အကြီးအကဲများနှင့်ဓမ္မအမှုထမ်းများအကြား သင့်တင့်ညီညွတ်မှုကိုတင်ပြခြင်း
စီအီး ၃၃ ခုနှစ်၊ ပင်တေကုတ္တေပွဲနေ့ပြီးနောက် မကြာမီကလေးတွင် တည်ထောင်ပြီးခါစ ခရစ်ယာန်အသင်းတော်တွင် အရေးကြီးသည့်အကြောင်းတစ်ခု ပေါ်ပေါက်ခဲ့သည်။ ဆင်းရဲသောမုဆိုးမများကို စောင့်ရှောက်ရန် အစီအစဉ်တစ်ခုကို အစပြုခဲ့ကြသည်။ သို့သော် မကြာမီ “ဟေလေနစ်အမျိုး [ဂရိစကားပြောသည့်ဂျူးများ၊ ကဘ] မုဆိုးမတို့ကို မလုပ်မကျွေးဟု ထိုအမျိုးသားတို့သည် မြည်တမ်း၍ ဟေဗြဲလူတို့ကို အပြစ်တင်ကြ၏။”—တမန်တော် ၆:၁။
ထိုမြည်တမ်းမှုသည် တမန်တော်များ၏နားသို့ ပေါက်ကြားသွားသည်။ “ထိုအခါ တစ်ကျိပ်နှစ်ပါးသောတမန်တော်တို့သည် တပည့်တော်အပေါင်းတို့ကိုခေါ်ပြီးလျှင် ငါတို့သည် ဘုရားသခင်၏နှုတ်ကပါဌ်တရားတော်ကို ထား၍ စားပွဲ၌လုပ်ကျွေးမှုကို မဆောင်သင့်။ ထို့ကြောင့် ညီအစ်ကိုတို့ ဝိညာဉ်တော်နှင့်လည်းကောင်း၊ ပညာနှင့်လည်းကောင်း ပြည့်စုံလျက် အသရေရှိသောလူခုနစ်ယောက်တို့ကို သင်တို့တွင်ရှာကြလော့။ ဤအမှုကိုဆောင်ရွက်စေခြင်းငှာ ထိုသူတို့ကို ငါတို့သည်ခန့်ထားကြမည်။”—တမန်တော် ၆:၂၊ ၃။
ယင်းက ခရစ်ယာန်အသင်းတော်အတွင်း အဖွဲ့အစည်း၏ အရေးကြီးသည့်မူတစ်ခုကို ပုံဖော်ပြသည်။ အချို့တာဝန်ရှိယောက်ျားများသည် ပုံမှန်လုပ်ရိုးလုပ်စဉ်ကိစ္စများကို တာဝန်ယူကြရပြီး အချို့တို့ကမူ သာ၍ကြီးလေးသည့် ဝိညာဏကိစ္စများကို တာဝန်ယူကြရသည်။ ယင်းသည် ယခုအခါမှသာမဟုတ်ပါ။ ရှေးဣသရေလလူမျိုးတွင် အာရုန်နှင့် သူမှဆင်းသက်လာသူများသည် ဘုရားသခင်အားယဇ်ပူဇော်ခြင်းအမှုကို ထမ်းဆောင်ရသည့် ယဇ်ပုရောဟိတ်တာဝန်ကို ခန့်အပ်ခံကြရသည်။ သို့သော် လေဝိသားတို့သည် ‘ပရိသတ်စည်းဝေးရာတဲတော်တန်ဆာရှိသမျှကို ကြည့်ရှုပြုစု’ ခြင်းအားဖြင့် သူတို့ကိုကူညီရန် ယေဟောဝါညွှန်ကြားတော်မူခဲ့သည်။ (တောလည်ရာ ၃:၅-၁၀) အလားတူ ယနေ့ကြီးကြပ်မှူးများသည်လည်း ဓမ္မအမှုထမ်းများ၏ ကူညီထောက်ပံ့မှုကို ရရှိကြသည်။
အကြီးအကဲများနှင့်ဓမ္မအမှုထမ်းများ၏ အခန်းကဏ္ဍ
ကျမ်းစာက အကြီးအကဲနှင့် ဓမ္မအမှုထမ်းနှစ်မျိုးလုံးတို့၏ မြင့်မားသည့်အရည်အချင်းများကို ထောက်ပြထားသည်။ (၁ တိမောသေ ၃:၁-၁၀၊ ၁၂၊ ၁၃; တိတု ၁:၆-၉) သူတို့သည် ပြိုင်ဘက်များမဟုတ်ကြဘဲ ပန်းတိုင်တစ်ခုတည်းအတွက် လုပ်ဆောင်သူများ—အသင်းတော်ကို တည်ဆောက်သူများ ဖြစ်ကြသည်။ (ဧဖက် ၄:၁၁-၁၃ နှိုင်းယှဉ်။) သို့သော် အသင်းတော်တွင် သူတို့လုပ်ဆောင်သော လုပ်ငန်းဆောင်တာများ၌ ခြားနားမှုအချို့ရှိသည်။ ၁ ပေတရု ၅:၂ တွင် အကြီးအကဲများအား ဤသို့ပြောထားသည်– “ဘုရားသခင်၏သိုးတော်စုကို ထိန်းခြင်းအမှုမှာ အနိုင်ထိန်းရသောကြောင့်မဟုတ် မစင်ကြယ်သောစီးပွားကို တပ်မက်သောကြောင့်မဟုတ်ဘဲ အလိုလိုစေတနာစိတ်ရှိ၍ ကြည့်ရှုအုပ်ထိန်းကြလော့။” ဤမြင့်မြတ်သောအပ်နှင်းမှုကို သူတို့မည်သို့လုပ်ဆောင်ကြောင်း ဘုရားသခင်ထံ၌ စာရင်းရှင်းကြရသည်။—ဟေဗြဲ ၁၃:၁၇။
ဓမ္မအမှုထမ်းများကော မည်သို့နည်း။ သူတို့သည် သွန်သင်နိုင်သည့်အရည်အချင်းပြည့်မီရန် ကျမ်းစာမတောင်းဆိုထားပါ။ သူတို့၏တာဝန်များသည် အကြီးအကဲတို့၏တာဝန်များနှင့် အတန်အရာကွာခြားသည်။ စီ. အီး. ပထမရာစုက အာရုံစိုက်လုပ်ဆောင်ရမည့် ရုပ်ပိုင်းဆိုင်ရာ၊ လုပ်ရိုးလုပ်စဉ်ဆိုင်ရာနှင့် ပုံမှန်အလုပ်ဆိုင်ရာ လုပ်ဆောင်စရာများရှိသည်။ ကျမ်းစာစောင်များရေးကူးရန်အတွက် လိုအပ်သည့်ပစ္စည်းကိရိယာများဝယ်ယူခြင်းနှင့် ကျမ်းစာရေးကူးခြင်းကိုယ်နှိုက်ပင် ပါဝင်နိုင်သည်။
ယနေ့ ဓမ္မအမှုထမ်းများသည် အသင်းတော်စာရင်းအင်းများနှင့် ရပ်ကွက်များကို တာဝန်ယူခြင်း၊ မဂ္ဂဇင်းနှင့်စာအုပ်စာတမ်းများဝေငှခြင်း၊ ခန်းမကိုပြုပြင်ထိန်းသိမ်းခြင်းများစသည့် အသင်းတော်ရှိ အမျိုးမျိုးသော အရေးကြီးလုပ်ငန်းဆောင်တာများကို လုပ်ကိုင်နေလျက်ရှိကြသည်။ အရည်အချင်းရှိသော ဓမ္မအမှုထမ်းအချို့ဆိုလျှင် သွန်သင်ခြင်း၌ပင် အသုံးခံရပြီး တစ်ခါတစ်ရံ အသင်းတော်စာအုပ်ကြီးသင်တန်းကိုင်ခြင်း၊ လုပ်ငန်းတော်အစည်းအဝေးအစီအစဉ်အချို့ကို ကိုင်တွယ်ခြင်း၊ လူထုဟောပြောချက်ပေးခြင်းတို့ကို လုပ်ကြရသည်။
အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများသည် သင့်တင့်ညီညွတ်စွာ ပူးပေါင်းလုပ်ဆောင်လျှင် အသင်းတော်၏လိုအပ်ချက်များ—ဝိညာဉ်ရေးနှင့် အစီအစဉ်စနစ်ကျနမှု နှစ်မျိုးလုံး—သည် မျှတစွာ ကိုင်တွယ်လုပ်ဆောင်ခြင်း ခံရသည်။ ထိုအခါ အသင်းတော်သားများသည် ရွှင်လန်းလျက်၊ အားရှိလျက် ဝိညာဉ်ရေးအရလည်း အသီးသီးကြသည်။ ဧဖက်မြို့ရှိ ဘိသိက်ခံများထံ ပေါလုရေးလိုက်သောစာကို ပြန်သတိရပါ– “ထိုဦးခေါင်းမှ အဆစ်အပိုင်းများတို့သည် အားဖြည့်သဖြင့် တစ်ကိုယ်လုံးသည် စေ့စပ်ထုံးဖွဲ့လျက် အသီးအသီးအင်္ဂါများ ကိုယ်ငန်းကိုယ်တာအတိုင်းပြုပြင်သည်နှင့်အညီ မိမိကိုယ်ကို မေတ္တာ၌တည်ဆောက်ခြင်းငှာ ကြီးပွားစေတတ်၏။”—ဧဖက် ၄:၁၆။
အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများသည် ထိုသင့်တင့်ညီညွတ်မှု၊ တစ်နည်းအားဖြင့် သဘောထားညီညွတ်ခြင်း၊ သင့်မြတ်ခြင်း၊ ပူးပေါင်းလုပ်ဆောင်ခြင်းနှင့် စည်းလုံးမှုရှိခြင်းတို့ကို တိုးတက်ရန် အားထုတ်ကြရမည်။ မည်သို့ဆိုစေ ထိုကဲ့သို့သော သင့်တင့်ညီညွတ်မှုသည် အလိုအလျောက်ဖြစ်လာသည့်အရာမဟုတ်ပါ။ ယင်းကိုပြုစုပျိုးထောင်ရပြီး ဂရုတစိုက်ထိန်းသိမ်းကာကွယ်ရသည်။
အကြီးအကဲများလုပ်နိုင်သည့်အရာ
အကြီးအကဲက ဓမ္မအမှုထမ်းကိုဆက်ဆံခြင်းသည် သခင်ကကျွန်ကိုဆက်ဆံခြင်း သို့မဟုတ် အလုပ်ရှင်က အလုပ်သမားကိုဆက်ဆံခြင်းမျိုးမဟုတ်ကြောင်း အသိအမှတ်ပြုခြင်းသည် အရေးကြီးသည့်ခြေလှမ်းဖြစ်သည်။ သင့်တင့်ညီညွတ်မှုရှိမည်ဆိုလျှင် အကြီးအကဲသည် ဓမ္မအမှုထမ်းအား ဘုရားသခင်၏ဓမ္မအမှုဆောင်ချင်းအဖြစ် ရှုမြင်မည်။ (၁ ကောရိန္သု ၃:၆-၉ နှိုင်းယှဉ်။) “တစ်ယောက်ကိုတစ်ယောက် ချီးမွမ်းခြင်းကိုတင်ပြရာတွင် ဦးဆောင်ဦးရွက်ပြု” လော့ဟု ရောမ ၁၂:၁၀ (ကဘ) ကပြောသည်။ ထို့ကြောင့် အကြီးအကဲများသည် တင်စီးသည့်သဘော၊ သို့မဟုတ် နှိမ်သည့်သဘောမျိုးဖြင့် ဓမ္မအမှုထမ်းများအားဆက်ဆံခြင်းကို ရှောင်သင့်သည်။ သူတို့၏ အကျိုးဖြစ်ထွန်းသော ရှေ့ဆောင်ရှေ့ ရွက်လုပ်လိုသည့်သဘောကို ဖျက်ဆီးမည့်အစား အားပေးရမည်။ ဓမ္မအမှုထမ်းများအား တလေးတစားဆက်ဆံခြင်းက သူတို့တွင်ရှိသော အကောင်းဆုံးအရာများထွက်လာစေပြီး အသင်းတော်တွင် လုပ်ဆောင်ရသည့်လုပ်ငန်း၌ သူတို့အားပျော်မွေ့စေရန်ကူညီပေးသည်။
အကြီးအကဲများသည် ဘုရားသခင့်သိုးတော်စုကို ထိန်းကျောင်းရမည့်တာဝန်တွင် သူတို့၏စောင့်ရှောက်မှုအောက်၌ ဓမ္မအမှုထမ်းများလည်းပါဝင်သည်ကို မမေ့သင့်ပါ။ မှန်ပါသည်၊ ထိုတာဝန်ရှိသူများသည် ပါရမီရင့်ကျက်သောခရစ်ယာန်များဖြစ်လာရန် မျှော်လင့်ခံရသည်။ သို့သော် အခြားကျန်သည့်သိုးစုပမာ သူတို့သည် တစ်ခါတစ်ရံ တစ်ဦးချင်းအာရုံစိုက်မှုခံရရန်လိုသည်။ သူတို့၏ဝိညာဏတိုးတက်ရေးအတွက် အကြီးအကဲများသည် ထက်သန်စွာစိတ်ဝင်စားကြရမည်။
ဥပမာ၊ တမန်တော်ပေါလုသည် လူငယ်တိမောသေကိုတွေ့သောအခါ သူ၏အစွမ်းသတ္တိကို ချက်ချင်းအကဲခတ်မိပြီး “ထိုသူကိုခေါ်ခြင်းငှာ အလိုရှိ” ခဲ့သည်။ (တမန်တော် ၁၆:၃) တိမောသေသည် ပေါလု၏ခရီးသွားဖော်အဖြစ် အမှုထမ်းပြီး ရလဒ်အနေနှင့် တန်ဖိုးမဖြတ်နိုင်သည့်လေ့ကျင့်မှုများကို ရရှိခဲ့သည်။ နှစ်များစွာကြာပြီးနောက် ကောရိန္သုမြို့ရှိခရစ်ယာန်များအား ပေါလုဤသို့စာရေးနိုင်ခဲ့သည်– “သခင်ဘုရား၌သစ္စာရှိသော ငါ၏ချစ်သားတိမောသေကို သင်တို့ဆီသို့ငါစေလွှတ်၏။ ခပ်သိမ်းသောအရပ်တို့၌ ခပ်သိမ်းသောအသင်းတော်တို့ကို ငါသွန်သင်သည်နှင့်အညီ ငါသည် ခရစ်တော်၌ကျင့်သော အကျင့်ဓလေ့များကို သင်တို့သည် မှတ်မိစေခြင်းငှာ သူသည်ပြသတိုက်တွန်းလိမ့်မည်။”—၁ ကောရိန္သု ၄:၁၇။
အကြီးအကဲတို့ သင်တို့၏အသင်းတော်တွင်ရှိသော ဓမ္မအမှုထမ်းများ၏အစွမ်းသတ္တိကို အပြည့်အဝဖော်ထုတ်အသုံးပြုဖူးပြီလော။ လူအများရှေ့ဟောပြောခြင်းနှင့် ကျမ်းစာဆိုင်ရာစူးစမ်းရှာဖွေမှုများအတွက် သူတို့တစ်ဦးချင်းအား လေ့ကျင့်ပေးခြင်းအားဖြင့် သူတို့တိုးတက်အောင်အကူအညီပေးပါသလော။ သင့်သိုးထိန်းလည်ပတ်မှုများတွင် အရည်အချင်းရှိသူများကို သင်နှင့်အတူလိုက်ရန် ခေါ်သလော။ လယ်ကွင်းလုပ်ငန်းတွင် သူတို့နှင့်အတူအမှုဆောင်သလော။ အစွမ်းအစများနှင့်ပတ်သက်သည့် ယေရှု၏ဥပမာတွင် သခင်က သစ္စာရှိသောကျွန်များအား ဤသို့ပြောသည်– “ကောင်းလေစွ၊ သစ္စာရှိငါ့ကျွန်ကောင်း။” (မဿဲ ၂၅:၂၃၊ သတင်းကောင်း) မိမိတို့၏တာဝန်ကို ကောင်းမွန်သည့်နည်းဖြင့် တော်လျော်စွာထမ်းဆောင်နေကြသော ဓမ္မအမှုထမ်းများအား အလားတူ ရက်ရက်ရောရောချီးမွမ်းသလော။ (သု. ၃:၂၇ နှိုင်းယှဉ်။) သို့မဟုတ်ပါက သူတို့၏လုပ်ငန်းသည် တန်ဖိုးထားလေးမြတ်ခြင်းမခံရဟု သူတို့ယူဆကြမည်လော။
ဆက်သွယ်မှုရှိခြင်းကလည်း သင့်တင့်ညီညွှတ်မှုရှိလုပ်ငန်းဆက်ဆံရေးအတွက် အလားတူအရေးပါသည်။ (သု. ၁၅:၂၂ နှိုင်းယှဉ်။) တာဝန်ပေးရာတွင်ဖြစ်စေ၊ ရုပ်သိမ်းရာတွင်ဖြစ်စေ မဆင်မခြင်သည့်သဘော၊ သို့မဟုတ် မျက်နှာလွှဲခဲပစ်သဘောမျိုးဖြင့် မပြုအပ်။ ညီအစ်ကိုတစ်ဦး၏အရည်အချင်းများကို အသင်းတော်တွင် မည်သည့်အကောင်းဆုံးနည်းဖြင့် အသုံးပြုနိုင်ကြောင်းကို အကြီးအကဲများသည် ဆုတောင်း၍ဆွေးနွေးသင့်သည်။ (မဿဲ ၂၅:၁၅ နှိုင်းယှဉ်။) ညီအစ်ကိုတစ်ဦးသည် တာဝန်တစ်ခုကို ပေးအပ်ခံရသောအခါ မိမိအားတောင်းဆိုချက်များကို တိတိကျကျသိရှိရန် အသေးစိတ်ရှင်းလင်းဖော်ပြပေးခံရသင့်သည်။ “ကျွမ်းကျင်သည့်ညွှန်ကြားမှုမရှိလျှင် လူတို့သည်လဲတတ်ကြ၏” ဟု သု. ၁၁:၁၄ (ကဘ) က သတိပေးထားသည်။
ညီအစ်ကိုတစ်ဦးထံမှ စာရင်းအင်း၊ မဂ္ဂဇင်း၊ သို့မဟုတ် စာအုပ်စာတမ်းဌာနတာဝန်ကို လက်ပြောင်းယူလိုက်ပါဟုသာ ညီအစ်ကိုတစ်ဦးအားပြောလိုက်ခြင်းသည် မသင့်တော်ပါ။ တစ်ခါတစ်ရံ တာဝန်ပေးခံရခါစအမှုထမ်းတို့သည် တိကျမှု သို့မဟုတ် ပြီးပြည့်စုံမှုမရှိသော မှတ်တမ်းများကို ဆက်ခံရရှိတတ်ကြသည်။ မည်မျှစိတ်ပျက်ဖွယ်ပါတကား! “ခပ်သိမ်းသောအမှုကို တင့်တယ်လျောက်ပတ်စွာ အစဉ်အတိုင်းစီရင်ကြလော့” ဟု ၁ ကောရိန္သု ၁၄:၄၀ က ညွှန်ကြားထားသည်။ အကြီးအကဲများသည် မိမိဘက်မှစ၍ ညီအစ်ကိုများကိုလေ့ကျင့်ပေးပြီး အသင်းတော်လုပ်ထုံးလုပ်နည်းများနှင့် သူတို့အားအကျွမ်းတဝင်ရှိစေကာ ထိုလုပ်ထုံးလုပ်နည်းများကို လိုက်လျှောက်ရာတွင် ပုံသက်သေချမှတ်ပါ။ ဥပမာ၊ အကြီးအကဲများသည် အသင်းတော်စာရင်းအင်းကို သုံးလတစ်ကြိမ်မှန်မှန်စစ်ဆေးရန် စီစဉ်ရမည်။ ထိုအရေးကြီးသည့်အစီအစဉ်ကို ရှောင်လွဲခြင်းက ပြဿနာပေါ်ပေါက်စေနိုင်ပြီး အဖွဲ့အစည်းဆိုင်ရာညွှန်ကြားချက်များအပေါ် ဓမ္မအမှုထမ်း၏ ရိုသေလေးစားမှုကို တိုက်စားသွားနိုင်သည်။
သို့သော် ညီအစ်ကိုတစ်ဦးသည် တာဝန်တစ်ခုခုကို ရှောင်လွဲနေဟန်ရှိသည်ဆိုကြပါစို့။ သူ၏တာဝန်မှ သူ့အားအလျင်စလိုဖယ်ရှားပစ်မည့်အစား အကြီးအကဲများသည် ယင်းကိစ္စကို သူနှင့်စကားပြောသင့်သည်။ ပြဿနာကား လေ့ကျင့်ခံရခြင်းမရှိသောကြောင့် ဖြစ်နိုင်သည်။ ထိုညီအစ်ကိုသည် မိမိရထားသည့်တာဝန်ကို ကောင်းမွန်စွာလုပ်ဆောင်ရန် ဆက်၍အခက်အခဲတွေ့နေပါက အခြားတာဝန်တစ်ခုကို ကောင်းစွာလုပ်ဆောင်နိုင်ကောင်းလုပ်ဆောင်နိုင်ပေမည်။
အကြီးအကဲတို့သည် နှိမ့်ချမှုတင်ပြခြင်းအားဖြင့်လည်း သင့်တင့်ညီညွတ်မှုကို တိုးပွားစေနိုင်သည်။ ဖိလိပ္ပိ ၂:၃ က ခရစ်ယာန်များအား “ရန်တွေ့လိုသောစိတ်၊ အချည်းနှီး ကျော်စောကိတ္တိကို တပ်မက်သောစိတ်ရှိ၍ အဘယ်အမှုကိုမျှမပြုကြနှင့်။ သူတစ်ပါးသည် ကိုယ်ထက်သာ၍ကောင်းမြတ်သည်ဟု နှိမ့်ချသောစိတ်ရှိ၍ တစ်ယောက်ကိုတစ်ယောက်ထင်မှတ်ကြလော့” ဟု အားပေးသည်။ ခန်းမထဲတွင် ဧည့်ကြိုတစ်ဦးက အကြီးအကဲတစ်ဦးအား တစ်ခုသောနေရာတွင်ထိုင်ရန်ညွှန်ပြလျှင် မိမိသည်အကြီးအကဲဖြစ်သောကြောင့် နားထောင်စရာမလိုဟု အကြောင်းပြချက်မပေးဘဲ ပူးပေါင်းလုပ်ဆောင်သင့်သည်။ အားလုံးလိုက်လုပ်ရန် စည်းမျဉ်းမရှိကြောင်း ဧည့်ကြိုသည် သတိရသင့်သည်မှန်သော်လည်း ခန်းမတွင်းရှိနေရာအနှံ့ရွှေ့ပြောင်းထိုင်ရန်ဟူသည့် အကြံပြုချက်ကို သူလိုက်လျှောက်နေခြင်းမျှသာဖြစ်နိုင်သည်။a အကြီးအကဲတစ်ဦးသည် ဓမ္မအမှုထမ်းတစ်ဦး တာဝန်ပေးခံရသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ မလိုလားအပ်ဘဲ ကမောက်ကမဖြစ်စေသည့် ဆုံးဖြတ်ချက်များချခြင်းကို ရှောင်ရမည်။
ဓမ္မအမှုထမ်းများ သင့်တင့်ညီညွတ်မှုအတွက်လုပ်ဆောင်နေ
“ဓမ္မအမှုထမ်းများသည်လည်း အလားတူ တည်ကြည်လေးနက်ကြရမည်” ဟု တမန်တော်ပေါလုမှတ်ချက်ချထားသည်။ (၁ တိမောသေ ၃:၈၊ ကဘ) မိမိတို့၏တာဝန်များကို လေးလေးနက်နက်—မိမိတို့၏ မြင့်မြတ်သောလုပ်ငန်းတော်၏ တစ်စိတ်တစ်ဒေသအဖြစ်—ရှုမြင်ယူမှတ်ခြင်းအားဖြင့် တင်းမာမှုများပေါ်ပေါက်လာခြင်းကို များစွာတားဆီးပေးသည်။ သင်သည် ဓမ္မအမှုထမ်းတစ်ဦးဖြစ်လျှင် သင့်တာဝန်များကို စိတ်အားထက်သန်စွာ ထမ်းဆောင်ပါသလော။ (ရောမ ၁၂:၇၊ ၈) တာဝန်ကိုကိုင်တွယ်လုပ်ဆောင်ရာတွင် ကျွမ်းကျွမ်းကျင်ကျင်ရှိလာစေရန် အာရုံစိုက်၍ကြိုးစားအားထုတ်သလော။ သင်သည် ယုံကြည်စိတ်ချခြင်းနှင့် အားကိုးအားထားပြုခြင်း ခံရသလော။ တာဝန်များကို လိုလိုလားလားလုပ်ဆောင်လိုသည့်သဘော သင်တင်ပြသလော။ အာဖရိကနိုင်ငံတစ်ခုတွင် ဓမ္မအမှုထမ်းတစ်ဦးသည် အသင်းတော်တွင် တာဝန်သုံးခုရယူထားသည်။ သူ့သဘောထားကား မည်သို့နည်း။ “ဟုတ်ပါတယ်၊ ခက်ခဲတဲ့အလုပ်တွေ ပိုလာတာပါပဲ။ ခက်ခဲတဲ့အလုပ်က လူကိုမသေစေနိုင်ပါဘူး” ဟု သူပြောသည်။ အမှန်မှာ မိမိကိုယ်ကိုပေးဆက်သူများသည် ပျော်ရွှင်မှုအရှိဆုံးသူများဖြစ်ကြသည်။—တမန်တော် ၂၀:၃၅။
အကြီးအကဲများနှင့် အပြည့်အဝပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့်လည်း သင့်တင့်ညီညွတ်မှုကို များစွာတိုးတက်အောင် သင်လုပ်နိုင်သည်။ “သင်တို့ကိုအုပ်သောသူတို့၏စကားကို နားထောင်၍ နှိမ့်ချလျက်နေကြလော့။ သူတို့သည် ကိုယ်တိုင်စစ်ကြောခြင်းကိုခံရသောသူကဲ့သို့ သင်တို့စိတ်ဝိညာဉ်၏အကျိုးအလိုငှာ စောင့်နေကြ၏။ သင်တို့အကျိုးကိုမဖြစ်စေတတ်သော ဝမ်းနည်းခြင်းမရှိ၊ ဝမ်းမြောက်ခြင်းရှိ၍ သူတို့သည် စစ်ကြောခြင်းကိုခံရမည်အကြောင်း သတိပြုလျက်နေကြလော့” ဟု ဟေဗြဲ ၁၃:၁၇ ကဆိုထားသည်။ မှန်ပါသည်၊ အကြီးအကဲများသည် မစုံလင်သောလူသားများဖြစ်ကြပြီး သူတို့ကိုအပြစ်တင်ရန် လွယ်ကူပေမည်။ သို့သော် အပြစ်မြင်လွယ်သောသဘောသည် စိတ်မချခြင်းကိုဖြစ်ပေါ်စေသည်။ ယင်းက သင့်ရွှင်လန်းမှုကို ဖျက်ဆီးနိုင်ပြီး အသင်းတော်ရှိအခြားသူများအား ဆိုးကျိုးသက်ရောက်စေနိုင်သည်။ ထို့ကြောင့် တမန်တော်ပေတရုက ဤသို့အကြံပေးခြင်းဖြစ်သည်– “ထိုနည်းတူ အသက်ပျိုသောသူတို့ အသက်ကြီးသောသူတို့၏စကားကို နားထောင်ကြလော့။ ထိုမျှမက အချင်းချင်း တစ်ယောက်အောက်တစ်ယောက် နှိမ့်ချလျက်နေ၍ နှိမ့်ချခြင်းတန်ဆာကို ဆင်ကြလော့။ . . . ကာလအချိန်တန်လျှင် ဘုရားသခင်သည် သင်တို့ကို ချီးမြှောက်တော်မူမည်အကြောင်း တန်ခိုးကြီးသောလက်တော်အောက်၌ ကိုယ်ကိုကိုယ်နှိမ့်ချကြလော့။”—၁ ပေတရု ၅:၅၊ ၆။
လုပ်ငန်းတော်အခွင့်အရေးများအတွက် သင်လျစ်လျူရှုခံရသည်ဟု ယူဆလျှင် ထိုသြဝါဒမျိုးသည် အထူးသဖြင့် သင့်အတွက်ပို၍ဆီလျော်သည်။ သင်သည် “ကြီးကြပ်မှူးနေရာကို လက်လှမ်းနေ” သူဖြစ်ကောင်းဖြစ်မည်။ သို့သော် မည်သည့်ခန့်အပ်မှုမှ ရောက်မလာချေ။ (၁ တိမောသေ ၃:၁၊ ကဘ) စိတ်နှလုံးနှိမ့်ချခြင်းသည် သင်ဆက်လက် “စောင့်မျှော်” နိုင်ရန် အကူအညီဖြစ်စေနိုင်သည်။ (ယေရမိ ၃:၂၄၊ သမ္မာ) အကြီးအကဲများကိုမကျေမနပ်ဖြစ်မည့်အစား—ယင်းက သင့်ဆက်ဆံရေးကောင်းကို သေချာပေါက်ပျက်စီးစေနိုင်သဖြင့်— သင်တိုးတက်မှုတင်ပြနိုင်သော မည်သည့်ကဏ္ဍများရှိသေးကြောင်း သူတို့ကိုမေးပါ။ သွန်သင်မှုကို အမှန်ပင်လိုလိုလားလားရှိပြီး လက်တွေ့ကျင့်သုံးခြင်းသည် ဝိညာဉ်ရေးရာကြီးထွားမှု၏ အထောက်အထားဖြစ်သည်မှာ သေချာပါသည်။
ဓမ္မအမှုထမ်းတစ်ဦးသည် ထူးခြားသောအရည်အချင်းရှိသူ၊ သို့မဟုတ် ပညာရေးနှင့်လူမှုရေးအရ သာလွန်မှုရှိထားလျှင် ဘုရားရေးရာနှိမ့်ချမှုနှင့် ကျိုးနွံမှုတို့က သူ့အား မျှတမှုကိုဆက်လက်ထိန်းသိမ်းရန် အကူအညီပေးနိုင်သည်။ အကြီးအကဲများထက် မိမိပိုထင်ပေါ်ရန်၊ သို့မဟုတ် မိမိ၏အရည်အချင်းများကို အာရုံစိုက်စေရန် ကြိုးစားခြင်းတို့ဖြင့် သွေးဆောင်ခံရစရာအကြောင်း ရှိပေစွတကား! သု. ၁၁:၂ (ကဘ) က “ဉာဏ်ပညာသည် ကျိုးနွံသောသူတို့နှင့်အတူရှိသည်” ဟု ကျွန်ုပ်တို့အား သတိပေးထားသည်။ ကျိုးနွံမှုရှိသောညီအစ်ကိုသည် မိမိ၏အတိုင်းအတာကို အသိအမှတ်ပြုသည်။ သူသည် နောက်ကွယ်တွင် ရိုးရိုးကုပ်ကုပ်အလုပ်လုပ်ပြီး အကြီးအကဲများကိုထောက်မရန် မိမိ၏အရည်အချင်းများကို အသုံးပြုလိုသူဖြစ်သည်။ လောကအသိပညာများစွာရှိစေကာမူ ဝိညာဏဉာဏ်ပညာနှင့် ပိုင်းခြားဆင်ခြင်နိုင်မှုတို့၏ အရေးကြီးသည့်ကဏ္ဍများ—အကြီးအကဲများတွင် ရှိနိုင်သည့်သာလွန်သောအရည်အချင်းများ—သူ့တွင်ကင်းမဲ့နေနိုင်သေးသည်ကို သိနားလည်ရန် ကျိုးနွံမှုက သူ့အားအကူအညီပေးပေမည်။—၁ ကောရိန္သု ၁:၂၆–၂:၁၃; ဖိလိပ္ပိ ၁:၉။
အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများသည် အရေးကြီးသည့်အခန်းကဏ္ဍများတွင် ရှိနေကြသည်မှာ ရှင်းနေပါသည်။ အသင်းတော်ရှိသူအားလုံးတို့ကို တည်ဆောက်ပေးမည့်အရာများစွာကို သူတို့အတူတကွပို၍လုပ်ဆောင်နိုင်ကြသည်။ သို့သော် ယင်းသို့ပြုနိုင်ရန် သူတို့သည် “အရာရာ၌ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းနှင့်ပြည့်စုံသဖြင့် မေတ္တာစိတ်နှင့် တစ်ယောက်ကိုတစ်ယောက် သည်းခံခြင်းရှိကြ၍ အသင့်အတင့်ပေါင်းဖော်ခြင်းအဖွဲ့အစည်းအားဖြင့် သင်တို့သည် အချင်းချင်းစိတ်သဘောမခြားမနား တစ်လုံးတစ်ဝတည်းဖြစ်အံ့သောငှာ ကြိုးစားအားထုတ်” ခြင်းဖြင့် သင့်တင့်ညီညွတ်စွာ အတူတကွလုပ်ဆောင်ကြရမည်။—ဧဖက် ၄:၂၊ ၃။
[အောက်ခြေမှတ်ချက်များ]
a ၁၉၉၂ ခု၊ ဧပြီ ၁၅ ရက်ထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၁၂ ကိုကြည့်ပါ။
အကြီးအကဲများသည် ဓမ္မအမှုထမ်းများအား မိမိတို့၏လက်အောက်ခံများအဖြစ် မဟုတ်ဘဲ ဘုရားသခင်၏ဓမ္မအမှုဆောင်ဖက်များအဖြစ် ရှုမှတ်ကြသည်