“တစ်နေ့လုံး” ယေဟောဝါ၏ကျေးဇူးတော်ကို ချီးမွမ်းပါ
၁ ဆာလံ ၁၄၅:၂ (ကဘ) တွင် ယေဟောဝါအား ဒါဝိဒ်မင်းကြီးပေးခဲ့သော ဤကတိပါရှိသည်– “ကိုယ်တော်၏ကျေးဇူးတော်ကို တစ်နေ့လုံး ချီးမွမ်းပါမည်။ နာမတော်ကို ကာလအစဉ်အဆက်၊ ထာဝစဉ်ပင် ချီးမွမ်းပါမည်။” ကျွန်ုပ်တို့လည်း ကောင်းကင်ခမည်းတော်ကို ကောင်းချီးပေးပြီး ချီးမွမ်းထောမနာပြုစရာအကြောင်း ရှိသည်တကား! သို့သော် ဒါဝိဒ်၏ပုံသက်သေကိုတုပကာ ယေဟောဝါ၏ပိုင်သအုပ်စိုးခွင့်ကို မည်သို့ “တစ်နေ့လုံး” ချီးမွမ်းနိုင်မည်နည်း။
၂ ယေဟောဝါအား တန်ဖိုးထားလေးမြတ်သောသဘော ပြည့်လျှံစေပါ– ဘုရားသခင်၏နှုတ်ကပါဌ်တော်ကို မှန်မှန်လေ့လာခြင်းက ကျွန်ုပ်တို့အတွက် ယေဟောဝါပြုတော်မူခဲ့သော၊ ပြုနေတော်မူဆဲရှိသော၊ ပြုလုပ်တော်မူမည့်အရာများကို ကျေးဇူးတင်လေးမြတ်စိတ် တိုးပွားများပြားစေပါသည်။ ကိုယ်တော်၏ အံ့မခန်းဖွယ် စီရင်တော်မူချက်များကို တန်ဖိုးထားလေးမြတ်စိတ် ကြီးမားလာသည်နှင့်အမျှ ကိုယ်တော်၏ကောင်းမြတ်ခြင်းအကြောင်း တတွတ်တွတ်ပြောဆိုနေပါလိမ့်မည်။ (ဆာ. ၁၄၅:၇) သင့်လျော်သည့်အချိန်အခါတိုင်းတွင် ယေဟောဝါအား စိတ်အားထက်သန်စွာ ချီးမွမ်းနေပါလိမ့်မည်။
၃ နေ့စဉ်စကားပြောဆိုရာတွင် ယေဟောဝါအား ချီးမွမ်းပါ– အိမ်နီးနားချင်း၊ ကျောင်းနေဖက်၊ အလုပ်ဖော်များအပြင် အခြားသူတို့နှင့် စကားပြောဆိုရာတွင် သူတို့ကို မိမိ၏မျှော်လင့်ချက်အကြောင်း ပြောပြနိုင်သည့်အခွင့်ကောင်းများပေါ်လာပေမည်။ အိမ်နီးနားချင်းတစ်ဦးက ရပ်ကွက်တွင် ရာဇဝတ်မှုတိုးပွားလာခြင်းကြောင့် စိုးရိမ်နေမည်; ကျောင်းနေဖက်တစ်ဦးက မူးယစ်ဆေးဝါးသုံးစွဲမှု သို့မဟုတ် စာရိတ္တယိုယွင်းမှုကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေမည်; အလုပ်ဖော်တစ်ဦးက နိုင်ငံရေးပြဿနာတစ်ခုခုကို မည်သို့သဘောထားကြောင်း တင်ပြပေမည်။ ယခုလိုက်လျှောက်သင့်သည့် လမ်းစဉ်နှင့် ဤပြဿနာများကို အပြီးသတ်ဖြေရှင်းပေးမည့် နည်းကိုဖော်ပြသော ဘုရားသခင်၏နှုတ်ကပါဌ်တော်ပါမူများနှင့် ကတိတော်များကို ညွှန်ပြနိုင်ပါသည်။ “အချိန်တန်” ၍ပြောသော ဤစကားများသည် ကောင်းချီးတစ်ရပ်ဖြစ်နိုင်ပေသည်!—သု. ၁၅:၂၃။
၄ ယေဟောဝါအကြောင်း အချိန်ပြည့်ပြောဆိုပါ– ယေဟောဝါအား အလွန်လေးမြတ်သောသူတစ်ဦးသည် အခြားသူတို့ကို တတ်နိုင်သရွေ့သတင်းကောင်းပြောပြလို ပါသည်။ (ဆာ. ၄၀:၈-၁၀) ယင်းနှင့်စပ်လျဉ်း၍ မိမိကိုယ်ကို ဤသို့မေးသင့်သည်။ ‘အကျွန်ုပ် အခြေအနေက အခွင့်ပေးသရွေ့ လုပ်ဆောင်နေပါသလော။’ အချို့သူတို့သည် အနည်းအကျဉ်းပြုပြင်ပြောင်းလဲခြင်းအားဖြင့် မှန်မှန်ရှေ့ဆောင်နိုင်ခဲ့ပေပြီ။ ထိုသို့ ပြုလုပ်ရန် လက်ရှိအခြေအနေများက ခွင့်မပြုသေးလျှင် အရန်ရှေ့ဆောင်နိုင်မည်လော။ လာမည့်သတိရအောက်မေ့ပွဲအချိန်သည် တိုးချဲ့အမှုဆောင်နိုင်မည့်ကာလဖြစ်ရာ မတ်နှင့် ဧပြီလများတွင် အရန်ရှေ့ဆောင်ခြင်းအားဖြင့် ကျွန်ုပ်တို့၏လုပ်ငန်းတော်ကို တိုးချဲ့နိုင်ပေသည်။
၅ ကျွန်ုပ်တို့နှင့်အတူ ယေဟောဝါ၏ကျေးဇူးတော်ကို ချီးမွမ်းရန် လူသစ်များအား ကူညီပေးပါ– ယေရှု၏သေခြင်းကို သတိရအောက်မေ့ပွဲ ကျင်းပခြင်းက ယေဟောဝါအား ကျေးဇူးတင်စရာအကြောင်းများစွာရှိကြောင်း အစဉ်သတိရစေပြီး ကိုယ်တော်၏နာမတော်ကို ချီးမွမ်းထောမနာပြုရန် တိုက်တွန်းပေးပါသည်။ ဤအချိန်အခါတွင် ယေဟောဝါ၏မင်းရိုက်ရာအကြောင်း လူသိရှင်ကြား ပြောဆိုကြရန် ကျွန်ုပ်တို့နှင့် ကျမ်းစာလေ့လာနေသူများကို အားပေးဖို့ အထူးကောင်းမွန်သောအချိန်ဖြစ်သည်။ သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် စာအုပ် စာမျက်နှာ ၂၅၂-၃ ရှိ အပိုဒ် ၉-၁၁ ပါအကြောင်းကို ကောင်းစွာဆုတောင်းပြီး ပြန်သုံးသပ်ကြည့်ကြရန် သူတို့ကို တိုက်တွန်းပါ။ သူတို့သည် အရည်အချင်းပြည့်မီပါက အတွေ့အကြုံမရှိသောကြောင့်ဟူ၍ နောက်တွန့်ဆုတ်နေစရာအကြောင်း လုံးဝမရှိပါ။ နိုင်ငံတော်သတင်းကို မည်သို့ဟောပြောရမည်အကြောင်း တတ်ကျွမ်းသောကြေညာသူများအနေနှင့် တင်ပြပေးနိုင်ပါသည်။ လူသစ်များသည် သတင်းကောင်းဟောပြောရန် သတ္တိမွေးမြူနိုင်မည်ဆိုလျှင် သူတို့ကို ယေဟောဝါကူညီပေးတော်မူမည့်အကြောင်း စိတ်ချနိုင်သည်။—တ. ၄:၃၁; ၁ သက်. ၂:၂။
၆ ယေဟောဝါ၏ကျေးဇူးတော်ကို “တစ်နေ့လုံး” ချီးမွမ်းရန် အခွင့်အရေးရှာယူကြမည်ဆိုလျှင် မိမိကိုယ်တိုင်ကိုမက အခြားသူများကိုပါ ထာဝရအကျိုးခံစားစေပါလိမ့်မည်။