ကျွန်ုပ်တို့ ထပ်မံလုပ်ဆောင်ကြမည်လော
အရန်ရှေ့ဆောင်များအတွက် နောက်ထပ်တောင်းဆိုချက်
၁ မည်သည့်အရာကို ကျွန်ုပ်တို့ ထပ်မံလုပ်ဆောင်ကြမည်နည်း။ သတိရအောက်မေ့ပွဲချိန်ခါအတွင်း ကျွန်ုပ်တို့အရန်ရှေ့ဆောင်ကြမည်လော။ ဖေဖော်ဝါရီ ၁၉၉၇ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကြားညှပ်က စာလုံးမည်းဖြင့် “အရန်ရှေ့ဆောင် ၁၀၀ အလိုရှိသည်” ခေါင်းစဉ်ဖြင့် ကျွန်ုပ်တို့၏အာရုံကိုဖမ်းစားခဲ့သည်။ ထိုတောင်းဆိုချက်ကို သင် လေးလေးနက်နက်သုံးသပ်ခဲ့မည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။ မတ် ၁၉၉၇ လုပ်ငန်းတော်မှတ်တမ်းကိုပြုစုသည့်အခါ အရန်ရှေ့ဆောင်ခြင်းလုပ်ငန်းတွင် ၁၃၉ ယောက်စာရင်းသွင်းခဲ့ကြောင်းသိရ၍ ကျွန်ုပ်တို့နှစ်ထောင်းအားရရှိပါသည်! ထိုအရေအတွက်၌ ၎င်းလတွင် မှတ်တမ်းသွင်းခဲ့သော မှန်မှန်ရှေ့ဆောင် ၇၈ ယောက်နှင့် အထူးရှေ့ဆောင် ၁၄၄ ယောက်ကိုပေါင်းလိုက်လျှင် ကြေညာသူအားလုံး၏ ၁၅ ရာခိုင်နှုန်းသည် ရှေ့ဆောင်လုပ်ငန်းတွင်ပါဝင်ကြောင်းတွေ့ရသည်။ ဤသတိရအောက်မေ့ပွဲချိန်ခါတွင်လည်း ယင်းကို ထပ်မံလုပ်ဆောင်ကြမည်လော။
၂ လွန်ခဲ့သည့်နွေဦးရာသီတွင် လယ်ကွင်းလုပ်ငန်းကိုတိုးချဲ့ရန် အထူးကြိုးစားလုပ်ဆောင်ခဲ့သူအားလုံးကို ကျွန်ုပ်တို့လှိုက်လှဲစွာချီးမွမ်းပါသည်။ သင်တို့အားလုံးသည် ယေဟောဝါဘုရားသခင်နှင့် သင်တို့၏အိမ်နီးချင်းအပေါ် အတ္တမဆန်သည့်မေတ္တာ၏လှုံ့ဆော်မှုကို ခံခဲ့ကြရသည်မှာရှင်းပါသည်။ (လု. ၁၀:၂၇; ၂ ပေ. ၁:၅-၈) ယူ.အက်စ်.အေတွင် ဘဝအခြေအနေအမျိုးမျိုးရှိကြသောကြေညာသူများသည် အရန်ရှေ့ဆောင်ရန် စီစဉ်ခဲ့ကြသည်။ အသင်းတော်တစ်ခုတွင် အကြီးအကဲအများစု၊ ၁၅ လအရွယ်သမီးရှိသည့်မိခင်တစ်ဦး၊ အရန်ရှေ့ဆောင်ရန် သူမ၏အလုပ်ကိုစွန့်ပြီး အချိန်ပိုင်းအလုပ်ရရှိခဲ့သောညီအစ်မတစ်ဦးနှင့် တစ်ခါမျှရှေ့ဆောင်မလုပ်ခဲ့ဖူးသည့် သက်ကြီးညီအစ်မတစ်ဦးအပါအဝင် ကြေညာသူ ၅၁ ယောက်သည် ထိုလတွင် တစ်ပြိုင်တည်းရှေ့ဆောင်လုပ်ခဲ့ကြသည်။ တိုက်နယ်ကြီးကြပ်မှူးက ဤသို့ရေးသည်– “ဟောပြောခြင်းလုပ်ငန်းတွင် အပြင်းအထန် အားသွန်ခွန်စိုက်လုပ်ဆောင်လျက်ရှိပါသည်။ . . . ယင်းသည် ရပ်ကွက်အပေါ် ထိထိမိမိအကျိုးသက်ရောက်ရုံသာမက အသင်းတော်ကိုလည်း အလွန်အားတက်သရောဖြစ်စေသည်။ ညီအစ်ကိုများသည် တစ်ဦးကိုတစ်ဦး ပိုမိုသိကျွမ်းရသည့်အပြင် ဓမ္မအမှုတွင် ရလဒ်ကောင်းများကိုတွေ့ မြင်ရ၍ ပျော်ရွှင်ကြသည်။”
၃ ထိုနိုင်ငံတွင် လူငယ်များသည်လည်း လွန်ခဲ့သည့်နွေဦးရာသီတွင် ပါဝင်ခဲ့ကြသည်။ ၁၃ နှစ်အရွယ်နှစ်ခြင်းမခံရသေးသောကြေညာသူတစ်ဦးသည် ယေဟောဝါထံ သူမ၏ ဆက်ကပ်အပ်နှံခြင်းအထိမ်းအမှတ်ကိုတင်ပြနိုင်မည့်အချိန်အား မျှော်လင့်နေသည်။ ဖေဖော်ဝါရီတွင်နှစ်ခြင်းခံပြီးနောက် မတ်လတွင် အရန်ရှေ့ဆောင်လိုသည့်သူမ၏ဆန္ဒနှင့်ပတ်သက်ပြီး ဤသို့စာရေးသည်– “အခု၊ ကျွန်မကို ဘာကမှမဆီးတားနိုင်တာကြောင့် ချက်ချင်းပဲ လျှောက်လွှာတင်ခဲ့ပါတယ်။ . . . ရှေ့ဆောင်လုပ်ဖို့ သင်တို့ရဲ့မေတ္တာပါတဲ့ဖိတ်ခေါ်ချက်သာမရှိရင် ကျွန်မတို့တွေ့ ကြုံခဲ့ရတဲ့ အံ့သြဖွယ်တွေ့ ကြုံမှုများစွာသည် ဘယ်တော့မျှတကယ်ဖြစ်လာမည်မဟုတ်ပါ။ တုံ့ ပြန်ခဲ့သူ ၁၀၀,၀၀၀ ထဲမှာတစ်ဦးဖြစ်ရတဲ့ ဒီအခွင့်ထူးကိုရရှိခဲ့တဲ့အတွက် ယေဟောဝါကိုကျွန်မကျေးဇူးတင်ပါတယ်။” သူမသည် ယင်းသို့ထပ်မံလုပ်ဆောင်ရန် ပန်းတိုင်ထားသည်။
၄ မြန်မာပြည်တွင်လည်း သင်သည် လွန်ခဲ့သောမတ်လ အရန်ရှေ့ဆောင်လုပ်ငန်းတွင်ပါဝင်ခဲ့သူ ၁၃၉ ယောက် သို့မဟုတ် ဧပြီလတွင် ၁၀၀ ယောက် သို့မဟုတ် မေလတွင် ၇၇ ယောက်တို့အထဲမှတစ်ဦးဖြစ်ကောင်းဖြစ်ပေမည်။ ဤနှစ်တွင် ယင်းကို ထပ်မံလုပ်ဆောင်ကြမည်လော။ လွန်ခဲ့သောနွေဦးရာသီတွင် ရှေ့ဆောင်မလုပ်နိုင်ခဲ့ပါက ဤနှစ်တွင် သင်လုပ်နိုင်မည်လော။ လွန်ခဲ့သောနွေရာသီတွင် အရန်ရှေ့ဆောင်ခဲ့သူအရေအတွက်ထက် ကျွန်ုပ်တို့ကျော်လွန်နိုင်မည်လော။ ယင်းကား မြန်မာပြည်တွင် မည်သည့်လ၌မဆို အရန်ရှေ့ဆောင်အများဆုံးအရေအတွက်ဖြစ်ခဲ့သည်။
၅ ဧပြီနှင့်မေတွင် အာရုံစူးစိုက်ပါ– ဤနှစ်သတိရအောက်မေ့ပွဲသည် ဧပြီ ၁၁ ရက်၊ စနေနေ့တွင်ကျရောက်ပြီး ဧပြီလအား ဓမ္မအမှုတွင် တိုးချဲ့လုပ်ဆောင်ရန်အတွက် အထူးကောင်းမွန်သောလတစ်လဖြစ်စေသည်။ (၂ ကော. ၅:၁၄၊ ၁၅) လ၏ပထမ ၁၁ ရက်အတွင်း စိတ်ဝင်စားသူများနိုင်သရွေ့များများအား သတိရအောက်မေ့ပွဲကိုတက်ရောက်ရန် ဖိတ်ခေါ်ဖို့ ကျွန်ုပ်တို့အာရုံစိုက်ကြပါမည်။ သင်သည် အရန်ရှေ့ဆောင်ရန်စီစဉ်ပါက ကျေးဇူးပြု၍ သင်စလုပ်လိုသည့်အချိန်ကို ကြိုတင်၍လျှောက်လွှာတင်ပါ။—၁ ကော. ၁၄:၄၀။
၆ မေလတွင် စနေတနင်္ဂနွေငါးကြိမ်ရှိသောကြောင့် ကျောင်းနေသော သို့မဟုတ် လောကီလုပ်ငန်းကို အချိန်ပြည့်လုပ်ဆောင်ရသောကြေညာသူများသည် ထိုလတွင် အရန်ရှေ့ဆောင်ရန် ပိုလွယ်ကူပေမည်။ စနေတနင်္ဂနွေငါးကြိမ်တွင် တစ်ကြိမ်စီ၏လယ်ကွင်းလုပ်ငန်း၌ ဆယ်နာရီဇယားဆွဲထားခြင်းဖြင့် တောင်းဆိုထားသည့်နာရီ ၆၀ ကိုရရှိရန် လအတွင်း နောက်ထပ်ဆယ်နာရီကိုသာဇယားဆွဲရန်လိုပေမည်။
၇ ဧပြီနှင့်မေနှစ်လစလုံးအတွင်း စာအုပ်စာတမ်းဝေငှသကဲ့သို့ ကင်းမျှော်စင်နှင့် နိုးလော့!တစ်စောင်ချင်းစီကိုဝေငှကြမည်။ ယင်းသို့ဝေငှခြင်းက ကျွန်ုပ်တို့အများစုကိုပင် အားစိုက်ထုတ်၍ရှေ့ဆောင်ကြရန် အားပေးမှုဖြစ်စေသင့်သည်။ အဘယ်ကြောင့် ကျွန်ုပ်တို့ထိုသို့ပြောရသနည်း။ မဂ္ဂဇင်းများသည် တင်ဆက်ရာတွင်လွယ်ကူစေပြီး ဓမ္မအမှုတွင် လုပ်ဆောင်ရာ၌ ပျော်ရွှင်စေသည်။ ယင်းတို့ကို လုပ်ငန်းတော်၏ကဏ္ဍအသီးသီး—တစ်အိမ်မှတစ်အိမ်နှင့် တစ်ဆိုင်မှတစ်ဆိုင်လုပ်ငန်းအပြင် လမ်းပေါ်၊ ကားရပ်ရန်နေရာများ၊ ပန်းခြံနှင့် အခြားအမှတ်မထင်သည့်အခြေအနေများတွင် လူတို့ကိုချဉ်းကပ်သောအခါ—အသုံးပြုရန်အတွက် အလိုက်သင့်ပြောင်းလဲပေးနိုင်သည်။ အရေးအကြီးအဆုံးမှာ ကင်းမျှော်စင်နှင့် နိုးလော့!သည် နိုင်ငံတော်သမ္မာတရားများကို ထောက်ခံခြင်းဖြစ်သည်။ ၎င်းတို့က ဘုရားသခင့်နိုင်ငံတော်သည် အုပ်စိုးနေပြီဖြစ်ကြောင်းသက်သေထူသည့် ကျမ်းစာပရောဖက်ပြုချက်ပြည့်စုံခြင်းကို အာရုံစိုက်စေသည်။ ၎င်းတို့သည် လူသားတို့၏အမှန်တကယ်လိုအပ်ရာများကို ကိုင်တွယ်ဖြေရှင်းပေးခြင်းဖြင့်လည်း စာရှုသူများ၏အသက်တာကိုအကျိုးပြုသည်။ ဤအဖိုးထိုက်သည့်ဂျာနယ်များက ကျွန်ုပ်တို့၏အသက်တာအပေါ် မည်သို့အကျိုးပြုနေသည်ကို သုံးသပ်မည်ဆိုလျှင် ဧပြီနှင့်မေတွင် ယင်းတို့ကို အကျယ်ပြန့်ဆုံးဖြန့်ဝေရာ၌ပါဝင်ရန် လှုံ့ဆော်ခံရမည်ဖြစ်သည်။
၈ ဤအရှိန်ကောင်းသည့်မဂ္ဂဇင်းလုပ်ငန်းအတွက် ကြိုတင်ပြင်ဆင်ရာတွင် ဤဆောင်းပါးများကိုပြန်သုံးသပ်ခြင်းမှ သင် အကျိုးခံစားရပေမည်– “ကင်းမျှော်စင်နှင့် နိုးလော့!—အခန့်သင့်သမ္မာတရားဂျာနယ်များ” (ဇန်နဝါရီ ၁၊ ၁၉၉၄၊ ကင်းမျှော်စင်)၊ “ကျွန်ုပ်တို့၏မဂ္ဂဇင်းများကို အကောင်းဆုံးနည်းဖြင့် အသုံးပြုပါ” (စက်တင်ဘာ ၁၉၉၅ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု) နှင့် “မဂ္ဂဇင်းတင်ဆက်ပုံကို ကိုယ်ပိုင်ပြင်ဆင်ပါ” (အောက်တိုဘာ ၁၉၉၆ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု)။
၉ အကြီးအကဲများ ဦးဆောင်ပါ– လွန်ခဲ့သည့်နွေဦးရာသီတွင် ရှေ့ဆောင်ကြသောကြေညာသူများစွာအတွက်အဆင်ပြေစေရန် ယူ.အက်စ်.အေရှိ အသင်းတော်တစ်ခုမှအကြီးအကဲများသည် တစ်လလုံးတွင် စနေနေ့တစ်ရက်ကို အသင်းတော်တစ်ခုလုံးအတွက် လုပ်ငန်းတော်၏အထူးနေ့အဖြစ် တိုးချဲ့စီစဉ်ခဲ့ကြသည်။ အသင်းတော်ရှိသူအားလုံးသည် သက်သေခံခြင်းပုံစံအမျိုးမျိုးတွင် ပါဝင်ရန်အခွင့်အရေးရစေဖို့ နေ့ဘက်၌ သီးခြားအချိန်အတော်များများတွင် တွေ့ဆုံရန်အစီအစဉ်များပြုလုပ်ကြသည်။ ၎င်းတို့၌ စီးပွားရေးရပ်ကွက်များတွင်အမှုဆောင်ခြင်း၊ လမ်းပေါ်သက်သေခံခြင်း၊ တစ်အိမ်မှတစ်အိမ်သွားရောက်ခြင်း၊ ပြန်လည်ပတ်မှုများပြုလုပ်ခြင်း၊ စာရေးခြင်းနှင့် တယ်လီဖုန်းဖြင့်သက်သေခံခြင်းတို့ပါဝင်သည်။ တုံ့ ပြန်မှုကား အထူးကောင်းမွန်ပြီး တစ်နေ့လုံး လယ်ကွင်းလုပ်ငန်းတွင် ကြေညာသူ ၁၁၇ ယောက်ပါဝင်ကြသည်။ သူတို့သည် ဓမ္မအမှုတွင် စုစုပေါင်း ၅၂၁ နာရီကိုသုံးကာ မဂ္ဂဇင်း၊ ဘရိုရှာနှင့် စာအုပ်ကြီး ၆၁၇ အုပ်ကိုဝေငှခဲ့ရသည်! ထိုစနေနေ့မှစိတ်ဓာတ်တက်ကြွမှုသည် တနင်္ဂနွေနေ့အထိ ဆက်လက်တည်ရှိသွားရာ လူထုစည်းဝေးနှင့် ကင်းမျှော်စင်သင်တန်းတွင် တက်ရောက်သူဦးရေမှာ စံချိန်တင်လုနီးပါးဖြစ်သည်။ ကျွန်ုပ်တို့လည်း စမ်းကြည့်ကြမည်လော။
၁၀ ဧပြီနှင့်မေတွင် လုပ်ငန်းတော်စည်းဝေးတစ်ခုစီ၌ အသင်းတော်အား လာမည့်အပတ်အတွင်း မည်သည့်အချိန်မည်သည့်နေရာတွင် လယ်ကွင်းလုပ်ငန်းတော်စည်းဝေးများကို ကျင်းပမည်ဖြစ်ကြောင်း သတိပေးနှိုးဆော်သင့်သည်။ အထူးသဖြင့် ပုံမှန်အစီအစဉ်များအပြင် ထပ်ဆင့်အစီအစဉ်များပြုလုပ်သည့်အခါတွင်ဖြစ်သည်။ မှန်မှန်ရှေ့ဆောင်များအပြင် အရန်ရှေ့ဆောင်မလုပ်သည့်ကြေညာသူများသည် သူတို့၏အခြေအနေခွင့်ပြုသရွေ့ ဤအုပ်စုလိုက်အစီအစဉ်များကို ကူညီပံ့ပိုးပေးကြရန်အားပေးခံရကြသည်။
၁၁ လုပ်ငန်းတော်ကြီးကြပ်မှူးသည် ထပ်ခါတလဲအမှုမဆောင်ရသည့် ရပ်ကွက်များကိုလုပ်ဆောင်ရန်အတွက် အစီအစဉ်များပြုလုပ်ဖို့ ရပ်ကွက်ကိုင်သူညီအစ်ကိုနှင့်တွေ့ဆုံဖို့လိုပေမည်။ လူမတွေ့သည့်အိမ်များနှင့် လမ်းပေါ်နှင့်တစ်ဆိုင်မှတစ်ဆိုင်သက်သေခံခြင်းကို ပို၍အာရုံစိုက်နိုင်ပေသည်။ ရှေ့ဆောင်များနှင့် ကြေညာသူများအား ကားမှတ်တိုင်၊ ရထားဘူတာရုံနှင့် သင်္ဘောဆိပ်များသို့ စေလွှတ်ပါ။ ညနေပိုင်းသက်သေခံခြင်းကို အလေးထားတင်ပြနိုင်သည်။ တိုးချဲ့အမှုဆောင်ခြင်းကို ရည်မျှော်ပြီး ဧပြီနှင့်မေနှစ်လစလုံးအတွက် မဂ္ဂဇင်းအလုံအလောက်မှာယူထားသင့်သည်။
၁၂ ကြေညာသူများစွာတို့သည် အရည်အချင်းပြည့်မီနိုင်– အရန်ရှေ့ဆောင်လျှောက်လွှာပထမဝါကျက ဤသို့ဖော်ပြသည်– “ယေဟောဝါကိုချစ်သောမေတ္တာ၊ ကိုယ်တော်နှင့်ကိုယ်တော့်မေတ္တာပြည့်ဝသော ရည်ရွယ်တော်မူချက်များအကြောင်း အခြားသူများအားသိရှိစေရန် ကူညီလိုသောကျွန်ုပ်၏ဆန္ဒကြောင့် အရန်ရှေ့ဆောင်တစ်ဦးအဖြစ် ပါဝင်ခြင်းအားဖြင့် လယ်ကွင်းလုပ်ငန်းကို တိုးချဲ့ဆောင်ရွက်လိုပါသည်။” ယေဟောဝါကိုချစ်ခြင်းနှင့် အခြားသူများအား ဝိညာဉ်ရေးအရကူညီပေးလိုခြင်းသည် ကျွန်ုပ်တို့၏ဆက်ကပ်အပ်နှံခြင်း၏ အခြေခံဖြစ်သည်။ (၁ တိ. ၄:၈၊ ၁၀) လူတစ်ဦးသည် အရန်ရှေ့ဆောင်ရန် အရည်အချင်းပြည့်မီဖို့ နှစ်ခြင်းခံရမည်၊ စာရိတ္တကောင်းရမည်၊ ဓမ္မအမှုအတွက် တစ်လနာရီ ၆၀ ပေးဆက်နိုင်သည့်အနေအထားရှိရမည်။ ကျွန်ုပ်တို့အားလုံး မိမိတို့၏အခြေအနေများကိုသုံးသပ်စဉ် ယခင်ကတစ်ခါမျှရှေ့ဆောင်မလုပ်ခဲ့ဖူးသည့် ကျွန်ုပ်တို့ထဲမှအချို့တို့သည် ဤနှစ်ဧပြီ သို့မဟုတ် မေတွင် ယင်းကိုလုပ်ဆောင်နိုင်ကြမည်လော။
၁၃ အသင်းတော်များရှိများစွာသောသူတို့သည် မိမိတို့နှင့်အခြေအနေတူသော အခြားသူများစာရင်းသွင်းသည်ကို တွေ့ရသောအခါ မိမိတို့လည်း ရှေ့ဆောင်နိုင်ကြောင်း သိရှိလာကြပေမည်။ အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများအပါအဝင် ကျောင်းသူကျောင်းသားများ၊ သက်ကြီးရွယ်အိုများ၊ အချိန်ပြည့် လောကီလုပ်ငန်းကိုလုပ်ကိုင်ရသူများနှင့် အခြားသူများသည် အောင်မြင်စွာအရန်ရှေ့ဆောင်ခဲ့ကြပါပြီ။ အချိန်ပြည့်လုပ်ငန်းတစ်ခုရှိပြီး ကလေးနှစ်ယောက်မိခင်ဖြစ်သူအိမ်ရှင်မတစ်ဦးသည် အရန်ရှေ့ဆောင်သည့်လတွင် နာရီ ၆၀ ရရှိခဲ့ပြီး မဂ္ဂဇင်း ၁၀၈ စောင်ဝေငှရကာ ကျမ်းစာသင်အံမှု ၃ ခုစခဲ့ရသည်။ ယင်းကို သူမ မည်သို့လုပ်ဆောင်ခဲ့သနည်း။ အလုပ်ခွင်တွင် သူမ၏နေ့လယ်စာစားချိန်ကို အနီးအနားရပ်ကွက်တွင်သက်သေခံရန် အသုံးပြုခဲ့သည်။ စာရေးသက်သေခံကာ ကားရပ်ရန်နေရာနှင့် လမ်းပေါ်သက်သေခံခြင်းတွင် သူမပါဝင်ခဲ့သည်။ သူမ၏ပတ်စဉ်အလုပ်နားရက်ကိုလည်း လယ်ကွင်းလုပ်ငန်းတွင် အသင်းတော်နှင့်အတူပါဝင်ခြင်းဖြင့် ကောင်းစွာအသုံးချခဲ့သည်။ အရန်ရှေ့ဆောင်ခြင်းသည် လှမ်းမမီနိုင်ရာပန်းတိုင်တစ်ခုဖြစ်သည်ဟု အစပိုင်းတွင် သူမထင်ခဲ့သော်လည်း အခြားသူများ၏အားပေးမှုနှင့် လက်တွေ့ကျအချိန်ဇယားတစ်ခုကြောင့် အတားအဆီးများကို ကျော်လွှားနိုင်ခဲ့သည်။
၁၄ ‘ငါ့ထမ်းပိုးသည် ထမ်းလွယ်၍ ငါ့ဝန်လည်းပေါ့၏’ ဟူ၍မိမိ၏တပည့်တော်များအား ယေရှုအာမခံခဲ့သည်။ (မ. ၁၁:၃၀) ယင်းကား ဩဂုတ် ၁၅၊ ၁၉၉၅၊ ကင်းမျှော်စင်ပါ အားတက်ဖွယ်ဆောင်းပါးတစ်ခု၏ခေါင်းစဉ်ဖြစ်သည်။ ယင်းက ဖိစီးမှုအလွန်များသည့် အချိန်ပြည့်လောကီလုပ်ငန်းကို လုပ်ကိုင်ခဲ့သောညီအစ်မတစ်ဦးအကြောင်းကို ပြောပြသည်။ အရန်ရှေ့ဆောင်ခြင်းသည် သူမအတွက်မဖြစ်နိုင်ရာဟူ၍ သူမထင်ခဲ့သလော။ မထင်ခဲ့ပါ။ အမှန်ဆိုရလျှင် သူမသည် လတိုင်းအရန်ရှေ့ဆောင်ရန် စီမံခဲ့ပါသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ရှေ့ဆောင်ခြင်းသည် သူမ၏ဟန်ချက်ကိုထိန်းထားရန် သူမအား အထောက်အကူအမှန်ပေးသည်ဟု သူမယူမှတ်ခဲ့သောကြောင့်ဖြစ်သည်။ ကျမ်းစာသမ္မာတရားကိုသင်ယူပြီး ဘုရားသခင့်အလိုတော်နှင့်တွေ့ရန် ဘဝအသက်တာများပြောင်းလဲလာကြသည်ကို တွေ့ မြင်ရစဉ် လူတို့ကိုကူညီပေးရခြင်းသည် သူမ၏အလွန်အလုပ်များသောဘဝအသက်တာတွင် အကြီးမားဆုံးသောရွှင်လန်းမှု၏ရင်းမြစ်ဖြစ်ခဲ့သည်။—သု. ၁၀:၂၂။
၁၅ တစ်စုံတစ်ဦးသည် ရှေ့ဆောင်နိုင်ရန်ပြုလုပ်ဖို့လိုအပ်သည့် ကိုယ်ကျိုးစွန့်မှုနှင့် ပြုပြင်ပြောင်းလဲမှုများသည် အလွန်ကြွယ်ဝသောကောင်းချီးများကို ခံစားရစေသည်။ အရန်ရှေ့ဆောင်ခြင်းနှင့်ပတ်သက်၍ သူမ၏တွေ့ ကြုံမှုကို ညီအစ်မတစ်ဦးဤသို့စာရေးသည်– “ကိုယ့်အရေးကိုသာအာရုံစိုက်ရန်မဟုတ်ဘဲ အခြားသူများအားကူညီပေးခြင်းကို ပို၍အာရုံစိုက်ရန် ၎င်းက ကျွန်မကိုထောက်ကူပေးပါတယ်။ . . . အဲ့ဒီလိုလုပ်နိုင်တဲ့သူတွေအတွက် ကျွန်မထောက်ခံပါတယ်။”
၁၆ အချိန်ဇယားကောင်းတစ်ခုလိုအပ်သည်– ဤကြားညှပ်၏နောက်ဆုံးစာမျက်နှာတွင် ဖေဖော်ဝါရီ ၁၉၉၇ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုတွင် ဖော်ပြထားသည့်နမူနာအချိန်ဇယားများကို ပြန်လည်ဖော်ပြထားသည်။ ယင်းတို့အနက်တစ်ခုသည် သင့်အခြေအနေနှင့်အံဝင်ခွင်ကျဖြစ်ပေမည်။ ယင်းတို့ကိုသုံးသပ်စဉ် သင့်လစဉ်လုပ်ငန်း၏ ပုံမှန်လုပ်ရိုးလုပ်စဉ်ကို သုံးသပ်ပါ။ အိမ်အတွင်း မည်သည့်အစီအစဉ်များကို ရှေ့ဆောင်မလုပ်မီကြို၍ ပြုလုပ်ထားနိုင်သနည်း သို့မဟုတ် ရှေ့ဆောင်လုပ်ပြီးသည်အထိ ခဏထားနိုင်သနည်း။ ဖျော်ဖြေခြင်း၊ အပန်းဖြေခြင်း သို့မဟုတ် အခြားအားလပ်ချိန်ပုံစံများတွင် သင်အသုံးပြုသည့်အချိန်မှအချို့ကို ဖယ်ထားနိုင်သလော။ လိုအပ်သည့်နာရီစုစုပေါင်း ၆၀ ကိုကြည့်မည့်အစား သင်၏နေ့စဉ် သို့မဟုတ် ပတ်စဉ်အခြေပြုအချိန်ဇယားကို ဆွဲပါ။ အရန်ရှေ့ဆောင်ရန် တစ်ရက်လျှင် ၂ နာရီ သို့မဟုတ် တစ်ပတ်လျှင် ၁၅ နာရီသာလိုသည်။ နမူနာအချိန်ဇယားများကိုကြည့်ပြီး ခဲတံကိုင်ကာ သင်နှင့် သင့်မိသားစုနှင့်အကိုက်ညီဆုံးဖြစ်သည့် ကိုယ်ပိုင်လုပ်ငန်းတော်အချိန်ဇယားတစ်ခုနှင့်ပတ်သက်ပြီး သင်ရေးဆွဲနိုင်သည့်ဇယားကို ကြည့်ပါ။
၁၇ လွန်ခဲ့သည့်နွေဦးရာသီ၌ ဓမ္မအမှုအတွက်တင်ပြခဲ့သော တုံ့ ပြန်မှုကောင်းနှင့် အသင်းတော်ကို အထူးအားပေးထောက်ခံမှုသည် ဤသို့စာရေးသော မှန်မှန်ရှေ့ဆောင်တစ်ဦး၏ စိတ်အားတက်ကြွမှုကို တိုးပွားစေခဲ့သည်– “အရန်ရှေ့ဆောင်ခြင်းကို အားပေးထောက်ခံရန် အထူးကြိုးစားကြဖို့ သင်တို့၏မေတ္တာပါသောအားပေးမှုအတွက် ကျေးဇူးများစွာတင်ရှိပါတယ်။ . . . သင်တို့၏အကြံပြုထားသောအချိန်ဇယားများသည် ယခင်က တစ်ခါမျှရှေ့ဆောင်မလုပ်ခဲ့ဖူးသူများစွာအား ယင်းကိုလုပ်ဆောင်နိုင်ကြောင်းသိမြင်လာဖို့ ကူညီပေးပါတယ်။ . . . ယေဟောဝါ၏အဖွဲ့အစည်းဝင်တစ်ဦးဖြစ်ရပြီး သစ္စာနှင့်သတိပညာရှိသောကျွန်၏ ပျော်ရွှင်စွာမေတ္တာဖြင့်ဦးဆောင်မှုကို လိုက်ရသည့်အတွက် ကျွန်မအလွန်ပျော်ပါသည်။”
၁၈ သုတ္တံ ၂၁:၅ ကကျွန်ုပ်တို့အား ‘လုံ့လဝီရိယပြုသောသူ၏အကြံအစည်သည် ကြွယ်ဝ၏’ ဟူ၍အာမခံထားသည်။ သုတ္တံ ၁၆:၃ က “ကိုယ်ပြုသောအမှုတို့ကို ထာဝရဘုရား၌အပ်လော့။ သို့ ပြုလျှင် သင်၏အကြံအစည်တို့သည် တည်ကြလိမ့်မည်” ဟူ၍အားပေးထားသည်။ မှန်ပါသည်၊ ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်တွင် ယေဟောဝါကို ဆုတောင်းလျက်ပါဝင်စေပြီး အောင်မြင်ရန်အကူအညီရဖို့ ကိုယ်တော်အပေါ် မြဲမြံစွာမှီခိုအားထားခြင်းအားဖြင့် ကျွန်ုပ်တို့သည် အရန်ရှေ့ဆောင်ရန်ရေးဆွဲသည့်အစီအစဉ်များနှင့်စပ်လျဉ်းပြီး အပြုသဘောရှိနိုင်မည်ဖြစ်သည်။ တစ်လ သို့မဟုတ် နှစ်လအရန်ရှေ့ဆောင်ရန်အတွက် ကျွန်ုပ်တို့ရေးဆွဲသောအချိန်ဇယားသည် မည်မျှကောင်းမွန်ကြောင်း တွေ့ မြင်ရပြီးနောက် “နောက်ထပ်အကြောင်းမကြားမချင်း ဆက်တိုက်အရန်ရှေ့ဆောင်ရန် သင့်ဆန္ဒရှိမရှိ မှတ်သားပြပါ” ဟူ၍ဖတ်ရသည့် အရန်ရှေ့ဆောင်လျှောက်လွှာပေါ်မှလေးထောင့်ကွက်ကို မှတ်သားပြနိုင်ပေမည်။ မည်သို့ပင်ဖြစ်စေကာမူ စနေတနင်္ဂနွေငါးကြိမ်ရှိမည့်သြဂုတ်လတွင် အရန်ရှေ့ဆောင်ထပ်မံလုပ်ဆောင်ရန် ကျွန်ုပ်တို့မျှော်လင့်နိုင်ပါသည်။ ဩဂုတ်လတွင် လုပ်ငန်းတော်နှစ်ကိုချုပ်စဉ် ဓမ္မအမှုတွင် ယောက်တိုင်း အတတ်နိုင်ဆုံးအပြည့်အဝပါဝင်ရန် တက်ညီလက်ညီစုပေါင်းကြိုးစားအားထုတ်ကြမည်ဖြစ်သည်။
၁၉ “ငါ့ကိုယုံကြည်သောသူသည် ငါပြုသောအမှုတို့ကိုပြုလိမ့်မည်။ ထိုအမှုတို့ထက်သာ၍ကြီးသောအမှုတို့ကိုလည်း ပြုလိမ့်မည်” ဟူ၍ယေရှုပရောဖက်ပြုခဲ့ပါသည်။ (ယော. ၁၄:၁၂) ဤပရောဖက်ပြုချက်အကြီးအကျယ်ပြည့်စုံနေချိန်ဝယ် ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်များအဖြစ် အမှုဆောင်ရခြင်းသည် ရွှင်လန်းဖွယ်အခွင့်ထူးဖြစ်သည်။ တစ်ခါနှင့်မျှမတူအောင် အကြီးမားဆုံးသောအရှိန်အဟုန်ဖြင့် သတင်းကောင်းကိုဟောပြောပြီး ယင်းကို လုပ်ဆောင်ရန် အခွင့်အခါသင့်သောအချိန်ကို ဝယ်ယူရမည့်အချိန်မှာ ယခုပင်ဖြစ်သည်။ (၁ ကော. ၃:၉; ကော. ၄:၅) ဖြစ်နိုင်လျှင် အရန်ရှေ့ဆောင်လုပ်ငန်းတွင် မကြာမကြာပါဝင်ခြင်းသည် နိုင်ငံတော်ကြွေးကြော်သူများအဖြစ် ကျွန်ုပ်တို့၏အခန်းကဏ္ဍကိုလုပ်ဆောင်ရန် အကောင်းဆုံးနည်းဖြစ်သည်။ ဤသတိရအောက်မေ့ပွဲချိန်ခါတွင် အရန်ရှေ့ဆောင်များထံမှ ထွက်ပေါ်လာမည့်ချီးမွမ်းသီချင်းသည် မည်မျှကျယ်လောင်မည်ကို တွေ့ မြင်ဖို့ ကျွန်ုပ်တို့စိတ်စောစွာစောင့်မျှော်ကြပါသည်။ (ဆာ. ၂၇:၆) လွန်ခဲ့သောနွေဦးရာသီ၏အကျိုးရလဒ်များကို အမှတ်ရလျက် ‘ကျွန်ုပ်တို့ ထပ်မံလုပ်ဆောင်ကြမည်လော’ ဟူ၍သိလိုပါသည်။ လုပ်ဆောင်ကြမည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်!
[စာမျက်နှာ ၃ ပါ လေးထောင့်ကွက်]
သင် အရန်ရှေ့ဆောင်နိုင်မည်လော
“သင့်ကိုယ်ပိုင်အခြေအနေသည် မည်သို့ပင်ရှိရှိ နှစ်ခြင်းခံပြီး စာရိတ္တအခြေအနေကောင်းကာ လယ်ကွင်းလုပ်ငန်းတွင် တစ်လနာရီ ၆၀ အနည်းဆုံး တစ်လအမှုဆောင်နိုင်ပါက အရန်ရှေ့ဆောင်လျှောက်ထားနိုင်ပြီး အသင်းတော်အကြီးအကဲများက ဝမ်းသာစွာနှင့် စဉ်းစားပေးပါလိမ့်မည်။”—ကျွန်ုပ်တို့၏ဓမ္မအမှုကို ပြီးမြောက်စေရန် ဖွဲ့စည်းထားခြင်း၊ စာမျက်နှာ ၁၁၄။