ညည်းတွားမြည်တမ်းသူတို့ကို နှစ်သိမ့်ပေးခြင်း
၁။ ညည်းတွားမြည်တမ်းနေသူတို့သည် အဘယ်ကြောင့် နှစ်သိမ့်မှုလိုအပ်သနည်း။
၁ ချစ်ရသူတစ်ဦးသေဆုံးခြင်းသည် အထူးသဖြင့် နိုင်ငံတော်မျှော်လင့်ချက်မရှိသူတို့အတွက် စိတ်ထိခိုက်ဖွယ်ဖြစ်၏။ (၁ သက်. ၄:၁၃) ‘လူတွေ ဘာကြောင့်သေရသလဲ။ လူသေပြီးနောက် ဘာဖြစ်သွားသလဲ။ သေဆုံးသွားတဲ့ချစ်ရသူတစ်ဦးကို ပြန်တွေ့နိုင်ပါ့မလား’ ဟူ၍လူများစွာသိလိုကြသည်။ အောက်ပါတို့မှာ ဆွေမျိုးတစ်ဦး သို့မဟုတ် မိတ်ဆွေတစ်ဦး သေဆုံးသွားသောကြောင့် ညည်းတွားမြည်တမ်းနေသူတို့ကို ဓမ္မအမှုတွင်တွေ့ဆုံရသောအခါ နှစ်သိမ့်ပေးနိုင်သော အကြံပြုချက်အချို့ဖြစ်၏။—ဟေရှာ. ၆၁:၂။
၂။ အိမ်ရှင်သည် ပူဆွေးသောကရောက်နေကြောင်းပြောဆိုပါက သူ့အား ရှည်လျားစွာသက်သေခံသင့်သလော။
၂ တစ်အိမ်မှတစ်အိမ်လုပ်ငန်းတွင်– အိမ်ရှင်သည် သူ၏မိသားစုဝင်တစ်ဦး ဆုံးပါးသွားကြောင်း ကျွန်ုပ်တို့ကို ပြောကောင်းပြောပေမည်။ သူသည် ပူဆွေးသောကရောက်နေသလော။ အိမ်တွင်ရှိနေသော ဆွေမျိုးများလည်း စိတ်ထိခိုက်ပူဆွေးနေကြသလော။ ထိုအခြေအနေမျိုးတွင် ရှည်လျားစွာသက်သေမခံလျှင် အကောင်းဆုံးဖြစ်ပေမည်။ (ဒေ. ၃:၁၊ ၇) ကျွန်ုပ်တို့လည်း စိတ်မကောင်းဖြစ်ရကြောင်း ပြောပြကာ သင့်လျော်သောဝေစာ၊ မဂ္ဂဇင်း၊ ဘရိုရှာတို့ကိုပေးပြီး ပြန်ထွက်ခွာလာနိုင်သည်။ ထို့နောက် ပို၍အဆင်ပြေသောအချိန်တွင် ပြန်သွားကာ ကျမ်းစာမှနှစ်သိမ့်မှုများကို ဝေမျှနိုင်သည်။
၃။ အခြေအနေခွင့်ပြုပါက ပူဆွေးသောကရောက်နေသောအိမ်ရှင်အား အဘယ်ကျမ်းချက်များ ဖတ်ပြနိုင်သနည်း။
၃ အခြေအနေအချို့တွင်မူ ကျွန်ုပ်တို့သည် ဦးဆုံးအကြိမ်တွေ့ဆုံချိန်၌ ပို၍ကြာကြာသက်သေခံနိုင်ပေမည်။ အိမ်ရှင်၏ရှုမြင်ချက်အမှားများကို ချေပပြောဆိုရမည့်အချိန် မဟုတ်သော်လည်း ရှင်ပြန်ထမြောက်ခြင်းနှင့်ပတ်သက်သော ကျမ်းစာကတိတော်များကို သူနှင့်အတူဖတ်ရှုနိုင်ပေမည်။ (ယော. ၅:၂၈၊ ၂၉) သို့မဟုတ် သေလွန်သူ၏အခြေအနေနှင့်ပတ်သက်၍ ကျမ်းစာက အဘယ်အရာဖော်ပြထားကြောင်း ကျွန်ုပ်တို့ဝေမျှနိုင်သည်။ (ဒေ. ၉:၅၊ ၁၀) ကျမ်းစာမှ ရှင်ပြန်ထမြောက်ခြင်းမှတ်တမ်းတစ်ခုကလည်း နှစ်သိမ့်မှုဖြစ်စေနိုင်သည်။ (ယော. ၁၁:၃၉-၄၄) ထို့ပြင် သစ္စာရှိသူယောဘပြောဆိုခဲ့သော ယေဟောဝါအားမျှော်လင့်သည့်စကားများကိုလည်း သုံးသပ်နိုင်သည်။ (ယောဘ ၁၄:၁၄၊ ၁၅) ကျွန်ုပ်တို့မထွက်ခွာမီ ကျွန်ုပ်တို့သေဆုံးသောအခါ ဘာဖြစ်သွားသနည်း [အင်္ဂလိပ်]၊ သင်ချစ်ရသူတစ်ဦး ကွယ်လွန်သည့်အခါ သို့မဟုတ် အခြားသင့်လျော်သောဘရိုရှာ၊ ဝေစာကို ဝေငှနိုင်သည်။ ပြန်လည်ပတ်ချိန်တွင် ဆွေးနွေးမည့်အကြောင်းအရာကို စီစဉ်ပါ။
၄။ နှစ်သိမ့်အားပေးနိုင်ရန် အဘယ်အခွင့်အလမ်းများရှိသနည်း။
၄ အခြားအခြေအနေများတွင်– နိုင်ငံတော်ခန်းမတွင် ဈာပနအခမ်းအနားကျင်းပနေလျှင် မယုံကြည်သူများ လာရောက်ကြသလော။ သို့ဆိုလျှင် နှစ်သိမ့်မှုဖြစ်စေသောစာပေများကို သူတို့ရရှိနိုင်အောင် စီစဉ်ပေးနိုင်သည်။ ဈာပနအခမ်းအနားရှိသော အိမ်များတွင် ပူဆွေးသောကရောက်နေသော မိသားစုဝင်များသည် သင့်လျော်သောစာပေများ ရရှိခဲ့သောကြောင့် ကျေးဇူးတင်လေးမြတ်ကြသည်။ တစ်ခါတစ်ရံ၊ သတင်းစာများတွင်တွေ့ရသော နာရေးကြော်ငြာများက ညည်းတွားမြည်တမ်းနေသောမိသားစုဝင်များထံ နှစ်သိမ့်အားပေးသော စာတိုတစ်စောင်ရေးရန် လမ်းပွင့်စေသည်။ ဖြစ်ရပ်တစ်ခုတွင် မုဆိုးဖိုနှင့်သူ၏သမီးသည် ဝေစာအချို့ပါဝင်သော စာတစ်စောင်ရရှိပြီးနောက် ကြေညာသူ၏အိမ်သို့သွားကာ “ဒီစာပို့လိုက်တဲ့လူတွေက ခင်ဗျားလား။ ကျွန်တော်တို့လည်း ကျမ်းစာကြောင်း ပိုသိချင်တယ်” ဟုပြောခဲ့သည်။ ထိုအမျိုးသားနှင့်သူ၏သမီးသည် ကျမ်းစာသင်အံရန် လက်ခံပြီး အသင်းတော်အစည်းအဝေးများကို စတင်တက်ရောက်နေပြီဖြစ်သည်။
၅။ ဝမ်းနည်းပူဆွေးနေသူတို့အား နှစ်သိမ့်ပေးနိုင်သောအခွင့်အလမ်းများကို ကျွန်ုပ်တို့ အဘယ်ကြောင့် အမြဲရှာဖွေနေသင့်သနည်း။
၅ ဒေသနာ ၇:၂ တွင် “မသာအိမ်သို့သွားခြင်းသည် ပွဲခံရာအိမ်သို့သွားခြင်းထက် သာ၍ကောင်း၏” ဟုဖော်ပြသည်။ ညည်းတွားမြည်တမ်းနေသူသည် ပျော်ရွှင်မြူးထူးနေသူထက် သမ္မာကျမ်းစာအကြောင်း ပို၍နားထောင်လိုစိတ်ရှိသည်။ ချစ်ရသူတစ်ဦး ဆုံးပါးသွားခြင်းကြောင့် ဝမ်းနည်းပူဆွေးနေသူတို့အား နှစ်သိမ့်ပေးနိုင်သော အခွင့်အလမ်းများကို ကျွန်ုပ်တို့အားလုံး အမြဲရှာဖွေနေသင့်သည်။