ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၄/၁ စာ. ၂၈-၃၁
  • စည်းစနစ်ကျပါ၊ သို့သော် ရွှင်လန်းပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စည်းစနစ်ကျပါ၊ သို့သော် ရွှင်လန်းပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စည်းစနစ်ကျ၍ပျော်ရွှင်
  • မိမိကိုယ်ကိုမရက်စက်ပါနှင့်
  • အသက်ရှင်သောခွေးလော၊ သေသောခြင်္သေ့လော
  • မိမိကိုယ်၌ကျေးဇူးပြုပါ
  • အခြားသူများ၌ကျေးဇူးပြုခြင်း
  • လူများကိုဂရုစိုက်ခြင်း
  • သိုးတော်စုနှင့်ရင်းရင်းနှီးနှီးနေပါ
  • ဘုရားသခင့်ကျေးကျွန်များ—စည်းစနစ်ကျနပြီး ပျော်ရွှင်သောလူမျိုး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • “ပျော်ရွှင်တဲ့ဘုရား” ကို ကိုးကွယ်သူတွေ ပျော်ရွှင်ကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • ဘုရားသခင့်သိုးတော်စုကို ချစ်ခြင်းမေတ္တာဖြင့် ထိန်းကျောင်းခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ပျော်ရွှင်မှုရရှိနိုင်ပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၄/၁ စာ. ၂၈-၃၁

စည်းစနစ်ကျပါ၊ သို့သော် ရွှင်လန်းပါ

စည်းစနစ်ကျခြင်းသည် အလုပ်အကိုင်ချောမွေ့စေသည်။ လုပ်ရည်ကိုင်ရည်ရှိခြင်းသည် အချိန်နှင့်ခွန်အားကို အကောင်းဆုံးနည်းဖြင့်အသုံးချရန် အကူအညီဖြစ်စေသည်။ (ဂလာတိ ၆:၁၆။ ဖိလိပ္ပိ ၃:၁၆။ ၁ တိမောသေ ၃:၂) သို့သော် ဘဝတွင် စည်းစနစ်ကျခြင်းနှင့် လုပ်ရည်ကိုင်ရည်ရှိခြင်းထက်မကလိုအပ်သည်။ မှုတ်သွင်းခံဆာလံဆရာရေးသားခဲ့သည်မှာ “ယေဟောဝါကိုမိမိဘုရားသခင်အဖြစ်ကိုးကွယ်သောလူမျိုးသည်ရွှင်လန်းဝမ်းမြောက် ၏” ဟူ၍ဖြစ်သည်။ (ဆာလံ ၁၄၄:၁၅၊ ကဘ) စိန်ခေါ်ချက်ကား ကျွန်ုပ်တို့လုပ်လေသမျှတွင် ရွှင်လန်းမှုလည်းရှိရမည်၊ စည်းစနစ်လည်းကျရမည်ဖြစ်သည်။

စည်းစနစ်ကျ၍ပျော်ရွှင်

ကောင်းသောစည်းစနစ်ကျနမှုတွင် ယေဟောဝါဘုရားသခင်သည် အကြီးမြတ်ဆုံးပုံသက်သေဖြစ်တော်မူသည်။ ဘုရားသခင်ဖန်ဆင်းရာများဖြစ်ကြသည့် ဆဲလ်ရိုးရိုးကလေးမှ ရှုပ်ထွေးနက်နဲသည့်သက်ရှိသတ္တဝါများ၊ သေးငယ်သည့်အက်တမ်ကလေးမှ ကြီးမားကျယ်ပြောသည့်ကြယ်စုကြီးများတို့သည် အစီအစဉ်ကျနမှုနှင့် တိကျမှန်ကန်မှုရှိကြောင်းတင်ပြကြသည်။ နံနက်တိုင်းနေထွက်မည်၊ ဆောင်းကုန်လျှင် နွေကူးမည်တို့ကို ကျွန်ုပ်တို့သိကြသည်။—ကမ္ဘာဦး ၈:၂၂။ ဟေရှာယ ၄၀:၂၆။

သို့သော် ယေဟောဝါသည် အစီအစဉ်ကျနသောဘုရားဖြစ်ရုံမကပါ။ ကိုယ်တော်သည် “ပျော်ရွှင်သောဘုရား” လည်းဖြစ်တော်မူသည်။ (၁ တိမောသေ ၁:၁၁၊ ကဘ။ ၁ ကောရိန္သု ၁၄:၃၃) ကိုယ်တော်၏ပျော်ရွှင်မှုကို ဖန်ဆင်းခြင်းလက်ရာတော်များတွင် တွေ့မြင်နိုင်သည်။ ဆော့နေသောကြောင်ပေါက်ကလေးများ၊ လှပသည့်နေဝင်ဆည်းဆာများ၊ အရသာဝေဆာသည့်အစားအစာများ၊ ငြိမ့်ညောင်းသည့်တေးသံများ၊ လှုံ့ဆော်မှုပေးသည့်အလုပ်များနှင့် အခြားမြောက်မြားစွာသောအရာတို့က ကိုယ်တော်သည် ကျွန်ုပ်တို့၏ဘဝကို ရွှင်လန်းရန်ရည်ရွယ်ခဲ့ကြောင်းတင်ပြသည်။ ကိုယ်တော်၏ဥပဒေသများသည် ကျွန်ုပ်တို့အတွက် ပင်ပန်းငြီးငွေ့ဖွယ်ချုပ်ချယ်မှုများမဟုတ်ဘဲ ကျွန်ုပ်တို့၏ပျော်ရွှင်မှုကိုကာကွယ်သည့်အရာများဖြစ်သည်။

ယေရှုခရစ်သည် မိမိ၏ခမည်းတော်ကို တုပသည့်ပုံသက်သေဖြစ်သည်။ ကိုယ်တော်သည် “ပျော်ရွှင်တော်မူသော ဧကရာဇ်မင်းတစ်ပါးတည်း” ဖြစ်တော်မူပြီး ခမည်းတော်ပြုတော်မူသည့်အတိုင်း တသဝေမတိမ်းပြုမူကျင့်ကြံသူဖြစ်သည်။ (၁ တိမောသေ ၆:၁၅၊ ကဘ။ ယောဟန် ၅:၁၉) မိမိ၏ခမည်းတော်နှင့်အတူ ဖန်ဆင်းခြင်းလုပ်ငန်းကိုလုပ်ဆောင်ခဲ့စဉ်က ကိုယ်တော်သည် လုပ်ရည်ကိုင်ရည်ရှိသော “လုပ်သားချုပ်” တစ်ယောက်ဖြစ်ခဲ့ရုံမျှသာမကပါ။ မိမိပြုသည့်အရာတွင် ကိုယ်တော်ပျော်ရွှင်ခဲ့သည်။ ကိုယ်တော်သည် “[ယေဟောဝါ၏] ရှေ့တော်၌အစဉ်မပြတ်ရွှင်လန်းဝမ်းမြောက်လျက်၊ ဖန်ဆင်းတော်မူသောမြေကြီးတစ်ပြင်လုံးကြောင့်လည်း ဝမ်းမြောက်ရွှင်လန်း နေ၏။ [ကိုယ်တော်] နှစ်ခြိုက် သောအကြောင်းအရာများသည် လူသားတို့နှင့်ပေါင်းဖော်၍ပျော်ပါးလျက်နေခြင်းဖြစ်သတည်း။”—သု၊ ၈:၃၀၊ ၃၁၊ ကဘ။

ကျွန်ုပ်တို့လုပ်လေသမျှတို့တွင် အလားတူကြင်နာခြင်း၊ ပျော်ရွှင်ခြင်း နှင့် လူသားများကိုချစ်ခြင်းတို့ကို ရောင်ပြန်ဟပ်လိုကြပေမည်။ တစ်ခါတစ်ရံ လုပ်ရည်ကိုင်ရည်ကိုကြိုးစားအားထုတ်ရင်း “[ဘုရားသခင်၏] ဝိညာဉ်တော်အားဖြင့် . . . စနစ်တကျလျှောက်လှမ်း” ရန် မေ့လျော့တတ်ကြသည်။ (ဂလာတိ ၅:၂၂-၂၅၊ ကဘ) ထို့ကြောင့် ကျွန်ုပ်တို့မေးသင့်သည်မှာ မိမိကိုယ်တိုင်၏လုပ်ရပ်များနှင့် သူတစ်ပါး၏အလုပ်ကိုညွှန်ကြားပေးရာတွင် ကျွန်ုပ်တို့သည် မည်သို့ စည်းစနစ်လည်းကျပြီး ရွှင်လည်းရွှင်လန်းနိုင်ကြမည်နည်းဟူ၍ဖြစ်သည်။

မိမိကိုယ်ကိုမရက်စက်ပါနှင့်

သု၊ ၁၁:၁၇ တွင်မှတ်တမ်းတင်ထားသည့် ကောင်းသောအကြံဉာဏ်ကို ဆင်ခြင်သုံးသပ်ကြည့်ပါ။ ဦးစွာ မှုတ်သွင်းခံကျမ်းရေးသူကျွန်ုပ်တို့ကိုပြောသည်မှာ “သနားတတ်သောသူသည် မိမိကိုယ်၌ကျေးဇူးပြုတတ်၏” ဟူ၍ဖြစ်သည်။ ယင်းနှင့်ဆန့်ကျင်၍ သူဤသို့ဆက်ပြောသည်။ “ကြမ်းကြုတ်သောသူမူကား မိမိကိုယ်ကိုပင်နှောင့်ယှက်တတ်၏။” New International Version က ဤသို့ပြန်ဆိုသည်။ “ကြင်နာသောသူသည် မိမိကိုယ်ကို အကျိုးဖြစ်ထွန်းစေသော်လည်း ရက်စက်သောသူမူကား မိမိကိုယ်ကိုဘေးဖြစ်စေတတ်၏။”

ကျွန်ုပ်တို့သတိမထားမိဘဲ မိမိကိုယ်ကို မည်သို့ရက်စက်မိနိုင်သနည်း။ တစ်နည်းမှာ ရည်ရွယ်ချက်ကောင်းရှိသော်လည်း လုံးဝစည်းစနစ်ကျနမှုမရှိသောကြောင့်ဖြစ်သည်။ မည်သည့်ရလဒ်ရသနည်း။ ကျွမ်းကျင်သူတစ်ဦးဤသို့ပြောသည်။ “မှတ်ဉာဏ်ချွတ်ချော်ခြင်း၊ နေရာထားမှားသောစာရွက်စာတမ်း၊ ကောင်းစွာနားမလည်နိုင်သောအမိန့်၊ မတိကျသည့်တယ်လီဖုန်းစကားရေးမှတ်ချက်—ယင်းတို့သည် သေးသေးသောသောမှားယွင်းမှုများဖြစ်သည့် လုပ်ရည်ကိုင်ရည်တည်းဟူသောအဆောက်အအုံကြီးကို ကိုက်စားပြီး အကောင်းဆုံးသောရည်ရွယ်ချက်များကို ဖျက်ဆီးပစ်သည့်ပိုးမွှားများဖြစ်သည်။”—Teach Yourself Personal Efficiency.

ယင်းသည် မှုတ်သွင်းခံကျမ်းရေးသူဖော်ပြသည့်အချက်နှင့်တူသည်။ “မိမိအလုပ်ကို ပြီးစလွယ်လုပ်သောသူသည် ပျက်စီးစေတတ်သောသူနှင့်ညီအစ်ကိုတော်၏။” (သု၊ ၁၈:၉၊ ကဘ) မှန်ပါသည်။ စည်းစနစ်မကျသူ၊ လုပ်ရည်ကိုင်ရည်မရှိသူသည် ဘေးဖြစ်စေပြီး မိမိတို့ကိုယ်နှင့်သူတစ်ပါးကိုဖျက်ဆီးတတ်သည်။ ယင်းကြောင့် အခြားသူများသူတို့ကိုရှောင်ကြသည်။ သူတို့၏ပစ်စလက်ခတ်နိုင်မှုကြောင့် မိမိတို့ကိုယ်ကို အပယ်ခံဖြစ်စေကြသည်။

အသက်ရှင်သောခွေးလော၊ သေသောခြင်္သေ့လော

သို့သော် တရားလွန်မြင့်မားသည့်စံချိန်များချမှတ်ခြင်းအားဖြင့်လည်း ကျွန်ုပ်တို့ကိုယ်ကို ရက်စက်နိုင်သေးသည်။ လုပ်ရည်ကိုင်ရည်နှင့်ပတ်သက်၍ အထက်ပါစာရေးဆရာက– “အပြည့်အဝရရှိရန်မဖြစ်နိုင်သော ပြည့်ဝစုံလင်သည့်စံချိန်” တစ်ခုကို ကျွန်ုပ်တို့ရည်စူးတတ်ကြသည်။ ရလဒ်မှာ “နောက်ဆုံးတွင် နှလုံးကြေကွဲပြီး အဖြစ်မှန်ကိုသိနားလည်လာရခြင်း” ပင်ဖြစ်ကြောင်း သူပြောပြသည်။ မိမိကိုယ်ကိုဟာကွက်မရှိကျင့်ကြံနိုင်သည်ဟုယူဆသူသည် စည်းစနစ်ကျနပြီး လုပ်ရည်ကိုင်ရည်လည်းရှိပေမည်။ သို့သော် မည်သည့်အခါမျှ သူအမှန်ပျော်ရွှင်ရမည်မဟုတ်။ အနှေးနှင့်အမြန်နှလုံးကြေကွဲရမည်သာဖြစ်သည်။

ဟာကွက်မရှိကျင့်ကြံနိုင်သူဖြစ်ရန်ကျွန်ုပ်တို့ရည်စူးလျှင် “အသက်ရှင်သောခွေးသည် သေသောခြင်္သေ့ထက်သာ၍ကောင်းမြတ်၏” ဟူသည်ကို ပြန်သတိရသင့်သည်။ (ဒေသနာ ၉:၄) ကျွန်ုပ်တို့သည် စာသားအတိုင်း စုံလင်သူဖြစ်ရန်လက်တွေ့မကျသောကြိုးစားအားထုတ်မှုများဖြင့် မိမိကိုယ်ကိုသတ်နိုင်မည်မဟုတ်သော်လည်း မိမိကိုယ်ကိုမောဟိုက်ပင်ပန်းစေခြင်းအားဖြင့် ကြီးလေးသောဘေးဥပဒ်ဖြစ်စေနိုင်သည်။ အာဏာပိုင်တစ်ဦးပြောသည်မှာ ယင်းတွင် “ကာယ၊ စိတ္တ၊ ဝိညာဏ၊ ဉာဏနှင့် လူလူချင်းဆက်ဆံရေးတို့ကို လှိုက်စားခြင်း” ပါဝင်သည်ဟူ၍ဖြစ်သည်။ (Job Stress and Burnout) မမီနိုင်သောပန်းတိုင်များနောက်လိုက်၍ အားထုတ်ခြင်းဖြင့် အားအင်ကုန်ခန်းစေခြင်းသည် မိမိကိုယ်ကိုရက်စက်ရာကျပြီး ပျော်ရွှင်မှုကိုပျက်ပြုန်းစေသည်အမှန်။

မိမိကိုယ်၌ကျေးဇူးပြုပါ

“သနားတတ်သောသူသည် မိမိကိုယ်၌ကျေးဇူးပြုတတ်” ကြောင်းသတိရပါ။ (သု၊ ၁၁:၁၇) ကျွန်ုပ်တို့သည် လက်တွေ့ကျပြီး ကျိုးကြောင်းညီညွတ်မှုရှိသော ပန်းတိုင်များကိုချမှတ်ကာ ကျွန်ုပ်တို့၏အကန့်အသတ်ကို ရွှင်လန်းသောဘုရားသခင်ယေဟောဝါသိကြောင်း အမြဲသတိရနေလျှင် ကျွန်ုပ်တို့ကိုယ်ကိုကျေးဇူးပြုရာရောက်သည်။ (ဆာလံ ၁၀၃:၈-၁၄) ကျွန်ုပ်တို့လည်း ထိုအကန့်အသတ်များကိုအသိအမှတ်ပြုပြီး ကျွန်ုပ်တို့၏အရည်အချင်းဘောင်အတွင်းမှ တာဝန်များကိုကျေပွန်အောင် “အကောင်းဆုံးလုပ်ဆောင်” မည်ဆိုလျှင် ပျော်ရွှင်နိုင်ကြမည်။—ဟေဗြဲ ၄:၁၁။ ၂ တိမောသေ ၂:၁၅။ ၂ ပေတရု ၁:၁၀။

မိမိကိုယ်ကိုအလွန်အမင်းသနားကြင်နာခြင်းဖြင့် အခြားအစွန်းတစ်ဖက်သို့ရောက်သွားလျှင် အန္တရာယ်ရှိသည်မှာ အမြဲမှန်ကန်ပါသည်။ တစ်ခုခုကို ပြတ်ပြတ်သားသားလုပ်ရမည့်အချိန်တွင် ပေတရုက ယေရှုအား “သခင်၊ မိမိကိုယ်ကိုမရက်စက်ပါနှင့်” ဟုအကြံပြုသောအခါ ကိုယ်တော်ပြန်၍တုံ့ပြန်သည့်စကားကို မမေ့ပါနှင့်။ ပေတရု၏အကြံအစည်သည် မည်မျှအန္တရာယ်ကြီးမားသနည်းဟူမူ ကိုယ်တော်က “အချင်းစာတန်ငါ့နောက်သို့ဆုတ်လော့။ အသင်သည် ငါတိုက်မိ၍လဲစရာအကြောင်းဖြစ်၏။ အသင်သည် ဘုရားသခင်အကြံအစည်များကို မစဉ်းစား၊ လူသားတို့၏အကြံအစည်များကိုသာ စဉ်းစားတတ်၏” ဟုပြန်၍မိန့်တော်မူခဲ့သည်။ (မဿဲ ၁၆:၂၂၊ ၂၃၊ ကဘ) မိမိကိုယ်၌ကျေးဇူးပြုခြင်းသည် ပေါ့ဆမှုနှင့်မိမိကိုယ်ကိုအလိုလိုက်ခြင်းတို့ကို ခွင့်မပြုပါ။ ယင်းတို့သည် ကျွန်ုပ်တို့၏ပျော်ရွှင်မှုရှိသမျှကိုလည်း လုယူသွားနိုင်သည်။ ကျွန်ုပ်တို့လိုအပ်သည်မှာ တစ်ယူသန်ခြင်းမဟုတ်ဘဲ ကျိုးကြောင်းဆင်ခြင်မှုရှိခြင်းဖြစ်သည်။—ဖိလိပ္ပိ ၄:၅။

အခြားသူများ၌ကျေးဇူးပြုခြင်း

ယေရှုခေတ်က ကျမ်းတတ်များနှင့်ဖာရိရှဲများသည် မိမိတို့ကိုယ်ကို အလွန်အရည်အသွေးရှိပြီး စည်းစနစ်ကျသူများဟု ထင်ခဲ့ပုံရှိသည်။ သူတို့၏ဝတ်ပြုနည်းနှင့်ပတ်သက်၍ The Dictionary of the Bible အဘိဓာန်က “ကျမ်းဆိုင်ရာပညတ်ချက်အားလုံးတွင် သေးသေးမွှားမွှားစည်းကမ်းသတ်မှတ်ချက်မြောက်မြားစွာ ဒွန်တွဲပါဝင်နေသည်။ အခြေအနေအရပြောင်းသာလွှဲသာမရှိ။ ပညတ်များကို အသေးစိတ်အပြည့်အဝလိုက်နာခြင်းသည် ဂျူးများအတွက် ခြွင်းချက်မရှိသောတောင်းဆိုချက်ဖြစ်သည်။ ဘာသာရေးသည် စီးပွာရေးပုံစံဖြစ်လာသည့်တိုင်၊ ဘဝသည် မခံရပ်နိုင်သည့်ဝန်ထုပ်ဝန်ပိုးဖြစ်လာသည့်တိုင် တရားဝင်စည်းမျဉ်းသေးသေးမွှားမွှားကလေးများကို ပေါင်းထည့်ကြသည်။ လူများကို စက်ရုပ်ဆန်သည့် တရားသေစောင့်သူအဖြစ်သို့ရောက်စေသည်။ ဩတ္တပ္ပစိတ်၏အသံများသည် ပိတ်ဆို့ခံရပြီး ဘုရားသခင့်နှုတ်ကပါဌ်တော်၏ ရှင်သန်သောတန်ခိုးများသည် ထာဝရစည်းမျဉ်းဥပဒေတောင်ပုံရာပုံ၏အောက်တွင် ပျက်ပြယ်ပြီးမွန်းကြပ်နေရသည်” ဟုဖော်ပြထားသည်။

ယင်းတို့ကြောင့် သူတို့အားယေရှုပြစ်တင်ရှုတ်ချသည်မှာ အဆန်းမဟုတ်ပါ။ “အလွန်လေး၍ ထမ်းခဲသောဝန်တို့ကိုပြင်ဆင်၍ သူတစ်ပါးပခုံးပေါ်မှာတင်တတ်ကြ၏။ မိမိတို့မူကား လက်ဖျားနှင့်မျှမရွှေ့လိုကြ” ဟုကိုယ်တော်ပြောခဲ့သည်။ (မဿဲ ၂၃:၄) မေတ္တာရှိသောအကြီးအကဲများသည် သေးနုပ်သည့်စည်းမျဉ်းဥပဒေမြောက်မြားစွာတို့ဖြင့် သိုးတော်စုအားဝန်မပိစေပါ။ သူတို့သည် ခရစ်တော်ယေရှု၏ ကြင်နာ၍လန်းဆန်းစေတတ်သည့်ပုံသက်သေကို လိုက်လျှောက်သောအားဖြင့် ဘုရားသခင်၏သိုးတော်စုကို ကျေးဇူးပြုကြသည်။—မဿဲ ၁၁:၂၈-၃၀။ ဖိလိပ္ပိ ၂:၁-၅။

အဖွဲ့အစည်းဆိုင်ရာတာဝန်များထပ်ဆင့်ခံရသည့်တိုင် မိမိတို့သည် ဘုရားသခင်ချစ်တော်မူသောလူများနှင့် ဆက်ဆံနေရသည်ဟူသောအဖြစ်ကို ဂရုစိုက်တတ်သောအကြီးအကဲများမျက်ခြည်မပြတ်ကြပါ။ (၁ ပေတရု ၅:၂၊ ၃၊ ၇။ ၁ ယောဟန် ၄:၈-၁၀) သိုးထိန်း၊ အုပ်ထိန်းသူနှင့် ကာကွယ်စောင့်ရှောက်သူတည်းဟူသော သူတို့၏အဓိကအနေအထားကို မေ့ပျောက်သွားသည်အထိ အဖွဲ့အစည်းဆိုင်ရာကိစ္စ သို့မဟုတ် အစီအစဉ်များတွင် အလွန်အလုပ်များနေခြင်းမရှိပါ။—သု ၃:၃၊ ၁၉:၂၂၊ ၂၁:၂၁။ ဟေရှာယ ၃၂:၁၊ ၂။ ယေရမိ ၂၃:၃၊ ၄။

ဥပမာအားဖြင့် အစီအစဉ်ဇယားနှင့်တွက်ချက်မှုကို အာရုံစိုက်လွန်းအားကြီးလျှင်လည်း လူများအားစာနာမှုကို ဘေးချိတ်ထားမိနိုင်သည်။ မိမိ၏အဓိကတာဝန်မှာ မည်သည့်အကြောင်းကြောင့်မဆို မိမိ၏ဇယားအတိုင်းတိတိကျကျလိုက်လျှောက်ရမည်ဟုစိတ်စွဲသော ဘတ်စ်ကားမောင်းသူကို စဉ်းစားကြည့်ပါ။ ခရီးစဉ်တစ်ခုကို သတ်မှတ်ထားသည့်အချိန်အတွင်း အတိအကျရောက်လိုသည့်ဆန္ဒသည် သူ့အားလွှမ်းမိုးနေသည်။ ဝမ်းနည်းစရာကား ခရီးသည်များသည် သူ့အမြင်တွင် ခရီးဖင့်စေသူများဖြစ်သည်၊ သူတို့သည် နှေးကွေးလေးကန်ကြပြီး စည်းစနစ်မရှိ၊ ကားထွက်မှ မှတ်တိုင်သို့ရောက်လာကြသည်ဟု ယူမှတ်သည်။ ခရီးသည်များ၏လိုအပ်ချက်ကိုဖြည့်စွက်ပေးရန်ဟူသော သူ့လုပ်ငန်း၏အဓိကအချက်ကိုသတိရမည့်အစား လုပ်ရည်ကိုင်ရည်ကျဆင်းစေသူများဟုမြင်ပြီး သူတို့ကိုရှောင်မည်။

လူများကိုဂရုစိုက်ခြင်း

နှလုံးသားမပါဘဲ အရည်အသွေးတိုးတက်အောင်ကြိုးစားခြင်းသည် လူများ၏လိုအပ်ချက်ကို လျစ်လျူရှုစေတတ်လေ့ရှိသည်။ အားနည်းသူ၊ အရည်အသွေးမရှိသူများကို ဖင့်နွှဲစေသူများဟုယူမှတ်တတ်သည်။ ယင်းသို့ဖြစ်လာသောအခါ ကြောက်မက်ဖွယ်အကျိုးကိုဖြစ်ထွန်းစေနိုင်သည်။ ဥပမာ၊ စပါတာခေါ်ရှေးဂရိမြို့တော်နယ်နိမိတ်တွင် အားနည်းပြီးဖျားနာနေသောကလေးများသည် သေသည်အထိပစ်ထားခြင်းခံရကြသည်။ သူတို့သည် ခိုင်ခံ့တောင့်တင်းသည့်ပြည်နယ်ကို ကာကွယ်ရန် သန်စွမ်း၍အရည်အသွေးပြည့်ဝသည့် စစ်သားကောင်းများဖြစ်မလာနိုင်ကြ။ “ကလေးတစ်ယောက်မွေးလာသောအခါ ကလေးကို မိသားစု၏အကြီးအကဲကစစ်ဆေးကြည့်ရှုရန် ဖခင်ဖြစ်သူက ယူလာပြရသည်။ ကလေးသည် ကျန်းမာသန်စွမ်းပါက ကြည့်ရှုပျိုးထောင်ရန် ဖခင်အားပြန်ပေးလိုက်သည်။ မကျန်းမာပါက ရေကန်နက်ကြီးထဲသို့ပစ်ချခြင်းခံရသည်” ဟု အတွေးအခေါ်ပညာရှင် ဘာထရန်ရပ်စယ်လ်က ပြောပြသည်။—History of Western Philosophy.

စည်းမျဉ်းတင်းကြပ်၍ ခက်ထန်လွန်းအားကြီးလျှင်လည်း ပျော်ရွှင်မှုကိုမဖြစ်စေဘဲ ရက်စက်ရာကျပေမည်။ (ဒေသနာ ၈:၉ နှိုင်းယှဉ်) စပါတာရှိအာဏပိုင်များက အရည်အသွေးနှင့်ပတ်သက်သောသူတို့၏လုပ်ဆောင်ချက်သည် ခိုင်လုံသောအထောက်အထားရှိသည်ဟုယူမှတ်ကြသည်။ သို့သော် သူတို့၏လုပ်ရပ်က စာနာမှု သို့မဟုတ် ကြင်နာမှုကင်းမဲ့သည်။ သူတို့၏နည်းလမ်းသည် ဘုရားသခင်၏နည်းလမ်းမဟုတ်ချေ။ (ဆာလံ ၄၁:၁။ သု၊ ၁၄:၂၁) ယင်းနှင့်ခြားနားလျက် ခရစ်ယာန်အသင်းတော်ရှိကြီးကြပ်မှူးများသည် ဘုရားသခင့်သိုးအားလုံးသည် ကိုယ်တော့်အမြင်တွင်တန်ဖိုးရှိကြောင်းကို သတိရကြပြီး သူတို့တစ်ဦးစီကိုကျေးဇူးပြုကြသည်။ သူတို့သည် ကျန်းမာသောသိုး ၉၉ ကောင်ကိုသာမက အားနည်းသော သို့မဟုတ် စိတ်နှလုံးအနှောင့်အယှက်ခံနေရသော သိုးတစ်ကောင်ကိုပါ ဂရုစိုက်ကြသည်။—မဿဲ ၁၈:၁၂-၁၄။ တမန်တော် ၂၀:၂၈။ ၁ သက်သာလောနိတ် ၅:၁၄၊ ၁၅။ ၁ ပေတရု ၅:၇။

သိုးတော်စုနှင့်ရင်းရင်းနှီးနှီးနေပါ

အကြီးအကဲများသည် မိမိတို့၏စောင့်ရှောက်မှုအောက်ရှိသိုးတော်စုနှင့် တရင်းတနှီးနေကြသည်။ စီးပွားရေးနည်းစနစ်များအပေါ် ခေတ်၏လေ့လာသုံးသပ်ချက်က အများဆုံးအကျိုးကျေးဇူးဖြစ်ထွန်းရန်အတွက် မန်နေဂျာ သို့မဟုတ် ကြီးကြပ်မှူးတစ်ဦးသည် သူအောက်ငယ်သားများနှင့် သိပ်မရောရဟူ၍အကြံပြုပေမည်။ လေ့လာသူတစ်ဦးက လေတပ်အရာရှိတစ်ဦးကြုံတွေ့ရသည့် လက်အောက်ငယ်သားများနှင့် ရင်းနှီးစွာဆက်ဆံခြင်းနှင့် ခပ်တန်းတန်းဆက်ဆံခြင်းတို့ကြား ကွာခြားသည့်ရလဒ်ကို ဤသို့ဖော်ပြသည်။ “[သူ့] အရာရှိများနှင့် တရင်းတနှီးရှိလာသောအခါ သူတို့သည် လုံခြုံမှုကိုခံစားကြရပြီး သူတို့တပ်စု၏အရည်အသွေးအတွက် လွန်စွာစိုးရိမ်ခြင်းမရှိကြတော့ပေ။ သူ့ရာထူးအရ ခပ်တန်းတန်းနေသောအခါ သူ့လက်အောက်အရာရှိများက တစ်စုံတစ်ခုချွတ်ချော်ခဲ့ပြီလောဟု စိုးရိမ်လာကြသည်။ . . . သူတို့၏လုပ်ငန်းကို ပိုမိုအာရုံစိုက်ခြင်းဘက်သို့ စိုးရိမ်မှုကိုလမ်းပြောင်းကြသည်။ ရလဒ်အနေနှင့် စစ်တပ်တွင် သိသာထင်ရှားသော အရည်အသွေးတိုးတက်မြင့်မားမှုရှိလာသည်။”—Understanding Organizations.

သို့သော် ခရစ်ယာန်အသင်းတော်သည် စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းမဟုတ်ပါ။ အခြားသူများကိုဦးစီးသော ခရစ်ယာန်အကြီးအကဲများသည် ယေရှုခရစ်၏ပုံသက်သေကိုလိုက်ကြသည်။ ကိုယ်တော်သည် မိမိ၏တပည့်တော်များနှင့် အမြဲရင်းနှီးခဲ့သည်။ (မဿဲ ၁၂:၄၉၊ ၅၀။ ယောဟန် ၁၃:၃၄၊ ၃၅) တပည့်တော်များ၏စိတ်အားထက်သန်မှုကို အရည်အသွေးတိုးတက်ရန်အတွက် ကိုယ်တော်အသုံးမပြုခဲ့ပါ။ မိမိနှင့်တပည့်တော်များစပ်ကြား ခိုင်မာသည့်ယုံကြည်စိတ်ချမှုနှင့်အားထားမှုကို ကိုယ်တော်တည်ဆောက်ခဲ့သည်။ အချင်းချင်းချစ်ခင်ရင်းနှီးသည့်နှောင်ကြိုးက တပည့်တော်များကိုအမှတ်အသားပြုသည်။ (၁ သက်သာလောနိတ် ၂:၇၊ ၈) ထိုရင်းနှီးမှုဖြစ်ပေါ်လာသောအခါ ရွှင်လန်းသောသိုးတော်စုသည် ဘုရားသခင်၏မေတ္တာတော်အားဖြင့် အပြည့်အဝလှုံ့ဆော်ခံရပြီး မလုပ်မနေလုပ်ရမည့်သဘောဖြင့်မဟုတ်ဘဲ လမ်းညွှန်မှုကိုတုံ့ပြန်လာကာ ကိုယ်တော်အားအတတ်နိုင်ဆုံးစိတ်ပါလက်ပါအမှုဆောင်ကြမည်။—ထွက်မြောက်ရာ ၃၅:၂၁ နှိုင်းယှဉ်။

ကျမ်းချက်များစွာတို့တွင် ပျော်ရွှင်မှုနှင့် ညီအစ်ကိုချင်းချစ်ခင်စုံမက်ခြင်းစသည့် ခရစ်ယာန်အရည်အချင်းများပေါ်လွင်သည်။ (မဿဲ ၅:၃-၁၂။ ၁ ကောရိန္သု ၁၃:၁-၁၃) နှိုင်းယှဉ်ကြည့်လျှင် လုပ်ရည်ကိုင်ရည်ကိုပေါ်လွင်စေသည့်ကျမ်းချက်က နည်းပါသည်။ သေချာမှုရှိရန် ကောင်းစွာစည်းစနစ်ကျနဖို့လိုသည်။ ဘုရားသခင့်လူများသည် အမြဲစည်းစနစ်ကျနလျက်ရှိသည်။ သို့သော် ဘုရားသခင်၏ကျေးကျွန်များကို ပျော်ရွှင်သောသူများအဖြစ်ပုံဖော်ထားသည့် ဆာလံဆရာ၏အရေးအသားများ မည်မျှထပ်နေသည်ကို စဉ်းစားကြည့်ပါ။ ယေဟောဝါ၏ပညတ်တော်များ၊ သတိပေးချက်များ၊ နည်းဥပဒေသများ အများအပြားပါဝင်သည့် ဆာလံ ၁၁၉ က ဤသို့အစပြုထားသည်။ “မိမိတို့၏နည်းလမ်းတွင် ချွတ်ယွင်းချက်ကင်းသောသူ၊ ယေဟောဝါ၏ပညတ်တော်အတိုင်းလိုက်လျှောက်နေသောသူတို့သည် ပျော်ရွှင်ကြ၏။ ကိုယ်တော်၏သတိပေးချက်များကိုစောင့်ရှောက်ပြီး ကိုယ်တော်ကိုနှလုံးအကြွင်းမဲ့ဆက်၍ ရှာဖွေနေသောသူတို့သည် ပျော်ရွှင်ကြ၏။” (ဆာလံ ၁၁၉:၁၊ ၂ ကဘ) စည်းစနစ်ကျရုံမက ပျော်လည်းပျော်ရွှင်ရန်ဟူသည့်စိန်ခေါ်ချက်ကို သင်ရင်ဆိုင်နိုင်မည်လော။

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

အာရ်မီလ်လာရီစက်လုံး—ကောင်းကင် ပတ်လမ်းကြီးများကိုကိုယ်စားပြုသည့် ရှေးကိရိယာတစ်ခု

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

မေတ္တာရှိသိုးထိန်းကြီးယေဟောဝါသည် အမိန့်ပေးရှင်မျှသာမဟုတ်ဘဲ ပျော်ရွှင်မှု၏အရှင်လည်းဖြစ်တော်မူသည်

[Credit Line]]

Garo Nalbandian

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ