သိမ်းထားပါ
တိုးတက်သော ကျမ်းစာသင်အံမှုများ ကျင်းပခြင်း
ဤကြားညှပ်စာရွက်သည် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု တွင်ဖော်ပြထားသည့် တိုးတက်သောကျမ်းစာသင်အံမှုများကျင်းပခြင်း ဟူသော အခန်းဆက်ဆောင်းပါးများမှ အဓိကအချက်များကို စုဆောင်းပြုစုထားခြင်းဖြစ်သည်။ ဤကြားညှပ်စာရွက်ကို သိမ်းထားရန်နှင့် ကျမ်းစာသင်အံမှုများကျင်းပသည့်အခါ ယင်းတို့ကို ရည်ညွှန်းရန် အားလုံးကို တိုက်တွန်းပါသည်။ ထို့ပြင် လယ်ကွင်းလုပ်ငန်းအတွက်စုဆုံမှုများတွင် ဤကြားညှပ်စာရွက်မှအချက်များကို ပေါ်လွင်စေနိုင်ပြီး လုပ်ငန်းတော်ကြီးကြပ်မှူးများသည် စာအုပ်ကြီးသင်တန်းအုပ်စုများသို့ လည်ပတ်သည့်အခါ သူတို့တင်ဆက်သည့် ဟောပြောချက်များအတွက်အခြေခံအဖြစ် ယင်းတို့ကို အသုံးပြုနိုင်သည်။
အပိုင်း ၁– ကျမ်းစာသင်အံမှုဟူသည် အဘယ်နည်း
တိုတုတ်သော်လည်း ကျမ်းစာကိုအသုံးပြု၍ သို့မဟုတ် ကျမ်းစာနှင့်အတူ အကြံပြုထားသည့် စာအုပ်တစ်အုပ်ကိုအသုံးပြု၍ ပုံမှန်နှင့် စနစ်တကျ ကျမ်းစာဆွေးနွေးမှုများပြုလုပ်လျှင် သင်သည် ကျမ်းစာသင်အံမှုတစ်ခုကျင်းပနေခြင်းဖြစ်သည်။ သင်အံမှုအစီအစဉ်ကို ပြပြီးနောက် နှစ်ကြိမ်ကျင်းပပြီးကာ ဆက်၍သင်မည်ဟု ယူမှတ်စရာအကြောင်းရှိလျှင် သင်အံမှုအဖြစ် မှတ်တမ်းသွင်းနိုင်သည်။—နဓ ၇/၀၄ စ. ၁။
အကြံပြုထားသောစာပေများ
◼ ကျွန်ုပ်တို့ထံမှ ဘုရားသခင်အဘယ်အရာတောင်းဆိုတော်မူသနည်း
◼ ထာဝရအသက်ရစေသောအသိပညာ
◼ စစ်မှန်၍တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
◼ သင်သည် ဘုရားသခင်၏မိတ်ဆွေဖြစ်နိုင် ဘရိုရှာကို ပညာအရည်အချင်း သို့မဟုတ် စာဖတ်စွမ်းရည်နည်းသူများနှင့်လေ့လာရန် အသုံးပြုနိုင်သည်။
အပိုင်း ၂– သင်အံမှုကျင်းပရန် ကြိုတင်ပြင်ဆင်ခြင်း
သင်သား၏နှလုံးကို ထိမိစေသည့်နည်းဖြင့် အချက်အလက်များ တင်ပြရန်လိုသည်။ ထိုသို့ပြုရန် သင်သားလိုအပ်ရာကို စိတ်ထဲတွင်ထားကာ စေ့စပ်စွာပြင်ဆင်ဖို့လို၏။—နဓ ၈/၀၄ စ. ၁
ပြင်ဆင်ပုံ
◼ အခန်း သို့မဟုတ် သင်ခန်းစာ၏ခေါင်းစဉ်၊ ခေါင်းစဉ်ငယ်များနှင့် ရုပ်မြင်သင်ထောက်ကူပစ္စည်းများကို ခြုံငုံသုံးသပ်ပါ။
◼ အဓိကစကားလုံးများနှင့် စကားစုများကိုသာ မျဉ်းသားကာ ပုံနှိပ်မေးခွန်းများ၏အဖြေများကို ရွေးထုတ်ပါ။
◼ လေ့လာနေစဉ် ညွှန်းထားသော မည်သည့်ကျမ်းချက်များဖတ်မည်ကို ဆုံးဖြတ်ပါ။ လေ့လာနေသည့်စာအုပ်၏ အနားသတ်ကွက်လပ်တွင် မှတ်ချက်တိုများရေးပါ။
◼ အဓိကအချက်များနှင့်စပ်လျဉ်းသည့် အကျဉ်းချုံးပြန်သုံးသပ်ချက်ကို ပြင်ဆင်ပါ။
သင်ခန်းစာကို တစ်ဦးစီနှင့်ကိုက်ညီအောင်ပြင်ဆင်ပါ
◼ သင်သားနှင့် သူ၏လိုအပ်ရာများအတွက် ဆုတောင်းပါ။
◼ သင်သားနားလည်ရန် သို့မဟုတ် လက်ခံရန် ခက်ခဲမည့်အချက်များကို ကြိုမြင်ပါ။
◼ ဤသို့ ဆင်ခြင်သုံးသပ်ပါ– ဝိညာဉ်ရေးတိုးတက်အောင် သူနားလည်ဖို့ ဒါမှမဟုတ် လုပ်ဆောင်ဖို့ အဘယ်အရာလိုသလဲ၊ သူ့ရဲ့နှလုံးကိုထိမိအောင် ငါ ဘယ်လိုလုပ်နိုင်သလဲ။
◼ လိုအပ်လျှင် အချက်တစ်ချက် သို့မဟုတ် ကျမ်းချက်တစ်ချက်၏အဓိပ္ပာယ်ကို သင်သားနားလည်စေရန် ပုံဥပမာတစ်ခု၊ ရှင်းပြချက်တစ်ခု သို့မဟုတ် မေးခွန်းများကိုပြင်ဆင်ပါ။
အပိုင်း ၃– ကျမ်းစာကို ထိရောက်စွာအသုံးပြုခြင်း
ကျမ်းစာသင်အံမှုများကျင်းပရသည့် ရည်ရွယ်ချက်မှာ ဘုရားသခင့်နှုတ်ကပါဌ်တော် သွန်သင်ချက်များကို နားလည်လက်ခံကာ အသက်တာတွင် လက်တွေ့ကျင့်သုံးဖို့ လူတို့အား ကူညီပေးခြင်းဖြင့် ‘တပည့်များဖြစ်စေ’ ရန်ဖြစ်သည်။ (မ. ၂၈:၁၉၊ ၂၀; ၁ သက်. ၂:၁၃) ထို့ကြောင့် သင်အံမှုကို ကျမ်းစာအပေါ် အဓိကထား၍ ကျင်းပသင့်သည်။—နဓ ၁၁/၀၄ စ. ၆။
ဘုရားသခင့်နှုတ်ကပါဌ်တော်မှ သွန်သင်ပါ
◼ သူတို့၏ကိုယ်ပိုင်ကျမ်းစာအုပ်တွင် သတ်သတ်မှတ်မှတ် ကျမ်းချက်များ ရှာတွေ့နိုင်ပုံကို သင်သားအား ပြပေးပါ။
◼ ကျွန်ုပ်တို့၏ယုံကြည်ချက်များအတွက် ကျမ်းစာအခြေခံအကြောင်းရင်းကို ဖော်ပြသည့် ကျမ်းချက်များကို ဖွင့်ဖတ်၍ ဆွေးနွေးပါ။
◼ မေးခွန်းများကိုအသုံးပြုပါ။ သင်သားအား ကျမ်းချက်များကို ရှင်းပြမည့်အစား သူ့အား ရှင်းပြခိုင်းပါ။
◼ ရိုးရိုးကလေးပြောပါ။ ကျမ်းချက်တစ်ချက်၏ ရှုထောင့်တိုင်းကို ရှင်းပြဖို့ မကြိုးစားပါနှင့်။ အဓိကအချက်ပေါ်လွင်စေရန် လိုအပ်သည့်အရာကိုသာ ရှင်းပြပါ။
◼ လက်တွေ့ကျသက်ဆိုင်ပုံကို ပြောပြပါ။ ကျမ်းချက်သည် သူကိုယ်တိုင်နှင့် မည်သို့သက်ဆိုင်ကြောင်းသိရှိရန် သင်သားအား ကူညီပေးပါ။
အပိုင်း ၄– ကြိုတင်ပြင်ဆင်ရန် သင်သားများအား လေ့ကျင့်ပေးခြင်း
သင်ခန်းစာကို ကြိုတင်ဖတ်ရှုပြီး အဖြေများကိုမျဉ်းသားကာ ယင်းတို့ကို ကိုယ်ပိုင်စကားဖြင့် မည်သို့ဖြေရမည်ကို စဉ်းစားသော သင်သားတစ်ဦးသည် ဝိညာဉ်ရေးတိုးတက်မှုမြန်၏။ ထို့ကြောင့် ပုံမှန်သင်အံမှုတစ်ခုကို အတည်တကျစသင်သည်နှင့် သင်သားအား ပြင်ဆင်ပုံကိုပြပေးရန် သင်ခန်းစာတစ်ခုကို အတူပြင်ဆင်ပါ။ အခန်း သို့မဟုတ် သင်ခန်းစာတစ်ခုလုံးကို အတူတကွ ပြင်ဆင်ခြင်းသည် သင်သားအများစုအတွက် အထောက်အကူဖြစ်စေပါမည်။—နဓ ၁၂/၀၄ စ. ၁။
မျဉ်းသားခြင်းနှင့် ရေးမှတ်ခြင်း
◼ ပုံနှိပ်မေးခွန်းများ၏ တိုက်ရိုက်အဖြေများရှာပုံကို ရှင်းပြပါ။
◼ အဓိကစကားလုံးများ သို့မဟုတ် စကားစုများကိုသာ မျဉ်းသားထားသည့် သင်၏ လေ့လာသောစာအုပ်ကို သင်သားအား ပြပါ။
◼ ညွှန်းထားသောကျမ်းချက်တစ်ချက်စီသည် အပိုဒ်ပါအချက်တစ်ချက်ကို ထောက်ခံကြောင်း သင်သားအား သိမြင်စေကာ သူ၏လေ့လာသောစာအုပ် ဘေးသားကွက်လပ်တွင် တိုတိုတုတ်တုတ်ရေးမှတ်ပုံကို ပြပေးပါ။
ခြုံငုံသုံးသပ်ခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း
◼ အသေးစိတ် စတင်မပြင်ဆင်မီ အခန်း သို့မဟုတ် သင်ခန်းစာခေါင်းစဉ်၊ ခေါင်းစဉ်ငယ်များနှင့် ရုပ်ပုံများအားဆန်းစစ်ပုံကို သင်သားအား ပြပေးပါ။
◼ ပြင်ဆင်မှုနိဂုံးတွင် အဓိကအချက်များကို ပြန်သုံးသပ်ရန် သင်သားကို အားပေးပါ။
အပိုင်း ၅– အကြောင်းအရာမည်မျှသုံးသပ်မည်ကို
ဆုံးဖြတ်ခြင်း
သုံးသပ်နိုင်သောအကြောင်းအရာပမာဏသည် သင်ပေးသူနှင့် သင်သားနှစ်ဦးစလုံး၏ စွမ်းရည်နှင့် အခြေအနေများအပေါ် မူတည်မည်ဖြစ်သည်။—နဓ ၁/၀၅ စ. ၁။
ခိုင်မြဲသောယုံကြည်ခြင်းကို တည်ဆောက်ပါ
◼ မြန်မြန်ဆန်ဆန်ပြီးဖို့အတွက် ဘုရားသခင့်နှုတ်ကပါဌ်တော်အပေါ် သင်သား၏ ရှင်းလင်းစွာနားလည်သဘောပေါက်မှုကို အဟန့်အတားမဖြစ်စေပါနှင့်။
◼ သင်သားအား သူသင်ယူနေသည့်အရာကို နားလည်လက်ခံရန်ကူညီပေးဖို့ လိုအပ်သမျှအချိန်ကို အသုံးပြုပါ။
◼ သွန်သင်ချက်များအတွက် အခြေပြုထားသည့် အဓိကကျမ်းချက်များကို သုံးသပ်ရန် အချိန် အလုံအလောက်ပေးပါ။
သင်အံမှုကို လမ်းကြောင်းမပြောင်းစေပါနှင့်
◼ သင်သားတစ်ဦးသည် ကိုယ်ရေးကိုယ်တာကိစ္စများကို များစွာပြောဆိုလိုပါက သင်အံမှုပြီးမှ ယင်းတို့ကို ဆွေးနွေးရန် စီစဉ်ဖို့လိုပေမည်။
◼ သင်အံမှုကျင်းပနေချိန်တွင် စကားများများမပြောပါနှင့်။ သင်သား၏ ကျမ်းစာအခြေခံသွန်သင်ချက်များဆိုင်ရာ တိကျမှန်ကန်သောအသိပညာဆည်းပူးခြင်းကို အဟန့်အတားမဖြစ်စေရန် အဓိကမကျသောအချက်များနှင့် တွေ့ ကြုံမှုများအကြောင်း ပြောဆိုဆွေးနွေးခြင်းကို ကန့်သတ်ပါ။
အပိုင်း ၆– သင်သားတစ်ဦးက မေးခွန်းမေးလာသောအခါ
များသောအားဖြင့် ကျမ်းစာသင်အံမှုတစ်ခုကို ကောင်းစွာအခြေချပြီးသည်နှင့် အကြောင်းအရာတစ်ခုမှတစ်ခုသို့ ဟိုခုန်သည်ခုန်လုပ်မည့်အစား ကျမ်းစာသွန်သင်ချက်များကို စနစ်တကျသုံးသပ်ခြင်းသည် အကောင်းဆုံးဖြစ်၏။ ယင်းက တိကျမှန်ကန်သောအသိပညာဆိုင်ရာ အုတ်မြစ်တစ်ခုကို တည်ဆောက်ရန်နှင့် ဝိညာဉ်ရေးတိုးတက်ရန် သင်သားအား ကူညီပေးသည်။—နဓ ၂/၀၅ စ. ၆။
ပိုင်းခြားသိမြင်မှုရှိပါ
◼ များသောအားဖြင့် လေ့လာသည့်အကြောင်းနှင့်သက်ဆိုင်သောမေးခွန်းများကို ချက်ချင်းဖြေဆိုပေးနိုင်သည်။
◼ လေ့လာသည့်အကြောင်းနှင့် မသက်ဆိုင်သော သို့မဟုတ် သုတေသနပြုဖို့လိုသော မေးခွန်းများကို အခြားအချိန်တစ်ချိန်တွင် သုံးသပ်နိုင်သည်။ ထိုသို့သောမေးခွန်းများကို ရေးမှတ်ထားခြင်းက အကူအညီဖြစ်စေနိုင်သည်။
◼ သင်သားတစ်ဦးသည် သွန်သင်ချက်တစ်ခုကို လက်ခံရန်အခက်တွေ့နေလျှင် အကြောင်းအရာကို စေ့စေ့စပ်စပ်ဆွေးနွေးထားသည့် ထပ်ဆင့်အကြောင်းအရာကို သုံးသပ်ပါ။
◼ သင်သားသည် လက်ခံယုံကြည်ခြင်းမရှိသေးလျှင် အခြားအချိန်တစ်ချိန်တွင်လေ့လာရန် ထိုအကြောင်းအရာကိုထားလိုက်ပြီး သင်အံမှုကို ဆက်၍ကျင်းပပါ။
ကျိုးနွံမှုရှိပါ
◼ သင်သည် မေးခွန်းတစ်ခု၏အဖြေကို မသိလျှင် ကိုယ်ပိုင်ထင်မြင်ချက်ပေးခြင်းကိုရှောင်ပါ။
◼ သုတေသနပြုလုပ်ပုံကို သင်သားအား အဆင့်ဆင့် သင်ပေးပါ။
အပိုင်း ၇– သင်အံမှုတွင် ဆုတောင်းခြင်း
ကျမ်းစာသင်သားများ၏ ဝိညာဉ်ရေးတိုးတက်မှုအတွက် ယေဟောဝါ၏ကောင်းချီးရဖို့ လိုအပ်သည်။ ထို့ကြောင့် သင်အံမှုအဖွင့်အပိတ်၌ ဆုတောင်းသင့်သည်။—နဓ ၃/၀၅ စ. ၄။
ဆုတောင်းခြင်းကို အစပျိုးပုံ
◼ အများအားဖြင့် ဘာသာတရားကိုင်းရှိုင်းသူများနှင့် ဦးဆုံးအကြိမ် သင်အံမှုပြုချိန်မှစ၍ ဆုတောင်းနိုင်သည်။
◼ အချို့သူတို့နှင့်ဆိုလျှင် သင်အံမှုတွင် ဆုတောင်းခြင်းကိုမည်သည့်အချိန်၌ အစပျိုးသင့်ကြောင်း ပိုင်းခြားတတ်ဖို့လိုသည်။
◼ အဘယ်ကြောင့် ဆုတောင်းရကြောင်း ရှင်းပြရန် ဆာလံ ၂၅:၄၊ ၅ နှင့် ၁ ယောဟန် ၅:၁၄ ကိုအသုံးပြုနိုင်သည်။
◼ ယေရှုခရစ်မှတစ်ဆင့် ယေဟောဝါထံဆုတောင်းသင့်ကြောင်း ရှင်းပြရန် ယောဟန် ၁၅:၁၆ ကိုအသုံးပြုနိုင်သည်။
ဆုတောင်းချက်များတွင် ထည့်သွင်းရမည့်အရာများ
◼ ယေဟောဝါကို သွန်သင်မှု၏ရင်းမြစ်အဖြစ် ချီးမွမ်းသင့်သည်။
◼ သင်သားအား အမှန်တကယ်စိတ်ဝင်စားကြောင်း ဖော်ပြပါ။
◼ ယေဟောဝါအသုံးပြုနေသောအဖွဲ့အစည်းကို ကျေးဇူးတင်ကြောင်းဖော်ပြပါ။
◼ သိရှိရာများကို လက်တွေ့ကျင့်သုံးရန် သင်သား၏ကြိုးပမ်းမှုများအပေါ် ယေဟောဝါကောင်းချီးပေးဖို့ ဆုတောင်းပါ။
အပိုင်း ၈– သင်သားများအား အဖွဲ့အစည်းသို့ ညွှန်ပြခြင်း
ကျမ်းစာသင်အံမှုများကျင်းပရာတွင် ကျွန်ုပ်တို့၏ပန်းတိုင်မှာ အယူဝါဒပိုင်းဆိုင်ရာအချက်အလက်များကို သွန်သင်ပေးရန်သာမဟုတ်ဘဲ ခရစ်ယာန်အသင်းတော်သားတစ်ဦးဖြစ်လာရန် သင်သားများအား ကူညီပေးဖို့ဖြစ်၏။ ပတ်စဉ်သင်အံမှုကျင်းပတိုင်း အချိန်အနည်းငယ်ယူပြီး ယေဟောဝါ၏အဖွဲ့အစည်းနှင့်စပ်လျဉ်းသည့် အချက်တစ်ချက်ကို ဝေမျှပါ။—နဓ ၄/၀၅ စ. ၆။
အသင်းတော်အစည်းအဝေးများ
◼ အသင်းတော်အစည်းအဝေးတစ်ခုစီကို ပြောပြပါ။ ဦးဆုံးအကြိမ်သင်အံမှုမှစ၍ သူတို့ကို အစည်းအဝေးတက်ရန် ဖိတ်ခေါ်ပါ။
◼ အစည်းအဝေးများတွင်တင်ဆက်ခဲ့သည့် ပေါ်လွင်သောအချက်များကို ဝေမျှပါ။
◼ အောက်မေ့ရာပွဲ၊ စည်းဝေးပွဲများနှင့် တိုက်နယ်ကြီးကြပ်မှူး လည်ပတ်မှုတို့အတွက် စိတ်အားထက်သန်မှုကို တိုးပွားစေပါ။
◼ ဖြစ်ပျက်ရာများကို မြင်ယောင်နိုင်စေရန် ကျွန်ုပ်တို့၏စာပေများမှရုပ်ပုံများကို အသုံးပြုပါ။
◼ ယေဟောဝါသက်သေများ—သူတို့မည်သူများနည်း၊ သူတို့ ဘာကိုယုံကြည်ကြသနည်း ဟူသောဘရိုရှာကို ဖတ်ရန် တိုက်တွန်းပါ။
ကျေးဇူးတင်လေးမြတ်မှုတိုးပွားရန် ဗီဒီယိုခွေများကို အသုံးပြုပါ
◼ ယေဟောဝါသက်သေများ—အမည်နောက်ဝယ်ရှိအဖွဲ့အစည်း
◼ ကျွန်ုပ်တို့၏ညီအစ်ကို အသင်းအပင်းတစ်ရပ်လုံး
◼ မြင့်မြတ်သောသွန်သင်ခြင်းအားဖြင့် စည်းလုံးမှု
◼ မြေကြီးစွန်းတိုင်အောင်
အပိုင်း ၉– အလွတ်သဘောသက်သေခံရန် သင်သားများအား ပြင်ဆင်ပေးခြင်း
ကျမ်းစာသင်သားများသည် သူတို့လေ့လာနေသောအရာကို ယုံကြည်ကြောင်း တင်ပြလာသည့်အခါ ၎င်းကိုပြောဆိုဖို့ လှုံ့ဆော်ခံရကြသည်။—နဓ ၅/၀၅ စ. ၁။
သက်သေခံရန် သူတို့ကို အားပေးပါ
◼ သင်အံမှုတွင် အတူပါဝင်ရန် သူတို့ဖိတ်ခေါ်နိုင်သည့် မိတ်ဆွေများ၊ မိသားစုဝင်များရှိသလော။
◼ သူတို့၏အလုပ်ဖော်၊ ကျောင်းနေဖက် သို့မဟုတ် အခြားအသိအကျွမ်းများထဲမှ တစ်ဦးဦးသည် စိတ်ဝင်စားမှုပြသလော။
သူတို့၏ယုံကြည်ချက်များကို ဝေမျှရန် လေ့ကျင့်ပေးပါ
◼ လေ့လာနေချိန်အတွင်း ရွေးချယ်ထားသောအချက်များကို ဆွေးနွေးသည့်အခါ သင်သားအား “သင့်မိသားစုအား ဤအမှန်တရားကိုရှင်းပြရန် ကျမ်းစာကို သင် မည်သို့အသုံးပြုမည်နည်း” ဟူ၍မေးပါ။
◼ ဘုရားသခင်နှင့် ကိုယ်တော့်ရည်ရွယ်ချက်များအကြောင်းကို
အခြားသူများအား ပြောဆိုသည့်အခါ လေးစားမှုနှင့် ကြင်နာမှုရှိဖို့လိုကြောင်း သဘောပေါက်ရန် သင်သားအား ကူညီပေးပါ။
◼ သင်သားများသည် မိတ်ဆွေများနှင့် မိသားစုဝင်များအား ကျွန်ုပ်တို့၏ကျမ်းစာအခြေပြု ယုံကြည်ချက်များနှင့် လုပ်ဆောင်မှုများကို နားလည်လာရန် ကူညီပေးဖို့ ယေဟောဝါသက်သေများ—သူတို့မည်သူများနည်း၊ သူတို့ ဘာကိုယုံကြည်ကြသနည်း ဟူသောဘရိုရှာကို အသုံးပြုနိုင်သည်။
အပိုင်း ၁၀– တစ်အိမ်မှတစ်အိမ်ဓမ္မအမှုတွင် သင်သားများအား လေ့ကျင့်ပေးခြင်း
အကြီးအကဲများက ကျမ်းစာသင်သားတစ်ဦးသည် နှစ်ခြင်းမခံရသေးသော ကြေညာသူတစ်ဦးအဖြစ် အရည်အချင်းပြည့်မီသည်ဟု ဆုံးဖြတ်သောအခါ သူသည် လူထုရှေ့ဟောပြောခြင်းလုပ်ငန်းတွင် အသင်းတော်နှင့်အတူ စတင်ပါဝင်နိုင်သည်။—နဓ ၆/၀၅ စ. ၁။
အတူတကွပြင်ဆင်ခြင်း
◼ အကြံပြုထားသည့်တင်ဆက်နည်းများ ရှာတွေ့နိုင်သောနေရာကို ကြေညာသူလူသစ်အား ပြပေးပါ။
◼ ဒေသခံရပ်ကွက်အတွက် လက်တွေ့ကျသည့် ရိုးရှင်းသောချဉ်းကပ်နည်းတစ်ခုကို ရွေးချယ်တတ်ရန် သူ့အားကူညီပေးပါ။
◼ သူ၏ဓမ္မအမှုတွင် ကျမ်းစာကိုအသားပေးသုံးရန် အားပေးပါ။
◼ အတူတကွ အစမ်းလေ့ကျင့်ပါ။ ကြုံတွေ့ရလေ့ရှိသည့် တုံ့ပြန်မှုများအား လိမ္မာပါးနပ်စွာကိုင်တွယ်ပုံကို သူ့အား ပြပေးပါ။
အတူတကွဟောပြောခြင်း
◼ အတူပြင်ဆင်ခဲ့သည့် တင်ဆက်မှုကို သင် တင်ဆက်နေစဉ် သင်သားအား ကြည့်ရှုစေပါ။
◼ သင်သား၏ ပင်ကိုအရည်အသွေးနှင့် အစွမ်းအစများကို ထည့်စဉ်းစားပါ။ တချို့အခြေအနေတွင် တင်ဆက်မှုတစ်စိတ်တစ်ဒေသတွင်သာ သူ့ကိုပါဝင်စေခြင်းသည် အကောင်းဆုံးဖြစ်ပေမည်။
◼ ဓမ္မအမှုတွင် ပါဝင်ရန်အတွက် ပုံမှန်ဇယားတစ်ခုဆွဲထားဖို့ ကြေညာသူလူသစ်ကို ကူညီပေးပါ။
အပိုင်း ၁၁– ပြန်လည်ပတ်မှုများပြုလုပ်တတ်ရန် သင်သားများအား ကူညီပေးခြင်း
ပြန်လည်ပတ်မှုတစ်ခုအတွက် ပြင်ဆင်မှုသည် ဦးဆုံးလည်ပတ်ချိန်တွင် စတင်သည်။ သူဟောပြောသည့်သူများအပေါ် စိတ်ရင်းမှန်ဖြင့် စိတ်ဝင်စားမှုပြရန် သင်သားကို အားပေးပါ။ သူတို့၏သဘောကိုနှိုက်ထုတ်ရန်၊ သူတို့ပြောဆိုရာများကို နားထောင်ပေးရန်နှင့် သူတို့၏စိုးရိမ်မကင်းဖြစ်မှုများကို ရေးမှတ်ထားရန် သူ့အား အဆင့်ဆင့်လေ့ကျင့်ပေးပါ။—နဓ ၇/၀၅ စ. ၁။
ပြန်လည်ပတ်ရန် ပြင်ဆင်ခြင်း
◼ ဦးဆုံးအကြိမ်လည်ပတ်မှုကို ပြန်သုံးသပ်ပြီး အိမ်ရှင်နှစ်သက်မည့်အကြောင်းအရာတစ်ခုကို ရွေးချယ်တတ်ရန် သင်သားအား ကူညီပေးပါ။
◼ စာအုပ်တစ်အုပ်မှ အပိုဒ်တစ်ခုနှင့်အတူ ကျမ်းချက်တစ်ချက်ကို အသုံးပြုသည့် တိုတုတ်သောတင်ဆက်မှုတစ်ခုကို ပြင်ဆင်ပါ။
◼ ဆွေးနွေးခန်းအဆုံးတွင် မေးနိုင်သောမေးခွန်းတစ်ခုကို ပြင်ဆင်ပါ။
စိတ်ဝင်စားသူများထံ ဝီရိယရှိရှိပြန်သွားပါ
◼ စိတ်ဝင်စားသူတိုင်းထံ ချက်ချင်းပြန်သွားရန် သင်သားကို အားပေးပါ။
◼ တွေ့ဖို့ခက်သူများထံရောက်ရှိရန် မဆုတ်မနစ်ဇွဲဖြင့်ကြိုးစားဖို့လိုကြောင်း သိမြင်ရန် သင်သားကို ကူညီပေးပါ။
◼ ချိန်းဆိုမှုများပြုလုပ်ပုံကို ကြေညာသူလူသစ်အား ပြပေးပြီး ကတိအတိုင်း ပြန်သွားဖို့လိုကြောင်း နားလည်ရန် ကူညီပေးပါ။
အပိုင်း ၁၂– ကျမ်းစာသင်အံမှုများစရန်နှင့် ကျင်းပရန် သင်သားများကို ကူညီပေးခြင်း
သင်၏ဓမ္မအမှုတွင် ပုံသက်သေကောင်းပြခြင်းဖြင့် ယေရှုကိုတုပခြင်းသည် အလွန်အရေးကြီးသည်။ ဓမ္မအမှုတွင် သင့်ပုံသက်သေကို သင့်သင်သား သတိပြုမိသည့်အခါ ပြန်လည်ပတ်မှုများပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်သည် ကျမ်းစာသင်အံမှုများစရန်ဖြစ်ကြောင်း သူနားလည်လာမည်။—နဓ ၈/၀၅ စ. ၁။
ကျမ်းစာသင်အံမှုကမ်းလှမ်းခြင်း
◼ များသောအားဖြင့် သင်အံမှုအစီအစဉ်ကို အသေးစိတ်ပြောပြဖို့မလိုကြောင်း သင်သားအား ရှင်းပြပါ။
◼ လေ့လာမည့်စာအုပ်မှ အပိုဒ်တစ်ပိုဒ်နှစ်ပိုဒ်ကို အသုံးပြု၍ သင်အံမှုပြုလုပ်ပုံကို ပြပေးခြင်းသည် အကောင်းဆုံးဖြစ်လေ့ရှိ၏။
◼ သင်အံမှုများစရန်အတွက် အကြံပြုချက်များထဲမှ တစ်ခုကို သုံးသပ်ကာ အစမ်းလေ့ကျင့်ပါ။—နဓ ၈/၀၅ စ. ၆; နဓ ၁/၀၂ ၆။
သွန်သင်သူများဖြစ်ရန် သင်သားများအား လေ့ကျင့်ပေးခြင်း
◼ သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် စာရင်းသွင်းရန် သင်သားများကို အားပေးပါ။
◼ အခြားကျမ်းစာသင်အံမှုများတွင် သင်နှင့်အတူ ကြေညာသူလူသစ်များလိုက်ရန် စီစဉ်ပါ၊ သွန်သင်ခြင်းတွင် သူတို့ကို အနည်းငယ်ပါဝင်စေနိုင်သည်။