ကျောင်းတွင်ရင်ဆိုင်ရသည့် စမ်းသပ်ချက်များအတွက်သင့်သားသမီးများ အသင့်ရှိနေပြီလော
၁ ကျွန်ုပ်တို့ခရစ်ယာန်လူငယ်များ ကျောင်းပြန်တက်နေကြပြီ။ စိတ်လှုပ်ရှားပြီး စိုးရိမ်စိတ်လည်း အနည်းအကျဉ်းရှိနေကြမည်။ ကြုံတွေ့မည်ဟု အထင်ရှိသော အခွင့်အလမ်းများနှင့် စိန်ခေါ်ချက်များကြောင့် ဤသို့ခံစားရခြင်းဖြစ်မည်။ လူငယ်အချို့သည် ကျောင်းသားသစ်များနှင့် ဆရာအသစ်များတွေ့ရကြမည်။ ကျောင်းပြန်တက်တိုင်း သူတို့ယုံကြည်ခြင်း၊ သမာဓိနှင့် ယေဟောဝါကိုချစ်မြတ်နိုးခြင်း အစမ်းခံရကြမည်ကို ခရစ်ယာန်လူငယ်များ ကြိုသိထားကြသည်။ အသင်းတော်ရှိ အသင်လူငယ်များ ကျောင်းပြန်တက်ရန် အသင့်ရှိနေသလော။ လာမည့်စမ်းသပ်ချက်များအတွက် သင့်သားသမီးများကို အသင်မိဘများ မည်သို့အသင့်ရှိစေမည်နည်း။
ကျောင်း ရုပ်ပြစာစောင်ကို အသုံးပြုပါ
၂ ၁၉၈၃ ခုနှစ်တွင် School ရုပ်ပြစာစောင်ကို ခရစ်ယာန်မိဘများနှင့် ကျောင်းနေအရွယ်သားသမီးများအတွက် အထူးပုံနှိပ်ထုတ်ဝေပေးခဲ့သည်။ အင်္ဂလိပ်စာဖတ်တတ်သူများ ဤစာစောင်ကို အကျိုးရှိရှိအသုံးပြုကြပါ။ ကျောင်းလှုပ်ရှားမှုများနှင့်ပတ်သက်၍ ယေဟောဝါ သက်သေများ၏ ယုံကြည်ချက်နှင့် အပြုအမူများကို ဆရာ၊ ဆရာမများနှင့် ကျောင်းအရာရှိများအား ရှင်းလင်းပြတ်သားစွာတင်ပြပြောဆိုနိုင်ရန် အထူးရည်ရွယ်ပြီး ပုံနှိပ်ထားခြင်းဖြစ်သည်။ စာရိတ္တနှင့်ပတ်သက်၍လည်း ယေဟောဝါသက်သေများ၏ စည်းလုံးသောအနေအထားအတွက် လမ်းပြမှုများကိုပါ တင်ပြထားသည်။
၃ Schoolရုပ်ပြစာစောင်မရှိ သို့မဟုတ် အင်္ဂလိပ်စာမဖတ်တတ်လျှင် မည်သို့ပြုလုပ်မည်နည်း။ လူငယ့်ဘဝ၊ ကြီးမြတ်သောဆရာနှင့် ကင်းမျှော်စင်၊ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု တွင်ဆောင်းပါးများစွာရှိပါသည်။ ၄င်းတို့အားလုံးကို အသုံးပြုပါ။
၄ ကျောင်းမဖွင့်မီကတည်းက မိဘများသည် ရုပ်ပြစာစောင်ပါအကြောင်းများကို သားသမီးများ၏စိတ်နှလုံးများတွင် ပူပူနွေးနွေးရှိနေရန် အချိန်ယူလေ့လာထားပြီးသားဖြစ်သင့်သည်။ ဤသို့မပြုလုပ်ရသေးလျှင် နောက်မကျလွန်းမီ လေ့လာသုံးသပ်ပေးပါ။ ကလေးများ၏အသက်အရွယ်၊ အတန်းနှင့်ကျောင်းကိုပါထည့်တွက်ပြီး ဤရုပ်ပြစာစောင် သို့မဟုတ် သင့်လက်ထဲရှိ မည်သည့်စာစောင်မဆို အထူးသက်ဆိုင်သည့်အချက်များကို အလေးအနက်ဖေါ်ပြပြောဆိုပါ။ ကျောင်းတက်ချိန် တစ်နှစ်လုံးအတွက် အထောက်အကူဖြစ်မည့် အချက်များကို အထူးသတိပြုပါ။ (သု၊ ၁၄:၁၅။ ၂၂:၃) သင့်ကလေးရင်ဆိုင်ရမည့်အခြေအနေများကို သူနှင့်အတူဇာတ်တိုက်ပြီး ‘သူသွားဖို့ရာလမ်းကို ဖြောင့်စေရန်’ ပြင်ဆင်ပေးရာတွင် ပုံနှိပ်ထုတ်ဝေပေးထားသည့် ဆောင်းပါးသည် မည်သို့အထောက်အကူပေးနိုင်ကြောင်း သရုပ်ပေါ်လွင်စေပါ။—ဟေ၊ ၁၂:၁၃။
၅ သားသမီးတို့၏ရှုမြင်ချက်နှင့် မျှော်လင့်ချက်တို့ကို မေးမြန်းလာသူတို့အား သူတို့ ‘ကာကွယ်ပြောဆို’ နိုင်ရန် မိဘတို့ များစွာကူညီပေးနိုင်သည်။ (၁ ပေ၊ ၃:၁၅) အချို့အချိန်အခါများတွင် မိဘများသည် ဆရာနှင့်နှစ်ဦးတည်း စကားပြောဆိုလိုပေမည်။ မိဘဆရာဆက်ဆံမှုကောင်းရှိစေရန် အချို့ခရစ်ယာန်မိဘများသည် ကျောင်းသို့မကြာခဏလည်ပတ်သွားသည်။ ဤသို့စိတ်ဝင်စားမှုပြခြင်းဖြင့်လည်း မိဘနှင့်သားသမီး၏ဆက်ဆံမှုကောင်းကို တိုးတက်စေသည်။ အခွင့်ရှိလျှင် အချို့မိဘများသည် အချိန်ကုန်ခံစာသင်ခန်း၌ထိုင်ပြီး အတန်းဆွေးနွေးခန်းများကို နားထောင်ပါဟူသောအကြံပေးချက်အတိုင်း ပြုမူခဲ့ဖူးသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ကျွန်ုပ်တို့သားသမီးများ နေ့စဉ်နေ့တိုင်း ရင်ဆိုင်နေရသောဝန်းကျင်နှင့် ထူးခြားသောဖိစီးမှုများကို သဘောပေါက်စေသည်။—၁ ပေ၊ ၃:၈။
နေ့တိုင်းသက်သေခံတစ်ဦးဖြစ်
၆ ကျမ်းစာကိုနေ့တိုင်းအစဉ် စေ့စေ့ကြည့်ရှုခြင်းစာအုပ်ကိုဖတ်ရှုရာတွင် သူမဖတ်တတ်သောစကားလုံးများကို အသံထွက်ပေးရန် အတန်းဆရာမအား ကော်လိုရာဒိုပြည်နယ်ရှိ သက်သေခံလူငယ်တစ်ဦး နေ့တိုင်းအကူအညီတောင်းဆိုသည်။ တစ်နေ့သော် မိမိစာအုပ်ကလေးကိုမတွေ့မိပါ။ ပြီးခဲ့သောနေ့တွင် ဆရာမနေမကောင်း၍ ခွင့်ယူပြီးစောစောအိမ်ပြန်သွားချိန်တွင် သူငယ်၏စာအုပ်ကို “ငှား” သွားကြောင်း နောင်တွင်သိလာသည်။ နေ့စဉ်ကျမ်းချက်ဖတ်ခြင်းကို သူမမလွတ်လိုခဲ့ပေ။ ယင်းကြောင့် သူ့အတွက် ကိုယ်ပိုင်ကျမ်းစာကိုနေ့တိုင်းအစဉ် စေ့စေ့ကြည့်ရှုခြင်းစာအုပ်ပေးထားရန်အကြောင်းပေါ်လာသည်။
၇ နောက်တစ်နှစ်ကျောင်းပြန်ဖွင့်ချိန်သည် စိုးရိမ်စိတ်အမျိုးမျိုးပေါ်စေသည်ကားမှန်၏။ သို့သော် အပြုသဘောရှိပြီး ဝီရိယစိုက်ထုတ် အသင့်ပြင်ဆင်ထားမည်ဆိုလျှင် မိဘနှင့်သားသမီးများသည် ကျောင်းနှစ်တစ်နှစ်လုံး ယေဟောဝါဘုန်းတော်ထင်ရှားစေရန် ‘ဆောင်ရွက်မှုများအတွက် သူတို့စိတ်နှလုံးကို ခါးပန်းစည်းထား’ ပြီးသားဖြစ်မည်။—၁ ပေ၊ ၁:၁၃။