရေ၌နှစ်၍ အကျွန်ုပ်လျှာကို အေးစေခြင်းငှာ သူ့ကိုအကျွန်ုပ်ရှိရာသို့ စေလွှတ်တော်မူပါ။” ယေရှု၏တပည့်တော်များ ဟောပြောသော ဘုရားသခင့်ထံတော်မှ မီးကဲ့သို့သော တရားစီရင်ခြင်းသတင်းတရားတော်သည် သူဌေးအတန်းအစားမှ ပုဂ္ဂိုလ်တစ်ဦးချင်းတစ်ယောက်ချင်းအား ညှဉ်းဆဲသော အရာပင်ဖြစ်သည်။ သူတို့သည် တပည့်တော်များ ထိုသတင်းတရားဟောပြောခြင်းကို ရပ်စဲစေလိုသည်။သို့မှသာ နှိပ်စက်ညှဉ်းပန်းခြင်းဝေဒနာ အတော်အတန်သက်သာရာရမည်ဟု မျှော်လင့်ကြသည်။
“အာဗြဟံကလည်း ‘ငါ့သား၊ သင်သည် အသက်ရှင်စဉ်အခါ ချမ်းသာရသည်ကိုလည်းကောင်း၊ လာဇရုသည် ဆင်းရဲစွာနေရသည်ကိုလည်းကောင်း အောက်မေ့လော့။ ယခုမူကား သူသည်သက်သာခြင်းရှိ၏။ သင်သည်ဒုက္ခဝေဒနာကိုခံရ၏။ ထိုမှတစ်ပါး ငါတို့နှင့် သင်တို့စပ်ကြား၌ အလွန်နက်လှသော ချောက်ကြီးတည်လျက်ရှိ၏။ ထိုကြောင့် ဤအရပ်မှ သင်တို့ရှိရာသို့ ကူးချင်သောသူ မကူးနိုင်။’”
လာဇရုအတန်းအစားနှင့် သူဌေးအတန်းအစားတို့စပ်ကြားတွင် ဤသို့အခြေအနေရုတ်တရက်ပြောင်းပြန်ဖြစ်သွားခြင်းမှာ တရားမျှတပြီး သင့်မြတ်လျော်ကန်လှသည်။ ထိုသို့သော အခြေအနေပြောင်းလဲမှုသည် အနည်းငယ်အကြာ၊ ပညတ်ပဋိညာဉ်ဟောင်းကို ပဋိညာဉ်တရားသစ်ဖြင့် အစားထိုးလိုက်သော စီအီး ၃၃ ခုနှစ်၊ ပင်တေကုတ္တေပွဲနေ့တွင် ဖြစ်ပျက်ခဲ့သည်။ ယခုသိသိသာသာထင်ရှားသည့်အချက်မှာ တပည့်တော်တို့သာလျှင် ဘုရားသခင့်မျက်နှာသာတော်ခံစားရသူများဖြစ်ပြီး ဖါရိရှဲတို့နှင့် အခြားဘာသာရေးခေါင်းဆောင်များ မဟုတ်ကြောင်းဖြစ်သည်။ ထိုကြောင့် အထိမ်းအမှတ်ဖြစ်သော သူဌေးအား ယေရှု၏တပည့်တော်များမှ ခွဲခြားထားသည့် “အလွန်နက်လှသည့် ချောက်ကြီး” မှာ ဘုရားသခင်၏မပြောင်းလဲနိုင်သော ဖြောင့်မတ်သည့် တရားစီရင်ချက်ကို ပုံဆောင်သည်။
သူဌေးက ‘အဘအာဗြဟံ၊ အကျွန်ုပ်ညီငါးယောက်ရှိပါသည်ဖြစ်၍ လာဇရုကို အကျွန်ုပ်အဘ၏အိမ်သို့ စေလွှတ်တော်မူပါ’ ဟူ၍ ထပ်တောင်းပန်လေ၏။ ဤသို့ဖြင့် သူဌေးက အခြားအဘတစ်ဦးနှင့် ရင်းနှီးသော ဆက်ဆံရေးရှိကြောင်း ဝန်ခံလိုက်သည်။ ထိုအဘကား စင်စစ် စာတန်မာရ်နတ်ပင်တည်း။ သူဌေးက “ညီငါးယောက်” တည်းဟူသော ဘာသာရေးမဟာမိတ်တို့ကို “ဤပြင်းပြစွာသောအရပ်” သို့မရောက်စေခြင်းငှာ လာဇရုအနေဖြင့် ဘုရားသခင့်တရားစီရင်ချက် သတင်းတရားတို့ကို လျှော့ပေါ့ပေးပါရန် တောင်းပန်သည်။
သို့သော် “အာဗြဟံက ‘သင်၏ညီတို့၌ မောရှေမှစ၍ပရောဖက်များ ရှိကြ၏။ ပရောဖက်တို့၏ စကားကို နားထောင်ကြစေ’ ဟုဆို၏။” မှန်ပေသည်။ ထို “ညီငါးယောက်” အနေဖြင့် ပြင်းစွာသော ဝေဒနာမှ လွတ်ကင်းလိုပါက သူတို့လုပ်ရမည်မှာ ယေရှုအား မေရှိယအဖြစ်ထင်ထင်ရှားရှား ဖေါ်ပြထားသော မောရှေနှင့် ပရောဖက်ကျမ်းများကို နာယူပြီးလျှင် ကိုယ်တော်၏ တပည့်တော်များဖြစ်လာရန်သာဖြစ်သည်။ သို့သော် သူဌေးက “‘မဟုတ်ပါ။ အဘအာဗြဟံ၊ လူသေတို့အထဲမှ တစ်ယောက်ယောက်သွားလျှင် နောင်တရပါလိမ့်မည်’ ဟုလျှောက်ရာ အာဗြဟံက ‘မောရှေနှင့် ပရောဖက်တို့ကျမ်းများကို မနာယူက လူသေတို့အထဲမှ တစ်ယောက်ယောက် ရှင်ပြန်ထမြောက်သော်လည်း သဘောကျကြမည်မဟုတ်” ဟူ၍ ပြန်ဆို၏။” ထိုသို့သော လူစားမျိုး သက်ဝင်ယုံကြည်လာစေရန် အထူးနိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကိုဘုရားသခင် ပြသတော်မူမည်မဟုတ်ပေ။ ကိုယ်တော်မျက်နှာသာတော် ခံစားလိုပါက သမ္မာကျမ်းစာကို ဖတ်ရှု၍ လိုက်နာကျင့်ကြံရပေမည်။ လုကာ ၁၆:၁၆၊ ၂၂–၃၁။ ယောဟန် ၈:၄၄။
◆ သူဌေးနှင့် လာဇရုတို့၏ သေခြင်းသည် အဘယ်ကြောင့် အထိမ်းအမှတ်သာ ဖြစ်ရမည်နည်း။ သူတို့၏ သေခြင်း အဘယ်အရာပုံဆောင်သနည်း။
◆ သူဌေးခံစားရသော ညှဉ်းဆဲခြင်းဝေဒနာများကား အဘယ်နည်း။ သူတို့သက်သာရာ သက်သာကြောင်းရရန် သူအဘယ်နည်းဖြင့် တောင်းပန်သနည်း။
◆ “ချောက်ကြီး” ဘာကိုကိုယ်စားပြုသနည်း။
◆ သူဌေး၏အဘအစစ်ကား မည်သူနည်း။ သူ့ညီငါးယောက်ကား မည်သူတို့နည်း။