လုပ်ငန်းတော် အစည်းအဝေးသည် ကောင်းသောအမှုများအတွက် ပြင်ဆင်ပေး
၁ လုပ်ငန်းတော်အစည်းအဝေး၏ ရည်ရွယ်ချက်မှာ ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် အပြည့်အဝအသင့်ပါဝင်နိုင်ရန်နှင့် လှုံ့ဆော်မှုရှိစေရန်ဖြစ်သည်။ (၂ တိ. ၃:၁၇) သို့ရာတွင် အစည်းအဝေးအတွက် ကောင်းစွာမပြင်ဆင်၊ တတ်သိလာသည့်အရာများကို မကျင့်သုံးလျှင် အကျိုးအနည်းငယ်သာရလိမ့်မည်။
၂ ကြိုတင်ပြင်ဆင်ခြင်းက သွန်သင်ချက်များကို ပိုမိုသဘောပေါက်နားလည်ရန် အထောက်အကူဖြစ်မည်။ အသုံးပြုကြမည့် စာပေများကို ပြန်လေ့လာထားပြီး လိုက်ကြည့်၍ ပါဝင်ဖြေဆိုနိုင်ရန် ယူလာပါ။ ဂရုစိုက်နားထောင်သူဖြစ်ပြီး နောင်အခါ ပြန်အသုံးပြုနိုင်ဖို့အတွက် မှတ်စုများ ယူထားပါ။
၃ ဦးစီးကြီးကြပ်မှူးသည် စည်းဝေးအစီအစဉ်ပါ ကဏ္ဍများကို အသေအချာ စိစစ်ကြည့်ပါသည်။ ယင်းတို့ကို ပြင်ဆင်ရန် တတ်စွမ်းနိုင်သောအရည်အချင်းရှိ အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများကို တာဝန်ခန့်ခွဲပါသည်။ (ဓအ စ. ၈၈) အကြီးအကဲနှင့်ဓမ္မအမှုထမ်း အနည်းငယ်သာရှိသောအသင်းတော်များသည် မိမိတို့အား အကူအညီပေးရန် အခြားအရည်အချင်းပြည့် ညီအစ်ကိုများကို တာဝန်ပေးနိုင်ပေမည်။ (နဓ ၁၀/၇၆၊ မေးခွန်းသေတ္တာ [လိပ်] ) ဟောပြောသူတိုင်းသည် အသေအချာပြင်ဆင်သင့်သည်။ ညွှန်ကြားချက်အတိုင်း အနီးကပ်လိုက်လျှောက်ပြီး အချိန်မကျော်ရန် ဂရုစိုက်သင့်သည်။
၄ အစည်းအဝေးကို အများအားဖြင့် ကြေညာချက်များဖြင့် စတင်လေ့ရှိသည်။ တာဝန်ရထားသောညီအစ်ကိုသည် အဘယ်အကြောင်းအရာများကို တင်ပြပြောဆိုရမည်အကြောင်း သိခြင်းငှာ ဦးစီးကြီးကြပ်မှူးအား ကြိုတင်မေးမြန်းထားသင့်သည်။ ယင်းတွင် အသင်းမထံမှ စာများ၊ သို့မဟုတ် လုပ်ငန်းတော်အစီအစဉ်များ သို့မဟုတ် လစဉ်မှတ်တမ်းများ ပါဝင်ပေမည်။ လည်ပတ်ကြည့်ရှုရန်လိုသော လူနာများရှိကြောင်း၊ နောက်နောင် အသင်းတော်အစီအစဉ်နှင့်စပ်လျဉ်းသည့် အသေးစိတ်အချက်အလက်များအကြောင်း ကြားသိရပေမည်။ အစီအစဉ်များကို သိထားပြီး ပါဝင်ဆောင်ရွက်ရန် အသင့်ရှိဖို့ ဂရုစိုက်နားထောင်ပါ။
၅ စည်းဝေးအစီအစဉ်တွင် ပရိသတ်ပါဝင်ခွင့်ရသည့်အပိုင်းအတွက် သက်ဆိုင်ရာဆောင်းပါးနှင့် ကျမ်းချက်များကို ကြိုတင်ဖတ်ရှုထားခြင်းအားဖြင့် ပြင်ဆင်ထားပါ။ အကြံပေးချက်များကို မည်သို့အသုံးပြုကာ သူတစ်ပါးကို အားပေးနိုင်ရန် မည်သို့ဖြေဆိုနိုင်ကြောင်း ကြိုတင်စဉ်းစားထားပါ။ တွေ့ ကြုံမှုတစ်ခုကိုအတိုချုပ် ပြောပြခြင်းအားဖြင့် သွန်သင်ချက်၏ လက်တွေ့ကျတန်ဖိုးကို ဖော်ပြနိုင်ပေမည်။
၆ သရုပ်ပြခန်းရှိမည်ဆိုလျှင် ထပ်တူအခြေအနေမျိုးကို ကိုယ်တိုင်မြင်ယောင်ကြည့်ပြီး သင်မည်သို့ပြောဆိုမည်ကို စဉ်းစားပါ။ အသုံးပြုထားသည့် ထောက်ပြချက်များနှင့် ကျိုးကြောင်းဆင်ခြင်ပုံတို့ကို သတိပြုပါ။ ဤအခြေအနေမျိုးတွင် သင်နောက်ဆုံးရောက်ခဲ့ဖူးစဉ်က မည်သို့ပြောဆိုခဲ့ကြောင်း ပြန်သတိရရန် ကြိုးစားပြီး သရုပ်ပြသည့်အချက်များသည် နောင်တွင် သင့်အတွက် မည်သို့ပိုအကျိုးဖြစ်ထွန်းနိုင်မည်ကို သုံးသပ်ကြည့်ပါ။
၇ သရုပ်ပြခန်းများနှင့် လူတွေ့ခေါ်မေးခန်းများ၌ ပါဝင်သူများသည် ကောင်းစွာကြိုတင်လေ့ကျင့်မှု ရှိသင့်သည်။ မိမိဘာပြောရမည်၊ စင်မြင့်ပေါ်တွင် ဘာလုပ်ရမည်ကို တစ်ဦးစီအနေနှင့် သိထားသင့်သည်။ ကြိုတင်မကျင့်ထားလျှင် ပရိသတ်အတွက် လှုံ့ဆော်မှုမဖြစ်၊ အားပေးမှုလည်း မဖြစ်စေပါ။ အချို့သည် ကင်းမျှော်စင်သင်တန်းပြီးသည့်အခါ သူတို့တာဝန်ကျသည့်အပိုင်းကို စင်မြင့်ပေါ်တက်လေ့ကျင့်၍ အသံချဲ့စက်များကို တာဝန်ယူသောညီအစ်ကိုများ လိုအပ်သည်များကို သိထားစေရန် ပြင်ဆင်လာသည်။
၈ အစီအစဉ်တွင် အသင်းတော်၏အထူးလိုအပ်ရာတစ်ခုခု၊ သို့မဟုတ် အချိန်တန် ကင်းမျှော်စင်ဆောင်းပါးတစ်ခုခုကို ဟောပြောခြင်း ပါဝင်ကောင်းပါဝင်မည်။ ဂရုစိုက်နားထောင်ပါ၊ ဩဝါဒစကားကို နှလုံးပိုက်ကျုံးပါ၊ ယင်းကို လက်တွေ့ကျင့်သုံးရန် ကြိုးစားပါ။
၉ “ကောင်းသောအမှုများအဖို့အလိုငှာ ပြင်ဆင်” ထားပြီးသားဖြစ်လိုကြပါသည်။ (၂ တိ. ၂:၂၁) ယင်းကိုပြုလုပ်နိုင်ရန် ယေဟောဝါ၏ ပြင်ဆင်ချက်တစ်ခုဖြစ်သော လုပ်ငန်းတော်အစည်းအဝေးသည် အကူအညီပေးပါသည်။ သစ္စာရှိစွာတက်ရောက်ခြင်းနှင့် တတ်သိလာသည့်အရာကို စိတ်ရင်းမှန်ဖြင့် အသုံးပြုခြင်းသည် အကူအညီဖြစ်ပါလိမ့်မည်။ သို့မှသာ ‘[ကျွန်ုပ်တို့၏] ဓမ္မအမှုကို အကုန်အစင်ပြု’ နိုင်ကြပါလိမ့်မည်။—၂ တိ. ၄:၅။