သင် မှတ်မိသလား
ဒီနှစ်မှာ ထုတ်ဝေခဲ့တဲ့ ကင်းမျှော်စင်တွေကို သင် သေသေချာချာ ဖတ်ရှုသလား။ ဒါဆိုရင် အောက်ပါမေးခွန်းတွေကို ဖြေနိုင်သလားဆိုတာ စမ်းကြည့်ပါ–
ယေဟောဝါကို ဂုဏ်တင်ချီးမြှောက်ဖို့ ကျွန်တော်တို့ကို ဘာက လှုံ့ဆော်ပေးသလဲ။
ယေဟောဝါကို ကြည်ညိုလေးစားလို့၊ ယေဟောဝါကို နှစ်နှစ်ကာကာ ချစ်လို့ ကျွန်တော်တို့ ဂုဏ်တင်ချီးမွမ်းကြတယ်။ ယေဟောဝါအကြောင်း တခြားသူတွေကို သိစေချင်လို့လည်း ကျွန်တော်တို့ ဂုဏ်တင်ချီးမွမ်းကြတယ်။—က၂၅.၀၁၊ စာ. ၃။
ကိုယ့်ကို တစ်ယောက်ယောက် ထိခိုက်နစ်နာအောင် လုပ်တဲ့အခါ ဘယ်လိုနည်းနဲ့ ပိုခွင့်လွှတ်နိုင်သလဲ။
ခံစားချက်ကို မျိုသိပ်ပြီး ဘာမှ မဖြစ်သလို မနေကြပါဘူး။ နာကြည်းမနေဖို့၊ ဒေါသထွက်မနေဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်။—က၂၅.၀၂၊ စာ. ၁၅-၁၆။
မာကုဟာ လူငယ်တွေအတွက် ဘာကြောင့် စံနမူနာဖြစ်သလဲ။
မာကုဟာ လိုလိုလားလား ဘုရားအမှုဆောင်တယ်။ စိတ်ထိခိုက်စရာအခြေအနေတွေ ကြုံရတာတောင် လက်မလျှော့ခဲ့ဘူး။ ပေါလုနဲ့ရော တခြားရင့်ကျက်တဲ့ ညီအစ်ကိုတွေနဲ့ပါ ရင်းရင်းနှီးနှီး ပေါင်းသင်းခဲ့တယ်။—က၂၅.၀၄၊ စာ. ၂၇။
“အဖရဲ့ နာမည်ကိုသိအောင် သူတို့ကို ကျွန်တော်ပြောပြပါပြီ” ဆိုပြီး ယေရှု ဆုတောင်းတာ ဘာကို ဆိုလိုသလဲ။ (ယော. ၁၇:၂၆)
ယေရှုရဲ့ တပည့်တွေဟာ ဘုရားသခင့်နာမည်ကို သိထားပြီးသားပါ။ ဒါပေမဲ့ တပည့်တွေကို ဘုရားနာမည်သာမက ဘယ်လိုဘုရားမျိုးဖြစ်ကြောင်း၊ ဘုရားရဲ့ ရည်ရွယ်ချက်၊ လုပ်ဆောင်ချက်၊ ဂုဏ်ရည်တော်တွေအကြောင်း သိအောင် ယေရှု ကူညီပေးတယ်။—က၂၅.၀၅၊ စာ. ၂၀-၂၁။
ကျိုးနွံမှုရှိရင် ဘာတွေသိလာမလဲ။
ကျွန်တော်တို့ မသိတဲ့အရာတွေရှိတယ်ဆိုတာ သဘောပေါက်လာမယ်။ ဥပမာ၊ အဆုံး ဘယ်တော့ရောက်မလဲ ဒါမှမဟုတ် အဆုံးရောက်ရင် ဘုရား ဘယ်လိုဖြေရှင်းပေးမလဲဆိုတာ ကျွန်တော်တို့ မသိကြဘူး။ မနက်ဖြန် ဘာဖြစ်မလဲဆိုတာ ကျွန်တော်တို့ မသိသလို ကိုယ့်အကြောင်း ယေဟောဝါ ဘယ်လောက် သိတယ်ဆိုတာကိုလည်း အပြည့်အဝ နားမလည်နိုင်ကြဘူး။—က၂၅.၀၆၊ စာ. ၁၅-၁၈။
လေ့လာရန်ဆောင်းပါး ဒါမှမဟုတ် လူထုဟောပြောချက် တစ်ခုကနေ အကျိုးရဖို့ ဘာလုပ်နိုင်သလဲ။
ဒီလို စဉ်းစားကြည့်ပါ- ‘ဒီအကြောင်းအရာကို ယုံကြည်လက်ခံလာစေမယ့် ဘာအထောက်အထားတွေ သုံးထားသလဲ။ တစ်ယောက်ယောက်ကို ဒီအကြောင်းအရာ ငါ သင်ပေးတဲ့အခါ ပြန်သုံးလို့ရမယ့် ဥပမာ ကောင်းကောင်းပါသလား။ ဒီအကြောင်းအရာကို ဘယ်သူ စိတ်ဝင်စားလောက်မလဲ။’—က၂၅.၀၇၊ စာ. ၁၉။
ဒါဝိဒ်ကို ယေဟောဝါ ခွင့်လွှတ်ပုံကနေ ဘာသင်ယူနိုင်သလဲ။
ဒါဝိဒ် ကြီးလေးတဲ့အပြစ် ကျူးလွန်ခဲ့ပေမဲ့ နောင်တစစ်ရတဲ့အခါ ယေဟောဝါခွင့်လွှတ်ခဲ့တယ်။ (၁ ဘု. ၉:၄၊ ၅) ယေဟောဝါက ခွင့်လွှတ်ပြီးရင် မေ့လိုက်တယ်။ နောင်တစ်ချိန် ပြန်အစဖော်တာမျိုး၊ အပြစ်ပေးတာမျိုး မလုပ်ဘူး။—က၂၅.၀၈ စာ. ၁၇။
အချက်တစ်ခုကို ကျမ်းစာသင်သား နားလည်ဖို့ ခက်နေရင် ဘာလုပ်နိုင်သလဲ။
ကျမ်းစာသင်သားမှာ နားလည်ဖို့ ခက်တဲ့ အချက်ရှိနေရင် ခဏထားခဲ့ပြီး နောက်မှ ပြန်ဆွေးနွေးပါ။—က၂၅.၀၉ စာ. ၂၄။
“အပြစ်ရဲ့ လှည့်စားနိုင်စွမ်း” ဆိုတာ ဘာကို ဆိုလိုသလဲ။ (ဟီ. ၃:၁၃)
အမွေရထားတဲ့ အပြစ်က အမှားလုပ်ဖို့ သွေးဆောင်နိုင်တယ်။ ဒါ့အပြင် ကိုယ့်ကို ယေဟောဝါ မချစ်ဘူးလို့ အမြဲလိုလို ခံစားရအောင် လုပ်နိုင်တယ်။—က၂၅.၁၀ စာ. ၁၆။
ဆုတောင်းချက်တွေ ပိုလေးနက်လာဖို့ ဘယ်အချက် သုံးချက်က ကူညီပေးမလဲ။
(၁) ယေဟောဝါဟာ ဘယ်လိုဘုရားမျိုးလဲဆိုတာ စဉ်းစားပါ။ (၂) လောလောဆယ် ဘာပြဿနာတွေ ကြုံနေရသလဲဆိုတာ စဉ်းစားပြီး ဆုတောင်းနိုင်တယ်။ ဥပမာ၊ တစ်ယောက်ယောက်ကို ခွင့်လွှတ်ဖို့ လိုနေသလား။ (၃) အချိန်ယူပြီး အေးအေးဆေးဆေး ဆုတောင်းပါ။ ဒါက ရင်တွင်းခံစားချက်တွေ ပြောပြဖို့ ကူညီပေးတယ်။—က၂၅.၁၀ စာ. ၁၉-၂၀။
သက်ကြီး ညီအစ်ကို/မတွေကို ဘယ်လို ကူညီပေးနိုင်သလဲ။
သက်ကြီး ညီအစ်ကို/မတွေဆီ သွားလည်နိုင်တယ်၊ ဖုန်းဆက်နိုင်တယ်။ ဆေးရုံဆေးခန်း အဖော်လိုက်ပေးနိုင်တယ်။ ဒါမှမဟုတ် အတူတူ အမှုဆောင်နိုင်တယ်။—က၂၅.၁၁ စာ. ၆-၇။
ဘုရားကို ဂုဏ်တင်ရာရောက်တဲ့ မင်္ဂလာပွဲဖြစ်အောင် ဘယ်လိုစီစဉ်နိုင်သလဲ။
လက်ထပ်ခြင်းနဲ့ဆိုင်တဲ့ အစိုးရဥပဒေတွေကို လိုက်နာပါ။ ဂုဏ်သိက္ခာရှိတဲ့ မင်္ဂလာပွဲ၊ ဧည့်ခံပွဲမျိုး ဖြစ်စေပါ။ ဝါကြွားတာမျိုး မဖြစ်ပါစေနဲ့။ ကျမ်းစာမူနဲ့ မညီတဲ့ ဓလေ့ထုံးစံတွေကို ရှောင်ပါ။ မင်္ဂလာပွဲ စီစဉ်တဲ့အခါ လေးလေးစားစား ပြောဆိုပါ။—က၂၅.၁၂ စာ. ၂၁-၂၄။