၁၉၉၉ ခုနှစ် “ဘုရားသခင့်ပရောဖက်ပြုချက်ဆိုင်ရာစကားတော်” ခရိုင်စည်းဝေးကြီးများ
၁ ဣသရေလလူမျိုးတို့သည် ကတိထားရာပြည်တော်သို့ဝင်ခါနီးအချိန်တွင် ဘုရားသခင်၏ညွှန်ကြားချက်ကို တန်ဖိုးထားကြဖို့ သူတို့ကို မောရှေအနူးအညွတ်တောင်းပန်ခဲ့သည်။ သူသည် ထိုသူတို့အား “ဤအမှုသည် သာမညအမှုမဟုတ်။ သင်တို့အသက်နှင့်ဆိုင်သောအမှုဖြစ်၏” ဟုပြောခဲ့သည်။ (တရား. ၃၂:၄၅-၄၇) ကျွန်ုပ်တို့၏အသက်သည် ယေဟောဝါအတွက် အလွန်အဖိုးထိုက်သည်ဖြစ်ရာ တန်ဖိုးမဖြတ်နိုင်သည့် ကိုယ်တော့်စကားတော်အားဖြင့် ကျွန်ုပ်တို့အား ဆက်လမ်းညွှန်ပေးနေသည့်အတွက် ကိုယ်တော်အား ကျေးဇူးမတင်ကြပေလော။ ထို့ကြောင့် ကျွန်ုပ်တို့သည် “ဘုရားသခင့်ပရောဖက်ပြုချက်ဆိုင်ရာစကားတော်” ခရိုင်စည်းဝေးကြီးသုံးရက်နှင့် ကျွန်ုပ်တို့အတွက် ယေဟောဝါသိုမှီးထားရာများကို စိတ်အားထက်သန်စွာစောင့်မျှော်ကြသည်။
၂ ဤနှစ်တွင် မြန်မာနိုင်ငံရှိမြို့ ၅ မြို့၌ ခရိုင်စည်းဝေးကြီး ၆ ခုကို သင့်လျော်စွာစီစဉ်ထားပါသည်။ မြန်မာ၊ လူရှိုင်း၊ တီးတိန်နှင့်ဟားခါးအပြင် ဟောပြောချက်အချို့ကို အင်္ဂလိပ်နှင့်ဖလမ်းဘာသာစကားတို့ဖြင့် ပေးပါမည်။
၃ သင်တက်ရောက်ဖို့ ယေဟောဝါမျှော်လင့်သည်ကို ယုံကြည်သောကြောင့် သင်သည် စည်းဝေးကြီးရက်တိုင်းကိုတက်ရန် အစီအစဉ်များပြုလုပ်နှင့်ပြီးဖြစ်မည်မှာသေချာသည်။ တက်ရောက်ရန် မိမိကျေးကျွန်တစ်ဦးစီပြုလုပ်သည့် ကြိုးစားအားထုတ်မှုနှင့် ကိုယ်ကျိုးစွန့်မှုများကို ကိုယ်တော်မြင်ကာ ထိုကဲ့သို့သောတန်ဖိုးထားမှုကို ကိုယ်တော်သတိရကြောင်း စိတ်ချပါ။ (ဟေဗြဲ ၆:၁၀) စည်းဝေးကြီးရက်တိုင်းကို အဖွင့်သီချင်းမှ နိဂုံးချုပ်ဆုတောင်းချက်အထိ တက်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့အတွက်မိန့်မှာသည့် ကိုယ်တော့်စကားတော်များကိုတန်ဖိုးထားကြောင်း ယေဟောဝါအား ကျွန်ုပ်တို့ပြသကြသည်။ (တရား. ၄:၁၀) စည်းဝေးကြီးအတွက်ပြင်ဆင်ရာတွင်ပါဝင်ခဲ့ကြသော ညီအစ်ကိုများစွာ၏ကြိုးစားလုပ်ဆောင်မှုကိုလည်း ကျေးဇူးတင်လေးမြတ်ကြောင်း ကျွန်ုပ်တို့တင်ပြကြသည်။
၄ စည်းဝေးကြီးကျင်းပရာနေရာတစ်ခုစီတွင် ဘုရားသခင့်လူမြောက်မြားစွာစုဝေးရန်စီစဉ်ရာ၌ ကြိုတင်စီစဉ်မှုနှင့် ဖွဲ့စည်းစီစဉ်မှုကောင်းရှိဖို့လိုသည်။ စည်းဝေးကြီးအစီအစဉ်များကို မေတ္တာဖြင့်ပြုလုပ်ထားကြောင်းသိရှိခြင်းက “ခပ်သိမ်းသောအမှုတို့ကို လျောက်ပတ်စွာ စနစ်တကျလုပ်ဆောင်” နိုင်ရန် ပူးပေါင်းလုပ်ဆောင်ဖို့ ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးသင့်သည်။ (၁ ကော. ၁၄:၄၀၊ သတင်းကောင်း) ဝိညာဏအစာနှင့် ခရစ်ယာန်ပေါင်းသင်းမှုကိုရရှိရန် ကောင်းကောင်းပြင်ဆင်ပြီးမှ စည်းဝေးကြီးသို့ရောက်ရှိရန်အလို့ငှာ အောက်ပါအချက်အလက်များနှင့် သတိပေးချက်များကို စီစဉ်ပေးထားသည်။
စည်းဝေးကြီးမတိုင်မီ
၅ သင်ကျမ်းစာသင်ပေးသူများနှင့် အခြားစိတ်ဝင်စားသူများသည် စည်းဝေးကြီးကိုတက်ရန် ကိုယ်ပိုင်အစီအစဉ်များပြုလုပ်ရာတွင် အကူအညီလိုသလော။ ထိုတွင် သူတို့မြင်ရကြားရသည့်အရာက သူတို့ကိုယေဟောဝါအားဝတ်ပြုသူများဖြစ်လာဖို့ လှုံ့ဆော်ပေးနိုင်သည်။ (၁ ကော. ၁၄:၂၅) အကြီးအကဲများသည် နေရာထိုင်ခင်း သို့မဟုတ် သယ်ယူပို့ဆောင်ရေးနှင့်ဆိုင်သည့် အကူအညီလိုသောသူတစ်စုံတစ်ဦး၊ အထူးသဖြင့် သက်ကြီးရွယ်အိုအသင်းသားများကို သိထားသင့်ကာ သူတို့၏လိုအပ်ရာများကို ဖြည့်ဆည်းပေးရန် မေတ္တာဖြင့်ကြည့်ရှုပေးသင့်သည်။—ဂလ. ၆:၁၀။
၆ နေရာထိုင်ခင်းအတွက် သင့်အစီအစဉ်များကို အပြီးသတ်ပြီးပြီလော။ တည်းခိုရေးတောင်းခံလွှာပုံစံစာရွက်များကို မကြာမီပို့ပေးပါမည်။ ယင်းတို့ကိုကောင်းစွာဖြည့်ပြီး စည်းဝေးကြီးမြို့ရှိ တည်းခိုရေးဌာနသို့ပေးပို့ပါ။
၇ စည်းဝေးကြီးတစ်ခုနှင့်ဆိုင်သည့်အချက်အလက်များကို သင်အလိုရှိပါက အသင်းတော်အတွင်းရေးမှူးသည် တည်းခိုရေးတောင်းခံလွှာပုံစံနောက်ကျောတွင် တွေ့ရသည့်အတိုင်း တိကျသောနေရာတစ်ခု၏လိပ်စာကို ပေးနိုင်ပါသည်။ ကျေးဇူးပြု၍ စည်းဝေးကြီးအဆောက်အဦစီမံခန့်ခွဲရေးအဖွဲ့သို့ ဖုန်းဆက်ခြင်း၊ စာရေးခြင်းမပြုပါနှင့်။
၈ စည်းဝေးကြီးတွင် ရှေးဦးသူနာပြုဌာနရှိမည်မဟုတ်သောကြောင့် သင့်ကိုယ်ပိုင်အကိုက်အခဲပျောက်ဆေး၊ ပတ်တီး၊ ရှူဆေးတောင့်၊ အစာကြေဆေးနှင့် အလားတူပစ္စည်းများကို လိုအပ်မည်ဟု သင်ယူမှတ်ပါက စည်းဝေးကြီးသို့ယူလာရန် ကျွန်ုပ်တို့အကြံပြုပါသည်။ သင် သို့မဟုတ် ချစ်ရသူတစ်ဦးတွင် နှလုံးရောဂါ၊ ဆီးချိုရောဂါ သို့မဟုတ် ရုတ်တရက်ဖြစ်တတ်သည့်ရောဂါများကဲ့သို့သော စိုးရိမ်စရာအခြေအနေတစ်ခုရှိပါက အိမ်တွင် သို့မဟုတ် အားလပ်ရက်အပန်းဖြေချိန်တွင်ကဲ့သို့ ဤလိုအပ်ရာများကိုကြည့်ရှုရန် လိုအပ်သည့်ဆေးဝါးများကို စည်းဝေးကြီးသို့ ကျေးဇူးပြု၍ယူလာပါ။ အခြေအနေကိုနားလည်သောမိသားစုဝင် သို့မဟုတ် မိတ်ဆွေရင်းတစ်ဦးသည် လိုအပ်သည့်အကူအညီကိုပေးရန် အကောင်းဆုံးအနေအထားတွင်ရှိမည်ဖြစ်သောကြောင့် ထိုသူနှင့်အတူအမြဲရှိနေခြင်းသည် ပညာရှိရာရောက်သည်။
၉ စည်းဝေးကြီးအသွားအပြန်ခရီးစဉ်တွင် အလွတ်သဘောသက်သေခံရန်အခွင့်အရေးများ ပေါ်ပေါက်လာနိုင်သည်။ အခြားသူများကို သမ္မာတရားဝေမျှရန် သင်ပြင်ဆင်ထားမည်လော။ ကလေးငယ်များအပါအဝင် ကျွန်ုပ်တို့အားလုံးသည် ဓာတ်ဆီဆိုင်လုပ်သားများ၊ အခွန်ကောက်သူများနှင့် ခရီးစဉ်တွင် သင်တွေ့ရသည့်အခြားသူများကို ဝေစာများကမ်းပေးခြင်းဖြင့် ပါဝင်နိုင်သည်။ မဂ္ဂဇင်း၊ ဘရိုရှာ သို့မဟုတ် အခြားစာပေကို စိတ်ဝင်စားသူများအားဝေငှရန် အခွင့်အရေးများရှိပါမည်။ ပုံမှန်ဟောပြောခြင်းနည်းစနစ်များနှင့် တစ်နည်းနည်းဖြင့်လွတ်သွားသူများကို အလွတ်သဘောသက်သေခံရန် ပြင်ဆင်ထားပါ။
စည်းဝေးကြီးအတွင်း
၁၀ စည်းဝေးကြီးကျင်းပရာနေရာတွင် တံခါးများကို နေ့စဉ်နံနက် ၈:၀၀ နာရီတွင်ဖွင့်ပါမည်။ သင်၏မိသားစုအရင်းအချာ သို့မဟုတ် ကားအုပ်စုရှိသူများအတွက်သာ ထိုင်ခုံဦးထားနိုင်သည်။ သက်ကြီးရွယ်အိုညီအစ်ကိုညီအစ်မများအတွက် အဆင်ပြေမည့်ထိုင်ခုံများကိုထားပေးပါမည်၊ မသန်မစွမ်းသူများနှင့် ဘီးတပ်ကုလားထိုင်သုံးဖို့လိုသူများအတွက် နေရာသီးသန့်ထားပေးပါမည်။ ပတ်ဝန်းကျင်အခြေအနေကြောင့် နေထိုင်မကောင်းသူများ သို့မဟုတ် သွေးမတည့်သူများအတွက် စည်းဝေးကြီးကျင်းပရာနေရာတွင် အထူးအခန်းများကို သီးသန့်ထားပေးနိုင်မည်မဟုတ်ပါ။ သင့်ထိုင်ခုံနေရာမှ သင်နေ့စဉ်ထွက်ခွာသည့်အခါ ကျေးဇူးပြု၍ သင့်ပစ္စည်းအားလုံးရှိမရှိသေချာစေရန် စစ်ဆေးပါ။
၁၁ ကျွန်ုပ်တို့၏ခရိုင်စည်းဝေးကြီးများအတွက် လူများစွာစုဝေးနိုင်ရန် ကျေးဇူးပြု၍ ပစ္စည်းများကို မင်းလမ်းမများပေါ်တွင်မထားပါနှင့်။ ယင်းတို့ကြောင့် လူသွားလူလာနေရာတွင် သို့မဟုတ် ခုံတန်းများကြားတွင် ခလုတ်တိုက်လဲနိုင်သည်။ သို့သော် မိဘများနှင့်အနီးဆုံးခုံတွင်ဝင်ဆံ့နိုင်မည့် ဘီးတပ်ကလေးထိုင်ခုံများကိုမူ လက်သင့်ခံနိုင်သည်။
၁၂ ခရိုင်စည်းဝေးကြီးတွင် သင်နှစ်ခြင်းခံမည်လော။ စနေနေ့နံနက်ပိုင်းအစီအစဉ်၌ ထိုင်ခုံနေရာများကို နှစ်ခြင်းခံမည့်သူများအတွက် သီးသန့်ထားပေးမည်ဖြစ်ရာ ဧည့်ကြိုများက ထိုနေရာသို့ သင့်အားညွှန်ပြပေးပါမည်။ ဖြစ်နိုင်မည်ဆိုလျှင် အစီအစဉ်မစမီ ထိုနေရာတွင် ကျေးဇူးပြု၍ထိုင်ပေးပါ။ သင့်ကျမ်းစာအုပ်၊ သီချင်းစာအုပ်၊ မျက်နှာသုတ်ပဝါနှင့် ဣန္ဒြေရှိသောရေကူးဝတ်စုံကို တစ်ပါတည်းယူလာပါ။ ဂျင်းဘောင်းဘီတိုများ၊ ဆောင်ပုဒ်များပါသည့်တီရှပ်များနှင့် အလားတူအဝတ်အစားများသည် ဤကဲ့သို့သော ဂုဏ်သိက္ခာရှိသည့်အခါသမယအတွက် မသင့်လျော်ပါ။နှစ်ခြင်းခံမည့်သူများနှင့် မိမိတို့၏ဓမ္မအမှုစာအုပ်ပါမေးခွန်းများကို ပြန်လည်သုံးသပ်သည့်အကြီးအကဲများသည် ဤအချက်များကို တစ်ဦးချင်းအား အသေအချာနားလည်စေသင့်သည်။ နှစ်ခြင်းခံခြင်းသည် ယေဟောဝါဘုရားသခင်ထံ ကိုယ်တိုင်ကိုယ်ကျဆက်ကပ်အပ်နှံမှု၏ အထိမ်းအမှတ်ဖြစ်သောကြောင့် နှစ်ခြင်းခံစဉ် လက်များကိုကိုင်ထားခြင်းသည် နှစ်ခြင်းခံမည့်သူများအတွက် သင့်လျော်မည်မဟုတ်ပါ။
၁၃ သင်သည် စည်းဝေးကြီးတွင် ကင်မရာ၊ ဗီဒီယိုကင်မရာအသေးစားနှင့် အသံသွင်းစက်များကို အသုံးပြုနိုင်သည်။ သို့သော် ၎င်းတို့၏တည်နေရာ သို့မဟုတ် အသုံးပြုမှုကြောင့် မင်းလမ်းများကိုပိတ်ဆို့ခြင်း၊ အခြားသူများ၏မြင်ကွင်းကိုကွယ်ခြင်း သို့မဟုတ် အစီအစဉ်မှအာရုံပျံ့လွင့်ခြင်း မဖြစ်စေသင့်ပေ။ ယင်းတို့ကိုရိုက်ကူးရာတွင် ပြင်ပကူညီထောက်ပံ့မှုမယူရပါ—ဆိုလိုသည်မှာ လျှပ်စစ် သို့မဟုတ် အသံချဲ့စက်များနှင့် မဆက်သွယ်ရန်ဖြစ်သည်။
၁၄ ဆဲလ်လူလာဖုန်းနှင့် အချက်ပေးကိရိယာများကို ပို၍အသုံးများလာကြသည်နှင့်အမျှ ဤကိရိယာများကြောင့် အစီအစဉ်တွင်စူးစိုက်နေသည့်သင့်အာရုံ သို့မဟုတ် သင့်ဝန်းကျင်တွင်ထိုင်နေသူများ၏အာရုံစူးစိုက်မှုကို အနှောင့်အယှက်မဖြစ်စေရန် ကျေးဇူးပြု၍ဂရုစိုက်ပါ။ ပရိသတ်ထဲတွင် သင်ထိုင်နေစဉ် ဤကိရိယာများကို ကြားနိုင်လောက်အောင် အသံမြည်စေခြင်း သို့မဟုတ် အချက်ပေးခြင်းမပြုသင့်ပေ။ သင်သည် အစီအစဉ်တင်ဆက်နေစဉ် ဆဲလ်လူလာဖုန်းကိုသုံးဖို့လိုအပ်လျှင် ကျေးဇူးပြု၍ ခန်းမအပြင်ဘက်တွင်သုံးပါ။
၁၅ အကျိုးရှိသောအချိန်ဖြစ်ရန်နှင့် လွယ်ကူစေရေးအတွက် အသင်းမသည် မိမိတို့၏နေ့လယ်စာကို စည်းဝေးကြီးသို့ နေ့စဉ်ယူလာရန် တောင်းဆိုခဲ့သည်။ ညီအစ်ကိုအများစုသည် ဤညွှန်ကြားချက်ကိုလိုက်နာခဲ့ရာ နေ့လယ်နားရန်စည်းဝေးဖြုတ်ပြီးနောက် သူတို့၏မိသားစုများနှင့်အတူထိုင်နိုင်ကာ ထိုနေ့အတွက်ယူလာသည့်စားစရာများစားကြသည်ကို တွေ့ခဲ့ရပါသည်။ နေ့လယ်နားချိန်တွင် အနားယူကာ ပိုသည့်အချိန်ကို မိမိတို့၏ညီအစ်ကိုညီအစ်မများနှင့်အတူ သုံးခွင့်ရခဲ့ကြောင်း များစွာသောသူတို့ပြောခဲ့ကြသည်။ ယင်းသို့ဖြစ်ရန် စားစရာများနှင့် ဖျော်ရည်များကို ကြိုတင်ဝယ်ထားကာ ထိုင်ခုံအောက်တွင်ထားနိုင်သည့် ဘူး သို့မဟုတ် အအေးခံဘူးငယ်တစ်ခုတွင် ထည့်ထားရန်လိုသည်။ တက်ရောက်သူအားလုံး ဤညွှန်ကြားချက်ကိုလိုက်နာရန် ကျွန်ုပ်တို့တောင်းဆိုပါသည်။ မကြာသေးမီက အဆောက်အဦမန်နေဂျာများနှင့် စည်းဝေးကြီးများကျင်းပရာအဆောက်အဦတွင် အစားအစာရောင်းချသူများသည် ခန်းမအပြင်ထွက်၍ အနီးအနားရှိလမ်းဘေးဈေးသည်များနှင့် အမြန်ရအစားအစာအရောင်းဆိုင်များမှ အစားအစာဝယ်ယူကြသည့်ညီအစ်ကိုများကို သတိပြုမိခဲ့သည်။ ယခုအခါ အသုံးပြုလျက်ရှိသည့် စည်းဝေးကြီးကျင်းပရာအဆောက်အဦရှိ အစားအစာရောင်းချသူအချို့သည် သူတို့၏စားသောက်ဆိုင်များကိုဖွင့်ကာ စည်းဝေးကြီးတက်ရောက်သောကိုယ်စားလှယ်များကို ရောင်းချပေးရန်ခွင့်ပြုဖို့ တောင်းဆိုနေကြသည်။ ယင်းကိုခွင့်ပြုလိုက်လျှင် လောကသားများစွာသည် ကျွန်ုပ်တို့နှင့်အတူ တစ်နေ့လုံးရောနှောပေါင်းဖော်နေပေမည်။ ထို့အပြင် ရောင်းခွင့်ပေးထားသောဆိုင်များတစ်ဝိုက်တွင် လူပြွတ်သိပ်ကာ လူတန်းရှည်များရှိခြင်းက ယခင်အခြေအနေသို့ပြန်ရောက်စေကာ ကျွန်ုပ်တို့၏စည်းဝေးကြီးများ၏ သက်သောင့်သက်သာရှိသောအခြေအနေကို အနှောင့်အယှက်ဖြစ်စေပေမည်။ ထို့ကြောင့် စည်းဝေးကြီးသို့ ကိုယ့်အစားအစာနှင့်ဖျော်ရည်များကို နေ့တိုင်းကြိုးစားယူလာကြရန် တစ်ဦးစီကို ကျွန်ုပ်တို့တောင်းဆိုပါသည်။ စည်းဝေးကြီးသို့ သင်နှင့်အတူလိုက်ပါလာသည့် စိတ်ဝင်စားသူများသည်လည်း သူတို့၏အစားအစာကို ယူလာသင့်သည်။ ဖန်ဘူးဖန်ခွက်များနှင့် အရက်ယမကာများကို စည်းဝေးကြီးအဆောက်အဦထဲသို့ယူလာရန် ခွင့်မပြုပါ။
၁၆ သင်သည် နေ့စဉ်အစီအစဉ်များပြီးနောက် အဆောက်အဦကိုသန့်ရှင်းရေးလုပ်ရန် စေတနာ့ဝန်ထမ်းလုပ်နိုင်မည်လော။ သို့မဟုတ် အခြားစည်းဝေးကြီးဌာနတစ်ခုတွင် သင်လုပ်ဆောင်နိုင်မည်လော။ သင်အကူအညီပေးနိုင်လျှင် ကျေးဇူးပြု၍ စည်းဝေးကြီးရှိ စေတနာ့ဝန်ထမ်းလုပ်ငန်းဌာနသို့လာပါ။ အသက် ၁၆ နှစ်အောက်ကလေးများအား မိဘ သို့မဟုတ် အခြားတာဝန်ယူနိုင်မည့်လူကြီးတစ်ဦးနှင့်အတူ စေတနာ့ဝန်ထမ်းရန်ကြိုဆိုပါသည်။ အမှန်မှာ မည်သည့်အမှိုက်သရိုက်ကိုမဆို ကောက်ယူပြီး သင့်တော်သလိုရှင်းလင်းပစ်ခြင်းဖြင့် အဆောက်အဦသန့်ရှင်းရေးကို ယောက်တိုင်းကူညီနိုင်သည်။
၁၇ စည်းဝေးကြီးများ၌ သင့်လျော်သည့်ဝတ်စားဆင်ယင်မှုတွင် အဘယ်အရာပါဝင်သည်နှင့်စပ်လျဉ်း၍ လမ်းညွှန်ချက်ကောင်းများကို ကျွန်ုပ်တို့ရရှိခဲ့ကြပြီ။ ဥပမာ– ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကြားညှပ်များတွင် ယင်းကိစ္စနှင့်စပ်လျဉ်းသည့်လမ်းညွှန်ချက်ကို ကျွန်ုပ်တို့ရရှိထားသည်၊ ကျွန်ုပ်တို့၏စာပေတွင် သရုပ်ဖော်ပြချက်များနှင့် ရုပ်ပုံများကို ရရှိထားသည်၊ အရေးအကြီးဆုံးမှာ သမ္မာကျမ်းစာတွင် ယေဟောဝါပြောသည့်စကားများကို ကျွန်ုပ်တို့ရရှိထားခြင်းဖြစ်သည်။ (ရော. ၁၂:၂; ၁ တိ. ၂:၉၊ ၁၀) ကျွန်ုပ်တို့သည် မည်သူများဖြစ်၍ သူတို့၏မြို့တွင် အဘယ်ကြောင့် စုဝေးကြကြောင်းကို လူတို့သိကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ဝတ်စားဆင်ယင်မှုကိုယ်နှိုက်သည် တန်ခိုးထက်မြက်သောသက်သေခံချက်တစ်ရပ်ဖြစ်သည်။ ယေဟောဝါ၏လူမျိုးအများစုသည် ဤကဏ္ဍတွင် ပုံသက်သေကောင်းကိုချမှတ်ခဲ့ကြသည်။ သို့သော် ရံဖန်ရံခါ စည်းဝေးကြီးများကိုတက်ရောက်သူအချို့၏ ဝတ်စားဆင်ယင်မှုတွင်ထင်ဟပ်သည့် လောကစိတ်ဓာတ်ကို ကျွန်ုပ်တို့တွေ့ရသည်။ မလုံမလဲအဝတ်အစားတစ်မျိုးမျိုးသည် ဝိညာဏလူဖြစ်ပါသည်ဟူသော လူတစ်ဦး၏အဆိုကို သံသယရှိစေသည်။ ဣန္ဒြေရှိကာ သန့်ရှင်းသပ်ရပ်သောအသွင်အပြင်သည် ဆွဲဆောင်မှုအရှိဆုံးအရာဖြစ်သည်။ ထို့ကြောင့် အိမ်ထောင်ဦးစီးများသည် မိမိတို့၏မိသားစုဝင်များဝတ်ဆင်ရန် စီစဉ်နေသည့်အရာများကို သတိပြုသင့်သည်။ ယင်းသည် စည်းဝေးကြီးကျင်းပသည့်နေရာမှ အပြင်ထွက်သည့်အခါတွင်လည်း သက်ဆိုင်ပါမည်။ တစ်နေ့တာအစီအစဉ်များမတိုင်မီနှင့် ပြီးသည့်နောက်တွင် ရင်ထိုးတံဆိပ်များကို တပ်ဆင်ထားခြင်းက ယေဟောဝါနှင့် ကိုယ်တော့်သန့်ရှင်းသောလူမျိုးတို့နှင့်အတူ ကျွန်ုပ်တို့အား ပို၍ခွဲခြားသိရှိစေသည်။—မာကု ၈:၃၈ နှိုင်းယှဉ်။
၁၈ “မိုက်သောသဘောသည် သူငယ်၏စိတ်နှလုံးထဲမှာ ထုပ်ထားလျက်ရှိ” ကာ “တတ်တိုင်းနေစေသောသူငယ်သည် အမိကိုအရှက်ခွဲတတ်” သည်ဟုထုတ်ဖော်ပြောဆိုရန် ပညာရှိရှောလမုန်ဘုရင်သည် မှုတ်သွင်းခံခဲ့ရသည်။ (သု. ၂၂:၁၅; ၂၉:၁၅) အစီအစဉ်များအတွင်း အထိန်းအကွပ်မရှိသောသက်သေခံလူငယ်များသည် အစီအစဉ်မှအကျိုးရရှိရန်ကြိုးစားနေသည့် ညီအစ်ကိုညီအစ်မများကို အနှောင့်အယှက်ဖြစ်စေခဲ့ကြပြီ။ လွန်ခဲ့သည့်နှစ်စည်းဝေးကြီးများတွင် လူငယ်အချို့သည် ခန်းမတစ်ဝိုက် ပြေးလွှားသွားလာနေခြင်း၊ အိမ်သာသို့ မကြာခဏသွားခြင်းတို့ကိုတွေ့ရကာ ဤသို့ဖြင့် ကျမ်းစာညွှန်ကြားချက်ကောင်းများကို လွတ်သွားကြသည်။ ဤလူငယ်များသည် သူတို့အတွက်ရည်ရွယ်ပြီးပြင်ဆင်ထားသည့် ဝိညာဏအစီအစဉ်မှ အကျိုးရရှိမည်မဟုတ်သည်မှာ ရှင်းပါသည်။ မိဘများသည် မိမိတို့သားသမီးများ၏ပြုမူနေထိုင်ပုံအတွက် ယေဟောဝါထံစာရင်းရှင်းရမည်ဖြစ်ရာ မိခင် သို့မဟုတ် ဖခင်တစ်ဦးသည် မိမိတို့နှင့်အတူသားသမီးများထိုင်မှသာလျှင် ယေဟောဝါ၏ညွှန်ကြားချက်ကို သူတို့တုံ့ပြန်ကာ နားထောင်နေကြောင်း စိတ်ချနိုင်သည်။ ဧည့်ကြိုများသည် အာရုံပျံ့လွင့်မှုကိုဖြစ်ပေါ်စေသည့် မည်သူ့ထံကိုမဆိုချဉ်းကပ်၍ ထိုသို့ဆက်မလုပ်ရန်တောင်းဆိုကာ အစီအစဉ်ကိုအာရုံစိုက်ရန် ကြင်နာစွာဖြင့်သတိပေးပါမည်။
၁၉ ကျွန်ုပ်တို့၏စည်းဝေးကြီးများသည် လူစုလူဝေးကြီးကိုကြိုဆိုလက်ခံရသောကြောင့် ကလေးများ၊ ကိုယ်ပိုင်ပစ္စည်းများနှင့်စပ်လျဉ်း၍ ကြိုတင်သတိရှိခြင်းသည် ပညာရှိရာရောက်၏။ ကျွန်ုပ်တို့၏သားသမီးများသည် ယေဟောဝါထံတော်မှ အဖိုးတန်လက်ဆောင်ဖြစ်၏။ သို့သော် လောကသည် စာတန်၏လုယက်ဖျက်ဆီးလိုသည့်သဘောထင်ဟပ်နေကြောင်း ကျွန်ုပ်တို့သိကြသည်။ ထို့ကြောင့် အချိန်တိုင်း သင့်ကလေးများ မည်သည့်နေရာတွင်ရှိသည်ကို ကျေးဇူးပြု၍သိရှိပါ။ ထို့အပြင် ကင်မရာ၊ ပိုက်ဆံအိတ်နှင့် အခြားတန်ဖိုးရှိပစ္စည်းများကို အချိန်တိုင်း သင်နှင့်အတူထားသင့်သည်၊ သင့်ထိုင်ခုံတွင်မထားခဲ့သင့်ပါ။ သင့်ကားကို သော့ခတ်ကာ ကိုယ်ပိုင်ပစ္စည်းများကို ကားနောက်ခန်းတွင် ထားရန် သို့မဟုတ် သင်နှင့်အတူယူသွားရန် သေချာစေပါ။ ဤသို့ပြုခြင်းသည် သင့်ကားကိုဖောက်ထွင်းရန် တစ်စုံတစ်ဦးအတွက်သွေးဆောင်မှုကို လျော့နည်းစေသည်။
၂၀ ညီအစ်ကိုညီအစ်မများသည် စည်းဝေးကြီးအစီအစဉ်များအတွင်း မှတ်စုများယူနေသည်ကိုတွေ့ရခြင်းသည် အားရှိစရာပင်။ တိုတုတ်သည့်မှတ်စုများက သင့်အား အာရုံစူးစိုက်နိုင်ရန်နှင့် အဓိကအချက်များကို ပြန်မှတ်မိရန် အကူအညီဖြစ်စေပါမည်။ နောင်တွင် သင့်မှတ်စုများကို မိသားစု သို့မဟုတ် မိတ်ဆွေများနှင့်ပြန်သုံးသပ်ခြင်းက စည်းဝေးကြီးပေါ်လွင်ချက်များကို မေ့မသွားရန် ဆင်ခြင်သုံးသပ်ခွင့်ရစေသည်။
၂၁ ယေဟောဝါ၏လူမျိုးသည် သီအိုကရက်တစ်ရေးရာများအတွက် အလှူငွေများထည့်ဝင်ရာတွင် အစဉ်ရက်ရောခဲ့ကြသည်။ (ထွ. ၃၆:၅-၇; ၆ ရာ. ၃၁:၁၀; ရော. ၁၅:၂၆၊ ၂၇) ကမ္ဘာချီလုပ်ငန်းအတွက် စေတနာအလျောက် သင်ထည့်ဝင်သည့်အလှူငွေများကို စည်းဝေးကြီးများကျင်းပမည့်အဆောက်အဦကြီးများအား ငှားရမ်းခြင်းနှင့်ဆက်စပ်သည့် ကုန်ကျစရိတ်များကိုကာမိရန် အသုံးပြုပါသည်။
၂၂ အာမုတ် ၃:၇ တွင်မှတ်တမ်းတင်ထားသည့်အတိုင်း မိမိသည် “မိမိကျွန်ပရောဖက်တို့အားမဖော်မပြဘဲ အဘယ်အမှုကိုမျှစီရင်တော်မမူ” ဟုယေဟောဝါမိန့်တော်မူခဲ့သည်။ ‘နက်နဲသောအရာတို့ကိုဖွင့်ပြတော်မူသောအရှင်’ အနေနှင့် ယေဟောဝါသည် တိကျမှန်ကန်စွာနှင့် လုံးလုံးလျားလျားပြည့်စုံခဲ့သည့် ရာနှင့်ချီသောပရောဖက်ပြုချက်များကို သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ခဲ့သည်။ (ဒံ. ၂:၂၈၊ ၄၇) ထူးမြတ်သည့်ကတိတော်များသည် အကောင်အထည်ပေါ်ရန်ရှိနေတုန်းပင်ဖြစ်သည်။ ၁၉၉၉ ခုနှစ် “ဘုရားသခင့်ပရောဖက်ပြုချက်ဆိုင်ရာစကားတော်” ခရိုင်စည်းဝေးကြီးများသည် ဘုရားသခင့်ကတိတော်များအပေါ် သင့်ယုံကြည်ခြင်းကို တိုးပွားစေပါမည်။ သင့်အတွက်ပြောကြားသည့် ယေဟောဝါ၏စကားတော်ကို သေသေချာချာနားထောင်ပါ။ သင်တွေ့ မြင်ကြားနာရမည့်အရာများကို—ဓမ္မအမှုတွင်၊ အသင်းတော်တွင်နှင့် သင့်ကိုယ်ပိုင်အသက်တာတွင်—လက်တွေ့ကျင့်သုံးပါ။ ဤကြွယ်ဝသောဝိညာဏစားပွဲကို နေ့တိုင်းတက်ရောက်ရန် သင်တို့၏အစီအစဉ်အားလုံးအပေါ် ယေဟောဝါကြွယ်ဝစွာကောင်းချီးပေးရန် ကျွန်ုပ်တို့ဆုတောင်းပါသည်!
[စာမျက်နှာ ၃ ပါ အကျဉ်းဖော်ပြချက်]]
သောကြာ၊ စနေနှင့်တနင်္ဂနွေသုံးရက်စလုံးတက်ရန်စီစဉ်ပါ!