ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၁၀၈
  • အွန်လိုင်းမှာ နာမည်ကြီးဖို့ ဘယ်လောက် အရေးကြီးသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အွန်လိုင်းမှာ နာမည်ကြီးဖို့ ဘယ်လောက် အရေးကြီးသလဲ
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘာအန္တရာယ်တွေ ရှိသလဲ
  • “ပေါ်ပြူလာဖြစ်ခြင်းရဲ့ လှည့်စားမှု”
  • ဖော်လိုဝါနဲ့ လိုက်ခ်တွေ ဘယ်လောက် အရေးကြီးသလဲ
  • ဆယ်ကျော်သက်ကလေးတွေ အင်တာနက်ကို အကောင်းဘက်ကနေ အသုံးပြုတတ်အောင် ကူညီပေးနိုင်ပုံ
    နိုးလော့!—၂၀၁၄
  • အခက်ကြုံနေသော လူငယ်များကို ကူညီပေးခြင်း
    နိုးလော့!—၂၀၀၇
  • ကလေးများအင်တာနက်သုံးခြင်းနှင့်ပတ်သက်၍ မိဘများ သိသင့်သိအပ်ရာ
    နိုးလော့!—၂၀၀၈
  • ကျွန်ုပ်တို့ရဲ့ တရားဝင်ဝက်ဘ်ဆိုက်—ကိုယ်ပိုင်နဲ့ မိသားစုလေ့လာမှုမှာ သုံးပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၁၀၈
ဆယ်ကျော်သက် မိန်းကလေး ဖုန်းကို ကြည့်ရင်း ပြုံးနေ။ လူမှုမီဒီယာမှာ လိုက်ခ် ၈၅ ခု ရထား။

လူငယ်များအမေး

အွန်လိုင်းမှာ နာမည်ကြီးဖို့ ဘယ်လောက် အရေးကြီးသလဲ

“အတန်းဖော်တွေ အွန်လိုင်းမှာ ဖော်လိုဝါ ရာနဲ့ချီရှိတာ မြင်တဲ့အခါ ‘ဝိုး။ သူတို့ ပေါ်ပြူလာ ဖြစ်နေပြီ’ လို့ တွေးမိတယ်။ အမှန်အတိုင်း ပြောရရင် နည်းနည်း မနာလို ဖြစ်မိတယ်” ဆိုပြီး အီလင်းလို့ ခေါ်တဲ့ ဆယ်ကျော်သက်တစ်ဦး ပြောတယ်။

သင်ကော အဲဒီလို ခံစားဖူးပါသလား။ ဒါဆိုရင် အွန်လိုင်းမှာ ပေါ်ပြူလာ ဖြစ်ဖို့ ကြိုးစားရင်း စိတ်ပျက်ရတဲ့အဖြစ်မျိုးကို ရှောင်နိုင်အောင် ဒီဆောင်းပါးက ကူညီပါလိမ့်မယ်။

  • ဘာအန္တရာယ်တွေ ရှိသလဲ

  • “ပေါ်ပြူလာဖြစ်ခြင်းရဲ့ လှည့်စားမှု”

  • ဖော်လိုဝါနဲ့ လိုက်ခ်တွေ ဘယ်လောက် အရေးကြီးသလဲ

  • “နှိမ့်ချချင်ဟန်ဆောင်တဲ့ ဝါကြွားမှု” ကို သတိထားပါ

ဘာအန္တရာယ်တွေ ရှိသလဲ

“ချမ်းသာကြွယ်ဝဖို့ထက် နာမည်ကောင်း ရဖို့ ရွေးချယ်သင့်တယ်” ဆိုပြီး ပညာအလိမ္မာ ၂၂:၁ က ဆိုတယ်။ ဒါကြောင့် နာမည်ကောင်း လိုချင်တာ၊ တခြားသူတွေရဲ့ နှစ်သက်မှု လိုလားတာဟာ မမှားပါဘူး။

ဒါပေမဲ့ လူတွေရဲ့ နှစ်သက်လက်ခံမှု ရချင်စိတ်က ပေါ်ပြူလာ ဖြစ်ချင်စိတ်ဘက် ပြောင်းသွားနိုင်တယ်။ ဒါဟာ အန္တရာယ် ရှိပါသလား။ ၁၆ နှစ်အရွယ် အော်ရာက ဒါဟာ အန္တရာယ် ရှိတယ်လို့ ယူဆတယ်။

“မိုက်ရူးရဲဆန်တဲ့သူတွေကို ကျွန်မ မြင်ဖူးတယ်။ နာမည်ကြီးချင်လို့ဆိုပြီး ကျောင်းဆောင် ဒုတိယအထပ်ကနေ ခုန်ချလိုက်တာမျိုးပေါ့။”

တချို့က ရွယ်တူတွေရဲ့ အာရုံစိုက်မှု ရဖို့ မိုက်ရူးရဲဆန်တဲ့ စတန့်တွေကို ရိုက်ကူးပြီး အွန်လိုင်းပေါ် ပို့စ်တွေ တင်ကြတယ်။ ဥပမာ၊ ဆယ်ကျော်သက်အတော်များများက အဆိပ်အတောက်ပါတဲ့ အဝတ်လျှော် ဆပ်ပြာရည်ထုတ်လေးတွေ စားပြတဲ့ ဗီဒီယိုတွေကို တင်ကြတယ်။ တကယ်တော့ ဒါမျိုး ဘယ်သူမှ မလုပ်သင့်ဘူး။

ကျမ်းစာအဆို။ “ကြွားဝါလိုသောစိတ်၊ ကျော်စောကိတ္တိကို တပ်မက်သောစိတ်တို့ဖြင့် အဘယ်အမှုကိုမျှ မပြုကြနှင့်။”—ဖိလိပ္ပိ ၂:၃။ ခေတ်သုံးကျမ်းစာ။

စဉ်းစားကြည့်ပါ။

  • အွန်လိုင်းမှာ ပေါ်ပြူလာ ဖြစ်ဖို့ သင့်အတွက် ဘယ်လောက် အရေးကြီးသလဲ။

  • ရွယ်တူတွေရဲ့ အာရုံစိုက်မှု၊ နှစ်သက်မှု ရဖို့ ကိုယ့်ကျန်းမာရေး အထိခိုက်ခံမလား၊ အသက်အန္တရာယ်ရှိတာကို လုပ်မလား။

    ရွယ်တူချင်းတွေ အဆို

    လီယန်နာ။

    “နာမည်ကြီးဖို့ ဘာမဆို လုပ်ရမယ်လို့ ထင်တာ၊ အွန်လိုင်းမှာ ကိုယ့်အပြောအဆို၊ အဝတ်အစား၊ ပြုမူပုံ တစ်မူထူးပြီး ဆန်းနေရင် နာမည်ကြီးမယ်လို့ထင်တာ အန္တရာယ် ရှိနိုင်တယ်။ နာမည်ကြီးချင်တာနဲ့ပဲ ကိုယ့်ယုံကြည်ရာ၊ စံနှုန်းတွေကို အလျှော့ပေးလိုက်ရင် နောင်တရနေပါလိမ့်မယ်။”​—လီယန်နာ။

“ပေါ်ပြူလာဖြစ်ခြင်းရဲ့ လှည့်စားမှု”

လူကြိုက်များဖို့ အသက်အန္တရာယ်ရှိတာတွေချည်း လုပ်ကြတာတော့ မဟုတ်ပါဘူး။ လူတချို့သုံးတဲ့နည်းအကြောင်း အသက် ၂၂ နှစ်အရွယ် အဲရစ်ကာ အခုလို ပြောတယ်။

“လူတွေက ပို့စ်တွေမှာ ကိုယ့်ရဲ့ အမှတ်တရပုံတွေ အများကြီး တင်ကြတယ်။ အတူစုဆုံပေါင်းသင်းစရာ မိတ်ဆွေတွေ ပေါချင်းသောချင်း ရှိနေတယ်လို့ ထင်သွားကြအောင်ပေါ့။ တကယ်တမ်းတော့ ဒါဟာ လှည့်စားမှုပါ။”

ဒီလိုထင်ယောင်ထင်မှားဖြစ်အောင် ပရိယာယ်သုံးတာမျိုး တွေ့ဖူးတယ်လို့ အသက် ၁၅ နှစ်အရွယ် ခါရာ ပြောတယ်။

“အိမ်မှာပဲ နေရင်း ပါတီပွဲ ရောက်နေတယ်လို့ ထင်အောင် ပုံတွေ ရိုက်ပြီး တင်ကြတာ တွေ့ဖူးတယ်။”

အသက် ၂၂ နှစ်အရွယ် မက်သရူးက အလားတူ လှည့်စားဖူးကြောင်း ဝန်ခံတယ်။

“ကျွန်တော် ပို့စ်မှာ ပုံတစ်ပုံ တင်ပြီး တည်နေရာ ဧဝရတ်တောင်လို့ တွဲပေးလိုက်တယ်။ တကယ်ဆို အာရှကိုတောင် ကျွန်တော် မရောက်ဖူးပါဘူး။”

ကျမ်းစာအဆို။ ‘ကျွန်တော်တို့ဟာ အရာရာမှာ ရိုးရိုးသားသား ကျင့်ကြံပြုမူချင်စိတ် ရှိကြတယ်။’—ဟီဘရူး ၁၃:၁၈။

စဉ်းစားကြည့်ပါ။

  • လူမှုမီဒီယာတွေ သုံးနေတယ်ဆိုရင် ကိုယ်ဘယ်လောက် နာမည်ကြီးမှန်း ကြွားဖို့ မဟုတ်မမှန်တာတွေ တင်ပြီး လှည့်စားမလား။

  • ကိုယ်တင်လိုက်တဲ့ ပုံတွေ၊ မှတ်ချက်တွေက ကိုယ်ဟာ ဘယ်လို လူစားဖြစ်တယ်၊ ဘာကို တန်ဖိုးထားတယ်ဆိုတာ မှန်မှန်ကန်ကန် ဖော်ပြနေသလား။

    ရွယ်တူချင်းတွေ အဆို

    ဟဲနာ။

    “လိုက်ခ်တွေ အများကြီး ရဖို့ ဘာမဆို လုပ်တဲ့သူတွေ ရှိတယ်။ ကိုယ့်ကို ဘာအတွက် လူသိများစေချင်သလဲ။ မသင့်လျော်တဲ့ ပြောဆိုပုံ၊ ဝတ်စားပုံကြောင့်၊ ပိုင်ဆိုင်ရာတွေကို ထုတ်ကြွားလိုက်တဲ့အတွက်ကြောင့် လူသိများသွားတာကို လိုလားသလား။ ဒါမှမဟုတ် ကိုယ့်အရည်အသွေးကောင်းတွေ၊ တခြားသူတွေအပေါ် ထားတဲ့ စိတ်ရင်းစေတနာကြောင့် လူသိများတာမျိုး လိုချင်သလား။ လူကြိုက်များတာဟာ ပျော်စရာကောင်းတာ မှန်ပေမဲ့ ကိုယ်ဂုဏ်ယူရတဲ့ အကြောင်းရင်းကို သေချာသိအောင် လုပ်ပါ။”​—ဟဲနာ။

ဖော်လိုဝါနဲ့ လိုက်ခ်တွေ ဘယ်လောက် အရေးကြီးသလဲ

အွန်လိုင်းမှာ ဖော်လိုဝါတွေ၊ လိုက်ခ်တွေ များများ ရမှ နာမည်ကြီးမယ်လို့ လူတွေ ထင်နေကြတယ်။ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ မက်သရူးက အဲဒီလို ခံစားဖူးတယ်လို့ ဝန်ခံတယ်။

“‘ဖော်လိုဝါ ဘယ်နှယောက် ရှိသလဲ၊’ ‘လိုက်ခ် ဘယ်လောက်များများ ရဖူးလဲ’ ဆိုပြီး တခြားသူတွေကို ကျွန်တော် လိုက်မေးတယ်။ ဖော်လိုဝါတွေ များချင်လို့ ကိုယ်မသိတဲ့သူတွေကိုလည်း ဖော်လို လုပ်လိုက်တာပဲ။ ကိုယ့်ကို ပြန်ဖော်လို လုပ်ကြမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။ ပေါ်ပြူလာဖြစ်ချင်စိတ် တားမရဆီးမရ ဖြစ်လာတယ်။ ဒါကို လူမှုမီဒီယာတွေကလည်း မီးထိုးယပ်ခပ် လုပ်ပေးတယ်။”

ပုံများ။ ၁။ ဆယ်ကျော်သက် မိန်းကလေး လူမှုမီဒီယာမှာ လိုက်ခ် ဘယ်လောက်ရသလဲ ကြည့်ရင်း ပြုံးနေ။ ၂။ အဲဒီမိန်းကလေးက ချောကလက်တွေ စားနေ။ ၃။ မိန်းကလေးက ဗိုက်ကိုဖိပြီး စိတ်ညစ်နေပုံ။

အွန်လိုင်းမှာ နာမည်ကြီးတာဟာ သရေစာတွေလိုပဲ။ ခဏတာ ပျော်ရွှင်စေပေမဲ့ ဘယ်တော့မှ အာသာမပြေနိုင်ဘူး

တချို့က ဖော်လိုဝါတွေ၊ လိုက်ခ်တွေ ဘယ်လောက် ရှိတယ်ဆိုတဲ့အပေါ် မူတည်ပြီး ကိုယ့်ကိုယ်ကိုယ် တန်ဖိုးဖြတ်ကြမှန်း အသက် ၂၅ နှစ်အရွယ် မာရီးယာ သတိထားမိတယ်။

“မိန်းကလေးတစ်ယောက် ဆယ်လ်ဖီ ဆွဲပြီး တင်လိုက်လို့ လိုက်ခ်တွေ ထင်သလောက် မရရင် ငါရုပ်ဆိုးတယ်လို့ ထင်သွားတယ်။ ဒါဟာ မှားတယ်။ ဒါပေမဲ့ ဒီအခြေအနေမျိုးမှာ လူတွေ ဒီလိုပဲ တုံ့ပြန်ကြမှာပါ။ တကယ်တော့ ကိုယ့်ဘာသာကိုယ် ဆိုင်ဘာအနိုင်ကျင့်မှု ခံနေတာပဲ။”

ကျမ်းစာအဆို။ “အတ္တဆန်တာ၊ အချင်းချင်း ပြိုင်ဆိုင်တာ၊ မနာလိုမရှုဆိတ် ဖြစ်တာတွေကို ရှောင်ကြစို့။”—ဂလာတိ ၅:၂၆။

စဉ်းစားကြည့်ပါ။

  • လူမှုမီဒီယာကို သုံးတဲ့အခါ ကိုယ့်ကိုယ်ကိုယ် သူတစ်ပါးနဲ့ နှိုင်းယှဉ်ချင်စိတ်တွေ ပေါ်လာသလား။

  • ကိုယ့်ကို တကယ် အရေးစိုက်သူတွေနဲ့ မိတ်ဆွေဖွဲ့ဖို့ထက် ဖော်လိုဝါ တိုးဖို့ အာရုံရောက်နေသလား။

    ရွယ်တူချင်းတွေ အဆို

    ဂျော်ရွှာ။

    “အွန်လိုင်းမှာ နာမည်ကြီးချင်ရင် တခြားသူတွေ အထင်ကြီးအားကျရတဲ့သူ ဖြစ်ဖို့ လိုတယ်။ လူတွေက ကိုယ်နဲ့ အကြိုက်ချင်းတူသူတွေကိုပဲ အထင်ကြီးအားကျတတ်ကြတယ်။ ဒါက ကိုယ့်ကို လူတွေ ဘယ်လို ထင်သလဲ၊ သူတို့ အကြိုက်တွေ့အောင် ဘာလုပ်ရမလဲဆိုတာကိုပဲ အာရုံစိုက်ဖို့ တွန်းအားပေးတယ်။ လူကြိုက်များချင်တာဟာ မမှားပါဘူး။ ဒါပေမဲ့ လူကြိုက်များဖို့ အာရုံစိုက်လွန်းရင် အစွဲအလမ်း ဖြစ်သွားနိုင်တယ်။”​—ဂျော်ရွှာ။

“နှိမ့်ချချင်ဟန်ဆောင်တဲ့ ဝါကြွားမှု” ကို သတိထားပါ

● လူတွေက ကိုယ့်အောင်မြင်ပြီးမြောက်မှုတွေကို မကြိုက်တဲ့ပုံစံ၊ မကျေနပ်တဲ့ပုံစံ ဖမ်းပြီး ကြွားတတ်ကြတာ သတိထားမိသလား။

  • “ကားအသစ်စက်စက်လေး ရပြီးကတည်းက ဘယ်တော့ ကားလိုက်စီးလို့ရမလဲဆိုပြီး တစ်မေးထဲ မေးကုန်ကြပြီ။”

  • “တို့ ဝိတ်ကျသွားတာကို လူတိုင်း ချီးမွမ်းခန်းဖွင့်နေလို့ စိတ်ညစ်နေရပြီတော့။”

ကိုယ့်ကိုယ်ကိုယ် မကျေမနပ် ညည်းညူပြီး နှိမ့်ချပြောသလိုလိုနဲ့ တကယ်တမ်းတော့ ကြွားလုံးထုတ်နေတာပါ။

သတိထားစရာ။ ဒီလိုကြွားလုံးထုတ်နည်းမျိုးဟာ အလုပ်မဖြစ်ပါဘူး။ ဟန်လုပ်နေမှန်း လူတွေ သိနေကြလို့ပါ။ နှိမ့်ချတဲ့ပုံဖမ်းပြီး ကြွားတာက မရိုးသားတဲ့ကြွားနည်း ဖြစ်လို့ ဗြောင်ကျကျ ကြွားတာထက်တောင် လူအမြင်ကတ်ကြတယ်။

နောက်တစ်ကြိမ် လူမှုမီဒီယာမှာ မှတ်ချက်ရေးတဲ့အခါ၊ ပုံတွေတင်တဲ့အခါ နှိမ့်ချသလိုလိုနဲ့ ကြွားလုံးထုတ်တာမျိုးကို ရှောင်ပါ။ “ကိုယ့်ကိုယ်ကိုယ် မချီးမွမ်းနဲ့။ သူတစ်ပါး ချီးမွမ်းပါစေ” ဆိုတဲ့ ကျမ်းစာ အကြံဉာဏ်ကို လိုက်နာပါ။—ပညာအလိမ္မာ ၂၇:၂။

ပြန်လည်သုံးသပ်ခြင်း။ အွန်လိုင်းမှာ နာမည်ကြီးချင်တဲ့ ထောင်ချောက်ထဲ မကျအောင် ဘယ်လို ရှောင်နိုင်သလဲ။

  • အွန်လိုင်းမှာ ကိုယ်တင်လိုက်တဲ့ ပို့စ်က ကိုယ် ဘယ်လို လူစားမျိုးဖြစ်တယ်၊ ဘာကို တန်ဖိုးထားတယ်ဆိုတာ ဖော်ပြကြောင်း သိထားပါ။

  • အွန်လိုင်းမှာ ကိုယ့်အကြောင်း တင်တဲ့အခါ ရိုးသားပါ။

  • ဖော်လိုဝါတွေ၊ လိုက်ခ်တွေနဲ့ပတ်သက်ပြီး မျှတတဲ့အမြင် ရှိပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ