ပညာရေး—ယင်းကို ယေဟောဝါရှင်အားချီးမွမ်းရန် အသုံးပြုပါ
“ကိုယ်အလိုအလျောက်ဟောပြောသောသူသည် မိမိဘုန်းအသရေကိုရှာတတ်၏။ မိမိကိုစေလွှတ်တော်မူသောသူ၏ဘုန်းအသရေကို ရှာသောသူမူကား ယုံလောက်သောသူဖြစ်၏။”—ယောဟန် ၇:၁၈။
၁။ ပညာရေးအစီအစဉ်သည် မည်သည့်အချိန်တွင်နှင့် မည်သို့ စတင်ခဲ့သနည်း။
ပညာရေးသည် ရှေးလွန်လေပြီးကတည်းကစတင်ခဲ့သည်။ မဟာပညာပေး သွန်သင်တော်မူရှင် ယေဟောဝါဘုရားသခင်သည် မိမိသားဦးကို ဖန်ဆင်းပြီးနောက် မကြာမီတွင် ပညာရေးအစီအစဉ်အစပြုခဲ့သည်။ (ဟေရှာယ ၃၀:၂၀; ကောလောသဲ ၁:၁၅) ဤသူသည် မဟာပညာပေးရှင်ကိုယ်တော်တိုင်ထံမှ ဆည်းပူးလေ့လာနိုင်ခဲ့သည်တကား! နှစ်ထောင်ပေါင်းမရေမတွက်နိုင်သည့်ကာလအတွင်း ခမည်းတော်နှင့်လက်ပွန်းတတီးဆက်ဆံခဲ့သူ—ယေရှုခရစ်အဖြစ်လူသိများလာခဲ့သူ—ထိုသားတော်သည် ယေဟောဝါဘုရားသခင်၏ ဂုဏ်ရည်တော်များ၊ လက်ရာတော်များ၊ ရည်ရွယ်တော်မူချက်များနှင့်ပတ်သက်သော အဖိုးမဖြတ်နိုင်သည့် ပညာရေးကို ဆည်းပူးရရှိခဲ့သည်။ နောက်ပိုင်း၌ မြေကြီးပေါ်တွင်လူသားတစ်ယောက်အနေနှင့် ယေရှုဤသို့ဆိုနိုင်ခဲ့သည်– “ငါသည်ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှမပြုဘဲ၊ ငါ့ခမည်းတော်သည် ငါ့အားနည်းပေးတော်မူသည်အတိုင်း ငါ . . . ပြောသည်။”—ယောဟန် ၈:၂၈။
၂-၄။ (က) ယောဟန် အခန်းကြီး ၇ အရ၊ စီ.အီး. ၃၂ သကေနေပွဲကို ယေရှုတက်ရောက်သောအခါ ပေါ်ပေါက်နေသည့်အခြေအနေများကား အဘယ်နည်း။ (ခ) ယေရှု၏သွန်သင်ခြင်းစွမ်းရည်နှင့်ပတ်သက်၍ ဂျူးများအဘယ်ကြောင့် တွေဝေသွားသနည်း။
၂ ယေရှုသည် မိမိဆည်းပူးရရှိခဲ့သည့် ပညာရေးကို မည်သို့သုံးတော်မူသနည်း။ သုံးနှစ်ခွဲကြာသည့် မိမိ၏မြေကြီးဓမ္မအမှုဆောင်စဉ်ကာလအတွင်း ကိုယ်တော်သည် မိမိဆည်းပူးခဲ့သည့်အရာကို အခြားသူများအား မမောနိုင်မပန်းနိုင် ဝေမျှခဲ့သည်။ သို့ရာတွင် ယင်းသို့ပြုခြင်းသည် စိတ်ထဲတွင် အဓိကရည်ရွယ်ချက်တစ်ခုနှင့်ဖြစ်သည်။ ယင်းကားအဘယ်နည်း။ မိမိသွန်သင်ခြင်း၏ အစမူလနှင့် ရည်ရွယ်ချက် နှစ်ခုစလုံးကိုကိုယ်တော်ရှင်းပြထားသည့် ယောဟန်အခန်းကြီး ၇ ပါ ယေရှု၏စကားများကို ဆန်းစစ်ကြည့်ကြစို့။
၃ နောက်ခံအနေအထားကို သုံးသပ်ကြည့်ပါ။ အချိန်ကား ယေရှုနှစ်ခြင်းခံပြီးနောက် သုံးနှစ်နီးပါးအကြာ စီ.အီး. ၃၂ ခုနှစ် ဟေမန်ဦးရာသီတွင်ဖြစ်သည်။ ဂျူးများသည် သကေနေပွဲအတွက် ယေရုရှလင်တွင် စုဝေးခဲ့ကြသည်။ အစောပိုင်းပွဲတော်ရက်အနည်းငယ်အတွင်း ယေရှုအကြောင်း များစွာပြောခဲ့ကြပြီ။ ပွဲတော်တစ်ဝက်လွန်သွားသောအခါ ယေရှုသည် ဗိမာန်တော်သို့သွားကာ စ၍သွန်သင်တော့သည်။ (ယောဟန် ၇:၂၊ ၁၀-၁၄) ကိုယ်တော်သည် ခါတိုင်းကဲ့သို့ပင် ကြီးမြတ်သောဆရာတစ်ပါးဖြစ်ကြောင်း မိမိကိုယ်ကိုသက်သေထူခဲ့သည်။—မဿဲ ၁၃:၅၄; လုကာ ၄:၂၂။
၄ ယောဟန် အခန်းကြီး ၇ အခန်းငယ် ၁၅ တွင် ဤသို့ဆိုသည်– “ယုဒလူတို့သည် အံ့ဩ၍ ‘ဤသူသည် စာမသင်ဘဲလျက် အဘယ်သို့တတ်ဘိသနည်း’ ဟု ဆိုကြ၏။” သူတို့အဘယ်ကြောင့် တွေဝေသွားသည်ကို သင်နားလည်နိုင်ပါသလော။ ယေရှုသည် မည်သည့်ရဗ္ဗိကျောင်းမျှမတက်ခဲ့ရသောကြောင့် ကိုယ်တော်သည် ပညာမတတ်ခဲ့—သို့မဟုတ် သူတို့က ယင်းသို့ထင်မှတ်ခဲ့သည်ကိုး! သို့ဖြစ်လျက်ပင် ယေရှုသည် သန့်ရှင်းမြင့်မြတ်သော ရေးသားပြုစုချက်များမှ ကျမ်းပိုဒ်များကို အလွယ်တကူရှာပြီးဖတ်ရှုနိုင်သည်။ (လုကာ ၄:၁၆-၂၁) ဤဂါလိလဲပြည်သား လက်သမားက သူတို့ကို မောရှေ၏ပညတ်ဖြင့် သွန်သင်ခဲ့သည့်အထိပင်တည်း! (ယောဟန် ၇:၁၉-၂၃) မည်သို့ဖြစ်နိုင်ခဲ့သနည်း။
၅၊ ၆။ (က) ယေရှုက မိမိ၏သွန်သင်ခြင်းပင်ရင်းကို မည်သို့ရှင်းပြခဲ့သနည်း။ (ခ) ယေရှုသည် မိမိ၏ပညာရေးကို မည်သည့်နည်းဖြင့် အသုံးပြုခဲ့သနည်း။
၅ အခန်းငယ် ၁၆ နှင့် ၁၇ တွင်ကျွန်ုပ်တို့ဖတ်ရသည့်အတိုင်း ယေရှုဤသို့ရှင်းပြခဲ့သည်– “ငါဟောသောဒေသနာသည် ငါ၏ဒေသနာမဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောသူ၏ ဒေသနာဖြစ်၏။ ထိုသူ၏အလိုတော်သို့လိုက်ချင်သောသူမည်သည်ကား၊ ဤဒေသနာသည် ဘုရားသခင်၏ဒေသနာတော်ဖြစ်သလော၊ ငါသည်ကိုယ်အလိုလျောက်ဟောပြောသလောဟု ပိုင်းခြား၍သိလိမ့်မည်။” သူတို့က ယေရှုသည် မည်သူ့ကြောင့် ပညာတတ်ဖြစ်သွားသည်ကို သိလိုကြရာ ကိုယ်တော်က မိမိ၏ပညာရေးသည် ဘုရားသခင်ထံတော်မှဖြစ်ကြောင်း ဘွင်းဘွင်းပြောချလိုက်သည်!—ယောဟန် ၁၂:၄၉; ၁၄:၁၀။
၆ ယေရှုသည် မိမိ၏ပညာရေးကို မည်သို့သုံးခဲ့သနည်း။ ယောဟန် ၇:၁၈ တွင်မှတ်တမ်းတင်ထားသည့်အတိုင်း ကိုယ်တော်ဤသို့ဖြေဆိုခဲ့သည်– “ကိုယ်အလိုအလျောက်ဟောပြောသောသူသည် မိမိဘုန်းအသရေကိုရှာတတ်၏။ မိမိကိုစေလွှတ်တော်မူသောသူ၏ဘုန်းအသရေကို ရှာသောသူမူကား ယုံလောက်သောသူဖြစ်၏။” ယေရှုသည် မိမိ၏ပညာရေးကို “ပညာစုံလင်သောဘုရား” ယေဟောဝါ၏ဘုန်းတော်ထင်ရှားရန်အတွက် အသုံးပြုခဲ့ခြင်းမှာ မည်မျှနေရာကျလိုက်သည်တကား!—ယောဘ ၃၇:၁၆။
၇၊ ၈။ (က) ပညာရေးကို မည်သို့အသုံးပြုသင့်သနည်း။ (ခ) မျှတမှုရှိသော ပညာရေး၏ ရည်သန်ချက်လေးချက်ကား အဘယ်နည်း။
၇ ကျွန်ုပ်တို့သည် ယေရှုထံတော်မှ အဆိုပါအဖိုးတန်သင်ခန်းစာကို ရရှိသည်– ပညာရေးကို ကိုယ့်ဂုဏ်ချီးမြှောက်ဖို့အတွက်မသုံးသင့်ဘဲ ယေဟောဝါကိုချီးမွမ်းရန် အသုံးပြုသင့်သည်။ ပညာရေးကိုအသုံးချရန် ယင်းထက်သာ၍ကောင်းသောနည်းမရှိပါ။ သို့ဆိုလျှင် သင်သည် ယေဟောဝါရှင်ကို ချီးမွမ်းရန် ပညာရေးကို မည်သို့အသုံးပြုနိုင်သနည်း။
၈ ပညာသင်ကြားခြင်းမည်သည် “အထူးသဖြင့် အတတ်ပညာကျွမ်းကျင်မှု၊ ကူးသန်းရောင်းဝယ်မှု သို့မဟုတ် အသက်မွေးဝမ်းကျောင်းမှုတို့တွင် နည်းစနစ်ကျကျသွန်သင်ခြင်းနှင့် ကြပ်ကြပ်မတ်မတ်ရှိသော လက်တွေ့လုပ်ရပ်တို့ဖြင့် လေ့ကျင့်ပေးခြင်း” ဟူ၍ အဓိပ္ပာယ်ရှိသည်။ ယခု မျှတမှုရှိသောပညာရေးနှင့်ပတ်သက်သည့် အခြေခံရည်သန်ချက်လေးချက်နှင့် ယင်းအချက်တစ်ခုစီကို ယေဟောဝါရှင်အားချီးမွမ်းရန် မည်သို့အသုံးပြုနိုင်ပုံကို သုံးသပ်ကြစို့။ မျှတမှုရှိသော ပညာရေးသည် ကျွန်ုပ်တို့ကို (၁) ကောင်းကောင်းဖတ်တတ်ရန်၊ (၂) ပီပီပြင်ပြင်ရေးတတ်ရန်၊ (၃) စိတ်ပိုင်းနှင့် စာရိတ္တပိုင်းတိုးတက်ဖွံ့ဖြိုးရန်နှင့် (၄) နေ့စဉ်ရက်ဆက်အသက်ရှင်နေထိုင်ရေးအတွက် လိုအပ်သည့်လက်တွေ့ကျလေ့ကျင့်မှု ရရှိထားရန် အထောက်အကူပေးသင့်သည်။
ကောင်းကောင်းဖတ်တတ်ရန် သင်ယူခြင်း
၉။ စာဖတ်ကောင်းသူတစ်ယောက်ဖြစ်ရန် အဘယ်ကြောင့် အရေးကြီးသနည်း။
၉ စာရင်းပါဦးဆုံးတစ်ခုကား ကောင်းကောင်းဖတ်တတ်ရန် သင်ယူခြင်း ဖြစ်သည်။ စာဖတ်ကောင်းသူတစ်ယောက်ဖြစ်ဖို့ အဘယ်ကြောင့်ဤမျှအရေးကြီးရသနည်း။ ကမ္ဘာ့စာအုပ်စွယ်စုံကျမ်းက ဤသို့ရှင်းပြသည်– “ဖတ်ရှုခြင်းသည် သင်ယူခြင်း၏အခြေခံဖြစ်ပြီး နေ့စဉ်အသက်တာတွင် အရေးအကြီးဆုံးသော အရည်အသွေးများအဝင်ဖြစ်သည်။ . . . ကြီးပွားထွန်းကားသော လူ့အဖွဲ့အစည်းတစ်ခုဖန်တီးပေးရေးကို ပံ့ပိုးကူမပေးသူများထဲတွင် စာဖတ်အရည်အသွေးကောင်းသူများလည်း ပါဝင်သည်။ တစ်ချိန်တည်းတွင် သူတို့ကိုယ်တိုင် ပြည့်စုံကုံလုံသော၊ သာ၍ကျေနပ်ဖွယ်ဖြစ်သော အသက်တာကို ခံစားရသည်။”
၁၀။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ဖတ်ရှုခြင်းသည် ပြည့်စုံကုံလုံသော၊ သာ၍ကျေနပ်ဖွယ်ဖြစ်သော အသက်တာခံစားရရန် ကျွန်ုပ်တို့ကို မည်သို့ထောက်ကူသနည်း။
၁၀ သာမန်ဖတ်ရှုခြင်းပင်လျှင် ကျွန်ုပ်တို့အား “ပြည့်စုံကုံလုံသော၊ သာ၍ကျေနပ်ဖွယ်ဖြစ်သော အသက်တာ” ကိုခံစားရန် ထောက်ကူနိုင်သည်ဆိုလျှင် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို မှန်မှန်ကန်ကန်ဖတ်ရှုခြင်းသည် မည်မျှပို၍အကျိုးရှိလိုက်မည်ဖြစ်ခြင်း! ဤကဲ့သို့ဖတ်ရှုခြင်းမျိုးက ယေဟောဝါရှင်၏သဘောထားများနှင့် ရည်ရွယ်တော်မူချက်များကို ကျွန်ုပ်တို့၏ စိတ်နှင့်နှလုံးတို့အား လှစ်ဟပြပြီး ယင်းတို့သည် ကျွန်ုပ်တို့အသက်တာအတွက် ရည်စူးချက်များကို ရှင်းရှင်းလင်းလင်းနားလည်စေသည်။ ထို့အပြင် “ဘုရားသခင့်နှုတ်ကပါဌ်တော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင် . . . တတ်၏” ဟု ဟေဗြဲ ၄:၁၂ ကဆိုသည်။ ကျွန်ုပ်တို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုဖတ်ရှုပြီး ယင်းကိုစဉ်းစားဆင်ခြင်သည်နှင့်အမျှ ယင်း၏အာဘော်ရှင်ထံသို့ ဆွဲဆောင်ခံရပြီး ကိုယ်တော်ကို ပို၍နှစ်သက်စေသူဖြစ်လာရန် မိမိတို့၏အသက်ရှင်နေထိုင်ပုံကို အပြောင်းအလဲများလုပ်ဖို့ လှုံ့ဆော်ခံရသည်။ (ဂလာတိ ၅:၂၂၊ ၂၃; ဧဖက် ၄:၂၂-၂၄) ကျွန်ုပ်တို့သည် မိမိတို့ဖတ်ရှုခဲ့သည့် အဖိုးတန်သမ္မာတရားတို့ကို အခြားသူများအား ဝေမျှရန်လည်း စေ့ဆော်တိုက်တွန်းခြင်းခံရသည်။ ဤအရာရှိရှိသမျှသည် မဟာပညာပေးရှင် ယေဟောဝါဘုရားသခင်အား ချီးမွမ်းမှုကို ဖြစ်စေသည်။ ကျွန်ုပ်တို့၏စာဖတ်ခြင်းစွမ်းရည်ကို အသုံးပြုရန် ယင်းထက်သာ၍ကောင်းသောနည်းမရှိသည်မှာ မြေကြီးလက်ခတ်မလွဲပင်!
၁၁။ မျှတမှုရှိသော ကိုယ်ပိုင်လေ့လာမှုအစီအစဉ်တွင် မည်သည့်အရာကို ထည့်သွင်းသင့်သနည်း။
၁၁ စာဖတ်ခြင်းသည် မိမိတို့၏ခရစ်ယာန်အသက်တာတွင် အရေးကြီးသောကဏ္ဍမှပါဝင်ရကား ကျွန်ုပ်တို့ကြီးငယ်မဟူသည် ကောင်းကောင်းဖတ်တတ်ရန် တိုက်တွန်းအားပေးခံရကြသည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို မှန်မှန်ဖတ်ရှုခြင်းအပြင် ကိုယ်ပိုင်လေ့လာမှုနှင့်ပတ်သက်၍ မျှတမှုရှိသော အစီအစဉ်တွင် ကျမ်းစာကိုနေ့တိုင်းအစဉ်စေ့စေ့ကြည့်ရှုခြင်း စာအုပ်မှ ကျမ်းချက်ကို သုံးသပ်ခြင်း၊ ကင်းမျှော်စင်နှင့် နိုးလော့! တို့ကို အစအဆုံးဖတ်ခြင်းနှင့် ခရစ်ယာန်အစည်းအဝေးများအတွက် ပြင်ဆင်ခြင်းတို့ပါဝင်မည်။ ထို့အပြင် ခရစ်ယာန်ဓမ္မအမှုနှင့် ပတ်သက်၍ကော။ လူသိရှင်ကြားဟောပြောခြင်း၊ စိတ်ဝင်စားသူများထံ ပြန်လည်ပတ်မှုများလုပ်ခြင်းနှင့် အိမ်တွင်းကျမ်းစာသင်အံမှုများကျင်းပခြင်းအားလုံးတို့သည် စာဖတ်စွမ်းရည်ကောင်း လိုအပ်ကြောင်းသိသာပါသည်။
ပီပီပြင်ပြင်ရေးတတ်ရန် သင်ယူခြင်း
၁၂။ (က) ပီပီပြင်ပြင်ရေးတတ်ဖို့ သင်ယူရန် အဘယ်ကြောင့်အရေးကြီးသနည်း။ (ခ) ပြုစုခဲ့ဖူးသမျှတွင် အကြီးမားဆုံးရေးသားချက်ကား အဘယ်နည်း။
၁၂ ဒုတိယရည်သန်ချက်မှာ မျှတမှုရှိသော ပညာရေးသည် ပီပီပြင်ပြင်ရေးတတ်ရန် သင်ယူဖို့ထောက်ကူပေးခြင်းဖြစ်သည်။ ရေးသားချက်များသည် ကျွန်ုပ်တို့၏စကားများနှင့် တွေးတောကြံဆမှုများကို အခြားသူများအား သိရှိစေရုံသာမက ယင်းတို့ကိုထိန်းသိမ်းထားပေးသည်။ နှစ်ရာစုပေါင်းများစွာအလွန်က ဂျူး ၄၀ ခန့်တို့သည် မှုတ်သွင်းခံကျမ်းစာဖြစ်လာသည့် နှုတ်ကပါဌ်စကားများကို စက္ကူပုရပိုက်နှင့် သားရေပုရပိုက်ပေါ်တွင် ရေးမှတ်ခဲ့ကြသည်။ (၂ တိမောသေ ၃:၁၆) ယင်းသည် ပြုစုခဲ့သမျှတွင် အကြီးကျယ်ဆုံးရေးသားချက်ဖြစ်သည်မှာ မြေကြီးလက်ခတ်မလွဲပင်! ယေဟောဝါရှင်သည် ဤမြင့်မြတ်သန့်ရှင်းသော နှုတ်ကပါဌ်စကားများ ကျွန်ုပ်တို့ထံ စိတ်ချရသည့်ပုံစံဖြင့်ရောက်ရှိခဲ့ရန် ယင်းတို့ကို နှစ်ရာစုများတစ်လျှောက် အထပ်ထပ်အပြန်ပြန်ကူးယူခြင်းကို ထိန်းကျောင်းပေးခဲ့သည်မှာ သံသယဖြစ်စရာမရှိပါ။ ယေဟောဝါရှင်သည် မိမိနှုတ်ကပါဌ်စကားများ နှုတ်စကားဖြင့်ပျံ့နှံ့စေခြင်းကို အမှီပြုမည့်အစား ရေးသားရန်ခွင့်ပြုခဲ့ခြင်းအတွက် ကျွန်ုပ်တို့ကျေးဇူးမတင်ကြပေလော။—ထွက်မြောက်ရာ ၃၄:၂၇၊ ၂၈ နှိုင်းယှဉ်။
၁၃။ ဣသရေလလူများသည် ရေးသားနည်းကိုသိကြောင်း အဘယ်အရာက ဖော်ပြသနည်း။
၁၃ ရှေးခေတ်က မက်ဆိုပိုတေးမီးယားနှင့် အီဂျစ်တို့တွင်ရှိ ကျမ်းတတ်များကဲ့သို့သော အခွင့်ထူးခံလူတန်းစားတချို့သာ စာတတ်ကြသည်။ ပါစင်အောင်ကွဲလွဲချက်အနေနှင့် ဣသရေလနိုင်ငံရှိသူယောက်တိုင်းသည် စာတတ်ရန် တွန်းအားပေးခံရကြသည်။ ဣသရေလလူမျိုးသည် မိမိတို့၏တံခါးတိုင်တို့တွင် ရေးသားထားရန်အတွက်ဖြစ်သည့် တရားဟောရာ ၆:၈၊ ၉ ပါအမိန့်တော်မှာ တင်စားချက်ဖြစ်ကြောင်း ထင်ရှားသော်လည်း ရေးသားနည်းကို သူတို့သိကြောင်း ဖော်ပြသည်။ ငယ်ငယ်လေးကတည်းက သားသမီးများအား ရေးသားနည်းကို သင်ကြားပေးခဲ့ကြသည်။ ရှေးအကျဆုံးသောဟေဗြဲအရေးအသား နမူနာများထဲမှတစ်ခုဖြစ်သည့် ဂီဇာပြက္ခဒိန်ကို ကျောင်းသားလေးများ၏ မှတ်ဉာဏ်လေ့ကျင့်ခန်းတစ်ခုဖြစ်သည်ဟု ကျမ်းပညာရှင်တချို့ ယူမှတ်ထားသည်။
၁၄၊ ၁၅။ စာရေးခြင်းစွမ်းရည်ကို အပြုသဘောနှင့် အကျိုးရှိရှိအသုံးပြုနည်းတချို့ကား အဘယ်နည်း။
၁၄ သို့သော် ကျွန်ုပ်တို့သည် စာရေးခြင်းစွမ်းရည်ကို အပြုသဘောနှင့် အကျိုးရှိရှိနည်းဖြင့် မည်သို့သုံးနိုင်သနည်း။ ခရစ်ယာန်အစည်းအဝေးများ၊ စည်းဝေးများနှင့် စည်းဝေးကြီးများတွင် မှတ်ချက်ယူခြင်းအားဖြင့်ဖြစ်ကြောင်း သိသာပါသည်။ စာတစ်စောင်ကို “စာအနည်းငယ်ဖြင့်” သာရေးသားထားလျှင်ပင် ဖျားနာနေသူတစ်ယောက်ကို အားတက်လာစေနိုင်သည် သို့မဟုတ် ကျွန်ုပ်တို့အား ကြင်နာမှုတင်ပြသော သို့မဟုတ် ဧည့်ဝတ်ပြုသော ဝိညာဏညီအစ်ကိုတစ်ဦး သို့မဟုတ် ညီအစ်မတစ်ဦးကို ကျေးဇူးတင်ကြောင်း ဖော်ပြနိုင်သည်။ (၁ ပေတရု ၅:၁၂၊ သမ) အသင်းတော်တွင်ရှိသူတစ်ဦးသည် ချစ်မြတ်နိုးရသူတစ်ဦးသေဆုံးသွားပါက စာတိုတိုလေး သို့မဟုတ် ကတ်လေးက ကျွန်ုပ်တို့ကိုယ်စား “အားပေး” စကားပြောပေးနိုင်သည်။ (၁ သက်သာလောနိတ် ၅:၁၄) ကင်ဆာဝေဒနာသည်မိခင် ဆုံးပါးသွားသည့် ညီအစ်မတစ်ဦးက ဤသို့ရှင်းပြသည်– “မိတ်ဆွေတစ်ဦး ကျွန်မဆီကို အင်မတန်စိတ်ချမ်းမြေ့ဖွယ်ကောင်းတဲ့စာတစ်စောင် ရေးခဲ့ပါတယ်။ အဲဒီစာကို ကျွန်မထပ်ခါထပ်ခါဖတ်နိုင်တဲ့အတွက်ကြောင့် တကယ့်ကိုအကူအညီဖြစ်ခဲ့ပါတယ်။”
၁၅ ယေဟောဝါရှင်ကို ချီးမွမ်းရန် စာရေးခြင်းအရည်အသွေးကိုအသုံးပြုသည့် အလွန်ကောင်းသောနည်းမှာ ဘုရားသခင့်နိုင်ငံတော်သက်သေခံချက်တစ်ခုကို စာရေးပေးပို့ခြင်းအားဖြင့် ဖြစ်သည်။ အလွန်ခေါင်သည့်ဒေသတွင်နေထိုင်သည့် စိတ်ဝင်စားသူလူသစ်များနှင့် ဆက်သွယ်ရာတွင် ရေးသားရန်လိုအပ်ကောင်း လိုအပ်ပေမည်။ တစ်ခါတစ်ရံ၌ ဖျားနာမှုက တစ်အိမ်မှတစ်အိမ်သွားရန် အခိုက်အတန့်အားဖြင့် သင့်အားအခက်တွေ့စေပေမည်။ ထိုအခါ စာတစ်စောင်က လူများအား သာမန်သင်ပြောဆိုမည့်စကားကို စာရေးခြင်းဖြင့် ပြောနိုင်ကောင်းသည်။
၁၆၊ ၁၇။ (က) ဘုရားသခင့်နိုင်ငံတော်သက်သေခံရန် စာတစ်စောင်ရေးသားခြင်း၏တန်ဖိုးကို အဘယ်တွေ့ကြုံမှုက ဖော်ပြသနည်း။ (ခ) အလားတူတွေ့ကြုံမှုတစ်ခုကို သင်ပြောပြနိုင်ပါသလော။
၁၆ တွေ့ကြုံမှုတစ်ခုကို သုံးသပ်ကြည့်ပါ။ လွန်ခဲ့သည့်နှစ်များစွာက သက်သေခံတစ်ဦးသည် ဒေသခံသတင်းစာကြော်ငြာတွင်ပါလာသည့် သွားလေသူတစ်ဦး၏ မုဆိုးမထံ ဘုရားသခင့်နိုင်ငံတော်သက်သေခံချက်တစ်ခုပါ စာတစ်စောင်ကို ရေးသားပေးပို့ခဲ့သည်။ ပြန်စာမရခဲ့ပါ။ သို့နှင့် ၂၁ နှစ်ကြာပြီးနောက် ၁၉၉၄၊ နိုဝင်ဘာလတွင် ထိုအမျိုးသမီး၏သမီးထံမှ စာတစ်စောင်ကို ဤသက်သေခံလက်ခံရရှိခဲ့သည်။ သမီးဖြစ်သူ ဤသို့ရေးခဲ့သည်–
၁၇ “၁၉၇၃၊ ဧပြီလက၊ အဖေဆုံးပြီးတဲ့နောက် ကျွန်မအမေဆီကို နှစ်သိမ့်စာ ရှင်ရေးခဲ့တယ်နော်။ အဲ့ဒီတုန်းက ကျွန်မက ကိုးနှစ်သမီးပဲရှိသေးတာ။ ကျွန်မအမေဟာ ကျမ်းစာလေ့လာခဲ့ပေမဲ့ အခုအချိန်အထိ ယေဟောဝါရဲ့အမှုတော်ဆောင်တစ်ယောက် ဖြစ်မလာဘူး။ ဒါပေမဲ့ အမေ့ရဲ့လေ့လာမှုကနေ နောက်ဆုံးမှာ ကျွန်မကို သမ္မာတရားနဲ့ဆက်သွယ်မိစေပါတယ်။ ၁၉၈၈ ခုနှစ်မှာ ကျွန်မ ကျမ်းစာစပြီးလေ့လာခဲ့တယ်—ရှင့်ဆီကစာရပြီး ၁၅ နှစ်အကြာမှာပေါ့။ ၁၉၉၀ ပြည့်နှစ် မတ်လ ၉ ရက်နေ့မှာ ကျွန်မနှစ်ခြင်းခံခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်များစွာက ရှင်ပို့လိုက်တဲ့စာကြောင့် ကျွန်မသိပ်ပြီးကျေးဇူးတင်တယ်ရှင့်။ နောက်ပြီး ရှင်ကြဲခဲ့တဲ့အဲ့ဒီမျိုးစေ့တွေဟာ ယေဟောဝါရဲ့ကူညီမှုနဲ့အတူ ရှင်သန်ကြီးထွားနေပြီဆိုတာ ရှင့်ကိုအသိပေးလိုက်ရလို့ ကျွန်မသိပ်ဝမ်းသာတယ်။ အမေက ရှင့်ရဲ့စာကို သိမ်းထားဖို့ ကျွန်မကိုပေးခဲ့တယ်။ ပြီးတော့လေ ရှင်ဟာဘယ်သူလဲဆိုတာ သိချင်လိုက်တာ။ ဒီစာဟာ ရှင့်ဆီရောက်မယ်လို့ ကျွန်မတပ်အပ်မျှော်လင့်ပါတယ်။” သမီးဖြစ်သူ၏လိပ်စာနှင့် ဖုန်းနံပါတ်ပါသော သူမ၏စာသည် လွန်ခဲ့သည်နှစ်များစွာက စာရေးသားခဲ့ဖူးသည့် ထိုသက်သေခံထံ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ခဲ့သည်။ ဤသက်သေခံ—အခြားသူများအား နိုင်ငံတော်မျှော်လင့်ချက်ကို စာရေးကာဝေမျှနေဆဲဖြစ်သူထံမှ ဖုန်းဆက်လိုက်သောအချိန်ဝယ် ဤမိန်းမငယ်လေး၏အံ့အားသင့်မှုကို စဉ်းစားသာကြည့်ပါလေ!
စိတ်ပိုင်း၊ စာရိတ္တပိုင်းနှင့် ဝိညာဉ်ရေးဆိုင်ရာဖွံ့ဖြိုးခြင်း
၁၈။ ကျမ်းစာခေတ်တွင် မိမိတို့သားသမီးများ၏ စိတ်ပိုင်းနှင့် စာရိတ္တပိုင်းကို မိဘများ မည်သို့ဂရုစိုက်ခဲ့ကြသနည်း။
၁၈ တတိယရည်သန်ချက်မှာ မျှတမှုရှိသော ပညာရေးသည် စိတ်ပိုင်းနှင့် စာရိတ္တပိုင်းဖွံ့ဖြိုးရန် ကျွန်ုပ်တို့အား အထောက်အကူပြုသင့်သည်။ ကျမ်းစာခေတ်တွင် သားသမီးများ၏ စိတ်ပိုင်းနှင့် စာရိတ္တပိုင်းဆိုင်ရာ ပညာပေးခြင်းကို မိဘများ၏အဓိကတာဝန်တစ်ခုအဖြစ် အလေးအနက်ထားကြသည်။ သားသမီးများသည် အရေးအဖတ်နည်းများကို သွန်သင်ပေးခံရသည်သာမကဘဲ ပို၍အရေးကြီးသည်မှာ သူတို့အသက်တာ၏လှုပ်ရှားဆောင်ရွက်မှုမှန်သမျှနှင့် ပတ်သက်နေသည့် ဘုရားသခင့်ပညတ်တော်ကို သင်ကြားခံကြရသည်။ ထို့ကြောင့် ပညာရေးတွင် သူတို့၏ဘာသာတရားဝတ်များ၊ အိမ်ထောင်စီမံအုပ်ချုပ်ရေး၊ မိသားစုဆက်ဆံရေးနှင့် လိင်စာရိတ္တရေးဆိုင်ရာမူများအပြင် လူသားအချင်းချင်းအပေါ်ဝတ္တရားများ ပါဝင်သည်။ ဤကဲ့သို့သောပညာရေးသည် သူတို့အား စိတ်ဓာတ်ရေးနှင့် စာရိတ္တရေးသာမက ဝိညာဉ်ရေးဆိုင်ရာပါ ဖွံ့ဖြိုးရန် ထောက်ကူသည်။—တရားဟောရာ ၆:၄-၉၊ ၂၀၊ ၂၁; ၁၁:၁၈-၂၁။
၁၉။ ကျွန်ုပ်တို့သည် အကောင်းဆုံးစာရိတ္တစံနှုန်းအတိုင်း အသက်ရှင်နေထိုင်မှုနှင့် ဝိညာဉ်ရေးဖွံ့ဖြိုးရန် ထောက်ကူသည့် ပညာရေးကို မည်သည့်နေရာတွင် တွေ့နိုင်သနည်း။
၁၉ ယနေ့ကော အသို့နည်း။ လောကီပညာရေးကောင်းသည် အရေးပါသည်။ ယင်းသည် စိတ်ဓာတ်ရေးဆိုင်ရာ ဖွံ့ဖြိုးရန် ကျွန်ုပ်တို့အားထောက်ကူသည်။ သို့သော် အကောင်းဆုံးစာရိတ္တစံနှုန်းဖြင့် အသက်ရှင်နေထိုင်မှုကို ပြသမည့်၊ ဝိညာဉ်ရေးအရဖွံ့ဖြိုးရန် ထောက်ကူမည့် ပညာရေးကို ကျွန်ုပ်တို့ အဘယ်နေရာတွင် မျှော်ကိုးနိုင်သနည်း။ ခရစ်ယာန်အသင်းတော်အတွင်း ကျွန်ုပ်တို့သည် ဤကမ္ဘာပေါ်အဘယ်နေရာ၌မျှမရရှိနိုင်သည့် သီအိုကရက်တစ်ပညာရေးအစီအစဉ်တစ်ခုတွင် ပါဝင်ခွင့်ရှိသည်။ ကျမ်းစာနှင့် ကျမ်းစာအခြေပြုစာပေစာတမ်းများကို ကျွန်ုပ်တို့ကိုယ်ပိုင်လေ့လာခြင်းအားဖြင့်အပြင် အသင်းတော်အစည်းအဝေးများ၊ စည်းဝေးများနှင့် စည်းဝေးကြီးများကဲ့သို့သော စည်းဝေးတစ်ခုခုတွင် ကျွန်ုပ်တို့အားစီစဉ်ပေးထားသည့် သွန်သင်ချက်အားဖြင့် ကျွန်ုပ်တို့သည် ဤတန်ဖိုးမဖြတ်နိုင်သည့် မပြတ်လာနေသော ပညာရေး—မြင့်မြတ်သောပညာရေး—ကို ငွေကုန်ကြေးကျမရှိဘဲ ရရှိနိုင်သည်! ယင်းက ကျွန်ုပ်တို့အား မည်သည့်အရာသွန်သင်ပေးသနည်း။
၂၀။ မြင့်မြတ်သောပညာရေးက ကျွန်ုပ်တို့ကို အဘယ်အရာသွန်သင်ပေးပြီး ယင်းမှ အဘယ်အကျိုးများ ရရှိသနည်း။
၂၀ ကျွန်ုပ်တို့သည် ကျမ်းစာကိုစတင်လေ့လာသောအခါတွင် ကျမ်းစာအခြေခံသွန်သင်ချက်များဖြစ်သော ‘အခြေခံအယူဝါဒများ’ ကို သင်ယူကြသည်။ (ဟေဗြဲ ၆:၁) ကျွန်ုပ်တို့အနေနှင့် ဆက်လက်ပြီး “ကြေခဲသောအစာ” ကို စားသုံးကြသည်—ယင်းကား သာ၍နက်နဲသော သမ္မာတရားများဖြစ်သည်။ (ဟေဗြဲ ၅:၁၄) သို့ရာတွင် ယင်းထက်ပိုသည်ကား ကျွန်ုပ်တို့ကို ဘုရားသခင်က နေစေလိုသည့်အတိုင်း အသက်ရှင်နေထိုင်နည်းကို သွန်သင်ပေးသည့် ဘုရားရေးရာမူများကို ကျွန်ုပ်တို့သင်ယူကြသည်။ ဥပမာ၊ ကျွန်ုပ်တို့သည် ‘ကိုယ်ခန္ဓာကိုညစ်ညမ်းစေ’ သည့် အလေ့များနှင့် အကျင့်အကြံများကို ရှောင်ရန်၊ အာဏာပိုင်၊ လူပုဂ္ဂိုလ်နှင့် အခြားသူများ၏ပိုင်ဆိုင်ရာတို့ကို လေးစားတန်ဖိုးထားရန် သင်ယူကြသည်။ (၂ ကောရိန္သု ၇:၁; တိတု ၃:၁၊ ၂; ဟေဗြဲ ၁၃:၄) ထို့အပြင် ကျွန်ုပ်တို့သည် မိမိတို့အလုပ်ခွင်တွင် ရိုးသားခြင်းနှင့် ဝီရိယစိုက်ခြင်း၏အရေးကြီးမှုနှင့် လိင်စာရိတ္တရေးတွင် ကျမ်းစာပညတ်ချက်အတိုင်း နေထိုင်ခြင်း၏စံနှုန်းတို့ကို တန်ဖိုးထားလာကြသည်။ (၁ ကောရိန္သု ၆:၉၊ ၁၀; ဧဖက် ၄:၂၈) ကျွန်ုပ်တို့၏အသက်တာ၌ ဤမူများကို တဖြည်းဖြည်းတိုး၍ လက်တွေ့ကျင့်သုံးသည်နှင့်အမျှ ဝိညာဉ်ရေးအရ ငွားငွားစွင့်စွင့်ဖြစ်လာပြီး ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးသည် သာ၍နက်ရှိုင်းလာသည်။ ထို့အပြင် ကျွန်ုပ်တို့၏ဘုရားရေးရာအကျင့်အကြံက ကျွန်ုပ်တို့အဘယ်အရပ်တွင်နေပါစေ ပြည်သားကောင်းများဖြစ်စေသည်။ ယင်းက အခြားသူများ ဤမြင့်မြတ်သောပညာရေး၏ပင်ရင်း—ယေဟောဝါဘုရားသခင်ကို ချီးမွမ်းဂုဏ်တင်ရန် လှုံ့ဆော်ပေမည်။—၁ ပေတရု ၂:၁၂။
နေ့စဉ်ရက်ဆက်အသက်ရှင်နေထိုင်ရေးအတွက် လိုအပ်သည့်လက်တွေ့ကျလေ့ကျင့်မှု
၂၁။ ကျမ်းစာခေတ်တွင် သားသမီးများသည် အဘယ်လက်တွေ့ကျလေ့ကျင့်မှုကို လက်ခံရရှိကြသနည်း။
၂၁ မျှတမှုရှိသော ပညာရေး၏စတုတ္ထရည်သန်ချက်ကား နေ့စဉ်ရက်ဆက်အသက်ရှင်နေထိုင်ရေးအတွက် လိုအပ်သည့်လက်တွေ့ကျလေ့ကျင့်မှုနှင့် လူတစ်ဦးကို ပြင်ဆင်ပေးရန် ဖြစ်သည်။ ကျမ်းစာခေတ်က မိဘများဦးစီးသောပညာရေးတွင် လက်တွေ့လေ့ကျင့်မှုပါဝင်သည်။ မိန်းကလေးများသည် အိမ်ဝေယျာဝစ္စကျွမ်းကျင်မှုများကို သင်ကြားကြရသည်။ နယပုံပြင်ကျမ်း၏နောက်ဆုံးအခန်းကြီးက ယင်းတို့သည် များပြားပြီး အမျိုးမျိုးအမည်မည်ရှိကြောင်း ပြသသည်။ ထို့ကြောင့် မိန်းကလေးများသည် ဗိုင်းငင်ခြင်း၊ ရက်ကန်းရက်ခြင်း၊ ချက်ပြုပ်ခြင်း၊ အိမ်ဗာဟီရစီစဉ်ခြင်း၊ ရောင်းရေးဝယ်ရေးနှင့် အိမ်ယာမြေအပြောင်းအလွှဲစာချုပ်စာတမ်းများကို လုပ်ဆောင်နိုင်စွမ်းရှိသူများ ဖြစ်လာသည်။ ယောက်ျားလေးများသည် ဖခင်၏လောကီလုပ်ငန်းကိုင်ငန်းနှင့် စိုက်ပျိုးရေး သို့မဟုတ် အချို့သောအရောင်းအဝယ် သို့မဟုတ် လက်မှုအတတ်ပညာတချို့ကို သင်ကြားကြရလေ့ရှိသည်။ ယေရှုသည် မိမိမွေးစားဖခင် ယောသပ်ထံမှ လက်သမားအတတ်ကို သင်ယူခဲ့သည်; ထို့ကြောင့်ပင် သူ့အား “လက်သမားသား” ဟုသာမက “လက်သမား” ဟုပင် ခေါ်ခဲ့သည်။—မဿဲ ၁၃:၅၅; မာကု ၆:၃။
၂၂၊ ၂၃။ (က) ပညာရေးကို သားသမီးများအား အဘယ်အတွက် ပြင်ဆင်ပေးသင့်သနည်း။ (ခ) လိုအပ်ပုံရှိသောအခါ၌ ထပ်ဆင့်ပညာရေးကို ရွေးချယ်ရာတွင် ကျွန်ုပ်တို့၏ရည်ရွယ်ချက်သည် အဘယ်အရာဖြစ်သင့်သနည်း။
၂၂ ယနေ့လည်း မျှတမှုကောင်းရှိသော ပညာရေးတွင် တစ်နေ့သောအခါ မိသားစု၏လိုအပ်ချက်ကို ပြုစုဖြည့်ဆည်းပေးရန် ပြင်ဆင်ချက်ပါဝင်သည်။ ၁ တိမောသေ ၅:၈ တွင်တွေ့ရသည့် ပေါလု၏စကားက မိမိ၏မိသားစုကို ပြုစုကျွေးမွေးခြင်းသည် မြင့်မြတ်သောတာဝန်တစ်ခုဖြစ်ကြောင်း ဖော်ပြသည်။ သူဤသို့ရေးသားခဲ့သည်– “မိမိလူတို့ကိုမပြုစု ထိုမျှမက မိမိအိမ်သူအိမ်သားတို့ကို မပြုစုသောသူမည်သည်ကား ယုံကြည်ခြင်းတရားကို ငြင်းပယ်၏။ မယုံကြည်ဖူးသောသူထက် သာ၍ယုတ်မာ၏။” ထို့နောက် ပညာရေးသည် သားသမီးများ သူတို့၏ဘဝတွင် ထမ်းရွက်ရမည့်တာဝန်များအတွက်အပြင် အလုပ်ကြိုးစားသော ရပ်ကွက်သူရပ်ကွက်သားများဖြစ်လာဖို့အရေး တပ်ဆင်ပေးလိုက်သည့်နှယ် ပြင်ဆင်ပေးသင့်သည်။
၂၃ ကျွန်ုပ်တို့သည် လောကီပညာရေးကို မည်မျှအထိလိုက်စားသင့်သနည်း။ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကွာခြားပေမည်။ ဈေးကွက်ဝင်လုပ်ငန်းတစ်ခုသည် ဥပဒေကတောင်းဆိုထားသော အနိမ့်ဆုံးပညာရေးတွင် ထပ်ဆင့်လေ့ကျင့်မှုလိုအပ်ပါက ထပ်ဆင့်ပညာရေး သို့မဟုတ် လေ့ကျင့်မှုနှင့်ပတ်သက်၍ မိမိတို့၏သားသမီးများဆုံးဖြတ်ချက်ချရန် လမ်းညွှန်ပေးဖို့အတွက် မိဘများပေါ်တွင်မူတည်ပြီး ရရှိနိုင်သည့်အကျိုးကျေးဇူးများနှင့် ဤကဲ့သို့သောထပ်ဆင့်လေ့လာမှုများမှ အကျိုးယုတ်စေသည့်အရာများကို ချင့်ချိန်တွက်ဆပါ။ သို့သော် လိုအပ်ပုံရှိသောအခါ ထပ်ဆင့်ပညာရေးကို ရွေးချယ်ရာတွင် လူတစ်ဦး၏ရည်ရွယ်ရင်းသည် အဘယ်အရာဖြစ်သင့်သနည်း။ ကြွယ်ဝချမ်းသာဖို့သော်လည်းကောင်း၊ ကိုယ့်ကိုယ်ကို ဂုဏ်တင်ချီးမွမ်းဖို့သော်လည်းကောင်း မဟုတ်သည်မှာ သေချာသည်။ (သု. ၁၅:၂၅; ၁ တိမောသေ ၆:၁၇) ယေရှု၏နမူနာမှ ကျွန်ုပ်တို့တတ်သိလာသည့် ဤသင်ခန်းစာကို သတိရပါ– ပညာရေးကို ယေဟောဝါရှင်အားချီးမွမ်းရန် အသုံးပြုသင့်သည်။ ထပ်ဆင့်ပညာရေးကို ကျွန်ုပ်တို့ရွေးချယ်မည်ဆိုက ကျွန်ုပ်တို့၏စိတ်လှုံ့ဆော်မှုသည် ခရစ်ယာန်ဓမ္မအမှုဆောင်ရာတွင် ယေဟောဝါရှင်ထံ အတတ်နိုင်ဆုံးအမှုဆောင်နိုင်ရန် မိမိတို့ကိုယ်ကို အပြည့်အဝထောက်ပံ့ဖို့ ဆန္ဒဖြစ်သင့်သည်။—ကောလောသဲ ၃:၂၃၊ ၂၄။
၂၄။ ကျွန်ုပ်တို့မည်သည့်အခါမျှမမေ့သင့်သော အဘယ်သင်ခန်းစာကို ယေရှုထံတော်မှ တတ်သိလာခဲ့သနည်း။
၂၄ ထို့ကြောင့် မျှတမှုရှိသော လောကီပညာရေးကို ရယူဖို့အားထုတ်ရာတွင် ဝီရိယစိုက်ထုတ်ကြစို့။ ယေဟောဝါ၏အဖွဲ့အစည်းအတွင်း စီစဉ်ပေးထားသည့် အဆက်မပြတ်လာသော မြင့်မြတ်သောပညာရေးအစီအစဉ်မှ အခွင့်အရေးအပြည့်အဝယူဆောင်နိုင်ပါစေ။ ထို့အပြင် ဤကမ္ဘာပေါ် လျှောက်လှမ်းဖူးခဲ့သမျှတွင် ပညာအတတ်ဆုံးလူသားဖြစ်သူ ယေရှုခရစ်ထံမှ ကျွန်ုပ်တို့တတ်သိလာသည့် အဖိုးတန်သင်ခန်းစာကို မမေ့ကြဖို့ပင်—ပညာရေးကို မိမိတို့ကိုယ်ကို ချီးမြှောက်ဂုဏ်တင်ရန်မဟုတ်ဘဲ ရှိရှိသမျှတို့၏ အကြီးမြတ်ဆုံးပညာပေးရှင်ဖြစ်တော်မူသော ယေဟောဝါဘုရားသခင်ကို ချီးမွမ်းကြရန်တည်း!
သင့်အဖြေကား အဘယ်နည်း
◻ ယေရှုသည် မိမိ၏ပညာရေးကို မည်သို့အသုံးပြုခဲ့သနည်း။
◻ ကောင်းကောင်းဖတ်တတ်ဖို့ သင်ယူရန် အဘယ်ကြောင့်အရေးကြီးသနည်း။
◻ ကျွန်ုပ်တို့သည် စာရေးခြင်းအရည်အသွေးကို ယေဟောဝါအားချီးမွမ်းရန် မည်သို့အသုံးပြုနိုင်မည်နည်း။
◻ မြင့်မြတ်သောပညာရေးက ကျွန်ုပ်တို့အား စာရိတ္တရေးနှင့် ဝိညာဉ်ရေးနှစ်တန်စလုံးဖွံ့ဖြိုးရန် မည်သို့ထောက်ကူသနည်း။
◻ မျှတမှုရှိသောပညာရေးတွင် အဘယ်လက်တွေ့ကျလေ့ကျင့်ပေးမှု ပါဝင်သင့်သနည်း။
[စာမျက်နှာ ၁၃ ပါ လေးထောင့်ကွက်]
ဆရာများအတွက် လက်တွေ့ကျအကူအညီ
၁၉၉၅/၉၆ ခုနှစ် “ရွှင်လန်းသောချီးမွမ်းသူများ” ခရိုင်စည်းဝေးကြီးများ ကျင်းပစဉ်အတွင်း ကင်းမျှော်စင်အသင်းသည် ယေဟောဝါသက်သေများနှင့် ပညာရေး အမည်ရှိဘရိုရှာသစ်ကို ထုတ်ဝေခဲ့သည်။ ဤ ၃၂ မျက်နှာရောင်စုံဘရိုရှာသည် အထူးသဖြင့် ဆရာများအတွက် ပုံနှိပ်ထုတ်ဝေထားသည်။ ထို့ကြောင့် ယင်းကို ဘာသာစကားပေါင်း ၅၈ ထက်မက ပြန်ဆိုခဲ့ပြီးဖြစ်သည်။
ဆရာများအတွက် ဘရိုရှာကို အဘယ်ကြောင့်ထုတ်ဝေရသနည်း။ ယေဟောဝါသက်သေများ၏ သားသမီးများဖြစ်သော ကျောင်းသားများ၏ ယုံကြည်ချက်များကို သာ၍နားလည်ဖို့ သူတို့အားထောက်ကူပေးရန်ဖြစ်သည်။ ဤဘရိုရှာတွင် အဘယ်အရာများပါဝင်သနည်း။ ရှင်းလင်းပြီးအပြုသဘောထားဖြင့် ထပ်ဆင့်ပညာရေး၊ မွေးနေ့ပွဲများ၊ ခရစ္စမတ်နှင့် အလံအလေးပြုခြင်းကဲ့သို့သော အရေးကိစ္စများနှင့်ပတ်သက်သည့် ကျွန်ုပ်တို့၏သဘောထားကို ယင်းက ရှင်းပြပေးသည်။ ကျွန်ုပ်တို့သည် မိမိတို့၏သားသမီးများအား သူတို့၏ကျောင်းပညာသင်ကြားမှုကို အကောင်းဆုံးရယူစေလိုကာ ဆရာများနှင့်ကျွန်ုပ်တို့ ရိုးစင်းစွာပူးပေါင်းလုပ်ဆောင်လိုပြီး သားသမီးများ၏ပညာရေးတွင် တက်တက်ကြွကြွစိတ်ဝင်စားကြကြောင်းကိုလည်း ဤဘရိုရှာက ဆရာများအား ယုံကြည်စိတ်ချစေသည်။
ပညာရေးဘရိုရှာကို မည်သို့အသုံးပြုနိုင်မည်နည်း။ ဆရာများအတွက် စီစဉ်ပြင်ဆင်ပေးထားရကား ဆရာများ၊ ကျောင်းအုပ်ကြီးများနှင့် အခြားကျောင်းအာဏာပိုင်ပုဂ္ဂိုလ်များကို ဝေမျှပေးကြစို့။ ဤဘရိုရှာသစ်က ကျွန်ုပ်တို့၏သဘောထားများနှင့်ယုံကြည်ချက်များ၊ ရံဖန်ရံခါ အဘယ်ကြောင့် သိသိသာသာကွဲပြားစွာ ပြောဆိုကြကြောင်းတို့ကို နားလည်ရန် ဤကဲ့သို့သောဆရာအားလုံးကို အကူအညီဖြစ်နိုင်ပါစေ။ မိဘဖြစ်သူများကို သားသမီးများ၏ဆရာများနှင့် ကိုယ်တိုင်ကိုယ်ကျဆွေးနွေးဖို့အတွက် အခြေခံအဖြစ် ဤဘရိုရှာကိုသုံးရန် အားပေးထားသည်။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ရှေးဣသရေလနိုင်ငံတွင် ပညာရေးကို အလွန်တန်ဖိုးထားခဲ့သည်