သီအိုကရက်တစ်ဓမ္မအမှုကျောင်း ကျွန်ုပ်တို့ကို မည်သို့အကျိုးပြု
၁ ယေဟောဝါ၏လူမျိုးသည် သီအိုကရက်တစ်ပညာရေးသင်ယူရသည့် အခွင့်ထူးရရှိထားသည်။ (ဟေရှာ. ၅၄:၁၃; ယော. ၆:၄၅) သို့သော် ၎င်းမှ ကျွန်ုပ်တို့အကျိုးခံစားရသော အတိုင်းအတာသည် ကျွန်ုပ်တို့၏ကြိုးစားမှုအပေါ် များစွာမူတည်၏။ သင်၏ဝိညာဉ်ရေးအပေါ် သီအိုကရက်တစ်ဓမ္မအမှုကျောင်းက ကောင်းကျိုးပြုနေမှုများကို သင် သိမြင်နိုင်သလော။
၂ နှစ်လိုဖွယ်မှတ်ချက်များ– စကားပြောအရည်အသွေးများကို အကျယ်တဝင့်လေ့လာမှုကြောင့် အသင်းတော်များသည် လယ်ကွင်းဓမ္မအမှုတွင် ပိုမိုထိရောက်မှုရှိလာကြောင်း ကျောင်းကြီးကြပ်မှူးများစွာ သတိပြုမိခဲ့ကြသည်။ ထို့ပြင် ကျမ်းစာပေါ်လွင်ချက်များတွင် ပရိသတ်ပါဝင်မှုအစီအစဉ်၏ ရလဒ်အနေနှင့် များစွာသောသူတို့သည် ကျမ်းစာဖတ်ရှုခြင်းဇယားအတိုင်းလိုက်နေကြကြောင်း ကျောင်းကြီးကြပ်မှူးတစ်ဦး တွေ့ရှိခဲ့သည်။ တာဝန်နံပါတ် ၂ နှင့်ပတ်သက်၍ ညီအစ်ကိုများစွာသည် နိဒါန်းနှင့် နိဂုံးကို ပြင်စရာမလိုဘဲ အကြောင်းအရာအပေါ် အာရုံစိုက်ရခြင်းမှ အကျိုးကျေးဇူးများရရှိကြောင်း မှတ်ချက်ကောင်းများပေးခဲ့ကြပြီ။ ယခု ဤအပိုင်းကို တာဝန်ရရှိသူများသည် ဖတ်ရှုခြင်းစွမ်းရည်များတိုးတက်ခြင်းအပေါ် ပို၍အာရုံစိုက်နေကြသည်။—၁ တိ. ၄:၁၃။
၃ အားလုံး အကျိုးကျေးဇူးရရှိနိုင်– အစည်းအဝေးများတွင် မှတ်ချက်ပေးခြင်းသည် ကြည်နူးစရာဖြစ်နိုင်၏။ (သု. ၁၅:၂၃) နှုတ်ဖြေသုံးသပ်ရန် မေးခွန်းများကို ကြိုတင်ရရှိထားခြင်းက ပြန်လည်သုံးသပ်မှုအတွက် အလွယ်တကူ ကြိုတင်ပြင်ဆင်ကာ ပါဝင်နိုင်စေသည်။ ထို့ပြင် ၂၀၀၄၊ ဇန်နဝါရီ ၁ ရက်ထုတ် ကင်းမျှော်စင်တွင် သီအိုကရက်တစ်ဓမ္မအမှုကျောင်း၌ တာဝန်ပေးထားသည့်ဖတ်ရှုခြင်းနှင့်ကိုက်ညီသော ကျမ်းစာပေါ်လွင်ချက်များကို တွေ့ခဲ့ရပြီဖြစ်သည်။ ဤဆောင်းပါးများက ကျမ်းစာပေါ်လွင်ချက်များသုံးသပ်ချိန်တွင် တည်ဆောက်မှုဖြစ်စေသည့် မှတ်ချက်များပေးရန် များစွာသောသူတို့ကို ကူညီပေးခဲ့ပြီ။
၄ ကျောင်းတွင်စာရင်းသွင်းသူတိုင်းသည် တာဝန်များကို ပြင်ဆင်တင်ဆက်ရသောအခွင့်ထူးရရှိကြသည်။ ကျွန်ုပ်တို့အားလုံးသည် စင်မြင့်ပေါ်မှ ကျောင်းကြီးကြပ်မှူး၏ အပြုသဘောပါသောမှတ်ချက်များမှ အကျိုးကျေးဇူးရရှိနိုင်သည်။ ကျောင်းသားတစ်ဦးစီသည် အစည်းအဝေးပြီးနောက် သူ သီးသန့်ပေးမည့်သွန်သင်ချက်များမှ ထပ်ဆင့်အကျိုးကျေးဇူးရရှိကြသည်။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းပညာရေးမှအကျိုးရယူ စာအုပ် အခန်းတစ်ခန်းစီ၏အဆုံးတွင်ရှိ စကားပြောအရည်အသွေးများကို ဆွေးနွေးထားသည့် လေ့ကျင့်ခန်းများက ထပ်ဆင့်အကူအညီရရှိစေ၏။
၅ ကျောင်းချိန်အတွင်းနှင့် ပြီးနောက်တွင် သင် အာရုံစိုက်မိသည့် လက်တွေ့ကျပြီး ကျမ်းစာနှင့်ညီညွတ်သောအယူအဆများကို သင်၏ ဓမ္မအမှုကျောင်း သုံးစာအုပ်တွင် ရေးမှတ်ထားပါ။ သင်သိရှိခဲ့ရာများကို တွေးတောဆင်ခြင်ကာ မြင့်မြတ်သောပညာရေး၏ ဤကဏ္ဍသည် သင်၏ဝိညာဉ်ရေးကို မည်သို့တိုးတက်နေစေကြောင်း သုံးသပ်ပါ။