ယေရှု၏သေခြင်းသည် သင့်အဖို့ အဘယ်အဓိပ္ပာယ် ရှိသနည်း
“ချီခဲ့သမျှသောကြည်းတပ်များ၊ တည်ခဲ့သမျှသောရေတပ်များ၊ ဖွဲ့ခဲ့သမျှသောလွှတ်တော်များ၊ အုပ်စိုးခဲ့သမျှသောဧကရာဇ်များအားလုံးပေါင်းလိုက်လျှင်ပင် ကမ္ဘာပေါ်အသက်ရှင်ခဲ့သူလူသားတို့၏ဘဝကို ကိုယ်တော့်လောက် တန်ခိုးပါပါနှင့်ထိရောက်စွာ လွှမ်းမိုးနိုင်စွမ်းမရှိပါ။” ဟူ၍ယေရှုခရစ်နှင့်ပတ်သက်ပြီး စာရေးဆရာဂျိမ်းအေဖရန်စ္စ ထိုသို့ရေးသားခဲ့သည်။
ယေရှုအားလူတို့အမျိုးမျိုးယူမှတ်ကြသည်။ သို့သော်သမ္မာကျမ်းစာကကိုယ်တော်အား ဘုရားသခင့်သားတော်၊ ကိုယ်ကျိုးစွန့်မေတ္တာရှိသူအဖြစ်အသိအမှတ်ပြုထားသည်။ “သူတစ်ပါးအစေကိုခံစေခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှာလည်းကောင်းကြွလာသည်” ဟုမိမိအကြောင်းကိုပြောသောအခါ ထိုမေတ္တာကိုအမွန်မြတ်ဆုံးနည်းဖြင့်တင်ပြခဲ့ကြောင်း ယေရှုကိုးကားဖော်ပြပေးသည်။—မဿဲ ၂၀:၂၈။
ဤရွေးဖိုး၏အဓိပ္ပာယ်ကားအဘယ်နည်း။ ယင်းကိုအဘယ်ကြောင့်လိုအပ်သနည်း။ မည်သူရွေးနှုတ်ခံရသနည်း။ ယေရှု၏သေခြင်းသည် သင့်အဖို့အဘယ်အဓိပ္ပာယ်ရှိသနည်း။
ယင်းကားအဘယ်နည်း
ရွေးနှုတ်ဖိုးမည်သည် လွတ်မြောက်မှုပေးသောအရာတစ်ခုဖြစ်သည်။ တစ်ဦးတစ်ယောက်ကိုရွေးနှုတ်ခြင်းကား အဖိုးအခပေးခြင်းဖြင့် ချုပ်နှောင်ခြင်း၊ သို့မဟုတ် အပြစ်ဒဏ်ပေးခြင်းမှကယ်နှုတ်ခြင်းဖြစ်သည်။ ဝိညာဏသဘောတရားအရ “ရွေးနှုတ်ရန်” ဆိုသည်မှာအပြစ်နှင့်ယင်း၏အခမှကယ်နှုတ်ခြင်းပေးရန်ဖြစ်သည်။ ယင်းကြောင့်ယေရှုသေဆုံးခဲ့ရ၏။ ခရစ်ယာန်တမန်တော်ပေါလုရေးသားသကဲ့သို့ “အပြစ်တရား၏အခကားသေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသောဆုကျေးဇူးတော်ကား ငါတို့သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း။”—ရောမ ၆:၂၃။
ရွေးနှုတ်ခသည် ရွေးနှုတ်ပေးခြင်းနှင့်ကျမ်းစာအရဆက်စပ်နေသည်။ ဆာလံ ၄၉:၆-၉ ကဤသို့ဆိုသည်။ “ကိုယ်ဥစ္စာကိုကိုးစား၍ ကိုယ်စည်းစိမ်များသောကြောင့်ဝါကြွားသော်လည်း မိမိညီအစ်ကိုကိုအဘယ်သူမျှအလျှင်းမရွေး နိုင်။ ရွေး ရန်အဖိုးကို ဘုရားသခင်၌မပေးနိုင်။ သူတို့အသက်ဝိညာဉ်၏ရွေးရန်အဖိုး ကြီးလှပေ၏။ သို့ဖြစ်၍အစဉ်ရှုံးလျက်နေရမည်။ ရွေးလျှင်အစဉ်အမြဲအသက်ရှင်ရာ၏။ ပုပ်စပ်ခြင်းသို့မရောက်ရာ။” ရွေးနှုတ်ဖိုးသည် မစုံလင်သောမည်သည့်လူသားမှမဟုတ်ဘဲ ဘုရားသခင်ကိုယ်တိုင်ဆောင်ရွက်သောရွေးခြင်းအစီအစဉ်ဖြစ်သည်။
အဘယ်ကြောင့်လိုအပ်သနည်း
ကျွန်ုပ်တို့၏ပထမဖခင်အာဒံအပြစ်ပြုခဲ့သောကြောင့် ရွေးနှုတ်ဖိုးလိုအပ်လာသည်။ သို့ဖြင့်အဆုံးမရှိသောစုံလင်သည့်အသက်ကို သူဆုံးရှုံးခဲ့၍တရားသဖြင့်သေဒဏ်ခံရသည်။ နောက်ဆုံးအသက်သေဆုံးခဲ့ရသည်။ (ကမ္ဘာဦး ၂:၁၅-၁၇။ ၃:၁-၇၊ ၁၇-၁၉။ ၅:၅) သူ၏ဆွေစဉ်မျိုးဆက်များဖြစ်သော ကျွန်ုပ်တို့အပြစ်နှင့်သေခြင်းအမွေကိုခံခဲ့ရသည်။ “အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍ အပြစ်တရားအားဖြင့်သေခြင်းတရားဝင်သည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့်သေခြင်းသို့ရောက်ရကြ၏” ဟုပေါလုရေးသားခဲ့သည်။ (ရောမ ၅:၁၂) မှန်ပေသည်၊ “လူအပေါင်းတို့သည် အာဒံအားဖြင့် သေခြင်းသို့ရောက်” ကြသည်။ (၁ ကောရိန္သု ၁၅:၂၂) ထိုကြောင့်ဆာလံဆရာဒါဝိဒ်ကမှန်ကန်စွာ ဤသို့ဆိုသည်။ “အကျွန်ုပ်သည်မွေးစကပင် အပြစ်ပါလျက်ရှိပါ၏။ အမိဝမ်းထဲမှာ ပဋိသန္ဓေယူစဉ်ပင် အပြစ်စွဲပါ၏။”—ဆာလံ ၅၁:၅။
အပြစ်ရှိသောအာဒံ၏မျိုးစဉ်မျိုးဆက်တို့သည် ထာဝရအသက်ရရှိရန် အပြစ်နှင့်သေခြင်းမှလွတ်မြောက်ဖို့လိုနေသည်။ ဤရွေးဖိုးကိုမစုံလင်သောလူသားများမပေးနိုင်သော်လည်း ယေရှုခရစ်မှတစ်ဆင့် ယေဟောဝါဘုရားသခင်သည်မေတ္တာရှိစွာစီစဉ်ပေးထားသည်။ သို့ဖြစ်၍ ရွေးနှုတ်ဖိုးနှင့်အဘယ်အရာကိုဝယ်ယူသနည်း။ အာဒံအပြစ်ပြုချိန်တွင် ထာဝရစုံလင်သောလူ့အသက်ကို သူဆုံးရှုံးခဲ့သည်။ ၄င်းနှင့်အတူ ပိုင်ဆိုင်ခွင့်များနှင့်မျှော်လင့်စရာတို့ကိုလည်းဆုံးရှုံးခဲ့ရသည်။ သို့ဖြစ်သောကြောင့် ယေရှု၏ရွေးနှုတ်ဖိုးပူဇော်သက္ကာအားဖြင့် ၄င်းတို့ကိုပြန်ရွေးယူနိုင်ခဲ့သည်။
ယင်းကြောင့်အဘယ်အရာဖြစ်ပျက်လာနိုင်
အပြစ်၏အခသေခြင်းကိုလူသားတို့ကြုံတွေ့ရသည့်အတွက် တရားမျှတမှုရှိလာသည်။ ထိုကြောင့် ရွေးနှုတ်ဖိုးသည် ဘုရားသခင့်ကရုဏာနှင့်ချစ်ခင်ကြင်နာမှုပြနည်းဖြစ်သည်။ ယေရှု၏စုံလင်သောလူ့အသက်နှင့်အတူ ယင်း၏အခွင့်အရေးနှင့်မျှော်လင့်ရာအလားအလာတို့ကို သေခြင်း၌စွန့်လွှတ်၍ နောင်ဘယ်သောအခါမျှပြန်မယူခဲ့ပေ။ အကြောင်းမူကား၊ ကိုယ်တော်သည် အသွေးအသားလူသားတစ်ဦးအဖြစ်မဟုတ်ဘဲ မပုပ်မပျက်နိုင်သောနာမ်ဝိညာဉ်သတ္တဝါအဖြစ် ရှင်ပြန်ထမြောက်ခဲ့တော်မူသည်။ (၁ ကောရိန္သု ၁၅:၅၀။ ၁ ပေတရု ၃:၁၈) ထိုကြောင့်ယဇ်ပူဇော်ခဲ့သောယေရှုခရစ်၏လူ့အသက်သည် ရွေးနှုတ်ပေးရန်အစွမ်းတန်ခိုးဆက်ရှိနေပါသည်။
အပြစ်မရှိသောလူသားတစ်ဦးအနေနှင့် စုံလင်သောအာဒံ အစအဦးတွင်ရှိခဲ့သည့်အခြေအနေမျိုး၌ ယေရှုရှိတော်မူသည်။ သေသည်တိုင်အောင်ဘုရားသခင်ကိုနာခံမှုပြခဲ့သောကြောင့် ယေရှုသည်ကြီးမြတ်သောယဇ်ပုရောဟိတ်မင်းကြီးဖြစ်လာသည်။ စုံလင်သောလူ့အသက်ပူဇော်သက္ကာ၏တန်ဖိုးကိုလည်း ကောင်းကင်တွင်သူတင်ဆက်ခဲ့သည်။ (ဟေဗြဲ ၉:၂၄-၂၆) ဤရွေးနှုတ်ခကိုဘုရားသခင်လက်ခံတော်မူခဲ့သောကြောင့် ယဇ်ပူဇော်သက္ကာအကျိုးကို သူတို့အဖို့အလိုငှာကျင့်သုံးခြင်းအားဖြင့် အာဒံ၏ယုံကြည်သူမျိုးစဉ်မျိုးဆက်တို့အား အပြစ်နှင့်သေခြင်းမှရွေးနှုတ်ပေးနိုင်ခဲ့ပါသည်။ (၁ ကောရိန္သု ၆:၂၀။ ၇:၂၃။ ၁ ယောဟန် ၂:၁၊ ၂) ဤနည်းဖြင့်ယေရှုသည် “ယုံကြည်နားထောင်သောသူအပေါင်းတို့အား ထာဝရကယ်တင်ခြင်းကျေးဇူးကိုပြုသောသူဖြစ်တော်မူ၏။” (ဟေဗြဲ ၅:၈၊ ၉) ဤနည်းဖြင့်သားတော်အားဖြင့် ဘုရားသခင့်ရှေ့မှောက် ဖြောင့်မတ်သောအခြေအနေရရှိနိုင်ကြပါသည်။
မည်သူတို့ရွေးနှုတ်ခံရသနည်း
သို့ဖြစ်လျှင်မည်သူတို့ ရွေးဖိုးမှအကျိုးခံစားရသနည်း။ ဤပြင်ဆင်ချက်ကိုယုံကြည်ခြင်းဖြင့် ဘုရားသခင်အလိုတော်နှင့်အညီကျင့်သူများဖြစ်သည်။ ကိုယ်တော်အားသစ္စာရှိစွာအမှုဆောင်ခြင်းအားဖြင့် အပြစ်နှင့်ယင်း၏အခသေခြင်းမှသူတို့လွတ်မြောက်ပြီး ထာဝရအသက်ရရှိနိုင်ကြသည်။—ယောဟန် ၁၇:၃။
ပထမလူသည် ဘုရားသခင့်စကားနားထောင်မည်မထောင်မည် ဆုံးဖြတ်နိုင်သည်။ မနာခံရန်သူရွေးချယ်သည်။ “အာဒံသည်လှည့်ဖြားခြင်းကိုမခံ” ခဲ့သော်လည်း စိတ်လိုကိုယ်လျောက်အပြစ်သားတစ်ဦးဖြစ်လာပေသည်။ (၁ တိမောသေ ၂:၁၄) သို့သော်အာဒံ၏မျိုးစဉ်မျိုးဆက်တို့ကော။ သူတို့၏မစုံလင်သောအခြေအနေ၌ပင် အတတ်နိုင်ဆုံးဘုရားအမှုတော်ဆောင်ရွက်နိုင်ကြသည်။ သို့မဟုတ် သူတို့ဖန်ဆင်းရှင်ကိုနာမခံဘဲနေနိုင်သည်။—ယောရှု ၂၄:၁၅။
ယေရှုသည် “မိမိအသက်ကိုစွန့်၍လူများကိုရွေးခြင်းငှာလည်းကောင်း၊ ကြွလာသတည်း။” (မာကု ၁၀:၄၅) သို့သော်ထို “လူအများ” ကားမည်သူတို့နည်း။ ဘုရားသခင့်စကားကိုနားမထောင်ရန် တမင်တကာရွေးချယ်ပြီး နောင်တမယူသောစိတ်လိုကိုယ်လျောက်ပြစ်မှားသည့်စုံလင်သောလူအနေနှင့် အာဒံလုံးဝပါမည်မဟုတ်ပါ။ သို့သော်ထောင်ပေါင်းများစွာအထိများလာသည့် သူ၏ကြီးမားသောအိမ်ထောင်စုကြီးကော။ ထပ်တူအဖိုးအခဖြင့် အာဒံ၏မိသားစုပေါ်ကျသင့်သော အမွေခံရာအပြစ်၏အခကို ယေရှုခရစ်တော်ဖြေရှင်းပေးတော်မူသည်။ (၁ တိမောသေ ၂:၅၊ ၆ နှင့်နှိုင်းယှဉ်) ယုံကြည်သူ “များစွာ” တို့အကျိုးအလိုငှာ ယေရှုသည် ကိုယ်တော်၏ရွေးနှုတ်ဖိုးအခကို အကျိုးရှိစေပါသည်။
ရွေးနှုတ်ခံရသောယုံကြည်သူတို့တွင် ဂျူးနှင့်တစ်ပါးအမျိုးသားများပါဝင်သည်။ ပေါလုဤသို့ဆိုသည်။ “တစ်ယောက်သောသူ၏ပြစ်မှားခြင်းအားဖြင့် လူအပေါင်းတို့သည် အပြစ်စီရင်ခြင်းနှင့်တွေ့ကြုံကြရသည်နည်းတူ တစ်ယောက်သောသူ၏ဖြောင့်မတ်ခြင်းအားဖြင့် လူအပေါင်းတို့သည် အသက်နှင့်ယှဉ်သောဖြောင့်မတ်ရာသို့ရောက်ခြင်းအခွင့်ကိုရကြ၏။” (ရောမ ၅:၁၈) နှက်တိုင်ပေါ်သေခြင်းအားဖြင့် “ ‘သစ်တိုင်၌ဆွဲထားခြင်းကိုခံရသောသူတိုင်း ကျိန်ခြင်းကိုခံရသောသူဖြစ်သည်’ ဟုကျမ်းစာလာသည်နှင့်အညီ ခရစ်တော်သည် ငါတို့အတွက်ကြောင့်ကျိန်ခြင်းကိုခံရသောသူဖြစ်၍ ငါတို့ကိုပညတ်တရား၏ကျိန်ခြင်းမှရွေးနှုတ်တော်မူပြီ။” (ဂလာတိ ၃:၁၃။ တရားဟောရာ ၂၁:၂၃) ဂျူးတို့၏ဘိုးဘေးအာဗြဟံသည် အရေဖျားမလှီးခင်ကတည်းက “အရေဖျားလှီးခြင်းကိုမခံဘဲ ယုံကြည်သောသူတို့ . . . ၏အဘ” ဖြစ်ခဲ့ကြောင်း ရောမ ၄:၁၁ ကညွှန်ပြသည်။ သို့ဖြစ်၍ယေရှု၏ရွေးနှုတ်ဖိုးပူဇော်သက္ကာသည် ယုံကြည်သူဂျူးနှင့်တစ်ပါးအမျိုးသားများအတွက်ပါ အကျိုးရှိပါသည်။
တစ်ဦးစီလိုက်လျှောက်သောလမ်းစဉ်က ယေရှု၏ပူဇော်သက္ကာမှအကျိုးခံစားရမည်မရမည်ကို ဆုံးဖြတ်ပေးသည်။ အာဒံနည်းတူ စိတ်လိုကိုယ်လျောက်မတရားသဖြင့်ပြုသောသူသည် ရွေးနှုတ်ဖိုးအကျိုးနှင့်ထာဝရအသက်ဆု ရနိုင်စရာအကြောင်းမရှိပါ။ ခရစ်တော်ဤသို့ဆိုသည်။ “သားတော်ကိုယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကိုပယ်သောသူမူကား အသက်ကိုမတွေ့ရ။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏အမျက်တော်တည်နေသည်။” (ယောဟန် ၃:၃၆) ရွေးနှုတ်ဖိုးသည် ဘုရားသခင့်မှတ်ဉာဏ်တွင်ရှိသူ လူသေတို့အတွက် ရှင်ပြန်ထမြောက်ခြင်းအခွင့်ကိုလည်းရှိစေသည်။ (ယောဟန် ၅:၂၈၊ ၂၉) သူတို့သာနာခံမှုရှိမည်၊ တန်ဖိုးထားတတ်မည်ဆိုလျှင် ရွေးနှုတ်ဖိုးအကျိုးကျေးဇူးများခံစားရသည့်အတွက် သူတို့ထာဝစဉ်အသက်ရှင်စရာအကြောင်းရှိသည်။ ဤ “နောက်ဆုံးကာလ” တွင်အသက်ရှင်သူများအတွက်မူကား နောက်တစ်ဖန်မသေရတော့သည့် ထာဝစဉ်အသက်ရှင်ခွင့်ရှိပေသည်။—၂ တိမောသေ ၃:၁-၅။ မဿဲ ၂၄:၃-၁၄၊ ၂၁၊ ၃၄။ ယောဟန် ၁၁:၂၅၊ ၂၆။
ကျေးဇူးတင်စရာအကြောင်းများ
ရွေးနှုတ်ဖိုးအကျိုးကိုခံလိုသူမည်သူမဆိုသည် ယင်းအတွက်ကျေးဇူးတင်စိတ်နက်ရှိုင်းရမည်။ ထိုသို့ကျေးဇူးတင်ခြင်းသည်လည်း အလွန်ပင်လျောက်ပတ်လှသည်တကား။ စဉ်းစားကြည့်လျှင် ရွေးနှုတ်ဖိုးဖြစ်ပေါ်လာရန် ဘုရားသခင်နှင့်ခရစ်တော်တို့သည် ကြီးမားသောမေတ္တာပြသခဲ့ကြတော်မူသည်။
သားတော်၏သေခြင်းအားဖြင့်ရွေးနှုတ်ဖိုးစီစဉ်ပေးရာတွင် ယေဟောဝါဘုရားသခင်သည် ကြီးမားသောမေတ္တာပြသတော်မူသည်။ ယေရှုဤသို့ဆိုသည်။ “ဘုရားသခင်၏သားတော်ကိုယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကိုစွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။ လောကီသားတို့အားအပြစ်စီရင်ခြင်းငှာ ဘုရားသခင်သည်သားတော်ကို ဤလောကသို့စေလွှတ်တော်မူသည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့်ကယ်တင်ခြင်းသို့ရောက်မည်အကြောင်း စေလွှတ်တော်မူ၏။” (ယောဟန် ၃:၁၆၊ ၁၇) ဘုရားသခင်၏မေတ္တာတော် ဤသို့ထင်ရှားပြခြင်းကို ကျွန်ုပ်တို့တန်ဖိုးထားလေးစားသင့်သည်မဟုတ်ပေလော။
ရွေးနှုတ်ဖိုးကိုပြင်ဆင်ပေးရာတွင် ယေဟောဝါ၏မေတ္တာတော်မည်မျှနက်ရှိုင်းလှသည်ကိုလည်း ဆက်စဉ်းစားကြည့်ပါဦးလေ။ စုံလင်သောလူသားအဖြစ်အသက်ရှင်ပြီးသေဆုံးဖို့အတွက် မြေကြီးပေါ်သို့ဘုရားသခင့်သားတော်စေလွှတ်မခံရမီ ကိုယ်တော်၌လူ့ဘဝမတိုင်မီအသက်တာရှိတော်မူခဲ့သည်။ “ထိုသားတော်သည် ကောင်းကင်ပေါ်မြေကြီးပေါ်မှာရှိသမျှသော ရူပအရာ၊ အရူပအရာ၊” “ဝေနေယျသတ္တဝါအပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ၏။” (ကောလောသဲ ၁:၁၃-၁၆) သားတော်ကို ယေဟောဝါအလွန်ချစ်မြတ်နိုးတော်မူသည်။ သို့ဖြစ်၍ဖြောင့်မတ်သောကောင်းကင်တမန်သန်းပေါင်းများစွာမှ မည်သူအားမျှ မြေကြီးသို့စေလွှတ်တော်မမူခဲ့ပါ။ လူသားတို့အတွက် ကိုယ်တော်၏မေတ္တာတော် ကြီးမားလှလွန်းသဖြင့် သားဦးကိုစေလွှတ်တော်မူခဲ့သည်။
ရွေးနှုတ်ဖိုးနှင့်စပ်လျဉ်း၍ ယေရှုတင်ပြခဲ့သော နက်ရှိုင်းသည့်မေတ္တာတော်ကိုလည်း ထည့်စဉ်းစားပါ။ ကောင်းကင်၌နာမ်ဝိညာဉ်သားတော်တစ်ပါးအဖြစ် ကိုယ်တော်သည်ဘုရားသခင်၏ ‘လုပ်သားချုပ်’ ဖြစ်သည်။ မှန်ပေ၏။ ဘုရားသခင်၏သားတော်သည် “လူသားတို့နှင့်ပေါင်းဖော်၍ပျော်ပါးလျက်နေ၏။” (သု၊ ၈:၂၂-၃၁) သို့ဖြစ်၍ပင် ခမည်းတော်နှင့်အခြားဖြောင့်မတ်သောကောင်းကင်တမန်အသင်္ချေတို့နှင့်အတူ အခွင့်သာသောအခြေအနေမျိုး၌ပေါင်းသင်းဆက်ဆံပျော်မွေ့ရသည့် ကောင်းကင်အရပ်ကိုစွန့်လွှတ်ချန်ထားရစ်ရန် ကိုယ်တော်အတွက်လွယ်ကူမည်မဟုတ်ပါ။ ကိုယ်တော်၏ကောင်းကင်အထက်အရပ်မှ ဘုရားသခင့်သားတော်သည် ကမ္ဘာပေါ်ရှိဆိုးသွမ်းသောအခြေအနေတို့ကိုတွေ့မြင်နိုင်၏။ လူသားတို့အပေါ်ကျရောက်နေသည့် အပြစ်နှင့်သေခြင်း၏ဆိုးကျိုးတို့ကိုလည်းတွေ့မြင်နေမည်။ ရွေးဖိုးပေးရန်အတွက် မိမိသေဖို့လိုမည်အကြောင်းကိုလည်း ကိုယ်တော်သိတော်မူ၏။ သို့နှင့်ပင် “အစေခံကျွန်၏သဏ္ဌာန်ကိုယူဆောင်လျက် လူကဲ့သို့သောအဖြစ်၌ဖွားမြင်ခြင်းကိုခံတော်မူ၏။ ထိုသို့ . . . အသေခံခြင်းတိုင်အောင် . . . ကိုယ်ကိုယ်ကိုနှိမ့်ချတော်မူ၏။” (ဖိလိပ္ပိ ၂:၅-၁၁) ရွေးနှုတ်ဖိုးပေးခြင်းနှင့်ပတ်သက်၍ မည်မျှကြီးမားသောမေတ္တာတင်ပြခဲ့ပြီတကား။ ယေရှုပြုတော်မူရာကို အသင်တန်ဖိုးထားလေးမြတ်ပါသလော။
သင်ဘာလုပ်မည်နည်း
ချီချက်စ်တာမြို့မှအင်္ဂလိပ်ခရစ်ယာန်ဘုန်းကြီး ရစ်ချာ့ဒ် (၁၁၉၈-၁၂၅၃ ခန့်) က အမျိုးသားအမျိုးသမီးတို့သည် “ယေရှုခရစ်ကိုပိုမိုသိရှိလာပြီး ကိုယ်တော်ကိုပိုချစ်မြတ်နိုးရန်၊ ကိုယ်တော့်ခြေရာကိုထပ်ကြပ်မကွာပိုလျှောက်နိုင်ရန်” ဖြစ်ပါစေဟုဆုတောင်းခဲ့ဖူးသည်။ ယေရှု၏ရွေးနှုတ်ဖိုးပူဇော်သက္ကာသည် ကိုယ်တော်အားပိုသိကျွမ်းလာရန်၊ ချစ်မြတ်နိုးရန်နှင့်နောက်တော်လိုက်ရန် အကြောင်းကောင်းရှိစေသည်။
ရွေးနှုတ်ဖိုးကြောင့်သာမဟုတ်လျှင် အပြစ်သားများအနေနှင့် ကျွန်ုပ်တို့သည် မျှော်လင့်ချက်မရှိသေသွားဖို့သာရှိသည်။ အကြောင်းမူကား၊ “သေမင်း၏လက်နက်ကား ဒုစရိုက်အပြစ်ပေတည်း။” (၁ ကောရိန္သု ၁၅:၅၆) သို့ဖြစ်၍အပြစ်၏အခသေခြင်းခံရမည့်သူအဖြစ်မှ ကယ်နှုတ်ခံရခြင်းငှာ သင်ဘာပြုလုပ်ရန်လိုမည်နည်း။ ယေရှုခရစ်မှတစ်ဆင့်ကယ်တင်ခြင်းရရန် ဘုရားသခင့်ပြင်ဆင်ချက်ကိုသင်ယူရန်လိုပါသည်။ ထိုအခါ ရွေးနှုတ်ဖိုးကိုသင်လက်ခံယုံကြည်ကြောင်း သက်သေတင်ပြရမည်။ မည်သို့အားဖြင့်နည်း။ ယင်းကိုလှိုက်လှဲစွာတန်ဖိုးထားလေးမြတ်ကြောင်း ဘုရားသခင်ထံမိမိကိုယ်ကိုဆက်ကပ်အပ်နှံခြင်းအားဖြင့်တင်ပြမည်။ ထိုနောက် ကယ်တင်ခြင်းရရန် ဤပြင်ဆင်ချက်အကြောင်း သူတစ်ပါးအားပြောပြခြင်းအားဖြင့်ဖြစ်သည်။
ဤလမ်းစဉ်သည် ‘သိုးသငယ် (ယေရှုခရစ်) ၏အသွေး၌ မိမိတို့ဝတ်လုံကိုလျှော်၍ဖြူ’ စေသော “ကြီးစွာသောဆင်းရဲဒုက္ခအထဲကထွက်မြောက်” လာသူများအဝင် သင့်အားဖြစ်စေနိုင်သည်။ (ဗျာဒိတ် ၇:၉၊ ၁၄) သူတို့၏မျှော်လင့်ချက်ကား ကမ္ဘာ့ပရဒိသုတွင် ထာဝရအသက်ရရှိရန်ဖြစ်သည်။ (လုကာ ၂၃:၄၃) မှန်သည်။ ယေရှု၏သေခြင်းသည် သင့်အတွက်တန်ဖိုးရှိရာဖြစ်ပါက အသင်လည်းထိုပျော်ရွှင်သောလူစုတွင် ပါဝင်နိုင်ပါသည်။
[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]
အပြစ်မရှိသောယေရှုသည် စုံလင်သောအာဒံအစကနဦးကရှိခဲ့သောအနေအထားမျိုး၌ ရှိတော်မူသည်