သင် အဘယ်ကြောင့် ကျမ်းစာသင်အံမှု ပြုလုပ်လို
၁ ခရစ်ယာန်တစ်ဦးအတွက် အားရစရာအကောင်းဆုံးအတွေ့အကြုံမှာ တစ်ဦးတစ်ယောက်အား ခရစ်တော်၏တပည့်ဖြစ်လာစေရန် ကူညီပေးခြင်းတည်း။ (မ၊ ၂၈:၁၉၊ ၂၀။ ၁ ကော၊ ၃:၆၊ ၉) ဤနည်းဖြင့် ကျွန်ုပ်တို့ကူညီပေးသူများအတွက် ထာဝရအသက်ရစေနိုင်သည်။
၂ သွန်သင်ပေးသူနှင့် အသင်ခံသူစပ်ကြား ရင်းနှီးသောဆက်ဆံမှုရှိပါသည်။ သင်သား၏ဝိညာဏတိုးတက်မှုသည် ရွှင်လန်းအားရစရာပင်။ (၁ သက်၊ ၂:၁၁၊ ၁၉၊ ၂၀) ထိုကြောင့် ခရစ်ယာန်တစ်ဦး၏ပန်းတိုင်သည် မိမိအိမ်သားအပြင် အခြားသူတို့နှင့် အိမ်တွင်းကျမ်းစာသင်အံမှု အနည်းဆုံးတစ်ခုရှိသင့်သည်။ မိမိအိမ်ထောင်စုနှင့် အဓိပ္ပာယ်ပါသည့် ကျမ်းစာသင်အံမှုကို မှန်မှန်ပြုလုပ်ရန် အိမ်ထောင်ဦးစီးတိုင်း၏တာဝန်ဖြစ်သည်။ မယုံကြည်သောဖခင်ရှိ အိမ်ထောင်များတွင် ခရစ်ယာန်မိခင်သည် သားသမီးများနှင့် ကျမ်းစာလေ့လာရန် သင့်တော်သောအစီအစဉ်များပြုလုပ်ပါမည်။
သင်အံမှုများအတွက် ဆုတောင်း
၃ ဤနောက်ဆုံးကာလကုန်ခါနီးချိန်တွင် ကျွန်ုပ်တို့ရောက်ရှိနေပြီဖြစ်ရာ ထိရောက်သောကျမ်းစာသင်အံမှုများကိုကျင်းပရန် အားလုံးကြိုးစားသင့်သည်။ ဤကိစ္စနှင့်ပတ်သက်၍ ယေဟောဝါထံမှန်မှန်ဆုတောင်းခြင်းဖြင့် ကျမ်းစာသင်အံမှုတကယ်ကျင်းပချင်ကြောင်း သက်သေထူသည်။ သေရေးရှင်ရေးကိစ္စဖြစ်ကြောင်း ကျွန်ုပ်တို့သဘောပေါက်ကြောင်း ထင်ရှားစေသည်။ (ယေဇ၊ ၃၃:၇-၉၊ ၁၄-၁၆) ဝတ္တရားကျေပွန်စွာ ကြိုးစားလေသမျှကို ယေဟောဝါကောင်းချီးပေးတော်မူမည်အကြောင်း စိတ်ချနိုင်သည်။—၁ ယော၊ ၅:၁၄၊ ၁၅။
၄ တပည့်ဖြစ်စေခြင်း၌ ထိရောက်စေရန် ကောင်းစွာပြင်ဆင်ရမည်။ ကျမ်းစာသင်အံမှုများကို ကျွမ်းကျင်စွာကျင်းပသူများ၏ နည်းများကိုလေ့လာခြင်းသည်လည်း အကူအညီဖြစ်ပေမည်။ လာမည့်လများတွင် တပည့်ဖြစ်စေခြင်းလုပ်ငန်း၌ အောင်မြင်မှုတွေ့ရှိခဲ့သူများနှင့် နယ်လှည့်ကြီးကြပ်မှူးများထံမှ အကြံပေးချက်များကို တင်ပြပါမည်။ လူတိုင်း ကျမ်းစာသင်အံမှုများကို မည်သို့စ၍ မည်သို့ကျင်းပနိုင်မည်နှင့်စပ်လျဉ်းသည့် လက်တွေ့ကျအကြံပေးချက်အချို့ကို ဆက်တိုက်ထုတ်ပေးမည့် ဆောင်းပါးများက ပေါ်လွင်စေမည်။
နောင်လာမည့် ဆောင်းပါးများ
၅ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု နောက်ဆက်တွဲလထုတ်များတွင်သုံးသပ်မည့် အကြံပြုချက်အချို့ကားအဘယ်နည်း။ ကြေညာသူနှင့်ရှေ့ဆောင်အသီးသီး ကျမ်းစာသင်အံမှုများမည်သို့စတင်ခဲ့ပြီး သင်သားများနှလုံးကိုထိမိရန် အဘယ်သွန်သင်နည်းများကို သူတို့အသုံးပြုခဲ့ကြောင်း ဆွေးနွေးပါမည်။ ယေဟောဝါ၏အဖွဲ့အစည်းကို တန်ဖိုးထားလေးစားခြင်းနှင့် လယ်ကွင်းလုပ်ငန်းတွင် ပါဝင်ချင်စိတ်မွေးပေးရန် တည်ဆောက်ပေးမည့် အကြံပြုချက်များကိုလည်း တင်ပြမည်။ သင့်သားသမီးများသည် ယေဟောဝါနှင့်ရင်းနှီးသောဆက်ဆံမှုရှိစေရန် သင့်မိသားစုကျမ်းစာသင်အံမှုကိုပင် မည်သို့သာ၍အဓိပ္ပာယ်လေးနက်စေနိုင်မည့် အကြံပြုချက်များကိုလည်း တင်ပြမည်။
၆ လွန်ခဲ့သော လုပ်ငန်းတော်နှစ် လေးနှစ်အတွင်း ကမ္ဘာတစ်ဝှန်း နှစ်ခြင်းယူသူ ၉၅၉၈၃၄ ယောက်ရှိခဲ့သည်။ ၄င်းအနက် ၃၅၂ သည် မြန်မာနိုင်ငံအသင်းတော်များတွင်ဖြစ်သည်။ ဤသူအများစုသည် နှစ်ခြင်းခံအဆင့်အထိ တိုးတက်လာခြင်းကား သူတို့နှင့် တစ်ဦးတစ်ယောက် ကျမ်းစာသင်အံမှုပြုလုပ်ခဲ့၍ဖြစ်သည်။ သတိရအောက်မေ့ပွဲနှင့် ကျွန်ုပ်တို့၏ခရိုင်စည်းဝေးပွဲကြီးများသို့ တက်ရောက်လာသူများဦးရေကိုကြည့်လျှင် နှစ်ခြင်းယူသည့်အဆင့်သို့ တိုးတက်လာစေရန် ကူညီပေးနိုင်သူများစွာရှိသေးကြောင်း ထင်ရှားသည်။ ဤကဲ့သို့သောသူများနှင့် ကျမ်းစာသင်အံမှုများစပြီး ကျင်းပခြင်းအားဖြင့် တပည့်များဖြစ်လာစေရန် လူများစွာကိုကူညီပေးနိုင်ပါမည်။ နောက်ဆုံးသူတို့လည်း ထာဝရအသက်၌ပျော်မွေ့နိုင်မည်တည်း။—၁ တိ၊ ၆:၁၂၊ ၁၉။