သွေး–အသက်ရှင်ရေးအတွက် အချက်အချာ
သွေးသည် သင့်အသက်ကို မည်သို့ ကယ်နိုင်သနည်း။ သွေးသည် သင့်အသက်နှင့် ဆက်စပ်နေသောကြောင့် ဤအကြောင်းကို သင်စိတ်ဝင်စားပေမည်။ သွေးသည် သင့်ခန္ဓာကိုယ်တစ်လျှောက် အောက်ဆီဂျင်ကို သယ်ဆောင်ပေးသည်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ဖယ်ရှားပေးသည်၊ အပူချိန်ဒီဂရီ အပြောင်းအလဲကိုလိုက်၍ လိုက်လျောညီထွေဖြစ်အောင် ထိန်းညှိပေးသည်၊ ရောဂါတိုက်ဖျက်ရာ၌လည်း အထောက်အကူပေးသည်။
ဝီလျမ် ဟာဗေးက ၁၆၂၈ ခုနှစ်တွင် သွေးလှည့်အဖွဲ့ကို ပုံစံမထုတ်မီ ကြာမြင့်စွာကတည်းက လူတို့သည် အသက်နှင့်သွေး ဆက်စပ်လျက်ရှိသည်ကို သိရှိထားကြသည်။ ဘာသာကြီးများ၏ အခြေခံ ကျင့်ဝတ်တရားများက အသက်ပေးရှင်တစ်ပါးအပေါ် အာရုံစူးစိုက်ထားကြသည်။ ထိုအရှင်သည် အသက်အကြောင်း၊ သွေးအကြောင်းနှင့်ပတ်သက်သည့် မိမိ၏ အမြင်သဘောထားကို ထုတ်ဖော်ရှင်းလင်းထားသည်။ ခရစ်ယာန်ဘာသာဝင် ယုဒလူမျိုး ဥပဒေအကျိုးဆောင်တစ်ဦးက ထိုအရှင်နှင့်ပတ်သက်၍ ဤသို့ဆို၏– “ထိုအရှင်ကိုယ်တိုင်သည် လူခပ်သိမ်းတို့အား ဇီဝအသက်နှင့်တကွ ထွက်သက်ဝင်သက်မှစ၍ ခပ်သိမ်းသောအရာကို ပေးသနားတော်မူ၏။ ငါတို့သည် ကိုယ်တော်အားဖြင့် အသက်ရှင်လျက်၊ လှုပ်ရှားလျက်၊ ဖြစ်တည်လျက် ရှိကြ၏။”a
ဤသို့သော အသက်ပေးရှင်တစ်ပါးကို ယုံကြည်သူတို့က ကိုယ်တော်၏ လမ်းညွှန်မှုများသည် ကျွန်ုပ်တို့၏ ထာဝရ ကောင်းကျိုးအတွက်ဖြစ်ကြောင်း စိတ်ချယုံကြည်ကြသည်။ ဟေဗြဲ ပရောဖက်တစ်ပါးက ကိုယ်တော်သည် “သင်၏ အကျိုးနှင့်ယှဉ်သောအရာကို သွန်သင်၍ သင်သွားအပ်သောလမ်းဖြင့် ပို့ဆောင်သော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏” ဟုရေးသားခဲ့သည်။
ဟေရှာယ ၄၈:၁၇ မှအထက်ပါ အာမခံစကားသည် သမ္မာကျမ်းစာ၏ တစ်စိတ်တစ်ဒေသဖြစ်သည်။ သမ္မာကျမ်းစာမှာ ကျွန်ုပ်တို့အားလုံးကို အကျိုးကျေးဇူးပြုနိုင်သည့် လူ့ကျင့်ဝတ် တန်ဖိုးများအတွက် အလေးထားခံရသည့် စာအုပ်တစ်အုပ်ဖြစ်သည်။ သွေးကို လူတို့အသုံးပြုပုံနှင့်ပတ်သက်၍ သမ္မာကျမ်းစာက မည်သို့မိန့်မှာထားသနည်း။ သွေးဖြင့် အသက်ကယ်နိုင်ပုံအကြောင်း သမ္မာကျမ်းစာ ဖော်ပြထားသလော။ အမှန်ဆိုရလျှင် သမ္မာကျမ်းစာက သွေးသည် အစိတ်အပိုင်းများစွာ ပါဝင်သည့် ဇီဝအရည် တစ်မျိုးမျှသာ မဟုတ်ကြောင်း ရှင်းလင်းပြတ်သားစွာ ဖော်ပြထားသည်။ သမ္မာကျမ်းစာ၌ သွေးအကြောင်း အကြိမ် ၄၀၀ မက ဖော်ပြထားသည့်အပြင် အချို့ရည်ညွှန်းချက်များ၌ အသက်ကယ်ခြင်းအကြောင်း ပါဝင်သည်။
အစောပိုင်းကာလက ရေးသားခဲ့သည့် ကျမ်းတစ်ချက်၌ ဖန်ဆင်းရှင်က ဤသို့ အလေးအနက် မိန့်တော်မူထားသည်– “အသက်ရှင်၍ လှုပ်ရှားတတ်သမျှသည် သင်တို့စားစရာဖို့ ဖြစ်ရမည်။ . . . သို့ရာတွင် အသက်သွေး ပါရှိသည့်အသားကို မစားကြရ။” ထို့အပြင် “သင်တို့၏ အသက်သွေးအတွက် ငါသည် ဧကန်စင်စစ် စာရင်းရှင်းတော်မူမည်” ဟူ၍ ဆက်လက် မိန့်တော်မူပြီးနောက် လူသတ်မှုကို ပြစ်တင်ရှုတ်ချတော်မူ၏။ (ကမ္ဘာဦး ၉:၃-၆၊ အပြည်ပြည်ဆိုင်ရာ ဘာသာပြန်ကျမ်းသစ်) ဘုရားသခင်သည် အထက်ပါစကားများကို ဂျူး၊ မွတ်စလင်နှင့် ခရစ်ယာန်အားလုံး အထူးကြည်ညိုလေးစားသည့် ဘိုးဘေးဖြစ်သူ နောဧအား မိန့်တော်မူခဲ့သည်။ ဤသို့ဖြင့် ဖန်ဆင်းရှင်၏ အမြင်တွင် သွေးသည် အသက်ကို ကိုယ်စားပြုကြောင်း ခပ်သိမ်းကုန်သော လူသားများအား အသိပေးခဲ့လေသည်။ ဤသည်မှာ စားနေကျ အစားအစာနှင့်ဆိုင်သော စည်းမျဉ်းတစ်ရပ်မျှသာ မဟုတ်ပါ။ လူ့ကျင့်ဝတ် အခြေခံမူတစ်ရပ် အကျုံးဝင်နေသည်မှာ ရှင်းနေပါသည်။ လူ့သွေးသည် အလွန်အရေးပါသည့် အဓိပ္ပာယ် ဆောင်သောကြောင့် အလွဲမသုံးသင့်ပေ။ ဖန်ဆင်းရှင်သည် နောက်ပိုင်းတွင် အသေးစိတ် အချက်အလက်များကို ဖြည့်စွက်တော်မူခဲ့သည်။ ဤသို့ဖြင့် အသက်သွေးနှင့်ဆက်နွှယ်သည့် လူ့ကျင့်ဝတ်ဆိုင်ရာ အရေးကိစ္စကို ကျွန်ုပ်တို့ လွယ်ကူရှင်းလင်းစွာ တွေ့ မြင်နိုင်ပေသည်။
ဘုရားသခင်သည် ရှေးဣသရေလလူမျိုးအား ပညတ်တရား ကိုဓဥပဒေ ပေးသည့်အခါ၌ သွေးအကြောင်း တစ်ဖန် ထုတ်ဖော်မိန့်ဆိုတော်မူခဲ့သည်။ အဆိုပါ ကိုဓဥပဒေမှ ဉာဏ်ပညာနှင့် ကျင့်ဝတ်တရားကို လူအများက အသိအမှတ်ပြု လေးစားကြသော်လည်း အလေးအနက်ထားအပ်သော သွေးနှင့်ပတ်သက်သည့် ပညတ်များကိုမူ လူအနည်းငယ်မျှသာ သတိမူမိကြသည်။ သာဓကအနေနှင့် “ဣသရေလအမျိုးသားဖြစ်စေ၊ သူတို့တွင် တည်းနေသော လူမျိုးခြားဖြစ်စေ၊ တစ်စုံတစ်ယောက်သောသူသည် အသွေး [တစ်မျိုးမျိုး] ကိုစားလျှင်၊ ထိုသူကို ငါသည် မျက်နှာထား၍ သူ၏အမျိုးမှ ပယ်ရှင်းမည်။ အကြောင်းမူကား ကိုယ်ခန္ဓာအသက်သည် အသွေး၌တည်၏။” (ဝတ်ပြုရာ ၁၇:၁၀၊ ၁၁၊ သမ္မာကျမ်းစာတော်) ထို့နောက် ဘုရားသခင်က မုဆိုးတစ်ယောက်သည် တိရစ္ဆာန် အသေကောင်ကို မည်သို့ပြုလုပ်ရမည့်အကြောင်း ရှင်းပြတော်မူ၏– “အသွေးကိုသွန်၍ မြေနှင့်ဖုံးရမည်။ . . . သင်တို့သည် တစ်စုံတစ်ခုသော ကိုယ်ခန္ဓာ၏အသွေးကို မစားရ။ . . . ခပ်သိမ်းသော ကိုယ်ခန္ဓာအသက်သည် အသွေး၌တည်သောကြောင့် အသွေးကိုစားသောသူ မည်သည်ကား ပယ်ရှင်းခြင်းကိုခံရမည်။”—ဝတ်ပြုရာ ၁၇:၁၃၊ ၁၄။
ယုဒလူမျိုး၏ ပညတ် ကိုဓဥပဒေသည် ကျန်းမာရေးကို မြှင့်တင်ပေးကြောင်း ယခုအခါ သိပ္ပံပညာရှင်များ သိရှိလာကြပြီ။ သာဓကအနေဖြင့် ပညတ်တရားက ကျင်ကြီးကို တပ်စခန်းအပြင်တွင်စွန့်၍ မြေနှင့်ဖုံးအုပ်ရမည်၊ ရောဂါကူးစက်မှု အန္တရာယ်ကြီးမားသော တိရစ္ဆာန်အသားများကို မစားရဟု သတ်မှတ်ပြဋ္ဌာန်းထားသည်။ (ဝတ်ပြုရာ ၁၁:၄-၈၊ ၁၃; ၁၇:၁၅; တရားဟောရာ ၂၃:၁၂၊ ၁၃) သွေးနှင့်ဆိုင်သောပညတ်သည် ကျန်းမာရေးနှင့် ဆက်နွှယ်မှုရှိသော်လည်း ထိုထက်မက ပါဝင်ပတ်သက်မှုများရှိသည်။ သွေးသည် အမှတ်သင်္ကေတ အနက်သဘောဆောင်ပေသည်။ သွေးသည် ဖန်ဆင်းရှင် ပေးသနားသည့် အသက်ကို ကိုယ်စားပြုသည်။ လူတို့သည် သွေးကို ထူးမြတ်သောအရာအဖြစ် သဘောထားခြင်းဖြင့် အသက်အတွက် ကိုယ်တော်ကို မှီခိုအားထားကြောင်း ပြသကြသည်။ မှန်ပါသည်၊ သူတို့ သွေးမစားရခြင်း၏ အဓိကအကြောင်းရင်းမှာ ကျန်းမာရေးနှင့် မညီညွတ်၍မဟုတ်ဘဲ သွေးသည် ဘုရားသခင်အတွက် အထူးအဓိပ္ပာယ် ရှိ၍ဖြစ်သည်။
အသက်ရှင်သန်ရေးအတွက် ကိုယ်ခန္ဓာထဲသို့ သွေးအဝင်ခံခြင်းကို ဖန်ဆင်းရှင် တားမြစ်သည့်အကြောင်းကို ပညတ်တရား၌ အဖန်တလဲလဲ ဖော်ပြထားသည်။ “အသွေးကို မစားရ။ ရေကိုသွန်သကဲ့သို့ မြေပေါ်မှာသွန်ရမည်။ သင်သည် ထာဝရဘုရား နှစ်သက်တော်မူဖွယ်သော အမှုကိုပြုသဖြင့် ကိုယ်တိုင်မှစ၍ သားမြေးတို့သည် ချမ်းသာစွာနေရမည်အကြောင်း အသွေးကိုရှောင်ရမည်။”—တရားဟောရာ ၁၂:၂၃-၂၅; ၁၅:၂၃; ဝတ်ပြုရာ ၇:၂၆၊ ၂၇; ယေဇကျေလ ၃၃:၂၅။b
ယခုခေတ် အချို့သူတို့၏ ဆင်ခြင်ပုံနှင့် ဆန့်ကျင်လျက် သွေးနှင့်ပတ်သက်သော ဘုရားသခင့် ပညတ်တရားသည် အရေးပေါ် အခြေအနေပေါ်လျှင် မသိကျိုးကျွန် ပြု၍ရသည့် ပညတ်မျိုးမဟုတ်ပေ။ စစ်မက်ဖြစ်ပွားနေသည့် အကျပ်အတည်းကာလ တစ်ခုအတွင်း ဣသရေလစစ်သားအချို့သည် တိရစ္ဆာန်များကိုသတ်၍ “အသွေးနှင့်တကွ စားကြ၏။” အရေးပေါ် အခြေအနေကို အကြောင်းပြု၍ ထိုသူတို့သည် အသက်ရှင်သန်ရေးအတွက် သွေးကို စားသောက်ခွင့် ရှိပါသလော။ မရှိပါ။ သူတို့၏တပ်မှူးက သူတို့၏လုပ်ရပ်သည် ကြီးလေးသောအမှားပင်ဖြစ်ကြောင်း ထောက်ပြခဲ့သည်။ (၁ ဓမ္မရာဇဝင် ၁၄:၃၁-၃၅) ထို့ကြောင့်၊ အသက်သည် အဖိုးထိုက်သောကြောင့် ကျွန်ုပ်တို့၏ အသက်ပေးရှင်က အရေးပေါ်အခြေအနေ၌ မိမိ၏ စံနှုန်းများကို မသိကျိုးကျွန် ပြုနိုင်သည်ဟု မည်သည့်အခါမျှ မိန့်တော်မမူခဲ့ချေ။
သွေးနှင့် စစ်မှန်သော ခရစ်ယာန်များ
သွေးဖြင့် လူ့အသက်ကယ်ခြင်း ပြဿနာနှင့်စပ်လျဉ်း၍ ခရစ်ယာန်ဘာသာ၏ ရပ်တည်ချက်ကား အဘယ်နည်း။
ယေရှုသည် သမာဓိ သိက္ခာရှိသူဖြစ်၏၊ ယင်းအတွက်ကြောင့် ကိုယ်တော်အား လွန်စွာ ကြည်ညိုလေးစားကြခြင်းဖြစ်သည်။ သွေးကို ကိုယ်ထဲအဝင်ခံခြင်းသည် မှားယွင်းသည်ဟု ဖန်ဆင်းရှင် မိန့်တော်မူခဲ့သည်ကိုလည်းကောင်း၊ ၎င်းပညတ်သည် တရားဝင် တည်ဆဲပညတ် ဖြစ်သည်ကိုလည်းကောင်း ကိုယ်တော် သိတော်မူ၏။ ထို့ကြောင့်၊ ယေရှုသည် သွေးနှင့်ပတ်သက်သည့် ပညတ်ကိုချိုးဖောက်ရန် ဖိအားပေးခံရလျှင်ပင် ထိုသို့ပြုတော်မူမည်မဟုတ်ကြောင်း အခိုင်အမာ ယုံကြည်နိုင်ပေသည်။ ယေရှုသည် “ဒုစရိုက်ကိုမပြု။ နှုတ်တော်၌လည်း မုသာကိုရှာမတွေ့။” (၁ ပေတရု ၂:၂၂) ဤသို့ဖြင့် ကိုယ်တော်သည် အသက်နှင့်သွေးကို လေးစားခြင်းအပါအဝင် အရာခပ်သိမ်း၌ နောက်တော်လိုက်များအတွက် စံနမူနာ ထားတော်မူခဲ့သည်။ (သင့်အသက်အပေါ် အကျိုးသက်ရောက်မှုရှိသော အလွန်အရေးကြီးသည့် ဤအရေးကိစ္စတွင် ယေရှုကိုယ်တော်တိုင်၏သွေး မည်သို့ပါဝင်ပတ်သက်နေကြောင်း နောက်ပိုင်းတွင် ဆင်ခြင်သုံးသပ်ပါမည်။)
ယေရှု ကွယ်လွန်၍ နှစ်အတန်ကြာပြီးနောက်၊ ခရစ်ယာန် ဖြစ်လာသူတစ်ဦးသည် ဣသရေလလူမျိုး၏ ပညတ်တရား ရှိရှိသမျှကို စောင့်ရှောက်ရမည့်တာဝန် ရှိမရှိနှင့်ပတ်သက်သည့် ပြဿနာတစ်ရပ် ပေါ်ပေါက်ခဲ့သည့်အခါ ယင်းကို မည်သို့ ကိုင်တွယ်ဖြေရှင်းခဲ့သည်ကို ဂရုပြုပါ။ ယင်းပြဿနာကို တမန်တော်များပါဝင်သည့် ခရစ်ယာန် အုပ်ချုပ်ရေးအဖွဲ့ ကောင်စီအစည်းအဝေး၌ ဆွေးနွေးကြသည်။ ယေရှု၏ မိတူဖကွဲညီတော် ယာကုပ်က နောဧနှင့် ဣသရေလလူမျိုးအား ပေးခဲ့သည့် သွေးနှင့်ပတ်သက်သော ပညတ်များပါရှိသည့် ကျမ်းဂန်များကို ရည်ညွှန်းကိုးကားခဲ့သည်။ ထိုသို့သောပညတ်များကို ခရစ်ယာန်များ လိုက်နာစောင့်ထိန်းရမည့်တာဝန် ရှိသလော။—တမန်တော် ၁၅:၁-၂၁။
ထိုကောင်စီက မိမိတို့၏ ဆုံးဖြတ်ချက်ကို အသင်းတော် အားလုံးထံသို့ ပေးပို့ခဲ့သည်– ခရစ်ယာန်တို့သည် မောရှေအား ပေးခဲ့သည့် ကိုဓဥပဒေကို လိုက်နာစောင့်ထိန်းရန် မလိုသော်လည်း “ရုပ်တုရှေ့မှာ ပူဇော်သော ယဇ်ကောင်ကိုလည်းကောင်း၊ အသွေးကိုလည်းကောင်း၊ လည်ပင်းကိုညှစ်၍ သတ်သောအရာ (သွေးမထုတ်သောအသား) ကိုလည်းကောင်း၊ မတရားသော မေထုန်ကိုလည်းကောင်း ကြဉ်ရှောင်ရ” မည့်တာဝန်ရှိသည်။ (တမန်တော် ၁၅:၂၂-၂၉) တမန်တော်များသည် ဘာသာဓလေ့ သို့မဟုတ် ဓာတ်စာနှင့်ဆိုင်သော ပြဋ္ဌာန်းချက်လောက်ကိုသာ ဖော်ပြနေသည်မဟုတ်ပါ။ ထိုဒီကရီအမိန့်တွင် အခြေခံ ကျင့်ဝတ်ဆိုင်ရာ စံသတ်မှတ်ချက်များ ပြဋ္ဌာန်းထားသည်။ ကနဦး ခရစ်ယာန်များသည် ထိုစံအတိုင်း လိုက်နာခဲ့ကြသည်။ ဆယ်နှစ်ခန့် ကုန်လွန်ပြီးနောက်၌ပင် သူတို့သည် “ရုပ်တုရှေ့မှာပူဇော်သော ယဇ်ကောင်ကိုလည်းကောင်း၊ အသွေးကိုလည်းကောင်း၊ . . . မတရားသော မေထုန်ကိုလည်းကောင်း ရှောင်” ရမည့်တာဝန်ရှိကြောင်း အသိအမှတ်ပြုကြသည်။—တမန်တော် ၂၁:၂၅။
သန်းပေါင်းများစွာသောသူများ ဘုရားရှိခိုးကျောင်း တက်ကြသည်ကို သင်သိပါသည်။ ထိုသူတို့ထဲမှ အများသောသူတို့သည် ခရစ်ယာန်ကျင့်ဝတ်များတွင် ရုပ်တုကိုးကွယ်ခြင်း မပြုရ၊ ကြီးလေးသော ကိုယ်ကျင့်ပျက်ပြားမှု မပြုရ ဟူသောအချက်များ ပါဝင်ကြောင်း သဘောတူကောင်း တူကြပေမည်။ သို့ရာတွင်၊ တမန်တော်တို့က သွေးရှောင်ကြဉ်ခြင်းကို ထိုဒုစရိုက်မှုများ ရှောင်ကြဉ်ခြင်းနှင့်တန်းတူ မြင့်မားသော ကိုယ်ကျင့်တရား အဆင့်အတန်းတွင် ထားရှိကြောင်းကို မှတ်သားထိုက်ပေသည်။ သူတို့၏ အမိန့်ဒီကရီ၌ “ဤအရာများကို သတိရှိရှိ ရှောင်ကြဉ်ကြပါက သင်တို့သည် ကြီးပွားချမ်းသာကြလိမ့်မည်။ ကျန်းမာကြပါစေ” ဟူ၍ နိဂုံးချုပ်ထားသည်။”—တမန်တော် ၁၅:၂၉၊ ကမ္ဘာသစ် ဘာသာပြန်ကျမ်း။
တမန်တော်များ၏ အမိန့်ဒီကရီကို ခရစ်ယာန်များ လိုက်နာရန်တာဝန်ရှိကြောင်း ကြာမြင့်စွာကတည်းက နားလည်ခဲ့ကြသည်။ ခရစ်ယာန်တို့သည် “အဟိတ်တိရစ္ဆာန်များ၏ သွေးကိုပင် စားခွင့်မရှိ” ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည့် ဒုတိယရာစုနှစ် အကုန်ပိုင်းမှ အမျိုးသမီးငယ်တစ်ဦး အကြောင်းကို ယူဆီးဘီးယပ်စ်က ပြောဆိုခဲ့သည်။ ထိုအမျိုးသမီးသည် နှိပ်စက်ညှဉ်းပန်းခံရ၍ မသေဆုံးမီ ထိုသို့ပြောခဲ့ခြင်းဖြစ်သည်။ သူမသည် သေပိုင်ခွင့်ကို အသုံးချခဲ့ခြင်း မဟုတ်ပါ။ သူမသည် အသက်ရှင်ချင်သည်၊ သို့သော် မိမိ၏ကိုယ်ပိုင်မူကို အလျှော့မပေးလိုပေ။ ပုဂ္ဂိုလ်ရေး အမြတ်အစွန်းထက် ကိုယ်ပိုင်မူကို ဦးစားပေးသူတို့အား ကျွန်ုပ်တို့ လေးစားကြသည်မဟုတ်လော။
သိပ္ပံပညာရှင် ဂျိုးဇက်ဖ် ဖရစ္စလီက ဤသို့ ကောက်ချက်ချထားသည်– “နောဧအား ပေးခဲ့သည့် သွေးမစားရ တားမြစ်ချက်ကို နောဧ၏ နောင်လာနောက်သားအားလုံး လိုက်နာရမည့်တာဝန် ရှိပုံပေါက်သည်။ . . . ရှေးဦးခရစ်ယာန်များ၏ အစဉ်အလာဖြင့် တမန်တော်များ၏ ထိုတားမြစ်ချက်ကို အဓိပ္ပာယ် ကောက်ယူမည်ဆိုပါက ခရစ်ယာန်တို့သည် ၎င်းတားမြစ်ချက်၏ သဘောသဘာဝနှင့် တာသွားမှုကို မှန်ကန်စွာနားမလည်ဟု ယူဆရန် အကြောင်းမရှိသဖြင့် ၎င်းတားမြစ်ချက်သည် အကြွင်းမဲ့နှင့် ထာဝရအတွက်ဖြစ်ကြောင်း ကောက်ချက်ချရန်သာရှိတော့သည်။ အကြောင်းမှာ ရာစုနှစ်ပေါင်းများစွာတစ်လျှောက် မည်သည့်ခရစ်ယာန် တစ်ဦးတစ်ယောက်ကမျှ သွေးကို မစားခဲ့၍ဖြစ်သည်။”
သွေးကို ဆေးဝါးအဖြစ် အသုံးပြုခြင်းကို မည်သို့ဆိုမည်နည်း
သွေးနှင့်ပတ်သက်သော သမ္မာကျမ်းစာ၏ တားမြစ်ချက်တွင် နောဧ၊ မောရှေ၊ သို့မဟုတ် တမန်တော်များ လက်ထက်၌ လုံးဝ မသိခဲ့ကြသည့် သွေးသွင်းခြင်းကဲ့သို့သော သွေးကို ဆေးဝါးအဖြစ် အသုံးပြုခြင်းမျိုးများလည်း အကျုံးဝင်ပါသလော။
သွေးကိုအသုံးပြုသည့် မျက်မှောက်ခေတ် ကုထုံးမျိုး ထိုခေတ်ထိုအချိန်က မရှိခဲ့သော်လည်း သွေးကို ဆေးဝါးအဖြစ် အသုံးပြုခြင်းသည် ခေတ်ပေါ်အသစ်အဆန်း မဟုတ်ချေ။ နှစ်ပေါင်း ၂,၀၀၀ ခန့်ကာလအတွင်း အီဂျစ်ပြည်နှင့် အခြားဒေသများတွင် လူ့ “သွေးကို အနာကြီးရောဂါ ကုသမှုအတွက် နတ်သိကြား ပေးသောဆေးအဖြစ် ယူမှတ်ခဲ့ကြသည်။” သမားတော်တစ်ဦးက အာရှုရိ (အဆီးရီးယား) နိုင်ငံသည် နည်းပညာဘက်တွင် ထိပ်ဆုံးမှ ဦးဆောင်နေသည့်ကာလတွင် ဘုရင် ဧသရ ဟဒ္ဒုန်၏ သားတော်အား ကုသပေးခဲ့ပုံအကြောင်း ဤသို့ ထုတ်ဖော်ပြောကြားခဲ့သည်– “[မင်းသားလေး] ၏အခြေအနေသည် များစွာ တိုးတက်ကောင်းမွန်လာသည်။ ကျွန်တော်မျိုး၏ အရှင်သခင် ဘုရင်မင်းမြတ်အနေဖြင့် စိတ်အေးနိုင်ပါပြီ။ ၂၂ ရက်နေ့မှစ၍ ကျွန်ုပ် [သူ့အား] သွေးသောက်ရန် ပေးသည်၊ သူသည် (သွေးကို) သုံးရက် သောက်သွားရမည်။ ထိုနောက် (သူ့အား) နောက်ထပ်သုံးရက် (သွေး) ဆက်သောက်စေသည်။” ဧသရ ဟဒ္ဒုန်သည် ဣသရေလလူမျိုးနှင့် အဆက်အသွယ်ရှိခဲ့သည်။ သို့တစ်စေ၊ ဣသရေလလူမျိုးသည် ဘုရားသခင့် ပညတ်တရား ရှိထားသောကြောင့် သွေးကို ဆေးဝါးအဖြစ် လုံးဝ သောက်သုံးခဲ့မည်မဟုတ်ပေ။
ရောမခေတ်ကာလတွင် သွေးကို ဆေးဝါးအဖြစ် အသုံးပြုခဲ့သလော။ သဘာဝလောကပညာရှင် ပလီနီ (တမန်တော်များနှင့် ခေတ်ပြိုင်) နှင့် ဒုတိယ ရာစုနှစ်မှ သမားတော် အရီတေးယပ်စ်တို့က လူ့သွေးသည် ဝက်ရူးပြန်ရောဂါအတွက် ကုသဆေးတစ်မျိုး ဖြစ်ခဲ့ကြောင်း ရေးသားခဲ့ကြသည်။ နောက်ပိုင်းတွင် တာတူလျံက ဤသို့ရေးသားခဲ့သည်– “ပြိုင်ကွင်းအတွင်း ပြပွဲပြီးနောက် ဆိုးသွမ်းသော ရာဇဝတ်သားများ၏ သွေးစိမ်းရှင်ရှင်ကို အာသာဆန္ဒ ပြင်းပြသောသူတို့က မိမိတို့၏ ဝက်ရူးပြန်ရောဂါ ကုသရန်အတွက် ယူဆောင်သွားကြသည်ကို စဉ်းစားသုံးသပ်ကြည့်ပါ။” တာတူလျံက ဤသူတို့ကို ခရစ်ယာန်တို့နှင့် ယှဉ်ပြသည်။ ခရစ်ယာန်တို့သည် “[သူတို့] အစာစားရာတွင် တိရစ္ဆာန်သွေးကိုပင် မစားကြချေ။ . . . ခရစ်ယာန်တို့ကို စစ်ဆေးစီရင်သည့်အချိန်၌ သင်တို့သည် သူတို့အား သွေးသွတ်ထားသော အူချောင်းများကို စားခိုင်းသည်။ ခရစ်ယာန်များသည် ဤသို့မပြုအပ်ကြောင်း သင်တို့ ကောင်းစွာသိကြသည်။” ထို့ကြောင့်၊ ကနဦး ခရစ်ယာန်များသည် သွေးစားမည့်အစား အသေခံရန် ဝန်မလေးကြချေ။
“ပို၍ သမားရိုးကျဖြစ်သော ပုံစံမျိုးဖြင့် သွေးကို ဆေးဖော်စပ်ရာ၌လည်းကောင်း၊ မှော်ပညာ၌လည်းကောင်း အမည်ပစ္စည်းတစ်မျိုးအဖြစ် . . . လူတို့ ဆက်လက် သုံးစွဲလာခဲ့ကြသည်” ဟု အသွေးအသား စာအုပ်၌ ရေးသားဖော်ပြထားသည်။ “သာဓကအားဖြင့်၊ ၁၄၈၃ ခုနှစ်တွင် ပြင်သစ်ပြည့်ရှင် ဧကာဒသမမြောက် လူဝီသည် သေအံ့ဆဲဆဲ ဖြစ်နေသည်။ ‘သူ၏အခြေအနေသည် တစ်နေ့တခြား ဆိုးရွားဆုတ်ယုတ်လာသည်၊ တိုက်ကျွေးသည့် ဆေးဝါးများသည် ထူးခြားဆန်းကြယ်သော်လည်း မည်သည့်အကျိုးမျှ မဖြစ်ထွန်းခဲ့ချေ။ အကြောင်းမှာ ကလေးတချို့ထံမှ ရရှိသည့်သွေးကို စားသောက်ခြင်းဖြင့် ပြန်ကျန်းမာလာမည်ဟု ပြင်းပြစွာ စွဲလမ်းမျှော်လင့်ခဲ့၍ဖြစ်သည်။’”
သွေးသွင်းခြင်းကို မည်သို့ဆိုမည်နည်း။ သွေးသွင်းခြင်း စမ်းသပ်လုပ်ဆောင်ချက်များကို ၁၆ ရာစုနှစ် အစပိုင်းတွင် စတင်လုပ်ဆောင်ခဲ့သည်။ ကိုပင်ဟေဂင် တက္ကသိုလ်မှ ခန္ဓာဗေဒ ပါမောက္ခ သောမတ်စ် ဘာသောလင် (၁၆၁၆-၈၀ ပြည့်နှစ်) က ဤသို့ကန့်ကွက်ပြောကြားခဲ့သည်– ‘လူ့သွေးကို ရောဂါကုသမှုအတွက် သောက်ဆေးအဖြစ် အကြောင်းမတန်ဘဲ သုံးစွဲသူတို့သည် သွေးကို အလွဲသုံးစား ပြုရာရောက်သည်၊ ကြီးလေးသောအပြစ် ကျူးလွန်ရာရောက်သည်ဟု မှတ်ယူရသည်။ လူသားစားသူတို့ကို ပြစ်တင်ရှုတ်ချထားသည်။ သို့ဖြစ်လျှင် မိမိတို့၏ အစာပြွန်ကို လူ့သွေးဖြင့် ညစ်ညမ်းစွန်းထင်းစေသူတို့ကို အဘယ်ကြောင့် မစက်ဆုပ် မရွံမုန်းကြသနည်း။ အခြားသူတစ်ဦး၏ ပြတ်နေသည့်သွေးပြန်ကြောမှ ထွက်သည့်သွေးကို ပါးစပ်မှတစ်ဆင့်ဖြစ်စေ၊ သွေးသွင်းကိရိယာမှ တစ်ဆင့်ဖြစ်စေ ကိုယ်ထဲသို့သွင်းခြင်းသည်လည်း အလားတူပင်ဖြစ်သည်။ ဘုရားသခင့် ပညတ်တရားက သွေးစားခြင်းကို တားမြစ်ထားသောကြောင့် ဤခွဲစိတ်ကုသမှု ပြုလုပ်သူတို့သည် ပညတ်တရားအရ ကြောက်လန့်စက်ဆုပ်ဖွယ်ဖြစ်သည်။’
ထို့ကြောင့်၊ လွန်ခဲ့သော ရာစုနှစ်များမှ စဉ်းစားဉာဏ်ရှိသူတို့သည် သမ္မာကျမ်းစာ၏ သွေးစားခြင်းကို တားမြစ်သည့်ပညတ်သည် ပါးစပ်မှတစ်ဆင့် ခန္ဓာကိုယ်အတွင်း ရောက်ရှိစေခြင်းနှင့် သက်ဆိုင်သကဲ့သို့ သွေးပြန်ကြောများမှ ကိုယ်ခန္ဓာအတွင်းသို့ သွင်းခြင်းနှင့်လည်း သက်ဆိုင်ကြောင်း သဘောပေါက်ခဲ့ကြသည်။ ဘာသိုလင်က ဤသို့ နိဂုံးချုပ်ထားသည်– “ဤနည်းနှစ်နည်းအနက် မည်သည့်နည်းဖြင့် [သွေးကို] ခန္ဓာကိုယ်ထဲ ရောက်ရှိစေသည်ဖြစ်စေ ရည်ရွယ်ချက်မှာ တစ်ခုတည်းသာဖြစ်သည်၊ ၎င်းမှာ ယင်းသွေးဖြင့် လူနာ၏ခန္ဓာကိုယ်ကို အားပြည့်စေရန်၊ သို့မဟုတ် နဂိုအတိုင်း ပြန်ဖြစ်စေရန်ဖြစ်သည်။”
ဤခြုံငုံသုံးသပ်ချက်က ယေဟောဝါသက်သေများ၏ စေ့စပ်ညှိနှိုင်း၍မရသော ဘာသာရေး ရပ်တည်ချက်ကို နားလည်စေရန် သင့်အား အထောက်အကူ ပြုဖွယ်ရှိသည်။ သူတို့သည် အသက်ကို အလွန့်အလွန် တန်ဖိုးထားကြသဖြင့် အကောင်းဆုံး ဆေးဝါးကုသစောင့်ရှောက်မှုကို လိုလားတောင့်တကြသည်။ သို့သော်လည်း သူတို့သည် အသက်ကို ဖန်ဆင်းရှင် ပေးသနားသည့် လက်ဆောင်အဖြစ် လေးမြတ်တန်ဖိုးထားသူတို့သည် မိမိကိုယ်ထဲသို့ သွေးအဝင်ခံခြင်းဖြင့် အသက် ဆက်လက်ရှင်သန်ရန် အားထုတ်ကြမည်မဟုတ် ဟူသော အပြောင်းအလဲမရှိ တစ်သမတ်တည်းဖြစ်သည့် ဘုရားသခင့် စံနှုန်းတော်ကို မချိုးဖောက်မိစေရန် သန္နိဋ္ဌာန်ချထားကြသည်။
သို့တစ်စေ၊ သွေးသည် အသက်ကို ကယ်နိုင်သည်ဟု လူတို့က အခိုင်အမာ ဆိုခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ရှိခဲ့လေပြီ။ ဆရာဝန်များက သွေးထွက်လွန်သည့် လူမမာအား သွေးသွင်းပေးပြီးနောက် လျင်မြန်စွာ တိုးတက်ကောင်းမွန်လာသည့် သာဓကများစွာကို ထောက်ပြနိုင်ပေသည်။ ထို့ကြောင့် ‘ဆေးပညာရှုထောင့်အရ သွေးသွင်းခြင်းသည် ဉာဏ်အမြော်အမြင် ရှိရာရောက်သလော၊ သို့မဟုတ် ဉာဏ်အမြော်အမြင် မဲ့ရာရောက်သလော’ ဟူ၍ သင်တွေးမိပေမည်။ လူတို့က သွေးသွင်းကုသခြင်းကို ထောက်ခံသည့် ဆေးပညာရပ်ဆိုင်ရာ အထောက်အထားများကို တင်ပြကြမည်ဖြစ်သဖြင့် သင့်အနေနှင့် မိမိ၏ ကောင်းကျိုးချမ်းသာအတွက် သွေးနှင့်ပတ်သက်၍ အသိအမြင်ရှိရှိ ရွေးချယ်မှုပြုနိုင်ရန် အချက်အလက် ပြည့်ပြည့်စုံစုံ သိရှိရန်လိုပေသည်။
[အောက်ခြေမှတ်ချက်များ]
a ပေါလု၊ တမန်တော်ဝတ္ထု ၁၇:၂၅၊ ၂၈၊ ကမ္ဘာသစ်ဘာသာပြန် သမ္မာကျမ်းစာ။ ဤစာစောင်တွင် ကိုးကားထားသော ကျမ်းချက်များသည် အမှတ်အသားမပါလျှင် ယုဒသန် သမ္မာကျမ်း မှဖြစ်ပါသည်။
b အလားတူသော တားမြစ်ချက်များကို နောက်ပိုင်းတွင် ကူရ်အန်ကျမ်းတွင်လည်း ရေးသားခဲ့သည်။
[စာမျက်နှာ ၄ ပါ လေးထောင့်ကွက်]
ရှ င်းလင်းတိကျ၍ နည်းစနစ်ကျနသော ပုံစံဖြင့် ပြဋ္ဌာန်းထားသည့် “[တမန်တော်ဝတ္ထု အခန်းကြီး ၁၅ ပါ] ပညတ်ချက်များသည် မဖြစ်မနေလိုက်နာရမည့် အရာများဖြစ်သည်။ တမန်တော်များ၏ စိတ်ထဲတွင် ဤအချက်သည် ယာယီအစီအစဉ်၊ သို့မဟုတ် အခိုက်အတန့် ဆောင်ရွက်ချက် မဟုတ်ကြောင်း ထင်ရှားစေသည့် အခိုင်လုံဆုံးသော သက်သေအထောက်အထားဖြစ်သည်ဟု ဆိုနိုင်သည်။”—စထရက်စဘာ့ဂ် တက္ကသိုလ်မှ ပါမောက္ခ အက်ဒိုဝဒ် ရီယပ်စ်။
[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]
မာတင်လူသာက တမန်တော်များ၏ အမိန့်ဒီကရီ၏ သက်ရောက်သည့်သဘောကို ဤသို့ထောက်ပြခဲ့သည်– “အသင်းတော်တစ်ခုကို ဤကောင်စီအစည်းအဝေး၏ ပြဋ္ဌာန်းဆုံးဖြတ်ချက်နှင့်အညီ ဖြစ်စေလိုပါက . . . မင်းသားမှူးမတ်တို့မှအစ ရွှေမြို့တော်မှ လူကြီးမင်းများနှင့် လက်လုပ်လက်စား တောင်သူလယ်သမားများအဆုံး ယခုအချိန်မှစ၍ သွေးဖြင့်ချက်ပြုတ်သည့် ဘဲငန်းသား၊ သမင်သား၊ ဒရယ်သား၊ သို့မဟုတ် ဝက်သားတို့ကို မစားရန် သင်ပေးရမည်၊ လိုက်နာစေရန် မဖြစ်မနေ တောင်းဆိုရမည်။ . . . ၎င်းအပြင် ရွှေမြို့တော်မှ လူကြီးမင်းများနှင့် တောင်သူလယ်သမားများအနေဖြင့် အနီရောင် အူချောင်းနှင့် သွေးအူချောင်းများကို အထူးသဖြင့် ရှောင်ကြဉ်ရပေမည်။”
[Credit Line]
Woodcut by Lucas Cranach
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]
“ဘုရားသခင်နှင့် လူတို့သည် အရာရာကို အလွန်ကွဲပြားသည့် အမြင်မျိုးဖြင့် ကြည့်မြင်တတ်ကြသည်။ ကျွန်ုပ်တို့၏အမြင်တွင် အရေးကြီးသည်ဟု ထင်ရသောအရာသည် အနန္တဉာဏ်တော်ရှင်၏ အမြင်တွင် မကြာခဏ အရေးမပါသည့်အရာ ဖြစ်တတ်သကဲ့သို့ ကျွန်ုပ်တို့အဖို့ အသေးအဖွဲဟု ထင်ရသောကိစ္စသည် ဘုရားသခင်အဖို့ အလွန့်အလွန် အရေးကြီးသောကိစ္စ ဖြစ်နေတတ်သည်။ အစကနဦးကတည်းက ဤသို့ပင် ဖြစ်လာခဲ့သည်။”—“သွေးစားခြင်း၏ တရားဝင်မှုကို စုံစမ်းမေးမြန်းခြင်း၊” အလက်ဇန္ဒား ပီရီ၊ ၁၇၈၇ ခုနှစ်။
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
Medicine and the Artist by Carl Zigrosser/Dover Publications
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
မည်သည့်အကျိုးဆက်ပင်ဖြစ်လာဖြစ်လာ ကနဦးခရစ်ယာန်များသည်သွေးနှင့်ပတ်သက်သည့်ဘုရားသခင့် ပညတ်တရား ချိုးဖောက်ခြင်းကိုငြင်းပယ်ကြသည်
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
သမိုင်းဝင် ကောင်စီအစည်းအဝေးတစ်ခုတွင် ခရစ်ယာန် အုပ်ချုပ်ရေးအဖွဲ့က သွေးနှင့်ပတ်သက်သော ဘုရားသခင့် ပညတ်တရားကို ဆက်လက် လိုက်နာစောင့်ထိန်းရန် တာဝန်ရှိကြောင်း အတည်ပြုခဲ့သည်
[Credit Line]
Painting by Gérôme, 1883, courtesy of Walters Art Gallery, Baltimore