နောဧသင်္ဘောကို သူတို့ ရှာတွေ့ခဲ့သလော
မကြာခဏဆိုသလိုဖြစ်နေသည့် နောဧသင်္ဘောရှာပုံတော်အကြောင်း အတော်လူသိများပုံရသည်။ သူတို့၏စိတ်လှုပ်ရှားမှုကို နားလည်နိုင်ပါသည်။ လွန်ခဲ့သော ဘီစီ ၂၃၇၀-၂၃၆၉ တွင်ဖြစ်ခဲ့သည့် ရေလွှမ်းမိုးဘေးကြီးမှ နောဧနှင့်သူ၏မိသားစု လွတ်မြောက်ခဲ့သောဧရာမသင်္ဘောကြီးကို ရှာဖွေတွေ့ရှိခြင်းက အမှန်ထူးခြားသော ရှေးဟောင်းသုတေသနရှာဖွေတွေ့ရှိမှုဖြစ်ပါလိမ့်မည်။ သို့သော် များစွာကြိုးစားအားထုတ်ပြီးသည့်ကြားမှပင် နောဧသင်္ဘောကို ဆက်၍ရှာပုံတော်ဖွင့်နေဆဲဖြစ်သည်။ ခန့်မှန်းတွက်ဆချက်များနှင့် စိတ်လှုပ်ရှားဖွယ်ပြောကြားချက်များအရ အဘယ်အရာကို အမှန်တကယ်သိရှိရသနည်း။
ကျမ်းစာဖော်ပြချက်အရ နောဧသင်္ဘောသည် “အာရရတ်အမည်ရှိသော တောင်[များ]ပေါ်မှာတင်လေ၏။” (ကမ္ဘာဦး ၈:၄) အာမေးနီးယားနှင့် အီရန်နယ်စပ်အနီး၊ တူရကီအရှေ့ဘက်ရှိ အာရရတ်ဒေသတွင် အာရရတ်တောင်ဟု ယခုသိထားသည့် တောင်ထိပ်ကြီးရှိသည်။
နောဧသင်္ဘောကို ရှာပုံတော်ဖွင့်ရန် ထိုဒေသသို့ အကြီးအကျယ်သွားရောက်မှုများကြောင့် စိတ်ဝင်စားဖွယ်အချက်များကို ပြောကြားနိုင်ခဲ့သော်လည်း ယတိပြတ်သက်သေအထောက်အထားကိုမူ မတွေ့ရှိကြပါ။ စိတ်လှုပ်ရှားဖွယ်ဓာတ်ပုံများ၊ ပြန်လည်တွေ့ရှိထားသော ထင်းရှူးစေးသုတ်ထားသည့် သစ်သားအပိုင်းအစများ၊ သင်္ဘောကိုတွေ့ရှိခဲ့သည်ဟုဆိုကြသူများ၏ မှတ်တမ်းများက လူတို့အား ပို၍ခိုင်လုံသောသက်သေအထောက်အထားများ ရရှိလိုစိတ်ကို တောက်လောင်စေခဲ့သည်။ သို့သော် ရှာဖွေတွေ့ရှိရန် အလွန်ခက်ခဲ၏။ မကြာခဏဖော်ပြသည့် ဖြစ်နိုင်ခြေရှိသောနေရာတစ်ခုမှာ အာရရတ်တောင်ရှိ ပေ ၁၅,၀၀၀ အမြင့်မှတောင်စောင်းတစ်နေရာဖြစ်၏။ ထို့ပြင် ထိုဒေသ၏ နိုင်ငံရေးတင်းမာမှုများကြောင့် နိုင်ငံခြားစူးစမ်းရှာဖွေရေးအဖွဲ့များသည် တောင်တက်ရန် တရားဝင်ခွင့်ပြုမိန့် အစဉ်မရရှိကြပေ။
သို့တိုင် သင်္ဘောကိုရှာတွေ့ရန် စိတ်ထက်သန်နေသူများစွာသည် ထိုဒေသသို့သွားရောက်ရှာဖွေရန် စိတ်စောနေကြသည်။ သူတို့က သင်္ဘောသည် နှင်းဖုံးနေသော အာရရတ်တောင်တွင် နဂိုအတိုင်းရှိနေဆဲဖြစ်ပြီး နှစ်များစွာတစ်လျှောက် နှင်းနှင့်ရေခဲအောက်တွင် နစ်မြုပ်နေသည်ဟု ယုံကြည်နေကြသည်။ ပူပြင်းသောနွေရာသီရှိသည့် နှစ်များတွင်သာ သင်္ဘောကို ရှာတွေ့နိုင်မည့်မျှော်လင့်ချက်ရှိသည်ဟု သူတို့ဆိုကြသည်။
ထိုသို့သောမျှော်လင့်ချက်များကို သတင်းမှတ်တမ်းများစွာက မီးထိုးပေးသည်။ အေဒီပထမရာစုမှ ဂျူးသမိုင်းပညာရှင် ဂျိုစီဖတ်စ်က အာရရတ်တောင်ကြောပေါ်တွင် မြင်နေရဆဲဖြစ်သည့် သင်္ဘောအကြောင်းပြောခဲ့သော အစောပိုင်းသမိုင်းပညာရှင်များစွာကို ကိုးကားခဲ့သည်။ လူတို့သည် ထင်းရှူးစေးသုတ်ထားသော သစ်သားအပိုင်းအစများကို အမှတ်တရလက်ဆောင်အဖြစ် ယူလာကြသည်ဟုပင် အဆိုရှိသည်။ ဂျိုစီဖတ်စ်ကိုးကားသော လူများမှတစ်ဦးမှာ ဘီစီတတိယရာစုမှ ဗာဗုလုန်လူမျိုး ရာဇဝင်မှတ်တမ်းပြုစုသူ ဘာရာဆက်စ်ဖြစ်သည်။
လွန်ခဲ့သော ၂၀ ရာစုအတွင်း ပို၍စိတ်လှုပ်ရှားဖွယ်ကောင်းသောသတင်းတစ်ရပ်ကို အာမေးနီးယန်းလူမျိုး၊ ဂျော့ဂ်ျဟာဂိုပီယန် ထုတ်ပြန်ခဲ့သည်။ သူက ၁၉၀၀ ပြည့်လွန်နှစ်များအစောပိုင်း၊ မိမိကလေးဘဝတွင် ဦးလေးဖြစ်သူနှင့်အတူ သင်္ဘောရှိရာသို့ရောက်ခဲ့ပြီး သင်္ဘောပေါ် အမှန်တကယ်တက်ခဲ့သည်ဟု ပြောသည်။ ဟာဂိုပီယန်သည် ၁၉၇၂ ခုနှစ်တွင် ကွယ်လွန်သွားသော်လည်း သူ၏ပြောကြားချက်ကြောင့် လူများစွာသည် အလွန်စိတ်လှုပ်ရှားကာ အံ့အားသင့်နေဆဲပင်။
ယုံကြည်ခြင်းအတွက် စစ်မှန်သောအခြေခံအကြောင်းရင်းလော
စူးစမ်းရှာဖွေသူများ သင်္ဘောကို တွေ့ရှိခဲ့ကြသည် သို့မဟုတ် မကြာမီတွေ့ရှိကြမည်ဟု ယုံကြည်ရန် အခြေခံအကြောင်းရင်း အမှန်ရှိသလော။ ရှိကောင်းရှိနိုင်ပါသည်။ သို့သော် ထိုသို့သောရှာဖွေမှုနှင့်ပတ်သက်၍ သံသယဝင်ရန် အကြောင်းရင်းက ပိုများနေပုံရသည်။ အကြောင်းရင်းတစ်ခုမှာ ရေကျသွားစဉ် သင်္ဘောတင်သွားသည့်နေရာကို ကျမ်းစာတွင် အတိအကျမဖော်ပြထားကြောင်း သတိရပါ။ “အာရရတ်တောင်[များ]” ဟုသာဖော်ပြထားသည်။
စူးစမ်းရှာဖွေသူများနှင့် ခန့်မှန်းတွက်ဆသူများသည် ထိုဒေသ၏အမြင့်ဆုံးတောင်ကို ရွေးချယ်လိုက်ခြင်းမှာ သဘာဝကျပါသည်။ သို့သော် ပင်လယ်ရေမျက်နှာပြင်အထက် သုံးမိုင်နီးပါးတွင်ရှိကာ ယနေ့အချိန်တွင် အလွန်မြင့်ပြီးနှင်းဖုံးနေသော အာရရတ်တောင်ထိပ်ပေါ် သင်္ဘောတင်ရန် ဘုရားသခင်စီစဉ်ခဲ့သည်ဟု ကျမ်းစာတွင် အတိအကျမဖော်ပြထားပါ။a သင်္ဘော ကုန်းပေါ်တင်ပြီးနောက် လပေါင်းများစွာတိုင် နောဧနှင့်သူ၏မိသားစုသည် သင်္ဘောပေါ်တွင် နေခဲ့ကြောင်း အမှတ်ရပါ။ (ကမ္ဘာဦး ၈:၄၊ ၅) သူတို့နှင့်တိရစ္ဆာန်များစွာသည် သင်္ဘောထဲမှထွက်လာပြီးနောက် တောင်တက်သမားများနည်းတူ မြင့်မားမတ်စောက်သောတောင်ပေါ်မှ ဆင်းလာကြမည်ဟူသောအယူအဆမှာလည်း ဖြစ်နိုင်ပုံမရပေ။ သင်္ဘောတင်ခဲ့သောမြေနေရာသည် ယနေ့ စူးစမ်းရှာဖွေရေးသမားအချို့ တွေးထင်ထားသည့်နေရာထက် သွားရေးလာရေး ပိုလွယ်ကူခဲ့ပေမည်။ သို့သော် ကမ္ဘာဦး ၈:၄၊ ၅ တွင်ဖော်ပြထားသည့်အချက်နှင့် ကိုက်ညီလောက်သည့်အမြင့်တွင်လည်း ရှိရမည်။ ထို့ပြင် သင်္ဘောသည် အာရရတ်ဒေသ၏ မည်သည့်နေရာတွင်ပင်တင်ခဲ့ပါစေ ယင်းသည် လွန်ခဲ့သောရာစုနှစ်များစွာကပင် ဆွေးမြည့်ယိုယွင်းကာ ပျက်စီးသွားမည်မဟုတ်လော။
ထို့ပြင် မိမိတို့ရှာဖွေမှုများ၏ ဘာသာရေးဆိုင်ရာအရေးကြီးမှုနှင့်ပတ်သက်၍ သတင်းစာဆရာများ၏ တစ်ခါတစ်ရံ ပြောကြားချက်များတွင်လည်း သံသယဝင်စရာအချက်တစ်ချက်ရှိ၏။ စူးစမ်းရှာဖွေရေးအဖွဲ့တစ်ဖွဲ့ကို စီစဉ်ဖွဲ့စည်းသူတစ်ဦးက သင်္ဘောကိုရှာဖွေတွေ့ရှိခြင်းသည် “လူသန်းပေါင်းများစွာ၏ ယုံကြည်ခြင်းကို ခိုင်မာစေမည်ဖြစ်ပြီး . . . လူများစွာကိုမူ ယုံကြည်ခြင်းရှိလာစေမည်” ဟုဆိုသည်။ ၂၀၀၄ ခုနှစ်တွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲတစ်ခု၌ သူက သင်္ဘောကိုရှာဖွေတွေ့ရှိခြင်းသည် “ခရစ်တော်ထမြောက်ချိန်မှစ၍ အကြီးကျယ်ဆုံးဖြစ်ရပ်” ဖြစ်လိမ့်မည်ဟုဆိုသည်။ သူ၏စူးစမ်းရှာဖွေရေးသည် နောက်ပိုင်းတွင် ရပ်ဆိုင်းသွား၏။
နောဧသင်္ဘောကို ရှာဖွေတွေ့ရှိခြင်းက ယုံကြည်ခြင်းကို အမှန်တကယ် ခိုင်မာစေမည်လော သို့မဟုတ် ယုံကြည်ခြင်း ရှိလာစေမည်လော။ စစ်မှန်သောယုံကြည်ခြင်းသည် မြင်တွေ့နိုင်သည့်၊ ကိုင်တွယ်ထိတွေ့နိုင်သည့်အရာဝတ္ထုများပေါ်တွင် မမူတည်ဟု ကျမ်းစာကဆိုသည်။ (၂ ကောရိန္သု ၅:၇) အလွန်သံသယဝင်သူအချို့က အကောင်အထည်ရှိသော သက်သေအထောက်အထားရှိမှသာ အချို့သောကျမ်းစာမှတ်တမ်းများကို ယုံကြည်နိုင်မည်ဟု ဆိုကြသည်။ သို့သော် အမှန်မှာ အဘယ်အထောက်အထားကမျှ ထိုသို့သောသူတို့တွင် ယုံကြည်ခြင်းရှိလာစေနိုင်မည်မဟုတ်ပါ။ တစ်စုံတစ်ဦး သေရာမှ ပြန်ရှင်လာသည်ကို မြင်ရလျှင်ပင် လူအချို့သည် ကျမ်းစာတွင်ပါရှိသောအမှန်တရားများကို ယုံကြည်နိုင်မည်မဟုတ်ဟု ယေရှုကိုယ်တိုင် မိန့်ဆိုခဲ့သည်။—လုကာ ၁၆:၃၁။
တစ်ဖက်တွင်မူ စစ်မှန်သောယုံကြည်ခြင်းသည် ယုံလွယ်ခြင်းမဟုတ်ပါ။ ယင်းသည် ခိုင်လုံသောသက်သေအထောက်အထားပေါ် အခြေပြုပါသည်။ (ဟေဗြဲ ၁၁:၁) ယနေ့၊ ရေလွှမ်းမိုးခြင်းနှင့်ပတ်သက်သော ကျမ်းစာမှတ်တမ်းကို ယုံကြည်လာရန် အကျိုးသင့်အကြောင်းသင့်ရှိသူတို့ကို ထောက်ကူပေးသည့် ခိုင်လုံသောအထောက်အထား ရှိပါသလော။ အမှန်ရှိပါသည်။ “နောဧသည် သင်္ဘောထဲသို့ဝင်၍ . . . ရေလွှမ်းမိုးဘေးရောက် . . . ၏” ဟုယေရှုခရစ် ရှင်းလင်းစွာမိန့်ဆိုခဲ့သည်။ (လုကာ ၁၇:၂၆၊ ၂၇) ယင်းသည် ရရှိနိုင်သမျှတွင် အကောင်းဆုံးသက်သေအထောက်အထားဖြစ်သည်။ အဘယ်ကြောင့်နည်း။
ယေရှုသည် မြေကြီးသို့မကြွလာမီ ကောင်းကင်တွင်နေထိုင်ခဲ့သည်။ (ယောဟန် ၈:၅၈) သင်္ဘောဆောက်လုပ်နေသည်ကို သူကြည့်နေခဲ့ပြီး ရေလွှမ်းမိုးဘေးကျရောက်သည်ကို တွေ့မြင်ခဲ့သည်။ ထို့ကြောင့် ယခု၊ မည်သည့်သက်သေအထောက်အထားက သင့်ကို ပို၍ယုံကြည်စိတ်ချစေပုံရသနည်း။ လုံးဝယုံကြည်စိတ်ချထိုက်ကြောင်း သက်သေထူခဲ့သူ၊ ဘုရားသခင်၏သားတော်ဖြစ်ကြောင်း သက်သေထူခဲ့သူ မျက်မြင်သက်သေ၏ ထွက်ဆိုချက်ကိုလော။ သို့မဟုတ် နှင်းဖုံးနေသောတောင်ထိပ်မှ ရှေးခေတ်သစ်သားအပိုင်းအစအချို့ကို ရှာတွေ့ခဲ့သည့် စူးစမ်းရှာဖွေရေးသမားများ၏ ဖြစ်နိုင်ခြေသိပ်မရှိသော တွေ့ရှိချက်ကိုလော။ ထိုသို့စဉ်းစားသုံးသပ်ကြည့်လျှင် နောဧသင်္ဘောတည်ရှိခဲ့သည်ဟူသော သက်သေအထောက်အထားမှာ အလွန်ခိုင်လုံနေပြီဖြစ်သည်။
[အောက်ခြေမှတ်ချက်]
a အာရရတ်တောင်ဟု ယနေ့ခေါ်ဝေါ်သောတောင်သည် မီးတောင်တစ်လုံးဖြစ်ပြီး ၁၈၄၀ ပြည့်နှစ်မှစ၍ မီးတောင်အသေဖြစ်နေသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၁၆,၉၄၅ ပေ မြင့်ပြီး တစ်နှစ်ပတ်လုံးနှင်းဖုံးနေသည်။
[စာမျက်နှာ ၁၃ ပါ အကျဉ်းဖော်ပြချက်]
ရေလွှမ်းမိုးဘေးနှင့်ပတ်သက်သော ကျမ်းစာမှတ်တမ်းကို ယုံကြည်စိတ်ချစေသည့် ခိုင်လုံသောသက်သေ အထောက်အထား ရှိပါသလော
[စာမျက်နှာ ၁၄ ပါ အကျဉ်းဖော်ပြချက်]
“နောဧသည် သင်္ဘောထဲသို့ဝင်၍ . . . ရေလွှမ်းမိုးဘေး ရောက် . . . ၏” ဟု ယေရှုခရစ် ရှင်းလင်းစွာ မိန့်ဆိုခဲ့သည်