နွေချိန်ခါ သက်သေခံရန် အခွင့်အရေးများ ရှာယူ
၁ ကျမ်းစာကဤသို့တိုက်တွန်းထားသည်။ “သင်တို့သည် စားသော်လည်းကောင်း၊ သောက်သော်လည်းကောင်း၊ မည်သည့်အမှုကိုပြုသော်လည်းကောင်း ဘုရားသခင်၏ဘုန်းတော်ကို ထောက်၍ ခပ်သိမ်းသောအမှုကိစ္စကို ပြုကြလော့။” (၁ ကော၊ ၁၀:၃၁) နွေကာလတွင် နည်းမျိုးစုံဖြင့် ယင်းသို့ပြုရန် အခွင့်အရေးကောင်းများရရှိပါသည်။
၂ နွေအချိန်တွင် ခရီးထွက်ကြသူများရှိမည်။ သို့သော် ထိုအခါ၌ပင် ဟောပြောသွန်သင်ခြင်းလုပ်ငန်းကို ကျွန်ုပ်တို့လျစ်လျူမရှုသင့်။ ထိုကြောင့် ခရီးထွက်စဉ် ရောက်လေရာမြို့ရှိ နိုင်ငံတော်ခန်းမ၌ စည်းဝေးများတက်သော်လည်းကောင်း၊ ကျောင်းပိတ်ချိန်တွင် (ဆယ်တန်းအောင်ပြီးသူများ) သက်သေခံရန် စိတ်ပြင်းပြပါ။ မည်သို့ပြုနိုင်မည်နည်း။
ခရီးထွက်စဉ်
၃ ဤနွေရာသီချိန်တွင် မိဘ၊ ဆွေမျိုးများထံ လည်ပတ်ဖို့ကြံစည်နေပါသလော။ မိသားစုပြန်လည်ဆုံစည်းချိန်တွင် ကျွန်ုပ်တို့ပျော်ရွှင်မှုရကြသည်။ သင့်ဆွေမျိုးများ သမ္မာတရား၌မရှိလျှင် သူတို့အား နိုင်ငံတော်သတင်း ဟောပြောခွင့်ရနိုင်ပေမည်။ အခန့်သင့်အချိန်ကို စိတ်ရှည်ရှည်စောင့်ခဲ့သူ ညီအစ်ကိုများစွာတို့သည် ဆွေမျိုးတို့အား သက်သေခံရာမှ အောင်မြင်မှုများရရှိခဲ့ပြီ။ ဤနည်းဖြင့် ဆွေမျိုးအချို့ သမ္မာတရားသိရှိခဲ့ပြီ။ (အင်္ဂလိပ် ကင်းမျှော်စင် ၁၉၉၀၊ ဖေဖေါ်ဝါရီ ၁၅ ရက်ထုတ်၊ စာမျက်နှာ ၂၅-၇ ကိုကြည့်။)
၄ ဤလအတွင်း ခရီးထွက်ရန်အစီအစဉ်ရှိနေလျှင် ဒေသခံအသင်းတော်နှင့်ပူးပေါင်းအမှုဆောင်ထွက်ခြင်း၊ စည်းဝေးတက်ခြင်းပြုရန် ကြိုတင်စီစဉ်ထားပါ။ ‘ညီအစ်ကိုများအသင်းအပင်းကို ကျွန်ုပ်တို့ချစ်ကြသည်။’ သူတို့နှင့်အတူ လယ်ကွင်းလုပ်ငန်းတွင်ပါဝင်ခြင်းဖြင့် သူတို့နှင့်ပိုအကျွမ်းဝင်လာပြီး သမ္မာတရား၌ သူတို့၏အတွေ့အကြုံမှလည်း အကျိုးကျေးဇူးရရှိခွင့်ရှိသည်။ (၁ ပေ၊ ၂:၁၇) အခြားမြို့ရွာသို့ရောက်စဉ် စည်းဝေးများတက်ခြင်း၊ ဟောပြောခြင်းလုပ်ငန်း၌ပါဝင်ခြင်းအားဖြင့် ကျွန်ုပ်တို့အကျိုးရရှိပြီး ညီအစ်ကိုများနှင့်ပေါင်းသင်းခြင်းမှ စိတ်လန်းဆန်းမှုအစစ်အမှန်ရရှိလိမ့်မည်။—မ၊ ၁၁:၂၈၊ ၂၉။
စည်းဝေးပွဲကြီး တက်ရောက်သည့်အခါ
၅ ခရိုင်စည်းဝေးပွဲကြီးတက်သည့်အခါ သူတစ်ထူးကို သက်သေခံပါ။ ကျွန်ုပ်တို့ရင်ထိုးကပ်ပြားများ တပ်ဆင်ထားသည်ကို စိတ်ဝင်စားသူများရှိရာ သူတို့အား သမ္မာတရားအကြောင်း ပြောဆိုခွင့်ရကောင်းရစေသည်။ စားသောက်ဆိုင်များတွင် အစာစားစဉ်၊ ယာဉ်အမျိုးမျိုးဖြင့် ခရီးသွားစဉ်၊ သက်သေခံရန်အခွင့်ကောင်းများ ရှာယူပါ။ ဤသို့သောနေရာမျိုးတွင် အလွတ်သဘောသက်သေခံရာမှ အကျိုးရလဒ်များ ပေါ်ထွက်ခဲ့ပြီ။ ထိုကြောင့် ကျမ်းစာအုပ်နှင့် သင့်တော်သောစာပေများ အသင့်ယူဆောင်ထားပါ။ သက်သေခံရန်အသင့်ရှိနေပါ။
မိသားစုအနေနှင့် တိုး၍ပါဝင်ခြင်း
၆ ကျောင်းပိတ်ချိန်အတွင်း လယ်ကွင်းဓမ္မအမှုတွင် အချိန်များများပါဝင်ရန် အရံရှေ့ဆောင်နိုင်သည်။ အခြားသူများနှင့် တွဲအမှုဆောင်ခြင်းအားဖြင့် သင့်လယ်ကွင်းဓမ္မအမှုကိုတိုးတက်စေမည်သာမက သင့်မေတ္တာကို ‘ကျယ်ဝန်း’ စေနိုင်ပါမည်။ အသင်းတော်ရှိသူ များများနှင့် တွဲအမှုဆောင်ကြည့်ပါ။ (၂ ကော၊ ၆:၁၁-၁၃) နွေရာသီကျောင်းပိတ်ချိန်တွင် မိသားစုလိုက်အရံရှေ့ဆောင်ခဲ့ကြပြီ။ သင်လည်း ဇွန်လတွင် ထိုသို့ပြုနိုင်မည်လော။ ဤသို့အားဖြင့် သင့်ယုံကြည်ခြင်း ပိုခိုင်ခံ့လာပြီး ယေဟောဝါနှင့်သော်လည်းကောင်း၊ မိသားစုနှင့်သော်လည်းကောင်း မေတ္တာနှောင်ကြိုး ပိုခိုင်မြဲစေမည်။ ထို့ပြင် ဤအမှုသည် အသင်းတော်အတွက် အားပေးမှုဖြစ်ပြီး ယင်းကြောင့် အခြားသူများလည်း တိုး၍အမှုဆောင်လိုကြပေမည်။
၇ အချိန်ကုန်သွားစေသည့်အရာများစွာရှိသည့်အတွက် ကုန်ခမ်းခဲ့သည့်အချိန်သည် အကျိုးရှိစေရန် အစီအစဉ်ဇယားကောင်းထားရှိရန်လိုသည်။ ဝိညာဉ်ရေးဘက် ဦးစားပေးရာများကို ဦးစားပေးခြင်းဖြင့် ‘လူတို့ရှေ့ အလင်းပြနိုင်ကြမည်။’ ကျွန်ုပ်တို့၏ကောင်းမွန်သောအကျင့်များကို လူအများမြင်ကြသောအခါ အချို့သည် ယေဟောဝါကိုဂုဏ်တင်ချီးမွမ်းလိုကြမည်။ သို့ဖြစ်ရခြင်းမှာ ဤလအတွင်း သူတစ်ထူးအားသမ္မာတရားကို ဟောပြောခဲ့၍ပင်တည်း။—မ၊ ၅:၁၆။