မုဆိုးမတစ်ဦးအနေနှင့် ကျွန်မသက်သာမှုအစစ်အမှန်ရ
လီလီအာသာတင်ပြသည်
အိန္ဒိယပြည်၊ အူတကာမန်ဒ်ရှိ အရပ်ဒေသတစ်ခုတွင် ယေဟောဝါသက်သေဓမ္မအမှုဆောင်ငယ်တစ်ဦးသည် တစ်အိမ်မှတစ်အိမ်ဟောပြောနေသည်။ ထုံးစံအရ ဤသို့သောသူစိမ်းမျိုးအား အမျိုးသမီးများတံခါးဖွင့်ပေးလေ့မရှိချေ။ နာရီအနည်းငယ်ကြာသော် မောပန်း၍စိတ်ဓာတ်ကျစွာဖြင့်အိမ်ပြန်ရန် သူဆုံးဖြတ်လေသည်။ သို့သော် နောက်တစ်အိမ်သို့ဆက်သွားရန် စေ့ဆော်ခံခဲ့ရသည်။ သို့နှင့် သူ့အားတံခါးဖွင့်ခဲ့သူအမျိုးသမီးတင်ပြသည့်အတိုင်း မည်သို့ဖြစ်ပျက်ခဲ့သည်ကိုသုံးသပ်ကြည့်စို့။
နှစ်လသမီးလေးကိုပွေ့ပိုက်၍ ၂၂ လသားငယ်ကိုဘေး၌ထားကာ မျက်နှာစိမ်းတစ်ဦးအတွက် တံခါးဖွင့်ပေးမိသည်။ တစ်ညနှစ်ညကပင် ကျွန်မအထူးစိတ်ဓာတ်ကျခဲ့သည်။ သက်သာမှုရရန် “ကောင်းကင်ဘုံ၌ရှိတော်မူသောအဖ နှုတ်ကပါဌ်တော်အားဖြင့် ကျွန်မအားသက်သာမှုပေးတော်မူပါ” ဆုတောင်းခဲ့သည်။ ယခုထိုသူစိမ်းက “ဘုရားသခင်၏နှုတ်ကပါဌ်တော်မှ သက်သာမှုနှင့်မျှော်လင့်ချက်ပေးသောသတင်းကို ကျွန်ုပ်ယူဆောင်လာပါသည်” ဟုနိဒါန်းပျိုးသည်ကို ကျွန်မအထူးအံ့အားသင့်မိသည်။ သို့နှင့် ဘုရားသခင်စေလွှတ်လိုက်သော ပရောဖက်တစ်ပါးဖြစ်ရမည်ဟုခံစားမိသည်။ သို့သော် ကူညီမစမှုပေးပါရန် အဘယ်ကြောင့်ကျွန်မတောင်းဆိုခဲ့ရသနည်း။
ကျမ်းစာမှသမ္မာတရားများကို သင်ယူခြင်း
တောင်အိန္ဒိယရှိသာယာသော နီလဂီရီတောင်တန်းရှိဂူဒါလူရွာကလေး၌ ၁၉၂၂ ခုနှစ်တွင် ကျွန်မဖွားမြင်ခဲ့သည်။ သုံးနှစ်အရွယ်တွင် ကျွန်မမိခင်သေဆုံးခဲ့သည်။ နောင်တွင် ပရိုတက်စတင့်ဓမ္မဆရာတစ်ဦးဖြစ်သော ဖေဖေသည် နောက်အိမ်ထောင်ပြုသည်။ ကျွန်မတို့စကားပြောတတ်သည်နှင့် ကျွန်မတို့မောင်နှစ်မများကို ဆုတောင်းတတ်ရန် ဖေဖေသင်ပေးခဲ့သည်။ စားပွဲ၌ နေ့စဉ်ဖေဖေကျမ်းစာဖတ်တိုင်း ကျွန်မလည်းလေးနှစ်အရွယ်ကတည်းက သူ့ဘေးကြမ်းပြင်ပေါ်ထိုင်၍ ကိုယ့်ကျမ်းစာကိုယ်ဖတ်ခဲ့သည်။
အရွယ်ရောက်လာသည့်အခါ ကျွန်မကျောင်းဆရာမဖြစ်လာသည်။ ၂၁ နှစ်အရွယ်တွင် အဖေသည် ကျွန်မအားအိမ်ထောင်ချပေးခဲ့သည်။ ကျွန်မတို့မောင်နှံစုံသည် သားစွန်ဒါနှင့်နောင်တွင် သမီးရာသ်နားတို့၏မိဘများဖြစ်ခွင့်ရခဲ့သည်။ သို့သော် ရာသ်နားဖွားမြင်ချိန်လောက်တွင် ကျွန်မခင်ပွန်းဖျားနာပြီးဆုံးသွားသည်။ ၂၄ နှစ်အရွယ်တွင် ကလေးငယ်နှစ်ဦးတာဝန်ကိုထမ်းရသော မုဆိုးမဖြစ်လာသည်။
ထို့နောက်ကိုယ်တော်၏နှုတ်ကပါဌ်တော်အားဖြင့် ကျွန်မအားသက်သာမှုပေးတော်မူပါဟု ဘုရားသခင်ကိုတောင်းပန်ခဲ့သည်။ နောက်နေ့တွင်ပင် ယေဟောဝါသက်သေများမှ ဓမ္မအမှုဆောင်တစ်ဦးရောက်လာပေသည်။ သူ့အားအိမ်ထဲဖိတ်ခေါ်ပြီး “ဘုရားသခင်၏ သစ္စာတော်တည်စေသတည်း” စာအုပ်ကိုလက်ခံယူခဲ့သည်။ ထိုညတွင် ယင်းစာအုပ်ကိုဖတ်စဉ် ကျွန်မအတွက် အထူးအဆန်းဖြစ်ခဲ့သည့် ယေဟောဝါအမည်ကို ထပ်ခါတလဲဖတ်ရှုရသည်။ နောင်တွင် ဓမ္မအမှုဆောင်ပြန်လည်ပတ်လာ၍ ယင်းကား ဘုရားသခင်၏နာမတော်ဖြစ်သည်ကို သမ္မာကျမ်းစာတွင်ဖွင့်ပြခဲ့သည်။
မကြာမီပင် သုံးပါးတစ်ဆူနှင့်ငရဲမီးအယူအဆများသည် သမ္မာကျမ်းစာတွင်မပါကြောင်း သိရှိလာသည်။ ဘုရားသခင်၏နိုင်ငံတော်တွင် ကမ္ဘာမြေကြီးသည် ပရဒိသုဘုံဖြစ်လာပြီး ချစ်ခင်ရသော သေလွန်သူများရှင်ပြန်ထမြောက်လာမည်အကြောင်း သိရှိလာသောအခါ စိတ်သက်သာမှုနှင့်မျှော်လင့်ချက်ရရှိခဲ့သည်။ ထိုထက်ကား ကျွန်မဆုတောင်းသံကိုနားညောင်း၍ မစတော်မူခဲ့သော ဘုရားမှန်ယေဟောဝါကို သိကျွမ်းလာရပြီးချစ်မြတ်နိုးတတ်လာသည်။
တွေ့ရှိစအသိပညာကို မျှဝေခြင်း
ဘုရားသခင်၏နာမတော်ပါသော ကျမ်းပိုဒ်များကို အဘယ်ကြောင့်မဖတ်မိရကြောင်း အံ့သြခဲ့သည်။ ကျမ်းစာဖတ်ခဲ့လျက်နှင့် ပရဒိသုကမ္ဘာမြေကြီးပေါ် ထာဝရအသက်ရရှိရန်မျှော်လင့်ချက် ဤမျှရှင်းလျက်နှင့် အဘယ်ကြောင့်မတွေ့ရှိခဲ့ရသည်ကိုလည်း အံ့အားသင့်ခဲ့သည်။ ပရိုတက်စတင့်သာသနာပြုများဦးစီးသည့်ကျောင်းတွင် ဆရာမတစ်ဦးဖြစ်ခဲ့သဖြင့် ကျောင်းမန်နေဂျာအား ထိုကျမ်းပိုဒ်များကိုပြညွှန်ပေးခဲ့သည်။ (ထွက်မြောက်ရာ ၆:၃။ ဆာလံ ၃၇:၂၉။ ၈၃:၁၈။ ဟေရှာယ ၁၁:၆-၉။ ဗျာဒိတ် ၂၁:၃၊ ၄) ယင်းတို့ကို ကျွန်မတို့သတိမထားမိခဲ့ကြောင်း သူတို့အားတင်ပြပြောဆိုသည်။ သို့သော် ကျောင်းမန်နေဂျာသည် သဘောကျနှစ်သက်ပုံမရှိခဲ့သည်ကို တွေ့ရှိခဲ့ရ၏။
ထိုနောက်အခြားမြို့တစ်မြို့တွင်နေထိုင်သော ကျောင်းအုပ်ထံ ထိုကျမ်းချက်များကိုကိုးကားပြကာ စာရေးခဲ့သည်။ သူ့နှင့်စကားပြောဆိုခွင့်ရရန် တောင်းဆိုခဲ့သည်။ သူမ၏ဖခင်ဖြစ်သူ အင်္ဂလန်မှ နာမည်ကြီးဓမ္မဆရာကိုယ်တိုင် ကျွန်မနှင့်ယင်းအကြောင်းဆွေးနွေးလိမ့်မည်ဟု သူမစာပြန်သည်။ ကျောင်းအုပ်၏အစ်ကိုသည်လည်း အများသိဘိရှော့တစ်ဦးဖြစ်သည်။
အချက်အလက်များနှင့်ကျမ်းချက်များကို ကြိုတင်ပြင်ဆင်၍ “ဘုရားသခင့်သစ္စာတော်တည်စေသတည်း” စာအုပ်ကိုထည့်ပြီး ကျွန်မသားသမီးများနှင့်အတူ ထိုမြို့သို့သွားခဲ့သည်။ စိတ်အားထက်သန်စွာဖြင့် ယေဟောဝါသည် မည်သူမည်ဝါဖြစ်ကြောင်း၊ သုံးပါးတစ်ဆူမရှိကြောင်းနှင့် ကျွန်မသိနားလည်လာသည့်အကြောင်းများကို ရှင်းပြခဲ့သည်။ တစ်ခွန်းမှမပြောမဆိုဘဲ သူတို့ခဏနားထောင်ကြသည်။ ထိုနောက် အင်္ဂလန်မှဓမ္မဆရာက “သင့်အတွက် ဆုတောင်းပေးမယ်” ဟုဆိုကာ ကျွန်မပေါ်လက်တင်ဆုတောင်း၍ စေလွှတ်လိုက်သည်။
လမ်းပေါ်သက်သေခံခြင်း
တစ်နေ့သောအခါ ယေဟောဝါသက်သေဓမ္မအမှုဆောင်က ကင်းမျှော်စင်နှင့်နိုးလော့မဂ္ဂဇင်းများနှင့် လမ်းပေါ်သက်သေခံခြင်းလုပ်ငန်း၌ပါဝင်ရန် ကျွန်မအားဖိတ်ခေါ်ခဲ့သည်။ ထိုသို့ ကျွန်မ မည်သည့်အခါမျှ ပြုလုပ်နိုင်မည်မဟုတ်ကြောင်း သူ့အားဖြေဆိုခဲ့သည်။ ဒီလိုပါ။ အိန္ဒိယနိုင်ငံတွင် လမ်းပေါ်ရပ်၊ တစ်အိမ်မှတစ်အိမ်သွားသော အမျိုးသမီးတစ်ဦးကို လူတိုင်းအထင်သေးမည်ဖြစ်သည်။ ထိုအမျိုးသမီး၏သိက္ခာသာမက သူမ၏အမျိုးသိက္ခာကိုပင်ကျစေနိုင်သည်။ ကျွန်မအဖေကို ချစ်မြတ်နိုးရိုသေကိုင်းရှိုင်းသည့်အတွက် သူ့နာမည်ကိုမပျက်စေလိုပါ။
သို့သော် ဓမ္မအမှုဆောင်က “ငါ့သား၊ ပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကို ငါချေနိုင်အောင် ငါ့စိတ်ကိုရွှင်လန်းစေလော့” ဟုဆိုသည့် ကျမ်းချက်ကို ကျွန်မအားပြခဲ့သည်။ (သု၊ ၂၇:၁၁) သူက “သင်သည် ယေဟောဝါနှင့်ကိုယ်တော်၏နိုင်ငံတော်ဘက် ရပ်တည်သည်ကို လူအများရှေ့တင်ပြပြီး ကိုယ်တော်၏နှလုံးကိုရွှင်လန်းစေပါ” ဟုကျွန်မအားပြောသည်။ ယေဟောဝါနှလုံးရွှင်လန်းစေလိုစိတ်ပြင်းပြသည့်အတွက် မဂ္ဂဇင်းများထည့်ထားသောလွယ်အိတ်ကိုလွယ်ကာ သူနှင့်အတူလမ်းပေါ်သက်သေခံခြင်းလုပ်ငန်းကို လုပ်ကိုင်တော့သည်။ ယခုပင် ထိုသို့ပြုလုပ်ရန်ကျွန်မမည်သို့တတ်နိုင်ခဲ့သည်ကို စဉ်းစား၍မရနိုင်သေးပါ။ ထိုအချိန်ကား ၁၉၄၆ ခုနှစ်၊ သမ္မာတရားစကြားပြီးလေးလအကြာတွင်ဖြစ်သည်။
ကြောက်ရွံ့စိတ်များ ပျောက်ကင်းရန် အားပေးခံရခြင်း
၁၉၄၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၏အရှေ့ကမ်းခြေရှိ မာဒရပ်စ်မြို့ပြင်တွင် ဆရာမအဖြစ်အမှုထမ်းရန်လက်ခံခဲ့သည်။ ကလေးများနှင့်အတူ ထိုနေရာသို့ ကျွန်မပြောင်းရွှေ့ခဲ့သည်။ မြို့ထဲတွင် ယေဟောဝါသက်သေခံလူနည်းစု ရှစ်ဦးမျှ မှန်မှန်စည်းဝေးတက်ကြသည်။ ထိုစည်းဝေးများကိုတက်နိုင်ရန် ၁၆ မိုင်ကားစီးရသည်။ ထိုအချိန်က အိန္ဒိယနိုင်ငံတွင် အမျိုးသမီးများသည် တစ်ဦးတည်းခရီးသွားလာလေ့မရှိပါ။ အမျိုးသားများ ကြိုပို့ပေးရ၏။ ဘယ်ကားစီးရမည်၊ လက်မှတ်ဘယ်လိုဝယ်ရမည်၊ ဘယ်မှတ်တိုင်မှာဆင်းရမည် အစရှိသည်တို့ကို ကျွန်မလုံးဝမသိပါ။ ယေဟောဝါအမှုတော်ကို ကျွန်မဆောင်ရမည်ဟုသိသော်လည်း မည်သို့သွားလာရမည်နည်း။ သို့နှင့် “ယေဟောဝါဘုရားသခင် ကိုယ်တော်အမှုတော်ကိုမထမ်းဘဲ ကျွန်မမနေနိုင်ပါ။ သို့သော် အိန္ဒိယအမျိုးသမီးတစ်ဦးအနေနှင့် တစ်အိမ်မှတစ်အိမ်လုံးဝမသွားနိုင်ပါ” ဟုဆုတောင်းခဲ့သည်။
ဤလွန်ဆွဲမှုကိုမခံရလေရန် ယေဟောဝါကျွန်မအားသေပါစေဟူ၍ပင် မျှော်လင့်ခဲ့သည်။ သို့ရာတွင် ကျမ်းစာမှအဖြေရလိုခဲ့သည်။ ယေရမိကျမ်းကိုဖွင့်ဖတ်၍ ဤသို့အဖြေရရှိခဲ့သည်။ “အကျွန်ုပ်သည် သူငယ်ဖြစ်ပါ၏ဟုမပြောနှင့်။ အကြင်သူရှိရာသို့ သင့်ကိုငါစေလွှတ်၏။ ထိုသူရှိရာသို့ သင်သွားရမည်။ အကြင်စကားကို ငါမှာထား၏။ ထိုစကားကို သင်ဆင့်ဆိုရမည်။ သူတို့ကိုမကြောက်နှင့်။ သင့်ကိုကယ်နှုတ်ခြင်းငှာ သင်နှင့်အတူငါရှိသည်။”—ယေရမိ ၁:၇၊ ၈။
ကျွန်မအား ယေဟောဝါကိုယ်တော်တိုင် စကားပြောဆိုနေသည်ဟုခံစားခဲ့ရသည်။ သို့နှင့်သတ္တိမွေးပြီး မဂ္ဂဇင်းများထည့်ရန်လွယ်အိတ်ကို ကျွန်မခြေနင်းစက်ပေါ်ချုပ်လိုက်သည်။ စိတ်ပြင်းပြစွာဆုတောင်းပြီးနောက် တစ်ယောက်တည်းတစ်အိမ်မှတစ်အိမ်သွားခဲ့ရာ ယူသွားခဲ့သမျှစာပေများကို ဝေငှခဲ့ရသည်။ ထိုနေ့တွင် ကျမ်းစာသင်အံမှုတစ်ခုပင် စနိုင်ခဲ့ပါသည်။ ကျွန်မဘဝအသက်တာတွင် ယေဟောဝါအား ပထမနေရာထားမည်ဟု စိတ်ဆုံးဖြတ်ခဲ့သည်။ ကိုယ်တော်ကိုလည်း လုံးလုံးလျားလျားအားကိုးစိတ်ချတော့သည်။ နှုတ်ဖြင့်ရှုတ်ချကဲ့ရဲ့ခံရငြား လူအများရှေ့ဟောပြောခြင်းလုပ်ငန်းသည် ကျွန်မဘဝတွင် မှန်မှန်လုပ်ကိုင်သည့်လုပ်ငန်းဖြစ်လေတော့သည်။ ဆန့်ကျင်တိုက်ခိုက်မှုကြား ကျွန်မလုပ်ငန်းသည် အချို့သူတို့အတွက် စွဲမှတ်စရာဖြစ်ခဲ့သည်။
နောင်နှစ်ပေါင်းအတန်ကြာသော် ကျွန်မသမီးနှင့်အတူ မာဒရပ်စ်မြို့တွင်အမှုဆောင်ထွက်ခဲ့သောအခါ ထိုသို့ဖြစ်ခဲ့ကြောင်းသိရှိရ၏။ အထက်လွှတ်တော်မှတရားသူကြီးဖြစ်သူ ဟိန္ဒူအမျိုးသားတစ်ဦးသည် ကျွန်မအသက်ကိုမှားတွက်ချက်ကာ “မင်းမမွေးခင်ကတည်းက ဒီမဂ္ဂဇင်းများကိုဖတ်ဖူးတယ်။ လွန်ခဲ့တဲ့အနှစ်သုံးဆယ်က အမျိုးသမီးတစ်ဦး မွန့်တ်လမ်းထောင့်မှာ အမြဲရပ်ပြီးဒီမဂ္ဂဇင်းတွေကိုဝေငှခဲ့ဖူးတယ်” ဟုသူပြောပါသည်။ နှစ်စဉ်ကြေးသူယူခဲ့သည်။
အခြားအိမ်တစ်အိမ်တွင် ဟိန္ဒူဘရာမင်အမျိုးသားတစ်ဦးဖြစ်သူ အငြိမ်းစားအရာရှိတစ်ဦးသည် ကျွန်မတို့ကိုအိမ်ထဲဖိတ်ခေါ်ပြီး “လွန်ခဲ့တဲ့နှစ်အတော်ကြာကြာက မွန့်တ်လမ်းထောင့်မှာ အမျိုးသမီးတစ်ဦး ကင်းမျှော်စင်ကိုဝေငှခဲ့တယ်။ သူ့ကိုလေးစားတဲ့အနေနဲ့ မင်းဝေငှနေတဲ့မဂ္ဂဇင်းများကို ယူလိုက်မယ်” ဟုဆိုသည်။ ထိုသူနှစ်ယောက်စလုံးရည်ညွှန်းခဲ့သည့်အမျိုးသမီးသည် ကျွန်မကိုယ်တိုင်ဖြစ်သဖြင့် ကျွန်မပြုံးမိပါသည်။
ခွန်အားရှိလာ၍ကောင်းချီးခံစားရ
၁၉၄၇ ခု၊ အောက်တိုဘာလတွင် ယေဟောဝါထံကျွန်မဆက်ကပ်အပ်နှံခြင်းကို ရေ၌နှစ်ခြင်းယူ၍တင်ပြခဲ့သည်။ ထိုအချိန်က တိုင်းတစ်တိုင်းလုံးတွင် တယ်မီလ်စကားပြောဆိုသောအမျိုးသမီးသက်သေခံ ကျွန်မတစ်ဦးတည်းသာရှိသည်။ ယခုမူ သစ္စာရှိယေဟောဝါသက်သေတယ်မီလ်အမျိုးသမီး ရာပေါင်းများစွာရှိပါသည်။
ကျွန်မနှစ်ခြင်းယူပြီးနောက် အဖက်ဖက်မှ အတိုက်အခံများကြုံခဲ့ရသည်။ ကျွန်မအစ်ကိုက “မင်းတော့လျောက်ပတ်သင့်တော်ဣန္ဒြေရှိတဲ့အမျိုးသမီးမဟုတ်တော့ဘူး” ဟုရေးသားခဲ့သည်။ ကျွန်မအလုပ်ခွင်ကျောင်းတွင်မက ရပ်ကွက်တွင်လည်း အတိုက်အခံကြုံခဲ့ရသည်။ သို့သော် ယေဟောဝါကိုအဆက်မပြတ် ပြင်းပြစွာဆုတောင်း၍ ကိုယ်တော်ကိုသာ၍ချဉ်းကပ်ခဲ့သည်။ ညတွင်တစ်ရေးနိုးထလျှင် ရေနံဆီမီးအိမ်ကိုထွန်း၍ ကျမ်းစာလေ့လာခဲ့ပါသည်။
ဤနည်းဖြင့်ခွန်အားရှိလာလေ သူတစ်ပါးကိုနှစ်သိမ့်ကူညီပေးရန် အရည်အချင်းပိုရှိလာလေဖြစ်သည်။ ကျွန်မနှင့်ကျမ်းစာလေ့လာခဲ့သော သက်ကြီးရွယ်အိုဟိန္ဒူအမျိုးသမီးတစ်ဦးသည် ယေဟောဝါဝတ်ပြုရေးဘက် မားမားမတ်မတ်ရပ်တည်ခဲ့သည်။ သူသေဆုံးသည့်အခါ သူမ၏အိမ်သားတစ်ဦးက “အဆုံးအထိသူကိုးကွယ်တဲ့ဘုရားကိုသစ္စာရှိခြင်းက ကျွန်ုပ်တို့ကိုပျော်ရွှင်မှုပေးသည်” ဟုဆိုသည်။
ကျွန်မနှင့်ကျမ်းစာလေ့လာသော အခြားအမျိုးသမီးတစ်ဦးသည် မည်သည့်အခါမျှ မပြုံးခဲ့ဘူးပါ။ သူ့မျက်နှာပေါ် စိုးရိမ်ပူပန်မှုနှင့်စိတ်ဆင်းရဲခြင်းသာပေါ်နေသည်။ သို့သော် သူမအားယေဟောဝါအကြောင်းသင်ပေးပြီးနောက် ကိုယ်တော်သည် ကျွန်ုပ်တို့၏ဒုက္ခများကိုသိတော်မူ၍ မေတ္တာရှိတော်မူကြောင်းပြောပြီး ကိုယ်တော်ထံဆုတောင်းရန် တိုက်တွန်းပေးခဲ့သည်။ နောက်တစ်ပတ်တွင် သူ၏မျက်နှာပေါ်ရွှင်လန်းအားရမှုကိုတွေ့ရှိခဲ့ရသည်။ သူမပြုံးသည်ကို ထိုအချိန်တွင် ပထမအကြိမ်တွေ့ဖူးခဲ့သည်။ “ကျွန်မယေဟောဝါထံဆုတောင်းခဲ့၍ အခုစိတ်ငြိမ်သက်မှု နှလုံးတည်ငြိမ်မှုရပြီ” ဟုသူမဆိုသည်။ ယေဟောဝါထံသူမကိုယ်ကိုဆက်ကပ်အပ်နှံ၍ အခက်အခဲများကြား ယနေ့ထိသစ္စာတည်ကြည်နေပါသည်။
တာဝန်များကိုမျှတစွာဆောင်ရွက်ခြင်း
ကလေးငယ်နှစ်ယောက်ရှိသည်အတွက် အချိန်ပြည့်ရှေ့ဆောင်တစ်ဦးအဖြစ် ယေဟောဝါအမှုဆောင်လိုသည့်ဆန္ဒ မဖြစ်ပေါ်လာနိုင်ဟူ၍ ကျွန်မယူမှတ်ခဲ့သည်။ သို့သော် တယ်မီလ်ဘာသာစကားသို့ ကျမ်းစာစာပေများကိုပြန်ဆိုပေးရန် လူတစ်ဦးလိုလာသည့်အခါ လုပ်ငန်းတော်အတွက်လမ်းစအသစ်ပေါ်လာခဲ့သည်။ ယေဟောဝါအကူအညီဖြင့် ထိုတာဝန်ကို ကျွန်မထမ်းဆောင်နိုင်ခဲ့သည်။ တစ်ကြိမ်တည်းတွင် ဆရာမအဖြစ်ဝမ်းစာရှာ၊ သားသမီးများကိုပြုစုစောင့်ရှောက်၊ အိမ်အလုပ်လုပ်ကိုင်၊ စည်းဝေးများအားလုံးကိုတက်၍ လယ်ကွင်းလုပ်ငန်း၌လည်း ပါဝင်နိုင်ခဲ့သည်။ နောက်ဆုံး ကလေးများကြီးပြင်းလာသောအခါ ကျွန်မအထူးရှေ့ဆောင်တစ်ဦးဖြစ်လာရာ လွန်ခဲ့သောနှစ်ပေါင်း ၃၃ နှစ်တိုင် ဤအခွင့်အရေးကိုရခဲ့ပါသည်။
စွန်ဒါနှင့်ရာသ်နားတို့ငယ်ရွယ်စဉ်ကပင် သူတို့ထဲယေဟောဝါကိုမြတ်နိုးစိတ်ရှိစေရန် ကြိုးစားကူညီပေးခဲ့သည်။ သူတို့ဘဝအသက်တာတွင် ကိုယ်တော်၏အမှုရေးရာများကို ရှေ့ဦးထားရန်ဆန္ဒရှိစေခဲ့သည်။ အိပ်ရာနိုးသည်နှင့်သူတို့စကားပြောဆိုရမည့်သူမှာ ယေဟောဝါဖြစ်ရမည်အကြောင်း သူတို့သိကြသည်။ အိပ်ရာမဝင်မီ နောက်ဆုံးစကားပြောသင့်သူမှာ ကိုယ်တော်ပင်ဖြစ်သည်ကိုသိကြ၏။ ကျောင်းစာများသည့်အတွက် ခရစ်ယာန်စည်းဝေးနှင့်လယ်ကွင်းအတွက်ပြင်ဆင်မှုကို လျစ်လျူမရှုသင့်ကြောင်း သူတို့သိကြသည်။ ကျောင်းတွင်အတတ်နိုင်ဆုံးကြိုးစားကြရန် သူတို့ကိုအားပေးခဲ့သော်လည်း အမှတ်ကောင်းခြင်းကိုအဓိကထားမည်ကိုစိုးရိမ်သဖြင့် ထိုသို့ရရန် ကျွန်မအတင်းအကျပ်မတောင်းဆိုခဲ့ပါ။
သူတို့နှစ်ခြင်းခံပြီးနောက် ကျောင်းပိတ်တိုင်းရှေ့ဆောင်ကြပါသည်။ ကျွန်မနည်းတူရှက်တတ်၊ ကြောက်တတ်မည့်အစားသတ္တိရှိရန် ရာသ်နားကိုသွန်သင်ပေးခဲ့ပါသည်။ ဆယ်တန်းအောင်၍ကူးသန်းရောင်းဝယ်ရေးသင်တန်းဆင်းပြီးနောက် ရှေ့ဆောင်ခဲ့သည်။ နောက်ပိုင်းတွင် အထူးရှေ့ဆောင်ဖြစ်လာသည်။ အတန်ကြာသော် ယခုအိန္ဒိယနိုင်ငံ၏ကင်းမျှော်စင်အသင်း ဌာနခွဲကြီးကြပ်မှူးဖြစ်သော နယ်လှည့်ကြီးကြပ်မှူးဖြစ်သူ ရစ်ချဒ်ဂေဘရီရယ်လ်နှင့် ရာသ်နားအိမ်ထောင်ကျခဲ့သည်။ ယနေ့သူတို့နှင့်သူတို့သမီး အဘိဂဲလသည် အိန္ဒိယဌာနခွဲတွင် အချိန်ပြည့်အလုပ်လုပ်ကိုင်နေကြပါသည်။ သူတို့၏သားငယ် အန္ဒြေသည်သတင်းကောင်းကြေညာသူတစ်ဦးဖြစ်ပါသည်။
၁၈ နှစ်အရွယ်တွင် ကျွန်မသားစွန်ဒါသည် ယေဟောဝါသက်သေများနှင့်ပေါင်းသင်းခြင်းကို ရပ်စဲခဲ့သောအခါ ကျွန်မစိတ်ဆင်းရဲခဲ့ရသည်။ နောက်ပိုင်း ဝမ်းနည်းကြေကွဲစွာဖြင့် သူ့အားလေ့ကျင့်သွန်သင်ပေးပုံတွင် ကျွန်မ၏အားနည်းချက်များကို ခွင့်လွှတ်ပါရန် ယေဟောဝါအားတောင်းပန်၍ စွန်ဒါနောင်တပြန်ရရန်အတွက် အဆက်မပြတ်တောင်းဆိုခဲ့ပါသည်။ သို့သော် ကျွန်မမမျှော်လင့်တော့သည်အထိဖြစ်ခဲ့၏။ ၁၃ နှစ်ကြာသည့်တစ်နေ့သောအခါ သားစွန်ဒါက “အမေ၊ မပူပါနဲ့။ ကျွန်တော်အခြေအနေကောင်းတော့မှာပါ” ဟုလာပြောသည်။
ထိုနောက် ဝိညာဉ်ရေးဘက်ရင့်ကျက်လာရန် စွန်ဒါအထူးကြိုးစားအားထုတ်ခဲ့သည်။ ယေဟောဝါသက်သေများအသင်းတော်တစ်ခုကို ကြီးကြပ်ပေးရသည့်တာဝန်ထမ်းဆောင်နိုင်ခွင့်ရသည်အထိ သူတိုးတက်လာခဲ့သည်။ နောင်တွင် ဝင်ငွေကောင်းသောသူ၏လုပ်ငန်းကိုစွန့်ပြီး ရှေ့ဆောင်တစ်ဦးဖြစ်လာခဲ့သည်။ ယနေ့သူနှင့်သူ၏ဇနီးဖြစ်သူ ဧသတာတို့သည် အိန္ဒိယတောင်ဘက်ပိုင်း ဘင်္ကလောမြို့တွင်လုပ်ငန်းတော်ဆောင်ရွက်နေကြသည်။
တစ်သက်တာစိတ်သက်သာမှု
လွန်လေပြီးသောနှစ်ပေါင်းတစ်လျှောက် ဆင်းရဲဒုက္ခများကိုခံစေခဲ့သည့်အတွက် ယေဟောဝါကိုမကြာခဏ ကျွန်မကျေးဇူးတင်ပါသည်။ ဤတွေ့ကြုံမှုများကိုသာမကြုံခဲ့ရလျှင် ယေဟောဝါ၏ကောင်းမြတ်ခြင်း၊ ကိုယ်တော်၏ကရုဏာနှင့်တကွ ကိုယ်တော်၏ပြုစုစောင့်ရှောက်ကြင်နာတရားကိုခံစားခဲ့ရမည်မဟုတ်ပါ။ (ယာကုပ် ၅:၁၁) “မိဘမရှိသောသူ၊ မုဆိုးမအဖို့” ယေဟောဝါ၏မေတ္တာတော်၊ စိုးရိမ်ပူပန်မှုအကြောင်း ကျမ်းစာတွင်ဖတ်ရသဖြင့် စိတ်နှလုံးကြည်နူးဖွယ်ရာဖြစ်ပေသည်။ (တရားဟောရာ ၂၄:၁၉-၂၁) သို့သော် ကိုယ်တော်၏စောင့်ရှောက်မစမှုကို ကိုယ်တိုင်ခံစားရခြင်းနှင့်နှိုင်းယှဉ်လျှင် ယင်းကားအသေးအဖွဲဖြစ်သွားပါသည်။
ယေဟောဝါကိုလုံးလုံးလျားလျား အားထားမှီခိုတတ်လာပါပြီ။ ကိုယ်ဉာဏ်ကိုအမှီမပြုဘဲ သွားလေရာရာ၌ ကိုယ်တော်ကိုမျက်မှောက်ပြုခဲ့ပြီ။ (ဆာလံ ၄၃:၅။ သု၊ ၃:၅၊ ၆) အသက်ငယ်မုဆိုးမတစ်ဦးအနေနှင့် ကိုယ်တော်၏နှုတ်ကပါဌ်တော်မှ သက်သာမှုရရှိရန် ဘုရားသခင်ထံဆုတောင်းခဲ့ပါသည်။ ယခု ၆၈ နှစ်အရွယ်တွင် သမ္မာကျမ်းစာကိုနားလည်သည်အတိုင်း ယင်း၏သြဝါဒကိုလိုက်နာခြင်းဖြင့် နှိုင်းယှဉ်၍မရနိုင်သည်တိုင် သက်သာမှုရရှိခဲ့ပြီဟု မှန်ကန်စွာဆိုနိုင်ပါပြီ။