သူတို့ယေဟောဝါ၏ အလိုတော်ဆောင်ရွက်ခဲ့
ဣဇာက်အတွက်ဇနီးရှာဖွေခြင်း
ရတွင်းအနီး၌ ထိုင်နေသောအသက်ကြီးသူတစ်ဦးသည် အလွန်ပင်ပန်းနွမ်းနယ်နေသည်။ သူနှင့်သူ့အစေအပါးတို့သည် ကုလားအုတ်ဆယ်ကောင်နှင့်အတူ ခရီးမိုင်ပေါင်း ၅၀၀ ကျော်ကွာဝေးသည့် ဗေရရှေဘမြို့အနီးပတ်ဝန်းကျင်မှ မက်ဆိုပိုတေးမီးယားမြောက်ပိုင်းတစ်လျှောက်သို့ ခရီးကြမ်းနှင်လာခဲ့ကြသည်။a ယခု သူတို့သည် မိမိတို့၏ခရီးပန်းတိုင်သို့ရောက်ရှိလာကြကာ ဤသို့ပင်ပန်းစွာခရီးနှင်လာသူသည် သူ၏ခက်ခဲသောတာဝန်ကို အလေးအနက်စဉ်းစားဖို့ ရပ်နားလိုက်သည်။ ဤသူကား မည်သူနည်း၊ သူအဘယ်ကြောင့် ဤခက်ခဲသောခရီးကို နှင်လာခဲ့သနည်း။
ထိုသူမှာ “မိမိအိမ်သားတို့တွင်အသက်ကြီး” သူဖြစ်သော အာဗြဟံ၏ကျေးကျွန်ဖြစ်သည်။ (ကမ္ဘာဦး ၂၄:၂) မှတ်တမ်းတွင် အမည်ကိုမဖော်ပြထားသော်လည်း ဤသူမှာတစ်ချိန်က ‘သူ၏အိမ်၌ဖွားသောသူ’ အဖြစ်အာဗြဟံရည်ညွှန်းခဲ့သည့် ‘သူ၏အမွေခံ’ ဟုပြောခဲ့သော ဧလျာဇာဖြစ်သည်မှာ ထင်ရှားပါသည်။ (ကမ္ဘာဦး ၁၅:၂၊ ၃) အမှန်ပင် ယင်းသည် အာဗြဟံနှင့်စာရာ သားသမီးမရသေးမီအချိန်ကဖြစ်သည်။ ယခုမူ သူတို့၏သားဣဇာက်သည် အသက် ၄၀ ရှိခဲ့ပြီး၊ ဧလျာဇာသည် အာဗြဟံ၏အမွေခံမဖြစ်တော့လင့်ကစား သူ၏ကျေးကျွန်ဖြစ်နေဆဲပင်။ ထိုကြောင့် အာဗြဟံက ခက်ခဲသောအရာကို တောင်းဆိုသည့်အခါတွင် သူလိုက်လျောခဲ့သည်။ ယင်းကား အဘယ်နည်း။
ခက်ခဲသောတာဝန်တစ်ရပ်
အာဗြဟံအချိန်၌ အိမ်ထောင်တစ်ခုပြုခြင်းသည် မိသားစုအတွင်း၌သာမကဘဲ လူမျိုးနွယ်တစ်ခုလုံး သို့မဟုတ် ဖခင်စိုးမိုးသောအသိုင်းအဝိုင်းတွင် အကျိုးသက်ရောက်မှုရှိသည်။ ထိုကြောင့် မိဘများသည် မိမိတို့၏သားသမီးများအတွက် အိမ်ထောင်ဖက်ကိုရွေးချယ်ပေးခြင်းမှာ ထုံးစံဓလေ့ဖြစ်သည်။ သို့သော် မိမိ၏သားဣဇာက်အတွက် ဇနီးရှာပေးဖို့ရန် အာဗြဟံအကျပ်ရိုက်နေသည်။ ထိုဒေသရှိခါနာန်လူမျိုးများ၏ ဘုရားမဲ့သောလမ်းစဉ်ကြောင့် သူတို့ထဲမှတစ်ဦးဦးကို အိမ်ထောင်ဖက်အဖြစ်စဉ်းစားဖို့ရာ လုံးဝမဖြစ်နိုင်ပါ။ (တရားဟောရာ ၁၈:၉-၁၂) လူတစ်ဦးသည် မိမိ၏အမျိုးအနွယ်ထဲမှဖြစ်သူကို လက်ထပ်ရသည့်ထုံးတမ်းစဉ်လာရှိသော်လည်း အာဗြဟံ၏ဆွေမျိုးများသည် မိုင်ပေါင်းရာနှင့်ချီ၍ဝေးကွာသော မက်ဆိုပိုတေးမီးယားမြောက်ပိုင်းတွင် နေထိုင်ကြသည်။ ယေဟောဝါရှင်က “သင်၏အမျိုးအနွယ်အား ဤ [ခါနာန်] ပြည်ကိုငါပေးမည်ဟု” အာဗြဟံကို ကတိပြုထားသောကြောင့် ထိုနေရာသို့ ဣဇာက်ကိုပြန်နေထိုင်ဖို့ရန် သူခွင့်မပြုနိုင်ပါ။ (ကမ္ဘာဦး ၂၄:၇) ထို့ကြောင့် “ငါ့ပြည် ငါ့အမျိုးသားချင်းတို့ထံသို့သွား၍၊ ငါ့သားဣဇာက်အဖို့ မယားကိုယူရမည်” ဟုအာဗြဟံက ဧလျာဇာကိုပြောခဲ့သည်။—ကမ္ဘာဦး ၂၄:၄။
ခရီးရှည်ကြီးပြီးဆုံးသွားသောအခါ ဧလျာဇာသည် ရေတွင်းအနီး၌အနားယူလျက် သူ၏တာဝန်ကိုတွေးတောစဉ်းစားနေသည်။ မကြာမီ အမျိုးသမီးများရေတွင်းသို့လာကာ တစ်ညတာအတွက်ရေခပ်ကြမည်ကို သူသိထားသည်။ ထိုကြောင့် သူကယေဟောဝါရှင်ထံ “အကြင်သတို့သမီးကို၊ ‘ကျွန်ုပ်သောက်ခြင်းငှာ သင်၏ရေဘူးကိုချပါ’ ဟုဆိုသော်၊ ‘သောက်ပါ၊ သင်၏ကုလားအုတ်တို့ကိုလည်း ရေတိုက်ပါမည်’ ဟုပြန်ဆိုသောသတို့သမီးသည် ကိုယ်တော်၏ကျွန်ဣဇာက်ဖို့ ခန့်ထားတော်မူသောသူဖြစ်ပါစေသော်။ ထိုသို့အားဖြင့်၊ အကျွန်ုပ်၏သခင်၌ ကျေးဇူးပြုတော်မူကြောင်းကို အကျွန်ုပ်သိရပါမည်ဟု လျှောက်ဆို၏။”—ကမ္ဘာဦး ၂၄:၁၄။
သူဆုတောင်းနေစဉ်၌ပင် ရေဗက္ကအမည်ရှိ အဆင်းလှသောမိန်းမငယ်တစ်ဦး ရောက်ရှိလာသည်။ “သင်၏ရေဘူး၌ရေအနည်းငယ်ကို သောက်ပါရစေ” ဟုဧလျာဇာက သူမအားဆိုလေသည်။ ရေဗက္ကကရေကိုပေးပြီးလျှင် သူမကပင်ဆက်၍ “သင်၏ကုလားအုတ်တို့သည်လည်း ဝစွာသောက်စရာဖို့ ရေခပ်ပါမည်” ဟုဆိုသည်။ ရေငတ်နေသော ကုလားအုတ်တစ်ကောင်သည် ၁၀ မိနစ်မျှအတွင်းရေ ၂၅ ဂါလံအထိသောက်နိုင်သောကြောင့် ယင်းသည် အလွန်ရက်ရောသောပေးကမ်းမှုပါတကား! ဧလျာဇာ၏ကုလားအုတ်များသည် ထိုမျှအထိရေငတ်နေခဲ့သည်ဖြစ်ဖြစ် မဖြစ်ဖြစ် ရေဗက္ကသည် မိမိလုပ်ဆောင်ရမည့်လုပ်ငန်းမှာ အလွန်ပင်ပန်းသည်ကို သိထားပေမည်။ အမှန်ပင် သူမသည် “အလျင်အမြန်ဘူး၌ရှိသောရေကို ရေတိုက်ခွက်ထဲ၌လောင်းပြီးလျှင်၊ တစ်ဖန်ခပ်ခြင်းငှာရေတွင်းသို့ပြေး၍၊ ကုလားအုတ်အဖို့ရေခပ်လေ၏။”—ကမ္ဘာဦး ၂၄:၁၅-၂၀။
ဧလျာဇာသည် ယေဟောဝါရှင်၏လမ်းညွှန်မှုကို ခံစားရသောကြောင့် ယခုခေတ်တွင် ၁,၄၀၀ ဒေါ်လာခန့်တန်ဖိုးရှိသော ရွှေနှာဆွဲနှင့် လက်ကောက်တစ်ရန်ကို ရေဗက္ကအားပေးလေသည်။ ရေဗက္ကကမိမိသည် အာဗြဟံ၏အစ်ကို နာခေါ်၏မြေးဖြစ်ကြောင်း သူအားပြောပြသောအခါတွင် ဧလျာဇာသည် ဘုရားသခင်အားကျေးဇူးတင်ဆုတောင်းလေသည်။ “ထာဝရဘုရားသည် အကျွန်ုပ်သခင်၏ညီအစ်ကိုတို့အိမ်သို့ ပို့ဆောင်တော်မူပါသည်တကား” ဟုမြွက်ဆို၏။(ကမ္ဘာဦး ၂၄:၂၂-၂၇) ရေဗက္ကသည်သူမ၏မိသားစုထံ ဧလျာဇာကိုခေါ်ဆောင်သွားသည်။ အချိန်တန်သော် ရေဗက္ကသည် ဣဇာက်၏ဇနီးဖြစ်လာ၍ သူမသည်မေရှိယဖြစ်သောယေရှု၏ ဘေးမဖြစ်ခွင့်ရရှိခဲ့သည်။
ကျွန်ုပ်တို့အတွက် သင်ခန်းစာ
ဣဇာက်အတွက် ဘုရားသခင်အားကြောက်ရွံ့သောဇနီးရရှိရန် ဧလျာဇာ၏စိတ်အားထက်သန်စွာဆုတောင်းခြင်းကို ယေဟောဝါရှင်ကောင်းချီးပေးတော်မူသည်။ သို့ရာတွင် အာဗြဟံအားဖြင့် မျိုးနွယ်တော်ကိုပေါ်ထွန်းစေရန်တည်းဟူသော ဘုရားသခင့်ရည်ရွယ်တော်မူချက်သည် ဣဇာက်၏အိမ်ထောင်ရေးနှင့် တိုက်ရိုက်ဆက်စပ်လျက်နေကြောင်း သတိရပါ။ ထို့ကြောင့် ဤမှတ်တမ်းအရ အိမ်ထောင်ဖက်တစ်ဦးအတွက် ဆုတောင်းသောသူတိုင်း အံ့ဖွယ်နည်းဖြင့် ကြင်ဖက်တစ်ဦးပေးလိမ့်မည်ဟု ကောက်ချက်မချသင့်ပါ။ သို့တစေ ယေဟောဝါရှင်၏မူများကို ကျွန်ုပ်တို့ဆက်လက်၍စွဲမြဲစွာလိုက်နာနေမည်ဆိုလျှင် အိမ်ထောင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘဝရှိအဘယ်အခြေအနေ၌မဆို ကြုံရသည့်စိန်ခေါ်ချက်များကို ခံရပ်နိုင်ဖို့ခွန်အား ကျွန်ုပ်တို့ကို ကိုယ်တော်ပေးပါလိမ့်မည်။—၁ ကောရိန္သု ၇:၈၊ ၉၊ ၂၈; ဖိလိပ္ပိ ၄:၁၁-၁၃ နှိုင်းယှဉ်။
ယေဟောဝါ၏နည်းလမ်းတော်အတိုင်း ကြိုးစားလုပ်ဖို့ရန် ဧလျာဇာသည် အလွန်ကြိုးစားခဲ့ရသည်။ ကျွန်ုပ်တို့လည်း ယေဟောဝါရှင်၏စံနှုန်းနှင့် လျော်ညီစွာပြုမူရန် အမြဲလွယ်ကူမည်မဟုတ်ကြောင်း တွေ့ရပေမည်။ ဥပမာ၊ သီအိုကရက်တစ်ဆောင်ရွက်မှုကို မနှောင့်ယှက်သော အလုပ်ကိုလည်းကောင်း၊ ဘုရားသခင်ကိုကြောက်ရွံ့သောအိမ်ထောင်ဖက်ကိုလည်းကောင်း၊ တည်ဆောက်မှုကိုဖြစ်စေသော အပေါင်းအသင်းများကိုလည်းကောင်း၊ ယုတ်ညံ့မှုမရှိသော အပန်းဖြေခြင်းကိုလည်းကောင်း ရှာဖွေရခက်ကောင်းခက်ပေမည်။ (မဿဲ ၆:၃၃; ၁ ကောရိန္သု ၇:၃၉; ၁၅:၃၃; ဧဖက် ၄:၁၇-၁၉) သို့တိုင် ကျမ်းစာမူများကို အလျော့ပေးလိုက်လျောရန် ငြင်းဆိုသူများကို ယေဟောဝါရှင်ထောက်မနိုင်ပါသည်။ သမ္မာကျမ်းစာက “ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကို အမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကိုမျက်မှောက်ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်” ဟုကတိပြုထားသည်။—သု. ၃:၅၊ ၆။
[အောက်ခြေမှတ်ချက်များ]
a ကုလားအုတ်များ၏ ပျမ်းမျှသွားနှုန်းကိုသုံးသပ်ကြည့်ခြင်းဖြင့် ခရီးစဉ်ပြီးဆုံးရန်အတွက် ၂၅ ရက်ကျော်ကြာကြောင်း သိရပေမည်။