‘စာတစ်ရွက်သည် ကြယ်တစ်လုံးကဲ့သို့ အမှောင်ကိုခွင်းနိုင်ဖွယ်’
ယနေ့ သန့်ရှင်းသောကျမ်းစာ၏ ဘာသာပြန်များကို ကမ္ဘာလုံးကျွတ်နီးနီးရနိုင်သည်။ သို့သော် သမ္မာကျမ်းစာကြောင့်ဖြစ်ရသည့်တိုက်ပွဲများသည် သေရေးရှင်ရေးဖြစ်လေ့ရှိသည်။
ဆယ့်ငါးရာစုသမ္မာကျမ်းစာများ စာအုပ်တွင် ဝယ်န်ဒလ်ပရိုင်းမ်က ဤသို့ရေးသားခဲ့သည်– “ပုံနှိပ်ခြင်းအတတ်ကိုတီထွင်ပြီးနောက်ပိုင်း နှစ်ပေါင်းသုံးဆယ်အကြာ စပိန်တွင် ဘာသာရေးခုံရုံးများသည် အပြည့်အဝအောင်မြင်မှုဖြင့် စခန်းသွားလျက်ရှိသည်။ ထိုနိုင်ငံတွင် ယင်းကပြစ်ဒဏ်ချမှတ်သူ ၃၄၂,၀၀၀ ဦးအနက် ၃၂,၀၀၀ ဦးတို့သည် အရှင်လတ်လတ်မီးရှို့သတ်ခံရကြသည်။ သူတို့ကို အာဇာနည်သေခြင်းသို့ ရောက်စေသည့်အရာမှာ သမ္မာကျမ်းစာဖြစ်သည်။ အီတလီတောင်ပိုင်းနှင့် မြောက်ပိုင်းနှစ်ရပ်လုံးတွင်လည်း အလားတူကြောက်စရာကောင်းသည်မှာ ဤအဖျက်ကိရိယာပင်ဖြစ်သည်။ ဘာသာရေးခုံရုံးများ၏ အကူအညီရသော ဂိုဏ်းချုပ်ကြီးများသည် သမ္မာကျမ်းစာနှင့် ယင်းတို့ကိုဖတ်ရှုသူများအတွက် လောင်သောမီးဖြစ်ကြသည်။ နီရိုးက ခရစ်ယာန်များကို လောက၏အလင်းအဖြစ်ထွန်းလင်းကြရန် သူတို့ကို အိတ်ကြီးများထဲတွင်ထည့်ချုပ်ပြီး ကတ္တရာစေးဖြင့်မံကာ သူ၏အကျင့်ပျက်ပြားယိုယွင်းသည့်မြင်ကွင်းကို ထွန်းလင်းစေသည့်မီးတိုင်များအဖြစ် မီးရှို့သည်။ သို့သော် ဥရောပမြို့များ၏လမ်းများပေါ်တွင်မူ ကျမ်းစာအုပ်မီးပုံများနှင့် တောက်လောင်လျက်ရှိသည်။ သမ္မာကျမ်းစာများသည် ဆင်းရဲခံရ၊ လုယူခံရ၊ နှိပ်စက်ညှဉ်းပန်းခံရ၊ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို ဖြတ်တောက်ပြီးလွှင့်ပစ်ခံရသော ယင်းကိုဖတ်ရှုသူများကဲ့သို့မဟုတ်ချေ။ ကပ်ကျော်လာသည့်ကျမ်းစာရွက်တစ်ရွက်ကပင် ကြယ်တစ်လုံးကဲ့သို့ မှောင်မိုက်၏သိပ်သည်းမှုကို ထိုးဖောက်နိုင်စွမ်းရှိနိုင်သည်။” (ကျွန်ုပ်တို့စာလုံးစောင်းထား။)
စာရေးဆရာပရိုင်းမ်ဖော်ပြသည့်အချက်သည် ပုံတွင်ဖော်ပြထားသည့် သမ္မာကျမ်းစာ၏စာမျက်နှာကိစ္စတွင် အမှန်ဖြစ်ပျက်ခဲ့သည်။ ယင်းသည်ဘာသာပြန်သူ၏ အမှတ်အသားဖော်ပြပါရှိသည့် နောက်ဆုံးစာမျက်နှာဖြစ်သည်။ အထက်စာမျက်နှာနှစ်ခုသည် အပေါကလစ်၊ သို့မဟုတ် ဗျာဒိတ်ကျမ်းစာစောင်၏ နိဂုံးချုပ်အခန်းငယ်များဖြစ်သည်။
ဤစာအုပ်နှင့်ပတ်သက်၍ ကဲမ်ဘရစ်ဂျ်သမ္မာကျမ်းစာသမိုင်း က ဤသို့ဖော်ပြသည်– “ဘိုနီဖာစီယိုဖယ်ရယ်ကက်တလန်၏ ဘာသာပြန်ကျမ်းကို ၁၄၇၈ ခုနှစ်တွင် ဗလဲန်ချီးယား၌ ပုံနှိပ်သည်; ၁၅၀၀ ခုနှစ်မတိုင်မီ ရနိုင်သမျှသောယင်းကျမ်းစာအားလုံး ဘာသာရေးခုံရုံး၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။ သို့သော် ကပ်ကျော်လာသည့် တစ်ရွက်တည်းသောစာရွက် သာ အမေရိကစာကြည့်တိုက်၏ ဟစ္စပဲန်နစ်အသင်းတွင် ရှိနေသည်။” (ကျွန်ုပ်တို့စာလုံးစောင်းထား။)
ဝယ်န်ဒလ်ပရိုင်းမ်ကလည်း ဤသို့မှတ်ချက်ချသည်– “ထိတ်လန့်နေသည့်ဓမ္မဆရာများအတွက် ကျမ်းစာအုပ်ကိုပြုမူနိုင်သော တစ်ခုတည်းသောလက်ခံဖွယ်နည်းလမ်းကား မီးရှို့ခြင်းဖြစ်သည်။ ဤသန့်ရှင်းသောမီးသည် လောင်စာပြတ်လပ်သောကြောင့်သာ တိုး၍မတောက်လောင်ခြင်းဖြစ်သည်။ နေရာများစွာတို့တွင် အာဏာပိုင်များက မီးရှို့စရာကျမ်းစာအုပ်မရှိသည့်အထိ နိုးနိုးကြားကြားကြပ်မတ်သဖြင့် ကျမ်းစာအုပ်မီးပုံရှို့ခြင်းမရှိတော့ချေ။” သာမညလူတန်းစားများအတွက် ရည်စူးသည့်သမ္မာကျမ်းစာကို အမြစ်ပြတ်သုတ်သင်ပယ်ရှင်းစေကာမူ ကျမ်းစာများစွာတို့သည် ဖျက်ဆီးခြင်းမှလွတ်မြောက်ခဲ့ကြသည်။ ပရိုင်းမ်ဤသို့ဆက်ပြောသည်– “ဆင်းရဲဒုက္ခနှင့်အန္တရာယ်ရှိသည့်အချိန်တွင် သမ္မာကျမ်းစာသည် နယ်နှင်ခံများနှင့်အတူ သယ်ဆောင်သွားခံရခြင်း၊ သို့မဟုတ် ကျောက်မျက်ရတနာကဲ့သို့ ဝှက်ထားခံရခြင်းတို့အားဖြင့် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ခံလာခဲ့ရသည်။”
ဘုရားသခင့်ပရောဖက်ဟေရှာယ ဤသို့ရေးသားခဲ့သည်– “လူမျိုးရှိသမျှသည် မြက်ပင်ဖြစ်၏။ . . . မြက်ပင်သည် ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်လည်း ကြွေတတ်၏။ ထာဝရဘုရား၏ နှုတ်ကပါဌ်တော်မူကား ကာလအစဉ်အမြဲတည်၏။” (ဟေရှာယ ၄၀:၆၊ ၈) နှစ်ရာစုများတစ်လျှောက် မြောက်မြားစွာသော သမ္မာကျမ်းစာကိုမြတ်နိုးသူများနှင့် ရဲရဲတောက်ဘာသာပြန်သူများသည် ဘုရားသခင့်နှုတ်ကပါဌ်တော်အတွက် သေဘေးနှင့်ရင်ဆိုင်ခဲ့ရပြီး အကြီးအကျယ်ဒုက္ခဆင်းရဲခံခဲ့ကြရသည်။ သို့သော် လူ့ကြိုးစားအားထုတ်မှုတစ်ခုတည်းက ယင်းဆက်လက်တည်ရှိစေရန် လုံးလုံးအာမခံချက်မပေးနိုင်ပါ။ ဤသို့ဆက်လက်တည်ရှိစေခြင်းအတွက် သမ္မာကျမ်းစာ၏အာဘော်ရှင် ယေဟောဝါဘုရားသခင်ကို ကျွန်ုပ်တို့ကျေးဇူးတင်ကြသည်။
[Picture Credit Line on page 7]
Courtesy of The Hispanic Society of America, New York