ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၉/၁၅ စာ. ၂၉-၃၁
  • မြေမှုန့်သို့ပြန်ခြင်း—မည်သို့နည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မြေမှုန့်သို့ပြန်ခြင်း—မည်သို့နည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အတိတ်နှင့် လက်ရှိလုပ်ထုံးများ
  • ကျမ်းစာရှုမြင်ချက်ကား အဘယ်နည်း
  • သင်္ချိုင်းလုံးဝမလိုတော့!
  • မီးသင်္ဂြိုဟ်ခြင်းအကြောင်း ကျမ်းစာ ဘာပြောသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • သင်သေသွားရင် ဘာဖြစ်မလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • သေလွန်ပြီးသော ကျွန်ုပ်တို့ချစ်ရသူများ ဘာဖြစ်သွားကြသနည်း
    ထာဝရအသက်ရစေသော အသိပညာအသိပညာ
  • မာတိကာ
    နိုးလော့!—၂၀၀၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၉/၁၅ စာ. ၂၉-၃၁

မြေမှုန့်သို့ပြန်ခြင်း—မည်သို့နည်း

“သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ပြန်ရမည်။” အဆိုပါစကားကို ပထမလူသားအာဒံ ကြားသောအခါ ရှေ့အလားအလာကို သူသိသည်။ သူသည် မြေကြီးမှ မြေမှုန့်ဖြင့် ဖန်ဆင်းခံထားရရာ မြေမှုန့်သာပြန်ဖြစ်သွားမည်ဖြစ်သည်။ မိမိ၏ဖန်ဆင်းရှင် ယေဟောဝါ ဘုရားသခင်ကို မနာခံခဲ့သည့်အတွက် သူသေရတော့မည်။—ကမ္ဘာဦး ၂:၇၊ ၁၅-၁၇; ၃:၁၇-၁၉။

လူသားတို့ကို မြေမှုန့်ဖြင့်ဖန်ဆင်းထားကြောင်း ကျမ်းစာက ဖော်ပြသည်။ “ပြစ်မှားသောဝိညာဉ်သည်အသက်သေရမည်” ဟုလည်း ယင်းကဆိုသည်။ (ယေဇကျေလ ၁၈:၄; ဆာလံ ၁၀၃:၁၄) သေခြင်းတရားကြောင့် လူသန်းပေါင်းများစွာ ဝမ်းနည်းကြေကွဲကြရပြီး ရုပ်ကလာပ်ကို သင်္ဂြိုဟ်ရေးနှင့်ပတ်သက်၍ မေးခွန်းများ အလီလီပေါ်လာရသည်။

အတိတ်နှင့် လက်ရှိလုပ်ထုံးများ

ရှေးခေတ်က ဘုရားသခင့်လူမျိုးတော်အလယ်တွင် ရုပ်ကလာပ်များကို မည်သို့သင်္ဂြိုဟ်ကြသနည်း။ ကျမ်းစာ၏အစောပိုင်းစာမျက်နှာများတွင် မြေမြှုပ်သင်္ဂြိုဟ်ခြင်းအပါအဝင် သေသူများကို မည်သို့ပြုသည်နှင့်ပတ်သက်သည့် နည်းအမျိုးမျိုးကို ဖော်ပြထားသည်။ (ကမ္ဘာဦး ၃၅:၈) ဘိုးဘေးအာဗြဟံနှင့် သူ့ဇနီးစာရာအပြင် သူ၏သား ဣဇာက်၊ မြေးယာကုပ်တို့ကို မပ္ပေလဂူတွင် သင်္ဂြိုဟ်ခဲ့ကြသည်။ (ကမ္ဘာဦး ၂၃:၂၊ ၁၉; ၂၅:၉; ၄၉:၃၀၊ ၃၁; ၅၀:၁၃) ဣသရေလတရားသူကြီးများဖြစ်သည့် ဂိဒေါင်နှင့် ရှံဆုန်တို့ကို ‘သူတို့အဘများ၏ သင်္ချိုင်းမြေ၌’ မြေမြှုပ်သင်္ဂြိုဟ်သည်။ (တရားသူကြီး ၈:၃၂; ၁၆:၃၁) ရှေးဘုရားသခင့် လူမျိုးတော်အလယ်တွင် မိသားစုသင်္ချိုင်းမြေများ ရှိထားခြင်းကို သာ၍နှစ်သက်ကြကြောင်း ယင်းက တင်ပြသည်။ စီ.အီး. ပထမရာစု၌ ယေရှုခရစ်သေသောအခါတွင် ကိုယ်တော်၏ရုပ်ကလာပ်ကို အသစ်စက်စက် ကျောက်ထွင်းဂူထဲတွင် ထည့်ထားခဲ့သည်။ (မဿဲ ၂၇:၅၇-၆၀) ထိုအချိန်က ရုပ်ကလာပ်များကို အများအားဖြင့် မြေမြှုပ်၍ဖြစ်စေ၊ ဂူသွင်း၍ဖြစ်စေ သင်္ဂြိုဟ်ကြသည်။ ဤလုပ်ထုံးကို ကမ္ဘာတစ်ဝန်းရှိ ဒေသအများစုတွင် ကျင့်သုံးနေဆဲဖြစ်သည်။

သို့သော် ယနေ့ ကမ္ဘာ့ဒေသ အချို့တွင် မြေနေရာအလွန်ရှားပါးမှုနှင့် မြေနေရာတန်ဖိုးမြင့်မားမှုတို့ကြောင့် သင်္ချိုင်းမြေများရရှိဖို့ ပို၍ပို၍ခက်ခဲလာသည်။ ထို့ကြောင့် လူအချို့သည် ရုပ်ကလာပ်များကို အခြားနည်းများဖြင့် သင်္ဂြိုဟ်ရန် စဉ်းစားသုံးသပ်နေကြသည်။

ရုပ်ကလာပ်ကို မီးသင်္ဂြိုဟ်ပြီးနောက် ပြာများကိုကြဲခြင်းသည် ပို၍ရေပန်းစားလာသည်။ ယခုအခါတွင် အင်္ဂလန်၌ သေဆုံးသွားသူများ၏ ၄၀ ရာခိုင်နှုန်းခန့်ကို ဤနည်းဖြင့် သင်္ဂြိုဟ်ကြသည်။ ဆွီဒင်နိုင်ငံတွင် မြို့နယ်နိမိတ်အတွင်း သေဆုံးသူများ၏ ၈၀ ရာခိုင်နှုန်းကျော်ကို မီးသင်္ဂြိုဟ်ပြီး အချို့သစ်တောများကို ပြာများကြဲဖို့နေရာအဖြစ် သတ်မှတ်ထားသည်။ တရုတ်နိုင်ငံတွင် ရှန်ဟိုင်းမြို့နှင့် ပင်လယ်ပိုင်းရှိ အခြားမြို့အနည်းငယ်တို့တွင် မြို့ပြအစိုးရများက ပင်လယ်တွင် အစုလိုက်ကြဲခြင်းကို တစ်နှစ်လျှင်အကြိမ်ပေါင်းများစွာ တာဝန်ယူလုပ်ဆောင်ပေးသည်။

ပြာများကို မည်သည့်နေရာတွင် ကြဲနိုင်သနည်း။ တွေ့ကရာနေရာတွင် မဟုတ်ပါ။ အချို့သူများက ပြာကိုကြဲခြင်းဖြင့် ပတ်ဝန်းကျင် ထိခိုက်မည်ကို စိုးရိမ်ကြပေမည်။ သို့သော် အမှန်မှာ မီးသင်္ဂြိုဟ်ခြင်းက ကူးစက်ရောဂါဖြစ်ပေါ်စေနိုင်သည့် အလားအလာမှန်သမျှကို ပျောက်ပျက်စေသည်။ အင်္ဂလန်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုရှိ သင်္ချိုင်းအချို့တွင် ပြာကြဲသည့်နေရာအဖြစ် မြက်ခင်းပြင်များ သို့မဟုတ် ပန်းဥယျာဉ်များကို သီးသန့်ဖယ်ထားသည်။ ခရစ်ယာန်များမူ မီးသင်္ဂြိုဟ်ခြင်းနှင့် ပြာများကြဲခြင်းတို့အပေါ် ကျမ်းစာရှုမြင်ချက်နှင့်ပတ်သက်ပြီး အထူးသဖြင့် စိတ်ဝင်စားကြသည် အမှန်။

ကျမ်းစာရှုမြင်ချက်ကား အဘယ်နည်း

“ဗာဗုလုန်ရှင်ဘုရင်” အပေါ်ချမှတ်သည့် စီရင်ချက်ကို ကြေညာရာတွင် ပရောဖက်ဟေရှာယက “သင်္ချိုင်းမဲ့ပစ်ချခြင်းခံရ” ကြောင်း ပြောခဲ့သည်။ (ဟေရှာယ ၁၄:၄၊ ၁၉၊ သမ္မာ) ပြာကြဲခြင်းကို အရှက်ခွဲခံရသည့် အဆိုပါအဖြစ်နှင့် ခိုင်းနှိုင်းသင့်သလော။ မနှိုင်းသင့်ပါ၊ အကြောင်းမှာ ထိုကျမ်းချက်တွင် မီးသင်္ဂြိုဟ်ခြင်းနှင့် ရလာသည့် ပြာများကို မပျောက်မပျက်အောင် ထိန်းသိမ်းထားခြင်း သို့မဟုတ် ကြဲခြင်းတို့ကို မဖော်ပြထားပါ။

ယေရှုခရစ်က “သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍ ထွက်ရ” ကြမည်ဟု မိန့်တော်မူစဉ်က ကိုယ်တော်၏ အနှစ်တစ်ထောင် အုပ်စိုးချိန်အတွင်း ဖြစ်ပျက်မည့် သေသူများ၏ မြေကြီးဆိုင်ရာထမြောက်ခြင်းအကြောင်း မိန့်မြွက်ခဲ့ခြင်းဖြစ်သည်။ (ယောဟန် ၅:၂၈၊ ၂၉) သို့သော် လူတစ်ဦးကိုထမြောက်စေရန် သတ်သတ်မှတ်မှတ် သင်္ချိုင်းတစ်ခုရှိဖို့မလိုကြောင်း ထမြောက်ခြင်းနှင့်ပတ်သက်သည့် နောက်ပရောဖက်ပြု ဖော်ပြချက်တစ်ခုက ထောက်ခံပြောဆိုထားသည်။ ဗျာဒိတ် ၂၀:၁၃ က “သမုဒ္ဒရာသည် မိမိ၌ရှိသောလူသေတို့ကို အပ်ပေး၏။ မရဏာနှင့် မရဏာနိုင်ငံသည်လည်း မိမိတို့၌ရှိသောလူသေတို့ကို အပ်ပေးကြ၏” ဟု ဖော်ပြသည်။ ထို့ကြောင့် လူတစ်ဦးသည် မည်သည့်နေရာတွင် မည်သို့မည်ပုံ ‘မြေမှုန့်သို့ပြန်သွား’ သည်ဟူသည့် အချက်သည် အရေးမကြီးပါ။ သူသည် ဘုရားသခင် သတိရတော်မူခြင်း ခံရမခံရ ထမြောက်ခြင်းခံရ မခံရဟူသည့် အချက်သာအရေးကြီးသည်။ (ယောဘ ၁၄:၁၃-၁၅; လုကာ ၂၃:၄၂၊ ၄၃ နှိုင်းယှဉ်။) လူများကို ယေဟောဝါမှတ်မိရန် အကူအညီဖြစ်စေမည့် မှတ်မှတ်သားသား သင်္ချိုင်းဂူများ လုံးဝမလိုအပ်ပါ။ မီးသင်္ဂြိုဟ်ခြင်းက လူတစ်ဦး၏ ထမြောက်ခြင်းကို မဟန့်တားပါ။ ပြာများကိုကြဲခြင်းသည် သင့်လျော်သောရည်ရွယ်ချက်နှင့်ဖြစ်ပြီး မှားယွင်းသောဘာသာရေး အခမ်းအနားများမပါပါက ယင်းသို့ပြုခြင်းသည် ကျမ်းစာနှင့်ဆန့်ကျင်မည်မဟုတ်ပါ။

ပြာများကြဲခြင်းကို လိုလိုလားလားဆုံးဖြတ်သူများသည် နိုင်ငံ့ဥပဒေကို ဂရုပြုလိုက်နာဖို့လိုမည်။ ထို့အပြင် ကြေကွဲကျန်ရစ်သူများနှင့် အခြားသူတို့၏ ခံစားချက်များကိုလည်း ထည့်တွက်ဖို့သင့်သည်။ ယေဟောဝါ၏ ကျေးကျွန်များသည် ဤကိစ္စ၌ ကျမ်းဆိုင်ရာ လွတ်လပ်မှုကို ကျင့်သုံးရာတွင် ခံယူထားသည့် ခရစ်ယာန်နာမည်ကောင်းကို ကဲ့ရဲ့ပြစ်တင်စရာမဖြစ်စေရန် ကောင်းကောင်း ဂရုစိုက်ကြရမည်။ မီးသင်္ဂြိုဟ်ခြင်းနှင့် ပြာများကြဲခြင်းကို တရားဝင်ခွင့်ပြုထားသော်လည်း ရပ်ကွက်၌ အပြည့်အဝလက်မခံသေးသော နယ်မြေများတွင် ဤကိစ္စသည် အထူးသဖြင့်အရေးကြီးသည်။ ခရစ်ယာန်တစ်ဦးသည် လူ့စိုးလ်မသေနိုင် အယူတွင် အခြေခံသည့် မည်သည့်ဘာသာရေးထုံးတမ်း သို့မဟုတ် မည်သည့်အစဉ်အလာနှင့်မဆို ခပ်ကင်းကင်းနေကြမည်။

သင်္ချိုင်းလုံးဝမလိုတော့!

ပြာများကြဲခြင်းကို ထောက်ခံသူအချို့တို့က ယင်းသို့ပြုခြင်းသည် သင်္ချိုင်းများတွင် မြှုပ်နှံဖို့မလိုတော့သည့် အဓိပ္ပာယ်ပင်ဖြစ်သည်ဟုဆိုကြသည်။ သို့သော် “နောက်ဆုံးသောရန်သူတည်းဟူသော သေမင်းသည် ဆုံးရှုံးခြင်းသို့ ရောက်ရလတ္တံ့” ဟူသည့် သမ္မာကျမ်းစာကတိတော် ပြည့်စုံခြင်းက အကြီးမြတ်ဆုံးသော လွတ်ငြိမ်းချမ်းသာမှုကို ရရှိစေလိမ့်မည်။—၁ ကောရိန္သု ၁၅:၂၄-၂၈။

အဓိပ္ပာယ်မှာ သင်္ချိုင်းများ၊ ဂူများ၊ မီးသင်္ဂြိုဟ်ခြင်းနှင့် ပြာများကို ကြဲခြင်းတို့ပင် အတိတ်တွင် ကျန်ခဲ့သည့်အရာများဖြစ်သွားမည်။ မှန်ပါသည်၊ သေခြင်းရှိတော့မည်မဟုတ်။ ဘုရားသခင့်မှုတ်သွင်းမှုအောက်တွင် တမန်တော်ယောဟန်က ဤသို့ရေးသားခဲ့သည်– “ကောင်းကင်မှကြီးသောအသံကား ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ဘုရားသခင်ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းမရှိရ။ အကြောင်းမူကား ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။”—ဗျာဒိတ် ၂၁:၃၊ ၄။

အာဒံ၏အပြစ်ကြောင့်ရလာသည့် လူ့သေခြင်းကို ဘုရားသခင့်နိုင်ငံတော်အောက်တွင် လုံးဝဖယ်ရှားပစ်လိုက်ချိန်တွင် ဤအရာအားလုံး ဖြစ်လာမည်။ ထိုအချိန်တွင် နာခံမှုရှိသောလူသားများသည် မြေမှုန့်သို့ပြန်ရမည့်အလားအလာကို ရင်ဆိုင်ရတော့မည်မဟုတ်ပါ။

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

ရုပ်ကလာပ်များကို ယေဘုယျ ကိုင်တွယ်စီမံနည်းများ

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ဂျပန်နိုင်ငံ ဆဂရမီးပင်လယ်ကွေ့ကမ်းခြေတွင် ပြာများကြဲခြင်း

[Credit Line]

Courtesy of Koueisha, Tokyo

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ