ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြပါ—မေးခွန်းများမေးကာ နားထောင်ပေးခြင်းဖြင့်
၁ လူအများစုသည် သူတို့၏ရှုမြင်ပုံများအကြောင်း ပြောပြရသည်ကို နှစ်သက်ကြသော်လည်း ပဲ့ပြင်ဆုံးမခံရခြင်း သို့မဟုတ် မေးမြန်းစစ်ဆေးခံရခြင်းကိုမူ မနှစ်သက်ကြချေ။ ထို့ကြောင့် ခရစ်ယာန်ဓမ္မအမှုဆောင်များအနေနှင့် ကျွန်ုပ်တို့သည် မေးခွန်းများအသုံးပြု၍ လူတို့၏နှလုံးထဲရှိရာများကို ကျွမ်းကျင်စွာထုတ်ယူတတ်ဖို့လို၏။—သု. ၂၀:၅။
၂ ကျွန်ုပ်တို့၏မေးခွန်းများသည် လူတစ်ဦးအတွက် ကြောက်လှန့်စရာမဟုတ်ဘဲ စဉ်းစားဖို့ လှုံ့ဆော်မှုဖြစ်စေသင့်သည်။ တစ်အိမ်မှတစ်အိမ်ဟောပြောသည့်အခါ ညီအစ်ကိုတစ်ဦးက “လူတစ်ဦးကိုတစ်ဦး သိက္ခာရှိရှိ၊ တလေးတစားနဲ့ဆက်ဆံကြတဲ့ အချိန်တစ်ချိန် ရှိဦးမယ်လို့ မိတ်ဆွေထင်သလား” ဟုမေးသည်။ သူသည် တုံ့ပြန်မှုအပေါ်မူတည်၍ “အဲဒီလိုဖြစ်လာဖို့ ဘာလိုမယ်လို့ မိတ်ဆွေထင်သလဲ” သို့မဟုတ် “မိတ်ဆွေ ဘာကြောင့် အဲဒီလိုထင်တာလဲ” ဟုဆက်၍မေး၏။ အလွတ်သဘောနှင့် လူအများရှိရာနေရာများတွင် သက်သေခံသည့်အခါ နောက်ညီအစ်ကိုတစ်ဦးသည် သားသမီးရှိသူများအား “မိဘတစ်ဦးအနေနဲ့ အပျော်ရွှင်ဆုံးအရာကဘာလဲ” ဟုမေးသည်။ ထို့နောက် သူသည် “အစိုးရိမ်ဆုံးအရာတွေက ဘယ်အရာတွေလဲ” ဟုမေးသည်။ ဤမေးခွန်းများက လူတို့အား အကျပ်မရိုက်စေဘဲ သူတို့၏ရှုမြင်ပုံများကို ဖော်ပြခွင့်ရစေကြောင်း သတိပြုပါ။ အခြေအနေအမျိုးမျိုးကွဲပြားရာ ကျွန်ုပ်တို့၏ရပ်ကွက်ရှိလူတို့နှင့်အံဝင်ရန် မေးခွန်းအကြောင်းအရာနှင့် မေးခွန်းမေးပုံတို့ကို ပြုပြင်ပြောင်းလဲဖို့ လိုကောင်းလိုပေမည်။
၃ လူတို့၏နှလုံးထဲမှထုတ်ယူခြင်း– လူတို့သည် သူတို့၏ထင်မြင်ယူဆချက်များကို သင့်အား တလိုတလားပြောပြလျှင် မလိုအပ်ဘဲနှင့် ကြားဖြတ်ပြောဆိုခြင်းမပြုဘဲ စိတ်ရှည်စွာနားထောင်ပေးပါ။ (ယာ. ၁:၁၉) သူတို့ပြောပြရာများအတွက် ကျေးဇူးတင်ကြောင်းပြောပါ။ (ကော. ၄:၆) သင် ဤသို့ရိုးရိုးလေးပြောနိုင်သည်– “စိတ်ဝင်စားစရာပဲ။ ကျွန်တော့်ကို ပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။” ချီးမွမ်းနိုင်စရာအကြောင်းကောင်းရှိလျှင် သူတို့ကို ချီးမွမ်းပေးပါ။ သူတို့၏ယူဆချက်နှင့် အဘယ်ကြောင့် ထိုသို့ယူဆကြောင်းသိရှိရန် ထပ်ဆင့်မေးခွန်းများကို ကြင်နာစွာမေးပါ။ နှစ်ဦးနှစ်ဖက်သဘောတူနိုင်မည့်အရာကို ရှာဖွေပါ။ သင်သည် ကျမ်းချက်တစ်ချက်ကို အာရုံစိုက်စေလိုသောအခါ “ဖြစ်နိုင်တဲ့အရာတစ်ခုအနေနဲ့ ဒီအချက်ကို မိတ်ဆွေသုံးသပ်ဖူးသလား” ဟုပြောနိုင်သည်။ တစ်ယူသန်ဆန်ခြင်း သို့မဟုတ် ငြင်းခုံခြင်းကို ရှောင်ပါ။—၂ တိ. ၂:၂၄၊ ၂၅။
၄ ကျွန်ုပ်တို့၏မေးခွန်းများကို အခြားသူများတုံ့ပြန်ပုံသည် ကျွန်ုပ်တို့နားထောင်ပုံအပေါ် များစွာမူတည်နိုင်သည်။ လူတို့သည် ကျွန်ုပ်တို့ စိတ်ဝင်စားစွာနားထောင်နေမနေ ခွဲခြားသိရှိနိုင်သည်။ “လူတွေကို စိတ်ရှည်ရှည်နဲ့ တလိုတလားနားထောင်ပေးတဲ့အခါ အံ့ဖွယ်ကောင်းလောက်အောင် ဆွဲဆောင်နိုင်စွမ်းရှိတဲ့အပြင် ပုဂ္ဂိုလ်ရေးအရ လှိုက်လှိုက်လှဲလှဲစိတ်ဝင်စားမှုကိုဖော်ပြတဲ့ အကောင်းဆုံးနည်းလည်းဖြစ်တယ်” ဟုနယ်လှည့်ကြီးကြပ်မှူးတစ်ဦးကဆိုသည်။ အခြားသူများကို နားထောင်ပေးခြင်းက ဂုဏ်တင်ရာရောက်ပြီး ယင်းက ကျွန်ုပ်တို့ဝေမျှဖို့ကြိုးစားသည့် သတင်းကောင်းကို နားထောင်ရန် သူတို့အား လှုံ့ဆော်ပေးနိုင်သည်။—ရော. ၁၂:၁၀၊ ကဘ။
သင့်ဖန်ဆင်းရှင်၏ဘုန်းတော်ကို ထင်ရှားစေရန် ဝိညာဉ်ရေးပန်းတိုင်များ အသုံးပြုလော့
“လူတစ်ယောက်သည် အဘယ်ဆိပ်ကမ်းသို့ ဦးတည်နေကြောင်း မသိသောအခါ မည်သည့်လေတိုက်ခတ်ရာလမ်းကြောင်းမျှ သူ့အတွက်အရေးမကြီးချေ။” ပထမရာစု ရောမဒဿနိကပညာရှင်၏စကားဟု ယူမှတ်ကြသော ဤစကားများက လူ့အသက်တာတွင် ဦးတည်ချက်ရှိရန် ပန်းတိုင်များရှိဖို့လိုသည်ဟူသည့် အမှန်တရားကို ဖော်ပြ၏။
သမ္မာကျမ်းစာက ပန်းတိုင်ထားခဲ့ကြသူများ၏ ပုံနမူနာများကို ဖော်ပြသည်။ နောဧသည် “မိမိအိမ်သူအိမ်သားတို့ကို ကယ်တင်ခြင်းငှာ” နှစ်ပေါင်း ၅၀ ခန့် ကြိုးစားအားထုတ်၍ ‘သင်္ဘောကို တည်ဆောက်ခဲ့သည်။’ ပရောဖက်မောရှေသည် ‘နောက်ရလတ္တံ့သောအကျိုးကို ထောက်စာမျှော်လင့်ခဲ့၏။’ (ဟေဗြဲ ၁၁:၇၊ ၂၆) မောရှေ၏အရာကိုဆက်ခံသူ ယောရှုသည် ခါနာန်ပြည်ကို အနိုင်ယူသိမ်းပိုက်ရမည်ဟူသော ဘုရားပေးပန်းတိုင်ထားခဲ့သည်။—တရား. ၃:၂၁၊ ၂၂၊ ၂၈; ယောရှု ၁၂:၇-၂၄။
စီအီး ပထမရာစုတွင် တမန်တော်ပေါလု၏ ဝိညာဉ်ရေးပန်းတိုင်များအပေါ် “နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်” ဟူသော ယေရှု၏စကားသည် များစွာသြဇာညောင်းခဲ့ကြောင်း ထင်ရှားသည်။ (မ. ၂၄:၁၄) ‘တစ်ပါးအမျိုးသားတို့ထံ ယေရှု၏နာမကို ပို့ဆောင်ရမည့်’ တာဝန်ရရှိသည့်အပြင် သခင်ယေရှု ကိုယ်တော်တိုင်၏စကားကိုကြားခဲ့ပြီး ရူပါရုံတို့ကို ရခဲ့သောကြောင့် ပေါလုသည် အာရှမိုင်းနားနှင့် ဥရောပအထိ ခရစ်ယာန်အသင်းတော်များ တည်ထောင်ခွင့်ရရှိခဲ့သည်။—တ. ၉:၁၅; ကော. ၁:၂၂၊ ၂၃။
မှန်ပါသည်၊ သမိုင်းတစ်လျှောက်ရှိ ယေဟောဝါ၏ကျေးကျွန်များသည် ဘုရားသခင်၏ဘုန်းတော်ထင်ရှားစေရန် မြင့်မြတ်သည့်ပန်းတိုင်များ ထားခဲ့ကြပြီး ယင်းတို့ကို မီနိုင်ခဲ့ကြ၏။ ယနေ့ ကျွန်ုပ်တို့သည် ဝိညာဉ်ရေးပန်းတိုင်များကို မည်သို့ချမှတ်နိုင်သနည်း။ အဘယ်ပန်းတိုင်များကို မီအောင်လိုက်ရန် ကြိုးစားနိုင်သနည်း၊ ပန်းတိုင်ရောက်ရန် လက်တွေ့ ပြုလုပ်နိုင်သောနည်းလမ်းများကား အဘယ်နည်း။
ရည်ရွယ်ချက်မှန်ရန် အရေးကြီး
ဘဝအသက်တာ၏ မည်သည့်ကဏ္ဍတွင်မဆို ပန်းတိုင်များထားနိုင်သည်။ ဤလောကတွင် ပန်းတိုင်များထားကြသူ များစွာရှိသည်။ သို့သော် သီအိုကရက်တစ်ပန်းတိုင်များသည် လောကပန်းတိုင်များနှင့်မတူချေ။ လောကပန်းတိုင်များနောက်ကွယ်ရှိ အဓိကစေ့ဆော်ပေးရာများမှာ ကြီးပွားချမ်းသာလိုသောဆန္ဒနှင့် ရာထူးရာခံ၊ အခွင့်အာဏာအတွက် အာသာမပြေနိုင်သောဆန္ဒတို့ဖြစ်သည်။ အခွင့်အာဏာရရန်၊ ထင်ပေါ်ကျော်ကြားရန်ဟူသော ပန်းတိုင်ကိုမီအောင်လိုက်လျှင် အမှားကြီးမှားမည်တကား! ယေဟောဝါဘုရားသခင်၏ ဘုန်းထင်ရှားစေသော ပန်းတိုင်များသည် ကိုယ်တော်အား ဝတ်ပြုကိုးကွယ်ခြင်းနှင့်သာမက နိုင်ငံတော်အကျိုးစီးပွားနှင့်ပါ တိုက်ရိုက်ဆက်နွှယ်သည်။ (မ. ၆:၃၃) ထိုသို့သောပန်းတိုင်များသည် ဘုရားသခင်နှင့် လူသားချင်းတို့ကို ချစ်မြတ်နိုးခြင်းအပေါ်အခြေပြုပြီး ယင်း၏ရည်ရွယ်ချက်မှာ ဘုရားဝတ်၌ မွေ့လျော်ခြင်းဖြစ်သည်။—မ. ၂၂:၃၇-၃၉; ၁ တိ. ၄:၇။
လုပ်ငန်းတော်အခွင့်အရေးများတိုးချဲ့ရန်၊ သို့မဟုတ် ဝိညာဉ်ရေးတိုးတက်ရန်ဟူသော ဝိညာဉ်ရေးပန်းတိုင်များထားပြီး မီအောင်လိုက်ကြရာတွင် ကျွန်ုပ်တို့၏ ရည်ရွယ်ချက်များ မွန်မြတ်ပါလေစေ။ သို့သော် ရည်ရွယ်ချက်မှန်ကန်သော ပန်းတိုင်များကိုပင်လျှင် တစ်ခါတစ်ရံ မမီနိုင်ကြချေ။ ကျွန်ုပ်တို့သည် ပန်းတိုင်များ မည်သို့ချပြီး ပန်းတိုင်မီရန် မည်သို့ ကြိုးစားနိုင်ကြသနည်း။
ပြင်းပြသည့်ဆန္ဒ ရှိရမည်
ယေဟောဝါသည် စကြဝဠာကို မည်သို့ပြီးအောင်ဖန်ဆင်းခဲ့ကြောင်း သုံးသပ်ကြည့်ပါ။ ဖန်ဆင်းရာ ဆက်တိုက်အချိန်ပိုင်းများကို “ညဦးနှင့်နံနက်” ဟူသောစကားများဖြင့် ယေဟောဝါဖော်ပြတော်မူ၏။ (က. ၁:၅၊ ၈၊ ၁၃၊ ၁၉၊ ၂၃၊ ၃၁) ဖန်ဆင်းရာအချိန်ပိုင်းတစ်ခုစီ စတင်သည့်အခါ ထိုနေ့အတွက်ပန်းတိုင်၊ သို့မဟုတ် ရည်ရွယ်ချက်ကို ကိုယ်တော်ကောင်းစွာသိတော်မူ၏။ ထို့နောက် ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းရသည့်ရည်ရွယ်ချက် ပြီးမြောက်အောင်လုပ်ဆောင်ခဲ့သည်။ (ဗျာ. ၄:၁၁) “[ယေဟောဝါ] အလိုတော်ရှိသည်အတိုင်း ပြုတော်မူလိမ့်မည်” ဟု ရှေးဘိုးဘေးယောဘက ပြောခဲ့သည်။ (ယောဘ ၂၃:၁၃) ယေဟောဝါသည် “ဖန်ဆင်းသမျှသောအရာတို့” ကို တွေ့ မြင်သည့်အခါ အလွန်ကျေနပ်အားရ၍ “အလွန်ကောင်းသည်” ဟု ကြေညာခဲ့ခြင်းဖြစ်မည်!—က. ၁:၃၁။
ကျွန်ုပ်တို့လည်း ပန်းတိုင်မီရန် ပန်းတိုင်ရောက်ရမည်ဟူသည့် ပြင်းပြသောဆန္ဒရှိရမည်။ အဘယ်အရာက ထိုသို့သော ပြင်းပြသည့်စိတ်ဆန္ဒ ရှိစေနိုင်မည်နည်း။ မြေကြီးသည် အဆင်းသဏ္ဌာန်မရှိ၊ လွတ်လပ်လဟာဖြစ်နေစဉ်ပင် ယေဟောဝါသည် အပြီးသတ်ရလဒ်ဖြစ်သည့် ကိုယ်တော့်ဘုန်းထင်ရှား၍ ဂုဏ်တင်မည့် စကြဝဠာတွင် အလွန်လှပသောရတနာတစ်ခု ဖြစ်လာလိမ့်မည်ကို ကိုယ်တော် ကြိုမြင်နိုင်တော်မူ၏။ အလားတူပင် ကျွန်ုပ်တို့ပန်းတိုင်ရောက်သည့်အခါ မည်သို့ဖြစ်လာမည်၊ အဘယ်အကျိုးများရရှိမည်ကို ဆင်ခြင်တွေးတောခြင်းအားဖြင့် ကျွန်ုပ်တို့ချမှတ်ထားသောပန်းတိုင်သို့ ရောက်လိုသောဆန္ဒကို ပြုစုပျိုးထောင်နိုင်သည်။ အသက် ၁၉ နှစ်အရွယ် တိုနီသည် ယင်းသို့ပြုလုပ်ခဲ့သည်။ ဥရောပအနောက်ပိုင်းရှိ ယေဟောဝါသက်သေများ၏ ဌာနခွဲရုံးတစ်ခုသို့ လည်ပတ်စဉ်က သူ့စိတ်ထဲစွဲမှတ်ခဲ့ရာကို သူတစ်ခါမျှ မမေ့ပါ။ ထိုအချိန်မှစ၍ တိုနီ၏စိတ်ထဲတွင် ဤမေးခွန်း ရှိနေခဲ့သည်– ‘ဒီလိုနေရာမျိုးမှာနေပြီး အမှုဆောင်မယ်ဆိုရင် ဘယ်လိုနေမလဲ။’ တိုနီသည် ဖြစ်လာနိုင်ရာကို အမြဲစိတ်စွဲလမ်းပြီး သူ့ပန်းတိုင်ရောက်အောင် ဆက်ကြိုးစားခဲ့သည်။ နှစ်အတန်ကြာပြီးနောက် ဌာနခွဲတွင်အမှုဆောင်ရန် သူ၏လျှောက်လွှာကို လက်ခံလိုက်သည့်အခါ သူအလွန်ပျော်ရွှင်ခဲ့သည်!
ပန်းတိုင်မီသူများနှင့် ပေါင်းသင်းခြင်းသည်လည်း ပန်းတိုင်ရောက်လိုသော ကျွန်ုပ်တို့၏ဆန္ဒကို တိုးမြှင့်ပေးနိုင်သည်။ အသက် ၃၀ အရွယ်ရှိ ဂျေဆင်သည် ဆယ်ကျော်သက်အရွယ်တွင် လယ်ကွင်းဓမ္မအမှု၌ ပါဝင်ရသည်ကို မနှစ်သက်ခဲ့ချေ။ သို့သော် အထက်တန်းကျောင်းပြီးသွားသည့်အခါ ရှေ့ဆောင်လုပ်ငန်းတွင် စိတ်ထက်သန်စွာ ပါဝင်လာခဲ့ပြီး နိုင်ငံတော်သတင်းကို အချိန်ပြည့်ကြွေးကြော်သူတစ်ဦး ဖြစ်လာလေသည်။ အဘယ်အရာက ဂျေဆင်အား ရှေ့ဆောင်လုပ်လိုစိတ် ရှိစေခဲ့သနည်း။ သူဤသို့ပြောပြ၏– “ရှေ့ဆောင်လုပ်နေတဲ့သူတွေနဲ့ စကားစမြည် ပြောပြီး သူတို့နဲ့အတူ အမှုဆောင်ခဲ့တာ ကျွန်တော့်အတွက် တကယ်အားပေးမှုဖြစ်ခဲ့တယ်။”
ကျွန်ုပ်တို့၏ပန်းတိုင်များကို ရေးချခြင်းကအကူအညီဖြစ်နိုင်
သဲသဲကွဲကွဲမရှိသေးသော အကြံအစည်တစ်ခုကို စကားလုံးဖော် တင်ပြပြောဆိုခြင်းသည် ရှင်းရှင်းလင်းလင်း အကောင်အထည်ပေါ်စေသည်။ ရှောလမုန်က သင့်တော်လျောက်ပတ်သောစကားလုံးများသည် တုတ်ချွန်ကဲ့သို့ အစွမ်းရှိနိုင်ပြီး အသက်တာကို လမ်းညွှန်ပေးနိုင်၏ဟု သတိပြုစေသည်။ (ဒေ. ၁၂:၁၁) ထိုစကားလုံးများကို ရေးချသည့်အခါ စိတ်နှလုံးထဲ နက်ရှိုင်းစွာစွဲနေစေသည်။ ယင်းကြောင့်သာ ယေဟောဝါသည် ဣသရေလဘုရင်များအား ပညတ္တိကျမ်းစာကို ကိုယ်တိုင်ကူးရေးကြရန် မိန့်မှာခဲ့ခြင်းဖြစ်သည်။ (တရား. ၁၇:၁၈-၂၀) ထို့ကြောင့် ကျွန်ုပ်တို့၏ပန်းတိုင်များ၊ ယင်းတို့ကို မီစေမည့် အစီအစဉ်များ၊ ဖြစ်ပေါ်နိုင်သော အတားအဆီးများနှင့် ယင်းတို့ကို ကျော်လွှားနိုင်ပုံများပါ ရေးမှတ်ထားနိုင်သည်။ ကျွန်ုပ်တို့ဆည်းပူးရမည့်ပညာရပ်များ၊ ကျွမ်းကျင်ရမည့်အတတ်များ၊ ကျွန်ုပ်တို့အား ထောက်မကူညီပေးနိုင်သူများကိုပါ သိထားလျှင် ကောင်းပေမည်။
အာရှနိုင်ငံတစ်နိုင်ငံရှိ သီးခြားရပ်ကွက်တစ်ခုတွင် အမှုဆောင်နေသည့် သက်တမ်းကြာအထူးရှေ့ဆောင်တစ်ဦးဖြစ်သူ ဂျက်ဖရီသည် ဝိညာဉ်ရေးပန်းတိုင်များထားခြင်းဖြင့် စိတ်တည်ငြိမ်စေသည့်အကျိုးကို ခံစားခဲ့ရသည်။ မမျှော်လင့်ဘဲ သူ၏ဇနီး ကွယ်လွန်သွားသည့်အခါ ဝမ်းနည်းပူဆွေးစရာဖြစ်ခဲ့သည်။ ထိုအခါ ပြုပြင်ပြောင်းလဲမှုအနည်းငယ်ပြုလုပ်ပြီးနောက် ဂျက်ဖရီသည် ပန်းတိုင်များထားပြီး သူ၏ရှေ့ဆောင်ဓမ္မအမှုတွင် အပြည့်အဝအာရုံစိုက် လုပ်ဆောင်ရန် စိတ်ဆုံးဖြတ်လေသည်။ သူ၏အစီအစဉ်များကို စာရွက်ပေါ်ရေးချပြီး လကုန်လျှင် ကျမ်းစာသင်အံမှုအသစ် သုံးခုစနိုင်ရန် ဆုတောင်းကာ ပန်းတိုင်ထားခဲ့သည်။ သူ၏လုပ်ဆောင်မှုကို နေ့စဉ် ပြန်သုံးသပ်ပြီး ဆယ်ရက်ကြာပြီးတိုင်း သူ့တိုးတက်မှုကို စစ်ဆေးခဲ့သည်။ သူ ပန်းတိုင်မီခဲ့သလော။ ကျမ်းစာသင်အံမှုအသစ် လေးခုမှတ်တမ်းသွင်းနိုင်ခဲ့သဖြင့် ရွှင်လန်းအားရစွာ ပန်းတိုင်မီသည်ဟု ဖြေဆိုနိုင်ခဲ့သည်!
မှတ်တိုင်များအဖြစ် တာတိုပန်းတိုင်များ ချမှတ်ပါ
ပန်းတိုင်အချို့သည် အစပိုင်းတွင် အလွန်ခက်ခဲပုံပေါက်နိုင်သည်။ အစပိုင်းတွင်ဖော်ပြခဲ့သော တိုနီသည် ယေဟောဝါသက်သေများ၏ ဌာနခွဲရုံးတစ်ခုသို့ ဦးဆုံးအကြိမ်လည်ပတ်ခဲ့စဉ်က ဌာနခွဲရုံးတွင်အမှုဆောင်ရန်မှာ သူ့အတွက် မဖြစ်နိုင်သည့်အရာတစ်ခုဟု ထင်ခဲ့သည်။ အကြောင်းမှာ သူ၏ဘဝပုံစံသည် ထင်ရာစိုင်းပုံစံဖြစ်ပြီး ဘုရားသခင်ထံ ဆက်ကပ်အပ်နှံခြင်းပင် မပြုရသေးပါ။ သို့သော် တိုနီသည် ယေဟောဝါ၏နည်းလမ်းတော်များနှင့်အညီ နေထိုင်ရန် ဆုံးဖြတ်ပြီး နှစ်ခြင်းခံရန် အရည်အချင်းပြည့်မီဖို့ ပန်းတိုင်ထားခဲ့သည်။ ထိုပန်းတိုင်ပြည့်မီပြီးနောက် အရန်ရှေ့ဆောင်၊ မှန်မှန်ရှေ့ဆောင်လုပ်ရန် ပန်းတိုင်ထားပြီး စတင်လုပ်ဆောင်မည့်ရက်များကို သူ၏ပြက္ခဒိန်တွင် ရေးမှတ်ခဲ့သည်။ အချိန်အတန်ကြာ ရှေ့ဆောင်လုပ်ပြီးနောက် ဌာနခွဲရုံးတွင်အမှုဆောင်ခြင်းကို မဖြစ်နိုင်သည့် ပန်းတိုင်တစ်ခုအဖြစ် မယူမှတ်တော့ချေ။
ကျွန်ုပ်တို့လည်း ရေရှည်ပန်းတိုင်များကို ရေတိုပန်းတိုင်အနည်းငယ်အဖြစ် အပိုင်းခွဲလိုက်သင့်သည်။ ရေတိုပန်းတိုင်များသည် ရေရှည်ပန်းတိုင်တစ်ခုကို လိုက်မီဖို့ ကြိုးစားနေသည့် လမ်းကြောင်းပေါ်မှ လက်လှမ်းမီနိုင်သည့် မှတ်တိုင်များဖြစ်နိုင်သည်။ ဤမှတ်တိုင်များနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏တိုးတက်မှုကို မှန်မှန်ဆန်းစစ်ခြင်းက ပန်းတိုင်ကို အာရုံစူးစိုက်စေသည်။ ယေဟောဝါထံဆုတောင်းချိန်တွင် ကျွန်ုပ်တို့၏ အစီအစဉ်များကို ထပ်ခါထပ်ခါထည့်တောင်းခြင်းကလည်း ထိုလမ်းစဉ်ပေါ် ဆက်ရှိနေစေသည်။ တမန်တော်ပေါလုက “မခြားမလပ်ဆုတောင်း” ပါဟုတိုက်တွန်းခဲ့သည်။—၁ သက်. ၅:၁၇။
စိတ်ပိုင်းဖြတ်ထားခြင်းနှင့် မဆုတ်မနစ်ဇွဲရှိရန်လိုအပ်
အသေအချာစီစဉ်ထားပြီး ထိုအစီအစဉ်အတိုင်း ပြုလုပ်လိုစိတ် ပြင်းပြသည့်တိုင် ပန်းတိုင်အချို့ကို မမီနိုင်ကြပါ။ တပည့်တစ်ဦးဖြစ်သူ ယောဟန်မာကုသည် တမန်တော်ပေါလု၏ ဒုတိယသာသနာပြုခရီးစဉ်တွင် သူ့အား မလိုက်စေလိုသောကြောင့် အလွန်စိတ်ဓာတ်ကျခဲ့ပေမည်! (တ. ၁၅:၃၇-၄၀) မာကုသည် ထိုစိတ်ပျက်စရာအဖြစ်အပျက်မှ သင်ခန်းစာယူပြီး သူ၏လုပ်ငန်းတော်ကို တိုးချဲ့ရန် သူ့ပန်းတိုင်ကို ပြုပြင်ခဲ့ရပေမည်။ ထိုသို့ ပြုပြင်ခဲ့ကြောင်း ထင်ရှားသည်။ နောက်ပိုင်းတွင် မာကုသည် ပေါလု၏ချီးမွမ်းမှုခံခဲ့ရပြီး ဗာဗုလုန်၌ တမန်တော်ပေတရုနှင့်လည်း ရင်းနှီးစွာပေါင်းသင်းခဲ့သည်။ (၂ တိ. ၄:၁၁; ၁ ပေ. ၅:၁၃) သူ၏သီအိုကရက်တစ်လုပ်ဆောင်မှုတွင် အကြီးမြတ်ဆုံးအခွင့်ထူးမှာ ယေရှု၏ဘဝနှင့် ဓမ္မအမှုအကြောင်း မှုတ်သွင်းခံမှတ်တမ်းတစ်စောင် ရေးသားခွင့်ရခြင်းဖြစ်မည်။
ကျွန်ုပ်တို့လည်း ဝိညာဉ်ရေးပန်းတိုင်များကို မီအောင်လိုက်ရာတွင် စိတ်ဓာတ်ကျစရာများကြုံတွေ့ရပေမည်။ ထိုအခါ အရှုံးပေးမည့်အစား ပြန်လည်သုံးသပ်၊ ဝေဖန်ပြီး ပြုပြင်ပြောင်းလဲရမည်။ အတားအဆီးများကြုံရသည့်အခါ စိတ်ပိုင်းဖြတ်ထားသည့်အတိုင်း မဆုတ်မနစ်ဇွဲဖြင့် ကြိုးစားရန်လိုသည်။ “ကိုယ်ပြုသောအမှုတို့ကို ထာဝရဘုရား၌အပ်လော့။ သို့ပြုလျှင် သင်၏အကြံအစည်တို့သည် တည်ကြလိမ့်မည်” ဟုပညာရှိဘုရင် ရှောလမုန်က ကျွန်ုပ်တို့ကို စိတ်ချစေ၏။—သု. ၁၆:၃။
သို့တိုင်၊ တစ်ခါတစ်ရံ အခြေအနေကြောင့် ပန်းတိုင်တချို့ကို မမီနိုင်ဘဲဖြစ်မည်။ ဥပမာ၊ ကျန်းမာရေးမကောင်းခြင်း၊ သို့မဟုတ် မိသားစုတာဝန်ကြောင့် အချို့ပန်းတိုင်များကို မမီနိုင်ဘဲနေပေမည်။ ကျွန်ုပ်တို့ရမည့် နောက်ဆုံးဆုကျေးဇူးမှာ ကောင်းကင်၊ သို့မဟုတ် မြေကြီးပရဒိသုတွင် ထာဝစဉ်အသက်ရှင်ခြင်းဖြစ်ကြောင်း ဘယ်တော့မျှ မျက်ခြည်မပြတ်ပါစေနှင့်။ (လု. ၂၃:၄၃; ဖိ. ၃:၁၃၊ ၁၄) ယင်းကို မည်သို့ရရှိနိုင်ကြသနည်း။ “ဘုရားသခင်၏ အလိုတော်နှင့်အညီ ကျင့်သောသူမူကား၊ နိစ္စထာဝရတည်၏” ဟုတမန်တော်ယောဟန် ရေးသားခဲ့သည်။ (၁ ယော. ၂:၁၇) ကျွန်ုပ်တို့၏အခြေအနေကြောင့် ပန်းတိုင်တစ်ခုကို မမီနိုင်ဘဲဖြစ်သော်လည်း ကျွန်ုပ်တို့သည် “ဘုရားသခင်ကိုကြောက်ရွံ့၍ ပညတ်တော်တို့ကို စောင့်ရှောက်” နိုင်ကြပါသည်။ (ဒေ. ၁၂:၁၃) ဝိညာဉ်ရေးပန်းတိုင်များ ချမှတ်ထားခြင်းက ဘုရားသခင့်အလိုတော်ဆောင်ခြင်းကို အာရုံစူးစိုက်စေသည်။ ထို့ကြောင့် ယင်းပန်းတိုင်များဖြင့် ဖန်ဆင်းရှင်၏ဘုန်းတော်ကို ထင်ရှားစေကြစို့လေ။
ထည့်စဉ်းစားသင့်သည့် ဝိညာဉ်ရေးပန်းတိုင်များ
သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှုခြင်း
ကင်းမျှော်စင် နှင့် နိုးလော့! စာစောင်တိုင်းကို ဖတ်ရှုခြင်း
ကျွန်ုပ်တို့၏ ဆုတောင်းချက်အရည်အသွေးကို တိုးတက်စေခြင်း
ဝိညာဉ်အသီးသီးခြင်း
အမှုဆောင်လုပ်ငန်းတိုးချဲ့ခြင်း
ဟောပြောခြင်းနှင့် သွန်သင်ခြင်းလုပ်ငန်းတွင် ပိုထိရောက်မှု ရှိလာစေခြင်း
တယ်လီဖုန်း၊ အလွတ်သဘောနှင့် စီးပွားရေးရပ်ကွက်များတွင်အမှုဆောင်သည့် စွမ်းရည်များကို တိုးတက်စေခြင်း